Thursday, December 29, 2011

အရှိန်

ကိုယ့်ရှေ့မှာ တရှုံ့ရှုံ့ ငိုကြွေးနေတဲ့ သူငယ်ချင်းမလေးကို ကြည့်ပြီး ကျမကိုယ်တိုင် စိတ်တွေလေးလံ ထိုင်းမှိုင်းနေခဲ့တယ် .. အားပေးဖြေသိမ့်စရာ စကားလုံးတစွန်းတစမှ ရှာမရတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်နေမိတယ် .. တဆက်တည်းမှာပဲ မထင်မှတ်ထားတဲ့ သတင်းစကားကြောင့် အံ့သြခြင်း မယုံနိုင်ခြင်းတွေနဲ့လည်း ပြည့်နေခဲ့တယ် .. ကိုယ်တောင် ဒီလောက် မယုံကြည်နိုင်ရင် ဆိုတဲ့ အတွေးနဲ့ ရှေ့က ချစ်လှစွာသော သူငယ်ချင်းမလေးအတွက် သောကတွေ ဝေနေမိတယ် .. ပြောစရာ စကား ရှာမရတဲ့ အဆုံး သူမရဲ့ လက်ကလေးကို အသာဖျစ်ညစ်အားပေးမိတယ် .. မော့ကြည့်တဲ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ .. သူငယ်ချင်းမလေးရဲ့ ဒီမျက်ရည်ကြည်တွေအတွက် ကိုယ်တိုင်လည်း ပယောဂ မကင်းခဲ့သလိုလို ..

သက်ပြင်းမောကိုသာ အခါခါချမိရင်း ...
----------

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကတော့ အနှင်း အိမ်ထောင်မကျခင်ကဆို အမွန်ရယ် အနှင်းရယ် အသက်ရယ် သုံးယောက်ဟာ ဘယ်တော့မှမခွဲပဲ ဘယ်သွားသွား ဘယ်လာလာ တပူးတွဲတွဲ ရှိနေခဲ့တာ .. အမွန်က ကျောထောက်နောက်ခံ ကောင်းတဲ့ မိသားစုက ဆင်းသက်လာသူပီပီ အိမ်ရဲ့စီးပွားရေးက အစ ဦးဆောင်နေနိုင်သူ .. အသက်ဆိုတဲ့ ကိုယ်ကတော့ ခပ်ထက်ထက် ခပ်မာမာနဲ့ ကိုယ့်တပိုင်တနိုင်စီးပွားရေးလေးကို လည်ပတ်နေနိုင်သူ .. အနှင်းဆိုတဲ့ သူငယ်ချင်းမလေးကသာ လူပုံက နွဲ့နွဲ့ အရာရာကိုလည်း အကြောက်အရွံ့ပိုသူမို့ ကိုယ်နဲ့ အမွန်က စိတ်မချ ဖြစ်နေခဲ့ရတာ ..

အဲဒီအချိန်မှာပဲ အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းနဲ့ လုပ်ငန်းခွင်တခုမှာ မန်နေဂျာရာထူးလဲ ရထားတဲ့ လစာဝင်ငွေအသင့်အတင့်ရှိတဲ့ ကိုမင်းထက်ဆိုသူတဦး အနှင်းကို စ စိတ်ဝင်စားရာက စ .. အနှင်းအပေါ်ကို အမြဲတမ်း ဂရုတစိုက်နဲ့ အရာရာဦးဆောင်မှုပေးနိုင်မယ့် ထိုအမျိုးသားကို ကိုယ်နဲ့အမွန်ကလည်း မျက်စိကျရာက စပြီး ကိုယ်တွေကလည်း တွန်းတွန်းတိုက်တိုက် လုပ်ပေးလိုက်တော့ အစတည်းက အားကိုးရာလိုနေတဲ့ အနှင်းဟာလည်း အိမ်ထောင်ရေးဆိုတဲ့ တွင်းနက်ထဲ ကျသွားခဲ့ရတော့တယ် ..

