Sunday, July 18, 2010

ည မြင်ကွင်းတခုနောက်က အတွေး

ကားပေါ်တက်လာသည်နှင့် နေရာလွတ်တွေ အများကြီး ရှိနေသေးသော ကားပေါ်မှာမှ ကျမဘေးနားသို့ တန်းတန်းမတ်မတ် လျှောက်လာကာ ဘေးနားလာထိုင်ရင်း သစ်သီးကို တဂျွတ်ဂျွတ်နှင့် ၀ါးနေသော အဖွားအိုကို မျက်လုံးဒေါင့်မှ ကြည့်ရင်း အတွေးတွေ နယ်ချဲ့နေမိသည် ..

ဒီက ကားတွေပေါ် ရထားတွေပေါ်မှာ အစားစားခွင့် ရေသောက်ခွင့် မရှိ .. သို့ပေမယ့် တခါတရံ ပုန်းပုန်းဝှက်ဝှက် ပေါ်ပေါ်တင်တင် စားသောက်နေသူများကိုလည်း မြင်တွေ့ရလေ့ရှိသည် .. ကျမဘေးနားက အန်တီကြီးကတော့ သူပုံမှန်စားနေသလိုပဲ သစ်သီးကို တဂွက်ဂွက် ၀ါးစားနေသည် ..

စစချင်းကတော့ နေရာလွတ်တွေ အများကြီးရှိနေပါရက်နဲ့ ကျမဘေးနားလာထိုင်သဖြင့် စိတ်ထဲ အင်တင်တင် ဖြစ်သွားမိသည် .. ကျမက ကိုယ့်အတွေးနဲ့ ကိုယ်ကိုး .. ဒီကြားထဲ အိတ်ထဲနှိုက်ရင်း ကျမကို တိုးလားထိုးလားဖြစ်တော့ စိတ်ထဲ သိပ်မကြည်ချင်တော့ .. မျက်လုံးထောင့်က မြင်ရတာတော့ ဆံပင်တွေ တခေါင်းလုံးဖြူဖွေးနေလျက် အဖွားအိုတဦး .. ကျမ စိတ်မှန်း အသက်အားဖြင့် ၅၀ ၆၀ ပေါ့ .. အိတ်ထဲမှ သစ်သီးတလုံးထုတ်ပြီး တဂျွတ်ဂျွတ် အသံမြည်အောင်ပါ စားလာတော့ ကျမစိတ်ထဲ အနှောင့်ယှက်ဖြစ်မိတာ ၀န်ခံရမည် .. ဒါပေမယ့် မတတ်နိုင် ကိုယ်က ဒေါင့်ရောက်နေသည်ကိုး ..

ကျမက ဇီဇာကြောင်တယ် .. တယောက်ယောက်က နင် သိပ်ဇီဇာကြောင်တယ် ပြောလာရင် ကျမ နာလေ့မရှိ .. လက်ခံမိသည် .. အဟုတ်ပင် ကျမ ဇီဇာ တော်တော် ကြောင်ပါသည် ..

ဒီက တချို့တရုတ်တွေ စကားပြောလျှင် သွားကြားမှ တံတွေးတွေ ထွက်လာတော့မတတ် ပြောလေ့ရှိသူမျိုးနှင့် စကားပြောရလျှင် ကျမ စိတ်အနှောင့်အယှက် ဖြစ်သည် .. ကျမ ခေါင်းပေါ်မှ ကျော်၍ စကားပြောလျှင် ခေါင်းကို တံတွေးတွေ စင်မလားဟူသောအတွေးဖြင့် စိတ်အနှောင့်ယှက် ဖြစ်တတ်သည် .. ထမင်းစားရင်း စကားတွေ အများကြီး ပြောလာပါက ထိုသူရဲ့ တံတွေးတွေ ဟင်းခွက်တွေထဲ ၀င်မလားအတွေးနဲ့ စိတ်အနှောင့်ယှက် ဖြစ်တတ်ပြန်သည် .. ထိုအရာများသည် ကျမရဲ့ ဇီဇာကြောင်ခြင်း အစိတ်အပိုင်းမျှသာ ..

