Tuesday, August 10, 2010

ကျမနှင့် ဥပုသ်စောင့်ခြင်း

ငယ်ငယ်ကဆို အိမ်က လူကြီးတွေ ဥပုသ်စောင့်ပြီဆို အရမ်းကိုပဲ လိုက်စောင့်ချင်တယ် .. အဲဒီတုန်းကတော့ ဥပုသ်စောင့်တဲ့ လူတွေကို မစောင့်တဲ့ လူတွေက စားဖို့ သောက်ဖို့ စီစဉ်ပေးသမျှတွေကို ကိုယ်က လိုက်စားချင်တာကိုး .. အားလုံးကလည်း ကိုယ့် အကြိုက်တွေချည်းပဲဆိုတော့ ဥပုသ်နေ့ဆို ပျော်ပျော်ကြီးပဲ ..

ဥပုသ်ကို ဘယ်ချိန်က စစောင့်ဖြစ်လဲဆို မှတ်မှတ်ရရ ၁၀ တန်း အပြီး ပထမနှစ်လောက် ထင်တယ် .. ပထမဆုံး ဥပုသ်စောင့်တာဆိုတော့ ညဘက်ကျ ဗိုက်က ဆာရော .. ပြီးတော့ ကိုယ့်အထင်ကလဲ ည ၁၂ နာရီ ကျော်ရင် စားလို့ရပြီ မှတ်နေသေးတယ် .. အဲဒီနေ့ကတော့ ည ၁၂ နာရီကျော်တာနဲ့ အိပ်ရာကထပြီး ကော်ဖီတွေ မုန့်တွေ ထစားလိုက်တာ မှတ်မိပါရဲ့ .. :D အဲဒီနေ့ကတော့ မအောင်မမြင်နဲ့ပဲ ပြီးဆုံးသွားပါတယ် ..

လူသီလဆိုပြီးတော့ (၅) ပါးသီလကို သတ်မှတ်ပြီး ကျမတို့ ကျင့်သုံးကြတယ် .. ဥပုသ်ရက်တွေမှာ (၈)ပါး (၉)ပါးစသည်ဖြင့် ပိုများတဲ့ သီလတွေနဲ့ ကျမတို့ စောင့်ထိန်းကြတယ် .. တခါတလေလည်း ပြည့်ပြည့်၀၀ စောင့်ထိန်းနိုင်ပြီး များသောအားဖြင့် တပါးမဟုတ် တပါး ကျိုးတတ်တယ် .. လူ့အသိုင်းဝိုင်းထဲ ကျင်လည်နေရတဲ့အတွက် စိတ်အခန့်မသင့်တာနဲ့ ကြုံတိုင်း ကျမကတော့ စိတ်တို ဒေါသထွက်နဲ့ သီလ ကျိုးပြန်ပါရော .. ပတ်ဝန်းကျင်နဲ့ ဆက်သွယ်နေရတဲ့အတွက် လိမ်ညာခြင်းဆိုတဲ့ သီလကတော့ မတည်မြဲနိုင်တာ များပါတယ် .. လူတွေကို စိတ်တို စိတ်ဆိုးမိပြန်တော့ မေတ္တာထားဖို့ဆိုတော့ သီလ ကျိုးပြန်ရော .. ဥပုသ်စောင့်တိုင်း စိတ်က သီချင်း ညည်းညည်းမိပြန်တော့ နောက်တပါးပေါ့ .. (ကုန်ပါပြီ)

ငယ်ငယ်ကတော့ ဥပုသ်စောင့်တယ်ဆိုတာ အစားမစားရုံနဲ့ဖြစ်ပြီလို့ မှတ်ယူမိဘူးပါတယ် .. အစားမစားပေမယ့် ရုပ်ရှင်ကြည့်တယ် .. (အထူးသဖြင့် မကင်းကွာနိုင်တာက ကိုရီးယားကားပေါ့) သွားရင်း လာရင်း ဖိနပ်အောက်ရောက်လာမယ့် ပိုးမွှားလေးတွေအကြောင်းလည်း တွေးမိတယ် .. မှန်ဆိုတာလည်း မြင်ရင် ကြည့်မိပြန်ပါရောလား ..

တခါတလေလည်း တွေးမိသေးတယ် .. ဘာပဲ လုပ်လုပ် အကုသိုလ်ကကို မလွတ်ပါလားပေါ့ .. လောဘ ဒေါသ မောဟဆိုတာ အကုသိုလ် .. ပျော်ရင် လောဘဆိုတော့ အကုသိုလ် ဖြစ်ပြန်ရော .. မျက်ရည်ကျတော့ ဒေါသတဲ့ .. အားလုံး လွတ်အောင် အိပ်နေမယ်ဆိုရင်လည်း ထိနမိဒနဲ့သေရင် တိရစ္ဆာန် ဖြစ်ရပြန်ဦးမယ် .. ဘယ်အရာမှ မလွတ်ပါလားပေါ့ ..

ကျမကတော့ ဥပုသ်စောင့်တယ်ဆိုတာ သီလတွေကို စောင့်ထိန်းခြင်း ထိန်းချုပ်ခြင်းလို့ မြင်မိတယ် .. သီလယူထားတဲ့အတွက် ဘာတွေရှောင်ရမယ်ဆိုတဲ့ အသိက စိတ်ထဲရှိနေတော့ မကောင်းတာ လုပ်မိတော့မယ်ဆိုရင်တောင် ငါသီလ ယူထားပါလားဆိုတဲ့ အသိလေးနဲ့ အတော် အတန် ထိန်းချုပ်နိုင်မယ်လို့ ထင်မိတယ် .. ပုံမှန် ဥပုသ် မယူထားချိန်ဆို လွယ်လွယ်လေး လိမ်လိုက်မိမယ့် ကိစ္စက ငါ ဥပုသ်ယူထားပါလားဆိုတဲ့ အသိနဲ့ တတ်နိုင်သလောက်တော့ ထိန်းမိတာပါပဲ ..