ကိုမင်းထက်ဟာ ဆိုရင်လည်းပဲ စတွေ့တည်းက အေးလွန်း ရိုးလွန်းလို့ ကိုယ်တွေပဲ အနှင်းနဲ့ ဇာတ်လမ်းထွင်ပေးခဲ့ရသေးတာ .. အေးအေးဆေးဆေးနေတတ်တဲ့ စိတ်သဘောထား မဆိုးတဲ့ အရည်အချင်း အထိုက်အသင့်ရှိတဲ့ အမျိုးသားတဦးနဲ့ ကိုယ်တွေရဲ့ သူငယ်ချင်းမလေးကို စိတ်ချရပြီလို့ တွေးထင်ထားခဲ့သေးတာ .. အိမ်ထောင်ကျပြီးလို့ နှစ်စဉ်နှစ်တိုင်း ကိုယ်စီမွေးနေ့တွေမှာ ဆုံကြ တွေ့ကြ .. ရှေးဟောင်းနှောင်းဖြစ်တွေပြောကြနဲ့ အရာရာဟာ မပြောင်းမလဲ ပုံမှန်လည်ပတ်နေခဲ့တာ အနှင်းရဲ့ သားလေးတောင် မူလတန်းကျောင်းသားကြီး ဖြစ်လို့ ..

ခုတော့ဖြင့် သတင်းတွေက ဟုတ်လို့ ကျော်လာခဲ့ပြီ ..

“ကောင်မလေးက ညဘက်ဖွင့်တဲ့ ကာရာအိုကေဆိုင်ကတဲ့ .. ညစဉ်ညတိုင်း အဲ့ဒီဆိုင်သွားပြီး အိမ်တောင်ပြန်မရောက်တာ အတော်ကြာပြီတဲ့ .. ပြီးတော့ တိုက်ခန်းတခန်းတောင် ကောင်မလေး နာမည်နဲ့ ၀ယ်ပေးထားသေးတယ်တဲ့ ..”

အို .. အဲဒီသတင်းတွေ ကြားတုန်းကဆို မဖြစ်နိုင်ဘူးချည်း ထင်နေခဲ့သေးတာ .. အနှင်းဆီမေးတော့လည်း သူ့ဘက်က ပုံမှန် .. သူ့ယောင်္ကျားကိုယ်တိုင်က စတည်းကကို ခရီးအလီလီထွက်ရ အလုပ်သဘောအရ ညဘက်နောက်ကျတတ်တဲ့သူဆိုတော့ ကောလဟာလတွေပါလို့ အနှင်းကိုယ်တိုင် ရယ်မောပြောခဲ့သေးတာ .. ခုတော့ အနှင်းကိုယ်တိုင် ကိုယ်တွေရှေ့လာပြီး မျက်ရည်မဆည်နိုင် .. ကိုယ်တွေကိုယ်တိုင်လည်း ဘာမှလုပ်မပေးနိုင် ..

အို .. လောကကြီး ဘာတွေဖြစ်နေပါလိမ့်ရယ်လို့သာ ..

----------

အနှင်းက ငိုလို့ အားရသွားတဲ့ပုံနဲ့ မျက်ရည်စတွေသိမ်းရင်း အသံကို ထိန်းလို့ စကားစလာတယ် ..

“သူက ငါ့ကို ကွာမယ်တဲ့ .. ဟိုမိန်းကလေးနာမည်နဲ့ အခန်းဝယ်ထားတယ် .. ပြီးတော့ ငါနဲ့ကွာပြီးရင် မင်္ဂလာဆောင် ထပ်လုပ်မယ်တဲ့လေ .. ငါ ဘာလုပ်ရမလဲ .. ငါဟာလေ ခုလိုအဖြစ်မျိုး ကြုံရတော့မှ ငါ တော်တော်ညံ့နေသလားလို့ အတွေးပေါက်မိတယ် .. ခုမှ တွေးမိတဲ့ငါ ဘယ်လောက်ညံ့နေလဲ ..”

“ကောင်မလေးကို သွားတွေ့ပြီး ပြောရင်ရော ..”

“ဟင့်အင်း .. ငါမလုပ်ရဲဘူး .. ငါ မပြောရဲဘူး ..”

