Thursday, February 16, 2012

Cameron Highlands (Malaysia) - 1

သိပ်တော့ မကြာသေးပါဘူး .. ၂၀၁၁ ၇လပိုင်းတုန်းက သွားခဲ့တာဆိုတော့ အလွန်ဆုံးရှိမှ ၆လ ၇လပေါ့ .. :D .. တင်မယ် တင်မယ် ရေးမယ် ရေးမယ်နဲ့ အချိန်တွေဆွဲလာလိုက်တာ နှစ်သာကူးသွားပါတယ် ..

ကဲ .. ပုံတွေ ကြည့်ပြီး တူတူ သွားရအောင် ..

အေးချမ်းတဲ့ ရာသီဥတုကို နှစ်သက်တဲ့ ကျမအတွက်တော့ စိတ်အေးချမ်း ကြည်နူးစရာကောင်းတဲ့ ခရီးလေးပါပဲ .. နဲနဲတော့ ပင်ပန်းတယ် .. ရက်နည်းလို့ .. စိတ်ထဲရှိတဲ့အတိုင်းဆို အဲလိုနေရာမှာ ၁ပတ်လောက် သွားနေပစ်ချင်တာ .. လည်စရာ မရှိဘူး .. ဒါပေမယ့် အရမ်းသဘောကျမိတဲ့ နေရာလေးပါပဲ ..

မိုးခါးတို့ သူငယ်ချင်း ညီအစ်မတွေတစု ညဘက်စုပြီး ထိုင်းပလာဇာကို သွားကြတယ် .. မလေးကို သွားတဲ့ ကားက ညဘက် ၁၀နာရီလောက် စထွက်ပါတယ် ..
ကားအတွင်းပိုင်း မြင်ကွင်း .. (ကြောင်နဲ့ကြွက် ကြည့်နေသည် :D)

မနက်အစောပဲ မလေးကို စရောက်ပါတယ် .. မနက်အစောဆိုတော့ ဟိုတယ်ကိုလည်း ချက်အင်လို့ မရသေးပါဘူး .. မြင်နေရတဲ့ အဆောက်အဦးရဲ့ နောက်ဘက်က ဆိုင်လေးမှာပဲ ခေါက်ဆွဲသွားစားကြတယ် .. မြန်မာကောင်လေးတယောက် အလုပ်လုပ်နေတယ် ..

 စီးလာတဲ့ ကား
 မြို့ထဲသွားတဲ့ လမ်း
ဟိုတယ်ထဲ ၀င်မရတော့ လျှောက်သွားမယ်ဆိုပြီး ပက်ကေ့ဝယ်လိုက်ဖြစ်တယ် .. ခုမြင်နေရတဲ့ ကားနဲ့ လဘက်ခင်းကို စသွားပါတယ် .. ရောက်နေပါပြီ လဘက်ခင်းကို ..
 ရောက်ပါပြီရှင် ..
 ဟိုးတောင်ကုန်းတွေ အကုန်လုံး လဘက်ခင်းတွေပဲပေါ့ ..

 ဟိုးတောင်ထိပ်မှာ မြူတွေနော် ..
 မနက်စောစောမှာ မြူတွေဆိုင်းနေတဲ့ ကြားထဲက လဘက်ခင်း စိမ်းစိုစိုတွေ
 လဘက်ရည် ဆိုင် နား
 လဘက်ရည်ဆိုင် အစွန်း ..


 စက်ရုံထဲလဲ ၀င်ပြီး ဟိုရိုက် ဒီရိုက်


လဘက်ရည် လဘက်ခြောက် ရောင်းတဲ့ နေရာ .. (ရောင်းတဲ့ထဲ ပုံထဲက ကလေးတော့ မပါပါဘူး :D)

နောက်နေ့ကျမှပဲ စတော်ဗယ်ရီခင်းရယ် တခြားအခင်းတွေရယ် rainforest ရယ် သွားကြတာပေါ့နော် .. ဒီနေ့တော့ နားလိုက်တော့မယ် .. တညလုံး ကားစီးထားတာ ပင်ပန်းသွားလို့ .. :D

Sunday, February 12, 2012

ဗိုလ်ချုပ်အောင်ဆန်း ၉၇ နှစ်မြောက် မွေးနေ့ အမှတ်တရ

ကျမတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မမေ့လျော့သေးတဲ့ ချစ်ခင်မြတ်နိုးနေဆဲဖြစ်တဲ့ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသာ ခုချိန် သက်ရှိထင်ရှားရှိနေဦးမယ်ဆို ဒီနေ့ ၁၃ရက် ဖေဖော်ဝါရီလ ၂၀၁၂ မှာ အသက် ၉၇နှစ်အရွယ်ရှိနေခဲ့ပြီ .. ဗိုလ်ချုပ်ရဲ့ မွေးနေ့မှာ ဗိုလ်ချုပ်ကို သတိတရနဲ့ လေးလေးစားစား ဦးညွှတ်ကြရအောင်ပါ ..

ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေကို ဖတ်လိုက်ရင် ညီညွတ်ဖို့ စည်းလုံးဖို့ စည်းကမ်းရှိဖို့ အရေးကြုံလာရင် သတ္တိရှိစွာနဲ့ အမှန်တရားဖက်က ရပ်တည်ပြီးရင်ဆိုင်ဖို့ စတဲ့ စကားလုံးများပဲဖြစ်ပါတယ် .. ဗိုလ်ချုပ်ခုချိန်သာ စကားပြောနိုင်ခဲ့ရင် မြန်မာပြည်သူ ပြည်သားတွေကို မျက်နှာထားတင်းတင်းနဲ့ "အရင်ကလည်း ဒီစကားပဲ မှာရတယ် .. ခုနှစ်ပေါင်းများစွာကြာတဲ့ထိလဲ ဒီစကားပဲ ထပ်ခါမှာနေရသေးတယ် .. အကျင့်တွေ မပြင်နိုင်ကြသေးဘူးလား ဟဲ့" လို့များ ပြောလေမလား .. ဒီလိုမှ မဟုတ် .. "မြန်မာတွေဟာ အသိတရားရှိအောင် ကြိမ်တို့နေရတဲ့ အမျိုးလား .. ငါသေတာနဲ့ ငါပြောခဲ့တဲ့ စကားတွေကိုပါ ငါနဲ့အတူမြေမြုပ်ပစ်လိုက်သလား" လို့များ ပြောမလား .. ဒီလိုမှ မဟုတ် .. "ဖာနိုင်ငံဖြစ်မယ်လို့ ပြောခဲ့တာဟာ မြန်မာနိုင်ငံကြီးကို ကြိမ်စာတိုက်ခဲ့တာမဟုတ်ပါဘူးကွယ် .. မြန်မာနိုင်ငံကြီးနဲ့ ပြည်သူတွေကို ချစ်လွန်းလို့ပါ" လို့ ပြောရင်း စိတ်မကောင်းကြီးစွာ ဖြစ်နေလိမ့်မလား လို့ တွေးနေမိတယ် ..

