Friday, December 26, 2008

အချစ်ကိုပုံဖော်သူ

မှန်ထဲတွင် ပေါ်လာသောကိုယ့်မျက်နှာကို ပိုးတစ်ချက်ကြည့်ပြီး ပြုံးလိုက်သည် .. ပြီးနောက် ပိုက်ဆံအိတ်ထဲသို့ ထူးရဲကို လက်ဆောင်ပေးမည့် ပါဆယ်ထုပ်လေးထည့်လိုက်သည် .. အဆုံးသတ်အနေနှင့် ကိုယ်လုံးပေါ်မှန်တွင် ကိုယ့်ရဲ့ အပြင်အဆင်ကို တစ်ချက်ကြည့်ပြီး ကျေနပ်ပြီဆိုမှ ထူးရဲနှင့် ချိန်းထားသောနေရာသို့ ထွက်ခဲ့လိုက်သည် ..

ဒီနေ့ ထူးရဲနှင့် ပိုးတို့ ချစ်သူသက်တမ်း ၁နှစ်ပြည့်သည့်နေ့ .. ထူးရဲရော ပိုးအတွက် ဘာလက်ဆောင်များပေးလေမလဲ ပိုးရင်ခုန်မိသည် ..

ပိုး ထူးရဲကို ချစ်သည် .. ဘာကြောင့်ဆိုသော် ထူးရဲသည် အလွန်ကို ချစ်ခင်နှစ်လိုဖွယ်ပုံစံရှိသော ကောင်လေးတစ်ယောက်ဖြစ်လို့ပဲဖြစ်သည် .. ထူးရဲ အပြုံးလေးကို ချစ်သည် .. ထိုအပြုံးလေးမှစ၍ ထူးရဲအပေါ်စိတ်ဝင်စားခဲ့ခြင်းလည်း ဖြစ်သည်လေ .. ထူးရဲနှင့် အတူရှိနေရလျှင်ပျော်သည် .. ထူးရဲပြောသည့် အချစ်စကားများတွင် ပျော်ဝင်မိသည် .. အမြဲလည်း ကြားလိုမိသည် .. ညစဉ် ဖုန်းထဲမှ သီချင်းဆိုပြီး ချော့သိပ်တတ်သော သီချင်းပြီးဆုံးသွားလျှင် ပိုးလေး အိမ်မက်လှလှမက်ပါစေလို့ ဆုတောင်းပေးလေ့ရှိသော ထူးရဲလိုကောင်လေးမျိုးကို ပိုးစွဲလမ်းခဲ့သည်မှာ ထူးဆန်းသည်တော့မဟုတ် .. ဒီလိုနဲ့ ထူးရဲနှင့် ချစ်သူတွေဖြစ်လာခဲ့သည် ..

ဒီနေ့ ထူးရဲက တစ်နေကုန်လျှောက်လည်မည်တဲ့ .. ရုပ်ရှင်လည်းကြည့်မည် .. တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ငွေရောင်လက်ပတ်နာရီလေး ပေးမည် .. ကိုယ့်အတွေးနဲ့ကိုယ် ကြည်နူးနေရင်း နာရီကိုကြည့်မိတော့ ၉း၁၅ ရှိနေပြီ .. ဒါဆို ၁၅ မိနစ်နောက်ကျနေပြီပဲ .. ကိစ္စတော့မရှိ ပိုးသည် အမြဲနောက်ကျတတ်သော ကောင်မလေးမှန်း ထူးရဲသိပြီးသားပဲဖြစ်လေသည် ..

××××××××××

ချိန်းထားသောနေရာကိုရောက်တော့ ထုံးစံအတိုင်း ထူးရဲက ရောက်နှင့်နေပြီဖြစ်သည် ..

ထူးရဲ ပိုးကိုမြင်သည်ပြုံးပြီး လက်လှမ်းပြသည် .. အဲသည်အပြုံးလေးပေါ့ ပိုး သိပ်ချစ်ရသည်လေ ..

ခုံတွင်ဝင်ထိုင်ပြီး ပိုးက စ၍

"ထူးရဲ ရောက်နေတာကြာပြီလား .."

"အင်း .. ကြာပြီပေါ့ .. ဒါပေမယ့်အမြဲစောင့်နေရတာ အကျင့်ဖြစ်နေပါပြီ .." ငြူစူသံလုံးဝမပါဘဲ ထူးရဲပြောသည် .. ဒါတွေကြောင့်လဲ ထူးရဲကို ချစ်ရသည်ပေါ့ ..

