Saturday, November 6, 2010

၂၀၁၀ အိမ်အပြန်

သိပ်မကြာခင် ကာလတခုမှာ ရန်ကုန်ကို အလည်ခဏ ပြန်ခဲ့ပါတယ် .. ရန်ကုန်မြေက ကိုယ်နဲ့ စိမ်းမသွားသလို မိသားစု ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကလည်း နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ပါတယ် .. အချိန် သိပ်နည်းလွန်းပေမယ့် ပျော်ရွှင်ခဲ့ရတာပါပဲ .. အချိန်လုပြီး သွားလာနေရင်းက ရယ်မောနေခဲ့ရပါတယ် .. အဲ .. မရီနိုင်တဲ့ အချိန် မပျော်နိုင်တဲ့ အချိန်ကတော့ လေဆိပ်ရဲ့ အ၀င်နဲ့ အထွက် အချိန်လေးပါပဲ ..

လူတိုင်း ကြုံရမှာပါ .. ရန်ကုန်လေဆိပ်က ၀န်ထမ်းတွေရဲ့ ကြိုဆိုပုံ ..

ဒီတခေါက် ရန်ကုန် ခဏပြန်ရတာ ခဏဆို ဆိုသလောက် အတော် စိတ်ကသိကအောက်ဖြစ်ရတဲ့ အဖြစ်တွေ ကြုံရပါတယ် ..

ရန်ကုန်လေဆိပ်ကိုရောက်ပြီဆိုရင်ပဲ ကိုယ့်ကို လာကြိုနေမယ့် အဖေ အမေနဲ့ သူငယ်ချင်းတွေရဲ့ ပုံရိပ်ကို ကာဆီးထားတဲ့ မှန်တွေကြားက လိုက်ရှာဖြစ်ပါတယ် .. ဟော တွေ့ပါပြီ .. ပျော်ရွှင်စွာနဲ့ လက်ပြနှုတ်ဆက်နေတဲ့ အဖေနဲ့ အမေ .. ကိုယ့်စိတ်ကလည်း အမြန်ဆုံးသာ အပြင်ကို ထွက်ချင်နေတော့တာပေါ့ .. ကိုယ့် ပတ်စ်ပို့ထဲမှာလည်း ၁၀တန်လေးက ငြိမ်ငြိမ်သက်သက်နဲ့ ပါလာလေရဲ့ ..

စပြီး တန်းစီပါပြီ .. လ၀က ကို ဖြတ်ဖို့ပေါ့ .. စစ်ဆေးမယ့် လူကြီးရဲ့ အခြေအနေကို ကြည့်လိုက်တာ သိပ်တော့ အခြေအနေ မဟန်ဘူးလို့ ထင်လိုက်ပါတယ် .. မျက်နှာကို တွေ့မိရုံနဲ့ ပါဝါပြမယ့်ပုံ ပေါက်နေလို့ပါ .. ဒါပေမယ့် မတတ်နိုင်ဘူးလေ .. ဒီနေရာကို ဖြတ်မှသာ ကိုယ်လိုရာကို ရောက်မှာကိုး .. တန်းစီနေရင်း နောက် ဂိတ်ပေါက်တခုပါ ထပ်ဖွင့်ပြီး ဒီဘက် လာကြ ဒီဘက် လာကြဆိုတော့ ကိုယ်လည်း အပြေးလေး သွားတန်းစီလိုက်ပါတယ် .. ကိုယ့်ရှေ့မှာ လူက ၃ယောက်လောက်ရှိပါတယ် .. ဒီလိုနဲ့ စိတ်ကို ရှည်ရှည်ထားရင်း တရွေ့ရွေ့ ကိုယ်က ထိပ်ဆုံးရောက်သွားပါတယ် .. ရှေ့က လူ ပြီးတော့ ကိုယ့်အလှည့်ထင်ပြီး သွားမယ်အလုပ်မှာ ခဏနေဦး .. စပယ်ရှယ် ရှိတယ် တဲ့ .. စပယ်ရှယ် ၃ယောက် ရှေ့ထွက်လာပါ တဲ့ .. ဟော ကိုယ့်နောက်က လူ သုံးယောက်က ရှေ့တက်သွားပါလေရော .. အင်း .. ဒါလည်း အတွေ့အကြုံတမျိုး ယူတတ်ရင် ပညာရပါတယ် .. :P

ကဲ တကယ်ပဲ ကိုယ့်အလှည့် ရောက်လာပါပြီ .. စာရွက်တွေပြ လိုတာတွေပေးပြီး အခွန်စာရွက် ဆောင်ထားတာကို မေ့ခဲ့ပါတယ် .. ယူဖို့ လုံးဝကို သတိမရတာပါ .. :D .. ဒါပေမယ့် ငွေမျက်နှာ တယ်ကြီးသကိုး .. ရှေ့လူတွေလောက်တော့ အဟောက်မခံလိုက်ရပါဘူး .. ဒါပေမယ့် ဒီဖောင်း လုပ်ဖို့မှာ ထပ်တစ်ပြန်ပါတယ် .. တပတ်အတွင်း အ၀င်အထွက်လုပ်ရင် ဒီဖောင်းမလို လို့ ဒီမှာ ကြားခဲ့တော့ မေးလိုက်မိပါတယ် .. သေချာအောင် .. အဲဒီမှာ တခါ လက်ချာ ထပ်ရိုက်ခံရတယ်ပေါ့ .. ဒီက လူတွေ အမှတ် မှားနေပါတယ်တဲ့ .. ၁ရက်ပဲ ကိုယ့်မြေကို နင်းနင်း ၂ရက်ပဲ နင်းနင်း ဒီဖောင်းလိုပါသတဲ့ .. ပြီးတော့ လိပ်စာကဒ်တကဒ် ထုတ်ပေးပါတယ် .. အဲဒီမှာ သွားလုပ်ပါတဲ့ .. ဒါ အတတ်နိုင်ဆုံးကူညီလိုက်တာပါတဲ့ .. ကျေးဇူးတင်ဖို့ ကောင်းပါတယ် .. :P .. ဒီလိုနဲ့ ယူစရာရှိတာ ယူပြီး အိတ်တွေရွေးဖို့နေရာကို သွားပါတယ် .. ပစ္စည်းတင်ဖို့ လှည်းရှာတာ မတွေ့ပါ .. ဒီလိုနဲ့ အထုပ်တွေအရင် ဆွဲချလိုက်ပါတယ် .. ပြီးတော့ လှည်းရှာပုံတော် ထွက်ပါတယ် .. ဘုရားစူး မတွေ့ပါ .. တယောက်ယောက်မေးဖို့ လိုက်ရှာတော့ ယူနီဖောင်းနဲ့ ခန့်ခန့်ကြီးရပ်နေတဲ့လူ တွေ့ပါတယ် .. သွားမေးပါတယ် .. ပြန်ပြောတာကတော့ .. လှည်းလား .. အင်း .. ကုန်ပြီထင်တယ် အစ်မ .. တဲ့ .. တော်တော် အံ့သြစရာကြီးပေါ့ .. လေယာဉ်ကွင်းမှာ ပစ္စည်းသယ်တဲ့ လှည်း ကုန်သွားသတဲ့ .. ဒီလို ခေတ်မှီ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံတကာ အဆင့်မှီ လေဆိပ်ကြီးပါ ..း)

အထက်ပါ အဖြစ်အပျက်ကတော့ ရန်ကုန်လေဆိပ်ကြီး ၀န်ထမ်းတွေ နွေးထွေးစွာ ကြိုဆိုလိုက်ပုံပါပဲ ..

ခု ဆက်မှာကတော့ ရန်ကုန်မြို့ပြကြီး အကြောင်းပါ ..

ချိုင့်တွေ ခွက်တွေ ပေါများတဲ့ လမ်းမတွေ .. ပင်ပန်းနွမ်းနယ်စွာနဲ့ သွားလာ လှုပ်ရှားနေတဲ့ မြို့ပြ လူထု .. မြို့နယ်တိုင်းမှာ ဆိုင်းဘုတ်တွေပေါ် နေရာယူနေကြတဲ့ မဲပေးခံ ပုဂ္ဂိုလ်များရဲ့ ပုံများ .. အဲ မီးတော့ လာနေတယ် .. :D .. မိုးမရွာပါ .. ကြေးအိုးတစ်ပွဲ ၃၀၀၀ လောက် ဖြစ်နေပြီလို့လည်း သူငယ်ချင်းတွေ ပြောကြတယ် .. တချို့နေရာတွေပါ (မသောက်ဖြစ်ခဲ့ပါ) .. သြော် ရောက်တဲ့ အချိန် အင်တာနက် သုံးမရပါ .. ရွှေတိဂုံဘုရားကြီးပေါ်မှာတော့ လူတွေ စည်ကားနေတာပါပဲ .. မဲဆွယ်တယ်ဆိုပြီး စာရွက်တရွက် အိမ်ပေါ်ရောက်လာတယ် .. ဒါနဲ့ ဖေကြီးကို မေးလိုက်မိတယ် .. ဒီလူကြီးက ဘာတွေလုပ်လို့ ထောက်ခံမဲပေးရမှာလဲလို့ .. ဖေကြီးက ပြန်ဖြေပါတယ် .. သူလည်း မသိဘူးတဲ့ .. တအိမ်လုံးက လူတွေလည်း သိတဲ့ ပုံ မပေါ်သလို စိတ်ဝင်စားသူလည်း အတော်နည်းပါတယ် .. ဆိုင်ရာ လူတွေက လွဲရင်ပေါ့ .. အင်းး .. စိတ်မကောင်း ဖြစ်မိတာက လူတွေရဲ့ ညှိုးငယ်တဲ့ မျက်နှာနဲ့ မွဲခြောက်ခြောက် ကိုယ်ရောင်ကိုယ်ဝါတွေပါပဲ .. ဒါကြောင့်လည်း နားလည်လာတယ် .. အူမတောင့်မှ သီလစောင့်နိုင်လိမ့်မပေါ့ ..

ကဲ တတိယပိုင်း လာပါပြီ .. အပြန်ခရီး လေဆိပ် အတွေ့အကြုံပေါ့ ..

