Tuesday, September 14, 2010

ဆန္ဒ နဲ့ ဘဝ

ငယ်ငယ်တုန်းကလို့ ကိုယ့်အကြောင်းကိုယ် တွေးလိုက်တာနဲ့ ဘယ်လိုတော်ခဲ့တာ ဘယ်လိုရည်မှန်းချက် ကြီးခဲ့တာဆိုတာမျိုး ပြောစရာမရှိတော့ ရေးရတာ သိပ်တော့ အားမရှိပါဘူး .. :P

ဟိုးအရင်တုန်းတည်းက သမီး ဘာဖြစ်ချင်လဲဆိုရင် အဖြေမရှိခဲ့ဘူး .. အဲ့အချိန်က သီချင်းတွေ ဆိုနေခဲ့တာ .. စာအုပ်တွေမှာ အမှတ်တွေ ခြစ်နေခဲ့တာ .. ဆံပင်အတုဆိုပြီး ပုဝါတွေ အုပ်လိုအုပ် တုတ်တချောင်းနဲ့ ဆရာမ လုပ်လာခဲ့တာတွေတော့ ကွင်းကွင်းကွက်ကွက် ပြန်မြင်ယောင်နေမိပါတယ် .. တကယ်တန်း အသက်ကြီးလာတော့ အဆိုတော်လည်း မဖြစ်သလို ဆရာမလည်း မဖြစ်ခဲ့ပြန်ပါဘူး .. အစ်မ၀မ်းကွဲ တယောက်ကတော့ သူ မဖြစ်ခဲ့ရတဲ့ ဆရာဝန်ကို ဖြစ်စေချင်ခဲ့ပြန်ပါတယ် .. မိုးခါးကတော့ စာကျက် အင်မတန်မှပျင်းပြီး ကိုယ့်အကြောင်းကိုယ်လည်း သိနှင့်နေတော့ ဆေးခန်းကိုတောင် မျက်စောင်းထိုး မကြည့်ခဲ့ဘူး .. :P ကစားစရာတွေတော့ ဆော့ဘူးပါတယ် .. နားကြပ်တို့ ဆေးသေတ္တာတို့ ကပ်ကြေးတို့ပေါ့ ..

အထက်တန်းရောက်တော့ စိတ်ထဲမှာ အင်ဂျင်နီယာ ဖြစ်ချင်သလိုလို စိတ်ပေါက်ခဲ့ပြန်ပါရော .. တိုက်တွေ ဆောက်ချင်တာမျိုးပါ .. အင်ဂျင်နီယာဖြစ်ချင်တဲ့ စိတ်ကတော့ နဲနဲရှိပါတယ် ..

တကယ်တန်း ၁၀တန်းအောင်တော့ အင်ဂျင်နီယာအတွက် GTC ကို အမှတ်မှီပေမယ့် အဲဒီအချိန်က ဟော့နေတဲ့ အီကို ကို သူငယ်ချင်း အဖော်ကောင်းတာနဲ့ ပါသွားပြန်ပါတယ် .. (စိတ်များ မငြိမ်လိုက်ပုံ) အီကိုအတွက် ခေါ်စာရတော့ နောင်တရချင်သလိုလို .. ငါ အင်ဂျင်နီယာ လျှောက်လိုက်ရ ကောင်းသားပေါ့ .. နောက်တော့လည်း ကျောင်းတော်ကြီးနဲ့ ကံမပါပုံ ဒေးကနေ အဝေးသင်ပဲ ပြောင်းလိုက်ဖြစ်ပြန်ပါရော .. ဒီလိုနဲ့ ဘွဲ့လေးက B.A (ECO:) ပေါ့ ..

