Sunday, November 13, 2011

အလောင်းတော် ကဿပ

ကိုယ်တိုင်သွားခဲ့တဲ့ ခရီးစဉ်တော့ မဟုတ်ပါဘူး .. ဒါပေမယ့် အိမ်က လူကြီးတွေ သွားတော့ ပို့ပေးခဲ့တဲ့ ပုံလေးတွေနဲ့ မျက်နှာလုပ်တာပါ .. :D

ခရီးထွက်တာကို အရမ်းကြိုက်တဲ့ ကျမအနေနဲ့ ပုံတွေသာကြည့်ပြီး သရေယိုရတာ အားမရလို့ ကိုယ်နဲ့ ဘ၀တူတွေကိုပါ သရေယိုစေလိုက်တာပါ .. စာရေးဖို့ ကြိုးစားပေမယ့် ပို့စ်တွေ လက်စမသတ်ပဲ အာရုံတွေ များပြီး ပျက်ကွက်နေတာကို အနည်းငယ်များ ကာဗာဖြစ်မလားလို့ပါ .. :D ပုံတွေ ကြည့်လိုက်ပါဦးနော် .. မိုးခါးတော့ မရောက်ဘူးသေးဘူး .. ခရီးထွက်ချင်တယ် ...... (အကျယ်ကြီး အော်ပါတယ် .. :P)






























အလောင်းတော် ကဿပကို ဖေကြီးမေကြီးတို့ ကျန်ခဲ့တဲ့ ဧပရယ်လ သင်္ကြန်တုန်းက သွားခဲ့တာပါ .. ၃သိန်းလောက် ကုန်တယ်သိရပါတယ် .. အပေါ်က ပုံတွေကတော့ ခရီးတလျှောက်က ပုံတွေပါ .. လူကြီးတွေ ပြောအရ မေမြို့ကိုလည်း ရောက်တယ်တဲ့ .. ဆင်တွေ စီးရတဲ့ တောလမ်းခရီးမှာ ဆင်စီးခဲ့လား မေးတော့ ဆင်စီးချင်ရင် တော်တော်ကြာကြာစောင့်ရမှာမို့ မစီးခဲ့ဘူးပြောပါတယ် .. (ဆင်လည်းစီးချင်တယ် .. ငယ်ငယ်တုန်းက တိရစ္ဆာန်ရုံမှာ ၁ခါပဲ စီးဖူးတယ် ..)

မိုးခါးတို့က ခရီးဆိုရင် ဖုန်ပဲ ထူထူ တောပဲ ထူထူ ဘယ်ကိုဖြစ်ဖြစ် ခရီးတိုတို ရှည်ရှည် သွားချင်နေတာပါပဲ .. ခုလည်းပဲ မြန်မာနိုင်ငံက ဒေသတွေကို သတိရရင်း ဆားလည်း ချက်ရင်း .. ရင်းး .. ရင်းး ..း))

စိတ်ချမ်းမြေ့ ပျော်ရွှင်ကြပါစေရှင် ..

Friday, October 14, 2011

စိတ်ဒဏ်ရာ

"သားကြီးရေ .. သားကြီး .. မီရေ သားကြီး ဘယ်ရောက်နေတာလဲကွာ .. ခေါ်လိုက်ပါဦး .. ကိုယ်သွားရမယ့် အချိန် နီးနေပြီ .."

"ကို့သားကြီး ခုနကတော့ ခြံထဲတွေ့တာပဲ .. ခဏလေး မီသွားကြည့်လိုက်ဦးမယ် .."

"ဝါးးးးး .."

"အမလေး သားရေ လန့်သွားတာပဲ .. ဘယ်တွေသွားနေတာတုန်း .."

"သား ကျောင်းဝန်းထဲက ဇီဇ၀ါပန်း သွားခူးနေတာ မေမေ .. ဖေဖေ့ဖို့ .. ရော့ ဖေဖေ .. ပြန်လာရင် သားဖို့ မုန့်နဲ့ အရုပ် ၀ယ်ခဲ့နော် .."

"ဟား .. ဟုတ်ပါပြီဗျာ .. ငါ့သားက ဘာအရုပ် လိုချင်တုန်း .."

"လေယာဉ်ပျံ .. ဖေဖေ ခုမောင်းမယ့် လေယာဉ်ကြီး သားလိုချင်တာ .."

"အမလေး အဖေတူသား .. ဟွန်း .." မေမေက ခပ်ပြုံးပြုံးနဲ့ သားအဖနှစ်ယောက်ကို မျက်စောင်းထိုးတယ် ..

"ဒါမှ ငါ့သားကွ .. သား ဖေဖေ့လို လေယာဉ်ပျံကြီး မောင်းချင်ရင် စာကို ကြိုးစားရမယ်နော် .. မေမေ့ကိုလည်း ဂရုစိုက် .. ညီလေးကိုလည်း ကူထိန်းပေးနော် .."

"ဟုတ် .."

"လိမ္မာလိုက်တဲ့ ငါ့သားကြီး .. ဖေဖေကြီးကို မွှေးမွှေးပေးပါဦး .."

ကျနော် စိတ်လိုလက်ရ မွှေးမွှေးပေးလိုက်တော့ ဖေဖေ့မျက်နှာ ပြုံးလို့ .. မေမေ့ကလည်း ပျော်လို့ .. ကျနော့်ညီလေးကတော့ ပုခက်ထဲမှာ အိပ်မောကျနေလေရဲ့ ..

"ကဲ .. ကိုသွားတော့မယ် .. အစစ ဂရုစိုက်နော် မီ .."

"ဟုတ်ကဲ့ပါ ကို .. စိတ်ချပါ .."

အဲဒီအချိန် မေမေ့မျက်နှာမှာ စိုးရိမ်စိတ်တချို့ ယှက်သန်းနေတာ ကျနော် ဂရုပြုမိပါတယ် .. ကျနော်လည်း ဖေဖေ့ကို စိတ်ပူတယ်လေ .. သားလည်း ဖေဖေနဲ့ လိုက်ချင်တယ်လို့ ပြောချင်တယ် .. ဒါပေမယ့် ကျနော်လိုက်ခွင့် မရှိမှန်းလည်း သိနေပါတယ် .. ဒါပေမယ့် ဖေဖေမောင်းတဲ့ လေယာဉ်ပျံကြီး ကျနော် အရမ်းစီးချင်တယ် ..

----------

ကျနော် အခု ကောင်းကင်ပေါ်က တိမ်တွေကို အနီးကပ်မြင်နေရတယ် .. လေယာဉ်ပေါ်မှာ ဖေဖေရယ် မေမေရယ် ကျနော်ရယ် .. ဖေဖေ့လေယာဉ်ကြီးက တိမ်တွေကို ၀င်တိုက်လိုက် .. တိမ်တွေက လေယာဉ်ကို ၀င်တိုက်လိုက်နဲ့ .. တိမ်တွေကို အနီးကပ်မြင်ရတာ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ် .. လေယာဉ်ပျံပေါ်ကနေ ဟိုးမြေပြင်ကို လှမ်းကြည့်ရင် အားလုံးက ပိစိကွေးလေးတွေ .. ကျနော် အရမ်းပျော်နေတယ် .. ဖေဖေရယ် မေမေရယ် ကျနော်ရယ် ..

ရုတ်တရက် ဖေဖေ ကျနော့်ကို ကြည့်တယ် .. ပြီးတော့ ဖေဖေ့မျက်လုံးတွေမှာ မျက်ရည်တွေလား .. ကျနော့်ခေါင်းကို တချက် သပ်တယ် .. ပြီးတော့ ..

"သား မေမေ့ကို ဂရုစိုက်နော် မေမေ့စကားနားထောင်ပြီး ညီလေးကိုလည်း ကူထိန်းပေးနော် .. ဖေဖေစိတ်ချမယ်နော်သား .. စာကိုလည်း ကြိုးစား .."

"ဟုတ် ဖေဖေ .."

ပြီးတော့ ဖေဖေ ခလုတ်တခုနှိပ်လိုက်တယ် .. ခလုတ်နှိပ်လိုက်တာနဲ့ ကျနော်တို့ စီးနေတဲ့ လေယာဉ်ကြီး နှစ်ခြမ်းကွဲသွားတယ် ..

"ဖေဖေ .. ဖေဖေ .. သားတို့ကို မခွဲသွားပါနဲ့ .. ဖေဖေ .. ဖေဖေ ......."

ဖေဖေ ကျနော့်ကို ကြည့်နေတယ် .. မျက်ဝန်းမှာ မျက်ရည်တွေလား .. နှုတ်ခမ်းတွေက  တခုခုပြောချင်နေတာလား ..

