Showing posts with label အတွေး စိတ်ကူး. Show all posts
Showing posts with label အတွေး စိတ်ကူး. Show all posts

Wednesday, September 19, 2012

စာအိတ်လေးပေါ်က စာ ??

တခါက သူငယ်ချင်းနှစ်ယောက် ရှိတယ် .. သူတို့က ငယ်တည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေ ဖြစ်သလို တစ်ယောက်နဲ့ တစ်ယောက် ခင်မင် ချစ်ခင်ပြီး အတွေးအမြင်တွေလည်း ဖလှယ်ကြတယ်တဲ့ .. နှစ်ယောက်လုံးမှာ တူညီတဲ့ ၀ါသနာအကျင့် တခုက အလွန်ပဲ အငြင်းအခုန် သန်သတဲ့ .. သူတို့ နှစ်ယောက်ကို ကျော်ကျော်နဲ့ ဇော်ဇော်လို့ ခေါ်ကြပါစို့ ..

တနေ့ ..

ဇော်ဇော်တို့ အိမ်မှာ သူငယ်ချင်းနှစ်ယောက် ဆုံနေတုန်း .. ကျော်ကျော်က သတင်းစာဖတ်ရင်း ငြီးတယ် ..

“သတင်းတွေမှာလည်းကွာ မြင်ရကြားရ တခုမှ သက်သာတယ် မရှိပါလား .. ဟိုနေရာမှ လု လိုက် ဒီနေရာမှာ လူသတ်မှုဖြစ်လိုက် .. အကြောင်းကို ရှာလိုက်ရင် ငွေလိုအပ်မှုကြောင့်ပဲ .. မိသားစု စားဝတ်နေရေးလိုအပ်မှုတွေ ကြောင့်ပဲကွ .. အင်းးး ဒါကြောင့် အူမတောင့်မှ သီလစောင့်မယ်ဆိုတဲ့ စကား ပေါ်လာတာကိုး ..”

ဇော်ဇော်က .. “ဒီလိုလည်းမဟုတ်ဘူးကွ .. အူမ မတောင့်လည်း သီလဆိုတာ စောင့်ထိန်းရမယ့် အမျိုးလေ .. ထားပါတော့ .. တချို့ သိပ်ကို နွမ်းပါးနေသူတွေ လိုအပ်ချက်တွေကြောင့် သီလ မစောင့်ထိန်းနိုင်ဘူး ထားပါ .. တချို့များကျတော့ အူမလည်း တောင့်ပါရဲ့ .. လွယ်လွယ်သာ ရမယ်ဆို ရတဲ့အခွင့်အရေးထက်တောင် ပိုယူချင်ပြီး သီလတွေဖောက်နေတာကျတော့ရော .. ဒါကြောင့် လွယ်ရင် သူကြွယ်တောင် မနေဘူးဆိုပြီး ဖြစ်လာတာပေါ့ ..”

ကျော်ကျော် - “အင်း .. ဒါလည်း ဟုတ်တာပဲ ..”

ဇော်ဇော် - “ဒါလည်း ဟုတ်တယ် လုပ်မနေနဲ့ .. သွားမယ် ဆိုင် .. ဆိုင်ဖွင့်နောက်ကျနေမယ် ..”

ကျော်ကျော်နဲ့ ဇော်ဇော်က ကျောင်းပြီးတည်းက ကွန်ပျူတာ မိတ္တူဆိုင်လေး တပိုင်တနိုင်ဖွင့်ထားရင်း သင်တန်းတွေ တယောက်တလှည့် တတ်ကြတယ် .. စိတ်ကူး မျှော်လင့်ချက်ရောင်စုံနဲ့ အနာဂတ်ကို လျှောက်လှမ်းရင်းပေါ့ ..

နေ့လည်စာစားချိန် ချိုင့်ဆွဲစားတဲ့ဆီက လာပို့ပေးတဲ့ ချဉ်ရည်ဟင်းနဲ့ ကြက်သားဟင်းကို စားပြီး သူတို့ ရေနွေးခွက်ကိုယ်စီနဲ့ ဆိုင်ရှေ့က ဧည့်သည်တွေလာရင် ထိုင်ပြီးစောင့်နိုင်အောင် ချထားတဲ့ ခုံလေးတွေမှာ ကိုယ်စီဝင်ထိုင်လိုက်ကြတယ် .. ဆိုင်အပြင်ဘက်မှာလည်း မုန့်ဟင်းခါး အစုံသုပ် ဒုတ်ထိုးနဲ့ ရာသီစာ အသီးရောင်းတဲ့ အသည်တွေ ကိုယ်စီ အထမ်းလေးတွေနဲ့ .. နေ့လည်စာ စားချိန်ဖြစ်လို့ ရုံးပေါင်းစုံက ၀န်ထမ်းတွေလည်း ဥဒဟို သွားလာနေကြတယ် .. သူတို့ဆိုင်လေး ရှိရာနေရာကိုက အချိန်ပြည့်စည်ကားနေတတ်သေးတာ .. အဲဒီအချိန်မှာပဲ ..

ဇော်ဇော် - “ဖိုးကျော် .. ဟိုမှာ ကြည့်စမ်း ..”

ဖိုးဇော် ပြတဲ့နေရာကို ကြည့်လိုက်တော့ .. ဒုတ်ထိုးဆိုင်မှာ ဦးလေးကြီးတယောက် ဒုတ်ထိုးတွေ ၀ယ်နေတယ် .. အ၀တ်စားကို ကြည့်ခြင်းအားဖြင့် သိပ်မွဲမွဲတေတေလည်း မဟုတ်သလို အပြည့်စုံကြီးလည်း မဟုတ်တဲ့ ပုံသဏ္ဍာန် .. ဆိုင်တွေမှာ စားနေကျ ဖောက်သည်တွေကို မျက်မှန်း တန်းမိနေတာ များပေမယ့် ခု လူကြီးကိုတော့ ပထမဆုံး မြင်ဘူးတာပဲ .. လက်ထဲက ဘာတွေထည့်ထားလို့ ဖောင်းကားနေမှန်း မသိတဲ့ ပိုက်ဆံအိတ်တဖက် .. ဒုတ်ထိုးအိတ်တွေတဖက်နဲ့ ရှုပ်ရှက်ခတ်နေရင်း လက်ထဲက ပိုက်ဆံအိတ်ထဲက စက္ကူအိတ်လေး ပြုတ်ကျသွားခဲ့တယ် .. ဒုတ်ထိုးဗန်းဘေးနားတင် ဖြစ်နေတာမို့ မြင်လိုက်တဲ့သူကတော့ ဒုတ်ထိုးသည်လေးပါပဲ .. အလျင်အမြန်ပဲ ဒုတ်ထိုးသည်လေးက ကောက်ယူလိုက်တယ် .. ပြီးတော့ ဘေး ဘယ်ညာကြည့်ပြီး လူတိုင်း ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတာမြင်လိုက်မှ ဂျီးအထပ်ထပ်နဲ့ အ၀တ်စုတ်မှာ သူ့အဆီဝေ့နေတဲ့ လက်ကို သုတ်ပြီး အိတ်လေးကို ဖွင့်လိုက်တော့ အထဲမှာ ၅၀၀၀ တန်တွေ မရှိဘူးဆို ၁၀ရွက် အရွက် ၂၀ လောက် .. စာအိတ်ပေါ်မှာ စာတန်းလေးတခုရှိနေတာ ကျနော်တို့ ၂ယောက်လုံးမြင်ပေမယ့် ဘာဆိုတာတော့ သိပ်မကွဲပြား .. ကောင်လေးလည်း ဖတ်နေရင်း .. ပြီးမှ ခုနက လူကြီး ထွက်သွားရာဘက်ကို အပြေးလေး လိုက်သွားတော့တယ် .. ကျနော်တို့ ၂ယောက်လုံး စိတ်ဝင်တစား စောင့်ကြည့်နေမိတယ် .. မကြာဘူး ခဏအတွင်း ကောင်လေး ပြန်ရောက်လာပြီး မျက်နှာလည်း ပြုံးရွှင်လို့ သူ့အလုပ်တွေသူ ဆက်လုပ်နေတော့တယ် .. ကျနော်တို့ ၂ယောက် တယောက်မျက်နှာ တယောက် ကြည့်မိပြီး ကောင်လေးရဲ့ သီလအပေါ် အသိမှတ်ပြု လေးစားစိတ်ကိုယ်စီ ဖြစ်သွားခဲ့တယ် ..

ပြီးတော့ -

ဇော်ဇော် - “အဲဒါပဲကွ .. အူမ မတောင့်လည်း သီလ စောင့်တဲ့သူ ဆိုတာ .. မင်းစဉ်းစားကြည့် အိတ်ထဲမှာ အနည်းဆုံးတော့ ၄ ၅ သောင်းလောက် ရှိနိုင်တယ် .. အဲဒီ၎ ၅ သောင်းဆိုတာ ဒီကောင်လေးအတွက် ၁ရက်စာအမြတ်ထက် မနည်းလောက်ဘူးပဲ .. ဒါပေမယ့် ကောင်လေးက သူ့သီလကို ပိုတန်ဖိုး ထားခဲ့တယ် .. သီလဆိုတာ သူ သိချင်မှလည်း သိနိုင်ပေမယ့် အနည်းဆုံး ကိုယ်ချင်းစာစိတ် ကြောင့်ပဲ ..”

ကျော်ကျော် - “အေး .. ငါနားလည်လိုက်တာလည်း ကောင်လေး နဲနဲတော့ တွေဝေသွားပုံပဲ .. ဟုတ်တယ်လေ ဘာမှ မလုပ်ရပဲ အလကား ငွေရမယ့် ကိစ္စကိုး .. ဒါပေမယ့် စာအိတ်မှာရေးထားတာလေးဖတ်ပြီး ပိုင်ရှင်ဆီ သူပြေးတော့တာ .. အဲဒီ အိတ်လေးဟာ လခထုတ်ထားတဲ့ စာအိတ်လား .. တစုံတယောက်ကို ပေးဖို့ စာအိတ်လား .. သူ့ သားသမီးအတွက် ကျောင်းလခ စာအိတ်လား .. အဲဒီစာအိတ်ပေါ်မှာ ဘာစာမှ ရှိမနေခဲ့ရင်ရော .. ဒီကောင်လေး ဘယ်လိုဆက်လုပ်မလဲ မသိဘူးကွ ..”

ဇော် - “အင်း .. တကယ်လို့ ဒီစာအိတ်ထဲက ငွေကို ယူပြီး သုံးလိုက်ရင် အလွန်ဆုံး ၁လစာအသုံးပေါ့ကွာ .. ခု သူ့လုပ်ရပ်ကြောင့် သူပြန်တွေးတိုင်း ကြည်နူးနေရမယ့် အဖြစ် .. ကောင်လေး မျက်နှာကြည့် .. သူ့လက်ထဲ ငွေရရချင်း သူချက်ချင်းပျော်ရင်ပျော်မယ် သုံးရလို့လည်း ပျော်ရင်ပျော်မယ် .. ဒါပေမယ့် သူ စာအိတ်လေးကို ပိုင်ရှင်ဆီပေးပြီး ပြန်လာတော့ သူ့မျက်နှာကို ကြည့် .. ဒါဟာ ကိုယ့်အတ္တနဲ့ သူတပါး ပျော်ရွှင်မှုကို အလဲအလှယ် လုပ်လိုက်တာပဲ .. ဒီပျော်ရွှင်မှုက ပိုတည်မြဲမယ် ..”

ကျနော်တို့ ၂ယောက်လုံး ကိုယ်စီအတွေး ထင်မြင်ချက်တွေနဲ့အတူ ကောင်လေးရဲ့ သီလအပေါ် လေးစားဦးညွှတ်ရင်း .. နောက်နေ့တွေမှာလည်း အနီးနားက လူတွေရဲ့ အကျင့် စရိုက်တွေကို ကိုယ်တိုင် ဖတ်ရှုလေ့လာနေဖြစ်ပါဦးမယ် ..

Thursday, July 21, 2011

ညိုရင့်ရင့် အလွမ်း

သဲသဲမဲမဲ ပဲ ..

ကောင်းကင်က တဖွဲဖွဲနဲ့ မိုးဟာ
ချစ်သူနှစ်ဦးကို ပိုမိုနီးကပ်သွားစေတယ် ..။

တယောက်လက် တယောက် ဆုပ်ကိုင်ရင်း
တယောက်ပါး တယောက် အပ်ရင်း
ကောင်းကင် မှောင်မှောင်အောက်မှာ
နှစ်ဦးသားမျက်ဝန်းတွေနဲ့ အလင်းဖြာခဲ့ဘူးတယ် ..။

အတိတ်ဆိုတာ မရှိတာမှ မဟုတ်ပဲကွယ်
ကျမ အတိတ်မှာ လှပတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ရှိတယ်
မိုးသည်းသည်းအောက် ကြည်နူးနေတဲ့ ချစ်သူနှစ်ဦး ပုံရိပ်တွေ ရှိတယ်
အတိတ်ကို အမှန်တကယ် ပိုင်ဆိုင်ဖူးခဲ့တယ် ..။

ဒီမြို့လေးမှာ ကျမတို့ ခြေရာတွေ ရှိတယ်
ကြင်နာယုယခြင်းတွေ ရှိတယ်
ကူညီဖေးမခြင်းတွေ ရှိတယ်
မျှော်လင့်စောင့်စားခြင်းတွေလည်း ရှိတယ်
ကျမရဲ့ အလွမ်းတွေလည်း ရှိနေခဲ့တယ် ..။

အကွာဝေးက စကားပြောလွန်းသတဲ့ ..။

အနေဝေးရင် သွေးအေးတတ်သတဲ့ ..။

ချစ်သူတမျက်နှာပဲ ရည်ညွှန်းခဲ့တဲ့ ကျမ
ယုံကြည်မှုတွေ သစ္စာဖောက်ခံလိုက်ရတဲ့ အခါ
တန်ဖိုးထားမှုတွေ ပျက်သုန်းသွားတဲ့ အခါ
မျှော်လင့်ချက်တွေ ပြိုလဲသွားတဲ့ အခါ ..။

သဲသဲမဲမဲ ပဲ ..

ကောင်းကင်က ညိုရင့်ရင့်အရောင်ဟာ
တဦးတည်း တည်ရှိနေသူအတွက်
အထီးကျန်နဲ့ လွမ်းဆွတ်မှုတွေကိုသာ ဆောင်ယူလာခဲ့တယ် ..။

Thursday, November 18, 2010

သူ့အတွေး ကိုယ့်အတွေး

ဖြစ်စဉ် (၁)

လူအများ ပြည့်ကျပ်နေသော ဘတ်စ်ကား တစီးပေါ်တွင် -
အ၀တ်အစား သပ်သပ်ရပ်ရပ်နှင့် ကုမ္ပဏီဝန်ထမ်းဖြစ်ပုံရသော အသက် ၂၀ အရွယ် မိန်းကလေးတယောက်သည် ထိုင်ခုံနေရာပေါ်တွင် ထိုင်လျှက် အသက် ၅၀ ကျော် အရွယ် ခပ်နွမ်းနွမ်းဦးလေးကြီး တယောက်သည် ထိုမိန်းကလေးရှေ့တွင် မတ်တပ်ရပ်လျှက် လိုရာခရီးကို နှင်လျှက် ရှိကြသည် .. အသက် ၅၀ကျော်အရွယ် ဦးလေးကြီးသည် ရှေ့မှ မိန်းကလေးကို မျက်လုံးမွဲမွဲများဖြင့် ကြည့်လျှက် မိန်းကလေးကတော့ ရွံရှာစက်ဆုတ်သည့် အနေရခက်သည့် မနှစ်လိုသည့် အမူအယာမျိုးဖြင့် တည်ရှိလျှက် ရှိကြသည် .. သူတို့ နှစ်ဦး၏ စိတ်အတွေးထဲတွင် -

မိန်းကလေး - "ရှေ့က အဖိုးကြီးကလည်း သူ့အသက်အရွယ်ကိုမှ မထောက် လူကို ကြည့်နေလိုက်တာ တော်တော် နှာဘူးထတဲ့ လူကြီး .. ကိုယ်နံ့ကလည်း အလုပ်ကြမ်းလုပ်ထားတာ နံဟောင်လို့ .. !@#$%^&^%$"

