Wednesday, August 15, 2012

ပန်းကလေးများ ပွင့်တော့မည် -၃

လွန်ခဲ့တဲ့ ၅လပိုင်း ရန်ကုန်အပြန်ခရီးမှာ ကုသိုလ် Lotus အဖွဲ့အတူ သွားရောက်ခဲ့တဲ့  နောက်ဆုံး ခရီးစဉ်ကတော့ ကွမ်းခြံကုန်း ခရီးစဉ်ပါပဲ .. ခရီးစဉ်တွေအကြောင်းကို ကုသိုလ် website မှာလည်း တင်ထားဖြစ်ခဲ့ပါတယ် .. ကိုယ့်ဘလော့မှာ ကိုယ်ရေးတာကတော့ ကိုယ့်ခံစားချက်လေးပါ ပါတာပေါ့လေ ..း)

ကွမ်းခြံကုန်းကို သွားဖို့အတွက် သံလျင်ကျောက်တန်း ရေလယ်ဘုရားနားက ကွမ်းခြံကုန်းဘက်သွားမယ့် လှေ/သဘောင်္ကို အရင်ရှာရပါတယ် .. ထုံးစံအတိုင်းဆို မနက် ၉နာရီ ၁၀နာရီ ၀န်းကျင်လောက် ထွက်တတ်တော့ အဲ့အချိန်လောက် ရောက်အောင် အဖွဲ့ဝင်တွေ ၁၀-၅-၂၀၁၂ ရက်နေ့ မနက်အစော ၇နာရီလောက်မှာ ကျောက်တန်းသွားတဲ့ ကားတွေရှိတဲ့ တာမွေ အ၀ိုင်းမှတ်တိုင်ကနေ ဆုံပြီး ဘတ်စ်နဲ့ ကျောက်တန်းရေလယ် ဘုရားဆိပ်ကမ်းနားကို သွားရပါတယ် .. ရောက်တော့ ကွမ်းခြံကုန်း၊ မိုးခါးတို့ သွားမယ့် ဘုန်းကြီးကျောင်းရှိရာ ၂ရွာအလိုမှာ ရပ်မယ့် မိသားစုသမ္မာန်လေးတစီးနဲ့ တွေ့ပြီး လိုက်ပါဖို့ ပြောဆို ငွေချေရပါတယ် .. အချိန်မေးတော့ ၁၀နာရီမှထွက်မယ် ဆိုတာနဲ့ အချိန်လိုသေးတာကြောင့် မနက်စာ စားရင်း စောင့်ကြပါတယ် ..

သိရသလောက် အဲ့ဒီ သမ္မာန် (သို့) သဘောင်္လေးတွေ ထွက်တဲ့ အချိန်က ပုံမှန် အတိအကျမရှိပါဘူး .. ၉နာရီ ၁၀နာရီလောက်ထွက်တတ်တယ် ဆိုတာပဲ သိထားပါတယ် .. အကယ်၍များ ထွက်တဲ့အချိန်မမှီလို့ သဘောင်္လွတ်သွားခဲ့ရင် ထပ်မံစောင့်ဆိုင်းရတတ်ပါတယ် .. 
 သံလျင် ကျောက်တန်းရေလည်ဘုရား
  သံလျင် ကျောက်တန်းရေလည်ဘုရား

