Friday, December 15, 2023

My Life Update

ကျန်ခဲ့တဲ့ နှစ်ပိုင်းတွေမှာ ကိုယ့်ရဲ့ပြောင်းလဲမှု တိုးတက်မှုနဲ့ ရှေ့လျောက် ကိုယ့်ဘဝ ခရီးအကြောင်းတွေ sharing လုပ်ဖို့ ဒီပေချ့်လေးကို ပြန် အသက်သွင်းဖြစ်ပါတယ်။

ကလေးအမေဖြစ်သွားပြီးနောက်ပိုင်း ကိုယ့်သမီးလေးအတွက် ကိုယ့်ကိုကိုယ် ပိုတိုးတက်ချင်လာတယ်။ ကလေးတွေ အကြောင်း ပိုသိချင်လာတယ်။အကူညီ လိုအပ်နေတဲ့ မိခင်တွေကို ကူညီပေးနိုင်ချင်လာတယ်။ကိုယ့် ဖြတ်သန်းမှုနဲ့ ဆင်တူ ကြုံတွေ့နေကြတဲ့သူတွေ ရှိရင် သူတို့တွက် sharing လုပ်ပေးနိုင်ချင်တယ်။

ကိုယ့် ဖြတ်သန်းမှုလို့ ပြောရင် စင်ကာပူကို ရောက်တာ ၁၅နှစ်၊ ကိုယ့် အသက်က လက်ရှိ ၃၈နှစ် မှာ။လက်ရှိပိုင်ဆိုင်နေတဲ့ ဘဝ က ဟိုးငယ်ငယ်တုန်းတည်းက မသိစိတ်က ဆွဲဆောင်ထားခဲ့ပြီးတဲ့ အရာတွေဆိုတာ သတိထားမိတာ လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်ကမှပါ။စောစောသာ ကြိုသိရင် ပိုပြီး လုပ်နိုင်မှာတွေ အများကြီးရှိတယ်ဆိုပြီး အားမလိုအားမရ ဖြစ်ရတယ်။ ဒါပေမယ့် ကိစ္စတိုင်းက အကျိုး နဲ့ အကြောင်းနဲ့မို့ လက်ရှိ အနေထား ကို လက်ခံလိုက်ရတယ်ပေါ့။

ဥပမာပြောရရင် ၁၀တန်းအောင်တော့ ကိုယ့်စိတ်ထဲ တကယ် တက်ချင်တာ အင်ဂျင်နီယာလိုင်း ဖြစ်ပေမယ့် အဲ့အချိန်က hot ဖြစ်တဲ့ Eco ကို ပထမဦးစားပေး ရွေး မိတော့ Eco နဲ့ကျောင်းပြီးခဲ့တယ်။အစက day ကျောင်း လျောက်ခဲ့ပေမယ့် အဲ့အချိန်ရဲ့ လောကဓံကြောင့် အဝေးသင် ဖြစ်သွားခဲ့ပြန်ရော။အဝေးသင်ဆိုတော့ ကိုယ်တွေ ခေတ်က အနီးကပ် ၁၀ရက်တက်ပြီး စာမေးပွဲ ဖြေရတာဆိုတော့ ကြားချိန် အားနေချိန်ကို လူကြီးတွေက အအားမထားပဲ အဒေါ် အစိုးရရုံးမှာ နေ့စားနဲ့ အလုပ်ဝင်/သင်ရတယ်။ အဲဒီ အချိန်တုန်းက နေ့စားဝန်ထမ်း လစာ က ၁ရက်ကို ကျပ် ၁၀၀ .. ရက် ၃၀ မှာ စနေ တနင်္ဂနွေ ၄ပတ်ကို နှုတ်တော့ လစာက လစဥ် ၂၄၀၀ ကျပ် လောက် ရတာ။ ပြီးတော့ အစိုးရ ရုံး ထုံးစံ ဆန်ဆီ စတာတွေ ရောင်းစားပြီး တလ ဝင်ငွေ ၅၀၀၀/၆၀၀၀ ကျပ်လောက် ရခဲ့သည်ပေါ့။အဲဒီအချိန်ရဲ့ ဘဝကတော့ ကျောင်း စာမေးပွဲနီးရင် ကျူရှင်နဲ့ အနီးကပ် ကျောင်းတက်ပြီး စာမေးပွဲ ဖြေ ဒီလိုနဲ့ Eco ဘွဲ့ ရ .. ဘွဲ့ရပြီးနောက် အဲ့အချိန်ရဲ့ trend အရ ကွန်ပျူတာသင်တန်းတွေ တက် autocad, photoshop စသည်ဖြင့်တွေ တက် ။အဲဒီလိုကနေ အစ်မဝမ်းကွဲဆိုင်မှာ ကွန်ပျူတာ နဲ့ design ကို ကူ။ နောက် အစ်မလုပ်သူ စင်ကာပူထွက်လာတော့ အဲ့ဆိုင်လေး လက်လွှဲယူ သူငယ်ချင်း ၂ယောက် တူတူလုပ်ကြ။ ဒါပေမယ့် မီးအချိန်မမှန် ဒုက္ခတွေပေးတော့ ရေရှည် မရပ်တည်နိုင် ရာက အစ်မသွားတဲ့နောက် လိုက် စင်ကာပူကို ၂၀၀၈ မှာ ရောက်။
စင်ကာပူရောက်တော့ မြန်မာနိုင်ငံက ဘွဲ့လေး ကယ်ပြီး spass လျောက်ခွင့်ရ အလုပ်ကျ ဘွဲ့နဲ့မဆိုင်သော autocad/draftperson အလုပ်နဲ့ စ။ နောက်တလုပ်ပြောင်းတော့ သူဌေးကျေးဇူးနဲ့ BCA diploma တက်ခွင့်ရ engineer လမ်းကြောင်းပေါ် ရောက် .. တိုတိုပြောရရင် လက်ရှိ transport engineer position နဲ့ အလုပ်လုပ်ခွင့်ရနေတယ်ပေါ့။