ဦးလေးကြီး - "ရှေ့က မိန်းကလေး ကြည့်ရတာ ပညာတတ်ကလေး ဖြစ်မယ် .. ငါ့သမီးလေးကိုသာ ပညာသင်ပေးခွင့် ရခဲ့ရင် .... ငါ့သမီးလေးကို ပညာတတ်ကြီး ဖြစ်စေချင်လိုက်တာ .."
~~~~~~~

ဖြစ်စဉ် (၂)

သာမန်ထက် ဆင်းရဲသော ရပ်ကွက်ကလေး တခုတွင် -
ဝါးလုံးခင်း ထန်းလက်မိုးများဖြင့် နေကွယ်ရုံ လူတယောက် ကျောတချစာနေရာတွင် ဖွင့်ထားသော လက်သုပ်စုံ ဆိုင်လေးတဆိုင် ရှိသည် .. ဆိုင်ရှင် အဒေါ်ကြီးကို ရပ်ကွက်မှ လူအများစုက ချစ်ခင်ကြသည် .. အကြောင်းမှာ လက်သုပ်ရောင်းရာတွင် စေတနာပါပါနှင့် လက်ဖွာတတ်သောကြောင့်တည်း .. လက်ဖွာတတ်သဖြင့် ဆိုင်ပိတ်ချိန်မတိုင်မီပင် သူမ၏ အသုပ်များ ကုန်လေ့ရှိသည် .. ငွေအိတ်ကတော့ ထူးမခြားနားပင် .. တနေ့လုပ် တနေ့စား ဆင်းရဲသားရပ်ကွက်ဖြစ်သဖြင့် ညနေစာကို အသုပ်လေးနှင့် အကြော်လေးနှင့် ပြီးရတတ်သော လူတန်းစားများပေ .. အသုပ်ဆိုင်တွင် အမျိုးသမီးတယောက် အသုပ်မှာနေသည် .. မှာရင်း သုပ်ရင်းလည်း ထိုအမျိုးသမီးမှ လိုချင်သည်များကို ထပ်ထပ် ထည့်ခိုင်းနေသေးသည် .. ဆိုင်ရှင်အဒေါ်ကြီးကတော့ ပြုံးပြုံးနှင့်ပင် တတ်နိုင်သလောက် ထပ်ထည့်ပေး သုပ်ပေးနေသည် .. ၀ယ်သူ ဆိုင်ထဲမှ အထွက် သူတို့ အတွေးထဲတွင် -

ဆိုင်ရှင် - "မ---- တို့ မိသားစုတော့ ဒီနေ့ ငါ့အသုပ်နဲ့ ညစာပြီးမှာပါပဲ .. ၂ပွဲစာ ကျော်ကျော်လောက်ကို သုပ်ပေးလိုက်ရတာ .. အင်းလေ သူတို့ မိသားစုက များတော့ ဒီလောက်မှပဲ အဆင်ပြေလိမ့်မပေါ့ .. ၂ပွဲစာဖိုး ပိုက်ဆံမရပေမယ့် ကုသိုလ်တော့ ရလိုက်ပြီ .. မလှူတတ်ရင် ဈေးရောင်းတဲ့ .. မ---- တို့ မိသားစု ထမင်းစား မြိန်ပါစေ .. ဒီနေ့လည်း ငါ့အသုပ်တွေက ကုန်တာပါပဲ .. ဒီ ၃ ၄ ပွဲဆို ကုန်ပြီ .. အိမ်ပဲ ပြန်သယ်သွားရ ကောင်းမလား .. "

ဈေးဝယ် - "ဒေါ်ထုံကြီးကတော့ နာမည်ပေးခံရတာတောင် နည်းသေးတယ် .. ဟိုဟာပြော ဒီဟာပြောနဲ့ ထည့်ခိုင်းလိုက်တာ ၂ပွဲစာတောင် မကဘူး .. သဘောကောင်းတယ် နာမည်လိုချင်တာ ခံလေ .. ဟင်းဟင်း .. ဒီကလည်း စားချင်လို့ ၀ယ်ရတာ မဟုတ်ဘူး .. အိမ်ကလူ ဒီနေ့ အလုပ်မကောင်းလို့ ဒီကြားထဲ ငါ့'ကံ'လေးကလည်း စွပ်တယ် .. ၂လုံးထီထိုးတာ ၂လုံးလုံးလွဲ .. ဆန်ဖိုးလေးများရမလားလို့ ကံစမ်းပါတယ် .. ရှိတာလေးပါ ပါသွားတယ် .. အေးလေ ဒီနေ့မရ နောက်နေ့ပေါ့ .."
~~~~~~~

ကျမ တခါတလေ လူတွေကြားထဲနေရင်း သူတို့ရဲ့ ပြုမူ ပြောဆိုပုံတွေ လုပ်ရပ်တွေကို ကြည့်ရင်း မြင်ရင်း အတွေးတွေလည်း စုံလို့ပဲ ရတတ်ပါတယ် .. အဲဒီ အတွေးတွေနဲ့ မြင်ဘူး တွေ့ဘူးတာလေးတွေ စိတ်ကူးပေါက်ရာလေးတွေ ချရေးလိုက်မိတာပါ .. အပေါ်က ဖြစ်ရပ်မျိုး ခပ်ဆင်ဆင်ကိုတော့ စာတပုဒ် (သို့) ရုပ်ပြတခုခုမှာ ဖတ်ဘူးသလို ရှိတာကို ပြန်တွေးပြီး ရေးလိုက်တာပါ ..

Sunday, October 17, 2010

ရောက်ရာပေါက်ရာ အတွေးများ

ကျမတွေ့ဘူး သိဘူးသမျှ မြန်မာလူမျိုးတွေမှာ အရိုးစွဲနေတဲ့ အကျင့်လေးတွေ အစွဲအလန်းလေးတွေ တော်တော်များပါတယ် ..

ဥပမာ - ငယ်ငယ်တုန်းက ကျမ မေကြီးဖက်က အဖွားတို့ အဒေါ်တို့ဆိုရင် သေစကားပြောတာတို့ အပျက်စကားပြောတာတို့ကို မကြိုက်ပဲ ရှောင်ကြပါတယ် .. တခါတလေ ကျမက လမ်းသွားရင်း သေသွားရင်ဆိုတဲ့စကားမျိုးပြောမိလိုက်တာနဲ့ စကားနောက် တရားပါတယ် မပြောရဘူးလို့ ပြောတတ်ကြတယ် .. ငယ်ငယ်ကတော့ ကြောက်တယ်လေ .. အဲလိုပြောကြတော့ နောက် မပြောရဲဘူးပေါ့ .. ပြီးတော့ ဘယ်က ဘယ်လို စကားတွေ လက်ဆင့်ကမ်းလာတယ်တော့ မသိပါဘူး .. အသုဘအိမ်ရှေ့မဖြတ်ရဘူး တို့ .. သချို င်္င်းကုန်း လက်ညှိုးမထိုးရဘူး အကယ်၍ ထိုးမိရင် လက်ညှိုးကို ၇နှစ်ချက် အသက်အောင့် ကိုက်ရတယ်ဆိုတာတွေ အများကြီး အများကြီးပါပဲ .. အဲဒီအချိန်က မစဉ်းစားတတ်သေးပဲ သူများပြောသမျှ လိုက်လုပ်လိုက်တာပါပဲ ..

ခုတော့ ကိုယ့်ရဲ့ တထွာ တမိုက် ဥာဏ်လေးနဲ့ စဉ်းစားတတ်သလောက် မှတ်ထားသလောက်နဲ့ လုပ်သင့်တယ်ထင်ရင် ကိုယ်ပိုင် အတွေးနဲ့ လုပ်လိုက် မလုပ်သင့်တာလို့ ကိုယ့်ဦးနှောက်က ဆုံးဖြတ်ပေးရင် မလုပ်လိုက်နဲ့ ကိစ္စတော်တော်များများကိုယ် စိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရတဲ့အချိန်မှာတော့ ကျမတွေးမိတယ် .. ငယ်ငယ်က တချို့ကိစ္စတွေက တော်တော်ရယ်စရာကောင်းပါလားပေါ့ .. ဒါဆို ခု ကိုယ်ကရယ်စရာတွေ မလုပ်မိတော့ဘူးလား .. ???? .. သိပ်တော့ မထင်သေးဘူး .. မတူညီတဲ့ကိစ္စတွေ လုပ်ရပ်တွေနဲ့ တချိန်ကျ ရယ်စရာ ကောင်းနေလိမ့်ဦးမယ် ..

ဒီလိုပါပဲ အသိဥာဏ် နုံနဲ့စဉ်က ကိုယ့်စိတ်ကို လေးလံစေတဲ့ အရာတွေဟာ ခုချိန်မှာ ဘာမှ မဟုတ်တော့သလို ..

ခုချိန် ကိုယ့်ရဲ့စိတ်ကို ပင်ပန်းစေတဲ့ အရာတွေဟာလည်း နောင် အချိန်ကာလတခုမှာ "ငါဟာ အဲဒီအချိန်က တော်တော် ရယ်စရာကောင်းခဲ့ပါလား" လို့ တွေးမိစေလိမ့်ဦးမယ် ..

တကယ် ပို့စ် စရေးတုန်းက ရေးချင်တဲ့ အကြောင်းအရာနဲ့ လမ်းလွဲနေပါပြီ .. :D ကျမ တကယ်ရေးတုန်းက အစွဲအလန်းအကြောင်း .. ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်တတ်တဲ့ အကြောင်းပါ .. :D ခုတော့ လွဲနေပြီ ..

ပြန်ကောက်ရမယ်ဆိုရင် ..

ကျမတို့ မြန်မာလူမျိုးတွေက အစွဲအလန်း ရိုးရာဆိုတာတွေကို အစွန်းရောက်လေ့ ရှိကြတယ် .. တသက်လုံး ယဉ်ပါးလာတဲ့ အရာတွေမို့ ပစ်ဖို့ ခဲယဉ်းတာလည်း ပါပါလိမ့်မယ် ..

ဒီ အရှေ့က ပို့စ်မှာ ကျမအတွက် အချိန် သိပ်မကျန်တော့ဘူးလို့ ရေးခဲ့တယ် .. ဒီလိုရေးတာသာ အဖွားတို့ ရှိနေသေးလို့ သိရင် နိမိတ်မရှိတာ နိမိတ်မကောင်းတာတွေ ရေးတယ်ပြောတယ်လို့ ဆုံးမကြဦးမယ် ထင်ပါတယ် ..း)

အချိန်တွေ တရွေ့ရွေ့ ကုန်နေပါတယ် .. နေ့ရက်တွေလည်း တရက်ပြီး တရက် ကုန်ကုန်လာနေပါတယ် .. ကုန်နေသမျှ အချိန် နေ့ရက်တိုင်းက သေဖို့ တရွေ့ရွေ့ နီးနီးသွားတာပါပဲ .. တခါတခါ တယောက်တည်း ရှိနေချိန်ဆို အတွေးတွေ သိပ်များတတ်ပါတယ် .. ကိုယ်တိုင်နဲ့ လူတွေရဲ့ အကြောင်း စိတ်ဓါတ်တွေ အကြောင်း လုပ်ရပ်တွေ အကြောင်း .. ကြီးကျယ်တယ်တော့ မထင်ပါနဲ့ .. :D

သေတယ်ဆိုတာက တော်တော် ကြောက်စရာကောင်းမယ့် ကိစ္စ ဖြစ်သလို တော်တော်လည်း စိတ်ဝင်စားစရာကောင်းပါတယ် .. ဘယ်လို ပုံစံ သေမလဲ .. ဘယ်လိုအချိန် သေမလဲ မသေချာပေမယ့် သေမှာတော့လည်း သေချာနေပြန်ပါတယ် ..

ခုချိန်ထက် ပိုကောင်းသော အချိန် မရှိ တဲ့ .. ခု လက်ရှိရနေတဲ့အချိန်က အကောင်းဆုံးပါပဲ .. ကျမတို့ ဘာတွေ လုပ်ကြမလဲ ..

ရန်လိုမှုတွေနဲ့ ဖြတ်သန်းမလား .. နားလည်မှုတွေနဲ့ ဖြတ်သန်းမလား .. ??
ငိုကြွေးခြင်းတွေ နောင်တတွေနဲ့ ဖြတ်သန်းမလား .. ပျော်ရွှင်မှုတွေ ကူညီမှုတွေနဲ့ ဖြတ်သန်းမလား .. ??
အားလုံးကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုသာပါပဲ ..း)

Monday, June 14, 2010

အတိတ် ပုစ္ဆာ

ဒီနေရာလေးကိုပဲ ကျမ ရောက်လာခဲ့ပြန်ပြီ ..

ဦးတည်ချက် မရှိပဲ သွားလာလိုက်တဲ့ အခါတိုင်း အညို့ခံထားရသူတယောက်လို ဒီနေရာဆီပဲ ရောက်ရောက်လာဖြစ်တယ် .. ဒီနေရာကို ရောက်တိုင်းလည်း ကျမတို့ (အရင်တချိန်ကတော့ ကျမတို့ပေါ့လေ .. ခုတော့ ကျမ တယောက်တည်း ..) အတူထိုင်ဖူးတဲ့ ခုံလေးမှာ ကျမ ထိုင်ဖြစ်တယ် ..

ဟိုးအရင်တည်းက ဖက်ဖူးစိမ်းရောင် ခုံတန်းလေးက ခုလည်း ဖက်ဖူးစိမ်းရောင်လေးနဲ့ သစ်လွင်နေတယ် ..

ဒီနေ့တော့ ထိုင်နေကျ နေရာမဟုတ်တဲ့ ခုံတန်းလေးကို မြင်သာယုံနေရာလေးတနေရာမှာ ကျမ ထိုင်နေလိုက်တယ် .. ဒီ ခုံတန်းလေးမှာ ဘယ်သူတွေများ လာထိုင်လိမ့်ဦးမလဲ .. ချစ်သူနှစ်ဦးလား သူငယ်ချင်းမလေးနှစ်ယောက် ဖြစ်မလား .. အသင့်ပါလာတဲ့ စာအုပ်တအုပ်ကို ဖတ်ရင်း ဘာရယ်မဟုတ်ကျမ စောင့်ဆိုင်းနေလိုက်တယ် ..

ကျမ နားထဲ မိန်းကလေးတယောက်ရဲ့ ငိုသံလား ..

အသံလာရာ ခုံတန်းလေးဆီ လှမ်းကြည့်မိတော့ မိန်းကလေးတယောက်က ငိုနေတယ် .. ဘေးနားက ကောင်လေးကတော့ သုန်သုန် မှုန်မှုန်နဲ့ ထိုင်နေတယ် .. ပုံစံက မိန်းကလေး အငိုတိတ်အောင်တောင် ချော့ဖို့ အင်အားမရှိတော့တဲ့ ပုံစံမျိုး ..

ကောင်လေးက "ကိုယ်လည်း ဘယ်လက်ခံချင်မလဲကွာ .. ဒါပေမယ့် အိမ်က အကုန်စီစဉ်ပြီးမှ ကိုယ် သိလိုက်ရတယ် .. ကိုယ်သိတဲ့အချိန်မှာ အားလုံးက လွန်နေပြီ .."

မိန်းကလေးဆီက ငိုသံက လွဲပြီး ဘာစကားသံမှ ထွက်မလာခဲ့ဘူး .. မိန်းကလေး ဆက်တိုက်ငိုတယ် .. ကောင်လေး ပုခုံးကိုလည်း မမှီဘူး .. တယောက်တည်း တသိမ့်သိမ့် ငိုတယ် .. အားရအောင် ငိုတယ် ..

ခဏကြာတော့ ကောင်လေးက ကောင်မလေး ခေါင်းကို သူ့ပုခုံးပေါ်ဆွဲမှီခိုင်းတယ် .. ဒါပေမယ့် မိန်းကလေး တွန်းဖယ်ခဲ့တယ် .. ပြီးတော့ မိန်းကလေးက မျက်ရည်မှန်သမျှ သူ့လက်ခုံနဲ့ သုတ် သူ့ကိုယ်သူ ပြုပြင်ယူလိုက်ပြီး စကားပြောဖို့ အားယူလိုက်တယ် .. ပြီးတော့ ..

"နင် ငါ့ကို လိမ်တယ် .. ငါတို့ကြားထဲမှာ ဒါတွေ မလိုအပ်ပါဘူး .. နင် သိပ်အထင်ကြီးတဲ့ ဆရာဝန်မမကို လက်ထပ်မယ်လို့ ပွင့်ပွင့် လင်းလင်း ပြောခွင့် ရှိပါတယ် .. ငါ သိနေခဲ့တာ ကြာပြီ .. ဒီအတွက်လည်း ပြင်ဆင်ပြီးသားပါ .. ငါ ခု ငိုတယ်ဆိုတာ ငါတို့ရဲ့ ပတ်သက်မှုအတွက် နောက်ဆုံးမျက်ရည်ပါ .. ငါ မောနေပြီ .. အတွေးတွေနဲ့ မောနေခဲ့တာ ကြာပြီ .. ခုတော့ ငါ သက်ပြင်းချလိုက်နိုင်ပြီ .. ထပ်မျှော်လင့်စရာ မရှိတော့တဲ့ ဇာတ်လမ်းအတွက် ငါ ဆုံးဖြတ်ပြီး အဆုံးလည်း သတ်နိုင်ပါပြီ .. အရင်နေ့တွေကတော့ ငါမောနေခဲ့တယ် .. ကြုံတွေ့လာမယ့် အနာဂတ်အတွက် ကြိုတွေးပြီး ပင်ပန်းနေခဲ့တယ် .. ဒီလောက်ဆို လုံလောက်သွားပြီ .. ငါတို့ နှစ်ယောက်လုံး ဘယ်သူမှ သာတယ် နာတယ် မရှိပါဘူး .. စိတ်တူကိုယ်တူ ငါတို့ အတူရှိနေခဲ့ဘူးပြီ .. တယောက်ကြောင့် တယောက် ပျော်ရွှင်ရတယ် .. အမှတ်တရ တခုအဖြစ်တော့ ငါ သိမ်းမထားချင်ဘူး .. ဒါပေမယ့် သေချာတာက လှပတဲ့ အတိတ်တခုပါပဲ .. ဒီအတွက် ငါ နင့်ကို ကျေးဇူးတင်ပါတယ် .. ငါတို့ အဆင်ပြေပြေ လမ်းခွဲကြတာပေါ့ .. သာယာတဲ့ ဘ၀တခု ပိုင်ဆိုင်နိုင်ပါစေ .. ဘာပြောချင်သေးလဲ .. ပြောစရာ မရှိတော့ရင် သွားနှင့်တော့မယ် ..