ဘွဲ့တခု လက်ထဲရောက်တော့ ဗီဒိုထဲ အသာထည့်ထားလိုက်တယ် .. ကိုယ်မှ သွားလေရာ သယ်မသွားနိုင်ပဲကိုး .. အစ်မတွေဆိုင်မှာ သွားယောင်ရင်းနဲ့ ကွန်ပျူတာ ဒီဇိုင်းတွေဘက်က စိတ်ပါလာပြန်ပါတယ် .. ဒီဇိုင်းတွေအတွက် သင်တန်းတက်ရင်း သူများ အော်တိုကဒ် လို့ လိုက် အော်တိုကဒ်ပြန်ပါတယ် .. ဒီလိုနဲ့ အော်တိုကဒ်ဆွဲနိုင် ဒီဇိုင်းအမြင်လေး နဲနဲရှိ(ဆိုပါတော့) ..

ဒီလိုနဲ့ ဖြစ်ချင်တဲ့ အင်ဂျင်နီယာလည်း မဖြစ် ဖြစ်လာတဲ့ အကောင့်သမားလည်း မလုပ်ချင်ပြန် .. ဒီလိုနဲ့ စလုံးကို ရောက်လာခဲ့တယ်ပေါ့ ..

အလုပ်ရှာတော့ အော်တိုကဒ်နဲ့ ရခဲ့ပါတယ် .. အင်ဂျင်နီယာလို့ ခေါင်းစဉ် မတပ်နိုင်ပေမယ့် အင်ဂျင်နီယာလိုင်းနဲ့ နီးစပ်တယ်ပြောလို့ရလို့ ကျမရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့တာလား .. ခုနောက်ပိုင်း တခြားအလုပ်သစ်ကို ပြောင်းဖြစ်တော့ အဲဒီက အလုပ်တွေနဲ့ ပတ်သက်ပြီး သင်ရင်း သင်ရင်းနဲ့ အင်ဂျင်နီယာတယောက်ရဲ့ အတွေးနဲ့ လုပ်ငန်းတွေ အနီးကပ် လေ့လာခွင့်ရပါတယ် .. မြင်တတ်လာတယ်လို့ ကိုယ့်ကိုကိုယ် ထင်မိတယ်ပေါ့ .. သူဌေးကလည်း အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ စာတွေကို သင်စေချင်တဲ့ ဆန္ဒရှိပြီး ကျမကို ကျောင်းတကျောင်းတက်ဖို့ အော်ဖာ ပေးလာပြန်ပါတယ် .. နောက်နှစ်ကျောင်းဖွင့်ချိန် တက်ဖြစ်ရင်တော့ ကျမရဲ့ အင်ဂျင်နီယာတယောက် ဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒ အပြည့် အ၀ အကောင်အထည်ပေါ်လာမယ်လို့ မျှော်လင့်ရပြန်ပါရော ..

ဒီလိုပါပဲ .. အရင်က ဆန္ဒတွေအကြောင်း ပြောမိ စဉ်းစားမိရင် သူများတကာ နိုင်ငံခြားသွားကြလို့ ကိုယ်က လိုက်သွားချင်တယ် .. တယောက်တည်း လွတ်လွတ်လပ်လပ် နေချင်တဲ့ စိတ်ခံကြောင့်လည်း ပါပါတယ် .. ဒါပေမယ့် အဲဒီအချိန်မှာ ဖေကြီးက ကျမကို လုံးဝခွင့်ပြုမယ့်ပုံ မဟုတ်ခဲ့ပါဘူး .. ကျမကလည်း စိတ်သာရှိတာ သွားဖြစ်မယ်လို့ မထင်ခဲ့ဘူး .. ဒါပေမယ့် ကျမရဲ့ ဆန္ဒအတိုင်းပဲ ဖြည်းဖြည်းချင်း ပုံစံတကျ ဘ၀မှာ ဖြစ်လာခဲ့ရတယ် .. တခုပဲ ကျမရဲ့ ဆန္ဒတွေ ဖြစ်ချင်စိတ်တွေကို ပါးစပ်က ထုတ်ပြောလေ့ မရှိဘူး .. အနားမှာ ရှိတဲ့သူတွေက ကျမစိတ် ကျမအတွေးကို ဖမ်းမိဖို့ ခက်ပါတယ် .. နောက်တခုက ကိုယ်ဘာမှ ဖြစ်မလာသေးခင် ကြိုမပြောထားချင်တာလဲ ပါတယ်ပေါ့ ..

