Thursday, July 21, 2011

ညိုရင့်ရင့် အလွမ်း

သဲသဲမဲမဲ ပဲ ..

ကောင်းကင်က တဖွဲဖွဲနဲ့ မိုးဟာ
ချစ်သူနှစ်ဦးကို ပိုမိုနီးကပ်သွားစေတယ် ..။

တယောက်လက် တယောက် ဆုပ်ကိုင်ရင်း
တယောက်ပါး တယောက် အပ်ရင်း
ကောင်းကင် မှောင်မှောင်အောက်မှာ
နှစ်ဦးသားမျက်ဝန်းတွေနဲ့ အလင်းဖြာခဲ့ဘူးတယ် ..။

အတိတ်ဆိုတာ မရှိတာမှ မဟုတ်ပဲကွယ်
ကျမ အတိတ်မှာ လှပတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ရှိတယ်
မိုးသည်းသည်းအောက် ကြည်နူးနေတဲ့ ချစ်သူနှစ်ဦး ပုံရိပ်တွေ ရှိတယ်
အတိတ်ကို အမှန်တကယ် ပိုင်ဆိုင်ဖူးခဲ့တယ် ..။

ဒီမြို့လေးမှာ ကျမတို့ ခြေရာတွေ ရှိတယ်
ကြင်နာယုယခြင်းတွေ ရှိတယ်
ကူညီဖေးမခြင်းတွေ ရှိတယ်
မျှော်လင့်စောင့်စားခြင်းတွေလည်း ရှိတယ်
ကျမရဲ့ အလွမ်းတွေလည်း ရှိနေခဲ့တယ် ..။

အကွာဝေးက စကားပြောလွန်းသတဲ့ ..။

အနေဝေးရင် သွေးအေးတတ်သတဲ့ ..။

ချစ်သူတမျက်နှာပဲ ရည်ညွှန်းခဲ့တဲ့ ကျမ
ယုံကြည်မှုတွေ သစ္စာဖောက်ခံလိုက်ရတဲ့ အခါ
တန်ဖိုးထားမှုတွေ ပျက်သုန်းသွားတဲ့ အခါ
မျှော်လင့်ချက်တွေ ပြိုလဲသွားတဲ့ အခါ ..။

သဲသဲမဲမဲ ပဲ ..

ကောင်းကင်က ညိုရင့်ရင့်အရောင်ဟာ
တဦးတည်း တည်ရှိနေသူအတွက်
အထီးကျန်နဲ့ လွမ်းဆွတ်မှုတွေကိုသာ ဆောင်ယူလာခဲ့တယ် ..။

Thursday, June 9, 2011

၂၀၁၁-၁၂ ပညာသင်နှစ်​​​အတွက် ပညာသင်စရိတ် ထောက်ပံ့မှု့ အစီအစဉ်

အရင်နှစ်ဒီလိုအချိန်မှာ ကျမတို့ နီးစပ်ရာ မောင်နှမတွေစုပြီး ကိုယ်တတ်နိုင်သလောက်လေးနဲ့ မြန်မာနိုင်ငံက ကျောင်းသား/ သူ လေးတွေအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးဖြစ်ခဲ့ပါတယ် .. ကုသိုလ် နှင့် Lotus ဖောင်ဒေးရှင်းက တဆင့်ပါ ..

မူလတန်း ၅ယောက်၊ အလယ်တန်း ၂ယောက် နဲ့ အထက်တန်း ၅ယောက်၊ စုစုပေါင်း ကျောင်းသား/သူ ၁၂ ယောက် ဖြစ်ပါတယ် .. အဲဒီထဲမှာ ၁၀တန်းကလေး ၄ယောက်ပါပါတယ် .. ကျန်ခဲ့တဲ့ စနေနေ့ ၄-၆-၂၀၁၁ မှာ ၁၀တန်း အောင်စာရင်းတွေ ထွက်တော့ ၂ယောက်အောင်ပြီး ၂ယောက်ကတော့ မအောင်ပါဘူး .. အောင်တဲ့ထဲက ၁ယောက်က ဂုဏ်ထူး ၂ခု ပါပါတယ် .. ဒါက မိုးခါးတို့ မောင်နှမတွေရဲ့ စာရင်းပါ ..

၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် မူလတန်း အလယ်တန်းနဲ့ ၉ တန်း ကျောင်းသား/သူတွေကို ကုသိုလ် နှင့် Lotus ဖောင်ဒေးရှင်းက စုစုပေါင်း ထောက်ပံ့ခဲ့သူ ၄၉၇ ယောက်အနက်မှာ ၃ ယောက်ကျ၊ ၃ ယောက်မဖြေ ၊ စုစုပေါင်း- ၆ ယောက်အကျ ရှိပါတယ်။

၁၀တန်း အောင်စာရင်း အနေနဲ့ စုစုပေါင်း ဖြေတဲ့လူ ၃၃ အနက်မှာ ၁၁ ယောက် အောင်ပါတယ် .. ရာခိုင်နှုန်း အနေနဲ့ ၃၃.၃၃% ပါ .. ၃ဘာသာ ဂုဏ်ထူး ၁ယောက် ၂ဘာသာ ဂုဏ်ထူး ၁ယောက် ထွက်ပါတယ် .. ကျမတို့ ဆက်သွယ် လှူဒါန်းတဲ့ အစ်မ ပြောပြချက် အရ သူတို့လေးတွေ များသောအားဖြင့် ကျူရှင် ဟုတ်တိပတ်တိ မရှိပါဘူး .. ဧရာဝတီတိုင်းက ကလေးတွေဆို ရွာတင်ပဲ ကျောင်းတက်ရတယ်လို့ ဆိုပါတယ် .. အထောက်အပံ့နည်းပါးစွာနဲ့ ပညာသင်ရာမှာ ခုလို အောင်မြင်တယ် ဂုဏ်ထူးတွေထွက်တယ်ဆိုတော့ သူတို့လေးတွေအတွက် ၀မ်းနည်း ၀မ်းသာ ခံစားရပါတယ် .. အောင်စာရင်းထွက်တဲ့ညကဆို ကျမပါ အပျော်တွေ ကူးစက်လို့ .. မအောင်ဘူးဆိုတဲ့ကလေးတွေအတွက်တော့ စိတ်မကောင်းဘူးပေါ့ .. ဒါပေမယ့် အခွင့်အရေးရှိပါသေးတယ်လို့ စိတ်ထဲက ကြိတ်ပြီး အားပေးမိပါတယ် ..

ခု တဖန် နှစ်ပတ်လည်လို့ ၂၀၁၁-၁၂ ပညာသင်နှစ်အတွက် ကလေးတွေ ကျောင်းစရိတ်ကို စတင်ကောက်ခံနေပါပြီ .. အစ်မ မခင်မမ ပို့ပေးတဲ့ အီးမေးကိုပဲ ကျမ ကူးတင်လိုက်ပါ့မယ် ..

----------
၂၀၁၁-၁၂ ပညာသင်နှစ်​​​အတွက် ထောက်ပံ့မှု့ အစီအစဉ်ပြန်​​လည်စတင်ခြ​င်း​။

အားလုံးမင်္ဂလာပါ

ကျမတို့ရဲ့ ၂၀၁၁-၁၂ ပညာသင်နှစ်​အတွက် ထောက်ပံ့မှု့​ အစီအစဉ်များကို ပြန်လည်စတင်ပါတော့မယ်ရှင်။ ဒီနှစ်မှာတော့ အပြောင်းအလဲ အနည်းငယ်ရှိပါတယ်။ ပြီးခဲ့တဲ့ ပညာသင်နှစ် ၃-နှစ်ရဲ့ ထောက်ပံ့မှု့​ များကို ပြန်လည်သုံးသပ်ခဲ့ပါသည်။ အားလုံးသိတဲ့အတိုင်း ဒီ ပညာသင်နှစ်​အတွက် ထောက်ပံ့မှု့​ ကို ၂၀၀၈-ခုနှစ် နာဂစ်ဒေသမှစတင်ခဲ့ကာ မနှစ်၂၀၁၀ မှစ၍ ပဲခူးတိုင်းမှ ပေါင်းတလည် နှင့် ရွှေတောင်မှ ကျောင်း ၂-ကျောင်းပါ ပါဝင်လာခဲ့ပါတယ်။ ယခုအခါတွင် နာဂစ်ဒေသ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အသင့်အတင့် အောင်မြင်လျှက်ရှိရာ၊ မိဘများမှ ကလေးများ၏ စားဝတ်နေရေးအတွက်အခက်အခဲ အထိုက်အလျှေက်လျှော့ကျနေပြီဖြစ်သောကြေင့် နှစ်လ တကြိမ်၊ တနှစ် လေးကြိမ်ဖြင့် အောက်ပါနှုန်း အတိုင်း June မှစတင် ကောက်ခံသွားပါမည်။

အထက်တန်း (၉၊ ၁၀ တန်း) = S$D 40 (၂လ တကြိမ်)
အလယ်တန်း (၅၊ ၆၊ ၇၊ ၈ တန်း) = S$D 30 (၂လ တကြိမ်)
မူလတန်း (သူငယ်တန်း၊ ၁၊ ၂၊ ၃၊ ၄ တန်း) = S$D 20 (၂လ တကြိမ်)

