Thursday, March 25, 2010

ဒိုင်ယာရီ တအုပ်

ပျော်ရွှင်မှုတွေ ခြုံလွှမ်းဘူးတဲ့
ဒီ စာမျက်နှာတွေ
အလွမ်း တရွက်
အဆွေး တရွက်
တဖျတ်ဖျတ်နဲ့ လေအဟုန်မှာ လွင့်မျော
ဒါတွေက တကယ် အတိတ်တဲ့

အတိတ်ရဲ့ ပုံရိပ်တွေမှာ
မြက်ခင်းစိမ်းနဲ့ ထိုင်ခုံလေး နှစ်ခုပါတယ်
စမ်းချောင်းလေး ကွေ့ကွေ့ ကောက်ကောက်စီးတယ်
သာယာချိုမြိန်ဖွယ် ရယ်သံတချို့ စွက်တယ်
စာတိုက်ပုံးလေးလည်း မအိပ်ရဘူးတဲ့

ပြောင်းလဲခြင်း စာမျက်နှာအလယ်မှာ
ငိုသံတချို့နဲ့ မျက်ရည်စ တချို့အလည်လာတယ်
ဒေါသသံတွေနဲ့ တံခါးပိတ်သံ ကြမ်းကြမ်း တချို့
တချို့စာမျက်နှာတွေက အနားသတ်တွေ စုတ်ပြဲလို့

နောက်ဆုံးရဲ့ ရှေ့တရွက်မှာ
တည်ငြိမ်တဲ့ အပြုံးတ၀က် စူးစမ်းခြင်းတ၀က်
သံယောဇဉ် တစ နာကျင်ခြင်း တစ
နှမြောတသခြင်းတွေကို မာနတစုံနဲ့ ဖုံးတယ်

နောက်ဆုံးစာမျက်နှာကိုရောက်ပြီ
ဒါက ဒီစာအုပ်ရဲ့ အဆုံးသတ်
ဟန်ဆောင်ခြင်းကင်းကင်းနဲ့
အဖြူထည် သက်သက် ဖြစ်ဖို့
တစုံတခုမှ မရေးခြစ်မိအောင် ကြိုးစားမှ ထင်တယ်

စိတ်ကူးလေးပါ .. ဘ၀တခုက ဒိုင်ယာရီတအုပ်ဆိုရင် စာအုပ်ထဲက တမ်းတစရာတွေကို ရှာဖွေ တမ်းတပြီး ရေးလိုက်ပါတယ် ..း) တချို့အတွက်ကတော့ ဇာတ်လမ်းတပုဒ် ဒိုင်ယာရီ တအုပ်လည်း ဖြစ်နိုင်ပါသေးတယ် .. ကိုယ်တိုင် စာအုပ်ရဲ့ နောက်ဆုံးစာရွက်ကို ရေးရတော့မယ့်အချိန် ရောက်လာခဲ့ရင် ... "The End" ဆိုပြီးတော့သာ ပိတ်လိုက်ပါတော့မယ် .. :D

Monday, March 22, 2010

ခုတလော

ခုတလော ဘာတွေ ရှုပ်ချင်ယောင်ဆောင်နေလဲ .. :D

အရင်တပတ်က အိမ်ပြောင်းပါတယ် .. ဝေးဝေး လံလံ ဟိုဘက်ကားလမ်းကနေ ဒီဘက်ကားလမ်းကို ပြောင်းတာပါ .. :D အရင် အိမ်မပြောင်းခင်ကတည်းက ကိုယ့်အခန်းကိုယ် မရှိတာများပြီး အလုပ်ပြီးတာနဲ့ ရောက်ရောက်သွားတတ်တဲ့ အိမ်ပေါ့ .. ခုတော့ ပြန်ချင်ရင် အိမ်နောက်ခန်း ၀င်လိုက်ရုံပဲ .. အိမ်ပြန်ဖို့ရာ အီလေးဆွဲပြီး နေစရာမလိုတော့ဘူးပေါ့ ..

သူငယ်ချင်း အပေါင်းအသင်းမက်တဲ့ မိုးခါးအတွက် ခုတော့ သူငယ်ချင်းလို ခင်မင်မှုမျိုး မောင်နှမတွေလို ရင်းနှီးမှုမျိုးနဲ့ အိမ်လို့ ပီပီ သသ ခေါ်ဆိုနိုင်တဲ့ နေရာတခုမှာ နေနေရင်း အပြင်လောကနဲ့ပါ အဆက်အသွယ် ပြတ်ချင်သလိုလို ဖြစ်နေပါပြီ :D .. ဘယ်လောက် မောင်နှမတွေ တရုံးရုံးဖြစ်နေလဲဆို မျက်နှာချင်းတွေဆိုင် အပြိုင်ပွေလီနေကြပြီး စာရေးဖို့တွေပါ လစ်ဟင်းတဲ့ထိပါပဲ ..

သွေးသား မတော်စပ်ကြဘူး .. ဒါပေမယ့် ခင်ရာ ဆွေမျိုး ..
ငယ်ပေါင်းကြီးဖော်လည်း မဟုတ်ကြဘူး .. ကြီးပေါင်း ကြီးဖော်ပေါ့ .. :P
အတွေးထဲမှာတော့ မိသားစုလေးတခုလိုပါပဲ ..

အချိန်တန်ပြီဆို ဘယ်သူ မလာသေးဘူးလဲ .. လာနေပြီလား .. ဘယ်ရောက်နေပြီလဲ .. ဒီလူက မလာဘူးလား .. ဘာလို့လဲ .. ဘာဖြစ်လို့လဲ စသည်ဖြင့် ချော့တန်ချော့ ခြောက်တန်ခြောက် .. နည်းမျိုးစုံသုံးပြီး အပြိုင်ပလီ (အဲ .. ဟုတ်ပါဘူး .. :P) အပြိုင်အဆိုင် ချစ်နေကြပါတယ် ဆိုပါတော့ .. :P

ခု လောလော လတ်လတ်မှာ .....

တွေးနေမိတာက

အမှန်အတိုင်းပြောရရင် တွေးဖို့ အချိန် မရှိဘူးဖြစ်နေတယ် .. ပလီရ ရန်ဖြစ်ရနဲ့ တွေးမယ်ကြံလိုက်ရင် အိပ်ချိန်ရောက်ရောက် သွားလို့ပါ .. :D ပြောရမယ်ဆို တွေးလည်း မတွေးချင်ဘူး .. သိပ်ဝေးဝေးထိ တွေးလိုက်မိရင် ခု စိတ်ချမ်းသာနေတာတွေရဲ့ ဝေးဝေးကို ရောက်သွားမှာဆိုးလို့ ..

ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာက

အပျော်ဘက်ပဲ စိတ်ရောက်နေတယ် .. စိတ်ချမ်းသာနေရင် အကုန်မေ့မေ့နေတတ်တယ် .. (စိတ်ချမ်းသာတာကောင်းပေမယ့် တချို့တာဝန်တွေ လစ်ဟင်းကုန်နေပြီ ..)

ကျန်းမာရေး

ရောဂါ တော်တော် ကြီးနေပါတယ် .. ထမင်းစားပြီးရင် မျက်လုံးက ပိတ်ချင်နေတယ် .. :P

ဖတ်ဖြစ်နေတာက

မြင်နေရတဲ့ မျက်နှာတွေ :P ..