ဘေးနားက အန်တီကြီး တဂျွတ်ဂျွတ် ပလပ်ပလပ်နှင့် စားနေသည်မှာလည်း ကျမ စိတ်အနှောင့်ယှက် ဖြစ်လာသည် .. တဖြည်းဖြည်းနဲ့ သစ်သီးတလုံးလုံးကို ပတ်ချာလည်ကိုက်ရင်း ၀ါးစားနေသောအန်တီကြီးကို မှန်ထဲမှ မြင်ရင်း ကြည့်ရင်း ကျမ စိတ်တွေ တမျိုးပြောင်းလာခဲ့သည် .. တွေးစရာတွေ ဖြစ်လာခဲ့သည် .. တဖြည်းဖြည်း စားနေသော အန်တီကြီးကို ကြည့်နေရင်း သနားစိတ် ဖြစ်လာခဲ့သည် ..

လမ်းပေါ်တွင် ညဘက် ၁၁နာရီ ကျော် အထိ ဒီ အန်တီကြီး အစားမစားရသေးတာလား .. တော်တော် ဆာနေလို့များ သူစားနေတာလား .. သူ့မှာ စားစရာ ဒါပဲရှိတာလား .. ဒီသစ်သီးက သူ့ရဲ့ ညစာများ ဖြစ်နေမလား .. စိတ်ထဲက သစ်သီးစားချင်လို့ စားနေတာဖြစ်ပါစေ ဆုတောင်းမိသည် .. ဆာလောင်နေလွန်းသော သူတယောက်အတွက် ထိုသစ်သီးတလုံးသည် ဘယ်အတိုင်း အတာထိ ဆာလောင်မှုကို ပြေပျောက်စေနိုင်မလဲ ..

ထို အန်တီကြီးသည် ခုချိန်ထိ လမ်းပေါ်မှာ ဘာလို့ ရောက်နေတာလဲ .. အလုပ်ကများ ပြန်လာတာလား .. ဘာအလုပ်လုပ်တဲ့သူဖြစ်မလဲ .. သူ အခု အစာစားနေသော လက်တွေက သန့်ရှင်းပါ့မလား .. သစ်သီးကရော ..

ထို အန်တီကြီးသည် ငယ်ရွယ်စဉ်က ကိုယ်ပိုင်ကား ကိုယ်တိုင်မောင်းရင်း အလုပ်တွေ တက်ချင် တက်ဘူးမည် .. သန့်ရှင်း သန့်ပြန့်စွာနှင့် လုပ်ငန်းခွင် ၀င်ချင် ၀င်ဘူးမည် .. အရာအားလုံ ပြည့်စုံကုံလုံနေသူ တဦးလည်း ဖြစ်ချင် ဖြစ်ဘူးမည် .. လူတကာကို မောက်မောက်မာမာ ပြောဘူးသူလည်း ဖြစ်ချင်ဖြစ်မည် .. ကျမလိုပဲ ဇီဇာကြောင်သူ တယောက်လည်း ဖြစ်ချင် ဖြစ်ဘူးမည် .. ဒါပေမယ့် ခု လက်ရှိ အချိန်မှာတော့ ည ၁၁ နာရီထိ လမ်းမပေါ် ရောက်နေသူ တဦး .. ဘတ်စ်ကားပေါ်မှာ သူမရဲ့ ညစာ ဖြစ်ချင် ဖြစ်မည့် သစ်သီးတလုံးကို မက်မက်မောမော ၀ါးစားနေသူ တဦး ဖြစ်နေခဲ့သည် ..

ကျမရော ဒီအသက်အရွယ်လောက် ရောက်သွားခဲ့တဲ့ အချိန်မှာ ဘယ်လို အခြေအနေမျိုးနဲ့များ ရှိနေမှာပါလိမ့် ..

ညစ်ပတ်ပေရေနေသော လူတဦးကို မြင်လိုက်လျှင် ထိုလူရဲ့ ဆိုးဝါးတဲ့ ကိုယ်နံ့ကို ရလိုက်လျှင် ကျမနှာခေါင်းရှုံ့မိသည်ဟု ၀န်ခံရဦးမည် .. ဒါပေမယ့် နောက်ပိုင်းမှာတော့ အတွေးတွေ ကပ်ပါလာပြန်သည် .. သနားစိတ်ဝင်လာသည် .. နှာခေါင်းရှုံ့မိခြင်းကို အားနာ ရှက်ရွံ့မိသည် ..

