Sunday, July 18, 2010

ည မြင်ကွင်းတခုနောက်က အတွေး

ကားပေါ်တက်လာသည်နှင့် နေရာလွတ်တွေ အများကြီး ရှိနေသေးသော ကားပေါ်မှာမှ ကျမဘေးနားသို့ တန်းတန်းမတ်မတ် လျှောက်လာကာ ဘေးနားလာထိုင်ရင်း သစ်သီးကို တဂျွတ်ဂျွတ်နှင့် ၀ါးနေသော အဖွားအိုကို မျက်လုံးဒေါင့်မှ ကြည့်ရင်း အတွေးတွေ နယ်ချဲ့နေမိသည် ..

ဒီက ကားတွေပေါ် ရထားတွေပေါ်မှာ အစားစားခွင့် ရေသောက်ခွင့် မရှိ .. သို့ပေမယ့် တခါတရံ ပုန်းပုန်းဝှက်ဝှက် ပေါ်ပေါ်တင်တင် စားသောက်နေသူများကိုလည်း မြင်တွေ့ရလေ့ရှိသည် .. ကျမဘေးနားက အန်တီကြီးကတော့ သူပုံမှန်စားနေသလိုပဲ သစ်သီးကို တဂွက်ဂွက် ၀ါးစားနေသည် ..

စစချင်းကတော့ နေရာလွတ်တွေ အများကြီးရှိနေပါရက်နဲ့ ကျမဘေးနားလာထိုင်သဖြင့် စိတ်ထဲ အင်တင်တင် ဖြစ်သွားမိသည် .. ကျမက ကိုယ့်အတွေးနဲ့ ကိုယ်ကိုး .. ဒီကြားထဲ အိတ်ထဲနှိုက်ရင်း ကျမကို တိုးလားထိုးလားဖြစ်တော့ စိတ်ထဲ သိပ်မကြည်ချင်တော့ .. မျက်လုံးထောင့်က မြင်ရတာတော့ ဆံပင်တွေ တခေါင်းလုံးဖြူဖွေးနေလျက် အဖွားအိုတဦး .. ကျမ စိတ်မှန်း အသက်အားဖြင့် ၅၀ ၆၀ ပေါ့ .. အိတ်ထဲမှ သစ်သီးတလုံးထုတ်ပြီး တဂျွတ်ဂျွတ် အသံမြည်အောင်ပါ စားလာတော့ ကျမစိတ်ထဲ အနှောင့်ယှက်ဖြစ်မိတာ ၀န်ခံရမည် .. ဒါပေမယ့် မတတ်နိုင် ကိုယ်က ဒေါင့်ရောက်နေသည်ကိုး ..

ကျမက ဇီဇာကြောင်တယ် .. တယောက်ယောက်က နင် သိပ်ဇီဇာကြောင်တယ် ပြောလာရင် ကျမ နာလေ့မရှိ .. လက်ခံမိသည် .. အဟုတ်ပင် ကျမ ဇီဇာ တော်တော် ကြောင်ပါသည် ..

ဒီက တချို့တရုတ်တွေ စကားပြောလျှင် သွားကြားမှ တံတွေးတွေ ထွက်လာတော့မတတ် ပြောလေ့ရှိသူမျိုးနှင့် စကားပြောရလျှင် ကျမ စိတ်အနှောင့်အယှက် ဖြစ်သည် .. ကျမ ခေါင်းပေါ်မှ ကျော်၍ စကားပြောလျှင် ခေါင်းကို တံတွေးတွေ စင်မလားဟူသောအတွေးဖြင့် စိတ်အနှောင့်ယှက် ဖြစ်တတ်သည် .. ထမင်းစားရင်း စကားတွေ အများကြီး ပြောလာပါက ထိုသူရဲ့ တံတွေးတွေ ဟင်းခွက်တွေထဲ ၀င်မလားအတွေးနဲ့ စိတ်အနှောင့်ယှက် ဖြစ်တတ်ပြန်သည် .. ထိုအရာများသည် ကျမရဲ့ ဇီဇာကြောင်ခြင်း အစိတ်အပိုင်းမျှသာ ..

ဘေးနားက အန်တီကြီး တဂျွတ်ဂျွတ် ပလပ်ပလပ်နှင့် စားနေသည်မှာလည်း ကျမ စိတ်အနှောင့်ယှက် ဖြစ်လာသည် .. တဖြည်းဖြည်းနဲ့ သစ်သီးတလုံးလုံးကို ပတ်ချာလည်ကိုက်ရင်း ၀ါးစားနေသောအန်တီကြီးကို မှန်ထဲမှ မြင်ရင်း ကြည့်ရင်း ကျမ စိတ်တွေ တမျိုးပြောင်းလာခဲ့သည် .. တွေးစရာတွေ ဖြစ်လာခဲ့သည် .. တဖြည်းဖြည်း စားနေသော အန်တီကြီးကို ကြည့်နေရင်း သနားစိတ် ဖြစ်လာခဲ့သည် ..

လမ်းပေါ်တွင် ညဘက် ၁၁နာရီ ကျော် အထိ ဒီ အန်တီကြီး အစားမစားရသေးတာလား .. တော်တော် ဆာနေလို့များ သူစားနေတာလား .. သူ့မှာ စားစရာ ဒါပဲရှိတာလား .. ဒီသစ်သီးက သူ့ရဲ့ ညစာများ ဖြစ်နေမလား .. စိတ်ထဲက သစ်သီးစားချင်လို့ စားနေတာဖြစ်ပါစေ ဆုတောင်းမိသည် .. ဆာလောင်နေလွန်းသော သူတယောက်အတွက် ထိုသစ်သီးတလုံးသည် ဘယ်အတိုင်း အတာထိ ဆာလောင်မှုကို ပြေပျောက်စေနိုင်မလဲ ..

ထို အန်တီကြီးသည် ခုချိန်ထိ လမ်းပေါ်မှာ ဘာလို့ ရောက်နေတာလဲ .. အလုပ်ကများ ပြန်လာတာလား .. ဘာအလုပ်လုပ်တဲ့သူဖြစ်မလဲ .. သူ အခု အစာစားနေသော လက်တွေက သန့်ရှင်းပါ့မလား .. သစ်သီးကရော ..

ထို အန်တီကြီးသည် ငယ်ရွယ်စဉ်က ကိုယ်ပိုင်ကား ကိုယ်တိုင်မောင်းရင်း အလုပ်တွေ တက်ချင် တက်ဘူးမည် .. သန့်ရှင်း သန့်ပြန့်စွာနှင့် လုပ်ငန်းခွင် ၀င်ချင် ၀င်ဘူးမည် .. အရာအားလုံ ပြည့်စုံကုံလုံနေသူ တဦးလည်း ဖြစ်ချင် ဖြစ်ဘူးမည် .. လူတကာကို မောက်မောက်မာမာ ပြောဘူးသူလည်း ဖြစ်ချင်ဖြစ်မည် .. ကျမလိုပဲ ဇီဇာကြောင်သူ တယောက်လည်း ဖြစ်ချင် ဖြစ်ဘူးမည် .. ဒါပေမယ့် ခု လက်ရှိ အချိန်မှာတော့ ည ၁၁ နာရီထိ လမ်းမပေါ် ရောက်နေသူ တဦး .. ဘတ်စ်ကားပေါ်မှာ သူမရဲ့ ညစာ ဖြစ်ချင် ဖြစ်မည့် သစ်သီးတလုံးကို မက်မက်မောမော ၀ါးစားနေသူ တဦး ဖြစ်နေခဲ့သည် ..

ကျမရော ဒီအသက်အရွယ်လောက် ရောက်သွားခဲ့တဲ့ အချိန်မှာ ဘယ်လို အခြေအနေမျိုးနဲ့များ ရှိနေမှာပါလိမ့် ..

ညစ်ပတ်ပေရေနေသော လူတဦးကို မြင်လိုက်လျှင် ထိုလူရဲ့ ဆိုးဝါးတဲ့ ကိုယ်နံ့ကို ရလိုက်လျှင် ကျမနှာခေါင်းရှုံ့မိသည်ဟု ၀န်ခံရဦးမည် .. ဒါပေမယ့် နောက်ပိုင်းမှာတော့ အတွေးတွေ ကပ်ပါလာပြန်သည် .. သနားစိတ်ဝင်လာသည် .. နှာခေါင်းရှုံ့မိခြင်းကို အားနာ ရှက်ရွံ့မိသည် ..

သူသည် ညစ်ပတ်ချင်လို့ ညစ်ပတ်နေသည်တော့ မဖြစ်နိုင် .. ဘယ်လိုအလုပ်တွေ လုပ်လို့ ညစ်ပတ်ပေရေနေပါသလဲ .. ကျမတို့ မသိနိုင် .. မညစ်ပတ် မနံစော်ချင်ပေမယ့် လုပ်ငန်းသဘောအရ ထိုသူ ညစ်ပတ်သည် .. သူ့ကိုယ်က ထွက်တဲ့ အနံ့ကြောင့်လဲ အများသူငှာ စီးတဲ့ ရထား ကားပေါ်မှာ သူ့ကိုယ်သူ သိမ်ငယ်စိတ် ရှက်ရွံ့စိတ် ဖြစ်မည် .. ဒါပေမယ့် သူသွားလိုသောခရီး ရောက်နိုင်ရန် သူသွားမှ ဖြစ်မည် .. ထို့ကြောင့်လဲ အများသူငှာ ငြိုငြင်မည် သိသော်လည်း ဒီခရီးကို ရှောင်ရှား၍ မရနိုင် အငြိုငြင်ခံပြီး သွားရမည်သာ ..

ညမိုးချုပ် ၁၀ နာရီ ၁၁ နာရီ ကျမတို့ လည်ပတ် ပျော်ပါးပြီး ပြန်တဲ့အချိန်မှာ အလုပ်ခွင်က ပင်ပင်ပန်းပန်း ပြန်ရသူတွေ ရှိသည် .. ထိုသူများ၏ မျက်နှာကို မြင်ပါက ကျမစိတ်တို့ လန်းဆန်းမှုတွေ လျော့ပါးကုန်တတ်သည် .. လူသားအားလုံးဟာ ကိုယ့်ရဲ့ ပြုခဲ့တဲ့ ကံအကြောင်းတရားတွေကြောင့် အကျိုးတရားတွေ လက်တွေ့ခံစားနေကြရသည် .. လောကကြီးက တရားပါသည်လေ ..

