Saturday, February 28, 2009

အိပ်မက်ဆိုး

သူမ သန်းဝေလိုက်တယ် .. နာရီကြည့်လိုက်တော့ ၁၂နာရီ ၅၀မိနစ် .. ၁နာရီတောင်ထိုးတော့မှာပဲ .. မနက် အလုပ်သွားဖို့လည်းရှိသေးတယ် .. အင်း .. သူမ အိပ်မှထင်တယ် ..


ဒီစာတမ်းကလည်း ဒီနေ့ညပြီးမှ မနက်ကို အေးအေးဆေးဆေးတစ်ခေါက်ပြန်စစ်ပြီး တင်နိုင်မှာ .. ပြီးခါနီးပေမယ့် အဆုံးသတ်ကို သိပ်မကြိုက်ဖြစ်နေတယ် .. ထားပါတော့လေ .. မနက်မှပဲ အဆုံးသတ်လိုက်တော့မယ် ..

ဆုံးဖြတ်ချက်နဲ့ စာအုပ်တွေပိတ် မီးတွေပိတ်ပြီး အိပ်ဖို့ ပြင်လိုက်တယ် .. သြော် .. အိပ်ရာထဲရောက်ခါမှ စာကြည့်စားပွဲရှေ့က ပြူတင်းပေါက် ပိတ်ဖို့ မေ့ခဲ့ပြန်ပြီ .. သူမ ထပိတ်လိုက်တယ် ..

အိပ်ချင်စိတ်ရှိပေမယ့် အာရုံက စာတမ်းကိုရောက်နေတော့ တော်ရုံအိပ်မရ .. အဆုံးသတ်ဖို့ ကြိုစဉ်းစားနေမိတယ် ..

အိပ်ပျော်လုလု အချိန်ရောက်တော့ ..

ကျွီ .. တံခါးပွင့်သွားသံကြားလိုက်သလိုပဲ .. သူမ မျက်လုံး ဖွင့်ကြည့်ချင်တယ် .. အားယူပြီး မျက်လုံးကိုဖွင့်လိုက်တယ် .. ဖွင့်လို့မရဘူး .. မျက်ခွံတွေက အရမ်းလေးလံနေတယ် ..

ရှပ်.. ရှပ်.. ခြေသံကြားတယ် .. "ဘယ်သူလဲ.." သူမအော်ဟစ်ပြီး မေးလိုက်ပေမယ့် အသံက လည်ချောင်းမှာတင် ပျောက်သွားတယ် .. ပါးစပ်က အသံထွက်မလာဘူး ..

ခြေသံက တဖြည်းဖြည်း နီးကပ်လာတယ် ..

ဘာလဲ .. ဘယ်သူလဲ .. ထွက်သွား .. ထွက်သွား ..

သူမ အော်ဟစ်နေတယ် .. ဒါပေမယ့် သူမတစ်ကိုယ်လုံး လှုပ်လို့မရဘူး ..

ကြိုးစားပြီး မျက်လုံးဖွင့်ကြည့်လိုက်တယ် .. တစ်ခါ .. မရဘူး .. နောက်တစ်ခါ ..

သူမ မျက်လုံးပွင့်သွားတော့ သူမရှေ့မှာ .. ပိန်ပိန် ရှည်ရှည် ဆံပင်ဖားလားနဲ့ အမျိုးသမီး သဏ္ဍာန်ကို တွေ့လိုက်တယ် ..

ဘယ်သူလဲ .. ဘယ်သူလဲ .. မေးနေတယ်လေ .. ထွက်သွား .. ထွက်သွား

သူမ အသံကုန် အာခေါင်ဖြစ်ပြီး အော်နေမိတယ် .. တကယ်တော့ အသံထွက်မလာဘူး ..

ပုံရိပ်က ရှေ့တဖြည်းဖြည်းတိုးလာတယ် ..

မလာနဲ့ မလာနဲ့ ..

ထွီ .. တံတွေးနဲ့လည်း လှမ်းထွေးလိုက်သေးတယ် .. မရဘူး .. ပုံရိပ်က နီးသထက်နီးလာတယ် .. လက်နှစ်ဘက်ကို ဆန့်တန်းပြီး သူမ ရင်ဘတ်ကို လာဖိတယ် .. သူမထလို့မရဘူး .. ရုန်းလို့မရဘူး ..

ကယ်ကြပါ .. ကယ်ကြပါ .. သူမ အသက်ရှုပ်ကြပ်လာတယ် .. ရုန်းလို့မရဘူး .. အသက်ရှုလို့မရတော့ဘူး .. သူမ သေတော့မှာလား .. ဘုရား ဘုရား .. သူမ သတိရလိုက်တယ် .. မြတ်စွာဘုရား ဂုဏ်တော်တွေကို နှလုံးသွင်းလိုက်တယ် .. သူမ သေမယ်ဆိုရင်တောင် ကြောက်လန့်တကြား မသေချင်ဘူး .. အရဟံ .. အရဟံ .. သူမစိတ်ထဲက တိုးတိုးရွတ်ဆိုလိုက်တယ် ..

