Friday, March 25, 2011

အထီးကျန် ကန္တာရ

နင်သူ့ကိုချစ်ခဲ့လား .. ဟင့်အင်း .. သူမခေါင်းခါလိုက်တယ် .. ဟုတ်တယ် မချစ်ခဲ့ဘူး .. ချစ်ဖို့လည်းမစဉ်းစားမိဘူး .. ဘယ်တော့မှလည်း ချစ်မှာမဟုတ်ဘူး .. သူမခေါင်းကို တွင်တွင် ခါရမ်းလိုက်တယ် ..

သူမ အမြင်တွေေ၀၀ါးလာတယ် .. အလန့်တကြား မျက်နှာကို စမ်းကြည့်လိုက်မိချိန်မှာ သူမ ပါးပြင်မှာ မျက်ရည်တွေ .. ဘာလို့ကျရတာလဲ .. သူမသိပ်မုန်းတဲ့ မျက်ရည် .. အရှုံးပေးချင်နေတဲ့ အဓိပ္ပါယ် .. ဟင့်အင်း .. သူမ မရှုံးချင်ဘူး .. ခု သူမနိုင်လိုက်ပြီ .. ဒါကြောင့် ဒီမျက်ရည် ကျစရာမလိုတော့ဘူး .. ရီလိုက်စမ်းပါ .. ၀မ်းသာအားရ ရီလိုက်ပါ ..

သူမ ရီဖို့ ကြိုးစားကြည့်တယ် .. အသံထွက်ပြီးရီဖို့ ကြိုးစားကြည့်တယ် .. ထွက်လာတဲ့ရီသံက သွေ့ခြောက်ခြောက် ..

သူမ ပြုံးကြည့်တယ် .. သူမ အပြုံးက အသက်ဝင်လှတယ်မဟုတ်ဘူး .. မဲ့ပြုံးလား .. မချိပြုံးလား တစ်ခုခုဖြစ်လိမ့်မယ် ..


^^^^^^^^^^


"သွန်း .. မင်းကို တစ်ယောက် ကြည့်လှချည်လား .."
သူငယ်ချင်း ဖွေး လက်တို့လိုက်တော့ ဖွေးပြောတဲ့ဘက်ကို လှည့်ကြည့်လိုက်တယ် ..
သွန်း မမြင်ဘူးခဲ့တဲ့ နူးညံ့စူးရှတဲ့ မျက်ဝန်းတွေ .. တိတိရိရိနဲ့ စကားကြွယ်မယ့် နှုတ်ခမ်းပါးတစ်စုံ .. သွန်း မနေတတ်စွာနဲ့ ခေါင်းကို ငုံ့ချလိုက်တယ် ..


^^^^^^^^^^


ဒီနေ့မှ အတူပြန်နေကျသူငယ်ချင်းက အလုပ်မဆင်းသလို ရုံးဆင်းချိန်ကျမှ အချိန်ကိုက်ရွာလာတဲ့မိုးနဲ့ သွန်းတစ်ယောက် လမ်းသွားရင်း ရှုပ်ရှက်ခတ်နေတယ် ..

အိုး .. သွားပြီ .. သွန်းလက်ထဲဆွဲလာတဲ့အိတ်က စက္ကူအိတ်ဖြစ်နေတော့ ရေစိုပြီး ပြဲကျသွားတယ် .. အထဲမှာ ကောက်ထည့်လာသမျှပစ္စည်းတွေလည်း လမ်းပေါ်ပြန့်ကျဲကုန်ပြီ ..

"အား .. စိတ်ညစ်လိုက်တာ .. ငါကိုက ဒီနေ့ကံမကောင်းတာ .." စိတ်ညစ်ညစ်နဲ့ ပါးစပ်ကလည်း တဗျစ်တောက်တောက်ပြောရင်း ပစ္စည်းတွေ လိုက်ကောက်နေလိုက်တယ် .. လူကလည်း တကိုယ်လုံးစိုရွှဲပြီး ကြွက်စုတ်ကတောင် ကြီးတော်ခေါ်လောက်တယ် ..

မျက်စိရှေ့မှာ ရပ်သွားတဲ့ ခြေထောက်တစ်စုံ .. အမှတ်မဲ့ကြည့်မိလိုက်တော့ သွန်း ငေးငေးလေးဖြစ်သွားတယ် .. ကတ္တီပါ ဖိနပ် အရောင်နက်နက်ပေါ်က ဖွေးဖွေးသန့်သန့် ခြေထောက်တစ်စုံက မိုးရေစက်လေးတွေနဲ့ မြင်လိုက်ရတဲ့ ခဏ သွန်းခပ်ငေးငေးဖြစ်သွားတယ် .. သွန်းကိုယ်တိုင်က ခြေထောက် လက်ထောက် သွယ်သွယ်ရှည်ရှည်လေးတွေဆို သိပ်သဘောကျတတ်တာကလား ..