 အေးအေးဆေးဆေး နားနေရာက ၁၀နာရီ မထိုးခင် သဘောင်္ဆိပ်ကို ရောက်တော့ သဘောင်္က ကမ်းကတောင် ခွာနေပြီ .. အဲတော့မှ ပြူးပြူး ပြာပြာနဲ့ အော်ဟဲ့ ပြောဟဲ့ လုပ်တော့ သဘောင်္က ကမ်းပေါ် ပြန်ကပ်လာပါတယ် .. ဆင်းတဲ့နားကတော့ ရွှံ့တွေနဲ့ အသားတွေငါးတွေ အတင်အချလုပ်တော့ နဲနဲတော့ ညစ်ပတ်ပြီး နံပါတယ် .. :D မတတ်နိုင်ဘူးပေါ့ နင်းရတာပါပဲ .. မှတ်မှတ်ရရ အဲ့နားမှာ မြွေပေါက်လေးတကောင်တောင် သေနေသေးတယ် .. ဓါတ်ပုံကတော့ မရိုက်အားတော့ပါဘူး သဘောင်္တောင် အမှီလိုက်နေရတာ ဆိုတော့ကာ :D .. အပေါ်နားမှာတော့ ဖိနပ်စီးလို့ရပေမယ် .. သဘောင်္ပေါ်တက်တဲ့နားကျတော့ ညစ်ပတ်ပြီး ချောလို့ ဖိနပ်ချွတ်ရပါတယ် .. ပေလို့ ပွလို့ပေါ့ .. မသိနားမလည်ပဲ အဲဒီခြေထောက်ပေကြီးနဲ့ သဘောင်္ပေါ်တက်လိုက်တော့ ပိုင်ရှင်က ဟာ တဲ့ .. ညစ်ပတ်ကုန်ပြီပေါ့ .. မတတ်နိုင်ဘူးလေ .. နင်းပြီးပြီ :P ..


၁၀နာရီ သမ္မာန်စထွက်ပြီး ၂နာရီ ခွဲ ၃နာရီလောက် စီးပြီးချိန်မှာတော့ ကွမ်းခြံကုန်း ဘကကျောင်း ရှိရာ တော်ကေးကျေးရွာနဲ့ ၂ရွာအလိုက ရွာလေးမှာ သမ္မာန် ကပ်ပါတယ် .. အဲဒီကိုရောက်တာနဲ့ သမ္မာန်ပေါ်က ဆင်းရင် ရွံ့ဗွက်တွေကို ဖြတ်ရပြန်ပါတယ် .. မိုးတွင်းဖြစ်ပြီး ကံမကောင်းခဲ့ရင် အဲဒီနွံတွေဟာ ဒူးဆစ်ကျော်လောက်ထိ နစ်တတ်ပါတယ် .. ဒါပေမယ့် အဲဒီရက်မှာတော့ ကံကောင်းစွာပဲ ခြေမျက်စိထိသာ နွံ့တွေရှိခဲ့ပါတယ် ..

 စထွက်ပါပြီ




 ပင်လယ်ဝ အနားပါ .. အဖေက ပုံမြင်တော့ ကြောက်စရာပဲ တဲ့ .. မိုးခါးကတော့ မသိဘူး .. အဲဒီအချိန်တုန်းက ပျော်နေတာ ..

 ရွာလေးအနားကို သမ္မာန်ကပ်ပါတော့မယ်
 မြင်နေရတာကတော့ ရွံ့နွံတွေပါ
 ခုလိုဆင်းပြီး ကမ်းပေါ်ကို တက်ရပါတယ် ..
 ကမ်းပေါ်မှာတော့ ဘုန်းဘုန်းလွှတ်လိုက်တဲ့ ကြိုမယ့်ဆိုင်ကယ်တွေ ရောက်နေပါပြီ
 စီးလာခဲ့သော သမ္မာန် (မိသားစု သဘောင်္လို့ ပြောနိုင်ပါတယ် ..)

 ဗွက်ထဲတိုးခဲ့ကြောင်း အဖွဲ့ဝင်များမှ သက်သေ

ရွာဝင် လမ်းမ
ဘုန်းဘုန်းကျောင်းမှ ကျွေးသော မနက်စာ
 စာသင်ဆောင်
 စာသင်ဆောင်
  စာသင်ဆောင်
 အိပ်ဆောင်
 ကျောင်းဝင်းအတွင်း
 ညနေစာ စားချိန်
 ခုလိုမျိုး အားလုံး ၀ိုင်းဖွဲ့ စားကြရပါတယ်
 နေ့တိုင်းစားကြရတဲ့ ချဉ်ရည်ဟင်းပါ .. (ကန်စွန်းရွက် ၂၀၀၀ ဖိုး)
အလှူရှင် မရှိရင် များသောအားဖြင့် ချဉ်ရည်ဟင်းနဲ့ ငပိရည်နဲ့ပဲ နေ့စဉ်ကျွေးနိုင်ပါတယ် .. အလှူရှင်ကလည်း မရှိတာများပါတယ် ..
 လုပ်အားပေး

