Sunday, November 1, 2009

မဆုံးမယ့် အတွေးများ

တနေ့ တနေ့ ပတ်ဝန်းကျင်ကို သတိမထားမိပဲ နေ့စဉ် ဖြတ်သန်းနေမိတာ ဘယ်လောက်ကြာနေပြီ မသိ .. ထိုနေ့ကတော့ လမ်းပေါ်က သစ်ပင် ပန်းမန်တွေကို ဂရုတစိုက် ကြည့်မိတော့ လောက ကြီးက လှနေသားပဲ .. လမ်းဘေး တနေရာက ပန်းပင်တွေ ရောင်းတဲ့ ဆိုင်မှာလဲ ပန်းပေါင်စုံ အရောင်ပေါင်းစုံနဲ့ သက်ဝင် လှပ နေပါရော .. နေ၀င်ခါနီးအချိန်မှာ ၀င်ခါနီး နေရောင်က အရာရာကို တောက်ပမှုတွေနဲ့ ပိုမိုလှပစေတတ်ပါသလား .. အင်း .. ခု မြင်မြင်နေသမျှကတော့ သက်ဝင်လှပနေပါတယ် ..

လမ်းမ၀ဲယာကို ကြည့်မိတော့လည်း လူတွေ ပုံမှန်လုပ်ငန်းအနေနဲ့ လှုပ်ရှားသွားလာနေကြတယ် .. သူတို့ရော ကိုယ့်လိုမျိုး လှပနေတဲ့ ပတ်ဝန်းကျင်ကို ဂရုပြုမိကြရဲ့လား .. ဂရုပြုမိကြဖို့ရော သတိမှ ရကြရဲ့လား .. ပြောမဲ့သာ ပြောရတာ .. ကိုယ်တိုင်တောင် ခုတခါပဲ လောကကြီးက လှနေသားလို့ တွေးမိတတ်သေးတာလေ ..

ဒီက လူတွေရဲ့ တရားသေ လှုပ်ရှားမှုမျိုးကို ခံစားလို့ မရခဲ့တာ ကြာလှပြီ .. နွေးထွေးမှု မရှိ .. ပြောင်းလဲမှု မရှိ .. မျက်နှာသေ မျက်လုံးသေတွေနဲ့ .. အသက်ရှုနေလို့သာပေါ့ ..

လောကကြီးက လှနေပါတယ်လို့ သတိပြုမိတုန်းလေး တနေရာရာကို သွားပြီး အေးအေးဆေးဆေး ထိုင်နိုင်ရင်ကောင်းမှာပဲ .. မထိုင်ဖို့လည်း ဘယ်သူမှ မပြောပါဘူး .. ကိုယ့်ဟာကိုယ် မသွားဖြစ်သေးတာ .. တနေရာရာတော့ သွားဦးမှ .. သွားမယ့် နေရာလေးမှာ ရေတော့ ရှိစေချင်တယ် .. တိုက်တာတွေက မြင်ကွင်းတွေကို ကွယ်နေတဲ့ နေရာမျိုး မဖြစ်ရဘူး .. သစ်ပင်စိမ်းစိမ်းတွေ ကြားမှာ ပန်းပွင့်လေးတွေ ရှိနေမယ်ဆို မြင်ကွင်းက ပြည့်စုံနေမှာပဲ .. ဘေးနားမှာလား .. အင်း .. ဘယ်သူမှ မရှိလည်းပဲ ရပါတယ် ..