ခြေထောက်ပိုင်ရှင် သွန်းရှေ့မှာ ထိုင်ချလိုက်မှ သွန်းသူ့မျက်နှာကို ကြည့်မိတယ် ..
အိုး .. တိုက်ဆိုက်လိုက်တာ .. ဒီနေ့က ကံကောင်းတဲ့နေ့လား .. ကံဆိုးတဲ့နေ့လား .. အစကတော့ မိုးရွာထဲ ခုလို ဒုက္ခဖြစ်နေတာ ကံဆိုးတယ်လို့ ထင်နေခဲ့တာလေ .. ခုတော့ဖြင့် ဒီလိုအခြေအနေကြောင့်မို့သာ ခုလိုဆုံတွေ့ဖြစ်ပြန်ပါပြီ ..


^^^^^^^^^^




သွန်း အိမ်ပြန်မှာမလား .. ကျွန်တော် လိုက်ပို့ပေးမယ် .. ပြောပြောဆိုဆို သူကောက်ထားတဲ့ပစ္စည်းတွေကို ယူပြီး သူ့ကားဆီကို လျှောက်သွားလိုက်တယ် ..




ဟင့်အင်း .. သွန်းမလိုက်ချင်ပါဘူး .. ခုမှ တစ်ခါသာမြင်ဘူးသေးတဲ့သူတစ်ယောက်ရဲ့ ကားပေါ်တက် လိုက်သွားဖို့ မရဲတင်းသေးဘူး .. သွန်းနောက်က အပြေးလေး လိုက်သွားရင်း ..




"သွန်း မလိုက်တော့ပါဘူး .. ဘတ်စ်ပဲ စီးသွားလိုက်မယ် .. ပစ္စည်းတွေပဲ ပေးလိုက်ပါ .. ရှေ့က ဆိုင်လေးမှာ အိတ်ဝင်ဝယ်လိုက်မယ် .. ကျေးဇူးတင်ပါတယ် .."


သူက မျက်မှောင်ကုတ်ကြည့်တယ် ..
"ဘာဖြစ်လို့ပါလိမ့် .. ကျွန်တော့်ပုံစံက မဟုတ်တာလုပ်မယ့်ပုံများပေါက်နေလို့လား .. ကျွန်တော့်မျက်စိထဲ မျက်မှန်းတန်းမိနေလို့ ရိုးရိုး ကူညီတာပါ .."

သွန်း ပေကပ်ကပ်ဆက်ရပ်နေတော့ ..
"ကဲ .. ခင်ဗျား ကျွန်တော့ကားကို စီးရမှာ စိတ်မချရင်လည်း ကားတော့ငှားသွားလိုက်ပေါ့ .. ဒီလောက် ကြွက်စုတ်ဖြစ်နေပြီ .." ပြောပုံကိုက ကြည့်ပါဦး မသက်မညှာ .. သွန်းပုံစံ ဆူအောင့်အောင့်ဖြစ်သွားပုံကို သူမြင်ပြီး သဘောတကျ ပြုံးလိုက်တာ သွန်းမျက်လုံးဒေါင့်က မြင်လိုက်တယ် .. အဲဒီခဏ သွန်းဘာဖြစ်သွားလဲ .. ရင်ခုန်သွားတာလား ..

အငှားကားတစ်စီးလာတော့ သူလက်ပြတားလိုက်တယ် .. ကားရပ်လာချိန်မှာ ကားတံခါးဖွင့်ပြီး ..
"ကားငှားပြီးတော့ ပြန်လိုက်ပါ .." သူ့လေသံက ချော့သလိုလို .. သွန်းလည်း ကားပေါ်တက်ပြီး
"ကျေးဇူးတင်ပါတယ် .." ဆိုတော့ သူက
"မတင်ပါနဲ့ဗျာ .. ကျွန်တော်ကူညီတာတော့ ခင်ဗျားလက်မခံပဲနဲ့ .." သွန်း ပြုံးမိပြန်တယ် .. "ဘယ်လိုလူပါလိမ့် .."