"ဖေဖေ သားကို ပြန်လာခေါ်ပါ .. ဖေဖေ ......... ဖေဖေ ........."

ဝုန်း ............

"ဖေဖေ .. ဖေဖေ .. ဖေဖေ ......"

ကျနော့မျက်စိရှေ့မှာ ဖေဖေရှိနေတဲ့ လေယာဉ်က တစစီ ပေါက်ကွဲထွက်သွားတယ် .. ကျနော် ဖေဖေ့ကို တစာစာအော်ခေါ်ရင်း မျက်ရည်တွေ ထိန်းမနိုင်သိမ်းမရ ကျလာတယ် .. ကျနော် အသက်ရှုကျပ်လာတယ် .. ကျနော့်ရင်ဘတ်ကို တယောက်ယောက်ဖိထားတယ် ..

"အား ......"

တဆတ်ဆတ်တုန်နေတဲ့ ရင်နဲ့ ကျနော့်တကိုယ်လုံး ချွေးတွေ ရွဲနစ်ပြီး နိုးထလာခဲ့တယ် ....

ဖေဖေ့ရဲ့ နောက်ဆုံးမှာစကားကို နားမှာကြားနေရင်း .. မျက်ရည်တွေ သွင်သွင်ကျရင်း ကျနော့်နှုတ်ခမ်းက စကားလုံးတခု ထွက်ကျလာခဲ့တယ် .. "ဖေဖေ .."

ခုလိုမောဟိုက်ပြီး နိုးထလာတဲ့ မနက်ခင်းပေါင်းများစွာကို ကျနော် အလွန်မုန်းတီးလှပါတယ် .. ဖေဖေဆုံးပါးပြီးနောက်ပိုင်း ကျနော့အခု အသက် ၂၀အထိ ခုလို ဆိုးဝါးလှတဲ့ အိပ်မက်ဆိုးပေါင်းများစွာကို ပိုင်ဆိုင်ခဲ့တယ် .. နောက်ဆုံးမှာ ဖေဖေက တနည်းနည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ် .. နောက်ဆုံးတော့ ကျနော်တို့ပဲ ကျန်ခဲ့တယ် ဖေဖေ ..

ခုတင်ဘေး ခုံပေါ်က ကျနော့ဒိုင်ယာယီလေးကို ဆွဲယူလိုက်တယ် .. ပြီးတော့ ကျနော် စာကြောင်းတွေ ချရေးလိုက်တယ် ..

ဖေဖေ

ဖေဖေခု ဟိုး ကောင်းကင်ပေါ်မှာလားဟင် .. သားတို့ကို မေ့နေပြီပေါ့နော် .. ဒါမှမဟုတ် ဖေဖေသားတို့ကို သတိရနေတုန်းလား .. ပြီးတော့ ဖေဖေတယောက်တည်းဆို ပျင်းနေမှာပဲနော် .. ဖေဖေ့ကို သနားလိုက်တာ .. ဖေဖေ တယောက်တည်းဆိုလည်း မကြောက်နဲ့နော် .. သား ခု ဆေးဖော်နေတယ် .. အဲဒီဆေးအောင်ရင် သား ဖေဖေဆီ လာတွေ့မယ် .. အဲဒီအခါကျ သားကို ဖေဖေမောင်းတဲ့လေယာဉ်ကြီး ပေးစီးပါနော် ..

ဖေဖေ့ကို အရမ်းချစ်တယ် .. အရမ်းလည်း သတိရတယ် .. ဖေဖေနေကောင်းပါစေ ..

ဒိုင်ယာရီစာအုပ်ကို ပိတ်လိုက်ပြီး နေရာတကျ ပြန်ထားလိုက်တယ် .. ပြီးတော့ ကုတင်အောက်မှာ ဖွက်ထားတဲ့ ဂမ္ဘီယစာအုပ်တအုပ်ကို ယူပြီး ဖတ်လက်စ စာကို ဆက်ဖတ်နေလိုက်တယ် .. ပြီးတော့ ကျနော့မှတ်စုစာအုပ်တအုပ်ကို ယူပြီး ဆေးနည်းတွေ လိုက်မှတ်လိုက်တယ် .. ကျနော့် စာအုပ်ထဲမှာ ဆေးနည်း ပုတီးစိပ်နည်း ဖိုထိုးနည်း အစုံပဲ ရှိတယ် .. ကျနော်ရဲ့ ဆေးအောင်ရင် ကျနော့ ဖေဖေကို ခဏဖြစ်ဖြစ် တွေ့ရမယ် .. အတွေးထဲမှာတင် ကျနော် တက်ကြွလာတယ် .. ဒါပေမယ့် ဆေးဖော်ဖို့က ပစ္စည်းတွေလည်း အများကြီးလိုသေးတယ် .. မေမေမသိအောင်လည်း လုပ်ရသေးတယ် ..

မေမေ .. မေမေနဲ့ မတွေ့တာတောင် ကြာနေခဲ့ပြီ .. မေမေ အဆင်မှပြေရဲ့လား .. မေမေ့ကို သတိရတာနဲ့ မေမေ့ဘေးက အရက်သမားလူကြီးကိုပါ မြင်ယောင်လာခဲ့တယ် .. ဒီလူကြီး မေမေ့ကို နှိပ်စက်နေသေးလား .. မေမေ့ကိုလည်း သနားလိုက်တာ .. မေမေ့ဆီ သား အမြန်ပြန်လာမှာပါ .. ဒီကလူတွေ မသိအောင် သားထွက်လာခဲ့မယ် .. သား ဒီက လွတ်တာနဲ့ မေမေ့ကို လာခေါ်မယ် .. ပြီးရင် ဖေဖေရှိတဲ့နေရာကို သားရယ် မေမေရယ် ညီလေးရယ် လိုက်သွားမယ် .. မေမေ စိတ်မပူနဲ့နော် ..

ကျနော့ ပစ္စည်းတွေကို အနားမှာရှိတဲ့ အိတ်တခုတည်း စုပြုံထည့်လိုက်တယ် .. တံခါးပေါက်ကို သွားချောင်းကြည့်တော့ အစောင့်တွေ ဟိုဘက်ဒီဘက်လျှောက်နေတယ် ..

ကလင် .. ကလင် ..

ဘဲလ်သံနဲ့ အတူ ကျနော့ အခန်းတံခါးပွင့်သွားတယ် .. ကြည့်လိုက်တော့ လက်ထဲမှာ ဗန်းကို ကိုင်ရင်း လူတယောက်ဝင်လာတယ် .. ပြီးတော့ အသံချိုချိုနဲ့ ..

"သားရေ .. ဆေးသောက်ချိန်ရောက်ပြီ .. အိုး သားက လက်ထဲမှာ အိတ်ကြီးနဲ့ ဘယ်သွားမလို့လဲ .. အန်တီကို ပြောလေ .. အန်တီလည်း လိုက်ချင်တာပေါ့ .."

ကျနော် မသင်္ကာစွာနဲ့ ကြည့်ရင်း ..

"အန်တီက တကယ်လိုက်ချင်လို့လား .. သားက ဖေဖေမောင်းတဲ့ လေယာဉ်ကြီး သွားစီးမှာ .. မေမေနဲ့ ညီလေးကိုလည်း သွားခေါ်ရဦးမယ် .. အန်တီလိုက်ချင်ရင် မေမေ့ကို အရင်မေးပေးမယ် .. မေမေက လိုက်ဆို အန်တီလိုက်ခဲ့လေ .."

"တကယ်နော် သား .. ဒါဆို သားက ခရီးထွက်မှာပေါ့ .. ခရီးထွက်မယ်ဆို သားအားရှိဖို့ လိုတယ်သားရဲ့ .. ဗိုက်မဆာဘူးလား .. ဒီမှာ အန်တီ ထမင်းနဲ့ဟင်း ယူလာတယ် .. ပြီးရင် အားရှိအောင် ဒီဆေးလေးသောက် .. သား အားရှိပြီဆို အန်တီတို့ တူတူ သွားမယ် .. ဟုတ်ပြီလား .."

"ဟုတ် .."

ကျနော် ပျော်သွားတယ် .. ထမင်းနဲ့ဟင်းကို အားရပါးရစားပြီး ဆေးတွေလည်း ကျနော် သောက်လိုက်တယ် .. အန်တီကို ကြည့်လိုက်တော့ အန်တီမျက်ဝန်းတွေက မေမေ့လိုပဲ ကြင်နာမှုတွေနဲ့ ပြည့်နေတယ် ..

"စားကောင်းလား သား .. စားပြီးရင် ခဏအိပ်လိုက်ဦးနော် .. နောက် နဲနဲကြာရင် အန်တီ ထပ်လာခဲ့မယ် .. ဟုတ်လား .."

