Tuesday, August 31, 2010

အစစ်

နေ့စဉ် ရှင်သန်မှုအကြောင်း
တကြောင်း တကြောင်း ချရေးတော့
မိုးလင်း မိုးချုပ် ငြီးစော်နံနေတဲ့ အကြောင်း ... ။

နှုတ်ခမ်း တလှုပ်လှုပ်နဲ့
ရွတ်ဖတ်နေတဲ့ စကားတွေ ပုံဖော်ကြည့်တော့
နေ့တဒူဝ အလာဘ သလာဘတွေ အကြောင်း ... ။

ခံစားမှုတွေ အားနည်းလာတယ်
အာရုံတွေ ထွေပြားလာနေတယ်
ရုပ်ဝတ္တုတွေ ပျက်စီးလာနေတယ် ... ။

အချိန်တွေ ကုန်လာသလို
ဒီရေတွေရော တိုက်စားလေသလား
လူတွေ လုံးပါးပါးတယ် ... ။

ဟာသ တကြောင်းကလည်း
ရယ်စရာမကောင်းသလို
ငိုသံတချို့ဟာလည်း
ဟာသတွေ ဖြစ်လိုဖြစ် ... ။

လူတွေရဲ့ စိတ်အစစ်
အိမ်ပြန်နောက်ကျနေလေရဲ့ ... ။

ထုံးစံအတိုင်းပေါ့ .. တွေးလိုက် စဉ်းစားလိုက် အချိန်တွေ ကုန်ကုန်နေတယ် .. အစစ်တွေ ရှားပါးလာသမျှ အတုတွေ ဖောသီလာတာတော့ မဆန်းပါဘူး .. ဒီ မဆန်းတဲ့ အကြောင်းပဲ စဉ်းစားမိတော့ မထူးခြားတာတွေပဲ ချရေးမိပြန်ရော ..

Friday, August 20, 2010

လွမ်း

မိုးခါးတို့ စာရေးမရပါ .. ရေးချင်စိတ်ရှိရက်နဲ့ ရေးစရာလည်း စဉ်းစားမိရက်နဲ့ကို မရေးဖြစ်သေးတာပါ .. ဒီတော့ ခုလောလောလတ်လတ် ပူပူနွေးနွေးဖတ်ဖြစ်တဲ့ စာအုပ်နဲ့ပဲ ဆားချက် ငံပြာရည်ကြို ငပိထောင်းပါ့မယ် .. :P

ကျမ ကိုယ့်ကိုကိုယ် ဘာဝါသနာပါလို့ပါမှန်း မသိပါ .. စာအုပ်မြင်ရင် ဖတ်ချင်စိတ်လည်းရှိရင် စာအုပ်ဖတ်ပါတယ် .. သီချင်းစဖွင့်ဖြစ်တယ်ဆို သီချင်းဆက်ပြီး နားထောင်ပါတော့တယ် .. ရုပ်ရှင်တော့ သိပ်မစွဲဘူး .. ဒါပေမယ့် ကြုံသလို စိတ်ကူးပေါက်သလိုတော့ ကြည့်တာပါပဲ .. အခြားအခြားသော စိတ်ကူးပေါက်ရာများကိုလည်း လုပ်လေ့ရှိပါတယ် .. ဒါကြောင့်မို့ ထင်ပါရဲ့ အစ်မတွေက ပြောတယ် .. နင် စိတ်မမှန်ဘူးတဲ့ .. မငြင်းမိပါ .. လက်ခံပါတယ် .. ကိုယ့်အခြေအနေလည်း ကိုယ်သိပါတယ် .. ဒီတော့ နာလည်း မနာတော့ပါဘူး .. :P

ဟိုနေ့က ဖတ်လို့ပြီးသွားတာက တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ လွမ်း ဆိုတဲ့ ၀တ္တုပါ .. အချစ်ကြီး အမျက်ကြီး အမုန်းကြီးတဲ့ လွမ်း ဆိုတဲ့ မိန်းကလေး တယောက် အကြောင်းပေါ့ ..