ရောက်နေတဲ့နေရာက

ကွန်ပျူတာရှေ့ .. :P (နောက်တာ) အပေါ်က ပြောထားတဲ့ အိမ် ..း))

မုန်းနေမိတာက

အချိန်တွေ .. မလိုရင် သိပ်ကုန်လွယ်တာပဲ .. မြန်မြန်ကုန်စေချင်ရင် မကုန်ဘူး ..

ချစ်နေတာက

ဝေးဝေးကဆို မိသားစုလေး .. အနားမှာတော့ အများကြီးပဲ .. တယောက်တမျိုး အားလုံးကတော့ ချစ်ဖို့ ကောင်းနေတာပဲ ..း)

စိတ်ပျက်နေမိတာက

ဟိုတလောကတော့ ကိုယ့်ကိုကိုယ် စိတ်ပျက်တယ် .. ခုတလောတော့ မပျက်တော့ပြန်ဘူး ..

စိတ်ထဲက မပါပဲ ပြောတတ်တဲ့ ၀တ်ကျေတန်းကျေ စကားတွေ .. (စိတ်ပျက်ပေမယ့် လိုအပ်တယ်ဆိုတာလည်း သိနေတော့ ..)

လူကြီးလူကောင်းယောင်ဆောင်ထားတဲ့ လူတွေ .. မျက်နှာပြောင်ပြောင်နဲ့ အရှက် မရှိသူတွေ ..

နားထောင်နေမိတဲ့ သီချင်း

ကြားကြားသမျှ ..

တမ်းတနေမိတာက

အိမ်ပြန်ချိန် .. ရုံးပိတ်ရက် ..

စွဲလန်းနေမိတာက

မရှိဘူးထင်တယ် .. စဉ်းစားလို့ မရဘူး ..

မေ့လျှော့ပြစ်နေတာက

ရှေ့မှာ မျက်နှာချင်းဆိုင် ကြုံတွေ့ရမယ့် ကံတရား .. တွေ့ ကြုံ ဆုံ ကွဲ .. (မေ့ထားချင်သေးတယ် ..)

လိုအပ်နေတာက

လိုအပ်တာလေးတွေ အချိန်နဲ့ အမျှ ရှိနေပေမယ့် အထူးတလည် လိုအပ်တာမျိုးတော့ မရှိပါ ..

စားဖြစ်နေတာက

ဆိုက်ပရက်စ်က စာဖိုးမှူးကြီး လက်ရာ ..း))

လွမ်းနေမိတာက

ခုတလော လွမ်းဖို့ အချိန် မရှိပါ ..

သနားနေမိတာက

ခုတော့ သနားစရာလူ မရှိဘူး .. ကိုယ့်နားလည်း ဘယ်သူမှ မရှိဘူးလေ .. သနားဖို့ ကောင်းတဲ့ မြင်ကွင်းကိုမြင်ရင်တော့ သနားတယ် ..

တောင်းမိနေတဲ့ဆု

ဆုမတောင်းဖြစ်ဘူး .. ဆန္ဒတွေတော့ ရှိတယ် .. ဆန္ဒတွေအတိုင်း ပြည့်ဝလာရင်တော့ ကောင်းမှာပဲ ..

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက

အကျယ်ကြီးတော့ မအော်မိပါဘူး .. ခပ်တိုးတိုး ရေရွတ်မိတယ် ဆိုပါတော့ .. :P .. လုပ်သင့်တာတွေ လုပ်ရဦးမယ် .. လုပ်စရာတွေ အများကြီး ရှိသေးတယ် ..

ကြိတ်ပြီး ချီးကျူးနေတာက

ကိုယ့်ထက် စိတ်ဓါတ်ရေးရာ ကောင်းမွန် ပြတ်သားသူတွေ .. တပါးသူ အပေါ် စေတနာ ထားနိုင်လွန်းတဲ့ သူတွေ .. ဇွဲ ၀ီရိယ အားကောင်းတဲ့သူတွေ .. အမှား အမှန်ကို ချင့်ချိန် ဆုံးဖြတ်နိုင်တဲ့သူတွေ ..

ကြိတ်ပြီး အထင်သေးနေမိတာက

အရှက်တရား မရှိတဲ့သူတွေ .. ကိုယ် အသာရနေရင် ပြီးရော သူတပါးအပေါ် ကိုယ်ချင်းစာနာစိတ် မရှိသူတွေ ..

ဝန်ခံချင်တာက

ဒီပို့စ်ကို ရေးဖို့ ၃ရက် အချိန်ယူလိုက်ရပါတယ် .. :P

ချစ်လှစွာသော အကိုကြီး ကိုဖိုးစိန်က စာမရေးတဲ့သူတွေကို ကြည့်မရလို့ ဆိုပြီး တဂ်ပါတယ် .. ဘယ်ကြည့်လို့ရမလဲ .. နေရာချင်းက အရမ်းဝေးတာကိုး .. :P

Monday, March 15, 2010

မိုးခါး အကြိုက်

ကော်ဖီ

ကော်ဖီကို စွဲစွဲလန်းလန်း သောက်ဖြစ်နေတာ ကြာခဲ့ပြီ .. အချိန်အားတိုင်း .. စိတ်ကူးပေါက်တိုင်း .. သတိရတိုင်း ကော်ဖီကို သောက်ဖြစ်တယ် .. (သတိရတိုင်းဆိုတာ တခြားမတွေးပါနဲ့ .. ကော်ဖီသောက်ဖို့ သတိရတာကို ဆိုလိုတာပါ .. :D .. ဒီတိုင်း သတိရတတ်တဲ့သူကတော့ ကော်ဖီကို မစွဲလန်းသလို သောက်လေ့ သောက်ထလည်း မရှိပါဘူး .. ဤကား ကြော်ငြာ :P)

ကော်ဖီကို အိမ်က ဖေကြီးတို့မေကြီးတို့ကလည်း သောက်တတ်တော့ ငယ်ငယ်တည်းက သောက်ဖြစ် သောက်တတ်ခဲ့ပါတယ် .. ကော်ဖီသောက်ပြီး အိပ်မပျော်ခြင်းအဖြစ်ကိုလည်း မကြုံတွေ့ဘူးလို့ စာမေးပွဲရက်တွင်းမှာတောင် ကော်ဖီ သောက်ကောင်း အိပ်ကောင်း ဖြစ်ခဲ့ပါတယ် ..

ကော်ဖီကို ဘာလို့ ကြိုက်လဲ .. ကျမအတွက် ကော်ဖီက ကိုယ် ချိုချင်ရင် ချိုတဲ့အရသာ ပေါ်အောင် ဖျော်နိုင်သလို ခါးချင်ရင်လည်း ခါးတဲ့အရသာ ပေါ်အောင် ဖျော်ပြီး စိတ်ကြိုက် သောက်နိုင်ပါတယ် .. တခါတလေ အချိုလွန်ပြီး ပျက်သွားတဲ့အခါ သွန်ပစ်လိုက်ရုံကလွဲပြီး တခြားဆိုးကျိုးလည်း မပေးပါဘူး .. ခါးသက်တဲ့ အရသာကို မနှစ်သက်ပေမယ့် တခါတလေ ခါးသက်သက်အရသာကလည်း ကျမကို ဆွဲဆောင်တတ်ပါသေးတယ် ..

