Monday, November 8, 2010

ဆုတောင်း

စစ် .. စစ်ဆိုတာကို ငယ်စဉ်ကတော့ ဗီဒီယိုတွေ ရုပ်ရှင်တွေထဲမှာသာ မြင်ဘူးတယ် .. မြင်တိုင်းလည်း ဒါဟာ တကယ်မဟုတ်ဘူးဆိုတာ သိနေပြီးတာတောင် စစ်ထဲက ဒုက္ခ ခံစားရတဲ့သူတွေကို ကိုယ်ချင်းစာမိတယ် .. ငါသာ ခုလိုအဖြစ်မျိုးကြုံရင် ဆိုပြီးတော့ပေါ့ ..

တဖြည်းဖြည်း လောကကြီးနဲ့ အဆက်အဆံရှိလာတဲ့အခါ အီသီယိုးပီးယားနိုင်ငံလို ဒုက္ခတွေ ပင်လယ်ဝေ ဆင်းရဲခြင်းတွေနဲ့ ကြီးပြင်း သက်ဝင်ရတဲ့ နိုင်ငံတွေ ရှိတယ်ဆိုတာ သိလာတော့လည်း ကိုယ်သာ သူတို့နေရာဆိုရင် ဆိုပြီး စိတ်မကောင်းဖြစ်မိတယ် .. ကိုယ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် အသားအရောင် တူတူ မတူတူ သဘောသဘာဝ ဘယ်လောက်ကွဲကွဲ လူလူချင်းဆိုတဲ့ စိတ် ခံစားတတ်တဲ့ စိတ်နှလုံးရှိသူချင်းဆိုတဲ့ စိတ်နဲ့ စိတ်မကောင်းဖြစ်ခဲ့ရတာပဲ ..

စစ်ကြောင့် ဆုံးရှုံးလိုက်ရတဲ့ ဆုံးရှုံးမှုတွေ ဘယ်လောက်ကြီးမလဲ .. ချစ်ခင်သူတွေအတွက် ပူဆွေးခြင်း သောကတွေ ဘယ်လောက် ကြီးမလဲ .. ကိုယ့်နဲ့ အဝေးကြီးမှာရှိနေတဲ့ မဆိုင်သလို မခံစားပဲနေလို့ရတဲ့ တခြားနိုင်ငံက သတင်းတွေအတွက်တောင် စိတ်မကောင်းဖြစ်ကြရတယ် .. ခံစားတတ်သူတွေ ကိုယ်ချင်းစာတတ်သူတွေကိုး .. ကိုယ်သာ စစ်ဒဏ်ကို ပါဝင်ခံစားနေရသူတဦး ဖြစ်ခဲ့ရင် .. ကိုယ့်ရဲ့ ချစ်ခင်သူ တဦးဦး စစ်ထဲမှာ ပါဝင်နေခဲ့ရင် ဘယ်လောက်တောင် ပူဆွေးသောကရောက်ကြရမလဲ .. ကောင်းကွက်တကွက်မှာ ရှာမရတဲ့ စစ်ပါပဲ ..

ငယ်တုန်းက မသိတာတွေ ခု လက်တွေ့သိရတယ် .. မမြင်ဘူးတာတွေ လက်တွေ့မြင်ရတယ် ကြားရတယ် .. ဒါက ကိုယ်မွေးဖွားရာ ကိုယ်ချစ်ခင် တွယ်တာရာ မြေမှာတဲ့ ..

ခုချိန် ကြောက်လန့်တကြား သေနတ်ကျဉ်ဆံတွေကြားမှာ အသက်လု ပြေးလွှားနေရသူတွေ ဘယ်လောက်များနေပြီလဲ .. ကိုယ့်ချစ်ခင်သူတွေနဲ့ ခွဲခွာ ကွဲကွာကြရလို့ နာကြင်ခံစားနေရသူတွေ ဘယ်လောက် များနေပြီလဲ .. ဒါ ကိုယ့်မြေပေါ်မှာ ဖြစ်နေတာတဲ့ .. ကိုယ့် သွေးချင်းတွေ အချင်းချင်း ပစ်လို့ ခတ်လို့ ကိုယ်ရော စိတ်ပါ နာကြင်အောင် လုပ်နေကြတယ်တဲ့ ..

