Monday, January 31, 2011

ကျမနှင့် အလုပ် (၂)

အတိတ်တွေကို ပြန်စဉ်းစားကြည့်မိရင် တချို့မှတ်ဥာဏ်တွေက သိပ် မဝေးသေးသလိုပါပဲ .. မနေ့တနေ့ကလို ခံစားချက်မျိုးလဲ ပြန်ရတတ်ပါသေးတယ် ..

ခုရက်ပိုင်း သတိရနေမိတာက အစိုးရ အလုပ်က ထွက်ပြီး သူငယ်ချင်းနဲ့ ဆိုင်အလုပ်လေးလုပ်ခဲ့တာကိုပါ ..

အစ်မ၀မ်းကွဲတွေက စလုံးကို အလုပ်လာလုပ်ဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မှာပဲ အိမ်က ဆိုင်လေးဖြုတ်ပစ်ရမယ့် အတူတူ သမီးဆက်လုပ်ကြည့်မလားဆိုပြီး ဆိုင်လေးကို လက်လွှဲယူဖြစ်ခဲ့ပါတယ် .. ကိုယ့်အစ်မတွေဆိုင် ဖြစ်တာကြောင့် ဖောက်သည်တွေရှိပြီးသားဖြစ်တာက တကြောင်း ကိုယ်ကိုတိုင် ကျွမ်းကျင်ပြီး စိတ်ဝင်စားမိတာက တကြောင်း အကြောင်းကြောင်းတွေကြောင့် အစိုးရ အလုပ်က ထွက်ပြီး ဆိုင်လေး ဆက်ဖွင့်ဖြစ်ပါတယ် .. အစိုးရအလုပ်ကလည်း ၁နှစ်ခွဲတဲ့ အထိ နေ့စားပါပဲ ..

ကိုယ့် စိတ်ကိုက ကိုယ့်ခြေ ကိုယ့်လက်နဲ့ ကိုယ်ပိုင် ကိုယ်နိုင် လုပ်ချင်စိတ်လေး ရှိပါတယ် .. မလုပ်ခင်ကတော့ အတွေးတွေနဲ့ တက်ကြွပြီး သူငယ်ချင်း နှစ်ယောက် ပျော်ရွှင်နေတာပေါ့ .. တကယ်တမ်း လုပ်ငန်းခွင်ဝင်တော့ အခက်အခဲနဲ့ ပိုင်ဆိုင်ရတာတွေ ဆုံးရှုံးရတာတွေ ကြုံတွေ့ရတာပါပဲ ..

ရရှိရတာကတော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး .. လူပေါင်းစုံရဲ့ အလေ့အထတွေ စရိုက်တွေ အနီးကပ် လေ့လာခွင့်ရခဲ့ပါတယ် .. ဆုံးရှုံးရတာကတော့ လွတ်လပ်မှုပါ .. အလုပ်မစခင်က ကိုယ့်ဆိုင်ကိုယ် လွတ်လွတ်လပ်လပ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာ ကိုယ်သွားချင်တဲ့ နေရာ မသွားရ အချိန်မရှိလို့ ကိုယ်လုပ်ချင်တာ မလုပ်ရနဲ့ စိတ်ကသိကအောင့်လေးတွေ ဖြစ်ခဲ့ရပါတယ် .. အဓိကကတော့ သူငယ်ချင်းတွေနဲ့ မပျော်ရတာပေါ့ .. အရေးကြီးတဲ့ အစိတ်အပိုင်းမဟုတ်ပေမယ့် အဲဒီချိန်ကတော့ ဆုံးရှုံးမှုလို့ မြင်ခဲ့တာပါပဲ .. အစိုးရရုံးမှာက တက်လမ်းနည်းပေမယ့် ဆိုင်ဖွင့်ချိန်ထက် လွတ်လပ်ခွင့် ပိုရခဲ့ပါတယ် .. ကျောင်းလည်း တက်နေတုန်းကိုး ..

မိုးခါးဆိုင်လေးက အစ်မတွေ ရှိတုန်းကတော့ တော်တော်စုံစုံလုပ်ရပါတယ် .. ကွန်ပျူတာ စာစီ စာရိုက်၊ မိတ္တူ၊ ထီ၊ ဆေးဆိုင် စသည်ဖြင့်ပေါ့ .. ဆိုင်လေးက ကျဉ်းပါတယ် .. ဒါပေမယ့် အလုပ်ဖြစ်အောင်လုပ်ရတာ ထုံးစံမို့လား .. နောက်ပိုင်း တဖြည်းဖြည်းနဲ့ ရန်ကုန်မှာ မီးတွေပျက် အစိုးရရုံးတွေက နေပြည်တော်ကို ပြောင်းနဲ့ အရင်လိုလည်း အလုပ်က မကောင်းတော့ပါဘူး .. ဒီလိုနဲ့ အစ်မတွေလည်း ဆေးဆိုင်ဖြုတ် ထီဆိုင်ဖြုတ်နဲ့ပေါ့ .. စလုံးကို သွားခါနီးတာလဲ ပါတော့ မသွားခင်လေး အလုပ်ဖြစ်အောင် လုပ်သလောက်ပဲ ရှိတော့ပါတယ် .. အစ်မတွေ သွားရဖို့ သေချာတော့ ဆိုင်လေးကို မိုးခါးတို့ ဆက်ယူပြီး စမ်းလုပ်ကြည့်တာပါ ..

ဆိုင်ရှင် ဖွားဖွားကြီးနဲ့ ကိုယ်တိုင်က ရင်းနှီးပြီးသား ဖွားဖွားကြီးမှာလဲ သားထောက်သမီးခံ မရှိ ဆိုင်ငှားခလေးနဲ့ သူတို့ရဲ့ ကုန်စုံဆိုင်လေးနဲ့ ရပ်တည်ပါတယ် .. အဲဒီချိန် ဆိုင်ခန်းငှားခက ၆သောင်းပါ .. စာချုပ်ချုပ်ရင် ၆လ ၁နှစ် အဲလိုချုပ်ရပါတယ် ..

အဲဒီချိန်က ဆိုင်ထဲမှာ ကွန်ပျူတာ ၁လုံး မိတ္တူစက် ၁လုံးနဲ့ပေါ့ .. သူငယ်ချင်းက မိတ္တူဆွဲဖို့ တာဝန်ယူပြီး မိုးခါးက ကွန်ပျူတာပိုင်း တာဝန်ပါ .. လုပ်ရတဲ့ အလုပ်တွေက လမ်းထဲက YES တို့ YWCA တို့က စာအုပ်တွေ မိတ္တူဆွဲရတယ် .. အနားက အိမ်အကျိုးဆောင်တွေ ကုမ္ပဏီတွေတွက် လိုဂိုတွေ သတင်းစာထဲထည့်မယ့် ကြော်ငြာတွေ စည်ပင်က ဇယားတွေ တခြား ပို့စာတွေ ရိုက်ရပါတယ် .. စာမေးပွဲတွေနီးရင်တော့ ပိုအလုပ်ဖြစ်တာပေါ့ .. နေ့ရောညပါ အလုပ်မပြီးတတ်ပါဘူး .. ပတ်သက်ရတဲ့ လူတွေကတော့ အမျိုးမျိုးပေါ့ .. တချို့လည်း ရီစရာ တချို့လည်း စိတ်ပျက်စရာပါပဲ ..

ရုံးလုပ်ငန်းတွေရဲ့ အရှုပ်တွေ ပြဿနာတွေကိုလည်း တွေ့ရပါတယ် .. အောက်ခြေ ၀န်ထမ်းတွေရဲ့ မ၀ ၀မ်းစာကို ဖြစ်သလို ဖြည့်တင်းရတာလည်း မြင်ရပါရဲ့ .. ရာထူးလေး သေးသေးလေးနဲ့ လူတွေကို ဟောက်စားလုပ်ချင်သူတွေလည်း ပါပါသေးတယ် .. အဖြစ်အပျက်ကို မေ့သွားပေမယ့် "ဆိုင်ရှင် ခေါ်လိုက်" ဆိုတဲ့ ဘာမဟုတ်တဲ့ ရာထူးနဲ့ စည်ပင်က လူကိုလည်း မှတ်မိနေပါသေးတယ် .. မိုးခါးတို့က ဖြစ်လိုက်ပီဆို ၂ထပ်ရှိမှ မှတ်မိအောင် ထင်ပါရဲ့ ၂ခါ ၂ခေါက် အဲလိုမျိုး ဖြစ်တတ်ပါတယ် .. အဲဒီလူနဲ့လည်း ပြဿနာဖြစ်တာ ၂ခေါက်ပါပဲ .. လူပုံကိုတော့ မှတ်မိသေးတယ် .. အဖြစ်အပျက်ကိုတော့ မေ့သွားပြီ ..

ရုပ်ရှင်ရိုက်သလိုလို ပရိုဂျူဆာလိုလိုနဲ့ လူတယောက်လည်း ရှိပါသေးတယ် .. ကိုယ်တွေဆိုင်ကိုလာပြီး မင်းသမီးပဲ တင်ရိုက်တော့မလိုလိုနဲ့ပါ .. တော်တော်လေးလဲ ရီရပါတယ် .. အဲဒီချိန်ကတော့ မရီနိုင်ပါဘူး .. နှစ်ယောက်သား ဒေါသတွေ ထွက်လို့ပေါ့ .. ဟိုတခေါက် ရန်ကုန်ပြန်တုန်းကတောင် သီတာမှတ်တိုင်မှာ အဲလူကို တွေ့သေးတယ် .. :P

လမ်းထဲမှာ အဆိုတော်ပေါက်စတယောက် ရှိသေးတယ် .. အဲဒီချိန်မှာတင် သူက ကိုယ်တွေထက် အသက်ကြီးပါတယ် .. ဒါပေမယ့် သူက ကိုယ်တွေကို အစ်မတဲ့လေ .. မှတ်မှတ်ရရ သူက အမြဲတမ်း သူ့ရည်းစားစာတွေကို ကွန်ပျူတာနဲ့ လာစီတာပါ .. လက်ရေးစုတ်လို့တဲ့ .. တကယ်လည်း မနည်းဖတ်ရပါတယ် .. ပြီးတော့ ကာလာစက္ကူနဲ့ ထုပ်ခိုင်းပြီး ဒီဇိုင်းလည်း လုပ်ပေးရပါသေးတယ် .. တခါတလေးများ အမ ကြည့်ရိုက်လိုက်ပါဆိုတာက ပါပါသေးတယ် .. ချစ်ပုံများ မိန်းကလေးတွေ သတိပြုဖို့ပေါ့ .. :D ပုံမှန်စာတစောင် ၁၀၀ ၁၅၀ အချိန်မှာ သူ့စာတွေကတော့ ၃၀၀ လောက်တန်တဲ့ ဆိုင်ရဲ့ ဖောက်သည်ပေါ့ .. သူ့ကောင်းမှုနဲ့ သင်္ကြန်မှာ ဖရီးလက်မှတ် ၂စောင်ရပြီး သူငယ်ချင်း၂ယောက် သွားလိုက်သေးတယ် .. :D .. မိန်းကလေးတွေ မှတ်သားစရာ နောက်တခုပေါ့ .. သင်ပေးသွားပါသေးတယ် ..

တရက် .. ထုံးစံအတိုင်း စာလာရိုက်ပြီး ပြန်လာယူတဲ့အချိန်ပေါ့ .. ကိုယ်တွေကလည်း မေးလိုက်မိတယ် .. "ဟဲ့ .. နင်ဒီလောက် ရည်းစားတွေ အများကြီးထားနေတာ ဘယ်လိုများ ရည်းစားစကားပြောလဲ ဘယ်လိုအချိန်ပေးလဲ" ပေါ့ .. သူကလည်း ပြန်ပြောပါတယ် .. လက်ထပ်ဖို့ ချစ်တာ ဘာညာပေါ့ .. ဒီတော့ ဒီ၂ယောက်ကလည်း ထပ်မေးပါတယ် .. "ယူမယ်ဆိုတော့ ဘယ်တယောက်ယူမှာတုန်း" ပေါ့ .. "တကယ်လည်း မကြိုက်ပဲ ယူမယ် ပြောတာပဲလား" ပေါ့ .. ဆိုတော့ သူက "ဟာ အစ်မကလည်း ရည်းစားစကားပြောပြီး မယူဘူး နင့်ကို အပျော်ထားတာလို့ ပြောရင် ပါးရိုက်ခံရမှာပေါ့ .." တဲ့လေ ..

