Thursday, June 9, 2011

၂၀၁၁-၁၂ ပညာသင်နှစ်​​​အတွက် ပညာသင်စရိတ် ထောက်ပံ့မှု့ အစီအစဉ်

အရင်နှစ်ဒီလိုအချိန်မှာ ကျမတို့ နီးစပ်ရာ မောင်နှမတွေစုပြီး ကိုယ်တတ်နိုင်သလောက်လေးနဲ့ မြန်မာနိုင်ငံက ကျောင်းသား/ သူ လေးတွေအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးဖြစ်ခဲ့ပါတယ် .. ကုသိုလ် နှင့် Lotus ဖောင်ဒေးရှင်းက တဆင့်ပါ ..

မူလတန်း ၅ယောက်၊ အလယ်တန်း ၂ယောက် နဲ့ အထက်တန်း ၅ယောက်၊ စုစုပေါင်း ကျောင်းသား/သူ ၁၂ ယောက် ဖြစ်ပါတယ် .. အဲဒီထဲမှာ ၁၀တန်းကလေး ၄ယောက်ပါပါတယ် .. ကျန်ခဲ့တဲ့ စနေနေ့ ၄-၆-၂၀၁၁ မှာ ၁၀တန်း အောင်စာရင်းတွေ ထွက်တော့ ၂ယောက်အောင်ပြီး ၂ယောက်ကတော့ မအောင်ပါဘူး .. အောင်တဲ့ထဲက ၁ယောက်က ဂုဏ်ထူး ၂ခု ပါပါတယ် .. ဒါက မိုးခါးတို့ မောင်နှမတွေရဲ့ စာရင်းပါ ..

၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် မူလတန်း အလယ်တန်းနဲ့ ၉ တန်း ကျောင်းသား/သူတွေကို ကုသိုလ် နှင့် Lotus ဖောင်ဒေးရှင်းက စုစုပေါင်း ထောက်ပံ့ခဲ့သူ ၄၉၇ ယောက်အနက်မှာ ၃ ယောက်ကျ၊ ၃ ယောက်မဖြေ ၊ စုစုပေါင်း- ၆ ယောက်အကျ ရှိပါတယ်။

၁၀တန်း အောင်စာရင်း အနေနဲ့ စုစုပေါင်း ဖြေတဲ့လူ ၃၃ အနက်မှာ ၁၁ ယောက် အောင်ပါတယ် .. ရာခိုင်နှုန်း အနေနဲ့ ၃၃.၃၃% ပါ .. ၃ဘာသာ ဂုဏ်ထူး ၁ယောက် ၂ဘာသာ ဂုဏ်ထူး ၁ယောက် ထွက်ပါတယ် .. ကျမတို့ ဆက်သွယ် လှူဒါန်းတဲ့ အစ်မ ပြောပြချက် အရ သူတို့လေးတွေ များသောအားဖြင့် ကျူရှင် ဟုတ်တိပတ်တိ မရှိပါဘူး .. ဧရာဝတီတိုင်းက ကလေးတွေဆို ရွာတင်ပဲ ကျောင်းတက်ရတယ်လို့ ဆိုပါတယ် .. အထောက်အပံ့နည်းပါးစွာနဲ့ ပညာသင်ရာမှာ ခုလို အောင်မြင်တယ် ဂုဏ်ထူးတွေထွက်တယ်ဆိုတော့ သူတို့လေးတွေအတွက် ၀မ်းနည်း ၀မ်းသာ ခံစားရပါတယ် .. အောင်စာရင်းထွက်တဲ့ညကဆို ကျမပါ အပျော်တွေ ကူးစက်လို့ .. မအောင်ဘူးဆိုတဲ့ကလေးတွေအတွက်တော့ စိတ်မကောင်းဘူးပေါ့ .. ဒါပေမယ့် အခွင့်အရေးရှိပါသေးတယ်လို့ စိတ်ထဲက ကြိတ်ပြီး အားပေးမိပါတယ် ..

ခု တဖန် နှစ်ပတ်လည်လို့ ၂၀၁၁-၁၂ ပညာသင်နှစ်အတွက် ကလေးတွေ ကျောင်းစရိတ်ကို စတင်ကောက်ခံနေပါပြီ .. အစ်မ မခင်မမ ပို့ပေးတဲ့ အီးမေးကိုပဲ ကျမ ကူးတင်လိုက်ပါ့မယ် ..