“မကွာပေးနဲ့ဟာ .. ဘာပြောပြော နင်က မယားကြီးပဲ .. သူ့ဟာသူ ထပ်ယူချင်လို့ ယူလဲ မယားငယ်ပဲ ဖြစ်မှာ .. နင်သာ ကွာ မပေးလိုက်နဲ့ .. သားမျက်နှာလဲ ကြည့်ဦး ..” အမွန်က ၀င်ပြောတယ် ..

“ဟတ် .. မင်တို့ မသိလို့ကွ .. ခုခေတ်မှာ မယားကြီး မယားငယ်ဆိုတာ မရှိတော့ဘူး .. မယားပြိုင်ပဲ ရှိတော့တယ် ..”

အဲဒီစကားပြောတဲ့အချိန် အနှင်းမျက်နှာမှာ နာကြင်ရိပ်တွေ ပြည့်နေခဲ့တယ် ..

“ဘာပဲဖြစ်ဖြစ်ပေါ့ကွယ် .. မင်း သားလေး  စိတ်ဒဏ်ရာ ရနေပါ့မယ် .. သူ့သားအပေါ်မှာရော သဘောထားက ဘယ်လိုလဲ ..”

“ပြောရင်ယုံမလား မသိဘူး .. ခုတော့ သူက ငါ့ကိုရော သားကိုပါ ရှိတယ်တောင် ထင်တော့တာ မဟုတ်ဘူး .. အရမ်းကို မွှန်နေတာပဲ .. စကားပြော အဆင်မပြေတိုင်းလဲ သားကို စိတ်ထိခိုက်မှာ စိုးလို့ ငါပဲ ရှောင်နေလိုက်တယ် .. ဟင်း .. တခါတလေဆို ရှောင်လို့တောင် မလွတ်ပါဘူးလေ ..”

နှစ်သိမ့်စရာစကား ရှာမရတဲ့အဆုံး ကျမရော အမွန်ပါ သက်ပြင်းသာ အခါခါ ချမိတော့တယ် ..

အနှင်းကပဲ ဆက်ပြီး .. “ငါ ကွာပေးလိုက်ရင် ကောင်းမလားပဲ စဉ်းစားနေမိတယ် .. ခုက ငါရော ငါ့သားရောကို အိမ်မှာ မနေချင်အောင် သူက ပညာရှိနည်းနဲ့ နှိပ်စက်နေတာ .. ငါ လုံးဝ စိတ်မချမ်းသာဘူး သူငယ်ချင်းတို့ရယ် .. မထင်ရအောင်ကို သူက ရက်စက်တတ်တာပဲ .. ကွာပေးဖို့ ပြောတယ် .. ငါဟာလည်း ညံ့လွန်းလိုက်တာမှ ယောင်္ကျားလုပ်စာအပြင် တခြားအပိုဝင်ငွေရအောင် မကြံတတ် မစည်တတ် .. ငါ သူ့ကို ကွာပေးလိုက်ပြီးရင် ငါနဲ့ ငါ့သားဘ၀ ဘယ်လိုရှေ့ဆက်ရမလဲ .. ငါ တော်တော် အဖြစ်မရှိတဲ့ မိန်းမပဲ ..” ပြောရင်း အနှင်း ငိုပြန်တယ် ..

“အို မဟုတ်တာပဲ အနှင်းရယ် .. အနှင်းက ဘာလို့ အရည်အချင်း မရှိရမှာလဲ .. အိမ်ထောင်မကျခင်ကဆို ကိုယ်တွေလုပ်တဲ့ ကုမ္ပဏီမှာ မင်းက နာမည်ကောင်း အရဆုံးပဲလေ .. ဒါကြောင့်လဲ ကိုမင်းထက်က မင်းကို သဘောကျခဲ့တာပဲ .. မင်းဟာလည်း အရည်အချင်းရှိတဲ့ ထက်မြက်တဲ့ မိန်းကလေးတယောက် မိခင်တယောက်ပါကွာ ..”

