Monday, December 29, 2008

လွမ်းနေတုန်းအိပ်မက်

စိတ်ကူးယဉ်အတွေးများ

ဒီနေ့ မနက် မိုးလင်းတော့ အဖြူရောင်လေး ၀ှိုက်ဝှိုက်ရဲ့အိမ်ကို မျက်စိလည်သွားပါလေရော .. အဲဒီမှာကြည့်လိုက်တော့ ၀ှိုက်စိတ်ကူးယဉ်ထားတာလေးတွေတွေ့လိုက်တယ် .. ဖတ်လိုက်တာပေါ့ .. ဖတ်တော့တွေ့တာပေါ့ .. ၀ှိုက်ဝှိုက်က သူများတွေကိုပါပြန်တဂ်ထားတာကိုး .. ခြိမ်းခြောက်ထားသေးတယ်လေ .. တစ်ပတ်အတွင် ပြန်ရမယ်တဲ့ မဟုတ်ရင် ပြောင်းပြန်ဇောက်ထိုးဖြစ်မှာတဲ့ .. ဒါနဲ့ တစ်ပတ်ကျော်သွားမှာစိုးလို့ ကမန်းကတန်းလေး စိတ်ကူးယဉ်လိုက်ပါတယ်နော် ..း))

နောက်နှစ် (၂၀၀၉) ၁ လပိုင်း ၂၄ ရက်နေ့ဆို ရန်ကုန်မြေကို ရက်ပေါင်း ၂၄ရက်လောက် ပြန်နင်းခွင့်ရမယ် ..
စိတ်ကူးနဲ့လုပ်ချင်တာတွေ တန်းစီထားတာတော့ အများကြီးပဲ .. ရတဲ့ ခွင့် ၂၄ရက်နဲ့ လောက်တောင်မလောက်ဘူး ..

ရန်ကုန်ကို ညနေ ၃နာရီခွဲလောက်ပြန်ရောက်ပြီဆိုတာနဲ့ အိမ်မှာ အမေချက်ထားသမျှ ထိုင်စားမယ် .. အောက်ထပ်က ဦးလေးတွေ အဒေါ်တွေနဲ့ပွားမယ် .. ညနေလောက်ဆို သူငယ်ချင်းတွေအိမ်လိုက်လည်မယ် .. သူတို့အိမ်တွေက ကျွေးသမျှလည်း အကုန်စားမယ် .. စားလို့လည်းကုန်ပြီ ပြောလို့လည်းမောပြီဆို ကိုယ့်အိမ်ကိုယ် ပြန်တပ်ခေါက်ပြီး တစ်နှစ်နီးပါးလောက်ကွဲကွာနေတဲ့ အိပ်ရာလေးနဲ့ နေဖင်ထိုးတဲ့ထိအိပ်မယ် ..

နောက် ၂ရက် ၃ရက်လောက်နေရင် ကျိုက်ထီးရိုးကို သူငယ်ချင်းတွေနဲ့ တက်မယ် .. ၃ညအိပ် ၄ရက်လောက်တော့နေချင်တယ် .. ကျိုက်ထီးရိုးမှာ သွားလို့ရတဲ့နေရာတွေအကုန်လျှောက်သွား .. အဓိဌာန်ထားတဲ့အတိုင်း ကျိုက်ထီးရိုးဘိုးဘိုးကြီးနဲ့ အမ မြနန်းရှင်တို့ ဆီမှာ ပွဲတွေလှူ .. နောက်ထပ် ပြန်ပြီး အဓိဌာန်ထပ်ဝင် .. သူငယ်ချင်းတွေနဲ့ ညပါမအိပ်ပဲ တူတူနေ ..

ရန်ကုန်ကိုပြန်ရောက်ရင်"နင်ပြန်လာရင် စားချင်တာအကုန်လိုက်ကျွေးမယ်" ဆိုတဲ့ သူငယ်ချင်းတွေကို မတွေ့တွေ့အောင်လိုက်ရှာပြီး မသထာရေစာတွေ လိုက်ကျွေးခိုင်းမယ် ..

ဝက်သားဒုတ်ထိုး၊ ကြေးအိုး၊ ဒံပေါက်၊ ကြက်သားသုပ်၊ ပဲကြာဇံသုပ်၊ ပုဇွန်ဂွက်ကျော်သုပ်၊ မြေအိုးမြီးရှည်၊ (ပြောရင်းကိုသရေကျလာပြီ) အကုန်လိုက်စားမယ် .. မကုန်သေးဘူး .. နောက်တိုးစာရင်းထည့်ဦးမှာ ..

M3 မှာ ကွယ်ရာအိုကေဆိုဦးမယ် ..

ရန်ကုန်ရောက်ပြီး တစ်ပတ်လောက်ကြာရင် မေမြို့ကို ခဏသွားပြီး မောင်လေးနဲ့တွေ့ .. မေမြို့က ရှမ်းခေါက်ဆွဲစား .. လည်စရာရှိတာလည်ပြီး ရန်ကုန်ဘက် ခြေဦးပြန်လှည့် ..

ဒီလောက်အစားတွေစားပြီး နားနေတယ်ဆိုတော့ ရန်ကုန်ရောက်တုံး သွေးလှူဘဏ်သွားပြီး သွေးလှူဦးမှ ..

လူအတွက် သွေးလှူပြီးရင် ရန်ကုန်မြို့ရဲ့ အမှောင်ကမ္ဘာထဲမှာ ခြင်တွေကို ထပ်လှူရင်ကောင်းမလားပဲ .. :P

ရန်ကုန်မှာ စားမယ် သောက်မယ် အိပ်မယ် လည်မယ် ..

"တရားစခန်းထပ်ဝင်သွားဖို့စိတ်ကူးမရှိဘူးလား ဒေါ်မိုးခါး" (အဒေါ်အပျိုကြီးရဲ့ သြဇာသံ) ဒေါ်မိုးခါးတို့ ခုမှသတိရတယ် .. အဒေါ်ကို ရန်ကုန်ပြန်လာချိန် ရိပ်သာလေးတော့ ရသလောက်ဝင်မယ်လို့ ပြောထားဘူးတယ်လေ .. မေ့ချင်ယောင်ဆောင်နေတာ အဒေါ်က မမေ့ဘူး .. :D

ဟုတ်လည်းဟုတ်ပေသားပဲ .. အပေါ်မှာပြန်ကြည့်လိုက်ရင် စားမယ် သောက်မယ်နဲ့ အပျော်အပါးကိစ္စချည်းပဲ .. အဲဒီအချိန်သာ လျှောသွားလို့ကတော့ အပယ်လေးဘုံတစ်ဘုံဘုံကိုတော့ တန်းနေမှာ .. (လောဘတွေ လောဘတွေ :D) ဒီလိုနဲ့ ပြန်ခါနီးမှာ ကပ်ပြီး တရားစခန်း ကို ရက်ပိုင်းလေးဝင်လိုက်ပါဦးမယ် ..

တရားစခန်းကထွက်တော့ အလုပ်ရှိတဲ့ဆီပြန်ဖို့ ပြင်ဆင်စရာရှိတာပြင်ဆင် .. နှုတ်ဆက်ရမယ့် လူတွေ လိုက်နှုတ်ဆက် .. လေးကန်တဲ့ခြေလှမ်းတွေနဲ့ စင်ကာပူကို ပြန်ခြေဦးလှည့် ..

လေယာဉ်ကွင်းကနေအိပ်ကိုပြန်ရောက်တော့ အင်တာနက်ကိုစဖွင့်လိုက်တယ်ဆိုရင်ပဲ ရုံးကအကိုကြီးတစ်ယောက်က မေးပို့ထားတယ်လေ .. ကုမဏီက လစာတိုးတယ်တဲ့ .. ဘောနပ်လည်း ရတယ်တဲ့ .. ၀မ်းသာပြီးထခုန်လိုက်တာ ကုတင်စောင်းနဲ့ဆောင့်ပါရော ..

အားပါးပါး အီလိုက်တာ .. MRT ပေါ်မှာ စိတ်ကူးယဉ်ပြီးလိုက်လာတာ ရှေ့က တရုတ်မ သူ့အထုတ်ကြီးနဲ့ လာဆောင့်မိမှပဲ သတိပြန်ဝင်တော့တယ် .. ဟင်း .. ဆင်းရမယ့်နေရာတောင်ရောက်တော့မယ် .. မသွားချင် သွားချင်နဲ့ အလုပ်ဆီသို့ ဒေါ်မိုးခါးတစ်ယောက် ဦးတည်လျှက် ..

##########

ဝှိုက်ရေ .. စိတ်ကူးတော့ယဉ်လိုက်တာပဲ .. ခေါင်းတောင်ဆောင့်တယ် .. တစ်ပတ်အတွင်းရေးလိုက်တယ်ဆိုတော့ ရန်ကုန်ပြန်ရောက်ရင်စားရမှာတွေ တန်းစီနေမယ်ထင်တယ်နော်း)

Friday, December 26, 2008

အချစ်ကိုပုံဖော်သူ

မှန်ထဲတွင် ပေါ်လာသောကိုယ့်မျက်နှာကို ပိုးတစ်ချက်ကြည့်ပြီး ပြုံးလိုက်သည် .. ပြီးနောက် ပိုက်ဆံအိတ်ထဲသို့ ထူးရဲကို လက်ဆောင်ပေးမည့် ပါဆယ်ထုပ်လေးထည့်လိုက်သည် .. အဆုံးသတ်အနေနှင့် ကိုယ်လုံးပေါ်မှန်တွင် ကိုယ့်ရဲ့ အပြင်အဆင်ကို တစ်ချက်ကြည့်ပြီး ကျေနပ်ပြီဆိုမှ ထူးရဲနှင့် ချိန်းထားသောနေရာသို့ ထွက်ခဲ့လိုက်သည် ..

ဒီနေ့ ထူးရဲနှင့် ပိုးတို့ ချစ်သူသက်တမ်း ၁နှစ်ပြည့်သည့်နေ့ .. ထူးရဲရော ပိုးအတွက် ဘာလက်ဆောင်များပေးလေမလဲ ပိုးရင်ခုန်မိသည် ..

ပိုး ထူးရဲကို ချစ်သည် .. ဘာကြောင့်ဆိုသော် ထူးရဲသည် အလွန်ကို ချစ်ခင်နှစ်လိုဖွယ်ပုံစံရှိသော ကောင်လေးတစ်ယောက်ဖြစ်လို့ပဲဖြစ်သည် .. ထူးရဲ အပြုံးလေးကို ချစ်သည် .. ထိုအပြုံးလေးမှစ၍ ထူးရဲအပေါ်စိတ်ဝင်စားခဲ့ခြင်းလည်း ဖြစ်သည်လေ .. ထူးရဲနှင့် အတူရှိနေရလျှင်ပျော်သည် .. ထူးရဲပြောသည့် အချစ်စကားများတွင် ပျော်ဝင်မိသည် .. အမြဲလည်း ကြားလိုမိသည် .. ညစဉ် ဖုန်းထဲမှ သီချင်းဆိုပြီး ချော့သိပ်တတ်သော သီချင်းပြီးဆုံးသွားလျှင် ပိုးလေး အိမ်မက်လှလှမက်ပါစေလို့ ဆုတောင်းပေးလေ့ရှိသော ထူးရဲလိုကောင်လေးမျိုးကို ပိုးစွဲလမ်းခဲ့သည်မှာ ထူးဆန်းသည်တော့မဟုတ် .. ဒီလိုနဲ့ ထူးရဲနှင့် ချစ်သူတွေဖြစ်လာခဲ့သည် ..

ဒီနေ့ ထူးရဲက တစ်နေကုန်လျှောက်လည်မည်တဲ့ .. ရုပ်ရှင်လည်းကြည့်မည် .. တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ငွေရောင်လက်ပတ်နာရီလေး ပေးမည် .. ကိုယ့်အတွေးနဲ့ကိုယ် ကြည်နူးနေရင်း နာရီကိုကြည့်မိတော့ ၉း၁၅ ရှိနေပြီ .. ဒါဆို ၁၅ မိနစ်နောက်ကျနေပြီပဲ .. ကိစ္စတော့မရှိ ပိုးသည် အမြဲနောက်ကျတတ်သော ကောင်မလေးမှန်း ထူးရဲသိပြီးသားပဲဖြစ်လေသည် ..

××××××××××

ချိန်းထားသောနေရာကိုရောက်တော့ ထုံးစံအတိုင်း ထူးရဲက ရောက်နှင့်နေပြီဖြစ်သည် ..

ထူးရဲ ပိုးကိုမြင်သည်ပြုံးပြီး လက်လှမ်းပြသည် .. အဲသည်အပြုံးလေးပေါ့ ပိုး သိပ်ချစ်ရသည်လေ ..

ခုံတွင်ဝင်ထိုင်ပြီး ပိုးက စ၍

"ထူးရဲ ရောက်နေတာကြာပြီလား .."

"အင်း .. ကြာပြီပေါ့ .. ဒါပေမယ့်အမြဲစောင့်နေရတာ အကျင့်ဖြစ်နေပါပြီ .." ငြူစူသံလုံးဝမပါဘဲ ထူးရဲပြောသည် .. ဒါတွေကြောင့်လဲ ထူးရဲကို ချစ်ရသည်ပေါ့ ..

××××××××××

ပိုးတို့ စားသောက်ပြီးတော့ .. ထူးရဲက

"ပိုး .. ပိုးနဲ့ ဒီနေ့ အတူတူလုပ်စရာတွေ အများကြီးပဲ .. ပထမဆုံးအနေနဲ့ ပိုးကို ကိုယ် ခွင့်တောင်းစရာရှိတယ် .. ကိုယ့်ကို ခွင့်ပြုပေးပါလား .."

"ဘာလဲဟင် .."

ထူးရဲက ဘောင်းဘီအိတ်ထဲက လက်စွပ်လေးထုတ်ပြီး ပိုးလက်မှာ လာစွပ်ပေးတယ် .. ပြီးတော့

"ပိုး .. ကိုယ်တို့လက်ထပ်ရအောင် .."

ပိုးရင်ထဲ ဒိန်းကနဲဖြစ်သွားတယ် .. လက်ထပ်ဖို့ .. ဟုတ်သားပဲ .. ပိုးဘာလို့ ချစ်သူရည်းစားထားပြီး လက်ထပ်ဖို့ဆိုတာကို တွေးမထားမိဘူး .. ပိုး အမှန်ပြောရရင် လက်မထပ်ချင်သေးဘူး .. ထူးရဲကို မချစ်လို့တော့မဟုတ်ပါဘူး .. ဒါပေမယ့် ပိုးကိုချုပ်နှောင်လာမယ့် အဲဒီအိမ်ထောင်ဆိုတာကြီးအတွက် ပိုးမှာ ပြင်ဆင်ထားတာမရှိသေးဘူး .. ဒီခဏ ပိုးစိတ်ထဲမှာ ယောက်ယက်ခပ်သွားတယ် ..

"ပိုး .. ပိုး .. ဘာတွေတွေးနေတာလည်း .. ကိုယ်ပြောနေတာကြားရဲ့လား .."

"ဟမ် .. သြော် .. အင်း ကြားပါတယ် ထူးရဲ .."

"ဘာလို့လဲပိုး .. ကိုယ့်ကို လက်မထပ်ချင်ဘူးလား .."

"အာာ .. အဲလိုမဟုတ်ပါဘူး .. ချက်ချင်းကြီးဆိုတော့ သိပ်များမစောလွန်ဘူးလား .."

"မစောပါဘူးပိုးရယ် .. ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတယ်လေ.. ဒါနဲ့တင် လက်ထပ်ဖို့လုံလောက်ပါတယ် .. နော်ပိုး .. လက်ထပ်ရအောင် .. ဒီနေ့လေ ပိုးကိုခေါ်သွားပြီး မေမေနဲ့တွေ့ပေးမလို့ .."