မိုးခါးတို့မှာ သူငယ်ချင်း ၄ယောက် ရှိပါတယ် .. အဲဒီ၎ယောက်က အားပြီဆို အဲဒီဆိုင်လေးမှာပဲ ဆုံရတယ် .. တခြားလည်း သွားလို့မှ မရတာကိုး .. အဲဒီတော့ မိန်းကလေးတွေ များတဲ့ ဆိုင်ကို ယောက်ျားလေးတွေလာတတ်တာထုံစံမို့ ဆိုင်က လူစည်တယ်ပြောရမှာပါပဲ .. ပိုးကြေးပန်းကြေး မုန့်တွေလည်း အများကြီး စားရပါတယ် .. ပျော်ဖို့လည်း ကောင်းပါတယ် .. ၀မ်းနည်းစရာက ဆိုင်ကရတဲ့ ၀င်ငွေနဲ့ ကိုယ်တွေ အသုံးစရိတ်က ဗုန်းတာ များနေတော့ ဆိုင် အရင်းပြုတ်ပါလေရော .. :D

တကယ်ကတော့ အဒီချိန် ရန်ကုန်မှာ မီးတွေ အရမ်းပျက်ပါတယ် .. နေ့လည် ၂နာရီလာ ၂နာရီပျက်နဲ့ပေါ့ .. ဒါတောင် နပ်မမှန်ချင်ပါဘူး .. အရမ်းကိုပျက်တဲ့ နှစ်ပါ .. မိုးတွေလည်း သဲကြီးမဲကြီးရွာပြီး ရေတွေလည်း လျှံပါတယ် .. ရုံးတွေလည်း နေပြည်တော်တွေပြောင်းနဲ့ အလုပ်တွေ အတော် ကမောက်ကမ ဖြစ်ပါတယ် .. ဒီလိုနဲ့ပဲ ဆိုင်သက်တမ်း ၁နှစ်ခွဲမှာ မိုးခါးတို့ ဆိုင်လေး ပိတ်လိုက်ပြီး မိုးခါးတယောက် လွတ်လပ်ရေး ပြန်ရသွားပါတော့တယ်ခင်ဗျား ... :D

(စာရေးဖို့ စိတ်မရောက်လို့ စိတ်ကူးပေါက်ရာ ရေးတင်ပါသည် .. :D)
ပြောရင်း ဆိုရင်း .. အဲ ရေးရင်း ရိုက်ရင်း ငါးဖယ် အစာသွပ် သွားသတိပြန်ပါပြီ .. ဆိုင်ကို ဗညားရှိန် ၀ယ်လာကျွေးတာပါ .. :D

Saturday, January 8, 2011

အိပ်မက်ရာသီ

ဒီလို ရာသီမျိုးပါပဲ ..

နှင်းတွေ ရှိမယ် .. အေးမြစွတ်စိုတဲ့ မနက်ခင်းတွေ ရှိမယ် .. ညနေခင်းတွေ နေ၀င်စောမယ် .. နှင်းထုက အမှောင်ထုကို အဖော်ပြုမယ် .. မြူတွေဆိုင်းတဲ့ မနက်နဲ့ ညနေခင်းတွေ ရှိမယ် .. ညနေဘက်ဆို ကလေးတွေရဲ့ စီစီညံညံသံတွေ ကြားရမယ် .. မနက်ခင်းတွေမှာ စောစော အိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြဖို့ သတိတွေ ပေးနေကြမယ် .. ဒီလို အချိန်ရာသီမျိုးပါပဲ .. ကျမရဲ့ အိပ်မက်တွေက အခန်းတံခါးကို ဖြည်းဖြည်း ညင်သာ တိုးဝင်လာလေ့ ရှိတယ် ..

လွန်ခဲ့တဲ့ ၄နှစ် .. ဒီလို အချိန်မျိုးကစလို့ ကျမ အိပ်မက်တွေ မက်တတ်လာခဲ့တယ် .. ညနေခင်း မြူတွေအောက် ကန်ဘောင်နံဘေးမှာ စကားတွေ တီးတိုးပြော ရှေ့ရေးတွေ တိုင်ပင်ခဲ့ကြတယ် .. အိပ်မက်တွေ လက်တွေ့ အကောင်ထည်ဖော်မယ်လို့ စိတ်ကူးညနေခင်းတွေ ရောင်ခြည် ဖြာနေခဲ့တယ် ..

မနက်ဖက်ဆို တယောက် အမော တယောက် မျှယူလို့ နှင်းစိုစိုထဲ လက်တွဲ မြဲခဲ့ဘူးတယ် .. ပါးစပ်ထဲက အငွေ့တွေ ထွက်အောင်လုပ်ပြီး အကြောင်း မရှိ ရယ်မောပျော်ရွှင်ခဲ့ဘူးသလို နှာသီးဖျား နားရွက်ဖျားလေးတွေ အေးနေတာကို တို့ထိ ဆော့ကစားပြီး ပြေးလွှား အော်ဟစ်ခဲ့ဘူးတယ် .. ဒီလိုနဲ့ ကျမ အိပ်မက်ရာသီတွေ အလေ့ကျ ပေါက်ရောက်လာခဲ့ရတယ် ..

သူ့ အပြုံးဟာ
ကျမအတွက် ရာသီစာ
ရပ်တည်မှုတွေအတွက်
ခွန်အားတွေ ပေးခဲ့တယ် ..။

ကျမကို ဆိုးတယ်တဲ့ .. နင်သိပ်ဆိုးတယ်လို့ သူက ပြောလေ့ရှိတယ် .. အဲလိုမဟုတ်ပါဘူး .. ကျမက လူရွေးပြီး ဆိုးပါတယ် .. အထူးသဖြင့် ကျမ ချစ်ခင်ရတဲ့ ကျမကို ချစ်တဲ့သူတွေ အပေါ်တွင်မှပါ .. ပြီးတော့ ကျမက မလိမ္မာလို့ ဆိုးတာလည်း မဟုတ်ပြန်ပါ .. လိမ္မာပြီး ဆိုးတာ .. ပြောရမယ်ဆို ချစ်စနိုးနဲ့ ဆိုးတတ်တဲ့ ကျမပါ ..

ကျမ ဂျစ်တိုက်တဲ့အခါ စိတ်မရှည်ပဲ တခါတလေ အော်ထုတ်လေ့ရှိတယ်လေ .. အကယ်၍ ကျမ မျက်နှာညိုသွားတဲ့အခါ မနေနိုင် မထိုင်နိုင် မချော့တတ် ချော့တတ်နဲ့ စကားတွေ လျှောက်ပြောလိမ့်မယ် .. အဲ .. ဒီလိုနဲ့ပဲ ..

ရက်တွေက လ
လတွေက နှစ်
ရာသီတွေ လည်ပတ်လို့
သံယောဇဉ်တွေ တိုးခဲ့တယ် ..။

ညီမလေး .. နင် လိမ္မာပါတယ်ဟာ .. ဒီစကားတခွန်းပဲ နောက်ဆုံး ရခဲ့တယ် .. အကြောင်းပြချက်ကတော့ ဘ၀ရဲ့ ရှေ့ရေးတဲ့ .. ကောင်းပါပြီလေ .. ယုံကြည်စွာနဲ့ လက်သင့်ခံလိုက်ပါ့မယ် .. တခြားရွေးစရာလမ်းလည်း ရှိမှ မရှိခဲ့ပဲ ..

အဲဒီနေ့က မျက်ဝန်းတွေ စိုခဲ့လား .. သတိမထားလိုက်မိဘူး ..

အဲဒီနေ့က ကတိတွေ အထပ်ထပ်တောင်းခဲ့လား ..ေ၀၀ါးနေခဲ့တယ် ..

အဲဒီနေ့က ငါတို့ နောက် ၄နှစ်ဆို ပြန်တွေ့ကြမယ် .. နင်ပြောခဲ့သလား .. အဲဒီအချိန် ငါ့ မှတ်ဥာဏ်တွေ နည်းနေခဲ့တယ် .. သေချာတာတခုက ငါ့မျက်နှာ ညို မညို ဂရုမစိုက် မျက်နှာလွှဲခဲ့တယ် ..

နာကျင်ချင်ခဲ့ပါရဲ့
ရယ်မောခြင်းတွေ
ပျော်ရွှင်ခြင်းတွေကို
အဆုံးသတ်ပြစ်ခဲ့ရက်သူ ..။

မျှော်လင့်ချင်ခဲ့ပါရဲ့
မျက်ဝန်းတွေ လင်းဖြာမယ့်နေ့
ရယ်မောသံတွေ အသက်ပါမယ့်နေ့
တကယ်ပဲ လိမ္မာချင်ခဲ့တဲ့သူ ..။

စောင့်မျှော်နေခဲ့ပါရဲ့
မျှော်လင့်ချက်တွေ တနင့်တပိုး
ယုံကြည်ချက်တွေကို ထုပ်ပိုး
ဆန္ဒတွေကို သိမ်းဆည်းခဲ့တဲ့သူ ..။

အချိန်တန်ခဲ့ပြီလား ..
တကယ် ပြန်ရောက်လာလိမ့်မလား ..
မြူတွေ တိမ်တွေ ပြန်လည်စုဝေးတဲ့ အခါ ..
အိမ်မက်ရာသီ တကျော့ပြန်လည်ခဲ့တဲ့အခါ ..

Wednesday, November 24, 2010

ရောင့်ရဲခြင်း

ကိုယ်တွေ ရုံးမှာ အပတ်စဉ် အင်္ဂါနေ့တိုင်း မီတင်ရှိတယ် .. မိုးခါးတို့ သွားငိုက်နေကြပေါ့ .. :P

ဒီနေ့လည်း ထုံးစံအတိုင်း မီတင်သွားတယ် .. မိုးခါးတို့ ရုံးခန်းက ဒီဇင်ဘာ ပထမပတ်ထဲမှာ အခန်းသစ်ကို ပြောင်းရပါမယ် .. မီတင်မှာ ရုံးခန်းသစ် ပြောင်းမယ့် အကြောင်းတွေလည်း ပြောကြတယ်ပေါ့ .. ခုထိတော့ မရောက်ဖူးသေးပါဘူး ..

ပြောချင်တာက သူဌေးပြောသွားတဲ့ စကားပါ .. ခု ရုံးခန်း ပြောင်းတော့မယ်ဆိုတော့ ဒီရုံးခန်းအတွက် အဓိက အရေးကြီးတဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ မရှိလို့ မဖြစ်တဲ့ အရာတွေတဲ့ .. ဘာတွေလဲဆိုတော့ မီး ရှိရမယ် .. မီးမရှိရင် အလုပ်လုပ်ရမယ့် ကွန်ပျူတာ စတဲ့ လျှပ်စစ်ပစ္စည်းတွေ ဘယ်လိုသုံးမလဲပေါ့ .. ပြီးတော့ ရေ .. ရေ ရှိရမယ် .. ရေမရှိရင် အိမ်သာသုံးဖို့ ဘာညာ ခက်မယ်ပေါ့ .. နောက်တခုက အင်တာနက် .. အင်တာနက်ရှိမှ အချိန်နဲ့အမျှ ၀င်နေမယ့် အီးမေးတွေက အင်ဖော်မေးရှင်းတွေ၊ လုပ်ရမယ့် အလုပ်တွေ မပျက်ဘူးပေါ့ .. နောက်ဆုံးကတော့ တယ်လီဖုန်းပါတဲ့ .. အမြဲတမ်း ဆက်သွယ်နေရမယ့် နေရာတွေ အလုပ်ကိစ္စတွေက ရှိနေတာကိုး ..

ဒီတော့ စဉ်းစားမိတယ် .. ငါတို့တိုင်းပြည်လေးမှာ ဆိုပြီးတော့ပေါ့လေ ..

မီး .. ရန်ကုန်ခဏပြန်တုန်းကတော့ တော်တော်လာပါတယ် .. ခုတော့ မသိ ..

