Saturday, May 21, 2011

သံတွဲမြို့

မြန်မာနိုင်ငံရဲ့ မြို့တွေ များစွာထဲကမှ မြို့လေးတမြို့ပေါ့ ..

ဟိုးအရင်တုန်းက အဲဒီမြို့လေးမှာ နတ်မြင်းပျံကြီးရှိသတဲ့ .. ရန်သူတွေ လာရောက်တိုက်ခိုက်ပြီဆိုရင် မြင်းကြီးက ဟီလိုက်တာနဲ့ အဲဒီမြို့လေးဟာ ကောင်းကင်ကို ပျံတက်သွားသတဲ့ .. အဲလို မြို့လေးက ကောင်းကင်ပေါ်ပျံတက်သွားတော့ ရန်သူတွေဟာလည်း မြို့လေးကို တိုက်ခိုက်လို့ မရတော့ပဲ အမြဲတမ်း တပ်ခေါက်ပြန်ကြရသတဲ့ .. ဒီလိုနဲ့ အခေါက်ခေါက်အခါခါဖြစ်လာတဲ့ အခါ ရန်သူ လူဆိုးတွေက တန်ခိုးရှိတဲ့ ပညာရှင်ကြီးတဦးကို သွားမေးသတဲ့ .. သူတို့ သွားသွားပြီးတိုက်တိုင်း မြို့က ကောင်းကင်ပေါ် ပျံပျံတက်သွားတာကို ဘယ်လိုတားဆီးရမလဲပေါ့ .. ဒါနဲ့ ပညာရှိကြီး က မြို့ကြီးပျံတက်မသွားနိုင်အောင် မြို့ကြီးရဲ့ ပတ်ပတ်လည်ကို သံကြိုးတွေနဲ့ တွဲထားလို့ အကြံပေးလိုက်သတဲ့ .. ဒီလိုနဲ့ ရန်သူတွေဟာ မြို့လေးရဲ့ ပတ်ပတ်လည်မှာ သံကြိုးတွေနဲ့ အရင်တွဲ ပြီးတော့မှ မြို့လေးကို လာရောက် တိုက်ခိုက်ကြသတဲ့ .. အဲဒီအချိန်မှာ နတ်မြင်းပျံကြီးက ဟီပေမယ့် မြို့လေးကတော့ ပျံမတက်နိုင်တော့ဘူးတဲ့ကွယ် .. အဲလိုမျိုး သံတွေကို တွဲပြီး သိမ်းပိုက်ထားတဲ့ မြို့ မို့လို့ သံတွဲလို့ နောက်လူတွေက ခေါ်ဝေါ်ကြတယ်တဲ့ .. ပုံပြင်လေးကတော့ ဒါပါပဲကွယ် .. :P

(ပြောပြတဲ့ အစ်မက သံတွဲသူပါ .. သူလည်း ကြားဖူးနားဝပေါ့ .. သူပြောပြောချင်းကိုယ်က မေးခွန်းထုတ်ပါတယ် .. ဒါဆို သံတွဲက အဆုံးမှာ ရန်သူတွေလက် ကျသွားတာပေါ့ ဟုတ်လား လို့ ဆိုတော့ .. အဲ့အစ်မကလည်း အင်းးးးး ပေါ့ လို့ ဖြေးဖြေးလေးလေး ဆိုလာပါတယ် .. :D)

ကျမ စလုံးကို မလာခင် ၁နှစ် ၂နှစ် အလိုလောက်မှာ မေကြီးက သံတွဲကို တာဝန်ကျပါတယ် .. ဒီတော့ ကျမတို့ မိသားစုလည်း သံတွဲကို ရောက်ရပြီပေါ့ ..

ရခိုင်ပြည်နယ်ရဲ့ မြို့တော်တခုဖြစ်တဲ့ သံတွဲမြို့လေးကို ရန်ကုန်ကနေ ညနေဘက် ၅ နာရီ ထွက်တဲ့ကားနဲ့ သွားမယ်ဆို မနက်ကို ၇နာရီ ၈နာရီ ပတ်ဝန်းကျင်လောက်ရောက်ပါတယ် ..

