Monday, April 27, 2009

ကျမ၏ ဖွားဖွားကြီး

သူမသည် ထက်မြက်သော ပြတ်သားသော သတ္တိရှိသော မြန်မာအမျိုးသမီးတယောက်ဖြစ်ပါသည် .. တရုတ်သွေးစပ်သော အသားအရောင် ရုပ်ရည်မျိုးဖြင့် ငယ်စဉ်ကတော့ လှပနေပါလိမ့်မည် .. အရပ်နိမ့်နိမ့် ဖြူဖြူဖွေးဖွေးနှင့် မျက်နှာမှာ ပြုံးယောင်သန်းနေတတ်သောသူမသည် ကျမ၏ ဖခင်ဘက်မှ အဖွားရင်းပင်ဖြစ်လေသည် ..

ဖွားဖွားကြီးသည် အမြဲ ဆံပင်ကို ဘီးစပတ်ပတ်ထားလေ့ရှိသည် .. ဖွားဖွားကြီးကိုယ်မှ သနပ်ခါနံ့သင်းသင်း အမြဲရတတ်သည် .. ငွေရောင်ဆံပင်တွေကို အနက်မဆိုးပဲ အရှိအတိုင်းထားတတ်သည် .. အမြဲတန်း ပုတီးတကုံးနှင့် စင်္ကြန်လျှောက်နေလေ့ရှိသည် .. ဖွားဖွားကြီးကို ကြည့်လိုက်လျှင် အမြဲတမ်း သန့်ရှင်း သပ်ရပ်နေတတ်သည် .. အေးချမ်းနေတတ်သည် .. အဖြူရောင် အကျီနှင့် ပါတိတ်ထမိန်ကို အမြဲဝတ်ဆင်ထားလေ့ရှိသည် ..

ဖွားဖွားကြီးတွင် သား ၁၁ ယောက်နှင့် သမီးရှားရှားပါးပါး ၁ ယောက်ရှိသည် .. သားတိုင်းသည် အမေအပေါ် သိတတ်ကြပြီး စကားလည်း နားထောင်တတ်တာ ကျမ မျက်မြင်ဖြစ်သည် .. ဖွားဖွားကြီးရှိစဉ်က ကျမတို့ တိုက်သည် အမြဲတမ်း စည်ကားလျှက်ရှိသည် ..



ဖွားဖွားကြီးသည် မိန်းမ ပီသလွန်းသော မိန်းမတယောက်ဖြစ်ခဲ့သည် .. ဇာထိုး ပန်းထိုး စက်ချုပ် လက်ချုပ် အကုန်ရသည် .. ငယ်စဉ်က ဖွားဖွားကြီးလက်ရာ ခြုံထည်လေးတထည်ရဖူးသည် .. အချုပ်အလုပ်ပညာကိုတော့ အမွေမရခဲ့ပါ .. ကျမ၏ ညံ့ဖျင်းချက်ပင်ဖြစ်လေသည် .. ဖွားဖွားကြီးချုပ်ထားသော စပ်စောင်များ အ၀တ်အထည်လေးများကို ဟိုလူ ဒီလူစီမှ တွေ့ရတတ်သည် .. ကျမပြန်ကြားရတာကတော့ ဖွားဖွားကြီးပညာအမွေအဖြစ် ဘယ်မြေးတယောက်မှ မရဟူသတည်း ..

ဖွားဖွားကြီးသည် လူပုံ နွဲ့နွဲ့နှင့် အလွန် စိတ်မာ ပြတ်သားသော သတ္တိရှိသော မြန်မာအမျိုးသမီးတယောက် ဖြစ်ပြန်လေသည် .. မွေးထားတာ သားချည်းဖြစ်သော်လည်း အဖွားကို လွန်ဆန်ရဲသူမရှိအောင် အဖွားက အာဏာရှိသူဖြစ်သည် .. အဖွားခွင့်မလွှတ်မည့်အလုပ် မည်သူမျှမလုပ်ရဲပေ .. လုပ်မိခဲ့လျှင်လည်း အဖွားက ပြတ်သားစွာ လှည့်ပင်မကြည့်တတ်သူဖြစ်သည် .. စကားကိုလည်း နှစ်ခွန်းမဆိုတတ်ပေ .. အဖွားသည် သားများကို လူလိမ္မာ လူယဉ်ကျေး များဖြစ်အောင် လူဝင်ဆန့်အောင် သင်ပြပေးနိုင်ခဲ့သူဖြစ်သည် .. အဖွား၏ သားများသည် ညီအကိုချင်း ညီအကို စိတ်ဓါတ်ရှိပြီး တပါးသူအပေါ် ညှာတာတတ်သော နားလည်ပေးနိုင်စွမ်းရှိသော လူများဖြစ်အောင် မွေးထုတ်ပေးနိုင်ခဲ့လေသည် ..

