Friday, April 1, 2011

ဖူးဖူး

"ဖူးဖူးရေ .. ဖူးဖူး .. "

"သြော် .. သမီးငယ် သူငယ်ချင်းတွေပါလား .. သမီးတို့ သူငယ်ချင်း အပေါ်ထပ်က သူ့အခန်းထဲမှာကွဲ့ .."

"ဟုတ်ကဲ့ အန်တီ .. သမီးတို့ တက်သွားလိုက်မယ်နော် .."

"အေးအေး .. သမီးတို့ .."

ဖူးဖူး အမေ အန်တီမိ ဘုရားပန်းအိုးလဲတာကို ကျော်ပြီး သူငယ်ချင်းတစု လှေကားအတိုင်း ပြေးတက်ခဲ့ကြတယ် .. ဖူးဖူးရဲ့ အခန်းတံခါးကို အဖွင့် ..

"ဖူးဖူးမ .."

"ဟယ် .. ဖူးဖူးဘာဖြစ်တာလဲမသိဘူး .. ဟဲ့ ဖူးဖူးရေ ဖူးဖူး .."

ကြမ်းပေါ်မှာ လဲနေတဲ့ ဖူးဖူးကို တွေ့တော့ သူတို့အားလုံး အရမ်းလန့်သွားကြတယ် ..

သူတို့ ပြေးအထူမှာ ဇက်ကျိုးကျနေတဲ့ ဖူးဖူးကို တွေ့တော့ သူတို့အားလုံးသွေးပျက်သွားကြတယ် ..

"အန်တီရေ .. အန်တီ .. ဖူးဖူး ဘာဖြစ်တာလဲမသိဘူး .. လာပါဦး .." ငိုသံပါကြီးနဲ့ ထွေးထွေးက အန်တီမိကို ပြေးခေါ် .. အန်တီမိလည်း အလန့်တကြား အပေါ်ထပ်ပြေးတက်လာခဲ့တယ် ..

"ဘာဖြစ်တာလဲ .. ဘာဖြစ်တာလဲ .. ဟယ် .. သမီးငယ် .. သမီးငယ် .. "

"ဝေး .. ဧပရယ်ဖူးလ် .."

"ဟယ် .. ဒီကလေးမ"

"ဟယ် .. ကြည့်စမ်း အစုတ်ပလုတ်မ"

"!@#%$^&&*#$%^"

ဆဲနည်းပေါင်းစုံနဲ့ ဖူးဖူးကို ထုတဲ့လူထု ရိုက်တဲ့လူရိုက် .. ဖူးဖူးဆိုတဲ့ မိန်းကလေးကတော့ အပြုံးမပျက် တဟဲဟဲ ရယ်ရင်းနဲ့ ..

နောက်ဆုံး မခံနိုင်တဲ့ အဆုံး ..

"အား တော်ပါတော့ဟ .. ခုနက တကယ်မသေပဲ နင်တို့ ရိုက်မှ သေတော့မယ်" .. စပ်ဖြဲဖြဲနဲ့ ဖူးဖူး ..

"သမီးဟာလေ တော်တော် အစသန်တယ် .. မေမေဖြင့် လန့်သွားတာပဲကွယ် .. ကဲကဲ သူငယ်ချင်းတွေနဲ့ နေခဲ့တော့ .. အောက်မှာ ဘုရားပန်းလဲရင်းတန်းလန်းကြီးနဲ့ .. ဟင်း .."

မေမေကတော့ မျက်စောင်းတခဲခဲနဲ့ အောက်ထပ်ကို ဆင်းသွားခဲ့တယ် ..

"ဖူးဖူးမ နင်ဟာလေ .. တော်တော်ဆိုးတာပဲ .. ငါတို့ ဘယ်လောက်တောင် စိုးရိမ်သွားလဲ သိလား .. ထွေးထွေးက ငိုမဲ့မဲ့နဲ့ ပြောတယ် .."

"အစုတ်ပလုတ်မ .. နင်ဟာလေ .." အိလဲ့ ကလဲဆူချင်နေသေးတယ် ..

သူငယ်ချင်းတွေ ၀ိုင်းပြောတော့လဲ ဖူးဖူးမျက်နှာလေးငယ်လို့ .. တကယ်က ငယ်ချင်ယောင်ဆောင်နေတာ ..