ရေ .. ရေ ဒုက္ခလည်း မိုးခါးတို့ သိပ်မခံရဘူးပါဘူး .. ဘာလို့ဆိုတော့ အိမ်က ဦးလေး တယောက်မဟုတ် တယောက်က မီးလာချိန် ရေလာချိန်ကိုက်ပြီဆို အမြဲတမ်း တင်တတ်တယ်လေ .. ပြီးတော့ မိုးခါးတို့ အိမ်က ဆောက်တုန်းက ကန်ထရိုက်အပ်ရုံမဟုတ်ပဲ ဦးလေးတွေကိုယ်တိုင် စောင့်ပြီး ကြီးကြပ်ပြီး ဆောက်ခဲ့တာဆိုတော့ အိမ်ပေါ်မှာ ရေလှောင်ကန်တကန် ရှိတဲ့အပြင် အိမ်အောက်ထပ်မှာလဲ ရေလာတဲ့အချိန် ခံထားလို့ရအောင် ကန်တကန်လုပ်ထားသေးတော့ မီးလာရင် အောက်က ကန်ထဲက ရေကို ကောက်တင်လိုက်ရုံဆိုတော့ တခြား အထပ်မြင့်တွေ ရှိတတ်တဲ့ ရေဒုက္ခကို မကြုံရပါဘူး .. ဒါပေမယ့် ရန်ကုန် အထပ်မြင့်တွေကတော့ ရေဒုက္ခကို ခံကြရတယ် .. ကြုံဘူးကြမယ် ထင်ပါတယ် .. ရေလာတဲ့ အချိန်က မီး မလာ မီးလာတော့ ရေမလာ .. ဒီလိုနဲ့ လေ့ကျင့်ခန်းပေါ့ .. အပေါ်ထပ် အောက်ထပ် ရေဆွဲကြရတာ .. :D

အင်တာနက် .. အဟဲ .. လို့ပဲ ရီလိုက်တော့မယ် .. ဟိုတလောက ဖေ့ဘွတ်မှာ တင်ထားတဲ့ နိုင်ငံခြားသား အင်တာနက်သုံးသလို .. စာတမ်းနီကြီးနဲ့လေ :P .. ရန်ကုန် ခဏပြန်တုန်းကတောင် အင်တာနက်တွေ ဒေါင်းနေလို့ ဒီဖောင်း လုပ်မရတာနဲ့ ရင်နာစရာတွေ ဖြစ်ခဲ့ရတာ :D

ဖုန်း .. ပေါမှ ပေါပဲနော် .. ခက်တာက သစ်ပင်အောက်ဝင်မိရင် တိုင်ပျောက်ပျောက်သွားတာပဲ .. ဖုန်းနဲ့ပတ်သက်လာရင် သူငယ်ချင်းတယောက် သွားသတိရတယ် .. အဲတယောက်က ကားအနက်ကြီး မောင်း မျက်မှန်အနက်ကြီး တပ်ပြီး စတိုင်အပြည့်နဲ့ ဖုန်းပြောတတ်တဲ့တယောက်ပါ .. ဒါပေမယ့် သူက သစ်ပင်အောက်တော့ ရှောင်တယ် .. :D အပြစ်တင်စောသလို ဖြစ်နေပါပြီ .. ခုကောင်းနေပါပြီ နော့ .. :P ဖုန်းခတွေ ဈေးတက်မယ်ဆိုတာက လွဲလို့ .. :D ဆင်ဖိုးထက် ချွန်းဖိုးက ကြီးပါတယ်လေ .. ဒါကြောင့် သူငယ်ချင်းကို ပြောနေသေးတယ် .. နို့ဆီခွက်လေးတွေ ဆောင်ထားရအောင်လို့ .. :D

တကယ်ကတော့ ကိုယ်တွေက အပြစ်တင် စောနေတာပါ .. ဖြစ်လာမှာပေါ့ .. ဖြေးဖြေးပေါ့ .. :D

စဉ်းစားကြည့်မိတော့ သူများတွေပြောတဲ့ အခြေခံလိုအပ်ချက်ဆိုတာက မြန်မာနိုင်ငံအတွက် မရှိလည်း ရနေတယ်ထင်ပါတယ် .. မြန်မာမှု မြန်မာဟန် ကို ထိန်းသိမ်းကြရအောင် ..

မီးအတွက်လား ဖယောင်းတိုင်ရှိပါတယ် .. ဖယောင်းတိုင်စက်ရုံပဲ တည်ကြစို့ရယ် ..

ရေအတွက်လား .. ရေအစား ဘီယာရှိတယ်လို့ ယောင်္ကျားလေးတွေ ပြောတာကြားဖူးတယ် .. :D

အင်တာနက်လား .. သုံးချင်ရင် စိတ်ရှည်ရှည်ထားလေ .. အချိန်တန်တော့ တက်လာမှာပေါ့ .. နော့ ..

ဖုန်း ?? နို့ဆီခွက် ၂ခွက် ကြိုးနဲ့ ချည်ထားပါဆို .. :P

အင်းး .. ဟိုအရင်က ရန်ကုန်ညကို သတိရမိပါတယ် .. ကိုယ်တွေ ပြောပြောနေတဲ့ တီဗီကြည့်တယ်ဆိုတာ မီးမလာမှ တကယ် တီဗီကြည့်ဖြစ်တာကိုးဗျ ..

လိုအပ်ချက်ဆိုတာ မလိုအောင်နေတတ်ရင် ရပါတယ် .. ရောင့်ရဲတတ်ကြပါစေ .. :D

တော်သေးဘီ .. :D

Thursday, November 18, 2010

သူ့အတွေး ကိုယ့်အတွေး

ဖြစ်စဉ် (၁)

လူအများ ပြည့်ကျပ်နေသော ဘတ်စ်ကား တစီးပေါ်တွင် -
အ၀တ်အစား သပ်သပ်ရပ်ရပ်နှင့် ကုမ္ပဏီဝန်ထမ်းဖြစ်ပုံရသော အသက် ၂၀ အရွယ် မိန်းကလေးတယောက်သည် ထိုင်ခုံနေရာပေါ်တွင် ထိုင်လျှက် အသက် ၅၀ ကျော် အရွယ် ခပ်နွမ်းနွမ်းဦးလေးကြီး တယောက်သည် ထိုမိန်းကလေးရှေ့တွင် မတ်တပ်ရပ်လျှက် လိုရာခရီးကို နှင်လျှက် ရှိကြသည် .. အသက် ၅၀ကျော်အရွယ် ဦးလေးကြီးသည် ရှေ့မှ မိန်းကလေးကို မျက်လုံးမွဲမွဲများဖြင့် ကြည့်လျှက် မိန်းကလေးကတော့ ရွံရှာစက်ဆုတ်သည့် အနေရခက်သည့် မနှစ်လိုသည့် အမူအယာမျိုးဖြင့် တည်ရှိလျှက် ရှိကြသည် .. သူတို့ နှစ်ဦး၏ စိတ်အတွေးထဲတွင် -

မိန်းကလေး - "ရှေ့က အဖိုးကြီးကလည်း သူ့အသက်အရွယ်ကိုမှ မထောက် လူကို ကြည့်နေလိုက်တာ တော်တော် နှာဘူးထတဲ့ လူကြီး .. ကိုယ်နံ့ကလည်း အလုပ်ကြမ်းလုပ်ထားတာ နံဟောင်လို့ .. !@#$%^&^%$"

ဦးလေးကြီး - "ရှေ့က မိန်းကလေး ကြည့်ရတာ ပညာတတ်ကလေး ဖြစ်မယ် .. ငါ့သမီးလေးကိုသာ ပညာသင်ပေးခွင့် ရခဲ့ရင် .... ငါ့သမီးလေးကို ပညာတတ်ကြီး ဖြစ်စေချင်လိုက်တာ .."
~~~~~~~

ဖြစ်စဉ် (၂)

သာမန်ထက် ဆင်းရဲသော ရပ်ကွက်ကလေး တခုတွင် -
ဝါးလုံးခင်း ထန်းလက်မိုးများဖြင့် နေကွယ်ရုံ လူတယောက် ကျောတချစာနေရာတွင် ဖွင့်ထားသော လက်သုပ်စုံ ဆိုင်လေးတဆိုင် ရှိသည် .. ဆိုင်ရှင် အဒေါ်ကြီးကို ရပ်ကွက်မှ လူအများစုက ချစ်ခင်ကြသည် .. အကြောင်းမှာ လက်သုပ်ရောင်းရာတွင် စေတနာပါပါနှင့် လက်ဖွာတတ်သောကြောင့်တည်း .. လက်ဖွာတတ်သဖြင့် ဆိုင်ပိတ်ချိန်မတိုင်မီပင် သူမ၏ အသုပ်များ ကုန်လေ့ရှိသည် .. ငွေအိတ်ကတော့ ထူးမခြားနားပင် .. တနေ့လုပ် တနေ့စား ဆင်းရဲသားရပ်ကွက်ဖြစ်သဖြင့် ညနေစာကို အသုပ်လေးနှင့် အကြော်လေးနှင့် ပြီးရတတ်သော လူတန်းစားများပေ .. အသုပ်ဆိုင်တွင် အမျိုးသမီးတယောက် အသုပ်မှာနေသည် .. မှာရင်း သုပ်ရင်းလည်း ထိုအမျိုးသမီးမှ လိုချင်သည်များကို ထပ်ထပ် ထည့်ခိုင်းနေသေးသည် .. ဆိုင်ရှင်အဒေါ်ကြီးကတော့ ပြုံးပြုံးနှင့်ပင် တတ်နိုင်သလောက် ထပ်ထည့်ပေး သုပ်ပေးနေသည် .. ၀ယ်သူ ဆိုင်ထဲမှ အထွက် သူတို့ အတွေးထဲတွင် -

ဆိုင်ရှင် - "မ---- တို့ မိသားစုတော့ ဒီနေ့ ငါ့အသုပ်နဲ့ ညစာပြီးမှာပါပဲ .. ၂ပွဲစာ ကျော်ကျော်လောက်ကို သုပ်ပေးလိုက်ရတာ .. အင်းလေ သူတို့ မိသားစုက များတော့ ဒီလောက်မှပဲ အဆင်ပြေလိမ့်မပေါ့ .. ၂ပွဲစာဖိုး ပိုက်ဆံမရပေမယ့် ကုသိုလ်တော့ ရလိုက်ပြီ .. မလှူတတ်ရင် ဈေးရောင်းတဲ့ .. မ---- တို့ မိသားစု ထမင်းစား မြိန်ပါစေ .. ဒီနေ့လည်း ငါ့အသုပ်တွေက ကုန်တာပါပဲ .. ဒီ ၃ ၄ ပွဲဆို ကုန်ပြီ .. အိမ်ပဲ ပြန်သယ်သွားရ ကောင်းမလား .. "

ဈေးဝယ် - "ဒေါ်ထုံကြီးကတော့ နာမည်ပေးခံရတာတောင် နည်းသေးတယ် .. ဟိုဟာပြော ဒီဟာပြောနဲ့ ထည့်ခိုင်းလိုက်တာ ၂ပွဲစာတောင် မကဘူး .. သဘောကောင်းတယ် နာမည်လိုချင်တာ ခံလေ .. ဟင်းဟင်း .. ဒီကလည်း စားချင်လို့ ၀ယ်ရတာ မဟုတ်ဘူး .. အိမ်ကလူ ဒီနေ့ အလုပ်မကောင်းလို့ ဒီကြားထဲ ငါ့'ကံ'လေးကလည်း စွပ်တယ် .. ၂လုံးထီထိုးတာ ၂လုံးလုံးလွဲ .. ဆန်ဖိုးလေးများရမလားလို့ ကံစမ်းပါတယ် .. ရှိတာလေးပါ ပါသွားတယ် .. အေးလေ ဒီနေ့မရ နောက်နေ့ပေါ့ .."
~~~~~~~

ကျမ တခါတလေ လူတွေကြားထဲနေရင်း သူတို့ရဲ့ ပြုမူ ပြောဆိုပုံတွေ လုပ်ရပ်တွေကို ကြည့်ရင်း မြင်ရင်း အတွေးတွေလည်း စုံလို့ပဲ ရတတ်ပါတယ် .. အဲဒီ အတွေးတွေနဲ့ မြင်ဘူး တွေ့ဘူးတာလေးတွေ စိတ်ကူးပေါက်ရာလေးတွေ ချရေးလိုက်မိတာပါ .. အပေါ်က ဖြစ်ရပ်မျိုး ခပ်ဆင်ဆင်ကိုတော့ စာတပုဒ် (သို့) ရုပ်ပြတခုခုမှာ ဖတ်ဘူးသလို ရှိတာကို ပြန်တွေးပြီး ရေးလိုက်တာပါ ..

Monday, November 8, 2010

ဆုတောင်း

စစ် .. စစ်ဆိုတာကို ငယ်စဉ်ကတော့ ဗီဒီယိုတွေ ရုပ်ရှင်တွေထဲမှာသာ မြင်ဘူးတယ် .. မြင်တိုင်းလည်း ဒါဟာ တကယ်မဟုတ်ဘူးဆိုတာ သိနေပြီးတာတောင် စစ်ထဲက ဒုက္ခ ခံစားရတဲ့သူတွေကို ကိုယ်ချင်းစာမိတယ် .. ငါသာ ခုလိုအဖြစ်မျိုးကြုံရင် ဆိုပြီးတော့ပေါ့ ..