ကောင်လေးဆီက ဘာစကားသံမှ ထွက်မလာခဲ့ဘူး ..

မိန်းကလေး ပြောဆိုအပြီးမှာတော့ အရင် ထွက်သွားခဲ့တယ် ..

ကောင်လေး မျက်နှာမှာ တိမ်မဲတွေ စွဲထင်နေသလိုပဲ .. ဒါဟာ တွေဝေခြင်းလား .. နောင်တလား .. သူ ဘာကို မျှော်လင့်ခဲ့သလဲ .. သူ ရရှိသွားခဲ့တာ ဘာလဲ .. ကျမ အတွေးတွေနဲ့ ရှုပ်ထွေးနေခဲ့ပြီ ..

လွန်ခဲ့တဲ့ နှစ်တခုက ဒီခုံလေးမှာပဲ ချစ်သူနှစ်ဦး ခုလို အဖြစ်မျိုး ဖြစ်ပျက်ခဲ့တယ် .. ဒါပေမယ့် အဆုံးသတ်တော့ မတူခဲ့ဘူး ..

မိန်းကလေး မျက်ရည် ကျတယ် .. ကောင်လေးက ချော့ပါတယ် .. ဒါပေမယ့် ကောင်လေးဆုံးဖြတ်ချက်ကတော့ ပြောင်းမသွားခဲ့ဘူး ..

မိန်းကလေး မပြတ်သားခဲ့ဘူး .. ကောင်လေးကို တောင်းပန်ခဲ့တယ် .. ဒါပေမယ့် ကောင်လေးဆုံးဖြတ်ချက်ကတော့ ပြောင်းမသွားခဲ့ဘူး ..

နောက်ဆုံး ကောင်လေး ထွက်သွားခဲ့တယ် .. မိန်းကလေးကတော့ ကျန်ရစ်သူ .. ခုထိလည်း အတိတ်မှာ ပျော်မွေ့ချင်နေသေးသူ ..

အချစ်ဇာတ်လမ်းတခုရဲ့ အဆုံးသတ်မှာ အရှုံးအနိုင် ဆိုတာသာ ရှိခဲ့မယ်ဆိုရင် ကျန်ရစ်သူ မိန်းကလေးကတော့ အရှုံးတွေ ထပ်လို့ပေါ့ .. ဘယ်လိုလဲ ဆက်ပြီး အရှုံးခံနေဦးမလား ..

မေးခွန်းတွေ တွင်တွင် ထုတ်ရင်း သူမ လာရာလမ်းကို ပြန်လျှောက်နေခဲ့ပြီ .. မျက်နှာမှာတော့ သူမရဲ့ ညံ့ဖျင်းမှုအတွက် ရှက်ပြုံးတခုကို ဆင်ယင်ထားတယ် .. ပုစ္ဆာတပုဒ်ကို အဖြေရသွားတဲ့ ကျောင်းသားတယောက်နဲ့လည်း ဆင်တူပြန်တယ် .. အတွေးထဲမှာတော့ နောက်ချန်ခဲ့တဲ့ ခုံတန်းလေးဟာ သာမန် ခုံတန်းလေး အဖြစ်နဲ့သာ ..

Friday, June 11, 2010

ရနံ့တခုနှင့် စွဲလန်းခြင်း ပြဿနာ

ရနံ့တချို့ကို ကျမ မုန်းပါသည် ..

ဥပမာ - ဂတ်စ်အိုးမှ ဆိုးဝါးစွာထွက်ပေါ်လာတတ်သော ဂတ်စ်နံ့ .. ထိုအနံ့ကို ကျမ မနှစ်သက်သော ဒူးရင်းသီးအနံ့နှင့် ဆင်တူသည်ဟုလည်း ကျမ စွပ်စွဲတတ်သေးသည် .. အချို့ပန်းများ၏ ထုံအီအီ အနံ့များ .. ရေမွှေးနံ့ ပြင်းပြင်းများ နှင့် ဓါတ်ဆီ အနံ့ .. ထို့အပြင် အင်းစက်ပိုးမွှားကောင်များ၏ အနံ့များ ဆိုးဝါး ညစ်ပတ်သော အနံ့များ ထိုအရာများကို နံသည်ဟု သတ်မှတ်၍ ကျမ စွဲစွဲမြဲမြဲ မုန်းပါသည် ..

လွန်ခဲ့သော နှစ်အချို့အတွင်းမှာ ကျမ ရနံ့တခုကို ရရှိခဲ့သည် .. ထိုရနံ့သည် ကျမ၏ ဘေးတွင်လည်း တစိုက်မတ်မတ်ရှိခဲ့သေးသည် .. ထိုရနံ့ကို ကျမ စွဲလန်းချိန် နှစ်ချို့ခဲ့သည် .. ထုံအီမူးဝေစေသော ထိုရနံ့နောက်ကို တကောက်ကောက်လိုက်မိသည်အထိ ကျမ စွဲလန်းခဲ့ဘူးပါသည် ..

ထိုရနံ့ကို အခြားနေရာတွင် ရရှိခဲ့ပါက စွဲလန်းဖို့ မသေချာခဲ့ပါ .. တစုံတယောက်နှင့် ပတ်သက်၍ တဖြည်းဖြည်း ရင်းနှီးကာ နှစ်သက်လာခဲ့သည် .. ပြီး ပို၍ စွဲလန်းလာခဲ့သည် .. ထိုရနံ့သယ်ဆောင်သူကို ကျမ၏ နံဘေးတွင် ရှိနေစေချင်ခဲ့သည် ..

စွဲလန်းခြင်းဆိုသော အရာသည် အချိန်ဘယ်လောက်ကြာကြာ စွဲမြဲတည်ရှိမယ် ကျမ ကောင်းစွာ မခွဲခြားနိုင်ခဲ့ပါ .. ကျမ စွဲလန်းနှစ်သက်ဖူးသော ထို ရနံ့ကိုလည်း ဘယ်လောက် ကြာကြာ စွဲမြဲနှစ်သက်နိုင်လိမ့်မယ် မသေချာခဲ့ပါ .. သို့ပေမယ့် ကုန်လွန်ခဲ့သော အရင်အချိန်ကာလ တခုမှာတော့ ထိုရနံ့သည် ကျမ၏နံဘေးတွင် အသေအချာ တည်ရှိနေခဲ့လေသည် ..

ရက်စွဲတချို့ ပုံမှန် ကုန်လွန်ခဲ့သည် .. အရာအားလုံးသည်လည်း ပုံမှန်ဟု ဆိုနိုင်သည် .. ကျမအတွက် ပုံမမှန်ခြင်း တခုက ကျမ နှစ်သက်သော ရနံ့နှင့် ဝေးကွာနေခြင်းပင် .. ထို ရနံ့နှင့် ပိုင်ရှင်ကို ကျမ လွမ်းဆွတ်စွာ သတိရနေခဲ့သည် .. နောင် အချိန်အတိုင်းအတာ တခုထိလည်း ကျမ သတိရနေဦးမည် .. ကျမ ထိုရနံ့နှင့် ဝေးကွာခဲ့သည်မှာ ကျမအထင် နှစ်ဝက်စွန်းစွန်း ရှိနေခဲ့ပြီ ..

သတိထားမိသည်က လွန်ခဲ့သော လတွေကထက် ကျမရဲ့ တမ်းတချိန်တွေ ကျဲပါးလာခဲ့သည် .. တိုက်ဆိုင်မှုနှင့် တချို့အချိန်များမှ လွဲ၍ ထို ရနံ့အကြောင်း ကျမ မေ့လာနိုင်ခဲ့ပြီ .. ဟုတ်သည် နောင်တွင် ယခုထက်ပို၍ ကျမ မေ့ရလိမ့်မည် .. နောက်နောင်များတွင် အလိုလိုနေရင်း ကျမ မေ့သွားလိမ့်မည် ..

တမ်းတရူးသွပ်စွာနှင့် စွဲလန်းဖူးပြီ .. ထို့အတူ ပျက်စီးခဲ့ဖူးပြီ .. ပြန်၍ အသစ်တခု ဖြစ်လာဦးမည် .. ကျမ ပြန်လည်၍ စွဲလန်းလိမ့်ဦးမည် ..

ever every စကားလုံးများ တွင်တွင်သုံးခြင်းကို ကျမ မုန်းသည် .. ထာဝရဆိုသော စကားကို ကျမ မယုံကြည်တော့ .. ထို ထာဝရသည်လည်း အချိန်အခါနှင့် စိတ်ခံစားမှုပေါ် လိုက်၍ ပြောင်းလဲတတ်သည် .. ကျမ လက်မခံချင်လည်း မရ .. ဒါသည် ပုံမှန်လည်ပတ်နေခြင်း ဖြစ်သည် .. ဒီအတွက် ဝမ်းနည်းစရာ မလိုသလို တွေ့ကြုံလာသမျှ လက်ခံတတ်ရုံသာ ..

လက်ခံတတ်ရမည် .. လက်လွှတ်တတ်ရမည် ..

လူတိုင်းအတွက် အချိန်ဆိုသော သမားကောင်း ရှိသည် .. ဝေဒနာမှန်သမျှ ထိုသမားကောင်းက ကုစားပေးလိမ့်မည် ..

နောက် ကျန်ရှိနေသော ဖြတ်သန်းရမည့် အချိန်များအတွက် မေ့သင့်သည်များကို မေ့ဖို့ ကြိုးစားရမည် .. တည်ဆောက်သင့်သည်များကို တည်ဆောက်ရမည် .. ပြုပြင်သင့်သည်များကို ပြုပြင်ရမည် ..

လောကကြီး ပုံမှန် လည်ပတ်နေသည် .. အံဝင်ခွင်ကျဖြစ်ဖို့ ကြိုးကို ကြိုးစားရလိမ့်ဦးမည် ..

Thursday, April 1, 2010

ဧပရယ် ဖူးလ်

ကျွန်တော် ဒီနေရာမှာ ရပ်စောင့်နေတုန်းပဲ ..

တချိန်တခါတုန်းကတော့ ဒီလိုနေ့ရက်မျိုးတွေမှာ ငိုသံစွက်တဲ့ ရယ်သံတွေနဲ့ ချိုမြိန် သာယာခဲ့ဘူးတယ် ..

x x x x x 

စိတ်ရှုပ်နေတဲ့ ဧည့်ကြိုကောင်တာက အမျိုးသမီးကိုလည်း အားနာလှပြီ .. သူမ မျက်နှာငယ်လေးနဲ့ နောက်တကြိမ် တောင်းတောင်းပန်ပန် ပြန်ရှာခိုင်းမိတော့ ..

"အမရယ် .. ကျမ ရှာတာလည်း ကုန်နေပါပြီ .. ဒီနာမည်နဲ့ ကား အက်ဆီးဒင့် လူနာ လုံးဝ မရှိပါဘူးရှင် .." ပြောပြောဆိုဆိုနဲ့ သူမကို လှည့်မကြည့်တော့ပဲ ထွက်သွားတော့တယ် ..

စိတ်ပျက် လက်ပျက်နဲ့ ရပ်ထားခဲ့တဲ့ ကားနားရောက်တော့ ..

"April fool" ပြိုင်တူ အော်လိုက်တဲ့ အသံကြောင့် သူမ လန့်သွားခဲ့တယ် .. ပြုံးဖြီးဖြီးနဲ့ သူတို့မျက်နှာတွေ မြင်လိုက်ရတဲ့အချိန်မှာ ကျမ ဒေါသတွေလည်း အထွဋ်အထိပ် ရောက်လို့ပေါ့ .. ကျမ အရူးလုပ်ခံလိုက်ရတယ်လေ .. တချိန်တည်းမှာပဲ ကျမ ရှက်စိတ်နဲ့ ဒေါသ စိတ် ပေါင်းပြီး မျက်ရည်တွေ စီးကျ လာခဲ့တယ် ..

ကျမ မျက်ရည်ကို မြင်တော့ ..

"ငယ် .. ငယ် .. မငိုပါနဲ့ကွာ .. ကိုယ်က စလိုက်တာပါ .. ပြီးတော့ ဟိုကောင်တွေ တရားခံ .."

ကျမ ကလေးတယောက်လိုပဲ ကားဘေးနား ငုတ်တုတ်ထိုင်ချလိုက်ပြီး အားရပါးရ ငိုချလိုက်တယ် .. ဟုတ်တယ်လေ .. ကိုယ့်ချစ်သူတယောက်လုံး ကားအက်စီးဒင့်ဖြစ်တယ်လို့ သိလိုက်ရတဲ့အချိန် မိန်းကလေးတယောက် အနေနဲ့ ဘယ်လောက်များ စိုးရိမ် ပူပန်သွားလိမ့်မလဲဆိုတာကို မတွေးမိလို့ ခုလို စလိုက်တာလား ..

"ငယ် .. ကိုယ်တောင်းပန်ပါတယ်ကွာ .. မငိုနဲ့တော့နော် .. ဒီလောက် ဖြစ်သွားမယ် မထင်လို့ စလိုက်မိတာပါ .. ကားပေါ်တက် .. ကိုယ်ပြန်လိုက်ပို့ပေးမယ်နော် .."

အပြန် လမ်းတလျှောက်လုံးလည်း သူက ချည်း စကားတွေ များလာခဲ့တယ် .. တောင်းပန်စကားလည်း အထပ်ထပ် ဆိုရင်းပေါ့ ..

x x x x x

ဒီလိုပါပဲ .. ကျမ ချစ်သူရ ကံကောင်းခဲ့လား ကံဆိုးခဲ့လား ကိုယ်တိုင် မဝေခွဲနိုင်ခဲ့ဘူး .. ကျမ ချစ်သူက ကျမပြုံးနေရင် ငိုစေသူ .. ကျမ ငိုနေရင်လည်း ပြုံးစေနိုင်သူ ..

အစ အနောက်သန်တဲ့ သူ့ကြောင့် ကျမ အမြဲတမ်း ငိုခဲ့ရတယ် .. ပြီးတော့ ပြောသေးတယ် .. ချော့ချင်လို့ ငိုတဲ့ထိ စတာတဲ့ ..

တခါကလည်း ကျမတို့ ချစ်သူသက်တမ်း ၂နှစ် ပြည့်မှာ သူ ချိန်းထားတဲ့ နေရာကို တော်တော်နဲ့ ရောက်မလာဘူး .. ရောက်လာတဲ့ အချိန်မှာ ..

"ငယ် .. ကိုယ်ငယ့်ကို ပြောစရာရှိတယ် .." သူ အမြဲတမ်း တခုခု ပြောစရာရှိတယ်လို့ ပြောလိုက်ရင်ကို ကျမ စိတ်ထဲမှာ စိုးရိမ် ပူပန်မှုတွေ ကြီးစိုးနေတတ်တယ် ..

"ကိုယ်ပြင်လို့ မရတဲ့ အမှားတခု လုပ်ခဲ့တယ် .. ငယ် ကိုယ့်ကို ခွင့်လွှတ်ပါ .." သူက ဒီလိုပါပဲ အမိန့်သံတွေနဲ့ ကျမဘ၀ကို ကြီးစိုးချင်တဲ့သူ ..

"ကိုယ်မိန်းကလေးတယောက်ကို လက်ထပ်ရတော့မယ် .." ဒီစကားသံဟာ ကျမအတွက် ဘယ်လောက်များ ရက်စက်ပါသလဲ ..

"ကိုယ့်ကို စကားတခွန်းလောက် ပြန်ပြောပါဦး .."
"ကိုက ဘာစကား ကြားချင်တာလဲ .. ငယ်က ကြည်ဖြူပါတယ် .. အဲဒီ မိန်းကလေးနဲ့ လက်ထပ်ပါလို့ ပြောစေချင်တာလား .." ငိုသံမစွက်အောင် ကြိုးစားပြောတဲ့ ကြားကကို မျက်ရည် လွယ်လွန်းတယ် ..

ကျမ မျက်ရည်ကို မြင်မှ .. မျက်နှာ ပြုံးထေ့ထေ့နဲ့ ..

"ဘာလို့ ငိုတာလဲ .. ကိုယ်လက်ထပ်မှာ ဘယ်သူလဲ သိလို့လား .. ကိုယ်က ချစ်လို့စတာ .. ကိုယ်လက်ထပ်ချင်တာ ငယ်ပေါ့ .." တဲ့လေ ..