မိခင်မရှိတော့ပဲ ဖခင်ကြီးနဲ့ ညီမလေးနဲ့ အေးအေးချမ်းချမ်းနေနေတဲ့ လွမ်းရဲ့ဘဝထဲကို မရည်ရွယ်ပဲ ဒုက္ခတွေ သယ်လာမိခဲ့တာက ဒေါက်တာမင်းညို (ခေါ်) မောင်မောင်လွင် .. လွမ်းအသိထဲမှာက မောင်မောင်လွင်ဟာ သူ့အတွက် ဂြိုလ်ကောင် တယောက် .. ဒေါက်တာမင်းညိုကတော့ သူသိပ်ချစ်ရတဲ့ သူ့ရဲ့ မျက်လုံးတွေကို အလင်းပြန်ရအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင် တယောက် ..

အမှန်တရားကို လက်ခံနိုင်စွမ်းမရှိတဲ့သူ နားလည်နိုင်စွမ်းမရှိတဲ့သူတယောက်အတွက် အထင်လွဲမှုတွေ ဆုံးရှုံးမှုတွေ ကြုံတွေ့ရတာပါပဲ .. စိတ်ထင်ရာ ဒေါသတကြီး တုန့်ပြန်တတ်တဲ့သူတွေအတွက်လည်း နောင်တက ကပ်လျှက်ပါနေပါတယ် .. ဘယ်အရာကိုမှ အစွန်းမရောက်ပဲ မျှမျှတတ တွေးတတ်ဖို့ ဆင်ခြင်တတ်ဖို့ လိုပါလိမ့်မယ် .. မှားသွားခဲ့ရင်ရော ?.. ပြင်ခွင့်ရတဲ့အမှားဆို တော်ပါသေးတယ် .. ပြင်ခွင့်မရခဲ့ရင် ... ?

ဝတ္တုထဲမှာ လွမ်းကတော့ ဆုံးရှုံးလိုက်ရပေမယ့် အပြီးတော့ မဟုတ်ခဲ့ဘူး .. ဒါပေမယ့် အရင်အတိုင်း အကောင်းတိုင်း ဖြစ်နိုင်ပါ့မလား ..

လူတိုင်း အမှားနဲ့ မကင်းပါဘူး .. မှားတယ် .. မှားပြီးရင်းထပ်မှားတယ် .. အမှားတွေထဲကမှာ သင်ခန်းစာ ယူနိုင်အောင် အမှားတွေ နည်းသထက် နည်းအောင် ကြိုးစားသင့်ပါတယ် ..

ကျမရော .. ?????

Tuesday, August 10, 2010

အတွေးများနဲ့ ကိုယ်

ကျမရဲ့ အလုပ်သွားရာ လမ်းတလျှောက်မှာ မြင်နေကျ မြင်ကွင်းတွေနဲ့ ပြည့်နှက်နေတယ် .. မနက်မိုးလင်းလို့ အလုပ်သွားရမယ့်လမ်းတလျှောက်မှာ ကြောင်ဖြူကြီးတကောင် ခုံတန်း တခုမဟုတ် တခုမှာ အိပ်နေတတ်တယ် .. ၀၀တုတ်တုတ်နဲ့ ကြောင်ဖြူကြီးရဲ့ မျက်နှာကို ကြည့်လိုက်ရင် အသက်အားဖြင့် မငယ်တော့ဘူးဆိုတာ သိသာလှပါတယ် ..

အိမ်နားက အုတ်ခုံတွေမှာ မနက်ခင်းတိုင်း မြင်ရတဲ့ မြင်ကွင်း နောက်တခုကတော့ တခေါင်းလုံးဖြူစွတ်နေတဲ့ အန်ကယ်ကြီးတယောက် သတင်းစာ ထိုင်ဖတ်နေမယ် .. လူလာတဲ့ အသံကြားရင် အသံကြားတဲ့ဆီ လိုက် ကြည့်မယ် .. တခါတလေတော့ အဲဒီနားမှာတင်ပဲ သန့်ရှင်းရေးအ၀တ်အစားနဲ့ အဒေါ်ကြီးနှစ်ယောက် အမှိုက်ပုံးနားထိုင်နေတတ်ပြန်တယ် ..

