Saturday, June 30, 2012

မော်ကျွန်း ၀ါးခယ်မ ခရီးစဉ်

ဒီတခေါက် ရန်ကုန်ပြန်ပြီး စိတ်ထဲ အကျေနပ်ဆုံး ဖြစ်မိတာကတော့ ကုသိုလ်နဲ့ Lotus အဖွဲ့တို့ ပညာသင်စရိတ် ထောက်ပံ့ပေးတဲ့ မြို့ရွာအချို့ကို သွားခွင့် ရခဲ့တာပဲ ဖြစ်ပါတယ် .. ခုမျှဝေချင်တဲ့ ခရီးစဉ်ကတော့ မော်ကျွန်း ၀ါးခယ်မ ခရီးစဉ်ပါ .. မော်ကျွန်း ၀ါးခယ်မ ကွမ်းခြံကုန် ခရီးစဉ်ကို ၈-၅-၂၀၁၂ ညနေမှ စတင်ပြီး ၁၁-၅-၂၀၁၂ မနက်မှာ အဆုံးသတ်ပါတယ် ..

ကျမတို့ အားလုံး ၈-၅-၂၀၁၂ ညနေ ၆နာရီထွက်တဲ့ ရှပ်ပြေးရေယာဉ်နဲ့ စတင်ထွက်ခွာခဲ့ပါတယ် .. မိုးခါးကတော့ မရောက်ဘူးသေးတဲ့ နေရာတွေနဲ့ ကလေးတွေဆီ ကိုယ်တိုင်ရောက်ရမှာမို့ အရမ်းကို တက်ကြွနေခဲ့ပါတယ် .. အဲဒီခရီးစဉ်ကို သွားရောက်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်ဘက်က ကိုယ်တိုင်သွားရောက်ပို့ဆောင်ပေးရတဲ့ သူတွေရဲ့ ခရီးဟာ ဘယ်လိုအခက်ခဲတွေနဲ့ ကြုံတွေ့ရတယ် ပင်ပန်းမှုတွေကြုံရတယ်ဆိုတာကို ကိုယ်တိုင်လဲသိပြီး အများကိုမျှဝေနိုင်ဖို့ ပြီးတော့ အထောက်ပံ့ခံ ကလေးတွေနဲ့ နယ်ဘက်ရဲ့ ကျောင်းအခြေအနေ လိုအပ်ချက်တွေကို သိရဖို့ ဖြစ်ပါတယ် .. ခု ခရီးစဉ်တွေကို ကြည့်လိုက်ရင် နေရာတွေက ရန်ကုန်မြို့နဲ့ သိပ်မဝေးလှပါဘူး .. ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပါတယ် .. အလွယ်တကူသွားချင်တိုင်း အဆင်ပြေမှုတွေ မရှိဘူးဆိုတာ သိလာပါတယ် ..

ပထမဆုံး ရှပ်ပြေးယာဉ်ဟာ ၆နာရီမှာ ရန်ကုန်ဆိပ်ကမ်းဘက်ကနေ စတင်ထွက်ခွာပါတယ် ..

လမ်းတလျှောက်မြင်ကွင်းများ
စင်ယော်တွေ .. စက်လှေနောက်ကို လိုက်နေကြတယ် ..

အဲဒီနေ့က ရှပ်ပြေးပေါ်ရောက်ပြီး စထွက်တော့ တူတူသွားတဲ့ Lotus အဖွဲ့က စိုးပိုင်က ပေါင်မုန့်တုံးကြီး တခြမ်းခွဲပြီး လာပေးတယ် .. ကိုယ်ကလည်း ရတယ် မစားတော့ဘူး လို့ ဆိုတော့ သူက အစ်မကို ကျွေးတာမဟုတ်ဘူး ဇင်ယော်ကျွေးဖို့ ဆိုလို့ အော် .. အဟီး ဆိုပြီး သွားအဖြီးလိုက်နဲ့ ယူလိုက်ရတယ် .. :P ဇင်ယော်တွေကို အစာကျွေးပေမယ့် လေက တိုက် သူတို့ကလည်း မလိုက်နဲ့ ပေါင်မုန့်တုံးတွေ ဒီတိုင်းကျန်တယ် ..
မြစ်ရဲ့ တဖက်တချက်
ရန်ကုန်ဘက်ကမ်းကို ခွာလာခဲ့ပြီ