ဗိုလ်ချုပ်ရဲ့ မြန်မာနိုင်ငံကြီးကို တိုးတက်ကောင်းစားစေချင်လွန်းလို့ သူကိုယ်တိုင် အနစ်နာခံ ပင်ပန်းဆင်းရဲခံ ပေးဆပ်ခဲ့တာတွေ စည်းစိမ်ချမ်းသာနဲ့ ပျော်ရွှင်မှုတွေကို စွန့်လွှတ်ခံခဲ့တာတွေ တန်ရဲ့လား ..

*ကိုယ့်စိတ်ဓါတ်နဲ့ တန်တဲ့ ပတ်ဝန်းကျင်သာ ကိုယ်ပိုင်ရပါလိမ့်မည်..*


ဗိုလ်ချုပ်အောင်ဆန်း ကဗျာ
ဗိုလ်ချုပ်အကြောင်း
(မိသားစုပုံနဲ့ အပေါ်ဆုံးမှ ပုံကို Google မှ ရှာယူပါသည်)

Sunday, February 5, 2012

ငယ်ငယ်တုန်းကပေါ့ ...

၁၉၈၅ မေလ ၁၅ရက် ညနေ ၅နာရီမှာ ဂျမခန်နာ လို့ အမေတို့ ပြောပြောနေတာ ကြားဘူးတဲ့ ဆေးရုံမှာ မိုးခါးတယောက် အာပြဲနဲ့ အော်ငိုနေပါလိမ့်မယ် .. ကျမ ငိုသံကြောင့် မေကြီးလည်း ခံစားနေရတဲ့ ဝေဒနာတွေ သက်သာနေပြီး ဖေကြီးဆိုရင်လည်း ပြုံးပျော်ရွှင်လို့ ဘေးနားပတ်ပတ်လည်က အဒေါ်တွေ အမတွေလည်း ကြည်နူးလို့ ဖေကြီးကို မျက်စောင်းတထိုးထိုး ရှိနေပါလိမ့်မယ် .. အဲဒီအချိန်မှာပဲ ကမ္ဘာကြီးက ကျမဆိုတဲ့ လူသားတယောက်ကို ထမ်းပိုးလိုက်ပြီ .. အဖေနဲ့ အမေရဲ့ မျက်နှာမှာ ကြည်နူးမှုတွေ တွဲခိုလို့ ဒီသမီးဟာ သူတို့ကို ဒုက္ခပေးမယ့်သူလား သုခပေးမယ့်သူလားဆိုတာလည်း မသိ .. ဒီသမီးရဲ့ ကျေးဇူးသိတတ်မှုကို ခံယူရမလား ကျေးစွတ်ခံရမလားဆိုတာလည်း မသိ မိဘမေတ္တာအဟုန်တွေသာ တသွင်သွင် စီးဆင်းနေပါလိမ့်မယ် ..

ဖေကြီး ကိုရင်ဝတ်စဉ်က ပုံ (ဗိုလ်ချုပ်ရွာ)
မေကြီး ငယ်ငယ်က
မိုးခါး ပေါက်စန (ရွှေတောင် ဓါတ်ပုံတိုက်)

ငယ်ငယ်က မေကြီးညီမ အဒေါ်အငယ်က ကျမကို ထိန်းခဲ့တယ် .. မေကြီးပြန်ပြန်ပြောတဲ့ ကျမငယ်ငယ်က အကြောင်းမှာ ကိုယ့်ဟာကိုယ်သဘောကျမိတာက “သမီးက အမေကို ဒုက္ခမပေးဘူး .. မွေးဖွားရတာ လွယ်ကူတယ်” တဲ့ .. စကားပြောတတ်ပြီး နဲနဲသိတတ်တော့ တခုခုဆို “ကိုယ့်ဖာဖာ လုပ်မယ် ကိုယ့်ဖာဖာလုပ်မယ်”လို့ ပြောတယ်တဲ့ .. ကိုယ့်ဇွန်းခရင်းနဲ့ စားတတ်တဲ့အရွယ်ကျတော့ ခွံကျွေးတာသိပ်မလုပ်ရပဲ စားပွဲလေးနဲ့ ခုံလေးနဲ့ ပေါ်မှာ ပန်းကန်လေးချ ဇွန်းလေးတပ်ပေးလိုက်ရင် ကိုယ့်ဟာကိုယ်စားနေရော တဲ့လေ ..

မှတ်မှတ်ရရ ကျမရဲ့ ပထမဦးဆုံး သူငယ်ချင်းက မွန်မွန် တဲ့ .. သူငယ်တန်းကျောင်းစတက်တော့ အမေက ကျောင်းလိုက်ပို့တယ် .. ပြီး အခန်းကိုလိုက် နေရာချတော့ မွန်မွန်က ထိုင်နေရာကနေ ဘေးလေး နဲနဲရွေ့လို့ နေရာပေးတယ် .. ဒီလိုနဲ့ ကျမတို့ ၂ယောက် သူငယ်ချင်းဖြစ်သွားခဲ့တယ် .. အမက ကျောင်းမှာတုန်းက မွန်မွန်က အမြဲတမ်း အဆင့် ၁ ရတယ် .. ကျမက သူ့နောက်က အမြဲ အဆင့် ၂ .. အဆင့် ၁ ကို တခါပဲ ရဘူးတယ် .. :D မွန်မွန်ရဲ့ အိမ်က ကျမရဲ့ စားအိမ်သောက်အိမ် .. မွန်မွန်ရဲ့ အဖွား ဘွားမေချက်ကျွေးလို့ ငရုတ်ပွကြီးကို စစားဘူးပြီး ကျမ ကြိုက်သွားခဲ့တယ် .. မွန်မွန်နဲ့ ကျမ သူငယ်တန်းကနေ ၅တန်းထိ ကျောင်းတူတူနေခဲ့ပြီး ၆တန်းကျတော့ ကျမတို့ အိမ်ပြောင်းလိုက်ကြတယ် .. ချစ်တဲ့ ခင်တဲ့လူနဲ့ ပထမဆုံး ခွဲခွာခြင်းပါပဲ ..

ကျမက အဆော့သန်တယ် .. အိမ်ဟောင်းတုန်းက အိမ်ရှေ့ကားလမ်းမပေါ်ထွက်ထွက်ဆော့တယ် .. အိမ်မျက်စောင်းထိုးက ညီမတွေနဲ့ ကျမတို့ မောင်နှစ်မ၂ယောက် ထွက်ထွက်ဆော့တာပေါ့ .. မိုးချုပ်တဲ့ထိပါပဲ .. ဆော့နည်းက ထုတ်စီးထိုး ကြက်တောင်ရိုက် ဘောလုံးကန် ဖိနပ်ပစ် အစုံပါပဲ .. လွတ်လပ်ရေးနေ့ပွဲတုန်းက အာလူးကောက်တာ ဒုတိယ ဆုက ပိုက်ဆံပဲ .. ဘယ်လောက်ဆိုတာ မမှတ်မိတော့ဘူး .. :D မောင်လေးနဲ့ နှစ်ယောက်တည်းလည်း အိမ်ထဲမှာ ဆော့တယ် .. အမေ့ ဘရာစီယာတွေ ၂ယောက်သားလျှောက်ကောက်စွတ်ပြီး တောင်တက်ဝတ်စုံတို့ လေထီးတို့ ဆိုပြီး လုပ်သေးတာ .. ပြီးတော့ စက်ရုပ်လုပ်တမ်းဆော့ ခုန်တွေကနေ ခုန်ခုန်ချ .. ဒဏ်ရာလည်းရတာ ခဏခဏပေါ့ .. အဲဒီအချိန်က မီးလည်း တော်တော်ပျက်တယ် .. (ခုပျက်မပျက်တော့ မသိဘူး :P) အဲဒီအချိန်က တောင်ညွန့်ဆိုတာ မီးအပျက်ဆုံးရပ်ကွက်လားလို့တောင် ထင်ရတာလေ .. မီးပျက်တဲ့ညဆို မောင်နှမနှစ်ယောက် ခြေထောက်ကို နံရံမှာ ကပ်ထောင်ပြီး သီချင်းတွေ အော်ဆိုကြတာပဲ .. (ပြောရင်းနဲ့ မြင်ယောင် .. မြင်ယောင်ရင်း သတိရတော့ ဘာကို လွမ်းချင်မှန်း မသိ)

