Monday, January 12, 2009

မြင်ကွင်းတစ်ခုနောက်က အတွေး

"ငှက်ပစ်ထွက်ကြမယ် .. ငါဖမ်းသွားကြမယ် .."
"ဘာလုပ်ဖို့လဲ .."
"ဘာမှတော့မဟုတ်ဘူး .. အပျော်ပေါ့ .."

သြော် .. တော်တော်ကောင်းကြတဲ့လူတွေနော် .. ကိုယ်ပျော်ဖို့အတွက် သူများအသက်နဲ့ရင်းရတယ်လို့ .. ဒီလိုလုပ်တော့ ဘယ်လိုများပျော်ဖို့ကောင်းလို့လဲ .. အသက်ကိုလုပြေးနေတဲ့ သတ္တ၀ါတွေကို ကြည့်ရတာပျော်ဖို့ကောင်းတာလား .. မသေမရှင် ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတဲ့ သတ္တ၀ါတွေကို ကြည့်ရတာ ပျော်ဖို့ကောင်းနေတာလား ..
#####

ဒီနေ့ မနက် ရုံးလာတဲ့လမ်းမှာ လူတစ်ယောက် ငှက်ပစ်နေတယ် .. မီးပွိုင့်မိလို့ ကားခဏရပ်ထားတုန်းမှာ မြေပေါ်ကို ငှက်တစ်ကောင်က ဖုတ်ကနဲ ကျလာတယ် .. နောက်လည်း ဝေးဝေးမှာ ပြုတ်ကျလာတာတွေမြင်ရတယ် .. မနက်စောစော ဒီမြင်ကွင်းမျိုးမြင်လိုက်ရတာ စိတ်ထဲမောသွားတယ် ..

ကျမကတော့ ကိုယ်တိုင်လည်း အသားနာမှာ ကြောက်တတ်သူပီပီ သူများကိုလည်း နာကျင်အောင် မလုပ်ရဲဘူး .. ငယ်ငယ်တုန်းကတော့ ဘာမှမသိခင် ခြင်ဆိုလည်း လိုက်ရိုက်တာပဲ .. ကိုယ့်မကိုက်လည်း လိုက်ရိုက်တယ် .. လိုက်ဖမ်းလို့ မိရင်ပျော်တာကိုး .. ခုနောက်ပိုင်းတော့ သိသိကြီးနဲ့ သေအောင်လုပ်ဖို့ သိပ်မရဲတော့သလိုပဲ .. အရင်တုန်းကဆို မတော်တဆ ပုရွက်ဆိတ်တစ်ကောင်ကို ပွတ်မိလိုက်လို့ မသေမရှင်ဖြစ်နေရင် ပိုနာမယ်ဆိုပြီး မြန်မြန်သေအောင်သတ်လိုက်တယ် .. :P မြန်မြန်ဝဋ်ကျွတ်အောင်လေ ..

နောက်တော့ သိလာတာက သတ္တ၀ါတွေအားလုံးက ကိုယ့်အသက်သေမှာကို အကြောက်ဆုံးပဲတဲ့ .. နောက်ဆုံးမျှော်လင့်ချက်လေးကိုတောင် မစွန့်လွှတ်ချင်ကြဘူးတဲ့ .. နောက်ဆုံးချိန်ထိ ရှင်သန်ဖို့ကြိုးစားချင်ကြတယ်တဲ့ .. စာအုပ်တွေနဲ့ ဘုန်းဘုန်းတွေရဲ့ တရားတွေမှာ ဖတ်ဖူးမှတ်ဖူးလာတယ် ..

အသိဆိုတာရှိနေရင်တောင် အဲဒီအသိကို လက်တွေ့ကျင့်သုံးနိုင်ဖို့က တော်တော်ခက်သေးတာပဲ .. ခုနောက်ပိုင်း ခြင်တွေ ပုရွက်ဆိတ်တွေကို လက်နဲ့ ဖျစ်ညစ်မသတ်ရဲပေမယ့် .. ပုရွက်ဆိတ်က ပန်းကန်မှာကပ်နေတာမျိုးဆိုရင်တော့ ရေနဲ့လောင်းချသေးတယ် .. :P .. သူတို့ကိုခါနေရတာ အလုပ်ရှုပ်တာကိုး .. ဒီလောက်မှစိတ်မရှည်တာ ..

ဘာပဲဖြစ်ဖြစ် နောက်ပိုင်း ဘယ်သတ္တ၀ါ ဘယ်အင်းဆက်ဖြစ်ဖြစ် ကျမ ရည်ရွယ်ချက်ရှိရှိ မသတ်ရဲတော့ဘူး .. (စိတ်မထင်ရင် မထင်သလို ပုရွက်ဆိတ်ကို ရေနဲ့လောင်းချတာကလွဲရင်ပေါ့ ..)