စာအုပ်စာတမ်း လှလှလေးများ .. ဘောလ်ပင် ရောင်စုံ လှလှလေးများ ..

စာအုပ်လှလှလေးတွေ ဘောလ်ပင်ရောင်စုံလေးတွေ မြင်ရင် ကျမစိတ်က ၀ယ်ချင်တဲ့စိတ် ဖြစ်ပေါ်လာတတ်ပါတယ် .. ဒါကလည်း ငယ်တည်းက ကျမ အကျင့် တခုပါပဲ ..

ကျောင်းတက်တုန်းကတော့ စာအုပ်လှလှလေးတွေမှာ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ ရေးကူးတတ်တယ် .. ရောင်စုံတွေနဲ့လည်း ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ်ပေါ့ .. လက်ရေးကတော့ မလှပါဘူး .. :P

နောက် .. ကျမမှာ ရင်ဖွင့်ဖော် သူငယ်ချင်း မရှိပေမယ့် စာအုပ်လှလှလေးတွေမှာ စိတ်ချ လက်ချ ရင်ဖွင့်နိုင်ပါတယ် .. သူက နှုတ်လုံတယ် .. သူတပါး မသိစေချင်တဲ့ကိစ္စကို ကျမခွင့်ပြုချက် မရပဲ ဘယ်သူမှ မသိစေရဘူး .. ဒါပေမယ့် ကျမ ဘေးနားက စာအုပ် လှလှလေးတွေက စုတ်ပြတ်သတ်နေတတ်တယ် .. အဖုံးသာလှပြီး အထဲကစာရွက်တွေကတော့ အမြဲတမ်း စုတ်ဖြဲ ခံရတတ်တယ် ..

ကွန်ပျူတာ

ကွန်ပျူတာကတော့ ကျမအတွက် မရှိမဖြစ်ကို လိုအပ်တဲ့ အရာပါပဲ .. ကွန်ပျူတာနဲ့အတူ တွဲရက်လိုအပ်တာကတော့ အင်တာနက်ပေါ့ .. ခုလို စာတွေရေးဖို့ သူငယ်ချင်းတွေနဲ့ စကားပြောဖို့ .. အလုပ်ချိန်မှာ ပျင်းရင် သူငယ်ချင်းတွေကို လှမ်းနားပူဖို့ .. အင်တာနက်က မရှိမဖြစ်ပါ ..

သီချင်း

သီချင်းတွေကို အရမ်းကြိုက်ပါတယ် .. တခါတလေ ကိုယ်လွမ်းတဲ့အချိန် သူက လိုက်လွမ်းပေးတယ် .. ကိုယ်စိတ်ညစ်တဲ့အချိန် အတူလိုက်ပြီး ပေါက်ကွဲပေးတတ်သလို တခါတလေ စိတ်ဖြေဆေး တခုလိုပဲ .. သီချင်းတွေကလည်း ကျမအတွက် မရှိမဖြစ်တခုပါပဲ ..

ဒီလိုတွေးလိုက်တော့လည်း ကျမမှာ အဖော်တွေ များမှ များပဲ .. ကျမအနားမှာ တခုမဟုတ်တခု (သို့မဟုတ်) အားလုံးက ရှိနေခဲ့တယ် ..

မဇွန်တဂ်တဲ့ တဂ်ပို့စ်လေးပါ .. မိုးခါး အကြိုက်တွေ များလွန်းလို့ ခုချက်ချင်း ပေါ်လာတဲ့ အကြိုက်တွေကို စာစီရေးလိုက်ပါတယ် .. မကြိုက်တာတွေလည်း များမှ များပါပဲ .. :D ရေးတာ နောက်ကျလို့ စိတ်မဆိုးဘူး ထင်ပါတယ် ..း)) စိတ်ဆိုးနဲ့နော် ..း)) အရှုပ်တွေ များလွန်းနေလို့ပါ .. :D

Saturday, February 27, 2010

အခွံ

ကြာလှပေါ့
မုန်းတတ်ခဲ့တာ
ဝတ်ကျေတန်းကျေ
အလာပ သလာပ
ဝတ်ကျေတန်းကျေ
ပြုံးပြ မဲ့ကြ
ဝတ်ကျေတန်းကျေ
ငိုကြ ရီကြ
ဝတ်ကျေတန်းကျေ
ပြောကြ ဆိုကြ

အားနာမှုတွေ
ဝတ္တရားတွေနဲ့
ဒီအရေခြုံတွေ
တလွှာချင်းစီ ဆွဲခွာ ဖြတ်ထုတ်

ရင်ဘတ်ဟောင်းလောင်းနဲ့
အပေါ်ယံတွေ
အပေါ်ယံ အခွံနဲ့
ရင်ခွင်ဗလာတွေ

တစိမ့်စိမ့်ထိုင်တွေး
တစိမ့်စိမ့်ထိုင်ငေး
ရေးရေးလေးတောင် ပေါ်မလာတဲ့ အဖြေ

တခါတခါ
ကိုယ့်အတွေး ကိုယ်မေ့
လောကကြီးနဲ့ အဆက်အသွယ် ပြတ်/ဖြတ်

အကျင့်ပါပြီး ခေါင်းထဲရောက်ရောက်လာတတ်တာက

လူတွေ အခွံ ဖြစ်နေရတဲ့ အကြောင်း
ရင်ခွင် ဗလာ ဖြစ်နေရတဲ့ အကြောင်း

PS. ပေါက်ကွဲခြင်း မဟုတ်ပါ .. ခုလည်း ပေါက်ကွဲမနေပါ .. စိတ်ကူးပေါက်သလို တွေးတွေး ရေးရေးပါပဲ ..း)) ခုတလောက အလုပ်ထဲမှာ ဆိုက်ထဲ ဆင်းဆင်းနေရပါတယ် .. အသားတွေလဲ မဲကုန်ဘီး( .. လူတွေနဲ့ ဆက်ဆံတဲ့အခါ တခါတလေ စိတ်အခန့် မသင့်တာနဲ့ စိတ်ထဲ ဘ၀င်မကျတာနဲ့ ဒီလိုပဲ ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ်လိုက်တာပါ .. ကိုယ်တိုင်လည်း လိုအပ်ရင် လိုအပ်သလို မရီပြချင်လည်း ရီပြဖြစ်ပါတယ် .. မပြောချင်တဲ့လူနဲ့လဲ ပြောဖြစ်ရပြန်ပါတယ် .. အဲလိုလုပ်ရတာ သူများတွေတော့ မသိဘူး ကိုယ့်စိတ်မှာတော့ အရမ်းကို ပင်ပန်းပါတယ် .. စိတ်မပါတဲ့ အလုပ်ကို လုပ်ရတာကိုး .. ကိုယ့်အပေါ်ကိုလည်း စိတ်ထဲကအတိုင်း မဟုတ်ပဲ စိတ်ထဲက မပါပဲ ပြုံးပြ ရယ်ပြကြတဲ့လူတွေကို သူတို့ တော်တော် ပင်ပန်းရှာမှာပဲ ဆိုပြီး သနားမိနေပါတယ် .. ဒီလောက်ပါပဲ .. ကျန်တာ သိပ် ထွေထွေ ထူးထူး မရှိပါ ..