အဆော့သန် အစားသောင်းကျန်းလို့ မောင်နှမနှစ်ယောက် ဒဏ်ရာတွေရလိုက် အမေရိုက်တာ ခံရလိုက် .. ကျမ အစားသောင်းကျန်းတာ အဒေါ်တိုက်မယ့် ကွေကာအုပ် ပူပူကို လှမ်းဆွဲလို့ ခုထိခေါင်းမှာ အနာရွတ် .. မောင်နှမနှစ်ယောက် လမ်းထိပ်က မုန့်ဟင်းခါးဆိုင်က ပါဆယ်ထုတ်ပြီးအပြန် ပြေးလွှားသွားတာ .. လမ်းဘေးက ခုတ်ထားတဲ့ အုန်းပင် အငုတ်ပေါ်တက်ခုန်ပျံပြီးအဆင်း ပြုတ်ကျပါရော .. မုန့်ဟင်းခါး ဟင်းရည် ပူပူတွေက မောင်မောင့်ကျောပေါ်ကို အကုန်ကျ .. သူ့ခမျာ “မေကြီးရေ ပူတယ် ပူတယ်”လို့ ငယ်သံပါအောင်အော်ရင်း အိမ်ကို ပြေးတာ .. (ခုပြောတော့ သနားစိတ်တ၀က် မျက်စိထဲပြန်မြင်ပြီး ရီချင်စိတ် တ၀က်) :D အိမ်အသစ်ပြောင်းပြီး လမ်းမပေါ်ထွက်ဆော့သေးတာပဲ .. ကြက်တောင်ရိုက် ဘောလုံးပစ် .. တရက်လည်း အဆော့ကောင်းတာ စက်ဘီးလာတာကို မမြင် .. မောင်မောင်က အပြေးလိုက် စက်ဘီးနဲ့ ငြိပြီး တရွတ်တိုက်ပါသွားတာ တကိုယ်လုံး ပွန်းပဲ့လို့ .. အိမ်း သေချာစဉ်းစားကြည့်မှ ကိုယ်ခံရတာသိပ်မရှိပဲ အငယ်ကောင်ချည်း ခံနေရတာပါလား .. :P

ငယ်ငယ်က အကြောင်းတွေ စဉ်းစားမိရင် ရီချင်သလို ငိုချင်သလို နှမြောသလိုပါပဲ .. ရေးရင်လည်း ပို့စ်ကတော့ ၀တ္တုရှည်ဖြစ်တော့မယ်ထင်ပ .. ပျော်စရာတွေ ၀မ်းနည်းစရာတွေ ဟာသတွေ .. သေချာတာတော့ အဲဒီအချိန်တွေက စိတ်ထားတွေ အပျော်တွေ ဘယ်လိုမှ ပြန်မရနိုင်တော့တာပဲ .. ပြန်တော့လည်း မငယ်ချင်တော့ပါဘူး .. စာတွေပြန်ကျက်ရမှာ ပျင်းတယ် .. :D

အနှစ်ကို ချုပ်လိုက်တော့ မိုးခါး ငယ်ငယ်က အဆော့သန်တယ် .. စာလည်း နည်းနည်းတော်တယ် .. ဥာဏ်နည်းနည်းကောင်းလို့ စာကျက်ပျင်းတယ် .. အမေရိုက်တာ ခဏခဏ ခံရတယ် .. ပေါင်တွင်းကျောဆွဲလိမ်ခံရတယ် .. ထိုင်ထလုပ်ခိုင်း ခံရတယ် .. အစားနည်းနည်းသောင်းကျန်းတယ် .. ကိုယ့်အားကိုယ်ကိုးချင်တယ် .. သူငယ်ချင်းမင်တယ် .. ကွဲသွားရင်တော့ သတိတရ သိပ်မရှိတတ်တော့ပေ .. :D

ဖဘမှာ ဘလော့ဂါ ကိုကို မမတွေက တဂ်လို့ ဒီကလည်း ရေးချင်ရက် လက်တို့ ရေးလိုက်ပါတယ် .. ဖတ်ပြီးသွားသူ မိတ်ဆွေအပေါင်းလည်း စိတ်ကူးလေးတွေ ရှိက ဂျစ်ခဲ့ကြတာလေးတွေကို ရေးပေးကြပါဦးလို့ .. ပျော်ပျော်ရွှင်ရွှင် အမှတ်တရပေါ့ .. နော့ ..း))

Thursday, December 29, 2011

အရှိန်

ကိုယ့်ရှေ့မှာ တရှုံ့ရှုံ့ ငိုကြွေးနေတဲ့ သူငယ်ချင်းမလေးကို ကြည့်ပြီး ကျမကိုယ်တိုင် စိတ်တွေလေးလံ ထိုင်းမှိုင်းနေခဲ့တယ် .. အားပေးဖြေသိမ့်စရာ စကားလုံးတစွန်းတစမှ ရှာမရတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်နေမိတယ် .. တဆက်တည်းမှာပဲ မထင်မှတ်ထားတဲ့ သတင်းစကားကြောင့် အံ့သြခြင်း မယုံနိုင်ခြင်းတွေနဲ့လည်း ပြည့်နေခဲ့တယ် .. ကိုယ်တောင် ဒီလောက် မယုံကြည်နိုင်ရင် ဆိုတဲ့ အတွေးနဲ့ ရှေ့က ချစ်လှစွာသော သူငယ်ချင်းမလေးအတွက် သောကတွေ ဝေနေမိတယ် .. ပြောစရာ စကား ရှာမရတဲ့ အဆုံး သူမရဲ့ လက်ကလေးကို အသာဖျစ်ညစ်အားပေးမိတယ် .. မော့ကြည့်တဲ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ .. သူငယ်ချင်းမလေးရဲ့ ဒီမျက်ရည်ကြည်တွေအတွက် ကိုယ်တိုင်လည်း ပယောဂ မကင်းခဲ့သလိုလို ..