ဗီဗိုးက သဘောင်္တွေဆီ သွားရ ကောင်းမလားပဲ .. တနေရာရာမှာ ငြိမ်ငြိမ်လေး ထိုင်နေချင်တယ် .. တိတ်တိတ်ဆိတ်ဆိတ် နေရာလေး တခုလောက် .. ငှက်သံလေးတွေ ရှိမယ် .. သစ်ရွက် လေတိုးသံလေးတွေ ရှိမယ် .. ကားသံတွေတော့ ဝေးနေစေချင်တယ် .. လူသံတွေလည်း တိတ်နေစေချင်တယ် .. ငြိမ်ငြိမ်လေး နေနေပြီး အတွေးတွေလည်း မရှုပ်ထွေးလာစေမယ့်နေရာ .. ဘာကိုမှ မစဉ်းစား မတွေးတော မခံစားပဲ ကိုယ့်အသက်ရှူသံကိုတောင် သတိထားမိနေစေမယ့်နေရာ .. အသက် ရှိနေပြီး လှုပ်ရှားနေလို့သာ ကိုယ့်ကို အသက်ရှူနေတယ်လို့ ထင်နေရတာ .. တကယ်တော့ သတိထားပြီးမှ အသက်ရှူဖြစ်မယ်ဆို အသက်ရှူရပ်သွားတာ ကြာရောပေါ့ ..

ကိုယ် ဘာကို နှစ်သက်တာလဲ .. ကိုယ် ဘာဖြစ်ချင်နေတာလဲ .. အမြဲတမ်း တစွဲတလန်း မဖြစ်တတ်တာ တခါတခါတော့လည်း စဉ်းစားရ ကျပ်သား .. ၀ါသနာတခု စွဲစွဲလန်းလန်းရှိနေရင် တစိုက်မတ်မတ် လုပ်ဖြစ်မယ် .. အခုတော့ ဘာလုပ်ရ ကောင်းမလဲ စဉ်းစားနေရတဲ့ အဖြစ် .. ခုလည်း ရေရေရာရာ အဖြေတခု ကိုယ့်ခေါင်းထဲက ထွက်မလာဘူး ..

အဖြူထည်
အရောင်တွေ ကင်းတယ်
ရှင်းသန့်မှုရဲ့ အဓိပ္ပါယ်
စွန်းထင်းရင်တော့
အများထက်ပို သိသာစေမယ်
အထူး ဂရုပြုရမယ့်
အဖြူထည်

အကျီဖြူလေးဝတ်ထားတဲ့ ကလေး ဖြူဖြူလေးတယောက်ကို တွေ့လိုက်တယ် .. ကလေးတွေက အရောင်တွေ ကင်းတယ် .. သူတို့ ချစ်တဲ့သူနဲ့ဆို သူတို့ ပြုံးပျော်ရွှင်နေတတ်တယ် .. မချစ် မနှစ်သက်သူတယောက်က ကောက်ပွေ့လိုက်မယ်ဆို သူတို့ ငိုခြင်းနဲ့ မကျေနပ်မှုကို ပြသတယ် .. သူတို့မှာတော့ လွတ်လပ်စွာနဲ့ မကျေနပ်မှုကို ပြသခွင့် ရှိတယ် .. အိုး .. အသက်ကြီးလာတာနဲ့ အမျှ ကိုယ် ပိုင်ဆိုင် ရယူနိုင်တာတွေ များလာသလို ဆုံးရှုံးလိုက်ရတာတွေလည်း အားကြီးပါလား ..

အမှောင်ထု ကြီးစိုးနေတဲ့ လမ်းမကြီးကို အဖြတ်မှာ သတိထားမိတာက အဲဒီနေ့က လပြည့်ည .. လမင်းကြီးက လုံးလုံး ၀ိုင်းဝိုင်းကြီး အပြည့်အ၀ သာနေတယ်လေ .. ကောင်းကင်ကြီးကို မကြည့်မိတာလည်း ကြာပေါ့ .. ရန်ကုန်မှာဆိုရင်တော့ မီးပျက်တိုင်း ၀ရန်တာထွက်ဖြစ်တာနဲ့ ရှာမိတာက ခွန်ဆန်လောနဲ့ နန်းဦးပျင်တို့ ကြယ်မောင်နှံ .. မှတ်မှတ်ရရကို ရှာဖြစ်တယ် .. ညလယ်ခေါင် တရေးနိုး ၀ရန်တာ ထွက်ဖြစ်တိုင်းလည်း ရှာမိတယ် .. တွေ့လိုက်တိုင်းလည်း သူတို့အတွက် စိတ်မကောင်းဖြစ်ရတယ် .. အထက်တန်းတုန်းက သင်ရတဲ့ ပုံပြင်လေးထဲက ခွန်ဆန်လောရဲ့ အမေကြီးကိုလည်း မုန်းလိုက်တာ .. ခု ဒီမှာတော့ ကြယ်ရှာဖို့ မပြောနဲ့ လမင်းကိုတောင် သတိမထားမိတာ ကြာနေပြန်ပေါ့ ..