ဖူးဖူးဆိုတာ ဒီလိုပါပဲ .. အိမ်မှာလဲ အငယ်ဆုံး သူငယ်ချင်းတွေထဲမှာလည်း အငယ်ဆုံးမို့ ကလေးလည်း ဆန်သလို အရမ်းလည်း အစနောက် သန်တယ် .. ဒါပေမယ့် သူ့ကိုပဲ ၀ိုင်းချစ်နေကြတာလေ ..

နာမည်ကိုက ဧပရယ်ဖူး .. မွေးတော့ ဧပရယ် ၁ရက်နေ့ .. စလိုက်နောက်လိုက်ရင် သူများ မျက်ရည်ထွက်မှ ရပ်တတ်တယ် .. ထွေးထွေးတို့ကတော့ ဒိုင်ခံအငို မင်းသမီးပေါ့ ..
----------

"ကဲ .. မမ နင့်မွေးနေ့မို့ ငါတို့က လက်ဆောင်ပေးဖို့ ချီတက်လာတာ .. ခုတော့ အစီအစဉ်ဖျက်လိုက်ပြီ .. မပေးတော့ဘူး .. နင်ပဲ အကြွေးဆပ်တဲ့အနေနဲ့ မုန့်လိုက်ကျွေးပေတော့ .. နုထွေးက ဆိုတယ် .."

"ကောင်းပါပြီဟာ .. လက်ဆောင်ပေးတယ် မပေးတယ်ကတော့ နင်တို့ စေတနာပါ .. ငါက နင်တို့ကို ကျွေးဖို့ စေတနာရှိပြီးသား .. ငါတို့ သူငယ်ချင်း၎ယောက်ထဲမှာမှ ငါက စေတနာ အကောင်းဆုံး ဒါကြောင့်လည်း ငါက အလှဆုံး ဖြစ်နေတာပေါ့ကွယ် .."

"!@#$%^%$#"

ပြောင်ချော်ချော် ဖူးဖူးစကားကြောင့် အားလုံး ၀ိုင်းပြီး မေတ္တာပို့ကြတယ် ..
----------

"မေမေရေ .. သမီး သူငယ်ချင်းတွေကို မုန့်လိုက်ကျွေးလိုက်ဦးမယ်နော် .. ဘုရားဦးတော် ၀င်လုပ်ခဲ့ပြီ .. မေမေ့ကိုလည်း ရှိခိုးဦးမယ် .. ဟဲ့ .. နင်တို့ပါလာရှိခိုးလေ .."

"ဖူးဖူးက ဒီလိုဆိုတော့လည်း လိမ္မာလို့ပဲ .. ဘယ်ချိန်ထဖောက်မယ်တော့မသိဘူး .." မေမေက ချစ်စနိုးနဲ့ ဆိုတယ် ..

"မေမေ ဆုတွေ အများကြီး ပေးနော် .. ပြီးရင် မုန့်ဖိုးလည်း အများကြီး ပေးနော် .. ဟိဟိ .. သမီးက တောင်းချင်လို့ တောင်းတာ မဟုတ်ပါဘူး .. ဒီကောင်တွေကို မုန့်ကျွေးရမှာလေ .. သူတို့က အစားပုတ်တာ မေမေရ .."

နုထွေးက အသံတိတ်ဆဲတယ်

ထွေးထွေးက မျက်စောင်းထိုးတယ်

အိလဲ့က လက်သီးလေးဆုပ်ပြတယ် ..

ဖူးဖူးသူငယ်ချင်းတွေက ဖူးဖူးလိုပဲ သိပ်ချစ်ဖို့ ကောင်းတယ် ..
----------

သူငယ်ချင်း ၄ယောက် အိမ်က ထွက်လာပြီး ဘုရားအရင်တက်ဖို့ ဆုံးဖြတ်လိုက်တယ် .. တက်စ်စီတစီးတားပြီး ဈေးတည့်ပြီဆိုတာနဲ့ ဖူးဖူးက ရှေ့ခန်းက နေရာယူတယ် ..

ကားပေါ်ရောက်တာနဲ့ ဖူးဖူးရဲ့ အင်တာဗျူးခန်း စပါပြီ .. တက်စ်စီသမားကြီးကို ..

"ဦးလေးက တက်စ်စီမောင်းတာ ကြာပြီလား .."

"အင်း .. ကြာပြီကွဲ့ .."

"အဆင်ပြေတယ်မလား ဦးလေး .."

