Friday, February 25, 2011

ခရီး တထောက် (၁)

ရန်ကုန်ပြန်ခဲ့တာတော့ ကြာပါပြီ .. ရန်ကုန်မှာတုန်းကတော့ ရေးဖို့ စာတွေ တန်းစီပြီး စဉ်းစားထားတာ ဒီပြန်ရောက်တော့ ဘာမှဟုတ်တိပတ်တိ မရေးဖြစ်သေးပါဘူး .. မိုးခါးဘလော့ ခြောက်တီး ခြောက်ကပ်ပါပဲ .. တကယ်က ရေးဖို့တွေ စဉ်းစားမိရဲ့နဲ့ အပျင်းတစ်တယ် ဆိုပါတော့ .. :D

ခုတော့ ရန်ကုန်အကြောင်း စမြုံ့ပြန်ဖို့ သတိရပါတယ် ..

ရန်ကုန်ပြန်သွားခဲ့တာ သိပ်မကြာသေးပါဘူး .. ဒီဇင်ဘာ ၁၅ကမှ ပါ .. :D

အားလုံးပေါင်း ၁၀ရက် နေခဲ့ပါတယ် .. မေမြို့ ၅ရက် ရန်ကုန် ၅ရက်ပေါ့ .. ခုတခေါက်ပြန်တာ အိမ်မှာ အကြာကြီး နေလိုက်ရသလိုပါပဲ .. မိသားစု ၄ယောက်လည်း စုံတယ် ဆိုပါတော့ .. မေကြီးလည်း ခွင့်ယူထားတော့ အချိန်ပြည့်တူတူဖြစ်နေပါတယ် ..

မေမြို့ကိုသွားတော့ နေပြည်တော်ကို ဖြတ်ရတဲ့ လမ်းက သွားဖြစ်ပါတယ် .. လမ်းက တော်တော်လေး ကောင်းပါတယ် .. ဆိုးတာက နေ့ဘက်ဆို အရိပ် မရှိတာပါ .. တော်တော်ကို ပူပါတယ် .. ညဘက်ကျ တမျိုးဆိုးပါတယ် .. မီး လုံးဝ မရှိတာပါ ..

နေပြည်တော်ထိကို လမ်းအသုံးပြုခ ၅၀၀၀ ကျပ် လို့ ထင်ပါတယ် .. ပေးရပါတယ် .. ၁၁၅ မိုင်မှာ စားသောက်ဆိုင်တွေ ဖွင့်ထားပါတယ် .. အသွားတုန်းက မစားဖြစ်ပါဘူး .. အပြန်ကျ စားဖြစ်ပါတယ် .. အစားအသောက်တွေက မဆိုးပါဘူး .. ကောင်းပါတယ် .. ဆက်ဆံရေးကတော့ နဲနဲ ဆိုးသလိုပါပဲ .. (ဒါကလည်း မြန်မာနိုင်ငံမှာ ရိုးတော့ ရိုးနေပါပြီ .. ရောင်းသူတွေဘက်က ၀ယ်ချင်ဝယ် မ၀ယ်ချင်နေ စားချင်စား မစားချင်နေဆိုတဲ့ ခေတ်ကြီး ဆိုတော့ကာ)

အောက်က ပုံတွေကတော့ နေပြည်တော်သွားရာ လမ်းတ၀က်က မြင်ကွင်းပါ ..
 နေပြည်တော် တောင်တန်းများ
 စားခဲ့သော ဆိုင်
 ဆိုင်တွင်းမှ ရိုက်ချက်
 နေပြည်တော်လမ်းတ၀က် မြင်ကွင်းတနေရာ

အောက်ကပုံတွေကတော့ နေပြည်တော်ရဲ့ မြင်ကွင်းတချို့ပါ ..
 မြို့တွင်း တနေရာ
 အေးရှားလိုက်
 ရှမ်းစားသောက်ဆိုင် .. စား၍မဆိုးပါ ..
မနက် နေထွက်စ
 တောင်ကုန်း တနေရာ
 နေပြည်တော် တနေရာ
 တောင်ကုန်းပေါ်မှ မြင်ရသော ရှုခင်း တခု
 နေပြည်တော်အ၀ိုင်း၁ခု (စုစုပေါင်း ၄၀ိုင်း ရှိပါတယ်)
 သစ်တောရုံးထင်တယ် .. (အထဲမှာ ဆင်ရုပ် ရှိတယ် ..)
 ကျောက်စိမ်းပြတိုက်
 လမ်းမတနေရာ
အာရုံကျင်းစ