 ညစာ
 အဖွဲ့မှ ကူညီထောက်ပံ့ပေးထားသော ကလေးများ
 မှောင်ထဲ ခုလိုပဲ ဆော့ခဲ့ကြတယ်
မမြင်ရင် မမြင်ဘူး မှတ်ပါ ..း)

ရှုံးတဲ့ အဖွဲ့က ကရတယ် :D ကစားနည်းကတော့ ၂ဖက်အသင်းကို နာမည်ဝှက်တွေပေးပြီး တယောက်တလှည့် မျက်လုံးမှိတ် နာမည်ခေါ်ပြီး ခေါင်းပုတ်ကြတာပဲ .. (ကစားနည်း ဘယ်လိုခေါ်တယ် မသိလို့ :D)

ကလေးတွေရဲ့ နေ့စဉ် ဟင်းကတော့ ချဉ်ရည်ဟင်းနဲ့ ငပိရည်ပါ .. ထမင်းကလည်းပုံမှာပြထားတဲ့ ဇလုံနဲ့ ၃ ၄ အိုးတည်ထားရပါတယ် .. ကလေးတွေက စာသင်ချိန်ကလွဲရင် နေကုန် ဆော့တယ် .. ပြီးတော့မောပြီး ဘာနဲ့ဖြစ်ဖြစ် စားကြပါတယ် .. သရေစာမုန့် ဘာမှ မရှိရှာပါဘူး .. ရန်ကုန်နဲ့ မဝေးပေမယ့် သွားလာရေး ခက်ခဲလို့ အလှူရှင် အရောက်နည်းတဲ့ နေရာလည်း ဖြစ်ပါတယ် .. တခါတလေ အလှူရှင်ရှိရင်တော့ အသားလေး ငါးလေး စားရပါတယ် .. အသားငါးဆိုတာလည်း ဈေးဆိုပြီးမယ်မယ်ရရ မရှိတဲ့အတွက် ရချင်မှလည်း ရပါတယ် .. တော်တော်လေး ခေါင်တယ်လို့ ပြောနိုင်ပါတယ် .. ဟင်းဆိုရင်လည်း ကျောင်းက ကိုရင်ကြီးတွေ အလှည့်ကျ ချက်ကြပါတယ် .. အားချိန် နားချိန် ကစားချိန်ရယ်လို့ သီးသန့် မရှိပဲ ကျောင်းကိစ္စတွေ လုပ် ပြီးရင် အငယ်တွေကို ထိန်းကျောင်းရနဲ့ မအားကြရရှာပါဘူး ..

ကလေးတွေက ဧည့်သည်လာတယ်ဆို ပျော်ကြတယ် .. ကိုယ်တွေကို ဆရာမ တဲ့ ..း) စကားတွေ ၀ိုင်းပြော ၀ိုင်းဆော့ ကဗျာတွေ ရွတ်နဲ့ပါ .. စိတ်ချမ်းသာစရာလည်းကောင်း စိတ်မကောင်းလည်း ဖြစ်ရပါတယ် .. သူတို့လေးတွေရဲ့ ဘ၀ကြောင်းလေးတွေ ကိုလည်း ပြောပြတတ်ကြပါတယ် .. အဲဒီအချိန်ကလည်း မိုးတော်တော်ချုပ်တဲ့ထိ မအိပ်ကြပဲ ဆော့ကြ ကဗျာတွေရွတ်ကြနဲ့ ၀ိုင်းနေကြပါတယ် .. အဲဒါနဲ့ပဲ ဘုန်းဘုန်းကိုယ်တိုင်လည်း မအိပ်ရပဲ မီးစက်ကြီးလည်း မောင်းပေးထားရပါတော့တယ် ..