ပြောချင်တာက .. အပျော်ဆိုပြီး ငှက်ပစ်တာ ငါးဖမ်းတာတွေကို ကျမကတော့ ၀ါသနာမပါသလို ဒါကို ပျော်စရာလို့လဲမထင်ဘူး .. ၀မ်းရေးအတွက် ရှာဖွေစားသောက်ကြရတာဆိုတာက လွဲရင်ပေါ့ ..

သတ္တ၀ါရယ်လို့ ဖြစ်လာရင် ကိုယ်ပြုဖူးတဲ့ ကုသိုလ် အကုသိုလ်အကျိုးတွေကို ခံစားနေရတာပဲလေ .. ဘယ်သူမပြု မိမိမှုပဲပေါ့ .. တစ်ခါတစ်လေကျတော့လည်း စဉ်းစားမိတယ် .. ကိုယ့်ရဲ လောဘ လျှာအရသာခံဖို့အတွက်လေးတစ်ခုအတွက် သူများအသားကို အရသာရှိရှိချက်စားနေတာ တရားမှတရားရဲ့လားလို့ ..

9 comments:

ဝှိုက်ဝှိုက် said...

ဝှိုက်လည်းအဲ့လိုပဲ သတ္တ၀ါတွေသတ်တာမြင်ရင်
စိတ်မချမ်းသာဘူး ကိုယ်တိုင်လည်းမသတ်ဘူး
သူများတွေသတ်နေရင်လည်း သတ်နေတဲ့
လူကိုပါကြောက်တယ်

မီးမီးငယ် said...

စိတ်ချစွာစားပါအမရယ်
း)

ငရဲမကြီးလောက်ပါဘူး
း)

ရဲရင့်နီ said...

ပြုသူအသစ်...
ဖြစ်သူအဟောင်း....
အတွေးကောင်းလေးပါဗျာ...

moe said...

မမိုးခါးရေ သတ္တ၀ါလေးတွေကို ဒီလို လုပ်တာတာမပြောနဲ့ ။ လူအချင်းချင်းတောင် ညှာတာမှု ကင်းမဲ့စွာနဲ့ ရိုက်နှက် နှိပ်စက် နေကြတယ်ဗျာ ။ အမှန်တရား ပျောက်ဆုံးနေတယ် ......။

စိတ်ဓါတ်နူးညံ့တဲ့ အတွက် လေးစားပါတယ်ခင်ဗျာ ။

လင်းဦး(စိတ်ပညာ) said...

ကျွန်တော် ငယ်ငယ်တုန်းကတော့ ပုရွက်ဆိတ်ကို တော်တော်သတ်ခဲ့တာ။ အခုမှ တော်တော် နောင်တ ရတယ်။ ပုရွက်ဆိတ်နဲ့ ကစားခဲ့တာဗျ။ ပုရွက်ဆိတ် အနက်က ကျွန်တော်ဘက်လုပ်၊ အနီကောင်တွေကို မုန်းလို့... သူတို့ကို ကျတော့ ရန်သူလုပ်။ အဲ့လိုမျိုး။ အနီကောင်တွေကို လိုက်ပြီးသတ်တာ။

Craton said...

အနော်ရောပါပဲ.. ငယ်ငယ်က။ ခုထိလည်း မေ့မေ့ပြီး သတ်မိတယ်။ တခါတလေ.. တော်တော်သတိထားနေရတယ်။ စားတာကတော့ စားသဗျ.. :D

Min Myat Soe said...

အစ်မတော်ရေ ကျွန်တော်ကတော့ သိတက်တဲ့အရွယ်က စပြီး ဘယ်သတ္တ၀ါမှ မသတ်ဖူးဘူး။

အိပ်မက်ရှင် said...

ဟုတ်တယ် သတ္တ၀ါဆိုတာက အသက်ကို ခင်တွယ်တဲ့ အမျိုးလေ ဆင်ကြီးတစ်ကောင်ဟာလည်း အသက်နဲ့ ပုရွက်ဆိတ်လေးတစ်ကောင်မှာလည်း အသက်နဲ့ပါပဲ၊ သတ္တ၀ါတွေက ကိုယ်ချွတ်မှ ကျွတ်မယ်ဆိုတဲ့ အယူအဆက မှားတယ်လို့ ထင်မိတယ် ... အသားကတော့ ပံသကူအသားဆိုရင် ငရဲလွတ်တယ် ထင်တယ် ညီမရေ ၊ မြင်သားကြားသား ရှောင်ရင် စားလို့ရမယ် ထင်တယ် ... :) အခုပို့စ်ကလေး ရည်ရွယ်ချက်ကောင်းပါတယ် ... ကြိုက်တယ်

Libratun said...

ငါကတော့ ငါးမျှားတာကြိုက်တယ်။ ဒါပေမယ့် ချိတ် နဲ့ တီကောင် မပါတဲ့ ငါးမျှားတံနဲ့ပေါ့။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...