Friday, August 28, 2009

ကျောချင်းကပ် အလွမ်း

သိပ်အဝေးကြီး မဟုတ်ပေမယ့်
နီးလည်း မနီးခဲ့ကြဘူး
ကျောချင်းကပ် နေပေမယ့်
မမြင် မတွေ့ခဲ့ကြဘူး
အချိန်တန်တော့လည်း
အိမ်ပြန်တာ ထုံးစံ တခုပဲမို့
နှုတ်မဆက်ခဲ့ရင်တောင်
အလိုက်တသိ နေလိုက်သင့်တာပဲလေ

ဘာမှန်း ညာမှန်း မသိ လွမ်းတယ်
ကျောချင်း ကပ်နေရဲ့နဲ့ လွမ်းတယ်
ဒါပေမယ့် နောက်တချက် လှည့်ကြည့်ဖို့တောင်
စိတ်မကူးခဲ့ဘူး
ငါက နောက်ကြောင်း ပြန်မလှည့်တတ်သူလေ

ဒါပေမယ့်
အဝေး တနေရာကနေတော့
တကြိမ် တခါ မက
ငေးမောကြည့်ခဲ့ဘူးတယ်
တွေးတောကြည့်ခဲ့ဘူးတယ်

မပြီးဆုံးသေးခင်မှာ
နှမြောတသမယ်
ဆုံးရှုံးမှာ တွေးကြောက်မယ်
အဆုံးသတ်တော့လည်း
အားလုံးဟာ နေရာတကျ
နှလုံးသွင်းတတ်ဖို့က
အချိန်တန်ရင် အိမ်ပြန်ရမှာ

အိမ်ပြန်လမ်းတလျှောက်
ငါ့ အလွမ်းတွေ
သိမ်းထုတ်သွားမလား
အချိန်တန်တော့လည်း
တချိန်က တန်ဖိုးရှိခဲ့သမျှဟာ
သိမ်းထားဖို့ မကောင်းတော့လောက်အောင်
ယိုယွင်း ပျက်စီးမှုတွေနဲ့
ဘယ်သူကများ
ဆက်လက် သိမ်းဆည်းပါလိမ့်ဦးမလဲ

အတွေးတွေ မပြောင်းသွားစေနဲ့
အချိန်လေး တခုလောက်သာ
စောင့်လိုက်ပါ

PS. ရုံးကနေ အလုပ်မလုပ်ပဲ ပို့စ်တင်တယ်လို့တော့ မစွပ်စွဲကြနဲ့ပေါ့နော် .. အလုပ်က လုပ်ကို မလုပ်ချင်တာ .. :P

28 comments:

ရေတမာ said...

အချိန်ဆိုတဲ့ သမားကောင်းရှိတာပဲနော။
အချိန်က ဆုံးဖြတ်ပေးသွားလိမ့်မယ်ထင်တာပဲ

မေဇင် said...

မမရေ.... ကောင်းလိုက်တဲ့ ကဗျာလေး ဟယ်...။
အတွေးတွေ မပြောင်းသွားစေနဲ့
အချိန်လေး တခုလောက်သာ
စောင့်လိုက်ပါ
ဒီစာပိုဒ်လေး တော်တော်ကြိုက်တယ်... သိလား....။

Angel Shaper said...

အင်းးးးးးးး ဒီ တမာဟာ နေရာတကာ။ ဘာမှ ကိုမပြောချင်တော့ဘူး.
ခုံဖိနပ်နဲ့ ရိုက်ကို ရိုက်ပါပြီ။ တိန် တိန်။
ဒီမှာလဲ အလွမ်းတွေက ပုပ်တော့မှာပါလား။
အချိန် အချိန် အချိန် ကုစားပါလိမ့်မယ်။
ရေခဲသေတ္တာထဲတော့ သိမ်းထားပေါ့ မရေ....
ပျော်ရွှင်ပါစေနော်။

Libratun said...

စောင့်ပြီးရင် ဘာဖြစ်မှာလဲဟင်...

Sein Lyan Tun said...

ကျောချင်ကပ်နေတာ

ဝေးနေတာပဲလေ

တစ်ယောက်ကိုတစ်ယောက် မြင်ခွင့်မှ မရတာ


လှည့်ကြည့်ဖို့လဲ အခွင့်မသာဘူးမဟုတ်လား

ကျောချင်းကပ်နေရတာထက်

မျက်နှာချင်းဆိုင် လွမ်းပြီး မျက်ဝန်းတွေကို ဖတ်တတ်ချင်တယ်...