သူသည် ညစ်ပတ်ချင်လို့ ညစ်ပတ်နေသည်တော့ မဖြစ်နိုင် .. ဘယ်လိုအလုပ်တွေ လုပ်လို့ ညစ်ပတ်ပေရေနေပါသလဲ .. ကျမတို့ မသိနိုင် .. မညစ်ပတ် မနံစော်ချင်ပေမယ့် လုပ်ငန်းသဘောအရ ထိုသူ ညစ်ပတ်သည် .. သူ့ကိုယ်က ထွက်တဲ့ အနံ့ကြောင့်လဲ အများသူငှာ စီးတဲ့ ရထား ကားပေါ်မှာ သူ့ကိုယ်သူ သိမ်ငယ်စိတ် ရှက်ရွံ့စိတ် ဖြစ်မည် .. ဒါပေမယ့် သူသွားလိုသောခရီး ရောက်နိုင်ရန် သူသွားမှ ဖြစ်မည် .. ထို့ကြောင့်လဲ အများသူငှာ ငြိုငြင်မည် သိသော်လည်း ဒီခရီးကို ရှောင်ရှား၍ မရနိုင် အငြိုငြင်ခံပြီး သွားရမည်သာ ..

ညမိုးချုပ် ၁၀ နာရီ ၁၁ နာရီ ကျမတို့ လည်ပတ် ပျော်ပါးပြီး ပြန်တဲ့အချိန်မှာ အလုပ်ခွင်က ပင်ပင်ပန်းပန်း ပြန်ရသူတွေ ရှိသည် .. ထိုသူများ၏ မျက်နှာကို မြင်ပါက ကျမစိတ်တို့ လန်းဆန်းမှုတွေ လျော့ပါးကုန်တတ်သည် .. လူသားအားလုံးဟာ ကိုယ့်ရဲ့ ပြုခဲ့တဲ့ ကံအကြောင်းတရားတွေကြောင့် အကျိုးတရားတွေ လက်တွေ့ခံစားနေကြရသည် .. လောကကြီးက တရားပါသည်လေ ..

ဝန်ခံချက် - ကျမက ကိုယ့်ကိုကိုယ် ညှာလွန်းသည် .. သနားတတ်လွန်းသည် .. အိပ်ရေးလေး မ၀ရင်တောင် အသက်ထွက်တော့မတတ် ဖြစ်လေ့ရှိသည် .. ဒါပေမယ့် ပြင်ပလောကကြီးမှာ ကိုယ့်ထက် ပင်ပန်းဆင်းရဲလွန်းစွာ လုပ်ကိုင်စားသောက်နေရသူတွေကို မြင်မိချိန်မှာတော့ ကိုယ့်ကိုကိုယ် ရှက်မိသည် .. ဒါပေမယ့် ဒုံရင်းကတော့ ဖြစ်မြဲ .. ပြင်ရမည်ဆိုသည်ကို သိသည် .. မပြင်နိုင်သေး .. ကြိုးစားရဦးမည် ..

Wednesday, July 7, 2010

ကျမနှင့် အလုပ် (၁)

တချို့လူတွေ ရေးသလို ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ရေးချင်တော့ ဘယ်က စရေးရမလဲ အရင် စဉ်းစားရပါတယ် .. ဘာလို့ဆိုတော့ နမူနာ ပြစရာ လောက်လောက်လားလား အတွေ့အကြုံဆိုလို့ ဘာမှမှ မရှိတာ .. အချိန်တန်လို့ အလုပ်တွေ လုပ်ဖြစ်ခဲ့တာပဲ ရှိတော့ ကိုယ်က ဆရာလုပ်ပြီး အငယ်တွေအပေါ်ကို ငါ့တုန်းက ဘယ်လိုလုပ်ခဲ့တာ ဘယ်လိုနမူနာယူရမယ်လို့ ပြောမရ ဖြစ်နေတယ်လေ .. :P

