Saturday, April 16, 2011

ပြုံးနေတဲ့ ပိတောက်ပွင့်လေး

"ဟေ့ .. ဘီးဇီး??"

"အင်း .. ခုမှ အပြင်က ပြန်လာတာ .. သင်္ကြန်အတွက် မဏ္ဍပ်လက်မှတ်သွားဝယ်တာလေ ..း)"

"သြော .. သူတို့တွေများ ကောင်းလိုက်တာနော် .. လည်ဖို့ ပတ်ဖို့ .. မနာလိုဘူးကွာ .."

"ဟွန် မနာလိုဖြစ်နေတယ် .. မကျေနပ်ရင်ပြန်လာခဲ့ပေါ့ .. :P"

"ပြန်လာရင် နင် ငါ့ကို တွေ့ခွင့်ပေးမှာလား .. ??"

"အိုး ဘာဆိုင်တုန်း .. :P"

"တကယ်ပြောတာ .. တွေ့ရမယ်ဆို ပြန်လာမယ်လေ .. ဘယ်လိုလဲ .. ဟဲဟဲ"

ပြောင်ချော်ချော်နဲ့ ဟိုဘက်က သူ့မျက်နှာကို မြင်ယောင်ရင်း အတာ ပြုံးနေမိတယ် ..

သူဆိုတာ လွန်ခဲ့တဲ့ ခြောက်လက ခင်မင်ခဲ့တဲ့ မိုးည ဆိုတဲ့ ကောင်းလေးပါ .. သူကပဲ ကျမရဲ့ သန္တာ ဆိုတဲ့ နာမည်ကို အတာလို့ ပြောင်းခေါ်ခဲ့သူလည်း ဖြစ်ပါတယ် .. ပွင့်လင်း ရိုးသားတဲ့ သူ့ရဲ့ဟန်ပန်နဲ့ ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ အပြောအဆိုတွေကြောင့် တခဏအတွင်းမှာပဲ ပြောမနာ ဆိုမနာ ငယ်ပေါင်းကြီးဖော်တွေလို ခင်မင်ခဲ့ရသူလေးပေါ့ .. ကျမတို့ရဲ့ သံယောဇဉ်တွေက အပြစ်အနာဆာ ကင်းခဲ့ပါတယ် ..

"ဟဲ့ အတာ .. ငါမေးတာ ဖြေလေ .. ငါပြန်လာရင် နင်က တွေ့ခွင့်ပေးမှာလား .."

"အိုး .. ဒီလိုတော့ လွယ်လွယ်ဘယ်ရမလဲ .. ငါ့ကို တွေ့ချင်ရင် ရှာပေါ့ .. တွေ့အောင်ရှာနိုင်ရင် တွေ့မယ် .. ဟဲဟဲ"

ညစ်ကျယ်ကျယ်လေသံနဲ့ ပြန်ပြောတော့ ..

"ငညစ် .. နင့်ဘယ်လိုပုံရှိမှန်းတောင် မသိတာ ငါဘယ်လိုရှာရမှာတုန်း .."

"ငါ နင့်ကို ငါ့ပုံပြထားသားပဲ .."

"ဟမ် .. အော် မမ နင်တော်တော် အကျင့်ပုတ်တာပဲ .. နင်ပို့တဲ့ပုံကိုလည်း နင်ပြန်ကြည့်ဦး .. နင်ကလေးတုံးကပုံ တပုံ .. တမိုင်လောက်က ရိုက်ထားတဲ့ပုံက တပုံ .."

ဟုတ်လည်း ဟုတ်ပါတယ် .. ဓါတ်ပုံတွေ ပြကြမယ်ဆိုတုန်းက သူ့ဆီက လက်ရှိပုံတပုံ ရခဲ့ပေမယ့် ကျမကတော့ ကလေးပုံနဲ့ အတော်လှမ်းလှမ်းက ရိုက်ထားတဲ့ မျက်နှာမမြင်ရတဲ့ပုံကိုသာ ပို့ပေးခဲ့တာလေ ..

"ဟဲ့ .. နင်နဲ့ ငါခင်တာ ဒီလောက်ကြာပြီ မှန်းမတတ်သေးဘူးလား .. :P"

"ဘွားတော် .. နင်တော့လား တွေ့လို့ကတော့ မလွယ်ဘူးမှတ် .. အင်း နင့်မျက်နှာမှာ ထင်ရှားတာဆိုလို့ မျက်ခုံးဒေါင့်လေးမှာ မှဲ့ပါတယ် .. ပါးတဖက်မှာ ပါးချိုင့်လေးရှိတယ် .. အင်းး ပြီးတော့ နင်ပြောဘူးတဲ့အတိုင်းဆို နားထင်မှာ ခဲတံနဲ့ ထိုးမိတဲ့ ဒဏ်ရာရှိတာနော် .. ဟုတ်တယ်မလား .. ဟဲဟဲ .. ငါတော့ ကောင်မလေးတွေ တယောက်ချင်း မျက်နှာကို စေ့စေ့ လိုက်ကြည့်ရမလိုတော့ ဖြစ်နေပြီ .."

":P .."

"အေးလေ ထားပါတော့ .. တခုတော့ ရှိတယ် .. အကယ်၍ ငါနင့်ကို ရှာနိုင်ရင် ငါခိုင်းတာ ၃ခု နင်လုပ်ရမယ် .. ဘယ်လိုလဲ .."

"ငါလုပ်ပေးနိုင်တာဆို လုပ်ပေးမယ်လေ .. အဟဲ မဖြစ်နိုင်တာတော့ လာမခိုင်းနဲ့ မရဘူး .."

"ဂျစ်တူးမ .. သြော် .. ဒါနဲ့ နင်ဘယ်မဏ္ဍပ်မှာ ၀ယ်ထားလဲ .."

"အင်းယားလမ်းက .. ---- မဏ္ဍပ် .."

"အိုကေ ကျေးဇူး .. ငါလာခဲ့မယ် .. ဘိုင့် .."

"ဟမ် .. ဘယ်လို .. ဟဲ့ နေဦး .."

ကျမ ဘယ်လိုခေါ်နေပေမယ့် သူ့ဘက်က မီးရောင်လေး မှိတ်သွားခဲ့ပါပြီ .. ဟိုဘက်မှာ သူရှိနေမလား ကြည့်နေမလား ..

--------------------
"ဟဲ့" သူ့နစ်ခ်လေး စိမ်းလာတာနဲ့ ကျမ တန်းပြီး ခေါ်လိုက်တယ် ..

"ဟ .. လန့်လိုက်တာဟ"

"နင် မနေ့က ပြောသွားတာ တကယ်လား"

"ဘာတုန်း .. ဘာကိစ္စတုန်း .. ပြောတာက အများကြီးလေ"

"နင် မညစ်နဲ့နော် .. နင် ရန်ကုန်ပြန်လာမယ်ဆိုတာ အဟုတ်လား"

"နင်က ဘာလုပ်မလို့လဲ .. လာကြိုမလို့လား .. ဟဲဟဲ"

"သေချင်လို့ .. နင်ပြန်လာမှာ သေချာရင် မဏ္ဍပ်ပြောင်းမလို့ဟေ့"

"ဟဲဟဲ နင်ကလဲ အဲလိုတော့မလုပ်ပါနဲ့ .. :D"

"ဒါဆို နင် အမှန်ပြော"

"အင်းပါ ပြောမယ် .. ငါ အလုပ်က ခွင့်ရလို့ ငါတကယ်ပြန်လာမှာ သင်္ကြန်ကိုး)"

"ဟွန်း .. လာရှုပ်ဦးမယ်"

"အောင်မာ သေချင်တယ် ဟုတ်လား"

"ဟိဟိ .. မဟုတ်ပါဘူးဟ .. နင်ပြန်လာတော့လည်း တွေ့ရတာပေါ့ .."

"နင် ငါ့ကို တွေ့ရင် ခေါ်မှာလား"

"နိုး နိုး .. နင် ငါ့ကို သင်္ကြန်ရက်အတွင်း တွေ့အောင် ရှာပါ .. တွေ့ရင် နင် အစက ပြောထားသလိုပဲ .. ဟုတ်ပြီနော် .. နင် ငါ့ကို ရှာမတွေ့ခဲ့ရင် ငါ့အလှည့်ပေါ့ကွာ .. ဟာဟ"

"အေးပါ ဘယ်လိုပဲ တွေ့ရ တွေ့ရ .. ငါက နင့်ကို အပြင်မှာ တွေ့ချင်နေမိတာ" ဆိုတဲ့ အချိန်မှာ ကျမနှလုံးသာ ခပ်နွေးနွေးဖြစ်သွားခဲ့တယ် ..

--------------------
သင်္ကြန်ရဲ့ အငွေ့အသက်ကြောင့် ရင်ခုန်သလို အွန်လိုင်းမှာ ခင်မင်ခဲ့ရတဲ့ သံယောဇဉ်ရှိရသူလေး ရှာပုံတော်အတွက်လည်း ရင်တွေ ခုန်နေရပါတယ် .. ကောင်မလေးရေ .. ကိုယ်တို့ ရှောင်မပုန်းကြေး ..

--------------------
"နှစ်သစ်မင်္ဂလာ အခါရေသဘင်ပွဲမှာ .. ချစ်ချစ်ခင်စရာ ကြင်သူကို ကိုယ်လေ လိုက်ရှာ .. ဟောတွေ့ပြီဗျာ ဖလားလေးနဲ့ သူရေကစားတာ .." မဏ္ဍပ်တိုင်းဟာ သီချင်းသံကိုယ်စီနဲ့ ရင်ခုန် သက်ဝင် လှုပ်ရှားလာပါတယ် ..

သင်္ကြန် အကြို
"ဟေ့ကောင်တွေ သွားမယ်ဟေ့"

ကျွန်တော်ကပဲ စိတ်စောနေတာလား သူငယ်ချင်းတွေကပဲ အေးဆေးလွန်းလာတော့ မသိပါ .. ကျွန်တော်နိုးပြီး ပြင်ဆင်ပြီးချိန်တိုင်အောင် ဘယ်သူမှ ကောင်းကောင်း မနိုးကြသေး .. (ကောင်းကောင်းမနိုး = ကျွန်တော် အကုန်လုံးကို ကန်ကြောက်နှိုးထားလို့ နိုးနေကြပေမယ့် မထပဲ ဆက်နှပ်နေခြင်း)

"ဟေ့ကောင်တွေ ထကြတော့လေကွာ .."