"ပြေတယ်လဲ မဟုတ်ပါဘူးကွယ် .. ဒီလိုပဲ ရှာလိုက် သုံးလိုက် ကုန်လိုက်ပါပဲ"

"ဦးလေးက သားသမီး ဘယ်နှစ်ယောက် ရှိလို့လဲ"

"၃ယောက်ကွဲ့ .. သား၂ယောက် သမီး ၁ယောက် .. သမီးက အငယ်ဆုံးလေ .."

"ဟုတ်လား .. သမီးကလည်း မောင်နှမ ၃ယောက် .. သမီးက အငယ်ဆုံးလေ .. သမီးအထက်က မမနဲ့ ကိုကို ရှိတယ် .." စသည်ဖြင့် ဖူးဖူးတို့ သူများ နားထောင် ချင်ချင် မထောင်ချင်ချင် လိုရာကို မရောက်မချင်း စကားသေနတ်ပစ်ပါတော့တယ် ..
----------

ဘုရားပေါ် အတက် ကလေးတသိုက်က ခိုလေးတကောင်ကို စက္ကူပုံးထဲမှာ ထည့်ပြီး ဆော့ကစားနေတာကို တွေ့လိုက်တယ် .. ဆတ်တောက်ဆတ်တောက်နဲ့ ဖူးဖူးတယောက် ကလေးတသိုက်နား ရောက်သွားပြီး ..

"ဟဲ့ ကလေးတွေ .. နင်တို့ တော်တော် ဆော့စရာ ရှာသလား .. ဒီမယ်ကြည့်စမ်း ခိုလေး ဘယ်လောက်တောင် ကြောက်နေပြီလဲ .. လွှတ်ပေးလိုက် .. ခုလွှတ်ပေးလိုက် .. တော်တော်ကိုယ်ချင်းစာစိတ်မရှိတာပဲ .. နင်တို့သာ အဲလိုပုံးထဲ ဖမ်းခံထားရပြီး ၀ိုင်းဆော့ရင် ခံနိုင်မလား .."

ဖူးဖူးတယောက် မမောနိုင်မပန်းနိုင် ကလေးတသိုက်ကို သြ၀ါဒ ခြွေပါတော့တယ် .. ကလေးတွေကတော့ ပုဒ်မကြီးကြီးတပ်ခံရတော့မယ့် တရားခံလေးတွေလို ပြူးကြောင်ကြည့်လို့ .. ဖူးဖူးပြောသမျှလည်း နားလည်တဲ့ပုံတော့ မပေါ်ပါဘူး .. ဒါပေမယ့် ကလေးဆိုတော့ မပြောသာပေဘူးလေ .. သူငယ်ချင်းတွေကတော့ ဖူးဖူးနား ယောင်လို့တောင် မလာပါဘူး .. ဒါကြုံနေကျ ဖြစ်နေကျ ဝေးဝေးကပဲ ကြည့်နေကြတယ် ..

ခိုလေးကို လွှတ်ပေးလိုက်ပြီးတော့ ဖူးဖူးတယောက် ကလေးတွေကို မုန့်ဖိုးပေးလိုက်တယ် .. အဲဒီတော့လည်း ကလေးတွေ ပျော်ပျော်ကြီး ပြေးထွက်သွားကြပြန်တယ် .. ဒီလိုပဲ ဖူးဖူးဆိုတာ သူ့ထက် နဲနဲငယ်တာနဲ့ ဆရာဝင်လုပ်မှကျေနပ်တတ်တဲ့ ကလေးကြီးလေး ဖြစ်နေပြန်တယ် ..
----------

ဘုရားပေါ်ရောက် .. ဘုရားပန်းကပ် ရေသပ္ပယ်တော့လည်း ခုနက ဘုဆတ်ဆတ်နဲ့ သာလိကာမလေးက သူမဟုတ်တော့သလို ..
----------

"ကဲ .. ပြီးရင် နင်တို့ ဘယ်သွားချင်လဲ .. ဘာစားချင်လဲ .."

"ကိုရီးယားစာသွားစားမယ် .. ပြီးရင် ကစားကွင်းသွားတာပေါ့ .. ဘယ်လိုလဲ .." အိလဲ့က မဲဆွယ်တယ် .. အားလုံးကလည်း သဘောတူတယ် ..

"အိုကေလေ .. နင်တို့ ပိုက်ဆံ အလုံအလောက်ပါတယ်မလား ..:P"

ကျန်၃ယောက်သာ နဂါးမလေးတွေဆို ဖူးဖူးတခါတည်း ပြာဖြစ်သွားလောက်တယ် .. နောက်မှ ရယ်ကျဲကျဲနဲ့ ..