လမ်းတလျှောက်
ရှေ့မှာ နေ၀င်တော့မည်
အကျည်းတန်လှချိန်




 မော်ကျွန်းမရောက်မှီ ကျုံကျိုက်သို့ အရောက်
မြင်နေရတာကတော့ ကျုံကျိုက်မြို့နယ်ခေါ်မလားပဲ .. အဲဒီဆိပ်ကမ်းမှာ ကမ်းဘက် ဆင်းသူက ဆင်း .. အပေါ်က ပုံကလို ပဲ့ထောင်လေးတွေပေါ် ခုန်ဆင်း ခုန်တက်ပြီး တခြားလိုရာအရပ်ကို ခရီးဆက်သူက ဆက်နဲ့ မနက် ၁နာရီ ၂နာရီက လှုပ်ရှားသက်ဝင်လို့ .. ကလေးတွေကို ၂လတခါ ကျောင်းစရိတ် သွားပို့ပေးတဲ့အခါ အနီးအနားက မြို့နယ်လေးတွေဆီ သွားဖို့ကို ခုလိုမျိုးပဲ ညကြီးမင်းကြီး လှုပ်ရှားကြရပါတယ် .. ၀မ်းစာရှာတဲ့လူတွေကရော .. သူတို့လည်းပဲ အခြားသူတွေအိပ်ချိန်မှာ မအိပ်နိုင်ပဲ ခုလိုမျိုး ငွေရှာကြရတယ် .. တချို့က ပဲ့ထောင်မောင်း တချို့က ကုန်ထမ်း .. ရှပ်ပြေးထွက်တော့ ဦးလေးကြီးတယောက် အိပ်ပျော်နေလို့ ဆိပ်ကမ်းကို ကျော်သွားတယ် .. သူ့နည်းသူ့ဟန်နဲ့ ဟုတ်လို့ .. ဟန်းဖုန်းမရှိလည်း ပြဿနာမဟုတ်ဘူး .. အော်လိုက် ဟစ်လိုက်ရင် ဖြစ်တယ် .. (ဟန်းဖုန်းလည်း အော်ရတာဆိုတော့ ထူးပါဘူး) တဆင့် တဆင့် အော်သွားလိုက်တော့ နောက်ဆုံး ပဲ့ထောင်တစီး ရှပ်ပြေးနား လာကပ်တယ် .. ရှပ်ပြေးက အရှိန်လျော့ပြီး အဲ့ဦးလေးကြီးလည်း ဘုတ်ခနဲ ခုန်ဆင်းသွားတာပါပဲ .. သူ့အရပ်နဲ့ သူ့ဇာတ် ဟုတ်လို့ ..




ပြီးခဲ့တဲ့ အခေါက်တွေက ဘိုကလေးသင်ကျောင်းဘက်တွေသွားမယ်ဆိုလို့ရှိရင် ဒီသဘောင်္ကို ပြန်စီးဖို့အတွက် ည ၈နာရီလောက်ကို ပြန်ထွက်လာရတယ် .. တကယ်လို့ ဒီသဘောင်္က ၁၀နာရီ ၁၁နာရီလောက်မှ ကပ်တယ် .. ဒီသဘောင်္က မော်ကျွန်းကို ပြန်သွားတယ် .. မော်ကျွန်းကို ဆက်သွားပြီး မော်ကျွန်းက ကလေးတွေကို ကျွန်တော်တို့ ပညာသင်ထောက်ပံ့ကြေးသွားပေးတယ် .. ဒီမှာ အမြဲတမ်း လာစောင့်ရတယ် .. ရွာကနေ ၈နာရီလောက် ပြန်ထွက်လာပြီး ဒီနေရာမှာ စောင့်ရတယ် .. ဒီသဘောင်္က ၁၀နာရီ တခါတလေ ၁၁နာရီလောက် ကပ်တယ် .. အချိန်ကတော့ မမှန်ဘူး .. ဒီဆိပ်ကမ်းလေးကလည်း ၁၀နာရီဆို မီးပျက်တယ် .. မီးပျက်ပြီဆို မှောင်သွားရော .. ဒါပေမယ့် ပျော်တော့ ပျော်စရာကြီးပါ .. သူငယ်ချင်းတွေနဲ့ ဆိုတော့ ဒီလိုပဲ .. (Lotus အဖွဲ့မှ)
 မြင်းကကုံးသို့ အရောက်

ဒါကလည်း မော်ကျွန်းမရောက်ခင် ထပ်ရပ်တဲ့ ဆိပ်ကမ်းတခုပါ ..
မော်ကျွန်းမြို့ပေါ်က ဘုရားကြီး

  အဖွဲ့ဝင်များ တည်းခိုခဲ့သော ဘုန်းကြီးကျောင်းတည်ရှိရာ ဘုရားစေတီဝင်း

ကျုံကျိုက်နဲ့ မြင်းကကုန်း နှစ်ခုကို ဖြတ်ပြီး မနက် ၃ ၄ နာရီလောက်မှာ မော်ကျွန်းကို ရောက်ပါတယ် .. အဲဒီအချိန်မှာ ထုံးစံအတိုင်း မီး မလာပါဘူး .. မြို့ခံအကိုတယောက်က အဖွဲ့ဝင်တွေ လာတိုင်း တည်းခိုနေကျ ဘုန်းကြီးကျောင်းကို ခေါ်ဆောင်လာပြီး အဲဒီမှာ နားကြပါတယ် .. မနက် ၁၁နာရီလောက်မှာ စက်လှေတစီးကို ငှားပြီး ၀ါးခယ်မကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ် .. ၀ါးခယ်မကို သွားတာကတော့ အဖွဲ့က ကျောင်းစရိတ်ထောက်ပေးထားတဲ့ ညီမလေးတယောက်နဲ့ တွေ့ရဖို့ပါ .. သူကတော့ တက္ကသိုလ် တက်နေပါပြီ ..

မနက် ၁၁နာရီလောက်မှာ မြို့ခံအကိုတွေ ကျွေးတဲ့ အစားသောက်တွေ စားပြီး လှေဆိပ်ဆင်းပါတယ် ..ပြီးတော့ ၀ါးခယ်မကို ခရီးဆက်ကြပါတယ် ..