“ဟင်း .. ဟင်း .. ဒါတွေက အတိတ်မှာ ပြီးခဲ့ပါပြီကွာ .. ခုတော့ ငါက အိမ်ထောင်ရေးမှာလည်း အသုံးမကျ ၀င်ငွေလည်းရအောင် မရှာနိုင်တဲ့ မိန်းမတယောက် အဖြစ်ကို အိမ်ထောင်ရှင်ဆိုတဲ့ ဝေါဟာရက ၀ါးမြိုသွားခဲ့တာ ၁၀စုနှစ် ၁ခု ရှိရောပေါ့ .. ငါ အိမ်ထောင်ပြုခဲ့တာ အမှားလို့ မထင်ပေမယ့် အိမ်ထောင့်တာဝန်ထဲမှာပဲ နစ်မြုပ်နေခဲ့တာ ငါမှားသွားတယ် .. ငါ့ကိုယ်ငါ တုံးပစ်ခဲ့တာပဲ ..”

“မင်းမှာ အချိန်ရှိသေးတာပဲ အနှင်း .. ခုမှစလည်း နောက်ကျနေပြီဆိုရင်တောင် ပြန်လည်ပြင်ဆင်ခွင့် ရှိလာမှာပါ .. မင်းစိတ်တွေကို အရင် ရှင်းပစ်လိုက် .. မင်းလဲကျလို့ မဖြစ်ဘူးနော် .. မင်းမှာ သားလေးတယောက်လုံး ရှိသေးတယ် .. အနည်းဆုံး မင်းသားလေးအတွက် မင်းရှင်သန်နေရမယ် .. တာဝန်တွေ ကျန်နေသေးတယ် .. ပြီးတော့ မင်း အချိန်တခုတော့ စောင့်လိုက်ပါ .. သူတောင်းဆိုတိုင်း မကွာပေးလိုက်ပါနဲ့ .. ခုချိန် သူတို့ အရှိန်တက်နေရင်တောင် အရှိန်ကုန်ရင် ရပ်သွားပါလိမ့်မယ် .. မင်းရဲ့ မေတ္တာတရားနဲ့ စေတနာကိုသာ ယုံကြည်နေပါ .. မင်းကို ယုံကြည်အားကိုးနေတဲ့သူတွေ ရှိတယ် .. သူတို့ကို စိတ်မပျက်စေနဲ့ကွာ .. ပြီးတော့ ကိုယ့်ကိုကိုယ် အထင်ကြီးစမ်းပါ .. လူတိုင်း မွေးတည်းက လက်နှစ်ဖက် ခြေနှစ်ဖက်နဲ့ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့လူကြီးပဲ .. လူတိုင်း ကိုယ်ခင်းတဲ့ လမ်းကို ကိုယ်လျှောက်ကြတယ် .. ကိုယ်ရွေးတဲ့လမ်း ကိုယ်လိုက်ရတာပေါ့ .. မှားနေရင်လည်း ပြင်လိုက် .. လိုအပ်နေရင် ဖြည့်လိုက် .. နောက်ဆုံး မျှော်လင့်သလို ဖြစ်မလာလို့ စွန့်လွှတ်ရမယ်ဆိုရင်တောင် ကိုယ့်ဘက်ကတော့ နောင်တ ကင်းနေပါစေ သူငယ်ချင်း .. ကိုယ်ဖြစ်ချင်သလို ဖြစ်လာမယ့် လောကကြီးမှ မဟုတ်တာကွာ .. ကိုယ့်ဘက်က တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားဖို့သာ ကိုယ့်တာဝန်မလား ..”

အနှင်းက ကျေးဇူးတင်သလို အကြည့်နဲ့ ကျမနဲ့ အမွန်ကို လက်ကမ်းပေးတယ် .. ကျမတို့ သုံးယောက်သား ဖက်လိုက်ကြတယ် .. ပြီးတော့ အနှင်းက

“ကျေးဇူးပဲ သူငယ်ချင်းတို့ .. ငါဟာ အနည်းဆုံးတော့ အသုံးမကျတဲ့လူမဟုတ်ဘူးဆိုတဲ့ အသိ ရလိုက်တယ် .. ပြီးတော့ ငါ့ကိုချစ်တဲ့သူတွေရှိသေးတယ် ငါ့ကို လိုအပ်နေသူတွေ ရှိသေးမှန်းလဲ သိလိုက်တယ် .. ငါ ရပ်တည်နေထိုင်သွားပါ့မယ် .. ငါ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ် .. ကိုယ့်ကိုကိုယ်နဲ့ သူတို့ကိုပါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားမယ် .. ငါပြန်တော့မယ်ကွယ် .. သားလေး မျှော်နေတော့မယ် ..”