တဖြည်းဖြည်း လောကကြီးနဲ့ အဆက်အဆံရှိလာတဲ့အခါ အီသီယိုးပီးယားနိုင်ငံလို ဒုက္ခတွေ ပင်လယ်ဝေ ဆင်းရဲခြင်းတွေနဲ့ ကြီးပြင်း သက်ဝင်ရတဲ့ နိုင်ငံတွေ ရှိတယ်ဆိုတာ သိလာတော့လည်း ကိုယ်သာ သူတို့နေရာဆိုရင် ဆိုပြီး စိတ်မကောင်းဖြစ်မိတယ် .. ကိုယ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် အသားအရောင် တူတူ မတူတူ သဘောသဘာဝ ဘယ်လောက်ကွဲကွဲ လူလူချင်းဆိုတဲ့ စိတ် ခံစားတတ်တဲ့ စိတ်နှလုံးရှိသူချင်းဆိုတဲ့ စိတ်နဲ့ စိတ်မကောင်းဖြစ်ခဲ့ရတာပဲ ..

စစ်ကြောင့် ဆုံးရှုံးလိုက်ရတဲ့ ဆုံးရှုံးမှုတွေ ဘယ်လောက်ကြီးမလဲ .. ချစ်ခင်သူတွေအတွက် ပူဆွေးခြင်း သောကတွေ ဘယ်လောက် ကြီးမလဲ .. ကိုယ့်နဲ့ အဝေးကြီးမှာရှိနေတဲ့ မဆိုင်သလို မခံစားပဲနေလို့ရတဲ့ တခြားနိုင်ငံက သတင်းတွေအတွက်တောင် စိတ်မကောင်းဖြစ်ကြရတယ် .. ခံစားတတ်သူတွေ ကိုယ်ချင်းစာတတ်သူတွေကိုး .. ကိုယ်သာ စစ်ဒဏ်ကို ပါဝင်ခံစားနေရသူတဦး ဖြစ်ခဲ့ရင် .. ကိုယ့်ရဲ့ ချစ်ခင်သူ တဦးဦး စစ်ထဲမှာ ပါဝင်နေခဲ့ရင် ဘယ်လောက်တောင် ပူဆွေးသောကရောက်ကြရမလဲ .. ကောင်းကွက်တကွက်မှာ ရှာမရတဲ့ စစ်ပါပဲ ..

ငယ်တုန်းက မသိတာတွေ ခု လက်တွေ့သိရတယ် .. မမြင်ဘူးတာတွေ လက်တွေ့မြင်ရတယ် ကြားရတယ် .. ဒါက ကိုယ်မွေးဖွားရာ ကိုယ်ချစ်ခင် တွယ်တာရာ မြေမှာတဲ့ ..

ခုချိန် ကြောက်လန့်တကြား သေနတ်ကျဉ်ဆံတွေကြားမှာ အသက်လု ပြေးလွှားနေရသူတွေ ဘယ်လောက်များနေပြီလဲ .. ကိုယ့်ချစ်ခင်သူတွေနဲ့ ခွဲခွာ ကွဲကွာကြရလို့ နာကြင်ခံစားနေရသူတွေ ဘယ်လောက် များနေပြီလဲ .. ဒါ ကိုယ့်မြေပေါ်မှာ ဖြစ်နေတာတဲ့ .. ကိုယ့် သွေးချင်းတွေ အချင်းချင်း ပစ်လို့ ခတ်လို့ ကိုယ်ရော စိတ်ပါ နာကြင်အောင် လုပ်နေကြတယ်တဲ့ ..

များနေပါပြီ .. ပြည်သူတွေ ကိုယ့်ဗိုက်တောင် ကိုယ်မ၀လို့ ကိုယ်ရောင်ကိုယ်ဝါ ညှိုးညှိုးငယ်ငယ်နဲ့ လူဘုံအလယ်မှာ မတင့်တယ်နိုင်တာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာနေပြီလဲ .. ပြည့်စုံ ပျော်ရွှင်ခြင်းဆိုတဲ့ စကားလုံးကို စကားလုံးအဖြစ်နဲ့တောင် သတိမရနိုင်ကြတာ ဘယ်လောက်ကြာနေပြီလဲ .. ဒီလိုပဲ တရက်တရက် မှောင်မှောင်လာလိုက်တဲ့ ဘ၀တွေ .. လူမွှေးလူတောင် မပြောင်တဲ့ အဖြစ်တွေ .. အတော်လေးကို ရင်နာစရာကောင်းပါတယ် ..

အူမမတောင့်လို့ သီလမစောင့်နိုင်သလို ကမ္ဘာမီးလောင်လို့ သားကောင်ချနင်းရတဲ့ ဘ၀တွေ ..

မြင်ရတဲ့ သတင်းတွေ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ် .. ယောင်္ကျား မိန်းမ လူမမယ် သက်ကြီးရွယ်အိုတွေ ပြေးလွှားနေကြရတယ် .. ပိုင်ဆိုင်မှုလေး မရှိမဲ့ ရှိမဲ့ကို ပစ်ထားခဲ့ရတယ် .. ဘယ်လိုရှေ့ဆက် ရှင်သန်ကြမလဲ .. အစတည်းက တဲက ယဲ့ယဲ့ .. အားးးးးးး .. တွေးရင်း တော်တော် မွန်းကြပ်ပါတယ် ..

တတ်နိုင်တာ တခုပဲ ရှိတယ် .. မေတ္တာပို့နေဖို့ပါပဲ .. အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက်နာကြင်ခြင်း ကင်းကြပါစေ .. ဘေးအန္တရာယ် ကင်းရှင်းကြပါစေ .. လုံခြုံတဲ့ ဘ၀ အေးချမ်းတဲ့ဘ၀တွေ အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ ..

ကျမတို့တွေအပေါ်ကို လွှမ်းခြုံထားတဲ့ တိမ်မဲတွေ အမြန်ဆုံးကင်းရှင်းပြီး ကောင်းကင်ကြီး ကြည်လင်လာပါစေ .. အားလုံးပဲ ကိုယ်ချင်းစာစိတ်လေးတွေ မွေးနိုင်ပြီး အမှန်တရား အမြန်ဆုံး အနိုင်ရရှိပါစေ ..

အားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ .. အမှန်တရားကို မြင်ပြီး လက်ခံလာနိုင်ကြပါစေ ..

Saturday, November 6, 2010

၂၀၁၀ အိမ်အပြန်

သိပ်မကြာခင် ကာလတခုမှာ ရန်ကုန်ကို အလည်ခဏ ပြန်ခဲ့ပါတယ် .. ရန်ကုန်မြေက ကိုယ်နဲ့ စိမ်းမသွားသလို မိသားစု ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကလည်း နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ပါတယ် .. အချိန် သိပ်နည်းလွန်းပေမယ့် ပျော်ရွှင်ခဲ့ရတာပါပဲ .. အချိန်လုပြီး သွားလာနေရင်းက ရယ်မောနေခဲ့ရပါတယ် .. အဲ .. မရီနိုင်တဲ့ အချိန် မပျော်နိုင်တဲ့ အချိန်ကတော့ လေဆိပ်ရဲ့ အ၀င်နဲ့ အထွက် အချိန်လေးပါပဲ ..

လူတိုင်း ကြုံရမှာပါ .. ရန်ကုန်လေဆိပ်က ၀န်ထမ်းတွေရဲ့ ကြိုဆိုပုံ ..

ဒီတခေါက် ရန်ကုန် ခဏပြန်ရတာ ခဏဆို ဆိုသလောက် အတော် စိတ်ကသိကအောက်ဖြစ်ရတဲ့ အဖြစ်တွေ ကြုံရပါတယ် ..

ရန်ကုန်လေဆိပ်ကိုရောက်ပြီဆိုရင်ပဲ ကိုယ့်ကို လာကြိုနေမယ့် အဖေ အမေနဲ့ သူငယ်ချင်းတွေရဲ့ ပုံရိပ်ကို ကာဆီးထားတဲ့ မှန်တွေကြားက လိုက်ရှာဖြစ်ပါတယ် .. ဟော တွေ့ပါပြီ .. ပျော်ရွှင်စွာနဲ့ လက်ပြနှုတ်ဆက်နေတဲ့ အဖေနဲ့ အမေ .. ကိုယ့်စိတ်ကလည်း အမြန်ဆုံးသာ အပြင်ကို ထွက်ချင်နေတော့တာပေါ့ .. ကိုယ့် ပတ်စ်ပို့ထဲမှာလည်း ၁၀တန်လေးက ငြိမ်ငြိမ်သက်သက်နဲ့ ပါလာလေရဲ့ ..

စပြီး တန်းစီပါပြီ .. လ၀က ကို ဖြတ်ဖို့ပေါ့ .. စစ်ဆေးမယ့် လူကြီးရဲ့ အခြေအနေကို ကြည့်လိုက်တာ သိပ်တော့ အခြေအနေ မဟန်ဘူးလို့ ထင်လိုက်ပါတယ် .. မျက်နှာကို တွေ့မိရုံနဲ့ ပါဝါပြမယ့်ပုံ ပေါက်နေလို့ပါ .. ဒါပေမယ့် မတတ်နိုင်ဘူးလေ .. ဒီနေရာကို ဖြတ်မှသာ ကိုယ်လိုရာကို ရောက်မှာကိုး .. တန်းစီနေရင်း နောက် ဂိတ်ပေါက်တခုပါ ထပ်ဖွင့်ပြီး ဒီဘက် လာကြ ဒီဘက် လာကြဆိုတော့ ကိုယ်လည်း အပြေးလေး သွားတန်းစီလိုက်ပါတယ် .. ကိုယ့်ရှေ့မှာ လူက ၃ယောက်လောက်ရှိပါတယ် .. ဒီလိုနဲ့ စိတ်ကို ရှည်ရှည်ထားရင်း တရွေ့ရွေ့ ကိုယ်က ထိပ်ဆုံးရောက်သွားပါတယ် .. ရှေ့က လူ ပြီးတော့ ကိုယ့်အလှည့်ထင်ပြီး သွားမယ်အလုပ်မှာ ခဏနေဦး .. စပယ်ရှယ် ရှိတယ် တဲ့ .. စပယ်ရှယ် ၃ယောက် ရှေ့ထွက်လာပါ တဲ့ .. ဟော ကိုယ့်နောက်က လူ သုံးယောက်က ရှေ့တက်သွားပါလေရော .. အင်း .. ဒါလည်း အတွေ့အကြုံတမျိုး ယူတတ်ရင် ပညာရပါတယ် .. :P

ကဲ တကယ်ပဲ ကိုယ့်အလှည့် ရောက်လာပါပြီ .. စာရွက်တွေပြ လိုတာတွေပေးပြီး အခွန်စာရွက် ဆောင်ထားတာကို မေ့ခဲ့ပါတယ် .. ယူဖို့ လုံးဝကို သတိမရတာပါ .. :D .. ဒါပေမယ့် ငွေမျက်နှာ တယ်ကြီးသကိုး .. ရှေ့လူတွေလောက်တော့ အဟောက်မခံလိုက်ရပါဘူး .. ဒါပေမယ့် ဒီဖောင်း လုပ်ဖို့မှာ ထပ်တစ်ပြန်ပါတယ် .. တပတ်အတွင်း အ၀င်အထွက်လုပ်ရင် ဒီဖောင်းမလို လို့ ဒီမှာ ကြားခဲ့တော့ မေးလိုက်မိပါတယ် .. သေချာအောင် .. အဲဒီမှာ တခါ လက်ချာ ထပ်ရိုက်ခံရတယ်ပေါ့ .. ဒီက လူတွေ အမှတ် မှားနေပါတယ်တဲ့ .. ၁ရက်ပဲ ကိုယ့်မြေကို နင်းနင်း ၂ရက်ပဲ နင်းနင်း ဒီဖောင်းလိုပါသတဲ့ .. ပြီးတော့ လိပ်စာကဒ်တကဒ် ထုတ်ပေးပါတယ် .. အဲဒီမှာ သွားလုပ်ပါတဲ့ .. ဒါ အတတ်နိုင်ဆုံးကူညီလိုက်တာပါတဲ့ .. ကျေးဇူးတင်ဖို့ ကောင်းပါတယ် .. :P .. ဒီလိုနဲ့ ယူစရာရှိတာ ယူပြီး အိတ်တွေရွေးဖို့နေရာကို သွားပါတယ် .. ပစ္စည်းတင်ဖို့ လှည်းရှာတာ မတွေ့ပါ .. ဒီလိုနဲ့ အထုပ်တွေအရင် ဆွဲချလိုက်ပါတယ် .. ပြီးတော့ လှည်းရှာပုံတော် ထွက်ပါတယ် .. ဘုရားစူး မတွေ့ပါ .. တယောက်ယောက်မေးဖို့ လိုက်ရှာတော့ ယူနီဖောင်းနဲ့ ခန့်ခန့်ကြီးရပ်နေတဲ့လူ တွေ့ပါတယ် .. သွားမေးပါတယ် .. ပြန်ပြောတာကတော့ .. လှည်းလား .. အင်း .. ကုန်ပြီထင်တယ် အစ်မ .. တဲ့ .. တော်တော် အံ့သြစရာကြီးပေါ့ .. လေယာဉ်ကွင်းမှာ ပစ္စည်းသယ်တဲ့ လှည်း ကုန်သွားသတဲ့ .. ဒီလို ခေတ်မှီ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံတကာ အဆင့်မှီ လေဆိပ်ကြီးပါ ..း)

အထက်ပါ အဖြစ်အပျက်ကတော့ ရန်ကုန်လေဆိပ်ကြီး ၀န်ထမ်းတွေ နွေးထွေးစွာ ကြိုဆိုလိုက်ပုံပါပဲ ..