----------
၂၀၁၁-၁၂ ပညာသင်နှစ်​​​အတွက် ထောက်ပံ့မှု့ အစီအစဉ်ပြန်​​လည်စတင်ခြ​င်း​။

အားလုံးမင်္ဂလာပါ

ကျမတို့ရဲ့ ၂၀၁၁-၁၂ ပညာသင်နှစ်​အတွက် ထောက်ပံ့မှု့​ အစီအစဉ်များကို ပြန်လည်စတင်ပါတော့မယ်ရှင်။ ဒီနှစ်မှာတော့ အပြောင်းအလဲ အနည်းငယ်ရှိပါတယ်။ ပြီးခဲ့တဲ့ ပညာသင်နှစ် ၃-နှစ်ရဲ့ ထောက်ပံ့မှု့​ များကို ပြန်လည်သုံးသပ်ခဲ့ပါသည်။ အားလုံးသိတဲ့အတိုင်း ဒီ ပညာသင်နှစ်​အတွက် ထောက်ပံ့မှု့​ ကို ၂၀၀၈-ခုနှစ် နာဂစ်ဒေသမှစတင်ခဲ့ကာ မနှစ်၂၀၁၀ မှစ၍ ပဲခူးတိုင်းမှ ပေါင်းတလည် နှင့် ရွှေတောင်မှ ကျောင်း ၂-ကျောင်းပါ ပါဝင်လာခဲ့ပါတယ်။ ယခုအခါတွင် နာဂစ်ဒေသ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အသင့်အတင့် အောင်မြင်လျှက်ရှိရာ၊ မိဘများမှ ကလေးများ၏ စားဝတ်နေရေးအတွက်အခက်အခဲ အထိုက်အလျှေက်လျှော့ကျနေပြီဖြစ်သောကြေင့် နှစ်လ တကြိမ်၊ တနှစ် လေးကြိမ်ဖြင့် အောက်ပါနှုန်း အတိုင်း June မှစတင် ကောက်ခံသွားပါမည်။

အထက်တန်း (၉၊ ၁၀ တန်း) = S$D 40 (၂လ တကြိမ်)
အလယ်တန်း (၅၊ ၆၊ ၇၊ ၈ တန်း) = S$D 30 (၂လ တကြိမ်)
မူလတန်း (သူငယ်တန်း၊ ၁၊ ၂၊ ၃၊ ၄ တန်း) = S$D 20 (၂လ တကြိမ်)

ပညာသင်နှစ် တနှစ်အတွက် June မှ February အထိ (၈) လ သတ်မှတ်ပြီး ကောက်ခံသွားပါမည်။

အထက်တန်း (၉၊ ၁၀ တန်း) = S$D 40 x 4 = S$D 160 (တနှစ်စာ)
အလယ်တန်း (၅၊ ၆၊ ၇၊ ၈ တန်း) = S$D 30 x 4 = S$D 120 (တနှစ်စာ)
မူလတန်း (သူငယ်တန်း၊ ၁၊ ၂၊ ၃၊ ၄ တန်း) = S$D 20 x 4 = S$D 80 (တနှစ်စာ)

ကျမတို့ ထောက်ပံ့မှု့ပေးနေသော မော်ကျွန်းမြို့နယ် ကျွန်းခယ်မ ဘ/ကကျောင်းရေရှည်ရပ်တည်နိုင်ရန် အတွက် ဆရာ/ဆရာမ - ၁၃ ဦးအတွက် လစာပေးရန် အခက်အခဲရှိသည် သိရပါတယ်။ ဆရာ/ဆရာမ - ၁ ဦးအတွက် ၃-သောင်း နှုန်းနှင့် လစဉ် ဆရာ/ဆရာမ - ၁ ဦးချင်းအတွက်သော်လည်းကောင်း၊ စုပေါင်း၍ တတ်အားသရွေ့ သော်လည်းကောင်း၊ ကူညီလိုလျှင်လည်း ကျမတို့၏ အဖွဲ့နှင့် ဆက်သွယ်နိုင်ပါတယ်။