"ဟုတ် .."

ကျနော် ပြောရင်း အိပ်ရာပေါ်လှဲလိုက်တယ် .. လှဲနေရင်းပဲ ကျနော် ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားခဲ့တယ် .. အန်တီက ပစ္စည်းတွေသိမ်းပြီး ထွက်သွားတဲ့ ခြေသံကို မပီမပြင် ကြားနေရတယ် .. ပြီးတော့ တံခါးပိတ်သံ တိုးတိုး ..

----------

ကျမ တာဝန်ကျနေတဲ့ စိတ်ရောဂါကု ဆေးရုံမှာ သနားစရာ ကောင်းတဲ့ ကလေးတယောက်ရှိနေတယ် .. သူသိပ်လေးစား ချင်ခင်ရတဲ့ ဖခင်ဟာ တိုက်လေယာဉ်မောင်းတဲ့ ဗိုလ်ကြီးတယောက်ဖြစ်တယ် .. သူမူလတန်းအရွယ်မှာပဲ သူ့ရဲ့ ဖခင်ဟာ ဒဏ်ရာရ ရဲဘော်တွေကို သွားကယ်ဖို့ လေယာဉ်နဲ့ ထွက်လာရင်း တဖက်က ရန်သူတွေရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့တယ် .. ကလေးဟာ အဲဒီအချိန်တည်းက ဖခင်ပြန်အလာကို မျှော်လင့်ရင်း စောင့်စားနေခဲ့တယ် .. အိမ်ထောင်ရေး ကံမကောင်းတဲ့ မုဆိုးမ မိခင်ရဲ့ နောက်အိမ်ထောင်ကလည်း အဆင်မပြေဖြစ်ခဲ့တယ် .. စိတ်ဒဏ်ရာတွေနဲ့ ကလေးဟာ တဖြည်းဖြည်းကြီးပြင်းလာရင်း တက္ကသိုလ် ၀င်တန်းကို အောင်မြင်ခဲ့တယ် .. သူအဖြစ်ချင်ဆုံးကတော့ စစ်ဗိုလ်ကြီးတယောက်အဖြစ်ပဲ .. ကံဝဋ်ကြွေးကြောင့် ကံမကောင်းခဲ့သူကလေးဟာ ဗိုလ်ဝင်ခွင့်မှာလည်း ကျဆုံးခဲ့တယ် .. သူ့ရဲ့ မျှော်လင့်ချက်အိပ်မက်တွေ အားလုံးပြိုပျက်သွားချိန်မှာတော့ ..

သူလေးရဲ့ စိတ်တွေ အမြန်ဆုံး ပုံမှန်ဖြစ်လာဖို့ ကျမတို့ ကြိုးစားနေခဲ့တယ် .. ကလေးရယ် .. အမြန်ဆုံး ငြိမ်းချမ်းမှု တွေ့ပါစေကွယ် ..

Friday, October 7, 2011

ဟိုရောက် ဒီရောက် (၇)

တရက် .. ကျမတို့ ကုမ္ပဏီကနေ NTU က Fair တခုမှာ ဝင်ရောက်ပြသဖို့ ဖြစ်လာပါတယ် .. အဲဒီပွဲလုပ်မယ့်ရက် မတိုင်ခင်မှာ ကိုယ့်ရဲ့ နေရာထိုင်ခင်းကို ပြင်ဆင်ဖို့ တခြားလူတွေနဲ့ အတူ NTU ကျောင်းကို ရောက်ခဲ့ပါတယ် .. ရုံးမှာ အချိန်ပိုင်း လာလာလုပ်တဲ့ ကောင်လေးက အခု NTU မှာ ကျောင်းဆက်တက်နေပါတယ် .. သူကလဲ Fair ပွဲအတွက် လာကူရင်း အပြန်မှာ သူနေတဲ့အဆောင်ကို သူဌေးရဲ့ ညီက လိုက်ကြည့်မယ်ဖြစ်တာနဲ့ ကိုယ်လဲ ကန့်လန့် ကန့်လန့် ပါသွားတယ် ဆိုပါတော့ ..

အစကတော့ အပေါ်ထိလိုက်တက်ကြည့်မယ် စိတ်မကူးပါဘူး .. ယောင်္ကျားလေးဆောင်လဲ ဖြစ်နေတာကိုး .. ဒါပေမယ့် မိန်းကလေးတက်လို့ရတယ် ဘာညာပြောတာနဲ့ ကားထဲ ထိုင်စောင့်ရမယ့် အတူတူ မထူးပါဘူးဆိုပြီး ပါသွားပြန်ပါတယ် .. မသွားခင်မှာ ရုံးကလူတွေကလည်း ညွှန်းတာကိုး .. အဲ့ကောင်လေးနေတဲ့အခန်းက ကွန်ဒိုလိုပဲ ဘာညာဆိုတော့ စလုံးက အဆောင်ခန်းတွေ ဘယ်လိုနေတယ်ဆိုတာ စပ်စုချင်စိတ်ကလည်း ပေါက်လာတယ်လေ ..

ကျောင်းသား/သူတွေအတွက် သေသေချာချာ စနစ်တကျ သပ်သပ်ရပ်ရပ် ရှိလှပါတယ် .. ကျောင်းသား ကျောင်းသူ အဆောင်တွေက ကပ်ရပ်ပါ .. ခွဲထားခြားထားတာတွေလည်း မရှိပါဘူး .. ကိုယ်ကတော့ ထင်တာပေါ့ .. ယောင်္ကျားလေးဆောင်ဆို မိန်းကလေး ၀င်လို့ မရလောက်ဘူးလို့ .. ဒါပေမယ့် ရတယ်လို့ ပြောပါတယ် ..

အဆောင်ရှိရာ အခန်းကို သွားချင်ရင် ကိုယ်ပိုင်ကဒ်လေးနဲ့ ဖြတ်ပြီး ၀င်ရပါတယ် .. အဆောင်က ၂ယောက် တခန်းပါ .. တော်တော်လေးကျယ်ဝန်းပါတယ် .. အိပ်ရာ ၂ခုကြားထဲမှာ အကာထားထားပြီး စာကြည့်စားပွဲ ဗီဒို စတာတွေနဲ့ ၂ယောက် လွတ်လွတ်လပ်လပ် နေနိုင်ပါတယ် .. ယောင်္ကျားလေးအခန်းဆိုတော့ ဓါတ်ပုံရိုက် မှတ်တမ်း မတင်ခဲ့တော့ပါဘူး .. :D အခန်း ၀င်ဝင်ချင်း အပြင်မှာ ဖိနပ်ထားဖို့ စင်က နံရံကပ်ပြီး ရိုက်ထားပြီးသားပါ .. အဲကွန်းလဲ ပါပြီးသားပါ .. ဒါကြောင့် ကွန်ဒိုလို့ ပြောတာထင်ပါရဲ့ .. ;) အခန်းခက ၃၀၀ အပြီးအစီးလို့ ပြောပါတယ် .. နိုင်ငံတော်ရဲ့ စေတနာပေါ့လေ .. :D

 ကျောင်းသား တွေအတွက် တီဗီထားထားတဲ့ အခန်းကျယ်၊ စားစရာသောက်စရာ လုပ်စားနိုင်ဖို့ မီးဖိုခန်း၊ အဆောင်ရဲ့ အနီးမှာတော့ Food Court ရှိပါတယ် .. အဆောင်က ၆ထပ်ဆောင်ပါ ..

 နားနေဆောင်
  ယောင်္ကျားလေးဆောင် မိန်းကလေးဆောင် ကူးတဲ့ တံတား
မီးဖိုချောင်
ကျောင်းသား/သူများ နေထိုင်ရာ အဆောင်
ကျောင်းသား/သူများ နေထိုင်ရာ အဆောင်(တဖက်ခြမ်း)
 အဆောင်မျက်နှာစာ
အဆောင်အနီးမှ Food Court 

အဲဒီအဆောင်နဲ့ ကျောင်းကို ရောက်သွားတဲ့အချိန်မှာ ကျမစိတ်ထဲ ဖြစ်မိတာက ငါတို့ နိုင်ငံက ကျောင်းတွေ အဆောင်တွေသာ အဲလို သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျရှိရင် သိပ်ကောင်းမှာပါပဲ ပေါ့ .. ဖြစ်လာမှာပေါ့လေ တချိန်ချိန်ပေါ့ ..း)

ခေတ်မှီဖွင့်ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို ချီတက်နေပြီပဲ .. ;)

Friday, September 30, 2011

အိပ်မက်တောင်းသူ

မနက်ခင်းအတွက် ကဗျာ လှလှ တပုဒ် ရေးချင်တယ် ..