အလုပ်သွား/ပြန်ချိန် မှန်းခြေ နာရီဝက်တော့ ကြာတတ်တယ် .. တခါတလေ ကားစောင့်ရရင်တော့ ဒါထက်ပိုကြာပြီပေါ့ ..

ကလေးတွေ ကျောင်းဖွင့်ချိန်ဆို ကျောင်းဝတ်စုံနဲ့ ကလေးတွေကို မြင်နိုင်တယ် .. ဒီက ကလေးတွေကို မြင်လိုက်ရင် မြန်မာနိုင်ငံက ကလေးတွေနဲ့ ကွာခြားတာတွေကိုလည်း သတိရစေတယ် ..

ဒီက မြင်ကွင်းကတော့ အသက်အားဖြင့် ၁၃နှစ် ၁၄နှစ်ကလေးတွေဆိုရင်ပဲ အပျိုကြီး စတိုင်တွေနဲ့ ပြင်ထားဆင်ထားတာကို မြင်ရတယ် .. သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချမှုရှိနေတာကတော့ ကောင်းတဲ့အချက်လို့ မြင်မိပေမယ့် ကလေးအရွယ်က ကလေးနဲ့ မတူတာကိုတော့ သိပ်ဘ၀င်မကျလှဘူး .. (ကိုယ်နဲ့တော့ အနေသာကြီးပါပဲ)

၁၃နှစ် ၁၄နှစ်ဆို မြန်မာနိုင်ငံမှာ ၇တန်း ၈တန်းလောက်ပေါ့ .. ကျမ ၇တန်းလောက်တုန်းက ၁၀တန်းက အမကြီးတွေကို မြင်ပြီဆိုရင် ၁၀တန်း ကျောင်းသူဖြစ်ရတာ တော်တော်လေးကို ဂုဏ်ယူစရာကောင်းနေပြီလို့ ထင်ဘူးတယ် .. အရွယ်ရောက်ပြီးသား ပြည့်စုံနေသူလို့ အထင်ရောက်ဘူးတယ် .. ကိုယ်တကယ် ၁၀တန်း ရောက်တော့ တက္ကသိုလ်ကျောင်းက အမကြီးတွေကို အားကျမိပြန်ပါရော ..

ကိုယ် ၇တန်းမှာ မြင်ရတဲ့ အစ်မကြီးတွေက ဆံပင်ရှည်ရှည် အဲဒီ ဆံပင်မှာ ဖဲကြိုးလေးတွေနဲ့ ချည်ထားသေးတယ် .. ထမိန်လေးတွေနဲ့ အပျိုကြီးတပိုင်း ဖြစ်နေတဲ့ ၁၀တန်း အမကြီးတွေကို ငေးကြည့်ဖူးပါရဲ့ .. ကိုယ်သာ ၁၀တန်း ရောက်ရင်ဆိုပြီးလည်း စိတ်ကူးက ယဉ်လိုက်သေးတာလား ..