××××××××××

ပိုးတို့ စားသောက်ပြီးတော့ .. ထူးရဲက

"ပိုး .. ပိုးနဲ့ ဒီနေ့ အတူတူလုပ်စရာတွေ အများကြီးပဲ .. ပထမဆုံးအနေနဲ့ ပိုးကို ကိုယ် ခွင့်တောင်းစရာရှိတယ် .. ကိုယ့်ကို ခွင့်ပြုပေးပါလား .."

"ဘာလဲဟင် .."

ထူးရဲက ဘောင်းဘီအိတ်ထဲက လက်စွပ်လေးထုတ်ပြီး ပိုးလက်မှာ လာစွပ်ပေးတယ် .. ပြီးတော့

"ပိုး .. ကိုယ်တို့လက်ထပ်ရအောင် .."

ပိုးရင်ထဲ ဒိန်းကနဲဖြစ်သွားတယ် .. လက်ထပ်ဖို့ .. ဟုတ်သားပဲ .. ပိုးဘာလို့ ချစ်သူရည်းစားထားပြီး လက်ထပ်ဖို့ဆိုတာကို တွေးမထားမိဘူး .. ပိုး အမှန်ပြောရရင် လက်မထပ်ချင်သေးဘူး .. ထူးရဲကို မချစ်လို့တော့မဟုတ်ပါဘူး .. ဒါပေမယ့် ပိုးကိုချုပ်နှောင်လာမယ့် အဲဒီအိမ်ထောင်ဆိုတာကြီးအတွက် ပိုးမှာ ပြင်ဆင်ထားတာမရှိသေးဘူး .. ဒီခဏ ပိုးစိတ်ထဲမှာ ယောက်ယက်ခပ်သွားတယ် ..

"ပိုး .. ပိုး .. ဘာတွေတွေးနေတာလည်း .. ကိုယ်ပြောနေတာကြားရဲ့လား .."

"ဟမ် .. သြော် .. အင်း ကြားပါတယ် ထူးရဲ .."

"ဘာလို့လဲပိုး .. ကိုယ့်ကို လက်မထပ်ချင်ဘူးလား .."

"အာာ .. အဲလိုမဟုတ်ပါဘူး .. ချက်ချင်းကြီးဆိုတော့ သိပ်များမစောလွန်ဘူးလား .."

"မစောပါဘူးပိုးရယ် .. ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတယ်လေ.. ဒါနဲ့တင် လက်ထပ်ဖို့လုံလောက်ပါတယ် .. နော်ပိုး .. လက်ထပ်ရအောင် .. ဒီနေ့လေ ပိုးကိုခေါ်သွားပြီး မေမေနဲ့တွေ့ပေးမလို့ .."

ဘုရား .. သူက အကုန်ကိုစီစဉ်ထားတာပါလား .. သူပြောတဲ့စကားတွေကြောင့် ပိုးတော်တော်စိတ်ရှုပ်လာတယ် .. အမှန်က ပိုး ထူးရဲကိုချစ်တယ် .. ဒါပေမယ့် လက်ထပ်ဖို့ .. လက်ထပ်ဖို့ဆိုတာကို မစဉ်းစားဖူးဘူး .. ပိုး လွတ်လွတ်လပ်လပ်နေချင်တယ် .. ပိုးအချုပ်အနှောင် မခံချင်ဘူး .. ပြီးတော့ အချိန်မတန်သေးဘူးလို့လဲ ထင်တယ် .. ပိုးရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်တွေ အိုး အများကြီး အများကြီးပဲ ..

"ပိုး .. ဘာဖြစ်နေတာလဲ .. ကိုယ်ပြောနေတာတွေရော ကြားရဲ့လား .." ပုခုံးကိုလာလှုပ်ပြီး ထူးရဲလာပြောတယ် ..

"ဟင် .. အင်း ကြားပါတယ် .. ဒီနေ့ပိုးနေမကောင်းချင်သလိုပဲ .. မူးနောက်နောက်ဖြစ်နေတယ် ထူးရဲ .."

"သြော် .. ဟုတ်လား .. ဒါဆို လေကောင်းလေသန့်ရတဲ့တစ်နေရာပြောင်းမယ်လေ .. လာ သွားရအောင် .."

