Sunday, March 15, 2009

အမှတ်ရနေသူ


စိုးရိမ် ကြောင့်ကြနေပါတယ်ဆိုတဲ့ ကိစ္စတခုကို တကယ် နှဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရတဲ့အချိန်မှာ ခံနိုင်ရည်မရှိတတ်ကြဘူး .. ကျမရော ..

"မောင် .. ကျမကို ဘယ်တော့မှ မခွဲသွားပါနဲ့နော် .." သူမ တောင်းပန်တိုးလျှိုးသံကို မောင်က နှစ်လိုစွာ ပြုံးရင်း .. "မောင် ဘယ်တော့မှ နှင်းကို မခွဲသွားဘူး .. ကတိပေးတယ်နော် .." ဆိုတဲ့ ဒီစကားတခွန်းထဲနဲ့ သူမ ယုံကြည်ခဲ့တယ် .. ကျေနပ်ခဲ့တယ် .. မောင့်အပေါ် သံသယဆိုတာ မြူတစ်မှုန်စာတောင် မထားခဲ့ဘူး .. ဒါတွေက ကျမ ညံ့ခဲ့တာလား .. ကျမ အားနည်းချက်လား .. အယုံလွယ်လွန်းခဲ့တာလား ..



ကျမနဲ့ မောင်တို့ တွေ့ဆုံဖြစ်ပုံက မထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ .. ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့အထိ ကျမတို့ အဖြစ်အပျက်က အလွန်ကို သမားရိုးကျဆန်တယ် .. သူ့ဖက်ကိုယ့်ဖက် သူငယ်ချင်းတွေက တဆင့် ကျမတို့ ရင်းနှီးခဲ့ကြတယ် .. အစစ အရာရာ ဆန့်ကျင်ဖက် ဖြစ်လွန်းပေမယ့် ကျမတို့ တယောက်အကြိုက် တယောက်လိုက်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ဘူးတယ် .. မောင်က အဖြူရောင်က သိပ်နှစ်သက်ပေမယ့် စည်းကမ်းမရှိတဲ့ ကျမက အနက်ကစလို့ အရောင်ရင့်တွေကိုသာ ၀တ်ဆင်လေ့ရှိတယ် .. ကျမက ကော်ဖီသိပ်ကြိုက်သလောက် မောင်က လက်ဘက်ရည်ဆိုင်ထိုင်ရင်တောင် အအေးပဲ သောက်တတ်သူတစ်ဦး .. ကျမက မိုးရွာတာကို နှစ်သက်ပြီး မောင်ကတော့ မိုးရွာတာကို အပြစ်တခုလို အနှောင့်အယှက်တခုလို မြင်တတ်သူ .. အစစ အရာရာ ဆန့်ကျင်ဖက်ဖြစ်လွန်းပေမယ့် မောင်က ကျမကို လိုက်ရောပြီး မိုးရေထဲ လမ်းလျှောက်ပြန်ခဲ့သလို ကျမကလည်း မောင်မကြိုက်တဲ့ ကော်ဖီကို မောင်နဲ့တွေ့ရင်မသောက်ဖြစ်ပဲ မောင်နဲ့ အတူ အအေးလိုက်သောက်ဖြစ်ခဲ့ဘူးတယ် .. ကျမတို့ သိပ်ချစ်ခဲ့ကြတာပဲနော် ..

ခုတော့ မောင်က ကျမသိပ်ကြိုက်ပေမယ့် မောင်နဲ့ အတူဆို မသောက်ဖြစ်တဲ့ ကော်ဖီကို သူ့ချစ်သူ အသစ်စက်စက်လေးနှစ်သက်အောင် လိုက်သောက်တတ်နေပြီ .. ဘယ်လိုယုံရပါ့မလဲ .. ကျမအပေါ် သိပ်ချစ်တတ်တယ် .. သိပ်ချစ်နိုင်တယ်လို့ ထင်ခဲ့တဲ့ (ကျမအထင်ပါ..) မောင်က ခု နောက်တစ်ယောက်အပေါ် ကျမကိုချစ်တဲ့အချစ်တွေထက်တောင် ပိုချစ်နေခဲ့ပြီလား .. ကျမတွေးရင်း ရင်ဘတ်က အောင့်သက်သက်ဝေဒနာ ခံစားလိုက်ရတယ် .. အသည်းကွဲတဲ့ ခံစားချက်ဆိုတာ ဒါမျိုးထင်ပါရဲ့ ..

