အလန်းသံကြားလို့ ကမန်းကတမ်း (အလန့်တကြားဆို ပိုမှန်ပါလိမ့်မယ် ..) ကျမ နှိုးထမိတယ် .. အလုပ်သွားရမယ်ဆိုတဲ့ အသိက ချက်ချင်းဝင်လာတယ် .. ကိုယ့်ဘေးဘီဝဲယာကြည့်လိုက်တော့ ဒါ စင်ကာပူမဟုတ်ဘူး ..
"သြော် .. ကျမ မြန်မာနိုင်ငံ ပြန်ရောက်နေတာပဲ .." ဒီတော့မှ သက်ပြင်းချမိတယ် ..
နှိုးနေမှတော့ မထူးတော့ပါဘူး .. ရန်ကုန်ရဲ့ မနက်ခင်းကို ကြိုဆိုလိုက်တော့မယ် ..
မိုးမလင်းတလင်း မနက်ခင်းရဲ့ လေက လတ်ဆတ်နေတယ် .. ပြူတင်းတံခါးကိုဖွင့်ပြီး မနက်ခင်းသစ်ကို ကြိုလိုက်တယ် .. ရန်ကုန်လေကို တ၀ ရှုရိုက်ရင်း သီချင်းသံတိုးတိုးဖွင့်ရင်း ငြီးမိတယ် .. အင်း .. ဒါရန်ကုန်ပဲ .. ပြောင်းလဲခြင်း မရှိသေးတဲ့ ရန်ကုန်ပဲ ..
မနက်စောစော ပဲပြုတ်နဲ့ ဆီနဲ့ ဆားနဲ့ နယ်တဲ့ ထမင်းစားဖို့ ကြံစည်လိုက်တယ် .. ပဲပြုတ်ရောင်းတဲ့ အသံကို နားစွင့်ရင်း ဘုရားပန်းလဲ သောက်တော်ရေလဲ ..
"ပဲပြုတ်" အော်သံကြားတာနဲ့ အိမ်ရှေ့ဝရန်တာ ထွက်လို့ ထုံးစံအတိုင်း "လာပါဦး" ပေါ့ ..
၎ ထပ်တိုက်ကနေ အောက်ဆင်းပြီး ပဲပြုတ်ဝယ်တော့ .. လွန်ခဲ့တဲ နှစ်တော်တော်ကြာကြာကတည်းက မြင်ဘူးနေကျ အဒေါ်ကြီး .. (အင်း .. ဒီ အဒေါ်ကြီးလဲ မပြောင်းလဲသေးပဲကိုး .. အဖွားကြီးပုံ ပေါက်သွားတာကလွဲရင်ပေါ့ ..)
အိမ်စောင့်နတ် ကြည့်မရတဲ့ ကျမက အိမ်မှာလည်း ကြာကြာမနေနိုင်ခဲ့ပြန်ဘူးလေ .. နေထွက်လာတာနဲ့ အိမ်ပြင်ထွက်ဖို့ စိုင်းပြင်းလို့ပေါ့ ..
သူငယ်ချင်းအိမ်သွားမယ် .. စားချင်တာတွေ လျှောက်သွားပြီးဝယ်စားမယ် စိတ်ကူးနဲ့ သူငယ်ချင်းအိမ်ကို ခြေဦးလှည့်လိုက်တယ် .. လမ်းလျှောက်ဖို့ဆိုလည်း တယောက်တည်းဆို သိပ်ပျင်းတတ်တော့ လမ်းထပ်က ဟိုး ငယ်ငယ်တုန်းက စီးနေကျ ဆိုက်ကားဂိတ်ကို ဦးတည်လိုက်တယ် ..
