Monday, August 3, 2009

ငယ်ဘ၀ အမှတ်တရ ကဗျာများ

မိုးရွာရင်မိုးရေချိုးမယ်
မေမေလာရင်နို့ဆို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ် .. ဆိုတာကတော့ ကဗျာလား သီချင်းလားမသိ ကလေးတိုင်းလိုလို အော်ဟစ် ရွတ်ဆိုဘူးကြမယ် ထင်ပါတယ် .. ငယ်ငယ်က မိုးရွာရင် မိုးရေထဲထွက်ဆော့ရတာလည်း ကလေးတိုင်း နှစ်သက်တတ်မှာဖြစ်သလို မိုးရေထဲ ထွက်မကစားဘူးသူလည်း တော်တော်ရှားပါလိမ့်မယ် ..

ဟိုဘက်ကမ်းက မီးထိန်ထိန်
ဒီဘက်ကမ်းက မီးထိန်ထိန်
ဆီမီးထိန်ထိန်လင်းပါတဲ့
မနှင်းတို့ အိမ် .. (နာမည်မှန်မမှန် မသေချာပါ) ဆိုတဲ့ ကဗျာလေးကလည်း မှတ်မိနေမိပါတယ် .. ကဗျာတွေကို အစအဆုံးတော့ မမှတ်မိတော့ပါဘူး .. အစအဆုံး မှားမှား မှန်မှန် ရွတ်မယ်ဆိုရင်လည်း လွဲမှာသေချာပါတယ် ..

ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း .. ဆိုတာလေးကိုတော့ မှတ်မိနေတယ် .. (ခုစဉ်းစားရင်း ပေါ်လာတာပါ ..) ဘယ်နှစ် ဘယ်နှစ်တန်းမှာ သင်ခဲ့ရတယ်ဆိုတာတော့ မမှတ်မိတော့ပါဘူး ..


မမ ၀၀ ထထ က
အကပထမ
ကပါ ကပါ မမရာ
ညည လသာသာ
ညအခါ ငါစာရ
မမ ၀၀ ထထ က .. ဆိုတာလေးကလည်း မမ ၀၀ တွေမြင်ရင် အော်ဟစ်နေကျမို့ သတိရမိသွားပါတယ် ..

ဖွတ်မင်းကတောင် အကိုခေါ်ရမယ်ဆိုလား .. ရေသည်ပြဇာတ်ထဲက ကဗျာလိုလို စာလေးလည်း သွားသတိရမိပါတယ် .. သတိရမိရုံပါ .. မမှတ်မိတော့ပါဘူး .. :D

အရှေ့ကို လျှောက်ပါလို့
အနောက်ကိုတဲ့ မျှော်လိုက်ရင် .. ဆိုတဲ့ ကဗျာလေး သတိရလိုက်ချိန်မှာတော့ ဆွမ်းအုပ်လေး ပိုက်ပြီး ပါးကွက်ကျားနဲ့ မိန်းမပျိုလေးကိုပါ တွဲမြင်မိလိုက်ပါတယ် ..

အစပိုင်းတော့ မေ့ပြီ .. ကြားထဲက ဖြတ်ဆိုမယ် ..
လိမ်တာ ညာတာ ကိုကိုမကြိုက်ပါ
အင်္ဂလိပ်စာ ခိုးချတာ ဗဲဒီးဆောရီးပါ .. ဆိုတာလေးကတော့ အင်္ဂလိပ်စာသာ ခိုးမချနဲ့ ကျန်တာခိုးချရမလားမသိဘူးနော် .. :P

ရေးပြီးမှ ကိုယ့်ဟာကိုယ် တပုဒ်ထဲကိုများ အပေါ်အောက် ခွဲရွတ်နေမိလား အူကြောင်ကြောင်ဖြစ်မိပါသေးတယ် .. ငယ်စဉ်က ကဗျာတွေကို သတိတရ မရှိတော့တာ ကြာပေါ့ .. ဒီကြားထဲ ကလေးတွေ စာကျက်သံနဲ့ ဝေးနေတာလည်း အချိန် တော်တော် ကြာပြီဆိုတော့ မမှတ်မိသူ အပြစ်မရှိဘူး ထင်တာပဲ :P