"ဟေ့ကောင် .. ဒီနေ့ အကြိုနေ့ကွ .. ဘယ်မဏ္ဍပ်မှ ကောင်းကောင်းမဖွင့်ဘူး .. လူတွေလည်း မလာဘူး .. ရေလည်း မပက်ဘူးဟကောင်ရ .. ညနေလောက်မှ စည်မှာ .. သာသနာဖျက် .. လာမနှိုးနဲ့" ပြောပြောဆိုဆို မှတ်ကြီးတယောက် ပြန်အိပ်သွားတယ် .. ကိုယ့်မှာသာ တယောက်တည်း သွားရင်ပဲကောင်းမလား စောင့်ပဲစောင့်ရမလား .. အတာရေ နင်ကရော ..

--------------------
သင်္ကြန်ကျပြီဆိုတဲ့ အသိကြောင့်ရော ရင်ခုန်သံတွေ မြန်နေတာကြောင့်ရော ကျမညက ကောင်းကောင်း အိပ်မပျော်ပေမယ့် မနက်မှာ ကြည်ကြည်လင်လင် နိုးထလာခဲ့တယ် .. မျက်လုံးမဖွင့်ရခင်မှာပဲ ပိတောက်နံ့ သင်းသင်း အနီးအနားက ကလေးတွေ ပျော်ရွှင်စွာ ရေကစားနေသံတွေ သင်္ကြန်သီချင်းသံတွေက ကြိုလင့်တယ် .. မင်္ဂလာပါ သင်္ကြန် ..

အလှပြင်ပြီး ဆံပင်ကို စုစီးလိုက်တယ် .. ဂျင်းဘောင်းဘီနဲ့ လုံလုံခြုံခြုံရှိတဲ့ တီရှပ်ရှည်ရှည်ပွပွကို ၀တ်ပြီးချိန်မှာတော့ ကျမရဲ့ သင်္ကြန်ဖက်ရှင် အဆုံးသတ်ပါတယ် .. လျှာထိုးဦးထုပ်ကိုယူ နေကာမျက်မှန်ယူပြီး သူငယ်ချင်းတွေ လာအခေါ်ကို စောင့်နေလိုက်တယ် .. ကိုယ့်ရင်ခုန်သံက တဆိတ် ကျယ်လွန်းနေသလို ..

--------------------
"ပိုက်စုတ်လေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့ .."

ကားတန်း လူတန်းအထပ်ထပ်နဲ့ သင်္ကြန်သရုပ်ဟာ ပိုပီပြင်လာပါတယ် ..

"ဟိတ်ကောင်တွေ ငါ့ကို ကူရှာပေးကြဦး .. ငါ့ အတာလေးကို .. ဟဲဟဲ" မချိုမချဉ်နဲ့ သူငယ်ချင်းတွေကို မျက်နှာ လုပ်နေရသူက ကျွန်တော် .. ဘီယာနဲ့လည်း မျှားရသေးတယ်လေ ..

"ဟိတ်ကောင် ဟိတ်ကောင် .. ငါ တယောက်တော့ တွေ့တယ်ကွ .. မင်းပြောတဲ့ အချက်တွေနဲ့ အကုန် ကိုက်တယ် .."

"ဟင် ဟုတ်လား ဘယ်မှာလဲ"

"ဟိုမှာ"

"!@#$%%^%$#" ကျွန်တော့် ဆဲသံ အဆုံးမှာ သူငယ်ချင်းတွေကလည်း ၀ိုင်းရီကြတယ် .. ကြည့်ဦးလေ လက်ညှိုးထိုးပြလိုက်တာက နဲတဲ့ အိုဗာဝိတ်ကြီးမဟုတ်ဘူး .. ကနေလိုက်တာလည်း ကွေးလို့ .. အနားမှာတော့ တယောက်မှ မနေရဲကြဘူး .. စင်ပြိုမှာစိုးရလို့ ..

"ဟာ .. မင်းကလဲ သေချာကြည့် .. သူ့မျက်ခုံးမှာ မှဲ့နက်ကြီးတလုံးပါတယ် .. ပြီးတော့ ပါးချိုင့်ရယ် .."

"ဟကောင်ရ ငါ့အတာလေးရဲ့မှဲ့က ဘယ်ဘက် မျက်ခုံးအစွန်းနားဟ .. ပြီး မင့်ဝတုတ်ကြီးမှာ ရှိနေတာ ပချိုင့်မဟုတ်ဘူးဟေ့ ပစုန့်ပစုန့် .."

"ဟားဟားဟား"

နင်လုပ်လို့ ငါ့မှာလေ လူရီစရာကြီးကို ဖြစ်လို့ပါလား အတာရေ ..

--------------------
၃ဆင့်ရှိတဲ့ မဏ္ဍပ်ရဲ့ အပေါ်ဆုံးမှာ အတာရှိနေပါတယ် .. အပေါ်စီးကနေ မြင်ကွင်းအားလုံးကိုလည်း မြင်နေရတယ် ..

အသားဖြူဖြူနဲ့ အကျီအဖြူကိုလည်း ၀တ်ထားတယ် .. နေကာမျက်မှန် ဂျင်းအနက်နဲ့ သူ့ပုံက ပေါ်လွင် နေပါတယ် .. နေကာမျက်မှန်အောက်က မျက်ဝန်းတွေကို မမြင်ရပေမယ့် ပုံသဏ္ဍာန် အနေအထားအရ သူဟာ အတာ့ကို လိုက်ရှာနေတယ်ဆိုတာ စိတ်ထဲ အလိုလို သိနေသလိုပဲ .. နဲနဲတော့ ညှင်းဆဲပါရစေဟာ ..

--------------------
ညနေ စောင်း ၅နာရီလောက်မှာပဲ လှေကားကဆင်း မဏ္ဍပ် နောက်ဖတ်က ပတ်ပြီး အတာ စောပြန်ခဲ့လိုက်တယ် ..

--------------------
ရေမိုးချိုး ထမင်းစားပြီးချိန်မှာတော့ ..

တီ တီ တီ ..

"ဟဲလို"

"ငါ မိုးည .. အတာလား"

"အင်း"

နှစ်ယောက်လုံးရဲ့ အသံက ရင်ခုန်မှုကြောင့် လှုပ်ခတ်နေတယ် ..

"နင် ဒီနေ့ လာလား"

"အေး"

"ငါ့ကို တွေ့လား"

"အင်း"

"ဘာ .."

"အာ .. လန့်လိုက်တာဟယ် .."

"ဟုတ်တယ်လေ .. ငါ့ကိုတွေ့တာတောင် မခေါ်ဘူး" လေသံက ကလေးတယောက် စိတ်ကောက်သလို

"နင်နဲ့ငါက အလောင်းအစားရှိတယ်လေ .. ငါထွက်ပြလို့ ဘယ်ဖြစ်မလဲ .. ဟုတ်ဘူးလား"

"နင်ဟာ အဲလိုတော့မလုပ်နဲ့လေ .. နင်မရှိတဲ့မဏ္ဍပ်မှာ ငါက နင့်ကို ဘယ်လိုရှာရမှာလဲ .. ငါ ရှုံးချင်တာ နိုင်ချင်တာကြောင့် မဟုတ်ဘူး .. နင်နဲ့ တူတူ သင်္ကြန်ကျချင်တာ .. ငါ အရှုံးပေးမယ်"

"ဟင် နင်ကလဲ ဒါဆို ဘယ်ပျော်ဖို့ကောင်းမလဲ .. အချိန်ရှိပါသေးတယ်ဟ .. ကြိုးစားလိုက်ပါဦး .. နော်"

--------------------
ဒီလောက် စိတ်မောရမယ် သိရင် ဒီသင်္ကြန်မှာ မရမက ခွင့် မယူခဲ့ပါဘူး .. ခုတော့ ပျော်ရမယ့်အပျော်လေးတွေက မချင့်မရဲနဲ့ ..

--------------------
စိတ်မရှိပါနဲ့ဟာ .. ငါတို့ရဲ့ ရေစက်နဲ့ စိတ်ချင်းဆက်သွယ်မှု ဘယ်လောက်ထိရှိမလဲ ငါစမ်းသပ်ချင်သေးတယ် ..

--------------------

သင်္ကြန် အကျ

သင်္ကြန်ဟာ အချိန်နဲ့အတူ လိုက်ရွေ့လျားဖို့ တွန့်ဆုတ်နေတယ် .. သင်္ကြန် မရောက်ခင်မှာ ရင်ခုန်ကြတယ် ပျော်ကြတယ် .. သင်္ကြန် မရောက်ခင်တည်းက သင်္ကြန်ပြီးဆုံးသွားမှာကို ကြိုတင် နှမြောကြတယ် .. သင်္ကြန်ဟာ အရင်နေ့ကထက် ပိုပြီး သက်ဝင်လှပလို့နေတယ် ..

"မနေ့ကထက် လူတွေ ပိုများလာတယ်ကွ .. ကောင်မလေးတွေလည်း အလန်းလေးတွေ ချည်းပဲ .. ဟီဟိ"

"လေသံကိုက နှာဘူးသံနဲ့" အမြင်ကတ်ကတ်နဲ့ ပိတ်ဟောက်ပစ်လိုက်တော့ ဟိုကောင်က မဲ့ရှုံ့လို့ ..

နင်ကတော့ ငါ့ကို ကြည့်နေ မြင်နေမလား လှောင်ရယ်နေမလားပဲ .. ငါ့မှာတော့ ဇောတခုနဲ့ ..

"အား"

အသံနဲ့ အတူ သူ့အပေါ်ကို လဲပြိုလာတဲ့အရာတခု .. ဟန်ချက်ကိုထိန်းရင်း ကြည့်လိုက်တော့ မိန်းမငယ်လေး တယောက် ..