"သမီး" ခေါ်သံကြားလို့ လှည့်ကြည့်မိတော့ အိုး .. ကျောင်းတက်တုန်းတည်းက ငှားစီးနေကျ ဆိုက်ကားနင်းတဲ့ ဦးလေးကြီး .. (တော်တော်အိုစာနေပြီပဲ) လို့ စိတ်ထဲတွေးမိတယ် .. မပြောင်းမလဲ နေ့စဉ် ချီတက်နေဆဲပေါ့ .. ဒါလည်း မပြောင်းလဲခြင်းတခုထဲ ထည့်နိုင်ပေမယ့် ပြောင်းလဲခြင်းကတော့ ဆိုက်ကားခ ..
ငယ်ငယ်တည်းက မောင်နှမနှစ်ယောက် ဆိုက်ကားစီးစီးပြီးသွားတာကို ပြန်အမှတ်ရမိတယ် .. အဲဒီအချိန်က ကျမက ၆ တန်း ၇ တန်း .. ဆိုက်ကားခဆိုတာ အလွန်ဆုံးရှိရင် ၅၀ ၁၀၀ ကျပ်ပေါ့ .. ခု ဈေးမေးမိတော့ ၅၀၀ .. (ဒါက ပြောင်းလဲခြင်း တမျိုး)
သူငယ်ချင်းအိမ်ရောက်တော့ သီချင်းဖွင့်မယ် အလုပ်မှာ မီးက ပျက်နေပါသတဲ့ .. (ဒါက မပြောင်းလဲခြင်း) ဘယ်ချိန်လာမလဲ ဆိုတာတော့ မိုးနတ်မင်းကြီးတောင်မှ သိနိုင်မယ် မထင် ..
ရန်ကုန်မြို့ထဲ ထွက်လာခဲ့တော့ ရှုပ်ရှက်ခတ်နေတဲ့ လူတွေ ကားတွေ .. ကားတွေ အများကြီး ပိုင်ကြတော့ ပိုက်ဆံ ရှိသူတွေ ပေါတယ် ထင်ပ .. ကားတွေပေါ်ကနေ ကွမ်းတပျစ်ပျစ် ထွေးနေသူတွေ မြင်မိတော့ ကားပေါ်မှာသာ ထိုင်နေကြတယ် .. စိတ်ဓါတ်တွေက စည်းကမ်းမရှိ ..
မြို့ထဲမှာလည်း လမ်းတိုင်းလမ်းတိုင်းမှာ မုန့်ဆိုင်လေးတွေ .. အိမ်အောက်ထပ်တွေ တော်တော်များများမှာ ဆိုင်ခန်းလေးတွေ .. သေးသေး ကြီးကြီး ပစ္စည်းစုံ စတိုးဆိုင်တွေ .. လမ်းဘေးမုန့်ဆိုင်တွေ .. ပြည့်ကျပ်ညပ်လို့ လမ်းသွားတာတောင် လမ်းမပေါ် ဆင်းသွားရတဲ့ အဖြစ် .. ဆိုင်ခင်းတာတွေတောင် လမ်းမပေါ်ရောက်နေတာ လူတွေ လမ်းပေါ်ဆင်းလျှောက်တာ မထူးဆန်းပါဘူးလေ .. နေရာတိုင်းမှာ တွေ့ရတဲ့ ကွမ်းသွေးတွေကလည်း အော်ဂလီဆန်စရာ ..
တိုက်မြင့်မြင့်တွေ ပေါလာတဲ့ ရန်ကုန်မြို့ .. လူတွေ တဲပေါ်ကနေ တိုက်ပေါ်ရောက်ကုန်ကြတယ် .. ၀မ်းသာစရာပေါ့ ..
အော်ဟစ်ဆဲဆိုသံတွေ ကြားလို့ ကြည့်မိတော့ အိမ်အောက်ထပ်က လမ်းဘေးဈေးသည်နဲ့ ရန်ပြိုင်ဖြစ်နေတဲ့ တိုက်ပေါ်က အမျိုးသမီး တဦး .. လူတွေ တဲပေါ်ကနေ တိုက်ပေါ်ရောက်ပြီး စိတ်ဓါတ်တွေ မြင့်မလာကြဘူး ..