အဲဒီနေ့က ထူးရဲ ခေါ်ရာနောက်ကိုသာလိုက်နေရတယ် .. စိတ်တွေကတော့ ဟိုရောက်ဒီရောက်ပဲပေါ့ .. ထူးရဲ မေမေဆိုသူနဲ့လည်း တွေ့ခဲ့ရသေးတယ် .. ဟင်း .. ထူးရဲမေမေက မဆိုးပါဘူး .. ဖော်ဖော်ရွေရွေပါပဲ .. ဒါပေမယ့် ပိုးစိတ်တွေရှုပ်နေတယ် .. ပိုး ကိုယ့်စိတ်ကိုယ်လည်း နားမလည်တော့ဘူး .. ထူးရဲကို ပိုးအရမ်းချစ်တယ်လေ .. ထူးရဲ အနားမှာရှိရင်ပျော်တယ် .. ခု ထူးရဲပြောတာက ပိုးနဲ့ထူးရဲနှစ်ယောက် အမြဲတမ်း နီးနီးနေရဖို့ .. ဒါပေမယ့် ပိုးမပျော်နိုင်ဘူး .. ဘာလို့လဲ .. ဘာလို့လဲ .. ဟူး ...

××××××××××

သမီးရည်းစားဘ၀မှာ အချစ်တွေပြည့်လျှံနေတတ်ပြီး အိမ်ထောင်သည်ဘ၀မှာတော့ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက်နားမလည်နိုင်တာ လိုအပ်ချက်တွေမဖြည့်ဆည်းပေးနိုင်တာတွေနဲ့ပဲ ပြည့်နေတယ်လို့ ပိုးယူဆတယ် .. ပိုးယူဆတာမလွန်ပါဘူး .. ရှေ့က အစ်မနှစ်ယောက် သက်သေပဲလေ .. မရခင်က ဖူးဖူးမှုတ် အလိုလိုက်ပြီး ရမှ ချနင်းတာ ပိုးမျက်မြင်ပဲ .. ဒီတော့ ပိုး အိမ်ထောင်သည်ဘ၀ကို မနှစ်မြို့တာ မလွန်ပါဘူးနော် .. ဒီအကြောင်းတွေကို ထူးရဲကိုတော့ ဖွင့်မပြောဖြစ်ပါဘူး .. ထူးရဲ စိတ်ဆင်းရဲမှာကိုလည်း မလိုလားဘူးလေ .. ထူးရဲက ပိုးအပေါ်ကို အရမ်းကောင်းတဲ့ ချစ်သူလေးမလား ..

နောက်ပိုင်း ထူးရဲက ပိုးအပေါ် အရင်ကထက်ပိုပြီး ဂရုစိုက်ပြတတ်ပါသည် .. ဒါပေမယ့် ပိုးအတွက်တော့ စိတ်ရှုပ်စရာတွေသာ ဖြစ်နေခဲ့သည် .. ထူးရဲ မသိအောင် ဟန်ဆောင်ပြုံးနေရတာတွေ မောလှပြီ ..

တစ်ရက် --

"ပိုး .. ကိုယ်တို့ ဘယ်တော့လက်ထပ်မလဲ.."

"ထူးရဲကလဲ ဒါပဲပြောနေတာပဲ .."

ထူးရဲ မျက်နှာပျက်သွားသည် .. ပြီးတော့ ပိုးကို မေးသည် ..

"ပိုး ကိုယ့်ကို မချစ်တော့ဘူးလား"

"မဟုတ်ပါဘူး .. ထူးရဲထင်သလိုမဟုတ်ပါဘူး .. ပိုးလက်မထပ်ချင်ဘူး ထူးရဲ .. ပိုးလွတ်လွတ်လပ်လပ် နေချင်တယ် .. အချုပ်အနှောင်မခံချင်ဘူး .. "

"ပိုးအတွေးတွေ မှားနေပြီ .. အိမ်ထောင်ပြုတယ်ဆိုတာ နှစ်ယောက်ပေါင်းပြီး တစ်ဘ၀တည်ဆောက်တာမျိုးလေ .. တစ်ယောက်ကိုတစ်ရောက် ချည်နှောင်တာမဟုတ်ဘူးပိုးရဲ့ .. ကိုယ်က ပိုးကို ဘာလို့ချည်နှောင်ရမှာလဲ .. ချစ်သူတွေရဲ့ ပန်းတိုင်က လက်ထပ်ခြင်းလို့ ကိုယ်နားလည်ထားတယ် ပိုး .. ပိုးမှာ ဒီလိုအတွေးရှိနေတာတော့ ကိုယ်စိတ်မကောင်းဘူး ..ဒါဆိုပိုးဘာလို့ကိုယ့်ကိုချစ်ခဲ့သေးလည်း .. အပျော်သက်သက်တွဲဖို့လား .. ကိုယ် ပိုးအပေါ်ကို အရမ်းအလေးအနက်ထားခဲ့တာ .. ပိုး ပြောရက်တယ်နော် .."

