Saturday, October 24, 2009

ရင်ခွင်ပိုက် အမှိုက်

ပိုင်ဆိုင်ခြင်း စကားစုကို နားမလည်ဘူးရင် ဘယ်အရာမှလည်း ပိုင်ရလောက်အောင် ကြိုးစားမိမယ် မဟုတ်ဘူး ..

ခုတော့လေ ငါ ပိုင်ဆိုင်ဘူးတယ် .. ဒါ သေချာပါတယ် .. ဒါပေမယ့် ငါ့မှာ သက်သေဆိုလို့ ပြစရာ ပုံရိပ်တခုတောင် မရှိခဲ့ဘူး ..

စိုင်းစိုင်း သီချင်းမှာတော့ အဲဒီနေ့က မိုးမရွာဘူးတဲ့ .. ငါတို့နှစ်ယောက် နေ့ရက်တွေမှာတော့ မိုးရွာတဲ့ ရက်တွေရော နေပူတဲ့ ရက်တွေ အပြင် မြူဆိုင်းတဲ့ အချိန်တွေပါ ရှိခဲ့ဘူးတာပဲ ..

အချိန်ကာလဆိုတာ နေဒဏ် လေဒဏ်ကြောင့် လုံးပါး ပါးတတ်သလား .. နှစ်တွေစားရင် အရာရာကို မေ့ပျောက်နိုင်မယ်တဲ့လား .. ဟုတ်မဟုတ်တော့ မသိဘူး .. တော်တော်များများပြောတာ ငါကြားဖူးတယ် .. သေချာတာ ငါ့အတွက်တော့ မဟုတ်ခဲ့ဘူး ..

သေသောသူ ကြာရင်မေ့တဲ့ .. ဟုတ်တယ် .. နင် သေသွားပြီ .. ငါ့အတွေးထဲမှာ .. ငါကိုယ်တိုင် သတ်ပစ်ခဲ့တယ်လေ .. ဒါပေမယ့် ငါ မမေ့သေးဘူး .. နာကျင်စွာနဲ့ သတိတရ ရှိတုန်း .. ဒဏ်ရာတော့ ငါ့ကိုယ်မှာ မရှိခဲ့ဘူး .. စိတ်ရဲ့ အနက်ရှိုင်းဆုံးမှာ ..


ပျောက်သောသူ ရှာလျှင်တွေ့တဲ့ .. ငါသာ လိုက်ရှာမယ်ဆို တွေ့ခွင့် ရှိဦးမလား .. ငါ တကယ်ပဲ ပြန်တွေ့ချင်နေလား .. တကယ်တမ်း ပြန်တွေ့တော့ရော အခြေအနေတွေက ဘယ်လို ပြောင်းလဲနိုင်ဦးမှာတဲ့လဲ .. အင်း .. မထူးပါဘူး .. ငါ နေသားကျဖို့ ကြိုးစားကြည့်ဦးမယ် .. ထူးဆန်းတာ တခုကတော့ နင်နဲ့ ခပ်ဆင်ဆင်တူတဲ့လူ တဦးတယောက်များ မြင်လိုက်မိရင် ငါ့ ကမ္ဘာကြီး ချာချာလည်သွားတယ် ..

ခုလေးပဲ .. ငါ ခေါင်းငုံ လမ်းလျှောက်နေတုန်း ရှေ့က လူတယောက် ဖြတ်လျှောက်သွားတယ် .. ကတ္တီပါ ဖိနပ် သျှားရောင်လေး .. ငါ မော့ကြည့်မိတော့မလို့ .. နထင်က သွေးတိုးတဲ့အသံ တဒုတ်ဒုတ် ငါကြားနေရတယ် .. ငါဟာလေ မဖြစ်နိုင်မှန်း သိနေရက်နဲ့ မိုက်မဲနေသေးသူ တယောက် ..

ငါဟာလေ အမှတ်မရှိတဲ့သူ .. နင်နဲ့ ပတ်သက်ရင် အိနြေ္ဒပျက်လောက်အောင် ငါစိတ်တွေ ထွေပြားတယ် ..

နှစ်တွေလဲ ကြာခဲ့ပြီ .. မေ့မယ်ဆို လုံလောက်နေပါပြီ .. ဒါပေမယ့် ငါ ဆိုးသွမ်းစွာနဲ့ မေ့ဖို့ကို နှမြောတသနေတယ် .. ငါပိုင်ဆိုင်တာ ကျန်ခဲ့တဲ့ အတိတ်လေး တခုသာပဲလေ .. ဒါကြောင့်လဲ ငါ့ကို မိုက်မဲလိုက်တာ လို့တော့ မဆိုလောက်ပါဘူး ..