ဝန်ခံချက် - ကျမက ကိုယ့်ကိုကိုယ် ညှာလွန်းသည် .. သနားတတ်လွန်းသည် .. အိပ်ရေးလေး မ၀ရင်တောင် အသက်ထွက်တော့မတတ် ဖြစ်လေ့ရှိသည် .. ဒါပေမယ့် ပြင်ပလောကကြီးမှာ ကိုယ့်ထက် ပင်ပန်းဆင်းရဲလွန်းစွာ လုပ်ကိုင်စားသောက်နေရသူတွေကို မြင်မိချိန်မှာတော့ ကိုယ့်ကိုကိုယ် ရှက်မိသည် .. ဒါပေမယ့် ဒုံရင်းကတော့ ဖြစ်မြဲ .. ပြင်ရမည်ဆိုသည်ကို သိသည် .. မပြင်နိုင်သေး .. ကြိုးစားရဦးမည် ..

Wednesday, July 7, 2010

ကျမနှင့် အလုပ် (၁)

တချို့လူတွေ ရေးသလို ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ရေးချင်တော့ ဘယ်က စရေးရမလဲ အရင် စဉ်းစားရပါတယ် .. ဘာလို့ဆိုတော့ နမူနာ ပြစရာ လောက်လောက်လားလား အတွေ့အကြုံဆိုလို့ ဘာမှမှ မရှိတာ .. အချိန်တန်လို့ အလုပ်တွေ လုပ်ဖြစ်ခဲ့တာပဲ ရှိတော့ ကိုယ်က ဆရာလုပ်ပြီး အငယ်တွေအပေါ်ကို ငါ့တုန်းက ဘယ်လိုလုပ်ခဲ့တာ ဘယ်လိုနမူနာယူရမယ်လို့ ပြောမရ ဖြစ်နေတယ်လေ .. :P

စကားလုံး ကြီးကြီးတွေနဲ့ ဆရာကလည်း သိပ်လုပ်ချင်ပါတယ် .. အမ၀မ်းကွဲတွေကဆို "မီးငယ် နင်က အကြီးလား ငါက အကြီးလား"လို့ အမြဲတမ်းမေးခံရပါတယ် .. :D

အစ်မတယောက်ဆို "မီးငယ် ငါ ၁၀တန်း တက်မှ နင်လူဖြစ်တာနော်" လို့ ပြောလေ့ရှိတယ် .. ဒါလည်း ပြောပြောပါပဲ .. ကိုယ်တိုင်ကတော့ စကားလုံးကြီးကြီးတွေ သုံးရင်း ဆရာလုပ်မြဲပါပဲ .. :D (၀ါသနာကိုး :P)

ခုလည်း အရင်က အကြောင်းတွေကို သတိတရနဲ့ ပို့စ်တပုဒ် ရေးချင်လာပြန်ပါပြီ .. မလန့်သွားပါနဲ့ဦး .. ဆရာလုပ်မှာ မဟုတ်ပါဘူး .. :P

မိုးခါး အသက် ၁၆ နှစ်မှာ တက္ကသိုလ် ပထမနှစ် စတက်ပြီပေါ့ .. အဝေးသင်ဆိုတော့ သိတဲ့အတိုင်း ကျောင်းလေး အနီးကပ် ၁၀ ရက်သွားတက် ကျန်တာက အိမ်မှာ ပျင်းပျင်းရှိ စာအုပ်ဖတ် အခွေကြည့် သူငယ်ချင်းတွေနဲ့ အလေလိုက် ဒါတွေနဲ့ပဲ အချိန်ကုန်နေတဲ့ အချိန်ပေါ့ .. ပထမနှစ်ပြီးတော့ ဒုတိယနှစ် တက်ခါနီးမှာ အဒေါ် အပျိုကြီးက သူ့ရုံးမှာ နေ့စားအနေနဲ့ အလုပ်ဝင်ခိုင်းပါတယ် .. တူမလုပ်တဲ့လူ အလေလိုက်နေတာ ကြည့်မရဘူးထင်ပါတယ် .. :P ဒီလိုနဲ့ ၁၈နှစ်ထဲမှာ ရုံးအလုပ် စလုပ်ဖြစ်ခဲ့ပါတယ် ..

ရန်ကင်းက မြန်မာ့ဂုန်လျှော်(ရုံးချုပ်)မှာ နေ့စားပေါ့ .. ငယ်တုန်းကတော့ ဘာပဲ လုပ်လုပ် ပျော်စရာတော့ ကောင်းနေတာပါပဲ .. အပူအပင်မရှိပေမယ့် တာဝန်ဆိုတာကိုတော့ အနည်းငယ် နားလည်ခဲ့တဲ့နေရာပါ .. ဒါပေမယ့် ပျော်နေတာပါပဲ ..

အဲဒီအချိန် နေ့စားဆိုတာ တရက်ကို ၁၀၀ ရတဲ့ အချိန်ပေါ့ .. မိုးခါး လခထုတ်ရင် ၁၈၀၀ ၂၀၀၀ (စလုံးမဟုတ်ပါ .. မြန်မာကျပ် :P) ရပါတယ် .. အဲဒီလခကလဲ ကိုယ့်ဟာကိုယ် လ္ဘက်ရည်ဆိုင်သွား ဟိုဟာဝယ်ဒီဟာဝယ်နဲ့ လောက်ကို မလောက်ပါဘူး .. အဒေါ်ကလည်း စိတ်မလေအောင်ဆိုပြီးပဲ အလုပ်ထဲသွင်းပေးခဲ့တာပါ .. တကယ်လဲ အဲဒီအချိန်က ပျော်ဖို့လည်း ကောင်းသလို လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးပါ တတ်ခဲ့တဲ့ နေရာပါ ..

တချို့ကတော့ ပြောတယ် .. အချိန်ကုန်တယ် .. ပိုက်ဆံမရဘူးပေါ့ ဆိုပြီးတော့ .. ဒါပေမယ့် ခုချိန် ပြန်စဉ်းစားကြည့်တော့ အကျိုးတော့ ရှိခဲ့ပါတယ် .. စိတ်လေမယ့် အချိန် မရှိလိုက်ဘူး .. အလုပ်တခုရှိနေတယ် .. အချိန်တန်ရင် အလုပ်တက်ရတယ် .. ပြီးတော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်သွားတယ် .. လူကြီး လူငယ် ရာထူး အကြီးအငယ် အစုံပေါ့ ..

နေရာတိုင်းမှာ လူစုံတွေ့နိုင်ပါတယ် .. ပိုက်ဆံမရှိတဲ့ အသိုင်းအ၀ိုင်းမို့ အသိဥာဏ် စိတ်ဓါတ် ဆင်းရဲနိမ့်ကျမယ်လို့ ထင်ရင် မှားပါမယ် .. ဒီလိုပဲ ပိုက်ဆံချမ်းသာတဲ့ လူတွေချည်းရှိလို့ ဒီအသိုင်းအ၀ိုင်းဟာ အသိဥာဏ် စိတ်ဓါတ် အဆင့်အတန်းမြင့်မယ်လို့ ပြောလို့မရပြန်ပါဘူး .. နေရာတိုင်းမှာ အုတ်ရောရော ကျောက်ရောရောတွေ အများကြီးပါ .. အဓိက က ကိုယ်ပေါင်းသင်းရမယ့်သူရဲ့ အကျင့်နဲ့ စိတ်ဓါတ်ကို အရင်သိထားသင့်ပြီး ကိုယ်က အလိုက်အထိုက်ပေါင်းသင်းတတ်မှသာ ရန်မများမှာ ဖြစ်တယ်လို့ အဲဒီရုံးက သင်ကြားပေးလိုက်ပါတယ် ..

မိုးခါးအကျင့်ကလဲ လူတယောက်နဲ့ တွေ့ပြီဆိုရင် ကိုယ့်စိတ်ထဲက ခံစားရသလို ဆက်ဆံမိလိုက်တာ များပါတယ် .. များသောအားဖြင့်ကတော့ စိတ်ရှင်းရှင်းနဲ့ ပြောဆိုဆက်ဆံနိုင်ပေမယ့် တချို့တလေကျတော့ ဘယ်လိုမှ စိတ်ထဲ မနှစ်မြို့တာမျိုးလည်း ဖြစ်တတ်ပါတယ် .. အလုပ်မ၀င်ခင်ကဆို ကိုယ် အော်ချင် အော်လိုက်တာမျိုး မကြည်တာကို မကြည်သလို တုန့်ပြန်တာမျိုးလုပ်မိတတ်ပါတယ် .. အလုပ်ဝင်ပြီးနောက်ပိုင်း ကင်းသွားတာမျိုးမဟုတ်ပေမယ့် နည်းတော့ နည်းသွားပါတယ် .. တဖြည်းဖြည်း ထိန်းချုပ်နိုင်လာတယ် .. လူတိုင်းဟာ ကိုယ့်စိတ်အတိုင်း ဆက်ဆံလို့မရကြောင်း ဟန်ဆောင်သင့်တဲ့နေရာ ဟန်ဆောင်သင့်ကြောင်း နားလည်လာခဲ့ပါတယ် ..