စကားလုံး ကြီးကြီးတွေနဲ့ ဆရာကလည်း သိပ်လုပ်ချင်ပါတယ် .. အမ၀မ်းကွဲတွေကဆို "မီးငယ် နင်က အကြီးလား ငါက အကြီးလား"လို့ အမြဲတမ်းမေးခံရပါတယ် .. :D

အစ်မတယောက်ဆို "မီးငယ် ငါ ၁၀တန်း တက်မှ နင်လူဖြစ်တာနော်" လို့ ပြောလေ့ရှိတယ် .. ဒါလည်း ပြောပြောပါပဲ .. ကိုယ်တိုင်ကတော့ စကားလုံးကြီးကြီးတွေ သုံးရင်း ဆရာလုပ်မြဲပါပဲ .. :D (၀ါသနာကိုး :P)

ခုလည်း အရင်က အကြောင်းတွေကို သတိတရနဲ့ ပို့စ်တပုဒ် ရေးချင်လာပြန်ပါပြီ .. မလန့်သွားပါနဲ့ဦး .. ဆရာလုပ်မှာ မဟုတ်ပါဘူး .. :P

မိုးခါး အသက် ၁၆ နှစ်မှာ တက္ကသိုလ် ပထမနှစ် စတက်ပြီပေါ့ .. အဝေးသင်ဆိုတော့ သိတဲ့အတိုင်း ကျောင်းလေး အနီးကပ် ၁၀ ရက်သွားတက် ကျန်တာက အိမ်မှာ ပျင်းပျင်းရှိ စာအုပ်ဖတ် အခွေကြည့် သူငယ်ချင်းတွေနဲ့ အလေလိုက် ဒါတွေနဲ့ပဲ အချိန်ကုန်နေတဲ့ အချိန်ပေါ့ .. ပထမနှစ်ပြီးတော့ ဒုတိယနှစ် တက်ခါနီးမှာ အဒေါ် အပျိုကြီးက သူ့ရုံးမှာ နေ့စားအနေနဲ့ အလုပ်ဝင်ခိုင်းပါတယ် .. တူမလုပ်တဲ့လူ အလေလိုက်နေတာ ကြည့်မရဘူးထင်ပါတယ် .. :P ဒီလိုနဲ့ ၁၈နှစ်ထဲမှာ ရုံးအလုပ် စလုပ်ဖြစ်ခဲ့ပါတယ် ..

ရန်ကင်းက မြန်မာ့ဂုန်လျှော်(ရုံးချုပ်)မှာ နေ့စားပေါ့ .. ငယ်တုန်းကတော့ ဘာပဲ လုပ်လုပ် ပျော်စရာတော့ ကောင်းနေတာပါပဲ .. အပူအပင်မရှိပေမယ့် တာဝန်ဆိုတာကိုတော့ အနည်းငယ် နားလည်ခဲ့တဲ့နေရာပါ .. ဒါပေမယ့် ပျော်နေတာပါပဲ ..

အဲဒီအချိန် နေ့စားဆိုတာ တရက်ကို ၁၀၀ ရတဲ့ အချိန်ပေါ့ .. မိုးခါး လခထုတ်ရင် ၁၈၀၀ ၂၀၀၀ (စလုံးမဟုတ်ပါ .. မြန်မာကျပ် :P) ရပါတယ် .. အဲဒီလခကလဲ ကိုယ့်ဟာကိုယ် လ္ဘက်ရည်ဆိုင်သွား ဟိုဟာဝယ်ဒီဟာဝယ်နဲ့ လောက်ကို မလောက်ပါဘူး .. အဒေါ်ကလည်း စိတ်မလေအောင်ဆိုပြီးပဲ အလုပ်ထဲသွင်းပေးခဲ့တာပါ .. တကယ်လဲ အဲဒီအချိန်က ပျော်ဖို့လည်း ကောင်းသလို လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးပါ တတ်ခဲ့တဲ့ နေရာပါ ..

