Sunday, October 24, 2010

သီတင်းကျွတ် အမှတ်တရ

သီတင်း တခါ ကျွတ်ပြန်ပါပြီ .. မင်္ဂလာရှိတဲ့ သတင်းကျွတ် အခါသမယပါ ..

မြန်မာနိုင်ငံနဲ့ ဝေးနေသူတိုင်းအတွက် နှစ်စဉ်နှစ်တိုင်း အလွမ်းတွေနဲ့ သီတင်းကျွတ်ကို ဖြတ်ကျော်ပါဦးစို့ ..

ဒီလိုရက်မျိုးမှာ ကျမ ရန်ကုန်မှာ ရှိနေခဲ့ရင် ဘာတွေ လုပ်ဖြစ်မလဲ .. သေချာတာတော့ အိမ်ရဲ့ ၀ရန်တာ အထပ်တိုင်းမှာ ဖယောင်းတိုင်တွေ လိုက်ထွန်းနေပါမယ် .. ငြိမ်းသမျှ ဖယောင်းတိုင်တွေကို ဒိုင်ခံ လိုက်ပြီး မီးလိုက်ညှိနေပါမယ် .. (ကိုယ်က အငယ်ဆုံးကိုး .. ကိုယ့်ထက်ငယ်တာ အိမ်က ခွေးနဲ့ ကြောင်ပဲ ရှိတော့တယ် .. ဒါတောင် သက်တမ်းနဲ့တွက်ရင် ခွေးလေးကတော့ အဖွားကြီးအရွယ် ရောက်နေပြီ .. :D)

မီးပျက်နေရင်တောင် အိမ်တိုင်းက ထွန်းထားမယ့် မီးပုံး ဖယောင်းတိုင်တွေရဲ့ အလင်းနဲ့ ညကတော့ လှပနေမှာ အမှန်ပါပဲ .. အလင်းတွေ ရှိနေသရွေ့ ဆော့ကစားနေမယ့် လမ်းထဲက ကလေးတွေကိုလည်း မြင်မိပါရဲ့ .. ရာသီဥတုအပူကို အံတုရင်း အိမ်ရှေ့ ခုံတန်းလျားတွေမှာ ယပ်တောင် တဖျတ်ဖျတ်နဲ့ နေနေမယ့် အဒေါ်ကြီးတွေကိုလည်း မြင်ယောင်မိပါရဲ့ ..

ဝါသနာအရ ပွဲဈေးတန်းလျှောက်မယ့်လူ ပွဲတော်တွေ သွားနေမယ့်လူ တရားဘာဝနာ အားထုတ်နေမယ့်သူ သောက်စားပျော်ပါးနေမယ့်သူ လူပေါင်းစုံနေမယ့် ပွဲပါပဲ ..

ဒီလိုပွဲတော် ဒီလိုအချိန်မျိုးမှာ ကိုယ်ပါဝင်ခွင့်ရရင် .. သူငယ်ချင်းအိမ်ရောက်ရင်လည်း ရောက်နေမယ် .. ဦးလေးတွေ အဒေါ်တွေ အိမ်ပေါက်စေ့ လိုက်ကန်တော့ရင်လည်း ကန်တော့နေမယ် .. အဖော်ကောင်းလို့ ပွဲဈေးထဲ ရောက်ရင်လည်း ရောက်နေလိမ့်ဦးမယ် .. မဟုတ်ရင် အိမ်ရှေ့ဝရန်တာကနေ မီးအလင်းမှာ ကလေးတွေ ဆော့တာ ကြည့်ချင်လည်း ကြည့်နေလိမ့်ဦးမယ် ..

ခုချိန် အပျော်ဆုံးက ဘယ်သူတွေဖြစ်မလဲ .. ကလေးတွေလား .. ၀ါကျွတ်လို့ မင်္ဂလာဆောင်တော့မယ့် စုံတွဲတွေလား .. လူပေါင်းစုံ အလွှာပေါင်းစုံကတော့ နည်းအမျိုးမျိုး လမ်းအသွယ်သွယ်နဲ့ ပျော်ရွှင်နေကြပါလိမ့်မယ် .. (အင်း .. မြန်မာနိုင်ငံ တ၀န်းလုံးမှာ နေထိုင်ကြသူတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ ငြိမ်းချမ်းသာယာနေဖို့ မျှော်လင့်မိပါတယ် .. မုန်တိုင်းသတင်းကလည်း ကြားနေရသေးတော့ မြန်မာတနိုင်ငံလုံး ပျော်ရွှင် အေးချမ်းနေမယ်လို့ မတွေးရဲ တွေးရဲပါပဲလေ ..)

ငယ်စဉ်က အန္တရာယ်တွေက နည်းအမျိုးမျိုးနဲ့ ကင်းလွတ်နေတဲ့ မြန်မာနိုင်ငံ ခုတော့လည်း ဒုက္ခတွေ ဆုံးရှုံးမှုတွေနဲ့ ဆက်တိုက်ဆိုသလို ကြုံတွေနေရတယ်လို့ ထင်မြင် ခံစားမိတယ် .. ကိုယ့်နိုင်ငံရဲ့ အပြင်ဘက်က တခြားနိုင်ငံတွေမှာ ကြုံရတဲ့ သဘာဝ ဘေးအန္တရယ်တွေကြောင့် လူတွေ ပစ္စည်းတွေ ဆုံးရှုံးရတယ်ဆိုတာ မြင်ရ ကြားရတာနဲ့တင် စိတ်မကောင်းဖြစ်ရတာ ကိုယ့် မြေ ကိုယ့် နိုင်ငံမှာ အန္တရာယ်တွေ အထပ်ထပ် ကြုံနေရတာ မြင်ရကြားရတော့ ရင်ထဲ မကောင်းမိတာတော့ အမှန် .. သံသရာက ၀ဋ်ကြွေးတွေ ပါလာကြတယ်ဆိုရင်လည်း ဒီဘ၀မှာတင် ကုန်ဆုံးပါစေတော့ရယ်လို့သာ ဆုတောင်းမိတော့တာပါပဲ ..