အစိုးရ ရုံးဆိုတာလဲ သိကြတဲ့အတိုင်း အလုပ်က တော်တော်ပါးပါတယ် .. စစချင်း ကိုယ့်အထက် လူကြီးက အန်တီကြီးပါ .. အရမ်းအေးပြီး သဘောလည်းကောင်းပါတယ် .. (သဘောမကောင်းတဲ့ ပြောရရင် စိတ်ပုပ်တယ် ပြောလို့ရတဲ့ အန်တီတွေလည်း တွေ့ရပါတယ် .. ဒါပေမယ့် ကိုယ်နဲ့ တိုက်ရိုက် မဆက်ဆံရတော့ မပြောတော့ပါဘူး .. :D) အဲဒီရုံးမှာ ဘယ်လိုအလုပ်မျိုး လုပ်ရလဲဆိုတော့ ၀န်ထမ်းတွေကို ဆန်ပေးတယ် ဆီပေးတယ်ဆို စာရင်းမှတ်ရတာမျိုး .. အန်တီခိုင်းတဲ့ စာရင်းလေး နဲနဲပါးပါးလုပ်ပြီး များသောအားဖြင့် အပေါ်ထပ် အောက်ထပ် လျှောက်လည် လျှောက်သွားပြီး လျှောက်စားနေတာပေါ့ .. ငယ်လည်းအငယ်ဆုံးဆိုတော့ ပစားပေးခံရသေးတယ် .. မန်နေဂျာ တူမဆိုပြီးလည်း ကိုယ့်ရှေ့ဆို အကောင်းချည်းပေါ့ .. နောက်ကွယ်မှ အတင်းပြောတာ တပိုင်း .. :D အဲဒီ မိုးခါးရဲ့ အထက်လူကြီး အန်တီက ဘယ်လောက်အေးလဲဆို ဘယ်သူ့ကို မဆို ခိုင်းတာတောင် ချော့ပြီးခိုင်းတတ်တဲ့သူမျိုးပါ .. မိုးခါး အမေအတိုင်းပဲ .. သမီးလေး ဒါလေးလုပ်ပေးနော် ဆိုပြီးတော့ပေါ့ .. ပြီးကျတော့ ဘာကြောင့် ကိုယ့်မှ ခိုင်းရတယ်ဆိုတာမျိုး ပါသေးတယ် .. တကယ်ဆို အထက်လူကြီးပဲ ဒါလုပ်ဆို ရပေမယ့် အဲဒီအန်တီက အဲလိုမဟုတ်ခဲ့ဘူး .. တသက်နဲ့တကိုယ် အထက်လူကြီးဆိုးလို့ဆိုပြီး စိတ်ညစ်ရတာ မရှိဘူးဘူး .. အဲဒီအလုပ်ကတော့ အဒေါ်ရဲ့ ကျေးဇူးပါ .. အဲဒီအက်ဒမင်ဌာနမှာ နှစ်ဝက်လောက် ဆန်ပေးလိုက် ဆားပေးလိုက် ဆီပေးလိုက် ပြီး ရောင်းစားလိုက် ပြီးတော့ တဖက်က အဝေးသင် ကျူရှင်ပြေးတက်လိုက်နဲ့ အချိန်တွေ ကုန်ခဲ့ပါတယ် .. လူတွေအကြောင်းလည်း သိတန်သလောက် သိပြီးတော့ပေါ့ ..း))

နောက်တော့ အဒေါ်ကျေးဇူးနဲ့ပဲ ကွန်ပျူတာ တတ်လား တတ်ရင် ကွန်ပျူတာခန်းပို့မယ်ဆိုပြီး ကွန်ပျူတာခန်း ရောက်ပြန်ပါတယ် .. ဖေကြီးပြောဘူးသလို အသိပညာ အတတ်ပညာတခုကို ကိုယ်သိတယ် တတ်တယ်ဆိုတာ ဘယ်တော့မှ အလကား မဖြစ်ဘူးတဲ့ .. တချိန်ချိန်မှာ သက်ဆိုင်တဲ့အလုပ်တခုနဲ့ မတွေ့ရ မကြုံရ မလုပ်ရဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးတဲ့ .. ဒီတော့ ကိုယ် ဘာရနိုင်လဲ ကိုယ်ရနိုင်သလောက်ကို ယူထားရမယ်တဲ့ .. ခုလည်း ကွန်ပျူတာသင်တန်းလေးတက်ထားတဲ့ ကျေးဇူး အစ်မတွေ ဆိုင်မှာ သွားရင်း ရှုပ်ရင်း မြန်မာစာလည်း ရိုက်တတ် ရိုက်ဖူးတဲ့ ကျေးဇူးကြောင့် ပိုပြီး သက်သာတဲ့ အလုပ်မျိုး နေရာမျိုး ထပ်ရောက်ခဲ့တယ်လို့ ဆိုနိုင်မယ် ထင်ပါတယ် ..

ဘယ်လိုနေရာ ရောက်ရောက် ပြဿနာဆိုတာ ရှာရင် တွေ့တာပါပဲ .. ကိုယ် မရှာလည်း ကိုယ့်ကို လာရှာပြန်ပါတယ် .. ဒါပေမယ့် ကိုယ့်အတွက် ဒါက ပြဿနာမဟုတ်ပါလားလို့ လက်ခံလိုက်ရင် ကိုယ့်ဘက်မှာ ပြဿနာ မရှိတော့ပါဘူး ..

မိုးခါးမျက်စိရှေ့က ရုံးအလုပ်မှာ လူတွေက စကားတွေရှုပ်ကြတယ် .. အမျိုးသမီးတွေ များတဲ့အတွက် ပြီးတော့ နောက်တခုက အလုပ်တွေ များမနေတဲ့အတွက် စကားတွေပိုပြောကြပြီး စကားတွေ ရှုပ်ကြတယ် .. ပြဿနာတွေရော အစုံပေါ့ .. တချို့က ငွေရေးကြေးရေး တချို့က လူမှုရေး စီးပွားရေး လူငယ်တွေကျတော့ အချစ်ရေးပေါ့ .. တော်တော်စုံပါတယ် .. ပြဿနာကို လက်ခံထားတဲ့လူတွေ အတွက်တော့ ပြသနာတွေ ပုံလို့ပေါ့ .. အရေးမပါတာတွေလည်း ပြဿနာတွေ တက်လို့ .. ချိတ် ချိတ်ချင်း ဆိုတော့လည်း ချိတ်ကြပြန်ရော ..

နေရာတိုင်းမှာ လူဆိုး လူကောင်း တွဲနေပါတယ် .. တချို့ မသိမသာ တချို့ သိသိသာသာ .. သူ ဘယ်လိုလူဖြစ်နေ ဖြစ်နေ ကိုယ်နဲ့ အဆင်ပြေနေဖို့က ကိုယ့်အလုပ်ပါ .. ဒါကြောင့် ကိုယ့်အလုပ် ကိုယ်လုပ်တတ်ရမယ်ဆိုတဲ့ အသိလည်း ရလာပြန်ပါတယ် .. အားလုံးနဲ့ သဟဇာတဖြစ်အောင် နေဖို့ ကြိုးစားရင်းနဲ့ တခါတလေလည်း စိတ်တို ဒေါသထွက် ပြီးကျတော့ ဘာမှမဟုတ်ပါလားဆိုတဲ့ အသိဝင်လာဖို့ ကြိုးစားရပြန်ပါတယ် ..

လူတိုင်း အရာအားလုံး ပြည့်စုံ ဖူလုံနေဖို့ ခက်ခဲပါတယ် .. ဒါပေမယ့် လူတွေကြားထဲမှာ နေတတ်အောင် သင်ပေးလိုက်တာက ရှေ့က နေပြတဲ့ အဒေါ်ပါ .. အဒေါ်က အပျိုကြီးဆိုပေမယ့် ဇီဇာကြောင်ကြောင်နဲ့ လက်ပေါက်ကတ်တဲ့ အဒေါ်မျိုး မဟုတ်ခဲ့ဘူး .. စံပြအနေနဲ့ မိုးခါးရှေ့မှာ ရှိနေခဲ့တယ် .. ဒါကြောင့်လည်း ရုံးအလုပ်နဲ့ပတ်သက်တဲ့ ၀န်းကျင်မှာ နေတတ်လာရင်း လူတွေကိုလည်း မြင်တတ်လာသလို ပြဿနာကိုလည်း ရှောင်တတ်လာခဲ့ပါတယ် .. အဲဒီအတွက် မိုးခါး အဒေါ်ကို အရမ်းကျေးဇူးတင်မိပါတယ် ..

အတွေ့အကြုံဆိုပြီး ပြောပြချင်နေတော့ နောက်ဆက်တွဲ အလုပ်တွေကိုလည်း မျက်စိနောက်အောင် ဖတ်ရပါဦးမယ်လို့ ကြိုတင် အသိပေးရင်း .. ခုလို မရှိမယ့် ရှိမယ့် အတွေ့အကြုံလေးကို သည်းခံဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..း))

Thursday, June 24, 2010

ဒီရက်

မိန်းမပျိုလေး တယောက်အတွက်
ရင်ခုန်ခြင်းတွေ အစပြုခဲ့တာ
ဒီရက်

နှလုံးသွေးတွေ
ညင်သာစွာ စီဆင်းတဲ့ရက်
ဒီရက်

စိတ် အေးချမ်းမှု အလင်းကို
ရှာတွေ့ခဲ့တဲ့ ရက်
ဒီရက်

ဘ၀အတွက် ပါရမီဖြည့်ဖက်
တွေ့ဆုံခဲ့တဲ့ ရက်
ဒီရက်

မိန်းမပျိုလေး အပြုံးဟာ
ကိုယ့်အတွက် နံနက်ခင်းသစ်
မိန်းမပျိုလေး အပြုံး တခက်အတွက်
ကိုယ့်နှလုံးသား စုံးစုံးမြုပ်ခဲ့တယ်

ဒီနေ့တော့
ကိုယ့်နှလုံးသား
ပျော်ပျော်ကြီး အကျဉ်းကျခဲ့တာ
ရက်ပေါင်း
တထောင် ရှစ်ရာ နှစ်ဆယ့် ငါး ရက်

ဒီနေ့က ချစ်တရေး(မိုးခါးအခေါ်) မေလေးနဲ့ ကိုကိုရဲ့ အမှတ်တရ တရက်မို့လို့ ဒီကဗျာလေးကို လက်ဆောင်ပေးချင်ပါတယ် ..
မေလေးနဲ့ ကိုကို အသက်ထက်ဆုံး ချစ်ခင်ကြင်နာစွာ လက်တွဲသွားနိုင်ပါစေ ..

Tuesday, June 15, 2010

သံလျင်မြို့

ငယ်တုန်းတည်းက ရင်းနှီးခဲ့ရတဲ့မြို့တမြို့ပါပဲ ..

သံလျင်မြို့နဲ့ပတ်သက်ပြီး မှတ်ဥာဏ်တွေကတော့ .. ဗိုလ်ချုပ်ရွာ .. ကျိုက်ခေါက်ဘုရား .. ကျောက်တန်းဘုရား .. အဖွားဒေါ်ခြူ .. ရှင်မွေ့နွန်းနဲ့မင်းနန္ဒာ .. ငမိုးရိပ်ချောင်းနဲ့ တံတား .. စသည်တို့ပါပဲ ..