ပညာသင်နှစ် တနှစ်အတွက် June မှ February အထိ (၈) လ သတ်မှတ်ပြီး ကောက်ခံသွားပါမည်။

အထက်တန်း (၉၊ ၁၀ တန်း) = S$D 40 x 4 = S$D 160 (တနှစ်စာ)
အလယ်တန်း (၅၊ ၆၊ ၇၊ ၈ တန်း) = S$D 30 x 4 = S$D 120 (တနှစ်စာ)
မူလတန်း (သူငယ်တန်း၊ ၁၊ ၂၊ ၃၊ ၄ တန်း) = S$D 20 x 4 = S$D 80 (တနှစ်စာ)

ကျမတို့ ထောက်ပံ့မှု့ပေးနေသော မော်ကျွန်းမြို့နယ် ကျွန်းခယ်မ ဘ/ကကျောင်းရေရှည်ရပ်တည်နိုင်ရန် အတွက် ဆရာ/ဆရာမ - ၁၃ ဦးအတွက် လစာပေးရန် အခက်အခဲရှိသည် သိရပါတယ်။ ဆရာ/ဆရာမ - ၁ ဦးအတွက် ၃-သောင်း နှုန်းနှင့် လစဉ် ဆရာ/ဆရာမ - ၁ ဦးချင်းအတွက်သော်လည်းကောင်း၊ စုပေါင်း၍ တတ်အားသရွေ့ သော်လည်းကောင်း၊ ကူညီလိုလျှင်လည်း ကျမတို့၏ အဖွဲ့နှင့် ဆက်သွယ်နိုင်ပါတယ်။

နောက်အစီအစဉ် အသစ် တခုအနေနှင့် ၂၀၁၁-၁၂ ပညာသင်နှစ်တွင် ထောက်ပံ့မှု့ မရရှိသော မူလတန်း ကျောင်းသူ/ သားများကို ကျောင်းဝတ်စုံ ၃-စုံ ၊ ကျောပိုးအိတ် တစ်လုံး နှင့် ကျောင်းသုံးစာအုပ်တဒါဇင်ကို (one Package ) လျှင် S$D 30 နှုန်းနှင့် လှူဒါန်းမည်ဖြစ်သောကြောင့် Package လိုက်သော်လည်းသောင်း၊ တတ်အားသရွေ့သော်လည်းကောင်း လှူဒါန်းလိုသူများရှိပါက ကျမတို့၏ အဖွဲ့၏ Collector များမှတဆင့် ကူညီလှူဒါန်းနိုင်ပါတယ်။

----------

အမှန်တကယ်တော့ ကျမ ဒီစာကိုရေးမယ် တင်မယ်လို့ စဉ်းစားနေတာ ကြာပါပြီ .. ရေးမယ်ပြင်လိုက် ရေးချင်တာတွေ များနေတာနဲ့ ဘယ်ကစရေးရမှန်း မသိလိုက် ဖြစ်နေတာပါ .. ခံစားချက်တွေကလည်း ရောပြွန်းနေပါတယ် .. ကိုယ်လှူခွင့်ရလို့ ၀မ်းသာတယ် .. သူတို့လေးတွေ ဘ၀ကို တွေးမိရင် စိတ်မကောင်းဖြစ်တယ် .. သူတို့ ရှေ့ဆက်မယ့် အနာဂတ်ကို တွေးမိရင် ရင်မောတယ် .. ၁၀တန်းပြီးရင် ကျောင်းဆက်တက်ဖို့က ဘယ်လိုလဲ .. တက္ကသိုလ် ပြီးသွားပြီး ဘွဲ့ရပြီးရင်ရော .. မျိုးစုံပါပဲ .. နောက်ဆုံးတော့လည်း အဖြေက ကိုယ်တတ်နိုင်သလောက်ပေါ့ ဆိုတာနဲ့ပဲ အဆုံးသတ်ပါတယ် .. ဟုတ်တယ်လေ လူတိုင်းက မွေးလာတည်းက သူ့ရဲ့ ကုသိုလ် အကုသိုလ်ကံအလိုက် ရှင်သန် ကြီးပြင်းရတာပါပဲ .. ဒါပေမယ့် ကျမတို့ တတ်နိုင်တာလေး နဲနဲက ရှိပြန်ရော ..

အကောင်းအဆိုး ကုသိုလ် အကုသိုလ်ကို သိရင် ကောင်းတာကို ဆောင်ပြီး မကောင်းတာကို ရှောင်နိုင်လာမယ် .. ဒီအတွက် ကလေးတွေကို ကျမတို့ ပြောပြနိုင်တယ် .. ဘယ်အရာကဟာ ကောင်းတယ် ဘယ်အရာဟာ မကောင်းဘူး စသည်ဖြင့်ပေါ့ .. ကျမတို့ ကလေးငယ်တိုင်းကို လိုက် မပြောပြနိုင်ဘူး .. ဒါလည်း ရပါသေးတယ် .. ကိုယ့်အနီးအနားက လက်လှမ်းမှီရာ စသည်ဖြင့် ပြောပြနိုင်ပါသေးတယ် .. ပြောဖို့ အခွင့် အရေး မရဘူးလား .. စာအုပ်တွေဖတ်နိုင်အောင် ဖတ်ချင်အောင် လမ်းညွှန်နိုင်သေးတယ် .. ကျမတို့ ဘာတွေထပ်ပြီး တတ်နိုင်ဦးမလဲ .. ရှိလိမ့်ဦးမှာပါ ..

ကျမတို့မှာ စိတ်ကူးယဉ် အိပ်မက် မျှော်လင့်ချက်တွေ ရှိတယ် .. ပြည့်ဝအောင် စွမ်းဆောင်နိုင်ဖို့ အခွင့်အလမ်းတွေ မလှမ်းမကမ်းမှာ ရှိတယ် .. ဖြစ်ချင်တာတွေကို ဖြစ်နိုင်ဖို့ လုပ်ပိုင်ခွင့်တွေ ကိုယ်စီရှိကြတယ် .. သူတို့လေးတွေမှာ ဘာအခွင့် အရေး အခွင့် အလမ်းတွေများ ရှိမလဲ .. အခွင့်အလမ်းတွေ ပွင့်လာအောင် .. မျှော်လင့်ချက်လေးတွေ ထားနိုင်လာအောင် ကျမတို့ ဘာတွေ လုပ်ပေးနိုင်မလဲ .. ကိုယ်စီ စဉ်းစားရင်း တတ်နိုင်တဲ့ ဘက်က ဖြည့်ဆည်းပေးဖို့ ကြိုးစားကြရအောင်ပါ ..

----------

စိတ်ပါဝင်စားလို့ ဆက်သွယ်စုံစမ်းချင်တယ်ဆိုရင် -

Ko Aung Naing Soe - 97977945
Ma Khin Ma Ma - 97334302 တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ် ..

Kutho and LOTUS မိသားစု ရဲ့ လှုပ်ရှားမှုများကို လေ့လာချင်ရင်တော့ အောက်က လင့်တွေမှာ လေ့လာနိုင်ပါတယ် ..
www.KuTho.Org
www.lotusdhamma.blogspot.com
www.lotusfoundationmm.org
https://picasaweb.google.com/khinmamasan/EducationSponsorshipY2010111#
https://picasaweb.google.com/help2students

Lotus Foundation နှင့် Kutho Group မှာ အခြား အဖွဲ့ဝင်တွေ ကျန်ပါသေးတယ် .. ဒါပေမယ့် ကျမ ဆက်သွယ်ဖူးတဲ့ အကိုနဲ့ အစ်မရဲ့ နာမည်နဲ့ ဖုန်းနံပါတ်ပဲ တင်ပေးလိုက်ပါတယ် ..

စိတ်ချမ်းမြေ့ဖွယ်နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေ ..

လေးစားစွာဖြင့်

Sunday, June 5, 2011

ငပလီ

ငပလီလို့ ပြောလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ အလှပဆုံး ကမ်းခြေတခုဆိုတာ လူတိုင်း သိကြပါတယ် .. အရင်ကဆို ငပလီဆိုတာ ကြားပဲ ကြားဖူးတယ် .. မရောက်ဘူးခဲ့ဘူး .. အကယ်၍မေကြီးသာ သံတွဲမှာ တာဝန်မကျခဲ့ရင် ခုချိန်ထိ ရောက်ဖြစ်လိမ့်မယ်လည်း မထင်ပါဘူး .. သွားရေးလာရေး စရိတ်ကြီးတာရော နေစရိတ်ကြီးတာရော ဝေးလံတာရောကြောင့်ပေါ့ ..

ဒါပေမယ့် လွန်ခဲ့တဲ့ ၅နှစ်က ကံအားလျော်စွာ မြန်မာနိုင်ငံရဲ့ အလှဆုံးကမ်းခြေကို ခြေချခွင့်ရခဲ့ပါတယ် ..