ငါ့ကို မရီပါနဲ့ .. မလှောင်ပါနဲ့ .. မိုက်လိုက်တာလို့ မပြောပါနဲ့ .. နှစ်သိမ့်စကားလည်း ပြောစရာ မလိုပါဘူး .. မသိချင်ယောင်လေးသာ ဆောင်သွားပေးပါ ..

28 comments:

သားကြီး said...

အတွေးထဲမှာသတ်ပစ်လိုက်ရုံနဲ့ မလုံလောက်ပါဘူး
နှလုံးသားကနေပြန်ပြီးအချိန်မရွေးreloadလုပ်နေနိုင်ပါသေးတယ်
အဲဒါကြောင့် အပြင်မှာသာအသေသတ်ပလိုက်ပါ ဟီးးး
(စတာပါဟာ ချိတ်ချိုးနဲ့ )

သားကြီး said...

ပျောက်သောသူ ရှာရင်တွေ့တယ်ဆိုတာက
ကောက်ရိုးပုံနားမှာကျပျောက်ခြင်းမျိုးလည်း
မဖြစ်ဖို့အရေးကြီးသေးတယ် :P
နက်နက်နဲနဲခံစားပြီးနောက်တီးနောက်တောက်တွေရေးသွားသည်
ခုတော့....
ပြန်ဘီ ။

Sein Lyan Tun said...

ရင်ခွင်ပိုက်အမှိုက်

ပိုင်ဆိုင်ခြင်းတဲ့လား
ဦးနှောက်နဲ့ အယူခံကို ငြင်းပယ်
နှလုံးသားရဲ့ ဆန္ဒကိုဖြည့်စွမ်း
တစ်စုံတစ်ခုတော့
ငါပိုင်ဆိုင်ဘူးတယ်..။

ဒဏ်ရာနဲ့နှလုံးသား ငါ
အကြိမ်ကြိမ် ငါ့ကိုယ်ငါပြန်သတ်
စိတ်ရဲ့အနက်ရှိုင်းဆုံးမှာ
မင်သက်စွာငေးမောလို့
ပျောက်သောမင်းကို ရှာနေမိတယ်…။

အမှတ်မရှိတဲ့ငါ
ခဲမှန်ဖူးသော စာသူငယ်လို
လေးညှို့သံကိုတွေးကြောက်မိရင်း
နှမြောတမ်းတစွာ
အတိတ်ကို မိုက်မဲစွာပိုင်ဆိုင်ချင်နေတယ်..။

တကယ်တော့
တံလျှပ်ကရေမဖြစ်ခဲ့မို့
ရေငတ်ဝေဒနာ ရင်မှာလောင်မြိုက်
နှလုံးသားလမ်းဆုံး ချစ်နိဂုံးအစ
ရာသီစက်ဝန်း ရှစ်စိတ်စွန်းခဲ့ပြီလေ…။

ငါ့ကို မရီပါနဲ့….
ငါ့ကို… မလှောင်ပါနဲ့..
ငါ့မိုက်ပြစ်နဲ့ငါ…
နှစ်သိမ့်စကားလဲ မကြားပါရစေနဲ့…။

ငါ့ခံယူချက်နဲ့ငါ
ငါ့အမှိုက် င့ါအမိုက်ကို
ငါ့ရင်ခွင်မှာပိုက်
ဒီတစ်ကြိမ်
ထောင်ချောက်မဖြစ်စေရန်
တိတ်တဆိတ် ဆုတောင်းမိလေရဲ့။


တိုကြီး
ဖိုးစိန်

ချိုတူးခါးချဉ်စပ်လေးရဲ့ ခံစားချက်ကို တိုကြီး ထပ်တူခံစားပြီး ကဗျာချရေးတွားပါဒယ်...

တိုကြီးကို မုန့်ဖိုးလာပေးပါ... ချဉ်စပ်ချိုတူးခါးလေးရေ...

ချစ်ခင်စွာဖြင့်

ဖိုးစိန်

ရေတမာ said...

အေးအေး ပြီးရော

ဂျပန်ကောင်လေး said...

နေရာအမျိုးမျိုးကနေ ခံစားပြီးရေးကျင့်နေသလားလို့...း).. လိုက်လို့ကို မမီတော့ဘူး.. ကိုမိုးခါး အဲလေ မမိုးခါးရေ...

ပုံ့မေ said...