ဗိုလ်ချုပ်ရွာက ဖေကြီးဘက်က ဖိုးဖိုးကြီးရဲ့ ချက်မြုပ်ပေါ့ .. ကြားဘူးနေတာတော့ ဖိုးဖိုးကြီးက သူကြီးသားဆိုလား သူကြီးမြေးဆိုလားပါပဲ .. အိမ်မှာ ဓါးကြီးတလက်ရှိတယ် .. ဘယ်လိုခေါ်တယ်ဆိုတာတော့ မေ့ပြီ .. ထမင်းစားပွဲရဲ့ အပေါ်နားကျကျမှာ တန်းလန်းဆွဲထားလေရဲ့ .. အဲဒါ အိမ် အဟောင်း ၁ထပ်ခွဲအိမ်လေးတုန်းကပါ .. ခုဆို ဘယ်နားရောက်နေမှန်းတောင် မသိတော့ဘူး .. ဖိုးဖိုးကြီးက ရွာမှာ မနေချင်လို့ စာသင် မြို့တက်ပြီး ရုံးစာရေးဝင်လုပ်ရာက အဖွားနဲ့တွေ့ .. အဖွားက မြို့သူ .. ဒီလိုနဲ့ ကိုယ်တွေပါ ရန်ကုန်မြို့သူဖြစ်ခဲ့တယ်ပေါ့ .. ဒါပေမယ့် သံလျင်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင်လို ၀င်လိုက်ထွက်လိုက်နဲ့ ငယ်တုန်းတည်းက တော်တော်ရင်းနှီးခဲ့ပါတယ် .. ဖေကြီးတို့ ဖိုးဖိုးကြီးတို့ ပြောတဲ့ ဇာတ်လမ်းလေးတွေနဲ့လည်း နားယဉ်နေခဲ့ပါတယ် ..

ငယ်တုန်းက လူကြီးတွေ သွားတိုင်းလိုက် ရောက်တဲ့နေရာ စားသောက်နဲ့ ပျော်ခဲ့တယ် .. အိမ်တွေကို လိုက်နှုတ်ဆက်ရင်း ဘယ်လိုအမျိုးတော်တယ်ပြောတိုင်း အူကြောင်ကြောင် ကြည့်ဘူးတယ် .. တရွာလုံးက လူတွေကို အမျိုးတွေပါလားလို့ မှတ်ထားလိုက်တယ် .. ခုနောက်ပိုင်းလည်း သံလျင် ဗိုလ်ချုပ်ရွာက တရားစခန်းကြောင့် လစဉ်ရောက်ဖြစ်နေသေးတယ် .. ကိုယ်တိုင်မဟုတ်ရင်တောင် အိမ်က လူကြီးတွေ ရောက်တယ်ဆိုတာ ကြားကြားနေတယ် ..

ကျိုက်ခေါက်ဘုရားကတော့ သံလျင်ကို ရောက်တိုင်း မရောက်မဖြစ်လိုကို သဘောပိုက်ပြီး ရောက်ဖြစ်တယ် .. မုခ်ပေါင်းစုံကနေလည်း အတက် အဆင်းလုပ်ဘူးတယ် .. အဲဒီက ဂေါပကတွေကလည်း အမျိုးတွေတဲ့ .. အမျိုးမဟုတ်လည်း တနည်းနည်းနဲ့ ပြောရင်း ဆိုရင်းကနေ သိကုန်ကြပြန်ရော .. ကျိုက်ခေါက်ဘုရားပေါ်ကနေ သံလျင်မြို့ကို ကြည့်ပြီး ဖေကြီးတို့ပြောတဲ့ ဟိုဘက်နားက အဘိုးတွေရဲ့ လယ်တွေ အဲဒီလယ်မှာ နွားက ဘယ်နှစ်ကောင်မွေးတာ ဘာညာဆိုတာလည်း သတိရနေတုန်းပဲ ..

သံလျင်ရောက်တိုင်း ကျောက်တန်းကိုမရောက်ဖြစ်ဘူး .. ကျောက်တန်းသွားကြမယ်ဆို စီစဉ်ပြီးသွားမှ ရောက်ဖြစ်တယ် .. ကျောက်တန်းသွားလို့ မော်တော်စီးရတာ အရမ်းသဘောကျတယ် .. မရောက်ချင်ဘူး သွားတဲ့နေရာကို မော်တော်ပဲ စီးချင်နေတာ .. တခါတလေ မော်တော်မောင်းတဲ့လူက ပတ်သေးတယ် .. တချို့ကျ တန်းမောင်းတော့ ခဏလေးနဲ့ ရောက်ရောက်သွားတယ် .. ကျောက်တန်းရောက်ပြီဆို ဘုရားဖူးတာက ခဏ အပျော်ဆော့နေတာ ပိုများတယ် .. အိမ်နဲ့သွားရင် အမြဲတမ်း အမေနဲ့ အဒေါ်က စားဖို့ သောက်ဖို့ အိုးတွေခွက်တွေနဲ့ ထွက်လေ့ရှိတော့ ရောက်ရင် နေရာရှာ ထမင်းချိုင့်တွေဖွင့်ပြီး စားကြတာပဲ .. ပြီးရင် ပေါက်ပေါက်ဆုတ်ဝယ် ငါးစာကျွေး .. နောက်ထပ် သတိရနေတာ အိမ်သာပဲ .. သိတယ်မလား .. ဒိုးယိုပေါက် .. :P .. ခုတော့ တမျိုးဖြစ်လောက်ပါပြီ .. တခါကလည်း မောင်လေး ကျောင်းနားတုန်း ကျောက်တန်းသွားကြတယ် .. မောင်လေးက ငှက်ဖျားရှိတော့ လေလည်း တအားတိုက်ရော ငှက်ဖျားက ထရော .. ပြန်ပြေးရတော့တာပဲ ..

အဖွားဒေါ်ခြူဆိုတာ အဘွားတော့တော်တယ် ဘယ်လိုဘယ်ပုံစပ်ရတယ်တော့ မသိတော့ဘူး .. ယောဂီဝတ်နဲ့ ဆုံးသွားတာလည်း ကြာပေါ့ .. ဒါပေမယ့် အဖွားဒေါ်ခြူရဲ့ ပုံပန်းသဏ္ဍာန်ကို မြင်နေမိသေးတယ် .. ပိန်ပိန်ပါးပါး အညိုရောင် ယောဂီဝတ်စုံနဲ့ပဲ မြင်ဘူးလိုက်တဲ့ အဖွားပေါ့ .. မျက်နှာမှာ မှဲ့တွေနဲ့ အသက်လည်း အတော်ရှည်ပါတယ် .. လိုအပ်မယ်ထင်တာတွေ ၀ယ်ပြီး ရောက်သွားတိုင်း ရှိတာတွေ ချကျွေးတာ .. ကျမတို့ကတော့ ဇရပ်ရှေ့မှာ ဆော့ကြပေါ့ .. ပြန်ဖို့ ကားပေါ်တက်ပြီး ကားထွက်တာနဲ့ အဖွားတာ့တာလုပ်တဲ့ပုံက ကိုယ်တွေ ပုံမှန်လုပ်သလို လက်ကို ဝှေ့ယမ်းပြတာမဟုတ်ပဲ သွားတော့လို့ လက်ကို ခါပြသလိုဖြစ်ဖြစ်နေတာ .. အဲလိုနှုတ်ဆက်တိုင်းလည်း ကားပေါ်ရောက်နေတဲ့ မိုးခါးတို့ပြောနေကျက ဘယ်ချိန်တည်းက ပြန်စေချင်တယ် မသိဘူးပေါ့ .. သွားတော့ဆိုတာချည်းပဲ အတင်းနှင်နေတာပဲလို့ အချင်းချင်း အတင်းအုပ်တတ်တယ် ..

ရှင်မွေ့နွန်းနဲ့မင်းနန္ဒာ အကြောင်းကတော့ သိပ်နားထောင်လို့ ကောင်းတဲ့ ပုံပြင် ဒဏ္ဍာရီပဲ .. တော်တော်လည်း ကြိုက်တယ် .. အခေါက်ပေါင်းများစွာ ကြားဘူးတယ် .. ပြန်ပြောတိုင်းလည်း နားထောင်တယ် .. သနားတယ်ပေါ့ .. နားထောင်တိုင်း မျက်စိထဲပါ ပုံပေါ်လာသလိုပဲ .. မလက်တို ငမိုးရိပ်ရဲ့ ရန်သူက (မေ့တေ့တေ့ :P) အဲဒီဇာတ်ရဲ့ ဗီလိန်ပေါ့ .. သူ့ကို တော်တော်မုန်းတယ် .. မင်းသားလေးကို တော်တော်သနားတယ် .. မင်းသမီးလေးရောပေါ့ .. ဒါပေမယ့် မင်းသမီးလေးကြောင့် မင်းသားလေး ဘုန်းနိမ့်ပြီး ဒီဇာတ်လမ်းဖြစ်သွားတာဆိုတော့ မင်းသမီးလေးကို သိပ်တော့ မကြည်ဘူး .. သူများခိုင်းတိုင်း လုပ်လို့ .. ဇာတ်လမ်း အဆုံးမှာ မီးခိုးနှစ်ခု ပေါင်းသွားတယ်ဆိုတာကို မျက်စိထဲမြင်ပြီး နဲနဲ ကျေနပ်လိုက်သေးတာ .. သံလျင်မှာ ရှင်မွေ့နွန်းဘုရားဆိုပြီး ရှိတယ် .. တောင်ထိပ်လေးလိုပေါ်မှာ .. ကားနဲ့ဖြတ်သွားရင်းပဲ မြင်ဘူးတယ် .. တခါမှတော့ မရောက်ဘူးဘူး .. ကြားဘူးတာက အတွဲတွေ သွားရင် ကွဲတတ်တယ်တဲ့ ..

ငမိုးရိပ်ကတော့ ဇာတ်ပို့ပေါ့ .. ကြိမ်စင်္ကြာနဲ့ ရိုက်လိုက်တာနဲ့ ပေါ်ပေါ်လာတတ်တဲ့ မိချောင်းကြီး .. သူ့ခံတွင်းထဲ ငုံထားခံရတဲ့ မင်းသားလေး .. မင်းသားလေးနဲ့ မင်းသမီးလေးအတွက် သူက မြှားနတ်မောင် ခေါ်မလားပဲနော် .. ခံတွင်းထဲက ထုတ်လိုက်ပြီး သူ့သခင် မင်းသားလေး အသက် မရှိတော့တာ သိတော့ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်ရှာမလဲပေါ့ .. တွေးတာ တွေးတာ .. :D

အရင်က သာကေတဘက်က တံတားမရှိသေးတော့ ငမိုးရိပ်တံတားကပဲ ဖြတ်ပြီး သံလျင်ကို သွားရတယ် .. တံတားပေါ်က ဖြတ်တိုင်း ရှင်မွေ့နွန်း မင်းနန္ဒာ ဇာတ်လမ်းနဲ့ အတူ ငမိုးရိပ် မိချောင်းကြီးပါ မြင်ယောင် သတိရတယ် .. မင်းသမီးလေးကို သွားတွေ့တိုင်း ဟိုဘက်ကမ်းကနေ ချောင်းကို ဖြတ်ဖို့ ငမိုးရိပ်ကိုစီးပြီး သွားတာပါလားပေါ့ .. စိတ်ကူးနဲ့ မြင်ယောင်ကြည့်မိတယ် .. ခုနောက်ပိုင်းမှာတော့ ငမိုးရိပ်တံတားကို မဖြတ်ဖြစ်တာ ကြာပါပြီ .. သံလျင်သွားတိုင်းလည်း သာကေတ တိုင်းရင်းသားကျေးရွာဘက်မှာရှိတဲ့ တံတားကပဲ ဖြတ်ဖြစ်တော့တယ် ..