ဘုရား .. သူက အကုန်ကိုစီစဉ်ထားတာပါလား .. သူပြောတဲ့စကားတွေကြောင့် ပိုးတော်တော်စိတ်ရှုပ်လာတယ် .. အမှန်က ပိုး ထူးရဲကိုချစ်တယ် .. ဒါပေမယ့် လက်ထပ်ဖို့ .. လက်ထပ်ဖို့ဆိုတာကို မစဉ်းစားဖူးဘူး .. ပိုး လွတ်လွတ်လပ်လပ်နေချင်တယ် .. ပိုးအချုပ်အနှောင် မခံချင်ဘူး .. ပြီးတော့ အချိန်မတန်သေးဘူးလို့လဲ ထင်တယ် .. ပိုးရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်တွေ အိုး အများကြီး အများကြီးပဲ ..

"ပိုး .. ဘာဖြစ်နေတာလဲ .. ကိုယ်ပြောနေတာတွေရော ကြားရဲ့လား .." ပုခုံးကိုလာလှုပ်ပြီး ထူးရဲလာပြောတယ် ..

"ဟင် .. အင်း ကြားပါတယ် .. ဒီနေ့ပိုးနေမကောင်းချင်သလိုပဲ .. မူးနောက်နောက်ဖြစ်နေတယ် ထူးရဲ .."

"သြော် .. ဟုတ်လား .. ဒါဆို လေကောင်းလေသန့်ရတဲ့တစ်နေရာပြောင်းမယ်လေ .. လာ သွားရအောင် .."

အဲဒီနေ့က ထူးရဲ ခေါ်ရာနောက်ကိုသာလိုက်နေရတယ် .. စိတ်တွေကတော့ ဟိုရောက်ဒီရောက်ပဲပေါ့ .. ထူးရဲ မေမေဆိုသူနဲ့လည်း တွေ့ခဲ့ရသေးတယ် .. ဟင်း .. ထူးရဲမေမေက မဆိုးပါဘူး .. ဖော်ဖော်ရွေရွေပါပဲ .. ဒါပေမယ့် ပိုးစိတ်တွေရှုပ်နေတယ် .. ပိုး ကိုယ့်စိတ်ကိုယ်လည်း နားမလည်တော့ဘူး .. ထူးရဲကို ပိုးအရမ်းချစ်တယ်လေ .. ထူးရဲ အနားမှာရှိရင်ပျော်တယ် .. ခု ထူးရဲပြောတာက ပိုးနဲ့ထူးရဲနှစ်ယောက် အမြဲတမ်း နီးနီးနေရဖို့ .. ဒါပေမယ့် ပိုးမပျော်နိုင်ဘူး .. ဘာလို့လဲ .. ဘာလို့လဲ .. ဟူး ...

××××××××××

သမီးရည်းစားဘ၀မှာ အချစ်တွေပြည့်လျှံနေတတ်ပြီး အိမ်ထောင်သည်ဘ၀မှာတော့ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက်နားမလည်နိုင်တာ လိုအပ်ချက်တွေမဖြည့်ဆည်းပေးနိုင်တာတွေနဲ့ပဲ ပြည့်နေတယ်လို့ ပိုးယူဆတယ် .. ပိုးယူဆတာမလွန်ပါဘူး .. ရှေ့က အစ်မနှစ်ယောက် သက်သေပဲလေ .. မရခင်က ဖူးဖူးမှုတ် အလိုလိုက်ပြီး ရမှ ချနင်းတာ ပိုးမျက်မြင်ပဲ .. ဒီတော့ ပိုး အိမ်ထောင်သည်ဘ၀ကို မနှစ်မြို့တာ မလွန်ပါဘူးနော် .. ဒီအကြောင်းတွေကို ထူးရဲကိုတော့ ဖွင့်မပြောဖြစ်ပါဘူး .. ထူးရဲ စိတ်ဆင်းရဲမှာကိုလည်း မလိုလားဘူးလေ .. ထူးရဲက ပိုးအပေါ်ကို အရမ်းကောင်းတဲ့ ချစ်သူလေးမလား ..

နောက်ပိုင်း ထူးရဲက ပိုးအပေါ် အရင်ကထက်ပိုပြီး ဂရုစိုက်ပြတတ်ပါသည် .. ဒါပေမယ့် ပိုးအတွက်တော့ စိတ်ရှုပ်စရာတွေသာ ဖြစ်နေခဲ့သည် .. ထူးရဲ မသိအောင် ဟန်ဆောင်ပြုံးနေရတာတွေ မောလှပြီ ..

တစ်ရက် --

"ပိုး .. ကိုယ်တို့ ဘယ်တော့လက်ထပ်မလဲ.."

"ထူးရဲကလဲ ဒါပဲပြောနေတာပဲ .."

ထူးရဲ မျက်နှာပျက်သွားသည် .. ပြီးတော့ ပိုးကို မေးသည် ..

"ပိုး ကိုယ့်ကို မချစ်တော့ဘူးလား"

"မဟုတ်ပါဘူး .. ထူးရဲထင်သလိုမဟုတ်ပါဘူး .. ပိုးလက်မထပ်ချင်ဘူး ထူးရဲ .. ပိုးလွတ်လွတ်လပ်လပ် နေချင်တယ် .. အချုပ်အနှောင်မခံချင်ဘူး .. "

"ပိုးအတွေးတွေ မှားနေပြီ .. အိမ်ထောင်ပြုတယ်ဆိုတာ နှစ်ယောက်ပေါင်းပြီး တစ်ဘ၀တည်ဆောက်တာမျိုးလေ .. တစ်ယောက်ကိုတစ်ရောက် ချည်နှောင်တာမဟုတ်ဘူးပိုးရဲ့ .. ကိုယ်က ပိုးကို ဘာလို့ချည်နှောင်ရမှာလဲ .. ချစ်သူတွေရဲ့ ပန်းတိုင်က လက်ထပ်ခြင်းလို့ ကိုယ်နားလည်ထားတယ် ပိုး .. ပိုးမှာ ဒီလိုအတွေးရှိနေတာတော့ ကိုယ်စိတ်မကောင်းဘူး ..ဒါဆိုပိုးဘာလို့ကိုယ့်ကိုချစ်ခဲ့သေးလည်း .. အပျော်သက်သက်တွဲဖို့လား .. ကိုယ် ပိုးအပေါ်ကို အရမ်းအလေးအနက်ထားခဲ့တာ .. ပိုး ပြောရက်တယ်နော် .."

"ဟာာ .. အဲလိုမဟုတ်ပါဘူး ထူးရဲ အထင်လွဲနေပြီ .. ပိုး ထူးရဲကို တကယ်ချစ်တာပါ .. ထူးရဲရယ် မိန်းကလေးက ယောကျာ်းလေးကို အပျော်တွဲစရာလား .."

"အင်းလေ .. ထားပါတော့ .. ပိုး .. ပိုးသိထားဖို့က ကိုယ် ပိုးကို အရမ်းချစ်တယ် .."

အဲဒီနေ့က ထူးရဲမျက်နှာ ပြန်မကြည်လင်လာတော့ဘူး .. ပိုးစိတ်ညစ်လိုက်တာ .. ပိုး သူ့ကို မချစ်တော့ဘူးထင်တယ် .. ပိုးက အပြောင်းအလဲမြန်တဲ့မိန်းကလေးမျိုးလည်းမဟုတ်ပါဘူး .. ပိုးမှာ သူ့အပြင်လည်း တခြားဘယ်သူမှမရှိဘူး .. ဒါဆို ပိုး ဘာဖြစ်သွားတာလဲ .. မစဉ်းစားတတ်တော့အောင်ပါပဲ ..

ဒီနောက်ပိုင်း ထူးရဲ ပိုးဆီ အဆက်အသွယ် သိပ်မလုပ်ဘူး .. ရက်ခြားပဲဖုန်းခေါ်တယ် .. ခေါ်တိုင်းလည်း ပိုးကို သိပ်ချစ်တယ် ဆိုတာ မမေ့ဖို့ပဲ ပြောတယ် .. သူ ပိုး စိတ်ပြန်လည်လာမယ့်ရက်ကို စောင့်နေမယ်တဲ့ .. ပိုးစိတ်မကောင်းပါဘူး ထူးရဲရယ် ..

××××××××××

ထူးရဲ ဖုန်းမဆက်တာ တစ်ပတ်လောက်ရှိတော့မယ် .. တစ်ချက်တစ်ချက် သတိရပေမယ့် ဖုန်းစခေါ်ဖို့တော့ မစဉ်းစားမိဘူး .. တစ်ရက်တော့ ထူးရဲဖုန်းဆက်လာတယ် .. အသံကလည်း မှန်နေတဲ့အသံနဲ့ပေါ့ ..

"ပိုး .. ကိုယ်ပါ .."

"အင်း .. ထူးရဲ .. ပြော .. နင်သောက်ထားတယ်လား .."

"အင်း .. နဲနဲပါ .. ပိုးရာ ငါအရမ်းစိတ်ညစ်တယ် .. ပိုးသိရဲ့လား .. ခုတော့ ငါ ဆုံးဖြတ်ချက် ချလိုက်ပြီ .. ငါနိုင်ငံခြားသွားတော့မယ် .. နင်နဲ့ တစ်နေရာတည်းနေပြီး နင်နဲ့ ဝေးနေရတဲ့ဘ၀ ငါမနေချင်တော့ဘူး .. ငါသွားတော့မယ် .. သောကြာဆို ငါသွားတော့မယ် .. နင် ငါမရှိရင် ပျော်တယ်မလား .. နင်ပျော်ပျော်သာနေခဲ့တော့ကွာ .. ခုလည်း ငါဖုန်းမဆက်တော့ပါဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားက နင့်ဆီခေါ်မိတာ .. စိတ်အနှောင့်အယှက်ဖြစ်သွားရင်ဆောရီးကွာ ငါတောင်းပန်တယ် .."

"ထူးရဲ .. ထူးရဲ .. ထူးရဲ .."

ထူးရဲဖုန်းကို ပိုးပြန်ခေါ်တော့ ဘယ်လိုမှလည်းမကိုင်ဘူး .. ဆက်လို့ကိုမရတော့ဘူး .. ပိုး ၀န်ခံရရင် ရင်ထဲဟာသွားတယ် ..

ဘာလဲ .. နင် ထူးရဲကိုမသွားစေချင်ဘူးလား .. ကိုယ့်ကိုယ်ပြန်မေးမိတယ် .. နောက်နေ့ကျရင်တော့ ထူးရဲနဲ့တွေ့မှဖြစ်မယ် .. ထူးရဲကို သွားတွေ့မယ် ..

××××××××××

နောက်နေ့ သူ့အိမ်လိုက်သွားတော့ တံခါးတွေအားလုံးပိတ်ထားတယ် .. ဘယ်လိုဖြစ်တာလဲ ..

ပိုးညဖက်ဖုန်းထပ်ဆက်တော့

"အန်တီ ထူးရဲနဲ့ပြောချင်လို့ပါ .."

"သြော် .. ထူးရဲထွက်သွားပြီလေသမီး .. နှုတ်ဆက်သွားတယ်မလား .."

"ရှင် .. သူပြောတော့သောကြာနေ့ဆို .."

"အင်း .. ဒီနေ့သောကြာလေ .."

"ဟင် .. သမီးက ဒီလောက်မြန်မြန်ဖြစ်မယ်မထင်လို့ပါ .. နောက်အပတ်လို့ထင်ထားတာ .. ခုတော့ မြန်လိုက်တာနော် ."

"အေးကွယ် ချက်ချင်းဘဲ .."

ပိုး ဘ၀ကြီး အမှောင်ထဲရောက်သွားသလိုပါပဲ ထူးရဲရယ် ..

××××××××××

လိုက်ရင်ပြေးတတ်တဲ့ မိန်းကလေးထဲမှာ ပိုးလည်းတစ်ယောက်အပါအ၀င်ထင်တယ် .. ထူးရဲလိုက်ခဲ့တုန်းက ပြေးပြီး အခုအဝေးကို ပြေးသွားချိန်ကျမှ ထူးရဲ ပုံရိပ်ကို လိုက်ရှာနေမိတယ် .. ထူးရဲထွက်သွားပြီးမှ ဘယ်နေရာသွားသွား အမှတ်တရတွေနဲ့ လွတ်တဲ့နေရာဆိုတာမရှိခဲ့ဘူး .. အနားမှာ ရှိခဲ့တုန်းက တန်ဖိုးမထားတတ်ခဲ့တာ .. ခုမှ တကယ်ဝေးသွားခဲ့မှ ထူးရဲ အရိပ်တွေနဲ့ ရူးနေရပြီ .. မဖြစ်နိုင်ဘူးဆိုတာသိပေမယ့် ထူးရဲနဲ့ တူတဲ့ သူမြင်ရင် လိုက်ကြည့်ရတာ အမော .. ထူးရဲ ပိုးကို အပြစ်ပေးနေတာဆိုလည်း ပိုးခံပါ့မယ် .. ဒါပေမယ့် ထူးရဲ ပိုးအနားရှိနေပေးပါ .. ခုတော့ ပိုးငိုတတ်နေပြီ .. ရင်ထဲမှာလည်း မောင်လို့ တိုးတိုးလေး တမ်းတနေတတ်ပြီလေ .. အလွမ်းသီချင်းနားထောင်တိုင်းလည်း မျက်ရည်လည်တတ်ခဲ့ပြီ .. ပိုး ထူးရဲ ပြန်အလာကို မျှော်နေပါ့မယ် .. ထူးရဲ ပြောင်းလဲသွားခဲ့ရင်လည်း အပြစ်မတင်ပါဘူး ..ဘယ်သူမပြု မိမိမှုပဲလေ ..

××××××××××

၃ နှစ်ကြာခဲ့ပြီ .. ထူးရဲ သိပ်နေနိုင်တာပဲ .. လုံးဝကို အဆက်အသွယ် မလုပ်ဘူး .. ပိုးကိုမေ့နေပြီထင်တယ် ..

"သမီးရေ .." မေမေလှမ်းခေါ်လိုက်တော့ ဆွေးနေတာလေးတောင်ပျောက်သွားတယ် ..

"မေ့မေ့ကို ဘုန်းကြီးကျောင်းလိုက်ပို့ပေးပါ .."

"ဟုတ်.. မေမေ .. "

မေမေနဲ့ ဘုန်းကြီးကျောင်းထွက်ခဲ့တယ် .. ဘုန်းကြီးကျောင်းသွားတဲ့လမ်းက ထူးရဲတို့အိမ်ရှေ့ကို ဖြတ်ရတယ်လေ .. မမေ့မလျှော့ စောင်းငဲ့ပြီး ကြည့်နေကျလေ .. ကြည့်လိုက်တဲ့အချိန်မှာ ထူးရဲ မှ ထူးရဲအစစ် အိမ်ရှေ့က ဒါန်းလေးမှာထိုင်နေတယ် .. ပြန်ရောက်နေတာတောင် ပိုး ကို မဆက်သွယ်ဘူးနော် .. ထူးရဲ ပိုးကို အပြစ်ပေးနေတာလားဟင် ..

အိမ်ပြန်ရောက်တော့လည်း ထူးရဲများ လာမလားလို့ မျှော်နေမိတယ် .. ဒါပေမယ့် ထူးရဲကတော့ မပေါ်လာပါဘူး ..

နောက်ရက် ခြံပေါက်ဝမှာ ပန်းစည်းလေးနဲ့ စာလေးတစ်စောင်ရောက်နေတယ် .. ပိုး အမြန်သွားယူကြည့်လိုက်တယ် .. စာထဲမှာ -

ပိုး

ကိုယ်ပြန်ရောက်နေပြီ .. ပိုးအနှောင့်အယှက်ဖြစ်မှာစိုးလို့ မလာတာ .. ပိုးကို လက်ဆောင်ပေးချင်တယ် .. ပိုး လာချင်စိတ်ရှိမယ်ဆိုရင် အရင်တွေ့နေကျ အင်းယားလမ်းက ဆိုင်ကို လာခဲ့ပေးပါ .. ကိုယ်တစ်ရက်လုံးစောင့်နေမယ် ..