ကလေးတွေတိုင်းလိုလိုမှာ ရည်ရွယ်ချက် စိတ်ကူးလေးတွေ ကိုယ်စီရှိကြပါတယ် .. ဘ၀ကိုလည်း နားလည်နေကြပါပြီ .. သူတို့ ပျော်ကြတယ် .. ဘုန်းဘုန်းနဲ့တကွ ဦးဆောင်ထိန်းကျောင်းပေးတဲ့ ကိုရင်ကြီးများနဲ့ အတူ သူတို့ ပျော်ကြတယ် ..

အဲဒီကျောင်းမှာ ကျောင်းမတက်သေးတဲ့ ကလေးအရွယ်ကစလို့ ၁၀တန်းထိ ကျောင်းသားတွေ ရှိပါတယ် .. သူငယ်တန်းကနေ ၇တန်းထိက ဘုန်းကြီးကျောင်းမှာ သင်ကြား အောင်မြင်ကြပြီး ၈တန်း ၉တန်းကို ဘုန်းကြီးကျောင်းမှာနေရင်း ရွာထဲက ကျောင်းကို သွားတက်ကြပါတယ် .. ထမင်းဗူးကအစလည်း ဘုန်းကြီးကျောင်းကပဲ စီစဉ်ပေးပါတယ် .. ၁၀တန်းကျောင်းသားတွေအတွက်ကတော့ ဘော်ဒါသဘောမျိုး ထားပေးရပါတယ် .. ၅သိန်းလို့ သိရပါတယ် .. ပအို့ ကလေးလေးတွေလည်း ရှိပါတယ် .. ကလေးတယောက်ဆို ရောက်လာတုန်းက တော်တော်လေး ငယ်သေးတာ တဲ့ .. ခုထိလည်း မြန်မာလို မပြောတတ်သေးပဲ ကောင်းကောင်းလည်း နားလည်ပုံ မပေါ်ပါဘူး .. ရောက်တည်းက ပြောတတ်တာဆိုလို့ “ပေ့ပေ့ဆီ ပို့ပေး .. ပြန်ချင်တယ်” တဲ့ ..

ညဘက်ရောက်တော့ ပြန်ဖို့ကို ကားနဲ့ပြန်မယ်လို့ စီစဉ်ထားပြီး ကားလာမယ့်အချိန်က မနက် ၁နာရီဖြစ်ပါတယ် .. ကွမ်းခြံကုန်းခရီးကို ကားနဲ့တမျိုး ရေလမ်းကတမျိုးသွားနိုင်ပါတယ် .. ကားကတော့ မိုးတွင်းဆို မထွက်ပါဘူး .. ကားလမ်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိပဲ ကန်သင်းရိုးတွေ ရွာလမ်းတွေက မောင်းရပါတယ် .. အကယ်၍ အပြန်ခရီးကိုလည်း ရေလမ်းက ပြန်မယ်ဆို မနက် ၂နာရီအရောက် ဆိပ်ကမ်းကို ဆင်းရပါမယ် .. ၂နာရီ ဆိပ်ကမ်းကို ရောက်ဖို့ ဆိုင်ကယ် သို့မဟုတ် လမ်းလျှောက်ရပါတယ် .. ဆိုင်ကယ်လမ်းဆိုတာလည်းပဲ လယ်ကန်သင်းရိုးတွေကြားက သွားရတာပါပဲ .. ကံဆိုးပြီး မိုးရွာရင်တော့ လမ်းလျှောက်ပေတော့ .. ဆိုင်ကယ်နဲ့ နာရီဝက်မို့ လမ်းလျှောက်ရင်တော့ ၁နာရီ ၁နာရီခွဲလောက် ကြာပါမယ် .. လူသွားလမ်းမဟုတ်တဲ့ လယ်ကန်သင်းရိုးတွေကမို့ ခရီးလည်း မတွင်လှပါဘူး .. အပြန်မှာတော့ ကားလမ်းသိချင်တာက တကြောင်း မှောင်မှောင်မဲမဲနဲ့ ပင်လယ်ဝနားထိ သွားဖို့ မရဲလှတာက တကြောင်းမို့ ကားနဲ့ပဲ ပြန်ခဲ့ကြပါတယ် ..