အတိတ်တွေကလည်း ဝေေ၀၀ါးဝါး ဖြစ်ကုန်ပြီ .. ပုံရိပ်တွေကလည်း ကောက်ကြောင်းလိုက်ရ ခက်ခက် လာတယ် .. အရာဝတ္တုတွေက အစ လူတွေရဲ့ အကျင့်စရိုက် စာရိတ္တတွေ အဆုံး တဖြည်းဖြည်း ပြောင်းလဲလာလိုက်တာ အရင်က မိတ်ဆက်ပေးလိုက်တာနဲ့ ပြုံးရွှင်ပြီး ပြန်နှုတ်ဆက်တတ်တဲ့ အကျင့်တွေကနေ ခပ်မှန်မှန် ခပ်တန်းတန်းတွေ ဖြစ်ကုန်ပြီ .. သူဘာလဲ ငါဘာလဲ ဆိုသလိုမျိုးတွေ ဖြစ်ကုန်ပြီ .. ပကာသန ဂုဏ်တု ဂုဏ်ပြိုင်ဆိုတာကလည်း မရှိရင်ကောင်းမယ် ဆိုပေမယ့် လက်တွေ့မှာ ရှိကို ရှိနေတဲ့ အရာတွေ ဖြစ်နေပြန်တယ် ..

Monday, June 14, 2010

အတိတ် ပုစ္ဆာ

ဒီနေရာလေးကိုပဲ ကျမ ရောက်လာခဲ့ပြန်ပြီ ..

ဦးတည်ချက် မရှိပဲ သွားလာလိုက်တဲ့ အခါတိုင်း အညို့ခံထားရသူတယောက်လို ဒီနေရာဆီပဲ ရောက်ရောက်လာဖြစ်တယ် .. ဒီနေရာကို ရောက်တိုင်းလည်း ကျမတို့ (အရင်တချိန်ကတော့ ကျမတို့ပေါ့လေ .. ခုတော့ ကျမ တယောက်တည်း ..) အတူထိုင်ဖူးတဲ့ ခုံလေးမှာ ကျမ ထိုင်ဖြစ်တယ် ..

ဟိုးအရင်တည်းက ဖက်ဖူးစိမ်းရောင် ခုံတန်းလေးက ခုလည်း ဖက်ဖူးစိမ်းရောင်လေးနဲ့ သစ်လွင်နေတယ် ..

ဒီနေ့တော့ ထိုင်နေကျ နေရာမဟုတ်တဲ့ ခုံတန်းလေးကို မြင်သာယုံနေရာလေးတနေရာမှာ ကျမ ထိုင်နေလိုက်တယ် .. ဒီ ခုံတန်းလေးမှာ ဘယ်သူတွေများ လာထိုင်လိမ့်ဦးမလဲ .. ချစ်သူနှစ်ဦးလား သူငယ်ချင်းမလေးနှစ်ယောက် ဖြစ်မလား .. အသင့်ပါလာတဲ့ စာအုပ်တအုပ်ကို ဖတ်ရင်း ဘာရယ်မဟုတ်ကျမ စောင့်ဆိုင်းနေလိုက်တယ် ..

ကျမ နားထဲ မိန်းကလေးတယောက်ရဲ့ ငိုသံလား ..

အသံလာရာ ခုံတန်းလေးဆီ လှမ်းကြည့်မိတော့ မိန်းကလေးတယောက်က ငိုနေတယ် .. ဘေးနားက ကောင်လေးကတော့ သုန်သုန် မှုန်မှုန်နဲ့ ထိုင်နေတယ် .. ပုံစံက မိန်းကလေး အငိုတိတ်အောင်တောင် ချော့ဖို့ အင်အားမရှိတော့တဲ့ ပုံစံမျိုး ..

ကောင်လေးက "ကိုယ်လည်း ဘယ်လက်ခံချင်မလဲကွာ .. ဒါပေမယ့် အိမ်က အကုန်စီစဉ်ပြီးမှ ကိုယ် သိလိုက်ရတယ် .. ကိုယ်သိတဲ့အချိန်မှာ အားလုံးက လွန်နေပြီ .."

မိန်းကလေးဆီက ငိုသံက လွဲပြီး ဘာစကားသံမှ ထွက်မလာခဲ့ဘူး .. မိန်းကလေး ဆက်တိုက်ငိုတယ် .. ကောင်လေး ပုခုံးကိုလည်း မမှီဘူး .. တယောက်တည်း တသိမ့်သိမ့် ငိုတယ် .. အားရအောင် ငိုတယ် ..

ခဏကြာတော့ ကောင်လေးက ကောင်မလေး ခေါင်းကို သူ့ပုခုံးပေါ်ဆွဲမှီခိုင်းတယ် .. ဒါပေမယ့် မိန်းကလေး တွန်းဖယ်ခဲ့တယ် .. ပြီးတော့ မိန်းကလေးက မျက်ရည်မှန်သမျှ သူ့လက်ခုံနဲ့ သုတ် သူ့ကိုယ်သူ ပြုပြင်ယူလိုက်ပြီး စကားပြောဖို့ အားယူလိုက်တယ် .. ပြီးတော့ ..

"နင် ငါ့ကို လိမ်တယ် .. ငါတို့ကြားထဲမှာ ဒါတွေ မလိုအပ်ပါဘူး .. နင် သိပ်အထင်ကြီးတဲ့ ဆရာဝန်မမကို လက်ထပ်မယ်လို့ ပွင့်ပွင့် လင်းလင်း ပြောခွင့် ရှိပါတယ် .. ငါ သိနေခဲ့တာ ကြာပြီ .. ဒီအတွက်လည်း ပြင်ဆင်ပြီးသားပါ .. ငါ ခု ငိုတယ်ဆိုတာ ငါတို့ရဲ့ ပတ်သက်မှုအတွက် နောက်ဆုံးမျက်ရည်ပါ .. ငါ မောနေပြီ .. အတွေးတွေနဲ့ မောနေခဲ့တာ ကြာပြီ .. ခုတော့ ငါ သက်ပြင်းချလိုက်နိုင်ပြီ .. ထပ်မျှော်လင့်စရာ မရှိတော့တဲ့ ဇာတ်လမ်းအတွက် ငါ ဆုံးဖြတ်ပြီး အဆုံးလည်း သတ်နိုင်ပါပြီ .. အရင်နေ့တွေကတော့ ငါမောနေခဲ့တယ် .. ကြုံတွေ့လာမယ့် အနာဂတ်အတွက် ကြိုတွေးပြီး ပင်ပန်းနေခဲ့တယ် .. ဒီလောက်ဆို လုံလောက်သွားပြီ .. ငါတို့ နှစ်ယောက်လုံး ဘယ်သူမှ သာတယ် နာတယ် မရှိပါဘူး .. စိတ်တူကိုယ်တူ ငါတို့ အတူရှိနေခဲ့ဘူးပြီ .. တယောက်ကြောင့် တယောက် ပျော်ရွှင်ရတယ် .. အမှတ်တရ တခုအဖြစ်တော့ ငါ သိမ်းမထားချင်ဘူး .. ဒါပေမယ့် သေချာတာက လှပတဲ့ အတိတ်တခုပါပဲ .. ဒီအတွက် ငါ နင့်ကို ကျေးဇူးတင်ပါတယ် .. ငါတို့ အဆင်ပြေပြေ လမ်းခွဲကြတာပေါ့ .. သာယာတဲ့ ဘ၀တခု ပိုင်ဆိုင်နိုင်ပါစေ .. ဘာပြောချင်သေးလဲ .. ပြောစရာ မရှိတော့ရင် သွားနှင့်တော့မယ် ..

ကောင်လေးဆီက ဘာစကားသံမှ ထွက်မလာခဲ့ဘူး ..

မိန်းကလေး ပြောဆိုအပြီးမှာတော့ အရင် ထွက်သွားခဲ့တယ် ..

ကောင်လေး မျက်နှာမှာ တိမ်မဲတွေ စွဲထင်နေသလိုပဲ .. ဒါဟာ တွေဝေခြင်းလား .. နောင်တလား .. သူ ဘာကို မျှော်လင့်ခဲ့သလဲ .. သူ ရရှိသွားခဲ့တာ ဘာလဲ .. ကျမ အတွေးတွေနဲ့ ရှုပ်ထွေးနေခဲ့ပြီ ..

လွန်ခဲ့တဲ့ နှစ်တခုက ဒီခုံလေးမှာပဲ ချစ်သူနှစ်ဦး ခုလို အဖြစ်မျိုး ဖြစ်ပျက်ခဲ့တယ် .. ဒါပေမယ့် အဆုံးသတ်တော့ မတူခဲ့ဘူး ..

မိန်းကလေး မျက်ရည် ကျတယ် .. ကောင်လေးက ချော့ပါတယ် .. ဒါပေမယ့် ကောင်လေးဆုံးဖြတ်ချက်ကတော့ ပြောင်းမသွားခဲ့ဘူး ..

မိန်းကလေး မပြတ်သားခဲ့ဘူး .. ကောင်လေးကို တောင်းပန်ခဲ့တယ် .. ဒါပေမယ့် ကောင်လေးဆုံးဖြတ်ချက်ကတော့ ပြောင်းမသွားခဲ့ဘူး ..

နောက်ဆုံး ကောင်လေး ထွက်သွားခဲ့တယ် .. မိန်းကလေးကတော့ ကျန်ရစ်သူ .. ခုထိလည်း အတိတ်မှာ ပျော်မွေ့ချင်နေသေးသူ ..

အချစ်ဇာတ်လမ်းတခုရဲ့ အဆုံးသတ်မှာ အရှုံးအနိုင် ဆိုတာသာ ရှိခဲ့မယ်ဆိုရင် ကျန်ရစ်သူ မိန်းကလေးကတော့ အရှုံးတွေ ထပ်လို့ပေါ့ .. ဘယ်လိုလဲ ဆက်ပြီး အရှုံးခံနေဦးမလား ..