တခါတလေ စိတ်ညစ်ညူးတယ်ဆိုရင် တရားစာလေးဖတ် တရားခွေလေး နာလိုက်တာလဲ အနည်းဆုံးတော့ အကုသိုလ်အတွေးတွေ မတွေးမိတော့ပဲ စိတ်က ကြည်လင်သွားတတ်ပါတယ် .. ကျမက စိတ်ရှုပ်ထွေး လွယ်ပါတယ် .. အဲလို စိတ်ရှုပ်တိုင်း လုပ်နေကျ အလုပ်ကတော့ ဘုရားမှာ ပန်းလဲ သောက်တော်ရေလဲ ပြီးရင် တရားခွေဖွင့်ထားတတ်တာပါပဲ .. ဆရာတော် ဥူးသုမင်္ဂလ တရားတွေကို နာဖြစ်ပါတယ် .. ဆရာတော် ဟောတဲ့ ပုံဝတ္တုတွေကို နားထောင်ရတာ ကြိုက်လို့ပါ ..း)

8 comments:

ပေါက်ပေါက် said...

သာဓု သာဓု သာဓု

မေပယ်လ် said...

မိုးခါးဆိုတာ ကိုယ့်ထက် ငယ်လား ကြီးလား မသေချာပေမယ့် သေချာတာ
ကတော့ ကိုယ့်ထက် ရင့်ကျက်နေသူပဲ..
သာဓုခေါ်သွားပါတယ်ဗျာ..

မောင်မျိုး said...

ွ ဥပုသ်နေ့ကျ ဥပုသ်စောင့် ပြီးတော့ နောက်တစ်နေ့ကျ မောင်နဲ့သွားတွေ့ အဲ့လိုလား ခုမှ အကျွတ်တရားတွေရနေတယ်နော် ဟွန်းဟွန်းးး)
စတာပါဗျာ

သာဓု သာဓု ။

Sein Lyan Tun said...

အကိုက ငါးပါးသီလ စောင့်ပါတယ်။

နွေဆူးလင်္ကာ said...

လိမ္မာ လိုက်တာဗျာ .. သာဓု သာဓု

ahphyulay said...

မှန်ပါတယ်ဗျာ...
စောင့် ထိမ်းခြင်း ဆိုတာ..၊
စောင့် ထိမ်းခြင်းဆိုတာ တနည်း .. ချုပ်တီးခြင်း လို့ 
မြင်ပါတယ်၊
ချုပ်တီး ရ ပြီ ဆိုကတဲက လုံလ ပြု ရ ပြီလေ၊
သတ္တိ လို့ လဲ မြင်ပါတယ်၊
မလွယ်ပါဘူး နော် ၊ ရာနူန်းပြည့်  ကင်းစင်ဖို့ ၊
သာမန် ပုထုစဉ် တွေ အတွက် ပါ၊
သာ.....ဓု ပါ....။

ဇွန်မိုးစက် said...

အစ်မလည်း တတ်နိုင်သလောက် ငါးပါးသီလ နေ့စဉ်စောင့်ဖြစ်အောင် ကြိုးစားတယ်။ မနက်ရုံးမသွားခင် ဘုရားကန်တော့ပြီး သီလယူလိုက်တယ်။ သီလယူထားတဲ့နေ့နဲ့ မယူမိလိုက်တဲ့နေ့ ကွာတယ်။ သီလယူထားပြီးရင် အသိရှိနေတော့ စိတ်က ထိန်းပေးတယ်။

မဇွန်က အစာအိမ်အောင့်တတ်တော့ တော်တော်နဲ့ ဥပုသ်မစောင့်ဖြစ်ဘူး။ တစ်ထိုင်လောက်ပဲ ယူတာများတယ်။ ဒါပေမဲ့ စင်္ကာပူရောက်ပြီး တရားစခန်းတွေ ၀င်ဖြစ်ရင်းနဲ့ စောင့်ဖြစ်သွားတာ အကျင့်ရသွားတယ်။ တရားတန်ခိုးနဲ့ ညစာမစားလည်း ဗိုက်မအောင့်တော့ ဥပုသ်ယူဖြစ်သွားတယ်။

ဒီပို့စ်လေးအတွက် သာဓုပါ မိုးခါးရေ... သာဓု သာဓု။

P.S. အစ်မခရီးသွားနေလို့ တလောက မိုးခါးမေးထားတာ မပြန်ရသေးဘူး။ ကာမတဏှာစာအုပ်က ဒဏ္ဍာရီက ငှားဖတ်တာ။ အပိုင်ရှိသင့်တဲ့စာအုပ်လို့ အစ်မမြင်တယ်။ အိမ်ကိုပဲ ပြန်မှာထားတယ်။ ရွှေဝါမြေမှာ $8 နဲ့ ရောင်းတယ်။ အိမ်က စာအုပ်ရောက်လာရင် မိုးခါးကို ပေးဖတ်မယ်လေ...နော်။း)

noblemoe said...

ခုလို ဥပုသ်စောင့်နိုင်တာကောင်းပါတယ်။ ကုသိုလ်တွေများကြီးရတာပေါ့နော် အမတော့ဒီရောက်ပြီးတစ်ခါမှမစောင့်ဖြစ်သေးဖူး
သာယာချမ်းမြေ့ပါစေနော်
မိုး

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...