"အလကားပြောတာပါ နင်တို့ကလည်း .. အဟဲ .. ငါ့ရှိစုမဲ့စုလေးတွေတော့ ကုန်ပါပြီ .." မကြားတကြား ပြောသေးတယ် ..

နောက်ဆုံး အားလုံးသဘောတူညီမှုနဲ့ ကိုရီးယားစာရောင်းတဲ့ ဆိုင်ဆီချီတက်ကြတယ် ..
----------

"ဘာစားမှာလဲ .."

"ငါက ရေညှိထမင်းလိပ် .. ငါက ကိုရီးယားထမင်းသုပ် .. ငါက ပဲခေါက်ဆွဲ .."

"ဒါဆို ငါက ကင်မ်ချီထမင်းကြော်စားမယ် .." ပြောပြောဆိုဆို ဘေးနားက ဖြတ်သွားတဲ့ အကျီနက်နဲ့ လူရဲ့ အကျီလက်ကို လှမ်းဆွဲတယ် .. ဒီလို ဖူးဖူးဆိုတာ လက်မြန်ခြေမြန် ..

"ဒီမယ် .. မှာမလို့ .. ရေညှိထမင်းလိပ်တပွဲ ကိုရီးယားထမင်းသုပ်တပွဲ ပဲခေါက်ဆွဲ တပွဲ ပြီးတော့ ကင်မ်ချီ ထမင်းကြော်တပွဲ .. အအေးက နောက်မှ ထပ်မှာမယ် .."

"ခင်ဗျာ .."

"ဟယ် .. မမှတ်မိဘူးလား .. ရေညှိထမင်းလိပ်တပွဲ ကိုရီးယားထမင်းသုပ်တပွဲ ပဲခေါက်ဆွဲ တပွဲ ပြီးတော့ ကင်မ်ချီ ထမင်းကြော်တပွဲ .. အအေးက နောက်မှ ထပ်မှာမယ်လို့ ပြောတာ .."

"မဟုတ်ဘူးခင်ဗျ ကျွန်တော်က ဒီက ၀န်ထမ်းမဟုတ်ပါဘူး .."

"ဟင် .." ခုလိုဆိုတော့ ဖူးဖူးတယောက် မျက်နှာချက်ချင်းရဲတက်လာပြီး ..

"သြော် .. ဟုတ်လား မသိလို့ပါ .. ဆောရီးနော် .. ဟီး .." မချီသွားဖြဲလေးနဲ့ ဖူးဖူးပေါ့ .. ဒီလိုပဲ ဖူးဖူးဆိုတာ လုပ်လိုက်ရင် ခုလိုမျိုးလေးလဲ လွဲတတ်ပါသေးတယ် ..

ဟိုတယောက်ကတော့ ခပ်ပြုံးပြုံးနဲ့ ထွက်သွားလေရဲ့ ..
----------

မတော်တဆလေးပါပဲ
ခဏလေးရဲ့ အရိပ်က
ကိုယ့်နောက်နား တ၀ဲလည်လည်
ရှေးဘ၀က ရေစက်တွေကြောင့် ထင်ရဲ့ ..။
----------

ခဏလေးပါပဲ
မျက်တောင်တဖျတ်ခတ်မှာ
ရင်ခုန်သံတွေ ညံခဲ့တယ်
ပျော့ပြောင်းညင်သာမှုတွေကြောင့် ထင်ရဲ့ ..။
----------

ဒီနေ့ ဖူးဖူးတို့ သူငယ်ချင်းတွေ တရုတ်စကားပြော သင်တန်းစတက်ရမယ် .. သင်တန်းစစချင်းရက်မှာပဲ သူငယ်ချင်းတသိုက် တက်ကြွလို့ .. ပါးစပ်ကလည်း ကြည့်ထားသမျှ တရုတ်ကားထဲက စကားတွေ ပြောနေကြတယ် ..

"ဝေါ်အိုက်နီ ဖူးဖူး .. "

"ဝေါ်ပုကျိတောက် အိလဲ့ .."

"ဟဲ့ဟဲ့ .. ဖူးဖူး .. ဟိုမှာ နင့် ကင်မ်ချီ .." ထွေးထွေးပြရာကို လှမ်းကြည့်မိတော့ .. သူ .. အမြဲတမ်းပြုံးနေလား ထင်ရတဲ့ နှုတ်ခမ်းတစုံနဲ့ ..

"ဟဲ့ .. မြင်သွားပြီ ငါတို့ကို .. မှတ်မိလားတော့ မသိဘူးနော် .."