ထူးရဲ

××××××××××

အိုး ... ပျော်လိုက်တာ .. ပိုးကို မမေ့သေးဘူးပေါ့ ..ပိုး အမြန်အဆန်ပြင်ဆင်ပြီး ထွက်လာခဲ့လိုက်တယ် .. အရေးထဲ ကားလမ်းတွေကလည်း ပိတ်လိုက်တာ .. မြန်မြန်ရောက်ချင်ပါတယ် ဆိုမှ .. ပိုးမျက်နှာ ဘယ်လောက်တောင် ပျော်ရွှင်မြူးတူးနေမလဲမသိဘူး .. ပိုး ရင်တွေခုန်လိုက်တာ ..

ချိန်းထားတဲ့နေရာရောက်တော့ .. ဘယ်သူမှလည်းမရှိဘူး ..ပြောတော့ ခုပဲရောက်နေပြီလိုပဲ .. ပိုးလည်း ထောင့်ကျတဲ့စားပွဲလေးမှာ ၀င်ထိုင်လိုက်တယ် .. ပိုးအတွက် ကော်ဖီတစ်ခွက်လာချပေးတယ်.. ဒါဆို မောင် ရောက်နေပြီပေါ့ ..

ဟော ဟိုမှာ ကျွန်မရဲ့ ချစ်လှစွာသော မောင် လာနေပါပြီ .. မောင့်ခြေလှမ်းနဲ့အတူ ပိုးရဲ့ ရင်ခုန်သံတွေ စည်းချက်လိုက်နေတယ် ..

ထူးရဲ (ကျွန်မရင်ထဲက မောင်) က ကျွန်မရှေ့တည့်တည့်မှာ ၀င်ထိုင်လိုက်တယ် .. အသားတွေပိုဖြူလာပြီး နဲနဲပိန်သွားတာကလွဲရင် အရင်ကအတိုင်းပါပဲ ..

"ပိုး အရင်ကအတိုင်းပဲနော် .. ဘာမှမပြောင်းလဲဘူး .."

"အင်း .. မောင်ရောပဲ.." ပါးစပ်က လွှတ်ခနဲ ထွက်သွားတာကို ပိုးမှာ ရှက်လိုက်တာ .. အသံကြားပြီး မောင့်မျက်နှာ ကတော ပြုံးဖြီးလို့ပဲ ..

"မောင့်ကို ချစ်သေးရဲ့လား .."

ပိုး ခေါင်းငြိမ့်ပြလိုက်တယ် .. မျက်ရည်တွေလည်း ကျလာတယ် ..

"ဟာ .. ပိုး ငိုနေတယ် မငိုနဲ့လေ .. မောင်လဲ ပိုးကို အရင်အတိုင်းချစ်တုန်းပဲ .. နောက်လည်း တိုးပြီးချစ်သွားဖို့ပဲ ရှိတယ် .. ပိုး ကို ဘယ်တော့မှမချုပ်နှောင်ပါဘူး.."

ပိုး အခု အချုပ်အနှောင်ခံချင်နေတာ မောင်မှမသိပဲ ..

မောင် ပိုးဘေးနားလာထိုင်ပြီး ပိုး ခေါင်းကို မောင့်ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ် .. ပိုး ဒီရင်ခွင်နဲ့ ဝေးကွာခဲ့တာ ၃နှစ်တောင်ရှိပြီ .. ပြီးတော့ မောင်က တိုးတိုးလေး ..

"မောင် ပိုးကို သိပ်ချစ်တယ် .. မောင်တို့ လက်ထပ်ကြရအောင်နော် .."

ခေါင်းငြိမ့်ပြီး အဖြေပေးလိုက်တယ် .. ပိုး ဘာစကားမှ ပြောလို့မထွက်တာ မောင်နားလည်မှာပါ .. မောင်နဲ့ ထပ်မဝေးလိုတော့ပါဘူး .. မောင့်ကို သိပ်ချစ်တယ် ..

နောက်မှ မောင့်ကို ပြောပြရဦးမယ် .. မောင့်ကို သိပ်ချစ်တဲ့အကြောင်းကိုပေါ့ ..

နီးနေတုန်းက

မသိခဲ့တဲ့

နင့်ရဲတန်ဖိုးတွေအတွက်

ငါပြန်ပေးဆပ်ဖို့

ဘာနဲ့လဲရလဲရ
ငါကျေနပ်တယ် ..

မိုးခါး

Thursday, December 25, 2008

ရီရမယ်ထင်လို့

အသိအစ်မကြီးတစ်ယောက်ပြောတာလေ .. သူတို့ပေါက်ကရလုပ်တာကိုပြောမယ်နော် ..

သူက မန်းသူလေ .. ယောက်ျားလေးလိုနေတာဆိုတော့ အချက်အပြုတ်မရဘူး.. အိမ်မှာ သူ့အမေကပဲချက်တာ .. တစ်ခါ သူ့အမေခရီးထွက်တော့ သူတာဝန်ကျပြီလေ .. ဒါနဲ့ သူ့အဖေက ကြက်ကောင်လုံးပေါင်းစားမယ်ဆိုပြီး ကြက်သားသွားဝယ်ခိုင်းလိုက်တယ် .. သူလည်း ဆရာကြီး ဒီဇိုင်းနဲ့သွားတာပေါ့ .. ဈေးဆိုင်ကျတော့ ဈေးသယ်ကို ကြက်ကို အိမ်ရောက်တာနဲ့ တန်းချက်မယ် ဘာမှထပ်လုပ်စရာမလိုအောင် လုပ်ပေးလိုက်ဆိုပြီးခိုင်းလိုက်တယ် .. ဈေးသယ်ကလည်းလုပ်ပေးလိုက်တယ်ပေါ့ .. အိမ်ကိုသယ်လာရော .. အိမ်ရောက်တော့ ချက်တယ် .. ပြီးတော့ စားမယ်ကြည့်မှ ကြက် က ဇလုတ်ကြီးပါလာတယ်တဲ့ .. (စားကြမလားဟင် ..)း)

နောက်တစ်ခါကျတော့ သူ့အိမ်က ကြက်သွန် တို့ ဂျင်းတို့ကုန်နေပြီဆိုပြီး သူ့ဝယ်ခိုင်းလိုက်တယ် .. သူဆိုင်ရောက်တော့ ၀ယ်တာပေါ့ .. ထုံးစံအတိုင်း ကဲ အားလုံးတစ်ပိသာထည့်ဆိုပြီးခိုင်းလိုက်တယ် .. အိမ်ရောက်တော့ သူ့အဖေက ဂျင်းတစ်ပိသာထုတ်ကိုကြည့်ပြီး ခေါင်းခါပါသတဲ့ ... (ခိုင်းတဲ့လူအမှတ်မရှိတာပါနော် ..)

နောက်တစ်ခုက သူမဟုတ်ဘူး .. သူ့အဒေါ်နဲ့ အမေ .. သူတို့က အမေရိကားမှာနေတယ် .. အဲဒီက တိုက်တွေက မြင့်တော့ ဓါတ်လှေကားတစ်ခါစီးရင် ကြာတယ်တဲ့ .. တစ်ထပ်ရောက်တော့ သူတို့ဓါတ်လှေကားထဲ ကုလားကြီးတစ်ယောက်ဝင်လာတယ် .. အဲဒီကုလားကြီးကိုယ်က အရမ်းနံတာပဲတဲ့ .. သူတို့လည်း အထဲမှာ အလုံပိတ်မှတ်လား .. ဖတ်တဲ့လူတွေ ခံစားကြည့်ပေါ့နော် .. သူတို့လည်းပြောတာပေါ့ .. ဟယ် ဒီကုလားကြီး ချိုင်းကလည်း နံလိုက်တာ .. ခံတောင်မခံနိုင်ဘူး .. ရေဘယ်နှစ်ရက်မချိုးထားတာလဲမသိဘူးပေါ့ ဆို ပယ်ပယ်နယ်နယ်ပြောလာတာ .. နောက်ကျတော့ ကုလားကြီးက လှည့်ကြည့်တယ် .. ပြီးတော့ လာပြောတယ်တဲ့ .. အစ်မကြီးတို့ က မြန်မာနိုင်ငံကလာတာလားဟင်တဲ့ .. :P

ချစ်မိခြင်းရဲ့အပြစ်

ရှင်နှောင်း သူ့ကိုစောင့်နေသည်မှာ နာရီဝက်နီးပါးရှိနေပြီ ..

အခုဆိုရင် သူနဲ့ချစ်သူသက်တမ်း ၆ လ .. ချစ်သူတွေမဖြစ်ခင်ကတည်းက ချိန်းလိုက်တိုင်း အမြဲနောက်ကျတတ်တဲ့ သူ့ကြောင့် နှောင်းက အမြဲတမ်းစောင့်မျှော်သူတစ်ယောက် .. ဘယ်အချိန်ထိ ဆက်ပြီးစောင့်မျှော်ရမယ်ဆိုတာလည်းမသေချာခဲ့ဘူးလေ ..

သူနဲ့ နှောင်း ခင်ပြီး ၁လမှာ သူနှောင်းကို ချစ်ကြောင်းပြောခဲ့တယ် .. နှောင်းလဲ သူ့ကို ဘယ်ဘ၀က ၀ဋ်ကြွေးကြောင့်လဲမသိ .. မြင်မြင်ချင်းချစ်ခဲ့သည်လေ .. ဒါကြောင့်လဲ အချိန်မဆွဲခဲ့ပဲ တစ်ပတ်လောက်စဉ်းစားပြီး ချစ်သူတွေဖြစ်ခဲ့ကြတယ် ..

သူ့စရိုက်က ဘယ်အရာကိုမှအလေးအနက်မထားတတ် .. အရာရာကို ပေါ့ပေါ့တွေးတတ်သူ .. နဲနဲမှသည်းမခံတတ်သူ .. သ၀န်တိုတတ်လွန်းသူ .. စိတ်တို ဒေါသထွက်လွယ်သူ .. လူတစ်ဖက်သားခံစားချက်ကို မငဲ့ကွက်တတ်ဘဲ သူ့ခံစားချက်တစ်ခုတည်းနဲ့ စွပ်စွဲ ပြောဆိုတတ်သူ .. ကဲ .. ဘာများကောင်းကွက်ရှိသလဲနော် ..

နှောင်း သူ့စရိုက်ကို သိသိနှင့် သူ့ကိုချစ်ခဲ့သည် .. သူကလည်း နှောင်းကို ချစ်ခဲ့ပါတယ် .. ဒါပေမယ့် သူ့ကိုယ်သူထက် ပိုမချစ်ခဲ့ .. သူ့အတ္တထက်ပိုမချစ်ခဲ့ ..

သူ့တွင် နှောင်းထက် အရေးကြီးသောကိစ္စများစွာရှိခဲ့သည် .. ယခုလည်း ရှိနေဆဲ .. ဥပမာ - သူငယ်ချင်း ကိစ္စ၊ ဂိမ်းဆော့တာ၊ ဘိလိယက်ထိုးတာ စသည်ဖြင့်ပေါ့ ..

အခုလည်း သူဘာအကြောင်းကြောင့် နောက်ကျနေသည်မသိ .. ချိန်းထားတဲ့ ခုံတန်းလေးမှာ နှောင်းတစ်ယောက်တည်း ထိုင်နေရင်း ၀မ်းနည်းလာသည် .. မျက်ရည်များ အလိုလို ပါးပြင်ပေါ်သို့စီးကျလာသည် .. သူ့ကြောင်း နှောင်း မျက်ရည်ကျရတဲ့ အခေါင်းပေါင်း မနည်းတော့ ..အခေါက်ခေါက် အခါခါ သူနှောင်းအပေါ် ၀မ်းနည်းအောင်လုပ်ခဲ့လည်း တစ်ယောက်တည်းသာ ကြိတ် မျက်ရည်ကျခဲ့ရသည် .. သူသည် မျက်ရည်များကို မုန်းသောသူတစ်ယောက်ဖြစ်လို့ သူငြိုငြင်အောင် နှောင်း မလုပ်ဝံ့ ..

နှောင်း သူနဲ့ပတ်သက်ပြီး ကြောက်ရွံ့စိတ်များလွန်းသည် .. သူနဲ့ ဝေးမှာကြောက်သည် .. သူငြိုငြင်မှာကြောက်သည် .. သူစိတ်ဆိုးမှာကြောက်သည် .. သူမချစ်တော့မှာကြောက်သည် .. နှောင်းပေးသလောက် သူပြန်မပေးနိုင်ရင်တောင် သူ့အနားရှိနေရုံနဲ့ နှောင်းရောင့်ရဲနေမှာပါ ..

#############

မိုးဖွားလေးတွေကျလာတော့ နှောင်းအတွေးစတွေပြတ်သွားသည် .. နာရီကိုကြည့်လိုက်တော့ ချိန်းထားတဲ့အချိန်ထက် ၄၅ မိနစ် နောက်ကျနေပြီ ..

နှောင်း သက်ပြင်းမောတစ်ခု မှုတ်ထုတ်လိုက်တယ် .. ထိုင်နေရာမှထရပ်လိုက်ပြီး ကားဆီသို့ ထွက်လာခဲ့လိုက်သည် .. ဒီလောက်နောက်ကျနေတဲ့အပြင် မိုးပါရွာပြီဆိုရင်တော့ သူမလာတော့မှာ သေချာပြီလေ .. ကားပေါ်ရောက်တော့ ဖုန်းမြည်လာတယ် .. နှောင်းသိပြီးသား အလွတ်ရပြီးသားစကားတွေ ထပ်ပြောလိမ့်ဦးမယ် ..

"အင်း .."

"နှောင်းလား .. မောင်ပါ .. မောင်အိပ်ရာထ နောက်ကျသွားတယ် .. နှောင်းအခုဘယ်မှာလဲ .. ပြန်နေပြီလား .. ဆောရီးနော် နှောင်း .."

"အင်း .."

"အာာ နှောင်းကလဲ တအင်းအင်းပဲပြောနေတာပဲ .. ဘာဖြစ်နေတာလဲ .. မင်းကလဲ .."

"ဘာမှမဖြစ်ဘူး .. ဒါပဲမလား .."

"ဘာမှမဖြစ်ရင်လည်း စကားလေးဘာလေး ပြောဦးလေ .. ဘာမှလည်းမပြောဘူး .."

"ပြောပါတယ် .. ပြန်တော့မယ်လေ .. ဖုန်းချလိုက်တော့မယ်နော် .."

"အင်း .. မောင့်ကိုချစ်လား ပြောသွားဦးလေ .."

"အင်း .. ချစ်ပါတယ် .. ဒါပဲနော် .."

"အိုခေ အိုခေ .. မောင်လည်း အရမ်းချစ်တယ် .. ဒါဆို ကားကောင်းကောင်းမောင်းနော် .."

နှောင်း ဒီနေ့အတွက် ဒုတိယမြောက် သက်ပြင်းမောတစ်ခုကို မှုတ်ထုတ်လိုက်သည် .. သူ ဘယ်ချိန်ထိ ဒီလိုလုပ်နေဦးမှာလဲ .. သူ နှောင်းကို တကယ်ရော ချစ်ရဲ့လား .. နှောင်း နောင်တရချင်သွားသည် .. ဘာလို့ သူ့လိုလူမျိုးကိုမှ ချစ်မိသလဲဆိုပြီးလည်း ငုတ်လျှိုးနေတဲ့ မာနလေး ခေါင်းပြူလာသည် .. နှောင်း သူကြောင့် အခု အရမ်းစိတ်ရှုပ်နေတယ် .. အရင်ကလည်း ရှုပ်ခဲ့ရပြီးပြီ .. နောက်လည်း .. နှောင်းခေါင်းကို ခါယမ်းလိုက်သည် .. မတွေးချင်ဘူး .. ဒီလိုအတွေးတွေ မတွေးချင်ဘူး ..

#############

ညဘက် ..