မနက်ဦးမှာ ရာသီဥတု ကြည်ကြည်လင်လင်နဲ့ မြက်ခင်းစိမ်းစိမ်း ကောင်းကင်ပြာပြာ ကျမတို့ အိမ်ခေါင်မိုးလေးတွေက ပန်းရောင် ထနေမယ် .. သစ်လွင်တောက်ပလို့ စိမ်းစိုလန်းဆန်းလို့ .. ပြူတင်းတံခါးဖွင့်တာနဲ့ မြေနံ့သင်းသင်း မိုးနံ့ရောရင်းရတယ် .. မိုးရနံ့နဲ့ နိုးထတဲ့မနက် စိတ်တွေ ဘယ်လောက် လတ်ဆတ်လိုက်မလဲ .. ဘေးအိမ်တွေက မြက်ရိတ်သံတွေ ကလေးတွေ စီစီညံနှိုးနေသံတွေ ဒါတွေဟာလည်း မနက်ခင်းရဲ့ သင်္ကေတ ..

မနက်အလင်းနေရောင်ခြည်ကို တေးသံသာသာနဲ့ ငှက်လေးတွေက ကြိုတယ် .. သူတို့လည်း အချင်းချင်း မနိုးသေးတဲ့သူတွေကို နှိုးနေတာ နေမယ် .. ဒါမှမဟုတ် သီချင်းတွေ သံပြိုင်ဆိုနေသလားပဲ .. သူတို့တွေ ပျံသန်းလိုက် ရပ်လိုက် နားလိုက် အစာကျွေးမယ့်သူကို စောင့်လိုက် စားလိုက် .. ငြိမ်းငြိမ်းချမ်းချမ်းပဲ .. သစ်ပင်အုပ်အုပ်ကြီးနဲ့ ကမ္ဘာမြေပြင်ကြီးက ပြုံးလို့ သူတို့ရဲ့ ရင်သွေးတွေကို အမြတ်တနိုးကြည့်နေတယ် .. ဒါတွေဟာ သာယာလှပခြင်းရဲ့ သင်္ကေတ ..

အိမ်တိုင်း အိမ်တိုင်း မနက်စာတွေကို အလျှံအပယ်နဲ့ ၀၀လင်လင်စား .. မိသားစုတခုလုံးဟာ ထမင်းဝိုင်းမှာ စုံစုံညီညီရောက်နေကြတယ် .. ကလေးတွေရဲ့ အသံစာစာနဲ့ မုန့်တောင်းသံ ဂျီကျသံ မိဘတွေရဲ့ ချစ်ခင်နှစ်လိုမှု ပြွန်းတဲ့ မေတ္တာသံတွေနဲ့ မနက်ခင်းဟာ အသက်ဝင်နေတယ် .. မိဘတွေက သားသမီးကို ဆူလိုက် ငေါက်လိုက် ချော့လိုက် ခြောက်လိုက် အဖိုး အဖွားတွေကတော့ ပြုံးလို့ တစုစု တရုံးရုံး မနက်ခင်း ထမင်းဝိုင်းလေး စည်ကားနေမယ် ..

မနက်ခင်းတိုင်းမှာ တရားမျှတမှုတွေ ကြီးစိုးလို့ ကိုယ်ချင်းစာမှုတွေ အုပ်မိုးလို့ မေတ္တာတွေနဲ့ ထုံလွှမ်းထားတယ် .. ဘာများ လိုအပ်သေးလဲ .. မေတ္တာအပြည့်နဲ့ အိမ်လေးမှာ အချင်းချင်း မေတ္တာရှိကြသူတွေ နေထိုင်ကြတယ် .. အပြန်အလှန် မေတ္တာထားလို့ လောကကြီးက လှပနေတယ် .. တဦး အပေါ် တဦး ကူညီဖေးမမှုတွေ စောင့်ရှောက်မှုတွေနဲ့ လူတိုင်းရင်ထဲ ဗြဟ္မစိုရ်တရား ကိုယ်စီကိန်းလို့ ..

ကျမတို့ တိုင်းပြည်မှာ စစ်တွေ မရှိတော့ဘူး .. နိုင့်ထက်စီးနင်းမှုတွေ မရှိတော့ဘူး .. ဖိနှိပ်အနိုင်ကျင့်မှုတွေ မရှိတော့ဘူး .. မတရားမှုတွေ မရှိတော့ဘူး ..

အဲဒီတိုင်းပြည်လေး .. ကျမရဲ့ တိုင်းပြည်လေး .. ကျမရဲ့ အိပ်မက် တိုင်းပြည်လေးထဲမှာ .. ကျမရဲ့ မျှော်လင့်ချက် တိုင်းပြည်လေးထဲမှာ ..

ဖြစ်နိုင်ရင် ဒီအိပ်မက်ကို ကျမ မိုးလင်းခါနီးအချိန်မှာ မက်ချင်ပါတယ် .. ကျမရဲ့ အစွဲအလန်းတခုက အဲဒီအချိန်မက်တဲ့ အိပ်မက်ဟာ အပြင်မှာ လက်တွေ့ မကြာမတင် ရောက်လာလိမ့်မယ် တဲ့ ..

မနက်ခင်းလှလှတခုကို ကဗျာအဖြစ် ဖွဲ့သီချင်ခဲ့တယ် .. ဒါပေမယ့် စိတ်ကူးက အိပ်မက်လှလှတခုအဖြစ် အသွင်ပြောင်းသွားခဲ့တယ် .. 

Thursday, September 22, 2011

မျှော်လင့်ချက်မြစ်


ကျမတို့ မြန်မာနိုင်ငံသားတွေမှာ ချစ်ခင်စရာတွေ မြတ်နိုးစရာတွေ သိပ်ပေါတယ်ဆိုတဲ့အကြောင်း သိခဲ့တာ သိပ်မကြာသေးပါဘူး .. ကျမရဲ့ ရင်တွင်းမှာ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့စိတ် ရှိနေသေးပါလားလို့လည်း အတိအကျ သိလိုက်ရတာ မကြာသေးခင် အချိန်ကမှပါ .. ကိုယ်စီ အလုပ်တာဝန်တွေ လူမှုတာဝန်တွေကြားမှာ လည်ပတ်နေရင်းနဲ့ ဘ၀ဆိုတာကို ပုံသေကားချပ် ဖြတ်သန်းခဲ့တာ ခုဆို နှစ် အနည်းငယ် ကြာလာခဲ့ပါပြီ .. ပုံသေလည်ပတ်နေတဲ့ အချိန်အတွင်းမှာပဲ ကိုယ့်မြေ ကိုယ့်ရေပေါ်က အဖြစ်အပျက်တွေ ဆုံးရှုံးမှုတွေ မြင်ရ ကြားရတဲ့ အခါမျိုးမှာ ကိုယ်ချင်းစာစိတ် သနားစိတ်နဲ့ နိုင်သလောက် အကူအညီ နဲနဲပါးပါးလောက်ပဲ ပေးနိုင်ခဲ့ပါတယ် .. ဒါဟာ လူလူချင်း ကိုယ်ချင်းစာစိတ် လို့ ပြောနိုင်မယ် ထင်ပါတယ် .. အထူးသဖြင့် ကိုယ့်လူမျိုးတွေ ဒုက္ခရောက်တဲ့အခါ ပုံတွေကို မြင်လိုက်ရတဲ့ အခါတိုင်းမှာ ဆက်မမြင်ရဲတော့လောက်အောင် စိုးရိမ်ကြောက်လန့် ခဲ့ဘူးပါတယ် .. ရင်ထဲမှာ နင့်နေအောင် ခံစားခဲ့ရ ဘူးပါတယ် .. ဥပမာအားဖြင့် နာဂစ် နဲ့ ခုနောက်ပိုင်း ရေကြီးချိန်တွေမှာ ရိုက်ထားတဲ့ ပုံတွေပါပဲ .. အဲဒီအချိန်ထိ ကျမက ကိုယ့်တိုင်းပြည်ကို ကိုယ့်မြေ ကိုယ့်ရေကို ချစ်တတ်တဲ့စိတ်ရှိမှန်း မသိခဲ့သေးပါဘူး ..