တကယ်တန်း ကိုယ် ၁၀တန်း ရောက်တော့ ခေါင်းက ဆံပင်လည်း ပိုရှည်မလာတဲ့ အပြင် ပြင်ဖို့ ဆင်ဖို့ ဆိုတာလည်း ဝေလာဝေးပေါ့ .. အမေဆင်ပေးတဲ့ အတိုင်းပဲ .. အဲဒီ အချိန်က ဆံပင်အရှည်ထားချင်တာ အရမ်း .. တချို့သူငယ်ချင်းတွေဆို ဆံပင်ကို အရောင်ဆိုး ကုတ်ဝဲလေးနဲ့ သိပ်သဘောကျတာ .. အဲဒီ ၁၀တန်းပြီးတဲ့ အထိကို ဆံပင်ညှပ်ဆိုင် ဆိုတာတောင် မရောက်ဘူးတဲ့ ကိုယ့်ဘ၀ .. ဦးလေးရဲ့ လက်ရာနဲ့ပဲ ကိုယ့်ဆံပင်က ရှည်ကို မလာတာ .. အဲဒီ ဦးလေးက ပြောသေးတယ် .. သူညှပ်ပေးတဲ့ ပုံက အဲဒီအချိန်က နာမည်ကြီးတဲ့ Ghost မင်းသမီး ကေတဲ့လေ .. အဲဒီတုန်းကတော့ အဟုတ်ကြီးပဲ ထင်ခဲ့တာပေါ့ .. ဘယ်လိုပဲ ပြောပြီး ညှပ်ညှပ် ဆံပင်က ခေါင်းထက်မှာ ၁လက်မ ၂လက်မ ထက်ပို ပိုမရှည်လာတတ်တာ .. ခုမှစဉ်းစားမိရင် ငါ အနှပ်ချ ခံရတာပဲလို့ .. :P ကိုယ် ၁၀တန်းမှာလည်း အလှပြင်ဖို့ထက် ဆော့ဖို့ပဲ ပိုစိတ်ရောက်နေသေးတာလည်း မှတ်မိနေပါတယ် .. အဲ ရင်လည်း ခုန်တတ်နေပြီပေါ့ .. :P စာမကျက်ချင်သလောက် သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ တခုမဟုတ် တခု ဆော့နေတာ .. စာကျက်ဖို့ကလွဲရင် အကုန်တက်ကြွနေတတ်တာ .. ဂိုက် အမကြီးတွေကိုလည်း ဒုက္ခပေးခဲ့တာ စုံလို့ပေါ့ ..

တရက် ဂိုက်အမကြီး လာမယ့်နေ့မှာ သူငယ်ချင်းတွေ အကုန် ဘယ်သူမှ စာမသင်ချင်ဘူး .. အဲဒီအမကြီး စာသင်တာလည်း တယ်ပျင်းဖို့ ကောင်းတာကိုး .. အဲဒါနဲ့ အားလုံးတိုင်ပင်ပြီး အိမ်တံခါးကို သော့ခတ် တခါးလာခေါက်တော့ မဖွင့်ပေးတာ ၁၀မိနစ်လောက်ထိ တံခါးခေါက်နေပြီး မဖွင့်တော့ ပြန်သွားတာ .. ပြန်သွားတော့လည်း သူငယ်ချင်းရဲ့ အမေ ဆရာမကိုများသွားတိုင်မလား စိတ်ပူရသေးတာ .. အဲဒီတုန်းက ကိုယ်တွေ တော်တော်ဆိုးခဲ့ပါလားလို့ ခု ပြန်တွေးမိနေတယ် .. ကျောင်းတက်တဲ့ သက်တမ်းတလျှောက် အပျော်ဆုံးကတော့ ၉တန်းနှစ်ပဲ .. ၁၀တန်းလို စာကျက်စရာ မများသလို မအောင်မှာလည်း မပူရတော့ ပျော်ပျော်ကြီး အတန်းလည်ပြီး ဇယ်ခုတ်ခဲ့သေးတာ ..

ခုနောက်ပိုင်း မြန်မာနိုင်ငံက ကလေးတွေ (ခုတော့ ပြောအားရှိပြီပေါ့ .. :P)ရဲ့ ကျောင်းတက်ပုံက ဘယ်လိုရှိနေတယ်တော့ မပြောတတ်ပါဘူး .. ဒီမှာ မြင်ရတဲ့ ၁၀ကျော်သက်လေးတွေကို မြင်ရရင် စိတ်ထဲ မကျေလည်တာတော့ အမှန် .. ကလေးလို့ ပြောလိုက်ရင် မျက်စိထဲမှာ သနပ်ခါး ပါးကွက်ကျားနဲ့ ဆံပင်တိုတို ဂါဝန်လေးပဲ မျက်စိထဲမြင်မိတယ် .. ဒီမှာ မြင်နေရတဲ့ အပျိုကြီးဂိုက်နဲ့ ကလေးတွေ မြင်မိရင် စိတ်ထဲ မသက်သာ .. နောက်ကလေးတွေအတွက်လည်း ရင်လေးမိတာ အမှန် ..