 ကျွေးတာတွေ အများကြီးပဲ .. ဒါပေမယ့် အရင်လာတဲ့ ၂ပုံရိုက်ပြီး ကျန်တာတွေရိုက်ဖို့ စားပြီးမှ သတိရတယ် .. :P


ဝါးခယ်မကို မော်ကျွန်းကနေ စက်လှေစီးပြီးသွားရပါတယ် .. လမ်းတလျှောက်ရှုခင်းပါ .. ဦးလေးက မှာလိုက်သေးတယ် .. မီးငယ် အဲ့ကျရင် ရေထဲ ဆင်းမကူးနဲ့ မိကျောင်း ရှိတတ်တယ်တဲ့ .. ဒီကလည်း ဦးလေး စကားနားထောင်တယ် .. ရေထဲ ခြေထောက်တောင် ဆင်းမစိမ်ခဲ့ဘူး .. ကြောက်လို့တော့ မဟုတ်ပါဘူး :D

မိကျောင်းကားတွေထဲက ဇာတ်ကွက်တွေကို သွားသတိရမိသေး ..

ဝါးခယ်မကိုရောက်ပါပြီ ..

စီးလာခဲ့သော စက်လှေ

တကယ်တော့ သွားရတဲ့ ခရီးက သိပ်မဝေးပါဘူး .. ဒါပေမယ့် အချိန်မမှန်တာ (မှန်းမရတာ) သိပ်လွယ်လွယ်ကူကူ မရှိလှတာပါ ..

ဝါးခယ်မကိုရောက်ပြီး အလှူရှင်တဦးမှ ထောက်ပံ့ပေးထားတဲ့ ညီမငယ်နဲ့ တွေ့ဆုံခဲ့ပါတယ် .. တခြား ကျောင်းတွေကတော့ ကျောင်းဖွင့်ချိန်မဟုတ်တဲ့အတွက် မရောက်ဖြစ်ခဲ့ပါဘူး .. ဒါပေမယ့် ၂လ တခါ တာဝန်ယူပြီး ကလေးစရိတ်တွေကို သွားပို့ပေးရတဲ့ သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြားက တာဝန်ယူပေးနေကြတယ်ဆိုတာကို ကိုယ်တိုင် ၀င်ရောက်ခံစားခဲ့ပါသည်ပေါ့ ..

Wednesday, June 20, 2012

မျက်ဝန်းထဲမှ အပြုံးများ

ပြုံးတယ် ...။

ခပ်ဖွဖွ ပြုံးတယ်
ပွင့်ပွင့်လင်းလင်း ပြုံးတယ်
စင်စင်ကြယ်ကြယ် ပြုံးတယ်
အားပါးတရ ပြုံးတယ် ...။

မြင်နေရတဲ့ အပြုံးတွေ
အဓိပ္ပါယ် စစ်ကြည့်တော့
လေးစားမှု
ချစ်ခင်မှု
မြတ်နိုးမှု
အားကိုးမှုတွေ ရောပြွန်းလို့ ...။

မျက်ရည် ကျတယ် ...။

ခပ်ဖြည်းဖြည်း ကျတယ်
တိုးတိုးတိတ်တိတ် ကျတယ်
မသိမသာ ရှိုက်တယ်
ရှိုက်ကြီးတငင် ကျတယ် ...။

ဒီမျက်ရည် အရင်းစစ်ကြည့်တော့
ဝမ်းသာမှု
ဝမ်းနည်းမှု
ယုံကြည်ကိုးစားမှု
လှိုက်ကနဲ ခံစားမှု
အံ့သြ၀မ်းသာခြင်းတွေ ရောပြွန်းလို့ ...။

ရှိုက်တယ်
ခပ်တိုးတိုး ရှိုက်တယ်
မျက်ရည်တစွန်းတစနဲ့
နှုတ်ခမ်းမှာ အပြုံးတွေ ခိုတွဲ
နှလုံးသားမှာ ခံစားချက်တွေ ချိတ်ဆွဲ
ရင်တခုလုံး အပျော်တွေ ကူးလို့ ...။

မြင်လိုက်ရတဲ့ လူတွေရဲ့ ၀မ်းမြောက် ၀မ်းသာမျက်နှာ
အားလုံး .. မျက်ဝန်းတွေတောင် လိုက်ပြုံးလို့ ...။




Saturday, June 9, 2012

ခံစားချက်

စိတ်တွေ အတော်လေးကို လေးလံထိုင်းမှိုင်းနေပါတယ် .. အားလုံးလည်း စိတ်တွေကြည်လင်နိုင်ကြမယ် မထင်ဘူး .. ဒေါသတွေထွက်လိုက် စိတ်မကောင်းတွေဖြစ်လိုက် .. အဝေးကလူတွေတောင် ခုလောက် စိတ်မကြည်လင်နိုင်ရင် နီးနီးနားနား ဒုက္ခခံနေရသူတွေ ဘယ်လောက်များစိတ်ဒုက္ခများလိုက်မလဲ .. ဘယ်လောက်နောက်ကျောမလုံဖြစ်နေလိမ့်မလဲ .. ကိုယ်တွေ ကွန်ပျူတာရှေ့မှာ အေးရာအေးကြောင်းထိုင် Facebook လေးဝင်လိုက် ဒေါသတွေထွက်လိုက် ပွားလိုက် ဆဲလိုက် ဆိုလိုက် .. တခြားနေရာတွေမှာ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ မအိပ်နိုင် မပျော်နိုင် .. မတရားလိုက်တဲ့ လောကကြီး ..