Wednesday, February 17, 2010

ကျမနှင့် ချစ်သော ........

- "သမီး အပျိုကြီး လုပ်မယ်ဆိုရင် တသက်လုံး ဖေကြီးက ရှာကျွေးထားမှာပေါ့" (ဆိုလိုတာက ယောကျာင်္းရရင်တော့ တာဝန်ထပ်ယူတော့မယ် မထင်နဲ့ပေါ့ .. :P)
"သမီး ဘာလုပ်ချင်လဲ .. သမီး လုပ်ချင်တာကို ဖေကြီးက ရှိသမျှ အကုန် ကုန်ချင်ကုန်ပါစေ ဖြစ်အောင် လုပ်ပေးမယ်" (ကျမ အရှုံးရမယ်ဆိုရင်တောင် ဘေးနားမှာ အမြဲတမ်း အားပေးနေမယ့် ဖေကြီးပေါ့ ..း))
"သမီးကို ဖေကြီးက ယုံပြီးသား" (ကျမ မဟုတ်တာ မလုပ်နိုင်အောင် ချုပ်တဲ့ စကားပေါ့ .. :D)
"သမီး အဆင်ပြေသလို စိတ်တိုင်းကျ လုပ်ပါ .. ဖေကြီးတို့က ရတယ် .." (လုပ်မယ့် အလုပ်တိုင်း အပေါ်ကို မစွက်ဖက်ပဲ ယုံကြည်မှုပေးတဲ့ ဖေကြီးပေါ့ ..း))
"သမီး နေကောင်းရဲ့လား .. ကျန်းမာရေး ဂရုစိုက်ပါ .. ကျန်းမာရေးက အရေးကြီးဆုံးပဲ .." (အမြဲတမ်း ဖုန်းဆက်တာနဲ့ သတိပေးနေကျ စကားတခွန်းပေါ့ ..း))
"အဆုံးစွန် .. သားသမီး အတွက်ဆိုရင် ဘာမှ မလုပ်နိုင်တော့လို့ လမ်းဘေးမှာ အထုပ်သယ်ရမယ် ဆိုရင်တောင် သားသမီးကို မသိစေရဘူး .. သားသမီးတွေ မျက်နှာငယ်ရမယ့် အဖြစ်မျိုး သူများ လက်ညှိုးထိုးခံရမယ့် အလုပ် ဘယ်တော့မှ မလုပ်ဘူး .." စသည်ဖြင့် ........

ကျမက အဖေ့သမီးတဲ့ .. ဖေကြီးက သမီးကြီးမို့ ပိုတယ် .. ယုံတယ် .. ငယ်ငယ်တည်းကပါ .. ကျမကလည်း ဖေကြီးကို အရမ်းကပ်တယ် .. ကျမအတွက် တိုင်ပင်ဖော် တိုင်ပင်ဖက် .. နွေးထွေးတဲ့ ရင်ခွင်တစုံ .. အကာအကွယ်ပေးမယ့် လက်နှစ်ဖက် .. သယ်ပိုးပေးမယ့် ပုခုံးနှစ်ဖက် .. သယ်ဆောင်သွားပေးမယ့် ခြေတစုံ .. ဖေကြီးမှာ ရှိတယ် .. အင်အားတွေ နဲပါးလာပြီ ဆိုပေမယ့်ပေါ့ .. သားသမီးအတွက် လွတ်လပ်မှုတွေ ဆုံးရှုံးတယ် .. လုပ်ပိုင်ခွင့်တွေလည်း ဆုံးရှုံးတယ် .. ဒါပေမယ့် ဒါ ငါ့သားသမီးအတွက်ဆိုတာနဲ့တင် ကျေနပ်တယ် .. 

- စကားကို သိပ် ချိုချိုသာသာ မပြောတတ်ပေမယ့် စကားတွေမှာ ကျမအတွက် စေတနာတွေ ပျော်ဝင်နေတယ် ဆိုတာ သိတယ် ..စကားတွေက ပုံမှန်ပေမယ့် မေတ္တာတရားရဲ့ နွေးထွေးမှုကို ခံစားရတယ် .. စကားလုံး အလှတွေနဲ့ သိပ် တီတီ တာတာ မပြောတတ်ပေမယ့် မျက်ဝန်းတစုံမှာ ကျမအတွက် ချစ်ခြင်းတွေ ရှိနေတယ်ဆိုတာလည်း ကျမခံစားလို့ရတယ် .. သူ့မှာ ကျမကို အားပေးတတ်တဲ့ လက်တစုံ ရှိတယ် .. စိတ်ညစ်မှုတွေကို ဖြေဖျောက် ပြောဆို ပေးနိုင်တဲ့ နှုတ်ခမ်း တစုံ ရှိတယ် .. ရိုးသားစွာနဲ့ ချစ်ခင်တတ်တဲ့ စိတ် ရှိတယ် .. 

တယောက်ကို တယောက် အကျိုးအမြတ်တွေ မတွက်ချက်ပဲ ချစ်တယ် .. ကျမအိပ်မက်ထဲက ပန်းရောင် အိမ်လေးမှာ သူနဲ့ကျမ အတူတူ ပန်းတွေ ပျိုးတယ် .. စိမ်းလန်းမယ့် သစ်ပင်တွေ စိုက်တယ် .. ငါးလေးတွေ မွေးတယ် .. အစာကျွေးတယ် .. သစ်သီးတွေ ခူးတယ် .. (ဘယ်လိုလဲ ကြည်နူးဖို့ ကောင်းတယ်ဟုတ် ..း)) ဆက်မက်ဦးမယ် .. အဲလို အိပ်မက် လှလှလေးတွေ .. အိပ်ရေး ပျက်ချင် ပျက်ပါစေ ..း)

- အပြန်အလှန် အားပေးကြတယ် .. အချိန်ပြည့်မဟုတ်ပေမယ့် တတ်နိုင်သလောက် .. အချိန်ကြာလေ အဖြူရောင် သံယောဇဉ်တွေနဲ့ ရင်းနှီးမှုတွေ ကူညီမှုတွေ အားပေးစကားတွေနဲ့ ကျမတို့ ရှေ့ဆက်ကြတယ် ..

သူတို့မှာ ရင်ဘတ်ချင်း နားလည်ပေးနိုင်တဲ့ ခံစားချက် တစုံစီ ရှိတယ် .. သူငယ်ချင်း (၀ါ) မောင်နှမလို့ စိတ်ထဲက သတ်မှတ်ထားမိတယ် .. လူ သိပ်များများ မဟုတ်ပါဘူး .. ၃ယောက် ၄ယောက် ၅ယောက် .. ပြောတတ်တဲ့စကားက နင် စကားတွေ ပြောချင်ရင် ငါတို့ နားထောင်ပေးချင်တယ် .. ဒါပေမယ့် ကျမ အကျင့်အတိုင်း လုံးစေ့ပတ်စေ့ မပြောဖြစ်သေးပါဘူး .. မခင်လို့ မဟုတ်ပေမယ့် ကျမ အကျင့်ကိုက ..