ကမ်းခြေကို ခြေချလိုက်တာနဲ့ ဘယ်ကမ်းခြေနဲ့မှ မတူနဲ့ သဲရဲ့ နူးညံ့ခြင်း ရေရဲ့ ကြည်လဲ့ခြင်း သန့်ရှင်းခြင်းကို စတင် ခံစားခဲ့ရတယ် ..

တကယ်ပါ .. ငပလီရဲ့ သဲဟာ ကျမရောက်ဖူးသမျှ ကမ်းခြေတိုင်းရဲ့ သဲတွေထဲ အနူးညံ့ဆုံးပါပဲ .. သန့်တယ် နုတယ် .. ရေတွေဟာဆိုလည်း ပြာလဲ့ကြည်ဆင်းနေတာ .. ကမ်းမမြင်ရတဲ့ ပင်လယ်ကြီးဟာ တမျှော်တခေါ်ပေါ့ ..

----------
သံတွဲက အစ်မတွေက ငပလီလိုက်ပို့မယ်ဆိုတဲ့ မနက်မှာ စိတ်ထဲ အရမ်းကို ပျော်နေမိတယ် .. ငပလီဆိုတာ ရုပ်ရှင်ထဲသာ မြင်ဘူးတာကိုး .. နေရာအသစ်ဖြစ်သလို နိုင်ငံကျော် ကမ်းခြေကြီးလည်း ဖြစ်တယ် ..

မနက် နေနဲနဲ ထွက်စပြုတည်းက ကျမတို့ တမိသားစုလုံး ၃ဘီးဆိုင်ကယ်လေးနဲ့ သံတွဲမြို့က ထွက်ခွာလာခဲ့တယ် .. ဖေကြီးရယ် မေကြီးရယ် ကျမရယ် အဒေါ်ရယ် သံတွဲသူ အစ်မနှစ်ယောက်ရယ် .. ဆိုင်ကယ်မောင်းတဲ့ ဦးလေးကြီးရယ်ပေါ့ .. သွားတဲ့လမ်းတလျှောက် စိမ်းညို့ညို့ တော်အုပ်တွေနဲ့ စိုက်ခင်းတွေရယ် တောင်တန်းတွေရယ် .. မှတ်မှတ်ရရ အဲ့ဒီနေရာ ရောက်ရင် သိပ်အေးတဲ့ နေရာတခုရယ် .. (အဲဒီက ပန်းဂေါ်ဖီစိုက်ခင်းတွေ နေရာပါ .. စိမ့်ပြီး အေးတယ် .. တောင်အောက်မှာ ရှိတယ် .. နာမည်ပြောပေမယ့် ကျမ မေ့သွားခဲ့ပြီ .. တခြားနေရာတွေထက်ပိုအေးပါတယ်တဲ့ ..)

ရောက်ခါနီးပြီဆိုတဲ့ အချိန်မှာ ဟိုတယ်ကြီးတွေ စမြင်ရပါတယ် .. တဖြည်းဖြည်းနဲ့ ကျမတို့ တည်းမယ့် နေရာ ရွာလေးထဲက မေကြီးတို့ ရုံးတွေနဲ့ အဆက်အစပ်ရှိတဲ့ အန်တီ အပျိုကြီးရဲ့ရုံးကို ရောက်လာခဲ့ပါတယ် .. ရွာထဲဆိုတော့ ဟိုတယ်တွေ ရှိတဲ့နေရာနဲ့တော့ နဲနဲလှမ်းပါတယ် .. ဒါပေမယ့် နောက်ဖေးကနေ ဆင်းလိုက်တာနဲ့ ကမ်းခြေပါပဲ ..

အန်တီရဲ့ရုံးနဲ့ အိမ်က တ၀န်းထဲမှာပါ .. ရှေ့မှာ ရုံး နောက်နားမှာ လူနေဖို့ အိမ်ရှိပါတယ် .. အခန်းက ၃ခန်းပါ .. ၁ခန်းက အန်တီနေတာဖြစ်ပြီး ကျန်တဲ့ ၂ခန်းကို ကျမတို့ကို နေရာချပေးပါတယ် .. ရောက်တာနဲ့ ကျမကတော့ ရေထဲဆင်းဖို့ တပြင်ပြင်ပါပဲ .. ဘယ်နားကဆင်းရမှာလဲဆိုတာချည်း လိုက်မေးနေတာပါ .. :D

ဒါပေမယ့် ကျမ ကံမကောင်းဘူး .. လှိုင်းစီးချင်တာ အဲဒီချိန်မှာ လှိုင်းမရှိနေခဲ့ဘူး .. သေးသေးမှ သေးသေးလေးတွေ .. ဒါပေမယ့်လည်း ရေထဲဆင်းတယ် .. ရေးမကူးတတ်တဲ့ကျမကို အဒေါ်က ရေကူးနဲနဲသင်ပေးမယ် .. ကျမကတော့ မတတ်ပါဘူး .. မျက်လုံးဖွင့်မရ ပါးစပ်ထဲရေ၀င်တော့ ငံ .. ဒီလိုနဲ့ ပြန်သာ ပြန်သွားတယ် .. မတတ်ခဲ့ပါဘူး .. :D

တရက် ရွာထဲကနေ အစွန်နားက ရွာခံအစ်မနှစ်ယောက်ရဲ့ အသိတည်းခိုခန်းကိုသွားပြီးလည်ပါသေးတယ် .. အဲ့နေရာက ဟိုတယ်တွေနဲ့နီးလို့ ပိုစည်ပါတယ် .. ငါးနီတူလှော်သုပ်က အဲဒီမှာ အစ်မနှစ်ယောက် သုပ်ကျွေးတာပါ .. ခုပြော ခုသရေကျပါတယ် .. :D ရေထဲပြေးဆင်းလိုက် အစ်မတွေလုပ်ကျွေးတာ စားလိုက် ဇိမ်ကိုကျလို့ ..

ရေပေါ်ပြန်တက်ပြီး နားတဲ့အချိန် ကမ်းခြေလမ်းဆင်းလျှောက်ကြတယ် .. ရေသူမ အစစ်နားရောက်ပါတယ် .. အစစ်လို့ ပြောတာက အတုရှိလို့ပါ .. ဟိုတယ်တွေများတဲ့ဘက် အခြမ်းမှာ ရေသူမရုပ် အတု အသေးတခုရှိပါတယ် .. ရေသူမ အစစ်ရှိတဲ့ဘက်ကို လူတိုင်း လာလို့ မရပါဘူး .. လူကြီးတွေ တည်းခိုတတ်တဲ့နေရာမို့ပါ .. ကန့်သတ်နယ်မြေလို့ ဆိုင်းဘုတ် တင်ထားပါတယ် ..

ဒီနေရာကျ မိုးခါးကံကောင်းသွားတယ် .. လှိုင်းမစီးရပေမယ့် ကန့်သတ်နယ်မြေကို ကျော်လာတဲ့ထိ လာအော်မယ့်လူ တားမယ့်လူ မတွေ့ခဲ့ရဘူး .. ပုံမှန်ဆို အဲဒီမှာ အစောင့်ရှိပါတယ် .. တွေ့ရင် လာပြောတယ် .. ဒီလိုဆို ဆက်သွားလို့ မရတော့ဘူး .. (လူတန်းစား ခွဲခြားပုံများ .. ကိုယ့်ထဲလဲ လူကြီးပါပါတယ် .. ဖေကြီး အသက်က ၅၀ ကျော်နေပြီ .. :P)

ကျမတို့ ကန့်သတ်နေမြေ ကျော်လာသည့်တိုင်အောင် တားမြစ်ကန့်သတ်မယ့်လူ အရိပ်အရောင် မမြင်ရပါဘူး .. ဒီလိုနဲ့ သွားလာလိုက်တာ ထက်ထက်မိုးဦး စွန်လွှတ်ရင်း ကျောက်ဆောင်နဲ့ တိုက်မိလို့ ခြေထောက်ကွဲတဲ့နေရာကို ရောက်ပါလေရော .. (ရန်အောင်နဲ့ ရုပ်ရှင်လေ) အဲဒီနားက မျှော်စင်ဆိုပါတော့ အဲ့အပေါ်ကို တက်ကြတယ် .. နဲနဲတော့ ဟောင်းနေပြီ .. လူကြီး မရောက်လို့လားမသိဘူး ပြုပြင်မထားဘူး .. အဲဒီနားမှာ လေညှင်းလေး ဘာလေးခံ .. ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် ပြီးတော့ အောက်ပြန်ဆင်းလာ .. ရေသူမဆီ ချီတက်ကြတယ် .. ဒီလိုနဲ့ ရေသူမဆီရောက် ဘတ်ပုံလေး ဘာလေးရိုက် .. ပြီးတော့ အချိန်တန် အိမ်ပြန်ကြတယ် ..

ငပလီရွာလေးမှာ ကျမတို့ ၂ညလောက် အိပ်ဖြစ်ခဲ့တယ် .. ကမ်းခြေတလျှောက် မနက်အစောရော ညနေစောင်းရော လမ်းတွေလျှောက်ခဲ့တယ် .. အရမ်းအေးချမ်းပါတယ် ..