နှောင်း ဟိုတွေးဒီတွေးနှင့် မှေးကနဲ အိပ်ပျော်သွားသည် .. ရုတ်တရက် ဖုန်းမြည်လာသည် ..

"ဘာလို့ဖုန်းမဆက်တာလဲ .. ခုပြန်ဆက်ကွာ .." ဒေါသတကြီးဖုန်းချသွားသည် .. နှောင်း သူ့ဖုန်းနံပါတ်ကို ပြန်နှိပ်လိုက်သည် ..

"အင်း ပြောလေ .. ဘာပြောမလို့လဲ .."

"အိပ်နေပြီလား .. အစောကြီးရှိသေးတယ် .."

"အင်း အိပ်နေပြီ .."

"ဟုတ်လား .. မောင်တောင် ခုနကမှပြန်ရောက်တာ .. နှောင်းကိုသတိရလို့ ဖုန်းဆက်လိုက်တာ .. နှောင်းရော မောင့်ကို သတိမရဘူးလား .."

သူသည် ထိုကဲ့သို့ ကိစ္စအားလုံးနောက်မှာ နှောင်းကိုထားထားသည်လေ .. နှောင်းပြုံးလိုက်သည် ..

"သတိရပါတယ် .." မဖြေချင်ဖြေချင်ဖြေလိုက်သည် ..

"ဘာဖြစ်နေတာလဲ .. စကားလည်းကောင်းကောင်းမပြောဘူး .. ဘာလဲမပြောချင်ဘူးလား .. မင်းဘာဖြစ်နေတာလဲ .."

နှောင်းသိနေသည် .. ဒီလိုဖြေရင် ပြသနာတက်တော့မယ်ဆိုတာနှောင်းသိသည် .. ဒါပေမယ့် နှောင်း စိတ်မပါ .. စိတ်တွေရှုပ်နေတယ် .. အရမ်းမွမ်းကြပ်နေသည် .. နှောင်း ပေါက်ကွဲချင်နေသည် .. ပေါက်ကွဲသွားခဲ့လျှင် သူနဲ့ နှောင်း ...................

"မဖြစ်ပါဘူး .. အိပ်ချင်နေလို့ပါ .. ခုမှပြန်ရောက်တာလား .. ထမင်းရောစားပြီးပြီလား .." နှောင်း စိတ်ကိုလျှော့ပြီး ဆက်တိုက်ပြောလိုက်သည် .. နှောင်း အတတ်နိုင်ဆုံး သူ့လက်ကို ဆွဲကိုင်ထားချင်သေးသည် ..

#############

ဒီလိုနဲ့ နှောင်းတို့ ချစ်သူသက်တမ်း ၁ နှစ်ထဲဝင်လာပြီ .. နှောင်းသူ့ကို ရင်နာနာနဲ့ ဆက်ချစ်နေဆဲပဲ .. နောင်တတွေနဲ့ ချစ်နေဆဲပဲလေ .. ဒါနှောင်းရဲ့ ၀ဋ်ကြွေးပဲ ဖြစ်ပါလိမ့်မယ် .. သူဘယ်လောက်ရင်နာအောင်လုပ်လုပ် နှောင်းစိတ်က သူ့ဆီမှာပင် ..

#############

တစ်ရက် .. သူငယ်ချင်းတစ်ယောက် အိမ်ကိုရောက်လာပြီး ..

"မိနှောင်း .. ငါနင့်ကိုပြောစရာရှိလို့ .. နင့် ရည်းစားမှာ နင့်အပြင် နောက်တစ်ယောက်ရှိနေတယ်နော် .. နင်ကြည့်လုပ်ဦး ..@#$%^&*@#$%^&*"

သူငယ်ချင်းလာပြောသွားလိုက်တာ အစုံ .. နှောင်း ခေါင်းတွေမူးလာသည် ..

#############

နှောင်းစုံစမ်းကြည့်လိုက်တော့ ဟုတ်သည်တဲ့ .. သူ့ပါးစပ်က၀န်ခံရန်သာ ကျန်တော့သည် .. နှောင်း ဘာလုပ်သင့်သလဲ .. သေချာတာတော့ နှောင်း သူ့ကို သိပ်ချစ်သည် .. တွေးလေ နှောင်း ရင်တွေနာလာလေလေ .. နှောင်း သူ့ကို မေးသင့်သလား .. သူ ၀န်ခံလိုက်လျှင် .. ဟူးးးးးးး .......

မေမေတို့ သိတော့ လုံးဝသဘောမတူနိုင်ပါတဲ့ .. နှောင်းကိုလည်း နောက်ဆုတ်ဖို့ ဖြောင်းဖျကြသည် .. နှောင်း ရူးချင်လာပြီ ..

ဒီရက်ပိုင်း နှောင်း အိပ်မရတဲ့ညတွေ ရက်ဆက်ဖြစ်လာသလို လူကလည်း အားနည်းလာသည် .. မေမေက အစ်မတွေရှိတဲ့ တခြားနိုင်ငံလိုက်သွားရမည်တဲ့ .. နှောင်းသူ့ကိုတွေ့ချင်သေးသည် ..

နှောင်းဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည် .. သူနဲ့သွားတွေ့မည် .. တွေ့ပြီး ရှင်းရှင်းလင်းလင်းမေးမည် .. သူသာ နှောင်းကို တကယ်ချစ်ခဲ့ရင် ဘာကိုပဲရင်ဆိုင်ရ ရင်ဆိုင်ရ နှောင်းရင်ဆိုင်မည် .. အားလုံးကို ဆန့်ကျင်ဖို့လည်း နှောင်း ၀န်မလေး .. သူမချစ်ခဲ့ဘူးဆိုလျှင်တော့ နှောင်း အတွက် ရွေးချယ်စရာလမ်းမရှိတော့ မေမေတို့ ရွေးချယ်ပေးတဲ့ လမ်းကိုသာလျှောက်ရုံ ..

သူငယ်ချင်းတစ်ယောက်အကူအညီနဲ့ နှောင်း အိမ်ကထွက်ခွင့်ရခဲ့တယ် ..

သူနဲ့တွေ့ဖို့ သူ့အိမ်ကိုပဲတန်းသွားလိုက်တယ် .. အိမ်ရှေ့ရောက်တော့ အိမ်တံခါးစေ့ထားတာနဲ့ သူဝင်လာလိုက်တယ် .. ဧည့်ခန်းထဲရောက်တော့ သူ့ရင်ခွင်ထဲမှာ မိန်းကလေးတစ်ယောက် .. နှောင်း ကိုယ့်အမြင်တောင် ကိုယ်မယုံနိုင်ဘူး .. ခေါင်းထဲမိုက်ကခဲဖြစ်သွားတယ် .. ဘေးကိုလှမ်းထောက်လိုက်တော့ ရှိုးကေ့စ်ပေါ်တင်ထားတဲ့ ပန်းအိုးလေး ပြုတ်ကျသွားတယ် .. သူတို့နှစ်ယောက်ကလည်း လှည့်ကြည့်တယ် .. နှောင်း အားနာပြုံးလေးပြုံးပြပြီး ..

"အားနာလိုက်တာ .. ကျွန်မ အခန်းမှားသွားတယ် .." သူမတရှိန်ထိုးပြေးထွက်လာခဲ့တယ် .. သူနောက်ကနေ အော်ခေါ်နေတဲ့အသံတော့ ကြားတယ် .. နှောင်း လှည့်မကြည့်မိဘူး .. သူ့ရဲ့ ချုပ်နှောင်မှုတွေကြားထဲက ခုဆိုရင်တော့ လွတ်မြောက်သင့်ပြီ လွတ်မြောက်အောင်ကြိုးစားသင့်ပြီလေ .. ကိုယ့်အခြေအနေကိုယ်လည်း နားလည်သင့်ပြီမဟုတ်လား .. နှောင်း ဒေါသ ရှက်စိတ် တွေ ရောထွေးပြီး ပြေးထွက်လာခဲ့တယ် .. ကားပေါ်ရောက်တော့ ကားကို စက်ကုန်ဖွင့်ပြီး မောင်းခဲ့တယ် ..

"ငါ ကိုယ့်ကိုယ်ကိုယ်ခွင့်မလွှတ်နိုင်ဘူး .. ဘာလို့ဒီလောက်တုံးတဲ့လုပ်ရပ်လုပ်မိပါလိမ့် ..နင်မရှက်ဘူးလား .. ယောက်ျားတစ်ယောက်ကို စုံလုံးကန်းပြီး ချစ်နေတာ သင်ထားတဲ့ပညာတွေ မိဘကပေးထားတဲ့ အသိဥာဏ်တွေ ဘယ်ရောက်ကုန်လဲ .."

#############

အပြင်ဘက်မှာလည်း မိုးတွေသည်းကြီးမည်းကြီး .. ကားထဲက မိန်းကလေးကလည်း မျက်ရည်တွေလည်း တားမနိုင်ဆီးမရကျလို့ .. ဖုန်းကမြည်လာတယ် .. အဆက်မပြတ် .. သူမ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တယ် ..

"မတန်ဘူး .. နင်မျက်ရည်မကျနဲ့ .." ဖုန်းကိုကိုင်ပြီး ဘတ်ထရီကို ဖြုတ်လိုက်တယ် .. ကားရှေ့ကိုကြည့်လိုက်တော့ မျက်နှာချင်းဆိုင်မှာ ကားတစ်စီး အရှိန်ပြင်းပြင်း ...

#############

ဟင် .. သူငိုနေပါလား .. မျက်ရည်တွေကိုမုန်းပါတယ်ဆိုတဲ့ ယောင်္ကျားတစ်ယောက်ကျတဲ့မျက်ရည်ကို နှောင်း မြင်ဘူးသွားပြီ .. နှောင်းကို မျက်ရည်တွေနဲ့ ချုပ်နှောင်နေချင်သေးတာလား .. နှောင်း ကို လွတ်လပ်ခွင့်ပေးသင့်ပါပြီ .. နှောင်းကို သွားခွင့်ပြုပါတော့ ..

ချစ်မိခြင်းက

အပြစ်တစ်ခုဆိုရင်တော့

ဒီအပြစ်တွေအားလုံး

တစ်ယောက်တည်းပဲခံယူလိုက်ပါ့မယ်..

မိုးခါး

Tuesday, December 23, 2008

တနေ့နေ့

နောက်ကြောင်းပြန်လှည့်လို့မရတဲ့ခြေထောက်တွေ
ကိုယ့်လမ်းကိုရွေးခဲ့တာပဲ
ရှေ့ဆက်လျှောက်ရုံအပြင်
ဘာတတ်နိုင်ဦးမလဲ ..

ရှေ့ကို လျှောက်ရင်း လျှောက်ရင်း
ကမ္ဘာကြီးသာ တကယ်လုံးရိုးမှန်ရင်
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
ငါ့နဂိုရှိရင်းစွဲအရပ်ကို
ပြန်လည်ဦးလှည့်နိုင်မယ်
ရောက်ရှိနိုင်မယ်
မျှော်လင့်မိပါရဲ့ ..

အဲဒီတချိန်ရောက်ဖို့ အတွက်
လိုအပ်ချိန်က ၁နှစ်လား
၁၀နှစ်လား
ဒီလောက်ရော ကပါ့မလား ..

ဘာပဲဖြစ်ဖြစ်
အဲဒီတစ်နေ့နေ့ဆိုတဲ့အချိန်ကို
မျှော်လင့်နေဖြစ်ဦးမှာပဲ ..

မိုးခါး

Monday, December 22, 2008

ချောင်းသာအလွမ်းပြေ

ချောင်းသာ က သဲဖြူကျွန်းပေါ်မှ ဘုရားလေး


လှိုင်းဖွေးဖွေးနဲ့ပင်လယ်ကျယ်


လွမ်းတယ် ချောင်းသာရေ



ကမ်းမမြင်ရတဲ့ပင်လယ်

လွန်ခဲ့တဲ့နှစ်နှစ်က သွားလည်ခဲ့တဲ့ ချောင်းသာကမ်းခြေပုံတွေပါ .. ဘာရယ်တော့မဟုတ်ပဲ ချောင်းသာအလွမ်းပြေအနေနဲ့တင်လိုက်တာပါ .. လာလည်တဲ့သူငယ်ချင်းတွေလည်း တူတူလွမ်းကြတာပေါ့နော် ..

Thursday, December 18, 2008

မြေပြင်နင်းသည့်အခါ ကောင်းစွာတည်ထိ ခိုင်မြဲပြီး ဖ၀ါးတော် ညီညာခြင်း လက္ခဏာတော် လင်္ကာ

ဘ၀ထိုထို ရှေးအဟိုဝယ် ကုသိုလ်ပွားလူး တရားထူး၌ စူးစိုက်မြဲလျက် ဆောက်တည်ချက်ကို တားဖျက်မနိုင် ကြံ့ခိုင်ခဲ့ခြင်း ကောင်းမှုရင်းကြောင့် * ရွှေခြေနင်းဟန် နင်းပြန်အတူ ကြွမူမခြား ဖ၀ါးတော် ညီညာ လက္ခဏာတော် အာနုဘော်ဖြင့် ** ကျူးကျော်ဝံ့စား လှုပ်ခြောက်ခြားအောင် စွမ်းအားရှိမူ ဘယ်ရန်သူမျှ မပြုဝံ့ပါသော မြတ်စွာဘုရား မြတ်စွာဘုရား ***။

လက္ခဏာတော် ဂါထာ

ပုဗ္ဗေ ပုညေသု သမ္ဗုဒ္ဓေါ၊ သမာဒါနေန ဒဋ္ဌတော။
သုပ္ပတိဋ္ဌိတပါဒေါစ၊ အက္ခ မ္ဘိယောစ တံနမေ။


နေရာ အလုပ် ရာထူးတို့၌ ခိုင်မြဲရန် ဘုရားရှိခိုး+ဆုတောင်း

၁။ သုပ္ပတိဋ္ဌိတပါဒေါ တထာဂတော၊
၂။ သုပ္ပတိဋ္ဌိတပါဒံ တထာဂတံ အဟံ ၀န္ဒာမိ၊
၃။ တေန ပုညေန မမ သုပ္ပတိဋ္ဌိတော ဟောတု။

၁။ တထာဂတော၊ မြတ်စွာဘုရားသည်။ သုပ္ပတိဋ္ဌိတပါဒေါ၊ မြေပြင်၌ ကောင်းစွာတည်ထိ ခိုင်မြဲသော ခြေတော်ရှိပါပေ၏။
၂။ သုပ္ပတိဋ္ဌိတပါဒံ၊ မြေပြင်၌ ကောင်းစွာတည်ထိခိုင်မြဲသော ခြေတော်ရှိသော။ တထာဂတံ၊ မြတ်စွာဘုရားကို။ အဟံ၊ တပည့်တော်သည်။ ၀န္ဒာမိ၊ ရှိခိုးပါ၏။
၃။ တေန ပုညေန၊ ထိုကုသိုလ်ကောင်းမှုကြောင့်။ မမ၊ တပည့်တော်၏။ သုပ္ပတိဋ္ဌိတော၊ နေရာအလုပ် ရာထူးတို့ ခိုင်မြဲတည်ရှိခြင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

ရွှေပေါ်ကျွန်းဆရာတော်
##########

ခုချိန်က နေရာတိုင်းမှာ စီးပွားရေးကပ်ကြောင့် အလုပ်နေရာတွေ အခက်အခဲဖြစ်နေကြပါတယ် .. သတင်းတွေကလည်း အစုံပါပဲ .. တစ်ချို့ အလုပ်တွေ နားကြတယ် .. တစ်ချို့ လူတွေလျှော့ကြတယ် .. တစ်ချို့ လခတွေ လျှော့ကြတယ် .. ကိုယ့်အလှည့်ရော ဘယ်တော့လဲဆိုပြီး စောင့်နေရတဲ့ အခြေအနေပါ ..