ဒါတွေ အားလုံးက တိုးတက်နေတာပါလို့ ပြောရင်သိပ်ဘ၀င်မကျချင် .. ဒါပေမယ့် လက်မခံလို့လည်း မရ .. ဒီလိုနဲ့ပဲ အတွေးထဲ တ၀ဲ လည်လည်နဲ့ ရက်တွေလည်း တရက်ပြီး တရက် မပြောင်းမလဲ ဖြတ်ကျော်နေရင်း ....

ကျမနှင့် ဥပုသ်စောင့်ခြင်း

ငယ်ငယ်ကဆို အိမ်က လူကြီးတွေ ဥပုသ်စောင့်ပြီဆို အရမ်းကိုပဲ လိုက်စောင့်ချင်တယ် .. အဲဒီတုန်းကတော့ ဥပုသ်စောင့်တဲ့ လူတွေကို မစောင့်တဲ့ လူတွေက စားဖို့ သောက်ဖို့ စီစဉ်ပေးသမျှတွေကို ကိုယ်က လိုက်စားချင်တာကိုး .. အားလုံးကလည်း ကိုယ့် အကြိုက်တွေချည်းပဲဆိုတော့ ဥပုသ်နေ့ဆို ပျော်ပျော်ကြီးပဲ ..

ဥပုသ်ကို ဘယ်ချိန်က စစောင့်ဖြစ်လဲဆို မှတ်မှတ်ရရ ၁၀ တန်း အပြီး ပထမနှစ်လောက် ထင်တယ် .. ပထမဆုံး ဥပုသ်စောင့်တာဆိုတော့ ညဘက်ကျ ဗိုက်က ဆာရော .. ပြီးတော့ ကိုယ့်အထင်ကလဲ ည ၁၂ နာရီ ကျော်ရင် စားလို့ရပြီ မှတ်နေသေးတယ် .. အဲဒီနေ့ကတော့ ည ၁၂ နာရီကျော်တာနဲ့ အိပ်ရာကထပြီး ကော်ဖီတွေ မုန့်တွေ ထစားလိုက်တာ မှတ်မိပါရဲ့ .. :D အဲဒီနေ့ကတော့ မအောင်မမြင်နဲ့ပဲ ပြီးဆုံးသွားပါတယ် ..

လူသီလဆိုပြီးတော့ (၅) ပါးသီလကို သတ်မှတ်ပြီး ကျမတို့ ကျင့်သုံးကြတယ် .. ဥပုသ်ရက်တွေမှာ (၈)ပါး (၉)ပါးစသည်ဖြင့် ပိုများတဲ့ သီလတွေနဲ့ ကျမတို့ စောင့်ထိန်းကြတယ် .. တခါတလေလည်း ပြည့်ပြည့်၀၀ စောင့်ထိန်းနိုင်ပြီး များသောအားဖြင့် တပါးမဟုတ် တပါး ကျိုးတတ်တယ် .. လူ့အသိုင်းဝိုင်းထဲ ကျင်လည်နေရတဲ့အတွက် စိတ်အခန့်မသင့်တာနဲ့ ကြုံတိုင်း ကျမကတော့ စိတ်တို ဒေါသထွက်နဲ့ သီလ ကျိုးပြန်ပါရော .. ပတ်ဝန်းကျင်နဲ့ ဆက်သွယ်နေရတဲ့အတွက် လိမ်ညာခြင်းဆိုတဲ့ သီလကတော့ မတည်မြဲနိုင်တာ များပါတယ် .. လူတွေကို စိတ်တို စိတ်ဆိုးမိပြန်တော့ မေတ္တာထားဖို့ဆိုတော့ သီလ ကျိုးပြန်ရော .. ဥပုသ်စောင့်တိုင်း စိတ်က သီချင်း ညည်းညည်းမိပြန်တော့ နောက်တပါးပေါ့ .. (ကုန်ပါပြီ)