ခု သတိရလို့ အိမ်ပြင်ထွက်ကြည့်ရင်တော့ ရသားလေ .. ဒါပေမယ့် မီးမပျက်တော့ ကွန်ပျူတာရှေ့မှာပဲ အချိန်တွေ ကုန်မှန်းမသိ ကုန်နေတယ် .. ခုတောင် ညက တော်တော် နက်နေပေါ့ .. တော်ပါပြီ .. အတွေးတွေ ဒီမှာပဲ ခဏဆုံးလိုက်တော့မယ် ..

17 comments:

"မင်းကိုချစ်တဲ့သူ" said...

သစ်ရွက်စိမ်းတွေနဲ့ မလုံလောက်
ကော်ဖီတစ်ခွက်တော့ အဖော်ပါမှ...
ကလေးတွေကို အားကျတဲ့
မိုးခါးတစ်ယောက် မနာလိုစိတ်တွေပေါက် :P
ကြယ်တွေကိုတော့ လိုက်မရှာနဲ့
စလုံးကောင်းကင် ကြယ်တွေမဲ့ (ရှာဖူးလို့)
နောက်ဆုံးတော့လည်း post ကိုပဲ
မိုးခါးတစ်ယောက် ရေးနေဆဲ (ဘ၀တူမို့)


မင်းကိုချစ်တဲ့သူ

ညီညီ said...

အော်... မေ့လျှော့ခြင်းတွေနဲ့ ဥပက္ခာ တရားတွေနဲ့ ပြည့်နှက်နေတဲ့ ကောင်းကင်မှာ ဖြူစင်မှု့ဆိုတဲ့ကြယ်စင်များပျောက်ဆုံးကုန်ပြီထင်ပါရဲ့.။ လောဘ ရမ္မက် တွေရဲ့ ကောင်းကင်ကလမင်းလည်း. တိမ်ဖုံးပါလို့ မသာနိုင်ပြီကောလားဗျာ.။

အစစ်အမှန် အဖြူထည်ဘ၀ ကို ထာဝရပိုင်ဆိုင်နိုင်ပါစေ မမိုးခါးရေ.။

ခင်မင်လေးစားတဲ့

ညီညီ(အနာဂါတ်သံစဉ်)

မိုးစက်အိမ် said...

ခံစားချက်တွေ ကတော့ဘယ်တော့မှ ဆုံးမယ်
မထင်ပါဘူး ဒီမှာတော့ လကတိမ်လေးထဲခပ်ရေးရေး
ပေါ့ဗျာ နောက်နေ့ ညတော့ လကြီးပြည့်လောက်ပါရဲ့  :)

ဂျပန်ကောင်လေး said...

တယ်တွေးတတ်ပါလား.. ဟမ်.. သူအတွေးနောက်လိုက်နေတာ လူကိုချာလပတ်လည်သွားတာပဲ.. ဒါနဲ့ အခုတလော တရားထိုင်နော်... ဖောက်သွားဦးမယ်.. ဟိဟိ...

ဆောင်းနှင်းရွက် said...

အဟမ်းး အဟမ်းး
အခု တလော အတွေးပေါင်းစုံ
တွေးနေတယ်ပေါ့ ..
နီးစပ်နေပြီ . .
(တရားပေါက်ဖို့)
ဆက်တွေး ဆက်တွေး . .
အဟိ .. အဟိ ..