အင်း မိုးခါးရေ....မရီပါဘူးး.. မလှောင်ပါဘူး ကွယ်.... မနှစ်သိမ့်နဲ့ ဆိုလဲ ဘာမှမပြောဘူး... နားပဲထောင်ပေးမယ်...

မဖြစ်နိုင်တဲ့ ဇာတ်လမ်းးး တပိုဒ်ကို အဆုံးသတ်လိုက်တဲ့ မေသူတော့ ပျော်နေပါကြောင်းးးးးးးးးးးးးးး :)

Yu Ya said...

မသိချင်ယောင်လေးပဲ ဆောင်သွားတယ်နော် မမိုးခါးရေ..

yu ya

Anonymous said...

အင်း . . . လိုပဲ ငါ သက်ပြင်းချလိုက်တော့ မယ် သူငယ်ချင်းရယ် . . . . နင်လဲ တော်တော် ခံစားချက်တွေ ပွင့်ထွတ်နေတယ်

တလနွန် said...

သယ်ရင်းရေ

ခံစားချက်တွေ လာဖတ်သွားပါတယ်......

အရာရာဟာ မတည်မြဲဘူးလို့ သဘောထားလိုက်ပေါ့.....

ညလင်းအိမ် said...
This comment has been removed by the author.
ညလင်းအိမ် said...

အတိတ်ဆိုတာ အရိပ်လိုပါပဲ
သွားလေရာနှောင့်ယှက်
ဖျောက်ဖျက်ရန်ခက်သေးသရွေ့
မေ့နိုင်ဖို့အရေးဝန်လေးမနေပါနဲ့...

ကိုယ့်အတိတ်နှင့် အရိပ်ကိုခွဲ
ဒိတ်ဒိတ်ကြဲသူတွေတောင်
အတိတ်ကိုမနိုင်လို့
ပစ္စုပ္ပန်ကို အကူခေါ်
တယူသန်ဟန်လုပ်ကြရသေးတာပဲ...

မပြောင်းချင်ပေမယ့်
တစ်ဆောင်းတော့သစ်အုန်းမှာပဲမို့
မရောင်းချင်ပေမယ့်
အတိတ်အကြောင်း အပေါင်ထားလိုက်ပါတော့လား...

မသိချင်ယောင်ဆောင်သွားပါတယ်...
အဲ.. အဲ .. သိချင်တာတွေလည်း အယောင်ဆောင်သွားပါတယ်...


ခင်မင်လျက်ပါ...

johnmoeeain said...

ဝေး...
ဒဏ်ရာဆိုတာ သွေးတိတ်သွားလဲ....
ဘယ်ခါမှ အရင်လို ပြန်မဖြစ်ဖူးလေနော်....
ကိုယ့်ရဲ့ အတွေးနဲ့ကိုယ် ဖြေသိမ့်နိုင်ဖို့ပဲ ကြိုးစားရင်း....
ခရီးတွေ ဆက်ရဦးမယ်လေ....

ခင်မင်လေးစားလျက်

kiki said...

အို့ ..အိုး....
ခံစားချက်တွေ ပြင်းထန်လှချည်းလား ..
ပြောတော့ဘူး .. ဘာမှ ပြောတော့ပါဘူး နော်..
မသိချင်ယောင်လေး ဆောင်ပြီး လှည့် ပြန်သွား ပြီ....း)....
ဆီးယူ.... ( ပုလင်းပေး ).. ဟေးဟေး ..

ညီညီ said...

မရီပါဘူး.. မလှောင်ပါဘူး.. မိုက်တယ်လို့လဲမပြောပါဘူး. နှစ်သိမ့်ချင်ပေမဲ့ မနှစ်သိမ့်နဲ့ ဆိုတော့လဲ မသိချင်ယောင်ဆောင်သွားပါသည်.။
အဆင်ပြေပါစေ မမိုးခါးရေ.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ငချမ်းကောင် said...

ကိုယ်ချင်းစာပါတယ်ဗျာ။

emayarKhin said...

လွတ်လွတ်လပ်လပလေးပဲဆက်လက်
သတိရနေလိုက်ပါ..နေသားပိုကျသွားမှာပါ..
စိတ်ကိုစိတ်နဲ့ပဲပြန်မျှားလိုက်ကြစို့...

မိုးခါး said...

hehe
အထင်တော် မလွဲကြနဲ့နော်
ဒါ စိတ်ကူးယဉ်ပြီး ရေးထားတာ :D

ပုံ/
မိုးခါး :P

မြစ်ကျိုးအင်း said...