^^^^^^^^^^


မနက်အလုပ်ရောက်လို့  သွန်း အရောင်းကောင်တာက ပစ္စည်းတွေ စီရီနေတုန်း ခြေထောက်တစ်စုံ .. သူပဲလား .. သွန်းရင်ခုန်သွားတယ် .. သွန်းက အောက်မှာ ငုံ့ထိုင်နေတော့ သူမြင်ပုံမပေါ်ဘူး .. သွန်းမှန်ကြားထဲက ချောင်းကြည့်တော့ သူ သွန်းကို လိုက်ရှာနေတာလား .. သူငယ်ချင်းက ပစ္စည်းဝယ်ဖို့ လာသူ အထင်နဲ့
"ဘာရှာပါသလဲ .."
"ခင်ဗျာ .. သြော် .. လူ .."
"ရှင်"
"သြော် .. ဒီလိုခင်ဗျ .. အရင် ဒီကောင်တာမှာထိုင်တဲ့ သွန်းကိုရှာတာပါ .."
"သြော် .." သူငယ်ချင်းက အောက်ကိုငုံ့ကြည့်ပြီး ..
"ဟဲ့ သွန်း .. နင့်ကိုရှာနေတယ် .." မချိုမချဉ် မျက်နှာပေးနဲ့ သွန်း ထိုင်ရာက ထလိုက်တယ် ..
"သြော် .. ခင်ဗျားက ပုန်းနေတာကိုး .. ဘာလဲ အကြွေးပေးရမှာစိုးလို့လား .."
"အောင်မာ .. ရှင့်ဆီက ဘာကြွေးများ ယူထားမိလို့လဲ .."
"မသိဘူးလေ .. ခင်ဗျားက ပုန်းနေတာကိုး .. ဒီတော့ ကြွေးရှင်ကို ရှောင်တယ်ထင်လို့ .. ကျွန်တော့်ဆီက အကြွေးယူထားတယ်မပြောပါဘူး .." ခပ်ပြုံးပြုံး သူ့မျက်နှာမှာ ပါးချိုင့်ယောင်ယောင် ခွက်ခွက်လေးပါလား ..
"ကဲ .. ထားပါ .. ကျမကိုရှာတာ ဘာကိစ္စလဲ .."
"ဆေးဖိုးတောင်းမလို့ .."
"ဘယ်လို"
"ဟုတ်တယ် .. ကျွန်တော်က နေကောင်းပြီးကာစပဲရှိသေးတယ် .. မနေ့က ခင်ဗျားနဲ့ အတူ မိုးရေချိုးလိုက်တာ ပြန်ဖျားပြီ .."
"ဟင် .." ဟုတ်သားပဲ .. မနေ့က သူမိုးရေထဲမှာ သွန်းပစ္စည်းတွေကို လိုက်ကောက်ပေးနေခဲ့တာလေ .. သူလည်း သွန်းလို ကြွက်စုတ်ဖြစ်မှာပဲ .. သွန်းအားနာသွားတယ် ..
"ဘာဆေးသောက်မလဲ .. သွန်းသွားယူလိုက်မယ် .."
"အဟဲ .. နောက်တာပါဗျာ .. ခု အမေဈေးဝယ်တာ ကျွန်တော်လိုက်လာတာ .. အအေးမိတာလည်း ညကတော့ တကယ်ပါ .. ခင်ဗျားကို သတိရလို့ လာရှာတာ .. ကောင်တာမှာ မတွေ့တော့ ခင်ဗျားပါ ဖျားနေပြီလားလို့ .."
ဒါ သူ့ရဲ့ အကြင်နာ တစွန်းတစကို မြင်မိသလို ..


^^^^^^^^^^


ဒီလိုနဲ့ သွန်းနဲ့ သူနဲ့ ခင်မင်လာခဲ့တယ် .. သွန်းရဲ့အားလပ်ချိန်တွေဆို သူနဲ့ပဲ ကုန်လွန်ဖြစ်တာများခဲ့တယ် .. သူက သွန်းကို တရစ်ပြီးတစ်ရစ် ချည်နှောင်နေတယ်ဆိုတာ သွန်း မငြင်းနိုင်ဘူး .. ရှောင်ဖယ်ဖို့လည်း စိတ်ကူးမရှိခဲ့ဘူး .. သွန်း ရူးခဲ့တယ် ..

သူက ဂစ်တာသမား .. အနုပညာသမား .. သူ့ရဲ့ လက်ရှည်ရှည်သွယ်သွယ်လေးတွေးကို သွန်းစိတ်ကူးနဲ့ ပိုင်ပိုင်နိုင်နိုင် ဆုတ်ကိုင်ထားချင်တယ် .. ဒါတွေဟာ သွန်းအတွက် စိတ်ကူးယဉ်ရုံ သက်သက်ပဲ ဖြစ်နေခဲ့တာ သွန်းတစ်နေ့ တော့ သိလိုက်ရတယ်လေ ..