(တွေးရင်း တွေးရင်း
ဆံပင်တွေ ဖြူလာအုံးမယ် ..)

စည်သူ said...

အော်...
တွေးလေတွေးလေ..
တွေးလေလေပေါ့ဟာ..

သူများမတွေးတာကို တွေးတာကိုက အတွေးကောင်းတယ်..

သူပြောမှပဲ
နောက်နေ့ လိုက်ကြည့်အုံးမှ..
သေချာတာတစ်ခုကတော့ ဘယ်တုန်းက လပြည့်ပြီး
ဘယ်တုန်းက လကွယ်သွားတာ မသိလိုက်ဘူး..

ကိုတွေဘဝလည်း ဒီလိုနဲ့ပဲ အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့တာ များရာပေါ့..

ပျော်ရွှင်ပါစေ မိုးခါးရေ..
ခင်မင်စွာဖြင့်
စည်သူ။

Anonymous said...

အတွေး တစ်ဖြတ် နှစ်ဖြတ် ရှပ်ခနဲ ရိုက်သွားတယ်
ငါ့ရင်မှာ ကြယ်တွေ ဖတ်ရင်း အခန်းတွေ အခန်းတွေ ကျန်ရစ်ခဲ့ . . . .

ညလင်းအိမ် said...

နေ့စဉ်ဖြတ်သန်းနေတဲ့ဘဝ
ဘယ်ကာလရွေ့ပြီမသိ
ပန်းမန်တွေကတော့
သူ့ဖာသာ အလှဆင်တတ်သားပဲ...
ဝင်ခါနီးနေမင်းတောင်
တောက်ပမှုတွေနဲ့ နှုတ်ဆက်လုလုပါလား...

ပုံမှန်လှုပ်ရှားမှုနဲ့ ရှင်သန်လူသားထုတွေကတော့
ကမ္ဘာမြေလှပမှုကို
အသေအချာ သတိမပြုမိတာ ကြာလှပေါ့...

တခါတခါ
အလှအပသဘာဝကို
အကျအနခံစားချင်လို့ပေါ့...
စိမ်းလမ်းမှု တောအုပ်ထဲက
တိတ်ဆိတ်တဲ့ ညနေတွေမှာ
တယောက်တည်းဆိတ်လို့
အသက်ရှုသံကို ကာရန်လုပ်
သံစဉ်တပုဒ်တော့
ဟန်လုပ်ချင်ခဲ့တာလေ...

တကယ်တော့လည်း
ဆုတ်ဖြဲခဲ့တဲ့ ပြက္ခဒိန်တွေရဲ့အောက်မှာ
ပိုင်ဆိုင်မှုနဲ့ထပ်တူ လွတ်လပ်မှုတွေကျဆုံးခဲ့ရတယ်လေ...

အခါခါသာနေတဲ့
သော်တာလမင်းကိုလည်း
မျှော်ကာမကြည့်မိတာ ကြာလှပြီ ...
ဒဏ္ဍာရီ ဆန်လှတဲ့
ကြယ်စင်မောင်နှံကိုလည်း
ဖွေရှာမတွေးမိတာ တခါမကပြီ ...
ရင်မှာတွေးမိတဲ့
မဟာအတွေးတွေကိုလည်း
အသေအချာမရေးမိတာ ဘယ်အချိန်ဘယ်ကာလဆီ ။

သြော်... ဒီနေ့ညဉ့်က ဘာလို့ဒီလောက်နက်ရတာလဲ....

စာသားလေးတွေကိုဖတ်ပြီး ကဗျာတစ်ပုဒ်နဲ့ အတိုချုပ်ခဲ့ပါတယ်...
မိုးခါးရေ ...ပျော်ရွှင်ပါစေ...


လေးစားလျက် ...
ညရဲ့ကောင်းကင်

ညလင်းအိမ် said...

