ကျမသည် တခါတရံတွင် အတော် အူကြောင်ကြောင် နိုင်သူ တဦးဖြစ်ပါသည် လို့ စရေးရရင်ကောင်းမလား .. ကျမသည် တခါတရံ အတော် ရူးကြောင်မူးကြောင်နိုင်ပါသည်လို့ ရေးရကောင်းမလား .. ကျမအတွက် စာ စရေးတဲ့အခါ အစပိုင်း အင်ထရိုကိစ္စမှာ တော်တော် အချိန်ပေးရတတ်ပါတယ် .. ဟုတ်ကဲ့ ခုနကစာကို ပြန်ဆက်ရရင် ကျမသည် တခါတရံ စိတ်ရူးပေါက်တတ်ပြီး အူကြောင်ကြောင်အတွေးတွေ လိုအပ်သည် မလိုအပ်သည် မသိ တွေးတောရင်း ကိုယ့်ဒုက္ခ ကိုယ်ရှာတတ်သူ တယောက် ဖြစ်ပါသည် ..
ကျမ စစ်ကားတွေ ကြည့်လေ့မရှိပါ .. စိတ်ဆင်းရဲစရာကောင်းတယ်လို့ သတ်မှတ်မိပါတယ် .. ပိုဆိုးပြီး တကယ်အဖြစ်ပျက်ကို အခြေခံရိုက်ထားတာဆိုရင် ပိုပြီး ရှောင်တတ်ပါတယ် .. တခါတလေ လူများတဲ့အခါ ၀ိုင်းကြည့်မိပေမယ့် တယောက်တည်းဆိုရင်တော့ ဘယ်တော့မှ စစ်ကား သရဲကား စတဲ့ ထိတ်လန့်စရာ ကားတွေကို ရှောင်ပါတယ် ..
ခုတော့ မရို့စ်ဆီက ပို့စ်ကို ဖတ်မိရင်း Beyond Rangoon ကို ကြည့်မိပါတယ် .. ဒီတိုင်းတွေ့ရင် မကြည့်ပါဘူး သေချာပါတယ် .. ဒါပေမယ့် ခု ကြည့်ပြီးသွားပါပြီ .. ကြည့်ပြီးတော့လည်း ခံစားရတယ် .. မျက်ရည်ကျရပါတယ် .. (ပြောထားပါတယ်နော် .. ကိုယ့်အကြောင်းကိုယ် ..း))
တကယ်မဟုတ်ပါဘူး အရုပ်ကြီးပါ သရုပ်ဆောင်နေတာပါ ဒါဟာ ဇာတ်လမ်းလို့ ဘယ်လိုပြောပြော ကျမကတော့ တော်တော်ခံစားလိုက်ရတယ် .. (တယောက်တည်းရဲ့ ခံစားချက်ပါ) ..
မျက်စိရှေ့မှာ ကြီးပြင်းလာတဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေ ချက်ချင်း မျက်စိရှေ့မှာ အသက်ပျောက်သွားခဲ့တယ် .. ချစ်သူတွေ ခင်ပွန်းဇနီးတွေ မိသားစုဝင်တွေ မျက်စိရှေ့မှာ အသက်ပျောက်သွားတယ်ဆိုတဲ့ ခံစားချက်က ဘယ်လောက်ဆိုးလိုက်ပါမလဲ .. အသက်လုပြေးလွှားရင်း သူ့မကယ်နိုင် ကိုယ့်မကယ်နိုင်ဘ၀နဲ့ လွတ်ခါနီးမှ အသက်ဆုံးသွားတဲ့ ကိုယ့်ချစ်ခင်သူတွေအတွက် ဘယ်လိုဖြေသိမ့်နိုင်လိမ့်မလဲ .. လင်ရယ် သားရယ် စုံညီနေရာကနေ ချက်ချင်း မုဆိုးမဖြစ်သွားရတဲ့ မိန်းမတယောက်အတွက် ဘယ်လိုနှစ်သိမ့်နိုင်ပါ့မလဲ .. ကိုယ်က လွတ်ရာ လွတ်ကြောင်းဖြစ်နေပြီ .. ကိုယ့်ခင်ပွန်း ကိုယ့်ချစ်သူ ဘယ်တော့ပေါ်လာမလဲဆိုတဲ့ ဒုက္ခ .. တခြားလူတွေ တဖြည်းဖြည်းစုံလာပြီး ကိုယ့်မိသားစုထဲက လိုအပ်နေသူရဲ့ မသေချာတဲ့ အိမ်ပြန်လမ်းကို ပူပန်ရတဲ့ ဒုက္ခ .. အိုး .. ဆက်စဉ်းစားရင်း မကြုံဘူးပါပဲ ရူးချင်လာတယ် .. ကိုယ်သာ အဲလိုအချိန် အဲလိုနေရာမှာဆို ကျန်ခဲ့သူတော့ မဖြစ်ချင်မိဘူး .. သေရဲလားဆိုတော့လည်း အသားလေးညပ်မိလို့ နာရင်တောင် တဆစ်ဆစ်တုန်လို့ .. အတွေးတွေနဲ့တင် ခက်ရချည့် ..