မောင်က ကျမကို ချစ်ခဲ့တဲ့အတွက် ဘယ်တော့မှ နောင်တမရဘူးတဲ့လေ .. ကျမကလည်း မောင့်ပေါ် နားလည်ပေးနိုင်လွန်းခဲ့ပါတယ် .. ကိုယ့်ကိုယ်မယုံနိုင်လောက်အောင်ပေါ့ .. မောင်က အလုပ်သိပ်များသူတယောက် .. သူ့ အလုပ်တွေအပြင် မိသားစုလုပ်ငန်းအတွက်ပါ အချိန်ပေးရတဲ့ မောင့်အပေါ် ကျမ မညိုငြင်ခဲ့ဘူး .. မောင်လာကြိုမယ်ပြောပြီး မရောက်ခဲ့လို့ တယောက်တည်း အပြန်လမ်းမှာ မျက်ရည်ဝဲခဲ့ရတာတွေ .. မောင်ချိန်းလို့ လာစောင့်နေပေမယ့် အမြဲတမ်း နာရီဝက် တနာရီ နောက်ကျမှာ ရောက်လာတတ်လို့ စိတ်တို ဒေါသထွက်နေရင်တောင် မောင့်မျက်နှာ မောင့်အပြုံးကို မြင်လိုက်ရင်ပဲ အလိုလို ပြေပျောက်သွားတတ်တယ် .. ဒီလောက်တောင်ပဲ ကျမအပေါ် လွမ်းမိုးနိုင်ခဲ့တယ် .. စိုးမိုးနိုင်ခဲ့တယ် .. ကျမ မောင့်ကို အလိုလိုနေရင်းနားလည်ပေးမိတယ် .. အပြစ်မတင်မိဘူး .. ကျမ မောင့်ကိုချစ်နေရရင် ကျေနပ်နေတတ်တယ် .. ဒါတွေက အတ္တကင်းတဲ့ ကျမမောင့်အပေါ်ထားတဲ့ ချစ်ခြင်းတွေထင်ပါရဲ့ ..

တနေ့တော့ မောင်ပြောလာခဲ့တယ် .. ပြောတဲ့အချိန်တုန်းက ဒီလောက် စိုးရိမ်စရာ ကိစ္စ(မောင့်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အထိပေါ့ ..) ဖြစ်လာလိမ့်မယ် မထင်ထားခဲ့မိဘူး .. မောင် ကျမကို သိပ်ချစ်တာပဲလို့ မောင်စကားတွေကို ယုံကြည်ပြီး တစ်ယောက်တည်းဆုံးဖြတ်ချက်ချခဲ့တယ် .. ပြသနာ အစလို့ မသိခဲ့ချိန်ထိ .. မောင့်စကားတစ်ခုပဲ ကိုးကွယ်ခဲ့တယ် .. မောင့်ငယ်သူငယ်ချင်းလို့ သိထားတဲ့ မောင့်ငယ်ချစ်ဦးဖြစ်ခဲ့သူတစ်ယောက် မောင့်ဘ၀ထဲ ပြန်ဝင်ရောက်လာခြင်းက ကျမအတွက် ကံဆိုးခြင်းစတင်ချိန်ပေါ့ .. မောင် သူ့ငယ်သူငယ်ချင်းနဲ့ တွေ့ကြောင်း ၀မ်းသာအားရပြောတုန်းက မောင့်မျက်ဝန်းတွေအရောင်လက်နေခဲ့တာ ကျမက ရိုးရိုးသာမန်ပျော်ရွှင်ခြင်းလို့ တုံးတုံးအအ တွေးခဲ့ထင်ခဲ့တယ် .. ဒါတွေက မောင့်ရင်ခုန်သံတွေလို့သာသိခဲ့ရင် ကျမ တခုခုကြိုတင်ကာကွယ်ခဲ့မှာပေါ့ .. ကျမသိပ်နုံလို့ခံရတာပဲ .. မောင့်အပြစ်လည်းမဟုတ်ပြန်ဘူး .. ခုချိန်ထိ ဘာလို့များ အပြစ်မတင်မိတာပါလိမ့်နော် ..