----------
(၃လခန့် ကြာသော်)

ကလင် ကလင် ကလင်

“ဟဲလို”

“အသက်လား .. ကိုယ်ပါ အနှင်း”

“အနှင်း .. ပြော .. ဘာထူးခြားသေးလဲ ..”

“ထူးခြားတယ် အသက်ရေ .. ကိုယ့်လူကြီး လွန်ခဲ့တဲ့ ၁လ လောက်က အိမ်ကဆင်းသွားခဲ့တယ် .. ကိုယ်လဲ မတားနိုင်အားတော့ဘူး .. လွှတ်ပေးထားလိုက်တယ် .. လိုက်ရှာ လိုက်ခေါ်လဲ မလုပ်တော့ဘူး .. စိတ်ထဲကနေပဲ သူစိတ်ချမ်းသာပါစေတော့လို့ မေတ္တာပို့ပေးနေလိုက်တော့တယ်ကွယ် .. လင်မယားပဲဟာနော် .. ရန်သူမှ မဟုတ်ပဲ .. ကျန်ခဲ့တဲ့ ၃ ၄ ရက်က အိမ်ကို ပြန်လာတယ် .. ကိုယ့်ဘက်ကတော့ တာဝန်ကျေအောင် ဆက်ဆံပါတယ် .. မနေ့က ညကတော့ ကိုယ့်ကို တောင်းပန်တယ် .. သူမှားပါတယ်တဲ့ .. ခွင့်လွှတ်ပါတဲ့ .. ကိုယ်က ခွင့်လွှတ်ထားပြီးသားပါ .. ကောင်မလေးကလည်း ခု ယောင်္ကျားယူသွားပြီတဲ့လေ .. အင်း .. ကိုယ် အံ့သြမိပါတယ် .. ဒါပေမယ့်လည်း ဖြစ်တတ်ပါတယ်လေလို့ပဲ တွေးလိုက်တော့တယ် .. သူလည်း နောင်ကြဉ်သွားလောက်ပြီထင်ပါတယ် .. ကိုယ့်ဘက်ကလည်း ထိန်းတန်တာ ထိန်း ကြည့်တန်တာ ကြည့်နေရတာပေါ့ကွယ် ..”

“သြော် ..”

ကျမလည်း ရှုပ်ထွေးလှတဲ့ အိမ်ထောင်ရေးကြီးကို နားထောင်ပြီး သြော် တလုံးသာ ထွက်နိုင်တော့တယ် .. တယောက်လိုအပ်မှုကို တယောက်ဖြည့်နေတဲ့ သံယောဇဉ် မေတ္တာမပါတဲ့ အပေါ်ယံ သာယာမှုမျိုးဆိုတာ အရှိန်ကုန်တော့လည်း ရပ်သွားရတာပါပဲလား .. ပြီးဆုံးသွားတော့လည်းပဲ အရာရာဟာ အခိုးအငွေ့မပါ ပျောက်ကွယ်သွားရတာပါပဲလေ .. အစစ်အမှန်မဟုတ်တဲ့ သာယာမှု သက်သက်နဲ့ အတုအယောင်တွေကြား ကိုယ်တွေကသာ အသက်ရှုကြပ်လို့ တချို့တွေကတော့ တိုးဝင်လိုက် နစ်မြုပ်လိုက် ပြီးဆုံးသွားလိုက် .. တိုးဝင်လိုက် နစ်မြုပ်လိုက် ပြီးဆုံးသွားလိုက် ..