ကျမတို့ စီးလာတဲ့ ကားပေါ်က ဆင်းဆင်းချင်းပဲ မေကြီးတို့ ရုံးက ၀န်ထမ်းတွေက အသင့်စောင့်ကြိုနေကြပါတယ် .. မေကြီးက အမျိုးသမီးလည်း ဖြစ် နှစ်ရှည်နေရမယ့် အခြေအနေမို့ မေကြီးရဲ့ ပစ္စည်းတွေက အများကြီးပါပဲ .. ကားဂိတ်ကနေ ရုံးရှိတဲ့ နေရာကို သုံးဘီးဆိုင်ကယ်လေးတွေနဲ့ ပစ္စည်းတွေ သယ်ရပါတယ် .. လူလည်း လိုက်ပေါ့ .. :D

အဲဒီမနက်ခင်း ရောက်ရောက်ချင်း ပစ္စည်းတွေချပြီး ရုံးရှိရာကို မသွားသေးပဲ ဒေသခံတွေက အဲဒီက လ္ဘက်ရည်ဆိုင်တခုမှာ မနက်စာ ကျွေးပါတယ် .. ကျမကို ဘာစားမလဲဆိုတော့ မိနုကို ကြည့်ပြီး နွားနို့ရတယ်ဆိုတာနဲ့ နွားနို့သောက်မယ်ပြောလိုက်ပါတယ် .. နယ်ဘက်က နွားနို့ဆိုတော့ ရန်ကုန်ထက်ပိုစစ်မယ်လဲ ထင်တာကိုး .. (တကယ်ကတော့ သိပ်မကွာပါဘူး .. လ္ဘက်ရည်ဆိုင်က နွားနို့ဆိုတော့) .. ကျမ ဖေကြီးကလည်း နွားနို့တဲ့ .. ဒီလိုနဲ့ စောင့်နေရင်း နွားနို့ခွက် လာချပေးပါတယ် .. ခွက်လေးက သေးသေးလေးရယ် .. ဒါနဲ့ အကြီးမရှိဘူးလားမေးတော့တာပေါ့ .. (ရောက်ရောက်ချင်းဆောက်နဲ့ ထွင်းတာတော့ မဟုတ်ပါဘူး .. မိုးခါးက ကော်ဖီတို့ နွားနို့တို့ဆို ခွက်ကြီးကြီးနဲ့ များများသောက်တတ်တဲ့လူ မို့ပါ .. :D) ဒါနဲ့ စားပွဲထိုးက ကောင်တာကို လှမ်းမှာပါတယ် .. နွားနို့ တိုင်ကီနဲ့ တဲ့ .. :P (တိုင်ကီဆိုပြီး သိပ်လည်းမကြီးပါဘူး .. မတ်ခွက် ဆိုက်ပေါ့ .. :P) ဂလိုနဲ့ မနက်စာကို နွားနို့ကို တိုင်ကီနဲ့ သောက် အဲဒီက အစ်မတွေက ကောင်းတယ်ပြောတဲ့ ပဲပလာတာကို စားပြီး ၀မ်းဖြည့်ခဲ့ရပါတယ် ..

သံတွဲမြို့မှာ နံတော် ဆံတော် အံတော် ဆိုပြီး ဘုရား ၃ဆူ ရှိပါတယ် .. ဘုရား ၃ဆူလုံးကို တောင်ထိပ်တွေမှာ တည်ထားပါတယ် .. နံတော်တောင်က အမြင့်ဆုံးဖြစ်ပြီး အံတော်တောင်က အနိမ့်ဆုံးပါ .. မေကြီးရုံးက အံတော်ဘုရားတောင်ခြေမှာ ရှိပါတယ် .. ကျမရောက်သွားတဲ့ အချိန်မှာ အံတော်ဘုရားအနီးမှာ ရပ်တော်မူဘုရားကြီးတဆူကို တည်လက်စပါ .. ခုတော့ ပြီးလောက်ပြီပေါ့ ..