ရန်ကုန်လေဆိပ်ကြီးကို ရောက်တာနဲ့ အ၀င်ဝရောက်တာနဲ့ တယောက်က အနားလာလိုက် .. အစ်မ စင်ကာပူလား .. ၀န်ဆောင်ဖို့ ငှားဦးမလားနဲ့ လာပါတော့တယ် .. ကိုယ်လည်း စိတ်ပေါက်ပေါက်နဲ့ မလိုပါလို့ ပြောလိုက်ပါတယ် .. ဒါပေမယ့်လည်း ရေစက်က ဆုံလာလေတော့ မဗိုက် တယောက်နဲ့ ဆုံပါလေရော .. ကဲ ရှိစေတော့ .. အိမ်ကလည်း လုပ်လိုက်ပါတဲ့ .. မလိုပဲ ကြာနေမှာတွေ မဖြစ်စေချင်လို့ပါ .. အဲ့အစ်မက ဖြည့်စရာစာရွက်ဖြည့်ပေး ဟိုဟာပြော ဒီဟာပြောနဲ့ ကီလိုချိန်တဲ့ဆီရောက်ပါတယ် .. ချိန်ပါတယ် .. ပိုပါတယ် .. ဒါပေမယ့် လျှော်ပါတယ် .. ဒီလိုနဲ့ အပေါ်ထပ်တက်လာပါတယ် .. မမြင်ချင်တဲ့ မျက်နှာတွေ ထပ်မြင်ရပြန်ပါတယ် .. အတော် အကုသိုလ်များပါတယ် .. ဒီလိုနဲ့ တန်းစီပါတယ် .. ကိုယ့်မှာ ဒီဖောင်း မပါပါ .. အင်တာနက်ကျနေတော့ ဒီဖောင်းလည်း လုပ်မရပါ .. ဒါပေမယ့် အ၀င်မှာ သူတို့ ပေးလိုက်တဲ့ ဆိုင်က ချလံ ပါပါတယ် .. မဗိုက်ကလည်း အရင်ဝင်ကြည့်ပေါ့တဲ့ .. မရမှ လူကြီးနဲ့ တွေ့ပါတယ်တဲ့ .. ယုံစားမိတဲ့သူ အမှားပါ .. တကယ်ဆို တတန်းကြီး စီပြီးမှ အစပြန်ရောက်ရတာ အတော် စိတ်လေဖို့ ကောင်းတဲ့ ကိစ္စပါ ..

ကဲ တွေ့ပါပြီ .. လ၀က က အရာရှိကြီးနဲ့ .. ဘယ်မလဲ ဒီဖောင်းတဲ့ .. အမ် .. အင်တာနက် မရဘူးလေ .. သူတို့ ပြောတဲ့ဆိုင်ကို သွားတယ်လေ .. (ပုံမှန် ၃၀၀၀ ကို ၅၀၀၀ ပေးလုပ်ခဲ့ရတာနော်) .. မရပါတဲ့ လူကြီးနဲ့ တွေ့ပါတဲ့ .. လက်မှတ် မပါလို့ လို့ ပြောပါတယ် .. ဘာတတ်နိုင်မလဲ လေ .. ကိုယ်က သွားပတ်သက်မိအောင် နေတာကိုး .. လူကြီးအခန်းကို သွားပါတယ် .. လူကြီး မရှိပါဘူး .. လူလေးတွေပဲ ရှိပါတယ် .. စောင့်ရပါတယ် .. မလာမချင်းပေါ့ .. ကိုယ့်လိုပဲ ဒုက္ခသယ်တွေ တဖွဲဖွဲ ရောက်လာပါတယ် .. အကိုကြီး တယောက်ဆို ကိုယ့်ရှေ့ လေယာဉ်နဲ့ လိုက်ဖို့ပါ .. လူကြီး မရှိတော့ စောင့်နေရပါတယ် .. တော်တော်နဲ့လည်း မလာပါ .. အဲအကိုကြီးက စိတ်ပူလို့ ပြောတော့ မပူနဲ့တဲ့ .. လေယာဉ်က သူတို့ ခွင့်ပြုမှ ထွက်လို့ရတာတဲ့ .. သြော .. တော်တော်ပါဝါ မြင့်ကြတာပဲ .. ဒါကြောင့်မို့ ဒီလို ဒီလို ဒီလိုနိုင်တာပေါ့နော် .. :P

ဒီလိုနဲ့ လူကြီးလာပါပြီ .. ကိုယ့်နောက်မှ လာပေမယ့် ကိုယ့်ရှေ့လေယာဉ်နဲ့လိုက်မယ့် အကိုကြီးကို ဦးစားပေးလိုက်ပါတယ် .. သူ့ပြဿနာက ပတ်စ်ပို့ သက်တမ်း ၆လ မကျန်လို့တဲ့ .. ဒီဖောင်း ပါပါတယ် .. ဒါပေမယ့် ထွက်ခွင့်မပေးဘူးဆိုပြီး ဖြစ်နေတာပါ .. အခွန်ဆောင်တဲ့ စာရွက်တောင်းပါတယ် .. မဆောင်ရသေးဘူးပေါ့ .. ဟုတ်တယ်လေ သက်တမ်းပဲ တိုးရခါနီးပြီ မဆောင်ပဲလဲ နေလို့မရတာ လူတိုင်း သိတဲ့ ကိစ္စ .. ဟင်းး .. ခက်နေပါပြီ .. ဘာညာ ဘာညာနဲ့ ပွားပြီး လက်မှတ်ထိုးပေးလိုက်ပါတယ် ..

ကိုယ့် အလှည့် .. ဘာဖြစ်သလဲဆိုတော့ ကိုယ့်မှာ ဒီဖောင်းမပါတဲ့ ကိစ္စ .. ချလံပါတယ် .. မရဘူးတဲ့ .. အဲ့ဆိုင်က ဖုန်းဆက်ထားမယ်ပြောတယ် ဆိုတော့ မဆက်ဘူးလေတဲ့ .. ဒီတော့ ကိုယ့်ဘက်က ပျက်ကွက်တာမို့ နောက်နေ့မှ ပြန်ပေါ့တဲ့ .. လုပ်ပုံ လုပ်ပုံ .. နောက်ဆုံးတော့လည်း သြ၀ါဒ ခံ .. ပါဝါပြတာ ခံပြီး .. လက်မှတ်ကလေးတခု ရလာပါတယ် .. ကိုယ်လည်း ၀တ်ကျေတန်းကျေ ကျေးဇူးတင်ပါတယ်ပြောမိတော့ .. အိတ်ပါလားတဲ့ .. အမ် .. အိတ်ပါတယ် ဆိုတော့ အဲဒီအိတ်ထဲ ကျေးဇူးတွေ ထည့်ပေးလိုက်မလို့တဲ့ .. များနေတယ်ဆိုပဲ .. အေးလေ သူတို့လိုချင်တဲ့ အဲ့ကျေးဇူးတွေမှ မဟုတ်ပဲ .. အသုံးတည့်တဲ့ ရေပဲ လိုချင်တာ ဟတ်လား .. နောက်ဆုံးတော့ မချိသွားဖြဲနဲ့ အောင်မြင်စွာ ထွက်ခွာလာခဲ့ပါတော့လေသတည်း ပေါ့ ..

ယူတတ်ရင် ပညာရပါတယ် .. သတိထားမိရင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ သိလာတယ်ပေါ့ .. နောက်တခါ မနေနိုင်ပဲ ထပ်ပြန်ရင် နည်းယူရတာပေါ့လေ .. ဒီစာကို ဖတ်မိတဲ့ မသိသေးတဲ့ သတိမေ့နေသူတွေကိုလည်း သတိပေးချင်ပါတယ် ..

ရန်ကုန်ပြန်မယ်ဆိုရင် -
- အခွန်ကို အပ်ဒိတ် ဖြစ်အောင် မဆောင်ထားရင် ၁၀ တန်လေးတွေ ပါပါစေ ..။ (အ၀င်ရော အထွက်ရော)
- မျက်နှာထားကို ပြုံးထားပါ ..။ သူတို့က ဓါတ်ပုံလည်း ရိုက်သေးတယ်လေ ..။
- သယ်စရာ လှည်း မရှိရင် အလွယ်သယ်နိုင်တဲ့ အိတ်မျိုး ဖြစ်ပါစေ ..။
- ရန်ကုန်မြေမှာ ၁ရက် နေနေ ၁နာရီ နေနေ ၀င်ပြီး ပြန်ထွက်ချင်တယ်ဆိုရင်တော့ ဒီဖောင်း ပါရပါမယ် ..။
- ပတ်စ်ပို့ သက်တမ်းဟာ အနည်းဆုံး ၆လ ရှိရပါမယ် ..။
- လေဆိပ်အထွက် ၀င်ဆောင်ခကတော့ ၁ယောက်ကို ၂၀၀၀ စီ ဖြစ်ပါတယ် ..။ လိုက်သယ်ပေးတဲ့လူက ၂၀၀၀ ကဒ်မှာ လိုတာ ဖြည့်ပေးတဲ့ သူအတွက် ၂၀၀၀ ..။ ကီလိုချိန်ပေးသူအတွက် ၂၀၀၀ ဖြစ်ပါတယ် ..။
- အကယ်၍များပေါ့ .. ကိုယ့်မှာ ဒီဖောင်း မပါဘူး ချလံပဲပါတယ်ဆို အချိန်မကုန်ရအောင် လူကြီးခန်းထဲ အလိုက်တသိဝင်ပြီး သြ၀ါဒ ခံလိုက်ပါ ..။

ဆန္ဒလေးပေါ့လေ .. ပြည်သူ့ဝန်ထမ်းမဟုတ်တဲ့ အစိုးရ၀န်ထမ်းတွေ .. မျက်နှာထားလေး ပြင်ပြီး ငါနဲ့ ဆက်ဆံလိုက်တဲ့လူတွေ စိတ်ချမ်းသာ အဆင်ပြေပါစေတော့ဆိုတဲ့ စေတနာလေး ရှိလာရင် တော်တော်ကောင်းမှာပဲ .. နှစ်ဦးနှစ်ဖက် အဆင်ပြေ စိတ်ချမ်းသာရတာပေါ့ ..

ကိုယ့်လိုပဲ ကြုံဘူးကြတဲ့လူတွေ ရှိမှာပါ .. ခုရေးထားတဲ့စာကို ပြန်ဖတ်မိတော့လည်း ဒေါသတွေ ပါနေပါတယ် .. တကယ်လည်း ကိုယ့် မြေ ကိုယ့် ရေ ကို ပြန်ဖို့ အရေး အတော့်ကို စိတ်လေပြီး စိတ်ပျက်လာရပါတယ် .. ဒါပေမယ့်လည်း .. ဒါပေမယ့်လည်း ပေါ့လေ ..