"မင်္ဂလာပါ ခင်ဗျာ .. ကျနော့ကို မှတ်မိလား မသိဘူး .."

အဲဒီမှာ ခုနက အရှိန်မသေတဲ့ အိလဲ့က

"ဝေါ်ကျိတောက် ဝေါ်ကျိတောက် .."

ဒီလိုနဲ့ ..

သင်တန်းကာလလည်း ၆လလောက် ရှိနေခဲ့ပြီ .. ကျမတို့ ကြားထဲက ခင်မင်မှုတွေလည်း သံယောဇဉ်တွေပါ တိုးလို့ ..
----------

တရက် ..

"ကင်မ်ချီ .. နင်မျက်နှာလည်း မကောင်းပါလား .."

"အင်း .. စိတ်နဲနဲ ညစ်နေလို့ပါ .."

"ဘာလို့လဲဟ .. နင်စိတ်ညစ်ရင် ငါတို့ကို ပြောပြလေ .. ငါတို့မှာ အကြံကောင်းမရှိဘူးလို့ ဘယ်ပြောနိုင်မလဲ .."

သူ ခပ်ယဲ့ယဲ့ပြုံးတယ် ..

"မိသားစု ကိစ္စပါဟာ .."

"အေးပါ နင်မပြောချင်လဲ နေပါ .. ငါတို့က နင်စိတ်သက်သာစေချင်လို့ မေးတာ .."

"မပြောချင်တာမဟုတ်ပါဘူးဟာ .. ပြောချင်စိတ်မရှိတာ .. ဒါပေမယ့် ခု မပြောလဲ နောက်သိရမှာပါပဲ .."
----------

ကလင် ကလင် ကလင် ..

"ဟယ်လို .."

"ဖူးလား .. ငါပါ .."

"အင်း ကင်မ်ချီ ပြော .."

"ငါ နင့်ကို ပြောစရာရှိလို့ .."

"ပြောလေ .. ဘာလဲ .."

"သေချာနားထောင်နော် .. ဝေါ်.. အိုက်.. နီ"

"ဘာလဲ .. ဒါ တရုတ်စကားကျင့်ရမယ့်ချိန် မဟုတ်ဘူး .." ဖူးဖူး ရွတ်ပြီး ပြောလိုက်တယ် .. ရှက်တဲ့စိတ်လဲ ပါတယ်ပေါ့ ..

"ဖူး .. ငါလေ နင့်ကို စတွေ့တည်းက စိတ်ဝင်စားပြီး ချစ်ခဲ့တာထင်တယ် .. နင့်ကို ဖွင့်ပြောချင်ပေမယ့် စိတ်ဆိုးမှာလဲ ဆိုးတယ် .. ဒါပေမယ့် ခုချိန်မှ ငါ ဖွင့် မပြောလိုက်ရင် နောက်ဆိုတာ မသေချာဘူး .. ဒါကြောင့် ငါနင့်ကို ခုပြောတာ .. နင်စိတ်မဆိုးပါနဲ့နော် .."

ဖူးဖူး ဘာမှ မတုန့်ပြန်မိ .. သူကပဲ ဆက်ပြီး ..

"ဖူး အိပ်ရင် အိပ်တော့လေ .. မိုးချုပ်နေပြီ .. ဂွတ်နိုက် .. အိပ်မက်လှလှမက်ပါစေ .."

ရည်းစားစကားပဲပြောပြီး အဖြေပြန်တောင်းဖို့ စကားမဆိုတဲ့ သူ့ကို ဖူးဖူး ဘယ်လို နားလည်ရမလဲ .. ဒါနဲ့များ အိပ်မက် ဘယ်လိုလှနိုင်ပါ့မလဲဟယ် ..
----------

နောက်တရက် ..

"ဟဲ့ .. ကင်မ်ချီလဲ မလာသေးဘူးနော် .."

"အင်း .. ဖူးဖူး ခပ်လေးလေး တုန့်ပြန်မိတယ် .."

