Tuesday, August 10, 2010

အတွေးများနဲ့ ကိုယ်

ကျမရဲ့ အလုပ်သွားရာ လမ်းတလျှောက်မှာ မြင်နေကျ မြင်ကွင်းတွေနဲ့ ပြည့်နှက်နေတယ် .. မနက်မိုးလင်းလို့ အလုပ်သွားရမယ့်လမ်းတလျှောက်မှာ ကြောင်ဖြူကြီးတကောင် ခုံတန်း တခုမဟုတ် တခုမှာ အိပ်နေတတ်တယ် .. ၀၀တုတ်တုတ်နဲ့ ကြောင်ဖြူကြီးရဲ့ မျက်နှာကို ကြည့်လိုက်ရင် အသက်အားဖြင့် မငယ်တော့ဘူးဆိုတာ သိသာလှပါတယ် ..

အိမ်နားက အုတ်ခုံတွေမှာ မနက်ခင်းတိုင်း မြင်ရတဲ့ မြင်ကွင်း နောက်တခုကတော့ တခေါင်းလုံးဖြူစွတ်နေတဲ့ အန်ကယ်ကြီးတယောက် သတင်းစာ ထိုင်ဖတ်နေမယ် .. လူလာတဲ့ အသံကြားရင် အသံကြားတဲ့ဆီ လိုက် ကြည့်မယ် .. တခါတလေတော့ အဲဒီနားမှာတင်ပဲ သန့်ရှင်းရေးအ၀တ်အစားနဲ့ အဒေါ်ကြီးနှစ်ယောက် အမှိုက်ပုံးနားထိုင်နေတတ်ပြန်တယ် ..

အလုပ်သွား/ပြန်ချိန် မှန်းခြေ နာရီဝက်တော့ ကြာတတ်တယ် .. တခါတလေ ကားစောင့်ရရင်တော့ ဒါထက်ပိုကြာပြီပေါ့ ..

ကလေးတွေ ကျောင်းဖွင့်ချိန်ဆို ကျောင်းဝတ်စုံနဲ့ ကလေးတွေကို မြင်နိုင်တယ် .. ဒီက ကလေးတွေကို မြင်လိုက်ရင် မြန်မာနိုင်ငံက ကလေးတွေနဲ့ ကွာခြားတာတွေကိုလည်း သတိရစေတယ် ..

ဒီက မြင်ကွင်းကတော့ အသက်အားဖြင့် ၁၃နှစ် ၁၄နှစ်ကလေးတွေဆိုရင်ပဲ အပျိုကြီး စတိုင်တွေနဲ့ ပြင်ထားဆင်ထားတာကို မြင်ရတယ် .. သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချမှုရှိနေတာကတော့ ကောင်းတဲ့အချက်လို့ မြင်မိပေမယ့် ကလေးအရွယ်က ကလေးနဲ့ မတူတာကိုတော့ သိပ်ဘ၀င်မကျလှဘူး .. (ကိုယ်နဲ့တော့ အနေသာကြီးပါပဲ)

၁၃နှစ် ၁၄နှစ်ဆို မြန်မာနိုင်ငံမှာ ၇တန်း ၈တန်းလောက်ပေါ့ .. ကျမ ၇တန်းလောက်တုန်းက ၁၀တန်းက အမကြီးတွေကို မြင်ပြီဆိုရင် ၁၀တန်း ကျောင်းသူဖြစ်ရတာ တော်တော်လေးကို ဂုဏ်ယူစရာကောင်းနေပြီလို့ ထင်ဘူးတယ် .. အရွယ်ရောက်ပြီးသား ပြည့်စုံနေသူလို့ အထင်ရောက်ဘူးတယ် .. ကိုယ်တကယ် ၁၀တန်း ရောက်တော့ တက္ကသိုလ်ကျောင်းက အမကြီးတွေကို အားကျမိပြန်ပါရော ..