သူက သွန်းအပေါ် သိပ်ကို ဂရုစိုက်ပါတယ် .. တစ်ခါတစ်လေ ပိုင်စိုးပိုင်နင်း ဆက်ဆံတတ်တာကလွဲရင် သွန်းအပေါ်အလေးအနက်ထားတယ် လို့ သွန်းထင်တယ် .. သွန်းကို သူတွဲဘူးတဲ့သူတွေလို သဘောမထားလောက်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေခဲ့မိတယ် .. ပြီးတော့ သူအမြဲပြောတတ်တာက သူတကယ်ပဲ ချစ်တတ်ခဲ့ပြီဆိုတာမျိုး .. သူသိပ်ချစ်တဲ့မိန်းကလေးက ဘယ်လိုပုံစံဆိုတာမျိုး အမြဲပြောတယ် .. အဲဒါသွန်းကိုပြောနေခဲ့တယ်ဆိုတာ သွန်းစိတ်က သိနေခဲ့တယ် .. ကျေနပ်နေခဲ့တယ် .. ဒါပေမယ့် ခုချိန်ထိ ချစ်တယ်ဆိုတဲ့စကားကို မပြောခဲ့သေးဘူး ..

သူနဲ့သွားသမျှ လမ်းတိုင်းမှာ သူ့ အသိ မိတ်ဆွေဆိုတာ မိန်းကလေးတွေချည်းပဲ .. များသောအားဖြင့်လည်း သူ့ရဲ့ ရည်းစားဟောင်းတွေ ဖြစ်ဖြစ်နေတတ်တယ် ..

ပြီးတော့ သွန်းသူ့အကြောင်း တဖြည်းဖြည်းသိလာချိန်မှာ သွန်းကြောက်လာတယ် .. သူက မိန်းကလေးတွေကို တန်ဖိုးမထားတတ်တဲ့သူ .. မိန်းကလေးတွေနဲ့ တွဲသွားတွဲလာလုပ်ရတာကိုသဘောကျတဲ့လူ .. သွန်းက ဘာလို့ အဲလိုမျိုးနေတာလဲဆိုတော့ ..

"သွန်းရဲ့ လူဘ၀ဆိုတာ ခဏလေးရယ် .. အဲဒီခဏလေးမှာတောင် အိမ်ထောင်မကျခင်ထိပဲ ဒီလို လွတ်လွတ်လပ်လပ်နေနိုင်တာ .. အိမ်ထောင်ပြုပြီးပြီဆိုရင် ဒီလိုနေလို့မရတော့ဘူး .. အိမ်ထောင့်တာဝန်ကိုယူရမယ် .. သွန်းကရော အိမ်ထောင်ကျပြီးနောက် ကိုယ်အဲလိုနေရင် လက်ခံမှာမို့လား .."

ဘုရားရေ .. ဒါဘာစကားလဲ .. သွန်းမျက်နှာကို ခပ်ပြင်းပြင်းဖြတ်ရိုက်ခံလိုက်ရသလိုပဲ ခံစားလိုက်ရတယ် .. ခုသူက ထင်နေတာ သွန်းက သူ့ကို တမ်းတမ်းစွဲစုံမက်နေတယ်ပေါ့ .. ဘယ်ချိန်ပဲ ဖွင့်ပြောလိုက် ဖွင့်ပြောလိုက် သွန်းက အဆင့်သင့်ရှိနေမယ်လို့ သူထင်နေတာပေါ့ .. သွန်းကို အထင်သေးရက်လိုက်တာလို့လည်း ၀မ်းနည်းမိတယ် .. တစ်ချိန်တည်းမှာ ဆုံးဖြတ်လိုက်တာက သွန်းသူ့အပေါ်သေလောက်အောင် ချစ်ပါစေ ဘယ်တော့မှလက်မခံတော့ဘူး ဆိုတာပဲ ..

သွန်းဘ၀တစ်လျှောက်လုံး အရိုးရှင်းဆုံးဖြတ်သန်းလာခဲ့တာ .. ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်တဲ့သူ တစ်ယောက်တည်းဖြစ်ချင်ခဲ့တာ .. ဒါပေမယ့် သွန်းချစ်မိသွားသူအတွက် သွန်းက ဘာလို့ဦးဆုံးမဖြစ်ခဲ့ရတာလဲ .. နောက်ဆုံးလည်းမဖြစ်နိုင်ခဲ့ဘူးလေ .. သွန်းကိုယ်တိုင်က မဖြစ်ချင်ခဲ့တော့တာပါ ..