ဘယ်လိုလဲ .. ကျမ ရူးသွားနိုင်လောက်တယ်နော် ..

ချစ်ခြင်းတွေကို ရူးသွပ်စွာ ခံစားတတ်တဲ့ ကျမနဲ့ အရာရာကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်တဲ့ သူ .. နှစ်ယောက်သား အရာရာမှာတော့ ထပ်တူမကျနိုင်ခဲ့တာပဲလေ ..

ကျမကို နောက်ထပ် မစပါနဲ့တော့ .. လို့ တောင်းတောင်း ပန်ပန်ပြောတိုင်းလဲ .. ကျမရဲ့ မျက်ရည်တွေကို သုတ်လို့ နောက် လုံးဝ မစတော့ဘူးနော် ဆိုတာနဲ့သာ အဆုံးသတ်လေ့ ရှိတာပါပဲ ..

x x x x x

"ငယ် .. ကိုယ်တောင်းပန်တယ်နော် .. စိတ်မဆိုးနဲ့တော့ .."
ကျမ အတွေးစတွေကို ဖြတ်လို့ သူ့ဘက်ကြည့်မိတော့ သူ့မျက်နှာက ပကတိ ကြည်စင်နေတာပါပဲ .. သူက အမြဲ ဒီလိုပဲလေ .. မျက်ဝန်းတွေကိုက သိပ် ရိုးသားလွန်းပါတယ် ..

"အရမ်း စိတ်ဆိုးသွားလား .."
"စိတ်ဆိုးတာ မဟုတ်ပါဘူး .. စိတ်ပူသွားတာပါ .. ဒါပေမယ့် ငယ် ဒါထက်ပို မခံစားနိုင်တော့ဘူး .. ကိုယ့်ချစ်သူတယောက်လုံး မတော်တဆဖြစ်ပြီး ဆေးရုံရောက်နေပါတယ်ဆိုတဲ့ သတင်းက ဘယ်လောက်ထိ ဆိုးရွားတဲ့ ပူပန်မှုလည်း ဆိုတာကို မစဉ်းစားမိဘူးလား .. ကိုယ်ချင်း မစာမိဘူးလား .. ငယ့် ဒီလိုပုံစံကို မြင်တော့ ၀မ်းသာသွားလားဟင် .." ကျမ နာနာကျည်းကျည်း ဆိုမိတယ် ..

"ဟာ .. ဒီလို မဟုတ်ပါဘူး .. ကိုယ်မရည်ရွယ်ပါဘူး .. သူငယ်ချင်းတွေကလည်း ငယ်က ကိုယ့်ကို သိပ်ချစ်မှန်းသိတော့ .."
"အင်း .. သူငယ်ချင်းတွေ ကြားထဲမှာ ဟာသတခုပေါ့နော် .."
"ဟာ .. ဒီလိုမဟုတ်ပါဘူး .. အထင်မလွဲပါနဲ့ကွာ .. ကိုယ်တကယ် တောင်းပန်ပါတယ် .. ကိုယ့်ကို ခွင့်လွှတ်ပါကွာ .. နောက် ဘယ်တော့မှ ငယ့်ကို စိတ် မပူစေရတော့ဘူးနော် .. ကိုယ်တကယ် ကတိပေးတယ် .."

"ဟင့်အင်း .. ငယ် ယုံလို့ မရဘူး .. ဒီလိုပဲ ထပ် ထပ်ပြီး စိတ်ဆင်းရဲ စိတ်ဒုက္ခရောက်နေရဦးမှာပဲဆိုတာ သိတယ် .."
"ကိုယ်ဘယ်လို တောင်းပန်ရမလဲကွာ .. အဲလိုကြီးတော့ မပြောပါနဲ့ .. ကိုယ့်ကို ခွင့် မလွှတ်နိုင်ဘူးလား .. ကိုယ်နောက်တခါ ခုလိုမျိုး ထပ်လုပ်တယ်ဆိုရင်လေ ကားတကယ်တိုက်ပါစေကွာ .."
ကျမ အလန့်တကြားနဲ့ ..
"အို .. ဘာတွေ လျှောက်ပြောနေတာလဲ .. နမိတ်မရှိ နမာမရှိနဲ့ .."
"ဟုတ်တယ်လေ .. ငယ်ကမှ ခွင့်မလွှတ်တာ .. နောက်တခါ ခုလိုအဖြစ်မျိုး ထပ်လုပ်မိရင် .."
"တော်တော့ ဆို .. မပြောနဲ့တော့ .. တကယ်လို့ ကိုသာ ခုလိုမျိုး ငယ့်ကို ထပ်ပြီးတော့ စိတ်ဆင်းရဲအောင် လုပ်ရင် .. ကို ကားမတိုက်နဲ့ ငယ့်ကိုပဲ ကားတိုက်ပါစေ .."
"ဟာ .. ပေါက်တတ်ကရ .. ငယ် လျှောက် မပြောနဲ့ကွာ .."
"အင်းပါ ထပ်မပြောတော့ဘူး .. အဲဒါ အတည်ပဲ .. ကို သာ နောက်တခါ ခုလို အဖြစ်မျိုး ထပ်မဖြစ်စေနဲ့ပေါ့ .. နော် .. ငယ် ခုနက ဘယ်လောက်တောင် စိုးရိမ်နေတယ် မှတ်လဲ ကိုရဲ့ .."

x x x x x

၂၀၁၀ ဧပြီလ ၁ရက်

မနက် မိုးလင်းလင်းချင်း သူမ စိတ်တွေ လေးလံနေခဲ့တယ် .. ဒီချိန်မှာပဲ တယ်လီဖုန်းသံ မြည်လာခဲ့တယ် ..

x x x x x

သူမ ဆေးရုံမှာ လူတွေကို လိုက်စကားပြောပေမယ့် ဘယ်သူတယောက်ကမှ ပြန်အဖြေမပေးခဲ့ဘူး .. သူမ မောနေပါပြီ .. စိတ်တွေရော ရင်တွေရော ပူလှပြီ .. ကျမ ချစ်သူနာမည်ကို ရှာပေးကြပါ ..

x x x x x

ကျွန်တော် ဒီနေရာလေးမှာ စောင့်နေပါတယ် .. ကျွန်တော့် ချစ်သူ စိတ်ပူပန်စွာနဲ့ ပြေးလာမယ့် အချိန်ကိုပေါ့ .. ဒီတခါတော့ သူမကို အကြာကြီး စိတ်ပူအောင် မလုပ်တော့ပါဘူး .. သူမကို မြင်တာနဲ့ ကျွန်တော် ချက်ချင်း ခေါ်မှာပါ .. ဒါပေမယ့် သူမ ခုထိ ရောက်မလာသေးဘူး ..

သူမကို ကျွန်တော် စောင့်နေပါ့မယ် .. သူမ မလာမချင်းပေါ့ ..

ဝန်ခံချက် .. ဧပရယ်ဖူး နေ့အတွက် ၀တ္တုတို တပုဒ်လောက် တင်ချင်တာပါ .. ရေးပြီး သိပ်မကြိုက်ဘူး .. ဖတ်ပြီး မကောင်းရင် ခွင့်လွှတ်ပေးပါနော် .. :D

Thursday, March 25, 2010

ဒိုင်ယာရီ တအုပ်

ပျော်ရွှင်မှုတွေ ခြုံလွှမ်းဘူးတဲ့
ဒီ စာမျက်နှာတွေ
အလွမ်း တရွက်
အဆွေး တရွက်
တဖျတ်ဖျတ်နဲ့ လေအဟုန်မှာ လွင့်မျော
ဒါတွေက တကယ် အတိတ်တဲ့

အတိတ်ရဲ့ ပုံရိပ်တွေမှာ
မြက်ခင်းစိမ်းနဲ့ ထိုင်ခုံလေး နှစ်ခုပါတယ်
စမ်းချောင်းလေး ကွေ့ကွေ့ ကောက်ကောက်စီးတယ်
သာယာချိုမြိန်ဖွယ် ရယ်သံတချို့ စွက်တယ်
စာတိုက်ပုံးလေးလည်း မအိပ်ရဘူးတဲ့

ပြောင်းလဲခြင်း စာမျက်နှာအလယ်မှာ
ငိုသံတချို့နဲ့ မျက်ရည်စ တချို့အလည်လာတယ်
ဒေါသသံတွေနဲ့ တံခါးပိတ်သံ ကြမ်းကြမ်း တချို့
တချို့စာမျက်နှာတွေက အနားသတ်တွေ စုတ်ပြဲလို့

နောက်ဆုံးရဲ့ ရှေ့တရွက်မှာ
တည်ငြိမ်တဲ့ အပြုံးတ၀က် စူးစမ်းခြင်းတ၀က်
သံယောဇဉ် တစ နာကျင်ခြင်း တစ
နှမြောတသခြင်းတွေကို မာနတစုံနဲ့ ဖုံးတယ်

နောက်ဆုံးစာမျက်နှာကိုရောက်ပြီ
ဒါက ဒီစာအုပ်ရဲ့ အဆုံးသတ်
ဟန်ဆောင်ခြင်းကင်းကင်းနဲ့
အဖြူထည် သက်သက် ဖြစ်ဖို့
တစုံတခုမှ မရေးခြစ်မိအောင် ကြိုးစားမှ ထင်တယ်

စိတ်ကူးလေးပါ .. ဘ၀တခုက ဒိုင်ယာရီတအုပ်ဆိုရင် စာအုပ်ထဲက တမ်းတစရာတွေကို ရှာဖွေ တမ်းတပြီး ရေးလိုက်ပါတယ် ..း) တချို့အတွက်ကတော့ ဇာတ်လမ်းတပုဒ် ဒိုင်ယာရီ တအုပ်လည်း ဖြစ်နိုင်ပါသေးတယ် .. ကိုယ်တိုင် စာအုပ်ရဲ့ နောက်ဆုံးစာရွက်ကို ရေးရတော့မယ့်အချိန် ရောက်လာခဲ့ရင် ... "The End" ဆိုပြီးတော့သာ ပိတ်လိုက်ပါတော့မယ် .. :D

Thursday, February 11, 2010

ဆုံးရှုံးခြင်း မှတ်တမ်း

မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်တဲ့ ထောင့်က ရိုက်ချက်တခုကြောင့် ယိုင်လဲသွားရမတဲ့လား ..

ရုတ်တရက် ကြားလိုက်ရတဲ့ စကားလေးတခွန်းကြောင့် သူမ မိုက်ခနဲ တချက် ဖြစ်သွားရတယ် .. "ကို့ကို သူမဆီ ပြန်သွားခွင့်ပေးပါ" တဲ့လား ..

ကျမက သူ့အပေါ် လွမ်းဆွတ်နေတဲ့ အချိန်မှာ သူကတော့ ကျမမဟုတ်တဲ့ တခြားတယောက်ကို သတိရ တမ်းတနေပါတယ်တဲ့ .. ကျမရဲ့ စိတ်ကူး အိပ်မက်တွေမှာ သူနဲ့ နှစ်ကိုယ်တူဘ၀ဆိုတာကို တွေးတောနေချိန်မှာ သူကတော့ မတည်ဆောက်လိုက်ရတဲ့ အိပ်မက်ဟောင်းတခုကို ပုံဖော်လွမ်းဆွတ်နေခဲ့တယ်ပေါ့ .. ကျမရဲ့ အတွေးမှာ သူနဲ့ နီးဖို့ ကြိုးစားရင်း နီးစပ်ခွင့်ရတော့မယ်လို့ ပျော်ရွှင်နေမိချိန်မှာ သူကတော့ ဝေးကွာသွားခဲ့တဲ့ မျှော်လင့်ချက်တစုံတခုကို ရင်ဝယ်ပိုက်လို့ အပြေးအလွှား လိုက်လံ ဖမ်းဆုတ်နေခဲ့တာပဲ ..

မတရားခဲ့ဘူး ..

ဆုံတွေ့ခဲ့တဲ့
ကံတရားတွေကစလို့
သူမကိုယ်တိုင်က ညံ့နေခဲ့တာပါ ..

နူးညံ့တဲ့ အပြုံးတခုကို ပိုင်ဆိုင်တဲ့ သူ့ကို စတွေ့တွေ့ချင်း ရင်ခုန်ခဲ့တဲ့ ကျမ အစတည်းက ရှုံးနိမ့်ခဲ့တာပါ .. ပိုဆိုးတာက သူ့အပြုံးကို ပိုင်ဆိုင်သူက ရှိနှင့်နေခဲ့ပြီ .. ဒါထက်ပိုဆိုးတာက ပိုင်ရှင်က ကျမ သူငယ်ချင်းတဲ့လေ ..

ရင်နာစရာပါပဲ
ဒဏ်ရာကို လူမသိ သူမသိကုစား
ကူကယ်ရာလည်း မရှိခဲ့ဘူး

ရေးလက်စ ဒိုင်ယာရီကို အဆုံးမသတ်ခင် မဟုတ်လည်း အဆုံးသတ်ပြီးတာနဲ့ မြင်ယောင်နေတဲ့ အပြုံးတခုကို အပြီးအပိုင် စွန့်လွှတ်လိုက်တော့မယ်ဆိုတဲ့ ခံစားချက်တခုနဲ့တင် သူမ ရင်တွေ နာကျင်နေတတ်ပြီလေ .. ဖြစ်သင့်တဲ့အရာတခုမို့ သူမ အဆုံးသတ်ဖြစ်အောင် ကြိုးစားရမယ် .. ကံတရားကိုသာ အပြစ်တင်လိုက်ပါ ..

လူမသိ သူမသိကျတဲ့
မျက်ရည်တွေအတွက်
ကိုယ်တိုင်လည်း အရှက်သည်းခဲ့ပြီ
ပိုင်ဆိုင်ခွင့်ရဖို့ မကြိုးစားပေမယ့်
လိုချင်စိတ်ရှိခဲ့တာ လူဆိုတဲ့ အတ္တကြောင့်ပါ ..

စိတ်ချပါ .. ကျမကလေ သူ့အပြုံးကို မြင်ယုံနဲ့ ကျေနပ်နေခဲ့တာတဲ့ .. တခါတလေတော့လည်း ပိုင်ဆိုင်ချင်မိတာပေါ့ကွယ် ..

မငိုပါနဲ့
တားခွင့်မရှိပေမယ့်
နှစ်သိမ့်ပေးခွင့်တော့ ရှိလိမ့်မယ် ..

ကျမ ကြိုးစားနှစ်သိမ့်ပေးမှာပေါ့ .. သူသာ လိုအပ်မယ်ဆိုရင်လေ .. သူ့မျက်ရည်တွေအတွက် စိတ်မကောင်းပေမယ့် ကျမစိတ်တွေ မဖြူစင်နေခဲ့ဘူး ..

အပြုံးတွေ ပြန်မြင်ခွင့်ရပေမယ့်
သူ့မျက်ဝန်းတွေ စိုလဲ့နေခဲ့တယ်
မသိချင်ယောင်ဆောင်နေခွင့်ပေးပါ ..

ခပ်ပြုံးပြုံးနေတတ်တဲ့ သူ့နှုတ်ခမ်းတွေ ကိုပဲ သတိထားမိတော့ သူ့မျက်ဝန်းက ၀မ်းနည်းမှုကို သတိမထားမိဘူး .. တမင် မသိချင်ယောင်ဆောင်တယ်လည်း ပြောနိုင်ပါတယ် .. ဒီလိုလည်း ကျမက အတ္တကို ရှေ့တန်းတင်တတ်ခဲ့တယ်လေ ..

အဖြေတခုက ရှေ့မှာ လှောင်ပြောင်လို့
အချိန်တချို့ကလည်း နောက်ကြောင်းပြန်လှည့်လို့
ငါကလည်း အရှုံးတွေ တပွေ့တပိုက်နဲ့ ..

ပြင်ဆင်ခွင့်ကို တောင်းဆိုခွင့်မရှိသူတယောက် အတွက် ပေးလာတဲ့ အရှုံးကိုပဲ တသက်စာ ..

Sunday, November 1, 2009

မဆုံးမယ့် အတွေးများ

တနေ့ တနေ့ ပတ်ဝန်းကျင်ကို သတိမထားမိပဲ နေ့စဉ် ဖြတ်သန်းနေမိတာ ဘယ်လောက်ကြာနေပြီ မသိ .. ထိုနေ့ကတော့ လမ်းပေါ်က သစ်ပင် ပန်းမန်တွေကို ဂရုတစိုက် ကြည့်မိတော့ လောက ကြီးက လှနေသားပဲ .. လမ်းဘေး တနေရာက ပန်းပင်တွေ ရောင်းတဲ့ ဆိုင်မှာလဲ ပန်းပေါင်စုံ အရောင်ပေါင်းစုံနဲ့ သက်ဝင် လှပ နေပါရော .. နေ၀င်ခါနီးအချိန်မှာ ၀င်ခါနီး နေရောင်က အရာရာကို တောက်ပမှုတွေနဲ့ ပိုမိုလှပစေတတ်ပါသလား .. အင်း .. ခု မြင်မြင်နေသမျှကတော့ သက်ဝင်လှပနေပါတယ် ..