ခုလည်းပဲ စိတ်ထဲမှာ တချို့ ဆန္ဒလေးတွေ ရှိနေသေးတယ် .. အကယ်၍များပေါ့ .. ကျမ ဆန္ဒတွေ ဘ၀ထဲ လက်တွေ့ဖြစ်လာတဲ့အချိန် နောက်ထပ် ဒီပို့စ်ရဲ့ နောက်ဆက်တွဲအဖြစ် ထပ်ရေးဖြစ်ဦးမလားပါပဲ ..

မိတ်ဆွေများ အားလုံးလည်း ဆန္ဒတွေ ပြည့်ဝ အကောင်အထည်ပေါ်ကြပါစေနော် ..း))

7 comments:

Anonymous said...

နောက်ထပ် ကျန်သေးတဲ့ ဆန္ဒလေးတွေလဲ ဆက်လက်ပြည့်ပါစေ
အကောင်အထည်ပေါ်စေသတည်း:)
ဒီလိုစာလေးတွေ မကြာမကြာရေးပါ
စာရေးကြဲတယ်(ကိုယ်တောင် ကျောင်းစာရှိတာတောင် မနေနိုင်လို့ ထထရေးမိနေတာ:P)

ချော(အစိမ်းရောင်လွင်ပြင်) said...

သူဌေးက ပေးလာတဲ့ အခွင့်အရေးကို အပြည့်အ၀ရယူပြီး ဖြစ်ချင်တဲ့ဆန္ဒတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေ။

ရွှေရတုမှတ်တမ်း said...

ဘကျောက်တော့ ဖြစ်ချင်ရာဖြစ်တတ်တဲ့ ဘဝမို့ လောကကြီးက မွေးကထဲက written ပါလားလို့တောင်ထင်မိတယ်..တခါတလေ ထင်တာတွေ ဘယ်လိုကြိုးစားပေမဲ့ မအောင်မြင်..မထင်တာတွေက အလွယ်တကူရလာ...နဲ့ ဘာမှန်းကိုမသိတော့ပါဘူး

ပေါက်ပေါက် said...

ဘုတ်အီး ဆန္ဒတွေပြည့်ဝမယ်လို့ ယုံကြည်ပါတယ်။ ကျားယို......

noblemoe said...

ဆန္ဒတွေပြည့်ဝလာမှာပါ စိတ်ဆန္ဒပြင်းထန်ပြီး ကြိုးစားမှုလည်းရှိတဲ့တွက် ဖြစ်လာမှာပါ။
နောက်ဆက်တွဲလေးဆက်ရေးနိုင်ပါစေရှင်းးးး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

Sonata Cantata said...

မိုးခါးရေ ဆန္ဒတွေ ပြည့်ဝပြီး
ဘ၀ကို ကျေနပ်နိုင်ပါစေ

လှိုက်လှိုက်လှဲလှဲ
ဆုတောင်းပေးခဲ့တယ်နော်

Anonymous said...

မိုးခါးရဲ့ ငယ်ငယ်က
အကြောင်းလေးဖတ်ရင်း...စာဖတ်သူရဲ့
စိတ်တွေကလဲ အတိတ်ဆီကို..:)
နောက်ဆက်တွဲ Post လေးမှာ
စိတ်ကူးနဲ့ ဆန္ဒ
တထပ်တည်းကျနိုင်ပါစေလို့ ဆု
တောင်းရင်း...ခင်မင်လျှက်...
ခင်မာလာအောင်..:)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...