^^^^^^^^^^


သွန်းနဲ့ သူနဲ့ သိခဲ့တာ ၃နှစ် ပြည့်ခါနီးပြီ .. သွန်း သူ့အနားမှာ အရင်လိုပဲ ရှိဆဲပါ .. သူကလည်း အရင်ပုံစံအတိုင်းပဲ ရှိနေဆဲပါ .. သွန်းသူ့ကို ချစ်ပေမယ့် သွန်းဦးနှောက်က လက်မခံခဲ့ဘူး .. သွန်းက သူ့အပေါ် မျှော်လင့်ချက်နဲ့ အနားမှာ နေနေတဲ့ မိန်းကလေးဆိုတဲ့ အထင်ကို နှလုံးသွေးနဲ့ ရင်းပြီး ချေဖျက်ပစ်ရမယ် .. သွန်းဟာ သူမမြင်ဘူးသေးတဲ့ ခေါင်းမာ မာနကြီးတဲ့ သူတစ်ယောက်ဆိုတာ သူသိစေရမယ် .. သွန်း ဒီလိုလုပ်လို့ သူခံစားရမယ်ဆိုရင် ဒါဟာ သူသွန်းကို အထင်သေးမိတဲ့အတွက် ရတဲ့ အပြစ်ဒဏ်လို့ သွန်း နာမည်တပ်မယ် .. ဒီလောက်တော့ သူခံစားပါစေ .. သွန်းကိုယ်တိုင်တောင် ကိုယ့်ရင် ကိုယ်ခွဲ နှလုံးသွေးနဲ့ရင်းလိုက်ရတာပဲလေ .. 



^^^^^^^^^^

နောက်လထဲမှာ သွန်းနဲ့သူ သိတာ ၃နှစ်ပြည့်မယ် .. သူအရင်နှစ်တွေတုန်းကလို သတိတရရှိနေဦးမှာပါ ..

^^^^^^^^^^

"သွန်း"
"အင်း .. ပြော"
"နောက်လဆို ကိုယ်တို့ သိတာ ၃နှစ်ပြည့်ပြီနော် .. အဲဒီအတွက် ကိုယ် သွန်းဖို့ လက်ဆောင် စီစဉ်ထားတယ် .. ပြီးတော့ ပြောစရာစကားလည်းရှိတယ် .. ပြီးရင် သွန်း ကိုယ်လိုချင်တာ တစ်ခု ပြန်ပေးရမယ် .."
"အလိုတော် .. သူ့ဆီကဘာပစ္စည်းမှလည်း မတောင်းပဲနဲ့ .. သူ့ဟာသူပေးပြီး ဒီက လည်းပြန်ပေးရဦးမယ် .. မဟုတ်သေးပါဘူး .. မပေးတော့ ဘာဖြစ်လဲ .."
"မပေးလို့မဖြစ်ဘူး .. သွန်းကိုယ့်ကိုပေးမှာပါ .. ကိုယ်သိနေတယ် .." ဒီစကားအတွက် သွန်း မအံ့သြတော့ပါဘူး .. သေချာပြီလေ .. သူဟာ သွန်းကို သူမြင်ဘူး တွေ့ဘူးသမျှ မိန်းကလေးတွေနဲ့ တန်းတူသဘောထားလိုက်တာပဲပေါ့ ..


^^^^^^^^^^

အလုပ်ဆင်းချိန် ရောက်တော့ သွန်း ချက်ချင်းဆင်းမသွားချင်တာနဲ့ အလုပ်ရှုပ်ချင်ယောင် ဆောင်နေလိုက်တယ် .. ၁၅မိနစ်လောက်နောက်ကျပြီး ဆင်းသွားတော့ သူ့ကားက မရောက်သေးပါဘူး .. သူက အဲလိုမျိုး သွန်းအပါအ၀င် အရာရာကို အလေးအနက်မထားတတ်သူ .. သူ့ကိုသာ စောင့်ချင်စောင့်ပါစေ သူက မစောင့်ချင်တဲ့သူ .. သွန်းရပ်စောင့်နေလိုက်တယ် .. ၅မိနစ်လောက်ကြာတော့ သူရောက်လာတယ် .. သူ့မျက်နှာ အပြုံးကို မြင်ရချိန်မှာ သူမစိတ်ထဲ နှမြောသလိုပဲ .. ဒီနေ့ဟာ သွန်းအတွက် နောက်ဆုံးနေ့ .. သူ့ရဲ အပြုံးတွေ လှုပ်ရှာမှုတွေ အားလုံးကို သွန်း စိတ်ထဲ မှတ်သားထားလိုက်တယ် ..