သက်ပြင်းမောကိုသာ အခါခါချမိရင်း ...
----------

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကတော့ အနှင်း အိမ်ထောင်မကျခင်ကဆို အမွန်ရယ် အနှင်းရယ် အသက်ရယ် သုံးယောက်ဟာ ဘယ်တော့မှမခွဲပဲ ဘယ်သွားသွား ဘယ်လာလာ တပူးတွဲတွဲ ရှိနေခဲ့တာ .. အမွန်က ကျောထောက်နောက်ခံ ကောင်းတဲ့ မိသားစုက ဆင်းသက်လာသူပီပီ အိမ်ရဲ့စီးပွားရေးက အစ ဦးဆောင်နေနိုင်သူ .. အသက်ဆိုတဲ့ ကိုယ်ကတော့ ခပ်ထက်ထက် ခပ်မာမာနဲ့ ကိုယ့်တပိုင်တနိုင်စီးပွားရေးလေးကို လည်ပတ်နေနိုင်သူ .. အနှင်းဆိုတဲ့ သူငယ်ချင်းမလေးကသာ လူပုံက နွဲ့နွဲ့ အရာရာကိုလည်း အကြောက်အရွံ့ပိုသူမို့ ကိုယ်နဲ့ အမွန်က စိတ်မချ ဖြစ်နေခဲ့ရတာ ..

အဲဒီအချိန်မှာပဲ အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းနဲ့ လုပ်ငန်းခွင်တခုမှာ မန်နေဂျာရာထူးလဲ ရထားတဲ့ လစာဝင်ငွေအသင့်အတင့်ရှိတဲ့ ကိုမင်းထက်ဆိုသူတဦး အနှင်းကို စ စိတ်ဝင်စားရာက စ .. အနှင်းအပေါ်ကို အမြဲတမ်း ဂရုတစိုက်နဲ့ အရာရာဦးဆောင်မှုပေးနိုင်မယ့် ထိုအမျိုးသားကို ကိုယ်နဲ့အမွန်ကလည်း မျက်စိကျရာက စပြီး ကိုယ်တွေကလည်း တွန်းတွန်းတိုက်တိုက် လုပ်ပေးလိုက်တော့ အစတည်းက အားကိုးရာလိုနေတဲ့ အနှင်းဟာလည်း အိမ်ထောင်ရေးဆိုတဲ့ တွင်းနက်ထဲ ကျသွားခဲ့ရတော့တယ် ..

ကိုမင်းထက်ဟာ ဆိုရင်လည်းပဲ စတွေ့တည်းက အေးလွန်း ရိုးလွန်းလို့ ကိုယ်တွေပဲ အနှင်းနဲ့ ဇာတ်လမ်းထွင်ပေးခဲ့ရသေးတာ .. အေးအေးဆေးဆေးနေတတ်တဲ့ စိတ်သဘောထား မဆိုးတဲ့ အရည်အချင်း အထိုက်အသင့်ရှိတဲ့ အမျိုးသားတဦးနဲ့ ကိုယ်တွေရဲ့ သူငယ်ချင်းမလေးကို စိတ်ချရပြီလို့ တွေးထင်ထားခဲ့သေးတာ .. အိမ်ထောင်ကျပြီးလို့ နှစ်စဉ်နှစ်တိုင်း ကိုယ်စီမွေးနေ့တွေမှာ ဆုံကြ တွေ့ကြ .. ရှေးဟောင်းနှောင်းဖြစ်တွေပြောကြနဲ့ အရာရာဟာ မပြောင်းမလဲ ပုံမှန်လည်ပတ်နေခဲ့တာ အနှင်းရဲ့ သားလေးတောင် မူလတန်းကျောင်းသားကြီး ဖြစ်လို့ ..

ခုတော့ဖြင့် သတင်းတွေက ဟုတ်လို့ ကျော်လာခဲ့ပြီ ..

“ကောင်မလေးက ညဘက်ဖွင့်တဲ့ ကာရာအိုကေဆိုင်ကတဲ့ .. ညစဉ်ညတိုင်း အဲ့ဒီဆိုင်သွားပြီး အိမ်တောင်ပြန်မရောက်တာ အတော်ကြာပြီတဲ့ .. ပြီးတော့ တိုက်ခန်းတခန်းတောင် ကောင်မလေး နာမည်နဲ့ ၀ယ်ပေးထားသေးတယ်တဲ့ ..”

အို .. အဲဒီသတင်းတွေ ကြားတုန်းကဆို မဖြစ်နိုင်ဘူးချည်း ထင်နေခဲ့သေးတာ .. အနှင်းဆီမေးတော့လည်း သူ့ဘက်က ပုံမှန် .. သူ့ယောင်္ကျားကိုယ်တိုင်က စတည်းကကို ခရီးအလီလီထွက်ရ အလုပ်သဘောအရ ညဘက်နောက်ကျတတ်တဲ့သူဆိုတော့ ကောလဟာလတွေပါလို့ အနှင်းကိုယ်တိုင် ရယ်မောပြောခဲ့သေးတာ .. ခုတော့ အနှင်းကိုယ်တိုင် ကိုယ်တွေရှေ့လာပြီး မျက်ရည်မဆည်နိုင် .. ကိုယ်တွေကိုယ်တိုင်လည်း ဘာမှလုပ်မပေးနိုင် ..

အို .. လောကကြီး ဘာတွေဖြစ်နေပါလိမ့်ရယ်လို့သာ ..

----------

အနှင်းက ငိုလို့ အားရသွားတဲ့ပုံနဲ့ မျက်ရည်စတွေသိမ်းရင်း အသံကို ထိန်းလို့ စကားစလာတယ် ..

“သူက ငါ့ကို ကွာမယ်တဲ့ .. ဟိုမိန်းကလေးနာမည်နဲ့ အခန်းဝယ်ထားတယ် .. ပြီးတော့ ငါနဲ့ကွာပြီးရင် မင်္ဂလာဆောင် ထပ်လုပ်မယ်တဲ့လေ .. ငါ ဘာလုပ်ရမလဲ .. ငါဟာလေ ခုလိုအဖြစ်မျိုး ကြုံရတော့မှ ငါ တော်တော်ညံ့နေသလားလို့ အတွေးပေါက်မိတယ် .. ခုမှ တွေးမိတဲ့ငါ ဘယ်လောက်ညံ့နေလဲ ..”

“ကောင်မလေးကို သွားတွေ့ပြီး ပြောရင်ရော ..”

“ဟင့်အင်း .. ငါမလုပ်ရဲဘူး .. ငါ မပြောရဲဘူး ..”

“မကွာပေးနဲ့ဟာ .. ဘာပြောပြော နင်က မယားကြီးပဲ .. သူ့ဟာသူ ထပ်ယူချင်လို့ ယူလဲ မယားငယ်ပဲ ဖြစ်မှာ .. နင်သာ ကွာ မပေးလိုက်နဲ့ .. သားမျက်နှာလဲ ကြည့်ဦး ..” အမွန်က ၀င်ပြောတယ် ..

“ဟတ် .. မင်တို့ မသိလို့ကွ .. ခုခေတ်မှာ မယားကြီး မယားငယ်ဆိုတာ မရှိတော့ဘူး .. မယားပြိုင်ပဲ ရှိတော့တယ် ..”