ဘာလို့လဲ .. ရည်းစားစကား ပူပူနွေးနွေးပြောထားပြီး မရောက်လာတာ .. ပြန်ချစ်ဖို့ စဉ်းစားဖို့ စကားတခွန်းမှ မဟခဲ့တာ .. ဒါတွေကိုပဲ ကိုယ်တိုင်ရော ပြန်တွေးနေမိတာ .. နင် တဆိတ်တော့ လွန်တယ်ဟာ .. ချစ်စကားပြောပြီး ဘာလို့ ချစ်လားတခွန်း မမေးခဲ့တာလဲ .. ငါ နင့်ကို စိတ်ဆိုးချင်တယ် ..
----------

"ဟဲ့ .. ကင်မ်ချီ ကျောင်းမလာတာ ၁ပတ် ရှိတော့မယ်နော် .. ဘာတွေ ဖြစ်နေလဲမသိဘူး .." ထွေးထွေးက တွေးတွေးဆဆ ပြောတယ် ..

"မသိပါဘူးဟာ .. ငါနဲ့လည်း အဆက်အသွယ် မရဘူး .."

"ဟိုနှစ်ကောင်ကလည်း မလာသေးဘူး .." ထွေးထွေး စကားလမ်းကြောင်းလွှဲလိုက်တယ် .. "ဟော ဟိုမှာ လာနေပြီ .."

"ဟဲ့ .. ငါ ကင်မ်ချီ သူငယ်ချင်းတယောက်နဲ့ တွေ့ခဲ့တယ် .."

"ဘာတဲ့လဲ .."

သူပြောတာတော့ ..

"ပြောလေဟာ .. နင်ကလဲ သူ ဘာတွေဖြစ်နေလဲ .."

"သူတို့ တအိမ်လုံး ဒီမှာ မရှိကြဘူးတဲ့ .. အတိအကျတော့မဟုတ်ဘူးဟာ .. သူပြောတာ ငါပြန်ပြောတာနော် .. ကင်မ်ချီ အော်ပရေးရှင်း လုပ်ရမယ်ပြောတယ် .."

"ဖူးဖူး သက်ပြင်းပဲ ခပ်လေးလေး ချမိတယ် .. နင် ဘာတွေများ ဖြစ်နေလဲ .."
----------

ဘယ်သူ့အလိုအတွက်များ
ငါဘ၀ထဲ ရောက်ခဲ့တာလဲ
အတိတ်ကို ပြန်သွားခွင့်ရှိရင်
ငါ့မွေးနေ့ပွဲရက်တွေ အကုန်
မီးမှောင်ချလို့ ငါတယောက်တည်း နေချင်ရဲ့ ..။

ထွက်သွားချင်သူရေ
တုတ်နှောင်ခဲ့တဲ့ သံယောဇဉ်တွေ ပြန်ယူသွားပါ
နောက်ကြောင်းပြန်ခွင့်သာရှိခဲ့ရင်
သံယောဇဉ်ကို သေချာထုပ်ပိုး
ချောင်ကျကျနေရာတခုမှာ
ငါသေချာ သော့ခတ်ထားချင်ရဲ့ ..။

ခုတော့
ရက်လွန်သံယောဇဉ်တွေကြောင့်
အလွမ်းချည်း အနားကျန်နေရစ်ခဲ့တယ် ..။
----------

"ဖူးဖူးရေ .. ဖူးဖူး .."

"ဟော သမီး သူငယ်ချင်းတွေ လာကြပြီလား .. သမီးတို့ သူငယ်ချင်း အဆင်သင့်ပြင်နေလေရဲ့ .."

"ဟုတ် အန်တီ သမီးတို့ တက်သွားလိုက်မယ်နော် .."

အပေါ်ထပ်ရောက်တော့ တံခါးက စေ့ရက်လေး .. သူတို့ တွန်းဖွင့်ဝင်လိုက်ပြီး ..

"ဟက်ပီးဘတ်ဒေး ငဖူးမ .."

"ကျေးဇူး .." ဖူးဖူး ပြုံးနေပေမယ့် အသက်တော့ မ၀င်လှ ..

"အဆင်သင့်ဖြစ်ရင် သွားမယ်လေ .."

"အင်း .. သွားမယ်လေ .."
----------

"ကဲ .. ကိုရီးယားဆိုင်ပဲ သွားမယ်နော် .."

"အိုကေလေ .."

"ဖူးဖူး နင်မသွားချင်ဘူးလား .."

"မဟုတ်ပါဘူး .. သွားမယ်လေ .."
----------

"ဖူးဖူး .. နင် ကင်မ်ချီထမင်းကြော်ပဲလား .."

တခြားလည်း မစဉ်းစားချင်တော့တာနဲ့ ခေါင်းညိမ့်ပြလိုက်တယ် ..

"အစ်မ ဘာများ သုံးဆောင်မလဲ ခင်ဗျာ .."