"သွန်း .." သွန်းလို့ခေါ်လိုက်သံမှာ နူးညံ့မှုတွေ ပျော်ဝင်နေတယ်လို့ သွန်းထင်တယ် ..
"ကိုယ်တို့ လက်ထပ်ရအောင် .. ကိုယ်သွန်းကိုချစ်နေတာ သွန်းသိတယ်မလား .. သွန်းလည်း ကိုယ့်ကိုချစ်တယ်မလား .. ကိုယ် နောက်မိန်းကလေးတွေနဲ့လည်း မရှုပ်ချင်တော့ဘူး .. သွန်းတစ်ယောက်တည်းနဲ့ ဘ၀တစ်ခု တည်ဆောက်ချင်ပြီ .. ကိုယ့်ကို လက်ခံတယ်လို့ ပြောပါ .. သွန်း ကိုယ့်ကိုချစ်တယ်မလား .."

"ရှင်က ကိုယ့်ကိုယ်ကိုယ် တော်တော် ဘ၀င်မြင့်တတ်တဲ့လူပဲနော် .." သူမထင်မှတ်ထားတဲ့စကားမို့ အလန့်တကြား သွန်းကိုကြည့်တယ် ..
"ဘာကိုဆိုလိုတာလဲသွန်း.."
"သြော် .. ကျမက ရှင်အချိန်မရွေး ဖွင့်ပြော .. ရမှာပဲလို့ ထင်နေတာမလား .. ဒီလိုဆိုရင်တော့ ရှင်ထင်တာ တက်တက်စင်ကိုလွဲနေပြီ .. ကျမက ရှင့်ကို ချစ်လည်းမချစ်သလို ဘယ်တော့မှလည်း လက်ထပ်မှာမဟုတ်ဘူး .."
"သွန်း မနောက်ပါနဲ့နော် .. ကိုယ်တောင်းပန်တယ် .. ကိုယ်နဲ့သွန်း ဘ၀အတွက် ကိုယ်အများကြီးစဉ်းစားပြီးသား .. ကိုယ် သွန်းကိုတကယ်ချစ်တာ .."
"ရှင် တခြားမိန်းကလေးတွေကိုသွားပြောပါ .. ယုံချင်ယုံလိမ့်မယ် .. ကျမကတော့ ရှင့်အကြောင်း ရှင့်အကျင့်ကို တော်တော်များများသိထားတဲ့သူမို့လို့  ယုံမှာမဟုတ်ဘူး .."
"သွန်း ယုံအောင် ကိုယ်ဘာလုပ်ပြရမလဲ .."
"မလိုပါဘူး .. အသုံးမ၀င်တော့ဘူး .."
"ဘာလို့ ဒီလိုလုပ်တာလဲ .."
"ဘာလုပ်မိလို့လဲ .. ကျမမှာ ငြင်းပိုင်ခွင့် မရှိဘူးလား .."
"မင်း ငါ့ကိုချစ်တာ ငါသိတယ် .."
"ဟင့်အင်း .. ကျမ ဘယ်တော့မှ မချစ်ဘူး .. ကျမကို ခွင့်ပြုတော့ ရှင် .." ပြောပြော ဆိုဆိုနဲ့ သွန်း ထွက်လာခဲ့လိုက်တယ် ..


နှမြောတသခြင်း များစွာနဲ့
ဆုံးရှုံးဖို့ပဲ ရွေးလိုက်တယ်
ဒါဟာ မာနရဲ့ ဆုံးဖြတ်ချက် ..။


မာနရဲ့ ဆွဲချက်ကို 
ဦးနှောက်နဲ့ လက်ခံရင်း
ရင်တခုလုံး တ၀ုန်းဝုန်းပြိုလို့ ..။


မငိုနဲ့ မငိုနဲ့ 
အားတင်းရင်း မျက်ရည်တွေ တွေတွေကျ 
မာနအတွက်တဲ့ ..။


နောက်ကျောမှာ ရှိနေသူအတွက် ကျမရဲ့ မျက်ရည်တွေကိုတော့ မမြင်နိုင်လောက်ပါဘူး .. ဟန်မပျက်စမ်းနဲ့ .. ကိုယ့်ကိုကိုယ် အားပေးရင်း လမ်းဖြတ်အကူး ..