ကိုယ် ၇တန်းမှာ မြင်ရတဲ့ အစ်မကြီးတွေက ဆံပင်ရှည်ရှည် အဲဒီ ဆံပင်မှာ ဖဲကြိုးလေးတွေနဲ့ ချည်ထားသေးတယ် .. ထမိန်လေးတွေနဲ့ အပျိုကြီးတပိုင်း ဖြစ်နေတဲ့ ၁၀တန်း အမကြီးတွေကို ငေးကြည့်ဖူးပါရဲ့ .. ကိုယ်သာ ၁၀တန်း ရောက်ရင်ဆိုပြီးလည်း စိတ်ကူးက ယဉ်လိုက်သေးတာလား ..

တကယ်တန်း ကိုယ် ၁၀တန်း ရောက်တော့ ခေါင်းက ဆံပင်လည်း ပိုရှည်မလာတဲ့ အပြင် ပြင်ဖို့ ဆင်ဖို့ ဆိုတာလည်း ဝေလာဝေးပေါ့ .. အမေဆင်ပေးတဲ့ အတိုင်းပဲ .. အဲဒီ အချိန်က ဆံပင်အရှည်ထားချင်တာ အရမ်း .. တချို့သူငယ်ချင်းတွေဆို ဆံပင်ကို အရောင်ဆိုး ကုတ်ဝဲလေးနဲ့ သိပ်သဘောကျတာ .. အဲဒီ ၁၀တန်းပြီးတဲ့ အထိကို ဆံပင်ညှပ်ဆိုင် ဆိုတာတောင် မရောက်ဘူးတဲ့ ကိုယ့်ဘ၀ .. ဦးလေးရဲ့ လက်ရာနဲ့ပဲ ကိုယ့်ဆံပင်က ရှည်ကို မလာတာ .. အဲဒီ ဦးလေးက ပြောသေးတယ် .. သူညှပ်ပေးတဲ့ ပုံက အဲဒီအချိန်က နာမည်ကြီးတဲ့ Ghost မင်းသမီး ကေတဲ့လေ .. အဲဒီတုန်းကတော့ အဟုတ်ကြီးပဲ ထင်ခဲ့တာပေါ့ .. ဘယ်လိုပဲ ပြောပြီး ညှပ်ညှပ် ဆံပင်က ခေါင်းထက်မှာ ၁လက်မ ၂လက်မ ထက်ပို ပိုမရှည်လာတတ်တာ .. ခုမှစဉ်းစားမိရင် ငါ အနှပ်ချ ခံရတာပဲလို့ .. :P ကိုယ် ၁၀တန်းမှာလည်း အလှပြင်ဖို့ထက် ဆော့ဖို့ပဲ ပိုစိတ်ရောက်နေသေးတာလည်း မှတ်မိနေပါတယ် .. အဲ ရင်လည်း ခုန်တတ်နေပြီပေါ့ .. :P စာမကျက်ချင်သလောက် သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ တခုမဟုတ် တခု ဆော့နေတာ .. စာကျက်ဖို့ကလွဲရင် အကုန်တက်ကြွနေတတ်တာ .. ဂိုက် အမကြီးတွေကိုလည်း ဒုက္ခပေးခဲ့တာ စုံလို့ပေါ့ ..

တရက် ဂိုက်အမကြီး လာမယ့်နေ့မှာ သူငယ်ချင်းတွေ အကုန် ဘယ်သူမှ စာမသင်ချင်ဘူး .. အဲဒီအမကြီး စာသင်တာလည်း တယ်ပျင်းဖို့ ကောင်းတာကိုး .. အဲဒါနဲ့ အားလုံးတိုင်ပင်ပြီး အိမ်တံခါးကို သော့ခတ် တခါးလာခေါက်တော့ မဖွင့်ပေးတာ ၁၀မိနစ်လောက်ထိ တံခါးခေါက်နေပြီး မဖွင့်တော့ ပြန်သွားတာ .. ပြန်သွားတော့လည်း သူငယ်ချင်းရဲ့ အမေ ဆရာမကိုများသွားတိုင်မလား စိတ်ပူရသေးတာ .. အဲဒီတုန်းက ကိုယ်တွေ တော်တော်ဆိုးခဲ့ပါလားလို့ ခု ပြန်တွေးမိနေတယ် .. ကျောင်းတက်တဲ့ သက်တမ်းတလျှောက် အပျော်ဆုံးကတော့ ၉တန်းနှစ်ပဲ .. ၁၀တန်းလို စာကျက်စရာ မများသလို မအောင်မှာလည်း မပူရတော့ ပျော်ပျော်ကြီး အတန်းလည်ပြီး ဇယ်ခုတ်ခဲ့သေးတာ ..