အောက်က ပုံတွေကတော့ နေပြည်တော် မြို့တော်ရဲ့ ညဘက် မြင်ကွင်းပါ .. လှပါတယ် .. တလမ်းလုံး မှောင်လာသမျှ နေပြည်တော်ကျ မျက်စိကို ကြိမ်းရော .. :D

 အ၀ိုင်းတခု
 နောက်တ၀ိုင်း
ဒါက နောက်တ၀ိုင်း

လမ်းမှာ စိတ်မကောင်းဖြစ်ရတဲ့ မြင်ကွင်းတွေ မြင်ရပါသေးတယ် .. ဘာတွေလဲဆိုတော့ .. ကလေးတွေပါ .. နေပြည်တော် ကားလမ်းမကြီးတလျှောက်က တောင်ကို ဖြိုပြီး ဖောက်ထားတာမို့ လမ်းဘေး ၀ဲယာ အနီးအနားမှာ ရွာလိုမျိုးနေရာတောင် မရှိပါဘူး .. မမြင်ရပါဘူး .. ဒါပေမယ့် လမ်းဖောက်နေတဲ့ လူတချို့ နေရာတချို့ (တချို့လည်း နဲနဲ တချို့နေရာ ဂိတ်လိုနေရာမျိုးမှာတော့ လူတော်တော်များများ) တွေ့ပါတယ် ..

အရိပ်မရှိတဲ့ လမ်း .. လူနေအိမ်မရှိတဲ့ လမ်းမှာ လမ်းလျှောက်နေတဲ့ လူ တချို့ တလေကိုလည်း တွေ့ပါတယ် .. ကလေးလည်း တွေ့ပါတယ် .. ကျမ တော်တော် အံ့သြမိပါတယ် .. သူတို့တွေ ဘယ်ကိုသွားနေတာလဲ .. ဘယ်ကနေ လာတာလဲ .. ဘာသွားလုပ်မှာလဲ .. ဘယ်မှာနေတာလဲ .. မေးခွန်းတွေ တသီတတန်းကြီး ထွက်လာပါတယ် .. နောက်တော့လဲ အနီးအနား အိမ်လေး ယာလေး ရှိကောင်း ရှိမယ်လေလို့ တွေးလိုက်ပါတယ် ..

အိမ်က လုံးဝ မတွေ့တာမဟုတ်ပဲ တွေ့တော့ တွေ့ပါတယ် .. တောင်စွန်းနားမှာ ၀ါးလုံးလေးတွေနဲ့ ဟိုးနား တအိမ် ဟိုးနား တအိမ်ပေါ့ ..

ပြီးတော့ ကလေးတွေ .. လမ်းခင်းဖို့ အုတ်တွေ သယ်နေတာ တွေ့ပါတယ် .. အုတ်ခဲကျိုးပေါ့ .. ၂ယောက် ရှေ့တယောက် နောက်တယောက် ထမ်းစင်လေးလိုဟာနဲ့ ဟိုဘက်ကားလမ်း သယ်သွားလိုက် ဒီဘက်ကားလမ်း သွားဖို့လိုက်နဲ့ပါ .. အဲဒီလမ်းက ကားတွေက အသားကုန်မောင်းကြပါတယ် .. ကျမ အမြင် အတော်လေး အန္တာရယ်များပါတယ် .. ပြီးတော့ ကျမ တွေးမိတာက ဒီကလေးတွေရဲ့ အနာဂတ် .. ဒီလိုနေရာ ဒီလို အခြေအနေမျိုးမှာ သူတို့ ဒီလိုပဲ ပျော်သွားတော့မလား .. နေသွားတော့မလား .. တကယ် ရင်မောမိပါတယ် .. (ချရေးပြချင်ပေမယ့် လိုက် မမှီတဲ့ ခံစားချက်မျိုးပါ ..) ငါသာ ဒီလိုဘ၀မျိုး ရောက်နေရင်လို့ တွေးပြီး တော်တော် ကြောက်မိပါတယ် .. သူတို့အတွက် ဘာသာတရား အဆုံးအမဆိုတာ ဘာဖြစ်မလဲ .. မိဘဆိုတာကရော .. ဘယ်လိုမျိုးများ ဆုံးမတတ်မလဲ .. ပညာတတ်ရင် တော်သေးပါရဲ့ .. အိုး .. တွေးရင်း တွေးရင် တော်တော် အသက်ရှုပ်ကျပ်မိပါတယ် ..