စိတ်ဓါတ်ကျစွာနဲ့ စူပါမားကတ်တခုဝင်မိတော့ နောက်ကနေ လိုက်လံစောင့်ကြည့်ခြင်းကို ခံရတော့တာပဲ .. ပစ္စည်းတောင်းကြည့်ရင် စိတ်မပါ လက်မပါ ဆောင့်အောင်ပေးတဲ့ ၀န်ထမ်းနဲ့ .. ပစ္စည်းတောင်းကြည့်တာကို မကြားသလို စကားပြော မပျက်နဲ့ ၀န်ထမ်းနဲ့ .. ရောင်းကောင်းဝယ်ကောင်းပါပဲ ..
မုန့်ဆိုင်တဆိုင် ၀င်ထိုင်ဖြစ်တော့ လူတွေမှ အပြည့် .. ဒီလိုဆိုတော့လည်း စီးပွားရေးမကောင်းဘူးဆိုတာ ဘယ်ဟုတ်နိုင်ပါ့မလဲ ..
ညနေစောင်းချိန်မှာတော့ အမှောင်ကမ္ဘာတည်း တပ်ခေါက် ပြန်ခဲ့လေရဲ့ .. ဒါဟာလည်း ရန်ကုန်ရဲ့ သင်္ကေတ တခု ..
မီးပျက်လို့ ရာသီဥတုကလည်း ပူလို့ အိမ်ရှေ့မှာ ခုံလေးတွေ ကိုယ်စီနဲ့ အတင်းအဖျင်းပြောနေကြသူတွေ ..
အိမ်အောက်လေးတွေမှာ ဈေးဆိုင်လေးတွေနဲ့ နောက်များဆိုရင် ပိုက်ဆံနဲ့ မုန့်မ၀ယ်ပဲ ပစ္စည်းချင်း လဲစားတဲ့ ခေတ်များ ပြန်ရောက်လေမလား ..
လွန်ခဲ့တဲ့ တနှစ်က ရန်ကုန် .. ခုထိဒီပုံပါပဲ .. မရိုးနိုင်တဲ့ မြင်ကွင်း .. လူတွေရဲ့ ရှင်သန်နေမှုတွေ .. အားလုံးဟာ ပုံမှန်ပါပဲ .. အားလုံးလည်း နေသားတကျ .. ကျမ အတွေးတွေသာ လွဲနေတာနေမှာပါ ..
25 comments:
ဒန်တန့်တန် . . . ငါ ပထမ ပဲကွ ဟဟဟ
ငါတို့သာ ပြောင်းလဲသွားမယ် ရန်ကုန်ကတော့ ပုံမှန်အတိုင်းပါပဲ . . . . နင် အရေး အသား အရမ်းတက်လာတယ် ။
:)....မပြောင်းလဲသော အကြောင်းတရားတွေပေါ့...း)
ချစ်မကြီး..... ပဲပြုတ်သည် နဲ့ ဆိုက်ကား နင်းတဲ့ ဦးလေး ကြီးတွေမပြောင်းလဲ ဘူးဆိုသဘောကျတယ်...လူ ကမပြောင်း ဈေးတော့ ပြောင်းသွားတာလေး သဘောကျတယ်... တစ်ပုဒ်လုံး သဘောကျတယ်...။
များများလေး ရေးနော်...။ အားပေးနေတဲ့
ခင်တဲ့
မေဇင်
ဟုတ်တယ်မိုးခါးရေ
ပစ္စည်းချင်းလဲစားတဲ့ခေတ်ပြန်ရောက်နေပလားတောင်မသိဘူး
ရန်ကုန်ပြန်သွားတုန်းကဆိုရင် ၅၀ လောက်ဆိုပြန်မအမ်းကြတော့ဘူး
တစ်ရှူးတစ်ထုပ် ပြန်ပေးတယ်
ဒါတင်မဟုတ်ဘူး သကြားလုံးအမ်းတဲ့ စစ်စတမ် တောင်ရှိသေးဗျာ..