ဘ၀တလျှောက်လုံးမှာ မျက်မြင်ဒိဌ ကိုယ့်ရှေ့သွေးသံတရဲရဲဖြစ်နေပုံတွေ ကိုယ့်ရှေ့မှာ လူတယောက် အသက်ငင်နေပုံတွေ တကြိမ်တခါပဲ မြင်ဘူးပါသေးတယ် .. အဲဒီအဖြစ်ကတော့ မျက်စိထဲကကို မထွက်နိုင်သေးတာ .. တရက် အစ်မနဲ့ ရွှေတိဂုံဘုရားက အပြန် ကားလမ်းအကူး (မှတ်တိုင်က ရေခဲဆိုင်လို့ ခေါ်လားမသိ) မှာ ကိုယ်တွေလမ်းကူးလာတုန်း မြင်လိုက်ရတာက အန်တီကြီးတယောက် လမ်းပေါ်မှာ မတ်တပ်ကြီးနဲ့ မလှုပ်မယှက် .. နောက် ကြည့်နေရင်း ထမိန်ကြားက သွေးတပွက်ပွက်ကျ သွေးနဲ့အတူ အသားစိုင်လို အဖြူဖတ်တွေပါ ပါလာတာမြင်ရင်း ကိုယ့်စိတ်တွေ ကြက်သေ သေနေခဲ့တာ .. ဘာမှလည်းမလုပ်တတ် ထိတ်လန့်နေခဲ့တာ .. ကြည့်နေရင်း အဲဒီအန်တီကြီး လမ်းပေါ်ပစ်လဲသွားခဲ့တယ် .. ဘေးနားက အဲဒီအန်တီကြီးရဲ့ သမီးလုပ်သူက အမေ အမေ .. အမေ့ကို ကယ်ပါဦး ကူကြပါဦးနဲ့ သွေးရူးသွေးတန်း .. လူတွေဝိုင်းနေပေမယ့် ကိုယ်ထိလက်ရောက် မလာကြသေး .. ချက်ချင်းဆိုတော့ လူတွေလည်း အံ့သြနေကြ ထိတ်လန့်နေကြပုံပါ .. ကိုယ်ကတော့ ဘာမှန်းမသိ ကြောက်နေတယ် .. လန့်နေတယ် .. တဆက်တည်း ပျို့ချင် အန်ချင်စိတ်တွေပါ ပေါက်လာတယ် .. နောက်တော့ လူတွေ ကူပြီး ကားတွေတား .. ကားတွေက မရပ်ချင်ကြသလို ရပ်လည်း မရပ်ကြဘူး .. နောက်ဆုံး အဖြူစိမ်းနဲ့ ကြံခိုင်ရေးထင်ပါတယ် အဖွဲ့ဝင် အနည်းအကျဉ်းရောက်လာပြီး ကားကူတားပေး .. နောက် တက်စ်စီတစီးချောမိလို့ အဲဒီတက်စ်စီနဲ့ ဆေးရုံခေါ်သွားကြတယ် .. ဒါ ပထမဆုံး အပြင်မှာ မြင်ဘူးတဲ့ သွေးထွက်သံယိုမြင်ကွင်းပါပဲ ..

ဘယ်လိုဖြစ်တာလဲ မေးကြည့်တော့ ဘတ်စ်ပေါ်က အဆင်း ကားကလည်း မောင်းအထွက် အဲဒီအဒေါ်ကြီး ပြုတ်ကျပြီးတော့ ထွက်နေတဲ့ သံပြားက တံခေါက်ကွေးကို ကပ်ဖြတ်လိုက်သလိုဖြစ်တာတဲ့ .. ကိုယ်တိုင်မကြည့်ရဲတော့ မမြင်ခဲ့ဘူး အစ်မပြောတာတော့ ပြတ်လုပြတ်ခင်ဖြစ်နေတယ်တဲ့လေ .. ၃ပုံ ၂ပုံလောက်ကို ပြတ်နေတယ်တဲ့ .. တရားခံဖြစ်တဲ့ ကားမောင်းသူနဲ့ နောက်လိုက်ကတော့ ထွက်ပြေးသွားတယ် ..

နောက်ပိုင်း ၂၀၀၇မှာ အပြင်မှာ မမြင်တွေ့ပေမယ့် အွန်လိုင်းမှာတွေ့ရတဲ့ မြင်ကွင်းတွေကြောင့် အဓိကရုန်းကို ကြောက်လန့်ခဲ့တယ် .. မတရားမှုတွေကို ရွံမုန်းခဲ့တယ် .. မတရားလုပ်တဲ့လူတွေကို စက်ဆုတ်တယ် ..

နာဂစ်မှာ တာဝန်မဲ့တဲ့သူတွေကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးရမှုတွေကို အင်တာနက်မှာမြင်တော့ ကိုယ့်အမျိုးအဆွေတယောက်မှ မပါသည့်တိုင် ရင်ထဲတဆစ်ဆစ်နာပြီး မျက်ရည်ကျရတယ် ..

ဒါတင်ဘယ်ကမလဲ .. အစ်မတွေကပြောတယ် .. ၈၈ တုန်းကဆိုရင်လေ ဆိုပြီးတော့ .. မမြင်ဘူးပဲ နားနဲ့ကြားရတဲ့ အခြေအနေတွေနဲ့တင်ကို ကြောက်လန့်လွန်းလို့ မတွေးချင်လောက် သတိမရချင်လောက်အောင်ပါပဲ .. ဘာတဲ့ .. တယောက်ကိုတယောက် စွပ်စွဲတယ် .. ဆေးခပ်တယ် အဆိပ်ခပ်တယ်နဲ့ .. သူ့နယ်မြေ ကိုယ့်နယ်မြေသတ်မှတ် .. နယ်ကျော်လာရင် ခေါင်းဖြတ်သတ် .. ဖြတ်ထားတဲ့ခေါင်းတွေကို စီထားပြီး လူမြင်အောင်ပြ .. အဲဒီအချိန် လူတွေဘီလူးစီးနေကြသလားပဲ တဲ့ .. တီဗီမှာဆို ပြတယ် .. ဓါးက တုံးတုံးနဲ့ လူတယောက်ရဲ့ လည်ပင်းကို မပြတ်ပြတ်အောင် ဖြတ်နေတာတဲ့ .. အဲဒီမူဗီတွေ ရှိတယ်ပြောတယ် .. မကြည့်ချင် မကြည့်ရက် မကြည့်လည်း မကြည့်ရဲလို့ မကြည့်ဘူး ..