တယောက်ကို တယောက် ဘာတွေရှိလဲဆိုတာ မတွေးပဲ သူဘာလိုလဲ ဆိုတာမျိုး .. သူ ဘာလုပ်နေလဲဆိုတာထက် အဆင်ပြေရဲ့လား ဆိုတာမျိုး .. ဘာပေးပါဆိုတာထက် ဘာလိုအပ်လဲ ဆိုတာမျိုး .. ဒီလိုမျိုး ပြောင်းပြန် အချိုးကျ ကြတယ် .. တချို့နဲ့ တခါတလေတော့လည်း ခပ်ဝေးဝေးကနေပဲ အားပေးစကားပြောရတယ် .. ဒါပေမယ့် သေချာတာ လုံးဝ အပေါ်ယံ မဟုတ်ဘူး ..

လှတယ် .. အရောင်စုံတွေနဲ့ အစီစီ အရီရီနဲ့ ပန်းတွေက ပွင့်လို့ .. လောကကြီးက လှပါတယ် .. တခါတလေ ခံစားဖို့ မေ့နေလို့သာ ..

ဗညားက ကျမ ခင်မင်မြတ်နိုးတဲ့ သူတွေတဲ့ .. ဗညားရေ ငါနောက်ကျသွားတယ် .. ဆောရီး ဗြောတီး ဟေ့ .. :P

Thursday, February 11, 2010

ဆုံးရှုံးခြင်း မှတ်တမ်း

မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်တဲ့ ထောင့်က ရိုက်ချက်တခုကြောင့် ယိုင်လဲသွားရမတဲ့လား ..

ရုတ်တရက် ကြားလိုက်ရတဲ့ စကားလေးတခွန်းကြောင့် သူမ မိုက်ခနဲ တချက် ဖြစ်သွားရတယ် .. "ကို့ကို သူမဆီ ပြန်သွားခွင့်ပေးပါ" တဲ့လား ..

ကျမက သူ့အပေါ် လွမ်းဆွတ်နေတဲ့ အချိန်မှာ သူကတော့ ကျမမဟုတ်တဲ့ တခြားတယောက်ကို သတိရ တမ်းတနေပါတယ်တဲ့ .. ကျမရဲ့ စိတ်ကူး အိပ်မက်တွေမှာ သူနဲ့ နှစ်ကိုယ်တူဘ၀ဆိုတာကို တွေးတောနေချိန်မှာ သူကတော့ မတည်ဆောက်လိုက်ရတဲ့ အိပ်မက်ဟောင်းတခုကို ပုံဖော်လွမ်းဆွတ်နေခဲ့တယ်ပေါ့ .. ကျမရဲ့ အတွေးမှာ သူနဲ့ နီးဖို့ ကြိုးစားရင်း နီးစပ်ခွင့်ရတော့မယ်လို့ ပျော်ရွှင်နေမိချိန်မှာ သူကတော့ ဝေးကွာသွားခဲ့တဲ့ မျှော်လင့်ချက်တစုံတခုကို ရင်ဝယ်ပိုက်လို့ အပြေးအလွှား လိုက်လံ ဖမ်းဆုတ်နေခဲ့တာပဲ ..

မတရားခဲ့ဘူး ..

ဆုံတွေ့ခဲ့တဲ့
ကံတရားတွေကစလို့
သူမကိုယ်တိုင်က ညံ့နေခဲ့တာပါ ..

နူးညံ့တဲ့ အပြုံးတခုကို ပိုင်ဆိုင်တဲ့ သူ့ကို စတွေ့တွေ့ချင်း ရင်ခုန်ခဲ့တဲ့ ကျမ အစတည်းက ရှုံးနိမ့်ခဲ့တာပါ .. ပိုဆိုးတာက သူ့အပြုံးကို ပိုင်ဆိုင်သူက ရှိနှင့်နေခဲ့ပြီ .. ဒါထက်ပိုဆိုးတာက ပိုင်ရှင်က ကျမ သူငယ်ချင်းတဲ့လေ ..

ရင်နာစရာပါပဲ
ဒဏ်ရာကို လူမသိ သူမသိကုစား
ကူကယ်ရာလည်း မရှိခဲ့ဘူး

ရေးလက်စ ဒိုင်ယာရီကို အဆုံးမသတ်ခင် မဟုတ်လည်း အဆုံးသတ်ပြီးတာနဲ့ မြင်ယောင်နေတဲ့ အပြုံးတခုကို အပြီးအပိုင် စွန့်လွှတ်လိုက်တော့မယ်ဆိုတဲ့ ခံစားချက်တခုနဲ့တင် သူမ ရင်တွေ နာကျင်နေတတ်ပြီလေ .. ဖြစ်သင့်တဲ့အရာတခုမို့ သူမ အဆုံးသတ်ဖြစ်အောင် ကြိုးစားရမယ် .. ကံတရားကိုသာ အပြစ်တင်လိုက်ပါ ..

လူမသိ သူမသိကျတဲ့
မျက်ရည်တွေအတွက်
ကိုယ်တိုင်လည်း အရှက်သည်းခဲ့ပြီ
ပိုင်ဆိုင်ခွင့်ရဖို့ မကြိုးစားပေမယ့်
လိုချင်စိတ်ရှိခဲ့တာ လူဆိုတဲ့ အတ္တကြောင့်ပါ ..

စိတ်ချပါ .. ကျမကလေ သူ့အပြုံးကို မြင်ယုံနဲ့ ကျေနပ်နေခဲ့တာတဲ့ .. တခါတလေတော့လည်း ပိုင်ဆိုင်ချင်မိတာပေါ့ကွယ် ..

မငိုပါနဲ့
တားခွင့်မရှိပေမယ့်
နှစ်သိမ့်ပေးခွင့်တော့ ရှိလိမ့်မယ် ..

ကျမ ကြိုးစားနှစ်သိမ့်ပေးမှာပေါ့ .. သူသာ လိုအပ်မယ်ဆိုရင်လေ .. သူ့မျက်ရည်တွေအတွက် စိတ်မကောင်းပေမယ့် ကျမစိတ်တွေ မဖြူစင်နေခဲ့ဘူး ..

အပြုံးတွေ ပြန်မြင်ခွင့်ရပေမယ့်
သူ့မျက်ဝန်းတွေ စိုလဲ့နေခဲ့တယ်
မသိချင်ယောင်ဆောင်နေခွင့်ပေးပါ ..

ခပ်ပြုံးပြုံးနေတတ်တဲ့ သူ့နှုတ်ခမ်းတွေ ကိုပဲ သတိထားမိတော့ သူ့မျက်ဝန်းက ၀မ်းနည်းမှုကို သတိမထားမိဘူး .. တမင် မသိချင်ယောင်ဆောင်တယ်လည်း ပြောနိုင်ပါတယ် .. ဒီလိုလည်း ကျမက အတ္တကို ရှေ့တန်းတင်တတ်ခဲ့တယ်လေ ..

အဖြေတခုက ရှေ့မှာ လှောင်ပြောင်လို့
အချိန်တချို့ကလည်း နောက်ကြောင်းပြန်လှည့်လို့
ငါကလည်း အရှုံးတွေ တပွေ့တပိုက်နဲ့ ..