မှတ်ချက် = ပေါက်ကွဲတယ်ပဲ ဆိုချင်ဆို :P

Thursday, October 28, 2010

ကျမနှင့် စာအုပ်များ(အသက်ရှင်နေလျက် ဘ၀သေနေသူ)

အခုတလော စာအုပ်တွေ ဖတ်ဖြစ်နေပါတယ် .. ပြောရရင် စာအုပ်တွေနဲ့ ဝေးနေတာလည်း ကြာနေပါပြီ .. ဒီရက်ပိုင်းထဲမှာမှ သူငယ်ချင်းကောင်းမှုနဲ့ စာအုပ်ပြန်ဖတ်ဖြစ်သလို စီးတီးဟောက ဓမ္မပန်းခင်း စာကြည့်တိုက်မှာလဲ မန်ဘာဝင်ဖြစ်လိုက်ပါတယ် .. အဲဒီအတွက် စာအုပ်ငှားပြီး ခုရက်ပိုင်း ဖတ်ဖြစ်နေတယ်ဆိုပါတော့ ..

စာအုပ်ဖတ်တယ်ဆိုတာ ကိုယ့်အတွက် ရန်ကုန်မှာတော့ လုပ်ရိုးလုပ်စဉ်ပါပဲ .. အပြင်မှာ သွားငှားဖတ်ရင် ဖတ် .. အိမ်မှာတွေ့တဲ့စာအုပ် ဖတ်ရင် ဖတ် .. ဒီလိုနဲ့ စာဖတ်ခြင်းက ကိုယ့်အတွက် မစိမ်းနေပါဘူး .. ဒီရောက်ပြီးတော့ အီးဘွတ်တွေလည်း ဖတ်ဖြစ်ပါတယ် .. ဒါပေမယ့် အပျော်ဖတ်တွေက များပါတယ် .. အကြောင်း အမျိုးမျိုးပြပြီး စာ,အလေးတွေ မဖတ်မိဘူးပေါ့ .. ခုတော့ စာတွေ ပြန်လိုက်ဖတ်နေပါပြီ .. စာတွေထဲက အသိအမြင်တွေ လေးနက်လာဖို့ ကြိုးစားမိအောင် ကိုယ့်ကိုကိုယ် သတိပေးတဲ့ အနေနဲ့ပေါ့ .. ပေါ့ပေါ့လေး နေနေတယ်လို့လည်း ကိုယ့်ကိုကိုယ် သုံးသပ်မိနေပါတယ် ..

ကိုယ့်အသက် ၁၈ နှစ်လောက်က စပြီး ဆရာတော် ဦးဇောတိက စာအုပ်တွေနဲ့ ရင်းနှီးလာခဲ့ပါတယ် .. ဒါကလည်း ဘုရားစင်အောက်က ဗီဒိုကို အခွေရှာရင်း စမွှေမိတာက စတာပါပဲ ..

အရင် ဖေကြီး သင်္ဘောလိုက်တုန်းက မေကြီး ပို့ပို့ပေးထားတဲ့စာအုပ်တွေထဲမှာ ဆရာတော် ဦးဇောတိကစာအုပ်တွေ များပါတယ် .. တခါတလေ ဘာရယ်မဟုတ်ပဲ ဖတ် .. တခါတလေ စိတ်မကြည် စိတ်ညစ်နေလို့ ဖတ် .. အဲလိုနဲ့ ဆရာတော်ရဲ့ စာအုပ်တွေနဲ့ ရင်းနှီးလာခဲ့ပါတယ် .. ဆရာတော်ရေးတဲ့ အကြောင်းအရာတွေက လူ့ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး ဖတ်ရတာ လေးပင်မနေပါဘူး .. နားလည်လွယ်ပါတယ် .. တခါတလေ စိတ်မတည်ငြိမ် စိတ်အလိုမကျတွေများလာရင် ဆရာတော်စာအုပ်တွေဖတ်ရင်းနဲ့ပဲ စိတ်ထားတတ်ဖို့ ကြိုးစားခဲ့ရပါတယ် .. ဒီလိုနဲ့ လူတွေနဲ့ သဟဇာတဖြစ်လာခဲ့တယ်လို့ ကိုယ့်ကိုကိုယ် မြင်မိပါတယ် .. ပြီးတော့ မကောင်းတာ ကောင်းတာ ကောင်းကျိုး ဆိုးကျိုးတွေကိုလည်း နားလည် လက်ခံလာနိုင်ခဲ့ပါတယ် ..

လူတိုင်း စိတ်ဓါတ်ကျဘူးမှာပါ .. စိတ်ဓါတ်ကျတဲ့အခါ နည်းမျိုးစုံနဲ့ စိတ်သက်သာဖို့လည်း ကြိုးစားဘူးကြမှာပါ .. ဘယ်လိုနည်းမျိုးနဲ့ စိတ်ဓါတ်ကျတာ စိတ်ညစ်တာဟာ ပျောက်ကွယ်လျော့ပါးသွားမလဲ .. ???

ကိုယ်တိုင်လဲ စိတ်ဓါတ် ခဏခဏ ကျလို့ ခဏခဏကိုပဲ ပြန်ပြန်ကောက်တင်ရပါတယ် .. :D နည်းမျိုးစုံပေါ့ .. တခါတလေ စိတ်ထင်တိုင်း သူငယ်ချင်းတွေနဲ့ လျှောက်သွား .. တခါတလေ သီချင်းတွေနားထောင် ရုပ်ရှင်တွေကြည့် .. ဒါပေမယ့် ဒါတွေက ခဏပဲ စိတ်သက်သာသွားစေပါတယ် .. တကယ်တမ်း စိတ်ထားတတ်ဖို့ စိတ်ကိုပြင်ဖို့ကတော့ စာတွေဖတ်မှ ရပါတယ် .. အဓိက စိတ်ညစ်တဲ့အချိန် စိတ်ထွက်ပေါက်မရှိတဲ့ အချိန် ဖတ်မိတာကတော့ ဆရာတော်ကြီးတွေရဲ့ စာအုပ်တွေပဲများပါတယ် .. ခလုတ်ထိမှ အမိတ ဆိုသလိုပေါ့ .. စိတ်ညစ်တော့မှ ဘုရား တရား သတိရတတ်တာပါ .. ပျော်နေတဲ့အချိန်မှာတော့ မေ့မေ့နေတတ်ပါသေးတယ် ..

ခုရက်ပိုင်း ဖတ်ဖြစ်တာတော့ ဆရာတော် ဦးဇောတိကရဲ့ "အသက်ရှင်လျက် ဘ၀သေနေသူ" စာအုပ်ပါ .. အောက်မှာ စာမြည်း ပေးထားပါတယ် ..း) ကိုယ်တိုင်ကတော့ မီးဝေးချိတ်ဆိုသလို စာအုပ်တွေနဲ့ ဝေးရင် ပြန်ပြန်မိုက်ချင်နေပါသေးတယ် .. (ခု လိမ်မာနေတယ်လို့လည်း မဆိုလိုပါဘူး :D) တတ်နိုင်သလောက်တော့ လိမ်မာဖို့ ကြိုးစားနေပါတယ် ..း)

အသက်ရှင်နေလျက် ဘ၀သေနေသူ

အသက် မသေခင်မှာ ဘ၀သေသွားနိုင်တယ်ဆိုတာကို အရင်တုန်းက မတွေးမိဘူး။ အခု ဘုန်းကြီး သတိထားပြီး ကြည့်တဲ့အခါမှာ ဘ၀သေနေသူတွေ တော်တော်များကြတာကို တွေ့ရတယ်။ တချို့တော့ ဘ၀သေနေတယ်လို့ မဆိုနိုင်ပေမယ့် ဘ၀မကျန်းမာလို့ ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်တာကို တွေ့ရတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့ အရေးကြီးသလို စိတ်ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ ဘ၀ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ လူ့အသိုင်းအ၀ိုင်းကြီး တစ်ခုလုံး ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ အားလုံးဟာ ဆက်စပ်နေပါတယ်။

အသက်ရှင်နေသေးသ၍ ဘ၀မသေအောင် နေနည်းကို သေသေချာချာ လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်။ ဘုန်းကြီးက လမ်းစပဲ ဖော်ပေးလိုက်တာပါ။ ဆက်ပြီး ကိုယ့်ဥာဏ်နဲ့ကိုယ် ကိုယ့်အတွက် အဆင်အပြေဆုံး ဖြစ်အောင် ကိုယ့်ဘ၀ကို ပုံဖော်ပါ။ ဘ၀နေနည်းဆိုတာ ပုံသေနည်း မရှိပါဘူး။ အခြေအနေတွေဟာ အမြဲပြောင်းလဲနေသလို လုပ်ပုံ ကိုင်ပုံ စဉ်းစားပုံတွေကို အမြဲပြောင်းနေရမယ်။ ဘ၀ကို ပုံသေနည်းနဲ့ နေရင် ဘ၀သေသွားမယ်။

ခံယူချက်မရှိတဲ့ဘ၀ဟာ အသက်ဝင်တဲ့ဘ၀ မဖြစ်နိုင်ဘူး။ ခံယူချက်မရှိရင် ဘ၀မရှိဘူး။ ခံယူချက် မခိုင်မာရင် ဘ၀မခိုင်မာဘူး။ ခံယူချက် မရေရာရင် ဘ၀ မရေရာဘူး။ ကိုယ့်ခံယူချက် မရေရာရင် ကိုယ့်ကိုယ်ကိုကိုယ် ဘယ်လိုလူလို့ ပြောမလဲ။ ပြောစရာမရှိဘူး။ ငါ ဘယ်လိုလူလဲ။ ငါ ဘယ်လိုလူဖြစ်ချင်သလဲ ဆိုတဲ့ မေးခွန်းဟာ ဘ၀ကို ပီပီပြင်ပြင် အသက်ဝင်အောင် နေချင်တဲ့သူတိုင်း အမြဲမေးနေရမယ့် မေးခွန်း ဖြစ်တယ်။

ကိုယ်လုပ်တဲ့အလုပ်ဟာ အကျိုးရှိရဲ့လားလို့ မမေးတဲ့သူဟာ သူ့ဘ၀ကို အဓိပ္ပါယ်ရှိအောင် နေလို့ ရနိုင်မလား။ တိရစ္ဆာန်တွေဟာ အကျိုးရှိရဲ့လားလို့ မေးနိုင်တဲ့ ဥာဏ် မရှိဘူး။ လူသာလျှင် အကျိုးရှိရဲ့လားလို့ မေးနိုင်တယ်။ ဒါဟာ လူရဲ့ ထူးခြားမှုတစ်ခုဖြစ်ပါတယ်။ အဆင့်မြင်တဲ့ဘ၀ကို တကယ်နေချင်ရင် ငါလုပ်တဲ့အလုပ်ဟာ ဘာအဓိပ္ပါယ်ရှိသလဲ၊ အကျိုးရှိရဲ့လား၊ ဘယ်လောက် အကျိုးရှိသလဲ ဆိုတဲ့ မေးခွန်းတွေကို မေးရမယ်။

