Saturday, July 25, 2009

အတိတ်ရဲ့ အရောင်

သူငယ်ချင်း အပေါင်းအသင်းဆိုတာ ရင်ဘတ်ချင်း နီးစပ်သူတွေလို့ ကြားဖူး ဖတ်ဖူးပါတယ် .. သာမန်သူငယ်ချင်းပေါင်း များစွာ ရှိနိုင်ပေမယ့် တကယ်ကိုပဲ ရင်ဘတ်ချင်း နီးစပ်သူ ရာနှုန်းဘယ်လောက်များ ရှိလိမ့်မလဲ ..

တချို့ ငယ်ငယ်လေးတည်းက ခင်လာကြတယ် .. သူငယ်ချင်းကောင်းလို့ သူများတွေ အမြင်မှာ သိနေကြပေမယ့် စိတ်ထဲ အတွင်းထဲ ကြိတ်ပြီး ရန်လိုနေကြသူတွေလည်း ကြားဖူးခဲ့တာပါပဲ .. သေချာတာ တခုကတော့ ကိုယ့်ကိုကိုယ်ထက် တခြားသူတယောက်ကို ပိုချစ်ပါတယ်ဆိုတာ တော်တော်ကို ရှားပါးမယ့် ဖြစ်ရပ် တခုပါပဲ .. လူတိုင်း ကိုယ့် အတ္တနဲ့ ကိုယ်မို့လို့ တခြားတဦးတယောက်ကို ပိုချစ်ပါတယ်ဆိုတာ သိပ်လက်ခံနိုင်စရာမရှိပါဘူး .. မရှိဘူးလို့တော့ မဆိုလိုပါဘူး .. ရှိခဲ့ရင်လည်း တကယ်အကြောင်းတိုက်ဆိုင်လို့ အခက်အခဲဖြစ်လာတဲ့အခါ ကိုယ့်ခံစားချက်ထက်ပိုပြီး သူများကို နားလည်ပါတယ်ဆိုတာ ရှိနေနိုင်ပါဦးမလား ..

လူတွေနဲ့ ဆက်ဆံရတာ အဖြေရခက်တဲ့ ပုစ္ဆာတပုဒ်ကို ခေါင်းခြောက်ခြောက်နဲ့ တွက်နေရသလိုပါပဲ .. အဖြေကလည်း မျိုးစုံ တွက်နည်းကလည်း မျိုးစုံ .. အနီးစပ်ဆုံး မှန်ကန်အောင် ကြိုးစား အဖြေထုတ်ရပါတယ် .. အဖြေမှန်ချင်လည်း မှန်မယ် .. မှားသွားတဲ့အခါလည်း ရှိတယ် .. ဒါပေမယ့် နီးစပ်အောင်တော့ ကြိုးစားနေပါတယ် ..

လူတွေကို စိတ်နှစ် မပေါင်းတတ်တဲ့ ကျမအတွက် ဘယ်သူတဦးတယောက်ကမှ ကျမရဲ့ မရှိမဖြစ်ပုဂ္ဂိုလ် မဖြစ်ခဲ့ဘူးဘူး ..

လူတွေကို ရင်မဖွင့်တတ်တဲ့ ကျမအတွက် ဘယ်သူတဦးတယောက်ကမှ ကျမရဲ့ ရင်ဖွင့်ဖော် မဖြစ်ခဲ့ဘူးဘူး ..

လူတွေကို မယုံကြည်တဲ့အတွက် အဆိပ်အတောက် ဖြစ်နိုင်တယ် ဆိုရင်တောင် သာမန် ဆေးမြီးတိုနဲ့ ကုလို့ရလောက်တဲ့ အဆင့်ပဲ ဖြစ်နိုင်ပါတယ် ..

လူတွေကို ယုံကြည်မိလို့ အဆိပ်ခတ် ခံရရင်တော့ သေရာပါ ဖြစ်သွားနိုင်ပါတယ် ..

ကိုယ့်ရဲ့ စိတ်က သံသယများတတ်လို့ ဒါဟာ မဖြစ်သင့်ဘူး ပြောလာခဲ့ရင် ယုံကြည်မိလို့ ဆုံးရှုံးသွားတဲ့ အဖြစ်ကို ဘယ်သူ တာဝန်ယူနိုင်လဲ မေးကြည့်ချင်ပါတယ် ..

အချိန်နဲ့ အမျှ ပြောင်းလဲနေတဲ့ လောက လူတွေရဲ့ စိတ်အခြေအနေတွေကြောင့်သာ ကျမ လူတွေကို မယုံကြည်ဖြစ်တော့တာပါ .. ဒါဟာလည်း ဘယ်သူ့မှတော့ ထိခိုက်လိမ့်မယ် မထင်မိပါဘူး .. ကိုယ့်ခံစားချက်နဲ့ ကိုယ် ကိုယ်ပိုင် ရပ်တည်နိုင်ခွင့် လူတိုင်းမှာ ရှိကြတာပဲမဟုတ်လား ..

လူတိုင်းနဲ့ ရင်းရင်းနှီးနှီး ပေါင်းတတ်လို့ ခင်ကြတယ်တဲ့ ..

ကျမ သူငယ်ချင်းတွေ ပေါင်းတဲ့အခါ သူတို့ရဲ့ စိတ်ကို သိနိုင်ဖို့ သူတို့ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ဖို့ ကြိုးစားမိတယ် .. သူဘာလိုလဲ သိနေမိလို့ ကိုယ်ပေးတာလဲ သူနဲ့ အံဝင်ခွင်ကျ ဖြစ်သွားတတ်တယ် .. သူတို့ ခံစားရသမျှ နားထောင်ပေးတတ်တော့လည်း ကိုယ်ဟာ သူတို့ရဲ့ သူငယ်ချင်းကောင်းတဲ့လေ .. ကိုယ်က သူတို့ လိုတာ မပေးနိုင်တော့တဲ့ အခါ .. ကိုယ့်မှာ သူတို့ ခံစားချက်တွေ နားထောင်ပေးဖို့ အခြေအနေ မပေးတဲ့အခါ .. ကျမ ပြောင်းလဲသွားပါတယ်တဲ့ .. ထားပါတော့ ကျမ ပြောင်းလဲသွားတယ်လို့ပဲ ..

လူတွေက အတ္တများတယ် .. ကိုယ်ကသာ လိုချင်တတ်ကြတယ် .. ကိုယ်က စပေးနိုင်ဖို့ မေ့နေတတ်ကြတယ် ..

ကျမရော .. ကျမမှာလည်း အတ္တနဲ့မို့ ကိုယ့်လုပ်ရပ်ကြောင့် တခြားလူဘယ်လို ဖြစ်သွားမလဲ မစဉ်းစားပေးချင်တော့ပါဘူး ..