"အကို မတော်လို့ပါနော် .. စိတ် မရှိပါနဲ့"

"ရပါတယ် ကိစ္စမရှိပါဘူး .. ရရဲ့လား .. နာသွားသေးလား"

"မနာပါဘူး အကိုခံနေလို့ပေါ့ .. ဟိဟိ"

သင်္ကြန်မယ်လေးတယောက် ငယ်ငယ်ရွယ်ရွယ် ရေစိုနေတဲ့အလှနဲ့ သူ့ရှေ့တည့်တည့်ရောက်လာခဲ့တယ် .. သူငယ်ချင်းတွေရဲ့ မျက်ဝန်းတွေကတော့ မြှောက်ထိုးပင့်ကော်မျက်လုံးတွေနဲ့

"အကို ထမင်းစားပြီးပြီလား .."

"အကို အအေးသောက်မလား ယူခဲ့မယ်လေ .."

"အကို ညီမတို့သူငယ်ချင်းတွေက အကုန် မိန်းကလေးတွေချည်းပဲ ယောက်ျားလေးသူငယ်ချင်းတွေ မပါလို့ အကိုတို့ ညီမတို့ဘက် လာ ကစားပါလားဟင် .."

အကြောင်းအရာပေါင်းများစွာနဲ့ တရွေ့ရွေ့ ..

--------------------
"ဟဲ့ ဟိုမှာ ကြည့်ဦး နင့်လူ"

"ဟဲ့ နင့်ကိုတော့ မေ့ပြီထင်တယ်နော် .. ကောင်မလေးက အသွက်လေး"

"မိန်းမ နင်ကိုက လျှာရှည်တာကိုး .. ဟိုက နင့်ဆီ လာတွေ့တယ် .. နင်က ပေရှည်နေတာကိုး .. ခုတေ့ ကြည့်ဦး"

သူငယ်ချင်းတွေရဲ့ စကားတွေလည်း နားထဲမှာ အူလာနေပြီ .. ကျမ ဘယ်လိုလုပ်ရမလဲ .. ဆင်းသွားပြီး ငါဟာ အတာပါလို့ ပြောလိုက်ရမလား .. သင်္ကြန်ရေလဲ မအေးနိုင်တော့ပါလားနော် ..

--------------------
"ငါ အောက်မှာ အအေးသွားယူဦးမယ်"

ပြောပြောဆိုဆို ကျမ လှေကားအတိုင်း ဆင်းလာခဲ့တယ် ..

--------------------
"အို .." ကျမ အကျီ င်္ပေါ် ရဲကနဲ ဖျော်ရည်တွေ မှောက်ကုန်တယ် ..

"ဟယ် .. အစ်မ ဆောရီး ဆောရီး"

"သြော် .. ညည်းကလေ လုပ်လိုက်ရင် အရမ်းချည်းပဲ"

အသံကြားဘူးလို့ ကြည့်လိုက်တော့ ..

နေကာမျက်မှန်ကိုယ်စီအောက်က ငါ့တို့ မျက်ဝန်းတွေ ဆုံနေခဲ့လား .. နင့်အကြည့်တွေကရော ငါ့ဆီမှာ ရှိနေရဲ့လား ..

--------------------
ဒီနေ့သင်္ကြန်ရက်ကတော့ ကျမအတွက် ရင်မောစရာတွေပေးတယ် .. ဟူး .. ဘယ်လိုလဲကွယ် ..

တီ တီ တီ ..

"ဟဲလို"

"နင်က အတော် အပုန်းကောင်းတယ်နော် .."

"ငါကပဲ ပုန်းတယ် ဖြစ်ရသေး .. ဟွန်း"

"ဟားဟား .. အေးပါ .. ဒါပဲဟာ ပင်ပန်းတယ် အိပ်တော့မယ် .. ဂွတ်နိုက်"

ငါက ပုန်းရှောင်နေတာလား နင်ကပဲ မရှာအားတော့တာလား .. ငါ နင့်ရှေ့ကို ရောက်လာတာတောင် နင် ငါ့ကို မမြင်နိုင်တော့တာနော် ..

--------------------
သင်္ကြန် အကြတ်

သင်္ကြန်အတွင်း သင်္ကြန်ကိုလွမ်းရင်းကို အကြတ်နေ့ရောက်လာခဲ့ပြီလေ .. မနက်ဖြန်ဆို နောက်ဆုံးနေ့ .. ငါ အမြဲတမ်းများ လွမ်းရမလားပဲ ..

ပျော်မြူးနေကြတဲ့ လူတွေ ကြားထဲမှာ မပျော်နိုင်တာ သူမ တယောက်တည်းလား .. ရေပက်တာကို စိတ်မပါပဲ အောက်က မြင်ကွင်းကိုသာ ကြည့်နေမိတယ် .. နင် ငါ့ကို ချက်ချင်းပဲ မေ့လိုက်ပြီလား မိုးည ..

"ငါ Toilet သွားဦးမယ်"

မဏ္ဍပ် လှေကားအောက် မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ..

မိန်းကလေးက သောက်တာများပြီး အန်နေတာကို မိုးညက ပြုစုလို့ .. သူမ မျက်နှာလွှဲလိုက်တယ် .. တော်ပါသေးရဲ့ နေကာမျက်မှန်အကာအကွယ်ပေးထားလို့ သူမ မျက်ဝန်းတွေကို ဘယ်သူမှ မမြင်နိုင်တာ ..

"ညည်းဟာ .. မသောက်တတ်ပဲများ သောက်ရတယ်လို့" တဗျစ်တောက်တောက် အသံတွေကို ကျောခိုင်းရင်း သူမ အပြေးတပိုင်း ခြေလှမ်းတွေနဲ့ ဝေးရာကို ထွက်ခဲ့တယ် .. ကျမ ဆုံးရှုံးလိုက်ရပြီ ထင်ပါရဲ့ ..

--------------------
တီ တီ တီ ..

"ဟဲလို"

"ဟဲ့ .. ဘယ်လိုလဲ သင်္ကြန်က ပျော်ဖို့ကောင်းတယ်နော်"

"အေးလေ လူတိုင်းပျော်ကြတာပဲ အထူးအဆန်းလား"

"ဟင် .. နင့်လေသံကလဲ ဆောင့်ကြီးအောင့်ကြီးနဲ့ .. သင်္ကြန်ပြီးသွားမှာ နှမြောစရာကြီးနော် .."

"အေးလေး နင်ကတော့ နှမြောနေမှာပေါ့" မရည်ရွယ်ပဲထွက်သွားတဲ့ စကားကြောင့် ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်တယ် ..

"တမျိုးလည်း ကောင်းပါတယ် .. သင်္ကြန်တွင်းမှာ နင်နဲ့ မတွေ့ဖြစ်ရင် သင်္ကြန်ပြီးတော့ နင်ကိုယ်ထင်ပြမှာပဲဟာ .. ဟီးဟီး"

"သေချင်နေတယ် .. ဟဲ့ .. ငါစိတ်ပြောင်းသွားပြီ .. သင်္ကြန်မှာ နင် ငါ့ကို ရှာမတွေ့လို့ကတော့ ငါ ထွက်ပြဖို့လည်း စိတ်ကူး မရှိတော့ဘူး .. ဒါပဲ .. အိပ်တော့မယ် .. ဂွတ်နိုက်" ဒီညတော့ သူမ ဦးအောင်ပဲ ဖုန်းချပြီး ဖုန်းကို ပိတ်ပစ်လိုက်တယ် ..

မနက်ဖြန်ကို မျှော်လင့်ရင်း ငါကြောက်နေမိတယ် ..

--------------------
သင်္ကြန် အတက်

လူတွေ အကုန်လုံးရဲ့ ပုံစံကတော့ ဒီနေ့တရက်ပဲ ကျန်တော့လို့ လွှတ်ပျော်လိုက်တော့မယ်ဆိုတဲ့ ပုံမျိုး .. အားလုံးဟာ နှမြောတသစွာနဲ့ပဲ သင်္ကြန်ကို ကျောခိုင်းဖို့ ပြင်ဆင်နေကြတယ် .. ကျမလည်း ကျောခိုင်းဖို့ ပြင်ရဦးမယ် ..

ညက တော်ရုံနဲ့ အိပ်မပျော်လို့ မနက်အလင်းမှာ ခေါင်းက နောက်ကျိကျိဖြစ်နေတယ် .. မဏ္ဍပ်ရောက်ရောက်ချင်း အပေါ်ကို မတက်ပဲ ပန်းခြံထဲ ထွက်ခဲ့လိုက်တယ် ..

အင်းယားကန်ကြီးက လှိုင်းကြက်ခွတ်လေးတွေနဲ့ နေထွက်ကာစ နေရောင်တွေ တောက်လို့ .. သာမန်ချိန်ဆို တော်တော်လှတဲ့ မြင်ကွင်းလေးပဲ .. ခုတော့လည်း စိတ်ထဲ မလန်းဆန်းနိုင်ပါဘူး ..

မဏ္ဍပ်ပေါ်သွားဖို့ အပြင် ခုံတန်းလျားပေါ် လှည့်ကြည့်မိတော့ ..

"ဟင်" ပန်းလေးတပွင့် .. ဖဲကြိုးလေး စည်းလို့ .. ဒီပန်း အစတည်းက ရှိနေတာလား .. ဘယ်တုန်းက ဘယ်သူထားသွားတာလဲ .. သူမ တကယ်ပဲေ၀၀ါးနေခဲ့တယ် ..

ပန်းပွင့်လေး ကောက်ယူ ကြည့်မိတော့ .. "နောက်ပန်းတပွင့်ကို ရှာပါ .. ညာကြည့်" တဲ့ ..

ညာဘက်ကို ဝေ့၀ဲကြည့်မိတော့ .. ပန်းရောင် နှင်းဆီလေး တပွင့် .. သွားပြီး ကောက်ယူလိုက်တော့ .. "သင် ဒီနေ့ အလုပ် ၃မျိုး လုပ်ရမည် .. ပန်းနောက်တပွင့်ရှာပါ" "ဟွန်" သူမ နှာခေါင်းလေး ရှုံ့ရင်း ပြုံးမိတယ် ..