အရှေ့က စာ ပြန်ကောက်ရရင် ကိုယ့် မသိစိတ်ထဲက ဆွဲဆောင်ထားပြီးသား ဖြစ်တဲ့ engineer ဆိုတာကို ပြန်ရောက်လာခဲ့တယ်ဆိုတာပါ။ ဆိုလိုရင်းက ကျမတို့ ကိုယ့်စိတ်ကိုသေချာသာ အစတည်းက သိရင် ကိုယ် လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ နှစ်တွေ အများကြီး ချုံ့နိုင်မှာသေချာတယ်။ ခုဆို ကိုယ့်မှာ သမီးလေးလဲရှိနေပြီဆိုတော့ ကိုယ့်ရဲ့ next generation ကို ကိုယ့်တုန်းကလို တွေဝေမှုတွေနဲ့ မကြီးပြင်းစေချင်ဘူး။ကိုယ်ဖြစ်စေချင်တဲ့ လမ်းကြောင်းဖောက်ပြီး လျောက်ခိုင်းမှာမျိုး မဟုတ်ပဲ သူတို့ စိတ် သူတို့ သိ သူတို့ ကိုယ်ပိုင် အသိဥာဏ်နဲ့ ရွေးချယ်မှုတွေ လုပ်နိုင်ဖို့ ပံ့ပိုးပေးချင်တာမျိုးပါ။

perfect ဆိုတာ မရှိနိုင်ဘူးမို့ အကောင်းဆုံးကြိုးစားပြီး သင်ယူမယ် ပြန်ပြီး sharing လုပ်မယ်ဆိုတာ ခု page ပြန်အသက်သွင်းရတဲ့ ရည်ရွယ်ချက်ပါပဲ။

Thursday, April 13, 2023

ကျေးဇူးတင်တဲ့စိတ်

 ဒီနေ့ ငယ်တုန်းက ကိုယ့်ကို ထိန်းပေးခဲ့တဲ့ အဒေါ် အမေ့ ညီမက ကိုယ့်ကိုလာပြီး ကိုယ့်အဖေအမေက စလို့ ကိုယ့်ကိုပါ ကျေးဇူးတင် အမှတ်ရနေကြောင်း လာပြောတယ် .. အဲဒီ အချိန်မှာ ခံစားလိုက်ရတာက ရင်ထဲ နွေးသွားတဲ့ ခံစားမှုပဲ .. ကိုယ်ကလဲ တပြန် ငယ်တုန်းက ထိန်းကျောင်းပေးခဲ့ ချစ်ခင်ပေးခဲ့တာတွေ အတွက် ကျေးဇူးသိပ်တင်ကြောင်းနဲ့ အဖေနဲ့ အမေ ကိုဗစ် ဒဏ်ခံရတုန်းက အဒေါ် နဲ့ ညီအစ်မတွေ မိသားစုက ကြည့်ရှု စောင့်ရှောက်ကူညီပေးခဲ့တာတွေကို အမြဲ သတိရ ကျေးဇူးတင်နေကြောင်း အပြန်အလှန် ပြော ဖြစ်ကြတယ် .. သိပ်ကို ကြည်နူးကျေနပ် စရာကောင်းတဲ့ ခံစားချက်ပဲ .. မြန်မာနှစ်သစ်ကူးမှာ ကြည်နူးစရာတွေနဲ့ ကြိုဆိုလိုက်ပါတယ် .. 