အခုဆိုလျှင် အဖွားဆုံးသည်မှာ ၁၀စုနှစ်တခုကျော် ကြာမြင့်ခဲ့ပြီ .. အဖွားအသက် ၈၂ နှစ်တွင် ဆုံးပါးခဲ့သည် .. အဖွားဆုံးသောအခါ မဆုံးခင်မှာခဲ့သည့်အတိုင်း ခန္ဓာကိုယ်ကို စစ်ဆေးရုံတွင် လှူဒါန်းခဲ့သည် .. ကျမတို့ အဖွားဆုံးပြီးချိန် ရောက်ရှိသွားခဲ့ပြီး နောက်ဆုံး ရှိခိုးကန်တော့ကာ ရေခဲတိုက်ထဲသို့ ပို့ဆောင်ပေးခဲ့သည် .. ရေခဲတိုက်တံခါးပိတ်လိုက်သံအဆုံးတွင် အဖွားကျမတို့နှင့် ဘ၀ခြားခဲ့ပြီဟု ယုံကြည် လက်ခံလိုက်ရသည် ..

အဖွားဈာပနအတွက် ကျမတို့အားလုံး ငူငူငိုင်ငိုင်နှင့်ပြီးဆုံးခဲ့သည် .. အသုဘချစရာမလို အခင်းအကျင်းမလို .. အသုဘအိမ်သည် အသုဘအိမ်နှင့် မတူခဲ့ .. ရက်လည်ဆွမ်းကျွေးခြင်းတခုသာ အဖွားဈာပနအတွက် ပြုလုပ်ခဲ့ရသည် .. စိတ်ဓါတ် ထက်သောအဖွား .. အေးအေးဆေးဆေးနေတတ်သောအဖွားသည် နောက်ဆုံးအချိန်ထိ ငြိမ်းငြိမ်းချမ်းချမ်း ထွက်ခွာသွားခဲ့သည် .. ကျန်ခဲ့သူတွေမှာတော့ ငိုင်တိုင်တိုင် .. အဖွားကတော့ ငြိမ်းချမ်းနေလေပြီ ..


17 comments:

မနောသား said...

မိုးခါး လဲ ဖွားဖွားလိုပဲ သက်ရှည်ပါစေ :)

မိုးခါး said...

အောင်မလေး အဲလောက်မရှည်ချင်ဘူး :D

နွေးနေခြည် said...

မိုးခါးမှာလည်း အဲဒီမျိုးရိုးတွေတော့ ပါလာမှာပါ (မရဲတရဲပြောသွားသည် :P)

မိုးခါး said...

နေခြည်ရယ် ရဲရဲသာပြောလိုက်ပါ :D

Welcome said...

ကြောက်တတ်တယ်နော် ..

တောင်ပေါ်သား said...

အဖွားအကြောင်းဖတ်သွားတယ်။ ဘ၀ဆိုတာ ဒီလိုပါပဲဗျာ တချိန်မှာ ပျော်ရွှင်နေရပြီးတော့ တချိန်ရောက်ရင် ၀မ်းနဲမူ ဖြစ်ရစမြဲပါ။ အော် ဘ၀ဘ၀ ဒါမှလဲ ပြည့်စုံတဲ့ ဘ၀ တခုလို ပြောရမယ် ထင်ပါတယ်။ အရာရာ လိုချင်တိုင်းတာ ပြည့်စုံနေရင်လဲ မကောင်းပြန်ဘူးလေ။ အစစအရာရာ အဆင်ပြေပါစေ


လေးစားလျက်
တောင်ပေါ်သား

တလနွန် said...