အသံလာရာ မေ့ကြည့်မိတော့ ..

"ဟင် .. နင် .."

မူပိုင် အပြုံးတခုနဲ့ နှုတ်ခမ်းတစုံလုံး ၀ိုင်းနေအောင် ပြုံးပြနေတယ် ..
----------

"ငါ ဒီရက်ကိုစောင့်နေတာ .. ပြောချင်တာတွေလည်း အများကြီးပဲ .. ငါလေ ငါ့အကို အတွက် အသည်းအစားထိုးဖို့ လိုတယ်ဆိုလို့ .. ငါတို့ တအိမ်လုံ သွားကြတာ .. အသည်းက ငါ့ဆီက ၃ ပုံ ၁ ပုံ လှူရမှာတဲ့ .. စစချင် သိရတော့ အကိုမို့ လှူလည်း လှူချင်တယ် .. ပြီးတော့ ကြောက်လည်း ကြောက်တယ် .. ငါ တခုခုဖြစ်သွားမှာ ဖြစ်သွားရင် ဆိုပြီးတော့ပေါ့ .. ဒါကြောင့်လဲ နင့်ကို ပြန်ချစ်ဖို့ မတောင်းဆိုခဲ့တာ .. ခုတော့ ငါလည်း နေကောင်းပြီ အကိုလည်း နေပြန်ကောင်းပြီ .. ငါ့ကို ပြန်ချစ်ပါနော် .."

"အို မချစ်ပါဘူး .. နင့်ကို ဘယ်တုန်းကမှ မချစ်တာ .. စိတ်ကူးယဉ်မနေနဲ့ .."

"ဖူး .. ငါတောင်းပန်ပါတယ် .. ငါ့ကို စိတ်ဆိုးနေတယ်ဆို ကျေနပ်အောင် တောင်းပန်မယ် ဆုံးဖြတ်ပြီးသားပါ .. ငါ့ကို ခွင့်လွှတ်ပါဟာ .."

ဖူးဖူး ခေါင်းကို လေးလေးပင်ပင် ခါယမ်းပြလိုက်တယ် .. ပြီးမှ စပ်ဖြဲဖြဲနဲ့ .. "ဝေး .. ဧပရယ်ဖူးလ် ကွ .."

"အမ် .."

"ကင်မ်ချီရယ် .. ငါက နင့်ကို ခွင့်မလွှတ်နိုင်စရာ မရှိပါဘူး .. ခွင့်လွှတ်ပြီးသားပါ .. ခုလိုအကြောင်းစုံရှင်းပြတော့ ပိုတောင် စိတ်ထဲရှင်းသွားသေးတယ် .. နင် နောက်တခါ ဘာပဲစိတ်ညစ်စရာ ရှိရှိ ငါ့ကို ပြောပြတိုင်ပင်ရမယ်နော် .. ချစ်သူတွေဆိုတာ တယောက် အပူတယောက် မျှယူရမယ် .. တယောက်အပျော် တယောက် ဝေမျှရမယ်လေ .. နော် .."

ခုတော့လည်း ကိုရီးယားဆိုင်လေးမှာ အရင်နှစ်ကလို ရယ်သံတွေ ပျံ့လွင့်လို့ .. အားလုံးရဲ့ မျက်နှာမှာလည်း အပြုံးကိုယ်စီနဲ့ .. ပျော်ရွှင်စွာ ဇာတ်ပေါင်းကြလေသတည်း တဲ့ ..

(ဒီတခါတော့ အရင်နှစ်ကလို မကွဲပစ်တော့ပါဘူး .. :D)

13 comments:

မောင်မျိုး said...

အလဲ့...တယ်ဟုတ်ပါလား ဖတ်လို့ကောင်းတယ် ဟာသလေးနဲ့စ ကြည်နူးစရာလေးက အလယ် ပျော်စရာဇတ်သိမ်းလေးနဲ့ တစ်ခါခါလောက်တော့ ပေးညားပေးပါဟယ် ဇတ်ကောင်တွေသနားပါတယ် သူများသာ ပြောတယ် ငါကျ ကွဲ ပြဲတဲ့ ဇတ်ကြီးပဲရေးနေတာပဲး) ငါကဖူးဖူးနေရာမှာ နင့်ကို မြင်မြင်ပြီးဖတ်သွားတာ နင်လည်း ဖူးဖူးစရိုက်နဲ့ သိပ်ကွာပုံတော့ မဟုတ် ။

အချစ်အကြောင်းပြောရအောင် ပို့စ်ရေးရင်တော့ ဖြစ်ရပ်မှန်တွေ ရေးပါဗျ မဟုတ်ရင်တော့ နင့်ကိုသိကြားမင်းက ဒဏ်ခတ်လိမ့်မယ် ဧပရယ်ရောက်ြုပီ မလိမ်ကောင်းဘူးတဲ့ နူနူလေးရေး :P

noblemoe said...