သံတွဲမြို့မှာ စားစရာအနေနဲ့ သတိအရဆုံးကတော့ ရခိုင်မုန့်တီနဲ့ ငါးနီတူလှော်သုပ် ပါ .. (ခုပြောရင်းတောင် သရေကျတယ် .. :D) ရခိုင်မုန့်တီဖတ်တွေက အဲ့မှာ ကြီးပါတယ် .. နန်းကြီးတယ်ပေါ့ .. ကျမကတော့ အမျှင်သေးသေးကို ပိုကြိုက်ပါတယ် .. ဒါပေမယ့် အဲဒီက မုန့်တီကတော့ အရမ်းစားလို့ ကောင်းပါတယ် .. ကျဲကျဲ ချိုချိုပေါ့ .. ပြီးတော့ ငါးနီတူလေးတွေကို လှော်ပြီး သုပ်တာပါ .. ငရုပ်သီးစိမ်းနဲ့ စပ်စပ်ကလေး အရမ်းကောင်း .. (ရှလွတ်) ကင်းမွန်ဆိုလည်း အကောင်ကြီးကြီးတွေ .. ပုဇွန်ဆိုလည်း လတ်လတ်ဆတ်ဆတ်နဲ့ပေါ့ ..

နွားနို့က လ္ဘက်ရည်ဆိုင်မှာ သိပ်မကောင်းပေမယ့် လာပို့တဲ့ နွားနို့က အရမ်းကောင်းပါတယ် .. ပြီးတော့ ငပိပေါ့ .. ငပိက နီနီလေး(ပန်းရောင်ထနေတာ) ပါ .. လုံးဝ မငံပဲ အရမ်းချိုပါတယ် .. (ကျမ ကြားတာတော့ ရန်ကုန်က ငပိတွေက ပြန်ရောတာတဲ့ .. မစစ်ဘူး ဆိုပါတော့) ငပိ ငါးခြောက်တွေက လုံးဝ မငံပဲ အချိုကဲပါတယ် .. ပြီးတော့ ဆုံဆီ စစ်စစ်လည်း ရပါတယ် .. ဟင်းသီးဟင်းရွက်ကတော့ အရမ်းလတ်ဆတ်တာပေါ့ .. ပန်းပွင့်ကြီးတွေဆို အကြီးကြီးတွေ ဖြူဖွေးပြီး ဈေးကလည်း သက်သာပါတယ် .. ဒါကြောင့်လည်း တောရွာနေတဲ့လူတွေက ကျန်းမာတယ်ထင်ပါတယ် .. သူတို့က အစစ်ရနိုင်တယ်လေ .. မြို့ကြီးပြကြီးနေတဲ့လူတွေကတော့ ဘရမ်းနောက်လိုက်ရင်းကို အတုမိနေကြတာမဟုတ်လား ..

သံတွဲမြို့လေးမှာ နေစဉ်တလျှောက်လုံး အရမ်းစိတ်အေးချမ်းရပါတယ် .. ရုံးဝန်ထမ်းတွေကလည်း ဖော်ရွေကြသလို သဘောလည်း ကောင်းကြတယ် .. ပြီးတော့ သံတွဲမှာ ရေလည်း ကောင်းပါတယ် .. စီးတာတွေဘာတွေ မရှိပါဘူး .. နေတော့ ပြင်းသပေါ့ .. စက်ဘီးတစီးရှိရင် သံတွဲတမြို့လုံး ပတ်လို့ရပါတယ် ..

သံတွဲမှာ ရခိုင်စကားပြောတယ်ဆိုပေမယ့် အကုန်လုံးမြန်မာသံ ပီပါတယ် .. နဲနဲကွဲတာက သူတို့က စကားကို အဆုံးမသတ်ဘူးပဲပြောရမလားမသိဘူး .. ကျမတို့ မရဘူး လို့ ပြောရင် သူတို့က မရ ဆိုတာနဲ့ ရပ်သွားပါတယ် .. မေကြီးလည်း နောက်ပိုင်း မရ မသိ မဟုတ်ရ အဲလိုဖြစ်သွားတယ် .. နောက်က "ဘူး" တို့ "ပါ" တို့ မပါတော့ဘူး .. :D (ရခိုင်သူကြီး ဖြစ်သွားတာလေ ..)

ဒေသခံတွေက ဧည့်သည်ဖြစ်တဲ့ ကျမတို့မျက်နှာကိုပဲ ကြည့်နေခဲ့တယ် .. ဟိုစပ်စပ် ဒီစပ်စပ် ကျမကတော့ အဲဒီကနေ ဦးထုပ်ထိုးနည်း သင်ခဲ့ပါတယ် .. သိုးမွှေးပေါ့ .. ၁ချောင်းထိုး .. ဦးထုပ်တမျိုးပဲ တတ်ပါတယ် .. (တခြားဟာတွေ လာအပ်မစိုးလို့) .. :D သံတွဲက အစားအစာတွေက မထူးခြားပဲ အရမ်းစားကောင်းပါတယ် .. လတ်လတ်ဆတ်ဆတ်နဲ့ ဟင်းရွက်တွေက အသားတောင် မလိုပါဘူး ..