အဲဒီကနေ ဆက်စပ်တွေးမိတာက ကျေးဇူးတင်စိတ်နဲ့နေရတာ ကောင်းလိုက်တာပေါ့ .. ကျေးဇူးတရားတွေကို တစိမ့်စိမ့် တွေးရင် ကြည်နူးလာရတာ .. 

တကယ်တမ်းစဥ်းစားကြည့်တော့လဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စရာတွေများလိုက်တာ .. အနီးအဝေးလူပုဂ္ဂိုလ်တွေ မိသားစု, ဆွေမျိုးသားချင်းတွေ, သူငယ်ချင်း မိတ်ဆွေတွေ, ဆရာတွေ ဒါတွေက ကိုယ်နဲ့ လူချင်း ပေါင်းသင်းဆက်ဆံကြပြီး ကျေးဇူးတင်ရတာ .. ခုဆို အွန်လိုင်းကနေ သင်ဆရာ မြင်ဆရာတွေ ပါရှိလာပါရော .. အဲလို ကမ္ဘာကို ကွန်ပျူတာကနေ ပတ်ပြီး သင်တန်းတွေ သင်ခွင့်ရတာ, ဘွဲ့ ဒီဂရီတွေ ယူခွင့်ရတဲ့ အခြေအနေကလဲ ကျေးဇူးတင်စရာ .. အဲလို လွယ်လွယ်လေး သင်ခွင့်ရဖို့ ပစ္စည်းတွေ application တွေ ရှိနေတာ တီထွင်ပေးကြ ထုတ်လုပ်ပေးကြသူတွေကလဲ ကျေးဇူးတင်စရာ .. အဲဒီ ပစ္စည်းတွေနဲ့ပဲ ကမ္ဘာအနှံ့ရောက်နေတဲ့ ချစ်ခင်ရသူတွေဆို ဆက်သွယ်ခွင့် မြင်တွေ့ခွင့်ရတာလဲ ကျေးဇူးတင်စရာ ..‌ ခွေးလေး ကြောင်လေးတွေက အစ သစ်ပင်တွေအပါ သဘာဝ လောကကြီးကိုလဲ ကိုယ့်စိတ်ငြိမ်းချမ်းရာတွေ ခံစားမိစေလို့ ကျေးဇူးတင်ရပြန်တာ ..

မိဘတွေ မောင်နှမ သားချင်းတွေ ကျန်းမာနေတာ .. သူငယ်ချင်း မိတ်ဆွေ ကောင်းတွေ ရှိနေတာ .. ချစ်ရတဲ့ မိသားစုနဲ့ အတူရှိနေခွင့်ရတာ .. ကိုယ့် အပေါ် ချစ်ခင်ကြသူတွေ ပေါများတာ .. အိုး .. အသက်ရှုတိုင်း ကျေးဇူးတင်စရာတွေ ပြည့်နေတာပဲ .. အထူးသဖြင့် ကျေးဇူးတင်တတ်တဲ့စိတ်ကို ထားတတ်အောင် သင်ကြားပေးတဲ့ ဆရာတွေကိုလဲ သိပ်ကျေးဇူးတင်ရတာပါပဲ .. ကျေးဇူးဆိုတာ စိတ်ထဲ ဒီတိုင်း တင်နေရတာထက် ကာယကံရှင် ကို ကိုယ်တိုင် ဖွင့်ဟ ကျေးဇူးတင်ရတာ ၂ဦး၂ဖက်လုံးအတွက် အင်အားတွေ ပေးစေလို့ ထုတ်ဖော် ကျေးဇူးတင်ကြပါလို့ ဒီပို့စ်လေးနဲ့ တိုက်တွန်းချင်ပါတယ်ရှင် .. ကိုယ်လဲ ခုထက်ပိုပြီး ကျေးဇူးတရားတွေ ဆင်ခြင်ရင်း ထုတ်ဖော် ပြောသွားမယ်လို့ ဆုံးဖြတ်ထားပါတယ် .. 

နှစ်သစ်မှာ ကျေးဇူးတရားနဲ့ နားလည်မှုတွေ ပိုမိုထားရှိနိုင်ကြပါစေ .. 

