Thursday, July 21, 2011

ညိုရင့်ရင့် အလွမ်း

သဲသဲမဲမဲ ပဲ ..

ကောင်းကင်က တဖွဲဖွဲနဲ့ မိုးဟာ
ချစ်သူနှစ်ဦးကို ပိုမိုနီးကပ်သွားစေတယ် ..။

တယောက်လက် တယောက် ဆုပ်ကိုင်ရင်း
တယောက်ပါး တယောက် အပ်ရင်း
ကောင်းကင် မှောင်မှောင်အောက်မှာ
နှစ်ဦးသားမျက်ဝန်းတွေနဲ့ အလင်းဖြာခဲ့ဘူးတယ် ..။

အတိတ်ဆိုတာ မရှိတာမှ မဟုတ်ပဲကွယ်
ကျမ အတိတ်မှာ လှပတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ရှိတယ်
မိုးသည်းသည်းအောက် ကြည်နူးနေတဲ့ ချစ်သူနှစ်ဦး ပုံရိပ်တွေ ရှိတယ်
အတိတ်ကို အမှန်တကယ် ပိုင်ဆိုင်ဖူးခဲ့တယ် ..။

ဒီမြို့လေးမှာ ကျမတို့ ခြေရာတွေ ရှိတယ်
ကြင်နာယုယခြင်းတွေ ရှိတယ်
ကူညီဖေးမခြင်းတွေ ရှိတယ်
မျှော်လင့်စောင့်စားခြင်းတွေလည်း ရှိတယ်
ကျမရဲ့ အလွမ်းတွေလည်း ရှိနေခဲ့တယ် ..။

အကွာဝေးက စကားပြောလွန်းသတဲ့ ..။

အနေဝေးရင် သွေးအေးတတ်သတဲ့ ..။

ချစ်သူတမျက်နှာပဲ ရည်ညွှန်းခဲ့တဲ့ ကျမ
ယုံကြည်မှုတွေ သစ္စာဖောက်ခံလိုက်ရတဲ့ အခါ
တန်ဖိုးထားမှုတွေ ပျက်သုန်းသွားတဲ့ အခါ
မျှော်လင့်ချက်တွေ ပြိုလဲသွားတဲ့ အခါ ..။

သဲသဲမဲမဲ ပဲ ..

ကောင်းကင်က ညိုရင့်ရင့်အရောင်ဟာ
တဦးတည်း တည်ရှိနေသူအတွက်
အထီးကျန်နဲ့ လွမ်းဆွတ်မှုတွေကိုသာ ဆောင်ယူလာခဲ့တယ် ..။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...