ဆက်မရေးချင်တော့ဘူး .. အဲလိုအဖြစ်မျိုးတွေ မြန်မာပြည်ကြီးမှာ ထပ်မဖြစ်ဖို့ ဆုတောင်းတယ် .. မြန်မာပြည်သူ ပြည်သားတွေကို စိတ်အေးချမ်းသာ လူတန်းစေ့နေနိုင်စေချင်တယ် .. ဘာကြောင့် ဘယ်လို အသက်ဆုံးရှုံးသွားပါတယ်ဆို သိသိ မသိသိ စိတ်မကောင်းဖြစ်ရတယ် .. လူတွေရဲ့အသက်ပါ .. အလဟသတ် အဓိပ္ပါယ်မရှိ ဆုံးရှုံးနေရတာတွေ မတန်လိုက်တာ .. လူတွေဘာလို့ ဒီလောက် လောဘ ဒေါသ မောဟတွေ ကြီးနေကြတာလဲ .. တနေ့ထမင်းသုံးနပ်အပြင် ဘယ်လောက် များများပိုစားနိုင်မှာလဲ .. သေရင် အ၀တ်တထည်ကိုယ်တခုအပြင် ဘာတွေများ ပိုပြီးထပ်သယ်သွားနိုင်မှာလဲ .. အဲဒီအ၀တ်နဲ့ ခန္ဓာကိုယ်ကြီးတောင် မီးလောင်တိုက်သွင်းခံရမှာ .. ကျေးဇူးပြုပြီး တတ်နိုင်တဲ့ ပုဂ္ဂိုလ်များ မြန်မာနိုင်ငံကို ဒါ့ထက်ပို အထိမနာအောင် ကာကွယ်ပေးကြပါ .. မြန်မာနိုင်ငံကြီး မတရားမှုတွေကြားမှာ လုံးပါးပါးနေတာ ကြာလှပြီ .. အခုဖြစ်နေတဲ့ အရေးအခင်းတွေ အမှန်အကန်ဖြစ်တာဆိုရင်လည်း ထိထိရောက်ရောက် အဆုံးသတ်ပေးကြပါ .. လုပ်ကြံဇာတ်ခင်းနေတယ်ဆိုရင်လည်း ကိုယ်ချင်းစာစိတ် မျှတတဲ့စိတ်လေးဝင်ပြီး ကျေကျေလည်လည် အဆုံးသတ်ပေးကြပါ .. လေလှိုင်းပေါ်ကနေလည်း လူမသတ်ကြပါနဲ့ .. ရှုပ်နေတာတွေ ပိုရှုပ်ထွေးအောင် မလုပ်ကြပါနဲ့ .. စကားတွေ မက်ဆေ့တွေ ဖောင်းပွပြီး ယုန်ထင်ကြောင်ထင်ဖြစ်အောင်လည်း မလုပ်ကြပါနဲ့ ..

အားလုံးပဲ ကိုယ့်စည်းနဲ့ကိုယ် ထိန်းသိမ်းနိုင်ကြပါစေ ..

Friday, June 8, 2012

ကျမ မြတ်နိုးသော မေတ္တာစိတ်

အယုံကြည်ဆုံးသော ခံယူချက်ကိုပြောပါလို့ ဆိုလာရင် “တူသောအကျိုးပေးပါမယ်”လို့ မဆိုင်းမတွ ပြောမိပါလိမ့်မယ် .. ဟုတ်ပါတယ် .. ခုလက်ရှိကြုံရဆုံရသော ကောင်းကျိုးဆိုးကျိုးတွေဟာ ကျမတို့ ပြုခဲ့တဲ့ ကောင်းကြောင်းဆိုးကြောင်းတွေကြောင့်ပေါ့ .. ဒီတော့ တဦးတည်းသော တရားခံကြီးဟာ ကိုယ်တိုင်ပဲ မဟုတ်ပါလား ..

ကျမတို့ လူ့ဘ၀စရကတည်းက အငိုနဲ့စရပါတယ် .. နောက်ဆုံးအချိန်မှာ တခြားသောသူများက ငိုကြွေးခြင်းနဲ့ ခရီးဆုံးကို လိုက်ပို့ပါဦးမယ် .. အသက်ရှင်စဉ်တခဏလေးမှာရော .. ပူပန်ခြင်း စိုးရိမ်ခြင်း ကြောင့်ကြ တောင့်တခြင်းတွေနဲ့ ရီတခါ ငိုတလှည့် ဖြတ်သန်းကြရသူများပါပဲ .. ကျမတို့ ရှင်သန်ခွင့်ဟာ ၁၀နှစ်လား အနှစ် ၂၀လား အနှစ် ၁၀၀ လား .. မနက်ဖြန်ဆိုတာတောင် မသေချာသော ဘ၀များပါပဲ .. မနက်ဖြန်ဆိုတာဝေးသေးတယ် .. ခုလေးတင်ပဲ ၀င်လေပြန်မထွက်ခင်မှာတောင် ကျမတို့ အသက်ရှုခြင်းဟာ ရပ်တန့်သွားနိုင်ပါသေးတယ် ..