Friday, March 24, 2023

လနဲ့ ကြယ် နီးတဲ့ နေ့ (၂၄-၃-၂၃)

 ဒီနေ့ သောကြာကြယ် Venus နဲ့ လတို့ ကောင်းကင်မှာ တော်တော် နီးစပ် နီးကပ်နေကြောင်း လူအများကြီး ရှဲကြတယ် .. အဲထဲမှာ ဘယ်လိုထပ်တွေ့ရလဲဆိုရင် တချို့က ကောင်းသော အပြောင်းလဲ ကောင်းသော အရာတွေ လာနေပြီ ရှေ့မှာ ကြိုနေပီလို့ ဆိုကြပြီး တချို့ကျ ဒါ မကောင်းတာ ပျက်စီးရာတခုခု ဖြစ်တော့မယ့် နိမိတ်လို့ ဆိုကြပြန်တယ် .. အဲလိုတွေ မြင်ပြီး ကိုယ့်စိတ်ထဲ ဖြစ်လာတာကတော့ ကိုယ်ကြိုဆိုနေတဲ့ အရာတွေ ရှေ့မှာ စောင့်နေမှာပဲ ဒါကြောင့် ကိုယ့်စိတ်ကို ကောင်းသော အတွေး အမြင် ဝန်းကျင်မှာ ရှိနေမှပဲ ဆိုတဲ့ သတိရစေတယ် .. ပြီးတော့ ဒီနှစ်ပိုင်းတွေထဲ လုပ်မိတဲ့ အလေ့အကျင့်တွေ အရ လဲ ကိုယ့်စိတ်ရဲ့ ထူးဆန်းပုံတွေကို သတိထားမိလာတယ် .. ကိုယ့်စိတ်ထဲ ရှေ့မှာ ကောင်းခြင်းတွေပဲလို့ ယုံကြည်ထားတဲ့သူအတွက် သူ့စိတ်ဟာ ကြည်နူးတက်ကြွနေမယ် .. ဒါဟာကောင်းတဲ့ frequency မှာ ရှိနေတဲ့သဘောမို့ ကောင်းသော အရာတွေကို ဆွဲဆောင်ပြီး ဖြစ်နေတယ် .. ဒုက္ခတွေတော့ ဖြစ်တော့မယ်လို့ တွေးမိသူတွေအတွက်ကျ ပူပန်သောကတွေများတဲ့ စိတ်ဖြစ်နေတဲ့အတွက် အကျိုးမပြုတဲ့ အရာတွေကို အလိုလို ဆွဲဆောင်မိပြီး ဖြစ်နေပြန်တယ် .. ဘယ်အရာကို ရွေးချယ်မယ်ဆိုတာ ကိုယ်စီရွေးချယ်ခွင့်ပါပဲ ..

ကျမတို့က ကိုယ်တိုင်ကစလို့ ပြုပြင် ပြင်ဆင်ပြီးမှ တပါးသူကို ကူညီနိုင်မှာ ဖြစ်တဲ့အတွက် ကိုယ့်စိတ်အင်အားကို အားကောင်းနေအောင် အရင်လုပ်ဖို့လိုအပ်ပါတယ် .. သူများကို ကူချင်ရင် ကိုယ်တိုင်က အရင် သန်မာနေရပါမယ် .. အဲဒီကနေတဆင့် ကိုယ့် မိသားစု အသိုင်းဝိုင်း ဆွေမျိုးတွေနဲ့ ပတ်ဝန်းကျင်ကို ချဲ့ထွင်ကူညီနိုင်မှာ ဖြစ်တယ် .. ကိုယ့် ကိုယ်နဲ့စိတ် အခြေနေ မြင့်နေမှ တပါးသူကို ဆွဲတင်နိုင်မှာ ဖြစ်ပြီး ကိုယ်မသန်မာရင် သူများဆွဲချတာ ခံရနိုင်သလို အောက်ကို ပြုတ်ကျသွားနိုင်ပါတယ် .. 

ကျမတို့ ချစ်တဲ့ ဝန်းကျင်က သူတွေကို ကူညီနိုင်ဖို့ ကိုယ့်ကို အရင် ကုစားကြရအောင် .. ကိုယ့်အတွေးတွေကို ကောင်းသော ပြောင်းလဲခြင်းတွေဆီပဲ စိတ်နှစ်ထားပြီး နိုင်တဲ့တာဝန်ကို အစွမ်းကုန် ထမ်းကြရအောင် .. 

"ဘယ်အရာကို ရွေးချယ်မယ်ဆိုတာ ကိုယ်စီရွေးချယ်ခွင့်ပါပဲ .."

photo credit: https://www.facebook.com/photo/?fbid=3472156196399155&set=pcb.3593831247507058


နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...