လူဟာ တော်တော်ကို မေ့တတ်ပါတယ်။ သိပြီးသားပေမယ့် မေ့နေတတ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုကိုယ် မကြာခဏ သတိပေးရမယ်။ ဒီလို သတိပေးဖို့ပဲ စာကောင်း ပေကောင်းတွေကို ဖတ်ရတယ်။ ဘုန်းကြီးလည်း မနက်တိုင်း စာကောင်း တခုခုကို ဖတ်တယ်။ ကောင်းတဲ့ အတွေး ကောင်းတဲ့ သဘောထား ကောင်းတဲ့ စိတ်ကူးနဲ့ တနေ့တာကို စ,ဖို့ လိုတယ်။

ပညာသင်တာ ဘ၀ကို အကောင်းဆု့းနေနည်းကို ရှာတာ။ ဘွဲ့ လက်မှတ်တခု အောင်လက်မှတ်တခု ရဖို့လောက် ရည်ရွယ်ချက်နဲ့ ပညာသင်တာဟာ အင်မတန် အဆင့်နိမ့်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ စားဝတ်နေရေး အဆင်ပြေဖို့၊ ပေါင်းသင်း ဆက်ဆံရေး အဆင်ပြေဖို့၊ စိတ်ကျန်းမာရေး ကောင်းဖို့၊ ခန္ဓာကိုယ်ကျန်းမာရေး ကောင်းဖို့၊ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေကို အဆင့်မြင့်ဆုံးရောက်အောင် လုပ်ဖို့၊ ဘ၀ရဲ့ လေးနက်တဲ့ အဓိပ္ပါယ်ကို ရှာဖို့၊ အကောင်းအဆိုး အမှားအမှန်ကို ကိုယ့်ဥာဏ်နဲ့ကိုယ် ပိုင်းခြားပြီး သိနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ အားလုံး ပါရမယ်။

ကိုယ့်ဘ၀မှာ အဆင်ပြေအောင် နေချင်တဲ့သူအတွက် သိရမယ့် အချက်တွေဟာ သိပ်မများပါဘူး။ နားလည်ဖို့လည်း မခက်ပါဘူး။ လုပ်ဖို့ပဲ လိုပါတယ်။ မလုပ်နိုင်သေးဘူးဆိုရင် ဘာဖြစ်လို့ မလုပ်နိုင်တာလဲဆိုတာကို ကိုယ့်ကိုယ်ကိုကိုယ် မေးပါ။ မေးပြီးရင် ရိုးရိုးသားသားဖြေပါ။

လူအထင်ကြိးတာ ခံရဖို့ ပစ္စည်းဥစ္စာ ချမ်းသာဖို့လောက် ရည်ရွယ်ချက်နဲ့ အပေါ်ယံလေး ရှပ်ပြီးတော့ ဘ၀ကို နေသွားရင် တနေ့မှာ ဘ၀ အဓိပ္ပါယ်မဲ့ပြီး စိတ်ဓါတ်ကျတဲ့ စိတ်ရောဂါကို ခံစားရလိမ့်မယ်။ ဘ၀မှာ သူ့သဘာဝ သူ့နိယာမဆိုတာ ရှိပါတယ်။ မြင့်မြတ်တဲ့ စိတ်ထားနဲ့ မြင့်မြတ်တဲ့ အသိဥာဏ်ကို မရရင် တကယ် ကျေနပ်စရာကောင်းတဲ့ ဘ၀ကို ရမှာ မဟုတ်ပါဘူး။

အသက်ဝင်နေတဲ့၊ ဘ၀ အဓိပ္ပါယ်ရှိတဲ့ ဘ၀၊ ပြည့်စုံတဲ့ ဘ၀ကို ရအောင် လုပ်နိုင်တဲ့သူ ဖြစ်ပါစေ။

ဆရာတော် ဦးဇောတိက (မဟာမြိုင် တောရ)
အသက်ရှင်နေလျက် ဘ၀သေနေသူ စာအုပ်မှ ဒါနပြုပါသည်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ ..

Sunday, October 24, 2010

သီတင်းကျွတ် အမှတ်တရ

သီတင်း တခါ ကျွတ်ပြန်ပါပြီ .. မင်္ဂလာရှိတဲ့ သတင်းကျွတ် အခါသမယပါ ..

မြန်မာနိုင်ငံနဲ့ ဝေးနေသူတိုင်းအတွက် နှစ်စဉ်နှစ်တိုင်း အလွမ်းတွေနဲ့ သီတင်းကျွတ်ကို ဖြတ်ကျော်ပါဦးစို့ ..

ဒီလိုရက်မျိုးမှာ ကျမ ရန်ကုန်မှာ ရှိနေခဲ့ရင် ဘာတွေ လုပ်ဖြစ်မလဲ .. သေချာတာတော့ အိမ်ရဲ့ ၀ရန်တာ အထပ်တိုင်းမှာ ဖယောင်းတိုင်တွေ လိုက်ထွန်းနေပါမယ် .. ငြိမ်းသမျှ ဖယောင်းတိုင်တွေကို ဒိုင်ခံ လိုက်ပြီး မီးလိုက်ညှိနေပါမယ် .. (ကိုယ်က အငယ်ဆုံးကိုး .. ကိုယ့်ထက်ငယ်တာ အိမ်က ခွေးနဲ့ ကြောင်ပဲ ရှိတော့တယ် .. ဒါတောင် သက်တမ်းနဲ့တွက်ရင် ခွေးလေးကတော့ အဖွားကြီးအရွယ် ရောက်နေပြီ .. :D)

မီးပျက်နေရင်တောင် အိမ်တိုင်းက ထွန်းထားမယ့် မီးပုံး ဖယောင်းတိုင်တွေရဲ့ အလင်းနဲ့ ညကတော့ လှပနေမှာ အမှန်ပါပဲ .. အလင်းတွေ ရှိနေသရွေ့ ဆော့ကစားနေမယ့် လမ်းထဲက ကလေးတွေကိုလည်း မြင်မိပါရဲ့ .. ရာသီဥတုအပူကို အံတုရင်း အိမ်ရှေ့ ခုံတန်းလျားတွေမှာ ယပ်တောင် တဖျတ်ဖျတ်နဲ့ နေနေမယ့် အဒေါ်ကြီးတွေကိုလည်း မြင်ယောင်မိပါရဲ့ ..

ဝါသနာအရ ပွဲဈေးတန်းလျှောက်မယ့်လူ ပွဲတော်တွေ သွားနေမယ့်လူ တရားဘာဝနာ အားထုတ်နေမယ့်သူ သောက်စားပျော်ပါးနေမယ့်သူ လူပေါင်းစုံနေမယ့် ပွဲပါပဲ ..

ဒီလိုပွဲတော် ဒီလိုအချိန်မျိုးမှာ ကိုယ်ပါဝင်ခွင့်ရရင် .. သူငယ်ချင်းအိမ်ရောက်ရင်လည်း ရောက်နေမယ် .. ဦးလေးတွေ အဒေါ်တွေ အိမ်ပေါက်စေ့ လိုက်ကန်တော့ရင်လည်း ကန်တော့နေမယ် .. အဖော်ကောင်းလို့ ပွဲဈေးထဲ ရောက်ရင်လည်း ရောက်နေလိမ့်ဦးမယ် .. မဟုတ်ရင် အိမ်ရှေ့ဝရန်တာကနေ မီးအလင်းမှာ ကလေးတွေ ဆော့တာ ကြည့်ချင်လည်း ကြည့်နေလိမ့်ဦးမယ် ..

ခုချိန် အပျော်ဆုံးက ဘယ်သူတွေဖြစ်မလဲ .. ကလေးတွေလား .. ၀ါကျွတ်လို့ မင်္ဂလာဆောင်တော့မယ့် စုံတွဲတွေလား .. လူပေါင်းစုံ အလွှာပေါင်းစုံကတော့ နည်းအမျိုးမျိုး လမ်းအသွယ်သွယ်နဲ့ ပျော်ရွှင်နေကြပါလိမ့်မယ် .. (အင်း .. မြန်မာနိုင်ငံ တ၀န်းလုံးမှာ နေထိုင်ကြသူတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ ငြိမ်းချမ်းသာယာနေဖို့ မျှော်လင့်မိပါတယ် .. မုန်တိုင်းသတင်းကလည်း ကြားနေရသေးတော့ မြန်မာတနိုင်ငံလုံး ပျော်ရွှင် အေးချမ်းနေမယ်လို့ မတွေးရဲ တွေးရဲပါပဲလေ ..)

ငယ်စဉ်က အန္တရာယ်တွေက နည်းအမျိုးမျိုးနဲ့ ကင်းလွတ်နေတဲ့ မြန်မာနိုင်ငံ ခုတော့လည်း ဒုက္ခတွေ ဆုံးရှုံးမှုတွေနဲ့ ဆက်တိုက်ဆိုသလို ကြုံတွေနေရတယ်လို့ ထင်မြင် ခံစားမိတယ် .. ကိုယ့်နိုင်ငံရဲ့ အပြင်ဘက်က တခြားနိုင်ငံတွေမှာ ကြုံရတဲ့ သဘာဝ ဘေးအန္တရယ်တွေကြောင့် လူတွေ ပစ္စည်းတွေ ဆုံးရှုံးရတယ်ဆိုတာ မြင်ရ ကြားရတာနဲ့တင် စိတ်မကောင်းဖြစ်ရတာ ကိုယ့် မြေ ကိုယ့် နိုင်ငံမှာ အန္တရာယ်တွေ အထပ်ထပ် ကြုံနေရတာ မြင်ရကြားရတော့ ရင်ထဲ မကောင်းမိတာတော့ အမှန် .. သံသရာက ၀ဋ်ကြွေးတွေ ပါလာကြတယ်ဆိုရင်လည်း ဒီဘ၀မှာတင် ကုန်ဆုံးပါစေတော့ရယ်လို့သာ ဆုတောင်းမိတော့တာပါပဲ ..