နောက်အစီအစဉ် အသစ် တခုအနေနှင့် ၂၀၁၁-၁၂ ပညာသင်နှစ်တွင် ထောက်ပံ့မှု့ မရရှိသော မူလတန်း ကျောင်းသူ/ သားများကို ကျောင်းဝတ်စုံ ၃-စုံ ၊ ကျောပိုးအိတ် တစ်လုံး နှင့် ကျောင်းသုံးစာအုပ်တဒါဇင်ကို (one Package ) လျှင် S$D 30 နှုန်းနှင့် လှူဒါန်းမည်ဖြစ်သောကြောင့် Package လိုက်သော်လည်းသောင်း၊ တတ်အားသရွေ့သော်လည်းကောင်း လှူဒါန်းလိုသူများရှိပါက ကျမတို့၏ အဖွဲ့၏ Collector များမှတဆင့် ကူညီလှူဒါန်းနိုင်ပါတယ်။

----------

အမှန်တကယ်တော့ ကျမ ဒီစာကိုရေးမယ် တင်မယ်လို့ စဉ်းစားနေတာ ကြာပါပြီ .. ရေးမယ်ပြင်လိုက် ရေးချင်တာတွေ များနေတာနဲ့ ဘယ်ကစရေးရမှန်း မသိလိုက် ဖြစ်နေတာပါ .. ခံစားချက်တွေကလည်း ရောပြွန်းနေပါတယ် .. ကိုယ်လှူခွင့်ရလို့ ၀မ်းသာတယ် .. သူတို့လေးတွေ ဘ၀ကို တွေးမိရင် စိတ်မကောင်းဖြစ်တယ် .. သူတို့ ရှေ့ဆက်မယ့် အနာဂတ်ကို တွေးမိရင် ရင်မောတယ် .. ၁၀တန်းပြီးရင် ကျောင်းဆက်တက်ဖို့က ဘယ်လိုလဲ .. တက္ကသိုလ် ပြီးသွားပြီး ဘွဲ့ရပြီးရင်ရော .. မျိုးစုံပါပဲ .. နောက်ဆုံးတော့လည်း အဖြေက ကိုယ်တတ်နိုင်သလောက်ပေါ့ ဆိုတာနဲ့ပဲ အဆုံးသတ်ပါတယ် .. ဟုတ်တယ်လေ လူတိုင်းက မွေးလာတည်းက သူ့ရဲ့ ကုသိုလ် အကုသိုလ်ကံအလိုက် ရှင်သန် ကြီးပြင်းရတာပါပဲ .. ဒါပေမယ့် ကျမတို့ တတ်နိုင်တာလေး နဲနဲက ရှိပြန်ရော ..

အကောင်းအဆိုး ကုသိုလ် အကုသိုလ်ကို သိရင် ကောင်းတာကို ဆောင်ပြီး မကောင်းတာကို ရှောင်နိုင်လာမယ် .. ဒီအတွက် ကလေးတွေကို ကျမတို့ ပြောပြနိုင်တယ် .. ဘယ်အရာကဟာ ကောင်းတယ် ဘယ်အရာဟာ မကောင်းဘူး စသည်ဖြင့်ပေါ့ .. ကျမတို့ ကလေးငယ်တိုင်းကို လိုက် မပြောပြနိုင်ဘူး .. ဒါလည်း ရပါသေးတယ် .. ကိုယ့်အနီးအနားက လက်လှမ်းမှီရာ စသည်ဖြင့် ပြောပြနိုင်ပါသေးတယ် .. ပြောဖို့ အခွင့် အရေး မရဘူးလား .. စာအုပ်တွေဖတ်နိုင်အောင် ဖတ်ချင်အောင် လမ်းညွှန်နိုင်သေးတယ် .. ကျမတို့ ဘာတွေထပ်ပြီး တတ်နိုင်ဦးမလဲ .. ရှိလိမ့်ဦးမှာပါ ..