ပြင်ဆင်ခွင့်ကို တောင်းဆိုခွင့်မရှိသူတယောက် အတွက် ပေးလာတဲ့ အရှုံးကိုပဲ တသက်စာ ..

Friday, January 29, 2010

ဟိုရောက် ဒီရောက် (၅)

တချို့ပြောကြတယ် .. ငါကတော့ သူ့အပေါ် ကောင်းလိုက်ရတာ .. သူကျတော့ ဆိုတာမျိုး .. ဒါဆို သူ့အပေါ်မှာ ကိုယ်က မျှော်လင့်ထားလို့ပေါ့ .. ဒါဆို ကိုယ်က သူ့အပေါ် စေတနာ သန့်သန့်နဲ့ ကောင်းခဲ့တာပါ ဆိုတာ .....

တချို့စကားတွေကို မြန်မာလို ပြောနေပေမယ့် နားမလည်တာတွေက များတယ် .. အပေါ်က စာသားလိုပေါ့ ..

ကိုယ်က သူပြန်ကောင်းဖို့ ကောင်းနေတာ ကောင်းပြနေတာလား .. ဒါကို ဘယ်သူက ဘယ်လောက်ရာခိုင်နှုန်းနဲ့ တိတိကျကျ ဝေခွဲပြနိုင်မလဲ .. မလိမ်မညာပဲနဲ့ပေါ့ ..

စေတနာဆိုတာ ရောင်ပြန်ဟပ်တယ် .. ရောင်ပြန်ဟပ်မယ့် စေတနာတွေအတွက် ကိုယ့်စေတနာတွေကို အရင်းအနှီးပြုလိုက်တာလား .. (ဒီညတော့ ဂွကျကျ တွေးပြီး ရေးပြီပဲ .. :D)

ကိုယ်တိုင်ဖြစ်ဘူးတော့ သိသလိုပဲ .. သိသလိုပဲ ပဲရှိသေးတော့ သေချာတယ် မပြောနိုင်သေးပြန်ဘူး ..

ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် မချစ်သလိုပဲ .. စာတွေဖတ်တယ် .. ဗေဒင်တွေ ဖတ်တယ် .. အဲဒီမှာတွေ့တယ် .. ကိုယ်ချစ်သူက ကိုယ့်ကို ပြန်ချစ်လာစေချင်ရင် မျက်နှာကို မြင်အောင် ကြည့်ပြီး မေတ္တာပို့ဖို့ .. လုပ်တာပဲ .. တကယ်လည်း စွမ်းတယ် .. စွမ်းလို့ နောက်ပိုင်း ဒုက္ခဖြစ်ပြန်ရော .. ဘယ်အရာမှ အလွန်အကျွံမဖြစ်တာ အကောင်းဆုံးပဲ .. မေတ္တာထားတယ်ဆိုတာလည်း မချင့်ချိန်တတ်ရင် အထားမတတ်ရင် တဖက်က နစ်နာစရာ ဖြစ်တတ်သေးတယ် .. (ရှုပ်တယ်နော် .. :D)

မေတ္တာတရားထားတာ မေတ္တာထားတတ်တာ လူချစ်လူခင်ပေါတယ် .. မေတ္တာထားနိုင်တာ အကောင်းဆုံးပါပဲ .. ဒါပေမယ့် ဖြူစင်သင့်တယ် သန့်ရှင်းနေသင့်တယ် .. ကိုယ့်အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာမျိုး မဖြစ်သင့်ဘူး .. ငါဒါလေး ပေးလိုက်ရင် သူ့ဆီက ဒါတော့ ပြန်ရမှာပဲ ဆိုတဲ့ အတွေးမျိုးပေါ့ .. ဒါက စီးပွားဆန်သွားပြီ ထင်တယ် ..

ငယ်ငယ်တုန်းကတော့ ရူးချာချာနဲ့ အကုန်လျှောက်လုပ်ဖူးတယ် .. ရီလည်းရီရတယ် .. ခုကျတော့ ရီစရာပေါ့နော် .. အချိန်က လူကို ရင့်ကျက်စေတယ် .. ခုတော့ ပေါချာချာ အလုပ်တွေ မလုပ်မိအောင် ကြိုးစားနေတယ် .. ဒါတောင် တချက်တချက် .......

ဘာတခုမှ ရယူပိုင်ဆိုင်ချင်စိတ် မရှိတော့ရင် ပိုင်ဆိုင်ချင်စရာ မကောင်းတော့ရင် ကမ္ဘာကြီး ငြိမ်းချမ်းနေမလား .. မက်မောစရာတွေ ရှိနေလို့ပဲ လူတွေ ပူလောင်နေကြတာလား .. အပူဆိုတာ ကိုယ်တိုင်ရှာတာထင်ပါရဲ့ ..

တခါတခါ စိတ်က လူနောက်ကို လိုက် .. တခါတခါ လူက စိတ်နောက်ကို လိုက် ..

Sunday, January 10, 2010

စိတ်ကူး မျှော်လင့်ချက်

ကျောင်းတက်တုန်းက စိတ်ကူးထဲမှာတော့ ကိုယ်ပိုင်စီးပွားရေးလည်း လုပ်တယ် .. သီချင်းလည်း ဆိုတယ် .. ခြံကျယ်ကျယ်မှာ ကော်ဖီတို့ သီဟိုဋ်တို့လည်း စိုက်ချင်တယ် .. ဦးလေးတွေ ဘကြီးတွေက မြစ်ကြီးနားဘက်မှာ ခြံရှိခဲ့ဘူးတော့ ကိုယ်လည်း ရောက်ဖူးရင်း အဲလို အပင်စိုက်တာမျိုးကိုပါ သဘောကျခဲ့တာ .. လုပ်ချင်တဲ့ စိတ်ကူးမိတဲ့ အလုပ်တွေကတော့ အားကြီးပဲ .. နိုင်ငံခြားဆိုလည်း သွားချင်တာပဲ .. ရုပ်ရှင်တွေထဲက ယူနီဖောင်းနဲ့ ဒေါက်ဖိနပ် တဂွပ်ဂွပ်သွားနေတဲ့ မင်းသမီးတွေကို အားကျတာပေါ့ .. ဆံထုံးလေးလည်း ထုံးပြီး :P

ခု လက်ရှိမှာတော့ ဆံထုံးလည်း မပါ(ဂတုံးလည်း မဟုတ်ပါ :P) .. ယူနီဖောင်းလည်း မ၀တ်ရ .. ဒေါက်ဖိနပ်လည်း မစီးနိုင်တဲ့ ဘ၀ပါ .. ဆောက်လုပ်ရေးလုပ်ငန်းဆိုတော့ ဆိုက်ထဲဆင်းတဲ့အခါ အင်္ကျီ အဖြူတောင် မဲတယ်လေ ..

ငယ်ငယ်တုန်းက ဖြစ်ချင်တာတော့ အင်ဂျင်နီယာပါ .. တကယ်တမ်းရတဲ့ ဘွဲ့ကတော့ အီကို .. တနင်္ဂနွေနာမ်တော့ တနင်္ဂနွေနာမ်ပဲ .. :D

ကံတရားကတော့ ခုချိန်ထိ မဆိုးသေးဘူးလို့ ပြောနိုင်ပါတယ် .. ဖြစ်ချင်တာလေးတွေ သူ့လမ်းကြောင်းလေးနဲ့ သူ ဖြစ်ဖြစ်လာတတ်ပါတယ် ..