လမ်းမ၀ဲယာကို ကြည့်မိတော့လည်း လူတွေ ပုံမှန်လုပ်ငန်းအနေနဲ့ လှုပ်ရှားသွားလာနေကြတယ် .. သူတို့ရော ကိုယ့်လိုမျိုး လှပနေတဲ့ ပတ်ဝန်းကျင်ကို ဂရုပြုမိကြရဲ့လား .. ဂရုပြုမိကြဖို့ရော သတိမှ ရကြရဲ့လား .. ပြောမဲ့သာ ပြောရတာ .. ကိုယ်တိုင်တောင် ခုတခါပဲ လောကကြီးက လှနေသားလို့ တွေးမိတတ်သေးတာလေ ..

ဒီက လူတွေရဲ့ တရားသေ လှုပ်ရှားမှုမျိုးကို ခံစားလို့ မရခဲ့တာ ကြာလှပြီ .. နွေးထွေးမှု မရှိ .. ပြောင်းလဲမှု မရှိ .. မျက်နှာသေ မျက်လုံးသေတွေနဲ့ .. အသက်ရှုနေလို့သာပေါ့ ..

လောကကြီးက လှနေပါတယ်လို့ သတိပြုမိတုန်းလေး တနေရာရာကို သွားပြီး အေးအေးဆေးဆေး ထိုင်နိုင်ရင်ကောင်းမှာပဲ .. မထိုင်ဖို့လည်း ဘယ်သူမှ မပြောပါဘူး .. ကိုယ့်ဟာကိုယ် မသွားဖြစ်သေးတာ .. တနေရာရာတော့ သွားဦးမှ .. သွားမယ့် နေရာလေးမှာ ရေတော့ ရှိစေချင်တယ် .. တိုက်တာတွေက မြင်ကွင်းတွေကို ကွယ်နေတဲ့ နေရာမျိုး မဖြစ်ရဘူး .. သစ်ပင်စိမ်းစိမ်းတွေ ကြားမှာ ပန်းပွင့်လေးတွေ ရှိနေမယ်ဆို မြင်ကွင်းက ပြည့်စုံနေမှာပဲ .. ဘေးနားမှာလား .. အင်း .. ဘယ်သူမှ မရှိလည်းပဲ ရပါတယ် ..

ဗီဗိုးက သဘောင်္တွေဆီ သွားရ ကောင်းမလားပဲ .. တနေရာရာမှာ ငြိမ်ငြိမ်လေး ထိုင်နေချင်တယ် .. တိတ်တိတ်ဆိတ်ဆိတ် နေရာလေး တခုလောက် .. ငှက်သံလေးတွေ ရှိမယ် .. သစ်ရွက် လေတိုးသံလေးတွေ ရှိမယ် .. ကားသံတွေတော့ ဝေးနေစေချင်တယ် .. လူသံတွေလည်း တိတ်နေစေချင်တယ် .. ငြိမ်ငြိမ်လေး နေနေပြီး အတွေးတွေလည်း မရှုပ်ထွေးလာစေမယ့်နေရာ .. ဘာကိုမှ မစဉ်းစား မတွေးတော မခံစားပဲ ကိုယ့်အသက်ရှူသံကိုတောင် သတိထားမိနေစေမယ့်နေရာ .. အသက် ရှိနေပြီး လှုပ်ရှားနေလို့သာ ကိုယ့်ကို အသက်ရှူနေတယ်လို့ ထင်နေရတာ .. တကယ်တော့ သတိထားပြီးမှ အသက်ရှူဖြစ်မယ်ဆို အသက်ရှူရပ်သွားတာ ကြာရောပေါ့ ..

ကိုယ် ဘာကို နှစ်သက်တာလဲ .. ကိုယ် ဘာဖြစ်ချင်နေတာလဲ .. အမြဲတမ်း တစွဲတလန်း မဖြစ်တတ်တာ တခါတခါတော့လည်း စဉ်းစားရ ကျပ်သား .. ၀ါသနာတခု စွဲစွဲလန်းလန်းရှိနေရင် တစိုက်မတ်မတ် လုပ်ဖြစ်မယ် .. အခုတော့ ဘာလုပ်ရ ကောင်းမလဲ စဉ်းစားနေရတဲ့ အဖြစ် .. ခုလည်း ရေရေရာရာ အဖြေတခု ကိုယ့်ခေါင်းထဲက ထွက်မလာဘူး ..

အဖြူထည်
အရောင်တွေ ကင်းတယ်
ရှင်းသန့်မှုရဲ့ အဓိပ္ပါယ်
စွန်းထင်းရင်တော့
အများထက်ပို သိသာစေမယ်
အထူး ဂရုပြုရမယ့်
အဖြူထည်

အကျီဖြူလေးဝတ်ထားတဲ့ ကလေး ဖြူဖြူလေးတယောက်ကို တွေ့လိုက်တယ် .. ကလေးတွေက အရောင်တွေ ကင်းတယ် .. သူတို့ ချစ်တဲ့သူနဲ့ဆို သူတို့ ပြုံးပျော်ရွှင်နေတတ်တယ် .. မချစ် မနှစ်သက်သူတယောက်က ကောက်ပွေ့လိုက်မယ်ဆို သူတို့ ငိုခြင်းနဲ့ မကျေနပ်မှုကို ပြသတယ် .. သူတို့မှာတော့ လွတ်လပ်စွာနဲ့ မကျေနပ်မှုကို ပြသခွင့် ရှိတယ် .. အိုး .. အသက်ကြီးလာတာနဲ့ အမျှ ကိုယ် ပိုင်ဆိုင် ရယူနိုင်တာတွေ များလာသလို ဆုံးရှုံးလိုက်ရတာတွေလည်း အားကြီးပါလား ..

အမှောင်ထု ကြီးစိုးနေတဲ့ လမ်းမကြီးကို အဖြတ်မှာ သတိထားမိတာက အဲဒီနေ့က လပြည့်ည .. လမင်းကြီးက လုံးလုံး ၀ိုင်းဝိုင်းကြီး အပြည့်အ၀ သာနေတယ်လေ .. ကောင်းကင်ကြီးကို မကြည့်မိတာလည်း ကြာပေါ့ .. ရန်ကုန်မှာဆိုရင်တော့ မီးပျက်တိုင်း ၀ရန်တာထွက်ဖြစ်တာနဲ့ ရှာမိတာက ခွန်ဆန်လောနဲ့ နန်းဦးပျင်တို့ ကြယ်မောင်နှံ .. မှတ်မှတ်ရရကို ရှာဖြစ်တယ် .. ညလယ်ခေါင် တရေးနိုး ၀ရန်တာ ထွက်ဖြစ်တိုင်းလည်း ရှာမိတယ် .. တွေ့လိုက်တိုင်းလည်း သူတို့အတွက် စိတ်မကောင်းဖြစ်ရတယ် .. အထက်တန်းတုန်းက သင်ရတဲ့ ပုံပြင်လေးထဲက ခွန်ဆန်လောရဲ့ အမေကြီးကိုလည်း မုန်းလိုက်တာ .. ခု ဒီမှာတော့ ကြယ်ရှာဖို့ မပြောနဲ့ လမင်းကိုတောင် သတိမထားမိတာ ကြာနေပြန်ပေါ့ ..

ခု သတိရလို့ အိမ်ပြင်ထွက်ကြည့်ရင်တော့ ရသားလေ .. ဒါပေမယ့် မီးမပျက်တော့ ကွန်ပျူတာရှေ့မှာပဲ အချိန်တွေ ကုန်မှန်းမသိ ကုန်နေတယ် .. ခုတောင် ညက တော်တော် နက်နေပေါ့ .. တော်ပါပြီ .. အတွေးတွေ ဒီမှာပဲ ခဏဆုံးလိုက်တော့မယ် ..

Saturday, October 24, 2009

ရင်ခွင်ပိုက် အမှိုက်

ပိုင်ဆိုင်ခြင်း စကားစုကို နားမလည်ဘူးရင် ဘယ်အရာမှလည်း ပိုင်ရလောက်အောင် ကြိုးစားမိမယ် မဟုတ်ဘူး ..

ခုတော့လေ ငါ ပိုင်ဆိုင်ဘူးတယ် .. ဒါ သေချာပါတယ် .. ဒါပေမယ့် ငါ့မှာ သက်သေဆိုလို့ ပြစရာ ပုံရိပ်တခုတောင် မရှိခဲ့ဘူး ..

စိုင်းစိုင်း သီချင်းမှာတော့ အဲဒီနေ့က မိုးမရွာဘူးတဲ့ .. ငါတို့နှစ်ယောက် နေ့ရက်တွေမှာတော့ မိုးရွာတဲ့ ရက်တွေရော နေပူတဲ့ ရက်တွေ အပြင် မြူဆိုင်းတဲ့ အချိန်တွေပါ ရှိခဲ့ဘူးတာပဲ ..

အချိန်ကာလဆိုတာ နေဒဏ် လေဒဏ်ကြောင့် လုံးပါး ပါးတတ်သလား .. နှစ်တွေစားရင် အရာရာကို မေ့ပျောက်နိုင်မယ်တဲ့လား .. ဟုတ်မဟုတ်တော့ မသိဘူး .. တော်တော်များများပြောတာ ငါကြားဖူးတယ် .. သေချာတာ ငါ့အတွက်တော့ မဟုတ်ခဲ့ဘူး ..

သေသောသူ ကြာရင်မေ့တဲ့ .. ဟုတ်တယ် .. နင် သေသွားပြီ .. ငါ့အတွေးထဲမှာ .. ငါကိုယ်တိုင် သတ်ပစ်ခဲ့တယ်လေ .. ဒါပေမယ့် ငါ မမေ့သေးဘူး .. နာကျင်စွာနဲ့ သတိတရ ရှိတုန်း .. ဒဏ်ရာတော့ ငါ့ကိုယ်မှာ မရှိခဲ့ဘူး .. စိတ်ရဲ့ အနက်ရှိုင်းဆုံးမှာ ..


ပျောက်သောသူ ရှာလျှင်တွေ့တဲ့ .. ငါသာ လိုက်ရှာမယ်ဆို တွေ့ခွင့် ရှိဦးမလား .. ငါ တကယ်ပဲ ပြန်တွေ့ချင်နေလား .. တကယ်တမ်း ပြန်တွေ့တော့ရော အခြေအနေတွေက ဘယ်လို ပြောင်းလဲနိုင်ဦးမှာတဲ့လဲ .. အင်း .. မထူးပါဘူး .. ငါ နေသားကျဖို့ ကြိုးစားကြည့်ဦးမယ် .. ထူးဆန်းတာ တခုကတော့ နင်နဲ့ ခပ်ဆင်ဆင်တူတဲ့လူ တဦးတယောက်များ မြင်လိုက်မိရင် ငါ့ ကမ္ဘာကြီး ချာချာလည်သွားတယ် ..

ခုလေးပဲ .. ငါ ခေါင်းငုံ လမ်းလျှောက်နေတုန်း ရှေ့က လူတယောက် ဖြတ်လျှောက်သွားတယ် .. ကတ္တီပါ ဖိနပ် သျှားရောင်လေး .. ငါ မော့ကြည့်မိတော့မလို့ .. နထင်က သွေးတိုးတဲ့အသံ တဒုတ်ဒုတ် ငါကြားနေရတယ် .. ငါဟာလေ မဖြစ်နိုင်မှန်း သိနေရက်နဲ့ မိုက်မဲနေသေးသူ တယောက် ..

ငါဟာလေ အမှတ်မရှိတဲ့သူ .. နင်နဲ့ ပတ်သက်ရင် အိနြေ္ဒပျက်လောက်အောင် ငါစိတ်တွေ ထွေပြားတယ် ..

နှစ်တွေလဲ ကြာခဲ့ပြီ .. မေ့မယ်ဆို လုံလောက်နေပါပြီ .. ဒါပေမယ့် ငါ ဆိုးသွမ်းစွာနဲ့ မေ့ဖို့ကို နှမြောတသနေတယ် .. ငါပိုင်ဆိုင်တာ ကျန်ခဲ့တဲ့ အတိတ်လေး တခုသာပဲလေ .. ဒါကြောင့်လဲ ငါ့ကို မိုက်မဲလိုက်တာ လို့တော့ မဆိုလောက်ပါဘူး ..

ငါ့ကို မရီပါနဲ့ .. မလှောင်ပါနဲ့ .. မိုက်လိုက်တာလို့ မပြောပါနဲ့ .. နှစ်သိမ့်စကားလည်း ပြောစရာ မလိုပါဘူး .. မသိချင်ယောင်လေးသာ ဆောင်သွားပေးပါ ..

Thursday, May 21, 2009

ဂယက်

တယောက်တည်း
တိတ်ဆိတ်လွန်းတယ်
ကိုယ့်ရင်ခုန်သံကို
ကိုယ်ပြန်လန့်နေတဲ့အဖြစ်မျိုး

ငါရင်မခုန်ပါရစေနဲ့
တည်ငြိမ်နေတဲ့ကန်ပြင်ကို
ငေးကြည့်ရတာကို ကြိုက်တယ်
သူ့ဟာသူ ငြိမ်သက်နေပါစေလား

ခဲလုံးလေး ပြုတ်ကျသွားချိန်
ကန်ရေပြင်က
တခဏသာ လှုပ်ရှားသွားတတ်ပေမယ့်
ငါ့ရင်ထဲက ဂယက်ကတော့
အခါအခွင့်သင့်တိုင်း
ဆူပွက် လှုပ်ရှားနေဦးမယ်

ခွင့်လွှတ်ပေးပါ
မဟုတ်ရင်လည်း
အပြစ်တခုပေးပါ
ဒီလိုသာဆို
တနည်းနည်းနဲ့
သက်သာသွားနိုင်လောက်ပါရဲ့

ရင်ထဲမှာ ရှိနေခဲ့ဘူးတဲ့
အချစ်စိတ်
ပြောင်းလဲသွားခဲ့တဲ့
အမုန်းစိတ်
တမ်းတနေမိတုန်းဖြစ်တဲ့
ငါမသိတဲ့စိတ်

ကိုယ်တိုင်လည်း
တည်ငြိမ်နိုင်ဖို့ကြိုးစားနေဆဲ
ကန်ရေပြင်ကြီး ငြိမ်သက်နေပါစေလေ ..

မှတ်ချက် ။ သူငယ်ချင်းတယောက်တင်ထားတဲ့ MESSAGE ကိုဖတ်ပြီး ရေးဖြစ်သွားတာပါ .. သူ့ခံစားချက်ကိုလည်း သိနေတော့ ၀င်ရောက်ခံစားတယ်ပေါ့ ..း) လူတိုင်းနောင်တတွေ ကင်းဝေးပါစေ ..



Sunday, May 3, 2009

ကြယ်လေး

ကြယ်လေးရေ
ငေးမောရင်း လိုချင်လာတယ်
ဝေးကွာလွန်းတယ်
မိုင်ပေါင်းများစွာ
မင်းက မိုးထက်မှာ
ကြွေကျလာမလား
မျှော်လင့်မိတယ်
တကယ်များ ကြွေကျသွားမလား
စိုးထိတ်မိတယ်
ကိုယ့်စိတ်က ဒွိဟနဲ့
လိုချင်တယ်
ပိုင်ချင်တယ်
ဒါပေမယ့်
ကြယ်လေး နာကျင်မှာစိုးမိတယ်
စွန့်လွှတ်လိုက်ရမလား
စွန့်လွှတ်နိုင်သလား
တယောက်ကပိုင်ဆိုင်ပြီး
တယောက်ကဆုံးရှုံးရမယ်ဆို
ဘယ်တရားပါ့မလဲနော်
ဒီတော့
ကောင်းကင်ပေါ်က
ကြယ်လေးကို
မြင်ရယုံနဲ့
ကျေနပ်လိုက်တယ်

မိုးမိုးရဲ့ ကြယ်သီချင်း နားထောင်ရင်း ဒီစာလေးကို ရေးလိုက်မိပါတယ် .. တကယ်တော့ သီချင်းစာသားနဲ့ ဒီကဗျာ သိပ်တော့မဆိုင်ပါဘူး.. (ကြို ကန်ထားတာ :D) နားထောင်ကြည့်ချင်ရင် ဒီမှာ ပါ



Tuesday, April 21, 2009

ထာဝရချစ်သူ (၂)

ထာဝရချစ်သူ (၁)

ကျမမျက်လုံးတွေေ၀၀ါးစွာနဲ့ မငိုဘူးထိန်းထားတဲ့ကြားက မျက်ရည်ပေါက်တွေ ပါးပြင်ပေါ်လိမ့်ဆင်းသွားတယ် .. မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်တယ် .. မပျော့ညံ့စမ်းနဲ့ မိယွန်း ..

"ယွန်း ရန်ကုန်ပြန်ရောက်နေပြီလား .. မောင် ယွန်းကို အရမ်းသတိရနေတာ .. ယွန်းမောင့်ဆီဖုန်းဆက်တော့ မောင်ဝမ်းသာလိုက်တာ .." သြော် .. အရမ်းသတိရနေလို့ ၁နှစ်လောက် အသံမကြားလူမမြင်နေတာပေါ့နော် ..