များနေပါပြီ .. ပြည်သူတွေ ကိုယ့်ဗိုက်တောင် ကိုယ်မ၀လို့ ကိုယ်ရောင်ကိုယ်ဝါ ညှိုးညှိုးငယ်ငယ်နဲ့ လူဘုံအလယ်မှာ မတင့်တယ်နိုင်တာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာနေပြီလဲ .. ပြည့်စုံ ပျော်ရွှင်ခြင်းဆိုတဲ့ စကားလုံးကို စကားလုံးအဖြစ်နဲ့တောင် သတိမရနိုင်ကြတာ ဘယ်လောက်ကြာနေပြီလဲ .. ဒီလိုပဲ တရက်တရက် မှောင်မှောင်လာလိုက်တဲ့ ဘ၀တွေ .. လူမွှေးလူတောင် မပြောင်တဲ့ အဖြစ်တွေ .. အတော်လေးကို ရင်နာစရာကောင်းပါတယ် ..

အူမမတောင့်လို့ သီလမစောင့်နိုင်သလို ကမ္ဘာမီးလောင်လို့ သားကောင်ချနင်းရတဲ့ ဘ၀တွေ ..

မြင်ရတဲ့ သတင်းတွေ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ် .. ယောင်္ကျား မိန်းမ လူမမယ် သက်ကြီးရွယ်အိုတွေ ပြေးလွှားနေကြရတယ် .. ပိုင်ဆိုင်မှုလေး မရှိမဲ့ ရှိမဲ့ကို ပစ်ထားခဲ့ရတယ် .. ဘယ်လိုရှေ့ဆက် ရှင်သန်ကြမလဲ .. အစတည်းက တဲက ယဲ့ယဲ့ .. အားးးးးးး .. တွေးရင်း တော်တော် မွန်းကြပ်ပါတယ် ..

တတ်နိုင်တာ တခုပဲ ရှိတယ် .. မေတ္တာပို့နေဖို့ပါပဲ .. အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက်နာကြင်ခြင်း ကင်းကြပါစေ .. ဘေးအန္တရာယ် ကင်းရှင်းကြပါစေ .. လုံခြုံတဲ့ ဘ၀ အေးချမ်းတဲ့ဘ၀တွေ အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ ..

ကျမတို့တွေအပေါ်ကို လွှမ်းခြုံထားတဲ့ တိမ်မဲတွေ အမြန်ဆုံးကင်းရှင်းပြီး ကောင်းကင်ကြီး ကြည်လင်လာပါစေ .. အားလုံးပဲ ကိုယ်ချင်းစာစိတ်လေးတွေ မွေးနိုင်ပြီး အမှန်တရား အမြန်ဆုံး အနိုင်ရရှိပါစေ ..

အားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ .. အမှန်တရားကို မြင်ပြီး လက်ခံလာနိုင်ကြပါစေ ..

11 comments:

Anonymous said...

အားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ .. အမှန်တရားကို မြင်ပြီး လက်ခံလာနိုင်ကြပါစေ ..

(ကော်ပီ)

:)

Ree Noe Mann said...

ဆုတောင်းပေးနေမိပြန်ပါတယ်

သံလွင် HeRo said...

အမိမြန်ပြည်ကြီးအေးချမ်းကြပါစေ။

noblemoe said...