ဒီဂါထာက အစ်မတစ်ယောက်ကို ဘုန်းဘုန်းတစ်ပါးက ဓမ္မဒါနအဖြစ် ပေးလိုက်တာဖြစ်ပါတယ် .. ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေအတွက်က ကိုးကွယ်ရာဆိုတာ ဘုရားမှတစ်ပါး အခြားမရှိပါဘူး .. ကျွန်မတို့လို ရပ်ဝေးမှာ မိဝေး ဖဝေးနေထိုင်ရသူတွေအတွက် ပိုလိုအပ်ပါတယ် .. လိုအပ်သူတွေ လိုအပ်သလို အသုံးပြုနိုင်ဖို့ရည်ရွယ်ပြီး ခုလိုတင်လိုက်တာပါ .. ရပ်ဝေးက မိတ်ဆွေအပေါင်း အလုပ်အကိုင်တွေ အဆင်ပြေကြပါစေ ..

မိုးခါး

Tuesday, December 16, 2008

ပြန့်ကျဲနေတဲ့ အိပ်မက်ဆိုး

ညဘက် ကျွန်မ မှေးကနဲ အိပ်ပျော်သွားတုန်း `မောင်ပြန်လာပြီ´ဆိုတဲ့ အသံကို ကြားလိုက်မိတယ်

အသိထဲမှာလဲ မောင်ပြန်လာပြီဆိုပြီး မောင့်ကိုသွားကြိုဖို့ အခန်းထဲကနေ ကျွန်မပြေးထွက်လာလိုက်တယ်

အောက်ထပ်မှာတော့ မီးတွေကလည်းမှောင် ..

မောင့်အကျင့်က အမြဲအဲဒီလိုပဲမီးကိုမဖွင့်ဘူး ..

မီးဖွင့်လို့အိမ်ကလူတွေနိုးမှာစိုးရိမ်တတ်တဲ့မောင် ရှိသမျှပစ္စည်းတွေ ခလုတ်လိုက်တိုက်မှ တစ်အိမ်လုံးနိုးလာတတ်တာလေ ..

မောင်ပြန်လာနေကျအချိန်က အမြဲမိုးချုပ်တယ် ..

ညမီး အလင်းလေးနဲ့ပဲ အိမ်ပေါ်ထပ်လှေကားရှိရာကို စမ်းတ၀ါးဝါးနဲ့တက်လာတတ်တဲ့မောင့်ကို လှေကားထိပ်ကပဲ ကျွန်မကြိုနေကျ

ကျွန်မလှေကားထိပ်ကနေရပ်စောင့်နေလိုက်တယ် ..

အောက်က ဘာသံမှလည်းမကြားရတဲ့အပြင် တိတ်ဆိတ်နေတယ်

မောင်အိမ်အောက်ကနေ အပေါ်ကိုတက်ဖို့ ဒီလောက်ကြာစရာအကြောင်းမရှိဘူးလေ

ကျွန်မလည်းအောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်

အောက်ထပ်မှာ မှောင်မှောင်မဲမဲနဲ့ ကျွန်မ မောင့်ကိုလိုက်ရှာနေတယ်

ရှာလို့မတွေ့တော့ ငါပဲနားကြားမှားသလားလို့စိတ်ထဲထင်မိတယ်

စောင့်လက်စနဲ့တော့ အပေါ်ပြန်မတက်တော့ဘူးလေ အောက်မှာပဲ မောင့်အလာကိုစောင့်လိုက်တော့မယ်ဆိုပြီး မီးဖိုးထဲရေသောက်ဖို့ ထွက်လာလိုက်တယ်

ရေသောက်ပြီးတော့ အပြင်ကိုကြည့်လိုက်မှ အိမ်ကို ကျောခိုင်းရပ်နေတဲ့ မောင့်ကို တွေ့လိုက်တယ်

စိတ်ထဲမှာတော့ .. ငါ့မှာတော့ရှာလိုက်ရတာ .. သူက အပြင်မှာလေညှင်းခံနေသေးတယ်ဆိုပြီးတွေးလိုက်မိတယ်

မောင်က ကိုယ်ခံအားသိပ်မကောင်းတဲ့သူဆိုတော့ အပြင်မှာကြာကြာနေရင် အအေးမိတတ်တယ်လေ

ကျွန်မလည်း မောင့်ကိုထွက်ခေါ်ဖို့ ခြံထဲဆင်းလိုက်တယ်

ခြံထဲရောက်တော့ မောင်ကို မတွေ့တော့ပြန်ဘူး ..

`သြော် .. ဒီမောင်တစ်ယောက်တော့ ဘယ်နားရောက်သွားပြန်ပြီလဲမသိဘူး .. လူကိုတော်တော်မောအောင်လုပ်တာပဲ ..´

ကျွန်မတွေးပြီး မောင့်ကိုလိုက်ရှာနေတယ်

ဟော တွေ့ပါပြီ .. ခြံတံခါးဝနားက မောင်ကိုယ်တိုင်စိုက်ထားတဲ့ ပန်းလေးတွေကို မှောင်ထဲ ဘာရပ်ကြည့်နေပါလိမ့့် ..

ကျွန်မ အနားသွားပြီး မောင့်ကို ခေါ်လိုက်တယ်..

`မောင်´

မောင်ကျွန်မကို လှည့်ကြည့်တယ်

ကျွန်မ အရမ်းလန့်သွားတယ်မောင့်မျက်နှာတစ်ခုလုံးဖြူစုတ်ပြီး သွေးမရှိသလိုပဲ

`မောင် ဘာဖြစ်နေတာလဲ .. မောင်နေမကောင်းဘူးလား .. အထဲဝင်ရအောင် မောင်ရယ် .. ပြန်ပြီး အအေးမိနေပါဦးမယ် ..´

ကျွန်မ မောင့်ကို လက်တွဲဖို့ရှေ့တိုးသွားတော့ မောင်နောက်ဆုတ်သွားတယ် ..

မောင့်မျက်နှာကိုကြည့်လိုက်တော့ မျက်ရည်တွေနဲ့

`မောင် ဘာဖြစ်နေတာလဲ ..´ ကျွန်မ မေးလိုက်တယ်

မောင် ဘာမှပြန်မပြောဘူး ..

ကျွန်မကြည့်နေရင်း ပုံရဲ့ ပုံရိပ်က မျက်စိရှေ့ကနေ ဝေးရာကို တရွေ့ရွေ့ ရွေ့လျားသွားတယ် .. ကျွန်မ မောင့်နောက်ကို လိုက်တယ်မမှီဘူး ..

ပိုပိုဝေးသွားတယ်

ကျွန်မပြေးလိုက်တယ်

မောင့်ကိုမတွေ့တော့ဘူး

မောင် ......................

ကျွန်မ အိပ်မက်ဆိုးမက်ပြန်ပြီ

အိမ်မက်ဆိုးကနေ မျက်ရည်တွေနဲ့ နိုးထရပြန်ပြီ

မောင်အိပ်နေကျ နေရာကိုကြည့်လိုက်တော့ မောင့်အစား မောင်နဲ့ကျွန်မ မင်္ဂလာဆောင်တုန်းကပုံတွေ ပြန့်ကျဲနေတယ်

မအိပ်ခင်က ကျွန်မပြန်ကြည့်နေမိတာလေ

ဓါတ်ပုံလေးတစ်ပုံကောက်ယူကြည့်မိတော့ ပုံထဲမှာ မောင်က ကျွန်မကိုပြုံးပြနေတယ်

ငိုမိပြန်ပြီမောင်ရယ်

မောင်မကြိုက်မှန်းသိသိနဲ့

မောင့်ကိုလွမ်းလို့ပါ

မောင် .. ကျွန်မ ဘယ်အချိန်ထိ ဒီလိုအိပ်မက်ဆိုးကနေ မျက်ရည်တွေနဲ့ နိုးထနေရဦးမှာလဲ

မောင်ကျွန်မကို ခွဲခွာသွားခဲ့တာ ၃ နှစ်တောင်ကျော်ခဲ့ပြီပေါ့ ..

မောင် ငြိမ်းငြိမ်းချမ်းချမ်းနားခိုအိပ်စက်နိုင်ပါစေမောင်ရယ် .....

Monday, December 15, 2008

ဟာသ

တရားရုံးတွင်
ရှေ့နေ : မွေးနေ့ ပြောပါ
တရားခံ : ဇူလိုင်လ ၁၈ ရက်
ရှေ့နေ: ဘယ်နှစ်လဲ
တရားခံ : နှစ်တိုင်းပေါ့

-----------------------

ရှေ့နေး ကို ဘမောင်ခင်ဗျား ခေါင်းကို ဒုတ်နဲ့ ရိုက်အပြီး မှတ်ဥာဏ်ချို့ယွင်းမှု ရှိခဲ့ ပါသလား?
တရားလို : ရှိပါတယ်
ရှေ့နေ : ဘယ်လို ပုံစံမျိုး ချွတ်ယွင်း ထိခိုက် သွားပါသလဲ
တရားလို :ကျွန်တော် မေ့ပါပြီ
ရှေ့နေ: မေ့သွားပြီ ? ဒါဆို ဘယ်ဟာတွေ မေ့သွားလဲ ဥပမာလေး ပေးနိုင်မလား?

-----------------------

ရှေ့နေး ခင်ဗျား ခင်ပွန်း မနက် မှာ ဘာအရင်ဆုံးစပြောလေ့ ရှိလဲ
တရားခံ : ငါဘယ်ရောက်နေလဲ အ၀င်း
ရှေ့နေ : အဲဒါက ခင်ဗျားကို ဘာအနှောက် အယှက်ဖြစ်စေလို့ လဲ ?
တရားခံ : ကျွန်မ နာမည် မသီတာပါ

-----------------------

သိပံ္ပ ပညာရှင် : ဘုရား သခင် ။ သင့်ကို ကျွန်ုပ်တို့ အလို မရှိတော့ပေ ။ အကြောင်းမှာ မြေမှုန့်မှ လူဖန်ဆင်းနိုင်သော အတတ်ကို သင့်နည်းတူ ကျွန်ုပ် တို့ ရှာတွေ့ ခဲ့ ပြီ ။
ဘုရားသခင် : ဒါဆိုလဲ လုပ်ပြလေ ။ ကြည့်ရသေးတာပေါ့။
သိပံ္ပပညာရှင်း ဒူးထောက်ထိုင်ချပြီး လက်တစ်ဆုပ်စာ မြေမှုန့် ကိုယူသည်။
ဘုရားသခင်: ဟေ့..အဲ့ ဒါ ငါဖန်ဆင်းထားတဲ့ မြေမှုန့်တွေ ။ ကိုယ့်မြေကိုယ် သွားယူချေ။
-----------------------

လူနာ : ဆရာ ကျွန်တေိာ့ ရင်ဘတ်တွေ မခံမရပ်နိုင်အောင် နာပါတယ်။
ဆရာဝန်း ခင်ဗျား နှလုံး မကောင်းလို့ ဖြစ်မယ်ဗျ ။
လူနာ : တခြား ထင်မြင်ချက်လေး လဲ ပေးပါဦး ဆရာရယ်
ဆရာဝန် : ခင်ဗျားက ရုပ်လဲ ဆိုးတာ ကိုးဗျ


Globalization အတွက် အကောင်းဆုံး အဓိပ္ပါယ် ဖွင့်ဆိုချက် ကဘာလဲ ???
ဖြေသူ - အင်္ဂလန်မင်းသမီးဒိုင်ယာနာသေ တာပါ
မေးသူ - ဘာဖြစ်လို့ လဲ ?
ဖြေသူ -အင်္ဂလိပ် မင်းသမီး နဲ့ သူမ၏ ရည်းစား ၊ အီဂျစ် သူဌေး သားတို့ ၊ စကော့ ၀ီစကီသောက်ပြီး မူးနေတဲ့ ဘယ်ဂျီယံ နိုင်ငံသားမောင်းလာတဲ့၊ ဒက်ခ်ျ အင်ဂျင်တပ် ဂျာမဏီ နိုင်ငံလုပ် မော်တော် ကား မှောက်တော့ ပြင်သစ် ဥမင် ခေါင်းထဲ မှာ ။ အကြောင်းက
ဂျပန် နိုင်ငံလုပ် မော်တော် ဆိုင်ကယ် ကြီးတွေ စီးတဲ့ အီတလီ ပါပါ ရာဇီ သတင်းမုဆိုးတွေ ကနောက်က လိုက်လို့ ပါပဲ ။
ပြီးတော့ အမေရီကန် ဆရာ ၀န် အရေးပေါ် ကုပေးတယ်။ ဒီစာကို မြန်မာ တစ်ယောက်ဖြစ်တဲ့  မေသဲ က အမေရိကန်သား ဘီလ်ဂိတ် ရဲ့ နည်းပညာ အသုံးပြုလို့ ဘာသာပြန်ပြီး စင်ကာပူ ကနေ ပို့ပေးတယ်။
ခုစာဖတ်နေတဲ့ သူ သုံးတဲ့ မော်နီတာ က
ကိုးရီးယားက လာတာ ဖြစ်ချင် ဖြစ်မယ်
စက်ကတော့
တရုတ်စက်
ဘင်းဂလားဒေ့ရှ် မှာ ပြန်တပ်ဆင်တယ်
စင်ကာပူ ကနေ ဖြန့်တယ် ဒီထက် ပြည့်စုံ တဲ့ ဂလို ဘယ် လိုင် ဇေးရှင်းဖွင့်ဆိုချက် ဘယ်မှာ ရှိတော့ မလဲ ငှဲငှဲ

သူငယ်ချင်းဇိုဝီ ဘာသာပြန်ပေးထားတဲ့ ဟာသလေးပါး)

နတ်ဆိုးမွှေတဲ့ည

ကိုယ်နေလာခဲ့တဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ ရပ်တည်ရာဟာ မှားယွင်းနေတယ်ဆိုတာကို မထင်မှတ်ပဲ သိသိလိုက်ချင်း ဘယ်လိုခံစားရမလဲ .. ကမ္ဘာကြီးကပဲ လည်ထွက်နေတာလား .. အရာဝတ္တုတွေက အရှိန်ပြင်းပြင်းလည်ပတ်လိုက်လို့လား .. ငါ့ခေါင်းတွေတော့ မူးနောက်သွားတာသေချာတယ် ..

ငါ့ရဲ့ အသိတွေကိုလည်း ကပ်လို့မရတော့သလို ဘယ်သူတွေဘာပြောနေလဲလဲ ငါမကြားနိုင်တော့ဘူး ..

ဘာတွေပြောနေကြတာလဲ .. ငါ့ကိုသနားတဲ့အကြောင်းလား ..

ဂရုဏာသက်စွာ ကြည့်နေကြလား .. ဒါမှမဟုတ် ခုတော့သိပြီမလားဆိုတဲ့ပုံမျိုးတွေနဲ့ ကြည့်နေကြလား ..

ငါ့ခန္ဓာကိုယ် ဒီနေရာမှာတင်ပဲ အငွေ့ဖြစ်သွားရင်ကောင်းမယ် ..

------------------------

ငါတစ်သက်လုံး မေမေခေါ်လာသူက ငါ့ရဲ့ အဒေါ်တဲ့ ..

ငါလူမှန်းသိတတ်စကတည်းက သိပ်ချစ်ခဲ့ရတဲ့ အဒေါ်အရင်းခေါက်ခေါက်က ငါ့အမေတဲ့ ..

ဘာတွေလဲ .. ဘယ်လိုနားလည်ရမှာလဲ ..

နားမလည်ဘူး .. သိလည်းမသိချင်ဘူး .. အားလုံးနဲ့အဝေးဆုံးကို ပြေးထွက်သွားလိုက်ချင်တယ် ..

-------------------------

မျက်လုံးထဲမှာလည်း မေမေရဲ့ အေးစက်စက်အကြည့်တွေ .. တင်းမာတဲ့ တုန့်ပြန်မှုတွေ .. အဲဒါတွေဟာ ဒါကြောင့်ကိုးဆိုတာမျိုးတွေ နားလည်လာတယ် ..

နောက်တစ်ဆက်တည်းမှာပဲ .. ဒေါ်လေးရဲ့ ရှောင်ခွာခွာ အမူအယာတွေ .. ဥပက္ခာပြုမှုတွေ .. အိုးး အများကြီး အများကြီး ..