စိတ်မအေးချမ်းစရာတော့ ကြားခဲ့ရသေးတယ် .. ကမ်းခြေတလျှောက်မှာ အုန်းပင်တွေရှိတယ် .. ရွာခံတွေရဲ့ ၀မ်းစာကို တဖက်တလမ်းက ကူညီဖြည့်တင်းပေးနေတဲ့ အုန်းပင်တန်းကြီးပေါ့ .. အဲဒီချိန်မှာ ကြားရတာက အဲဒီနေရာမှာ ဟိုတယ်ဆောက်မယ်တဲ့ .. ဒီတော့ အကယ်၍ ဒီပရောဂျက်ကြီး ဖြစ်ခဲ့ရင် ရွာလေးဟာ ပိုမိုတိုးတက်လာမလား ရွာသူရွာသားတွေပဲ စားဝတ်နေရေးကျပ်တည်းမလား .. ကျမကတော့ နှမြောတာပါပဲ .. ကောင်းကျိုးအနေနဲ့ ကြည့်ရင် ရှိကောင်းရှိမယ် .. ရာနှုန်းများများက စီးပွားရေးသမားတွေအတွက်ပါပဲ .. ရွာခံတွေအတွက်ကတော့ ရာနှုန်း တော်တော်နည်းပါလိမ့်မယ် ..

သစ်ပင်တပင်ကြီးထွားရှင်သန်လာဖို့ အချိန်ဘယ်လောက်ပဲ ပေးရ ပေးရ ခုတ်လှဲလိုက်ဖို့က နာရီပိုင်းပါ .. (စလုံးမှာ သစ်ပင်တပင်ခုတ်ဖို့ ဘယ်လိုအဆင့်တွေ ဖြတ်သန်းရတယ် ဆိုတာ နောက်တော့ ရေးဖြစ်မယ် ထင်ပါတယ် .. ကိုယ့်အလုပ်နဲ့ ဆက်စပ်နေလို့ပါ) ဒါကြောင့်လည်း နှမြောတတ်လာတယ် ထင်ပါရဲ့ ..

မနက်ခင်းတွေ ညနေစောင်းတွေမှာ အချိန်ကိုက် ၀င်လာ ထွက်သွားတဲ့ နေလုံးကြီး ၂ပတ်လည်ချိန် ညနေခင်းတခုမှ ကျမတို့ ငပလီရွာလေးကနေ လာလမ်းအတိုင်း ပြန်ခဲ့ကြတယ် .. ရိုးသားဖြူစင်တဲ့ ရွာခံတွေရဲ့ ဟန်မပါတဲ့ စကားတွေက လာခဲ့ဦးနော်တဲ့ .. နေပါဦးလားတဲ့ .. ကျမ မပြန်ချင်သေးပါဘူး .. ဒီလိုပဲ ဖေကြီးတို့ မေကြီးတို့လည်း မပြန်ချင်ကြသေးဘူး .. ဒါပေမယ့် နောက်နေ့ ရုံးဖွင့်ရက်မို့ ဆက်နေလို့ မရတော့ပါဘူး .. ကျမတို့ ပြန်ခဲ့ကြတယ် ..

အပြန်လမ်းဟာ အသွားတုန်းကလောက် ပျော်ရွှင်တက်ကြွမနေတာတော့ အမှန်ပဲ .. ဒီလိုပါပဲ ဆုံစည်းခြင်း ခွဲခွာခြင်း စည်းမှာ အခိုက်အတန့်အဖြစ် အနည်းအများတော့ ခံစားကြရတာပဲလေ .. နောက်တော့လည်း နေရာတကျ ပြန်ဖြစ်ခဲ့ကြတာပါပဲ ..

သံတွဲမြို့ရဲ့ အ၀င်မှာတော့ ထောင်ဝင်းကြီးကို မြင်နေရပါတယ် .. ညနေစာကို စားကောင်းတယ်ဆိုတဲ့ ဆိုင် ၀င်စားဖြစ်ခဲ့တယ် .. ဒီလိုနဲ့ ညနေစောင်းလို့ နေ၀င်ပြန်တယ် .. ကျမတို့ မေကြီးကို ထားခဲ့ပြီး ရန်ကုန်ကို ပြန်ရမယ့်ရက်လည်း တရက်ပိုနီးသွားခဲ့တယ် ..

**သံတွဲမြို့လေးက အပေါ်ကနေမိုးကြည့်လိုက်ရင် အပေါ်ကို ပျံတက်တော့မယောင် ပုံသဏ္ဍာန်ရှိတယ်ဆိုပါတယ် .. သံတွဲမြို့ ပို့စ်မှာ ရေးဖို့ မေ့သွားလို့ .. :D**

Wednesday, June 1, 2011

ရူး=စိတ်မနှံ့=စိတ်ကစဥ့်ကလျား

စိတ်ကျရောဂါသည်တယောက်အတွက် "စိတ်ကျရောဂါသည်" ဆိုတဲ့ ဆိုင်းဘုတ်လိုပါသလား ..
ဒါဆိုလည်း မီးသွေးခဲနဲ့ ကျမနဖူးမှာ ရေးလိုက်မယ် ..
"စိတ်ကျရောဂါသည်" ..

ကျမနဲ့ ပတ်သက်ချင်ရင် ရှင်တို့ကိုယ်တိုင်လည်း ရောဂါတခုရှိသင့်တယ် ..
"စိတ်မနှံသူ" ဆိုတဲ့ ဆိုင်းဘုတ်ယူ ..

ကျေနပ်ပါသလား ..
ရိုင်းရိုင်းစိုင်းစိုင်း အရူးလို့ ကျမ မပြောဘူးနော် ..
ယဉ်ယဉ်လေးနဲ့ နာမည် သဘောကျမယ်ထင်ပါတယ် ..

ဝမ်းတွင်းမရူးပေမယ့် လုံလောက်တဲ့ သဘောတရားကိုယ်စီနဲ့ ရူးတယ် ..
ပတ်ဝန်းကျင်ကြောင့်/အတွက် ရူးတယ် ..
တခါတလေ ရူးချင်ယောင်ဆောင်တယ် အရူးကွက်နင်းတယ် ..
ဒီကစားနည်းကို ကိုယ်စီကျွမ်းကျင်တယ် ..

ဆရာသမားအတွက် ဗာရာဏသီထိ တက်စရာမလို ..
ကျွမ်းကျင်သူတွေ နီးနီးနားနားရှိတယ် ..
ဘယ်ဘာသာရပ်ကို ကျွမ်းကျင်လိုပါသလဲ ..
အိုး .. တခုမကဘူး အကုန်နားလည်ချင်လို့လဲရတယ် ..
စိတ်ဝင်စားဖို့သာ လိုပါတယ် ..

လူတွေက အရူးတွေလို့ ဆိုပါတယ် .. တချို့က မသိမသာ တချို့က သိသိသာသာ .. တချို့က ဖုံးဖုံးဖိဖိ .. တချို့က မဖုံးနိုင် မဖိနိုင် ..

ယဉ်ယဉ်လေးတုန်းက မသိသာပေမယ့် အရူးရင့်ပြီဆိုတာနဲ့ အရှက်ဆိုတာကို မသိပါဘူး .. အမှားအမှန် မခွဲခြားနိုင်ပါဘူး .. ကိုယ်ဘာလုပ်နေလဲဆိုတာတောင် မသိနားမလည်နိုင်ပါဘူး ..

ရန်ကုန်က သူငယ်ချင်းတယောက်ရဲ့ အိမ်က လမ်းမတန်းမှာ ရှိတယ် .. အဲဒီနားမှာပဲ အရူးမကြီး(ကန်တော့ ကန်တော့)/အဒေါ်ကြီး တယောက် ရှိပါတယ် .. တရက် အဲဒီသူငယ်ချင်း အိမ်မှာ ကျမတို့ သူငယ်ချင်းတွေစုံနေတုန်း မိုးတွေလည်း ရွာနေပါတယ် .. မိုးရွာတော့ ရန်ကုန်လမ်း ဗွက်ပေါက်ပြီပေါ့ .. မိုးတိတ်တော့ အဲ့အဒေါ်ကြီးက သူငယ်ချင်း အိမ်နားမှာပါ .. ဘာလုပ်လဲဆိုတော့ အဲဒီဗွက်အိုင်ထဲ ဆင်းထိုင်ပြီး (ကန်တော့ပါရဲ့) ရှူးရှူး ပေါက်ပါတယ် ..

ဟိုက အရူးပဲ .. ဘယ်သူက ဘာပြောမလဲ .. ကြည့်နေတဲ့ လူက ကြည့်နေတယ် .. ဟားနေတဲ့လူက ဟားနေတယ် .. ကြည့်နေတဲ့လူတွေထဲမှာလဲ စိတ်က အမျိုးမျိုးဖြစ်နေမယ် ..

စဉ်းစားဥာဏ်ရှိတဲ့ လူကောင်းဆို အရူးလုပ်သလို မလုပ်ပါဘူး .. ဒီတော့ လူတွေအဟားမခံရဘူးပေါ့ ..