မောင် ငယ်ချစ်ဦးနဲ့ လက်ရှိချစ်သူကြားဗျာများခဲ့ချိန်တွေမှာလဲ ကျမက မောင့်ကို သနားနေခဲ့သေးတာ .. မောင့်ရင်နာရင် ကျမရင်တွေကွဲအက်နေတာ မောင်မသိခဲ့တာလား .. လစ်လျူရှုခဲ့တာလား .. မောင် ကျမကို ထားခဲ့တော့မယ်ဆိုတာ သိပေမယ့် မောင်လိုအပ်လို ဆက်သွယ်လာရင် မငြင်းမိပဲ မောင့်ဘေးနားနေပြီး စကားလုံးတွေ ရှာကျန်နှစ်သိမ့်ပေးမိတာတွေက ကျမ သိပ်အခဲ့လို့လား .. အမှတ်မရှိခဲ့လို့လား .. အဲဒီအချိန် မောင့်ပါးစပ်က ပြောလာတဲ့ ငယ်ချစ်ကို သိပ်ချစ်ကြောင်း စကားတွေကို ကျမ ဘယ်လိုရင်ဘတ်နဲ့ နားထောင်ပေးခဲ့မိပါလိမ့် .. ကိုယ်တိုင်တောင် နားမလည်နိုင်လောက်အောင် မောင့်အပေါ် ကျမ ချစ်ခဲ့တယ် .. အဲဒီအတွက် ကျမ ရရှိခဲ့တာက ဘာလဲ .. စွန့်ပစ်ခံရခြင်းတဲ့လား .. တရားရဲ့လားမောင် .. ဒါပေမယ့် အကုန်လုံးကို လက်မခံချင်ပဲ လက်ခံခဲ့ရတယ် .. ဒါတွေဟာ အမှန်တရားတွေပဲတဲ့လေ ..

အမှန်တရားဆိုတာ ရှောင်လွှဲလို့မှ မရနိုင်ခဲ့တာပဲ .. နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ .. လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ကြုံဆုံရမှာပဲလေ .. အကောင်းအဆိုး အားလုံး လက်ခံနိုင်အောင် ကြိုးစားပြီး ဖြတ်သန်းသွားမှာပါ ..

အမှတ်တရဆိုတာ
အမှတ်ရနေသူအတွက်သာ အသုံးဝင်တာပါ ..
အတိတ်ဆိုတာကလည်း မေ့နိုင်မယ်ဆိုရင်တောင် တကယ်ရှိခဲ့တာပဲလေ ..
ခုချိန်ထိတော့ ကျမက အတိတ်ကို အမှတ်ရနေသူတစ်ဦးပါပဲ ..


11 comments:

ဘာတွေတုန်း said...

အမှတ်တရဆိုတာ
အမှတ်ရနေသူအတွက်သာ အသုံးဝင်တာပါ ..
အတိတ်ဆိုတာကလည်း မေ့နိုင်မယ်ဆိုရင်တောင် တကယ်ရှိခဲ့တာပဲလေ ..
ခုချိန်ထိတော့ ကျမက အတိတ်ကို အမှတ်ရနေသူတစ်ဦးပါပဲ ..

အဲ့ဒီအပိုဒ်လေးဖတ်ပြီး စိတ်ထဲတောင် တစ်မျိုးလေး ဖြစ်သွားတယ်။ရေးတတ်လိုက်တာ မမရယ်။

မနုးစရာ said...

ဒီလိုပါပဲ.. ယောက်ျားဆိုတာ အချစ်ဟောင်းဖက် ပြန်စိတ်လည်တတ်တာပဲ... ဖြစ်တတ်ပါတယ်.. အားငယ်နဲ့နော်..

အယ်.စိတ်ဆိုးတတ်ဘူးဆိုလို့ ရေးတာနော်. သဘောကောင်းတယ်.ဟုတ်.

မုန်းစရာ said...

မုန်းစရာလို့ရေးတာ ဘယ်လိုကျန်သွားမှန်းမသိ

Phyo Maw said...

စဆုံးဖတ်ပြီးတော့...
ဘာပြောရမှန်း တကယ်မသိတော့ပါ။
:D cheer!!

Welcome said...

ခွဲမသွားပါဘူးဆိုတဲ့
ကတိတစ်လုံးရထားပြီးသားပေမယ့်
စိုးရိမ်စိတ်က လွန်ကဲနေတုန်းပဲနော်...
ထဲထဲဝင်ဝင် မသိပေမယ့်
ဆင်ဆင်ပြေ စေချင်ပါတယ်

ခင်မင်လျက်

mabaydar said...