မေးခွန်းတွေ တွင်တွင် ထုတ်ရင်း သူမ လာရာလမ်းကို ပြန်လျှောက်နေခဲ့ပြီ .. မျက်နှာမှာတော့ သူမရဲ့ ညံ့ဖျင်းမှုအတွက် ရှက်ပြုံးတခုကို ဆင်ယင်ထားတယ် .. ပုစ္ဆာတပုဒ်ကို အဖြေရသွားတဲ့ ကျောင်းသားတယောက်နဲ့လည်း ဆင်တူပြန်တယ် .. အတွေးထဲမှာတော့ နောက်ချန်ခဲ့တဲ့ ခုံတန်းလေးဟာ သာမန် ခုံတန်းလေး အဖြစ်နဲ့သာ ..

Friday, June 11, 2010

ရနံ့တခုနှင့် စွဲလန်းခြင်း ပြဿနာ

ရနံ့တချို့ကို ကျမ မုန်းပါသည် ..

ဥပမာ - ဂတ်စ်အိုးမှ ဆိုးဝါးစွာထွက်ပေါ်လာတတ်သော ဂတ်စ်နံ့ .. ထိုအနံ့ကို ကျမ မနှစ်သက်သော ဒူးရင်းသီးအနံ့နှင့် ဆင်တူသည်ဟုလည်း ကျမ စွပ်စွဲတတ်သေးသည် .. အချို့ပန်းများ၏ ထုံအီအီ အနံ့များ .. ရေမွှေးနံ့ ပြင်းပြင်းများ နှင့် ဓါတ်ဆီ အနံ့ .. ထို့အပြင် အင်းစက်ပိုးမွှားကောင်များ၏ အနံ့များ ဆိုးဝါး ညစ်ပတ်သော အနံ့များ ထိုအရာများကို နံသည်ဟု သတ်မှတ်၍ ကျမ စွဲစွဲမြဲမြဲ မုန်းပါသည် ..

လွန်ခဲ့သော နှစ်အချို့အတွင်းမှာ ကျမ ရနံ့တခုကို ရရှိခဲ့သည် .. ထိုရနံ့သည် ကျမ၏ ဘေးတွင်လည်း တစိုက်မတ်မတ်ရှိခဲ့သေးသည် .. ထိုရနံ့ကို ကျမ စွဲလန်းချိန် နှစ်ချို့ခဲ့သည် .. ထုံအီမူးဝေစေသော ထိုရနံ့နောက်ကို တကောက်ကောက်လိုက်မိသည်အထိ ကျမ စွဲလန်းခဲ့ဘူးပါသည် ..

ထိုရနံ့ကို အခြားနေရာတွင် ရရှိခဲ့ပါက စွဲလန်းဖို့ မသေချာခဲ့ပါ .. တစုံတယောက်နှင့် ပတ်သက်၍ တဖြည်းဖြည်း ရင်းနှီးကာ နှစ်သက်လာခဲ့သည် .. ပြီး ပို၍ စွဲလန်းလာခဲ့သည် .. ထိုရနံ့သယ်ဆောင်သူကို ကျမ၏ နံဘေးတွင် ရှိနေစေချင်ခဲ့သည် ..

စွဲလန်းခြင်းဆိုသော အရာသည် အချိန်ဘယ်လောက်ကြာကြာ စွဲမြဲတည်ရှိမယ် ကျမ ကောင်းစွာ မခွဲခြားနိုင်ခဲ့ပါ .. ကျမ စွဲလန်းနှစ်သက်ဖူးသော ထို ရနံ့ကိုလည်း ဘယ်လောက် ကြာကြာ စွဲမြဲနှစ်သက်နိုင်လိမ့်မယ် မသေချာခဲ့ပါ .. သို့ပေမယ့် ကုန်လွန်ခဲ့သော အရင်အချိန်ကာလ တခုမှာတော့ ထိုရနံ့သည် ကျမ၏နံဘေးတွင် အသေအချာ တည်ရှိနေခဲ့လေသည် ..

ရက်စွဲတချို့ ပုံမှန် ကုန်လွန်ခဲ့သည် .. အရာအားလုံးသည်လည်း ပုံမှန်ဟု ဆိုနိုင်သည် .. ကျမအတွက် ပုံမမှန်ခြင်း တခုက ကျမ နှစ်သက်သော ရနံ့နှင့် ဝေးကွာနေခြင်းပင် .. ထို ရနံ့နှင့် ပိုင်ရှင်ကို ကျမ လွမ်းဆွတ်စွာ သတိရနေခဲ့သည် .. နောင် အချိန်အတိုင်းအတာ တခုထိလည်း ကျမ သတိရနေဦးမည် .. ကျမ ထိုရနံ့နှင့် ဝေးကွာခဲ့သည်မှာ ကျမအထင် နှစ်ဝက်စွန်းစွန်း ရှိနေခဲ့ပြီ ..

သတိထားမိသည်က လွန်ခဲ့သော လတွေကထက် ကျမရဲ့ တမ်းတချိန်တွေ ကျဲပါးလာခဲ့သည် .. တိုက်ဆိုင်မှုနှင့် တချို့အချိန်များမှ လွဲ၍ ထို ရနံ့အကြောင်း ကျမ မေ့လာနိုင်ခဲ့ပြီ .. ဟုတ်သည် နောင်တွင် ယခုထက်ပို၍ ကျမ မေ့ရလိမ့်မည် .. နောက်နောင်များတွင် အလိုလိုနေရင်း ကျမ မေ့သွားလိမ့်မည် ..

တမ်းတရူးသွပ်စွာနှင့် စွဲလန်းဖူးပြီ .. ထို့အတူ ပျက်စီးခဲ့ဖူးပြီ .. ပြန်၍ အသစ်တခု ဖြစ်လာဦးမည် .. ကျမ ပြန်လည်၍ စွဲလန်းလိမ့်ဦးမည် ..

ever every စကားလုံးများ တွင်တွင်သုံးခြင်းကို ကျမ မုန်းသည် .. ထာဝရဆိုသော စကားကို ကျမ မယုံကြည်တော့ .. ထို ထာဝရသည်လည်း အချိန်အခါနှင့် စိတ်ခံစားမှုပေါ် လိုက်၍ ပြောင်းလဲတတ်သည် .. ကျမ လက်မခံချင်လည်း မရ .. ဒါသည် ပုံမှန်လည်ပတ်နေခြင်း ဖြစ်သည် .. ဒီအတွက် ဝမ်းနည်းစရာ မလိုသလို တွေ့ကြုံလာသမျှ လက်ခံတတ်ရုံသာ ..

လက်ခံတတ်ရမည် .. လက်လွှတ်တတ်ရမည် ..

လူတိုင်းအတွက် အချိန်ဆိုသော သမားကောင်း ရှိသည် .. ဝေဒနာမှန်သမျှ ထိုသမားကောင်းက ကုစားပေးလိမ့်မည် ..

နောက် ကျန်ရှိနေသော ဖြတ်သန်းရမည့် အချိန်များအတွက် မေ့သင့်သည်များကို မေ့ဖို့ ကြိုးစားရမည် .. တည်ဆောက်သင့်သည်များကို တည်ဆောက်ရမည် .. ပြုပြင်သင့်သည်များကို ပြုပြင်ရမည် ..

လောကကြီး ပုံမှန် လည်ပတ်နေသည် .. အံဝင်ခွင်ကျဖြစ်ဖို့ ကြိုးကို ကြိုးစားရလိမ့်ဦးမည် ..

Wednesday, June 9, 2010

ကျောင်းဖွင့်ချိန် ပညာသင်ထောက်ပံ့ရေး (စာနာမှုနဲ့ ဖေးကူပါ)




အရင်နှစ် ဒီလိုအချိန်တုန်းက ဘလော့တခုမှာဖတ်လိုက်ရတဲ့ ကုသိုလ် အဖွဲ့ရဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေးများအတွက် အဓိကထားပြီး ကျောင်းထားပေးမယ့် အစီအစဉ်ကို သိလိုက်ရပါတယ် .. စာကိုဖတ်ပြီး စိတ်ဝင်စားမိလို့ ဆက်သွယ်စုံစမ်းခဲ့ပါတယ် .. ပြီးတော့ ကျောင်းသူလေးတယောက်အတွက် အလှူငွေထည့်ဖြစ်ခဲ့ပါတယ် .. အလှူငွေထည့်တယ်ဆိုရင်ပဲ ကုသိုလ်အဖွဲ့မှ ကိုအောင်နိုင်စိုးက ကိုယ်တာဝန်ယူ ကျောင်းထားပေးတဲ့ ကလေးရဲ့ အချက်အလက်တွေကို အီးမေးနဲ့ ပြန်စာပို့ပေးခဲ့ပါတယ် ..

၂၀၁၀/၁၁ စာသင်နှစ်အတွက် အစီအစဉ်ကို စိတ်ပါဝင်စားသူများ ဒီနေရာမှာ ဖတ်နိုင်ပါတယ် .. Lotus Foundation နဲ့ ကုသိုလ် အဖွဲ့တို့ရဲ့ ၂၀၁၀/၁၁ စာသင်နှစ်အတွက် ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်ပါ ..

ကျမတို့ ငယ်တုန်းတည်းက မိဘနဲ့ မပူမပင် နေထိုင်ခဲ့ကြရတယ် .. ခုလည်းပဲ သူ့အတိုင်းအတာနဲ့ သူ နေထိုင်နိုင်ကြတယ် .. ကျမတို့ လစဉ် အသုံးစရိတ် ဘယ်လောက်လောက် ရှိမလဲ .. ???

အဲဒီ အသုံးစရိတ်တွေထဲက နဲနဲလောက် လျှော့သုံးပြီး ကလေးတဦးအတွက် တယောက် တလက်နဲ့ ကူညီသွားကြမယ်ဆိုရင် .. ကလေးတယောက် အရွယ်ရောက်လာတဲ့အချိန်မှာ လူဝင်ဆန့်အောင် အသိပညာထည့်ပေးနိုင်ဖို့ ကျမတို့ ကူညီကြရအောင်ပါ ..

ကလေးတယောက်အတွက် တလစာ ကျောင်းစရိတ် သတ်မှတ်ချက်ကတော့ -

မူလတန်း = S$ ၁၅ / month

အလယ်တန်း = S$ ၂၀ / month

အထက်တန်း = S$ ၂၅ / month သတ်မှတ်ထားပါတယ် ..