ရုပ်ရှင်ကို ကြည့်နေရင်း ပြေးကြလွှားကြသူတွေကြား ကိုယ်ပါ မောလာတယ် .. လွတ်ပါစေ ဆုတောင်းနေရင်းနဲ့ မလွတ်ပဲ သေသွားတော့ ၀မ်းနည်းရပြန်တယ် .. တဦးကို တဦး ကူညီဖေးမရင်း အန္တာရယ်နဲ့ တွေ့တော့မလား တွေ့တော့မလားရယ်လို့ ရင်တွေတုန်လို့ .. ဒါဟာ ရုပ်ရှင်လို့ ဘယ်လိုတွေးတွေး ကိုယ်ပါရောပူပန်နေလိုက်တာ .. အင်း ကိုယ်ရူးမှန်းလည်း ကိုယ်သိပါရဲ့ ..
လူတိုင်း ပြည့်စုံ ပျော်ရွှင်မှုကိုသာ လိုလားမှာပါ .. အကောင်းဆုံးဆိုတဲ့ အခြေအနေကိုလည်း မျှော်လင့်လိမ့်မယ် .. မျှော်လင့်တာနဲ့ လွှဲခဲ့ရင် .. ထပ်တော့ မလွဲချင်တော့ပါဘူး .. အရာရာ အန္တာရယ်ကင်း ငြိမ်းချမ်းစေချင်ပြီ .. အားလုံးလည်း ငြိမ်းချမ်းမှုကို မျှော်လင့်ကြမယ်ထင်ပါတယ် .. အယူအဆတွေ အနည်းငယ် လွှဲချင်လွှဲနေလိမ့်မယ် .. ရင်ထဲက ပန်းတိုင်ကတော့ တူညီကြပါလိမ့်မယ် ..
လူဆိုတာ တယောက်တည်းနေရင်တောင် ကိုယ့်စိတ်နဲ့မတည့်ဖြစ်နေတာ အများနဲ့ဆိုရင်တော့ ညှိနှိုင်းကြရမှာ အသေချာပါပဲ .. တဦးနဲ့ တဦး ဆက်ဆံကြတဲ့အခါမှာ မေတ္တာတရား နားလည်မှုတွေနဲ့သာ တည်ဆောက်ကြမယ်ဆိုရင် အတော် ငြိမ်းချမ်းမှာပဲလို့ မျှော်မှန်းမိတယ် .. အားလုံးပဲ တူညီတဲ့ ပန်းတိုင်ကို မတူညီတာတွေ ညှိနှိုင်းရင်း အမြန်ဆုံးရောက်ရှိဖို့ ဆုမွန်ကောင်း တောင်းမိပါတယ် ..
ကျမ အရူးထပြီးရေးတာနဲ့ လိုက်ဖတ်နေရပြီ .. မထူးပါဘူး .. Beyond Rangoon ကိုလည်း ထပ်ကြည့်ချင် ကြည့်လိုက်ကြဦးပေါ့ ..း) အများကတော့ ကြည့်ပြီးသား ဖြစ်လိမ့်မယ်ထင်ပါတယ် .. ခုလို စိတ်ရူးပေါက်တိုင်း ထရေးတတ်တာကိုလည်း သည်းခံဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် .. :D ကမ္ဘာသူ ကမ္ဘာသားအပေါင်း ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ .. ၀ဋ်ကြွေးတွေ ရှိရင်လည်း အမြန်ကုန်ပါစေတော့ပေါ့ ..း)
15 comments:
((ကျမသည် တခါတရံတွင် အတော် အူကြောင်ကြောင် နိုင်သူ တဦးဖြစ်ပါသည် လို့ စရေးရရင်ကောင်းမလား .. ကျမသည် တခါတရံ အတော်ရူးကြောင်မူးကြောင်နိုင်ပါသည်လို့ ရေးရကောင်းမလား))ဘယ်လိုပဲ ရေးရေး ကြောင်တာတော့ ကြောင်တာ ပါပဲ မုန့်ဟင်းခါးရယ်.. :D
သူက my name is mr khan ကြည့်ပြီး မဒမ်ငိုတာထက် ပိုဆိုးနေပြီထင်တယ်။ညည်းအေ...:)
ဟုတ်တယ် ရွှေမိုးရေ ကိုရင်ပြောတဲ့ကားကိုကြည့်
ကောင်းမှကောင်း ကျုပ်တော့ထိုင်ကိုငိုပစ်တာ (အမှန်တော့ရောငိုတာပေါ့နော)
တော်တော်ကောင်းတယ်း)