Saturday, December 10, 2011

ကျမနှင့် Beyond Rangoon

ကျမသည် တခါတရံတွင် အတော် အူကြောင်ကြောင် နိုင်သူ တဦးဖြစ်ပါသည် လို့ စရေးရရင်ကောင်းမလား .. ကျမသည် တခါတရံ အတော် ရူးကြောင်မူးကြောင်နိုင်ပါသည်လို့ ရေးရကောင်းမလား .. ကျမအတွက် စာ စရေးတဲ့အခါ အစပိုင်း အင်ထရိုကိစ္စမှာ တော်တော် အချိန်ပေးရတတ်ပါတယ် .. ဟုတ်ကဲ့ ခုနကစာကို ပြန်ဆက်ရရင် ကျမသည် တခါတရံ စိတ်ရူးပေါက်တတ်ပြီး အူကြောင်ကြောင်အတွေးတွေ လိုအပ်သည် မလိုအပ်သည် မသိ တွေးတောရင်း ကိုယ့်ဒုက္ခ ကိုယ်ရှာတတ်သူ တယောက် ဖြစ်ပါသည် ..

ကျမ စစ်ကားတွေ ကြည့်လေ့မရှိပါ .. စိတ်ဆင်းရဲစရာကောင်းတယ်လို့ သတ်မှတ်မိပါတယ် .. ပိုဆိုးပြီး တကယ်အဖြစ်ပျက်ကို အခြေခံရိုက်ထားတာဆိုရင် ပိုပြီး ရှောင်တတ်ပါတယ် .. တခါတလေ လူများတဲ့အခါ ၀ိုင်းကြည့်မိပေမယ့် တယောက်တည်းဆိုရင်တော့ ဘယ်တော့မှ စစ်ကား သရဲကား စတဲ့ ထိတ်လန့်စရာ ကားတွေကို ရှောင်ပါတယ် ..

ခုတော့ မရို့စ်ဆီက ပို့စ်ကို ဖတ်မိရင်း Beyond Rangoon ကို ကြည့်မိပါတယ် .. ဒီတိုင်းတွေ့ရင် မကြည့်ပါဘူး သေချာပါတယ် .. ဒါပေမယ့် ခု ကြည့်ပြီးသွားပါပြီ .. ကြည့်ပြီးတော့လည်း ခံစားရတယ် .. မျက်ရည်ကျရပါတယ် .. (ပြောထားပါတယ်နော် .. ကိုယ့်အကြောင်းကိုယ် ..း))

တကယ်မဟုတ်ပါဘူး အရုပ်ကြီးပါ သရုပ်ဆောင်နေတာပါ ဒါဟာ ဇာတ်လမ်းလို့ ဘယ်လိုပြောပြော ကျမကတော့ တော်တော်ခံစားလိုက်ရတယ် .. (တယောက်တည်းရဲ့ ခံစားချက်ပါ) ..

မျက်စိရှေ့မှာ ကြီးပြင်းလာတဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေ ချက်ချင်း မျက်စိရှေ့မှာ အသက်ပျောက်သွားခဲ့တယ် .. ချစ်သူတွေ ခင်ပွန်းဇနီးတွေ မိသားစုဝင်တွေ မျက်စိရှေ့မှာ အသက်ပျောက်သွားတယ်ဆိုတဲ့ ခံစားချက်က ဘယ်လောက်ဆိုးလိုက်ပါမလဲ .. အသက်လုပြေးလွှားရင်း သူ့မကယ်နိုင် ကိုယ့်မကယ်နိုင်ဘ၀နဲ့ လွတ်ခါနီးမှ အသက်ဆုံးသွားတဲ့ ကိုယ့်ချစ်ခင်သူတွေအတွက် ဘယ်လိုဖြေသိမ့်နိုင်လိမ့်မလဲ .. လင်ရယ် သားရယ် စုံညီနေရာကနေ ချက်ချင်း မုဆိုးမဖြစ်သွားရတဲ့ မိန်းမတယောက်အတွက် ဘယ်လိုနှစ်သိမ့်နိုင်ပါ့မလဲ .. ကိုယ်က လွတ်ရာ လွတ်ကြောင်းဖြစ်နေပြီ .. ကိုယ့်ခင်ပွန်း ကိုယ့်ချစ်သူ ဘယ်တော့ပေါ်လာမလဲဆိုတဲ့ ဒုက္ခ .. တခြားလူတွေ တဖြည်းဖြည်းစုံလာပြီး ကိုယ့်မိသားစုထဲက လိုအပ်နေသူရဲ့ မသေချာတဲ့ အိမ်ပြန်လမ်းကို ပူပန်ရတဲ့ ဒုက္ခ .. အိုး .. ဆက်စဉ်းစားရင်း မကြုံဘူးပါပဲ ရူးချင်လာတယ် .. ကိုယ်သာ အဲလိုအချိန် အဲလိုနေရာမှာဆို ကျန်ခဲ့သူတော့ မဖြစ်ချင်မိဘူး .. သေရဲလားဆိုတော့လည်း အသားလေးညပ်မိလို့ နာရင်တောင် တဆစ်ဆစ်တုန်လို့ .. အတွေးတွေနဲ့တင် ခက်ရချည့် ..