နောက် ၅ နှစ် .. ဖြစ်ချင်တာတွေ လုပ်ချင်တာတွေကတော့ အချိန်နဲ့ အမျှ ဖြစ်နေတာပါပဲ .. ပြောင်းလဲ နေတာပါပဲ .. :D နောက် ၅ နှစ်မှာ ဖြစ်နေချင်တာလေးတွေကတော့ ..

- ပီအာတော့ ဖြစ်နေလောက်ပြီ ထင်ရတာပါပဲ ..း)) ပီအာဖြစ်ပြီးရင်တော့ ရန်ကုန်မှာ ဖြစ်ဖြစ် ရန်ကုန်နဲ့ စလုံးဖြစ်ဖြစ် လုပ်ငန်းလေး တခုလောက်တော့ လုပ်ချင်တယ် .. သိပ်တော့ မလွယ်ပါဘူး .. ဖြစ်နိုင်ရင်ပေါ့ ..
- မြန်မာနိုင်ငံမှာ ခြံလေးတခြံနဲ့ နှစ်ရှည်ပင်တွေ စိုက်ချင်တယ် .. မေမြို့လို အေးတဲ့နေရာမျိုးမှာ ပန်းပင်တွေ စိုက်ချင်တယ် ..
- မမ၀ါလိုပဲ ကော်ဖီဆိုင် ကောင်းကောင်း သန့်သန့်လေး တခု ဖွင့်ချင်တယ် ..
- ကလေးတွေ ထိန်းတဲ့ ကျောင်းမျိုးလည်း အဆင့်မြင့်မြင့်လေး ဖွင့်နိုင်ရင်ကောင်းမယ် ..
- ဘိုးဘွားရိပ်သာလိုမျိုး သက်ကြီး ရွယ်အိုတွေကို ပြုစုပေးနိုင်မယ့် နေရာတခုလောက်လည်း လုပ်ပေးနိုင်ချင်တယ် .. (ဒါကတော့ စီးပွားရေး မဟုတ်ပဲ လုပ်ချင်တာမျိုးပါ .. ကြိုးစားရင်တောင် နှစ်တွေ အများကြီး စောင့်ရလောက်တယ် .. မလွယ်ဘူး ..)

တနေရာတည်းမှာ ကြာကြာ မနေနိုင် မနေချင်တဲ့ စိတ်ကြောင့် အနည်းဆုံး နယ်နဲ့ ရန်ကုန်လိုမျိုး စလုံးနဲ့ ရန်ကုန်လိုမျိုး ဟိုကူး ဒီသန်း လုပ်လို့ရမယ့် အလုပ်လေးတွေ လုပ်ချင်တယ် .. စလုံးမှာ C ဖြစ်ဖို့တော့ ဒီတသက် စိတ်ကူးမိမှာ မဟုတ်ပါဘူး .. တခြားနိုင်ငံလည်း သွားချင်စိတ် မရှိဘူး .. တကယ်လို့ မျှော်လင့်သလို လုပ်ကိုင်စားနိုင်မယ် ဆိုရင်ပေါ့ ..

အလုပ်ကတော့ မသေမချင်း လုပ်နေရမယ် .. ပိုက်ဆံကလည်း မသေမချင်း လိုအပ်နေမယ် .. ဒါကြောင့် အလုပ် မလုပ်ချင်လည်း လုပ် လုပ်ချင်လည်း လုပ်နေရဦးမှာပါပဲ ..

နောက် ၅ နှစ်မှာ အိမ်ထောင် ကျနေနိုင်လား .. နောက် ၅ နှစ်ဆို မိုးခါး အသက်က ၃၀ လောက် ဖြစ်နေပြီ .. အရင်က စိတ်ကူးထဲမှာတော့ အသက် ၂၈-၂၉ လောက်ဆို အိမ်ထောင်သာ ပြုစရာ ရှိနေမယ်ဆိုရင် ပြုမယ်ပေါ့ .. အကယ်၍ ၃၀ ကျော်တဲ့ အထိ အိမ်ထောင်မပြုဖြစ်ရင် မပြုတော့ဘူးလို့ စိတ်ကူးထားတာပဲ .. ကံတရားကတော့ ခြွင်းချက်ပေါ့ ..

ကိုယ် လက်ထပ်မယ့်သူက ကိုယ့်အပေါ်ကို တသက်လုံး တန်ဖိုးထား မြတ်နိုးပြီး သစ္စာရှိရှိနဲ့ ပေါင်းသင်းသွားစေချင်တယ် .. (အချစ် ဆိုတာထက် သံယောဇဉ်နဲ့တည်ဆောက်ချင်တယ် .. ချစ်လည်း ချစ်စေချင်ပါတယ် .. :D) ကိုယ့်အပေါ်ကို ဦးဆောင်ဦးရွက် ပြုနိုင်မယ့်သူ ဖြစ်စေချင်တယ် .. (တကယ်တန်းတော့ ကိုယ်တိုင်က နောက်လိုက် လုပ်ချင်စိတ် မရှိဘူး .. ဒါပေမယ့် သူ့ကို ကိုယ့်ထက် ရှေ့မှာ ရောက်နေစေချင်တယ် .. သူ့အတွက် ကိုယ်က ပါရမီ ဖြည့်ဖက်ကောင်းတယောက် ဖြစ်ချင်မိတယ် ..) ကိုယ့်ထက် အသက်ကြီးစေချင်တယ် .. ချောတာ မချောတာထက် ကြည့်လိုက်ရင် ကြည်လင်နေတဲ့ မျက်နှာမျိုးကို သဘောကျတယ် .. တည်တည် ကြည်ကြည် ရှိစေချင်တယ် .. (တစိမ်း မိန်းကလေးတွေနဲ့ လက်ပုတ် ခေါင်းပုတ် နေတတ်တဲ့သူမျိုးကို မုန်းပါတယ် ..) တပါးသူအပေါ်ကို ကိုယ်ချင်းစာ ကြင်နာတတ်တဲ့သူမျိုး ဖြစ်စေချင်တယ် .. မိသားစုအပေါ် သံယောဇဉ်ထားတတ်တဲ့သူမျိုး တာဝန်ယူတတ် တာဝန်ကျေတတ်တဲ့ သူမျိုး ဖြစ်စေချင်တယ် .. ပျော်ပျော်နေတတ်တဲ့ အကျင့် ရှိစေချင်တယ် .. (အပျော်ရှာတာမျိုးမဟုတ်ပဲ မိသားနဲ့ ပျော်တာမျိုးပါ ..) သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ်ရမယ် .. (ညစ်တီးညစ်ပတ်ပုံပေါက်နေရင် အမြင်ကတ်ပါတယ် .. :D) အတ္တရှိသင့်သလောက် ရှိပြီး အတ္တတော့ မကြီးစေချင်ပါဘူး .. လောဘ ရှိသင့်သလောက် ရှိပြီး လောဘ မကြီးစေချင်ပါဘူး .. မာန ရှိသင့်သလောက် ရှိပြီး မာန မကြီးစေချင်ပါဘူး .. တယောက်ကို တယောက် နားလည် ဖေးမပေးတတ်တဲ့သူမျိုးနဲ့ ဆုံချင်ပါတယ် .. ယုံကြည် ကိုးကွယ်တဲ့ ဘာသာ တူချင်ပါတယ် .. (စဉ်းစားလေ စဉ်းစားလေ လိုချင်တဲ့အချက်တွေက ပိုများလေ .. အိမ်ထောင်ကျဖို့လည်း ပိုဝေးလေ ဖြစ်ပါတော့မယ် .. :D အပျိုကြီး ဖြစ်သွားရင် မမ၀ါကြောင့်ပဲ :P)