အနီးအနား ဝေ့၀ိုက် ကြည့်မိတော့ .. နှင်းဆီလေး နောက်တပွင့် .. "၁။ ကိုယ့်အပေါ် ချစ်မြတ်နိုးနေသူကို စိတ်မကောက်ရ" အနီးအနား ထပ်ရှာကြည့်တော့ နောက်ပန်းပွင့်လေး "၂။ ဒီနေ့ ချစ်စကားပြောလာသူကို ပြန်ချစ်ရမည်။" သူမ နှုတ်ခမ်းလေးတွေ ကွေးညွှတ်နေတယ် .. နောက်ပန်းလေးတပွင့် "၃။ နောက်ဆုံးအလုပ်ကို ပိုင်ရှင်ထံတွင်မေးပါ .." သူမ အသံထွက်ပြီရယ်မိတယ် ..

"ဂျစ်တူးမ .. ဘာရယ်နေတာတုန်း"

အသံလာရာကို သူမကြည့်ပြီး သူ့ကိုမြင်တော့ မျက်စောင်းထိုးလိုက်တယ် ..

"ငါ့ပါးစပ်နဲ့ ငါရီတာ ဘာဖြစ်လဲ"

"ဟားဟား အေးပါ .. ရီ ရီ"

"နင့်ကောင်မလေးရော"

"ဘယ်က ကောင်မလေးလဲ"

"နင့်အနားက နင့်ကောင်မလေးပေါ့"

"ငါ့အနားက ကောင်မလေး .. နင်လေ ငါ့အနီးဆုံးမှာရှိနေတာ နင်ပဲဟာ"

"အပိုတွေ လာမပြောနဲ့ .. ဒီက လူတွေ အကုန် သိတယ်"

"ဟားဟား .. နင်က စိတ်ကောက်နေတာလား .. ဒီလောက်စကားနာထိုးနေပုံ ထောက်ရင်"

"အောင်မာ .. နာတော့မယ် နင်တော့"

"နံပါတ် ၁ စာထဲမှာ စိတ်မကောက်ရဘူး ပြောထားတယ်နော် .. နံပါတ်၂ ကလည်း ချစ်စကားပြောရင် လက်ခံပါတဲ့ ငါ အချိန်မှီ ရှာတွေ့လို့ ငါ့စကားနင်နားထောင်ပြီး ငါခိုင်းတာ လုပ်ရမှာ နောက် နံပါတ် ၃ က"

သူမ နှာခေါင်းရှုံ့လိုက်တယ် ..

"နှာခေါင်း မရှုံ့နဲ့လေ"

"အေးအေး မရှုံ့ဘူး နံပါတ် ၃ ပြီးသွားပြီနော် .. ဟဲဟဲ"

"ဟမ် ဘာဆိုင်တုန်း"

"မသိဘူး ဆိုင်ပါသည် .. မရတော့ပါ ၃ခု ပြည့်သွားပါပြီ .. ဟာဟ"

"အမ် .. လူလည်မ .. ဟင်း မိုးည မိုးည .. မင်းတော့ တသက်လုံး ဒင်းလူလည်လုပ်သမျှ ခံရတော့မယ် ထင်ပါတယ်ကွာ"

"အောင်မာ မလုပ်ပါဘူးနော် .. ဟွန်း"

"တကယ်နော် .. ငါ့ကို အပျော်လည်း မကြံသွားရဘူး"

"ဟွန်း .. ငါ့လက်ခုပ်ထဲက ရေပဲ .. သွန်လိုသွန် မှောက်လိုမှောက်ကို လုပ်ပစ်မှာ .. ဟိဟိ"

"ငါဘ၀တော့ သွားပါပြီကွာ"

"ဒါပေါ့ .. နင် လူပေါင်းမှားပြီ"

"ငါ့ဘ၀နဲ့ ငါ ရှိပါစေတော့ကွာ"

"ဟားဟား .. တော်ပါတော့ဟယ်"

"သင်္ကြန်နောက်ဆုံးရက်တောင် ရောက်နေပြီနော် .. ငါက နင်နဲ့ ရေကစားချင်တာပါဆို .."

"တော်စမ်းပါ .. ဟိုကောင်မလေးနားမှာ ပျော်နေပြီးတော့ .. ငါက မမြင်ဘူး သိလား .. ဟွန်း"

"အဲဒါက နင့်စိတ်ကို စမ်းတာ .."

"ဟွန်း အစမ်းကောင်း .. ခုတော့ နင်နဲ့ငါ ရေကစားဖို့ ဒီနေ့ တရက်ပဲ ရှိတော့တယ်"

"ဘယ်ဟုတ်မလဲ .. နောက်နှစ်တွေ နှစ်တိုင်း ငါတို့ တူတူရှိနေမှာပဲဟာ .. နောက်နှစ် သင်္ကြန်ကို ရောက်ဖို့ ၃၆၅ ရက်ပဲ လိုတော့တာလေ"

သူမ ပြုံးပြီး ခေါင်းညိတ်လိုက်တယ် ..

"အတာ .."

"ဟင်"

"ငါ နင့်ကို အရမ်းချစ်တယ် .. ငါ့ကို ပြန်ချစ်ပါနော်"

ဆိတ်ဆိတ်နေခြင်းက ၀န်ခံခြင်းတဲ့
စကားလုံးတွေမလုံလောက်တဲ့ ချစ်ခြင်းအတွက် ရှာဖွေပြီးလည်း မပြောချင်တော့ဘူး
ငါ့တို့မျက်ဝန်းတွေ အချင်းချင်း ၀န်ခံပြီးသားပဲကွယ် ..

Thursday, April 14, 2011

အတူတူတွန်းရင် ရွေ့နိုင်ပါသည်


မင်္ဂလာရှိသော သင်္ကြန်အခါသမယလေးပါ ..း))

ကြော်ငြာလေး တခုလောက် ၀င်ချင်လို့ပါရှင် .. :D

မိုင်စုဗူးဆိုတဲ့ ဆိုက်ကလေးကို ကျမ လွန်ခဲ့တဲ့ ၂နှစ်ကျော် ၃နှစ် စလုံးကို ရောက်ပြီး သိပ်မကြာခင်မှာ သိခဲ့ပါတယ် .. စုဗူးအဖွဲ့လေးက စည်းစည်းလုံးလုံးနဲ့ ပျော်စရာ အတော် ကောင်းခဲ့ပါတယ် .. နောက်ပိုင်းတော့ ကိုယ်တဦးတည်း ဘလော့တခု ဆောက်ဖြစ်ပြီးနောက်ပိုင်း စုဗူးနဲ့ အနေဝေးခဲ့တယ်ပေါ့လေ ..

ခု လပိုင်းမှာ စုဗူးက သူငယ်ချင်းတွေနဲ့ ပြန်ပြီး အဆက်အသွယ်ရခဲ့ပါတယ် .. စုဗူးရဲ့ လုပ်ဆောင်ချက်တွေ ပြီးမြောက်မှုတွေကိုလည်း သိခွင့်ရခဲ့ပါတယ် ..

မိုင်စုဗူးအဖွဲ့လေးက လူငယ်တွေနဲ့ ဖွဲ့စည်းထားပါတယ် ..

အခုလှုပ်ရှားနေတဲ့ အပိုင်းတွေကတော့ ....

၁) Mysuboo Fan Club Donation Group (www.mysuboofanclub.com)
၂) Suboo Blood Donor Group (www.suboobdg.co.cc)
၃) Suboo Fund raising Group
- Suboo Anyeint (စုဗူးအငြိမ့်သဘင်)
- Suboo Music Club
၎) Suboo Poetry Club
၅) Knowledge Sharing Group
- Joint with M51A (www.m51a.com)
၆) Health Care & Dental Care Service Group
၇) Suboo Education Scholarship Fund
၈) Suboo Act of Sweeping Group
၉) Music & IT Development Group
- www.entervillage.com (Coming Soon) စသည့်အထက်ပါ activities ၉ ခုနဲ့လုပ်ဆောင်နေပါတယ်။ သို့ပေမယ့် အမှတ်စဉ် (၇) ကတော့ ရှေ့နှစ်မှာ အကောင်အထည်ဖော်သွားမယ့် activities ဖြစ်ပီး။ အမှတ်စဉ် (၉) ကတော့ ၂၀၁၁ ဖေဖော်ဝါရီ လဆန်းပိုင်းမှာ စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။

မိုင်စုဗူးအဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ လိုအပ်နေတဲ့ နေရာ တနေရာချင်းကို ဇောက်ချလှူဒါန်းသွားဖို့ ဖြစ်ပါတယ် ..

၂၀၁၀ တွင် ဖန်ကလပ်ရဲ့ ရည်ရွယ်ချက်အရ တစ်နှစ်အတွင်း လှူဒါန်းမှု တစ်ခုကို တစ်နေရာထဲ ဇောက်ချ လှူဒါန်းပြီး အသိပညာရေး ကျန်းမာရေး လူမှုရေး ဘ၀နေထိုင်မှု ပုံစံတို့ကို ပြောင်းလဲပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း ပဲခူးတိုင်း အင်းတကော်မြို့နယ် လိုင်နီကျေးရွာရှိ အောင်သိန္ဒိဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုပင် ဇောက်ချလှူဒါန်းမှု ပြုလုပ်ခဲ့ပြီး အလိုင်နီကျောင်းရှိ ကလေးများ နှင့် လည်းကောင်းတို့၏ ပတ်ဝန်းကျင်ကိုပါ တိုးတက်ပြောင်းလဲလာအောင် ကြိုးစား ဆောင်ရွက်ခဲ့ပါသည်။

ထိုအလိုင်နီကျောင်းအတွက် လှူဒါန်းမှုတွေကတော့ -

ပထမဦးဆုံး လှူဒါန်းမှုအနေဖြင့် ဖေဖော်ဝါရီလတွင် (၇) သိန်းကျော်ဖြင့် စတင်ခဲ့ပါတယ် ..

ဒုတိယအကြိမ် အနေဖြင့် ကျောင်းရှိ ကလေးငယ်များ စာသင်နေသော ဓမ္မာရုံအား ပြန်လည်ပြုပြင်မွမ်းမံ ရေစက်ချ လှူဒါန်းနိုင်ခဲ့ပြီး စာကြည့်တိုက် တစ်ခု ကိုလည်း မတည်ပေးနိုင်ခဲ့ပါတယ် .. ဒုတိယအကြိမ်လှူဒါန်းငွေ ကတော့ စုစုပေါင်း ၃၄ သိန်းကျော်ခဲ့ပါတယ် ..