"ယွန်း .. မောင်ယွန်းနဲ့တွေ့ချင်တယ် .. ယွန်းလာနိုင်မလားဟင် .." ယွန်းကို ချည်နှောင်ချင်တုန်းလား မောင်ရယ် .. စကားလုံးတွေနဲ့ မချည်နှောင်ပါနဲ့တော့ .. နောက်တခါဆိုရင် ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး .. ယွန်းကို လွတ်လပ်ခွင့်ပေးပါတော့ ..

စိတ်ထဲက ငြင်းဆန်နေမိပေမယ့် တကယ်တန်း လက်တွေ့မှာတော့ မောင့်စကားတွေကိုတော့ ဥပက္ခာမပြုနိုင်ခဲ့ဘူး .. မောင့်စကားအခွန်းတိုင်းအပေါ် အလေးအနက်ထားပြီး တွေးပေးနေတတ်တုန်း .. မောင်နဲ့ ပတ်သက်တိုင်း ထိန်းချုပ်မှုမဲ့ခဲ့ရတာ မောင်နဲ့တွေ့ချိန်က စလို့ပေါ့ .. ကျမဘယ်တော့မှ မောင့်ပေါ်ထားတဲ့ခံစားချက်က ပြောင်းလဲသွားလိမ့်မှာ မဟုတ်ဘူးမောင် ..

"ယွန်း မောင်ပြောတာကြားရဲ့လား .. မောင့်ကိုစိတ်ဆိုးနေတုန်းလားဟင် .. မောင်ယွန်းကိုလာတွေ့ချင်တယ် .. သိပ်လွမ်းတာပဲ ယွန်းရယ် .." ယုံကြည်ရမှာလားမောင်ရယ် .. ကျမစိတ်ဓါတ်ကိုက ပျော့ညံ့လွန်းပါတယ် .. အနက်ရောင်ကို မြင်တွေ့နေပါရက်နဲ့ ဒါအဖြူပါလို့ မောင်ပြောနေရင်တောင် ကျမလိုက်ဖြူမိမလားပဲ .. အိုး ကျမ နုံအလိုက်လေခြင်း ..

"မောင် သိပ်နေနိုင်တာပဲနော် .." တုန်ရီနေတဲ့အသံကိုထိန်းရင် ပြောမိလိုက်တယ် ..
"ဒီလိုမဟုတ်ဘူး ယွန်း .. မောင် တွေ့ရင် အေးအေးဆေးဆေးရှင်းပြချင်တယ် .. မောင် ညနေ ယွန်းကိုလာတွေ့မယ်နော် .."
"အင်း .." ငြင်းဆန်မယ်စဉ်းစားရင်းက ခေါင်းညိမ့် လိုက်ရောမိပြန်တယ် .. ကိုယ့်ကိုယ်လည်း စိတ်ပျက်မိပါရဲ့ ..


။ ။ ။ ။ ။

သွေးသွေးကိုပြောပြမိတော့ အပြစ်တင်စကားတွေကြားရတယ် .. သွေးသွေးမေးတယ် .. "နင်သူ့ကို ယုံကြည်သလားတဲ့ .." ပြန်ဖြေဖို့အဖြေ ကျမမှာ မရှိခဲ့ဘူး .. နောက်ဆုံးတော့လည်း ကျမခေါင်းမာမှုကို သွေးသွေး အလျှော့ပေးခဲ့ရတယ် .. "စိတ်ကို သိပ်တော့နှစ်မထားနဲ့ မိရွှေယွန်း .. နင်မမှတ်သေးဘူးလားတဲ့ .." ကျမ ပြတ်သားချင်ပါတယ် .. ဒါပေမယ့် ..

။ ။ ။ ။ ။

ကားသံကြားလို့ မောင်လာပြီဆိုတာ သိလိုက်တယ် .. ကားပေါ်က ဆင်းလာတဲ့ မောင့်သွင်ပြင်က သိပ်ကိုလန်းဆန်းနေတယ် .. မောင်က အမြဲ ရွှင်လန်းတက်ကြွနေတတ်သူလေ ..

"ယွန်း .." မောင့်လေသံက ၁နှစ်နီးပါးခွဲခွာထားခဲ့တဲ့ ချစ်သူကို ခေါ်ပုံနဲ့မတူပဲ သိပ်နူးညံ့နေတယ် .. ကျမမျက်နှာကို စေ့စေ့ကြည့်လို့ မောင်က "ယွန်းကို သိပ်ချစ်တာပဲ .. ယွန်းကို သိပ်လွမ်းနေတာ .. ယွန်း မျက်နှာဘာလို့ ညှိုးနေတာလဲ .. မောင့်ကိုခုလိုတွေ့ရတာ မပျော်ဘူးလား .."
"သွေးသွေးက မောင့်ကို ကောင်မလေးနှစ်ယောက်နဲ့တွေ့တယ်ပြောတယ် .."
"ဟင် .. မဖြစ်နိုင်တာ .. မောင် ရန်ကုန်မှာ မရှိတာကြာပြီ ယွန်းရဲ့ .. ဒါကြောင့် ယွန်းနဲ့ အဆက်အသွယ် ပြတ်သွားတာ .. မောင့်အကိုဖြစ်ပါလိမ့်မယ် .. မောင့်မှာ ချစ်သူ ရည်းစားဆိုလို့ ယွန်းပဲရှိတာလေ .. ဒါကို ယွန်းသိသားပဲ .." ဟုတ်ပါတယ် .. မောင့်မှာ ချစ်သူဆိုလို့ ကျမတယောက်ပဲရှိတာ .. မောင်က လူရှုပ်လူပွေတယောက်မဟုတ်ဘူးဆိုတာတော့ ကျမယုံကြည်တယ် .. ကျမအပေါ်ထားတဲ့စိတ်က သာမန်သူငယ်ချင်း မိန်းကလေးတွေ ထက်ပိုတယ်ဆိုတာလည်း ကျမသိနေတယ် .. ဒါပေမယ့် အဲဒီမောင့်ခံစားချက်က ကျမအပေါ်ထားတဲ့အချစ်လားဆိုတာတော့ မသေချာခဲ့ဘူး .. ကျမစိုးရိမ်ပူပန်နေရတာလည်း အဲဒီအကြောင်းပဲ ..

တရက်တော့ မောင်ပြောလာတယ် ..
"ယွန်း ယွန်းကိုမောင် သိပ်ချစ်တာသိလား .."
"မောင့်ကို ယွန်းသိပ်ချစ်တာရော မောင်သိရဲ့လား .." မောင့်မေးခွန်းကို ပြန်မေးခွန်းထုတ်မိတော့
"သိတာပေါ့ .. ဒါကြောင့်လည်း ယွန်းကိုမောင်က ပိုပိုချစ်လာရတာ .." ကျမ သိပါတယ် .. မောင်ကျမကိုချစ်တာ ကျမက မောင့်ကိုသိပ်ချစ်နိုင်လွန်းလို့ဆိုတာ .. နာကျင်မိပေမယ့် ကျေနပ်လိုက်ပါတယ် ..

။ ။ ။ ။ ။
ခုတလော ကျမ အစာစားရင် သိပ်နင်တာပဲ .. လည်ပင်းက အစ်နေသလိုခံစားနေရတတ်တယ် .. ဆေးခန်း သွားမယ် သွားမယ်နဲ့ မသွားဖြစ်နိုင်သေးဘူး ..

ခုရက်ပိုင်း အလုပ်တွေသိပ်များတော့ အစားပျက်အသောက်ပျက် အလုပ်တွေ ပိနေမိတယ် .. လူကလည်း အားမရှိသလို ခံစားနေရပေမယ့် အလုပ်ကိုပဲ အာရုံကရောက်ပြီး ကိုယ့်ကိုယ်ဂရုမစိုက်နိုင်ခဲ့ဘူး .. တရက်တော့ ကျမဗိုက်ထဲက အရမ်းနာလာတယ် .. မဖြစ်တော့ဘူး .. ကျမ ဆေးခန်းသွားမှ ဖြစ်တော့မယ် ..

ညနေအလုပ်ကအပြန် မောင်လာကြိုရင်း တခါတည်းဆေးခန်းဝင်ပြဖြစ်တယ် .. ဆရာဝန်က စမ်းသပ်မှုတွေပြုလုပ်ပြီး အဖြေကိုမနက်ဖြန်လာယူဖို့ ချိန်းလိုက်တယ် ..

နောက်နေ့ ဆေးခန်းရောက်တော့ ..
"သြော် .. သမီး .. လာ .." ဒေါက်တာက စကားဆက်မပြောပဲ .. ကျမဆေးမှတ်တမ်းကို ကြည့်နေတယ် ..
"သမီး .. ဒေါက်တာတို့ ခုသံသယဖြစ်နေတာ .." ကျမ မျက်နှာကို ကြည့်ပြီး ဒေါက်တာက စကားကိုရပ်ထားလိုက်တယ် .. ကျမ ရင်တွေခုန်လှပြီ ..
"ဒေါက်တာ .. ဟို ခု ဘာတွေ့လို့လဲဟင် .."
ဒေါက်တာက ဂရုဏာသက်စွာကြည့်ရင်း ..
"သေချာအောင်ထပ်စစ်ဆေးသေးတာပေါ့သမီးရယ် .. ဆေးထိုးဆေးသောက်လုပ်ပြီး စောင့်ကြည့်သေးတာပေါ့ .. ခု ဆရာမတို့ ဆေးစစ်ချက်အရ သမီးမှာ အစာအိမ်ကင်ဆာဖြစ်နိုင်နေတယ် .. ကြိုးစားကြတာပေါ့ .. စိတ်ဓါတ်ကို လွှတ်မချလိုက်နဲ့နော် .. သမီး အခု အရမ်းလည်းအားနည်းနေတယ် .. အားရှိအောင် နေရမယ် .. ခုနည်းလမ်းတွေ ရှိလာနေပါပြီ .. နည်းမှန် လမ်းမှန်နဲ့ ကုသရင် .."
"တော်ပါတော့ ဒေါက်တာရယ် .." ကျမ စိတ်ဓါတ်တွေ ဟိုးအောက်ထိ ဆွဲချခံလိုက်ရသလိုပါပဲ .. ကျမအတွက် မျှော်လင့်ချက်ဆိုတာ ဘယ်နှစ်ရာနှုန်းလောက်များ ရှိမှာမို့လဲ .. ကျမ မျက်စိရှေ့တင် ကျမဦးလေးတယောက် အစာအိမ်ကင်ဆာရဲ့ ဝေဒနာတွေကို ခါးစည်း ခံစားသွားတာ ကျမမသိတာလိုက်လို့ .. ခုဆို ကျမက သေလူဖြစ်သွားပြီ .. ဘာလို့ ဒီလောက်ကံဆိုးရတာပါလိမ့် ..

။ ။ ။ ။ ။

ကျမ ကမ္ဘာမှာ အမှောင်တွေသာကြီးစိုးနေတယ် .. ကျမနိုးထလာတော့ တောအုပ်ကြီးတခုရှေ့မှာ .. သားရဲတိရစ္ဆာန်တွေရဲ့ အော်မြည်သံတွေကိုကြားနေရတယ် .. အနားမှာလည်း ဘယ်သူမှမရှိဘူး .. နောက်မှာတောအုပ်ကြီး တော့အုပ်ကြီးရှေ့မှာ ကျမတယောက်ထဲ .. ၀ံပုလွေတကောင် တောအုပ်ထဲက ထွက်လာတယ် .. ၀ံပုလွေအော်လိုက်သံက အားကိုးရာမဲ့နေတဲ့ကျမကို ပိုလို့ ကြောက်လန့်စေတယ် .. အတင်းကုန်းထပြီး ရှေ့တည့်တည့်ကို ပြေးထွက်လိုက်မိတယ် .. ကျမပြေးတာမြင်တော့ ၀ံပုလွေက ကျမနောက် ပြေးလိုက်လာတယ် .. ကျမလွတ်အောင်ပြေးမှဖြစ်မယ် .. ဘာလို့ ကျမတယောက်တည်းဖြစ်နေရတာလဲ .. ခုဘယ်ကိုရောက်နေတာလဲ ..

အိုး .. ရှေ့မှာ ချောက်ကြီး .. ချောက်ကြီးအောက်မှာ ရေစီးသံ ခပ်ကြမ်းကြမ်းကို ကြားနေရတယ် .. နောက်ကိုလှည့်ကြည့်လိုက်တော့ ဟို ၀ံပုလွေ .. ရှေ့မှာချောက် .. ကျမတယောက်တည်း အားကိုးရာမဲ့လိုက်တာ .. သရေတမြားမြားနဲ့ ၀ံပုလွေက ရှေ့ကိုတိုးလာတယ် .. ကျမဆုံးဖြတ်ချက်ချလိုက်ပြီး ချောက်ထဲခုန်ဆင်းလိုက်တယ် ..

မျက်နှာပေါ် ရေမှုန်ရေမွှားလေးတွေလာစင်တာကို ခံစားလိုက်ရတယ် .. အားယူပြီးမျက်လုံးဖွင့်ကြည့်တော့ မောင်က ပြူတင်းပေါက်တွေကို လိုက်ပိတ်နေတယ် .. မိုးရွာတာပေါ့ ..

မောင်ကျမကိုလှည့်ကြည့်ပြီး ပြုံးပြတယ် .. မောင့်အပြုံးက မပီပြင်ပြီ .. မျက်လုံးတွေ နီရဲနေတာကြည့်ခြင်းအားဖြင့် မောင်ငိုထားတယ် .. မောင်စိတ်ဆင်းရဲနေပြီထင်တယ် ..
"ယွန်း နိုးလာပြီလား .. ယွန်း သိပ်အားနည်းနေတယ် .. ဗိုက်ဆာပြီလားယွန်း .."
"မဆာပါဘူး မောင်ရယ် .. ယွန်းအနားမှာ နေပါလား .."
မောင် ကျမနားလာပြီး ကျမရဲ့ အားနည်းပိန်ချိနေတဲ့လက်လေးတွေကို လာဆုပ်ကိုင်တယ် ..
"မောင် .. ယွန်းမရှိတော့ရင် .."
"ယွန်း .. မောင်တောင်းပန်ပါတယ် .. အဲလိုစကားမျိုးမပြောပါနဲ့ .." ပြောရင်း မောင်မျက်ရည်ကျတယ် .. ကျမ စိတ်မကောင်းလိုက်တာ .. ဒီလိုဆိုတော့လည်း မောင်က ကျမအပေါ်ချစ်သားပဲလို့ ကျေနပ်လိုက်မိသေးတယ် ..
"မောင် ယွန်းကို သိပ်ချစ်တယ် .. မောင် ယွန်းအပေါ် မကောင်းခဲ့ဘူး .. မောင် ယွန်းအပေါ် အပြစ်လုပ်မိတယ် .. မောင့်အပြစ်တွေပါ .. ဒီအပြစ်တွေအတွက် ဒဏ်ခံရမယ်ဆိုရင်တောင် ဒီလိုနည်းနဲ့တော့ မခံပါရစေနဲ့ .. မောင့် ရင်တွေကွဲတော့မယ် ယွန်းရယ် .. ယွန်းနဲ့ မဝေးချင်ဘူး .. ယွန်းရဲ့ မျှော်လင့်ချက်တွေကို ဥပက္ခာပြုခဲ့ဘူးတယ် .. မောင်ဖျက်ဆီးခဲ့ဘူးတယ် .. အားလုံးက မောင့်အပြစ်တွေပါ .. ဒီဒဏ်တွေကို မောင်တယောက်ပဲခံချင်တယ် .. ဒီလိုအဖြစ်မျိုးနဲ့တော့ အပြစ်မပေးလိုက်ပါနဲ့ ယွန်းရယ် .."
"အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတာပဲမောင်ရယ် .. စိတ်ညစ်စရာတွေမပြောပါနဲ့တော့ .. မောင် ယွန်းကိုသိပ်ချစ်လား .. ဘယ်တုန်းက ချစ်သွားတာလဲ .."
"မောင် ယွန်းကို သိပ်ချစ်တယ် .. ဖြစ်နိုင်ရင် ယွန်းအစား မောင်ပဲခံလိုက်ချင်တယ် .. ယွန်းကို စချစ်ကတည်းက ချစ်ခဲ့တာ .. ယွန်းအပေါ် အနိုင်ယူလို့ရလို့ မောင် အနိုင်ယူခဲ့တယ် .. မောင်မတရားခဲ့ဘူးနော် ယွန်း .. ယွန်းကို ပြန်ဖြည့်ဆည်းပေးချင်တယ် .. ယွန်း မောင့်ကို ခွဲမသွားပါနဲ့နော် .."
"အင်းပါ မောင်ရယ် .. မောင့်ကို ခွဲမသွားပါဘူး .. မောင့်နားမှာ အမြဲတမ်းရှိနေမှာပါ .."