စာလေး လာဖတ်ပါတယ် မမိုးခါးရေ...။ ၀မ်းနည်း၊ ၀မ်းသာ ရသတွေကို အနုပညာက ပေးစွမ်းနိုင်တယ်။ အခု ဒီရုပ်ရှင်ကတော့ အဖြစ်အပျက်မှန်၊ ဘ၀မှန် ဆိုတော့ ပိုပြီး ကြေကွဲဖို့ ကောင်းတာပေါ့။ မိုးခါး ဆုတောင်းသလိုပဲ တစ်ချိန်ချိန်မှာ ငြိမ်းချမ်းလာမယ်လို့ မျှော်လင့်မိပါတယ်။ အစ်မ ဘလော့ဂ်လေးမှာလည်း စိတ်ဝင်တစား လာဖတ်သွားလို့ ကျေးဇူးတင်ပါတယ်ရှင်။
အရာအားလုံးငြိမ်းချမ်းစေချင်ပါတယ်ဗျာ။
ခင်လျက်
Junemoe
အဲ့ကားကြည့်ချင်နေတာနဲ့အတော်ပဲ....၊ကျေးကျေးဗျိုးးးးး
ကြည့်လိုက်ဦးမယ် ညီမရေ။ မကြည့်ရသေးဘူး။
ကျေး၊ဇူးနော်။
ညီမက ပေါကြောင်ကြောင် မနိုင်ပါဘူး။ ဒါပေမဲ့ တစ်မျိုးလေးတော့ ဟုတ်တယ်။း)
ကြည့်ပြီးပါပြီရှင့်
ညန်မာပြည်ကတောင်
ကြည့်လို့ရပါတယ်း)
ဝမ်းတော့မနည်းမိဘူး (ထင်ပါတယ်း)
ကြက်သီးတော့.ဖြန်းဖြန်းထတယ်အစ်မ :P
ဒါနဲ့စကားမစပ်..
အစ်မရေးတဲ့.အင်ထရိုလေးကို
သဘောကျပါတယ်း)
ချမ်းမြေ့ပါစေရှင်
ခင်မင်စွာဖြင့်
မိစံ
မကြည့်ဖြစ်သေးတော့ ဘယ်လိုခံစားရတယ်ဆိုတာ မပြောနိုင်သေးဘူး
ဒါကြောင့် သေချာ ရှာပြီးကြည့်ဦးမယ်
အင်တာနက်ကနေဖြစ်ဖြစ် ကြည့်လို့ရအောင် ကြိုးစားလိုက်ဦးမယ်
စစ်ကားမကြိုက်ပေမယ့်ကြည့်ဖြစ်အောင်ကြည့်လိုက်အုံးမယ်
မိုးခါးမှမဟုတ်ပါဘူးကွယ် လူတိုင်းဟာ အနည်းနဲ့အများ
အရူးသွေးပါကြတာချည်းပါပဲး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အဲဒီကား မကြည့်ဖူးသေးဘူး ကြည့်ကြည့်လိုက်ဦးမယ်...
ကျွန်တော်ကကျ တစ်မျိုး ဒီလို ကားတွေမှ ကြိုက်တာ... ဒါကလဲ အနုပညာကို ခံစားခြင်း တမျိုးလို့ တော့ ထင်တာဘဲ။ ပျော်စရာရှိပျော်၊ စိတ်မကောင်းစရာရှိ ဝမ်းနည်းမိပေါ့... ကျေးဇူးနော် သူငယ်ချင်း...
ကြည့်ပြီးပြီ သူငယ်ချင်းရေ...
ကြည့်ပြီးတော့လဲ စိတ်မကောင်း ဖြစ်မိတယ်...
နယ်စပ်ဒေသတွေလဲ ဘယ်လိုတွေ ဖြစ်နေပြီလဲ...
ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ မျှော်လင့်မိပါတယ်လေ...
ညီမလေးလည်းမမနဲ့ တူလို့ ဖြစ်မယ် တစ်ခါတရံ..ကျွန်မသည်.......:):)
ကြည့်ပြီးပြီ သူငယ်ချင်းရေ...
အရမ်းကိုစိတ်မကောင်းဖြစ်ရတယ်နော်
လူကကြည့်ရင်မာတယ်ဆိုပေမဲ့ အသဲနုတယ်သိလား
အဲလိုကားတွေကြည့်ပြီးငိုချင်တယ်
မကြည့်မိသေးပါဘူး
အချိန်လဲမအားလို့ပါ
ခုမှ မဂျက်ပြောတာနဲ့ သူ့ဆီမှာရှိတယ်တဲ့
အားမှ ယူကြည့်လိုက်မယ်နော်
စိတ်ထဲမှာ ရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း နေပါ ညီမရဲ့။ အခုခေတ်ထဲမှာက ထိန်းချုပ်ရတာ များတော့ လူတွေက စိတ်ဖိစီးမှု အရမ်းဖြစ်တယ်။ ငိုစရာ ရုပ်ရှင်ကို ကြည့်ပြီး ငိုကြတယ် ဆိုတော့မှလည်း ဒါရိုက်တာ အတွက် အောင်မြင်တယ် ပြောရမှာပေါ့။ မဟုတ်ဘူးလား။
ပျော်ရွှင်ပါစေ။
Post a Comment