ဟိုင်းလပ်ကားလေးတစီး မနက် ၁နာရီပတ်ဝန်းကျင်မှာ ခရီးသည်တွေကို လိုက်လံ ခေါ်ဆောင်ပါတယ် .. အဲဒီကားလွတ်သွားရင်လည်း နောက်ထပ် ကားမရှိတော့ပါဘူး .. အချိန်မှီပြန်ရောက်ချင်ရင်တော့ အချိန်မှီလေး ပြေးရပါမယ် .. Lotus အဖွဲ့က မောင်လေး၂ယောက်ကတော့ စတုန်းက ကားနောက်ဘက်မှာ နေရာရပေမယ့် နောက်တော့ နောက်လူတွေ(အမျိုးသမီးများ) နေရာရဖို့အတွက် ခေါင်မိုးပေါ်က တက်လိုက်ကြရပါတယ် .. အလွန်ဖုန်ထူပြီး လမ်းလည်း အတော်လေး ကြမ်းပါတယ် .. မနက်မိုးလင်း ဒလဘက်ရောက်တော့ အကုန် မျောက်ဖြူတွေ ဖြစ်လို့ပါပဲ ..
စီးလာသော ကား .. လူအပြည့်အလျှံ ကုန်အပြည့်အလျှံ
 ဒလဘက်ကနေ သဘောင်္နဲ့ ရန်ကုန်ဘက် ကူးပါတယ် .. ရန်ကုန်ဘက်ကမ်းကို မြင်နေရပါပြီ ..

 ရန်ကုန် မနက်ခင်း

ရန်ကုန်မြို့ကြီး ငိုက်မြည်းနေဆဲပါ

၂၀၁၂ မေလကသွားခဲ့တဲ့ ကုသိုလ်နဲ့ Lotus အဖွဲ့ရဲ့ ခရီးစဉ် ပြီးဆုံးပါပြီ .. အစစ အဆင်ပြေချောမွေ့ခဲ့တာ Lotus အဖွဲ့က ကိုဇင်မင်းမော်၊ ကိုစိုးပိုင်၊ ကိုမင်းမင်းဇော်၊ မအိဖြူတို့ကြောင့်ပါပဲ .. အကယ်၍များ ခုလို ကူညီပို့ဆောင်ပေးမယ့်သူမရှိခဲ့ရင် အကြောင်းမသိပဲ အတော်လေး ခက်ခဲ့ပါလိမ့်မယ် .. ပြီးတော့ အဖွဲ့က စာသင်စရိတ် ထောက်ပံ့ငွေကို ၂လတကြိမ် သတ်မှတ်ရာ နေရာတွေကို ရောက်အောင် စာရင်းအင်းက အစ ကူညီပေးကြသူများပါ .. အဲဒါကြောင့် အရမ်းပဲ ကျေးဇူးတင်မိပါတယ် .. ပြီးတော့ မော်ကျွန်းကိုရောက်တုန်း အစစ အကုန်ကူညီပေးခဲ့တဲ့ မြို့ခံအကို၂ယောက်ကလည်း ကျေးဇူးတင်စရာ ကောင်းပါတယ် .. ဧည့်သည်တွေဆိုပြီး လိုလေသေးမရှိ အစားအစာက အစ ရေအဆုံး ပြီးတော့ ပဲ့ထောင်စီးတုန်းကလည်း ပဲ့ထောင်ဖိုးကို အတင်းပဲ ပေးသွားပါသေးတယ် ..