ကိုယ့်ခရီး ကိုယ်လျှောက်ရင်း
ကိုယ်သွားတဲ့ လမ်း
မှန်ဖို့ပဲ အာရုံစိုက်တယ်

လမ်းမှားရင် နောက်ပြန်လှည့်မယ်
လမ်းမှန်ရင် ရှေ့ဆက်လျှောက်မယ်
ဒါ ဘယ်သူ့ ပရောဂမှ မပါဘူး

ကိုယ့်ရပ်တည်မှုအတွက်
ကိုယ့်ကို ယုံကြည်မှုရှိမယ်
ကိုယ့်လုပ်ရပ်နဲ့
ကိုယ့်သမိုင်းကို လောင်းကြေးထပ်တယ်

ကိုယ့်သမိုင်း ကိုယ်ရေးကြသူချည်းပဲ
ကိုယ့်အတိတ်ဖြစ်မယ့် အရောင်ကို
ကိုယ်တိုင် ဆေးခြယ်ချင်တယ်

ဇာတ်လမ်း အဆုံးမှာ
အဖြေ တခုတော့ ရှိလိမ့်မယ်

Wednesday, July 22, 2009

ကိုဖိုးစိန် မွေးနေ့ အမှတ်တရ

ကွန်ပျူတာကို ဖွင့် .. ဂျီတော့ကိုဝင်ပြီး ဘယ်သူနဲ့မှ စကားမပြောဖြစ်သေးပဲ ကိုယ့်ဟာကိုယ် တယောက်တည်း အလုပ်ရှုပ်ချင်ယောင်ဆောင်နေတဲ့အချိန် တတုန်တုန်နဲ့ တက်လာလို့ ကြည့်လိုက်တာနဲ့ နှုတ်ခမ်းကိုစူပုတ်နေပြီး စိတ်ကောက်နေတဲ့ ကိုဖိုးစိန်တယောက်ကို တွေ့နိုင်ပါတယ် .. (စူပုတ်ပြီး စိတ်ကောက်နေပြီဆိုတာကို ဂျီတော့မှာ တက်လာတဲ့စာကို ကြည့်ပြီး သိနိုင်ပါတယ် ..)

အမြဲတမ်း ပြောတတ်တာက .. (မခေါ်ဘူးလား .. မခေါ်ဘူးပေါ့ .. ရပါတယ် ..) (ပျော်လာကြတယ်ပေါ့ .. မနာလိုဘူး .. စိတ်ဆိုးဒယ် ..) (မခေါ်ဘူး ..) (စိမ်းကားသူဂျီး..) စိတ်ကောင်းလေးဝင်ပြီး စခေါ်တယ်ဆိုရင်တော့ (ညီမ ပူတူတူးလေး .. မိုးမိုး ချိုချဉ်စပ်ခါးလေး ..) အဲဒါကိုမှ စကားပြန်မပြောဖြစ်ဘူးဆိုရင် (မခေါ်ဘူးလားးးးးးးးးးးးးးးးးးးး ..) အာခေါင်ခြစ်အော်ပုံရပါတယ် .. ကျန်သေးတယ် ရေးရင် အဲဒါနဲ့ပဲ ပို့စ်တခု ပြည့်သွားနိုင်ပါတယ် :D


မောင်နှမ များရဲ့ အချစ်တော်ကြီး အကိုဂျီး ကိုဖိုးစိန်
အစွံထုတ်ရန် ရှိသည် .. :P

အပေါ်က ပုံက ဒီနေ့ ပွဲထုတ်မယ့် မိုးခါး အကိုတယောက်ပါ .. တကယ်တော့ နာမည်က ကြီးပြီးသား .. (စာလုံး ကြီး ကြီး ရေးထားတယ်လေး) ရုပ်ဖြောင့်တယ်နော် :D (ကပ်ဖားတာ .. စားချင်တာ ချက်ကျွေးမယ်ဆိုလို့ :P)

အကျင့်လေးတွေက
စိတ်ကောက်တတ်တယ် .. (တကယ်တော့ ကောက်ချင်ယောင်ဆောင်တာပါ .. ချော့ခံချင်လို့)
မနာလိုဘူး မနာလိုဘူး ပြောပြီး တကယ်တော့ သူပါလိုက်ပျော်နေတာပါ ..
မိဘကို လုပ်ကျွေးနေတဲ့ သားလိမ်မာလေးပါ .. (လိမ်လည်း လိမ်တယ် .. ခေါင်းလည်းမာတယ် :P)
တကယ် လိမ်မာတာပါ နောက်တာဟုတ်ဘူး .. မယုံရင် ကိုယ်တိုင် ၀န်ခံချက်တွေရေးထားတာ အားကြီးပဲ .. :P
ဒီနေ့ မိုးခါး အကို ကိုဖိုးစိန်မွေးနေ့မှာ အကျွေး အမွေး အစီအစဉ် အဖြစ် ..



 
ဆူရှိ ကြိုက်ကြလား .. မိုးခါးတော့ ကြိုက်တယ် .. အစိမ်းတွေတော့ မစားရဲဘူး .. :D


ကိုဖိုးစိန်မွေးနေ့မှာ မိုးခါးက ဆူရှိ နဲ့ ဧည့်ခံပါတယ် ..း)



ကိုဖိုးစိန် မွေးနေ့မှာ ပျော်ရွှင်ပါစေ .. ကံကောင်းခြင်းတွေ ရောက်ရှိပါစေ .. ရည်မှန်းချက် ရည်ရွယ်ချက်များ အောင်မြင်ပါစေ .. ပျော်ရွှင် ကျန်းမာပါစေး)

မိုးခါးတို့ တွေ့ကြတယ် ဆုံကြတယ် ခင်မင်ကြတယ် .. ခင်ကြတယ်ဆိုတဲ့နေရာမှာ မိုးခါးအတွေးကတော့ အချိန်အကန့်အသတ်နဲ့မဆိုင်ပါဘူး .. တယောက်နဲ့တယောက် တယောက်အကြောင်း တယောက် ၀င်ရောက်ခံစား ကိုယ်ချင်းစာပေးနိုင်မယ် .. နားလည်ပေးနိုင်မယ် .. အပြန်အလှန် ကူညီဖေးမမှုတွေ ပေးနိုင်မယ် .. (ကူညီဖေးမတယ်ဆိုတဲ့ နေရာမှာ စကားလုံးလေး တလုံးကလည်း အတိုင်း အတာ တခုအထိ ထိရောက်တယ်လို့ ထင်ပါတယ်..) စစခင်ချင်းမှာ လူတွေ ၄ ၅ ၁၀ ယောက် ဖြစ်ချင်ဖြစ်မယ် .. နောက် အချိန် ကြာလာတာနဲ့ အမျှ ကိုယ့်စိတ်နဲ့ နီးစပ်သူ .. ခံစားချက် ခံယူချက် နီးစပ်သူချင်း ပိုမိုရင်းနှီးသွားတတ်တာ သဘာဝပါ .. ခင်တာချင်းတူရင်တောင် ရင်းနှီးတဲ့စိတ်ခံစားမှုချင်း ကွာဟနိုင်ပါတယ် ..