ခုနောက်ပိုင်း မြန်မာနိုင်ငံက ကလေးတွေ (ခုတော့ ပြောအားရှိပြီပေါ့ .. :P)ရဲ့ ကျောင်းတက်ပုံက ဘယ်လိုရှိနေတယ်တော့ မပြောတတ်ပါဘူး .. ဒီမှာ မြင်ရတဲ့ ၁၀ကျော်သက်လေးတွေကို မြင်ရရင် စိတ်ထဲ မကျေလည်တာတော့ အမှန် .. ကလေးလို့ ပြောလိုက်ရင် မျက်စိထဲမှာ သနပ်ခါး ပါးကွက်ကျားနဲ့ ဆံပင်တိုတို ဂါဝန်လေးပဲ မျက်စိထဲမြင်မိတယ် .. ဒီမှာ မြင်နေရတဲ့ အပျိုကြီးဂိုက်နဲ့ ကလေးတွေ မြင်မိရင် စိတ်ထဲ မသက်သာ .. နောက်ကလေးတွေအတွက်လည်း ရင်လေးမိတာ အမှန် ..

ဒါတွေ အားလုံးက တိုးတက်နေတာပါလို့ ပြောရင်သိပ်ဘ၀င်မကျချင် .. ဒါပေမယ့် လက်မခံလို့လည်း မရ .. ဒီလိုနဲ့ပဲ အတွေးထဲ တ၀ဲ လည်လည်နဲ့ ရက်တွေလည်း တရက်ပြီး တရက် မပြောင်းမလဲ ဖြတ်ကျော်နေရင်း ....

10 comments:

chocothazin said...

ငယ်ဘဝကို ပြန်အောက်မေ့သွားတယ်။
ဒါပေမယ့် မိုးခါးလောက် ရေရေရာရာ မမှတ်မိတော့တာတော့ သေချာတယ်။ ပြီးတော့ ရေးစရာလည်း မယ်မယ်ရရမရှိသလောက်ပါပဲ။

ခံစားမိသလိုပေါ့ ရေးပေးသွားနိုင်ပါတယ် အဲ... ရေးပေးသွားပါတယ် .. တာ့တား)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ကောင်းတဲ့ အတွေးလေးပါဘဲ..
ခေတ်တွေပြောင်းသွားပြီဆိုတော့
ကိုယ်တွေခေတ်နဲ့ အခုခေတ်ကျောင်းသားဘ၀ကတော့ ကွာခြားချက်တွေ ရှိနေတော့မှာပါဘဲလေ...
ဘာဘဲဖြစ်ဖြစ် ငယ်ဘ၀ကတော့ အမြဲ အမှတ်ရစရာကောင်းနေတာပါဘဲနော်...

အဖြူရောင်နတ်သမီး said...

အမတို့ ခေတ်ကဆို ပိုဆိုးသေး...
ကျောင်းရောက်တာနဲ့ လွယ်အိတ်ချပြီး သူငယ်ချင်းတွေနဲ့ အုပ်စုဖွဲ့ပြီး ကြိုးခုန်တော့တာပဲ..

noblemoe said...