ငါဘယ်လိုနှလုံးသားမျိုးနဲ့ ဒါတွေကို ဆက်လက်ခံရမလဲ ..

ကံသိပ်ဆိုးလွန်းတဲ့ ငါ့ရဲ့ ကုသိုလ်ကံကိုပဲ အပြစ်တင်ရမလား ..

ငါ့အပေါ်နွေးထွေးမှုမရှိတဲ့ လူတွေကိုအပြစ်တင်ရမလား ..

ဘာ မကောင်းမှုတွေကြောင့် ဒီလိုအပြစ်တွေခံစားနေရတာလဲ .. ခံစားခဲ့ရတာလဲ ..

လောကကြီး မတရားဘူး ..

------------------------

ဖေဖေ .. ငါ့မှာ ဖေဖေရှိသေးတယ်လေ .. အရက်ကို အရမ်းကြိုက် အရမ်းသောက်ပေမယ့် အမြဲတမ်း ငါ့အပေါ်မှာ ကြင်နာတတ်တဲ့ဖေဖေ .. ငါ့ကို စကားတွေ အများကြီးပြောတဲ့ ဖေဖေ .. အခုမှပဲ ဖေဖေမျက်လုံးထဲက တောင်းပန်တိုးလျှိုးတဲ့ အရိပ်ရဲ့ အဓိပ္ပါယ်ကိုနားလည်တော့တယ် .. ခု တွေ့ချင်လိုက်တာ .. အားပေးစကားလေးတစ်ခွန်းလောက်ကြားချင်လိုက်တာ .. ပြီးတော့ မေးချင်သေးတယ် .. ဘာလို့အခုလို မေမေနဲ့ ဒေါ်လေးကြားမှာ အခုလို အမှားမျိုး ကျူးလွန်ခဲ့ရတာလဲ .. ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာမဟုတ်ဘူးမှန်း သိပေမယ့် အခု ဓါးစာခံက ကျွန်တော်လေ ..

ဟုတ်တယ် .. ငါ့ဖေဖေဆီ လိုက်သွားမယ် .. ဖေဖေက ပြန်မပြောနိုင်ရင်တောင် ငါပြောတာကိုတော့ နားထောင်ပေးမှာ သေချာတယ် ..

သူ .. မော်တော်ဆိုက်ကယ်ကို စက်ကုန်ဖွင့်ပြီးမောင်းလာတယ် .. ဖေဖေ ငြိမ်သက်စွာ လဲလျှောင်းနေတဲ့ အုတ်ဂူလေးဆီပေါ့ ..

မိုးတွေ ရွာနေတယ် .. မျက်ရည်တွေလည်းစိုနေတယ် .. မိုးရေနဲ့ မျက်ရည်ရောပြီး အမြင်တွေက မှုန်ဝါးဝါး ..

စက်ရှိန်က မလျှော့သွားတဲ့အပြင်တိုးလို့တောင်လာတယ် ..

-------------------------

မျက်စိရှေ့မှာ ၀င်းကနဲ လက်ကနဲ အလင်းတန်းတစ်ခု ..

သူ .. လေပေါ်မြောက်တက်သွားတယ် ..

ကတ္တရာလမ်းနဲ့ ဆောင့်မိတဲ့အရှိန်နဲ့ သူအလွန်ကို နာကျင်နေတယ် ..

ဒါပေမယ့် အစွန့်ပစ်ခံ လူသားတစ်ယောက်ရဲ့ ရင်ထဲက အနာကိုတော့ဘယ်မှီမလဲ ..

သူ နာနာကြင်ကြင် မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိတယ် ..

သူ့အတွက် အရာရာပြီးဆုံးသွားပါပြီ ..

ဒီဘ၀ရဲ့ ချစ်ခြင်း မုန်းခြင်း အငြိုးအတေး အာဃာတတွေက တကယ်ကိုပဲဝေးရာဆီ သူထွက်ခွာသွားရတော့မယ် ..

နောက်ဘ၀ဆိုတာရှိခဲ့ရင် ဒီလိုအဖြစ်မျိုးက ကင်းဝေးဖို့ပဲ အာရုံပြုလိုက်တယ် ..

မိုးရေတွေထဲမှာ သူ့ဘ၀တစ်ခု ခဏတာ ငြိမ်းချမ်းသွားပါပြီ ..


ဘယ်လိုအသက်ရှုမလဲ

လူ၃ယောက် လမ်းလျှောက်လာတယ် ..

သူတို့သွားတဲ့လမ်းမှာ လူသွားလို့ရတယ် ဆိုရုံ ပျက်နေတဲ့တံတားတစ်ခုရှိတယ် .. တစ်ယောက်က "အာ .. ဒီတံတား ကောင်းလည်းမကောင်း ပျက်လည်းမပျက် .. ပျက်လည်းအေးတာပဲ.. " ဆိုပြီး ပြိုချင်ပြို ငါနဲ့မဆိုင်ဘူးဆိုတဲ့ စိတ်နဲ့ ခပ်ပြင်းပြင်းနင်းလျှောက်သွားတယ် ..

နောက်တစ်ယောက်က " အင်း .. ဒီတံတားကလည်း ပျက်နေတာကို ဘယ်သူမှမပြင်ကြဘူးလားမသိဘူး .. သွားပဲသွားတတ်ကြတယ် .. ဒီတံတားဖြတ်ရတာနဲ့ ငါ့ခရီးတော့ နောက်ကျတော့မှာပဲ " ဆိုပြီး သွားလို့ဖြစ်တဲ့နေရာကနေ သူလိုရာကိုရောက်အောင်ဖြတ်သွားလိုက်တယ် ..

နောက်တစ်ယောက်ကတော့ " အင်း .. တံတားကလည်း တော်တော်ပျက်နေပြီ သွားဖြစ်ရုံပဲရှိတော့တယ် .. ငါဖြတ်သွားပြီး နောက်လူတွေအဆင်ပြေအောင် တတ်နိုင်သလောက် ဖာထေးသွားလိုက်မယ်လေ .. " ဆိုပြီး အနီးအနားမှာ ရှိတဲ့ တုတ်တို တုတ်စလေးတွေနဲ့ ပြုပြင်နိုင်သလောက်ပြုပြင်ပြီး တံတားကိုဖြတ်နင်းခဲ့တယ် ..

သွားတဲ့လမ်းချင်းတူပေမယ့် ဖြတ်သန်းပုံခြင်းမတူကြဘူး .. ကြုံတွေ့ရတဲ့အခြေအနေခြင်း တူပေမယ့် ခံယူချက် ခံစားချက်ကွာခြားတယ် ..

~~~~~~~~~~~~~~~~

အလုပ် တူတူလုပ်တဲ့ဗိသုကာ ပညာရှင် ၃ ယောက်ရှိတယ် .. သူဌေးရဲ့ လက်စွဲတော် ၃ ယောက်ဆိုပါတော့ ..

အိမ် ၃လုံးကို တစ်ယောက်တစ်လုံးစီ တာဝန်ယူဆောက်ခိုင်းတယ် ..

တစ်ယောက်က " ဒီအိမ်ပြီးရင် ငါ့အတွက် ဘယ်လိုအကျိုးအမြတ်ရမလဲ .. ငါ့အတွက် ရာထူးလား ..ပိုက်ဆံလား .. ငါ့အိမ်က အကောင်းဆုံးလို့ လက်ခံလိုက်ရင် ငါနာမည်ကြီးမယ် .. အကျိုးတစ်ခုခုတော့ရှိလိမ့်မယ် " ဆိုပြီး အကျိုးကိုမျှော်လို့ အလုပ်လုပ်တယ် ..

နောက်တစ်ယောက်က " ဒါ ငါ့တာဝန် .. ငါ့တာဝန်ငါ ကျေအောင်လုပ်ရမယ် .. အချိန်မှီပြီးရင်ရပြီ .. လုပ်သင့်တာအကုန် လုပ်မယ် .. အချိန်တန်လို့ သူဌေးက အိမ်အပ်တော့ဆိုရင် ငါအပ်နိုင်ရင်ရပြီ .. အိမ်ကိုအပ်မယ် လုပ်အားခယူမယ် .. ဒါ ငါ့အလုပ်ဖြစ်တယ် " ဆိုပြီး တာဝန်ကျေ လုပ်တယ် ..

နောက်တစ်ယောက်က " ဒီအိမ်လေးက ငါ့ရဲ့မှတ်ကျောက် .. ဒီလိုအိမ်ကောင်းမျိုးမှာ ငါမနေရပေမယ့် ငါလက်နဲ့ ဆောက်ထားတဲ့အိမ်လေးပေါ်မှာ နေမယ့်လူတွေ ဘေးအန္တရာယ် လုံခြုံအောင် .. သက်တောင့်သက်သာရှိအောင် အဆင်ပြေပြေနေနိုင်အောင် လုံခြုံ လှပ သက်တောင့်သက်သာရှိမယ့် အိမ်လေး ဖြစ်အောင် ငါလုပ်မယ် .. " ဆိုတဲ့ စေတနာနဲ့လုပ်တယ် ..

သူတို့ အရောက်သွားမယ့် ပြီးဆုံးခြင်း ပန်းတိုင်တူညီပေမယ့် လုပ်ရပ်ကွာခြားတယ် .. စေတနာကွာခြားတယ် ..

~~~~~~~~~~~~~~~~

လူ ၃ ယောက်ရှိတယ် .. သူတို့ကတော့ ဥယျာဉ်မှူးတွေပေါ့ ..

တစ်ယောက်က ပန်းပင်တစ်ပင် သစ်ပင်တစ်ပင်အတွက် နေ့စဉ် မြေသြဇာထည့်တာတို့ .. ပန်းပင်ရေလောင်းတာတို့ကို စိတ်ကူးတည့်ရင်တည့်သလို သူလုပ်ချင်တဲ့အချိန်မှာ ထလုပ်တတ်တယ် .. သူ ဘယ်ပန်းပင်က ဘာလိုအပ်တယ်ဆိုတာမသိဘူး .. သိအောင်လည်းမကြိုးစားဘူး .. ရေလောင်းချင်တဲ့အချိန်လောင်းတယ် .. စိတ်ပါတဲ့အချိန် မြေသြဇာထည့်တယ် .. (မထည့်ချင်လည်းမထည့်ဘူးပေါ့ ..) အပင်တွေ သေကြေပျက်စီးရင်လည်း အမှိုက်နဲ့ရောပြီး မီးရှို့ဖို့လောက်ပဲစဉ်းစားတတ်တဲ့သူ ..

နောက်တစ်ယောက်က အချိန်မှန် ပန်းပင်ရေလောင်းတယ် .. မြေသြဇာထည့်တယ် .. ဒါပေမယ့် သူက ဒီအပင်ကဘာအပင်ဖြစ်လို့ ရေအချိန်အဆ ဘယ်လောက်လောင်းရမလဲ .. မြေသြဇာ ဘယ်လောက်ထည့်ရမလဲဆိုတဲ့ အတိုင်း အဆမသိဘူး .. သူ့တာဝန်အရ မြေသြဇာထည့်ချိန်ထည့်တယ် ရေလောင်းချိန်လောင်းတယ် .. တာဝန်အရ သူအပေါ်ယံရေလောင်း မြေသြဇာထည့်လုပ်နေပေမယ့် တချို့အပင်တွေက သေသွားတာမျိုး .. ပန်းတွေ မျှော်လင့်သလောက် မပွင့်တာမျိုး ဖြစ်တယ် .. ဘာကြောင့်ဒီလိုဖြစ်လဲ သူစိတ်မ၀င်စားဘူး .. သူအချိန်မှန် လုပ်နေရက်နဲ့ဖြစ်တဲ့အတွက် သူနဲ့ မဆိုင်ဘူးလို့ သူတွေးတယ် ..

နောက်တစ်ယောက်ကတော့ သူ့ပန်းပင် ပျိုးပင်လေးတွေကို သူ့ရဲ့ ရတနာတစ်ပါးလို ပြုစုစောင့်ရှောက်တယ် .. ဒီပန်းပင် အပွင့်ပွင့်ဖို့အတွက် ဘာလိုလဲ .. မြေသြဇာလိုနေတာလား .. ရေလိုနေတာလား .. ရေများနေတာလား .. ပိုးကျနေတာလား .. သူလေ့လာတယ် .. ဂရုတစိုက်ပြုစုတယ် .. လိုအပ်ချက်အတွက် အမြဲလေ့လာတယ် .. ဖြည့်ဆည်းတယ် .. ဒါကြောင့်လဲ သူ့ဥယျာဉ်ဟာ သစ်ပင် ပန်းပင်တွေ အမြဲ စိမ်းလန်းစိုပြေနေတဲ့ ဥယျာဉ်လေးတစ်ခုဖြစ်ခဲ့တယ် .. အဲဒီလူရဲ့ ရင်ထဲမှာလဲ သူပျိုးထားတဲ့ ပန်းတစ်ပွင့်ရှိတယ် .. မေတ္တာတရားနဲ့ လန်းဆန်းနေတဲ့ ပန်းပွင့်ပေါ့ .. သူ့ စေတနာ မေတ္တာကြောင့် ပန်းပင်လေးတွေ အချိန်မတန်ပဲ မပျက်စီးဘူး .. ရှင်သန်နေသရွေ့လည်း လန်းဆန်းနေတတ်တယ် ..

သူတို့ ၃ ယောက်ရဲ့ လုပ်ရပ်တွေ တူပေမယ့် စေတနာ မေတ္တာ ကွာခြားတယ် ..

သူတို့ဘာတွေ ကွဲပြားနေတာလဲ .. လူတွေဖြစ်တာတူတယ် .. တလောကလုံးကသတ္တ၀ါတွေ အသက်ရှင်ဖို့ လေကို ရှုနေတာလဲတူတယ် .. ဒါပေမယ့် သူတို့ရဲ့အသက်ရှုသံတွေ ကွာခြားနေကြတယ် ..