"သွန်း သွန်း .."


လှည့် မကြည့်နဲ့ လုံးဝ အရှုံးမပေးနဲ့ .. 


"သွန်း သတိထား .."


^^^^^^^^^^

ကျမ သတိထားမိလိုက်ချိန်မှာ ကားတစီး အရှိန်ပြင်းပြင်းနဲ့ .. နောက်ဆုံး သိလိုက်တာက ကျမ တကိုယ်လုံး ပစ်လဲသွားတယ် .. ပလက်ဖောင်းနဲ့ အရှိန်ပြင်းပြင်းဆောင့်မိတဲ့ဒဏ် .. အို .. ကျမ သေတော့မလား .. 


ဘေးနား လူတွေဝိုင်းလာပြီး ကျမကို တွဲကူထူကြတယ် .. ဒါဆို ကျမ မသေလိုက်ဘူးပေါ့ .. 


"ကလေးမ ဘာမှ မဖြစ်ဘူးနော်" .. ဘေးနားက စကားတခွန်း ..


ကျမ ကြောင်အစွာ ခေါင်းညိမ့်မိတယ် .. လမ်းလယ်ခေါင်မှာလဲ လူတွေ စုလို့ .. အဲဒီနား သွားမလို့ အပြင်မှာ .. 


"သမီး မသွားနဲ့ .. အဲဒီမှာ သမီးကို တွန်းထုတ်လိုက်တဲ့ ကောင်လေး ကားတိုက်ခံလိုက်ရတာ .. သမီး သွားမကြည့်တာ ကောင်းမယ်ထင်တယ် .."


"ရှင် .."


ကျမ မျက်လုံးတွေ ပြာဝေသွားတယ် .. ကျမ အားသွန်ပြေးရင်း ..


မဟုတ်ရဘူး .. မဟုတ်ရဘူး .. ကျမ မငိုချင်ဘူး .. ကျမလိုချင်ခဲ့တာ ရှင့်ရဲ့ နှမြောတသခြင်းပါ .. ခု ကျမ ရနေတာ နောင်တတွေ .. ခု ကတ္တရာလမ်းပေါ် လဲနေသူဟာ ကျမ ဖြစ်ရမှာ .. ဘာကြောင့် ရှင်ဖြစ်နေတာလဲ .. ဒါ အမှန်တရား မဟုတ်ဘူး .. မဟုတ်ရဘူး ...



^^^^^^^^^^

မြတ်နိုးလွန်းစွာ
ဖွင့်မပြောခဲ့ရက်သူကို
မပွင့်လင်းမှုအတွက်
ကံကြမ္မာက ဒဏ်ခတ်ခဲ့တယ်
တသက်တာ ဝေးကွာခြင်းသို့ ..။


တသက်စာ အရှုံးတွေ သူပေးခဲ့တယ် .. နောင်တတွေ တပွေ့တပိုက်နဲ့ ဘ၀ကို ရှေ့ဆက်ရင်း ကျမ အနာဂတ် တခုလုံး ပူပြင်းခြောက်သွေ့လို့ ..

13 comments:

Angelhlaing(May everybody be happy and healthy! said...

မမရေ ကဗျာလေးရော ဝထ္ထုလေးပါ အရမ်းကောင်းတယ်နော်...ခံစားအားပေးသွားပါတယ် မမရေ...ကောင်းသောနေ့လေးဖြစ်ပါစေ။

noblemoe said...

အစောကြီးစိတ်မကောင်းစရာတွေဖတ်လိုက်ရတယ်။
စာရေးသားပညာကိုတော့ ညီမဆီကသင်ရမယ်။ တော်ချက်
ရေးလိုက်ရင်တော့သေတာတွေ ကွဲတာတွေကြီးပဲ
ဖွလိုက်ရ သူတို့ တွဲကိုတော့ တွေ့ တဲ့သူတိုင်းစိတ်ချမ်းသာရတယ်လို့ 

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မြတ်မွန် said...

နောက်ဆုံးစာကြောင်းလေး ဟက်ထိသွားတယ် ခါးခါးရေ..။
နောင်တတွေ တပွေ့တပိုက်နဲ့ ဘဝကို...

လင်းခေတ်ဒီနို said...