ဘယ်လိုပဲဖြစ်ဖြစ် တွေ့ကြပြီ ဆုံကြပြီ ခင်လည်း ခင်မင်ကြပြီးပြီဆိုရင် နောက်ဆုံးချိန်ထိ ပျော်ရွှင်စွာ လက်တွဲသွားနိုင်ဖို့ မျှော်လင့်ပါတယ် ..

သူငယ်ချင်း မိတ်ဆွေ အပေါင်းလည်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ .. ပျော်ရွှင် ချမ်းမြေ့ကြပါစေ ..း)


Sunday, July 19, 2009

၂၀၀၉ ခုနှစ် အာဇာနည်နေ့ သတိရခြင်း

(၁၉-၀၇-၀၉) နေ့ (၆၂) နှစ်ပြည့် အာဇာနည်နေ့

နှစ်ပေါင်း ကြာရှည်နေပေမယ့် မြန်မာလူမျိုးတွေ အနေနဲ့ အာဇာနည်နေ့ကို အမှတ်ရနေတတ်ခဲ့ကြတယ် .. သတိရတိုင်းလည်း ၀မ်းနည်းမှု နှမြောတသမှု ယူကြုံးမရမှု ဆုံးရှုံးခံလိုက်ရမှု စတဲ့ ခံစားမှုတွေ ရောပြွန်းလျှက် .. ကျမတို့ အလင်းတိုင် ဆုံးရှုံးခဲ့တာ နှစ်ပေါင်း ဒီလောက်တောင် ရှိသွားခဲ့ပြီ ..

ငယ်စဉ်ကတည်းက မေကြီးက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြတတ်ခဲ့တယ် .. အတွင်းဝန်ရုံးရှေ့က ဖြတ်တိုင်းလည်း ဒီရုံးကြီးမှာပေါ့ .. ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတာ .. ဘယ်လို ၀င်ရောက်လုပ်ကြံသွားတာ စသည်ဖြင့် ပြောပြတတ်တယ် .. အဲဒီချိန်ကတော့ ကြားရတိုင်း လုပ်ကြံခံရတယ်ဆိုတဲ့ အသိနဲ့ စိတ်မကောင်းဖြစ်ရုံလောက်သာ ခံစားခဲ့ရတယ် .. အရွယ်ရောက်လို့ ဗိုလ်ချုပ်အကြောင်းတွေ သိလာခဲ့ရတော့ လေးစားချစ်ခင်မိသလို နှမြောတသလည်း ဖြစ်ရတယ် .. ဗိုလ်ချုပ်ကို လုပ်ကြံခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ရွံရှာ မုန်းတီးတတ်ခဲ့တယ် ..

မေကြီးက ဗိုလ်ချုပ်ကို သိပ်ချစ်တယ် .. ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံ ကြီးငယ်တွေကို ခုထိသိမ်းထားတတ်တယ် .. စုထားတတ်ခဲ့တယ် .. ပိုက်ဆံပေါ်က ဗိုလ်ချုပ်သွင်ပြင်ကလည်း ခံညားစွာ နေရာယူခဲ့တယ် ..

ဗိုလ်ချုပ်ကို လူတိုင်းက ချစ်ကြတယ် .. (အချို့က လွဲရင်ပေါ့ ..) လူတန်းစားပေါင်းစုံရဲ့ ချစ်ခင်လေးစားမှုကို ခုချိန်တိုင် ခံစားနေရတုန်း .. အမြဲတမ်းလည်း အမှတ်ရနေတတ်ကြတယ် .. ဒါဟာ ဗိုလ်ချုပ်ရဲ့ ပြည်သူတွေအပေါ် ထားရှိခဲ့တဲ့ စိတ်ရင်း စေတနာကြောင့်သာ တန်ပြန်တဲ့ တုန့်ပြန်မှုတွေလို့ ကျမယုံကြည်မိတယ် ..

ကျမတို့ ငယ်ငယ်တုန်းတည်းက မနက်ဘက်ဆို ကန်တော်ကြီးကို ပတ်ပြီး လမ်းလျှောက်တတ်တယ် .. ဗိုလ်ချုပ်ကြေးရုပ်နားရောက်တိုင်း သတိတရနဲ့ ကြည့်မိတယ် .. ငယ်ငယ်က ဆော့ကစားပြီး အလေးပြုတာကို သတိရမိတယ် .. နားလည်တတ်တော့ ဒါဟာ ငါတို့ရဲ့ ခေါင်းဆောင်ဆိုတဲ့စိတ် လေးစားမှုအပြည့်နဲ့ ရင်ထဲက အလေးပြုဖြစ်တယ် ..

တချို့ကတော့ ဗိုလ်ချုပ်ရဲ့ အရေးပါမှုကို ပျောက်ကွယ်စေချင်စိတ်နဲ့ ဗိုလ်ချုပ်ရဲ့ အမှတ်တရတွေကို ကွယ်ပျောက်အောင် ပြုလုပ်နေကြတယ် .. လွန်ခဲ့တဲ့ နှစ်က ဗိုလ်ချုပ်ကြေးရုပ်ကို အပြင်ကနေ ခြံစည်းရိုးခတ်လိုက်တာကို တွေ့ရတယ် .. အရင်ကလို ဗိုလ်ချုပ်ကြေးရုပ်ရှေ့တည့်တည့်က ၀င်လို့မရအောင် အသေပိတ်လိုက်တာ တွေ့ရတယ် ..

သနားမိတယ် .. ဗိုလ်ချုပ်ရဲ့ သက်မဲ့ရုပ်ထုကိုတောင် ကြောက်ရွံ့နေကြသူတွေကိုပါ .. အမှတ်တရတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတယ် ..

ဒါပေမယ့် ခုချိန်ထိ လူတိုင်းရင်ထဲမှာ ဗိုလ်ချုပ် ရှိနေခဲ့တယ် .. ဗိုလ်ချုပ်ရဲ့ အရှိန်အ၀ါကြီးတာကိုတော့ ဘယ်သူမှ ငြင်းမရပါဘူး ..

စိတ်မကောင်းစရာ တခုက ဗိုလ်ချုပ် အသက်နဲ့ရင်းပြီး ကြိုးစားပေးခဲ့တဲ့ လွတ်လပ်ရေးကို ဗိုလ်ချုပ်ရဲ့ သားသမီးတွေ မခံစားနိုင်သေးတာပါပဲ .. ခုချိန်ထိ စိတ်ဓါတ်တွေ အသိတွေ ချုပ်နှောင်ခံကြရတုန်း ..