ရုပ်ရှင်ကို ကြည့်နေရင်း ပြေးကြလွှားကြသူတွေကြား ကိုယ်ပါ မောလာတယ် .. လွတ်ပါစေ ဆုတောင်းနေရင်းနဲ့ မလွတ်ပဲ သေသွားတော့ ၀မ်းနည်းရပြန်တယ် .. တဦးကို တဦး ကူညီဖေးမရင်း အန္တာရယ်နဲ့  တွေ့တော့မလား တွေ့တော့မလားရယ်လို့ ရင်တွေတုန်လို့ .. ဒါဟာ ရုပ်ရှင်လို့ ဘယ်လိုတွေးတွေး ကိုယ်ပါရောပူပန်နေလိုက်တာ .. အင်း ကိုယ်ရူးမှန်းလည်း ကိုယ်သိပါရဲ့ ..

လူတိုင်း ပြည့်စုံ ပျော်ရွှင်မှုကိုသာ လိုလားမှာပါ .. အကောင်းဆုံးဆိုတဲ့ အခြေအနေကိုလည်း မျှော်လင့်လိမ့်မယ် .. မျှော်လင့်တာနဲ့ လွှဲခဲ့ရင် .. ထပ်တော့ မလွဲချင်တော့ပါဘူး .. အရာရာ အန္တာရယ်ကင်း ငြိမ်းချမ်းစေချင်ပြီ .. အားလုံးလည်း ငြိမ်းချမ်းမှုကို မျှော်လင့်ကြမယ်ထင်ပါတယ် .. အယူအဆတွေ အနည်းငယ် လွှဲချင်လွှဲနေလိမ့်မယ် .. ရင်ထဲက ပန်းတိုင်ကတော့ တူညီကြပါလိမ့်မယ် ..

လူဆိုတာ တယောက်တည်းနေရင်တောင် ကိုယ့်စိတ်နဲ့မတည့်ဖြစ်နေတာ အများနဲ့ဆိုရင်တော့ ညှိနှိုင်းကြရမှာ အသေချာပါပဲ .. တဦးနဲ့ တဦး ဆက်ဆံကြတဲ့အခါမှာ မေတ္တာတရား နားလည်မှုတွေနဲ့သာ တည်ဆောက်ကြမယ်ဆိုရင် အတော် ငြိမ်းချမ်းမှာပဲလို့ မျှော်မှန်းမိတယ် .. အားလုံးပဲ တူညီတဲ့ ပန်းတိုင်ကို မတူညီတာတွေ ညှိနှိုင်းရင်း အမြန်ဆုံးရောက်ရှိဖို့ ဆုမွန်ကောင်း တောင်းမိပါတယ် ..

ကျမ အရူးထပြီးရေးတာနဲ့ လိုက်ဖတ်နေရပြီ .. မထူးပါဘူး .. Beyond Rangoon ကိုလည်း ထပ်ကြည့်ချင် ကြည့်လိုက်ကြဦးပေါ့ ..း) အများကတော့ ကြည့်ပြီးသား ဖြစ်လိမ့်မယ်ထင်ပါတယ် .. ခုလို စိတ်ရူးပေါက်တိုင်း ထရေးတတ်တာကိုလည်း သည်းခံဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် .. :D ကမ္ဘာသူ ကမ္ဘာသားအပေါင်း ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ .. ၀ဋ်ကြွေးတွေ ရှိရင်လည်း အမြန်ကုန်ပါစေတော့ပေါ့ ..း)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...