စဉ်းစားတတ်သေးတဲ့ ယဉ်ယဉ်လေးသမားဆိုလည်း အဲလို မလုပ်ပါဘူး .. ဒီတော့ လူတွေ ပေါ်တင် မဟားရဲဘူးပေါ့ .. လူကောင်းလို့ ပြောလို့ရသေးတာကိုး ..

ဟော .. အရူး .. အရူးမှန်းသေချာတဲ့ အရူးကိုတော့ ဘယ်သူက ရှိန်မလဲ ကြောက်မလဲ .. လက်ညှိုးထိုးပြီး ဟားတိုက်ရဲတာပေါ့ .. စမယ် နောက်မယ် ဟားမယ် .. (တကယ်တော့ ဒါဟာလည်း ကောင်းတဲ့အလုပ်တော့မဟုတ်ဘူးပေါ့ .. အဲလို အရူးတောင် အလွတ်မပေးတတ်တဲ့လူမျိုးဟာလည်း အတော်ကို ရွံစရာ ကောင်းနေပြီပေါ့ .. ပညာမဲ့တွေဟာတော့ လုပ်ကောင်းလုပ်မယ်)

ကိုယ်ဟာရော ဘယ်အမျိုးအစားထဲပါနေလဲ .. ယဉ်ယဉ်လေးလား .. ရင့်နေတဲ့ အရူးလား ..

မှတ်ချက် - ခုတလော လူက အူကြောင်ကြားဖြစ်နေရတဲ့အထဲ မြင်လိုက် တွေ့လိုက်သမျှကလည်း စိတ်ပျက်စရာချည်း ဖြစ်နေပါတယ် .. ဒီလိုနဲ့ ပို့စ်တစ်ပုဒ်တောင် ဖြစ်သွားပါရောလား .. :D

စိတ်ကျရောဂါသည် = ယဉ်ယဉ်လေးနဲ့ ရူး (သတိထားကြနော် .. ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ကြ :P)

Saturday, May 21, 2011

သံတွဲမြို့

မြန်မာနိုင်ငံရဲ့ မြို့တွေ များစွာထဲကမှ မြို့လေးတမြို့ပေါ့ ..

ဟိုးအရင်တုန်းက အဲဒီမြို့လေးမှာ နတ်မြင်းပျံကြီးရှိသတဲ့ .. ရန်သူတွေ လာရောက်တိုက်ခိုက်ပြီဆိုရင် မြင်းကြီးက ဟီလိုက်တာနဲ့ အဲဒီမြို့လေးဟာ ကောင်းကင်ကို ပျံတက်သွားသတဲ့ .. အဲလို မြို့လေးက ကောင်းကင်ပေါ်ပျံတက်သွားတော့ ရန်သူတွေဟာလည်း မြို့လေးကို တိုက်ခိုက်လို့ မရတော့ပဲ အမြဲတမ်း တပ်ခေါက်ပြန်ကြရသတဲ့ .. ဒီလိုနဲ့ အခေါက်ခေါက်အခါခါဖြစ်လာတဲ့ အခါ ရန်သူ လူဆိုးတွေက တန်ခိုးရှိတဲ့ ပညာရှင်ကြီးတဦးကို သွားမေးသတဲ့ .. သူတို့ သွားသွားပြီးတိုက်တိုင်း မြို့က ကောင်းကင်ပေါ် ပျံပျံတက်သွားတာကို ဘယ်လိုတားဆီးရမလဲပေါ့ .. ဒါနဲ့ ပညာရှိကြီး က မြို့ကြီးပျံတက်မသွားနိုင်အောင် မြို့ကြီးရဲ့ ပတ်ပတ်လည်ကို သံကြိုးတွေနဲ့ တွဲထားလို့ အကြံပေးလိုက်သတဲ့ .. ဒီလိုနဲ့ ရန်သူတွေဟာ မြို့လေးရဲ့ ပတ်ပတ်လည်မှာ သံကြိုးတွေနဲ့ အရင်တွဲ ပြီးတော့မှ မြို့လေးကို လာရောက် တိုက်ခိုက်ကြသတဲ့ .. အဲဒီအချိန်မှာ နတ်မြင်းပျံကြီးက ဟီပေမယ့် မြို့လေးကတော့ ပျံမတက်နိုင်တော့ဘူးတဲ့ကွယ် .. အဲလိုမျိုး သံတွေကို တွဲပြီး သိမ်းပိုက်ထားတဲ့ မြို့ မို့လို့ သံတွဲလို့ နောက်လူတွေက ခေါ်ဝေါ်ကြတယ်တဲ့ .. ပုံပြင်လေးကတော့ ဒါပါပဲကွယ် .. :P

(ပြောပြတဲ့ အစ်မက သံတွဲသူပါ .. သူလည်း ကြားဖူးနားဝပေါ့ .. သူပြောပြောချင်းကိုယ်က မေးခွန်းထုတ်ပါတယ် .. ဒါဆို သံတွဲက အဆုံးမှာ ရန်သူတွေလက် ကျသွားတာပေါ့ ဟုတ်လား လို့ ဆိုတော့ .. အဲ့အစ်မကလည်း အင်းးးးး ပေါ့ လို့ ဖြေးဖြေးလေးလေး ဆိုလာပါတယ် .. :D)

ကျမ စလုံးကို မလာခင် ၁နှစ် ၂နှစ် အလိုလောက်မှာ မေကြီးက သံတွဲကို တာဝန်ကျပါတယ် .. ဒီတော့ ကျမတို့ မိသားစုလည်း သံတွဲကို ရောက်ရပြီပေါ့ ..

ရခိုင်ပြည်နယ်ရဲ့ မြို့တော်တခုဖြစ်တဲ့ သံတွဲမြို့လေးကို ရန်ကုန်ကနေ ညနေဘက် ၅ နာရီ ထွက်တဲ့ကားနဲ့ သွားမယ်ဆို မနက်ကို ၇နာရီ ၈နာရီ ပတ်ဝန်းကျင်လောက်ရောက်ပါတယ် ..

ကျမတို့ စီးလာတဲ့ ကားပေါ်က ဆင်းဆင်းချင်းပဲ မေကြီးတို့ ရုံးက ၀န်ထမ်းတွေက အသင့်စောင့်ကြိုနေကြပါတယ် .. မေကြီးက အမျိုးသမီးလည်း ဖြစ် နှစ်ရှည်နေရမယ့် အခြေအနေမို့ မေကြီးရဲ့ ပစ္စည်းတွေက အများကြီးပါပဲ .. ကားဂိတ်ကနေ ရုံးရှိတဲ့ နေရာကို သုံးဘီးဆိုင်ကယ်လေးတွေနဲ့ ပစ္စည်းတွေ သယ်ရပါတယ် .. လူလည်း လိုက်ပေါ့ .. :D

အဲဒီမနက်ခင်း ရောက်ရောက်ချင်း ပစ္စည်းတွေချပြီး ရုံးရှိရာကို မသွားသေးပဲ ဒေသခံတွေက အဲဒီက လ္ဘက်ရည်ဆိုင်တခုမှာ မနက်စာ ကျွေးပါတယ် .. ကျမကို ဘာစားမလဲဆိုတော့ မိနုကို ကြည့်ပြီး နွားနို့ရတယ်ဆိုတာနဲ့ နွားနို့သောက်မယ်ပြောလိုက်ပါတယ် .. နယ်ဘက်က နွားနို့ဆိုတော့ ရန်ကုန်ထက်ပိုစစ်မယ်လဲ ထင်တာကိုး .. (တကယ်ကတော့ သိပ်မကွာပါဘူး .. လ္ဘက်ရည်ဆိုင်က နွားနို့ဆိုတော့) .. ကျမ ဖေကြီးကလည်း နွားနို့တဲ့ .. ဒီလိုနဲ့ စောင့်နေရင်း နွားနို့ခွက် လာချပေးပါတယ် .. ခွက်လေးက သေးသေးလေးရယ် .. ဒါနဲ့ အကြီးမရှိဘူးလားမေးတော့တာပေါ့ .. (ရောက်ရောက်ချင်းဆောက်နဲ့ ထွင်းတာတော့ မဟုတ်ပါဘူး .. မိုးခါးက ကော်ဖီတို့ နွားနို့တို့ဆို ခွက်ကြီးကြီးနဲ့ များများသောက်တတ်တဲ့လူ မို့ပါ .. :D) ဒါနဲ့ စားပွဲထိုးက ကောင်တာကို လှမ်းမှာပါတယ် .. နွားနို့ တိုင်ကီနဲ့ တဲ့ .. :P (တိုင်ကီဆိုပြီး သိပ်လည်းမကြီးပါဘူး .. မတ်ခွက် ဆိုက်ပေါ့ .. :P) ဂလိုနဲ့ မနက်စာကို နွားနို့ကို တိုင်ကီနဲ့ သောက် အဲဒီက အစ်မတွေက ကောင်းတယ်ပြောတဲ့ ပဲပလာတာကို စားပြီး ၀မ်းဖြည့်ခဲ့ရပါတယ် ..