ကျမတို့မှာ စိတ်ကူးယဉ် အိပ်မက် မျှော်လင့်ချက်တွေ ရှိတယ် .. ပြည့်ဝအောင် စွမ်းဆောင်နိုင်ဖို့ အခွင့်အလမ်းတွေ မလှမ်းမကမ်းမှာ ရှိတယ် .. ဖြစ်ချင်တာတွေကို ဖြစ်နိုင်ဖို့ လုပ်ပိုင်ခွင့်တွေ ကိုယ်စီရှိကြတယ် .. သူတို့လေးတွေမှာ ဘာအခွင့် အရေး အခွင့် အလမ်းတွေများ ရှိမလဲ .. အခွင့်အလမ်းတွေ ပွင့်လာအောင် .. မျှော်လင့်ချက်လေးတွေ ထားနိုင်လာအောင် ကျမတို့ ဘာတွေ လုပ်ပေးနိုင်မလဲ .. ကိုယ်စီ စဉ်းစားရင်း တတ်နိုင်တဲ့ ဘက်က ဖြည့်ဆည်းပေးဖို့ ကြိုးစားကြရအောင်ပါ ..

----------

စိတ်ပါဝင်စားလို့ ဆက်သွယ်စုံစမ်းချင်တယ်ဆိုရင် -

Ko Aung Naing Soe - 97977945
Ma Khin Ma Ma - 97334302 တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ် ..

Kutho and LOTUS မိသားစု ရဲ့ လှုပ်ရှားမှုများကို လေ့လာချင်ရင်တော့ အောက်က လင့်တွေမှာ လေ့လာနိုင်ပါတယ် ..
www.KuTho.Org
www.lotusdhamma.blogspot.com
www.lotusfoundationmm.org
https://picasaweb.google.com/khinmamasan/EducationSponsorshipY2010111#
https://picasaweb.google.com/help2students

Lotus Foundation နှင့် Kutho Group မှာ အခြား အဖွဲ့ဝင်တွေ ကျန်ပါသေးတယ် .. ဒါပေမယ့် ကျမ ဆက်သွယ်ဖူးတဲ့ အကိုနဲ့ အစ်မရဲ့ နာမည်နဲ့ ဖုန်းနံပါတ်ပဲ တင်ပေးလိုက်ပါတယ် ..

စိတ်ချမ်းမြေ့ဖွယ်နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေ ..

လေးစားစွာဖြင့်

5 comments:

ဇွန်မိုးစက် said...

မိုးခါးရေ... အစ်မကလေးက ခုမှ သုံးတန်းတက်တာ။ ကလေးစာရင်းထဲ သူ့နာမည်မတွေ့ပေမယ့် အောင်မယ်လို့ ထင်တာပါပဲ။ မအောင်လည်း ဆက်ထောက်ဖို့ အစ်မက ရည်ရွယ်ပြီးသားပါ။း)

ညိမ်းနိုင် said...

အခုပဲ အစ်မခင်မမဆီ ဖုံးဆက်ပြီး ကလေးတစ်ယောက်
တာဝန်ယူဖြစ်တယ်...။ခုလိုလေး သတင်းစကားမျှဝေတာ
ကျေးဇူးပါ...။

ဟန်ကြည် said...

ကောင်းလိုက်တာ လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်...ပညာရေးလောကအတွက် လိုအပ်နေတဲ့ ရှုထောင့်ကနေ ၀ိုင်းပံ့ပိုးကြရင် လက်တွေ့လုပ်နေရတဲ့ သူတွေလည်း အားသစ်တွေ ၀င်လာတာမို့ တိုင်းပြည်ရဲ့ ပညာရေးလည်း တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်...

Angelhlaing(May everybody be happy and healthy! said...

ဝမ်းသာစရာလေး ဖတ်ရတာ ကြည်နုးမိပါတယ်...
မျှဝေတင်ပေးလို့ ကျေးဇူးပါလို့...:)

မေသိမ့်သိမ့်ကျော် said...

အင်း Lotus Foundation ကတော့ အမြဲလှုပ်ရှားနေပါတယ်။ မိတ်ဆွေတွေ အများကြီးဝင်ထားတယ်။ ဝမ်းသာပါတယ်နော်။ ကျောင်းနေအရွယ် ကလေးတွေအတွက် တစ်တပ်တစ်အား ကူညီပေးနေလို့ ဝမ်းမြောက်မိပါတယ်။

ခင်မင်လေးစားလျက်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...