ဒါတွေကိုသာ သိနိုင်မယ်ဆိုရင် တာဝန်မကျေဘူးလို့များ ခံစားနေရမလား .. တကယ်တော့ တာဝန်ကျေသူတွေ ကျေကုန်ကြပါပြီ .. ကျမ အပါအ၀င် တာဝန်မကျေသူတွေသာ တတ်နိုင်သလောက် ကိုယ့်တာဝန်ကိုယ်ကျေဖို့ ကြိုးစားရမှာ မဟုတ်ပါလား ..

စဉ်းစားကြည့်စေချင်တယ် .. ကိုယ် လုပ်နေတဲ့အလုပ်က ဘာလဲ ..
ရှက်တတ်စေချင်တယ် .. ကိုယ် အခုရောက်နေတဲ့ အဆင့်က ဘာလဲ ..

ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။

ဒီကဗျာလေးက ငယ်စဉ်တည်းက သိခဲ့ မှတ်ခဲ့ ရွတ်ခဲ့ဘူးတဲ့ ကဗျာလေးပါ ..

ဗိုလ်ချုပ်သမိုင်းကြောင်း ဘလော့ တခုမှ ဒေါင်းလုတ် လုပ်ထားခြင်း ဖြစ်ပါတယ် ..

Saturday, July 18, 2009

ရန်ကုန်အလွမ်း @ အလွဲတွေးများ

အလန်းသံကြားလို့ ကမန်းကတမ်း (အလန့်တကြားဆို ပိုမှန်ပါလိမ့်မယ် ..) ကျမ နှိုးထမိတယ် .. အလုပ်သွားရမယ်ဆိုတဲ့ အသိက ချက်ချင်းဝင်လာတယ် .. ကိုယ့်ဘေးဘီဝဲယာကြည့်လိုက်တော့ ဒါ စင်ကာပူမဟုတ်ဘူး ..

"သြော် .. ကျမ မြန်မာနိုင်ငံ ပြန်ရောက်နေတာပဲ .." ဒီတော့မှ သက်ပြင်းချမိတယ် ..

နှိုးနေမှတော့ မထူးတော့ပါဘူး .. ရန်ကုန်ရဲ့ မနက်ခင်းကို ကြိုဆိုလိုက်တော့မယ် ..

မိုးမလင်းတလင်း မနက်ခင်းရဲ့ လေက လတ်ဆတ်နေတယ် .. ပြူတင်းတံခါးကိုဖွင့်ပြီး မနက်ခင်းသစ်ကို ကြိုလိုက်တယ် .. ရန်ကုန်လေကို တ၀ ရှုရိုက်ရင်း သီချင်းသံတိုးတိုးဖွင့်ရင်း ငြီးမိတယ် .. အင်း .. ဒါရန်ကုန်ပဲ .. ပြောင်းလဲခြင်း မရှိသေးတဲ့ ရန်ကုန်ပဲ ..

မနက်စောစော ပဲပြုတ်နဲ့ ဆီနဲ့ ဆားနဲ့ နယ်တဲ့ ထမင်းစားဖို့ ကြံစည်လိုက်တယ် .. ပဲပြုတ်ရောင်းတဲ့ အသံကို နားစွင့်ရင်း ဘုရားပန်းလဲ သောက်တော်ရေလဲ ..

"ပဲပြုတ်" အော်သံကြားတာနဲ့ အိမ်ရှေ့ဝရန်တာ ထွက်လို့ ထုံးစံအတိုင်း "လာပါဦး" ပေါ့ ..

၎ ထပ်တိုက်ကနေ အောက်ဆင်းပြီး ပဲပြုတ်ဝယ်တော့ .. လွန်ခဲ့တဲ နှစ်တော်တော်ကြာကြာကတည်းက မြင်ဘူးနေကျ အဒေါ်ကြီး .. (အင်း .. ဒီ အဒေါ်ကြီးလဲ မပြောင်းလဲသေးပဲကိုး .. အဖွားကြီးပုံ ပေါက်သွားတာကလွဲရင်ပေါ့ ..)

အိမ်စောင့်နတ် ကြည့်မရတဲ့ ကျမက အိမ်မှာလည်း ကြာကြာမနေနိုင်ခဲ့ပြန်ဘူးလေ .. နေထွက်လာတာနဲ့ အိမ်ပြင်ထွက်ဖို့ စိုင်းပြင်းလို့ပေါ့ ..

သူငယ်ချင်းအိမ်သွားမယ် .. စားချင်တာတွေ လျှောက်သွားပြီးဝယ်စားမယ် စိတ်ကူးနဲ့ သူငယ်ချင်းအိမ်ကို ခြေဦးလှည့်လိုက်တယ် .. လမ်းလျှောက်ဖို့ဆိုလည်း တယောက်တည်းဆို သိပ်ပျင်းတတ်တော့ လမ်းထပ်က ဟိုး ငယ်ငယ်တုန်းက စီးနေကျ ဆိုက်ကားဂိတ်ကို ဦးတည်လိုက်တယ် ..

"သမီး" ခေါ်သံကြားလို့ လှည့်ကြည့်မိတော့ အိုး .. ကျောင်းတက်တုန်းတည်းက ငှားစီးနေကျ ဆိုက်ကားနင်းတဲ့ ဦးလေးကြီး .. (တော်တော်အိုစာနေပြီပဲ) လို့ စိတ်ထဲတွေးမိတယ် .. မပြောင်းမလဲ နေ့စဉ် ချီတက်နေဆဲပေါ့ .. ဒါလည်း မပြောင်းလဲခြင်းတခုထဲ ထည့်နိုင်ပေမယ့် ပြောင်းလဲခြင်းကတော့ ဆိုက်ကားခ ..

ငယ်ငယ်တည်းက မောင်နှမနှစ်ယောက် ဆိုက်ကားစီးစီးပြီးသွားတာကို ပြန်အမှတ်ရမိတယ် .. အဲဒီအချိန်က ကျမက ၆ တန်း ၇ တန်း .. ဆိုက်ကားခဆိုတာ အလွန်ဆုံးရှိရင် ၅၀ ၁၀၀ ကျပ်ပေါ့ .. ခု ဈေးမေးမိတော့ ၅၀၀ .. (ဒါက ပြောင်းလဲခြင်း တမျိုး)

သူငယ်ချင်းအိမ်ရောက်တော့ သီချင်းဖွင့်မယ် အလုပ်မှာ မီးက ပျက်နေပါသတဲ့ .. (ဒါက မပြောင်းလဲခြင်း) ဘယ်ချိန်လာမလဲ ဆိုတာတော့ မိုးနတ်မင်းကြီးတောင်မှ သိနိုင်မယ် မထင် ..