ဖြစ်လာသမျှ အကြောင်းအရာတိုင်းက ကံတရားလား .. ဒီကံတရားကို ဘယ်သူတွေက ဖန်တီးနေတယ်ဆိုတာတော့ ဆန်းစစ်ဖို့ လိုပြီထင်ပါတယ် .. သူ့ကြောင့် ကိုယ့်ကြောင့် လက်ညှိုးထိုးနေရုံနဲ့လည်း ကံတရားက ကောင်းလာမယ်မဟုတ်နိုင် .. ကောင်းတဲ့ ကံတွေ ကြုံဆုံနိုင်ဖို့ လူတွေကိုယ်စီလည်း ကောင်းဖို့ လိုအပ်တယ် မဟုတ်ပါလား .. တခါတလေ ပျက်စီးခြင်းတွေ များလို့ မြန်မာနိုင်ငံကြီး ပျက်တော့မလားလို့တောင် တွေးမိပါတယ် .. လူတွေ စာရိတ္တ ပျက်စီးလာတာနဲ့ အမျှ မကောင်းမှုတွေ ကျူးလွန်နေတာနဲ့ အမျှ မြန်မာနိုင်ငံကြီးလည်း နလံထူနိုင်လိမ့်မယ်မထင်မိပါဘူး .. လူတိုင်း လူတိုင်း အနီးအနားမှာရှိတဲ့ ကြယ်ငါးလေးတွေကို ကယ်တင်သူတွေဖြစ်အောင် တပိုင်တနိုင်ကြိုးစားဖို့တော့ လိုပါလိမ့်မယ် .. တတ်နိုင်သလောက် စိုက်ပျိုးလိုက်တဲ့ အပင်ရဲ့ အသီးဟာ ကိုယ့်အတွက် မဟုတ်ရင်တောင် ကိုယ့်ရဲ့ သားစဉ်မြေးဆက်အတွက် အထောက်အကူတော့ ဖြစ်လာပါလိမ့်မယ်လို့ မျှော်လင့်ရင်း .. သီတင်းကျွတ်မှာ အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင် ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျှက် ..

မှတ်ချက် = အားလုံးသော ကိုယ့်ထက် အသက်အားဖြင့် ကြီးသူ၊ ၀ါအားဖြင့် ကြီးသူ၊ ကျေးဇူးရှိသူတွေကို ကာယကံ ၀စီကံ မနောကံတွေနဲ့ ပြစ်မှားမိတဲ့ အပြစ်တွေ ရှိရင် ကြေအေးဖို့ ဒီနေရာကနေပဲ တောင်းပန် ကန်တော့ပါတယ်လို့ .. :D အမိုက် အမဲလေးမို့ ခွင့်လွှတ်ကြပါနော် .. :D

Sunday, October 17, 2010

ရောက်ရာပေါက်ရာ အတွေးများ

ကျမတွေ့ဘူး သိဘူးသမျှ မြန်မာလူမျိုးတွေမှာ အရိုးစွဲနေတဲ့ အကျင့်လေးတွေ အစွဲအလန်းလေးတွေ တော်တော်များပါတယ် ..

ဥပမာ - ငယ်ငယ်တုန်းက ကျမ မေကြီးဖက်က အဖွားတို့ အဒေါ်တို့ဆိုရင် သေစကားပြောတာတို့ အပျက်စကားပြောတာတို့ကို မကြိုက်ပဲ ရှောင်ကြပါတယ် .. တခါတလေ ကျမက လမ်းသွားရင်း သေသွားရင်ဆိုတဲ့စကားမျိုးပြောမိလိုက်တာနဲ့ စကားနောက် တရားပါတယ် မပြောရဘူးလို့ ပြောတတ်ကြတယ် .. ငယ်ငယ်ကတော့ ကြောက်တယ်လေ .. အဲလိုပြောကြတော့ နောက် မပြောရဲဘူးပေါ့ .. ပြီးတော့ ဘယ်က ဘယ်လို စကားတွေ လက်ဆင့်ကမ်းလာတယ်တော့ မသိပါဘူး .. အသုဘအိမ်ရှေ့မဖြတ်ရဘူး တို့ .. သချို င်္င်းကုန်း လက်ညှိုးမထိုးရဘူး အကယ်၍ ထိုးမိရင် လက်ညှိုးကို ၇နှစ်ချက် အသက်အောင့် ကိုက်ရတယ်ဆိုတာတွေ အများကြီး အများကြီးပါပဲ .. အဲဒီအချိန်က မစဉ်းစားတတ်သေးပဲ သူများပြောသမျှ လိုက်လုပ်လိုက်တာပါပဲ ..

ခုတော့ ကိုယ့်ရဲ့ တထွာ တမိုက် ဥာဏ်လေးနဲ့ စဉ်းစားတတ်သလောက် မှတ်ထားသလောက်နဲ့ လုပ်သင့်တယ်ထင်ရင် ကိုယ်ပိုင် အတွေးနဲ့ လုပ်လိုက် မလုပ်သင့်တာလို့ ကိုယ့်ဦးနှောက်က ဆုံးဖြတ်ပေးရင် မလုပ်လိုက်နဲ့ ကိစ္စတော်တော်များများကိုယ် စိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရတဲ့အချိန်မှာတော့ ကျမတွေးမိတယ် .. ငယ်ငယ်က တချို့ကိစ္စတွေက တော်တော်ရယ်စရာကောင်းပါလားပေါ့ .. ဒါဆို ခု ကိုယ်ကရယ်စရာတွေ မလုပ်မိတော့ဘူးလား .. ???? .. သိပ်တော့ မထင်သေးဘူး .. မတူညီတဲ့ကိစ္စတွေ လုပ်ရပ်တွေနဲ့ တချိန်ကျ ရယ်စရာ ကောင်းနေလိမ့်ဦးမယ် ..

ဒီလိုပါပဲ အသိဥာဏ် နုံနဲ့စဉ်က ကိုယ့်စိတ်ကို လေးလံစေတဲ့ အရာတွေဟာ ခုချိန်မှာ ဘာမှ မဟုတ်တော့သလို ..

ခုချိန် ကိုယ့်ရဲ့စိတ်ကို ပင်ပန်းစေတဲ့ အရာတွေဟာလည်း နောင် အချိန်ကာလတခုမှာ "ငါဟာ အဲဒီအချိန်က တော်တော် ရယ်စရာကောင်းခဲ့ပါလား" လို့ တွေးမိစေလိမ့်ဦးမယ် ..

တကယ် ပို့စ် စရေးတုန်းက ရေးချင်တဲ့ အကြောင်းအရာနဲ့ လမ်းလွဲနေပါပြီ .. :D ကျမ တကယ်ရေးတုန်းက အစွဲအလန်းအကြောင်း .. ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်တတ်တဲ့ အကြောင်းပါ .. :D ခုတော့ လွဲနေပြီ ..

ပြန်ကောက်ရမယ်ဆိုရင် ..

ကျမတို့ မြန်မာလူမျိုးတွေက အစွဲအလန်း ရိုးရာဆိုတာတွေကို အစွန်းရောက်လေ့ ရှိကြတယ် .. တသက်လုံး ယဉ်ပါးလာတဲ့ အရာတွေမို့ ပစ်ဖို့ ခဲယဉ်းတာလည်း ပါပါလိမ့်မယ် ..

ဒီ အရှေ့က ပို့စ်မှာ ကျမအတွက် အချိန် သိပ်မကျန်တော့ဘူးလို့ ရေးခဲ့တယ် .. ဒီလိုရေးတာသာ အဖွားတို့ ရှိနေသေးလို့ သိရင် နိမိတ်မရှိတာ နိမိတ်မကောင်းတာတွေ ရေးတယ်ပြောတယ်လို့ ဆုံးမကြဦးမယ် ထင်ပါတယ် ..း)

အချိန်တွေ တရွေ့ရွေ့ ကုန်နေပါတယ် .. နေ့ရက်တွေလည်း တရက်ပြီး တရက် ကုန်ကုန်လာနေပါတယ် .. ကုန်နေသမျှ အချိန် နေ့ရက်တိုင်းက သေဖို့ တရွေ့ရွေ့ နီးနီးသွားတာပါပဲ .. တခါတခါ တယောက်တည်း ရှိနေချိန်ဆို အတွေးတွေ သိပ်များတတ်ပါတယ် .. ကိုယ်တိုင်နဲ့ လူတွေရဲ့ အကြောင်း စိတ်ဓါတ်တွေ အကြောင်း လုပ်ရပ်တွေ အကြောင်း .. ကြီးကျယ်တယ်တော့ မထင်ပါနဲ့ .. :D

သေတယ်ဆိုတာက တော်တော် ကြောက်စရာကောင်းမယ့် ကိစ္စ ဖြစ်သလို တော်တော်လည်း စိတ်ဝင်စားစရာကောင်းပါတယ် .. ဘယ်လို ပုံစံ သေမလဲ .. ဘယ်လိုအချိန် သေမလဲ မသေချာပေမယ့် သေမှာတော့လည်း သေချာနေပြန်ပါတယ် ..

ခုချိန်ထက် ပိုကောင်းသော အချိန် မရှိ တဲ့ .. ခု လက်ရှိရနေတဲ့အချိန်က အကောင်းဆုံးပါပဲ .. ကျမတို့ ဘာတွေ လုပ်ကြမလဲ ..

ရန်လိုမှုတွေနဲ့ ဖြတ်သန်းမလား .. နားလည်မှုတွေနဲ့ ဖြတ်သန်းမလား .. ??
ငိုကြွေးခြင်းတွေ နောင်တတွေနဲ့ ဖြတ်သန်းမလား .. ပျော်ရွှင်မှုတွေ ကူညီမှုတွေနဲ့ ဖြတ်သန်းမလား .. ??
အားလုံးကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုသာပါပဲ ..း)

Thursday, October 7, 2010

ကျမမှာ အချိန် သိပ်မကျန်တော့ဘူး

ကျမမှာ အချိန် သိပ်မကျန်တော့ဘူး ..

အကယ်၍များပေါ့ .. ခုခေတ် လူတွေရဲ့ သက်တမ်းနဲ့တွက်လို့ ကျမက သက်တမ်းစေ့ နေရမယ့် သူတယောက်သာဖြစ်ခဲ့ရင် .. ကျမအတွက် နောက်နှစ်ပေါင်း ၄၅ နှစ်လောက်ပဲ အချိန်ရှိတော့မယ် .. ခုတောင် ကိုယ့် အသက်ကို ပြန်ရေတွက် ကြည့်မိတော့ ၂၆ ထဲမှာ .. ကျန်ခဲ့တဲ့ ၂၅နှစ် ကိုတောင်ဘယ်လိုကျော်လာမှန်း မသိတာ နောက် ၄၅ ဆိုတာလည်း သိပ်မကြာပဲ ကုန်ဆုံး သွားနိုင်ပါတယ် .. ၄၅နှစ် ထဲမှာမှ အိပ်ချိန်တွေကို နှုတ်လိုက်ဦး ကျန် သက်တမ်းရဲ့ ၃ပုံ ၂ပုံလောက်ပဲ ကျမ မျက်လုံးတွေ ပွင့်နေပါလိမ့်မယ် ..