ဧရာဝတီလို့ စလိုက်တာနဲ့ ရောဂါကူးစက်ခံရသူလို့ သတ်မှတ်ချင်ရင် ကျမဟာ ရောဂါကူးစက်ခံရသူပါပဲ .. ဘာလို့လဲ .. ကျမတိုင်းပြည်ရဲ့ တန်ဖိုးရှိတဲ့ မြစ်တစင်းမို့လို့ပါ .. တခြားနှမြောတာတွေလည်း အများ ကြီးပေါ့ .. နှမြောရတယ်ဆိုတည်းက တန်ဖိုးရှိနေလို့ တန်ဖိုးသိနေလို့ပါ .. တောင်တွေ ကတုံးဖြစ်သွားတာ အထင်ကရ ဘုရားပုထိုးတွေ ဖျက်ဆီးခံရတာ လယ်မြေတွေ ပျက်စီးတာက စလို့ ကျမတို့ကို အုပ်မိုးထားတဲ့ ကောင်းကင်ကြီး မကြည်လင်တော့မှာတွေကိုပါ တွေးပြီး ခုနောက်ပိုင်း ပိုလို့ နှမြောတတ် လာပါတယ် .. ဒါပေမယ့် ကျမတို့က မြန်မာပြည်ကိုပြန်ချင်သေးတဲ့လူတွေဖြစ်လို့ များသောအားဖြင့် ကိစ္စတွေမှာ ကျမ ကြောက်ကြောက်နဲ့ နှာစေးနေပါတယ် .. ခုတော့ မီဒီယာတွေ လွတ်လပ်တာနဲ့ အုပ်ချုပ်သူအပြောင်းအလဲတွေကြောင့် ကောင်းတဲ့ဘက်ဦးတည်နေပြီလို့ ထင်မိပြီး အပြောလဲ နဲနဲ ရဲလာတယ် ဆိုပါတော့လေ .. ကျမဟာ ဧရာဝတီကို ပျက်စီးအောင် ပြုလုပ်ဖို့ ကြံနေသူတွေ လက်ရှိ ပြုလုပ်နေသူတွေနဲ့ ပြုလုပ်နေမှုတွေကို ကန့်ကွက်ပါတယ် .. ဒါ တိုင်းပြည်ရဲ့ တန်ဖိုးရှိတဲ့ ကျန်ရှိ နေသေးသော အရာတွေအပေါ် တဖက်တလမ်းက စောင့်ရှောက်ချင်စိတ်တခုတည်းကြောင့်ပါပဲ ..

ကျမတို့ ၀ိုင်းဝန်းကန့်ကွက်ကြတယ်ဆိုတော့ အကြောင်းပြချက်ရှိပြီပေါ့နော် .. အကြောင်းပြချက်တွေက သဘာဝတရားရဲ့ အမွေအနှစ်ဖြစ်လို့ .. တန်ဖိုးရှိတဲ့ သမိုင်းမှတ်တမ်း ထည်ဝါ ကြီးမားလို့ .. ကချင်ပြည်နယ်က ပြည်နယ်သားတွေရဲ့ နှလုံးသဲပွက်နေရာဖြစ်လို့ .. လှပတဲ့ အထင်ကရ နေရာဖြစ်လို့ .. မြစ်ကြီးကိုမှီခိုနေကြတဲ့ လုပ်သားတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုကို ထိခိုက်မှာ မို့လို့ စသည် စသည်ဖြင့်ပေါ့ .. လူများတွေ ဘယ်လိုပြောပြီး ပြောပြီး နှစ်ပေါင်းများစွာ တည်ရှိလာတဲ့ သမိုင်းမှတ်တိုင်ဖြစ်တဲ့ မရိုးနိုင်တဲ့ ဧရာဝတီ တမ်းချင်းကို ကျမ ထပ်ပြောပါလိမ့်ဦးမယ် .. သယံဇာတ ပေါများလှပါတယ်ဆိုတဲ့ မြန်မာပြည်ကြီးရဲ့ ပိုင်ဆိုင်မှုတွေလည်း ကုန်လုကုန်ခင် ဖြစ်နေပါပြီ .. တောတွေပြုန်း တောင်တွေပြို (ဖြို) ခု မြစ်ချောင်း အင်းအိုင်တွေကအစ တိမ်ကောလာနေပြီ .. ဒါဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့်ပါ .. ဥတုရာသီ တောကိုမှီ တဲ့ .. သစ်တောတွေမှာ ကပ်ထားတဲ့ ဆိုင်းဘုတ်ပါ .. ခုတော့ ဆိုင်းဘုတ်တင်ထားတဲ့ သစ်ပင်ပါ အခုတ်ခံရတဲ့ထဲ ပါပြီး ဆိုင်းဘုတ်ကပါ သဂြိုလ်ပြီးသား ဖြစ်ချင် ဖြစ်နေမှာ .. နောက် မြန်မာပြည် တပြည်လုံး ပျောက်သွားဖို့ပဲ ကျန်ပါတော့တယ် .. အရာဝတ္တုတိုင်းဟာ သက်တမ်း ရှိတယ် ဆိုရင်တောင် အချိန်မတိုင်ခင်တော့ မဆုံးရှုံးစေသင့်ပါဘူး .. ထိန်းသိမ်းရမယ့် တာဝန် အပြည့်အ၀ ရှိနေပါတယ် ..

ငယ်ငယ်က သင်ပုန်းကြီးဖတ်စာထဲမှာ သင်ရတယ် .. လယ်သမားကြီး ဦးသာအောင်တို့ .. ကိုဖိုးမောင် အလုပ်သမား စသည်ဖြင့် .. ပုံထဲမှာလဲ လုပ်သားကြီးတွေက မျက်နှာတွေပြုံးလို့ တိုင်းပြည်အတွက် တတပ်တအား တာဝန်တွေ ထမ်းနေကြတယ် .. မိဘတွေကလည်း သင်တယ် .. ထမင်းစားလို့ မကုန်ရင်တောင် လယ်သမားကြီးတွေက ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်ပြီး ဒီဆန်တွေဖြစ်လာအောင် လုပ်ရတာ သမီး ရဲ့ စသည်ဖြင့် .. ဟုတ်ပါတယ် .. ဆန်တစေ့ဖြစ်ဖို့ အရင်းနှီးတွေကို သိလာအောင် ပင်ပင်ပန်းပန်းလုပ်ထားရတဲ့ လုပ်အားတွေကို နားလည်လာအောင် မိဘနဲ့ ဆရာများက သင်ကြားပေးခဲ့ပါတယ် .. အဲဒီအချိန်တုန်းက သိနားလည်ခဲ့တာက သြော် လယ်သမား အလုပ်သမားကြီးတွေ နေပူကျဲကျဲမှာ နွားတွေနဲ့ ထွန်ယက်စိုက်ပျိုး သိပ်ပင်ပန်းရှာမှာ လို့ပေါ့ .. ခုလက်တွေ့မှာ သိလိုက်ရတာကတော့ လယ်သမားကြီးတွေဟာ ပင်ပန်းနေရုံမက ဆင်းရဲဒုက္ခ ရောက်နေကြပါတယ် .. ကိုယ်ထွန်ယက်စိုက်ပျိုးထားတဲ့ လယ်မြေရဲ့ အသီးအပွင့်ကို သူတို့ မခံစားရပဲ မတန်တဆနဲ့ အနိုင်ကျင့် နှိပ်ကွပ်ခံနေရပါတယ် .. တချို့ လယ်ပိုင်ယာပိုင်တွေဟာ ခု လယ်မဲ့ ယာမဲ့တွေ ဖြစ်လို့ .. ဒါတွေဟာ ဘယ်သူ့တာဝန်တွေလဲ .. ဘယ်သူတွေ တာဝန်ယူ ဖြေရှင်းပေးသင့်သလဲ .. ခုတော့ ဖြေရှင်းဖို့ မစဉ်းစားတဲ့အပြင် ထမင်းအိုးကိုပါ ခွဲဖို့ကြံနေတာကတော့ အတော်လေး အရုပ်ဆိုးလွန်းပါတယ် .. ရှက်ဖို့လည်း ကောင်းပါတယ် .. ညံ့လွန်းရာကျပါတယ် .. အစတုန်းက ပညာရှိများ သတိမမူမိလို့ဆိုရင်လည်း ခု ပညာရှင်တွေ ထောက်ပြတဲ့ အချက်တွေကို သေချာ လေ့လာ သုံးသပ်ပြီးမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်ရပါမယ် .. 