ခု ဆက်မှာကတော့ ရန်ကုန်မြို့ပြကြီး အကြောင်းပါ ..

ချိုင့်တွေ ခွက်တွေ ပေါများတဲ့ လမ်းမတွေ .. ပင်ပန်းနွမ်းနယ်စွာနဲ့ သွားလာ လှုပ်ရှားနေတဲ့ မြို့ပြ လူထု .. မြို့နယ်တိုင်းမှာ ဆိုင်းဘုတ်တွေပေါ် နေရာယူနေကြတဲ့ မဲပေးခံ ပုဂ္ဂိုလ်များရဲ့ ပုံများ .. အဲ မီးတော့ လာနေတယ် .. :D .. မိုးမရွာပါ .. ကြေးအိုးတစ်ပွဲ ၃၀၀၀ လောက် ဖြစ်နေပြီလို့လည်း သူငယ်ချင်းတွေ ပြောကြတယ် .. တချို့နေရာတွေပါ (မသောက်ဖြစ်ခဲ့ပါ) .. သြော် ရောက်တဲ့ အချိန် အင်တာနက် သုံးမရပါ .. ရွှေတိဂုံဘုရားကြီးပေါ်မှာတော့ လူတွေ စည်ကားနေတာပါပဲ .. မဲဆွယ်တယ်ဆိုပြီး စာရွက်တရွက် အိမ်ပေါ်ရောက်လာတယ် .. ဒါနဲ့ ဖေကြီးကို မေးလိုက်မိတယ် .. ဒီလူကြီးက ဘာတွေလုပ်လို့ ထောက်ခံမဲပေးရမှာလဲလို့ .. ဖေကြီးက ပြန်ဖြေပါတယ် .. သူလည်း မသိဘူးတဲ့ .. တအိမ်လုံးက လူတွေလည်း သိတဲ့ ပုံ မပေါ်သလို စိတ်ဝင်စားသူလည်း အတော်နည်းပါတယ် .. ဆိုင်ရာ လူတွေက လွဲရင်ပေါ့ .. အင်းး .. စိတ်မကောင်း ဖြစ်မိတာက လူတွေရဲ့ ညှိုးငယ်တဲ့ မျက်နှာနဲ့ မွဲခြောက်ခြောက် ကိုယ်ရောင်ကိုယ်ဝါတွေပါပဲ .. ဒါကြောင့်လည်း နားလည်လာတယ် .. အူမတောင့်မှ သီလစောင့်နိုင်လိမ့်မပေါ့ ..

ကဲ တတိယပိုင်း လာပါပြီ .. အပြန်ခရီး လေဆိပ် အတွေ့အကြုံပေါ့ ..

ရန်ကုန်လေဆိပ်ကြီးကို ရောက်တာနဲ့ အ၀င်ဝရောက်တာနဲ့ တယောက်က အနားလာလိုက် .. အစ်မ စင်ကာပူလား .. ၀န်ဆောင်ဖို့ ငှားဦးမလားနဲ့ လာပါတော့တယ် .. ကိုယ်လည်း စိတ်ပေါက်ပေါက်နဲ့ မလိုပါလို့ ပြောလိုက်ပါတယ် .. ဒါပေမယ့်လည်း ရေစက်က ဆုံလာလေတော့ မဗိုက် တယောက်နဲ့ ဆုံပါလေရော .. ကဲ ရှိစေတော့ .. အိမ်ကလည်း လုပ်လိုက်ပါတဲ့ .. မလိုပဲ ကြာနေမှာတွေ မဖြစ်စေချင်လို့ပါ .. အဲ့အစ်မက ဖြည့်စရာစာရွက်ဖြည့်ပေး ဟိုဟာပြော ဒီဟာပြောနဲ့ ကီလိုချိန်တဲ့ဆီရောက်ပါတယ် .. ချိန်ပါတယ် .. ပိုပါတယ် .. ဒါပေမယ့် လျှော်ပါတယ် .. ဒီလိုနဲ့ အပေါ်ထပ်တက်လာပါတယ် .. မမြင်ချင်တဲ့ မျက်နှာတွေ ထပ်မြင်ရပြန်ပါတယ် .. အတော် အကုသိုလ်များပါတယ် .. ဒီလိုနဲ့ တန်းစီပါတယ် .. ကိုယ့်မှာ ဒီဖောင်း မပါပါ .. အင်တာနက်ကျနေတော့ ဒီဖောင်းလည်း လုပ်မရပါ .. ဒါပေမယ့် အ၀င်မှာ သူတို့ ပေးလိုက်တဲ့ ဆိုင်က ချလံ ပါပါတယ် .. မဗိုက်ကလည်း အရင်ဝင်ကြည့်ပေါ့တဲ့ .. မရမှ လူကြီးနဲ့ တွေ့ပါတယ်တဲ့ .. ယုံစားမိတဲ့သူ အမှားပါ .. တကယ်ဆို တတန်းကြီး စီပြီးမှ အစပြန်ရောက်ရတာ အတော် စိတ်လေဖို့ ကောင်းတဲ့ ကိစ္စပါ ..

ကဲ တွေ့ပါပြီ .. လ၀က က အရာရှိကြီးနဲ့ .. ဘယ်မလဲ ဒီဖောင်းတဲ့ .. အမ် .. အင်တာနက် မရဘူးလေ .. သူတို့ ပြောတဲ့ဆိုင်ကို သွားတယ်လေ .. (ပုံမှန် ၃၀၀၀ ကို ၅၀၀၀ ပေးလုပ်ခဲ့ရတာနော်) .. မရပါတဲ့ လူကြီးနဲ့ တွေ့ပါတဲ့ .. လက်မှတ် မပါလို့ လို့ ပြောပါတယ် .. ဘာတတ်နိုင်မလဲ လေ .. ကိုယ်က သွားပတ်သက်မိအောင် နေတာကိုး .. လူကြီးအခန်းကို သွားပါတယ် .. လူကြီး မရှိပါဘူး .. လူလေးတွေပဲ ရှိပါတယ် .. စောင့်ရပါတယ် .. မလာမချင်းပေါ့ .. ကိုယ့်လိုပဲ ဒုက္ခသယ်တွေ တဖွဲဖွဲ ရောက်လာပါတယ် .. အကိုကြီး တယောက်ဆို ကိုယ့်ရှေ့ လေယာဉ်နဲ့ လိုက်ဖို့ပါ .. လူကြီး မရှိတော့ စောင့်နေရပါတယ် .. တော်တော်နဲ့လည်း မလာပါ .. အဲအကိုကြီးက စိတ်ပူလို့ ပြောတော့ မပူနဲ့တဲ့ .. လေယာဉ်က သူတို့ ခွင့်ပြုမှ ထွက်လို့ရတာတဲ့ .. သြော .. တော်တော်ပါဝါ မြင့်ကြတာပဲ .. ဒါကြောင့်မို့ ဒီလို ဒီလို ဒီလိုနိုင်တာပေါ့နော် .. :P

ဒီလိုနဲ့ လူကြီးလာပါပြီ .. ကိုယ့်နောက်မှ လာပေမယ့် ကိုယ့်ရှေ့လေယာဉ်နဲ့လိုက်မယ့် အကိုကြီးကို ဦးစားပေးလိုက်ပါတယ် .. သူ့ပြဿနာက ပတ်စ်ပို့ သက်တမ်း ၆လ မကျန်လို့တဲ့ .. ဒီဖောင်း ပါပါတယ် .. ဒါပေမယ့် ထွက်ခွင့်မပေးဘူးဆိုပြီး ဖြစ်နေတာပါ .. အခွန်ဆောင်တဲ့ စာရွက်တောင်းပါတယ် .. မဆောင်ရသေးဘူးပေါ့ .. ဟုတ်တယ်လေ သက်တမ်းပဲ တိုးရခါနီးပြီ မဆောင်ပဲလဲ နေလို့မရတာ လူတိုင်း သိတဲ့ ကိစ္စ .. ဟင်းး .. ခက်နေပါပြီ .. ဘာညာ ဘာညာနဲ့ ပွားပြီး လက်မှတ်ထိုးပေးလိုက်ပါတယ် ..

ကိုယ့် အလှည့် .. ဘာဖြစ်သလဲဆိုတော့ ကိုယ့်မှာ ဒီဖောင်းမပါတဲ့ ကိစ္စ .. ချလံပါတယ် .. မရဘူးတဲ့ .. အဲ့ဆိုင်က ဖုန်းဆက်ထားမယ်ပြောတယ် ဆိုတော့ မဆက်ဘူးလေတဲ့ .. ဒီတော့ ကိုယ့်ဘက်က ပျက်ကွက်တာမို့ နောက်နေ့မှ ပြန်ပေါ့တဲ့ .. လုပ်ပုံ လုပ်ပုံ .. နောက်ဆုံးတော့လည်း သြ၀ါဒ ခံ .. ပါဝါပြတာ ခံပြီး .. လက်မှတ်ကလေးတခု ရလာပါတယ် .. ကိုယ်လည်း ၀တ်ကျေတန်းကျေ ကျေးဇူးတင်ပါတယ်ပြောမိတော့ .. အိတ်ပါလားတဲ့ .. အမ် .. အိတ်ပါတယ် ဆိုတော့ အဲဒီအိတ်ထဲ ကျေးဇူးတွေ ထည့်ပေးလိုက်မလို့တဲ့ .. များနေတယ်ဆိုပဲ .. အေးလေ သူတို့လိုချင်တဲ့ အဲ့ကျေးဇူးတွေမှ မဟုတ်ပဲ .. အသုံးတည့်တဲ့ ရေပဲ လိုချင်တာ ဟတ်လား .. နောက်ဆုံးတော့ မချိသွားဖြဲနဲ့ အောင်မြင်စွာ ထွက်ခွာလာခဲ့ပါတော့လေသတည်း ပေါ့ ..

ယူတတ်ရင် ပညာရပါတယ် .. သတိထားမိရင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ သိလာတယ်ပေါ့ .. နောက်တခါ မနေနိုင်ပဲ ထပ်ပြန်ရင် နည်းယူရတာပေါ့လေ .. ဒီစာကို ဖတ်မိတဲ့ မသိသေးတဲ့ သတိမေ့နေသူတွေကိုလည်း သတိပေးချင်ပါတယ် ..

ရန်ကုန်ပြန်မယ်ဆိုရင် -
- အခွန်ကို အပ်ဒိတ် ဖြစ်အောင် မဆောင်ထားရင် ၁၀ တန်လေးတွေ ပါပါစေ ..။ (အ၀င်ရော အထွက်ရော)
- မျက်နှာထားကို ပြုံးထားပါ ..။ သူတို့က ဓါတ်ပုံလည်း ရိုက်သေးတယ်လေ ..။
- သယ်စရာ လှည်း မရှိရင် အလွယ်သယ်နိုင်တဲ့ အိတ်မျိုး ဖြစ်ပါစေ ..။
- ရန်ကုန်မြေမှာ ၁ရက် နေနေ ၁နာရီ နေနေ ၀င်ပြီး ပြန်ထွက်ချင်တယ်ဆိုရင်တော့ ဒီဖောင်း ပါရပါမယ် ..။
- ပတ်စ်ပို့ သက်တမ်းဟာ အနည်းဆုံး ၆လ ရှိရပါမယ် ..။
- လေဆိပ်အထွက် ၀င်ဆောင်ခကတော့ ၁ယောက်ကို ၂၀၀၀ စီ ဖြစ်ပါတယ် ..။ လိုက်သယ်ပေးတဲ့လူက ၂၀၀၀ ကဒ်မှာ လိုတာ ဖြည့်ပေးတဲ့ သူအတွက် ၂၀၀၀ ..။ ကီလိုချိန်ပေးသူအတွက် ၂၀၀၀ ဖြစ်ပါတယ် ..။
- အကယ်၍များပေါ့ .. ကိုယ့်မှာ ဒီဖောင်း မပါဘူး ချလံပဲပါတယ်ဆို အချိန်မကုန်ရအောင် လူကြီးခန်းထဲ အလိုက်တသိဝင်ပြီး သြ၀ါဒ ခံလိုက်ပါ ..။

ဆန္ဒလေးပေါ့လေ .. ပြည်သူ့ဝန်ထမ်းမဟုတ်တဲ့ အစိုးရ၀န်ထမ်းတွေ .. မျက်နှာထားလေး ပြင်ပြီး ငါနဲ့ ဆက်ဆံလိုက်တဲ့လူတွေ စိတ်ချမ်းသာ အဆင်ပြေပါစေတော့ဆိုတဲ့ စေတနာလေး ရှိလာရင် တော်တော်ကောင်းမှာပဲ .. နှစ်ဦးနှစ်ဖက် အဆင်ပြေ စိတ်ချမ်းသာရတာပေါ့ ..