တချို့ကတော့ ပြောတယ် .. အချိန်ကုန်တယ် .. ပိုက်ဆံမရဘူးပေါ့ ဆိုပြီးတော့ .. ဒါပေမယ့် ခုချိန် ပြန်စဉ်းစားကြည့်တော့ အကျိုးတော့ ရှိခဲ့ပါတယ် .. စိတ်လေမယ့် အချိန် မရှိလိုက်ဘူး .. အလုပ်တခုရှိနေတယ် .. အချိန်တန်ရင် အလုပ်တက်ရတယ် .. ပြီးတော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်သွားတယ် .. လူကြီး လူငယ် ရာထူး အကြီးအငယ် အစုံပေါ့ ..

နေရာတိုင်းမှာ လူစုံတွေ့နိုင်ပါတယ် .. ပိုက်ဆံမရှိတဲ့ အသိုင်းအ၀ိုင်းမို့ အသိဥာဏ် စိတ်ဓါတ် ဆင်းရဲနိမ့်ကျမယ်လို့ ထင်ရင် မှားပါမယ် .. ဒီလိုပဲ ပိုက်ဆံချမ်းသာတဲ့ လူတွေချည်းရှိလို့ ဒီအသိုင်းအ၀ိုင်းဟာ အသိဥာဏ် စိတ်ဓါတ် အဆင့်အတန်းမြင့်မယ်လို့ ပြောလို့မရပြန်ပါဘူး .. နေရာတိုင်းမှာ အုတ်ရောရော ကျောက်ရောရောတွေ အများကြီးပါ .. အဓိက က ကိုယ်ပေါင်းသင်းရမယ့်သူရဲ့ အကျင့်နဲ့ စိတ်ဓါတ်ကို အရင်သိထားသင့်ပြီး ကိုယ်က အလိုက်အထိုက်ပေါင်းသင်းတတ်မှသာ ရန်မများမှာ ဖြစ်တယ်လို့ အဲဒီရုံးက သင်ကြားပေးလိုက်ပါတယ် ..

မိုးခါးအကျင့်ကလဲ လူတယောက်နဲ့ တွေ့ပြီဆိုရင် ကိုယ့်စိတ်ထဲက ခံစားရသလို ဆက်ဆံမိလိုက်တာ များပါတယ် .. များသောအားဖြင့်ကတော့ စိတ်ရှင်းရှင်းနဲ့ ပြောဆိုဆက်ဆံနိုင်ပေမယ့် တချို့တလေကျတော့ ဘယ်လိုမှ စိတ်ထဲ မနှစ်မြို့တာမျိုးလည်း ဖြစ်တတ်ပါတယ် .. အလုပ်မ၀င်ခင်ကဆို ကိုယ် အော်ချင် အော်လိုက်တာမျိုး မကြည်တာကို မကြည်သလို တုန့်ပြန်တာမျိုးလုပ်မိတတ်ပါတယ် .. အလုပ်ဝင်ပြီးနောက်ပိုင်း ကင်းသွားတာမျိုးမဟုတ်ပေမယ့် နည်းတော့ နည်းသွားပါတယ် .. တဖြည်းဖြည်း ထိန်းချုပ်နိုင်လာတယ် .. လူတိုင်းဟာ ကိုယ့်စိတ်အတိုင်း ဆက်ဆံလို့မရကြောင်း ဟန်ဆောင်သင့်တဲ့နေရာ ဟန်ဆောင်သင့်ကြောင်း နားလည်လာခဲ့ပါတယ် ..