ဖိထားတဲ့လက်တွေက လျော့သွားသလို .. အသက်ရှုလို့ ရလာတယ် .. အသက်ကို ရသလောက် သူမ ရှုသွင်းလိုက်တယ် .. အရဟံ အရဟံ .. မြတ်စွာဘုရား ဂုဏ်တော်ကို သူမ မပြတ် ရွတ်ဆိုနေလိုက်တယ် .. သူမ ရှေ့က ပုံရိပ်က မတတ်နိုင်တော့တဲ့အလား လက်တွေကို ရုတ်ပြီး မလှုပ်မရှား ရပ်ကြည့်နေတယ် .. ဆံပင်ရှည်တွေနဲ့ ကွယ်နေတဲ့ မျက်နှာက တဖြည်းဖြည်း မော့လာတယ် ..

အား ..........

အသက်ရှုသံတွေမှား .. ချွေးစေးတွေပျံပြီး သူမ နိုးထလာတယ် ..

သြော် .. အိပ်မက် မက်နေတာပဲ .. သူမ အသက်ကို ၀အောင်ရှုပြီး သက်ပြင်းမောကို မှုတ်ထုတ်လိုက်တယ် .. စားပွဲပေါ်မှာ တင်ထားတဲ့ ရေဗူးကို လှမ်းဆွဲပြီး အမောတကော သောက်ချလိုက်တယ် .. နာရီကိုကြည့်လိုက်တော့ ၁နာရီခွဲ .. သူမအိပ်ပျော်တာ နာရီဝက်ပဲရှိသေးတာပဲ ..

မနက်အပြင်ထွက်ဖို့ရှိသေးတော့ သူမအိပ်မှဖြစ်မယ် .. ပြန်အိပ်ပျော်ဖို့ ကြိုးစားလိုက်တယ် .. မျက်စိထဲမှာ အိပ်မက်ထဲက ဘာမှမပါတဲ့ မျက်နှာကိုပဲ မြင်ယောင်နေမိတယ် ..

အို .. အိပ်မက်ပါ .. လျှောက်မတွေးနဲ့ .. အရဟံ အရဟံ .. သူမ ဂုဏ်တော်ကိုရွတ်ရင်း အိပ်ပျော်အောင် ကြိုးစားလိုက်တယ် ..
----------
လေတိုက်ခတ်သံကြောင့် ပြူတင်းပေါက်မှာ ချိတ်ထားတဲ့ ဆွဲလည်းလေးက အသံမြည်သံကိုကြားလိုက်တယ် .. ဟင် .. သူမ တံခါးကို သေချာပိတ်ခဲ့တာပဲ ..

သူမ မျက်လုံးဖွင့်ပြီး ပြူတင်းပေါက်ကို ကြည့်လိုက်တော့ သေချာပိတ်ထားခဲ့တဲ့ ပြုတင်းတံခါးပေါက်က ပွင့်လို့ ...
----------
pS. အစ်မတစ်ယောက် အိပ်မက်ကို ပုံဖော်ပါသည်။


6 comments:

သက်ပိုင်သူ said...

အိပ်မက်လေးကို ရေးထားတာ တကယ်ကောင်းပါတယ်. တခြားစာတွေလည်း ဖတ်လိုက်ဦးမယ်

လင်းထက် said...

အမ တစ်ယောက် အိပ်မက် မို့လို့တော်သေးတာပေါ့နော်..
မိုးခါး ကိုယ်တိုင်သာမက်ရင် ဘယ်လို နေမလဲ?

tg.nwai said...

မိုးခါးရေ..ညဖက်ကြီး ပြတင်းပေါက်ဖွင့်ထားတာ..အခုမှပဲ တိုက်တိုက်ဆိုင်ဆိုင် ဖတ်မိသွားတယ်..ကြောက်တော့ မကြောက်တတ်ပါဘူး.. နဲနဲ လန့်သွားတာ..:)
တော်သေးတယ်.အိပ်မက်မို့လို့..။

မိုးသောက်(ရှမ်းလေး) said...

စာဖတ်တာ ဆုံးသွားတော့မှ အသက်ရှူဖို့သတိရတော့တယ်... ဖတ်တဲ့သူကို စွဲဆောင်သွားတယ်...

မသက်ဇင် said...

"အိပ်မက်ဆိုး"
ကို--ဖတ်ရင်း မှတ်ချက်ပေးမိတယ်--
အနာ၈တ်အတွက် အလားအလာကောင်းသော ကလောင်တလက်ပဲလို့---

နွေးနွေးသဲမွန် said...

အီးးးး... ကြောက်ချာဂျီး....

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...