အဲဒီအချိန်လေးကိုစောင့်နေပါတယ်....


ချစ်တဲ့

ဖိုးစိန်

Libratun said...

သြော်...

desertraindrops said...

ကဗျာလေး ကောင်းတယ်။ ကျောချင်းကပ်နေပေမဲ့ မမြင်တွေ့ကြဘူး တဲ့လား။။ သိပ်ကောင်းတာပဲ။

ဝက်ဝံလေး said...

ဖတ်သွားပါတယ် ဒေါ်ဒေါ်မိုးခါးရှင့်

မေလေး said...

သူငယ်ချင်းရေ
အချိန်က စကားပြောသွားပါလိမ့်မယ် ။ ကဗျာလေး ကောင်းလိုက်တာကွယ်။

"မင်းကိုချစ်တဲ့သူ" said...

ကျောချင်းကပ်တယ်ဆိုတော့ သီချင်းထဲကလို့ ခေါင်းနဲ့ ပန်းဘ၀ပေါ့...
ကောင်းပါဝူး... လှည့်ကြည့်လိုက်ပေါ့... ကျွန်တော်ဆိုရင်လှည့်ကြည့်မိမှာ...

Libratun said...

ကောင်းပါတယ်။ ရှေ့ကိုပဲ ဆက်သွားပေါ့ နော့်။း)

သီဟသစ် said...

ဆိုက်ကားစီးမိကြတာကိုး
နောက်တစ်ခါဆို တက်ကစီ စီးပါ
:D

စတာ..
အချိန်တစ်ခုရောက်ရင် အပျိုကြီး လူပျိုကြီးတွေ ဖြစ်ဖို့ အရွယ်မလွန်ပါစေနဲ့ကွယ်
:D

မြစ်ကျိုးအင်း said...

အချိန်တခုရဲ့မတည်မြဲတာကို ပြောချင်တာနဲ့တူတယ်။
အကြိုက်ဆုံးအရာတွေလည်း တချိန်မှာ ထားခဲ့ရမှာပါပဲဆိုတဲ့ သဘောတရားလေးကို နှစ်သက်မိတယ်။

လင်းကြယ်ဖြူ said...

မပြီးဆုံးသေးခင်မှာ
နှမြောတသမယ်
ဆုံးရှုံးမှာ တွေးကြောက်မယ်
အဆုံးသတ်တော့လည်း
အားလုံးဟာ နေရာတကျ
နှလုံးသွင်းတတ်ဖို့က
အချိန်တန်ရင် အိမ်ပြန်ရမှာ...

ဟုတ်တယ်ဗျာ..အဲ့ဒါအမှန်ပဲ...
ကောင်းလိုက်တဲ့ စာစုလေးပဲနော...

ကိုလူထွေး said...

လုပ်ချင်လွန်းလို့တောင် လုပ်ခွင့်မရကြသူတွေကြားမှာ ရှိတဲ့အလုပ်ကို ပျော်အောင်လုပ်ပါ ညီမရေ...

(ဆရာဝင်လုပ်သွားတာ)

းဝ)

အနမ်း said...

အဆုံးသတ်တော့လည်း အားလုံးဟာနေရာတကျ
နှလုံးသွင်းတတ်ဖို့ က အချိန်တန်ရင်အိမ်ပြန်ရမှာ ဆိုတာလေးကိုသဘောကျ တယ် မိုးခါးရေ... ဟုတ်တယ်နော်၊ တကယ်ပဲ။
အဆင်ပြေပျော်ရွှင်ပါစေ။

Phyo Maw said...

အချိန်တန်လည်း ထားခဲ့ရမယ့် အတူတူ
မလိုတဲ့ လခတွေ အနော့် bank အကောင့်ထဲသာ လွှဲပလိုက်ပါတော့

အညီမျှ ခြစ်တဲ့ အာဗြဲသစ်၏ နောင်တော်
ဘာမှမသိတဲ့ pm ^_^

(အာဗြဲသစ် ဘယ်သူလဲ သိချင်ရင် ကိုသီဟသစ်ကို သွားမမေးနဲ့ မျက်နှာပူလို့)

သူကြီးမင်း (တုံးဖလား) said...