အဲဒီစကားပြောတဲ့အချိန် အနှင်းမျက်နှာမှာ နာကြင်ရိပ်တွေ ပြည့်နေခဲ့တယ် ..

“ဘာပဲဖြစ်ဖြစ်ပေါ့ကွယ် .. မင်း သားလေး  စိတ်ဒဏ်ရာ ရနေပါ့မယ် .. သူ့သားအပေါ်မှာရော သဘောထားက ဘယ်လိုလဲ ..”

“ပြောရင်ယုံမလား မသိဘူး .. ခုတော့ သူက ငါ့ကိုရော သားကိုပါ ရှိတယ်တောင် ထင်တော့တာ မဟုတ်ဘူး .. အရမ်းကို မွှန်နေတာပဲ .. စကားပြော အဆင်မပြေတိုင်းလဲ သားကို စိတ်ထိခိုက်မှာ စိုးလို့ ငါပဲ ရှောင်နေလိုက်တယ် .. ဟင်း .. တခါတလေဆို ရှောင်လို့တောင် မလွတ်ပါဘူးလေ ..”

နှစ်သိမ့်စရာစကား ရှာမရတဲ့အဆုံး ကျမရော အမွန်ပါ သက်ပြင်းသာ အခါခါ ချမိတော့တယ် ..

အနှင်းကပဲ ဆက်ပြီး .. “ငါ ကွာပေးလိုက်ရင် ကောင်းမလားပဲ စဉ်းစားနေမိတယ် .. ခုက ငါရော ငါ့သားရောကို အိမ်မှာ မနေချင်အောင် သူက ပညာရှိနည်းနဲ့ နှိပ်စက်နေတာ .. ငါ လုံးဝ စိတ်မချမ်းသာဘူး သူငယ်ချင်းတို့ရယ် .. မထင်ရအောင်ကို သူက ရက်စက်တတ်တာပဲ .. ကွာပေးဖို့ ပြောတယ် .. ငါဟာလည်း ညံ့လွန်းလိုက်တာမှ ယောင်္ကျားလုပ်စာအပြင် တခြားအပိုဝင်ငွေရအောင် မကြံတတ် မစည်တတ် .. ငါ သူ့ကို ကွာပေးလိုက်ပြီးရင် ငါနဲ့ ငါ့သားဘ၀ ဘယ်လိုရှေ့ဆက်ရမလဲ .. ငါ တော်တော် အဖြစ်မရှိတဲ့ မိန်းမပဲ ..” ပြောရင်း အနှင်း ငိုပြန်တယ် ..

“အို မဟုတ်တာပဲ အနှင်းရယ် .. အနှင်းက ဘာလို့ အရည်အချင်း မရှိရမှာလဲ .. အိမ်ထောင်မကျခင်ကဆို ကိုယ်တွေလုပ်တဲ့ ကုမ္ပဏီမှာ မင်းက နာမည်ကောင်း အရဆုံးပဲလေ .. ဒါကြောင့်လဲ ကိုမင်းထက်က မင်းကို သဘောကျခဲ့တာပဲ .. မင်းဟာလည်း အရည်အချင်းရှိတဲ့ ထက်မြက်တဲ့ မိန်းကလေးတယောက် မိခင်တယောက်ပါကွာ ..”

“ဟင်း .. ဟင်း .. ဒါတွေက အတိတ်မှာ ပြီးခဲ့ပါပြီကွာ .. ခုတော့ ငါက အိမ်ထောင်ရေးမှာလည်း အသုံးမကျ ၀င်ငွေလည်းရအောင် မရှာနိုင်တဲ့ မိန်းမတယောက် အဖြစ်ကို အိမ်ထောင်ရှင်ဆိုတဲ့ ဝေါဟာရက ၀ါးမြိုသွားခဲ့တာ ၁၀စုနှစ် ၁ခု ရှိရောပေါ့ .. ငါ အိမ်ထောင်ပြုခဲ့တာ အမှားလို့ မထင်ပေမယ့် အိမ်ထောင့်တာဝန်ထဲမှာပဲ နစ်မြုပ်နေခဲ့တာ ငါမှားသွားတယ် .. ငါ့ကိုယ်ငါ တုံးပစ်ခဲ့တာပဲ ..”

“မင်းမှာ အချိန်ရှိသေးတာပဲ အနှင်း .. ခုမှစလည်း နောက်ကျနေပြီဆိုရင်တောင် ပြန်လည်ပြင်ဆင်ခွင့် ရှိလာမှာပါ .. မင်းစိတ်တွေကို အရင် ရှင်းပစ်လိုက် .. မင်းလဲကျလို့ မဖြစ်ဘူးနော် .. မင်းမှာ သားလေးတယောက်လုံး ရှိသေးတယ် .. အနည်းဆုံး မင်းသားလေးအတွက် မင်းရှင်သန်နေရမယ် .. တာဝန်တွေ ကျန်နေသေးတယ် .. ပြီးတော့ မင်း အချိန်တခုတော့ စောင့်လိုက်ပါ .. သူတောင်းဆိုတိုင်း မကွာပေးလိုက်ပါနဲ့ .. ခုချိန် သူတို့ အရှိန်တက်နေရင်တောင် အရှိန်ကုန်ရင် ရပ်သွားပါလိမ့်မယ် .. မင်းရဲ့ မေတ္တာတရားနဲ့ စေတနာကိုသာ ယုံကြည်နေပါ .. မင်းကို ယုံကြည်အားကိုးနေတဲ့သူတွေ ရှိတယ် .. သူတို့ကို စိတ်မပျက်စေနဲ့ကွာ .. ပြီးတော့ ကိုယ့်ကိုကိုယ် အထင်ကြီးစမ်းပါ .. လူတိုင်း မွေးတည်းက လက်နှစ်ဖက် ခြေနှစ်ဖက်နဲ့ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့လူကြီးပဲ .. လူတိုင်း ကိုယ်ခင်းတဲ့ လမ်းကို ကိုယ်လျှောက်ကြတယ် .. ကိုယ်ရွေးတဲ့လမ်း ကိုယ်လိုက်ရတာပေါ့ .. မှားနေရင်လည်း ပြင်လိုက် .. လိုအပ်နေရင် ဖြည့်လိုက် .. နောက်ဆုံး မျှော်လင့်သလို ဖြစ်မလာလို့ စွန့်လွှတ်ရမယ်ဆိုရင်တောင် ကိုယ့်ဘက်ကတော့ နောင်တ ကင်းနေပါစေ သူငယ်ချင်း .. ကိုယ်ဖြစ်ချင်သလို ဖြစ်လာမယ့် လောကကြီးမှ မဟုတ်တာကွာ .. ကိုယ့်ဘက်က တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားဖို့သာ ကိုယ့်တာဝန်မလား ..”