၁ ၁ တွ

သူပြောတာနဲ့ ကိုရီးယားထမင်းသုပ်တောင်စားချင်သွားပြီ
မြေနီကုန်းဆိုင်ကလေ အရမ်းကောင်းတာ ဟူးးး
ကောင်းတယ်
နည်းနည်းတောင်တိုက်ဆိုင်နေတာ ဇတ်လမ်းရေးနေတာနဲ့လေ။ ဖတ်ပြီးမိုးခါးပြောတာခံရအုံးမှာကျိန်းသေလောက်တယ်။
ပြောင်းလိုက်မယ် ဖူးဖူးကို

သာယာချမ်မြေ့ပါစေရှင်း
မိုး


ps:)))))))))))))) ဗွမ်းဗွမ်းဗွမ်း((((((((((((((((((
သင်္ကြန်ကျလို့ ရေပက်တယ်ဘာဖြစ်သလဲကွယ်

နေ၀သန် said...

ခွဲချင်တိုင်းခွဲလို့ရမလား.. လာသတ်မယ်..း)).. အခုလိုပေါင်းပေးစမ်းပါ.. ဒါမှ စိတ်ချမ်းသာတာ... ဟဟ


ခင်မင်လျက်
နေ၀ဿန်

ZT said...

ဝဋ်လည်မှာ ကြောက်ပြီထင်တယ်။ :D

Angelhlaing(May everybody be happy and healthy! said...

မိုက်တယ်မမရေ ..အဟီး သဘောကျမှကျ
ဇတ်သိမ်းပေါင်းလို့...
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

ညိမ်းနိုင် said...

ကဗျာလေးတွေက ချစ်စရာလေး...၊ဇာတ်လမ်းလေးက
လည်း ပျော်စရာ၊ကြည်နူးစရာလေး...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဧပရယ် ၁ရက်နေ့မှ ကြည်နူးစရာ ဇာတ်လမ်းလေးဖတ်ရတာ စိတ်ချမ်းသာဖို့ကောင်းပါတယ်။
ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်လေးနဲ့ စိတ်ဝင်စားဖို့ ကောင်းတယ်.. ခေတ်လူငယ်တွေစရိုက် အပြည့်နဲ့ ဇာတ်လမ်းလေးပါဘဲ။
ဖတ်လို့ကောင်းတယ် ညီမလေး

ကိုဇော် said...

ဒီလို ဝတ္ထုလေးတွေ ဖတ်ရတာ အသက်ပြန်ငယ်သွားသလိုပါပဲ။ ပေါင်းချင်လည်း ပေါင်း ၊ ခွဲချင်လည်း ခွဲပါ။ အားလုံး ကိုယ့်သဘောပါပဲ။ ဒီဝတ္ထုထဲက ကဗျာတွေကို ပိုကြိုက်တယ်။

Anonymous said...

very ဟောင်တယ် ...
ဝေါ် လိုက်ခ် တယ် ... :))


ခင်မင်လျှက်
ဆောင်းနှင်းရွက်

akhayar said...

ဒီနှစ်ဧပရယ်ကပျော်စရာနှစ်ထယ်တယ်
ကြည်နူးစရာလေးဓာတ်ကူးသွားတယ်
ကောင်းပါတယ်...

akhayar said...

ဒီနှစ်ဧပရယ်ကပျော်စရာနှစ်ထယ်တယ်
ကြည်နူးစရာလေးဓာတ်ကူးသွားတယ်
ကောင်းပါတယ်...

သီဟသစ် said...

စာတွေကို လာမဖတ်ဖြစ်တာ တော်တော်(အင်ဖန်နတီ) ကြာသွားပြီ။ တော်တော်ဖတ်လို့ ကောင်းလာတာပဲ။
:)

ခင်မင်စွာဖြင့်
သီဟသစ်

အတွေးကမ္ဘာ..မှတ်တမ်း said...

ဝိုး..ဝိုး.....အရမ်းကောင်းတယ်ညီမရေ..ရသ တော်တော်များများ ပါသွားတာမို့...သဘောကျတယ်..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...