ငယ်ငယ်က ဆံပင်အတိုလေးနဲ့ပုံလေးကြည့်ချင်လိုက်တာ
အမတို့ လည်း ငယ်ငယ်က ဆရာမစာလာသင်တဲ့ချိန် အိမ်ထဲမှာအားလုံးပုန်းပြီးနေဖူးတယ် ဆရာမပေါက်ကွဲပြီး နောက်တစ်ခါဆိုလာမသင်တော့ဖူးဆိုပြီး မိဘတွေကိုတိုင်တယ်လေ။အဲဒီတုန်းကတော့ ပျော်လိုက်တာ ခုနေပြန်စဉ်းစားရင်တော့ ဆရာမလာပြီးမှပင်ပန်းပြီးပြန်သွားရတာတွက်စိတ်မကောင်းဖြစ်မိတယ်လေ။
အပူပင်ကင်းတဲ့ကလေးလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ် ဆိုပေမဲ့ ....
သာယာချမ်းမြေ့ပါစေနော်
မိုး

Pwint Myue said...

ကလေးဘ၀လေးကိုတော့ လွမ်းသား.. ပြန်ရောက်ချင်လားဆိုရင် မရာက်ချင်ဘူး.. စာတွေပြန်လုပ်ရမှာ ပျင်းလို့.. ဟိ

ဇွန်မိုးစက် said...

မဇွန်လည်း လေးငါးတန်းလောက်တုန်းက ရှစ်တန်းထမီဝတ် အစ်မကြီးတွေကို အားကျဖူးတယ်။ နောက် ခုနစ်တန်းလောက်ရောက်တော့ ဆယ်တန်းက အစ်မကြီးတွေကို အားကျမိပြန်ရော။ ကိုယ်တိုင် ဆယ်တန်းရောက်တော့လည်း ဘာမှ မဟုတ်သလိုပါပဲ။ အပျိုကြီးဂိုက်တော့ သိပ်မဖမ်းခဲ့ဘူး။ စာတော့လုပ်တယ်။

အင်း... ရုပ်ဝတ္ထုတွေ တိုးတက်လာတာနဲ့အမျှ စိတ်ဓာတ်ရေးရာပိုင်းမှာ ဆုံးရှုံးမှုတွေ အများကြီးရှိလာတယ်။

နွေဆူးလင်္ကာ said...

ကျနော်တို့ဆီက ကလေးတွေလဲ တိုးတက်နေပါပြီဗျ. ဂျာနယ်မှာ ဖတ်ရတာတော့ ဒေးကလပ်တွေမှာ အဖြူအစိမ်းကျောင်းသားလေးတွေ လာတတ်တယ်တဲ့ဗျ ..

Maung Myo said...

ဒီမှာလည်း တူတူပဲ ကျောင်းလွယ်အိတ်ထဲ မိတ်ကပ်ဗူးတွေ နှုတ်ခမ်းနီတွေနဲ့ ကျောင်းသူနဲ့မတူဘူး ပြီးတော့ တကယ့်လူကြီးအတွေ့ကြုံတွေနဲ့ ကြောက်စရာကြီး တစ်ခါခါ စဥ်းစားမိတာ မတိုးတက်ပေမယ့် ငါတို့ နိုင်ငံမှာ ဒီစရိုက်လေး မပျောက်သေးတာ ၀မ်းသားစရာပါလားလို့ ။ ခုကော နင် ဆံပင် အဖြူရောင်တွေ ဆိုးထားတယ်ဟုတ် အပြတ်ကဲနေတယ်ပေါ့လေ အဖြူရောင်လေး နင်နဲ့ လိုက်တယ်ဟ မွန်အရိုးနဲ့ တူတယ် ဟိဟိး)

ဟန်နာ said...

ဟုတ်တယ်နော်...ခု စလုံးက ကလေးတွေကိုကြည့်ရင် လူလေးတွေက ငယ်ငယ်လေး..ဆံပင်အရှည်ကြီးတွေကို လူကြိး စတိုင် စည်းပြီး မျက်မှန်တွေနဲ့  ..bus ပေါ်များတက်လိုက်ရင် ခြေထောက်လေးချိတ်...နားထဲ နားကြပ်ထိုးထည့်ထားတာ...ဟန်နာတို့ ငယ်ငယ်က
နဲ့ ကွာတယ်...မမိုးရေ...

သူကြီးမင်း (တုံးဖလား) said...

အင်း.... သူ့ခေတ်နှင့်သူ့အခါပေါ့လေ။ တားဆီးလို့မှ မရနိုင်တော့တာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...