အနှင်းက ကျေးဇူးတင်သလို အကြည့်နဲ့ ကျမနဲ့ အမွန်ကို လက်ကမ်းပေးတယ် .. ကျမတို့ သုံးယောက်သား ဖက်လိုက်ကြတယ် .. ပြီးတော့ အနှင်းက

“ကျေးဇူးပဲ သူငယ်ချင်းတို့ .. ငါဟာ အနည်းဆုံးတော့ အသုံးမကျတဲ့လူမဟုတ်ဘူးဆိုတဲ့ အသိ ရလိုက်တယ် .. ပြီးတော့ ငါ့ကိုချစ်တဲ့သူတွေရှိသေးတယ် ငါ့ကို လိုအပ်နေသူတွေ ရှိသေးမှန်းလဲ သိလိုက်တယ် .. ငါ ရပ်တည်နေထိုင်သွားပါ့မယ် .. ငါ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ် .. ကိုယ့်ကိုကိုယ်နဲ့ သူတို့ကိုပါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားမယ် .. ငါပြန်တော့မယ်ကွယ် .. သားလေး မျှော်နေတော့မယ် ..”

----------
(၃လခန့် ကြာသော်)

ကလင် ကလင် ကလင်

“ဟဲလို”

“အသက်လား .. ကိုယ်ပါ အနှင်း”

“အနှင်း .. ပြော .. ဘာထူးခြားသေးလဲ ..”

“ထူးခြားတယ် အသက်ရေ .. ကိုယ့်လူကြီး လွန်ခဲ့တဲ့ ၁လ လောက်က အိမ်ကဆင်းသွားခဲ့တယ် .. ကိုယ်လဲ မတားနိုင်အားတော့ဘူး .. လွှတ်ပေးထားလိုက်တယ် .. လိုက်ရှာ လိုက်ခေါ်လဲ မလုပ်တော့ဘူး .. စိတ်ထဲကနေပဲ သူစိတ်ချမ်းသာပါစေတော့လို့ မေတ္တာပို့ပေးနေလိုက်တော့တယ်ကွယ် .. လင်မယားပဲဟာနော် .. ရန်သူမှ မဟုတ်ပဲ .. ကျန်ခဲ့တဲ့ ၃ ၄ ရက်က အိမ်ကို ပြန်လာတယ် .. ကိုယ့်ဘက်ကတော့ တာဝန်ကျေအောင် ဆက်ဆံပါတယ် .. မနေ့က ညကတော့ ကိုယ့်ကို တောင်းပန်တယ် .. သူမှားပါတယ်တဲ့ .. ခွင့်လွှတ်ပါတဲ့ .. ကိုယ်က ခွင့်လွှတ်ထားပြီးသားပါ .. ကောင်မလေးကလည်း ခု ယောင်္ကျားယူသွားပြီတဲ့လေ .. အင်း .. ကိုယ် အံ့သြမိပါတယ် .. ဒါပေမယ့်လည်း ဖြစ်တတ်ပါတယ်လေလို့ပဲ တွေးလိုက်တော့တယ် .. သူလည်း နောင်ကြဉ်သွားလောက်ပြီထင်ပါတယ် .. ကိုယ့်ဘက်ကလည်း ထိန်းတန်တာ ထိန်း ကြည့်တန်တာ ကြည့်နေရတာပေါ့ကွယ် ..”

“သြော် ..”

ကျမလည်း ရှုပ်ထွေးလှတဲ့ အိမ်ထောင်ရေးကြီးကို နားထောင်ပြီး သြော် တလုံးသာ ထွက်နိုင်တော့တယ် .. တယောက်လိုအပ်မှုကို တယောက်ဖြည့်နေတဲ့ သံယောဇဉ် မေတ္တာမပါတဲ့ အပေါ်ယံ သာယာမှုမျိုးဆိုတာ အရှိန်ကုန်တော့လည်း ရပ်သွားရတာပါပဲလား .. ပြီးဆုံးသွားတော့လည်းပဲ အရာရာဟာ အခိုးအငွေ့မပါ ပျောက်ကွယ်သွားရတာပါပဲလေ .. အစစ်အမှန်မဟုတ်တဲ့ သာယာမှု သက်သက်နဲ့ အတုအယောင်တွေကြား ကိုယ်တွေကသာ အသက်ရှုကြပ်လို့ တချို့တွေကတော့ တိုးဝင်လိုက် နစ်မြုပ်လိုက် ပြီးဆုံးသွားလိုက် .. တိုးဝင်လိုက် နစ်မြုပ်လိုက် ပြီးဆုံးသွားလိုက် ..

Saturday, December 10, 2011

ကျမနှင့် Beyond Rangoon

ကျမသည် တခါတရံတွင် အတော် အူကြောင်ကြောင် နိုင်သူ တဦးဖြစ်ပါသည် လို့ စရေးရရင်ကောင်းမလား .. ကျမသည် တခါတရံ အတော် ရူးကြောင်မူးကြောင်နိုင်ပါသည်လို့ ရေးရကောင်းမလား .. ကျမအတွက် စာ စရေးတဲ့အခါ အစပိုင်း အင်ထရိုကိစ္စမှာ တော်တော် အချိန်ပေးရတတ်ပါတယ် .. ဟုတ်ကဲ့ ခုနကစာကို ပြန်ဆက်ရရင် ကျမသည် တခါတရံ စိတ်ရူးပေါက်တတ်ပြီး အူကြောင်ကြောင်အတွေးတွေ လိုအပ်သည် မလိုအပ်သည် မသိ တွေးတောရင်း ကိုယ့်ဒုက္ခ ကိုယ်ရှာတတ်သူ တယောက် ဖြစ်ပါသည် ..

ကျမ စစ်ကားတွေ ကြည့်လေ့မရှိပါ .. စိတ်ဆင်းရဲစရာကောင်းတယ်လို့ သတ်မှတ်မိပါတယ် .. ပိုဆိုးပြီး တကယ်အဖြစ်ပျက်ကို အခြေခံရိုက်ထားတာဆိုရင် ပိုပြီး ရှောင်တတ်ပါတယ် .. တခါတလေ လူများတဲ့အခါ ၀ိုင်းကြည့်မိပေမယ့် တယောက်တည်းဆိုရင်တော့ ဘယ်တော့မှ စစ်ကား သရဲကား စတဲ့ ထိတ်လန့်စရာ ကားတွေကို ရှောင်ပါတယ် ..

ခုတော့ မရို့စ်ဆီက ပို့စ်ကို ဖတ်မိရင်း Beyond Rangoon ကို ကြည့်မိပါတယ် .. ဒီတိုင်းတွေ့ရင် မကြည့်ပါဘူး သေချာပါတယ် .. ဒါပေမယ့် ခု ကြည့်ပြီးသွားပါပြီ .. ကြည့်ပြီးတော့လည်း ခံစားရတယ် .. မျက်ရည်ကျရပါတယ် .. (ပြောထားပါတယ်နော် .. ကိုယ့်အကြောင်းကိုယ် ..း))

တကယ်မဟုတ်ပါဘူး အရုပ်ကြီးပါ သရုပ်ဆောင်နေတာပါ ဒါဟာ ဇာတ်လမ်းလို့ ဘယ်လိုပြောပြော ကျမကတော့ တော်တော်ခံစားလိုက်ရတယ် .. (တယောက်တည်းရဲ့ ခံစားချက်ပါ) ..