ကိုယ့်လိုပဲ ကြုံဘူးကြတဲ့လူတွေ ရှိမှာပါ .. ခုရေးထားတဲ့စာကို ပြန်ဖတ်မိတော့လည်း ဒေါသတွေ ပါနေပါတယ် .. တကယ်လည်း ကိုယ့် မြေ ကိုယ့် ရေ ကို ပြန်ဖို့ အရေး အတော့်ကို စိတ်လေပြီး စိတ်ပျက်လာရပါတယ် .. ဒါပေမယ့်လည်း .. ဒါပေမယ့်လည်း ပေါ့လေ ..

မှတ်ချက် = ပေါက်ကွဲတယ်ပဲ ဆိုချင်ဆို :P

Thursday, October 28, 2010

ကျမနှင့် စာအုပ်များ(အသက်ရှင်နေလျက် ဘ၀သေနေသူ)

အခုတလော စာအုပ်တွေ ဖတ်ဖြစ်နေပါတယ် .. ပြောရရင် စာအုပ်တွေနဲ့ ဝေးနေတာလည်း ကြာနေပါပြီ .. ဒီရက်ပိုင်းထဲမှာမှ သူငယ်ချင်းကောင်းမှုနဲ့ စာအုပ်ပြန်ဖတ်ဖြစ်သလို စီးတီးဟောက ဓမ္မပန်းခင်း စာကြည့်တိုက်မှာလဲ မန်ဘာဝင်ဖြစ်လိုက်ပါတယ် .. အဲဒီအတွက် စာအုပ်ငှားပြီး ခုရက်ပိုင်း ဖတ်ဖြစ်နေတယ်ဆိုပါတော့ ..

စာအုပ်ဖတ်တယ်ဆိုတာ ကိုယ့်အတွက် ရန်ကုန်မှာတော့ လုပ်ရိုးလုပ်စဉ်ပါပဲ .. အပြင်မှာ သွားငှားဖတ်ရင် ဖတ် .. အိမ်မှာတွေ့တဲ့စာအုပ် ဖတ်ရင် ဖတ် .. ဒီလိုနဲ့ စာဖတ်ခြင်းက ကိုယ့်အတွက် မစိမ်းနေပါဘူး .. ဒီရောက်ပြီးတော့ အီးဘွတ်တွေလည်း ဖတ်ဖြစ်ပါတယ် .. ဒါပေမယ့် အပျော်ဖတ်တွေက များပါတယ် .. အကြောင်း အမျိုးမျိုးပြပြီး စာ,အလေးတွေ မဖတ်မိဘူးပေါ့ .. ခုတော့ စာတွေ ပြန်လိုက်ဖတ်နေပါပြီ .. စာတွေထဲက အသိအမြင်တွေ လေးနက်လာဖို့ ကြိုးစားမိအောင် ကိုယ့်ကိုကိုယ် သတိပေးတဲ့ အနေနဲ့ပေါ့ .. ပေါ့ပေါ့လေး နေနေတယ်လို့လည်း ကိုယ့်ကိုကိုယ် သုံးသပ်မိနေပါတယ် ..

ကိုယ့်အသက် ၁၈ နှစ်လောက်က စပြီး ဆရာတော် ဦးဇောတိက စာအုပ်တွေနဲ့ ရင်းနှီးလာခဲ့ပါတယ် .. ဒါကလည်း ဘုရားစင်အောက်က ဗီဒိုကို အခွေရှာရင်း စမွှေမိတာက စတာပါပဲ ..

အရင် ဖေကြီး သင်္ဘောလိုက်တုန်းက မေကြီး ပို့ပို့ပေးထားတဲ့စာအုပ်တွေထဲမှာ ဆရာတော် ဦးဇောတိကစာအုပ်တွေ များပါတယ် .. တခါတလေ ဘာရယ်မဟုတ်ပဲ ဖတ် .. တခါတလေ စိတ်မကြည် စိတ်ညစ်နေလို့ ဖတ် .. အဲလိုနဲ့ ဆရာတော်ရဲ့ စာအုပ်တွေနဲ့ ရင်းနှီးလာခဲ့ပါတယ် .. ဆရာတော်ရေးတဲ့ အကြောင်းအရာတွေက လူ့ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး ဖတ်ရတာ လေးပင်မနေပါဘူး .. နားလည်လွယ်ပါတယ် .. တခါတလေ စိတ်မတည်ငြိမ် စိတ်အလိုမကျတွေများလာရင် ဆရာတော်စာအုပ်တွေဖတ်ရင်းနဲ့ပဲ စိတ်ထားတတ်ဖို့ ကြိုးစားခဲ့ရပါတယ် .. ဒီလိုနဲ့ လူတွေနဲ့ သဟဇာတဖြစ်လာခဲ့တယ်လို့ ကိုယ့်ကိုကိုယ် မြင်မိပါတယ် .. ပြီးတော့ မကောင်းတာ ကောင်းတာ ကောင်းကျိုး ဆိုးကျိုးတွေကိုလည်း နားလည် လက်ခံလာနိုင်ခဲ့ပါတယ် ..

လူတိုင်း စိတ်ဓါတ်ကျဘူးမှာပါ .. စိတ်ဓါတ်ကျတဲ့အခါ နည်းမျိုးစုံနဲ့ စိတ်သက်သာဖို့လည်း ကြိုးစားဘူးကြမှာပါ .. ဘယ်လိုနည်းမျိုးနဲ့ စိတ်ဓါတ်ကျတာ စိတ်ညစ်တာဟာ ပျောက်ကွယ်လျော့ပါးသွားမလဲ .. ???

ကိုယ်တိုင်လဲ စိတ်ဓါတ် ခဏခဏ ကျလို့ ခဏခဏကိုပဲ ပြန်ပြန်ကောက်တင်ရပါတယ် .. :D နည်းမျိုးစုံပေါ့ .. တခါတလေ စိတ်ထင်တိုင်း သူငယ်ချင်းတွေနဲ့ လျှောက်သွား .. တခါတလေ သီချင်းတွေနားထောင် ရုပ်ရှင်တွေကြည့် .. ဒါပေမယ့် ဒါတွေက ခဏပဲ စိတ်သက်သာသွားစေပါတယ် .. တကယ်တမ်း စိတ်ထားတတ်ဖို့ စိတ်ကိုပြင်ဖို့ကတော့ စာတွေဖတ်မှ ရပါတယ် .. အဓိက စိတ်ညစ်တဲ့အချိန် စိတ်ထွက်ပေါက်မရှိတဲ့ အချိန် ဖတ်မိတာကတော့ ဆရာတော်ကြီးတွေရဲ့ စာအုပ်တွေပဲများပါတယ် .. ခလုတ်ထိမှ အမိတ ဆိုသလိုပေါ့ .. စိတ်ညစ်တော့မှ ဘုရား တရား သတိရတတ်တာပါ .. ပျော်နေတဲ့အချိန်မှာတော့ မေ့မေ့နေတတ်ပါသေးတယ် ..

ခုရက်ပိုင်း ဖတ်ဖြစ်တာတော့ ဆရာတော် ဦးဇောတိကရဲ့ "အသက်ရှင်လျက် ဘ၀သေနေသူ" စာအုပ်ပါ .. အောက်မှာ စာမြည်း ပေးထားပါတယ် ..း) ကိုယ်တိုင်ကတော့ မီးဝေးချိတ်ဆိုသလို စာအုပ်တွေနဲ့ ဝေးရင် ပြန်ပြန်မိုက်ချင်နေပါသေးတယ် .. (ခု လိမ်မာနေတယ်လို့လည်း မဆိုလိုပါဘူး :D) တတ်နိုင်သလောက်တော့ လိမ်မာဖို့ ကြိုးစားနေပါတယ် ..း)

အသက်ရှင်နေလျက် ဘ၀သေနေသူ

အသက် မသေခင်မှာ ဘ၀သေသွားနိုင်တယ်ဆိုတာကို အရင်တုန်းက မတွေးမိဘူး။ အခု ဘုန်းကြီး သတိထားပြီး ကြည့်တဲ့အခါမှာ ဘ၀သေနေသူတွေ တော်တော်များကြတာကို တွေ့ရတယ်။ တချို့တော့ ဘ၀သေနေတယ်လို့ မဆိုနိုင်ပေမယ့် ဘ၀မကျန်းမာလို့ ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်တာကို တွေ့ရတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့ အရေးကြီးသလို စိတ်ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ ဘ၀ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ လူ့အသိုင်းအ၀ိုင်းကြီး တစ်ခုလုံး ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ အားလုံးဟာ ဆက်စပ်နေပါတယ်။

အသက်ရှင်နေသေးသ၍ ဘ၀မသေအောင် နေနည်းကို သေသေချာချာ လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်။ ဘုန်းကြီးက လမ်းစပဲ ဖော်ပေးလိုက်တာပါ။ ဆက်ပြီး ကိုယ့်ဥာဏ်နဲ့ကိုယ် ကိုယ့်အတွက် အဆင်အပြေဆုံး ဖြစ်အောင် ကိုယ့်ဘ၀ကို ပုံဖော်ပါ။ ဘ၀နေနည်းဆိုတာ ပုံသေနည်း မရှိပါဘူး။ အခြေအနေတွေဟာ အမြဲပြောင်းလဲနေသလို လုပ်ပုံ ကိုင်ပုံ စဉ်းစားပုံတွေကို အမြဲပြောင်းနေရမယ်။ ဘ၀ကို ပုံသေနည်းနဲ့ နေရင် ဘ၀သေသွားမယ်။

ခံယူချက်မရှိတဲ့ဘ၀ဟာ အသက်ဝင်တဲ့ဘ၀ မဖြစ်နိုင်ဘူး။ ခံယူချက်မရှိရင် ဘ၀မရှိဘူး။ ခံယူချက် မခိုင်မာရင် ဘ၀မခိုင်မာဘူး။ ခံယူချက် မရေရာရင် ဘ၀ မရေရာဘူး။ ကိုယ့်ခံယူချက် မရေရာရင် ကိုယ့်ကိုယ်ကိုကိုယ် ဘယ်လိုလူလို့ ပြောမလဲ။ ပြောစရာမရှိဘူး။ ငါ ဘယ်လိုလူလဲ။ ငါ ဘယ်လိုလူဖြစ်ချင်သလဲ ဆိုတဲ့ မေးခွန်းဟာ ဘ၀ကို ပီပီပြင်ပြင် အသက်ဝင်အောင် နေချင်တဲ့သူတိုင်း အမြဲမေးနေရမယ့် မေးခွန်း ဖြစ်တယ်။

ကိုယ်လုပ်တဲ့အလုပ်ဟာ အကျိုးရှိရဲ့လားလို့ မမေးတဲ့သူဟာ သူ့ဘ၀ကို အဓိပ္ပါယ်ရှိအောင် နေလို့ ရနိုင်မလား။ တိရစ္ဆာန်တွေဟာ အကျိုးရှိရဲ့လားလို့ မေးနိုင်တဲ့ ဥာဏ် မရှိဘူး။ လူသာလျှင် အကျိုးရှိရဲ့လားလို့ မေးနိုင်တယ်။ ဒါဟာ လူရဲ့ ထူးခြားမှုတစ်ခုဖြစ်ပါတယ်။ အဆင့်မြင်တဲ့ဘ၀ကို တကယ်နေချင်ရင် ငါလုပ်တဲ့အလုပ်ဟာ ဘာအဓိပ္ပါယ်ရှိသလဲ၊ အကျိုးရှိရဲ့လား၊ ဘယ်လောက် အကျိုးရှိသလဲ ဆိုတဲ့ မေးခွန်းတွေကို မေးရမယ်။