သြဂုတ်လမှာတော့ တတိယအကြိမ်အဖြစ် ကျောင်းနှင့် အနီးအနားရွာများမှ ရွာသူရွာသားများအတွက် ဆေးပေးခန်း တစ်ခုကို ကျောင်းတွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ထိုဆေးပေးခန်းအတွက် လှူဒါန်းငွေကျပ် ၁၀ သိန်းဝန်းကျင် ကုန်ကျခဲ့ပါတယ် ..

စတုတ္ထအကြိမ်အနေဖြင့် အလိုင်နီကျောင်းအတွက် တစ်ထပ်စာသင်ကျောင်းဆောင် (100 x 20 x 15) ကို ဆောက်လုပ် လှူဒါန်းခဲ့ပြီး တန်ဖိုး ငွေကျပ် သိန်း ၁၃၀ ကျော်ရှိခဲ့ပါတယ် .. ထိုသို့ ပြုလုပ်လှူဒါန်းနေစဉ် ၂၀၁၀ ခုနှစ်အတွင်းမှာပဲ Health Care & Dental Care Service ရှိ ကျာင်းသား/သူ များနှင့် ပူးပေါင်းလက်တွဲပြီး အလိုင်နီကျေးရွာရှိ ရွာသားများအား အခမဲ့ ခံတွင်းနှင့်သွား စစ်ဆေးကုသပေးခြင်းများကို အကြိမ်များစွာ ပြုလုပ် ကုသိုလ်ပြုနိုင်ခဲ့ပါတယ် ..

အခု တခါ ပဲခူးတိုင်း အင်းတကော်မြို့နယ်၊ အလိုင်နီကျေးရွာ အောင်သိန္ဒိဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးသော ကျောင်းသား/သူ (၂၅၅) ယောက်အား ပြင်ပဗဟုသုတ ရစေရန် နှင့် အမြင်ကျယ်စေရန် အကျိုးကို ရည်ရွယ်လျှက် ကလေးများအတွက် လေ့လာရေး ခရီးစဉ်အဖြစ် လာမည့် ၁.၅.၂၀၁၁ (May Day) နေ့မှာ ရန်ကုန်မြို့ ရှိ ရွှေတိဂုံဘုရား နှင့် တိရစ္ဆာန် ဥယျာဉ်အား လေ့လာရေး ခရီးအဖြစ် ပို့ဆောင်ပေးမည့် စေတနာဒါန အစီအစဉ် တခုကို စီစဉ်ထားရှိပါတယ် ..

ကျောင်းမှာရှိကြတဲ့ ကလေးငယ်လေးများဟာ ငယ်ရွယ်စဉ်အချိန်ကတည်းက မိဘမဲ့အနေနှင့်တမျိုး ဆင်းရဲနွမ်းပါးမှုနှင့်တဖုံ ကြုံဆုံ ခဲ့ရတဲ့အတွက် ပြင်ပဗဟုသုတ အကြားအမြင် အားနည်းမှုများ ရှိခဲ့ပါတယ် .. သူတို့လေးတွေရဲ့ သိစိတ် မသိစိတ်ထဲမှာလဲ အားငယ်စိတ်တွေ အထီးကျန်စိတ်တွေ ၀င်ရောက်နေနိုင်ပါတယ် ..

ကိုယ်တွေတုန်းကတော့ မိစုံ ဖစုံ ဆွေမျိုးအစုံ .. မိဘကို ပူဆာလို့မရတာတွေဆို အနားက ဦးလေး အဒေါ် အစ်မ စတာတွေကို အပူကပ်ခဲ့ကြတာတွေ ဆိုးခဲ့တာတွေ ပျော်ရွှင်ခဲ့ကြတာတွေ မှတ်မိကြဦးမှာပါ .. သူတို့လေးတွေမှာ အဲလို အခွင့်အရေးမရကြရှာပါဘူး ..

အဲဒါကြောင့် ကလေးတွေရဲ့ စိတ်ကို ပျော်ရွှင်စေမယ့် အသိဥာဏ်ပညာလည်း တိုးပွားစေမယ့် ဒေသန္တရ ဗဟုသုတ အလို့ငှာ မေလ (၁)ရက်နေ့ အစီအစဉ်ကို မိုင်စုဗူးအဖွဲ့က စီစဉ်ကြတာ ဖြစ်ပါတယ် ..

အစီအစဉ်အတွက် ခန့်မှန်း ကုန်ကျမည့် စရိတ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် ..

၁။ ကား (BUS) = ၂၇၀၀၀၀

၂။ နေ့လည်စာ (ကြာဇံကြော်) = ၁၂၀၀၀၀

၃။ သောက်ရေ = ၄၅၀၀၀

၎။ Z00 ၀င်ကြေး = ၁၅၀၀၀

၅။ ဦးထုတ် = ၉၁၀၀၀

စုစုပေါင်း ငွေကျပ် ၅၄၁,၀၀၀ ခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားရှိပါတယ် ..

*အလှူငွေ ပိုမိုရရှိပါက ထက်မံ၍ နေရာဒေသ စုံ ပို့ဆောင်နိုင်အောင် စီစဉ်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်*

ကျမကတော့ အဝေးမှာ ရောက်နေသူဖြစ်တော့ လူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ မလုပ်ပေးနိုင်ပါဘူး .. ကိုယ်တတ်နိုင်သလောက် လှူဖို့နဲ့ အလှူရှင်တွေ ပေါ်ပေါက်လာအောင် နှိုးဆော်ပေးဖို့ပဲ တတ်နိုင်ပါတယ် ..

ကျမ စဉ်းစားမိတာလေ .. စလုံးမှာရှိတဲ့သူတွေ တယောက်ကို စလုံးဒေါ်လာ ၅ဒေါ်လာနှုန်းပဲ လှူပါဦး ၁၀ဦးဆို ဒေါ်လာ ၅၀ အယောက် ၂၀ဆို ဒေါ်လာ ၁၀၀ ရပါမယ် .. အလှူရှင်တဦးချင်းအတွက် မသိမသာ ကုန်သွားမယ့် ထမင်းတနပ်စာဟာ အမှန်တကယ်လိုအပ်နေသူတွေအတွက် အထောက်အပံ့ ဖြစ်လာနိုင်ပါတယ် ..

ကလေးတွေဟာ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေဆိုရင် အနာဂတ်မှာ လင်းလက်တောက်ပဖို့ ကျမတို့ တတ်နိုင်သလောက် အရောင်တင်ပေးကြရအောင်ပါ ..

ကမ္ဘာအရပ်ရပ်က လှူဒါန်းလိုသူတွေကလည်း အောက်မှာဖော်ပြပါထားတဲ့ ကျမတို့ရဲ့ အဖွဲ့ဝင်တွေဆီ ဆက်သွယ် လှူဒါန်း နိုင်ပါတယ် .. အားလုံးပဲ နှစ်သစ်မှာ စိတ်ဆင်းရဲကိုယ်ဆင်းရဲခြင်း ဒုက္ခမှ ကင်းဝေးပြီး ပျော်ရွှင် ကျန်းမာ ကြပါစေ ..

ဆက်သွယ်လှူဒါန်းရန် -

Myanmar
Ko Sai Naung Ph: 09-73106054 ( Mysuboo Admin )
Email: junesai21@gmail.com

Ko Min Min ( Mysuboo Admin )
Email: yeminhtut.minmin@gmail.com

Ko Soe Moe ( Mysuboo Admin )
Email : soedawarat@googlemail.com

Ko Phone Thant Kyaw ( Mysuboo Admin )
Email: thurathawah.ptk@gmail.com

Ma Su Lei (Suboo Blood Donor Group)
Ph: 09-73067994
Email : blesses.god@googlemail.com

Ma Nang Su Ph: 09- 5061217
Email : nangsu@gmail.com
=========================================

USA

Ko Satt Paing ( ဗညားရှိန် ) ( Mysuboo Admin )
Ph : +1 2018889751
Email : lynnkhitdeno301@gmail.com
=========================================

Malaysia

Ko Aung Naing Lin
Ph : +600177029817
Email : aung@kenwood.com.my
dedameimee@googlemail.com
============================================

Singapore

Ma Nwe Nwe Oo
Ph : +65 90750901
Email : nwenwe1984@gmail.com

Ma May Thae`/Moe Khar
Ph : +65 92393049
Email: moekhar.85@gmail.com
============================================

England

Ko Zar Ni Aung
Ph : +44 7525159282
Email : znaung81@gmail.com
============================================

India(New Delhi)

U Nyanadipa
Ph: +91 9958519113
Email : nyanadipa@gmail.com
============================================

Russia

Ko Kyaw Swar Win
Ph: +7 9266232620
Email: pyochittaw@gmail.com
============================================

1) www.mysuboofanclub.com
2) suboobdg.co.cc
3) www.m51a.com
4) www.entervillage.com

Wednesday, April 13, 2011

ပိတောက်ပျိုမလေး အတွက်

သင်္ကြန်မိုးလေး တဖျောက် နှစ်ဖျောက်ရွာတော့
ပိတောက်ပင်ပျိုကလည်း အားနာပါးနာ ပွင့်ပေးတယ်
အတာကူးတဲ့ တန်ကူးရောက်လို့ ..။

အပျိုမလေး ပိတောက်တခက်ကတော့
အပင်ရဲ့ ဟိုးအမြင့်မှာ
လူတကာ မမြင်ခင် လောကကြီးကို စူးစမ်းလို့ ..။

အပျိုမလေးတွေ ပျော်တယ် မြူးတယ် ရူးတယ် မူးတယ်
လူပျိုလေးတွေ ပျော်တယ် မြူးတယ် ရူးတယ် မူးတယ် ..။

ဆယ်ကျော်သက်လဲ ပါရဲ့
အရွယ်တော် တစိတ် နှစ်စိတ်ဟိုင်းလဲ ပါရဲ့
ဖြူဖြူ ညိုညို ပျိုပျို အို.. စုံလို့ ..။

တချို့လည်း မျက်လွှာလေးချ စင်္ကြန်လျှောက်
တချို့လည်း မဏ္ဍာပ်အလယ် က ပြ ခုန် ပေါက်
အမှတ်ကလေးတော့လည်း မလွတ်စေချင်တယ် ..။

ရိုးရာတွေလည်း ပျောက်
စိတ်ဓါတ်တွေလည်း ဖောက်
အပျော်နဲ့ အပျက် ဒွေးရောယှက်တင်တယ် ..။

ဖူးစ ပွင့်စ ပိတောက်မလေးရယ်
နုနယ်ပျိုမြစ်စမို့
အတုယူ မမှားဖို့တော့ လိုလိမ့်မယ် ..။

မင်္ဂလာနှစ်သစ်ကူးလေးဖြစ်ကြပါစေ .. မင်္ဂလာရှိစွာ ကျော်ဖြတ်နိုင်ကြပါစေကြောင်း ..း))

ငြင်ငြင်သာသာလေးပဲ ရေလောင်းလိုက်ပါမယ် .. ))))ဗွမ်းးးးးးးးးးးးးးး ဗွမ်းးးးးးးးးးးးးး(((( :P

Friday, April 1, 2011

ဖူးဖူး

"ဖူးဖူးရေ .. ဖူးဖူး .. "

"သြော် .. သမီးငယ် သူငယ်ချင်းတွေပါလား .. သမီးတို့ သူငယ်ချင်း အပေါ်ထပ်က သူ့အခန်းထဲမှာကွဲ့ .."