တကယ်တမ်းကတော့ လူတိုင်းမှာ နူးညံ့တဲ့ နှလုံးသာ ကိုယ်စီရှိမယ်လို့ ယုံကြည်ပါတယ် .. ဒါပေမယ့် တခါတလေမှာ လှုံ့ဆော်မှုအားမရှိတော့ အရမ်းပဲ တည်ငြိမ်နေမှာပေါ့ .. အကယ်၍များ ကိုယ့်မျက်စိရှေ့မှာ သနားကြင်နာစရာ ဂရုဏာ သက်စရာ မြင်ကွင်းတခုခုမြင်ရင် လူတိုင်း ခံစားမှု တစုံတရာ ဖြစ်မှာ မလွဲပါဘူး .. အဲဒီလို ကိုယ်ချင်းစာတရားရှိတဲ့သူတွေ များလို့သာ ခု မိုးခါးတို့ ရောက်ခဲ့တဲ့ နေရာက ကလေးတွေဟာ အပြည့်မ၀မဟုတ်ရင်တောင် ရာခိုင်နှုန်းတခုလောက်ထိ ပျော်ရွှင်နိုင်ကြပါတယ် .. အဲဒါကြောင့်လည်း ကိုယ်ချင်းစာတရားရှိတဲ့ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တိုင်းကိုလည်း ရင်ထဲကနေ အသိမှတ်ပြုပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ် ..

ခု သွားရောက်ခဲ့တဲ့ ခရီးစဉ်က သွားဖူးသမျှ ခရီးစဉ်တွေနဲ့ မတူညီ ကွဲပြားပါတယ် .. ပီတိဖြစ်ရတယ် .. သနားကြင်နာစိတ် ဖြစ်ရတယ် .. ငါတို့ ထပ်ပြီး ဘာလုပ်ပေးနိုင်မလဲ ငါတို့ဘာတွေ လုပ်ပေးချင်လိုက်တာဆိုတဲ့ အတွေးမျိုးတွေ ပေါ်ပေါက်ခဲ့ပါတယ် .. ဖြစ်နိုင်ရင် နောက်ထပ်လည်း ခုလိုပဲ ကလေးတွေဆီ သွားချင်သေးတယ် .. ရှေ့ဆက်ပြီး အားလုံး အတူတူ လက်တွဲလို့ ကလေးများရဲ့ အနာဂတ်အတွက် ဆက်လက် အားပေးကူညီကြပါဦးနော် ..း)

Monday, August 13, 2012

အလွမ်းရောင်

ဖြတ်သွားဖြတ်လာ လမ်းမတန်းတွေပေါ် အတွေးတွေနဲ့ ခြေရာကောက်ကြည့်မိတော့ ဟိုးဟိုအတိတ်ဆိုတာကို ပြန်လွမ်းမိသလိုလို .. တချို့တွေလည်း မပြောင်းမလဲ .. တချို့တလေကျ မှတ်မိဖို့တောင် ခပ်ခက်ခက် .. အချိန်ရဲ့ ရေအလျင်မှာ စီးမြော အဆုံးသတ် ပင်လယ်ဆီ မရောက်သရွေ့ပေါ့ .. တကွေ့ နှစ်ကွေ့ .. ကွေ့ပေါင်းများစွာ အချိုးအဆက်တွေမှာ ဟန်ချက်ညီညီ စီးဆင်းရင်း တခါတလေလည်း တလူးလူး တလိမ့်လိမ့် .. တချို့အရာတွေကို သယ်ဆောင် တချို့ကို ချန်ရစ် ဘ၀ရဲ့ လမ်းခရီးပါပဲ .. ဟုတ်ပါတယ်လေ .. ဒါပဲ လူတွေပြောပြောနေတဲ့ စာလုံး၂လုံးနဲ့ ဘ၀ဆိုတာပဲ ဖြစ်ပါလိမ့်မယ် ..