လူဟာ တော်တော်ကို မေ့တတ်ပါတယ်။ သိပြီးသားပေမယ့် မေ့နေတတ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုကိုယ် မကြာခဏ သတိပေးရမယ်။ ဒီလို သတိပေးဖို့ပဲ စာကောင်း ပေကောင်းတွေကို ဖတ်ရတယ်။ ဘုန်းကြီးလည်း မနက်တိုင်း စာကောင်း တခုခုကို ဖတ်တယ်။ ကောင်းတဲ့ အတွေး ကောင်းတဲ့ သဘောထား ကောင်းတဲ့ စိတ်ကူးနဲ့ တနေ့တာကို စ,ဖို့ လိုတယ်။

ပညာသင်တာ ဘ၀ကို အကောင်းဆု့းနေနည်းကို ရှာတာ။ ဘွဲ့ လက်မှတ်တခု အောင်လက်မှတ်တခု ရဖို့လောက် ရည်ရွယ်ချက်နဲ့ ပညာသင်တာဟာ အင်မတန် အဆင့်နိမ့်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ စားဝတ်နေရေး အဆင်ပြေဖို့၊ ပေါင်းသင်း ဆက်ဆံရေး အဆင်ပြေဖို့၊ စိတ်ကျန်းမာရေး ကောင်းဖို့၊ ခန္ဓာကိုယ်ကျန်းမာရေး ကောင်းဖို့၊ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေကို အဆင့်မြင့်ဆုံးရောက်အောင် လုပ်ဖို့၊ ဘ၀ရဲ့ လေးနက်တဲ့ အဓိပ္ပါယ်ကို ရှာဖို့၊ အကောင်းအဆိုး အမှားအမှန်ကို ကိုယ့်ဥာဏ်နဲ့ကိုယ် ပိုင်းခြားပြီး သိနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ အားလုံး ပါရမယ်။

ကိုယ့်ဘ၀မှာ အဆင်ပြေအောင် နေချင်တဲ့သူအတွက် သိရမယ့် အချက်တွေဟာ သိပ်မများပါဘူး။ နားလည်ဖို့လည်း မခက်ပါဘူး။ လုပ်ဖို့ပဲ လိုပါတယ်။ မလုပ်နိုင်သေးဘူးဆိုရင် ဘာဖြစ်လို့ မလုပ်နိုင်တာလဲဆိုတာကို ကိုယ့်ကိုယ်ကိုကိုယ် မေးပါ။ မေးပြီးရင် ရိုးရိုးသားသားဖြေပါ။

လူအထင်ကြိးတာ ခံရဖို့ ပစ္စည်းဥစ္စာ ချမ်းသာဖို့လောက် ရည်ရွယ်ချက်နဲ့ အပေါ်ယံလေး ရှပ်ပြီးတော့ ဘ၀ကို နေသွားရင် တနေ့မှာ ဘ၀ အဓိပ္ပါယ်မဲ့ပြီး စိတ်ဓါတ်ကျတဲ့ စိတ်ရောဂါကို ခံစားရလိမ့်မယ်။ ဘ၀မှာ သူ့သဘာဝ သူ့နိယာမဆိုတာ ရှိပါတယ်။ မြင့်မြတ်တဲ့ စိတ်ထားနဲ့ မြင့်မြတ်တဲ့ အသိဥာဏ်ကို မရရင် တကယ် ကျေနပ်စရာကောင်းတဲ့ ဘ၀ကို ရမှာ မဟုတ်ပါဘူး။

အသက်ဝင်နေတဲ့၊ ဘ၀ အဓိပ္ပါယ်ရှိတဲ့ ဘ၀၊ ပြည့်စုံတဲ့ ဘ၀ကို ရအောင် လုပ်နိုင်တဲ့သူ ဖြစ်ပါစေ။

ဆရာတော် ဦးဇောတိက (မဟာမြိုင် တောရ)
အသက်ရှင်နေလျက် ဘ၀သေနေသူ စာအုပ်မှ ဒါနပြုပါသည်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ ..

Sunday, October 24, 2010

သီတင်းကျွတ် အမှတ်တရ

သီတင်း တခါ ကျွတ်ပြန်ပါပြီ .. မင်္ဂလာရှိတဲ့ သတင်းကျွတ် အခါသမယပါ ..

မြန်မာနိုင်ငံနဲ့ ဝေးနေသူတိုင်းအတွက် နှစ်စဉ်နှစ်တိုင်း အလွမ်းတွေနဲ့ သီတင်းကျွတ်ကို ဖြတ်ကျော်ပါဦးစို့ ..

ဒီလိုရက်မျိုးမှာ ကျမ ရန်ကုန်မှာ ရှိနေခဲ့ရင် ဘာတွေ လုပ်ဖြစ်မလဲ .. သေချာတာတော့ အိမ်ရဲ့ ၀ရန်တာ အထပ်တိုင်းမှာ ဖယောင်းတိုင်တွေ လိုက်ထွန်းနေပါမယ် .. ငြိမ်းသမျှ ဖယောင်းတိုင်တွေကို ဒိုင်ခံ လိုက်ပြီး မီးလိုက်ညှိနေပါမယ် .. (ကိုယ်က အငယ်ဆုံးကိုး .. ကိုယ့်ထက်ငယ်တာ အိမ်က ခွေးနဲ့ ကြောင်ပဲ ရှိတော့တယ် .. ဒါတောင် သက်တမ်းနဲ့တွက်ရင် ခွေးလေးကတော့ အဖွားကြီးအရွယ် ရောက်နေပြီ .. :D)

မီးပျက်နေရင်တောင် အိမ်တိုင်းက ထွန်းထားမယ့် မီးပုံး ဖယောင်းတိုင်တွေရဲ့ အလင်းနဲ့ ညကတော့ လှပနေမှာ အမှန်ပါပဲ .. အလင်းတွေ ရှိနေသရွေ့ ဆော့ကစားနေမယ့် လမ်းထဲက ကလေးတွေကိုလည်း မြင်မိပါရဲ့ .. ရာသီဥတုအပူကို အံတုရင်း အိမ်ရှေ့ ခုံတန်းလျားတွေမှာ ယပ်တောင် တဖျတ်ဖျတ်နဲ့ နေနေမယ့် အဒေါ်ကြီးတွေကိုလည်း မြင်ယောင်မိပါရဲ့ ..

ဝါသနာအရ ပွဲဈေးတန်းလျှောက်မယ့်လူ ပွဲတော်တွေ သွားနေမယ့်လူ တရားဘာဝနာ အားထုတ်နေမယ့်သူ သောက်စားပျော်ပါးနေမယ့်သူ လူပေါင်းစုံနေမယ့် ပွဲပါပဲ ..

ဒီလိုပွဲတော် ဒီလိုအချိန်မျိုးမှာ ကိုယ်ပါဝင်ခွင့်ရရင် .. သူငယ်ချင်းအိမ်ရောက်ရင်လည်း ရောက်နေမယ် .. ဦးလေးတွေ အဒေါ်တွေ အိမ်ပေါက်စေ့ လိုက်ကန်တော့ရင်လည်း ကန်တော့နေမယ် .. အဖော်ကောင်းလို့ ပွဲဈေးထဲ ရောက်ရင်လည်း ရောက်နေလိမ့်ဦးမယ် .. မဟုတ်ရင် အိမ်ရှေ့ဝရန်တာကနေ မီးအလင်းမှာ ကလေးတွေ ဆော့တာ ကြည့်ချင်လည်း ကြည့်နေလိမ့်ဦးမယ် ..

ခုချိန် အပျော်ဆုံးက ဘယ်သူတွေဖြစ်မလဲ .. ကလေးတွေလား .. ၀ါကျွတ်လို့ မင်္ဂလာဆောင်တော့မယ့် စုံတွဲတွေလား .. လူပေါင်းစုံ အလွှာပေါင်းစုံကတော့ နည်းအမျိုးမျိုး လမ်းအသွယ်သွယ်နဲ့ ပျော်ရွှင်နေကြပါလိမ့်မယ် .. (အင်း .. မြန်မာနိုင်ငံ တ၀န်းလုံးမှာ နေထိုင်ကြသူတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ ငြိမ်းချမ်းသာယာနေဖို့ မျှော်လင့်မိပါတယ် .. မုန်တိုင်းသတင်းကလည်း ကြားနေရသေးတော့ မြန်မာတနိုင်ငံလုံး ပျော်ရွှင် အေးချမ်းနေမယ်လို့ မတွေးရဲ တွေးရဲပါပဲလေ ..)

ငယ်စဉ်က အန္တရာယ်တွေက နည်းအမျိုးမျိုးနဲ့ ကင်းလွတ်နေတဲ့ မြန်မာနိုင်ငံ ခုတော့လည်း ဒုက္ခတွေ ဆုံးရှုံးမှုတွေနဲ့ ဆက်တိုက်ဆိုသလို ကြုံတွေနေရတယ်လို့ ထင်မြင် ခံစားမိတယ် .. ကိုယ့်နိုင်ငံရဲ့ အပြင်ဘက်က တခြားနိုင်ငံတွေမှာ ကြုံရတဲ့ သဘာဝ ဘေးအန္တရယ်တွေကြောင့် လူတွေ ပစ္စည်းတွေ ဆုံးရှုံးရတယ်ဆိုတာ မြင်ရ ကြားရတာနဲ့တင် စိတ်မကောင်းဖြစ်ရတာ ကိုယ့် မြေ ကိုယ့် နိုင်ငံမှာ အန္တရာယ်တွေ အထပ်ထပ် ကြုံနေရတာ မြင်ရကြားရတော့ ရင်ထဲ မကောင်းမိတာတော့ အမှန် .. သံသရာက ၀ဋ်ကြွေးတွေ ပါလာကြတယ်ဆိုရင်လည်း ဒီဘ၀မှာတင် ကုန်ဆုံးပါစေတော့ရယ်လို့သာ ဆုတောင်းမိတော့တာပါပဲ ..

ဖြစ်လာသမျှ အကြောင်းအရာတိုင်းက ကံတရားလား .. ဒီကံတရားကို ဘယ်သူတွေက ဖန်တီးနေတယ်ဆိုတာတော့ ဆန်းစစ်ဖို့ လိုပြီထင်ပါတယ် .. သူ့ကြောင့် ကိုယ့်ကြောင့် လက်ညှိုးထိုးနေရုံနဲ့လည်း ကံတရားက ကောင်းလာမယ်မဟုတ်နိုင် .. ကောင်းတဲ့ ကံတွေ ကြုံဆုံနိုင်ဖို့ လူတွေကိုယ်စီလည်း ကောင်းဖို့ လိုအပ်တယ် မဟုတ်ပါလား .. တခါတလေ ပျက်စီးခြင်းတွေ များလို့ မြန်မာနိုင်ငံကြီး ပျက်တော့မလားလို့တောင် တွေးမိပါတယ် .. လူတွေ စာရိတ္တ ပျက်စီးလာတာနဲ့ အမျှ မကောင်းမှုတွေ ကျူးလွန်နေတာနဲ့ အမျှ မြန်မာနိုင်ငံကြီးလည်း နလံထူနိုင်လိမ့်မယ်မထင်မိပါဘူး .. လူတိုင်း လူတိုင်း အနီးအနားမှာရှိတဲ့ ကြယ်ငါးလေးတွေကို ကယ်တင်သူတွေဖြစ်အောင် တပိုင်တနိုင်ကြိုးစားဖို့တော့ လိုပါလိမ့်မယ် .. တတ်နိုင်သလောက် စိုက်ပျိုးလိုက်တဲ့ အပင်ရဲ့ အသီးဟာ ကိုယ့်အတွက် မဟုတ်ရင်တောင် ကိုယ့်ရဲ့ သားစဉ်မြေးဆက်အတွက် အထောက်အကူတော့ ဖြစ်လာပါလိမ့်မယ်လို့ မျှော်လင့်ရင်း .. သီတင်းကျွတ်မှာ အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင် ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျှက် ..

မှတ်ချက် = အားလုံးသော ကိုယ့်ထက် အသက်အားဖြင့် ကြီးသူ၊ ၀ါအားဖြင့် ကြီးသူ၊ ကျေးဇူးရှိသူတွေကို ကာယကံ ၀စီကံ မနောကံတွေနဲ့ ပြစ်မှားမိတဲ့ အပြစ်တွေ ရှိရင် ကြေအေးဖို့ ဒီနေရာကနေပဲ တောင်းပန် ကန်တော့ပါတယ်လို့ .. :D အမိုက် အမဲလေးမို့ ခွင့်လွှတ်ကြပါနော် .. :D

Sunday, October 17, 2010

ရောက်ရာပေါက်ရာ အတွေးများ

ကျမတွေ့ဘူး သိဘူးသမျှ မြန်မာလူမျိုးတွေမှာ အရိုးစွဲနေတဲ့ အကျင့်လေးတွေ အစွဲအလန်းလေးတွေ တော်တော်များပါတယ် ..