“သားတိုင်းသည် အမေအပေါ် သိတတ်ကြပြီး စကားလည်း နားထောင်တတ်တာ ကျမ မျက်မြင်ဖြစ်သည် ” အဲဒီနေရာမှာ ဖတ်ပြီးရင် မိုးခါးတို့ 
အဒေါ်တော့ စိတ်ဆိုးမိမှာပဲ(ဝေဖန်ရေး လုပ်သွားတရ်)
မိုးခါးတို့  အဖွားက အေးချမ်းစွာနှင့် နောက်ဆုံးအချိန်
ကိုဖြတ်သန်းနိုင်တာ မြေးလေး မိုးခါးက လိမ္မာလို့ ဖြစ်မှာ
ပေါ့(မြှောင့်ပေးလိုက်တရ်)
ပျော်ရွှင်ပါစေ မိုးခါး

ခင်မင်ခြင်းနှင့်
တလနွန်

ကိုလူထွေး said...

အဖွားကိုချစ်တဲ့သူထဲမှာ ကိုလူထွေးလဲ ပါတယ်။

သက်ပိုင်သူ said...

ကျွန်တော်တော့ မေ့မေ့ရဲ့ အဖေကိုပဲ မှီလိုက်တယ် ..း(

Anonymous said...

ကိုဝင်းဇော် - အသက်ရှည်ပြီး အနာများနေမှာကြောက်တယ် :P
ကိုတောင်ပေါ်သား - ကျေးဇူးပါနော်း)
တလနွန် - သားတွေက ဆိုးတတ်တယ်လေ .. အဲဒါကို အဓိက ပြောချင်တာပါ .. မိန်းကလေးတွေက လိမ္မာပြီးသားလေ :P .. (ဒီကိုကြည့်ပါလား :P)
ကိုလူထွေး - ကိုလူထွေးလဲ ဖွားချစ်ပေါ့ :D
ကိုသပသ - ဖွားတွေက မြေးထီးတွေကို ပိုချစ်တတ်တာ :D

မိုးခါး

Phyo Maw said...

အဖွားတော့ အရင်သွားနှင့်ပြီ။
အနော့်အဖိုးလည်း အရင်သွားနှင့်ပြီ။
ဤခရီးနီးသလား...
ဘယ်ဆီဘယ်ဝယ်မှန်း မသိသော်လည်း တို့များ လှမ်းလျှောက်ဆဲပါ...။

သီဟသစ် said...

မိုးခါးရေ
အဖွားနဲ့သေချာနေလိုက်ရတာ ကံကောင်းပါ့ကွယ်..

သူ့မျိုးဆက်လေးကတော့ အဖွားရဲ့စိတ်ဓါတ်တွေ ဘယ်လောက်ပါဆင့်ပါသလဲ မသိ..

flowerpoem said...

ညီမလေးမိုးခါးရေ သေချာလာဖတ်သွားပါတယ်....

မဆုမွန် said...

မိုးခါးလေးရေ အစ်မ ရေြး့ပီးပြီနော် စာတွေလည်း လာဖတ်သွားတယ်

nanwarwarmg said...

ညီမလေးရေ..

မမလည်း အဖိုးတွေ အဖွားတွေကို အရမ်းချစ်ခဲ့တယ်...
အဖိုးကို ပိုချစ်တယ်...
ဖိုးဖိုး နဲ့ ဖွားဖွားဆုံးသွားတာ ၇ နှစ်ရှိသွားပေမယ့် မကြာ
ခဏ အိပ်မက် မက်နေမိတယ်လေ...

ညီမလေးမိုးခါး ကျန်းမာပျော်ရွှင်ပါစေ.

မမ၀ါ

ဂျပန်ကောင်လေး said...

ဟဲဟဲ.. အဖွားမျိုးရိုးတော့လိုက်ပေါ့... ဒါပေမယ့် သား ၁၁ ယောက် သမီး ၁ ယောက် ပေါင်း ၁၂ ယောက် ဆိုတဲ့ မျိုးရိုးတော့ မလိုက်နဲ့ပေါ့.. သေရချည့်.. ဟိဟိ :P

witch83 said...

ဒီလို အဘွားမျိုးရတာ.. မိုးခါး ကံကောင်းတာပေါ့.. အားကျတယ်။ :)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...