လှူတဲ့အခါလည်း ကိုယ်အဆင်ပြေသလို လှူနိုင်ပါတယ် .. တလချင်းဖြစ်ဖြစ် နှစ်ဝက်စာဖြစ်ဖြစ် အဆင်ပြေသလို လှူဒါန်းနိုင်ပါတယ် .. စာသင်လက ၈ လ ပါ .. မူလတန်းကလေးတယောက်အတွက် ၁နှစ်စာ ကျောင်းစရိတ်က စင်ကာပူဒေါ်လာ ၁၂၀ ကျပါမယ် .. အလယ်တန်းအတွက် ၁၆၀ ကျပါမယ် .. အထက်တန်းအတွက် ၂၀၀ ကျပါမယ် .. ကိုယ်အဆင်ပြေသလို ခွဲပေးလို့ရပါတယ် ..

စဉ်းစားမိတယ် .. စင်ကာပူဒေါ်လာ ၁၅ ကျပ် မြန်မာငွေ ဘယ်လောက်ရှိမလဲ .. ၇၀၀ နဲ့တွက်ရင် ၁၀၅၀၀ ..

မြန်မာနိုင်ငံမှာ ငွေ ၁သောင်း ပတ်ဝန်းကျင်နဲ့ ဘာများလုပ်နိုင်မလဲ .. လ္ဘက်ရည် တခွက် ၁၅၀ ၂၀၀ (အရင်နှစ်ရန်ကုန်ပြန်တုန်းက ဈေးပါ ..) ထမင်းစားရင် ၁၅၀၀ ၂၀၀၀ .. ငွေ ၁သောင်းကို ဘယ်နှစ်ရက် သုံးလို့ရမလဲ ..

ကျမတို့ ဒီမှာ တရက် အသုံးစရိတ် ဘယ်လောက်သုံးသလဲ .. ထမင်းတခါစား ၂ကျပ်ခွဲ ၃ကျပ်ဆိုတာ အောက်ထစ် .. အအေးသောက်မယ် .. ၅ကျပ်လောက် တန်းနေပြီ .. မစဉ်းမစားပဲ စိတ်အလိုလိုက်ပြီး ဖြုန်းတီးတာ မပါသေးဘူး .. တခါတလေ ကိုယ်လုပ်နေတာတွေက မတရားသလိုတောင် ခံစားမိတယ် ..

လူရယ်လို့ဖြစ်လာတာနဲ့ ကိုယ့်ရဲ့ ပြုဖူးတဲ့ ကောင်းမွေ ဆိုးမွေကို ခံစားရသူတွေချည်းပါပဲ .. ကောင်းကျိုးတွေ ခံစားနေရသူတွေအဖို့လည်း အကောင်းတွေမှာ သာယာနေရုံတင်မဟုတ်ပဲ ပိုမိုကောင်းမွန်အောင် ကောင်းမှုတွေ လုပ်ဖို့ လိုပါတယ် .. ကျမတို့ ခု လက်ရှိ ကောင်းနေတဲ့ အခြေအနေလေးကို တတ်နိုင်သလောက် လက်လှမ်းမှီသလောက် မျှဝေရအောင်ပါ ..

ကျမ ဆက်သွယ် လှူဒါန်းတဲ့ ကိုအောင်နိုင်စိုးရဲ့ အီးမေး လိပ်စာကတော့ aungns@gmail.com ပါ ..

Thursday, May 20, 2010

အမှတ်တရ မြို့များ(ပဲခူးမြို့)

ပဲခူးမြို့ဆိုတာ ကျမ သိတတ်စ အရွယ်တည်းက ကြားနေကျ သွားနေကျ နေရာတခုပဲ ဖြစ်ပါတယ် .. ကျမ ငယ်ငယ်က ဦးလေး နံပါတ် (၄) ပေါ့ .. (တရုတ်ကားတွေထဲက အခေါ်ဆိုရင် :P) အဲဒီဦးလေးက ဆက်သွယ်ရေးက အရာရှိ တယောက်ပါ .. ပဲခူးမြို့မှာ တာဝန်ကျပြီး ကျမတို့ ရောက်ရောက်ဖြစ်တဲ့ အိမ်လေးတအိမ်ရှိပါတယ် .. အတိအကျ မမှတ်မိတော့ပေမယ့် အဲဒီနေရာလေးကို ရေးရေးတော့ မြင်ယောင်နေဆဲပါပဲ ..

ဦးလေးက လူပျိုကြီး .. အဖိုးတို့ အဖွားတို့ကလည်း သွားနိုင် လာနိုင်တဲ့ အချိန်အခါမျိုးပါ .. ပိတ်ရက်လိုမျိုး အချိန်တွေမှာ ကျမတို့ ပဲခူးကို သွားသွားလည်ဖြစ်ပါတယ် .. သွားတိုင်းလည်း လမ်းတလျှောက်မှာရှိတဲ့ ဘုရားပုထိုးတွေကို ၀င်ရောက်ဖူးမျှော်လေ့ ရှိပါတယ် .. ဒီလိုနဲ့ ပဲခူးမြို့ဆိုတာ ကျမနဲ့ မစိမ်းတဲ့ နေရာလေး တခုအဖြစ် ရှိနေပါတယ် ..

သင်္ကြန်တွင်းတွေမှာ ဆိုရင်လည်း ရန်ကုန်မြို့ထဲက ထွက်ပြီး ပဲခူးထိ ရေပက်ခံ ထွက်ခဲ့ကြတာကို သတိရမိတယ် .. လမ်းမှာ ကားက ဘီးပေါက် .. စိုသမျှ ရေတွေ ခြောက် .. ဖြတ်သွားသမျှ ကားတွေက ဟားတာကိုလည်း ခံရပါတယ် .. ကိုယ့်အ၀တ်တွေ ခြောက်ပြီဆိုရင် ဘယ်နားကမှန်းမသိတဲ့ ကလေးတွေက ရေလာလောင်းပြန်ပါတယ် .. ဒီလိုနဲ့ စိုလိုက် ခြောက်လိုက်နဲ့ ကားဘီးပြန်အကောင်းကို စောင့်ကြရပါတယ် .. ပဲခူးနဲ့ ရန်ကုန် လမ်းတလျှောက် မျက်စိထဲ ခုမြင်နေတာကတော့ ဖရဲသီးတွေပါပဲ .. အပုံလိုက် အပုံလိုက် အကြီးကြီးတွေပါပဲ ..

နောက်ပိုင်းတော့ ဦးလေးလည်း ရန်ကုန်ပြန်ပြောင်းရ .. ပဲခူးက အိမ်လေးကိုလည်း ဦးလေးကျန်းမာရေးအတွက် အသုံးပြုဖို့ ရောင်းဖြစ်ခဲ့တဲ့နောက်ပိုင်း ကိစ္စမရှိပဲ ကျမတို့ ပဲခူးကို မရောက်ဖြစ်တော့ပါဘူး .. သင်္ကြန်တွင်းဆိုတာလည်း ဦးလေးတွေ အသက်ကြီးလာတာနဲ့ ခရီးဝေးထွက်ကြတာနဲ့ အိမ်မှာပဲ သောင်တင်နေတာပဲ များပါတော့တယ် ..

ကျန်ခဲ့တဲ့ ၃နှစ်လောက်က ပဲခူးနဲ့ ပြန်ပတ်သက်ဖို့ အကြောင်းဖန်လာပြန်ပါတယ် ..

ပဲခူးမြို့ အောင်သုခ ဓမ္မရိပ်သာကို ဦးလေး ဇနီးမောင်နှံကစပြီး ကျမတို့ မိသားစု တစုလုံးကို မိတ်ဆက်ပေးခဲ့ပါတယ် .. ကျေးဇူးတင်စရာ ကောင်းပါတယ် .. တရားစခန်းကတော့ ပဲခူးမြို့မှာ မ၀င်ဘူးခဲ့ပါဘူး .. ဦးလေးတွေ အဒေါ်တွေ တရားလျှောက်ဖို့ သွားတဲ့အခါ လိုက်သွားဖြစ်ခဲ့ပါတယ် .. ဘုရားရိပ် တရားရိပ်ဆိုတာ တကယ်ပဲ အေးချမ်းပါတယ် .. ခြံဝန်းထဲ ထိုင်နေရင်းနဲ့ကို စိတ်တွေက ကြည်လင်နေတတ်ပါတယ် ..

ဒီလိုနဲ့ ပဲခူးမြို့ကို ၂ လ ၃ လ တခါလောက် ရောက်ဖြစ်ပြန်ပါတယ် .. ကျမက ခရီးလိုမျိုး ထွက်ရမယ်ဆိုရင် ခရီး တိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ နေရာတကာ လိုက်ချင်တာမျိုးပါ .. ခရီးထွက်ရတာ အလွန်ပဲ ပျော်ပါတယ် .. ဒီတော့ ကျမက ဘယ်သွားသွား ပါသည်ပေါ့ ..

ခုတော့လည်း ဦးလေးတွေ အဒေါ်တွေလည်း အသက်လေးတွေ ရလာကြပြီ .. အရင်လို သွားလာတာမျိုးလည်း မကြားဖြစ်တော့ပါဘူး .. ကိုယ်တိုင်လည်း ဒီမှာ ငုတ်တုတ်မေ့နေရသည်ပဲလေ ..

ခုရော ပဲခူးမြို့လေး ဘယ်လိုဘယ်ပုံ ပြောင်းလဲနေခဲ့ပြီလဲ .. ဒီတခေါက် ရန်ကုန်ပြန်ဖြစ်တဲ့အချိန် အဆင်သင့်ရင်တော့ တရက်ခရီးနဲ့ သွားရောက် ကြည့်ရှုချင်ပါသေးတယ် ..