အကယ်၍များပေါ့ .. ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေဆို မကြိုက် အသီးအရွက် အစားနဲတဲ့ ကျမအတွက် ရောဂါဘယတွေက ခန္ဓာထဲမှာ ရှိနေနိုင်ပါတယ် .. နဲနဲချင်း စုစုထားတဲ့ ရောဂါသေးသေးမွှားမွှားလေးတွေကနေ တဖြည်းဖြည်း ရောဂါကြီး ဖြစ်လာမယ့် နောက် နှစ်ပေါင်း ၂၀ .. ကျမရဲ့ သက်တမ်းက နောက်ထပ် နှစ်၂၀ ဆိုတာ အများကြီး ဖြစ်နိုင်တဲ့ ကိစ္စပါ .. ဒါကြောင့် ကျမမှာ အချိန် သိပ်မကျန်တော့ဘူးလို့ ပြောတာပေါ့ ..

အကယ်၍များပေါ့ .. ခုချိန်မှာ ကျမ ကိုယ်ထဲ ရောဂါက ရှိနေပြီ မသိသေးတာသာ ရှိတယ် .. အဲဒီရောဂါကြောင့် နောက်ထပ် အချိန် ၁၀ နှစ်ဆိုတဲ့ သက်တမ်းပဲ ကျမမှာ ရှိတော့မယ်ဆိုရင် .. လွန်ခဲ့တဲ့ အချိန် ၁၀နှစ်ကို ပြန်စဉ်းစားတော့ အသက်က ၁၅နှစ် ၁၆နှစ် အထက်တန်းကျောင်းတက် ပြီးတော့ တက္ကသိုလ်ထပ်တက် ဟိုအလုပ်ဝင် ဒီအလုပ်ဝင်နဲ့ ခု ၂၅ ၂၆ကို ချက်ချင်းပဲ ရောက်လာသလို .. တကယ်တန်းဖြတ်သန်းခဲ့တာတော့ ၁၀နှစ်ပါပဲ .. ဒါပေမယ့် ပြန်တွေးကြည့်တော့ မဝေးသလို .. ဒီလိုပဲ နောက် လာမယ့် ၁၀ .. တကယ်ပဲ ကျမမှာ အချိန် သိပ်မကျန်တော့ပါဘူး ..

အကယ်၍များပေါ့ .. ကျန်းမာရေးစစ်ဆေးကြည့်လိုက်လို့ ကျမမှာ ၆လ ၁နှစ်လောက်သာ နေရတော့မယ့် ရောဂါသာရနေခဲ့ရင် .. ကျမ လုပ်ချင်တဲ့ ဖြစ်ချင်တဲ့ ကိစ္စတွေအတွက် အချိန်မှ မှီပါ့မလား .. တကယ်သာ အဲလို အခြေအနေရောက်သွားရင် ကျမ အဖြစ်ချင်ဆုံး ဆန္ဒက ဘာများ ဖြစ်နေမလဲ .. စလုံးမှာနေပြီး ၂နှစ် ၁ခါ ပတ်စ်တိုးတဲ့အခါ အချိန်တွေ သိပ်မြန်နေသလို .. နှစ်တိုင်း လုပ်နေကျ နေရှင်နယ်ဒေးက ခဏလေး ပြန်ရောက်ရောက်လာသလို .. တရုတ်နှစ်ကူးက ခပ်မြန်မြန် တပတ် ပြန်ပြန်လည်လာသလို ..

အကယ်၍များပေါ့ .. မနက်ဖြန် ကျမ အက်ဆီးဒန့် တခုခုနဲ့ ..

အကယ်၍များပေါ့ .. ခု ချက်ချင်း လက်ငင်း အက်ဆီးဒန့် တခုခုနဲ့ ..

တကယ်ကိုပဲ ကျမမှာ အချိန် သိပ်မကျန်တော့ဘူး ..

ကုန်သွားခဲ့တဲ့ အချိန်တွေ ခဏပြန်တွေးကြည့်တော့ မနေ့ တနေ့ကလို .. တကယ်တမ်း ရက် လ နှစ်တွေကို လက်ချိုး ရေတွက်ကြည့်တော့ များပြားလွန်းသလို .. ခု နောက်တနေ့ နောက်လ နောက်နှစ်တွေဆိုတာလည်း တရွေ့ရွေ့ ကုန်ဆုံးပြန်ပါဦးမယ် ..

တချို့အရာတွေက တဖြည်းဖြည်း နီးနီးလာတယ် .. တချို့အရာတွေကတော့ ဝေးဝေးသွားလိုက်တာ ..

(ဘာမှတော့မဟုတ်ဘူး .. ရောက်ရာပေါက်ရာ စိတ်ကူးပေါက်ရာ ရေးချလိုက်မိတာပါပဲ ..း))

Wednesday, September 22, 2010

မျက်နှာဖုံး

ဖြူဖြူ ပြာပြာ ၀ါဝါ
အရောင်စုံ မျက်နှာဖုံးတွေ ရှိတယ် ...။

ပြုံးပြုံး ရယ်ရယ် မဲ့မဲ့
သဏ္ဍာန်စုံ မျက်နှာဖုံးတွေ ရှိတယ် ...။

ကြိုက်ရာ ရွေးချယ်နိုင်တယ်
အရည်အသွေးအလိုက် ကြာရှည်ခံမှု ကွာခြားမယ် ...။

မျက်နှာဖုံးမှာ ပြုံးသလောက်
အောက်ခံမျက်နှာမှာ မဲ့နိုင် ငိုနိုင်တယ် ...။

မျက်နှာဖုံးမှာ အငိုကိုဆင်ရင်း
အောက်ခံမျက်နှာမှာ ဟာသ လုပ်နေနိုင်တယ် ...။

ညံ့တဲ့လူ ခံစတမ်းပဲ
အားနာရင်တော့ "အ" တယ် ထင်ခံရမယ်
လူရိုသေ ရှင်ရိုသေအောင်
နဂါးမှန်းသိဖို့
အမောက်ထောင်ပြတတ်ရတယ် ...။

ဟန်ဆောင်ခြင်းကို မမုန်းနဲ့
ဟန်ဆောင်တတ်မှ လူဝင်ဆန့်လိမ့်မယ် ...။

Tuesday, September 14, 2010

ဆန္ဒ နဲ့ ဘဝ

ငယ်ငယ်တုန်းကလို့ ကိုယ့်အကြောင်းကိုယ် တွေးလိုက်တာနဲ့ ဘယ်လိုတော်ခဲ့တာ ဘယ်လိုရည်မှန်းချက် ကြီးခဲ့တာဆိုတာမျိုး ပြောစရာမရှိတော့ ရေးရတာ သိပ်တော့ အားမရှိပါဘူး .. :P

ဟိုးအရင်တုန်းတည်းက သမီး ဘာဖြစ်ချင်လဲဆိုရင် အဖြေမရှိခဲ့ဘူး .. အဲ့အချိန်က သီချင်းတွေ ဆိုနေခဲ့တာ .. စာအုပ်တွေမှာ အမှတ်တွေ ခြစ်နေခဲ့တာ .. ဆံပင်အတုဆိုပြီး ပုဝါတွေ အုပ်လိုအုပ် တုတ်တချောင်းနဲ့ ဆရာမ လုပ်လာခဲ့တာတွေတော့ ကွင်းကွင်းကွက်ကွက် ပြန်မြင်ယောင်နေမိပါတယ် .. တကယ်တန်း အသက်ကြီးလာတော့ အဆိုတော်လည်း မဖြစ်သလို ဆရာမလည်း မဖြစ်ခဲ့ပြန်ပါဘူး .. အစ်မ၀မ်းကွဲ တယောက်ကတော့ သူ မဖြစ်ခဲ့ရတဲ့ ဆရာဝန်ကို ဖြစ်စေချင်ခဲ့ပြန်ပါတယ် .. မိုးခါးကတော့ စာကျက် အင်မတန်မှပျင်းပြီး ကိုယ့်အကြောင်းကိုယ်လည်း သိနှင့်နေတော့ ဆေးခန်းကိုတောင် မျက်စောင်းထိုး မကြည့်ခဲ့ဘူး .. :P ကစားစရာတွေတော့ ဆော့ဘူးပါတယ် .. နားကြပ်တို့ ဆေးသေတ္တာတို့ ကပ်ကြေးတို့ပေါ့ ..

အထက်တန်းရောက်တော့ စိတ်ထဲမှာ အင်ဂျင်နီယာ ဖြစ်ချင်သလိုလို စိတ်ပေါက်ခဲ့ပြန်ပါရော .. တိုက်တွေ ဆောက်ချင်တာမျိုးပါ .. အင်ဂျင်နီယာဖြစ်ချင်တဲ့ စိတ်ကတော့ နဲနဲရှိပါတယ် ..

တကယ်တန်း ၁၀တန်းအောင်တော့ အင်ဂျင်နီယာအတွက် GTC ကို အမှတ်မှီပေမယ့် အဲဒီအချိန်က ဟော့နေတဲ့ အီကို ကို သူငယ်ချင်း အဖော်ကောင်းတာနဲ့ ပါသွားပြန်ပါတယ် .. (စိတ်များ မငြိမ်လိုက်ပုံ) အီကိုအတွက် ခေါ်စာရတော့ နောင်တရချင်သလိုလို .. ငါ အင်ဂျင်နီယာ လျှောက်လိုက်ရ ကောင်းသားပေါ့ .. နောက်တော့လည်း ကျောင်းတော်ကြီးနဲ့ ကံမပါပုံ ဒေးကနေ အဝေးသင်ပဲ ပြောင်းလိုက်ဖြစ်ပြန်ပါရော .. ဒီလိုနဲ့ ဘွဲ့လေးက B.A (ECO:) ပေါ့ ..

ဘွဲ့တခု လက်ထဲရောက်တော့ ဗီဒိုထဲ အသာထည့်ထားလိုက်တယ် .. ကိုယ်မှ သွားလေရာ သယ်မသွားနိုင်ပဲကိုး .. အစ်မတွေဆိုင်မှာ သွားယောင်ရင်းနဲ့ ကွန်ပျူတာ ဒီဇိုင်းတွေဘက်က စိတ်ပါလာပြန်ပါတယ် .. ဒီဇိုင်းတွေအတွက် သင်တန်းတက်ရင်း သူများ အော်တိုကဒ် လို့ လိုက် အော်တိုကဒ်ပြန်ပါတယ် .. ဒီလိုနဲ့ အော်တိုကဒ်ဆွဲနိုင် ဒီဇိုင်းအမြင်လေး နဲနဲရှိ(ဆိုပါတော့) ..