အစိုးရ ရုံးဆိုတာလဲ သိကြတဲ့အတိုင်း အလုပ်က တော်တော်ပါးပါတယ် .. စစချင်း ကိုယ့်အထက် လူကြီးက အန်တီကြီးပါ .. အရမ်းအေးပြီး သဘောလည်းကောင်းပါတယ် .. (သဘောမကောင်းတဲ့ ပြောရရင် စိတ်ပုပ်တယ် ပြောလို့ရတဲ့ အန်တီတွေလည်း တွေ့ရပါတယ် .. ဒါပေမယ့် ကိုယ်နဲ့ တိုက်ရိုက် မဆက်ဆံရတော့ မပြောတော့ပါဘူး .. :D) အဲဒီရုံးမှာ ဘယ်လိုအလုပ်မျိုး လုပ်ရလဲဆိုတော့ ၀န်ထမ်းတွေကို ဆန်ပေးတယ် ဆီပေးတယ်ဆို စာရင်းမှတ်ရတာမျိုး .. အန်တီခိုင်းတဲ့ စာရင်းလေး နဲနဲပါးပါးလုပ်ပြီး များသောအားဖြင့် အပေါ်ထပ် အောက်ထပ် လျှောက်လည် လျှောက်သွားပြီး လျှောက်စားနေတာပေါ့ .. ငယ်လည်းအငယ်ဆုံးဆိုတော့ ပစားပေးခံရသေးတယ် .. မန်နေဂျာ တူမဆိုပြီးလည်း ကိုယ့်ရှေ့ဆို အကောင်းချည်းပေါ့ .. နောက်ကွယ်မှ အတင်းပြောတာ တပိုင်း .. :D အဲဒီ မိုးခါးရဲ့ အထက်လူကြီး အန်တီက ဘယ်လောက်အေးလဲဆို ဘယ်သူ့ကို မဆို ခိုင်းတာတောင် ချော့ပြီးခိုင်းတတ်တဲ့သူမျိုးပါ .. မိုးခါး အမေအတိုင်းပဲ .. သမီးလေး ဒါလေးလုပ်ပေးနော် ဆိုပြီးတော့ပေါ့ .. ပြီးကျတော့ ဘာကြောင့် ကိုယ့်မှ ခိုင်းရတယ်ဆိုတာမျိုး ပါသေးတယ် .. တကယ်ဆို အထက်လူကြီးပဲ ဒါလုပ်ဆို ရပေမယ့် အဲဒီအန်တီက အဲလိုမဟုတ်ခဲ့ဘူး .. တသက်နဲ့တကိုယ် အထက်လူကြီးဆိုးလို့ဆိုပြီး စိတ်ညစ်ရတာ မရှိဘူးဘူး .. အဲဒီအလုပ်ကတော့ အဒေါ်ရဲ့ ကျေးဇူးပါ .. အဲဒီအက်ဒမင်ဌာနမှာ နှစ်ဝက်လောက် ဆန်ပေးလိုက် ဆားပေးလိုက် ဆီပေးလိုက် ပြီး ရောင်းစားလိုက် ပြီးတော့ တဖက်က အဝေးသင် ကျူရှင်ပြေးတက်လိုက်နဲ့ အချိန်တွေ ကုန်ခဲ့ပါတယ် .. လူတွေအကြောင်းလည်း သိတန်သလောက် သိပြီးတော့ပေါ့ ..း))

နောက်တော့ အဒေါ်ကျေးဇူးနဲ့ပဲ ကွန်ပျူတာ တတ်လား တတ်ရင် ကွန်ပျူတာခန်းပို့မယ်ဆိုပြီး ကွန်ပျူတာခန်း ရောက်ပြန်ပါတယ် .. ဖေကြီးပြောဘူးသလို အသိပညာ အတတ်ပညာတခုကို ကိုယ်သိတယ် တတ်တယ်ဆိုတာ ဘယ်တော့မှ အလကား မဖြစ်ဘူးတဲ့ .. တချိန်ချိန်မှာ သက်ဆိုင်တဲ့အလုပ်တခုနဲ့ မတွေ့ရ မကြုံရ မလုပ်ရဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးတဲ့ .. ဒီတော့ ကိုယ် ဘာရနိုင်လဲ ကိုယ်ရနိုင်သလောက်ကို ယူထားရမယ်တဲ့ .. ခုလည်း ကွန်ပျူတာသင်တန်းလေးတက်ထားတဲ့ ကျေးဇူး အစ်မတွေ ဆိုင်မှာ သွားရင်း ရှုပ်ရင်း မြန်မာစာလည်း ရိုက်တတ် ရိုက်ဖူးတဲ့ ကျေးဇူးကြောင့် ပိုပြီး သက်သာတဲ့ အလုပ်မျိုး နေရာမျိုး ထပ်ရောက်ခဲ့တယ်လို့ ဆိုနိုင်မယ် ထင်ပါတယ် ..