သံတွဲမြို့လေးမှာ ဈေးရုံကြီးကြီး တခုပဲရှိပါတယ် .. အဲဒီမှာ အနွေးထည်တွေ ဂျာကင်တွေ (တချို့လည်း ဘေထုပ်) များပါတယ် .. ပြီးတော့ ထောင်ကြီးလည်း ရှိပါတယ် ..

သံတွဲမြို့လေးက လည်စရာပတ်စရာ ပျော်စရာရွှင်စရာ မရှိပေမယ့် အေးချမ်းလှတဲ့ မြို့လေးပါပဲ .. မနက်နဲ့ ညတွေမှာတော့ အေးတတ်ပြီး နေ့ခင်းဘက် နေထွက်ချိန်လောက်ပဲ ပူပါတယ် .. နေထွက်ချိန် နေပူထဲဆို ပူပြီး အရိပ်ထဲ ရောက်တာနဲ့ ပြန်စိမ့်စိမ့်ပြီး အေးတတ်ပါတယ် .. အဲဒီက ဒေသခံတွေကတော့ အမြဲ အနွေးထည်နဲ့ပါ .. ကျမကတော့ အအေးကြိုက်ကြိုက်နဲ့ အနွေးထည် မကပ်ဘူး .. ညအိပ်ရင်တောင် ဖေကြီးနဲ့ မေကြီး ကြားဝင် စောင်ထူထူခြုံပြီး အိပ်လိုက်တာပါပဲ ..

ဆိုးတာ တခုကတော့ (ထုံးစံအတိုင်း) မီး မရှိတာပါ .. ၁ရက်ခြားလောက်မှ တခါ အလှည့်နဲ့ ပေးပါတယ် .. ဒါတောင် မြို့ရဲ့စီစဉ်မှုနဲ့ပါ .. (ပြောတော့ပါဘူးလေ)

သံတွဲမြို့လေးက လည်စရာနေရာ မရှိပါဘူး .. စွဲမက်စရာ မရှိပါဘူး .. ထူးခြားမှုလည်း မရှိပါဘူး .. ဒါပေမယ့် ကျမ သံတွဲမြို့လေးကိုရော မြို့ခံတွေကိုရော သံယောဇဉ်ရှိနေဆဲပါပဲ .. စကားမစပ် .. ရောက်တုန်း ဖေကြီးနဲ့ ကျမ ထီထိုးလိုက်ပါသေးတယ် .. ဒါပေမယ့် မပေါက်ပါဘူး .. :D (သံတွဲစကားနဲ့ဆို .. ထီတော့ထိုးတယ် .. မပေါက် .. ပေါ့ :D)

ဒီ သံတွဲမြို့လေးကလည်း ကျမရင်ထဲက မြို့လေးတမြို့ပါပဲ .. အမှတ်တရ အလွမ်းပြေ အနေနဲ့ ရေးလိုက်တာပါ .. သံတွဲနားက ငပလီကိုတော့ နောက်ပို့စ်မှပဲ ဆက်ရေးပါတော့မယ် .. :D

ပျော်ရွှင်ဖွယ်နေ့လေးများ ပိုင်ဆိုင်ကြပါစေ ..း)

12 comments:

Angelhlaing(May everybody be happy and healthy! said...

မမရေ..သံတွဲ အကြောင်း စုံစုံလင်လင်
..သိခွင့်ရလို့ ကျေးဇူးပါလို့...
ကောင်းသောနေ့လေး ဖြစ်ပါစေမမ။

Anonymous said...

နွားနို့ တစ်ပေပါ ထည့်ပြီးတော့
နောက်တင်မယ့် ''ငပလီ''ပို့စ်ကိုစောင့်ပါ့မယ်ခင်ဗျာ့။

ကိုဇော် said...