ဒီလိုနဲ့ ဖြစ်ချင်တဲ့ အင်ဂျင်နီယာလည်း မဖြစ် ဖြစ်လာတဲ့ အကောင့်သမားလည်း မလုပ်ချင်ပြန် .. ဒီလိုနဲ့ စလုံးကို ရောက်လာခဲ့တယ်ပေါ့ ..

အလုပ်ရှာတော့ အော်တိုကဒ်နဲ့ ရခဲ့ပါတယ် .. အင်ဂျင်နီယာလို့ ခေါင်းစဉ် မတပ်နိုင်ပေမယ့် အင်ဂျင်နီယာလိုင်းနဲ့ နီးစပ်တယ်ပြောလို့ရလို့ ကျမရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့တာလား .. ခုနောက်ပိုင်း တခြားအလုပ်သစ်ကို ပြောင်းဖြစ်တော့ အဲဒီက အလုပ်တွေနဲ့ ပတ်သက်ပြီး သင်ရင်း သင်ရင်းနဲ့ အင်ဂျင်နီယာတယောက်ရဲ့ အတွေးနဲ့ လုပ်ငန်းတွေ အနီးကပ် လေ့လာခွင့်ရပါတယ် .. မြင်တတ်လာတယ်လို့ ကိုယ့်ကိုကိုယ် ထင်မိတယ်ပေါ့ .. သူဌေးကလည်း အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ စာတွေကို သင်စေချင်တဲ့ ဆန္ဒရှိပြီး ကျမကို ကျောင်းတကျောင်းတက်ဖို့ အော်ဖာ ပေးလာပြန်ပါတယ် .. နောက်နှစ်ကျောင်းဖွင့်ချိန် တက်ဖြစ်ရင်တော့ ကျမရဲ့ အင်ဂျင်နီယာတယောက် ဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒ အပြည့် အ၀ အကောင်အထည်ပေါ်လာမယ်လို့ မျှော်လင့်ရပြန်ပါရော ..

ဒီလိုပါပဲ .. အရင်က ဆန္ဒတွေအကြောင်း ပြောမိ စဉ်းစားမိရင် သူများတကာ နိုင်ငံခြားသွားကြလို့ ကိုယ်က လိုက်သွားချင်တယ် .. တယောက်တည်း လွတ်လွတ်လပ်လပ် နေချင်တဲ့ စိတ်ခံကြောင့်လည်း ပါပါတယ် .. ဒါပေမယ့် အဲဒီအချိန်မှာ ဖေကြီးက ကျမကို လုံးဝခွင့်ပြုမယ့်ပုံ မဟုတ်ခဲ့ပါဘူး .. ကျမကလည်း စိတ်သာရှိတာ သွားဖြစ်မယ်လို့ မထင်ခဲ့ဘူး .. ဒါပေမယ့် ကျမရဲ့ ဆန္ဒအတိုင်းပဲ ဖြည်းဖြည်းချင်း ပုံစံတကျ ဘ၀မှာ ဖြစ်လာခဲ့ရတယ် .. တခုပဲ ကျမရဲ့ ဆန္ဒတွေ ဖြစ်ချင်စိတ်တွေကို ပါးစပ်က ထုတ်ပြောလေ့ မရှိဘူး .. အနားမှာ ရှိတဲ့သူတွေက ကျမစိတ် ကျမအတွေးကို ဖမ်းမိဖို့ ခက်ပါတယ် .. နောက်တခုက ကိုယ်ဘာမှ ဖြစ်မလာသေးခင် ကြိုမပြောထားချင်တာလဲ ပါတယ်ပေါ့ ..

ခုလည်းပဲ စိတ်ထဲမှာ တချို့ ဆန္ဒလေးတွေ ရှိနေသေးတယ် .. အကယ်၍များပေါ့ .. ကျမ ဆန္ဒတွေ ဘ၀ထဲ လက်တွေ့ဖြစ်လာတဲ့အချိန် နောက်ထပ် ဒီပို့စ်ရဲ့ နောက်ဆက်တွဲအဖြစ် ထပ်ရေးဖြစ်ဦးမလားပါပဲ ..

မိတ်ဆွေများ အားလုံးလည်း ဆန္ဒတွေ ပြည့်ဝ အကောင်အထည်ပေါ်ကြပါစေနော် ..း))

Tuesday, August 31, 2010

အစစ်

နေ့စဉ် ရှင်သန်မှုအကြောင်း
တကြောင်း တကြောင်း ချရေးတော့
မိုးလင်း မိုးချုပ် ငြီးစော်နံနေတဲ့ အကြောင်း ... ။

နှုတ်ခမ်း တလှုပ်လှုပ်နဲ့
ရွတ်ဖတ်နေတဲ့ စကားတွေ ပုံဖော်ကြည့်တော့
နေ့တဒူဝ အလာဘ သလာဘတွေ အကြောင်း ... ။

ခံစားမှုတွေ အားနည်းလာတယ်
အာရုံတွေ ထွေပြားလာနေတယ်
ရုပ်ဝတ္တုတွေ ပျက်စီးလာနေတယ် ... ။

အချိန်တွေ ကုန်လာသလို
ဒီရေတွေရော တိုက်စားလေသလား
လူတွေ လုံးပါးပါးတယ် ... ။

ဟာသ တကြောင်းကလည်း
ရယ်စရာမကောင်းသလို
ငိုသံတချို့ဟာလည်း
ဟာသတွေ ဖြစ်လိုဖြစ် ... ။

လူတွေရဲ့ စိတ်အစစ်
အိမ်ပြန်နောက်ကျနေလေရဲ့ ... ။

ထုံးစံအတိုင်းပေါ့ .. တွေးလိုက် စဉ်းစားလိုက် အချိန်တွေ ကုန်ကုန်နေတယ် .. အစစ်တွေ ရှားပါးလာသမျှ အတုတွေ ဖောသီလာတာတော့ မဆန်းပါဘူး .. ဒီ မဆန်းတဲ့ အကြောင်းပဲ စဉ်းစားမိတော့ မထူးခြားတာတွေပဲ ချရေးမိပြန်ရော ..

Friday, August 20, 2010

လွမ်း

မိုးခါးတို့ စာရေးမရပါ .. ရေးချင်စိတ်ရှိရက်နဲ့ ရေးစရာလည်း စဉ်းစားမိရက်နဲ့ကို မရေးဖြစ်သေးတာပါ .. ဒီတော့ ခုလောလောလတ်လတ် ပူပူနွေးနွေးဖတ်ဖြစ်တဲ့ စာအုပ်နဲ့ပဲ ဆားချက် ငံပြာရည်ကြို ငပိထောင်းပါ့မယ် .. :P

ကျမ ကိုယ့်ကိုကိုယ် ဘာဝါသနာပါလို့ပါမှန်း မသိပါ .. စာအုပ်မြင်ရင် ဖတ်ချင်စိတ်လည်းရှိရင် စာအုပ်ဖတ်ပါတယ် .. သီချင်းစဖွင့်ဖြစ်တယ်ဆို သီချင်းဆက်ပြီး နားထောင်ပါတော့တယ် .. ရုပ်ရှင်တော့ သိပ်မစွဲဘူး .. ဒါပေမယ့် ကြုံသလို စိတ်ကူးပေါက်သလိုတော့ ကြည့်တာပါပဲ .. အခြားအခြားသော စိတ်ကူးပေါက်ရာများကိုလည်း လုပ်လေ့ရှိပါတယ် .. ဒါကြောင့်မို့ ထင်ပါရဲ့ အစ်မတွေက ပြောတယ် .. နင် စိတ်မမှန်ဘူးတဲ့ .. မငြင်းမိပါ .. လက်ခံပါတယ် .. ကိုယ့်အခြေအနေလည်း ကိုယ်သိပါတယ် .. ဒီတော့ နာလည်း မနာတော့ပါဘူး .. :P

ဟိုနေ့က ဖတ်လို့ပြီးသွားတာက တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ လွမ်း ဆိုတဲ့ ၀တ္တုပါ .. အချစ်ကြီး အမျက်ကြီး အမုန်းကြီးတဲ့ လွမ်း ဆိုတဲ့ မိန်းကလေး တယောက် အကြောင်းပေါ့ ..

မိခင်မရှိတော့ပဲ ဖခင်ကြီးနဲ့ ညီမလေးနဲ့ အေးအေးချမ်းချမ်းနေနေတဲ့ လွမ်းရဲ့ဘဝထဲကို မရည်ရွယ်ပဲ ဒုက္ခတွေ သယ်လာမိခဲ့တာက ဒေါက်တာမင်းညို (ခေါ်) မောင်မောင်လွင် .. လွမ်းအသိထဲမှာက မောင်မောင်လွင်ဟာ သူ့အတွက် ဂြိုလ်ကောင် တယောက် .. ဒေါက်တာမင်းညိုကတော့ သူသိပ်ချစ်ရတဲ့ သူ့ရဲ့ မျက်လုံးတွေကို အလင်းပြန်ရအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင် တယောက် ..

အမှန်တရားကို လက်ခံနိုင်စွမ်းမရှိတဲ့သူ နားလည်နိုင်စွမ်းမရှိတဲ့သူတယောက်အတွက် အထင်လွဲမှုတွေ ဆုံးရှုံးမှုတွေ ကြုံတွေ့ရတာပါပဲ .. စိတ်ထင်ရာ ဒေါသတကြီး တုန့်ပြန်တတ်တဲ့သူတွေအတွက်လည်း နောင်တက ကပ်လျှက်ပါနေပါတယ် .. ဘယ်အရာကိုမှ အစွန်းမရောက်ပဲ မျှမျှတတ တွေးတတ်ဖို့ ဆင်ခြင်တတ်ဖို့ လိုပါလိမ့်မယ် .. မှားသွားခဲ့ရင်ရော ?.. ပြင်ခွင့်ရတဲ့အမှားဆို တော်ပါသေးတယ် .. ပြင်ခွင့်မရခဲ့ရင် ... ?

ဝတ္တုထဲမှာ လွမ်းကတော့ ဆုံးရှုံးလိုက်ရပေမယ့် အပြီးတော့ မဟုတ်ခဲ့ဘူး .. ဒါပေမယ့် အရင်အတိုင်း အကောင်းတိုင်း ဖြစ်နိုင်ပါ့မလား ..