မျက်စိရှေ့မှာ ကြီးပြင်းလာတဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေ ချက်ချင်း မျက်စိရှေ့မှာ အသက်ပျောက်သွားခဲ့တယ် .. ချစ်သူတွေ ခင်ပွန်းဇနီးတွေ မိသားစုဝင်တွေ မျက်စိရှေ့မှာ အသက်ပျောက်သွားတယ်ဆိုတဲ့ ခံစားချက်က ဘယ်လောက်ဆိုးလိုက်ပါမလဲ .. အသက်လုပြေးလွှားရင်း သူ့မကယ်နိုင် ကိုယ့်မကယ်နိုင်ဘ၀နဲ့ လွတ်ခါနီးမှ အသက်ဆုံးသွားတဲ့ ကိုယ့်ချစ်ခင်သူတွေအတွက် ဘယ်လိုဖြေသိမ့်နိုင်လိမ့်မလဲ .. လင်ရယ် သားရယ် စုံညီနေရာကနေ ချက်ချင်း မုဆိုးမဖြစ်သွားရတဲ့ မိန်းမတယောက်အတွက် ဘယ်လိုနှစ်သိမ့်နိုင်ပါ့မလဲ .. ကိုယ်က လွတ်ရာ လွတ်ကြောင်းဖြစ်နေပြီ .. ကိုယ့်ခင်ပွန်း ကိုယ့်ချစ်သူ ဘယ်တော့ပေါ်လာမလဲဆိုတဲ့ ဒုက္ခ .. တခြားလူတွေ တဖြည်းဖြည်းစုံလာပြီး ကိုယ့်မိသားစုထဲက လိုအပ်နေသူရဲ့ မသေချာတဲ့ အိမ်ပြန်လမ်းကို ပူပန်ရတဲ့ ဒုက္ခ .. အိုး .. ဆက်စဉ်းစားရင်း မကြုံဘူးပါပဲ ရူးချင်လာတယ် .. ကိုယ်သာ အဲလိုအချိန် အဲလိုနေရာမှာဆို ကျန်ခဲ့သူတော့ မဖြစ်ချင်မိဘူး .. သေရဲလားဆိုတော့လည်း အသားလေးညပ်မိလို့ နာရင်တောင် တဆစ်ဆစ်တုန်လို့ .. အတွေးတွေနဲ့တင် ခက်ရချည့် ..

ရုပ်ရှင်ကို ကြည့်နေရင်း ပြေးကြလွှားကြသူတွေကြား ကိုယ်ပါ မောလာတယ် .. လွတ်ပါစေ ဆုတောင်းနေရင်းနဲ့ မလွတ်ပဲ သေသွားတော့ ၀မ်းနည်းရပြန်တယ် .. တဦးကို တဦး ကူညီဖေးမရင်း အန္တာရယ်နဲ့  တွေ့တော့မလား တွေ့တော့မလားရယ်လို့ ရင်တွေတုန်လို့ .. ဒါဟာ ရုပ်ရှင်လို့ ဘယ်လိုတွေးတွေး ကိုယ်ပါရောပူပန်နေလိုက်တာ .. အင်း ကိုယ်ရူးမှန်းလည်း ကိုယ်သိပါရဲ့ ..

လူတိုင်း ပြည့်စုံ ပျော်ရွှင်မှုကိုသာ လိုလားမှာပါ .. အကောင်းဆုံးဆိုတဲ့ အခြေအနေကိုလည်း မျှော်လင့်လိမ့်မယ် .. မျှော်လင့်တာနဲ့ လွှဲခဲ့ရင် .. ထပ်တော့ မလွဲချင်တော့ပါဘူး .. အရာရာ အန္တာရယ်ကင်း ငြိမ်းချမ်းစေချင်ပြီ .. အားလုံးလည်း ငြိမ်းချမ်းမှုကို မျှော်လင့်ကြမယ်ထင်ပါတယ် .. အယူအဆတွေ အနည်းငယ် လွှဲချင်လွှဲနေလိမ့်မယ် .. ရင်ထဲက ပန်းတိုင်ကတော့ တူညီကြပါလိမ့်မယ် ..

လူဆိုတာ တယောက်တည်းနေရင်တောင် ကိုယ့်စိတ်နဲ့မတည့်ဖြစ်နေတာ အများနဲ့ဆိုရင်တော့ ညှိနှိုင်းကြရမှာ အသေချာပါပဲ .. တဦးနဲ့ တဦး ဆက်ဆံကြတဲ့အခါမှာ မေတ္တာတရား နားလည်မှုတွေနဲ့သာ တည်ဆောက်ကြမယ်ဆိုရင် အတော် ငြိမ်းချမ်းမှာပဲလို့ မျှော်မှန်းမိတယ် .. အားလုံးပဲ တူညီတဲ့ ပန်းတိုင်ကို မတူညီတာတွေ ညှိနှိုင်းရင်း အမြန်ဆုံးရောက်ရှိဖို့ ဆုမွန်ကောင်း တောင်းမိပါတယ် ..

ကျမ အရူးထပြီးရေးတာနဲ့ လိုက်ဖတ်နေရပြီ .. မထူးပါဘူး .. Beyond Rangoon ကိုလည်း ထပ်ကြည့်ချင် ကြည့်လိုက်ကြဦးပေါ့ ..း) အများကတော့ ကြည့်ပြီးသား ဖြစ်လိမ့်မယ်ထင်ပါတယ် .. ခုလို စိတ်ရူးပေါက်တိုင်း ထရေးတတ်တာကိုလည်း သည်းခံဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် .. :D ကမ္ဘာသူ ကမ္ဘာသားအပေါင်း ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ .. ၀ဋ်ကြွေးတွေ ရှိရင်လည်း အမြန်ကုန်ပါစေတော့ပေါ့ ..း)

Tuesday, November 29, 2011

စကားလုံး မဲ့

မရှိမဲ့ ရှိမဲ့ စကားလုံးတွေနဲ့
စာတွေချရေး
အတွေးတွေသာ ကျဲခဲ့တယ်
ထိုက်တန်တဲ့ စကားလုံး မတွေ့ခဲ့ဘူးပဲ ..

သားက ကားသမားကြီးဖြစ်ချင်သတဲ့
၁၁နှစ်အရွယ်ကောင်လေးက ဆိုတယ်
သူ့လက်ရှိအလုပ်က ဘဲဥပြုတ်အရောင်းသမား
ကြုံသလိုလည်း လူခေါ်ပေးတယ် ..

လုပ်ချင်တာ မလုပ်ချင်တာ ဘေးချ
လုပ်သင့်တာ မလုပ်သင့်တာ မတွေးအား
ကောင်း၏ မကောင်း၏ ဥာဏ်မမှီပေမယ့်
ခေါင်းထဲစွဲနေတာ တနေ့ ၀င်ငွေ ၃၀၀၀ ရှိရမယ် ..

သားတို့ သမီးတို့ အရွယ်
စာတွေသင်အံနေရမယ်
လောကဓံရဲ့ အထုအထောင်း
လမ်းဘေးဈေးသည်ဖြစ်ရတယ် ..