ပြီးတော့ လမ်းလုပ်သားတွေ .. ကြီးကြီး ငယ်ငယ် အရွယ်စုံ .. နေပူကျဲတောက်ထဲမှာ အလေးအပင်တွေမ ဖုန်မှုန့်သဲမှုန့်တွေ ရှူ .. သူတို့အတွက် ဘ၀ဆိုတာ ဘာလဲ .. အနာဂတ်ဆိုတာ ဘာလဲ .. ဟူး .. တော်တော် မရေရာတဲ့ ကိစ္စကြီးပါပဲ ..

လောကကြီးက မတရားဘူး
ဖြူစင်သူတွေကို ညစ်ထေးအောင် လုပ်တယ် ...။

လောကကြီးက မတရားဘူး
အဖြူထည်တွေကို အရောင်ဆိုးတယ် ...။

လောကကြီးက မတရားဘူး
ငွေပေါ်လည်း ရွှေထပ် တတ်သေးတယ် ...။

လောကကြီးက မတရားဘူး
လမ်းပေါ်ကလူတွေ လမ်းဘေးပို့တယ် ...။

လောကကြီးလည်း ဘာမှတော့ မလုပ်ရပါ
လောကကြီးလည်း စိတ်ပျက်လက်ပျက်သာ ...။

တကယ်ကတော့ ရေးချင်တာတွေ မကုန်သေးပါဘူး .. စိတ်ကူးပေါက်တော့လဲ ထပ်ရေးရတာပေါ့နော် ..း)

အောက်မှာ သီချင်းလေးတပုဒ်ပါ .. အချိန်ရရင် နားထောင်သွားပါဦး .. အခြေအနေပေးရင်လည်း တတ်နိုင်သလောက် ကူညီပေးလိုက်ကြပါဦး .. ကိုယ်တိုင်တော့ နားထောင်ပြီး ရင်ထဲ တော်တော် ဆို့ပါတယ် ..

Sunday, February 13, 2011

၉၆ နှစ်မြောက် ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့

ဒီနေ့ ဗိုလ်ချုပ်မွေးနေ့ကို မှတ်မှတ်ရရရှိကြသူတွေကြောင့် မိုးလင်းတည်းက ဗိုလ်ချုပ် ကဗျာတွေ မိန့်ခွန်းတွေကို ကြားနေရပါတယ် .. ကြားဖူးနေတဲ့ ကဗျာတွေထဲကမှ အောက်က ကဗျာလေးကတော့ မိုးခါး မကြားဘူးတဲ့ ကဗျာလေးပါပဲ .. face book ကနေ ကြားလိုက်ရရာက ကိုယ့်ဘလော့လေးမှာ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ အဖြစ်ရော သိမ်းထားချင်တာကြောင့်ရော ဒီကဗျာလေးကို ကူးပြီး တင်လိုက်ပါတယ် .. ဗိုလ်ချုပ်ကို သတိရ အမှတ်ရနေကြတဲ့ သူတွေရော မသိကြတဲ့ မသိကြသေးတဲ့ သူတွေအတွက်ရော အမှတ်တရ ရည်ရွယ်ပါတယ် .. ဗိုလ်ချုပ်သာ ခုချိန်ထိ သက်ရှိထင်ရှားရှိနေမယ်ဆို ဒီနေ့ဟာ အသက် ၉၆ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ် ..

အာရုဏ်ဦးက ကြယ်နီ ဖြာ
ဗိုလ်ချုပ် အောင်ဆန်းပါ ..

တို့ဗမာပြည် အမှောင်ခွင်း
သူခေါင်းဆောင်လို့ လင်း ..

စိတ်ရင်းမှန်လို့ သစ္စာတည်
ဗိုလ်ချုပ် အာဇာနည် ..

တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
သူ့ဂုဏ်ဘယ်မညှိုး ..

ရိုးသား ဖြောင့်မတ် သူ့မူယာ
ငယ်ငယ်တည်းက ပါ ..

ဗမာပြည်သူ့ အချစ်ပန်း
ဗိုလ်ချုပ် ဦးအောင်ဆန်း ..

(ဦးတင်မိုး)

နောက် ကဗျာ တပုဒ်ကတော့ မိုးခါးအတွက် ရင်းနှီးပြီးသား ကဗျာလေးပါ .. အတူတူ ရွတ်ဆိုကြရအောင် ...း)

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စု သား..။

၁၉၄၇ ပြောင်းကြွတမလွန်၊
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တဆယ့်ကို..း။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့သား..။

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် ဒို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား..။

ခုချိန်ထိ ဗိုလ်ချုပ်ကို ဘာလို့ သတိတရ ရှိကြလဲ အမှတ်တရ ရှိကြလဲ ဗိုလ်ချုပ် အကြောင်း ပြောဖြစ်ကြရင် ဘာလို့ မျက်ရည်ဝဲကြရလဲ ..

ဗိုလ်ချုပ်ရဲ့ စေတနာ မေတ္တာတွေ အနစ်နာခံမှုတွေက စစ်မှန်ခဲ့လို့ပါပဲ .. ကျန်ရစ်တဲ့ စကားလုံးတွေမှာ ခံစားလို့ ရနိုင်ပါတယ်လေ ..

Friday, February 11, 2011

ကျမဘလော့လဲ ၀ဲကင်းပြီ :D


မိုးခါး ဘလော့စပေါ့တော့ ၀ဲ ကင်းသွားပြီ ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည် .. :P .. ဒေါ့ကွန်းကတော့ မတုန်မလှုပ် ဘလက်လစ်စ်ပါ ..း(

ခုလောလောဆယ်တော့ ဘလော့စပေါ့ပဲ ပြောင်းထားလိုက်ပါတယ် .. :D

လင့်တွေလည်း ဖြည်းဖြည်းချင်းပြန်ထည့်ပါမယ် .. အားလုံး ၀ဲကူးခြင်းမှ ကင်းပါစေ :P

Monday, February 7, 2011

ဟိုရောက် ဒီရောက် (၆)

ကိုယ့်ဘလော့ကိုယ် ကြည့်မိတော့ အက်တစ်မဖြစ်တာကြာပြီလို့ ခံစားရပါတယ် .. စာလည်း ရေးဖို့ အစရှာမရသလိုပါပဲ .. စဉ်းစားမိတာတွေလဲ အချိန် နဲနဲကြာရင် ပျောက်ပျောက်သွားပြန်ပါတယ် .. ဒီကြားထဲမှာလည်း ကိုယ့်ဆိုက်က ကြောင်သလား ကိုယ့် mozilla ကပဲ ကြောင်သလား ကိုယ်တိုင်ပဲ ကြောင်နေသလားမသိ ဆိုက်က Reported Attack Page! ဆိုပြီး စာတမ်းနီကြီး တက်နေပါတယ် ..

ရုံးပိတ်ရက်မှာတော့ စာသိပ်မဖတ်ဖြစ်ပေမယ့် ရုပ်ရှင်တွေတော့ ကြည့်ဖြစ်ပါတယ် .. စာအုပ်တွေက ဖတ်ဖို့ ကြွေးတွေ တော်တော်များနေပါတယ် .. ဟိုတ၀က် ဒီတ၀က်တွေလည်း များနေပါတယ် ..

စာမတင်ဖြစ်လို့ ကိုယ့်ဆိုက်လေး နဲနဲ အက်တစ်ဖြစ်အောင် ခုဖတ်နေ ကြည့်နေတဲ့ စာအုပ်တွေ ရုပ်ရှင်တွေ အကြောင်းပဲ ပြောပါတော့မယ် .. :D