Sunday, December 14, 2008

လွန်ခဲ့တဲ့နှစ်အစိတ်က မင်္ဂလာပွဲတစ်ပွဲ

ပို့စ်ကတော့ ခုတင်တဲ့ချိန်မှာ ရက်လွန်နေပါပြီ .. ၂၀၀၈ နိုဝင်ဘာတုန်းကရေးထားပြီး စုဗူး ဆိုက်မှာ တင်ခဲ့တာပါ .. ဒီဘလော့ကိုလုပ်ဖြစ်တာက ဒီထက်နောက်ကျတော့ စာကလည်း ရက်လွန်သွားတာပေါ့ .. ဒါပေမယ့် အမှတ်တရ တင်ထားချင်လို့ပါ ..း)

အားလုံးလည်း ပျော်ရွှင်ဖွယ် မိသားစုလေးတွေ ပိုင်ဆိုင်ကြပါစေ ..း)

~~~~~~~~~~

(၅-၁၁-၁၉၈၃) ခုနှစ်က စပြီး ထူထောင်ခဲ့တဲ့ အိမ်ထောင်တစ်ခုက (၅-၁၁-၂၀၀၈) နေ့မှာ (၂၅) နှစ် တင်းတင်း ပြည့်ခဲ့ပြီ .. ဖြတ်သန်းခဲ့တဲ့ 25 နှစ်ဆိုတဲ့ သက်တမ်းမှာ ပျော်စရာတွေလည်းရှိမယ် ၀မ်းနည်းစရာတွေလည်းရှိမယ် .. ဘယ်အရာကို မဆို နှစ်ယောက်သား လက်ကိုခိုင်ခိုင်တွဲပြီး ကျော်ဖြတ်ခဲ့တာ ရတုတစ်ခုကို ကျော်လွန်ခဲ့ပြီ ..

ဖူးစာပါလို့တွေ့ခဲ့ကြတယ် .. လက်ထပ်ခဲ့ကြပြီ .. ပျော်ရွှင်ကြတယ် .. ခွဲခွာရတဲ့ချိန်တွေလည်းရှိတယ် .. အားလုံးကို ကျော်ဖြတ်ပြီး တည်မြဲအောင် တည်ဆောက်နိုင်ခဲ့တဲ့ မိသားစုဘ၀လေးပေါ့ .. နွေးထွေးလွန်းတယ်နော် ..

သားသမီးတွေ မျက်နှာ မငယ်ရအောင် .. မျက်နှာတစ်ချက်မညှိုးရအောင် ကြိုးစားခဲ့တယ် .. သားနဲ့သမီးအတွက် ရုန်းကန်လှုပ်ရှားခဲ့တာလည်း သားနဲ့သမီး တစ်သက် .. အဆင်ပြေတဲ့အချိန်တွေရှိသလို .. အဆင်မပြေတာတွေလည်းရှိခဲ့မယ်နော် .. ဒါပေမယ့် သားနဲ့သမီး မသိစေရဘူး .. တကယ်ကိုလည်းမသိခဲ့ဘူး ..

ဘယ်အရာမဆို နှစ်ဖက်မျှပြီး ဘက်မလိုက်အောင်ကြိုးစားခဲ့တယ် .. ဒါတောင်စွပ်စွဲခံရသေးတယ်နော် .. သားကို ပိုချစ်တယ် .. သမီးကိုပိုချစ်တယ် ဆိုပြီးပေါ့ .. ဘယ်ပစ္စည်းမဆို ရှေ့ရေးကိုမျှော်တွေးပြီး သားဖို့တစ်ပုံ သမီးဖို့တစ်ပုံ စုဆောင်းခဲ့တယ် ..

အချိန်တန်အရွယ်ရောက်လို့ လမ်းမှန်ကိုခင်းပြခဲ့တယ် .. ဒီလမ်းဆုံးအောင်လျှောက်နိုင်ဖို့ပံ့ပိုးခဲ့တယ် .. ဆူးခလုတ်တွေကိုရှင်းလင်းပေးခဲ့တယ် .. ဘယ်အကျိုးကိုမျှော်ခဲ့သလဲ .. ဘာကိုမှပြန်ရဖို့ဆိုတဲ့မျှော်လင့်ချက်မရှိခဲ့ဘူး ..

သားနဲ့သမီး အောင်မြင်လာပြီဆိုတဲ့တစ်နေ့ ပီတိမျက်ရည်နဲ့ သားနဲ့သမီးအတွက် နွေးထွေးနေဦးမယ့် အိမ်ထောင်လေး လို့ ယုံကြည်နေမိတယ် ..

မိဘရင်ကို စုံကန်ပြီးထွက်သွားရင်လည်း .. သူတို့အရွယ်ရောက်ပြီ .. အတောင်စုံပြီဆိုပြီး နှစ်သိမ့်နေဦးမှာလဲ မြင်ယောင်မိသေးတယ် ..

ဒီအိမ်ဂေဟာလေးမှာ သားနဲ့သမီး အသံတွေနဲ့ဆူညံခဲ့ဘူးတာကို အမှတ်ရနေပြီး သားနဲ့သမီး အကြောင်း စကားလက်ဆုံပြောနေမှာလည်း မြင်ယောင်မိတယ် ..

သားနဲ့သမီး ငယ်စဉ်က မိတ်ဆွေတွေကြားမှာ သားနဲ့သမီး ဘယ်လိုချစ်ဖို့ကောင်းကြောင်းပြောမယ် .. နဲနဲအရွယ်ရောက်လာချိန် သားနဲ့သမီး ဘယ်လိုလိမ္မာ ကြောင်းပြောမယ် .. အချိန်တန်အရွယ်ရောက် တစ်အိုးတစ်အိမ်ထူထောင်ချိန်မှာ .. ဘယ်လိုအောင်မြင်နေကြောင်းပြောမယ် .. သားနဲ့သမီး အဝေးကိုထွက်သွားချိန် .. တိတ်ဆိတ်မှုကိုအဖော်ပြုပြီး လွမ်းဆွတ်နေမယ်ထင်တယ် ..

#################

၅-၁၁-၀၈ နေ့က ဖေကြီးနဲ့ မေကြီးရဲ့ ၂၅ နှစ်ပြည့်မင်္ဂလာပေါ့ .. အဲဒီချိန်မှာ ကျွန်မက အဝေးမှာ .. သတိတရရှိမနေခဲ့တာကိုဝန်ခံပါတယ် .. ဆိုးတယ်နော် .. ရက်လွန်သွားမှ ဆုတောင်းပေးရတယ် .. သားသမီးနဲ့ မိဘရဲ့ ကွာခြားချက်ပေါ့ ..

ဖေကြီးနဲ့မေကြီးမှာ ကျွန်မသဘောအကျဆုံးအချက်က တစ်ခါမှရန်မဖြစ်တာပဲ .. မှတ်မှတ်ရရကို တစ်ခါမှရန်မဖြစ်ဘူးဘူး .. ဖေကြီးအသံမာမာပြောလို့ မေကြီးမျက်နှာပျက်သွားရင် ဖေကြီးက လေသံပြန်ပျော့သွားတာပဲ .. အရမ်းချစ်ဖို့ကောင်းတယ်နော် .. ကျွန်မတို့ မောင်နှမအပေါ်လည်း အရမ်းဂရုစိုက်တယ် .. ငယ်ငယ်ကဆို မေကြီးက ရိုက်တယ် .. စာမကျက်လို့လေ .. ဖေကြီးက မေကြီးရိုက်ရင် မေကြီးကိုအော်ရော .. ငယ်ငယ်ကဆို ဖေကြီးကိုပိုချစ်တယ် .. မေကြီးက ရိုက်လို့လေ ..

ခုအသက်ကြီးလာတော့ သိသွားပြီ .. မချစ်လို့ရိုက်တာမဟုတ်ဘူး .. ကောင်းစေချင်လို့ရိုက်တယ်ဆိုတာပေါ့ ..

ကျွန်မကတော့ ဒီမိသားစုမှာ ပေါက်ဖွားလာရတာကို ၀မ်းသာတယ် .. ကျေနပ်တယ် .. ဒီမိသားစုမှာ လူလာဖြစ်တဲ့အတွက် မိဘကို မိဘမှန်းသိတတ်တယ် .. ဘာသာတရားကိုင်းရှိုင်းတတ်တယ် .. ဒီမိသားစုလေးကို ကျွန်မချစ်တယ် .. ကျွန်မတာဝန်ကျေနိုင်အောင်ကြိုးစားသွားမယ် ..

7-11-2008

ရက်စွဲရေးပြီးမှ သတိရတယ် .. ဒီနေ့က ကျွန်မမောင်လေး မွေးနေ့ပေါ့ .. မောင်လေးဆိုပေမယ့် တော်တော်အကောင်ကြီးနေပါပြီ ..း) သူနဲ့ ကျွန်မ လုံးဝမတည့်ဘူး .. တွေ့လိုက်တာနဲ့ရန်ဖြစ်တယ် .. တည့်လည်း ခဏပဲ .. ခုခွဲနေရတာကြာတော့ တည့်သလိုဖြစ်နေတယ် .. ဒါပေမယ့် နောက်တွေ့ရင်လည်း ရန်ဖြစ်နေရဦးမယ်ဆိုတာ သေချာပါတယ် :P

Wednesday, December 10, 2008

မမြင်နိုင်ခဲ့သော

ကျွန်တော် မမကို လက်ထပ်တုန်းက ကျွန်တော်က အသက် ၂၅နှစ်၊ သူမက ၂၇နှစ် .. မိဘတွေက စီစဉ်ပေးတဲ့အချိန်မှာ ကျွန်တော်မငြင်းခဲ့သလို မမဘက်ကလည်း ကျွန်တော့်ကိုလက်ခံခဲ့တယ် .. ကျွန်တော်တို့နှစ်ယောက် ရိုးရိုးလေးတွေ့ဆုံခဲ့ကြပြီး .. ကျွန်တော်တို့ လွယ်လွယ်လေးလက်တွဲခဲ့ကြတယ် ..

မမက ကျွန်တော့အတွက်တော့ သိပ်ကို အိမ်ရှင်မကောင်းပြီသတဲ့ အိမ်ထောင်ရှင်မတစ်ယောက် .. ဟုတ်တယ် .. ဒီထက်မပိုခဲ့ဘူး .. သူမအမြဲတမ်း ကျွန်တော့်ကို ၀တ္တရားဆိုတာထက်မပိုတဲ့ ဂရုစိုက်မှုမျိုးနဲ့ အမြဲတမ်း ဂရုစိုက်ခဲ့တယ် ..

ကျွန်တော့်မနက် မနိုးခင်ကတည်းက ကျွန်တော့အတွက် မနက်စာ အဆင်သင့် .. ရုံးသွားရင်ဝတ်ဖို့ အ၀တ်အစား လျှော်ဖွပ် မီးပူတိုက်ပြီး အဆင်သင့် .. ရုံးသွားပြီဆို ကျွန်တော့်အိတ်ကိုကိုင်ပြီး ကားပေါ်တက်သည်အထိလိုက်ပို့တတ်တယ် .. ညရော ဘယ်လောက်ပဲ ညဥ့်နက်နက် သူအမြဲထမင်းစားစောင့်တတ်တယ် ..

ခင်ဗျားတို့တော့ထင်လိမ့်မယ် .. မင်းသိပ်ကိုတာဝန်ကျေတဲ့အိမ်ရှင်မတစ်ယောက်ရလို့ ကံသိပ်ကောင်းတယ်လို့ ..

ဟုတ်ပါတယ် .. သူမသိပ်ကိုတာဝန်ကျေပါတယ် .. တာဝန်လည်းသိပါတယ် .. ဒါပေမယ့် ကျွန်တော့်အပေါ် သူဆက်ဆံတာ တာဝန်တစ်ခုထက်မပိုခဲ့ဘူး .. အမြဲ အေးစက်စက်နဲ့ နွေးထွေးမှုမရှိဘူး ..

*****************

ကျွန်တော်တို့ လက်ထက်ပြီး ၂နှစ်လောက်အကြာမှာတော့ ကျွန်တော်သံသယ၀င်လာတယ် .. ကျွန်တော်ရွေးချယ်ခဲ့တဲ့အိမ်ထောင်ရေးမှားယွင်းနေပြီလား .. သူမဘက်က ဒီလောက် အေးစက်နေတဲ့အတွက် ကျွန်တော်အိမ်မှာနေရတာမပျော်တာတော့အမှန်ပဲ ..

နောက်ပိုင်းမှာ ကျွန်တော်အရင်ကထက် အိမ်ပြန်နောက်ကျလာတယ် .. နေ့လည်စာရုံးမှာစားနေကျဖြစ်သလို ညစာပါ အပြင်မှာ အပေါင်းအသင်းတွေနဲ့ စားဖြစ်လာတယ် .. သူမကတော့စောင့်မြဲပါပဲ .. ကျွန်တော့်မစားဘူးပြောလိုက်တိုင်းလည်း ပြင်ထားဆင်ထားတဲ့ထမင်းဝိုင်းကို သူအေးစက်စွာသိမ်းမြဲပါပဲ .. ဒီလိုနဲ့ပဲ ကျွန်တော့်ရဲ့ အေးစက်နေတဲ့အိမ်ထောင်ရေးကိုအဆုံးသတ်မယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်မိတယ် ..

*****************

တစ်ရက် .. ကျွန်တော် သူ့ကိုဖွင့်ပြောလိုက်တော့မယ်လို့ဆုံးဖြတ်ပြီး အိမ်ကိုစောစောပြန်ခဲ့တယ် .. ၀ရန်တာမှာ ရပ်စောင့်နေတဲ့သူမကိုမြင်လိုက်ရတယ် .. သူမအောက်ဆင်းပြီး ကျွန်တော့ကိုလာကြိုတယ် .. ၀တ္တရားအတိုင်းပေါ့ .. ပြီးတော့ သူမကမေးတယ် ..

"ရေအရင်ချိုးပြီးမှ ထမင်းစားမယ်မလား" တဲ့ ..

ကျွန်တော်လည်းခေါင်းညိမ့်ပြပြီး ..

"ခဏ မမ .. ဒီမှာခဏလာထိုင်ပါဦး .. ကျွန်တော်ပြောစရာလေးနဲနဲရှိလို့ .."

သူမကျွန်တော့ရှေ့လာထိုင်တယ် ..

"ကျွန်တော် ဒီစကားကို ပြောသင့်မပြောသင့် စဉ်းစားနေတာကြာပြီ .. အခြေအနေလည်းစောင့်ကြည့်ရင်းပေါ့ .. ကျွန်တော်စဉ်းစားမိတာတော့ ဒီစကားက ခုပြောတာနဲ့ နောက်ပြောတာပဲကွာလိမ့်မယ် .. တစ်ချိန်ချိန်တော့ ပြောကိုပြောဖြစ်မယ့် စကားပဲလို့စဉ်းစားမိလို့ ကျွန်တော်ပြောဖို့ဆုံးဖြတ်လိုက်တာ .."

ကျွန်တော့ နိဒါန်းရှည်ကို သူမ နားမလည်စွာ ကြည့်ရင်းနားထောင်နေတယ် .. ပြီးတော့ ခေါင်းညိတ်ပြတယ် ..

"ကျွန်တော်တို့ တွေ့ဆုံမှုကစလို့ ခုချိန်ထိ တစ်ခုခုမှားနေတယ်လို့ ကျွန်တော်ထင်တယ် .. ကျွန်တော်တို့ တွေ့ဆုံချိန်နဲ့ ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်က အရမ်းကိုမြန်ဆန်လွန်းသွားတယ် .. တကယ်ဆို ကျွန်တော်တို့ ဒီထက်ပို အချိန်ပေးသင့်ခဲ့တာ .. အဲလိုသာဆို ကျွန်တော်တို့ ဆက်ဆံရေးက ဒီထက်ပို နွေးထွေးမလားပဲ .. ခုတော့ .."

"သွေး .. မမကိုဘာမကျေနပ်တာရှိလို့လဲ .. မမ ဘာတာဝန်မကျေဖြစ်သွားလို့လဲဟင် .." သူမငြိမ်နားထောင်နေရာကနေ ပြောလာတယ် ..

ကျွန်တော်ပြုံးလိုက်တယ် .. မဲ့ပြုံးပဲဖြစ်ပါလိမ့်မယ် .. သူမဘာကြောင့် တာဝန် ၀တ္တရားဆိုတာပဲခေါင်းထဲထည့်ထားလဲမသိဘူး .. ချစ်ခြင်းမေတ္တာဆိုတာ သူမမေ့နေတာလား .. မချစ်တတ်ခဲ့တာလား ..

သူခေါင်းခါလိုက်တယ် ..

"မဟုတ်ပါဘူး .. မမတာဝန်ကျေပါတယ် .. ကျွန်တော့မှာ ပြောစရာမလိုလောက်အောင်ကို တာဝန်ကျေတာပါ .. ဒါပေမယ့် မမခေါင်းထဲမှာ လင်ယောကျာ်းအပေါ် တာဝန်ကျေဖို့ဆိုတာတစ်ခုကလွဲရင် မမ မသိတော့ဘူးလား .. ကျွန်တော် ဒီအိမ်မှာနေရတာ နှစ်ယောက်သာဆိုတယ် .. ကျွန်တော်သိပ်အထီးကျန်တယ် .. ကျွန်တော်မပျော်ဘူး .." သူမြိုသိပ်ထားသမျှ ပွင့်အံကျကုန်တယ် ..