သမီး ကြီးလာရင် .. ??
အလိုလို လူကြီးဖြစ်လာလိမ့်မယ်
ရည်ရွယ်ချက် .. မျှော်လင့်ချက်
တွေးဖို့တောင် စိတ်ကူးမရခဲ့ဘူးရယ် ..

လူသားစင်စစ်ဖြစ်ပါလျှက်
အခွင့်အရေးမပြည့်ဝသည့် ဘဝ
ကလေးငယ်ကလေး ဖြစ်ပါလျှက်
ကလေးမပီသရသည့် ဘ၀ ..

လန်ခရူဆာကြီး ဖြတ်သွားတယ်
ကားပေါ်မှာ ကလေးလှလှလေး
ပါးစပ်အဟောင်းသားနဲ့ ငေးရုံကလွဲ
ဘာများ တတ်နိုင်ဦးမလဲ ..

အချိန်တွေ သိပ်ဆွဲလို့တော့ မဖြစ်
ဒီကနေ့ လစ်မစ်မပြည့်ရင်
ကြိမ်လုံးနဲ့ တင်ပါး နှစ်ပါးသွားရလိမ့်မယ် ..

ဝဲတက်လာတဲ့ မျက်ရည်ကို သုတ်
ငိုချင်တဲ့ စိတ်ကို မြိုချလို့
ခြေထောက်မဲမဲလေးနဲ့ ခပ်သုတ်သုတ်လှမ်း
ဈေးဝယ်တွေ လွတ်ကုန်မှ ခက်မယ် ..

http://amaythar1976.blogspot.com/2011/11/blog-post_29.html?spref=fb
မှတ်ချက် - အပေါ်က လင့်က စာကို ဖတ်ပြီး ဘာစကားလုံးနဲ့မှ နှိုင်းစာမရအောင် ခံစားရပါတယ် .. ကျမတို့ ဘာတွေ တတ်နိုင်ပါမလဲ .. ဘယ်သူ့မှာ တာဝန်ရှိနေတာလဲ .. သူသူ ငါငါ လက်ညှိုးထိုး တရားခံရှာနေမယ့် အစား တခုခု .. တခုခုလောက် နိုင်သလောက်လေး ကူညီပေးကြရအောင်ပါ .. ဘ၀အကျိုးပေး နည်းကြရှာတယ် .. ကျမတို့ ဘာများ တတ်နိုင်ပါမလဲ .. ????????????????????????

Thursday, November 24, 2011

ထပ်တူမဖြစ်နိုင်သော ကိုယ်ချင်းစာခြင်း

စိတ်မကောင်းပါဘူးရှင် ...။

ပြောလို့ကတော့ လွယ်လိုက်တာ
ခံလိုက်ရသူတွေမှာသာ
ဘ၀တွေဆုံး
မျှော်လင့်ချက်တွေဆုံး
ဘ၀ရဲ့ အလင်းရောင်တွေပျောက်ဆုံး
အရာရာ ဆုံးရှုံး ...။

မှောင်ပါတယ်ဆိုမှ
မမြင်ရဘူးလုပ်နေတယ်
ဒါဟာအမှောင်ကွဲ့
မလင်းနိုင်တဲ့ အမှောင်တွေ
လင်းမလားမျှော်လင့်ချက်တော့ လွှတ်မချလိုက်နဲ့
အမှောင်ထဲ စုံးစုံးမြုပ်လိမ့်မယ် ...။

နိုင်သလောက်တော့ တွယ်ဖက်ထားပါရစေ
အရာရာပျောက်ဆုံး
ပိုင်ဆိုင်တာတွေ ဆုံးရှုံးရင်တောင်
အသက်တခါ ၀၀ရှုခွင့်အတွက်
လက်မောင်းတွေပြုတ်ထွက်ပါစေ
မှီရာကို ဆုတ်ဆွဲထားဦးမယ် ...။

ဟုတ်ကဲ့
ကျမ လွန်စွာမှ စိတ်မကောင်းဖြစ်ရပါတယ်
ကိုယ်ချင်းစာမိပါတယ်
ထပ်တူထပ်မျှ ကြေကွဲရတယ် ...။

မလုံလောက်မှန်းသိရဲ့ စကားတွေပြော
ဒဏ်ရာဟောင်းတွေသာ အသစ်ဖြစ်တော့တယ် ...။

Sunday, November 13, 2011

အလောင်းတော် ကဿပ

ကိုယ်တိုင်သွားခဲ့တဲ့ ခရီးစဉ်တော့ မဟုတ်ပါဘူး .. ဒါပေမယ့် အိမ်က လူကြီးတွေ သွားတော့ ပို့ပေးခဲ့တဲ့ ပုံလေးတွေနဲ့ မျက်နှာလုပ်တာပါ .. :D

ခရီးထွက်တာကို အရမ်းကြိုက်တဲ့ ကျမအနေနဲ့ ပုံတွေသာကြည့်ပြီး သရေယိုရတာ အားမရလို့ ကိုယ်နဲ့ ဘ၀တူတွေကိုပါ သရေယိုစေလိုက်တာပါ .. စာရေးဖို့ ကြိုးစားပေမယ့် ပို့စ်တွေ လက်စမသတ်ပဲ အာရုံတွေ များပြီး ပျက်ကွက်နေတာကို အနည်းငယ်များ ကာဗာဖြစ်မလားလို့ပါ .. :D ပုံတွေ ကြည့်လိုက်ပါဦးနော် .. မိုးခါးတော့ မရောက်ဘူးသေးဘူး .. ခရီးထွက်ချင်တယ် ...... (အကျယ်ကြီး အော်ပါတယ် .. :P)






























အလောင်းတော် ကဿပကို ဖေကြီးမေကြီးတို့ ကျန်ခဲ့တဲ့ ဧပရယ်လ သင်္ကြန်တုန်းက သွားခဲ့တာပါ .. ၃သိန်းလောက် ကုန်တယ်သိရပါတယ် .. အပေါ်က ပုံတွေကတော့ ခရီးတလျှောက်က ပုံတွေပါ .. လူကြီးတွေ ပြောအရ မေမြို့ကိုလည်း ရောက်တယ်တဲ့ .. ဆင်တွေ စီးရတဲ့ တောလမ်းခရီးမှာ ဆင်စီးခဲ့လား မေးတော့ ဆင်စီးချင်ရင် တော်တော်ကြာကြာစောင့်ရမှာမို့ မစီးခဲ့ဘူးပြောပါတယ် .. (ဆင်လည်းစီးချင်တယ် .. ငယ်ငယ်တုန်းက တိရစ္ဆာန်ရုံမှာ ၁ခါပဲ စီးဖူးတယ် ..)

မိုးခါးတို့က ခရီးဆိုရင် ဖုန်ပဲ ထူထူ တောပဲ ထူထူ ဘယ်ကိုဖြစ်ဖြစ် ခရီးတိုတို ရှည်ရှည် သွားချင်နေတာပါပဲ .. ခုလည်းပဲ မြန်မာနိုင်ငံက ဒေသတွေကို သတိရရင်း ဆားလည်း ချက်ရင်း .. ရင်းး .. ရင်းး ..း))

စိတ်ချမ်းမြေ့ ပျော်ရွှင်ကြပါစေရှင် ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...