ငယ်ငယ်ကဆို ဆားပုလင်းနှင်းမောင် ရုပ်ရှင်တွေ တော်တော်ကြိုက်ပါတယ် .. မှတ်မိနေတာတော့ မြိုင်မဟာ မမြလေး ပါပဲ .. ရုပ်ရှင်တွေ ဆိုပေမယ့် သိပ်တော့ မများလှပါဘူး .. ဒါပေမယ့် အရင်က မြန်မာကားတွေ ကြည့်လိုက်ရင် မှတ်မိစရာ အကွက်လေးတွေ ပါတတ်ပါတယ် .. စွဲလဲ စွဲပါတယ် .. ဦးကျော်ဟိန်းကား "အဘရော သောက်သောက်" ဆိုတာမျိုး .. "၁၀နှစ် ၁၀နှစ် သွားသင် .. ဒိုင်း" ဆိုတာမျိုးပေါ့ .. ခုနောက်ပိုင်းကားတွေကျတော့ ကြည့်စရာတွေ များနေပေမယ့် ကြည့်လိုက်ရင် အဆုံးကို ကြိုသိနေတာပဲ များပါတယ် .. အစအဆုံး အချိန်ပေးပြီး လိုက်ကြည့်နေစရာ မလိုတော့သလိုပါပဲ .. မရှိဘူးမဆိုလိုပေမယ့် ရှားတယ်လို့ ဆိုချင်ပါတယ် .. တချို့ကားတွေဆို ဇာတ်လမ်းတောင် တိတိပပ မရှိပဲ လူလေး ၄ ၅ ၆ ယောက်နဲ့ တကားပြီးသွားတာမျိုးတွေလည်း ကြည့်ဖူးပါတယ် .. ဆိုးတယ်ပဲ ပြောရမှာပေါ့ .. :D

ဟိုတခါကလည်း အသိအကိုတယောက် ညွှန်းလို့ ရှာကြည့်ဖြစ်ပါတယ် .. သားအဖ ဇာတ်လမ်းပေါ့ .. ကြည့်ရင်းနဲ့ ကြည့်ဘူးသလိုလို စဉ်းစားမိတော့မှ ဦးကျော်ဟိန်းကား ပြန်ရိုက်ထားတာပဲဆိုတာ သိလာပါတယ် .. ဟိုတခါ အိမ်ထောင်ရေးကား ကလည်း အရင် ဒွေးနဲ့ အိန္ဒြာကျော်ဇင်ကား ဖြစ်နေပါတယ် .. ဟိုတခါလည်း တောက မင်းသားနဲ့ မြို့က မင်းသမီး တွေ့ပြီး ဖူးစာဆုံတဲ့ကားကလည်း အရင် ထွက်ဖူးပြီးသားကြီးပါ .. အဲလိုတွေ ကြည့်ရတာလဲ စိတ်ပျက်လာသလိုပါပဲ .. ဇာတ်လမ်းနဲနဲကောင်းတယ်ညွှန်းလို့ ကြည့်လိုက်ရင် ကားအဟောင်းဖြစ် ဖြစ်နေတတ်တာပါ .. အဲဒီတော့ စဉ်းစားမိပြန်ရော .. သိရဲ့နဲ့ ပြန်ရိုက်တာလား .. မသိပဲ ပြန်ရိုက်တာလား .. သေချာတာတော့ ပြန်ရိုက်တဲ့ကားက အရင်ကားအဟောင်းကို မမှီတာပါပဲ .. ဘယ်လောက် သမားရိုးကျ ကားဖြစ်နေပါစေ မမှီဘူးထင်မိတယ် .. (ကိုယ့်အတွေး သက်သက်ပါ) .. နောက် တချို့ဇာတ်လမ်းတွေ ကောင်းတယ်ဆိုပြီး ကြည့်ရင် ပြန်ပြန်ကြားတာက နိုင်ငံခြားကားတွေကို မြန်မာမှုပြုထားတာတွေ များနေပြန်ပါရော ..

ဒီတော့ စဉ်းစားမိတယ် .. ဘာလို့လဲ .. ဟိုအရင်တုန်းကလို ကိုယ်ပိုင် ဇာတ်လမ်းကောင်းကောင်း မရှာနိုင်ကြတော့ဘူးလား ..

နောက်ဆုံးတော့ မစဉ်းစားတော့ပါဘူး .. burmese classic က ခေတ်ဟောင်းကားတွေ ပြန်ဒေါင်း ကြည့်ပြစ်လိုက်တော့တယ် .. :D

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...