မေ့ထားလို့ ဖြစ်ပေမယ့် တိုက်ဆိုင်ချိန်ကျ သတိရတတ်မြဲ တဲ့ .. ဟုတ်ပါရဲ့ .. တမင်တော့ အဲဒီကုန်လွန်ခဲ့တဲ့ အချိန်တွေကို မလွမ်းဆွတ်နေမိပါဘူး .. အင်းးး တခါတလေပေါ့ .. တချို့က ရယ်မဲ့မဲ့နဲ့ပါလား .. သြော် .. တချိန်က ကိုယ်တိုင်လည်း ဒီလိုပဲ ရယ်ပွဲဖွဲ့ခဲ့ဘူးသားရယ် .. ရယ်ကြပါစေလေ .. တချိန်ချိန်တော့ အတိတ်ကို လွမ်းဆွတ်ခြင်းဆိုတဲ့အရသာကို ခုရယ်နေသူတွေ ခုံခုံမင်မင် ခံစားလိမ့်ဦးမယ် .. အဲ့ဒီအချိန် တစုံတယောက်က ခပ်ပြုံးပြုံး လှောင်လိမ့်ဦးမယ်လေ .. ဒါထင်ပါရဲ့ လည်နိုင်လွန်းတဲ့ ၀ဋ်ဆိုတာလား .. မယုံမရှိပါနဲ့ .. လွမ်းဆွတ်ရတဲ့ အရသာက ခါးမြိန်မြိန်လေးရယ် ..

လွမ်းကြည့်ပါလား .. နေ့အခါမှာ အေးမြတဲ့ လမင်းကို လွမ်း .. ညအခါမှာ ပူပြင်းပြီး အလင်းပေးတဲ့ နေမင်းကို လွမ်း .. ကြယ်မရှိတဲ့ညမှာ ရေတွက်စရာ ကြယ်ဖြူလေးတွေကို လွမ်း .. လကွယ်ညကျ ၀ိုင်းစက်နေတဲ့ လပြည့်ညကို လွမ်း .. တပါးပြည်ရောက်နေချိန် ကိုယ့်မွေးရပ်မြေကို လွမ်း .. ကိုယ့်မွေးရပ် ရောက်ချိန် သွားဖူးခဲ့တဲ့နေရာတွေကို လွမ်း .. နွေမှာ နှင်းကို လွမ်း .. မိုးတွင်း ပူရှရှ အရသာကို လွမ်း .. ဆောင်းရောက်ရင်ဖြင့် မိုးပေါက်လေးတွေကို လွမ်းပေါ့ .. အိုး ကျမ ကမ္ဘာလေးမှာ လွမ်းစရာတွေ တယ်များလွန်းလှတယ် .. ဒါတောင်လေ ကျမ သက်ရှိတွေကို ထိန်ချန်ထားသေးတာ ..

ဒါ နင် သိပ်အားနေလို့ လျှောက်လွမ်းနေတာ တဲ့လား .. အဟက် .. မသိပဲနဲ့ .. ကျမက လွမ်းဖို့ဆို မအားတဲ့ကြားက အချိန်ပေး လွမ်းတတ်သေးတာ .. မလွမ်းဘူးသေးရင် လွမ်းကြည့် .. တခုတော့ ပြောလိုက်မယ် .. မယုံမရှိနဲ့ အဲဒီ အလွမ်းနာက စွဲတယ် ..

တခါတလေ အလွမ်းက အုံ့မှိုင်းမှိုင်း ပြိုတော့မယ့် မိုးလို .. တခါတလေ တောက်တောက်ပပ အာရုဏ်ဦး အလင်းလို .. ဟော တခါတခါကျ အလွမ်းက ရင်ထဲ အေးမြလို့ ဆောင်းတွင်းဘက် မနက်ခင်းလို .. ပြောလိုက်မှ လွမ်းခဲ့ဘူးတာတွေစဉ်းစားမိနေပြီဟုတ် .. အလွမ်းတွေက အရောင်စုံတယ်နော် ..

သြော် .. တခါတလေလည်း သတိတရားတွေကို ဘေးချ .. သဲသဲမဲမဲကြီး လွမ်းဆွတ်ပစ်လိုက်တော့ ဘ၀ရဲ့ အတိတ်ပြကွက်တွေ တကွက်ပြီး တကွက် .. တကွက် .. တကွက် နဲ့ .. ကျမရဲ့ ပစ္စုပ္ပန်တွေကို အတိတ် အနာဂတ်နဲ့ ချိတ်ဆက်သွယ်တန်းလိုက်တော့ အချိန်နာရီတွေ နုပျိုလန်းဆန်းသွားရတယ် ..

ခုချိန်ထိလဲ လွမ်းတုန်း .. လွမ်းဆဲ .. လွမ်းမြဲ ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...