ကျမတို့ အကုန်လုံးက သူများအော်လို့ လိုက်ယောင်ပြီး အော်နေကြတာမဟုတ်ပါဘူး .. ပေါ်ပြူလာဖြစ်အောင်လို့လည်း သူများလုပ်လို့ လိုက်လုပ်နေတာမဟုတ်ဘူး .. လုပ်သင့်တယ်ထင်ပြီး လုပ်လည်းလုပ်နိုင်တဲ့ အနေအထားဖြစ်တာက တကြောင်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိသင့်တယ် ထင်တာကြောင့် တဖက်တလမ်းကနေ နိုင်ရာ တာဝန် ထမ်းနေကြတာပါ .. ကိုယ်စီခံစားချက် ခံပြင်းချက်တွေနဲ့ အောင့်အီးသည်းခံခဲ့သမျှတွေကို ဖွင့်ဟ အော်ငြီးနေကြတာပါ .. (မီဒီယာလွတ်လပ်ခွင့်ရ သွားလို့ အသံတွေ ပိုကျယ်လာတာလည်း ပါတာပေါ့လေ ..) ကိုယ့်ရဲ့နေအိမ်ကို တခြားသူတယောက်က သိမ်းပိုက်မယ်ဆိုရင် ကိုယ့်ဘက်ကလည်း ပြန်လည်ရယူခြင်းငှာ မစွမ်းသာဘူးဆိုရင် လက်မှိုင်ချ ကြည့်နေရုံမှ တပါး နှမြောတသနေရုံမှတပါး တုန့်ပြန်ဖို့ မတတ်နိုင်ဘူးပေါ့ .. ဒါက ခွန်အားချင်းမမျှလို့ အလျော့ပေးလိုက်ရတာပါ .. တကယ်က အဲ့ဒီလူရဲ့ စိတ်ထဲမှာ ကျေနပ်နေမှာတော့ မဟုတ်ပါဘူး .. အပြန်အလှန်လေး တွေးကြည့်ပါ .. ကိုယ်က အနိုင်ကျင့်ခံရတဲ့သူနေရာမှာဆိုရင် .. ဘယ်လောက်ကြေကွဲဖို့ ကောင်းလိုက်ပါသလဲ .. မကြုံရဘူးလို့တော့ မထင်လိုက်ပါနဲ့ .. ဗုဒ္ဓဘာသာဝင်ဆိုရင် ကံကံရဲ့အကျိုးကို ယုံကြည်ရပါမယ် .. ကိုယ်ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ် အကျိုးပေးချိန်ဆိုတာ တနေ့ ရောက်လာပါလိမ့်မယ် .. သူများတကာ ဆုံးရှုံးပြီးမှ ကိုယ်ရတာမျိုး သူများတကာ မျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ကိုယ့်ခါးလှတာမျိုးနဲ့တော့ မကျေနပ်ချင်ပါနဲ့ .. သက်ဆိုင်သူ တာဝန်ရှိသူများကို ဥာဏ်ပညာကြီးကြီးနဲ့ ရေရှည်ကို တွေးတတ်စေချင်ပါတယ် .. သူများတကာ နိုင်ငံတွေများ သဘာဝအလှအပ ရှားပါးလို့ ထိန်းသိမ်းလိုက်ရတာ .. အစစ်အမှန် မရှိလို့ အတုတွေကိုပဲ အစစ်လုပ် နေနေကြရတာ .. ကိုယ်တွေတိုင်းပြည်မှာတော့ ပေါများနေလို့များလားလို့ မလိုတမာနဲ့ တွေးတောရင်း .. ဧရာဝတီမြစ်ကြီး အရှည် တည်တံ့ပါစေကြောင်း မျှော်လင့် တောင့်တရင်း ..

Sunday, September 11, 2011

အဆုံးမသတ်ခင်


ဘဝ
ဒီလိုပဲ
လောကဓံရဲ့ အထုအထောင်းနဲ့
ဘ၀ဟာ သက်ဝင်လာခဲ့တယ် ...။

လောကဓံ
အပူရယ် အအေးရယ်
ခြောက်သွေ့ခြင်း စိုထိုင်းခြင်း
တဖက်စီ အစွန်းရောက်ရင်းကပဲ ...။

အချစ်
မခေါ်ပဲလဲ လာတယ်
အေးအေးမြမြတိုက်စားသွားတယ် ...။

ဒဏ်ရာ
ဘယ်သူကမှ ပေးခဲ့တာမဟုတ်ဘူး
ကိုယ့်ဒေါသနဲ့ ကိုယ် ခံယူရင်း ခံစားရင်း ...။

သင်္ခါရ
နုပျိုရာက ဟောင်းနွမ်းလာတယ်
ပစ္စုပ္ပါန်မှာ အိုမင်းရွေ့လျားရင်း ...။

စာကြွင်း - LIBRATUN က ပုံလေးပေးလာပြီး စာတူတူရေးရအောင်ဆိုလို့ ရေးဖြစ်ပါတယ် .. တခြား တူတူရေးထားတဲ့သူတွေကတော့ .. LIBRATUN ၊ မသက်ဝေ ၊ အင်ကြင်း ၊ မွန် တို့ ဖြစ်ပါတယ် .. မိုးခါး တင်တာတော့ နောက်အကျဆုံးထင်ပါရဲ့ .. အားလုံးချိန်းထားတာ စနေနေ့ည ၁၁ နာရီတဲ့ .. သရဲကားနာမည်တော့ ဟုတ်ပါဘူး .. ဟီးး :P

Tuesday, September 6, 2011

အိပ်မက်သာ ဖြစ်လိုက်ပါ

ပြောစရာ စကားတွေ မရှိတာတော့ မဟုတ်ခဲ့ဘူး
ရင်ထဲ အပြည့်ပဲ ပြောချင်နေခဲ့တယ် ..။

ဆန္ဒတွေ မရှိနေခဲ့တာ မဟုတ်ဘူး
အင်အားတွေ မဲ့နေခဲ့တယ် ..။

မျှော်လင့်ချက်တွေ မထားတတ်တော့တာမဟုတ်ဘူး
ယုံကြည်ချက်တွေ ပျောက်ရှနေခဲ့တယ် ..။

ပြောချင်တာတွေများပေမယ့် စကားတွေ ပျောက်ဆုံးဆဲ
ဆန္ဒတွေ များပေမယ့် ခွန်အားတွေ ပျောက်ဆုံးဆဲ
လမ်းတွင်တွင်လျှောက်နေလဲ ပန်းတိုင်တွေ ပျောက်ဆုံးဆဲ

ပျောက်ဆုံးသွားတော့မယ့် အရာတွေရယ်
သင်္ခါရတရား ဘယ်လိုနှလုံးသွင်းပေမယ့်
ရင်ထဲတော့ နှမြောတသဆဲ ..။

ဒါ ငါတို့ရဲ့ ........
ဒါ ငါတို့ရဲ့ ........
ဒါ ငါတို့ရဲ့ ........

ငယ်တည်းက ရင်းနှီးခဲ့တယ် ..
တခါတုန်းကပေါ့ ..
ဟိုးအရင်တုန်းကလေ ..
ဖိုးဖိုးတို့ ဖွားဖွားတို့ ခေတ်တုန်းကဆို ..

အတိတ်တွေ အကြောင်း ဘယ်လောက် ကြားဖူးလဲ
ပစ္စုပ္ပါန်က အတိတ်နေရာ ရောက်သွား
ကိုယ်တွေက ဖိုးဖိုး ဖွားဖွားနေရာ ..။

မြေးတို့ရဲ့ .....
ဒီအဆောက်အဦးနေရာဟာလေ ဟို အရင်က .....
ဒီသောင်ပြင်ကြီးဟာလေ ဟို အရင်က .....
ဒီမြေပုံ နေရာကြီးဟာလေ ဟို အရင်က .....

အိပ်မက်က လန့်အနိုး
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..

ဒီလိုလေးပဲ အော်ဟစ်နေရုံ
ကြိုတွေးပူနေရုံ
လောင်မြိုက်နေနေရုံ

ဖြစ်နိုင်မယ်ဆိုရင်လေ
နောက်တချိန် ပုံပြင်ဖြစ်သွားမယ့်
ပစ္စုပ္ပါန် စစ်စစ်ကြီးတွေကို
မတွယ်တာ မချစ်ခင် မေ့ပြစ်လိုက်ချင်ပါရဲ့ ..


Tuesday, August 30, 2011

Blog Day!!

မင်္ဂလာပါရှန် ..