မျက်စိရှေ့မှာ ဘ၀တွေများစွာ ပျော်ရွှင်ချမ်းမြေ့နေတယ် .. မျက်စိရှေ့မှာ ဘ၀တွေများစွာ ပူလောင်ကြောင့်ကြနေတယ် .. မမြဲသောတရားတွေပေမယ့် ကျမတို့ အပြောင်းအကွေ့ကိုပဲ ခံနိုင်ရည် မရှိကြသေးပါဘူး .. ဘ၀ဟာ သိပ်တိုပါတယ် .. အသက်ရှုခွင့်ရှိဆဲ အခိုက်မှာ ကျမတို့ သံသရာပိုရှည်ကြောင်းတွေ လုပ်ဖြစ်နေကြပါတယ် .. ဒါဟာ ရင်ထဲက လောဘ ဒေါသ မောဟ မာန်မာနတွေကြောင့်ပဲ မဟုတ်ပါလား ..

ကိုယ်မဟုတ်တဲ့ အခြားသူများကို မှန်တချပ်လို့ ဆိုကြပါစို့ .. မှန်ရှေ့ရပ်ပြီး ကိုယ့်မျက်နှာပြုံးရင် မှန်ထဲက ပုံရိပ်က ပြုံးနေသလို အခြားသူများကို မေတ္တာစိတ်နဲ့ ကြည်ကြည်လင်လင် ပြုံးပြကြည့်ရင် တဖက်ကလည်း တူသောအပြုံးမျိုး ပြန်တုံ့ပြန်ပါလိမ့်မယ် ..

ကျမတို့ သာမန်လူပုဂ္ဂိုလ်တွေ မတတ်နိုင်တာတွေ သိပ်များပါတယ် .. စစ်တွေဖြစ်တယ် .. ကျမတို့ မဖြစ်စေချင်ဘူး ငြိမ်းချမ်းစေချင်ပေမယ့် ရပ်တန့်အောင် မစွမ်းနိုင်ပါဘူး .. ဒီတော့ ရပ်တန့်အောင်မစွမ်းနိုင်ရင် ဘာလုပ်မလဲ .. တဖက်တလမ်းက အကူအညီပေးမလား .. ငွေအားလား လူအားလား .. အဲဒီလို မတတ်နိုင်သေးရင်တောင် မေတ္တာစိတ်နဲ့ သူတို့တွေကို ချမ်းသာစေချင်စိတ်နဲ့ မေတ္တာပို့ပေးနိုင်ပါတယ် .. မေတ္တာစွမ်းအား စိတ်တန်ခိုးဟာ အလွန်မှ အင်အားကြီးမားတယ်လို့ ကျမစိတ်ထဲ ယုံကြည်တယ် .. ယုံကြည်သလို သတိရတိုင်း အချိန်အားတိုင်း “အားလုံးသော သတ္တ၀ါတွေ ကျန်းမာပါစေ ချမ်းသာပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ” လို့ အမြဲ ရေရွတ်နေပါတယ် .. အဲဒါရဲ့ ချက်ချင်းအကျိုးကတော့ ကိုယ်တိုင် စိတ်အေးချမ်း လုံခြုံတာပါပဲ ..

ကျမတို့ ဘေးပတ်ဝန်းကျင်မှာ မြင်နိုင်သော မမြင်နိုင်သော ဘေးအန္တရာယ်တွေ ၀ိုင်းနေပါတယ် .. နောက်မျက်စိတမှိတ်အတွင်းမှာတောင် ဘာဖြစ်မယ် မသိရတဲ့ ဘ၀ကြီးတွေကို ပိုင်ဆိုင်ထားကြတာပါ .. တခါတလေ အတွေးတွေ နယ်လွန်ပြီး စိုးရိမ်တာ ကြောက်လန့်တာ ဖြစ်တတ်ပါတယ် .. ကျမဆို တခါတလေ အကြောင်းမယ်မယ်ရရမရှိပဲနဲ့ ကြောက်စိတ်ဝင်တာမျိုးဖြစ်လေ့ရှိပါတယ် .. အဲဒီအခါမျိုးဆို ကျမအမြဲ ရွတ်ဆိုလေ့ရှိတာက မေတ္တာပို့ပါပဲ .. မေတ္တာပို့ရွတ်မိလိုက်ရင် စိတ်ထဲ လုံခြုံတဲ့စိတ် ဖြစ်သွားတာတော့ အမှန်ပါပဲ .. အဲဒီလိုအချိန် တခုခုဖြစ်သွားတယ်ထားပါဦး ကိုယ့်ဘက်မှာ အရှုံးမရှိနိုင်ပါဘူး ..

ကျမတို့ ရှေ့မှာ ရွေးချယ်စရာတွေ သိပ်အများကြီးလို့ ထင်ရပေမယ့် တကယ်တော့ ၂ခုတည်းပါ .. ကုသိုလ်နဲ့ အကုသိုလ် ၂မျိုးပေါ့ .. ကုသိုလ်ဖြစ်နေတဲ့အချိန်မှသာ အကုသိုလ်မဖြစ်နိုင်တာလို့ ဆိုထားတော့ ကျမတို့ ရှေ့က မသေချာ မရေရာတဲ့ သံသရာခရီးကြီးကို သွားဖို့ ဘယ်အရာကို ရွေးချယ်ကြမလဲ .. ??