"ဟုတ်ကဲ့ အန်တီ .. သမီးတို့ တက်သွားလိုက်မယ်နော် .."

"အေးအေး .. သမီးတို့ .."

ဖူးဖူး အမေ အန်တီမိ ဘုရားပန်းအိုးလဲတာကို ကျော်ပြီး သူငယ်ချင်းတစု လှေကားအတိုင်း ပြေးတက်ခဲ့ကြတယ် .. ဖူးဖူးရဲ့ အခန်းတံခါးကို အဖွင့် ..

"ဖူးဖူးမ .."

"ဟယ် .. ဖူးဖူးဘာဖြစ်တာလဲမသိဘူး .. ဟဲ့ ဖူးဖူးရေ ဖူးဖူး .."

ကြမ်းပေါ်မှာ လဲနေတဲ့ ဖူးဖူးကို တွေ့တော့ သူတို့အားလုံး အရမ်းလန့်သွားကြတယ် ..

သူတို့ ပြေးအထူမှာ ဇက်ကျိုးကျနေတဲ့ ဖူးဖူးကို တွေ့တော့ သူတို့အားလုံးသွေးပျက်သွားကြတယ် ..

"အန်တီရေ .. အန်တီ .. ဖူးဖူး ဘာဖြစ်တာလဲမသိဘူး .. လာပါဦး .." ငိုသံပါကြီးနဲ့ ထွေးထွေးက အန်တီမိကို ပြေးခေါ် .. အန်တီမိလည်း အလန့်တကြား အပေါ်ထပ်ပြေးတက်လာခဲ့တယ် ..

"ဘာဖြစ်တာလဲ .. ဘာဖြစ်တာလဲ .. ဟယ် .. သမီးငယ် .. သမီးငယ် .. "

"ဝေး .. ဧပရယ်ဖူးလ် .."

"ဟယ် .. ဒီကလေးမ"

"ဟယ် .. ကြည့်စမ်း အစုတ်ပလုတ်မ"

"!@#%$^&&*#$%^"

ဆဲနည်းပေါင်းစုံနဲ့ ဖူးဖူးကို ထုတဲ့လူထု ရိုက်တဲ့လူရိုက် .. ဖူးဖူးဆိုတဲ့ မိန်းကလေးကတော့ အပြုံးမပျက် တဟဲဟဲ ရယ်ရင်းနဲ့ ..

နောက်ဆုံး မခံနိုင်တဲ့ အဆုံး ..

"အား တော်ပါတော့ဟ .. ခုနက တကယ်မသေပဲ နင်တို့ ရိုက်မှ သေတော့မယ်" .. စပ်ဖြဲဖြဲနဲ့ ဖူးဖူး ..

"သမီးဟာလေ တော်တော် အစသန်တယ် .. မေမေဖြင့် လန့်သွားတာပဲကွယ် .. ကဲကဲ သူငယ်ချင်းတွေနဲ့ နေခဲ့တော့ .. အောက်မှာ ဘုရားပန်းလဲရင်းတန်းလန်းကြီးနဲ့ .. ဟင်း .."

မေမေကတော့ မျက်စောင်းတခဲခဲနဲ့ အောက်ထပ်ကို ဆင်းသွားခဲ့တယ် ..

"ဖူးဖူးမ နင်ဟာလေ .. တော်တော်ဆိုးတာပဲ .. ငါတို့ ဘယ်လောက်တောင် စိုးရိမ်သွားလဲ သိလား .. ထွေးထွေးက ငိုမဲ့မဲ့နဲ့ ပြောတယ် .."

"အစုတ်ပလုတ်မ .. နင်ဟာလေ .." အိလဲ့ ကလဲဆူချင်နေသေးတယ် ..

သူငယ်ချင်းတွေ ၀ိုင်းပြောတော့လဲ ဖူးဖူးမျက်နှာလေးငယ်လို့ .. တကယ်က ငယ်ချင်ယောင်ဆောင်နေတာ ..

ဖူးဖူးဆိုတာ ဒီလိုပါပဲ .. အိမ်မှာလဲ အငယ်ဆုံး သူငယ်ချင်းတွေထဲမှာလည်း အငယ်ဆုံးမို့ ကလေးလည်း ဆန်သလို အရမ်းလည်း အစနောက် သန်တယ် .. ဒါပေမယ့် သူ့ကိုပဲ ၀ိုင်းချစ်နေကြတာလေ ..

နာမည်ကိုက ဧပရယ်ဖူး .. မွေးတော့ ဧပရယ် ၁ရက်နေ့ .. စလိုက်နောက်လိုက်ရင် သူများ မျက်ရည်ထွက်မှ ရပ်တတ်တယ် .. ထွေးထွေးတို့ကတော့ ဒိုင်ခံအငို မင်းသမီးပေါ့ ..
----------

"ကဲ .. မမ နင့်မွေးနေ့မို့ ငါတို့က လက်ဆောင်ပေးဖို့ ချီတက်လာတာ .. ခုတော့ အစီအစဉ်ဖျက်လိုက်ပြီ .. မပေးတော့ဘူး .. နင်ပဲ အကြွေးဆပ်တဲ့အနေနဲ့ မုန့်လိုက်ကျွေးပေတော့ .. နုထွေးက ဆိုတယ် .."

"ကောင်းပါပြီဟာ .. လက်ဆောင်ပေးတယ် မပေးတယ်ကတော့ နင်တို့ စေတနာပါ .. ငါက နင်တို့ကို ကျွေးဖို့ စေတနာရှိပြီးသား .. ငါတို့ သူငယ်ချင်း၎ယောက်ထဲမှာမှ ငါက စေတနာ အကောင်းဆုံး ဒါကြောင့်လည်း ငါက အလှဆုံး ဖြစ်နေတာပေါ့ကွယ် .."

"!@#$%^%$#"

ပြောင်ချော်ချော် ဖူးဖူးစကားကြောင့် အားလုံး ၀ိုင်းပြီး မေတ္တာပို့ကြတယ် ..
----------

"မေမေရေ .. သမီး သူငယ်ချင်းတွေကို မုန့်လိုက်ကျွေးလိုက်ဦးမယ်နော် .. ဘုရားဦးတော် ၀င်လုပ်ခဲ့ပြီ .. မေမေ့ကိုလည်း ရှိခိုးဦးမယ် .. ဟဲ့ .. နင်တို့ပါလာရှိခိုးလေ .."

"ဖူးဖူးက ဒီလိုဆိုတော့လည်း လိမ္မာလို့ပဲ .. ဘယ်ချိန်ထဖောက်မယ်တော့မသိဘူး .." မေမေက ချစ်စနိုးနဲ့ ဆိုတယ် ..

"မေမေ ဆုတွေ အများကြီး ပေးနော် .. ပြီးရင် မုန့်ဖိုးလည်း အများကြီး ပေးနော် .. ဟိဟိ .. သမီးက တောင်းချင်လို့ တောင်းတာ မဟုတ်ပါဘူး .. ဒီကောင်တွေကို မုန့်ကျွေးရမှာလေ .. သူတို့က အစားပုတ်တာ မေမေရ .."

နုထွေးက အသံတိတ်ဆဲတယ်

ထွေးထွေးက မျက်စောင်းထိုးတယ်

အိလဲ့က လက်သီးလေးဆုပ်ပြတယ် ..

ဖူးဖူးသူငယ်ချင်းတွေက ဖူးဖူးလိုပဲ သိပ်ချစ်ဖို့ ကောင်းတယ် ..
----------

သူငယ်ချင်း ၄ယောက် အိမ်က ထွက်လာပြီး ဘုရားအရင်တက်ဖို့ ဆုံးဖြတ်လိုက်တယ် .. တက်စ်စီတစီးတားပြီး ဈေးတည့်ပြီဆိုတာနဲ့ ဖူးဖူးက ရှေ့ခန်းက နေရာယူတယ် ..

ကားပေါ်ရောက်တာနဲ့ ဖူးဖူးရဲ့ အင်တာဗျူးခန်း စပါပြီ .. တက်စ်စီသမားကြီးကို ..

"ဦးလေးက တက်စ်စီမောင်းတာ ကြာပြီလား .."

"အင်း .. ကြာပြီကွဲ့ .."

"အဆင်ပြေတယ်မလား ဦးလေး .."

"ပြေတယ်လဲ မဟုတ်ပါဘူးကွယ် .. ဒီလိုပဲ ရှာလိုက် သုံးလိုက် ကုန်လိုက်ပါပဲ"

"ဦးလေးက သားသမီး ဘယ်နှစ်ယောက် ရှိလို့လဲ"

"၃ယောက်ကွဲ့ .. သား၂ယောက် သမီး ၁ယောက် .. သမီးက အငယ်ဆုံးလေ .."