တချို့အရာ တွေက မေ့ဘို့မလွယ်ဘူး ဘာကြောင့်ဆိုတော့ အဲဒီ အရာတွေနဲ့ ပါတ်သတ်လို့ အချိန်ကာလ မရှိခဲ့သလို
ဘယ်လောက်အထိ ခံစားခဲ့ရတယ်ဆိုတာ မှတ်မထား နိင်လောက်အောင်ပါပဲလေ....။

မမသီရိ said...

ရင်မှာ တွယ်ရစ်နေတဲ့
သတိရခြင်းနဲ့ လွမ်းဆွတ်ခြင်းတွေ ကို
အမှိုက်လို့ မယူဆစေလိုပါဘူး မိုးခါးလေးရေ

တကယ်တော့ အဲဒါတွေ က ရတနာ တွေ ..း)

ဝက်ဝံလေး said...

ဟေ အဲဒါ ဝတ္ထုလား ကို မိုးခါး

Anonymous said...

ကောင်းလိုက်တဲ့စာလေးပါ မမ အမြဲအားပေးနေပါတယ် မမဘလော့ကိုဖတ်နေတာကြာနေပေမဲ့ တခါမှမမန့်ဖြစ်ဘူး အစဉ်အားပေးလျက်ပါ T

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

နာ့ကတော့ ဂယ်ထင်နေလို့
နှစ်သိမ့်မလို့ စကားရှာနေတာ
စဉ်းစားမရပါလားလို့
မနေ့ကတွေ့တော့ ပျော်နေသားလို့
ကော့မန်တွေ အကုန်ဖတ်ပီးမှ တိတော့တယ်
စိတ်ကူးယဉ်ရေးထားတာဆိုလဲ
နင်တော်တော်တော်တာဘဲ။
ချီးယားးးးးးးးးးးး(ချိ့ပတ် လက်ချောင်လာပေးလို့)းP

Unknown said...

ငါ့နှမရဲ့ တော်တော်များများ ဖတ်ရတာ

ငါ့နှမရဲ့စိတ်တွေကို မြင်လိုက်ရသလိုပဲ။

ခံစားချက်လည်းကောင်းတယ် တွေးလည်း တွေးတက်တယ်။

ခင်တဲ့ အကိုတော် ရီနို

တောင်ပေါ်သား said...

အရာရာဟာ တည်မြဲမူတွေ မရှိပါဘူး။ တခါတလေတော့လဲ လူတွေဟာ အကြောင်းကြောင်းကြောင့် စိတ်ထဲက သံသယတွေနဲ့ မှားတတ်ကြပါတယ်။ အမှားကိုသိလို့ အမှန်ပြင်မယ်ဆိုရင် ၀မ်းသာစရာပါပဲ။ အရာအားလုံးကို အဆင်ပြေပါစေလို့ (နှစ်သိမ့်ခြင်း မဟုတ်ပါး))


လေးစားလျက်
တောင်ပေါ်သား

Libratun said...

အမှိုက် အမှိုက်......

အမှိုက် အမှိုက်......

ရေလည် မိုက်တယ်ကွာ

စည်သူ said...

ထူးဆန်းတာ တခုကတော့ နင်နဲ့ ခပ်ဆင်ဆင်တူတဲ့လူ တဦးတယောက်များ မြင်လိုက်မိရင် ငါ့ ကမ္ဘာကြီး ချာချာလည်သွားတယ် ..

အဲလိုမဖြစ်သင့်ဘူးလေ..

ဘာမှ မပြာချင်တော့ဘူး
ပျော်ရွှင်ပါစေ မိုးခါးရေ..

မငုံ said...

မေ့မရတော့လဲ ဘယ်တတ်နိုင်မှာလဲ။ ဒီအတိုင်းလေးပဲထားလိုက်ပါ။ ဘယ်လိုအားပေးရမယ်ဆိုတာ မသိလို့ မသိချင်ဟန်ဆောင်သွားမယ်နော့။

ဇော် said...

သေသောသူ ကြာရင်မေ့တဲ့ .. ဟုတ်တယ် .. နင် သေသွားပြီ .. ငါ့အတွေးထဲမှာ .. ငါကိုယ်တိုင် သတ်ပစ်ခဲ့တယ်လေ .. ဒါပေမယ့် ငါ မမေ့သေးဘူး .. နာကျင်စွာနဲ့ သတိတရ ရှိတုန်း .. ဒဏ်ရာတော့ ငါ့ကိုယ်မှာ မရှိခဲ့ဘူး .. စိတ်ရဲ့ အနက်ရှိုင်းဆုံးမှာ ..


ဟူး... ကျနော်လဲ မသိချင်ယောင် ဆောင်သွားလိုက်မယ်နော် ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...