ကျမလား .. အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်ဖို့ ကြိုးစားဆဲ ပါပဲ ..
အားလုံးသော သတ္တ၀ါတွေ ကျန်းမာပါစေ ချမ်းသာပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ
(သီလရှင်ဝတ်တော့မလားလို့တော့ မမေးပါနဲ့ .. ပါရမီ အဲ့လောက် ကောင်းမယ်လို့ မထင်မိသေးပါဘူး :D)

Monday, June 4, 2012

ပန်းကလေးများ ပွင့်တော့မည် -၂

အခုတခါ မြန်မာပြည်ပြန်တုန်း ရောက်ခဲ့တဲ့ ရွှေရတနာ ပရဟိတ၊ သီလရှင် စာသင်တိုက်မှ တွေ့ခဲ့ သိခဲ့တာလေးတွေကို ပြန်ဝေမျှချင်ပါတယ် ..

အဲဒီကျောင်းလေးကို အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) နှင့် ဒေါ်ယုစန္ဒာ တို့၏ တပည့်များ တည်ထောင်ခဲ့တာ ဖြစ်ပါတယ် .. အဲဒီကျောင်းမှာ အငယ်ဆုံး သီလရှင်လေးဟာ ၄နှစ်ပါ .. အရွယ်နဲ့ မလိုက်အောင် ဘ၀ရဲ့ အဆင်မပြေမှုတွေကို ခံစားခဲ့ရပြီး နောက်ဆုံးမှာတော့ ထိုကျောင်းကလေးသို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် .. အလွန်ကိုမှ ချစ်စရာကောင်းပြီး ရုပ်ရည်လေးကလည်း အရမ်းပဲ သန့်ပြန့်လွန်းပါတယ် .. မိုးခါးတို့ ရောက်ပြီး ဘုရားခန်းထဲ ထိုင်နေတုန်း အဲ့သီလရှင်လေးက ရောက်လာပါတယ် .. ရောက်လာတာနဲ့ မျက်နှာလေးကလည်း ပြုံးလို့ ခေါ်ထိုင်တော့လည်း အသာတကြည်ပဲ လာပြီး ပေါင်ပေါ်ထိုင်နေပါတော့တယ် .. စာတွေရေးတတ်ပြီလားဆိုတော့ ရေးတတ်ပြီဆိုပြီး ရေးပြသေးတယ် .. ကကြီး ခခွေးနဲ့ ဃ ကျတော့ မေ့ပါရော .. ချစ်ဖို့ကောင်းလွန်းလို့ မျက်စိထဲကကို မထွက်ပါဘူး .. သူလေးက ကြီးလာရင် စာရေးဆရာမဖြစ်ချင်တာတဲ့လေ .. ဘာအကြောင်းရေးချင်တာလဲဆိုတော့ ကျောင်းထိုင် ဆရာကြီးအကြောင်းကို ရေးချင်တာပါတဲ့ ..

နောက် သီလရှင်ငယ်လေးရဲ့ ဘ၀ကို သိခဲ့ရတာကတော့ သူလသားအရွယ်လေးမှာပဲ နာဂစ်မုန်တိုင်းကြောင့် သူ့ရဲ့ မိခင်ကိုယ်တိုင်က ခြင်းလေးထဲ ထည့်ပြီး မျှောလိုက်ရပါတယ်တဲ့ .. မိခင်နဲ့လဲ ခုထိ ပြန်မတွေ့တော့ပါဘူး .. ရေကြောင်းတလျှောက်မျောပါလာရင်း ကိုယ်တွေ ခေါင်းတွေလည်း ထိခိုက်လို့ပေါ့ .. နောက်ဆုံးမှာ နောက်ဆုံးမှာ အဒေါ်ကြီးတယောက်ရဲ့ ကယ်ဆယ်ခြင်းကို ခံခဲ့ရပါတယ် .. အဲဒီအဒေါ်ကြီးက မွေးစားခဲ့ပြီး ခုချိန်မှာတော့ ရွှေရတနာသီလရှင် ကျောင်းတိုက်ကလေးမှာ ပညာသင်ကြားနေခဲ့ပါပြီ ..

ကလေးတိုင်းက ချစ်စရာ ဂရုဏာသက်စရာ ကောင်းလွန်းပါတယ် .. မိမစုံ ဖမစုံနဲ့ သူတို့လေးတွေရဲ့ ခံစားချက်ကို ၀င်ရောက်ခံစားရင်တောင် ရင်တွေ မောလွန်းရပါတယ် .. သနားဂရုဏာသက်ပြီးသကာလ အတွေးကတော့ အကြောင်းတရားတွေကြောင့် အကျိုးတရားတွေ ဖြစ်လာရတယ် .. လူချင်းတူပေမယ့် ဘ၀ပေး အခြေအနေတွေ ကွာခြားလွန်းလှပါတယ် .. ခုအချိန် ကိုယ်တွေ လက်ထဲ လုပ်ပိုင်ခွင့်လေးတွေ ရှိတုန်း ကောင်းမွန်တာတွေ အများအကျိုးရှိမှာတွေကို တတ်နိုင်သလောက် လုပ်သွားသင့်ပါတယ် .. အဲ့လိုလုပ်လို့ သူ့ပဲအကျိုးရှိမှာမဟုတ်ပဲ ကိုယ့်ပါအကျိုးပေးမယ်ဆိုတာ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရင် သိသာလွန်းပါတယ် .. ကိုယ်တွေ ခုချိန် ပြည့်စုံချမ်းသာမနေဘူးဆိုတာ အရင်ဘ၀တွေက အကျိုးပေးနည်းခဲ့လို့ပေါ့ .. အရင့်အရင်ဘ၀တွေက ပါရမီတွေ ဖြည့်ဆည်းခဲ့သူတွေမှာတော့ ကိုယ်တွေလိုမဟုတ်ပဲ ပြည့်စုံချမ်းသာပြီး မပူမပင် နေနိုင်နေကြတယ် မဟုတ်ပါလား .. စကားလမ်းတွေကတော့ လွဲနေပါပြီ .. ကျောင်းလေးအကြောင်း ဆက်ပါဦးမယ် ..