။ ။ ။ ။ ။

ကျမတကိုယ်လုံးပေါ့ပါးလို့ .. ၀ါဂွမ်းတစလို လွင့်မြောနေမိတယ် .. မောင်ရော .. မောင့်ကို ကျမ လိုက်ရှာမိတယ် .. မောင့်မျက်လုံးတွေ နီနေတယ် .. မောင်ငိုနေတယ် .. မငိုပါနဲ့မောင်ရယ် .. ကျမ မောင့်နားမှာ ရှိနေသားပဲ ..

ပြီးပါပြီ
PS/ နှစ်ပိုင်းခွဲချင်လို့မဟုတ်ပဲ ညက ဘယ်လိုမှမတတ်နိုင်တော့လို့ နှစ်ပိုင်းဖြစ်သွားတာပါ .. သည်းခံပါရှင် :D

Friday, April 17, 2009

ညီမလေးနဲ့ ပတ်သက်လို့

ကျမ ခုလတ်တလော မိုးမိုး(အင်းယား) ရဲ့ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးသွားတယ် .. ပြီးတော့ ဖြစ်လာတဲ့ခံစားချက်လေးတွေကို ရေးမိလိုက်တာပါ .. ဒီစာအုပ်ကို ယောကျာ်းလေးတွေအနေနဲ့တော့ ကြိုက်မယ် သိပ်မထင်ဘူး .. ကျမလည်း အစဖတ်စက သိပ်စိတ်မ၀င်စားမိဘူး .. ဒါပေမယ့် ဖတ်ရင်း ပြီအောင် ဖတ်ချင်လာတယ် .. ဘယ်လိုဖြစ်မလဲပေါ့ .. မိန်းကလေးတွေ ဖတ်သင့်တယ်လို့ထင်ပါတယ် .. ယောကျာ်းလေးတွေလည်း ဖတ်သင့်ပါတယ် .. သူတို့လည်း တနေ့ သမီးတယောက်ရဲ့ အဖေဖြစ်လာနိုင်တယ်လေ ..

ဇာတ်ကတော့ စုဆိုတဲ့မိန်ကလေးအကြောင်းပါပဲ .. ဒီစာအုပ်ကိုဖတ်ပြီး ကျမခံစားမိတာက - မိဘဆိုတာ သားသမီးအပေါ် တာဝန်အရှိဆုံးလူပဲ .. မိဘရယ်လို့ ဖြစ်လာပြီဆို ကိုယ့်သားသမီးကို ဆုံးမသွန်သင်ရမယ် .. ဆုံးမသွန်သင်ပုံကလည်း မှန်ကန်ရမယ် .. ငါပြောသလိုလုပ်ဆိုတဲ့ခေတ်ကလည်း ကုန်ခဲ့ပါပြီ .. အရာရာဝင်ရောက်စွက်ဖက်မယ့်အစား သူ့လုပ်ရပ် မှန်၏ မှား၏ကို ဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ်မျိုးရှိလာအောင် လေ့ကျင့်ပေးသင့်တယ် .. ကိုယ်က သူ့ဘေးနားတချိန်လုံးရှိနေနိုင်မှာမှမဟုတ်တာ .. ကိုယ့်မျက်ကွယ်ဆိုတာ ရှိလာမှာပဲ .. ကလေးက ကိုယ့်ရှေ့တင်လိမ္မာတာမျိုးမဖြစ်ရဘူး .. နောက်ကွယ်မှာလည်း ရှေ့တင်မှာလိုပဲ ဖြစ်ရမယ် .. ကလေးတယောက် ဘာလို့လိမ်လဲ .. မိဘမသိအောင်ဘာလို့လုပ်လဲ ..


ပွင့်ပွင့်လင်းလင်းပြောဆိုခွင့်မရှိတဲ့ကလေးတယောက် မိဘမသိအောင် သူလုပ်ချင်တာကို ကွယ်ရာမှာ လုပ်မိမှာပဲ .. မိဘမသိရင် သူအဆူခံရစရာ အရိုက်ခံရစရာမရှိတော့ဘူး .. မိဘအနေနဲ့လည်း ကလေးဘာလုပ်နေတယ်မသိတော့ မှား၏မှန်၏ ထောက်ပြနိုင်စွမ်းမရှိတော့ဘူး .. ဒီတော့ ကလေးအနေနဲ့လည်း မှန်ကန်တဲ့ အသိတရားနဲ့ ဝေးသွားနိုင်တယ် .. အဲဒီအတွက် ကလေးအနေနဲ့လည်း မှားမှန်းမသိ မှားမယ် .. မှားမှန်းသိတော့လည်း ပြင်ခွင့်မရှိပဲ နောက်ဆုတ်မရတော့ နစ်သထက် ဆက်နစ်မယ် .. မိဘအနေနဲ့ သိပြီဆိုတဲ့အချိန်မှာ ယူကြုံးမရနေရုံကလွဲလို့ မတတ်နိုင်တော့ဘူး .. ခုချိန်ထိတော့ ကျမစိတ်ထင် အပြစ်က လူကြီးမှာ ရှိနေတယ် .. ကလေးအပေါ် မှန်ကန်တဲ့ အသိတရားမှ ထည့်မပေးနိုင်ခဲ့ပဲ .. ခြွင်းချက်ကတော့ ညဉ်ပေါ့ .. ပြီးတော့ မိဘရဲ့ သားသမီးကံပေါ့ .. ညဉ်ပါလာပြီဆိုရင်တော့ ဘယ်လိုသွန်သင်သွန်သင် မရတဲ့ကလေးမျိုးလည်းမြင်ဘူးပါတယ် .. ဒါပေမယ့် ကလေး လိမ္မာတယ် ဆိုးတယ်ဆိုတာ မိဘအုပ်ထိန်းသူအပေါ်မှာ ၉၀ရာနှုန်းလောက် မူတည်ပါလိမ့်မယ် ..

နောက်တခုက မိန်းကလေးတယောက်ဟာ တချက်ဆို တချက်လေးမှ မှားလို့မဖြစ်ဘူး .. မှားခဲ့ပြီဆို ပြင်မလား .. ကိုယ်လုပ်ခဲ့တာ ပြင်လို့ရတဲ့အမှားလား .. ယောကျာ်းလေးတယောက်ကို ကိုယ့်ရှိသမျှပုံပြီးချစ်လိုက်တယ် .. ဒီလိုချစ်ဖို့ ထိုက်တန်သူဟုတ်ရဲ့လား .. ကိုယ်ကတော့ မိသားစုအသိုင်းအ၀ိုင်းအားလုံးကို ဆန့်ကျင်ပြီးသူ့ကိုချစ်လိုက်ရတာ .. ထိုက်တန်မှုဆိုလို့ ကိုယ့်တယောက်တည်းအပေါ်ကိုတောင် တာဝန်မကျေခဲ့ဘူး .. အင်း .. စုအစား တော်တော် စိတ်နာမိတယ် .. ဒါပေမယ့် အဆုံးသတ်ထိ စုက သူ့ချစ်သူကို ပြုပြင်နိုင်မယ် ယုံကြည်နေတုန်း .. လက်တွေ့မှာရော ..

ကိုယ်ယူချင်သလို ကိုယ်နဲ့ စိတ်ကူးတည့်ရာယူနိုင်ပါတယ် .. ကျမကတော့ ဖြစ်တတ်တဲ့သဘောလေးတွေဖြစ်လို့ ဖတ်ရတာ ကြိုက်မိတယ် .. မဖြစ်နိုင်တဲ့ကိစ္စမရှိဘူး .. မဖြစ်သင့်တာ မဖြစ်ရအောင် နမူနာယူစရာလေးတွေ ပါတယ်လို့ ထင်ပါတယ် .. ကျမကတော့ အဲလိုအဖြစ်မျိုး ကြုံတွေ့ရမှာ ကြောက်မိတာ အမှန်ပါပဲ ..

မဖတ်ရသေးလို့ ဖြစ်ဖြစ် .. ပြန်နွေးချင်လို့ဖြစ်ဖြစ် ယူချင်ရင် ဒီမှာ ယူနိုင်ပါတယ် ..

Saturday, February 28, 2009

အိပ်မက်ဆိုး

သူမ သန်းဝေလိုက်တယ် .. နာရီကြည့်လိုက်တော့ ၁၂နာရီ ၅၀မိနစ် .. ၁နာရီတောင်ထိုးတော့မှာပဲ .. မနက် အလုပ်သွားဖို့လည်းရှိသေးတယ် .. အင်း .. သူမ အိပ်မှထင်တယ် ..


ဒီစာတမ်းကလည်း ဒီနေ့ညပြီးမှ မနက်ကို အေးအေးဆေးဆေးတစ်ခေါက်ပြန်စစ်ပြီး တင်နိုင်မှာ .. ပြီးခါနီးပေမယ့် အဆုံးသတ်ကို သိပ်မကြိုက်ဖြစ်နေတယ် .. ထားပါတော့လေ .. မနက်မှပဲ အဆုံးသတ်လိုက်တော့မယ် ..

ဆုံးဖြတ်ချက်နဲ့ စာအုပ်တွေပိတ် မီးတွေပိတ်ပြီး အိပ်ဖို့ ပြင်လိုက်တယ် .. သြော် .. အိပ်ရာထဲရောက်ခါမှ စာကြည့်စားပွဲရှေ့က ပြူတင်းပေါက် ပိတ်ဖို့ မေ့ခဲ့ပြန်ပြီ .. သူမ ထပိတ်လိုက်တယ် ..

အိပ်ချင်စိတ်ရှိပေမယ့် အာရုံက စာတမ်းကိုရောက်နေတော့ တော်ရုံအိပ်မရ .. အဆုံးသတ်ဖို့ ကြိုစဉ်းစားနေမိတယ် ..

အိပ်ပျော်လုလု အချိန်ရောက်တော့ ..

ကျွီ .. တံခါးပွင့်သွားသံကြားလိုက်သလိုပဲ .. သူမ မျက်လုံး ဖွင့်ကြည့်ချင်တယ် .. အားယူပြီး မျက်လုံးကိုဖွင့်လိုက်တယ် .. ဖွင့်လို့မရဘူး .. မျက်ခွံတွေက အရမ်းလေးလံနေတယ် ..

ရှပ်.. ရှပ်.. ခြေသံကြားတယ် .. "ဘယ်သူလဲ.." သူမအော်ဟစ်ပြီး မေးလိုက်ပေမယ့် အသံက လည်ချောင်းမှာတင် ပျောက်သွားတယ် .. ပါးစပ်က အသံထွက်မလာဘူး ..

ခြေသံက တဖြည်းဖြည်း နီးကပ်လာတယ် ..

ဘာလဲ .. ဘယ်သူလဲ .. ထွက်သွား .. ထွက်သွား ..

သူမ အော်ဟစ်နေတယ် .. ဒါပေမယ့် သူမတစ်ကိုယ်လုံး လှုပ်လို့မရဘူး ..

ကြိုးစားပြီး မျက်လုံးဖွင့်ကြည့်လိုက်တယ် .. တစ်ခါ .. မရဘူး .. နောက်တစ်ခါ ..

သူမ မျက်လုံးပွင့်သွားတော့ သူမရှေ့မှာ .. ပိန်ပိန် ရှည်ရှည် ဆံပင်ဖားလားနဲ့ အမျိုးသမီး သဏ္ဍာန်ကို တွေ့လိုက်တယ် ..

ဘယ်သူလဲ .. ဘယ်သူလဲ .. မေးနေတယ်လေ .. ထွက်သွား .. ထွက်သွား

သူမ အသံကုန် အာခေါင်ဖြစ်ပြီး အော်နေမိတယ် .. တကယ်တော့ အသံထွက်မလာဘူး ..

ပုံရိပ်က ရှေ့တဖြည်းဖြည်းတိုးလာတယ် ..

မလာနဲ့ မလာနဲ့ ..

ထွီ .. တံတွေးနဲ့လည်း လှမ်းထွေးလိုက်သေးတယ် .. မရဘူး .. ပုံရိပ်က နီးသထက်နီးလာတယ် .. လက်နှစ်ဘက်ကို ဆန့်တန်းပြီး သူမ ရင်ဘတ်ကို လာဖိတယ် .. သူမထလို့မရဘူး .. ရုန်းလို့မရဘူး ..

ကယ်ကြပါ .. ကယ်ကြပါ .. သူမ အသက်ရှုပ်ကြပ်လာတယ် .. ရုန်းလို့မရဘူး .. အသက်ရှုလို့မရတော့ဘူး .. သူမ သေတော့မှာလား .. ဘုရား ဘုရား .. သူမ သတိရလိုက်တယ် .. မြတ်စွာဘုရား ဂုဏ်တော်တွေကို နှလုံးသွင်းလိုက်တယ် .. သူမ သေမယ်ဆိုရင်တောင် ကြောက်လန့်တကြား မသေချင်ဘူး .. အရဟံ .. အရဟံ .. သူမစိတ်ထဲက တိုးတိုးရွတ်ဆိုလိုက်တယ် ..

ဖိထားတဲ့လက်တွေက လျော့သွားသလို .. အသက်ရှုလို့ ရလာတယ် .. အသက်ကို ရသလောက် သူမ ရှုသွင်းလိုက်တယ် .. အရဟံ အရဟံ .. မြတ်စွာဘုရား ဂုဏ်တော်ကို သူမ မပြတ် ရွတ်ဆိုနေလိုက်တယ် .. သူမ ရှေ့က ပုံရိပ်က မတတ်နိုင်တော့တဲ့အလား လက်တွေကို ရုတ်ပြီး မလှုပ်မရှား ရပ်ကြည့်နေတယ် .. ဆံပင်ရှည်တွေနဲ့ ကွယ်နေတဲ့ မျက်နှာက တဖြည်းဖြည်း မော့လာတယ် ..

အား ..........

အသက်ရှုသံတွေမှား .. ချွေးစေးတွေပျံပြီး သူမ နိုးထလာတယ် ..

သြော် .. အိပ်မက် မက်နေတာပဲ .. သူမ အသက်ကို ၀အောင်ရှုပြီး သက်ပြင်းမောကို မှုတ်ထုတ်လိုက်တယ် .. စားပွဲပေါ်မှာ တင်ထားတဲ့ ရေဗူးကို လှမ်းဆွဲပြီး အမောတကော သောက်ချလိုက်တယ် .. နာရီကိုကြည့်လိုက်တော့ ၁နာရီခွဲ .. သူမအိပ်ပျော်တာ နာရီဝက်ပဲရှိသေးတာပဲ ..

မနက်အပြင်ထွက်ဖို့ရှိသေးတော့ သူမအိပ်မှဖြစ်မယ် .. ပြန်အိပ်ပျော်ဖို့ ကြိုးစားလိုက်တယ် .. မျက်စိထဲမှာ အိပ်မက်ထဲက ဘာမှမပါတဲ့ မျက်နှာကိုပဲ မြင်ယောင်နေမိတယ် ..

အို .. အိပ်မက်ပါ .. လျှောက်မတွေးနဲ့ .. အရဟံ အရဟံ .. သူမ ဂုဏ်တော်ကိုရွတ်ရင်း အိပ်ပျော်အောင် ကြိုးစားလိုက်တယ် ..
----------
လေတိုက်ခတ်သံကြောင့် ပြူတင်းပေါက်မှာ ချိတ်ထားတဲ့ ဆွဲလည်းလေးက အသံမြည်သံကိုကြားလိုက်တယ် .. ဟင် .. သူမ တံခါးကို သေချာပိတ်ခဲ့တာပဲ ..

သူမ မျက်လုံးဖွင့်ပြီး ပြူတင်းပေါက်ကို ကြည့်လိုက်တော့ သေချာပိတ်ထားခဲ့တဲ့ ပြုတင်းတံခါးပေါက်က ပွင့်လို့ ...
----------
pS. အစ်မတစ်ယောက် အိပ်မက်ကို ပုံဖော်ပါသည်။


Sunday, January 18, 2009

အချစ်နဲ့ အတ္တ

`နင် ငါ့ကို မေ့လိုက်တော့ဟာ´ သူမအရမ်းအံ့သြသွားတယ် .. ခေါင်းကို ချာချာလည်ပြီး မူးသွားတယ် ..