သံတွဲမြို့မှာ နံတော် ဆံတော် အံတော် ဆိုပြီး ဘုရား ၃ဆူ ရှိပါတယ် .. ဘုရား ၃ဆူလုံးကို တောင်ထိပ်တွေမှာ တည်ထားပါတယ် .. နံတော်တောင်က အမြင့်ဆုံးဖြစ်ပြီး အံတော်တောင်က အနိမ့်ဆုံးပါ .. မေကြီးရုံးက အံတော်ဘုရားတောင်ခြေမှာ ရှိပါတယ် .. ကျမရောက်သွားတဲ့ အချိန်မှာ အံတော်ဘုရားအနီးမှာ ရပ်တော်မူဘုရားကြီးတဆူကို တည်လက်စပါ .. ခုတော့ ပြီးလောက်ပြီပေါ့ ..

သံတွဲမြို့မှာ စားစရာအနေနဲ့ သတိအရဆုံးကတော့ ရခိုင်မုန့်တီနဲ့ ငါးနီတူလှော်သုပ် ပါ .. (ခုပြောရင်းတောင် သရေကျတယ် .. :D) ရခိုင်မုန့်တီဖတ်တွေက အဲ့မှာ ကြီးပါတယ် .. နန်းကြီးတယ်ပေါ့ .. ကျမကတော့ အမျှင်သေးသေးကို ပိုကြိုက်ပါတယ် .. ဒါပေမယ့် အဲဒီက မုန့်တီကတော့ အရမ်းစားလို့ ကောင်းပါတယ် .. ကျဲကျဲ ချိုချိုပေါ့ .. ပြီးတော့ ငါးနီတူလေးတွေကို လှော်ပြီး သုပ်တာပါ .. ငရုပ်သီးစိမ်းနဲ့ စပ်စပ်ကလေး အရမ်းကောင်း .. (ရှလွတ်) ကင်းမွန်ဆိုလည်း အကောင်ကြီးကြီးတွေ .. ပုဇွန်ဆိုလည်း လတ်လတ်ဆတ်ဆတ်နဲ့ပေါ့ ..

နွားနို့က လ္ဘက်ရည်ဆိုင်မှာ သိပ်မကောင်းပေမယ့် လာပို့တဲ့ နွားနို့က အရမ်းကောင်းပါတယ် .. ပြီးတော့ ငပိပေါ့ .. ငပိက နီနီလေး(ပန်းရောင်ထနေတာ) ပါ .. လုံးဝ မငံပဲ အရမ်းချိုပါတယ် .. (ကျမ ကြားတာတော့ ရန်ကုန်က ငပိတွေက ပြန်ရောတာတဲ့ .. မစစ်ဘူး ဆိုပါတော့) ငပိ ငါးခြောက်တွေက လုံးဝ မငံပဲ အချိုကဲပါတယ် .. ပြီးတော့ ဆုံဆီ စစ်စစ်လည်း ရပါတယ် .. ဟင်းသီးဟင်းရွက်ကတော့ အရမ်းလတ်ဆတ်တာပေါ့ .. ပန်းပွင့်ကြီးတွေဆို အကြီးကြီးတွေ ဖြူဖွေးပြီး ဈေးကလည်း သက်သာပါတယ် .. ဒါကြောင့်လည်း တောရွာနေတဲ့လူတွေက ကျန်းမာတယ်ထင်ပါတယ် .. သူတို့က အစစ်ရနိုင်တယ်လေ .. မြို့ကြီးပြကြီးနေတဲ့လူတွေကတော့ ဘရမ်းနောက်လိုက်ရင်းကို အတုမိနေကြတာမဟုတ်လား ..

သံတွဲမြို့လေးမှာ နေစဉ်တလျှောက်လုံး အရမ်းစိတ်အေးချမ်းရပါတယ် .. ရုံးဝန်ထမ်းတွေကလည်း ဖော်ရွေကြသလို သဘောလည်း ကောင်းကြတယ် .. ပြီးတော့ သံတွဲမှာ ရေလည်း ကောင်းပါတယ် .. စီးတာတွေဘာတွေ မရှိပါဘူး .. နေတော့ ပြင်းသပေါ့ .. စက်ဘီးတစီးရှိရင် သံတွဲတမြို့လုံး ပတ်လို့ရပါတယ် ..

သံတွဲမှာ ရခိုင်စကားပြောတယ်ဆိုပေမယ့် အကုန်လုံးမြန်မာသံ ပီပါတယ် .. နဲနဲကွဲတာက သူတို့က စကားကို အဆုံးမသတ်ဘူးပဲပြောရမလားမသိဘူး .. ကျမတို့ မရဘူး လို့ ပြောရင် သူတို့က မရ ဆိုတာနဲ့ ရပ်သွားပါတယ် .. မေကြီးလည်း နောက်ပိုင်း မရ မသိ မဟုတ်ရ အဲလိုဖြစ်သွားတယ် .. နောက်က "ဘူး" တို့ "ပါ" တို့ မပါတော့ဘူး .. :D (ရခိုင်သူကြီး ဖြစ်သွားတာလေ ..)

ဒေသခံတွေက ဧည့်သည်ဖြစ်တဲ့ ကျမတို့မျက်နှာကိုပဲ ကြည့်နေခဲ့တယ် .. ဟိုစပ်စပ် ဒီစပ်စပ် ကျမကတော့ အဲဒီကနေ ဦးထုပ်ထိုးနည်း သင်ခဲ့ပါတယ် .. သိုးမွှေးပေါ့ .. ၁ချောင်းထိုး .. ဦးထုပ်တမျိုးပဲ တတ်ပါတယ် .. (တခြားဟာတွေ လာအပ်မစိုးလို့) .. :D သံတွဲက အစားအစာတွေက မထူးခြားပဲ အရမ်းစားကောင်းပါတယ် .. လတ်လတ်ဆတ်ဆတ်နဲ့ ဟင်းရွက်တွေက အသားတောင် မလိုပါဘူး ..

သံတွဲမြို့လေးမှာ ဈေးရုံကြီးကြီး တခုပဲရှိပါတယ် .. အဲဒီမှာ အနွေးထည်တွေ ဂျာကင်တွေ (တချို့လည်း ဘေထုပ်) များပါတယ် .. ပြီးတော့ ထောင်ကြီးလည်း ရှိပါတယ် ..

သံတွဲမြို့လေးက လည်စရာပတ်စရာ ပျော်စရာရွှင်စရာ မရှိပေမယ့် အေးချမ်းလှတဲ့ မြို့လေးပါပဲ .. မနက်နဲ့ ညတွေမှာတော့ အေးတတ်ပြီး နေ့ခင်းဘက် နေထွက်ချိန်လောက်ပဲ ပူပါတယ် .. နေထွက်ချိန် နေပူထဲဆို ပူပြီး အရိပ်ထဲ ရောက်တာနဲ့ ပြန်စိမ့်စိမ့်ပြီး အေးတတ်ပါတယ် .. အဲဒီက ဒေသခံတွေကတော့ အမြဲ အနွေးထည်နဲ့ပါ .. ကျမကတော့ အအေးကြိုက်ကြိုက်နဲ့ အနွေးထည် မကပ်ဘူး .. ညအိပ်ရင်တောင် ဖေကြီးနဲ့ မေကြီး ကြားဝင် စောင်ထူထူခြုံပြီး အိပ်လိုက်တာပါပဲ ..

ဆိုးတာ တခုကတော့ (ထုံးစံအတိုင်း) မီး မရှိတာပါ .. ၁ရက်ခြားလောက်မှ တခါ အလှည့်နဲ့ ပေးပါတယ် .. ဒါတောင် မြို့ရဲ့စီစဉ်မှုနဲ့ပါ .. (ပြောတော့ပါဘူးလေ)

သံတွဲမြို့လေးက လည်စရာနေရာ မရှိပါဘူး .. စွဲမက်စရာ မရှိပါဘူး .. ထူးခြားမှုလည်း မရှိပါဘူး .. ဒါပေမယ့် ကျမ သံတွဲမြို့လေးကိုရော မြို့ခံတွေကိုရော သံယောဇဉ်ရှိနေဆဲပါပဲ .. စကားမစပ် .. ရောက်တုန်း ဖေကြီးနဲ့ ကျမ ထီထိုးလိုက်ပါသေးတယ် .. ဒါပေမယ့် မပေါက်ပါဘူး .. :D (သံတွဲစကားနဲ့ဆို .. ထီတော့ထိုးတယ် .. မပေါက် .. ပေါ့ :D)

ဒီ သံတွဲမြို့လေးကလည်း ကျမရင်ထဲက မြို့လေးတမြို့ပါပဲ .. အမှတ်တရ အလွမ်းပြေ အနေနဲ့ ရေးလိုက်တာပါ .. သံတွဲနားက ငပလီကိုတော့ နောက်ပို့စ်မှပဲ ဆက်ရေးပါတော့မယ် .. :D

ပျော်ရွှင်ဖွယ်နေ့လေးများ ပိုင်ဆိုင်ကြပါစေ ..း)

Wednesday, May 11, 2011

နေ၀င်ချိန်

နေ့စဉ်နေ့တိုင်း သွားနေတဲ့ ခရီးဆိုပေမယ့် ဒီနေ့မှ ပိုမောနေသလို .. လမ်းမလျှောက်ပဲ ကားစီးမယ် စဉ်းစားလိုက်ပေမယ့် ရာသီဥတုသာယာနေသားပဲလေ ဆိုပြီး ဇွတ်မှိတ် လျှောက်ခဲ့တယ် .. မှတ်တိုင် နှစ်ခုကျော်လောက် ထိ ဖြည်းဖြည်းမှန်မှန်လျှောက်လာ လိုက်တာ ခုမှ လူက မောမှန်းမသိ မောလာခဲ့တယ် .. ကားဆက်စီးသွားလိုက်ရမလား စဉ်းစားမိတော့ နောက်ထပ် လျှောက်ရ နောက် ၄ ၅ မှတ်တိုင်လောက်သာ .. မထူးပါဘူးလေ .. ဒီတိုင်းလျှောက်သွားတာ ကောင်းပါတယ် .. ပိုက်ဆံလည်း ခြွေတာရာ ရောက်တာပေါ့ ..