ငယ်စဉ်က ရွတ်ခဲ့တဲ့ ကဗျာတွေကို ကဘောက်တိ ကဘောက်ချာ အိုးနင်းခွက်နင်း ရွတ်လိုက်ပါပြီ .. နှင်းနဲ့ မာယာ ကျေနပ်မယ် ထင်ပါတယ်နော် ..း)

ငယ်ငယ်တုန်းက ကလေးဘ၀ကို ပြန်လိုချင်တာမျိုးမဟုတ်ပေမယ့် ပြန်တော့ တမ်းတမိတာပါပဲ .. အပူအပင်မရှိ .. အိပ်မယ် စားမယ် ကစားမယ် .. ငြိမ်းချမ်းတယ် .. အရွယ် နဲနဲရလေ အပူနဲနဲ ပူရလေ .. အသက်ကြီးလာလေလေ ပူလောင်မှုတွေနဲ့ ရှုပ်ထွေးလေ .. မပူချင်လည်းပူ ပူချင်လည်းပူ .. မသိချင်ယောင်ဆောင်နေလို့လည်း မရတော့ .. အချိန်တွေ တရွေ့ရွေ့နဲ့ လျှောက်လှမ်းနေရင်း ပူလောင်နေရင်း ရှုပ်ထွေးနေရင်း .. ရှေ့ဆက်နေရဦးမှာပါပဲ ..

9 comments:

လင်းကြယ်ဖြူ said...

ဘယ်တော့မှမမေ့နိုင်တော့မယ့် ကဗျာလေးတွေပါပဲ..
စာရေးစာဖတ်ခြင်းကို အုတ်မြစ်စချတဲ့အချိန်ကတည်းက ဒီနေ့အထိကို
အမှတ်ရနေကြတယ်နော်....

မိုးစက်အိမ် said...

အာ မကြီး မိုးခါးနာ ရေးမှာတွေ နင်
အကုန်ရေးသွားတယ်ဟာ ထိပ်ဆုံးကတည်း
ကစတူတာဘဲ :( မိုးရွာရင်မိုးရေ စချိုးပါမယ်
ဆိုမှ မကြီး လာလုပြီး အကုန်လုံး ရေးသွားတယ်ဗျာ :(

Ree Noe Mann said...

ကလေးဘဝ ကဗျာလေးကို လာခံစား ဖတ်သွားပါတယ် ညီမလေးရေ။

မတွေ့တာတောင်ကြာပြီနော် နေကောင်းလား။

အကိုရီနို

မြစ်ကျိုးအင်း said...

အခုတလော ကလေးဘ၀ ကဗျာလေးတွေ ဆက်တိုက်ဖတ်နေရလို့ လားတော့မသိဘူး တော်တော်များများ ပြန်သတိရသွားတယ်....။

ကိုလူထွေး said...

ရေးတာ နောက်ကျတာကိုး
အဲဒါတွေ အကုန်လုံး သူများတွေ ရေးပြီးသွားပြီ...

းဝ)

တလနွန် said...

အိမ်တိုင်း ကလေးကဗျာတွေ ရွတ်နေကြတယ်။ ဒါပေမဲ့ မရိုးသွားပါဘူး။

Waing said...

အပူအပင်ကင်းတဲ့ ကလေးဘ၀ကို တစ်ခါပြန်ပြီး ရချင်သေးတယ်......
(စိုင်းထီးဆိုင် သီချင်း)လေးကို သွားပြီးသတိရမိလိုက်တယ်။ ပြန်မရနိုင်တော့မယ့် ငယ်ဘ၀လေးကို သတိရမိပါတယ် မိုးခါးရေ.....

Beauty Studio USA Branded Store said...

ဒီကဗျာလေးတွေက ဟောင်းမသွားပဲ အရင်အတိုင်း လတ်ဆတ်ဆဲပါ။

Unknown said...

ဒီကဗျာ ကိုဖတ်ပြီး... မေမေ..ဖေဖေ..နဲ့ ..ကိုကြီးကိုလွမ်းမိတယ်...ငိုချင်လာတယ်..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...