ဥပမာ - ငယ်ငယ်တုန်းက ကျမ မေကြီးဖက်က အဖွားတို့ အဒေါ်တို့ဆိုရင် သေစကားပြောတာတို့ အပျက်စကားပြောတာတို့ကို မကြိုက်ပဲ ရှောင်ကြပါတယ် .. တခါတလေ ကျမက လမ်းသွားရင်း သေသွားရင်ဆိုတဲ့စကားမျိုးပြောမိလိုက်တာနဲ့ စကားနောက် တရားပါတယ် မပြောရဘူးလို့ ပြောတတ်ကြတယ် .. ငယ်ငယ်ကတော့ ကြောက်တယ်လေ .. အဲလိုပြောကြတော့ နောက် မပြောရဲဘူးပေါ့ .. ပြီးတော့ ဘယ်က ဘယ်လို စကားတွေ လက်ဆင့်ကမ်းလာတယ်တော့ မသိပါဘူး .. အသုဘအိမ်ရှေ့မဖြတ်ရဘူး တို့ .. သချို င်္င်းကုန်း လက်ညှိုးမထိုးရဘူး အကယ်၍ ထိုးမိရင် လက်ညှိုးကို ၇နှစ်ချက် အသက်အောင့် ကိုက်ရတယ်ဆိုတာတွေ အများကြီး အများကြီးပါပဲ .. အဲဒီအချိန်က မစဉ်းစားတတ်သေးပဲ သူများပြောသမျှ လိုက်လုပ်လိုက်တာပါပဲ ..

ခုတော့ ကိုယ့်ရဲ့ တထွာ တမိုက် ဥာဏ်လေးနဲ့ စဉ်းစားတတ်သလောက် မှတ်ထားသလောက်နဲ့ လုပ်သင့်တယ်ထင်ရင် ကိုယ်ပိုင် အတွေးနဲ့ လုပ်လိုက် မလုပ်သင့်တာလို့ ကိုယ့်ဦးနှောက်က ဆုံးဖြတ်ပေးရင် မလုပ်လိုက်နဲ့ ကိစ္စတော်တော်များများကိုယ် စိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရတဲ့အချိန်မှာတော့ ကျမတွေးမိတယ် .. ငယ်ငယ်က တချို့ကိစ္စတွေက တော်တော်ရယ်စရာကောင်းပါလားပေါ့ .. ဒါဆို ခု ကိုယ်ကရယ်စရာတွေ မလုပ်မိတော့ဘူးလား .. ???? .. သိပ်တော့ မထင်သေးဘူး .. မတူညီတဲ့ကိစ္စတွေ လုပ်ရပ်တွေနဲ့ တချိန်ကျ ရယ်စရာ ကောင်းနေလိမ့်ဦးမယ် ..

ဒီလိုပါပဲ အသိဥာဏ် နုံနဲ့စဉ်က ကိုယ့်စိတ်ကို လေးလံစေတဲ့ အရာတွေဟာ ခုချိန်မှာ ဘာမှ မဟုတ်တော့သလို ..

ခုချိန် ကိုယ့်ရဲ့စိတ်ကို ပင်ပန်းစေတဲ့ အရာတွေဟာလည်း နောင် အချိန်ကာလတခုမှာ "ငါဟာ အဲဒီအချိန်က တော်တော် ရယ်စရာကောင်းခဲ့ပါလား" လို့ တွေးမိစေလိမ့်ဦးမယ် ..

တကယ် ပို့စ် စရေးတုန်းက ရေးချင်တဲ့ အကြောင်းအရာနဲ့ လမ်းလွဲနေပါပြီ .. :D ကျမ တကယ်ရေးတုန်းက အစွဲအလန်းအကြောင်း .. ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်တတ်တဲ့ အကြောင်းပါ .. :D ခုတော့ လွဲနေပြီ ..

ပြန်ကောက်ရမယ်ဆိုရင် ..

ကျမတို့ မြန်မာလူမျိုးတွေက အစွဲအလန်း ရိုးရာဆိုတာတွေကို အစွန်းရောက်လေ့ ရှိကြတယ် .. တသက်လုံး ယဉ်ပါးလာတဲ့ အရာတွေမို့ ပစ်ဖို့ ခဲယဉ်းတာလည်း ပါပါလိမ့်မယ် ..

ဒီ အရှေ့က ပို့စ်မှာ ကျမအတွက် အချိန် သိပ်မကျန်တော့ဘူးလို့ ရေးခဲ့တယ် .. ဒီလိုရေးတာသာ အဖွားတို့ ရှိနေသေးလို့ သိရင် နိမိတ်မရှိတာ နိမိတ်မကောင်းတာတွေ ရေးတယ်ပြောတယ်လို့ ဆုံးမကြဦးမယ် ထင်ပါတယ် ..း)

အချိန်တွေ တရွေ့ရွေ့ ကုန်နေပါတယ် .. နေ့ရက်တွေလည်း တရက်ပြီး တရက် ကုန်ကုန်လာနေပါတယ် .. ကုန်နေသမျှ အချိန် နေ့ရက်တိုင်းက သေဖို့ တရွေ့ရွေ့ နီးနီးသွားတာပါပဲ .. တခါတခါ တယောက်တည်း ရှိနေချိန်ဆို အတွေးတွေ သိပ်များတတ်ပါတယ် .. ကိုယ်တိုင်နဲ့ လူတွေရဲ့ အကြောင်း စိတ်ဓါတ်တွေ အကြောင်း လုပ်ရပ်တွေ အကြောင်း .. ကြီးကျယ်တယ်တော့ မထင်ပါနဲ့ .. :D

သေတယ်ဆိုတာက တော်တော် ကြောက်စရာကောင်းမယ့် ကိစ္စ ဖြစ်သလို တော်တော်လည်း စိတ်ဝင်စားစရာကောင်းပါတယ် .. ဘယ်လို ပုံစံ သေမလဲ .. ဘယ်လိုအချိန် သေမလဲ မသေချာပေမယ့် သေမှာတော့လည်း သေချာနေပြန်ပါတယ် ..

ခုချိန်ထက် ပိုကောင်းသော အချိန် မရှိ တဲ့ .. ခု လက်ရှိရနေတဲ့အချိန်က အကောင်းဆုံးပါပဲ .. ကျမတို့ ဘာတွေ လုပ်ကြမလဲ ..

ရန်လိုမှုတွေနဲ့ ဖြတ်သန်းမလား .. နားလည်မှုတွေနဲ့ ဖြတ်သန်းမလား .. ??
ငိုကြွေးခြင်းတွေ နောင်တတွေနဲ့ ဖြတ်သန်းမလား .. ပျော်ရွှင်မှုတွေ ကူညီမှုတွေနဲ့ ဖြတ်သန်းမလား .. ??
အားလုံးကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုသာပါပဲ ..း)

Thursday, October 7, 2010

ကျမမှာ အချိန် သိပ်မကျန်တော့ဘူး

ကျမမှာ အချိန် သိပ်မကျန်တော့ဘူး ..

အကယ်၍များပေါ့ .. ခုခေတ် လူတွေရဲ့ သက်တမ်းနဲ့တွက်လို့ ကျမက သက်တမ်းစေ့ နေရမယ့် သူတယောက်သာဖြစ်ခဲ့ရင် .. ကျမအတွက် နောက်နှစ်ပေါင်း ၄၅ နှစ်လောက်ပဲ အချိန်ရှိတော့မယ် .. ခုတောင် ကိုယ့် အသက်ကို ပြန်ရေတွက် ကြည့်မိတော့ ၂၆ ထဲမှာ .. ကျန်ခဲ့တဲ့ ၂၅နှစ် ကိုတောင်ဘယ်လိုကျော်လာမှန်း မသိတာ နောက် ၄၅ ဆိုတာလည်း သိပ်မကြာပဲ ကုန်ဆုံး သွားနိုင်ပါတယ် .. ၄၅နှစ် ထဲမှာမှ အိပ်ချိန်တွေကို နှုတ်လိုက်ဦး ကျန် သက်တမ်းရဲ့ ၃ပုံ ၂ပုံလောက်ပဲ ကျမ မျက်လုံးတွေ ပွင့်နေပါလိမ့်မယ် ..

အကယ်၍များပေါ့ .. ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေဆို မကြိုက် အသီးအရွက် အစားနဲတဲ့ ကျမအတွက် ရောဂါဘယတွေက ခန္ဓာထဲမှာ ရှိနေနိုင်ပါတယ် .. နဲနဲချင်း စုစုထားတဲ့ ရောဂါသေးသေးမွှားမွှားလေးတွေကနေ တဖြည်းဖြည်း ရောဂါကြီး ဖြစ်လာမယ့် နောက် နှစ်ပေါင်း ၂၀ .. ကျမရဲ့ သက်တမ်းက နောက်ထပ် နှစ်၂၀ ဆိုတာ အများကြီး ဖြစ်နိုင်တဲ့ ကိစ္စပါ .. ဒါကြောင့် ကျမမှာ အချိန် သိပ်မကျန်တော့ဘူးလို့ ပြောတာပေါ့ ..

အကယ်၍များပေါ့ .. ခုချိန်မှာ ကျမ ကိုယ်ထဲ ရောဂါက ရှိနေပြီ မသိသေးတာသာ ရှိတယ် .. အဲဒီရောဂါကြောင့် နောက်ထပ် အချိန် ၁၀ နှစ်ဆိုတဲ့ သက်တမ်းပဲ ကျမမှာ ရှိတော့မယ်ဆိုရင် .. လွန်ခဲ့တဲ့ အချိန် ၁၀နှစ်ကို ပြန်စဉ်းစားတော့ အသက်က ၁၅နှစ် ၁၆နှစ် အထက်တန်းကျောင်းတက် ပြီးတော့ တက္ကသိုလ်ထပ်တက် ဟိုအလုပ်ဝင် ဒီအလုပ်ဝင်နဲ့ ခု ၂၅ ၂၆ကို ချက်ချင်းပဲ ရောက်လာသလို .. တကယ်တန်းဖြတ်သန်းခဲ့တာတော့ ၁၀နှစ်ပါပဲ .. ဒါပေမယ့် ပြန်တွေးကြည့်တော့ မဝေးသလို .. ဒီလိုပဲ နောက် လာမယ့် ၁၀ .. တကယ်ပဲ ကျမမှာ အချိန် သိပ်မကျန်တော့ပါဘူး ..

အကယ်၍များပေါ့ .. ကျန်းမာရေးစစ်ဆေးကြည့်လိုက်လို့ ကျမမှာ ၆လ ၁နှစ်လောက်သာ နေရတော့မယ့် ရောဂါသာရနေခဲ့ရင် .. ကျမ လုပ်ချင်တဲ့ ဖြစ်ချင်တဲ့ ကိစ္စတွေအတွက် အချိန်မှ မှီပါ့မလား .. တကယ်သာ အဲလို အခြေအနေရောက်သွားရင် ကျမ အဖြစ်ချင်ဆုံး ဆန္ဒက ဘာများ ဖြစ်နေမလဲ .. စလုံးမှာနေပြီး ၂နှစ် ၁ခါ ပတ်စ်တိုးတဲ့အခါ အချိန်တွေ သိပ်မြန်နေသလို .. နှစ်တိုင်း လုပ်နေကျ နေရှင်နယ်ဒေးက ခဏလေး ပြန်ရောက်ရောက်လာသလို .. တရုတ်နှစ်ကူးက ခပ်မြန်မြန် တပတ် ပြန်ပြန်လည်လာသလို ..

အကယ်၍များပေါ့ .. မနက်ဖြန် ကျမ အက်ဆီးဒန့် တခုခုနဲ့ ..

အကယ်၍များပေါ့ .. ခု ချက်ချင်း လက်ငင်း အက်ဆီးဒန့် တခုခုနဲ့ ..

တကယ်ကိုပဲ ကျမမှာ အချိန် သိပ်မကျန်တော့ဘူး ..

ကုန်သွားခဲ့တဲ့ အချိန်တွေ ခဏပြန်တွေးကြည့်တော့ မနေ့ တနေ့ကလို .. တကယ်တမ်း ရက် လ နှစ်တွေကို လက်ချိုး ရေတွက်ကြည့်တော့ များပြားလွန်းသလို .. ခု နောက်တနေ့ နောက်လ နောက်နှစ်တွေဆိုတာလည်း တရွေ့ရွေ့ ကုန်ဆုံးပြန်ပါဦးမယ် ..

တချို့အရာတွေက တဖြည်းဖြည်း နီးနီးလာတယ် .. တချို့အရာတွေကတော့ ဝေးဝေးသွားလိုက်တာ ..

(ဘာမှတော့မဟုတ်ဘူး .. ရောက်ရာပေါက်ရာ စိတ်ကူးပေါက်ရာ ရေးချလိုက်မိတာပါပဲ ..း))

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...