ကျမ အိမ်ကနေ မှတ်တိုင်ပေါင်း ၈မှတ်တိုင်လောက်မှာ ဘုံကျောင်းတခုရှိတယ် .. မနက် အိပ်ရာနိုးပြီဆိုတာနဲ့ ပြင်ဆင်ပြီး ထွက်လာလိုက်တာပဲ .. အိမ်မှာနေလဲ ဘာမှမထူးသလို အိမ်မှာ ကျမ တယောက်တည်း ကျန်နေမှာကိုလည်း ဘယ်သူမှ မလိုလားကြဘူး .. ကျမ မီးတွေဘာတွေကိုင်တာ စိတ်မချဘူးတဲ့ .. ဒါတွေက ကျမ ငယ်နုစဉ်တည်းက ကျွမ်းကျင်လာတဲ့ အလုပ်တွေပါ .. အသက်နဲနဲရတော့ တခါတလေ နဲနဲပါးပါး မေ့တတ်တယ် .. ဒါကိုပဲ အိမ်က လူတွေက သီးမခံနိုင်ကြဘူးလေ .. တယောက်တည်းအိမ်မှာ ကျန်ခဲ့မယ်ဆို အိမ်က သမီးလုပ်သူက မီးတွေပဲလျှောက်ဖွင့်ထားမလား .. ဂက်စ်အိုးပဲ လျှောက်ဖွင့်မလား ပူရှာတယ် .. အသက်အရွယ်ကြီးနေတဲ့ အရွယ် အဘွားကြီးကို ငြိုငြင်ပြီပေါ့ .. ထားပါလေ .. ဖြစ်လာမှတော့ ဘာမှလည်း မတတ်နိုင်ပါဘူး .. သူတို့ အပြောအဆို လွတ်အောင် စိတ်ပူရ သက်သာအောင် အိမ်နားက ဘုံကျောင်းပဲ သွားနေတာ ကောင်းတယ်ဆိုပြီး မနက် အိပ်ရာထ သူတို့တွေ အလုပ်မသွားခင်ပဲ ထွက်လာလိုက်တော့တယ် ..

ကျမမှာ သား၁ယောက် သမီး ၁ယောက် ရှိတယ် .. သားက တခြားနိုင်ငံမှာ အခြေကျနေပြီ .. သမီးလုပ်သူနဲ့ သူ့ အမျိုးသားကတော့ ကျမတို့နဲ့ တူတူပေါ့ .. ကျမတို့ဆိုတာ အဖိုးကြီးရှိစဉ်ကတော့ ကျမတို့ပေါ့ .. ခုတော့ ကျမတယောက်ပဲ ကျန်တော့တယ် .. အဖိုးကြီးကတော့ လွန်ခဲ့တဲ့ ၁နှစ်လောက်ကပဲ ဆုံးပါးသွားပြီ .. သူ့အတွက်တော့ ငြိမ်းချမ်းသွားတာပေါ့ .. ကျမကသာ ..

သမီးလုပ်သူက ကျမတို့အတွက် အိပ်ဖို့ နေရာပေးတယ် .. ထမင်း ကျွေးတယ် .. တခါတလေ ထမင်းဖိုးပေးတယ် .. ဒီလောက် စောင့် ရှောက်ပေးတာပဲ ကျေးဇူးတင်နေရတယ် .. သူများတကာ သားသမီးတွေများဆို ဒီလိုလေးတောင် ထောက်ပံ့ မပေးဘူး .. စားချင်လည်း ရှာစားပဲ .. ခုတော့ ကျမ ကံကောင်းပါတယ်လေ ..

ဟိုအရင် အဖိုးကြီး ရှိစဉ်က စိတ်ညစ်လည်း အတူတူ သားသမီးတွေအတွက် ပျော်ရွှင် ဂုဏ်ယူရလည်း အတူတူ .. ခုတော့ ကျမမှာ စကား ပြောချင်ရင်တောင် ပြောရမယ့်လူ မရှိတော့ဘူး အဘိုးကြီးရေ .. ရှင်ကတော့ ငြိမ်းချမ်းပြီပေါ့လေ .. ကျမလည်း သိပ်မကြာတော့ဘူး ထင်ပါတယ် .. ဖြစ်နိုင်ရင်တော့ မြန်မြန်လိုက်ခဲ့ချင်ပြီရှင် ..

အဖိုးကြီး ရှိတုန်းကတော့ အိမ်ကနေ ဘုံကျောင်းထိ လမ်းဟာ သိပ်မရှည်ခဲ့သလိုပဲ .. တယောက်နဲ့ တယောက် တွဲ ရင်ထဲက စကားတွေပြော ရန်ဖြစ်ချင်လည်း ဖြစ်ပေါ့ .. ဒီလိုပဲသွားလိုက်ရင် မောမှန်းမသိ ရောက်သွားတာပဲ .. ခုတော့ တယောက်တည်းလည်း ဖြစ် စကားပြောဖော်လည်း မရှိ .. ဟင်း .. လူကလည်း မောချင်သလို .. ကျုပ် ရှင်မရှိတာ အသားမကျသေးဘူးထင်ရဲ့ .. ရှင်ကတော့ တနေရာရာကနေ ကြည့်ရင်း ဒီမိန်းမ ခုမှ ငါမရှိတော့ ငါ့တန်ဖိုးသိတယ်လို့ များတွေးနေမလားပဲ ..

မောလည်း မောလှပြီ .. ဒီနေ့မှ ဒီလမ်းက ပိုများရှည်နေသလားမသိ .. အင်း .. လှမ်းတော့ မြင်နေရပါပြီ .. ဖြည်းဖြည်းချင်း လျှောက်မှ ..

အဖိုးကြီးရယ် .. ကျမ မနေ့ညက စိတ်မကောင်းစရာတခု ဖြစ်သွားသေးတယ်တော့ .. ရှင့် သမီးလေ .. ကျုပ် ရေချိုးနေတာ ရေပူပိတ်ပစ်တယ်တော့ .. ကျုပ်လည်း ရေချိုးတာ နဲနဲတော့ ကြာသွားပါတယ် .. အ၀တ်လေးနဲနဲ လျှော်လိုက်တာပါတော် .. အဲဒါ ဘာမပြော ညာမပြောနဲ့ ရေပူခလုတ်ပိတ်လိုက်တော့ ကျုပ် အသက်အရွယ်နဲ့ ရေအေးအေးဆို သိပ်ခံနိုင်ရည် မရှိတော့ဘူးတော့ .. ရှင်မရှိတော့ ကျုပ် ပိုအားငယ်လိုက်တာ .. ရှင်ကတေ့ ဒီဒုက္ခတွေ ဘယ်သိတော့မလဲလေ ..

ကျမ ကျန်းမာရေး ခုတလော သိပ်မကောင်းဘူး .. ရာသီ နဲနဲ အပြောင်းအလဲဖြစ်ရင် လူက ချမ်းစိမ့်စိမ့်နဲ့ .. ကိုယ်လက်ကိုက်သလို ခေါင်းမူးသလို အားမရှိသလိုပဲတော် .. ရှင်သာရှိရင် ကျမကို ဂရုတစိုက် ဆေးသောက်ဖို့ သတိပေးဦးမှာ .. ခုတော့ ကျုပ်တယောက်တည်း အိပ်ရာထဲသာ ခွေနေလိုက်ပါတော့တယ်တော် .. အိပ်နေရင်း စဉ်းစားမိသေးတယ် .. ရှင်သာ ခုချိန် လာခေါ်ရင် ကျုပ် ငေါက်ခနဲ ထလိုက်လာမိမှာတော့ ..

