Wednesday, January 7, 2009

တွဲပါလာသော အတွေးများ

ခုတလော သမိုင်းစာအုပ်တွေ ဖတ်ချင်နေတယ်လေ .. ဆရာချစ်ဦးညိုရေးတဲ့ စာအုပ်တွေရှာဖတ်နေဖြစ်တယ် .. ကိုယ့်နိုင်ငံရဲ့ ရာဇ၀င် သမိုင်းကြောင်းတွေ ကိုပြန်လှန်လေ့ကျင့်ခန်းလုပ်နေဖြစ်တယ် .. အခုဖတ်မိတဲ့စာအုပ်ကတော့ ဆရာချစ်ဦးညိုရဲ့ (သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေမယ့် စကားများ) ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ် .. ၀ိညာဉ်သစ်ကနေ ဖတ်ဖြစ်တာပါ ..

စကားတစ်ခွန်းက တစ်မြို့လုံးပြာကျမယ့်အရေး လူတွေ သေကြေပျက်စီးရမယ့် အရေးကနေ ကာကွယ်ပေးနိုင်သလို .. သိပ်ရင်းနှီး သိပ်ချစ်ခင်ကြသူအချင်းအချင်း တစ်သက်မကျေနိုင်အောင် ရန်မက် ဖြစ်ပွားရတဲ့ အရေးတွေကိုလည်း တွေ့ရပါတယ် ..

သာမန်လူအချင်းချင်းတောင် စကားတစ်ခွန်းနဲ့ သတ်ဟယ်ဖြတ်ဟယ် ဖြစ်သေးတယ်ဆိုတော့ ရှင်ဘုရင်လို ပုဂ္ဂိုလ်မျိုးရဲ့ စကားတစ်ခွန်းအတွက် လူတွေ သေရတယ် .. စစ်မက်တွေဖြစ်ရတယ်ဆိုတာတော့ သဘာဝကျတဲ့ အဖြစ်အပျက်တွေပဲလို့ ဖြေသိမ့်ရမလား .. အဲဒီခေတ်တုန်းက ရှင်ဘုရင်အနီးအပါး ခစားရတဲ့လူတစ်ယောက်အတွက် လူများတကာထက်သာတဲ့ အခွင့်ထူးတွေ ရရှိသလို ဘုရင်ရဲ့ ဓါးကလည်း ကိုယ့်လည်ပင်းနား တ၀ဲဝဲပဲလို့ ခံစားမိတယ် ..

အခုစာအုပ်မှာ ရှင်ဘုရင်တွေရဲ့ စိတ်ထားမြင့်မြတ်တဲ့အကြောင်း တည်ကြည်တဲ့အကြောင်း ဖြောင့်မတ်မှန်ကန်တဲ့အကြောင်းတွေ ဖတ်မိတော့ လေးစား ကြည်ညိုမိတယ် ..

ဘုန်းကံကြီးလို့ ရှင်ဘုရင်ဖြစ်လာပေမယ့် စောလူးမင်းတို့လို ကုလားကျမင်း(ခေါ်)အလယ်မင်းနရသိင်္ခ တို့လို မင်းဆိုးမင်းညစ်တွေ အသိဥာဏ်မရှိတဲ့မင်းတွေကို တွေ့မိ ဖတ်မိပြန်တော့လည်း စက်ဆုတ်မိတယ် ..

ပြန်ပြီးစဉ်းစားကြည့်မိလိုက်တော့ လူတိုင်း လူတိုင်းက ကိုယ့်သမိုင်းကိုယ်ရေးနေကြတာပဲ .. ကိုယ်လုပ်တာ ကောင်းရင် ကိုယ့်သမိုင်းကြောင်းကောင်းမယ် .. ကိုယ့် သမိုင်းကြောင်းကောင်းဖို့သာ ကိုယ့်တာဝန်ဖြစ်တယ် .. ရှေ့မှာ သမိုင်းတွင်ခဲ့တဲ့ သူတွေရဲ့အကြောင်းကို ဖတ်မိပြီး ဆင်ခြင်မိဖို့အရေးကြီးတယ် ..

ကျွန်မဆင်ခြင်မိတာကတော့ ..
- ဒေါသရှေ့ထားတဲ့အတွက် အမှားသာများတတ်တယ် ..
- အလွယ်တကူ ဆုံးဖြတ်ချက်ချမိတဲ့အတွက် နောင်တသာ ရတတ်တယ် ..
- စကားတစ်ခုပြောမယ်ဆိုရင် ကိုယ့်စကားက အကောင်းဘက်ဦးတည်နေရဲ့လား .. အမှန်တရားဖြစ်ရဲ့လား ဆိုတာ လေ့လာဆန်းစစ်ကြည့်သင့်တယ် ..
- ကျေးဇူးရှင်အပေါ် ကျေးဇူးမဆပ်နိုင်သေးရင်တောင်မှ ကျေးဇူးတော့မကန်းသင့်ဘူး ..
- အောင်မြင်မှုတစ်ခုအတွက် ရင်းနှီးရတယ် .. ပေးဆပ်ရတယ် .. အောင်မြင်မှုရဖို့ မလွယ်ကူပါဘူး .. ကိုယ့်အောင်မြင်မှု တည်မြဲဖို့ က ပိုပြီးခဲယဉ်းတယ် ..
- ကိုယ်သိနေတဲ့ အမှန်တရားအတွက် အမှန်တရားဘက်က ရပ်တည်ရဲသင့်တယ် .. မရပ်တည်နိုင်သေးရင်တောင် အမှန်တရားကို မျက်ကွယ်မပြုသင့်ဘူး ..
- ကိုယ့်ရဲ့နှုတ်ထွက်စကားအပေါ် တာဝန်ယူသင့်တယ် .. ကတိနဲ့ သစ္စာဆိုတာ လူတိုင်းရှိသင့်တဲ့ တည်သင့်တဲ့ အရာတစ်ခုလို့ ကျွန်မ ယုံကြည်တယ်လေ ..

1 comment:

ဇင်ယော် said...

စာအုပ်ကောင်းတွေကနေပေးတဲ့ သဘောတရားတွေကို ခုလိုတလေးတစားနဲ့  တန်ဖိုးထားတာ၊ ရယူတတ်တာ တွေ.လို့  လေးစားမိတယ်ဗျာ။ စာအုပ်ကိုပါ ဖတ်ကြည့်ဖို့  လင့်ယူသွားတယ်ဗျို.။ PDF နဲ့  ရရင် ပိုကောင်းမယ်ဗျ။ ကိုယ်ကိုတိုင်ရေးတဲ့ ကိုယ့်သမိုင်း မရိုင်းရအောင် ဂရုစိုက်ကြရမှာပေါ့လေ။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...