ရန်ကုန်မြို့ထဲ ထွက်လာခဲ့တော့ ရှုပ်ရှက်ခတ်နေတဲ့ လူတွေ ကားတွေ .. ကားတွေ အများကြီး ပိုင်ကြတော့ ပိုက်ဆံ ရှိသူတွေ ပေါတယ် ထင်ပ .. ကားတွေပေါ်ကနေ ကွမ်းတပျစ်ပျစ် ထွေးနေသူတွေ မြင်မိတော့ ကားပေါ်မှာသာ ထိုင်နေကြတယ် .. စိတ်ဓါတ်တွေက စည်းကမ်းမရှိ ..

မြို့ထဲမှာလည်း လမ်းတိုင်းလမ်းတိုင်းမှာ မုန့်ဆိုင်လေးတွေ .. အိမ်အောက်ထပ်တွေ တော်တော်များများမှာ ဆိုင်ခန်းလေးတွေ .. သေးသေး ကြီးကြီး ပစ္စည်းစုံ စတိုးဆိုင်တွေ .. လမ်းဘေးမုန့်ဆိုင်တွေ .. ပြည့်ကျပ်ညပ်လို့ လမ်းသွားတာတောင် လမ်းမပေါ် ဆင်းသွားရတဲ့ အဖြစ် .. ဆိုင်ခင်းတာတွေတောင် လမ်းမပေါ်ရောက်နေတာ လူတွေ လမ်းပေါ်ဆင်းလျှောက်တာ မထူးဆန်းပါဘူးလေ .. နေရာတိုင်းမှာ တွေ့ရတဲ့ ကွမ်းသွေးတွေကလည်း အော်ဂလီဆန်စရာ ..

တိုက်မြင့်မြင့်တွေ ပေါလာတဲ့ ရန်ကုန်မြို့ .. လူတွေ တဲပေါ်ကနေ တိုက်ပေါ်ရောက်ကုန်ကြတယ် .. ၀မ်းသာစရာပေါ့ ..

အော်ဟစ်ဆဲဆိုသံတွေ ကြားလို့ ကြည့်မိတော့ အိမ်အောက်ထပ်က လမ်းဘေးဈေးသည်နဲ့ ရန်ပြိုင်ဖြစ်နေတဲ့ တိုက်ပေါ်က အမျိုးသမီး တဦး .. လူတွေ တဲပေါ်ကနေ တိုက်ပေါ်ရောက်ပြီး စိတ်ဓါတ်တွေ မြင့်မလာကြဘူး ..

စိတ်ဓါတ်ကျစွာနဲ့ စူပါမားကတ်တခုဝင်မိတော့ နောက်ကနေ လိုက်လံစောင့်ကြည့်ခြင်းကို ခံရတော့တာပဲ .. ပစ္စည်းတောင်းကြည့်ရင် စိတ်မပါ လက်မပါ ဆောင့်အောင်ပေးတဲ့ ၀န်ထမ်းနဲ့ .. ပစ္စည်းတောင်းကြည့်တာကို မကြားသလို စကားပြော မပျက်နဲ့ ၀န်ထမ်းနဲ့ .. ရောင်းကောင်းဝယ်ကောင်းပါပဲ ..

မုန့်ဆိုင်တဆိုင် ၀င်ထိုင်ဖြစ်တော့ လူတွေမှ အပြည့် .. ဒီလိုဆိုတော့လည်း စီးပွားရေးမကောင်းဘူးဆိုတာ ဘယ်ဟုတ်နိုင်ပါ့မလဲ ..

ညနေစောင်းချိန်မှာတော့ အမှောင်ကမ္ဘာတည်း တပ်ခေါက် ပြန်ခဲ့လေရဲ့ .. ဒါဟာလည်း ရန်ကုန်ရဲ့ သင်္ကေတ တခု ..

မီးပျက်လို့ ရာသီဥတုကလည်း ပူလို့ အိမ်ရှေ့မှာ ခုံလေးတွေ ကိုယ်စီနဲ့ အတင်းအဖျင်းပြောနေကြသူတွေ ..

အိမ်အောက်လေးတွေမှာ ဈေးဆိုင်လေးတွေနဲ့ နောက်များဆိုရင် ပိုက်ဆံနဲ့ မုန့်မ၀ယ်ပဲ ပစ္စည်းချင်း လဲစားတဲ့ ခေတ်များ ပြန်ရောက်လေမလား ..

လွန်ခဲ့တဲ့ တနှစ်က ရန်ကုန် .. ခုထိဒီပုံပါပဲ .. မရိုးနိုင်တဲ့ မြင်ကွင်း .. လူတွေရဲ့ ရှင်သန်နေမှုတွေ .. အားလုံးဟာ ပုံမှန်ပါပဲ .. အားလုံးလည်း နေသားတကျ .. ကျမ အတွေးတွေသာ လွဲနေတာနေမှာပါ ..

Saturday, July 11, 2009

သီရိလင်္ကာ ဘုန်းကြီးကျောင်း

ကျန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သီရိလင်္ကာဘုန်းကြီးကျောင်းကို အမနဲ့ အတူရောက်သွားပါတယ် .. တိုပါးရိုး အမ်အာတီကနေ ၁၅ မိနစ်လောက် လမ်းလျှောက်ရင် ရောက်တဲ့ အဲဒီကျောင်းကို အရင်တခါ ပွဲတခုတုန်းက သူငယ်ချင်းနဲ့ ရောက်သွားဖူးပါတယ် .. မရောက်ဘူးသေးတဲ့လူတွေ မသိသေးတဲ့ လူတွေ သိရအောင် ပုံလေးတွေ ရိုက်လာပါတယ် .. ဖုန်းကင်မရာနဲ့မို့ သိပ်ကြည်ပါ့မလားမသိဘူး ..း))


ဝင်ဝင်ချင်းပဲ ညာဘက်ခြမ်းမှာ မြင်နေရတဲ့ လျောင်းတော်မူ ရုပ်ပွားတော်ကြီးပါ ..


ဗောဓိညောင်ပင်ပါ .. ညတိုင်း ၇ နာရီခွဲလောက်ဆို ရွတ်တဲ့ ဖတ်တဲ့ ပွဲတွေရှိတယ်ပြောပါတယ် .. လပြည့်တိုင်းလည်း ပွဲတွေရှိတယ်တဲ့ .. မြန်မာအသံနဲ့တော့ ရွတ်တာမဟုတ်ပါဘူး .. မြန်မာ ဘုရားစာတော့ မြန်မာဘုရားစာပါ ..
 