ဆုတောင်းတိုင်းသာပြည့်ရင်သိပ်ကောင်းမှာပဲနော်
အင်း အဓမ္မကို ဓမ္မကနိုင်တယ်ဆိုရင်လည်း ဘယ်ချိန်ကျမှလဲ....
အမှန်တရားတွေကကော...
စက်တင်ဘာတုန်းက သွေးမြေကျခံပြီး မေတ္တာပို့ ဆုတောင်းတွေကိုလိုက်မမှီပေမဲ့
ဘာဖြစ်ဖြစ်ပါလေ ဆုတောင်းယုံပဲရှိတော့တာပါပဲနော်
ကိုယ်ချင်းစာစိတ်လေးတွေ မွေးနိုင်ပြီး အမှန်တရား အမြန်ဆုံး အနိုင်ရရှိပါစေ ..

အားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ .. အမှန်တရားကို မြင်ပြီး လက်ခံလာနိုင်ကြပါစေ

အမိမြေပေါ်မှာ သာယာချမ်းမြေ့မှုတွေအမြန်ဆုံးရောက်ရှိုလာနိုင်ပါစေ...

မြတ်မွန် said...

ဟုတ်တယ် ခါးခါးရေ..
မြင်ရတာ စိတ်မချမ်းသာဘူး။

ငါသာဆိုရင်လို့တွေးလိုက်တာနဲ့ မျက်ရည်ကကျလာရော
အရမ်းကြောက်မိတယ်။
အဖိုးတို့ငယ်ငယ်က ခေတ်လို ပြန်ဖြစ်နေရှာတယ်..သနားပါတယ်လေ.။

Sonata Cantata said...

အလဲလဲအပြိုပြို ဖြစ်နေတဲ့ စိတ်ဓာတ်ကိုကြိုးစား စုစည်းပြီး မိုးခါးနဲ့ အတူ ဆုတောင်းသွားတယ်။

ZT said...

မနေ့က သတင်းတွေ ဖတ်ရင်းနဲ့ တာရာမင်းဝေ ကဗျာက ဘာရယ်မသိ ခေါင်းထဲ ဝင်လာတယ်။

http://taryarminwaimemorial.blogspot.com/2007/08/blog-post_4966.html

ဂျူနို said...

ညီမနဲ့တူ ဆုတောင်းနေပါတယ်။ မြင်ရကြားရတာ အရမ်းစိတ်ဆင်းရဲတာပါပဲ။ နေလို့ ထိုင်လို့ကို မရဘူး။

မအယ်

ahphyulay said...

ဒါကြောင့်  စစ် ကို မုန်းလို့ 
ရေစစ်တောင်မထားပါဘူးလို့ ။
သူတို့ က အမှန်တရားကို ပန်းကန်ပြားလေးလောက်ပဲ
သဘောထားတာပါ။
ဒါပေမဲ့ သူတို့  မဖြစ်ခင်မြို့ ထဲက ထွက်ခွါပေးဘို့ 
လေးဆယ့် ငါးမိနစ်အချိန်ပေးကြောင်း တစ်မြို့ လုံး
မိုက်နဲ့  လိုက်အော်ပေးသားပဲ ။
မဆိုးပါဘူး လို့  ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အာဃာတတွေ အမုန်းတရား မာနတွေ မလျှော့နိုင်ကြသေးသရွေ့တော့ စစ်ဆိုတာ ဒီကမ္ဘာကြီးပေါ်က ပျောက်ကွယ်သွားဦးမယ် မထင်ပါဘူး
စစ်ဖြစ်ပြီဆိုမှတော့ အရာရာဟာ ဆုံးရှုံးတာပါဘဲ။
ဘယ်သူ့အတွက်မှ မကောင်းတာ သေချာပါတယ်..
စစ်ဆိုတဲ့အရာ အမြန်ဆုံးပပျောက်သွားစေချင်ပါတယ်..

ဇွန်မိုးစက် said...

မိုးခါးရေ...ဆုတောင်းသံလေးတွေ ကြားလို့ထင်တယ်နော်။ မျှော်လင့်ချက်ရောင်ခြည်တွေ ကွန့်မြူးလာပြီ။း)

ဒါနဲ့ အမဆီမှာ ကာမတဏှာစာအုပ်အပိုင်ရပြီ။ မိုးခါး မဖတ်ရသေးဘူးဆိုရင် ယူဖတ်နော်။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...