သူမကတော့ ငြိမ်သက်ဆဲပဲ .. ကျွန်တော့အထင် သူမစဉ်းစားနေပုံပေါ်တယ် .. သူမဘယ်နေရာ တာဝန်လစ်ဟင်းသွားပါလိမ့်လို့ပေါ့ ..

သူမငြိမ်သက်နေရာက ..

"ဒါဆို သွေးကျေနပ်အောင် မမဘာလုပ်ပေးရမလဲ .." ဒီတစ်ခါအံ့သြမိသူကတော့ ကျွန်တော်ပေါ့ .. ကျွန်တော်ထင်ထားတာ အနည်းဆုံးတော့ သူမမျက်ရည်ကျလိမ့်မယ်လို့လေ .. ခုလောက်သွေးအေးစွာ ပြောထွက်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး .. သူမက ကျွန်တော်ကျေနပ်အောင်ဘာလုပ်ပေးရမလဲတဲ့ .. ကျွန်တော်အော်ရယ်လိုက်ချင်တယ် .. နှစ်နှစ်ကျော် အတူနေခဲ့တဲ့ သံယောဇဉ်အရ မိန်းကလေးတစ်ယောက် မျက်ရည်တော့ကျသင့်တယ်လို့ ကျွန်တော်ထင်တယ် .. ကျွန်တော်တောင် သူမအပေါ် နှစ်နှစ်အတူရှိခဲ့တဲ့ သံယောဇဉ်နဲ့ ဒီစကားပြောဖို့ အချိန်အတော်ကြာစဉ်းစားခဲ့ရတယ် .. ခုတော့ သူမစကားက ...

"မမက ကျွန်တော်ထင်တာထက်အောင် သွေးအေးသူပဲ .. အမှန်အတိုင်းပြောရရင်ကျွန်တော်ဒီလိုမမျှော်လင့်ထားဘူး .. ထားပါတော့လေ .. မမဘက်က အဆင်သင့်ပဲဆိုရင်တော့ ကျွန်တော်တို့ အမြန်ဆုံးကွာရှင်းကြရုံပေါ့ .. ကျွန်တော် ဒီညကစပြီး အိမ်ပြန်မအိပ်တော့ဘူး .. မမကိစ္စရှိရင်ဖြစ်ဖြစ် ကျွန်တော့ ဖုန်းကိုခေါ်လိုက်ပါ .. ကျွန်တော်လည်း စာချုပ်စာတမ်း အဆင်သင့်ဖြစ်တာနဲ့ မမကိုဆက်သွယ်လိုက်ပါ့မယ် .. ကျွန်တော်သွားတော့မယ် .."

သူမထရပ်လာတယ် ..

"သြော် .. မမ .. တာဝန်တစ်ခုအနေနဲ့တော့ ကျွန်တော့်ကားနားလိုက်ပို့မနေပါနဲ့တော့ .. ကျွန်တော်ကိုယ့်ဟာကိုယ်ပဲသွားလိုက်ပ့ါမယ် .."

*****************

နောက်ရက်တွေမှာ အလုပ်မှာတုန်းက သိပ်မသိသာပေမယ့် ရုံးတက် ရုံးဆင်းချိန်တွေ မှာတွေ သူမကို သတိရမိတယ် .. ယောင်္ကျားတစ်ယောက်အနေနဲ့တောင် ဒီလိုခံစားရရင် သူမရော .. ကျွန်တော် သိချင်မိတယ် ..

တစ်ရက်နှစ်ရက် မထူးခြားပေမယ့် နေ့စဉ်ရက်ဆက်မှာတော့ ကျွန်တော့်ရဲ့ အထီးကျန်မှုဝေဒနာ ပိုမိုဆိုးရွားလာတယ် .. သူမရော ..

တဖက်ကလည်း ကွာရှင်းဖို့ စာရွက်စာတမ်းတွေကို ရှေ့နေတွေကိုအပ်ထားလိုက်တယ် ..

တစ်ရက်တော့ စာရွက်စာတမ်းတွေ အဆင်သင့်ဖြစ်ပြီးဖြစ်ကြောင်း ရှေ့နေဆီက ဖုန်းဝင်လာခဲ့တယ် .. ကျွန်တော် ဖုန်းလက်ခံပြီးမှာ သူမဆီဖုန်းလှမ်းဆက်လိုက်တယ် .. သူမတော်တော်နဲ့မကိုင်ဘူး .. ခဏအကြာ သူမအသံယဲ့ယဲ့ကို ကြားရတယ် .. ကျွန်တော် သူမကို နောက်နှစ်ရက်နေရင်ရှေ့နေတွေနဲ့တွေ့မယ်ဆိုတဲ့အကြောင်းပြောပြီး ဖုန်းချလိုက်တယ် .. နောက် ခဏနေတော့ ဖုန်းပြန်ဝင်လာတယ် .. မမ မူးလဲတယ်တဲ့ ..

*****************

ကျွန်တော် အိမ်ကိုရောက်တဲ့အချိန်မှာ ဆရာဝန်ကြီးက လိုအပ်တာတွေလုပ်ပေးပြီးလို့ စိတ်ချရတဲ့အခြေအနေကို ရောက်နေပြီ ..

မမအခန်းထဲက ထွက်လာတဲ့ဆရာဝန်ကြီးကို ကျွန်တော် ကမန်းကတန်းနဲ့

"ဆရာ ကျွန်တော်ဇနီး အခြေအနေ ဘာဖြစ်သွားတာလဲ ဆရာ"

"လူနာက သိပ်အားနည်းသွားလို့ ပရက်ရှာကျသွားတာပါ .. နောက်ပြီးစိတ်နည်းနည်းကျနေပုံပဲ အဲဒါလဲပါတာပေါ့ဗျာ အခုတော့ လိုအပ်တာတွေ ကျွန်တော်လုပ်ပေးခဲ့လို့ စိတ်ချရတဲ့ အခြေအနေရောက်နေပါပြီ စိတ်ပူစရာမရှိတော့ပါဘူး .. ပြီးတော့ အမျိုးသမီးကို စိတ်ချမ်းသာပါစေပေါ့ဗျာ .." လို့ ခပ်ပြုံးပြုံး ဆိုသွားတယ် ..

*****************

ကျွန်တော် မမအခန်းထဲ ၀င်လိုက်တော့ ဖြူဖျော့ဖျော့မျက်နှာလေးနဲ့ မှိန်းနေတဲ့ မမကိုတွေ့လိုက်တယ် ..

ကျွန်တော် မမကုတင်နားရောက်မှန်းမသိ ရောက်လာခဲ့သည်လေ…… ပြီးတော့ ကျွန်တော် မမလက်ကို ဖြည်းဖြည်းလေးဆုပ်ကိုင်လိုက်မိတော့ မမလက်တွေ အရမ်းအေးစက်လို့ ……

"မမ .." ကျွန်တော်နှုတ်က တိုးတိုးလေးခေါ်မိသည် ..

ဒါပေမဲ့ ကျွန်တော့ တိုးတိုးလေးအခေါ်မှာ မမမျက်လုံးတွေဖွင့်မကြည့်ခဲ့ဘူး .. ကျွန်တော်မြင်လိုက်တာက မမမျက်ဝန်းထောင့်မှာ မျက်ရည်စတွေ .. ကျွန်တော် ရင်ထဲ နင့်ကနဲဖြစ်သွားတယ် .. ဆုပ်ကိုင်ထားတဲ့ မမလက်ကလေးတွေ တဆတ်ဆတ်တုန်နေသည်လေ.. သတိထားမိလိုက်တာက မမရဲ့ အေးစက်တုန်ခါနေတဲ့လက်လေးတွေက ကျွန်တော့်လက်ကို တင်းတင်းလေး ပြန်ဆုပ်ကိုင်ထားတယ်ဆိုတာကိုပါပဲ .. ကျွန်တော် ဘယ်လိုပြောရမှန်းမသိအောင် ၀မ်းသာသွားမိတယ် ..

*****************

ဒီအချိန်မှာ ပြတင်းပေါက်ကိုလှမ်းကြည့်တော့ ငှက်လေးတွေချောင်းကြည့်နေတယ် .. ပြီးတော့ စကားလာ ပြောတယ်လေ .. မင်းတို့အတွက် ကမ္ဘာသစ်တစ်ခုက မနက်ခင်းအသစ်နဲ့ ကြိုနေတယ်တယ်တဲ့ ..

မိုးခါး

Tuesday, December 9, 2008

တွေ့သမျှ မြင်သမျှ (၁)

Before You Complain About Your Job...

မသက်သာပါလားနော် ..... :P

* * * * * *

The Day You Wish You Hid Your Wedding Shoes...


ဘာသဘောလဲဟင် .............. ????????????

* * * * * *

If One Look Could Kill...


နဲနဲမှ မကျေနပ်ဘူး .... :P

* * * * * *

You Can't Say He Isn't Creative...



ရှင်းရှင်းလင်းလင်းဖေါ်ပြထားတာပဲ ... :D

မျက်နှာကို တည်ထား တင်းထားရင် ရုပ်က ကျလွယ်ပါတယ်တဲ့ .. ရုံးမှာ အလုပ်မလုပ်ပဲ ဟိုမွှေ ဒီမွှေနဲ့ တွေ့မိလို့ တင်လိုက်တာပါ .. ဘာပဲဖြစ်ဖြစ် ပြုံးမိတယ်ဆိုရင်ပဲ အဆင်ပြေပါပြီ ..း( ဒီလိုမနေနဲ့ ..း) ဒီလိုလေးနေနော် ..း)

http://www.ahajokes.com/funny_cartoons.html ထပ်ရှာချင်သေးတယ်ဆိုရင်တော့ ဒီဆိုက်လေးမှာ ကြည့်နိုင်ပါတယ် ..
း) ဒီလိုလေး အမြဲနေနိုင်ကြပါစေ ...
မိုးခါး

ရှင်သန်မှု

လူတိုင်းလူတိုင်းမှာ လှပဖူးတဲ့ အတိတ်ကိုယ်စီရှိကြတယ် .. ရပ်မနေတဲ့ အချိန်တွေကြောင့် အနာဂတ်တွေ တဖြည်းဖြည်းကုန်ဆုံးသွားသလို အတိတ်တွေလည်း အသစ်အသစ် ထပ်ထပ်ဖြစ်ကြတယ် ..

ခု ကျွန်မသတိရနေမိတာက ကလေးဘ၀မှာ ကျန်ခဲ့တဲ့ အတိတ်ပေါ့ .. ဘာမှထွေထွေထူးထူးမရှိပေမယ့် ဟန်ဆောင်မှုမရှိတဲ့ .. အရမ်းကိုအရောင်မဲ့လွန်းတဲ့ အတိတ်ကိုတော့ တစ်ခါတစ်ခါ ပြန်တမ်းတမိတတ်ပါတယ် ..

ငယ်ငယ်က ဘ၀မှာ အပူအပင်မရှိဘူး .. ဘာကိစ္စမဆိုမှာ ဦးဆောင်ပေးမယ့် မိဘရှိတယ် ..
ဘာကိစ္စမဆိုခေါင်းထဲထည့်ထားစရာမလိုဘူး .. အချိန်တန်ရင်မိဘတွေက ဖြေရှင်းပေးကြတယ် ..
မလုပ်ချင်တဲ့ကိစ္စကို အတင်းဖြစ်ညှစ် လုပ်စရာမလိုဘူး .. မသိချင်ယောင်ဆောင်နေလို့ရတယ် ..
မခေါ်ချင်တဲ့လူကိုလည်း ဟန်လုပ်ခေါ်နေစရာမလိုဘူး .. မခေါ်မပြောနေလို့ရတယ် ..

ခုတော့ အဲလိုအခွင့်အရေးတွေကနေ ကင်းလွတ်စွာနဲ့ .. လိုအပ်တာရော မလိုအပ်တာရော ကိုယ့်ဟာကိုယ် ပူပန်နေရတယ် .. ကိစ္စတိုင်းကိုခေါင်းထဲထည့်ထားပြီး အဖြေကိုလိုက်ရှာနေရတယ် .. မလုပ်ချင်တာကို လုပ်ချင်တဲ့ကိစ္စထက်ပိုဦးစားပေးပြီးလုပ်ကိုင်နေရတယ် .. မခေါ်ချင်မပြောချင်ပေမယ့်လည်း ၀တ္တရားအရ ခေါ်နေပြောနေရတယ် .. သေချာစဉ်းစားကြည့်တော့ ငယ်ငယ်ကအခွင့်အရေးတွေအကုန်ဆုံးရှုံးသွားပြီ ..

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် .. ကိုယ်လုပ်ရပ် ကိုယ်တာဝန်ယူ .. ကိုယ့်ကိစ္စကိုယ်ဖြေရှင်း .. တာဝန်တွေ မနည်းမနောပဲ .. ဒါကို အရွယ်ရောက်ခြင်းရဲ့ သင်္ကေတလို့ပဲ ခေါ်ရတော့မလား ..

ငယ်ငယ်ကတည်းက ကျမက ခေါင်းမာတယ် .. အတေးအမှတ်ကြီးတယ် .. ပြန်တုံ့ပြန်တတ်တယ် .. ကိုယ်မကျေနပ်ရင်လည်း မကျေနပ်တာကို တနည်းနည်းနဲ့ သိအောင်လုပ်တတ်တယ် .. ခုတော့ ခေါင်းမာတာကလွှဲရင် တခြားဟာတွေ တော်တော်လျှော့သွားပါပြီ ..

မကျေနပ်တာကိုလည်း မြိုသိပ်လာနိုင်သလို .. မကျေနပ်ရင်တော့ ပြန်မတုံ့ပြန်မိတော့ဘူး .. အရာအားလုံး အချိန်တန်ရင်ပြီးဆုံးမယ်ဆိုတာသိထားပြီးပြီပဲ .. ကိစ္စအားလုံးက အကြောင်းတရားရှိခဲ့လို့ အကျိုးတရားဖြစ်ပေါ်လာတဲ့အပေါ် မကျေနပ်နေလို့ သံသရာလည်ပြီးရင်း လည်နေရုံပဲရှိတော့မှာပေါ့ ..

အတိတ်က အရိပ်လိုကိုယ့်နောက်က လိုက်နေမယ်ဆိုရင် ကိုယ့်အနောက်က အရိပ်ဟာ အရိပ်မဲတော့ မဖြစ်စေချင်ဘူး .. အကောင်းချည်းမဟုတ်ရင်တောင် နောင်တရရမယ့်အတိတ်မျိုးမဖြစ်စေအောင် ကြိုးစားမယ် .. ရှေ့ဆက်မယ့် အနာဂတ်အတွက် အတတ်နိုင်ဆုံးတော့ လူထဲက လူပီသစွာ ရှင်သန်တတ်ဖို့ အရေးကြီးဆုံးပဲ ..
မိုးခါး

Monday, December 8, 2008

ကျိုက်ထီးရိုး အမှတ်တရ

အရင်နှစ် ဒီအချိန်တုန်းက သူငယ်ချင်းတွေနဲ့သွားခဲ့တဲ့ ကျိုက်ထိးရိုး ဘုရားဖူးခရီးကို လွမ်းလို့ ဒီစာလေး တင်ဖြစ်တာပါ .. မသွားဖြစ်သေးတဲ့သူတွေလည်း ဒီဘလော့ကနေ ဖူးလို့ရတာပေါ့နော် .. သွားပြီးသားသူတွေလည်း ထပ်ဖူးရအောင်ပေါ့ ...း)

မြန်မာနိုင်ငံနဲ့ဝေးနေသူတွေလည်း တူတူလွမ်းကြရအောင် ...







ဒီဇင်ဘာဆို မိသားစုလိုက်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေအုပ်စုလိုက်ဖြစ်ဖြစ် ချမ်းချမ်းစီးစီး ကျိုက်ထီးရိုးဘုရားတက်ကြတာ ထုံးစံလိုဖြစ်နေပါတယ် .. အရင်နှစ်ကတော့ သူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုးဘုရားတက်ဖြစ်ခဲ့ပါတယ် .. ဒီနှစ်တော့ ဒီဇင်ဘာမှာမတက်နိုင်တော့ဘူး .. ရန်ကုန်ပြန်ရောက်တဲ့ အချိန်မှာတော့ တက်ဖြစ်အောင်တက်ဖို့စဉ်းစားထားပါတယ် ..

ခုတော့ ပုံတွေကြည့်ပြီးလွမ်းနေပါတယ် ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...