ဒီလိုပါပဲ မိုးခါးရယ်... မဗေဒါလဲ အဲလိုခံစားခဲ့ရတာပဲ.. ဒီပိုစ့်ဖတ်ပြီး အတိပြုမိတာလေးရှိတယ်.. ယောကျာင်္းတွေ ချိန်းတဲ့အချိန်အရမ်းနောက်ကျလာမယ်... နောက်ပိုင်း ပေါ်ကို ပေါ်မလာတော့ဘူး.. ပြီးရင် မိသားစုနဲ့ အကြောင်းပြမယ်ဆိုရင် မိန်းကလေးတွေသိသင့်ပြီ.. ဒီကောင် ခြေလှမ်းပျက်နေပြီဆိုတာ.. မဗေဒါလဲ အဲဒိအချိန်တုန်းက မသိခဲ့ပါဘူးလေ... သူတို့ပြောခဲ့တဲ့စကားတွေကိုပဲ ယုံနေတာပဲ.. အမှန်ထင်နေတာပဲ... ဘာလို့လဲဆိုတော့ မိန်းကလေးတွေက ပါးစပ်ဖျားလေးနဲ့တင် ချစ်တတ်တာမဟုတ်ဘူးလေ.. ချစ်တယ်လို့ ပြောပြီးတာနဲ့ ရင်ထဲက ချစ်လိုက်တာ...
ခု ကိုယ့်ကို ထားသွားပြီးတော့မှ.. အနီးအနားက ယောကျာင်္းလေးသူငယ်ချင်းတချို့ကို စစ်တမ်းကောက်ကြည့်တော့မှပဲ..
သူတို့ယောကျာင်္းတော်တော်များများက တကယ်တမ်းမိန်းကလေးကို ချစ်ပါတယ်လို့ ပြောတဲ့အချိန်မှာ မချစ်ကြသေးဘူးတဲ့... နောက်ပိုင်းမိန်းကလေးရဲ့ အမူအကျင့် သူတို့နဲ့ ကိုက်မကိုက်ကြည့်တယ်.. ပြီးတော့ နောက်တစ်ယောက်ဒိထက် ကြိုက်တဲ့သူပေါ်မလာမှ အဲဒိမိန်းကလေးကို တကယ်ချစ်တယ်လို့ ယူဆကြတာ.. မိန်းမတွေထက် တွက်တယ်နော်...

သီဟသစ် said...

မိုးခါးရေ
ခံစားချက်လေးတွေ ရင်ဖွင့်လိုက်တော့ ပေါ့သွားတာ ပေါ့ကွယ်။

မဗေဒါကပါ ပညာတွေ ပေးသွားတာကိုး။
:P

ကောင်လေး said...

အဲလိုပေးဆပ်တာက အချစ်လားလို့ပြောဖို့ခက်ပါတယ်.. ကောင်လေးကိုယ်တိုင်ကိုယ် က ဇာတ်လမ်းထဲက မောင် လိုဖြစ်နေတယ်.. ဘာဆက်လုပ်ရမှာလဲတောင်မသိတော့ပါဘူး..။

နွေးနွေးသဲမွန် said...

မဆန်း ပါကွယ်...သူလဲ ယောက်င်္ကျားပါ ပဲ လို့ သာ...
:( ယောက်င်္ကျားတွေ ရဲ့ စိတ် အစဉ် ဟာ သူတို့ ကို
သာယာစေတဲ့ နေရာမှာပဲ ရှိတတ်တယ်...
ယောင်လို့ များ ခဏခဏ ၀ါဒီသွားမပွါး နဲ့  မပြတ်နိုင်သေးသရွှေ့ ဝစီပိတ် ကျင့်တာ အကောင်းဆုံးပါပဲ..
:P

flowerpoem said...

အမှတ်ရနေသူ ကိုဖတ်သွားပါတယ်...
မဗေဒါပြောတာကို အပြည့်အ၀ထောက်ခံပါတယ်

libratun said...

ဇာတ်ကောင်လေး သနားပါတယ်။ အလိုလိုက်လွန်းလို့ပါ။
မဗေဒါပြောတာတွေ လက်တွေ့ကျတယ်။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...