ဖြစ်လာသမျှ အကြောင်းအရာတိုင်းက ကံတရားလား .. ဒီကံတရားကို ဘယ်သူတွေက ဖန်တီးနေတယ်ဆိုတာတော့ ဆန်းစစ်ဖို့ လိုပြီထင်ပါတယ် .. သူ့ကြောင့် ကိုယ့်ကြောင့် လက်ညှိုးထိုးနေရုံနဲ့လည်း ကံတရားက ကောင်းလာမယ်မဟုတ်နိုင် .. ကောင်းတဲ့ ကံတွေ ကြုံဆုံနိုင်ဖို့ လူတွေကိုယ်စီလည်း ကောင်းဖို့ လိုအပ်တယ် မဟုတ်ပါလား .. တခါတလေ ပျက်စီးခြင်းတွေ များလို့ မြန်မာနိုင်ငံကြီး ပျက်တော့မလားလို့တောင် တွေးမိပါတယ် .. လူတွေ စာရိတ္တ ပျက်စီးလာတာနဲ့ အမျှ မကောင်းမှုတွေ ကျူးလွန်နေတာနဲ့ အမျှ မြန်မာနိုင်ငံကြီးလည်း နလံထူနိုင်လိမ့်မယ်မထင်မိပါဘူး .. လူတိုင်း လူတိုင်း အနီးအနားမှာရှိတဲ့ ကြယ်ငါးလေးတွေကို ကယ်တင်သူတွေဖြစ်အောင် တပိုင်တနိုင်ကြိုးစားဖို့တော့ လိုပါလိမ့်မယ် .. တတ်နိုင်သလောက် စိုက်ပျိုးလိုက်တဲ့ အပင်ရဲ့ အသီးဟာ ကိုယ့်အတွက် မဟုတ်ရင်တောင် ကိုယ့်ရဲ့ သားစဉ်မြေးဆက်အတွက် အထောက်အကူတော့ ဖြစ်လာပါလိမ့်မယ်လို့ မျှော်လင့်ရင်း .. သီတင်းကျွတ်မှာ အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင် ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျှက် ..

မှတ်ချက် = အားလုံးသော ကိုယ့်ထက် အသက်အားဖြင့် ကြီးသူ၊ ၀ါအားဖြင့် ကြီးသူ၊ ကျေးဇူးရှိသူတွေကို ကာယကံ ၀စီကံ မနောကံတွေနဲ့ ပြစ်မှားမိတဲ့ အပြစ်တွေ ရှိရင် ကြေအေးဖို့ ဒီနေရာကနေပဲ တောင်းပန် ကန်တော့ပါတယ်လို့ .. :D အမိုက် အမဲလေးမို့ ခွင့်လွှတ်ကြပါနော် .. :D

7 comments:

Anonymous said...

ခွင့်လွှတ်ပ ခွင့်လွှတ်ပ...

စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းတွေနဲ့ ပြည့်ပါစေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

မင်္ဂလာရှိတဲ့ အခါသမယမှာ အမြန်ဆုံး မင်္ဂလာရှိပါစေ
ပျော်စရာ သီတင်းကျွတ်ချိန်ခါဖြစ်ပါစေ

Anonymous said...

အဘက ခွင့်လွှတ်ပြီးသားပါ မြေးခါးရယ်..:)

ညိမ်းနိုင် said...

လာသွားတယ် မိုးခါးရေ...။

မြတ်မွန် said...

သတိရလိုက်တာ ခါးခါးရေ..။

ဇွန်မိုးစက် said...

မိုးခါးရေးတာဖတ်ပြီး အစ်မတောင် ဟိုးအရင် ပျော်စရာကောင်းတဲ့ မြန်မာပြည်က သီတင်းကျွတ်နေ့ရက်တွေကို လွမ်းသွားတယ်။

ညီမလိုပဲ အစ်မလည်း ထပ်တူခံစား တွေးနေမိတာ။

ဆောင်းနှင်းရွက် said...

hi ...
MA MA MOE KHAR ... !

အသက်အားဖြင့် ကြီးသူ၊
ဝါအားဖြင့် ကြီးသူ၊
ကျေးဇူး ရှိသူ၊
ကာယကံ ၀စီကံ မနောကံတွေနဲ့ ပြစ်မှားမိတဲ့ အပြစ်တွေ ရှိရင် ကြေအေးဖို့ ဒီနေရာကနေပဲ တောင်းပန် ကန်တော့ပါတယ်လို့ .. :D
အမိုက် အမဲလေးမို့ ခွင့်လွှတ်ကြပါနော် .. :D

(မုန့်ပုံးအကြီးကြီး နှင့်တကွ လာကန်တော့ပါသှ်)

ကဲ ...
လာကန်တော့ပြီးပြီ ...
မုန့်ဖိုးပေး တော့ ..း))

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...