မိုးခါးတို့ကတော့ ရေးလိုက်မှဖြင့် ဟဟဟ . . ဖတ်ရတာ အရမ်းကောင်းတယ်။ မနက်ဖြန် ငါးနီးတူးလှော်သုတ်လေး လုပ်စားဦးမှပဲ။
ကျနော်လည်း ထီ က တော့ ထိုး တယ် . . မ ပေါက် . . . . ပေါက် ရင် လည်း မိုး ခါး ကို မုန့် ဖိုး . . . မ ပေး . . ဟေး ဟေး . .

လင်းခေတ် said...

ဟေ့ ဟေ့ ဂျီးတော် နွားနို့ တပေပါလောက်း)) ဒီက နွားနို့လည်း စစ်ဘူးကွယ်း)))

နေ၀သန် said...

း).. ပို့စ်တစ်ခုလုံး လျှာထုတ်ပြလိုက် ပါးစပ်ဖြဲပြလိုက်နဲ့ လှောင်တာလား...:D.. မရောက်ဖူးသေးဘူး.. သွားချင်သေးတယ်..


ခင်မင်လျက်
နေ၀ဿန်

မိုးယံ said...

တော်သေးတာပေါ့ ဒေါ်လေးမိုးခါးက နွားနို့ကို တိုင်ကီ နဲ့ သောက်လို့.. ။ ကျွန်တော်ကတော့.....

ချော(အစိမ်းရောင်လွင်ပြင်) said...

ငပလီသွားတုန်းက သံတွဲကိုဖြတ်သွားဖူးတယ်
ကြာခဲ့ပါပြီ။ မှတ်တောင်မမှတ်မိတော့ဘူး ရခိုင်အစားစာတွေတော့ သိပ်ကြိုက်တာ
မိုးခါးရဲ့ သံတွဲအကြောင်းဖတ်ပြီး ငပလီသွားခဲ့ချိန်တွေ ပြန်သတိရလိုက်မိပြီ

မြစ်ကျိုးအင်း said...

သံတွဲဆိုရင် ငပလီပဲ တွဲမိတယ်။ မရောက်ဖူးသေးဘူး။ မြို့ကြီးတွေမှာထက် နယ်မြို့တွေမှာ နေရတာ ပိုနှစ်သက်တယ်။ အသီးအရွက်လတ်ဆတ်တယ်။ လေထုကလည်းပိုသန့်ရှင်းတယ်။ ရပ်ကွက်သား အချင်းချင်းလည်းရိုင်းပင်းမှု ရှိတော့ နေလို့ စိတ်ပျော်ရတယ်။ လူ့ဘဝအဓိပ္ပါယ် ပိုပီသ သလိုပဲ။

အတွေးကမ္ဘာ..မှတ်တမ်း said...

ရောက်အောင်သွားမှာ လို့ကြံစည်ထားတဲ့ အထဲမှာ သံတွဲ နဲ့ ငပလီ လည်းပါတယ်... စကားပြေ သက်တောင့်သက်သာ နဲ့ ရေးတတ်တဲ့ ငါ့ညီမရေ စာရေးတာပိုကောင်းလာတယ်...း)

ညိမ်းနိုင် said...

တစ်ချောင်းထိုးသိုးမွေးဦးထုတ်လေးများ အပ်လို့ရမလား..:)

Anonymous said...

လွမ်းလိုက်တာငပလီရယ်......ကျေးဇူးတင်ပါတယ်မမိုးခါးရေ.....

ဇွန်မိုးစက် said...

အမျိုးတွေရှိပေမယ့် စစ်တွေနဲ့ အခြားမြို့ငယ်လေးနှစ်မြို့ပဲ ရောက်ဖူးတယ်။ နောက်တစ်ခါတော့ မိသားစုခရီးစဉ် ရခိုင်ပြည်သွားမယ် စိတ်ကူးတာပဲ။ မြောက်ဦး၊ သံတွဲ၊ ငပလီ ....း)
ဟုတ်တယ် ညီမရေ... ဟိုမှာ အစားအသောက်တွေက သိပ်လတ်ဆတ်တာ။ အဲဒါကြောင့် မဇွန် အဘွားလည်း အသက် ၉၀ကျော်ထိ ရောဂါကြီးကြီးမားမား မဖြစ်ဘဲ အသက်ရှင်နေထိုင်သွားတာ။
ဆက်ရေးပါဦး ငပလီအကြောင်းကို .... ဖတ်ချင်တယ်။း)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...