ဒါက ဗောဓိညောင်ပင်ရှေ့က ပုံဝတ္တုတခုကို သရုပ်ဖော်ထားတဲ့ ပုံပါ ..




ည ၇ နာရီခွဲမှာ ညောင်ပင်ကို လက်ယာရစ်ပတ်ပြီး ပူဇော်နေပုံပါ ..



ညောင်ပင်ဘေးက ဓမ္မာရုံ ဒုတိယထပ်မှာရှိတဲ့ မြတ်စွာဘုရား ဆင်းတုတော်ပါ .. ည မှောင်နေတဲ့အပြင် မီးလည်း မှိတ်ထားတော့ ပုံက တော်တော် ၀ါးပါတယ် .. သည်းခံကြပါကုန် ..း)

 

ဓမ္မာရုံ တတိယထပ်ကို တက်တက်ချင်း ဖူးရတဲ့ ဆင်းတုတော်ပါ ..

 

တတိယထပ်မှာပဲ တည်ထားတဲ့ စေတီပုံပါ ..

အလုပ်မှာ အခု တူတူလုပ်နေတဲ့ စလုံးတယောက်နဲ့ မလေး အမကြီးတယောက်က လကုန်တဲ့ အပတ်ဆို ထွက်ကြမယ် .. ဒီတော့ ခေါင်သူကြီးက မေးတယ် .. အဲဒီအလုပ်တွေ ကူလုပ်ပေးနိုင်မလားတဲ့ .. ကူပေးမယ်ပြောလိုက်တယ် .. ဒီတော့ ကိုယ့်အလုပ်အပြင် နောက်ဆို သူတို့ အလုပ်ပါ ကူပေးရပါမယ် .. ကိုယ်တခါမှမလုပ်ဘူးတဲ့ အပြင် စကားပြောသိပ်ကောင်းတဲ့လူကို စကားတွေ အများကြီး လာပြောခိုင်းတဲ့အတွက် လူက ချာလပတ် ရမ်းနေပါတယ် .. ခုသိပ်မရမ်းသေးဘူး သူတို့ သွားပြီဆို ရမ်းပြီပဲ ..း) (မီးစင်ကြည့်ကရမှာပဲ :D)

ကိုယ်မလုပ်ဘူးတဲ့အလုပ်တွေ လုပ်ရမှာမို့ စိတ်ဝင်စားပေမယ့် တကယ်တမ်း စလည်း အလုပ်တွေလွှဲရော လူက မူးနောက်နောက်ဖြစ်ပါလေရော .. (နောက်တော့ ဖြစ်သွားမှာပါနော် .. :P)

အလုပ်မှာ အလုပ်လုပ်ရတာ စိတ်မပါဖြစ်လာရင် ဘလော့ ကို လည်ပါတယ် .. ကွန်ပြူတာရဲ့ ဒေါင်းတထောင့်မှာ အကွက်လေးခေါ်ပြီး စာတွေ လျှောက်ဖတ်ပါတယ် .. (ရှူး တိုးတိုးနော် .. သိရင် ငြိမ်ငြိမ်နေ :P .. အဲလိုဖတ်ဖို့ နွေး သင်ပေးထားတာ .. ပြောသေးတယ် .. လူလာရင် ကိုယ်နဲ့ ကွယ်ထားတဲ့ .. :D)

ဘလော့တွေ လည်သာလည်ရတယ် .. ရောက်တဲ့အကြောင်း ဖတ်ပြီးရင်လည်း ပြောချင်တဲ့ အကြောင်းလေးတွေကို အခြေအနေအရ မပြောဖြစ်ခဲ့တာလည်း ရှိပါတယ် .. အဲဒါကြောင့် နားလည်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ် ..း)) (အခြေအနေကို ကြည့်ပြီး လှုပ်ရှားနေရတဲ့ ဘ၀ မို့ပါး)

စာကတော့ အားရင် အားသလို လစ်ရင် လစ်သလို စိတ်ပါရင် ပါသလို လျှောက်ခြစ်ဖြစ်မှာပါ .. (သည်းခံပြီးတော့ ဖတ်ရဦးမှာပေါ့လို့ မတွေးနဲ့နော် ..)

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေ မိတ်ဆွေတွေ မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ..

လမ်းညွှန်က
တိုပါးရိုး အမ်အာတီကနေ ၃၁. ၈ စတဲ့ ကားတွေ စီး .. after blk 195 မှတ်တိုင်မှာဆင်း .. အမ်အာတီကနေ ၃ ၄ မှတ်တိုင်ပဲကြာတယ် .. ဆင်းပြီး တဖက် ကားလမ်းကို ကူး .. တိုက်တွေ မြင်နေရတဲ့ဘက် (တိုက်တွေဘက်ကို လမ်းလေးအတိုင်း သွား) ဘယ်ဘက်ကိုဆက်လျှောက် အဲဒီမှာ မြက်ခင်းပဲ မြင်နေရတယ် .. လျှောက်ရင်း ၅မိနစ်လောက်ကြာရင် under pass လေးကို မြင်နေရတယ် .. အဲဒီလမ်းတိုင်း ၀င်သွား .. တည့်တည် ထွက်လိုက်ရင် လမ်းနဲ့ တည့်တည်ပဲ .. ရှေ့ဆက်သွားလိုက်တာနဲ့ ဘုရားဆင်းတုကို လှမ်းမြင်နေရတယ် ..


Monday, July 6, 2009

ငယ်ဘ၀ကို အမှတ်ရစေသောဟင်း + သီချင်း

ငယ်ငယ်တုန်းတည်းက ဟင်းဆို ဂျီးများတယ် .. ဟင်းတခုတည်းမဟုတ်ပါဘူး အကုန်လုံးပဲ ကိစ္စတော်တော်များများမှာ ဂျီးများတယ် ..

ငယ်ငယ်တုန်းက သတိရနေတာ ထမင်းကို ကုန်အောင်မစားဘူး အစားနည်းတယ် .. အဲလိုမျိုးဆို အိမ်က အမေတို့ အဒေါ်တို့က ထမင်းကို ဘယ်လောက်ထိ ကုန်အောင်စား .. အဲလိုဆို မိုးပေါ်က ငါးသလောက်ဥကြီး ပြုတ်ကျလာမယ်ဆို ပြောပြောနေတာ အမှတ်ရနေတယ် ..