အာရုံတွေ စုစည်း မရလို့ပါလို့ အကြောင်းပြရကောင်းမလား .. ဒေါ့ကွန်းကြီးပျက်သွားလို့ပါလို့ ငြီးပြရ ကောင်းမလား .. ခံစားလို့ မရသေးလို့ပါလို့ ဆင်ခြေရှာရမလား .. အချိန်တွေ မအားလို့ အလုပ်တွေ သိပ်ရှုပ်နေလို့ပါလို့ အယူခံဝင်ရ ကောင်းမလား .. လား .. လား .. လား .. :P အဖြစ်သနစ်အမှန်ကတော့ တော်တော်လေးမကပဲ တော်တော်ကြီးကို အပျင်းတစ်လွန်းမက တစ်နေပါတယ် .. စာကြွေးတွေလည်း ထူလွန်းမကထူနေပါပြီ .. အကြောင်းအရာစဉ်းစားလိုက် ချမရေးတော့ မေ့လိုက် .. သတိရတာ ကောက်ခြစ်လိုက် ပို့စ် တို့လို့ တန်းလန်းတွေလည်း draft ထဲမှာ များလွန်းမက များနေပါပြီ .. ဘာတခုမှ သုံးစားလို့ရတဲ့ စာ ထွက် မလာသေးပါဘူး .. :D (အဲလိုပဲ ကိုယ့်ဖာဖာ ချီမွမ်းလိုက်ပါတယ် .. :P)

မိုးခါး ဘယ်ချိန်က ဘလော့ စရေးခဲ့လဲ .. အဲ .. ရက်စွဲတွေ မေ့နေတလိုလို .. ဘလော့ကိုရော ဘယ်ချိန်က စဖွင့်ခဲ့တာလဲ .. အဲ .. ခဏ ခဏ ပို့ အဟောင်းဆုံးတွေ ရှာကြည့်လိုက်ဦးမယ် .. :P

အချိန်ကာလ အားဖြင့် ၂၀၀၈ မတ်လ ၁ ရက်နေ့ .. အဲနေ့က စာ စရေးဖြစ်တာလား .. ဟုတ်ပါဘူး .. စလုံးစရောက်တယ် ပြောမလို့ .. :P

ဟုတ်ကဲ့ မျက်နှာပိုးသတ်ပြီး ပြောင်ချော်ချော်ဆက်ရေးပါတော့မယ် .. :P

ကဲပါလေ အတည်မဟုတ်တဲ့ မိုးခါး အတည်ပေါက် ရေးပါတော့မယ် ..း)

မိုးခါး ဘလော့နဲ့ပတ်သက်ပြီး နစ်ခ် နဲ့ ပတ်သက်ပြီးလည်း တခြားပို့စ်တွေမှာ ရေးဘူးပါသေးတယ် .. ခုတော့ ခေါင်းစဉ်ပြောင်းတော့ ဗားရှင်း ပြောင်းရေးရတာပေါ့နော် ..း)

မိုးခါး စလုံးကိုရောက်ပြီး အလုပ်မှာ အထိုင်ကျတော့ (အလုပ်စားပွဲပေါ်မှာ ကွန်ပျူတာ .. အဲ့ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ဘလော့ဂင်းတာကို မြင်ယောင်ကြပါကုန် ..) ဗညားရှိန်(တနည်း)လင်းခေတ်ဒီနို(တနည်း)ဆက်ပိုင်(တနည်း)သက်ခိုင် ဟူး မောပ .. အဲ့ကောင် အဲ့ကောင် .. သူမိတ်ဆက်ပေးလို့ စုဗူးကို စသိခဲ့ပါတယ် .. အဲဒါနဲ့ သူများစာရေးတာမြင်တော့ ကိုယ်လည်း တင်ချင်တာပေါ့နော် .. အဲလိုနဲ့ မနိုင်နိုင်း စာတွေ ကူးတင်ရင်း (လင့်ထည့်ပေးတယ်နော် .. ကွန်ပလိန်း မတက်နဲ့) မေသဲဆိုပြီး စာ စရေးဖြစ်ပါတယ် .. နောက်ပိုင်းတော့ စမ်းရေး စမ်းရေးရင်း ရေးဖြစ်လာပါတယ် .. စုဗူးမှာ သူငယ်ချင်းတွေ မိတ်ဆွေတွေရခဲ့သလို ပျော်လည်းပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေပါပဲ .. အဲဒီတုန်းက တယောက် စာအသစ်တက်ရင် တခါသွား အားပေး .. ကိုယ်လည်း တင်လိုက်တာနဲ့ လာအားပေးတဲ့ သူငယ်ချင်းတွေ များမှ များပါပဲ .. အဲဒီထဲက ခုချိန်ထိ ခင်မင်နေသေးသူတွေ စာရေးကောင်းလို့ အမှတ်ရနေမိသူတွေ ခင်မင်တယ်လို့ ထင်မိပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ကွဲကွာသွားသူတွေ အားလုံးကို သတိရနေမိပါတယ် .. တချို့လည်း အပြင်မှာ ကိုယ်တိုင် ကိုယ်ကျ ခင်ခွင့်ရသလို တချို့ကျတော့ ခုထိ အွန်လိုင်းမှာ အဆက်အသွယ် မပြတ် .. နာမည်တွေတော့ ချမရေးတော့ပါဘူး .. (စတေးရှောင်တာ .. ကျန်ခဲ့ရင် ထောင်းခံရမှာစိုးလို့ .. :P) ဒီလိုနဲ့ နောက်ပိုင်း နဲနဲကြာတော့ ကိုယ့်စာလေးတွေလဲ နဲနဲများလာတော့ ကိုယ်ပိုင်ဘလော့ လုပ်နည်းလေးလည်း သိလာတော့ ကိုယ့်အိမ်လေးနဲ့ ကိုယ် နေချင်စိတ်ဖြစ်ပြီး ဘလော့ စပေါ့လေး လုပ်ဖြစ်ပါတယ် .. အဲလို ကိုယ်ပိုင် စာမျက်နှာလေး ဖြစ်လာခဲ့ပါတယ် .. နာမည်ကိုလဲ မေသဲကို မကြိုက်တော့ပဲ မိုးခါးလို့ ပြောင်းဖြစ်ခဲ့ပါတယ် ..

ကျမတို့ စာ စရေးတဲ့ အချိန်က ဘလော့ လောကကြီးက အတော်ကို ပျော်စရာ ကောင်းခဲ့ပါတယ် .. စာရေးသူတွေ အရမ်းမများသေးသလို ဆိုရှယ်ဆိုက်တွေလည်း မပေါ်သေးပါဘူး .. တယောက်အိမ် တယောက်သွား ပြောကြ ဆိုကြ .. ဒီကနေ တဆင့် မေးလိပ်စာတွေပေးကြ .. ပိုမိုပြီး ခင်မင်လာကြ .. တယောက် အားငယ်ရင် တယောက်က အားပေးကြ .. တယောက် ပျော်ရင် အားလုံးက ၀ိုင်းပျော်ကြနဲ့ပါ .. (အမှန်တိုင်းပြောရရင်လည်း တခြား ဆိုရှယ်ဆိုက်တွေ ဘယ်လောက် များများ ဘလော့လေးလောက်ကို သံယောဇဉ်မဖြစ်မိပါဘူး ..) ဘလော့ကနေ ခင်မင်ရတဲ့ ခုထိလည်း ခင်မင်နေဆဲဖြစ်တဲ့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းအများစုဟာလဲ အရေးကြုံရင် နီးစပ်နေဆဲပဲလို့ ယုံကြည်နေပါသေးတယ် .. ကျမ ဘလော့လေးကတဆင့် ခင်မင်ခဲ့ရသူတွေ စလုံးမှာတင် တော်တော်များပါတယ် .. တချို့လည်း တခြားနေရာတွေ ရောက် .. တချို့လည်း ဘလော့မရေးဖြစ်တော့တဲ့ သူတွေ .. အားလုံးကိုလည်း အမှတ်ရနေမိပါတယ် .. ကျမရဲ့ ပထမဆုံး စလုံးက မွေးနေ့ပွဲဟာ ဘလော့ဂါတွေနဲ့ စတင်ခဲ့တာပါ .. နောက်နှစ်တွေလည်း (ခုထိ) အဲဒီ ဘလော့ဂါ သူငယ်ချင်းတွေနဲ့ပါပဲ .. မမေ့နိုင်တဲ့ ပြန်မရတော့တဲ့ ပွဲတွေများစွာကိုလဲ ကျမတို့ တူတူဖြတ်သန်းခဲ့ပါတယ် .. နေ့ပေါင်းများစွာ ညနေခင်းပေါင်းများစွာ သူငယ်ချင်း မိတ်ဆွေတွေ ၀င်လာတခါ ထွက်လာတလှည့်နဲ့ ရှိခဲ့တဲ့ အတိတ်တွေလည်း တနင့်တပိုးပါ .. အဲဒီတုန်းက ပုံတွေ ကြည့်မိရင် တကယ်ကိုပဲ လွမ်းဆွတ်ခံစားမိပါတယ် .. ဒါတွေဟာ ပြန်မရနိုင်တော့တဲ့ အတိတ် စစ်စစ်တွေပါ .. ဒီလိုလွမ်းဆွတ်စရာ အတိတ်တွေရှိခဲ့တာဟာ ကံကောင်းခြင်းလို့ ကျမ မှတ်ယူပါတယ် .. ဒီလိုပဲ နောက်လည်း ဆုံကြဦးမယ် .. ကွဲကြဦးမယ် .. သိထားရင် ကျမတို့ ဆုံတွေ့ချိန်မှာ ပျော်ရွှင်စွာ နေရင်း ခွဲခွာချိန်မှာလဲ ပြုံးပြုံးရွှင်ရွှင် လမ်းခွဲနှုတ်ဆက်နိုင်လိမ့်မယ် ထင်မိပါတယ် ..