ဘယ်လိုနေရာ ရောက်ရောက် ပြဿနာဆိုတာ ရှာရင် တွေ့တာပါပဲ .. ကိုယ် မရှာလည်း ကိုယ့်ကို လာရှာပြန်ပါတယ် .. ဒါပေမယ့် ကိုယ့်အတွက် ဒါက ပြဿနာမဟုတ်ပါလားလို့ လက်ခံလိုက်ရင် ကိုယ့်ဘက်မှာ ပြဿနာ မရှိတော့ပါဘူး ..

မိုးခါးမျက်စိရှေ့က ရုံးအလုပ်မှာ လူတွေက စကားတွေရှုပ်ကြတယ် .. အမျိုးသမီးတွေ များတဲ့အတွက် ပြီးတော့ နောက်တခုက အလုပ်တွေ များမနေတဲ့အတွက် စကားတွေပိုပြောကြပြီး စကားတွေ ရှုပ်ကြတယ် .. ပြဿနာတွေရော အစုံပေါ့ .. တချို့က ငွေရေးကြေးရေး တချို့က လူမှုရေး စီးပွားရေး လူငယ်တွေကျတော့ အချစ်ရေးပေါ့ .. တော်တော်စုံပါတယ် .. ပြဿနာကို လက်ခံထားတဲ့လူတွေ အတွက်တော့ ပြသနာတွေ ပုံလို့ပေါ့ .. အရေးမပါတာတွေလည်း ပြဿနာတွေ တက်လို့ .. ချိတ် ချိတ်ချင်း ဆိုတော့လည်း ချိတ်ကြပြန်ရော ..

နေရာတိုင်းမှာ လူဆိုး လူကောင်း တွဲနေပါတယ် .. တချို့ မသိမသာ တချို့ သိသိသာသာ .. သူ ဘယ်လိုလူဖြစ်နေ ဖြစ်နေ ကိုယ်နဲ့ အဆင်ပြေနေဖို့က ကိုယ့်အလုပ်ပါ .. ဒါကြောင့် ကိုယ့်အလုပ် ကိုယ်လုပ်တတ်ရမယ်ဆိုတဲ့ အသိလည်း ရလာပြန်ပါတယ် .. အားလုံးနဲ့ သဟဇာတဖြစ်အောင် နေဖို့ ကြိုးစားရင်းနဲ့ တခါတလေလည်း စိတ်တို ဒေါသထွက် ပြီးကျတော့ ဘာမှမဟုတ်ပါလားဆိုတဲ့ အသိဝင်လာဖို့ ကြိုးစားရပြန်ပါတယ် ..

လူတိုင်း အရာအားလုံး ပြည့်စုံ ဖူလုံနေဖို့ ခက်ခဲပါတယ် .. ဒါပေမယ့် လူတွေကြားထဲမှာ နေတတ်အောင် သင်ပေးလိုက်တာက ရှေ့က နေပြတဲ့ အဒေါ်ပါ .. အဒေါ်က အပျိုကြီးဆိုပေမယ့် ဇီဇာကြောင်ကြောင်နဲ့ လက်ပေါက်ကတ်တဲ့ အဒေါ်မျိုး မဟုတ်ခဲ့ဘူး .. စံပြအနေနဲ့ မိုးခါးရှေ့မှာ ရှိနေခဲ့တယ် .. ဒါကြောင့်လည်း ရုံးအလုပ်နဲ့ပတ်သက်တဲ့ ၀န်းကျင်မှာ နေတတ်လာရင်း လူတွေကိုလည်း မြင်တတ်လာသလို ပြဿနာကိုလည်း ရှောင်တတ်လာခဲ့ပါတယ် .. အဲဒီအတွက် မိုးခါး အဒေါ်ကို အရမ်းကျေးဇူးတင်မိပါတယ် ..

အတွေ့အကြုံဆိုပြီး ပြောပြချင်နေတော့ နောက်ဆက်တွဲ အလုပ်တွေကိုလည်း မျက်စိနောက်အောင် ဖတ်ရပါဦးမယ်လို့ ကြိုတင် အသိပေးရင်း .. ခုလို မရှိမယ့် ရှိမယ့် အတွေ့အကြုံလေးကို သည်းခံဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..း))

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...