လူတိုင်း အမှားနဲ့ မကင်းပါဘူး .. မှားတယ် .. မှားပြီးရင်းထပ်မှားတယ် .. အမှားတွေထဲကမှာ သင်ခန်းစာ ယူနိုင်အောင် အမှားတွေ နည်းသထက် နည်းအောင် ကြိုးစားသင့်ပါတယ် ..

ကျမရော .. ?????

Tuesday, August 10, 2010

အတွေးများနဲ့ ကိုယ်

ကျမရဲ့ အလုပ်သွားရာ လမ်းတလျှောက်မှာ မြင်နေကျ မြင်ကွင်းတွေနဲ့ ပြည့်နှက်နေတယ် .. မနက်မိုးလင်းလို့ အလုပ်သွားရမယ့်လမ်းတလျှောက်မှာ ကြောင်ဖြူကြီးတကောင် ခုံတန်း တခုမဟုတ် တခုမှာ အိပ်နေတတ်တယ် .. ၀၀တုတ်တုတ်နဲ့ ကြောင်ဖြူကြီးရဲ့ မျက်နှာကို ကြည့်လိုက်ရင် အသက်အားဖြင့် မငယ်တော့ဘူးဆိုတာ သိသာလှပါတယ် ..

အိမ်နားက အုတ်ခုံတွေမှာ မနက်ခင်းတိုင်း မြင်ရတဲ့ မြင်ကွင်း နောက်တခုကတော့ တခေါင်းလုံးဖြူစွတ်နေတဲ့ အန်ကယ်ကြီးတယောက် သတင်းစာ ထိုင်ဖတ်နေမယ် .. လူလာတဲ့ အသံကြားရင် အသံကြားတဲ့ဆီ လိုက် ကြည့်မယ် .. တခါတလေတော့ အဲဒီနားမှာတင်ပဲ သန့်ရှင်းရေးအ၀တ်အစားနဲ့ အဒေါ်ကြီးနှစ်ယောက် အမှိုက်ပုံးနားထိုင်နေတတ်ပြန်တယ် ..

အလုပ်သွား/ပြန်ချိန် မှန်းခြေ နာရီဝက်တော့ ကြာတတ်တယ် .. တခါတလေ ကားစောင့်ရရင်တော့ ဒါထက်ပိုကြာပြီပေါ့ ..

ကလေးတွေ ကျောင်းဖွင့်ချိန်ဆို ကျောင်းဝတ်စုံနဲ့ ကလေးတွေကို မြင်နိုင်တယ် .. ဒီက ကလေးတွေကို မြင်လိုက်ရင် မြန်မာနိုင်ငံက ကလေးတွေနဲ့ ကွာခြားတာတွေကိုလည်း သတိရစေတယ် ..

ဒီက မြင်ကွင်းကတော့ အသက်အားဖြင့် ၁၃နှစ် ၁၄နှစ်ကလေးတွေဆိုရင်ပဲ အပျိုကြီး စတိုင်တွေနဲ့ ပြင်ထားဆင်ထားတာကို မြင်ရတယ် .. သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချမှုရှိနေတာကတော့ ကောင်းတဲ့အချက်လို့ မြင်မိပေမယ့် ကလေးအရွယ်က ကလေးနဲ့ မတူတာကိုတော့ သိပ်ဘ၀င်မကျလှဘူး .. (ကိုယ်နဲ့တော့ အနေသာကြီးပါပဲ)

၁၃နှစ် ၁၄နှစ်ဆို မြန်မာနိုင်ငံမှာ ၇တန်း ၈တန်းလောက်ပေါ့ .. ကျမ ၇တန်းလောက်တုန်းက ၁၀တန်းက အမကြီးတွေကို မြင်ပြီဆိုရင် ၁၀တန်း ကျောင်းသူဖြစ်ရတာ တော်တော်လေးကို ဂုဏ်ယူစရာကောင်းနေပြီလို့ ထင်ဘူးတယ် .. အရွယ်ရောက်ပြီးသား ပြည့်စုံနေသူလို့ အထင်ရောက်ဘူးတယ် .. ကိုယ်တကယ် ၁၀တန်း ရောက်တော့ တက္ကသိုလ်ကျောင်းက အမကြီးတွေကို အားကျမိပြန်ပါရော ..

ကိုယ် ၇တန်းမှာ မြင်ရတဲ့ အစ်မကြီးတွေက ဆံပင်ရှည်ရှည် အဲဒီ ဆံပင်မှာ ဖဲကြိုးလေးတွေနဲ့ ချည်ထားသေးတယ် .. ထမိန်လေးတွေနဲ့ အပျိုကြီးတပိုင်း ဖြစ်နေတဲ့ ၁၀တန်း အမကြီးတွေကို ငေးကြည့်ဖူးပါရဲ့ .. ကိုယ်သာ ၁၀တန်း ရောက်ရင်ဆိုပြီးလည်း စိတ်ကူးက ယဉ်လိုက်သေးတာလား ..

တကယ်တန်း ကိုယ် ၁၀တန်း ရောက်တော့ ခေါင်းက ဆံပင်လည်း ပိုရှည်မလာတဲ့ အပြင် ပြင်ဖို့ ဆင်ဖို့ ဆိုတာလည်း ဝေလာဝေးပေါ့ .. အမေဆင်ပေးတဲ့ အတိုင်းပဲ .. အဲဒီ အချိန်က ဆံပင်အရှည်ထားချင်တာ အရမ်း .. တချို့သူငယ်ချင်းတွေဆို ဆံပင်ကို အရောင်ဆိုး ကုတ်ဝဲလေးနဲ့ သိပ်သဘောကျတာ .. အဲဒီ ၁၀တန်းပြီးတဲ့ အထိကို ဆံပင်ညှပ်ဆိုင် ဆိုတာတောင် မရောက်ဘူးတဲ့ ကိုယ့်ဘ၀ .. ဦးလေးရဲ့ လက်ရာနဲ့ပဲ ကိုယ့်ဆံပင်က ရှည်ကို မလာတာ .. အဲဒီ ဦးလေးက ပြောသေးတယ် .. သူညှပ်ပေးတဲ့ ပုံက အဲဒီအချိန်က နာမည်ကြီးတဲ့ Ghost မင်းသမီး ကေတဲ့လေ .. အဲဒီတုန်းကတော့ အဟုတ်ကြီးပဲ ထင်ခဲ့တာပေါ့ .. ဘယ်လိုပဲ ပြောပြီး ညှပ်ညှပ် ဆံပင်က ခေါင်းထက်မှာ ၁လက်မ ၂လက်မ ထက်ပို ပိုမရှည်လာတတ်တာ .. ခုမှစဉ်းစားမိရင် ငါ အနှပ်ချ ခံရတာပဲလို့ .. :P ကိုယ် ၁၀တန်းမှာလည်း အလှပြင်ဖို့ထက် ဆော့ဖို့ပဲ ပိုစိတ်ရောက်နေသေးတာလည်း မှတ်မိနေပါတယ် .. အဲ ရင်လည်း ခုန်တတ်နေပြီပေါ့ .. :P စာမကျက်ချင်သလောက် သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ တခုမဟုတ် တခု ဆော့နေတာ .. စာကျက်ဖို့ကလွဲရင် အကုန်တက်ကြွနေတတ်တာ .. ဂိုက် အမကြီးတွေကိုလည်း ဒုက္ခပေးခဲ့တာ စုံလို့ပေါ့ ..

တရက် ဂိုက်အမကြီး လာမယ့်နေ့မှာ သူငယ်ချင်းတွေ အကုန် ဘယ်သူမှ စာမသင်ချင်ဘူး .. အဲဒီအမကြီး စာသင်တာလည်း တယ်ပျင်းဖို့ ကောင်းတာကိုး .. အဲဒါနဲ့ အားလုံးတိုင်ပင်ပြီး အိမ်တံခါးကို သော့ခတ် တခါးလာခေါက်တော့ မဖွင့်ပေးတာ ၁၀မိနစ်လောက်ထိ တံခါးခေါက်နေပြီး မဖွင့်တော့ ပြန်သွားတာ .. ပြန်သွားတော့လည်း သူငယ်ချင်းရဲ့ အမေ ဆရာမကိုများသွားတိုင်မလား စိတ်ပူရသေးတာ .. အဲဒီတုန်းက ကိုယ်တွေ တော်တော်ဆိုးခဲ့ပါလားလို့ ခု ပြန်တွေးမိနေတယ် .. ကျောင်းတက်တဲ့ သက်တမ်းတလျှောက် အပျော်ဆုံးကတော့ ၉တန်းနှစ်ပဲ .. ၁၀တန်းလို စာကျက်စရာ မများသလို မအောင်မှာလည်း မပူရတော့ ပျော်ပျော်ကြီး အတန်းလည်ပြီး ဇယ်ခုတ်ခဲ့သေးတာ ..

ခုနောက်ပိုင်း မြန်မာနိုင်ငံက ကလေးတွေ (ခုတော့ ပြောအားရှိပြီပေါ့ .. :P)ရဲ့ ကျောင်းတက်ပုံက ဘယ်လိုရှိနေတယ်တော့ မပြောတတ်ပါဘူး .. ဒီမှာ မြင်ရတဲ့ ၁၀ကျော်သက်လေးတွေကို မြင်ရရင် စိတ်ထဲ မကျေလည်တာတော့ အမှန် .. ကလေးလို့ ပြောလိုက်ရင် မျက်စိထဲမှာ သနပ်ခါး ပါးကွက်ကျားနဲ့ ဆံပင်တိုတို ဂါဝန်လေးပဲ မျက်စိထဲမြင်မိတယ် .. ဒီမှာ မြင်နေရတဲ့ အပျိုကြီးဂိုက်နဲ့ ကလေးတွေ မြင်မိရင် စိတ်ထဲ မသက်သာ .. နောက်ကလေးတွေအတွက်လည်း ရင်လေးမိတာ အမှန် ..

ဒါတွေ အားလုံးက တိုးတက်နေတာပါလို့ ပြောရင်သိပ်ဘ၀င်မကျချင် .. ဒါပေမယ့် လက်မခံလို့လည်း မရ .. ဒီလိုနဲ့ပဲ အတွေးထဲ တ၀ဲ လည်လည်နဲ့ ရက်တွေလည်း တရက်ပြီး တရက် မပြောင်းမလဲ ဖြတ်ကျော်နေရင်း ....

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...