မိုးခါးက သိပ်ဇီဇာကြောင်တယ် .. ငယ်ငယ်က ပိုဆိုးသေးတယ် .. ကော်ဖီဆို ကိုယ့်ခွက်နဲ့ ကိုယ်မှ သောက်တာမျိုး .. ကိုယ့်ပစ္စည်းကို သူတပါး သုံးရင် မကြိုက်တာမျိုး အစုံပါပဲ .. အရမ်းကို ဇီဇာကြောင်ပါတယ် .. ခုလည်း ဇီဇာကြောင်ကြောင်နဲ့ပဲ လိုချင်တဲ့ပုံစံကို ရေးလိုက်ပါတယ် .. ရှိတော့ ရှိမယ် ရှားမယ် .. :D ကိုယ်နဲ့လည်း တွေ့ဦးမှကိုး ..

ကံတရားကို ကြိုမမြင်နိုင်လို့ ကိုယ်လုပ်သင့်တာကို လုပ်နိုင်တဲ့ အချိန်မှာ အကောင်းဆုံးဖြစ်အောင် လုပ်သွားရုံပါပဲ .. နောင်တ ကင်းကင်းနဲ့ ရှင်သန်သွားချင်တယ် .. အများကြီး မတန်တဆ မမျှော်လင့်သလို ဖြစ်သင့်တာလေးတော့ ဖြစ်အောင် ကြိုးစားသွားရ မှာပါပဲ ..

လူတိုင်းက ကံကောင်းခြင်းကိုပဲ လိုလားတတ်ကြပါတယ် .. ကံကောင်းအောင် ကိုယ်တိုင် ကောင်းနေနိုင်ဖို့ ကြိုးစားပါဦးမယ် .. မျှော်လင့်ခြင်းတွေ တသီတတန်းနဲ့ ရှေ့လာမယ့် ခရီးကို လျှောက်ပါဦးမယ် .. ခွဲခွာခြင်း မှတ်တိုင်နဲ့ ဆုံတွေ့ခြင်း မှတ်တိုင်ပေါင်း များစွာကိုလည်း ဖြတ်သန်းပါဦးမယ် .. ခရီးဆုံးတဲ့အထိ လက်တွဲ လိုက်ပါနိုင်မယ့် အဖော်မွန်ကောင်းတဦးနဲ့တော့ ဆုံတွေ့ချင်ပါတယ် .. (ခု လောလောဆယ်မှာတော့ ရာခိုင်နှုန်းကတော့ ၅၀% ပါပဲ) ကိုယ်တိုင်လည်း အကောင်းဆုံး ဖြစ်ဖို့ ကြိုးစားပါမယ် ..

မမ၀ါအတွက် ညီမစိတ်ကူးလေးတွေကို ချရေးလိုက်ပါတယ် .. မမ၀ါလို ပျော်ရွှင် အောင်မြင်တဲ့ မိသားစုလေး ပိုင်ဆိုင်နိုင်ရင်တော့ ကောင်းမှာပဲ ..း)) မမ၀ါလည်း ဘ၀ တလျှောက်လုံး ဒီမိသားစုလေးနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားနိုင်ပါစေ .. ပျော်ရွှင်မယ်လို့လည်း ယုံကြည်ပါတယ် ..း))

Saturday, January 9, 2010

စိတ်အခြေအနေ

တခါတလေ စကားတချို့က
ပုံမှန်ပေမယ့် ခါးတယ်

မမျှော်လင့်မိအောင် နေပါတယ်
တချက်တချက်ကျ နောက်ကြောင်းပြန်ငဲ့ကြည့်မိတယ်
နှမြောမိတယ်လား

မာနက သတိပေး
ခြေလှမ်းတွေ နောက်မဆုတ်နဲ့တဲ့

လွန်ဆွဲဆဲ ဒွိဟစိတ်တွေ
ဖြစ်သင့်ခြင်း မဖြစ်သင့်ခြင်းတွေကြား
ငါ တကယ်တမ်းတော့
မားမား မတ်မတ် မရပ်နိုင်ခဲ့

မကြည်လင်တဲ့ စိတ်ဓါတ်တွေ ဆေးချဖို့
ရေတွေကိုယ်တိုင်က နောက်လို့

မတတ်နိုင်ဘူးလေ
ရွေးချယ်ခွင့်မှ မရှိခဲ့ပဲ

အချိန်တခုက ငါ့ကို လှောင်တယ်
နင် ဘာကို စောင့်နေတာလဲ တဲ့

မလိုအပ်တာတွေ ကိုယ်တိုင်သိရဲ့နဲ့
ကိုယ်တိုင် ကိုယ်ကျ မိုက်မဲဆဲ

ကဲ ဒီလိုနဲ့ အချိန်တွေ ကုန်တယ်

အိမ်ရှေ့တခါးကိုထွက်
တံခါးမှာ ဆိုင်းဘုတ် တခု တင်လိုက်တယ်
"ဒီကနေ့ စိတ်အခြေအနေ မကောင်းပါ"

Thursday, January 7, 2010

ကောက်ကြောင်း

ဝေးလွင့်သွားတဲ့ ခြေရာတွေပေါ်
ငါ ကောက်ကြောင်း လိုက်ကြည့်တယ်
မညီမညာ
တချို့တလေလည်း ညီညီညာညာ

မညှိခဲ့တာလား

စတည်းက စည်းချက်မညီခဲ့တာလေ

စည်း ၀ါး မကိုက်ခဲ့ဘူး
နားမလည်သလို
မကြိုးစားမိဘူး

နားမလည်တဲ့
ပုစ္ဆာဆန်ဆန် စကားတခွန်းကို
အဖြေထုတ်ဖို့
စိတ်မ၀င်စားခဲ့တာလား

အဆုံးသတ်တတ်ဖို့
နှုတ်ဆက်စကား ပြောတတ်ဖို့ လိုမယ်

နောက်ဆုံးမှာ ပုဒ်မချ
စာပိုဒ်ကို အဆုံးးသတ်လိုက်ရုံပါ

သိပ်မခဲယဉ်းဘူး
မျဉ်းလေး သေသေ သပ်သပ် ပိတ်တတ်ဖို့သာ

နှုတ်ဆက်ချိန်မှာ
တယောက်မျက်နှာ တယောက် မမြင် မကြည့်ကြေး

အရာရာဟာ တစတစ
ဝေးကွာခြင်းကို ဦးတည်
ပျောက်ကွယ်ခြင်းနဲ့ အဆုံးသတ်
မရှိခြင်းသာ အရှိဖြစ်ခဲ့တယ်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...