ငယ်ငယ်တုန်းက နေတဲ့အိမ်က နှစ်ထပ် ပျဉ်ထောင်အိမ်လေး .. နောက်ဖေး မီးဖိုချောင်မှာ နေ့လည်ဖက် အလင်းရောင်ဝင်အောင် ခေါင်မိုးမှာ အကြည်ရောင်လေး အုပ်ထားတယ် .. ငယ်ငယ်တုန်းကတော့ ကိုယ်ထမင်းကို ကုန်အောင်စားလို့ ဟင်းတွေ ပြုတ်ပြုတ်ကျလာသလားပေါ့ .. ကြီးတော့မှ အနှပ်ခံရမှန်းသိတယ် .. :P

ငယ်ဘ၀ကို သတိရစေတဲ့ ဟင်းရယ်လို့တော့ မရှိဘူး .. ကိုယ်ကြိုက်တတ်တာလေးတွေ ဒီမှာနေနေရင်း စိတ်ကူးပေါက်လို့ စားချင်တာလေးတွေတော့ ရှိတယ် ..

ဟိုတလောက မေကြီးချက်တဲ့ ကြက်သားပြုတ်ကျော်ကို စားချင်တာ အရမ်းပဲ .. ဘယ်လိုချက်လဲဆိုတော့ အိုးထဲထည့်ချက်ပေါ့နော် .. ဆီတွေ ရေတွေ ဆား အချိုမှုန့် ငံပြာရည် ကြိုက်သလောက်ထည့်ချက်ပေါ့ .. :P

နောက်တခုက ငါးသေးသေးလေးတွေကို အိုးကပ်ချက်တာ ပုဇွန်လေးတွေ အိုးကပ်ချက်တာ စားချင်တယ် .. စဉ်းစားမိပြန်တော့ ငါးသေးသေးလေးတွေ ပုဇွန် သေးသေးလေးတွေ သနားစရာတော့ ကောင်းတယ်နော် .. လူတွေ ထမင်းတပန်းကန်ကုန်ဖို့ သူတို့က အများကြီး သေပေးရမှာ ..း( .. ဒါပေမယ့် စားလို့လည်း ကောင်းနေတာကိုး .. :P

နောက် သံတွဲက ရခိုင်မုန့်တီ သောက်ချင်တယ် .. တော်ဝင်နှင်းဆီက နန်းကြီးသုတ်စားချင်တယ် .. ဒင်းဆန်း လည်းစားချင်တယ် .. ဒီမှာ ၀ယ်စားတာ ၂ တုံးကို ၂ကျပ်တဲ့ .. ဈေးကြီးလိုက်တာ ..း( .. လမ်းကြောင်းတွေတော့ ချော်ကုန်ပြီ .. (လူက အူကြောင်ကြောင်ဖြစ်ချင်နေလို့ပါ :D)

ဘာစားချင်သေးလဲဆိုတော့ ခုလောလောဆယ် စဉ်းစားလို့မရတော့ဘူး .. စဉ်းစားလို့ရရင် တဂ်တဲ့ မမေကဆုန် ချက်ကျွေးမှာလား ..:D ..

ဒီလောက်နဲ့ ကျေနပ်ပေးပါနော် .. ချက်ပြုတ်ပုံ ချက်ပြုတ်နည်းကတော့ စာအုပ်ထဲမှာ ရှာဖတ်နိုင်ပါတယ် .. :P

ဒီသီချင်းကတော့ တနေ့လုံးနားထောင်နေတဲ့အထဲက ကြိုက်တဲ့သီချင်းလေးပါ .. ဆုန်သင်းပါကိုကြိုက်တယ် .. သူ့သီချင်း တော်တော်များများကို ကြိုက်တယ် .. ပထမဆုံး ခွေတည်းက နားထောင်ဖြစ်တာ .. တကိုယ်တော်ခွေ ဆက်ရန်လို့ ထင်တယ် ..

mp3 လိုချင်ရင် ဒီမှာ ပါ ..

နောက်တပုဒ် ကြိုးကြာဆိုထားတာ .. လိုချင်ရင် ဒီမှာပါ .. အသိုက်မဲ့ငှက် တဲ့ .. တခွေလုံးမှာ အဲဒီနှစ်ပုဒ်ပဲ ကြိုက်တယ် ..

အလုပ်လည်းမသွားချင်ဘူး .. လူက တော်တော်အကျင့်ပျက်နေတယ် .. ဒီနေ့လည်း မကောင်းတဲ့ ကွန်ပျူတာ သွားပြင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခွင့်ယူတယ် .. အေးရောပဲ .. ရုံးကိုတော့ အိမ်ပြောင်းမယ့် ကိစ္စရှိတယ် ဖောရတယ် .. အကျင့်မကောင်းဘူးနော် .. မကောင်းတဲ့အကျင့်တွေ တော်တော်များတာ .. နောက်တော့သိလာလိမ့်မယ် ..း)



အားလုံးကို အဆင်ပြေ ပျော်စေချင်တယ် ..
ကွန်ပျူတာရှေ့ထိုင်နေရင်း စကားမပြောနိုင်တာလည်း ၀ဋ်ပဲ ..


Thursday, July 2, 2009

မိုးရာသီလမ်းခွဲ

မိုးရေစက်တွေ ရွာချမလာသေးပေမယ့် မှောင်နက်နေတဲ့ကောင်းကင်အောက်မှာ ငါတကိုယ်တည်း ရပ်လို့ပေါ့ .. အတိတ်ဆိုတာ လွမ်းဆွတ်တတ်သူတယောက်အတွက် တမ်းတစရာတွေ တပုံတပင်နဲ့လေ .. ဒီလိုအချိန် ဒီလိုရာသီမျိုးနဲ့ တမိုးအောက်တည်း ငါတို့ လက်တွဲလျှောက်ခဲ့ဘူးသေးတယ် .. မိန်းကလေးဖြစ်ရက်နဲ့ ထီးဆောင်ရကောင်းမှန်းမသိတတ်တဲ့ ငါ့အတွက် နင်အမြဲတမ်း ထီးတချောင်း ယူလာတတ်ပေမယ့် တခါမှမဆောင်းဖြစ်ခဲ့ဘူး .. မိုးဖွဲဖွဲကျရင် အထီးကျန်နေတဲ့လမ်းမကြီးကို ငါတို့နှစ်ယောက် အတူတူအဖော်ပြုလို့ .. မိုး သည်းသည်းမဲမဲရွာလာရင်တော့ အပြေးတပိုင်းနဲ့ နီးရာဆိုင်ကိုရှာရင်း မိုးခိုတတ်ကြသေးတယ် ..

ငါတို့ ဆုံတွေ့ခြင်းက မိုးရာသီနဲ့ပတ်သက်နေခဲ့တယ် .. မိုးစက်တွေကို ချစ်တတ်တဲ့ ငါနဲ့ မိုးရွာပြီဆို မျက်မှောင်ကုတ်နေတတ်တဲ့နင် ငါတို့ ဆုံတွေ့ခြင်းမှာ ကဗျာတွေ မဆန်ခဲ့ဘူး .. နင်က စတိုင်အပြည့်နဲ့ ကျော့နေအောင်နေတတ်တဲ့သူလေ .. ငါ့လို မှုန်တေတေ ဂျစ်ကန်ကန်မိန်းကလေးနဲ့ စတင်ဆုံဆည်းခြင်းကိုက လွဲမှားနေခဲ့တာပဲ ..