ကျောချင်းကပ်ပြီး လွမ်းရတာ သိပ်မနှိပ်ဖူးနော်။

Unknown said...

မိုးခါးလေးရေ...

ခံစားချက်တွေ အံထုတ်နေတာလားဗျ....

အလွမ်းတွေကို ပုံဖော်ထားလိုက်တာ အရမ်းထိတယ်နော်....

မိုးခါးလေးရေ... အလွမ်းတွေပြေပျောက်ပါစေဗျာ...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

တလနွန် said...

အဆုံးသတ်တော့လည်း
အားလုံးဟာ နေရာတကျ
နှလုံးသွင်းတတ်ဖို့က
အချိန်တန်ရင် အိမ်ပြန်ရမှာ

ဒီအပိုဒ်လေးကို သဘောကျတယ်။

Anonymous said...

ကဗျာလေးကို အရမ်းနှစ်သက်ပေမယ့် မဝေဖန်တော့ဘူး ချစ်ညီမလေးရယ်။

ကောင်းကင်ရဲ့ သမီးပျို said...

ရုံးမှာ အရမ်းအလုပ်များတဲ့ မမိုးခါးရေ....အဆုံးသတ်ရင်တော့ အားလုံးဟာ နေသားကျဖြစ်သွားမှာပါ အချိန်တစ်ခုပဲစောင့်ပေါ့နော်

ပုံ့မေ said...

ဒီကဗျာလေးကြိုက်မိတယ် မိုးခါးရေ။ တခါတခါ လှည့်မကြည့်လိုက်မိတာကို ကိုယ့်အတွက်ကံကောင်းတယ် ထင်ပါတယ် သယ်ရင်းရယ် :)

မြရေလျဉ် said...

ဒါပေမယ့်
အဝေး တနေရာကနေတော့
တကြိမ် တခါ မက
ငေးမောကြည့်ခဲ့ဘူးတယ်
တွေးတောကြည့်ခဲ့ဘူးတယ်


ဒီအပိုဒ်က ခံစားချက် နဲ့မာန ကို ပုံဖော်သွားသလိုပဲနော်..။
အချိန်ကို မာန နဲ့ မတိုက်စားပါနဲ့ ချစ်သူငယ်ချင်းရယ်

ဏီ(န်)ကင်း said...

ကဗျာ (ထင်တာပဲ) ကိုလဲကြိုက်တယ်... ပြီးတော့ ကိုသီဟသစ်ကြီးကောမန့်ဖတ်ပြီး ကွက်ကွက်ကွင်းကွင်း ခံစားလို့ရသွားတယ်.. ဟ ဟ

Unknown said...

ကဗျာကကောင်းပါတယ်။ကျွန်တော်အဖြစ်နဲ့လဲထပ်တူပါပဲ။
သူငယ်ချင်းတစ်ယောက်နဲ့ကျောချင်းကပ်နေရပေမယ်.
အချိန်တန်ရင်လည်းအိမ်ပြန်ရပြီး
နောက်ဆုံးတော့လဲကျန်ရစ်ခဲ့ရတာပဲလေ။

ကိုအောင်လေး said...

ကျောချင်းကပ်အလွမ်း ကဗျာလေးက ကျွန်တော်ဖြစ်ပျက်နေတဲ့ပုံစံနဲ့ အရမ်းတူပါတယ် ကျွန်တော့်ကိုများစောင်းမြောင်းပြီးရေးထားသလား ထင်ရတယ် ကဗျာလေးက တော်တော်ကောင်းပါတယ် အရမ်းလဲကြိုက်ပါတယ် ကျေးဇူးတင်ပါတယ် .....ကဗျာလှလှလေးတွေထပ်ပြီးရေးသားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်.....

Anonymous said...

ကိုယ့်အလွမ်းကိုယ် ပုံမဖော်တတ်လို့ google မှာ “အလွမ်း” လို့ ရေးပြီး enter ခေါက်လိုက်တော့ ဒီရောက်လာတယ်။

ကိုယ့်ရင်ဘတ်ကိုယ် ပြန်မြင်လိုက်ရသလိုပဲ။

ဟုတ်ကဲ့ အချိန်တစ်ခုကို စောင့်နေပါတယ်။
အလွမ်းတွေ နိဂုံးချုပ်သွားမယ့် အချိန်တစ်ခုကိုပေါ့။

နှလုံးသွင်းတတ်အောင် ကြိုးစားရင်းပေါ့။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...