ငယ်ငယ်ကတော့ ဥပုသ်စောင့်တယ်ဆိုတာ အစားမစားရုံနဲ့ဖြစ်ပြီလို့ မှတ်ယူမိဘူးပါတယ် .. အစားမစားပေမယ့် ရုပ်ရှင်ကြည့်တယ် .. (အထူးသဖြင့် မကင်းကွာနိုင်တာက ကိုရီးယားကားပေါ့) သွားရင်း လာရင်း ဖိနပ်အောက်ရောက်လာမယ့် ပိုးမွှားလေးတွေအကြောင်းလည်း တွေးမိတယ် .. မှန်ဆိုတာလည်း မြင်ရင် ကြည့်မိပြန်ပါရောလား ..

တခါတလေလည်း တွေးမိသေးတယ် .. ဘာပဲ လုပ်လုပ် အကုသိုလ်ကကို မလွတ်ပါလားပေါ့ .. လောဘ ဒေါသ မောဟဆိုတာ အကုသိုလ် .. ပျော်ရင် လောဘဆိုတော့ အကုသိုလ် ဖြစ်ပြန်ရော .. မျက်ရည်ကျတော့ ဒေါသတဲ့ .. အားလုံး လွတ်အောင် အိပ်နေမယ်ဆိုရင်လည်း ထိနမိဒနဲ့သေရင် တိရစ္ဆာန် ဖြစ်ရပြန်ဦးမယ် .. ဘယ်အရာမှ မလွတ်ပါလားပေါ့ ..

ကျမကတော့ ဥပုသ်စောင့်တယ်ဆိုတာ သီလတွေကို စောင့်ထိန်းခြင်း ထိန်းချုပ်ခြင်းလို့ မြင်မိတယ် .. သီလယူထားတဲ့အတွက် ဘာတွေရှောင်ရမယ်ဆိုတဲ့ အသိက စိတ်ထဲရှိနေတော့ မကောင်းတာ လုပ်မိတော့မယ်ဆိုရင်တောင် ငါသီလ ယူထားပါလားဆိုတဲ့ အသိလေးနဲ့ အတော် အတန် ထိန်းချုပ်နိုင်မယ်လို့ ထင်မိတယ် .. ပုံမှန် ဥပုသ် မယူထားချိန်ဆို လွယ်လွယ်လေး လိမ်လိုက်မိမယ့် ကိစ္စက ငါ ဥပုသ်ယူထားပါလားဆိုတဲ့ အသိနဲ့ တတ်နိုင်သလောက်တော့ ထိန်းမိတာပါပဲ ..

တခါတလေ စိတ်ညစ်ညူးတယ်ဆိုရင် တရားစာလေးဖတ် တရားခွေလေး နာလိုက်တာလဲ အနည်းဆုံးတော့ အကုသိုလ်အတွေးတွေ မတွေးမိတော့ပဲ စိတ်က ကြည်လင်သွားတတ်ပါတယ် .. ကျမက စိတ်ရှုပ်ထွေး လွယ်ပါတယ် .. အဲလို စိတ်ရှုပ်တိုင်း လုပ်နေကျ အလုပ်ကတော့ ဘုရားမှာ ပန်းလဲ သောက်တော်ရေလဲ ပြီးရင် တရားခွေဖွင့်ထားတတ်တာပါပဲ .. ဆရာတော် ဥူးသုမင်္ဂလ တရားတွေကို နာဖြစ်ပါတယ် .. ဆရာတော် ဟောတဲ့ ပုံဝတ္တုတွေကို နားထောင်ရတာ ကြိုက်လို့ပါ ..း)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...