"ဟုတ်လား .. သမီးကလည်း မောင်နှမ ၃ယောက် .. သမီးက အငယ်ဆုံးလေ .. သမီးအထက်က မမနဲ့ ကိုကို ရှိတယ် .." စသည်ဖြင့် ဖူးဖူးတို့ သူများ နားထောင် ချင်ချင် မထောင်ချင်ချင် လိုရာကို မရောက်မချင်း စကားသေနတ်ပစ်ပါတော့တယ် ..
----------

ဘုရားပေါ် အတက် ကလေးတသိုက်က ခိုလေးတကောင်ကို စက္ကူပုံးထဲမှာ ထည့်ပြီး ဆော့ကစားနေတာကို တွေ့လိုက်တယ် .. ဆတ်တောက်ဆတ်တောက်နဲ့ ဖူးဖူးတယောက် ကလေးတသိုက်နား ရောက်သွားပြီး ..

"ဟဲ့ ကလေးတွေ .. နင်တို့ တော်တော် ဆော့စရာ ရှာသလား .. ဒီမယ်ကြည့်စမ်း ခိုလေး ဘယ်လောက်တောင် ကြောက်နေပြီလဲ .. လွှတ်ပေးလိုက် .. ခုလွှတ်ပေးလိုက် .. တော်တော်ကိုယ်ချင်းစာစိတ်မရှိတာပဲ .. နင်တို့သာ အဲလိုပုံးထဲ ဖမ်းခံထားရပြီး ၀ိုင်းဆော့ရင် ခံနိုင်မလား .."

ဖူးဖူးတယောက် မမောနိုင်မပန်းနိုင် ကလေးတသိုက်ကို သြ၀ါဒ ခြွေပါတော့တယ် .. ကလေးတွေကတော့ ပုဒ်မကြီးကြီးတပ်ခံရတော့မယ့် တရားခံလေးတွေလို ပြူးကြောင်ကြည့်လို့ .. ဖူးဖူးပြောသမျှလည်း နားလည်တဲ့ပုံတော့ မပေါ်ပါဘူး .. ဒါပေမယ့် ကလေးဆိုတော့ မပြောသာပေဘူးလေ .. သူငယ်ချင်းတွေကတော့ ဖူးဖူးနား ယောင်လို့တောင် မလာပါဘူး .. ဒါကြုံနေကျ ဖြစ်နေကျ ဝေးဝေးကပဲ ကြည့်နေကြတယ် ..

ခိုလေးကို လွှတ်ပေးလိုက်ပြီးတော့ ဖူးဖူးတယောက် ကလေးတွေကို မုန့်ဖိုးပေးလိုက်တယ် .. အဲဒီတော့လည်း ကလေးတွေ ပျော်ပျော်ကြီး ပြေးထွက်သွားကြပြန်တယ် .. ဒီလိုပဲ ဖူးဖူးဆိုတာ သူ့ထက် နဲနဲငယ်တာနဲ့ ဆရာဝင်လုပ်မှကျေနပ်တတ်တဲ့ ကလေးကြီးလေး ဖြစ်နေပြန်တယ် ..
----------

ဘုရားပေါ်ရောက် .. ဘုရားပန်းကပ် ရေသပ္ပယ်တော့လည်း ခုနက ဘုဆတ်ဆတ်နဲ့ သာလိကာမလေးက သူမဟုတ်တော့သလို ..
----------

"ကဲ .. ပြီးရင် နင်တို့ ဘယ်သွားချင်လဲ .. ဘာစားချင်လဲ .."

"ကိုရီးယားစာသွားစားမယ် .. ပြီးရင် ကစားကွင်းသွားတာပေါ့ .. ဘယ်လိုလဲ .." အိလဲ့က မဲဆွယ်တယ် .. အားလုံးကလည်း သဘောတူတယ် ..

"အိုကေလေ .. နင်တို့ ပိုက်ဆံ အလုံအလောက်ပါတယ်မလား ..:P"

ကျန်၃ယောက်သာ နဂါးမလေးတွေဆို ဖူးဖူးတခါတည်း ပြာဖြစ်သွားလောက်တယ် .. နောက်မှ ရယ်ကျဲကျဲနဲ့ ..

"အလကားပြောတာပါ နင်တို့ကလည်း .. အဟဲ .. ငါ့ရှိစုမဲ့စုလေးတွေတော့ ကုန်ပါပြီ .." မကြားတကြား ပြောသေးတယ် ..

နောက်ဆုံး အားလုံးသဘောတူညီမှုနဲ့ ကိုရီးယားစာရောင်းတဲ့ ဆိုင်ဆီချီတက်ကြတယ် ..
----------

"ဘာစားမှာလဲ .."

"ငါက ရေညှိထမင်းလိပ် .. ငါက ကိုရီးယားထမင်းသုပ် .. ငါက ပဲခေါက်ဆွဲ .."

"ဒါဆို ငါက ကင်မ်ချီထမင်းကြော်စားမယ် .." ပြောပြောဆိုဆို ဘေးနားက ဖြတ်သွားတဲ့ အကျီနက်နဲ့ လူရဲ့ အကျီလက်ကို လှမ်းဆွဲတယ် .. ဒီလို ဖူးဖူးဆိုတာ လက်မြန်ခြေမြန် ..

"ဒီမယ် .. မှာမလို့ .. ရေညှိထမင်းလိပ်တပွဲ ကိုရီးယားထမင်းသုပ်တပွဲ ပဲခေါက်ဆွဲ တပွဲ ပြီးတော့ ကင်မ်ချီ ထမင်းကြော်တပွဲ .. အအေးက နောက်မှ ထပ်မှာမယ် .."

"ခင်ဗျာ .."

"ဟယ် .. မမှတ်မိဘူးလား .. ရေညှိထမင်းလိပ်တပွဲ ကိုရီးယားထမင်းသုပ်တပွဲ ပဲခေါက်ဆွဲ တပွဲ ပြီးတော့ ကင်မ်ချီ ထမင်းကြော်တပွဲ .. အအေးက နောက်မှ ထပ်မှာမယ်လို့ ပြောတာ .."

"မဟုတ်ဘူးခင်ဗျ ကျွန်တော်က ဒီက ၀န်ထမ်းမဟုတ်ပါဘူး .."

"ဟင် .." ခုလိုဆိုတော့ ဖူးဖူးတယောက် မျက်နှာချက်ချင်းရဲတက်လာပြီး ..

"သြော် .. ဟုတ်လား မသိလို့ပါ .. ဆောရီးနော် .. ဟီး .." မချီသွားဖြဲလေးနဲ့ ဖူးဖူးပေါ့ .. ဒီလိုပဲ ဖူးဖူးဆိုတာ လုပ်လိုက်ရင် ခုလိုမျိုးလေးလဲ လွဲတတ်ပါသေးတယ် ..

ဟိုတယောက်ကတော့ ခပ်ပြုံးပြုံးနဲ့ ထွက်သွားလေရဲ့ ..
----------

မတော်တဆလေးပါပဲ
ခဏလေးရဲ့ အရိပ်က
ကိုယ့်နောက်နား တ၀ဲလည်လည်
ရှေးဘ၀က ရေစက်တွေကြောင့် ထင်ရဲ့ ..။
----------

ခဏလေးပါပဲ
မျက်တောင်တဖျတ်ခတ်မှာ
ရင်ခုန်သံတွေ ညံခဲ့တယ်
ပျော့ပြောင်းညင်သာမှုတွေကြောင့် ထင်ရဲ့ ..။
----------

ဒီနေ့ ဖူးဖူးတို့ သူငယ်ချင်းတွေ တရုတ်စကားပြော သင်တန်းစတက်ရမယ် .. သင်တန်းစစချင်းရက်မှာပဲ သူငယ်ချင်းတသိုက် တက်ကြွလို့ .. ပါးစပ်ကလည်း ကြည့်ထားသမျှ တရုတ်ကားထဲက စကားတွေ ပြောနေကြတယ် ..

"ဝေါ်အိုက်နီ ဖူးဖူး .. "

"ဝေါ်ပုကျိတောက် အိလဲ့ .."

"ဟဲ့ဟဲ့ .. ဖူးဖူး .. ဟိုမှာ နင့် ကင်မ်ချီ .." ထွေးထွေးပြရာကို လှမ်းကြည့်မိတော့ .. သူ .. အမြဲတမ်းပြုံးနေလား ထင်ရတဲ့ နှုတ်ခမ်းတစုံနဲ့ ..

"ဟဲ့ .. မြင်သွားပြီ ငါတို့ကို .. မှတ်မိလားတော့ မသိဘူးနော် .."

"မင်္ဂလာပါ ခင်ဗျာ .. ကျနော့ကို မှတ်မိလား မသိဘူး .."

အဲဒီမှာ ခုနက အရှိန်မသေတဲ့ အိလဲ့က

"ဝေါ်ကျိတောက် ဝေါ်ကျိတောက် .."

ဒီလိုနဲ့ ..

သင်တန်းကာလလည်း ၆လလောက် ရှိနေခဲ့ပြီ .. ကျမတို့ ကြားထဲက ခင်မင်မှုတွေလည်း သံယောဇဉ်တွေပါ တိုးလို့ ..
----------

တရက် ..

"ကင်မ်ချီ .. နင်မျက်နှာလည်း မကောင်းပါလား .."

"အင်း .. စိတ်နဲနဲ ညစ်နေလို့ပါ .."

"ဘာလို့လဲဟ .. နင်စိတ်ညစ်ရင် ငါတို့ကို ပြောပြလေ .. ငါတို့မှာ အကြံကောင်းမရှိဘူးလို့ ဘယ်ပြောနိုင်မလဲ .."

သူ ခပ်ယဲ့ယဲ့ပြုံးတယ် ..

"မိသားစု ကိစ္စပါဟာ .."

"အေးပါ နင်မပြောချင်လဲ နေပါ .. ငါတို့က နင်စိတ်သက်သာစေချင်လို့ မေးတာ .."

"မပြောချင်တာမဟုတ်ပါဘူးဟာ .. ပြောချင်စိတ်မရှိတာ .. ဒါပေမယ့် ခု မပြောလဲ နောက်သိရမှာပါပဲ .."
----------

ကလင် ကလင် ကလင် ..

"ဟယ်လို .."

"ဖူးလား .. ငါပါ .."

"အင်း ကင်မ်ချီ ပြော .."

"ငါ နင့်ကို ပြောစရာရှိလို့ .."

"ပြောလေ .. ဘာလဲ .."