ချစ်ခြင်းမှာ အမြင်အာရုံမပါခဲ့ဘူးလား ..
ခံစားသိစိတ်တခုတည်းနဲ့ ရပ်တည်နေတာလား ..
မမြင်နိုင် မသိနိုင်တဲ့ ချစ်ခြင်းကို တည်ရှိနေပါတယ်လို့ ယုံမှတ်မှားနေခြင်းက ငါ့ရဲ့ မှားယွင်းမှုတွေပါ ..

ချစ်ခြင်းက အရာအားလုံးကို ကျော်ဖြတ်နိုင်သတဲ့လား .. တကြိမ်တခါကတော့ ငါ့ယုံကြည်နေမိခဲ့သေးတယ်လေ .. အဲဒီအတွက်လည်း ပေးဆပ်လိုက်ရတာ အလူးအလဲ .. ဒါပေမယ့် ငါ ကျေနပ်ပါတယ် .. နင်ပေးခဲ့တဲ့အရာအားလုံးအတွက် ကျေးဇူးတင်နေမှာပါပဲ ..

ငါ့မှာ နင်နဲ့ပါတ်သက်ပြီး ဘ၀င်တွေ မြင့်သွားတဲ့ခံစားချက်မျိုး ခံစားဘူးခဲ့တယ် .. ဒီလိုချိန် မိုးဖွဲဖွဲထဲမှာပဲလေ ..

"ငါ နင့်ကို ချစ်တယ် ဟန်နီ .. ငါနှစ်သက်တဲ့ပုံစံမျိုးတခုမှမရှိတဲ့နင့်ကို ငါချစ်သွားခဲ့တယ် .." ဒီစကားကို မိုးရေစက်တွေရဲ့ လှည့်စားမှုကြောင့် ငါ့ကို ယောင်ရမ်းပြောခဲ့တာပဲ .. ဒါပေမယ့် ဒီစကားကြောင့် ငါဘ၀င်တွေ မြင့်သွားခဲ့တယ် ..

ငါတို့ ပျော်ရွှင်ခဲ့ဘူးတယ် .. မိုးဖွဲတွေကြားမှာ ..
မိုးရေစက်တွေက လူရဲ့စိတ်ကို လှုပ်ရှားအောင် ပြုစားတတ်တယ် ..
ငါကိုယ်တိုင်ကလည်း မိုးရေစက်တွေရဲ့ အောက်မှာ လူတွေ ငါ့မျက်ရည်ကို မြင်ခွင့်မရအောင် လှည့်စားမယ် ..

"ဟန်နီ .. မင်းကြောင့်ငါ ပျော်ရွှင်ခဲ့ပါတယ် .. ဒါပေမယ့် ငါသွားရတော့မယ် .."

ဒီနေရာလေးမှာပါပဲ .. ဒီလိုစကားမျိုးကြားရမယ်မှန်း ကြိုသိခဲ့ရင် ဒီနေရာလေးမှာ ဆုံဖို့ ငါရွေးချယ်ခဲ့လိမ့်မယ် မဟုတ်ဘူး .. ခုတော့ ဒီနေရာကိုရောက်တိုင်း ငါ့မှာ ပိုင်ဆိုင်ဘူးခြင်းနဲ့ ဆုံးရှုံးခြင်းအကြား ငါ့စိတ်တွေ လွန်ဆွဲနေခဲ့တယ် .. စကားမစပ် နင်ထားခဲ့တဲ့အဲဒီနေ့က မိုးတွေ တော်တော်သဲသဲမည်းမည်းရွာတယ် .. ငါ့ကိုအကာအကွယ်ပေးချင်လို့ ထင်ပါရဲ့ ..

ခုလည်း မိုးတွေရွာလာပြန်ပြီ .. ငါငိုရဦးမယ်ထင်ပါရဲ့ .. ဒီတခါနောက်ဆုံးအနေနဲ့ မိုးရေစက်တွေကို အကာအကွယ်ယူရင်း အထီးကျန်လမ်းမကြီးကို ငါတယောက်တည်း အဖော်ပြုဦးမယ် ..

ps. ရေးတုန်းကတော့ ၀တ္တုတိုတခုလောက်ရေးမယ်ပေါ့ .. ရေးရင်းရေးရင်း (မှားလို့) ရိုက်ရင်းရိုက်ရင်း လူတွေအနားရောက်လာတော့ ဖီးငုတ်သွားတယ် :P .. အဲဒါနဲ့ ဟိုမရောက် ဒီမရောက် ၀တ္တုလို့ပဲ သဘောထားပေးကြပါနော် .. :D

Wednesday, July 1, 2009

အဆုံးအဖြတ်

တွယ်တာမိခြင်းရဲ့နောက်မှာ
မျှော်လင့်ခြင်းက ကပ်ပါတယ်

မျှော်လင့်မှုများလေလေ
ဆုံးရှုံးနိုင်မှု ပိုများလေလေ

သိနေရက်နဲ့
ရှေ့ဆက်တိုးနေသူတယောက်အဖို့
လက်တကမ်းမှာ
ဆုံးရှုံးမှုက ဆီးကြိုနိုင်ပြန်တယ်

နားလည်နေမိပါတယ်
မျှော်လင့်ခြင်းကို
ဆုတ်ကိုင်ထားပိုင်ခွင့်ရှိသလို
လက်လွှတ်တတ်ဖို့လည်း
သင်ယူကြိုးစားရတော့မယ်

လမ်းတ၀က်မှာ နောက်ပြန်လှည့်မလား
ရှေ့ကိုမျက်စိစုံမှိတ် ဆက်လှမ်းမလား

ဘယ်သူမှားတယ် မှန်တယ်
ဆုံးဖြတ်ပေးနိုင်မှာတဲ့လဲ

ကိုယ့်ဆုံးဖြတ်ချက်အတွက်
တာဝန်ရှိသူဟာ ကိုယ်ပဲ

နောင်တ ..
နင်သိပ်ကြောက်တယ်ဆိုတဲ့နောင်တလေ
ခု နင့်လက်တကမ်းမှာ
နင့်ရွေးချယ်မှုကို စောင့်ဆိုင်းနေလေရဲ့ ...

ပို့စ်ကို တင်ချင်နေတာ တင်ချင်နေတာ ဘာကြောင်နေတယ်မသိဘူး တင်မရဖြစ်နေတယ်လေ .. ခုတော့ ရပြီထင်တာပဲ :D

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...