နောင်တ
နောင်တ
နောင်မှ တလို့ရ တဲ့နောင်တ တဲ့း(

အခါခါ နောင်တရ ဖူးတယ် နောင်ကို မတ မိအောင်နေမိတဲ့ အချိန်ကျခါမှ အဝေးဆုံးကို ရောက်နေပြီး

နောင်တ ကို ငါကြောက်တယ်

နင်ရေးတာကောင်းတယ် ငါလည်း အခု နောင်မှ တမိနေတဲ့ အဖြစ်ရောက်နေတယ်း)

ဒါပေမဲ့ အဝေးဆုံးကို ထွက်သွားနေတဲ့ ရထားတစ်စင်းလိုပဲ ပြန်လာဖို့ မမြင်ဘူး

ငါဟာ ရထားလာတာတောင် အရပ်မခံရတဲ့ ဘူတာငယ်တခုလိုပဲး))

သိပ်ကောင်းတယ် ရေးချက်

ဒီလိုလေးတွေ များများရေးဟး))ကောင်းချက်

ခနွဲ said...

သားသားက ထင်ထားတာ။ လက်ထပ်မယ်လို့ ပြောရင် ကောင်မလေးက လက်ခံမယ်ထင်ထားတာ။ အင်း..စိတ်မကောင်းစရာပဲ။ အရေးအသားတော့ အရမ်းကောင်းတယ်ခင်ဗျ။

Libratun said...

ကောင်းလိုက်တာ။ ဒီလောက်စာရှည်ရင် အရင်က မဖတ်ဘူး။ ခုတော့ ဖတ်လို့ပြီးသွားတယ် မသိလိုက်ဘူး။ ဖတ်လို့ကောင်းတယ်။ ကဗျာလေးလည်းကောင်းတယ်။ အမှန်ပါပဲလေ။ မပွင့်လင်းရင် အဲဒီလို ဒဏ်ခတ်တယ်လား။ ဟုတ်တော့ ဟုတ်မယ်ထင်တယ်။း)

ချမ်းလင်းနေ said...

လွမ်းလွမ်းဆွေးဆွေးလေးပဲ ညီမရေ။ ရေးထားတာ စွဲဆောင်မှုရှိတယ်။

အတွေးကမ္ဘာ..မှတ်တမ်း said...

မပွင့်လင်းမှုအတွက် ကံကြမ္မာက ဒဏ်ခတ်သတဲ့လား...

ကောင်းပါပေ့ ဆရာမရယ်... အရေးအသားအရမ်း ကောင်းပါတယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်လို့ကောင်းလိုက်တာ ဇာတ်လမ်းအဆုံးရောက်မှ စိတ်မကောင်းကြီးစွာ ဖြစ်ရတော့တယ်။
မာနဆိုတဲ့အရာတွေဟာလည်း အချစ်ကို ကွဲစေနိုင်တယ်နော်။
ချစ်သူတိုင်း နားလည်မှုလေးတွေနဲ့ ပေါင်းဖက်စေချင်ပါတယ်.. ဘယ်သူ့ကိုမှ မဝေးကွာစေချင်ပါဘူး
အဆုံးသတ်ကတော့ တနင့်တပိုးခံစားရတယ်

မြစ်ကျိုးအင်း said...

ကိုယ့်ရင်ထဲက တကယ်ချစ်တဲ့သူ ဆိုရင်တော့ ဆုံးရှုံးသွားတိုင်း ကျန်နေတတ်တာ နောင်တ တွေပဲ။

Anonymous said...

ပို့စ် ထဲက လူတွေကို သုံးသပ်ရမယ်ဆိုရင်ဖြင့် ..

ကောင်လေးကလည်း အာချောင်
ကောင်မလေးကလည်း မပွင့်လင်း ..

ဟူးးး.. ခက်တယ် ..ခက်တယ် ..

ချစ်ရင် ချစ်တယ် ..
ကြိုက်ရင် ကြိုက်တယ် ..
မုန်းရင် မုန်းတယ် .. ပေါ့ ..

ကိုယ့်ဘာသာကိုယ်
စိတ်ဒုက္ခ ရောက်အောင်
ဘာလို့များ မွေးမြူချင်ကြတာပါလိမ့် ...

မရေ .. အားပေးသွားပါတယ် ..
ရေးထားတာ ကောင်းတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

akhayar said...

စိတ်ဝင်တစားဖတ်မိသွားတယ်....အရမ်းကောင်းတဲ့ အရေးအသား...မပွင့်လင်းရင်.ချစ်သူတွေကိုကွဲစေတက်တယ်နော်....

witch83 said...

ရေးထားတာ အရမ်းကို ကောင်းပါတယ်။
ရင်ထဲကို နင့်သွားတာပဲ။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...