မှတ်ချက် - ကျမရဲ့ အားနည်းချက်က ဘယ်နေရာ ဘယ်အရာဆိုတာကို မှတ်မှတ်သားသား မရှိတတ်ခဲ့တာကိုပါပဲ .. ကိုယ့် မျက်စိထဲ မြင်ယောင်နေပေမယ့် နေရာတွေကို အတိအကျ မဖော်ပြနိုင်ဖြစ်နေပါတယ် .. ဒါကြောင့် သတိရတာကို သတိရသလို ခပ်ရှင်းရှင်းပဲ ရေးမိပါတယ် ..း)

Wednesday, May 19, 2010

အလှူအတွက် နှိုးဆော်ခြင်း

ခုတလော အွန်လိုင်းမှာ မြင်နေရတဲ့ မြန်မာနိုင်ငံမှာ တွေ့ကြုံလိုက်ရသမျှ ဒုက္ခတွေက ကြားရ မြင်ရတာ တချက်ကလေးမှ သက်သာရာ လမ်းကြောင်းမတွေ့မိပါဘူး .. ကိုယ်တတွေ မွေးတည်းက နေလာလိုက်တဲ့ မြန်မာနိုင်ငံမှာ ဆက်တိုက် ကြုံတွေ့နေရတဲ့ ဆင်းရဲ ဒုက္ခတွေကို မြင်တိုင်း ကြားတိုင်း စိတ်မကောင်းဖြစ်ရုံကလွဲပြီးလည်း ကိုယ်တတ်နိုင်တာဆိုလို့ ပိုက်ဆံလေး နဲနဲပါးပါးလှူတာလောက်ပဲ ရှိပါတယ် .. တကယ် လက်တွေ့မှာ ကွင်းဆင်းပြီး လိုက်လံ လုပ်အားပေးနိုင်တဲ့ သူတွေကို တကယ်ပဲ ချီးကျူးမိပါတယ် .. လေးလည်းလေးစားမိသလို ကျေးဇူးလည်း တင်မိပါတယ် ..

မေးထဲကို ၀င်လာသမျှ ရေနဲ့ပတ်သက်တဲ့ ဒုက္ခတွေရဲ့ ပုံတွေတိုင်း ကိုယ့်ရဲ့ရင်ထဲကို ၀မ်းနည်းမှုတွေပါ သယ်ဆောင်ပေးပါတယ် .. ကိုယ့်နိုင်ငံမှ ဟုတ်ရဲ့လားလို့ တွေးမိတဲ့ အထိပါပဲ ..

ငယ်ငယ်တည်းက ကိုယ်သိတဲ့ မြန်မာပြည်က တခါမှ ကပ်ဘေးတွေ ခံရတယ်ဆိုတာ မရှိသလောက်ပါပဲ .. အဲဒီတုန်းက တွေးမိတယ် .. မြန်မာနိုင်ငံက မြန်မာနိုင်ငံသားတွေဟာ များသောအားဖြင့် စိတ်ကောင်းစေတနာရှိကြတယ် .. အလှူရေစက် လက်နဲ့မကွာ ရှိကြတယ် .. ကောင်းမှုကုသိုလ်တွေပြုကြလို့ ကပ်ဆိုးမှန်သမျှ ကင်းလွတ်ခဲ့တာပဲ လို့ပေါ့ .. ခုတော့ .. ကြုံလိုက်ရတဲ့ ကပ်တွေ ကပ်တွေဆိုတာ ရင်နာစရာတွေ ချည်းပါပဲ ..

ကိုယ်ကိုတိုင်က အပြင်ထွက်လိုက်တာနဲ့ ရေဆာတတ်တဲ့သူမျိုးပါ .. ရေဆာတဲ့ဒုက္ခကို ကိုယ်ချင်းစာမိတယ် .. ကိုယ်ရေဆာတယ်ဆိုတာ သောက်ချင်ရင် လွယ်ပါတယ် .. လမ်းဘေးမှာ ၀ယ်သောက်ချင်လဲ နေရာတိုင်းမှာ ဆိုင်ကရှိပြီးသားရယ် ..

ကိုယ့်တိုင်းပြည်က ကိုယ့်ရဲ့ တိုင်းရင်းသားတွေ .. ရေဆာလို့မှ ရေလှူမယ့်သူ မရှိရင် ဆာလောင်မွတ်သိပ်ရမယ့် အဖြစ် .. နေပူကျဲတဲမှာ ရေပုံး ကိုယ်စီနဲ့ ရေစောင့်နေတဲ့ ပုံရိပ်တွေ မြင်မိတဲ့အချိန်မှာ ရင်ထဲ မချိအောင် ခံစားရတယ် .. မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ၀ဋ်ကြွေးတွေ ဘယ်တော့များမှ ကုန်ဆုံးပါမလဲ ..

ပုံတွေကိုတော့ ထပ်မတင်တော့ပါဘူး .. အားလုံးလည်း ကြည့်ပြီး မြင်ပြီး ကိုယ့်လိုပဲ ခံစားပြီးလောက်ပါပြီ ..

ပုံတွေ မြင်လိုက်ရတိုင်း ကိုယ့်မြန်မာပြည်မှ ဟုတ်ရဲ့လားလို့ တွေးမိ စိတ်မကောင်းဖြစ်မိရုံကလွဲပြီး ကိုယ်ချင်းစာစိတ် ဖြစ်ရုံကလွဲပြီး ကိုယ်တိုင်လည်း မတတ်နိုင် .. မတတ်နိုင်တဲ့ အထဲကမှ ကိုယ်တတ်နိုင်သလောက်ကလေးပေါ့ ..

သောက်ရေ သုံးရေနဲ့ လိုအပ်သမျှ လှူဒါန်းနိုင်မယ့် လင့်လေးတွေ ကိုယ်လည်း မှတ်ထားရအောင် မှတ်ချင်သူများလည်း မှတ်ထားရအောင် ဒီကနေ အသိပေး နှိုးဆော်လိုပါတယ် ..

ရှင်ဇဋိလ

ဒီနေ့ပဲ မြန်မာနိုင်ငံက အသိ အစ်မတယောက်နဲ့ စကားပြောဖြစ်ပါတယ် .. အပေါ်က လင့်လေးက အဲဒီ အစ်မ ပေးတဲ့ လင့်လေးပါ ..

ခုဆိုရင် အဲဒီဘုန်းဘုန်းက ရေကိစ္စနဲ့ ခရီးတွေထွက်ပြီး ဒုက္ခရောက်နေသူတွေကို ကူညီနေပါတယ်တဲ့ ..

အဲဒီအစ်မကို မိုးရွာနေပြီဆိုလို့ မေးကြည့်မိတော့ .. မိုးတော့ ရွာနေပါတယ်တဲ့ .. ဒါပေမယ့် ရေသန့်ရဖို့က ခက်နေသေးတယ်တဲ့ .. ပြီးတော့ နောက်ပိုင်း ကြုံတွေ့လာနိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့လည်း လိုအပ်နေပါသေးတယ်တဲ့ ..

ကိုယ်ကိုတိုင် ဒီစာကို ရေးဖို့ မရေးဖို့ စဉ်းစားမိပါသေးတယ် .. လိုအပ် မလိုအပ် ပြန် ချင့်ချိန်ရပါသေးတယ် .. ဒါပေမယ့် မြန်မာနိုင်ငံက ခုဆိုရင် အဘက်ဘက်က ကိုယ်ထူကိုယ်ထစနစ်နဲ့ ထူကို ထူထောင်ရမယ့် အခြေအနေရောက်နေပါပြီ .. ကိုယ့်ကိုကိုယ်သာ အားကိုးရာ မဟုတ်ပါလား ..

အောက်က လင့်နှစ်ခုကတော့ သိတဲ့လူတွေ တော်တော်များမှာပါ .. ဘယ်နေရာကနေ ဘယ်လိုပဲ လှူလှူ အဓိက က ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အမြန်ဆုံးအေးငြိမ်းဖို့ပါပဲ ..

RAVEN BDC

စင်္ကာပူ - ကိုဇူလိုင် email: julydream0707@gmail.com
ရန်ကုန် - ကိုရဲဟိန်း mobile: 09 5043302

Lotus Foundation

- ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၁၁၉၇၃၆၁
- ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
- ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁

- မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂

Lotus Foundation မှတဆင့် ရေအလှူပေးလှူလိုပါက -

- ကိုဝင်းထွန်းဆင့်

POSB Savings A/C - 175-43771-1 OCBC Saving A/C - 5535079809
- ကိုအောင်ပြည့်စုံအေး DBS Saving plus A/C - 0206068726
- မခင်မမ POSB Savings A/C - 063-50289-8 သို့ ပေးပို့လှူဒါန်းနိုင်ပါသည်။

Lotus Foundation ကလူမှူရေးလုပ်ငန်းတွေအတွက်တတ်အားသရွှေ့စေတနာနဲ့ကူညီပေးနေကြတဲ့သူတွေစုစည်းထားတာပါ ..

တတ်နိုင်သူတွေ တတ်နိုင်သလောက် တတ်နိုင်တဲ့ ဘက်ကနေ မြန်မာနိုင်ငံကို ကူညီကြရမှာပါပဲ .. ကျမတို့ ဖြုန်းတီးနေတဲ့ ငွေတွေထဲက တချို့တ၀က်ပဲ ဖြစ်ဖြစ် အနည်းအကျဉ်းပဲ ဖြစ်ဖြစ် ကျမတို့ရဲ့ သွေးချင်းတွေအတွက် လှူဒါန်းနိုင်ပါစေ ..

မြန်မာနိုင်ငံကြီး ကြုံတွေ့နေရသမျှ ကပ်ဆိုး ဘေးဆိုးတွေကနေ အမြန်ဆုံး လွတ်ကင်း ချမ်းသာကြပါစေ ..

ခွင့်တောင်းခြင်း - RAVEN BDC နှင့် Lotus Foundation လိပ်စာနဲ့ ဆက်သွယ်ရန် နံပါတ်များကို ဖော်ပြခွင့်ပြုဖို့ ဒီနေရာကနေ ခွင့်တောင်းလိုက်ပါတယ်ရှင် ..

Saturday, April 10, 2010

ဧပရယ် တန်ခူး

အချိန်ရာသီတွေ
ရွေ့လျားပြောင်းလဲ
ခြေလှမ်းမှန်မှန်နဲ့
နာရီတွေ တိုက်စားတယ် ...။

ရောက်ခဲ့ပြန်ပြီ
မြန်မာတို့အတွက်
နှစ်သစ်ကူးတရက် ...။

ဇာတိအိမ်တွေမှာတော့
မပြောင်းမလဲ
အဲ .. ပြောင်းတော့ ပြောင်းလဲ လိမ့်မယ် ...။

တွေးကြည့် ငေးကြည့်
သတိရခြင်းတွေလည်း ရှိလိမ့်မယ် ...။

လွမ်းမိတဲ့အထဲမှာ
ဧပရယ်ပြယုဂ်
အခေါ်အဝေါ် သတ်မှတ်ချက်လေးတွေ ပါမယ်
သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့ချိန်တွေ ပါမယ် ...။

ပိတောက်တွေပွင့်ပြီ
ပန်းမနှစ်သက်ပေမယ့်
ပိတောက်လေးတော့လည်း ချစ်ပါတယ် ...။

မြင်ယောင်မိတယ်
သင်္ကြန်မိုး ဖွဲဖွဲ
ပိတောက်တွေ ကတဲ့ပွဲ ...။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...