အင်း .. ကျောင်းတော့ ရောက်ပြီ .. ရှင့်အကြောင်း တွေးလာလိုက်တော့ ရောက်မှန်းတောင် မသိလိုက်ဘူး .. ဒါလည်း ခပ်ကောင်းကောင်းပဲ

သြော .. ကျောင်းထဲမှာ လူတွေ ကန်တော့ထားတဲ့ မုန့်တွေ အများကြီးပါလား .. အိမ်ဖို့နဲ့ နေ့ဖို့ ညစာ သွားယူထားဦးမှ .. ဟိုမှာ အဖိုးကြီးကြိုက်တဲ့ နဂါးမောက်သီးတွေပါလား .. ယူပြီး အဖိုးကြီးအုတ်ဂူနား သွားဦးမှ ..

နေကလည်း ပြင်းတယ်တော် .. ခေါင်းကလည်း ရိတ်တိတ်တိတ်နဲ့ .. သြော် .. အဖိုးကြီးအုတ်ဂူတောင် ဖုန်တွေ များနေပါ့လား .. သုတ်ဦးမှ ..

အမလေး .. ခေါင်းထဲက မိုက်ခနဲ မိုက်ခနဲ ဖြစ်နေပါလား .. အဖိုးကြီး အုတ်ဂူနား ခဏထိုင်နားဦးမှ ..

ဟင်း .. အဖိုးကြီးရေ .. ကျုပ် ရှင့်နောက် လိုက်လာရတော့မယ် ထင်ပါတယ် .. ကျုပ်လည်း သားသမီးက ပစ် ဂရုစိုက်မယ့်သူ မရှိတဲ့ ဘ၀ .. စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ ဘ၀ကနေ လွတ်တော့မယ်ထင်ပါရဲ့ ..

ကျမ မျက်ရည် မကျတော့ပါဘူး .. ကျစရာ မျက်ရည်လည်း မကျန်တော့ဘူး .. သားသမီးအတွက် လင်သားအတွက် ပူရ ပန်ရ မျက်ရည်ကျရနဲ့ ကျမအတွက်တော့ ထုံနေပါပြီ .. နေက ပြင်းလွန်းလို့ တကိုယ်လုံး ကျိန်းစပ်နေပေမယ့် နေရာက ရွေ့ဖို့ အားမရှိတော့ဘူး .. တချက်လှုပ်ဖို့ အသက်မထွက်မတတ် ပင်ပန်းနေတယ် .. အဖိုးကြီးရေ ရှင့်ဘေးနားမှာ ကျမ လဲလျောင်းလိုက်မယ် .. သတိမေ့သွားတာ ဖြစ်ဖြစ် အသက်ထွက်သွားတာ ဖြစ်ဖြစ် ကျမ ခု ခံနေရတဲ့ ဝေဒနာတွေ ပျောက်ကင်း သွားမယ် ..

ကျုပ်တော့ အသက်ရှုရတာ မ၀တော့ဘူး .. ပင်ပန်းလိုက်တာ ..

မျက်လုံးတွေ ကျိန်းလိုက်တာ .. အလင်းတွေ ဘယ်က ၀င်နေပါလိမ့် .. ဟင် .. အဖိုးကြီး .. ရှေ့မှာ အဖိုးကြီး မျက်နှာက ပြုံးလို့ လာဖို့ ခေါ်နေပါလား .. ဟင် .. လှည့်ထွက်သွားပြီ ..

ကျမ ကုန်းရုန်းထလိုက်တယ် .. ကျမ ခန္ဓာကိုယ်က ခုနကလို မဟုတ်တော့ပဲ ပေါ့ပါးနေပါလား .. ပေါ့ပေါ့ ပါးပါးဖြစ်သွားတဲ့ ခန္ဓာနဲ့ အဖိုးကြီးနောက် ပြေးလိုက် လိုက်တယ် ..

အဖိုးကြီးရေ ခဏလေးတော့ စောင့်ပါဦး ..

Monday, May 9, 2011

မဟာ ကျိန်သစ္စာရှင် ဘုရားကြီး

 မဟာကျိန်သစ္စာရှင်ဘုရားကြီးကို တည်ထားတဲ့ ဘုန်းဘုန်း ပုံတူရုပ်ထုပါ ..

 ဘုရားကြီးရဲ့ အတွင်းပိုင်း (ပြုပြင်ဆဲ ကာလ)

 ဒီပုံတော်အတိုင်း ဆင်းတုတော် အကြီးကို ထုလုပ်ထားတာလို့ သိရပါတယ် ..

 ဆရာတော်ကြီး ပုံတူ ..


ရန်ကုန်ပြန်တုန်းက ရောက်ခဲ့တဲ့ မြောက်ဥက္ကလာနားက ဘုရားကြီးပါ .. မဟာကျိန်သစ္စာရှင် ဘုရားကြီးလို့ ခေါ်ပါတယ် .. ဥာဏ်တော် အမြင့် ၁၀၈ ပေ မြင့်ပါတယ် .. မိုးခါး ရန်ကုန်ရောက်တုန်းက အပေါ်က ပုံတွေအတိုင်း အကြမ်းထည်ပဲ ပြီးပါသေးတယ် .. ကြားမိတာကတော့ အိပ်မက်အရ ဒီဘုရားကြီးကို တည်တာလို့ ကြားပါတယ် ..

ဟိုနေ့က အိမ်ကို သတိရလို့ မေးကြည့်တော့ ဘုရားကြီး တည်နေတာ တော်တော်ပြီးစီးနေပြီလို့ သိရပါတယ် .. အဲဒါနဲ့ အိမ်ကို အပူကပ် ဓါတ်ပုံအတင်းရိုက်ခိုင်းပြီး ဘလော့ဂင်းတော့တာပါပဲ .. :D (မဖူးရသေးတဲ့သူတွေ ဖူးစေချင်တဲ့ စေတနာပါ :P)




ဖြည့်စွက် -

ဆ၇ာတော်ဘု၇ားကြီးကို အဓိဌာန်ဆ၇ာတော်ကြီးဆိုပြီး လူသိများပါတယ်။ ၇ခိုင်ပြည်နယ်စစ်တွေမြို့ မှဖြစ်ပါတယ်။ ဆ၇ာတော်ဘု၇ားကြီးထံတွင် သစ္စာဆိုပြီး ဆုတောင်းပါက ဆုတောင်းပြည့်ပါတယ်။ စင်္ကာပူနိုင်ငံသို့ မကြာခဏ ကြွေ၇ာက်လာတတ်ပါတယ်။ မေလ ၇ ၇က်နေ့ က စင်္ကာပူနိုင်ငံမှတဆင့် အမေ၇ိကန်နိုင်ငံသို့ ကြွချီသွားပါတယ်။ အမေ၇ိကန်နိုင်ငံတွင် ၀ါဆိုပါမည်။

စာဖတ်သူတဦး
(စာဖတ်သူတဦးမှ ဖြည့်စွက်ပြောပေးသွားတာပါ .. ခုလို သိရလို့ စာဖတ်သူကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင် ..း))

Sunday, May 8, 2011

မျက်စိ တဖွင့်

ခပ်တင်းတင်း ဆွဲဆုတ်ခံရင်တခု
တခုခုနဲ့ ဖွင့်ဖို့တော့ လိုပြီ ..။

စကားတခွန်းလား
အသံတသံလား
ဆုံးဖြတ်ချက်တခုလား ..။

မျက်လုံးကို စုံမှိတ်
မှောင်တယ် ..။

မှိတ်ထားတဲ့မျက်ဝန်းတစုံ
အလင်းကို ဘယ်မြင်လိမ့်မလဲ ..။

အလင်းကို မြင်ဖို့
မျက်ဝန်းတွေ ဖွင့်လိုက်ပါ

လောကကြီးက လှတယ်
နေ့အလှနဲ့ နေ
ညအလှနဲ့ လ

အလင်းနဲ့ အလှကို ခံစားဖို့
စိတ်ရှင်းရှင်းနဲ့ မျက်ဝန်းတွေ ရဲရဲဖွင့်ကြည့်ပါ ..။

မြင်ပြီလား ..။

သူ့အလုပ်နဲ့ သူပျော်နေတဲ့ နေ့နဲ့ ညကို ..။

Sunday, May 1, 2011

နေပြည်တော်က လက်ရာများ



















































စာမရေးပဲ အပျင်းထူနေပြန်ပါပြီ .. :D

အဲဒါကြောင့် စာရေးဖို့ အရှိန်ပြန်ယူရင်း ရန်ကုန်ပြန်တုန်းက နေပြည်တော်ကိုလည်း ရောက်တုန်း ရွှေတိဂုံပုံတူ ဘုရားကြီးထဲက ပန်းပုပုံတွေကို ပြန်တင်ပေးလိုက်ပါတယ် .. ဘုရားရဲ့ ဇာတ်တော်တွေကို ထွင်းထုထားတဲ့ပုံတွေက အတော်လေး လက်ရာမြောက်ပါတယ် ..

ဆင်ဖြူထားတဲ့နေရာကိုလည်း သွားခဲ့ပါသေးတယ် .. ဒါပေမယ့် ရောက်တဲ့အချိန်က ဆင်တွေ အနားယူနေတဲ့အချိန်ဖြစ်လို့ မမြင်ခဲ့ရပါဘူး ..း))

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...