မမိုးခါးရေ...
အပေါ်က ကျွန်တော်ရေးလိုက်တဲ့ ကဗျာလေးကို ကြိုက်လို့ ကျွန်တော်ဆိုက်မှာ
တင်ချင်လို့ပါ...
ခွင့်တောင်းပါတယ်...
သူများစိတ်ကူးကို ကဗျာလုပ်ထားမိလို့ပါ...
ကျွန်တော်ကို ရမရ ပြန်ပေးပါဗျာ...

ကျေးဇူးတင်လျက်...

သားကြီး said...

ပို့စ်တစ်ခုဖတ်ပြီးလက်တန်းကဗျာတစ်ပုဒ်စပ်နိုင်တယ် တော်ပေစွ

တောင်ပေါ်သား said...

သွားချင်တယ်လား လာ တူတူသွားစို့း)


လေးစားလျက်
တောင်ပေါ်သား

kiki said...

တခါတလေကျတော့လည်း ကိုယ့်အတွေးထဲ ကိုယ်ပျော်ရွှင်စွာ နစ်မြောနေရတာ ကောင်းပါတယ် ...

ဒါပေမဲ့ လက်တွေ့ ဘဝကြီးကိုလည်း မေ့ထားလို့ မရနိုင်တော့ ခက်သား နော် ..

မေဇင် said...

အဲ့လေ.. ရေလေးတွေနဲ့ တောင်တန်းလေးနဲ့ စိမ်းစိမ်းစိုစို နေရာလေး.... Bukit Gombak(စာလုံးပေါင်း မှန်မမှန်မသိ) ရှိတယ် ပြောကြတယ်...သိလား..။ မ တွေးတာလေးတွေ မှန်လိုက်တာ.. မီးမပျက်တော့ ကွန်ပျုတာ ရှေ့မှာပဲ အချိန်တွေ တကယ်ကို ကုန်နေပါတယ်...။

လင်းကြယ်ဖြူ said...

အဖြူထည်
အရောင်တွေ ကင်းတယ်
ရှင်းသန့်မှုရဲ့ အဓိပ္ပါယ်
စွန်းထင်းရင်တော့
အများထက်ပို သိသာစေမယ်
အထူး ဂရုပြုရမယ့်
အဖြူထည်...

ကောင်းလိုက်တဲ့ အဓိပ္ပါယ်...ဟုတ်တယ်နော်
ကိုထူးအိမ်သင်ရဲ့ လူနဲ့ အင်္ကျီသီချင်းကိုတောင်နားထောင်ဖြစ်သွားတယ်..
ပျော်ပါစေ ညီမရေ

Mogok Thar said...

အဖြူထည်
အရောင်တွေ ကင်းတယ်
ရှင်းသန့်မှုရဲ့ အဓိပ္ပါယ်
စွန်းထင်းရင်တော့
အများထက်ပို သိသာစေမယ်
အထူး ဂရုပြုရမယ့်
အဖြူထည်


ဆက်တွေးပါ အိပ်ပုပ်လေးရယ်၊ အဲလေ ညီမလေး မိုးခါးရယ်

Angel Shaper said...

အဖြူထည်
အရောင်တွေ ကင်းတယ်
ရှင်းသန့်မှုရဲ့ အဓိပ္ပါယ်
စွန်းထင်းရင်တော့
အများထက်ပို သိသာစေမယ်
အထူး ဂရုပြုရမယ့်
အဖြူထည်

ဖြူစင်တဲ့ အလုပ်လုပ်လေး စောစောလုပ်နော်။
စောစော အိပ်ပြောတာ မမရေ......
အဆင်ပြေပျော်ရွှင်ပါစေ။

ကိုလူထွေး said...

စိတ်တော့အညစ်မခံပါနဲ့လေ...

ခါတိုင်းလိုပဲ mc ယူပြီး သွားချင်တဲ့နေရာ လျှောက်သွားပစ်လိုက်...းP

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...