`ဘာ .. နင်ငါ့ကိုဘာပြောလိုက်တာ.. မဟုတ်သေးပါဘူး .. နင်ဘာဖြစ်နေတာလဲ .. နင်နေမကောင်းဘူးလား .. ငါ့ကိုစိတ်ဆိုးနေတာလား .. ငါဘာမှားလို့လဲ ..´


`မဟုတ်ဘူး နင်ဘာမှမမှားပါဘူး .. မှားတာက ငါ.. ငါပြင်မလို့မရတဲ့ အမှားကို ကျူးလွန်မိခဲ့တယ် .. ´

`မဟုတ်ပါဘူး .. နင်ငါ့ကို စတာမဟုတ်လား .. နင့်ကိုမပြောဘဲ ငါသူငယ်ချင်းတွေနဲ့ခရီးထွက်သွားတာကို မကျေနပ်လို့ နင်အခုလိုပြောတာမဟုတ်လား .. နင်နောက်နေတယ်ဆိုလည်း ငါ့ကို ဒီလိုချည်းတော့ မနောက်ပါနဲ့ဟာ .. ´

`မဟုတ်ဘူး .. ငါအခုတကယ်ပြောနေတာ ..´

`သြော် .. ဒါဆို ငါ့သူငယ်ချင်းတွေပြောတာ အမှန်ပဲပေါ့နော် .. ဟုတ်လားဟင် .. နင့်မှာ ငါ့အပြင် တခြားတွဲနေတဲ့မိန်းကလေး ရှိတယ်ဆိုတာ တကယ်ပေါ့နော် .. နင်သူ့ကို တကယ်ချစ်တာပေါ့ .. ဟုတ်လား .. ငါ့ကိုပြောပြစမ်းပါဦး.. ငါ့ကိုသူငယ်ချင်းတွေကလာလာပြေကြတယ် .. နင့်ကို တွေ့ခဲ့တယ်ပေါ့ .. ငါမယုံခဲ့ဘူး .. ခု နင်ကိုယ်တိုင်ကပြောလာပြီဆိုတော့ .. နင်ပြောတာကိုနားထောင်ချင်တယ် .. ´

`မဟုတ်ဘူး မောင် ..´

`ဘာ မောင် ဟုတ်လား .. သြော် .. ဒါက နင့်ရဲ့ အချစ်သစ်ကလေး ခေါ်တဲ့နာမည်ပေါ့လေ .. ဟုတ်ပါဘီ .. ဆက်ပြောပါ ..´

`ဆောရီးဟာ ..´

`မဟုတ်ပါဘူး .. ရပါတယ် .. ဆက်ပြောပါ .. ငါခံနိုင်ရည်ရှိပါတယ် ..´

`ငါရဲ့ အချစ်ဦးတစ်ယောက်ရှိတယ်လေ .. သူက ငါ့ကို မောင်လို့ခေါ်ခဲ့ဘူးတယ် .. အခုတစ်ယောက်ကလည်း ငါ့ကို မောင်လို့ခေါ်တယ် .. နင်ကိုငါခေါ်ခိုင်းတာ နင်ဘယ်လိုမှမခေါ်ခဲ့ဘူးလေ´

`ဘာလဲ အဲဒါနင်ငါ့ကို ဖြတ်ရတဲ့ အဓိက အကြောင်းပြချက်လား´

`မဟုတ်ပါဘူး .. ငါနင့်ကိုချစ်ပါတယ် ..ဒါပေမယ့် နင်က မလိုက်ရောနိုင်တာတွေ သိပ်ကိုများတယ်ဟာ .. နင့်ကို ငါ အစပိုင်းက သိပ်ချစ်ခဲ့တယ် .. ဒါကြောင့်လည်း ငါ့အမေနဲ့တွေ့ပေးမလို့ဆိုပြီး ငါနင့်ကိုခေါ်ခဲ့တယ်လေ.. နင်လိုက်ခဲ့လား .. နင်က မိန်းမတစ်ယောက်ရဲ့ သိက္ခာ တန်ဖိုးဆိုတာတွေ တွင်တွင်ပြောပြီး .. ငြင်းခဲ့တယ် .. ပစ္စည်းတစ်ခုရဲ့တန်ဖိုးဆိုတာ .. အဲဒီပစ္စည်းကိုပိုင်ဆိုင်တဲ့သူတစ်ယောက်ကသတ်မှတ်တာ .. ငါတို့လက်ထပ်ဖို့ထိစဉ်းစားပြီးချစ်ခဲ့တာပဲ .. ငါ့တို့ မိဘတွေသိထားတာ .. ဆွေမျိုးတွေသိထားတာ ဘာဖြစ်လဲ .. နင်ဘာဖြစ်နေတာလဲ .. နင်က ငါနဲ့သွားပြီလာပြီဆိုလည်း လူတွေ့မှာ လူသိမှာသိပ်ကြောက်တယ် .. နင်ငါ့ကိုတကယ်မှမချစ်ပဲ .. နင်ကလူသိမခံနိုင်ဘူးပေါ့ .. ငါအမြဲတမ်းမေးတယ် .. ငါ့ကိုချစ်လားဆိုရင်လည်း ဘယ်သူရှိလို့ ဘယ်ဝါရှိလို့နဲ့ နင် အဒီစကားလေး တစ်ခွန်းတောင် ငါ့အတွက် မပေးနိုင်ဘူး .. အဲဒါလောက်လေးနဲ့ နင်က သိက္ခာမရှိတဲ့ တန်ဖိုးမရှိတဲ့ မိန်းမဖြစ်ရောလား နင် အရမ်း အတ္တကြီးတယ် .. နင့်ဘက်ပဲနင်ကြည့်တယ် .. ငါနင့်ကိုစိတ်ကုန်တယ် ..´

`ငါတတ်နိုင်သလောက်နင့်အပေါ်လိုက်လျောခဲ့ပါတယ် .. နင်မကျေနပ်ရင် ငါ့ကိုပြောပေါ့ .. ငါလည်းစဉ်းစားထားပြီးသားပါ .. နင့်ရဲ့မိဘတွေကိုတွေ့ဖို့ ..´

`တော်ပါတော့ဟာ .. နင်က နင့်ကိုယ်နင်ချစ်တာ .. နင့် အတ္တကိုနင်ချစ်တာ ..နင်ချစ်တာငါမဟုတ်ဘူး .. နင့်ကိုယ်နင် .. ငါ သူ့ကို လက်ထပ်တော့မယ်.. သူက သူ့ကိုယ်သူထက်ငါ့ကိုပိုချစ်နိုင်တယ် ´

` ငါဝမ်းသာပါတယ် .. နင်လက်ထပ်မှာ ပျော်စရာပေါ့ .. ငါအခုကျနေတဲ့မျက်ရည်တွေက နင့်ကြောင့်မဟုတ်ဘူး .. ငါ့အတွက် .. နင်သိပြီးသားပဲ ငါက သိပ်အတ္တကြီးတဲ့မိန်းမဆိုတာ .. နင်တို့အတွက် စိတ်ရင်းနဲ့ဆုမတောင်းပေးနိုင်တာတော့ခွင့်လွှတ်ဟာ .. ငါသွားတော့မယ်´

သူမ နောင်တမရပါဘူး .. သူမလှည့်ထွက်ခဲ့ပေမယ့် ရင်ထဲမှာပြောချင်တဲ့စကားတွေအများကြီးပဲ .. ဒါပေမယ့် ပြောဖို့ မကြိုးစားတော့ဘူး .. ငါနင့်ကိုသိပ်ချစ်ပါတယ် .. ဒါပေမယ့် တခြားမိန်းမတစ်ယောက်နဲ့ ပြိုင်မချစ်နိုင်ဘူး .. အဲဒါ ငါ အတ္တကြီးတာလား .. ငါမပေးနိုင်တဲ့အရာတွေ နင်သူ့ဆီက ရလို့ ငါအနားက ထွက်သွားတာ ငါဝမ်းမနည်းဘူး .. အဲဒါကရော ငါ မာနကြီးတာလား .. နင်ပြောသလို ငါ့က အတ္တကြီးတဲ့ မာနကြီးတဲ့ မိန်းမတစ်ယောက် .. ဒါပေမယ့် အဲဒါ ငါ့ အတွက် မရှိမဖြစ်ဘူး .. အဲဒီအရာ နှစ်ခုကပဲ ငါ့ဘ၀ကို ကာကွယ်ပေးနိုင်မှာလေ .. ဒါပေမယ့် နင်လည်းစဉ်းစားပါ .. နင်ရော အတ္တနဲ့ ဘယ်လောက်ကင်းကွာနေလို့လဲ ..


Monday, December 15, 2008

ဘယ်လိုအသက်ရှုမလဲ

လူ၃ယောက် လမ်းလျှောက်လာတယ် ..

သူတို့သွားတဲ့လမ်းမှာ လူသွားလို့ရတယ် ဆိုရုံ ပျက်နေတဲ့တံတားတစ်ခုရှိတယ် .. တစ်ယောက်က "အာ .. ဒီတံတား ကောင်းလည်းမကောင်း ပျက်လည်းမပျက် .. ပျက်လည်းအေးတာပဲ.. " ဆိုပြီး ပြိုချင်ပြို ငါနဲ့မဆိုင်ဘူးဆိုတဲ့ စိတ်နဲ့ ခပ်ပြင်းပြင်းနင်းလျှောက်သွားတယ် ..

နောက်တစ်ယောက်က " အင်း .. ဒီတံတားကလည်း ပျက်နေတာကို ဘယ်သူမှမပြင်ကြဘူးလားမသိဘူး .. သွားပဲသွားတတ်ကြတယ် .. ဒီတံတားဖြတ်ရတာနဲ့ ငါ့ခရီးတော့ နောက်ကျတော့မှာပဲ " ဆိုပြီး သွားလို့ဖြစ်တဲ့နေရာကနေ သူလိုရာကိုရောက်အောင်ဖြတ်သွားလိုက်တယ် ..

နောက်တစ်ယောက်ကတော့ " အင်း .. တံတားကလည်း တော်တော်ပျက်နေပြီ သွားဖြစ်ရုံပဲရှိတော့တယ် .. ငါဖြတ်သွားပြီး နောက်လူတွေအဆင်ပြေအောင် တတ်နိုင်သလောက် ဖာထေးသွားလိုက်မယ်လေ .. " ဆိုပြီး အနီးအနားမှာ ရှိတဲ့ တုတ်တို တုတ်စလေးတွေနဲ့ ပြုပြင်နိုင်သလောက်ပြုပြင်ပြီး တံတားကိုဖြတ်နင်းခဲ့တယ် ..

သွားတဲ့လမ်းချင်းတူပေမယ့် ဖြတ်သန်းပုံခြင်းမတူကြဘူး .. ကြုံတွေ့ရတဲ့အခြေအနေခြင်း တူပေမယ့် ခံယူချက် ခံစားချက်ကွာခြားတယ် ..

~~~~~~~~~~~~~~~~

အလုပ် တူတူလုပ်တဲ့ဗိသုကာ ပညာရှင် ၃ ယောက်ရှိတယ် .. သူဌေးရဲ့ လက်စွဲတော် ၃ ယောက်ဆိုပါတော့ ..

အိမ် ၃လုံးကို တစ်ယောက်တစ်လုံးစီ တာဝန်ယူဆောက်ခိုင်းတယ် ..

တစ်ယောက်က " ဒီအိမ်ပြီးရင် ငါ့အတွက် ဘယ်လိုအကျိုးအမြတ်ရမလဲ .. ငါ့အတွက် ရာထူးလား ..ပိုက်ဆံလား .. ငါ့အိမ်က အကောင်းဆုံးလို့ လက်ခံလိုက်ရင် ငါနာမည်ကြီးမယ် .. အကျိုးတစ်ခုခုတော့ရှိလိမ့်မယ် " ဆိုပြီး အကျိုးကိုမျှော်လို့ အလုပ်လုပ်တယ် ..

နောက်တစ်ယောက်က " ဒါ ငါ့တာဝန် .. ငါ့တာဝန်ငါ ကျေအောင်လုပ်ရမယ် .. အချိန်မှီပြီးရင်ရပြီ .. လုပ်သင့်တာအကုန် လုပ်မယ် .. အချိန်တန်လို့ သူဌေးက အိမ်အပ်တော့ဆိုရင် ငါအပ်နိုင်ရင်ရပြီ .. အိမ်ကိုအပ်မယ် လုပ်အားခယူမယ် .. ဒါ ငါ့အလုပ်ဖြစ်တယ် " ဆိုပြီး တာဝန်ကျေ လုပ်တယ် ..

နောက်တစ်ယောက်က " ဒီအိမ်လေးက ငါ့ရဲ့မှတ်ကျောက် .. ဒီလိုအိမ်ကောင်းမျိုးမှာ ငါမနေရပေမယ့် ငါလက်နဲ့ ဆောက်ထားတဲ့အိမ်လေးပေါ်မှာ နေမယ့်လူတွေ ဘေးအန္တရာယ် လုံခြုံအောင် .. သက်တောင့်သက်သာရှိအောင် အဆင်ပြေပြေနေနိုင်အောင် လုံခြုံ လှပ သက်တောင့်သက်သာရှိမယ့် အိမ်လေး ဖြစ်အောင် ငါလုပ်မယ် .. " ဆိုတဲ့ စေတနာနဲ့လုပ်တယ် ..

သူတို့ အရောက်သွားမယ့် ပြီးဆုံးခြင်း ပန်းတိုင်တူညီပေမယ့် လုပ်ရပ်ကွာခြားတယ် .. စေတနာကွာခြားတယ် ..

~~~~~~~~~~~~~~~~

လူ ၃ ယောက်ရှိတယ် .. သူတို့ကတော့ ဥယျာဉ်မှူးတွေပေါ့ ..

တစ်ယောက်က ပန်းပင်တစ်ပင် သစ်ပင်တစ်ပင်အတွက် နေ့စဉ် မြေသြဇာထည့်တာတို့ .. ပန်းပင်ရေလောင်းတာတို့ကို စိတ်ကူးတည့်ရင်တည့်သလို သူလုပ်ချင်တဲ့အချိန်မှာ ထလုပ်တတ်တယ် .. သူ ဘယ်ပန်းပင်က ဘာလိုအပ်တယ်ဆိုတာမသိဘူး .. သိအောင်လည်းမကြိုးစားဘူး .. ရေလောင်းချင်တဲ့အချိန်လောင်းတယ် .. စိတ်ပါတဲ့အချိန် မြေသြဇာထည့်တယ် .. (မထည့်ချင်လည်းမထည့်ဘူးပေါ့ ..) အပင်တွေ သေကြေပျက်စီးရင်လည်း အမှိုက်နဲ့ရောပြီး မီးရှို့ဖို့လောက်ပဲစဉ်းစားတတ်တဲ့သူ ..

နောက်တစ်ယောက်က အချိန်မှန် ပန်းပင်ရေလောင်းတယ် .. မြေသြဇာထည့်တယ် .. ဒါပေမယ့် သူက ဒီအပင်ကဘာအပင်ဖြစ်လို့ ရေအချိန်အဆ ဘယ်လောက်လောင်းရမလဲ .. မြေသြဇာ ဘယ်လောက်ထည့်ရမလဲဆိုတဲ့ အတိုင်း အဆမသိဘူး .. သူ့တာဝန်အရ မြေသြဇာထည့်ချိန်ထည့်တယ် ရေလောင်းချိန်လောင်းတယ် .. တာဝန်အရ သူအပေါ်ယံရေလောင်း မြေသြဇာထည့်လုပ်နေပေမယ့် တချို့အပင်တွေက သေသွားတာမျိုး .. ပန်းတွေ မျှော်လင့်သလောက် မပွင့်တာမျိုး ဖြစ်တယ် .. ဘာကြောင့်ဒီလိုဖြစ်လဲ သူစိတ်မ၀င်စားဘူး .. သူအချိန်မှန် လုပ်နေရက်နဲ့ဖြစ်တဲ့အတွက် သူနဲ့ မဆိုင်ဘူးလို့ သူတွေးတယ် ..

နောက်တစ်ယောက်ကတော့ သူ့ပန်းပင် ပျိုးပင်လေးတွေကို သူ့ရဲ့ ရတနာတစ်ပါးလို ပြုစုစောင့်ရှောက်တယ် .. ဒီပန်းပင် အပွင့်ပွင့်ဖို့အတွက် ဘာလိုလဲ .. မြေသြဇာလိုနေတာလား .. ရေလိုနေတာလား .. ရေများနေတာလား .. ပိုးကျနေတာလား .. သူလေ့လာတယ် .. ဂရုတစိုက်ပြုစုတယ် .. လိုအပ်ချက်အတွက် အမြဲလေ့လာတယ် .. ဖြည့်ဆည်းတယ် .. ဒါကြောင့်လဲ သူ့ဥယျာဉ်ဟာ သစ်ပင် ပန်းပင်တွေ အမြဲ စိမ်းလန်းစိုပြေနေတဲ့ ဥယျာဉ်လေးတစ်ခုဖြစ်ခဲ့တယ် .. အဲဒီလူရဲ့ ရင်ထဲမှာလဲ သူပျိုးထားတဲ့ ပန်းတစ်ပွင့်ရှိတယ် .. မေတ္တာတရားနဲ့ လန်းဆန်းနေတဲ့ ပန်းပွင့်ပေါ့ .. သူ့ စေတနာ မေတ္တာကြောင့် ပန်းပင်လေးတွေ အချိန်မတန်ပဲ မပျက်စီးဘူး .. ရှင်သန်နေသရွေ့လည်း လန်းဆန်းနေတတ်တယ် ..

သူတို့ ၃ ယောက်ရဲ့ လုပ်ရပ်တွေ တူပေမယ့် စေတနာ မေတ္တာ ကွာခြားတယ် ..

သူတို့ဘာတွေ ကွဲပြားနေတာလဲ .. လူတွေဖြစ်တာတူတယ် .. တလောကလုံးကသတ္တ၀ါတွေ အသက်ရှင်ဖို့ လေကို ရှုနေတာလဲတူတယ် .. ဒါပေမယ့် သူတို့ရဲ့အသက်ရှုသံတွေ ကွာခြားနေကြတယ် ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...