မမိုးခါးရေ ဖတ်ပြီးတအားသဘောကျသွားတယ် မမိုးခါးပြောတာတွေမှန်ပါတယ် ထောပတ်သီးသူငယ်ချင်းတစ်ယောက်၇န်ကုန်ပြန်တာ အိမ်ကပစ္စည်းတစ်ခုလိုလို့ဆိုပြီး အိမ်အ၀တ်စားနဲ့ပဲ (သူ့အိမ်ကကားနဲ့သွားတာဆိုတော့ ) store မှာဈေးဝင်ဝယ်တာ စိတ်မချစွာလိုက်ကြည့်တာခံရတဲ့အပြင် လိုက်လံစောင့်ကြည့်ခြင်းကိုလည်းခံလိုက်ရတယ် သူတော်တော်စိတ်ကသိကအောက်ဖြစ်တဲ့အပြင် စိတ်လည်းအတော်တိုကြောင်းပြောပြပါတယ် ဆိုးပနော်
မမိုးခါးရေ
ပြောင်းလဲတာရော မပြောင်းလဲတာရော ဖတ်သွားတယ်။
း)
ရေးတတ်လိုက်တာနော်။
“မီးပျက်လို့ ရာသီဥတုကလည်း ပူလို့ အိမ်ရှေ့မှာ ခုံလေးတွေ ကိုယ်စီနဲ့ အတင်းအဖျင်းပြောနေကြသူတွေ .. ”
အောက်ကနေ ခြင်မကိုက်ဘူးလားဟင်...
yu ya
အရင်အတိုင်းနားဖျားနေတဲ့ရန်ကုန်ရယ်.............
လွမ်းမိတယ်။
အရေးအသားအရမ်းကောင်းတယ်
ညီမလေးမိုးခါး...
သိပ္ပံပညာရှင်တွေက ပြောတယ်
ဘယ်တော့မှ မပြောင်းလည်းတဲ့ နိယာမတဲ့
“ အရာရာဟာ အမြဲတမ်းပြောင်းလည်းနေတယ် ” တဲ့....
တစ်နေ့နေ့ပေါ့လေ... ဆန္ဒတွေ ဘ၀နဲ့ တထပ်တည်းကျမဲ့နေ့ပေါ့...
မျှော်လင့်နေရအုံးမှာလေ....
ပျော်ရွှင်ပါစေ...
ခင်တဲ့
ပြည့်စုံ
ရန်ကုန်အလွမ်းပြေ လာဖတ်သွားပါတယ်
ဘာမှမပြောင်းလဲဘဲ ကုန်ဈေးနှုန်းသာ ပြောင်းလဲသွားတာ သဘောကျတယ်
ခါးခါးရေ
မပြောင်းလဲတာ တော်သေးတယ် ပြောရမလိုပဲ။ ဆုတ်ယုတ်သွားတာနဲ့စာရင်
:D
ခင်မင်စွာဖြင့်
သီဟသစ်
မပြောင်းလဲတဲ့ အရင်အတိုင်းရန်ကုန် အကြောင်းလာဖတ်သွားတယ်။
ဘာပဲပြောပြော မပြောင်းလဲတဲ့ အပြောင်းအလဲတွေ အများကြီးကို ဖတ်လို့ ကောင်းကောင်းရေးထားတာလေးနဲ့ ပဲ အလွမ်းလေးတော့ ပြေပါတယ်။ သဘောကျလိုက်တာ။ ရေးတတ်လွန်းလို့ ။
ရန်ကုန် လွမ်းချင်းလေးတွေ ကြားရတော.