အဲဒီကျောင်းလေးမှာ ကလေးတိုင်းကလည်း မပျော်ရွှင်ကြပြန်ပါဘူး .. တချို့က လူပြန်ထွက်ချင်တယ် .. ထွက်ပြေးချင်ကြပါတယ် .. အပြင်လောက မိဘရင်ခွင်လိုတော့ ဘယ်လွတ်လပ်ခွင့် ရှိကြပါ့မလဲ .. ဒီတော့လည်း ထွက်ပြေးချင်ကြတာ မဆန်းပါဘူး .. ဆရာကြီးတွေ အနေနဲ့က အများကို ထိန်းသိမ်းရတာမို့ ကြပ်မတ်ရတဲ့ အပိုင်းတွေလည်း ရှိပါတယ် .. ကြပ်မတ်ရတဲ့ အကြောင်းတွေကလည်း ပုံလို့ပါပဲ .. ကလေးတယောက်ဆို သူ့မိခင်က မကောင်းတာလုပ်စားရတဲ့ အမျိုးသမီးတဦးပါ .. ဒါပေမယ့် အဲဒီကလေးဟာ ကျောင်းမှာမပျော်ပဲ ထွက်ချင်နေပါတယ် .. အဲလိုမျိုးကျ ဆရာကြီးတွေက ဆူရ ရိုက်ရနဲ့ ဆုံးမပေးရပါတယ် .. ဒီမိန်းကလေး အကယ်၍များ ကျောင်းကထွက်သွားခဲ့ရင် ဘယ်လိုဘ၀မျိုးရောက်မလဲ .. ဒီလိုဆိုတော့ အတတ်နိုင်ဆုံး ဆူတန်ဆူ ရိုက်တန်ရိုက်နဲ့ ကြပ်မတ်ရပါတယ် .. ဒီလိုပါပဲ .. တကယ့်ဘ၀တွေထဲမှာမှ ကိုယ်မသိသေးတဲ့ အခြေအနေမျိုးစုံနဲ့ ဘ၀မျိုးစုံ ရှိနေပါတယ် .. အသက်ကြီးလာလေလေ ပိုမိုသိလာလေလေပါပဲ ..

ကျောင်းလေးဆီ ပုံလေးတွေကြည့်ရင်းနဲ့ အလည်သွားရအောင်ပါ ..

ကျောင်းဝင်း

 ဆောင်ပုဒ်များ ရည်ရွယ်ချက်များကိုလည်း မြင်နိုင်ပါတယ် ..

 ကလေးပီပီ အဆော့မက်ကြတယ် ..
ဟင်းချက်တိုင်း ဈေးရောင်းတိုင်း ဆော့နေတဲ့နေရာကို ရောက်သွားတော့ အဆော့ပျက်သွားကြတယ် .. ပြီးတော့ ဧည့်သည်တွေကို ချောင်းကြည့်နေတယ် ..
 ဓါတ်ပုံရိုက်ချင်လို့ပါ .. ပို့စ်ပေးပါဦးဆိုတော့ ခုလိုမျိုး ပို့စ်ပေးပါတယ် ..
 ဓါတ်ပုံရိုက်ချင်ပါတယ်ဆိုတော့ လူစုပေးကြပြန်တယ် ..
အ၀င်လမ်းပေါ်မှာပါ ..

သူတို့လေးတွေနဲ့ စကားပြောကြည့်တော့ ရောက်ခါစက မိဘနဲ့ ခွဲပြီးလာကြရတဲ့အတွက် ၀မ်းနည်းကြတယ် ငိုကြတယ် .. နောက်ပိုင်းတော့ ရွယ်တူလေးတွေ အစ်မ ညီမတွေလိုဖြစ်ပြီး ပျော်သွားပါတယ် တဲ့ .. ဘယ်လိုပဲ မိဘနဲ့ ခွဲနေရတယ်ဆိုပေမယ့် ချစ်ခင်ဂရုစိုက်မယ့် အစ်မ ညီမနဲ့ သူငယ်ချင်းတွေရှိနေလို့ သူတို့တွေ ပျော်ကြပါလိမ့်မယ် .. ကျောင်းမှာ အတန်းစာအပြင် ဘုရားစာကိုပါ တွဲဖက်သင်ကြားပါတယ် ..

အခွင့်အခါသင့်ခဲ့ရင်လည်း အဲဒီကျောင်းလေးဆီ ရောက်အောင် သွားကြဖို့ တိုက်တွန်းလိုက်ပါတယ် .. အဲဒီကျောင်းလေးမှာ ဆူဆူညံညံ ကစားသံတွေ စာအံသံတွေ ကြားရပါမယ် .. ကလေးတွေရဲ့ မတူညီတဲ့ ဘ၀ဖြတ်သန်းခဲ့ရပုံတွေ ကြားသိရပါမယ် ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...