အဲ .. ကျမရဲ့ တော့ပစ်ကတော့ လွဲနေပြီ ထင်ပါတယ် .. ဒါပေမယ့် စိတ်ထဲရှိတဲ့အတိုင်းပဲ ချရေးလိုက်ပါတယ် ..း)

အားလုံး ပြုံးရွှင်စွာ လမ်းခွဲနိုင်ပါစေ .. ဟန်ဆောင်ပြုံးတော့ မဖြစ်ပါစေနဲ့နော် ..း)

လှိုက်လှိုက်လှဲလှဲ ပြုံးပြနှုတ်ဆက်ပါ
ငါတို့အားလုံး ခရီးသွားတွေပဲ
လမ်းခုလတ်မှာ တခဏ ဆုံတယ်
ခရီးသွားဟန်လွဲတွေ့တယ်
ရင်းနှီးစွာချစ်ခင်မိတယ်
တချိန် သေချာ ခွဲရမယ် ..

ငါတို့ရှေ့က လူတွေ ဒီလိုပဲ တွေ့ဆုံကြုံကွဲ ခဲ့တယ်
နောက်လူတွေ ဒီလိုပဲ ဖြစ်လိမ့်ဦးမယ်
ငါတို့ ခုတွေ့နေတယ်
ပျော်ရွှင်စွာ နေထိုင်ပေါင်းသင်းကြမယ်
မာန .. အရေးမကြီးဘူး ခွာချ
အာဃာတ .. မထားသင့်ဘူး ဒါက ..

မေ့လိုက်ပါ
နာကျင်ခဲ့ရတာတွေကို
သတိရလိုက်ပါ
ပျော်ရွှင်နေခဲ့ရတာကို
အမှတ်ရနေလိုက်ပါ
လူတွေ များစွာထဲကမှာ ငါတို့လာဆုံတွေ့ရတာတွေကို
သတိလေးလည်း ထားလိုက်ပါ
ငါတို့ တနေ့ခွဲရမယ် ဆိုတာတွေကို ..

ဒီလိုဆို ငါတို့ ပစ္စုပ္ပန်မှာ ပျော်နိုင်မယ်
အမုန်း အလွမ်းတွေ မေ့နိုင်မယ်
ဒဏ်ရာ အနာတရတွေ နည်းနိုင်တယ်
ပျော်ရွှင်ခြင်း အစစ်နဲ့ ပျော်နိုင်မယ်
လိုအပ်ချက်တွေ ကိုယ်စီရှာဖွေ ဖြည့်တင်းမယ်
တဦးလိုရင် တဦး ရှိနေပေးမယ်
လက်ပြချိန်မှာ အပြုံးတပွင့်တော့ ပန်ဆင်ထားလိုက်ပါ ..

အတူရှိချိန်တွေ သိပ်နည်းတယ်
လိုအပ်ရင် လက်တွေ ကမ်းလိုက်ပါ
ရင်ဖွင့်ကြိုလိုက်ပါ
ဖြူစင်စွာ ပြုံးပြနှုတ်ဆက်လိုက်ပါ
လိုအပ်ချိန်မှာ ဖြည့်ဆည်းပေးခွင့် ကိုယ်စီ ရှိနေပါတယ် ..




အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေး)))

Saturday, August 6, 2011

ခပ်ထွေထွေ အတိတ်

အလွှာပါးလေးတွေ ကြားမှာ ငါတို့ နေထိုင်ကြတယ်
ထွင်းဖောက်မြင်နိုင်သလို ထိတွေ့ခံစားနိုင်တယ်
ပြုစု ထိန်းသိမ်းနိုင်သလို ဖျက်စီး ဖျောက်ဖျက်ပစ်နိုင်တယ်
မမြင်ချင်ရင် ကျောခိုင်းထားနိုင်သလို ပြန်ဆုံချင်ရင် တချက်လေးလှည့်ကြည့်လိုက်ရုံပါပဲ ..။

အမှတ်တမဲ့နဲ့ အမှတ်ရစရာတွေ များတယ်
ညနေခင်းတွေ
ညနက်နက်တွေ
နေ့လည်နေ့ခင်းနဲ့ နံနက်စောစောတွေ ..။

ခြေရာနဲ့ အငွေ့အသက် မရှိပေမယ့်
ကမ်းခြေရောက်တိုင်း ပုံရိပ်တွေ ရှိတယ်
ဘီးအရာတွေ မကျန်ပေမယ့်
တကယ့် အတိတ်စစ်စစ်တွေ ရှိတယ် ..။

ငါတို့ ရှင်သန်ချိန်တွေ သိပ်ရှည်လျားလွန်းသလား
တကယ်တော့ အချိန်တွေ သိပ်မြန်နေခဲ့တယ်
ငါတို့ ရှင်သန်ချိန်တွေ သိပ်ရှည်တယ် ထင်နေတုန်းပဲ
ဒါပေမယ့် တခါတခါ မျက်တောင်တချက်ခတ်လိုက်ဖို့ တွေးပူပန်နေတယ် ..။

စိတ်ကူးတွေ လွဲမှား မစဉ်းစားသင့်တာကို စဉ်းစားတယ်
သတိတွေ လက်လွတ် မမေ့သင့်တာကို မေ့ထားမိတယ်
အတွေးတွေ ချော်လဲ အချိန်တွေ သိပ်အများကြီးလို့ ထင်နေမိတယ်
အတွက်အချက်တွေမှား နောက်နေ့တွေ အများကြီးလို့ ယုံကြည်နေသေးတယ် ..။

အတိတ်ရဲ့ ပုံရိပ်တွေ
ပစ္စုပ္ပန် အလည်ခဏလာချိန်မှာ
ငါ့ရဲ့ အတွေးစက်ဝိုင်း
တပတ် ပြန်လည်လာခဲ့တယ် ..။

စိတ်ကူးတွေ လွဲနေတုန်းပဲ ..။

Thursday, July 21, 2011

ညိုရင့်ရင့် အလွမ်း

သဲသဲမဲမဲ ပဲ ..

ကောင်းကင်က တဖွဲဖွဲနဲ့ မိုးဟာ
ချစ်သူနှစ်ဦးကို ပိုမိုနီးကပ်သွားစေတယ် ..။

တယောက်လက် တယောက် ဆုပ်ကိုင်ရင်း
တယောက်ပါး တယောက် အပ်ရင်း
ကောင်းကင် မှောင်မှောင်အောက်မှာ
နှစ်ဦးသားမျက်ဝန်းတွေနဲ့ အလင်းဖြာခဲ့ဘူးတယ် ..။

အတိတ်ဆိုတာ မရှိတာမှ မဟုတ်ပဲကွယ်
ကျမ အတိတ်မှာ လှပတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ရှိတယ်
မိုးသည်းသည်းအောက် ကြည်နူးနေတဲ့ ချစ်သူနှစ်ဦး ပုံရိပ်တွေ ရှိတယ်
အတိတ်ကို အမှန်တကယ် ပိုင်ဆိုင်ဖူးခဲ့တယ် ..။

ဒီမြို့လေးမှာ ကျမတို့ ခြေရာတွေ ရှိတယ်
ကြင်နာယုယခြင်းတွေ ရှိတယ်
ကူညီဖေးမခြင်းတွေ ရှိတယ်
မျှော်လင့်စောင့်စားခြင်းတွေလည်း ရှိတယ်
ကျမရဲ့ အလွမ်းတွေလည်း ရှိနေခဲ့တယ် ..။

အကွာဝေးက စကားပြောလွန်းသတဲ့ ..။

အနေဝေးရင် သွေးအေးတတ်သတဲ့ ..။

ချစ်သူတမျက်နှာပဲ ရည်ညွှန်းခဲ့တဲ့ ကျမ
ယုံကြည်မှုတွေ သစ္စာဖောက်ခံလိုက်ရတဲ့ အခါ
တန်ဖိုးထားမှုတွေ ပျက်သုန်းသွားတဲ့ အခါ
မျှော်လင့်ချက်တွေ ပြိုလဲသွားတဲ့ အခါ ..။

သဲသဲမဲမဲ ပဲ ..

ကောင်းကင်က ညိုရင့်ရင့်အရောင်ဟာ
တဦးတည်း တည်ရှိနေသူအတွက်
အထီးကျန်နဲ့ လွမ်းဆွတ်မှုတွေကိုသာ ဆောင်ယူလာခဲ့တယ် ..။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...