"သေချာနားထောင်နော် .. ဝေါ်.. အိုက်.. နီ"

"ဘာလဲ .. ဒါ တရုတ်စကားကျင့်ရမယ့်ချိန် မဟုတ်ဘူး .." ဖူးဖူး ရွတ်ပြီး ပြောလိုက်တယ် .. ရှက်တဲ့စိတ်လဲ ပါတယ်ပေါ့ ..

"ဖူး .. ငါလေ နင့်ကို စတွေ့တည်းက စိတ်ဝင်စားပြီး ချစ်ခဲ့တာထင်တယ် .. နင့်ကို ဖွင့်ပြောချင်ပေမယ့် စိတ်ဆိုးမှာလဲ ဆိုးတယ် .. ဒါပေမယ့် ခုချိန်မှ ငါ ဖွင့် မပြောလိုက်ရင် နောက်ဆိုတာ မသေချာဘူး .. ဒါကြောင့် ငါနင့်ကို ခုပြောတာ .. နင်စိတ်မဆိုးပါနဲ့နော် .."

ဖူးဖူး ဘာမှ မတုန့်ပြန်မိ .. သူကပဲ ဆက်ပြီး ..

"ဖူး အိပ်ရင် အိပ်တော့လေ .. မိုးချုပ်နေပြီ .. ဂွတ်နိုက် .. အိပ်မက်လှလှမက်ပါစေ .."

ရည်းစားစကားပဲပြောပြီး အဖြေပြန်တောင်းဖို့ စကားမဆိုတဲ့ သူ့ကို ဖူးဖူး ဘယ်လို နားလည်ရမလဲ .. ဒါနဲ့များ အိပ်မက် ဘယ်လိုလှနိုင်ပါ့မလဲဟယ် ..
----------

နောက်တရက် ..

"ဟဲ့ .. ကင်မ်ချီလဲ မလာသေးဘူးနော် .."

"အင်း .. ဖူးဖူး ခပ်လေးလေး တုန့်ပြန်မိတယ် .."

ဘာလို့လဲ .. ရည်းစားစကား ပူပူနွေးနွေးပြောထားပြီး မရောက်လာတာ .. ပြန်ချစ်ဖို့ စဉ်းစားဖို့ စကားတခွန်းမှ မဟခဲ့တာ .. ဒါတွေကိုပဲ ကိုယ်တိုင်ရော ပြန်တွေးနေမိတာ .. နင် တဆိတ်တော့ လွန်တယ်ဟာ .. ချစ်စကားပြောပြီး ဘာလို့ ချစ်လားတခွန်း မမေးခဲ့တာလဲ .. ငါ နင့်ကို စိတ်ဆိုးချင်တယ် ..
----------

"ဟဲ့ .. ကင်မ်ချီ ကျောင်းမလာတာ ၁ပတ် ရှိတော့မယ်နော် .. ဘာတွေ ဖြစ်နေလဲမသိဘူး .." ထွေးထွေးက တွေးတွေးဆဆ ပြောတယ် ..

"မသိပါဘူးဟာ .. ငါနဲ့လည်း အဆက်အသွယ် မရဘူး .."

"ဟိုနှစ်ကောင်ကလည်း မလာသေးဘူး .." ထွေးထွေး စကားလမ်းကြောင်းလွှဲလိုက်တယ် .. "ဟော ဟိုမှာ လာနေပြီ .."

"ဟဲ့ .. ငါ ကင်မ်ချီ သူငယ်ချင်းတယောက်နဲ့ တွေ့ခဲ့တယ် .."

"ဘာတဲ့လဲ .."

သူပြောတာတော့ ..

"ပြောလေဟာ .. နင်ကလဲ သူ ဘာတွေဖြစ်နေလဲ .."

"သူတို့ တအိမ်လုံး ဒီမှာ မရှိကြဘူးတဲ့ .. အတိအကျတော့မဟုတ်ဘူးဟာ .. သူပြောတာ ငါပြန်ပြောတာနော် .. ကင်မ်ချီ အော်ပရေးရှင်း လုပ်ရမယ်ပြောတယ် .."

"ဖူးဖူး သက်ပြင်းပဲ ခပ်လေးလေး ချမိတယ် .. နင် ဘာတွေများ ဖြစ်နေလဲ .."
----------

ဘယ်သူ့အလိုအတွက်များ
ငါဘ၀ထဲ ရောက်ခဲ့တာလဲ
အတိတ်ကို ပြန်သွားခွင့်ရှိရင်
ငါ့မွေးနေ့ပွဲရက်တွေ အကုန်
မီးမှောင်ချလို့ ငါတယောက်တည်း နေချင်ရဲ့ ..။

ထွက်သွားချင်သူရေ
တုတ်နှောင်ခဲ့တဲ့ သံယောဇဉ်တွေ ပြန်ယူသွားပါ
နောက်ကြောင်းပြန်ခွင့်သာရှိခဲ့ရင်
သံယောဇဉ်ကို သေချာထုပ်ပိုး
ချောင်ကျကျနေရာတခုမှာ
ငါသေချာ သော့ခတ်ထားချင်ရဲ့ ..။

ခုတော့
ရက်လွန်သံယောဇဉ်တွေကြောင့်
အလွမ်းချည်း အနားကျန်နေရစ်ခဲ့တယ် ..။
----------

"ဖူးဖူးရေ .. ဖူးဖူး .."

"ဟော သမီး သူငယ်ချင်းတွေ လာကြပြီလား .. သမီးတို့ သူငယ်ချင်း အဆင်သင့်ပြင်နေလေရဲ့ .."

"ဟုတ် အန်တီ သမီးတို့ တက်သွားလိုက်မယ်နော် .."

အပေါ်ထပ်ရောက်တော့ တံခါးက စေ့ရက်လေး .. သူတို့ တွန်းဖွင့်ဝင်လိုက်ပြီး ..

"ဟက်ပီးဘတ်ဒေး ငဖူးမ .."

"ကျေးဇူး .." ဖူးဖူး ပြုံးနေပေမယ့် အသက်တော့ မ၀င်လှ ..

"အဆင်သင့်ဖြစ်ရင် သွားမယ်လေ .."

"အင်း .. သွားမယ်လေ .."
----------

"ကဲ .. ကိုရီးယားဆိုင်ပဲ သွားမယ်နော် .."

"အိုကေလေ .."

"ဖူးဖူး နင်မသွားချင်ဘူးလား .."

"မဟုတ်ပါဘူး .. သွားမယ်လေ .."
----------

"ဖူးဖူး .. နင် ကင်မ်ချီထမင်းကြော်ပဲလား .."

တခြားလည်း မစဉ်းစားချင်တော့တာနဲ့ ခေါင်းညိမ့်ပြလိုက်တယ် ..

"အစ်မ ဘာများ သုံးဆောင်မလဲ ခင်ဗျာ .."

အသံလာရာ မေ့ကြည့်မိတော့ ..

"ဟင် .. နင် .."

မူပိုင် အပြုံးတခုနဲ့ နှုတ်ခမ်းတစုံလုံး ၀ိုင်းနေအောင် ပြုံးပြနေတယ် ..
----------

"ငါ ဒီရက်ကိုစောင့်နေတာ .. ပြောချင်တာတွေလည်း အများကြီးပဲ .. ငါလေ ငါ့အကို အတွက် အသည်းအစားထိုးဖို့ လိုတယ်ဆိုလို့ .. ငါတို့ တအိမ်လုံ သွားကြတာ .. အသည်းက ငါ့ဆီက ၃ ပုံ ၁ ပုံ လှူရမှာတဲ့ .. စစချင် သိရတော့ အကိုမို့ လှူလည်း လှူချင်တယ် .. ပြီးတော့ ကြောက်လည်း ကြောက်တယ် .. ငါ တခုခုဖြစ်သွားမှာ ဖြစ်သွားရင် ဆိုပြီးတော့ပေါ့ .. ဒါကြောင့်လဲ နင့်ကို ပြန်ချစ်ဖို့ မတောင်းဆိုခဲ့တာ .. ခုတော့ ငါလည်း နေကောင်းပြီ အကိုလည်း နေပြန်ကောင်းပြီ .. ငါ့ကို ပြန်ချစ်ပါနော် .."

"အို မချစ်ပါဘူး .. နင့်ကို ဘယ်တုန်းကမှ မချစ်တာ .. စိတ်ကူးယဉ်မနေနဲ့ .."

"ဖူး .. ငါတောင်းပန်ပါတယ် .. ငါ့ကို စိတ်ဆိုးနေတယ်ဆို ကျေနပ်အောင် တောင်းပန်မယ် ဆုံးဖြတ်ပြီးသားပါ .. ငါ့ကို ခွင့်လွှတ်ပါဟာ .."

ဖူးဖူး ခေါင်းကို လေးလေးပင်ပင် ခါယမ်းပြလိုက်တယ် .. ပြီးမှ စပ်ဖြဲဖြဲနဲ့ .. "ဝေး .. ဧပရယ်ဖူးလ် ကွ .."

"အမ် .."

"ကင်မ်ချီရယ် .. ငါက နင့်ကို ခွင့်မလွှတ်နိုင်စရာ မရှိပါဘူး .. ခွင့်လွှတ်ပြီးသားပါ .. ခုလိုအကြောင်းစုံရှင်းပြတော့ ပိုတောင် စိတ်ထဲရှင်းသွားသေးတယ် .. နင် နောက်တခါ ဘာပဲစိတ်ညစ်စရာ ရှိရှိ ငါ့ကို ပြောပြတိုင်ပင်ရမယ်နော် .. ချစ်သူတွေဆိုတာ တယောက် အပူတယောက် မျှယူရမယ် .. တယောက်အပျော် တယောက် ဝေမျှရမယ်လေ .. နော် .."

ခုတော့လည်း ကိုရီးယားဆိုင်လေးမှာ အရင်နှစ်ကလို ရယ်သံတွေ ပျံ့လွင့်လို့ .. အားလုံးရဲ့ မျက်နှာမှာလည်း အပြုံးကိုယ်စီနဲ့ .. ပျော်ရွှင်စွာ ဇာတ်ပေါင်းကြလေသတည်း တဲ့ ..

(ဒီတခါတော့ အရင်နှစ်ကလို မကွဲပစ်တော့ပါဘူး .. :D)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...