ရန်ကုန် လွမ်းလိုက်တာ မကြီးရာ အင်းမကြီး
ရဲ. ရေတွင်းပျက်လေးတွေ နားထောင်ရတာ
တကယ်ကောင်းတယ်ဗျာ...မပြောင်းလဲတဲ.အထဲ
မှာ မီးမလာတာတော. ဆိုးတယ်ဗျာ :P
ရန်ကုန် fever ရနေပြီထင်ပါ့ ညီမ မိုးခါးရေ။
ရန်ကုန် ရက်စွဲလေးတွေ ဆက်ဖတ်ချင်သေးရဲ့။
ညီမလေး မိုးခါးရေ ညီမလေးရေးတာတွေ မှန်လွန်းလို့ ပြုံးမိသွားလေရဲ့ ။ အမတို့ ဆီက ဒီပုံစံကတော့ ဘယ်သောအခါ ပြောင်းလဲမလဲမသိတော့ ပါပေါ့။
စူပါမားကတ်တွေမှာ ၀ယ်ရတာလည်း မိုးခါးပြောသလိုပဲ သူခိုးလိုက်ချောင်းတဲ့ အတိုင်း ၀ယ်မယ့် ပစ္စည်းကို အေးအေးဆေးဆေး မကြည့်ရပါဘူး။
မိုးခါးပြန်ရောက်နေတာခုမှသိရတယ်။ အဆင်ပြေပျော်ရွှင်ပါစေနော်။
ပြောင်းလဲသွားတာက တစ်မျိုး၊ မပြောင်းလဲတာက နှစ်မျိုး၊
ပူပူနွေးနွေး ပြန်လာသူက မပြောရဘူး။း)
ရန်ကုန်နဲ့ အစားး
ဘာတွေ လွမ်းနေလဲ သိတယ်ဟုတ်...
အစား
အစားး
ပြောထားတယ်နော်
ပဲပြုတ်း)
ရန်ကုန်ပြန်ရောက်ရင် မပြောင်းလဲသောပြောင်းလဲမှုများကိုမြင်ချင်တယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
အော် ဂလိုဆို ငါတို့ မမိုးခါးက ရန်ကုန် ပြန်ရောက်နေတယ်ပေါ့ ဟုတ်လား အဟီးးး ဘာလို့တုံး ဘယ်သူ့ကို လွမ်းလို့တုံး ဟဟဟ သူများတွေပြောသလိုနော် တပုဒ်လုံး ဆုံးအောင်ဖတ်သွားတယ် ပြီးတော့ ဟုတ်တယ် ဆိုပြီး ကိုယ့်ကိုယ်ကို ထောက်ခံနေတယ် ဟိဟိ
ဘိုင်
ညီမလေးရေ
ပြောင်းလဲမှုကို စောင့်ဖို့ နှစ်တော်တော်များများ စောင့်ရ
အုံးမယ်ထင်တယ်။ အကိုတို့ အသက် ၅၀ ရောက်တာတောင်
ပြောင်းလဲနိုင်ပါ့မလားလို့ တွေးမိတယ်။
ကိုရီနို
အတွေးကောင်းတယ်...
မတွေးတတ်သူက မတွေးချိန်မှာ
တွေးတတ်တဲ့သူက များများတွေးရတယ်...
အဲဒါက ထုံးစံပဲ...
မမိုးခါးရေ.....ရန်ကုန်ကို လွမ်းသွားတယ်။မပြောင်းလဲ မှန်း သိနေရက်နဲ့ အဲဒီမပြောင်းလဲတဲ့ဆီကိုပဲ သတိရနေတယ်လေ.....
ရန်ကုန်ကတော့ ပြောင်းလဲသေးဘူး မိုးခါးရေ။ ပဲပြုတ်နဲ့ထမင်းဆီဆမ်းလေးတောင် စားချင်သွားတယ်။
ရန်ကုန် လွမ်းချင်း လို့ပဲ ပြောရမလား မသိ ....
အဲဒါကို လာဖတ်သွားပါတယ် ခင်ဗျာ ..
Hi
this is reality of Ygn Life. But we still love our country.
Post a Comment