"ဟာာ .. အဲလိုမဟုတ်ပါဘူး ထူးရဲ အထင်လွဲနေပြီ .. ပိုး ထူးရဲကို တကယ်ချစ်တာပါ .. ထူးရဲရယ် မိန်းကလေးက ယောကျာ်းလေးကို အပျော်တွဲစရာလား .."

"အင်းလေ .. ထားပါတော့ .. ပိုး .. ပိုးသိထားဖို့က ကိုယ် ပိုးကို အရမ်းချစ်တယ် .."

အဲဒီနေ့က ထူးရဲမျက်နှာ ပြန်မကြည်လင်လာတော့ဘူး .. ပိုးစိတ်ညစ်လိုက်တာ .. ပိုး သူ့ကို မချစ်တော့ဘူးထင်တယ် .. ပိုးက အပြောင်းအလဲမြန်တဲ့မိန်းကလေးမျိုးလည်းမဟုတ်ပါဘူး .. ပိုးမှာ သူ့အပြင်လည်း တခြားဘယ်သူမှမရှိဘူး .. ဒါဆို ပိုး ဘာဖြစ်သွားတာလဲ .. မစဉ်းစားတတ်တော့အောင်ပါပဲ ..

ဒီနောက်ပိုင်း ထူးရဲ ပိုးဆီ အဆက်အသွယ် သိပ်မလုပ်ဘူး .. ရက်ခြားပဲဖုန်းခေါ်တယ် .. ခေါ်တိုင်းလည်း ပိုးကို သိပ်ချစ်တယ် ဆိုတာ မမေ့ဖို့ပဲ ပြောတယ် .. သူ ပိုး စိတ်ပြန်လည်လာမယ့်ရက်ကို စောင့်နေမယ်တဲ့ .. ပိုးစိတ်မကောင်းပါဘူး ထူးရဲရယ် ..

××××××××××

ထူးရဲ ဖုန်းမဆက်တာ တစ်ပတ်လောက်ရှိတော့မယ် .. တစ်ချက်တစ်ချက် သတိရပေမယ့် ဖုန်းစခေါ်ဖို့တော့ မစဉ်းစားမိဘူး .. တစ်ရက်တော့ ထူးရဲဖုန်းဆက်လာတယ် .. အသံကလည်း မှန်နေတဲ့အသံနဲ့ပေါ့ ..

"ပိုး .. ကိုယ်ပါ .."

"အင်း .. ထူးရဲ .. ပြော .. နင်သောက်ထားတယ်လား .."

"အင်း .. နဲနဲပါ .. ပိုးရာ ငါအရမ်းစိတ်ညစ်တယ် .. ပိုးသိရဲ့လား .. ခုတော့ ငါ ဆုံးဖြတ်ချက် ချလိုက်ပြီ .. ငါနိုင်ငံခြားသွားတော့မယ် .. နင်နဲ့ တစ်နေရာတည်းနေပြီး နင်နဲ့ ဝေးနေရတဲ့ဘ၀ ငါမနေချင်တော့ဘူး .. ငါသွားတော့မယ် .. သောကြာဆို ငါသွားတော့မယ် .. နင် ငါမရှိရင် ပျော်တယ်မလား .. နင်ပျော်ပျော်သာနေခဲ့တော့ကွာ .. ခုလည်း ငါဖုန်းမဆက်တော့ပါဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားက နင့်ဆီခေါ်မိတာ .. စိတ်အနှောင့်အယှက်ဖြစ်သွားရင်ဆောရီးကွာ ငါတောင်းပန်တယ် .."

"ထူးရဲ .. ထူးရဲ .. ထူးရဲ .."

ထူးရဲဖုန်းကို ပိုးပြန်ခေါ်တော့ ဘယ်လိုမှလည်းမကိုင်ဘူး .. ဆက်လို့ကိုမရတော့ဘူး .. ပိုး ၀န်ခံရရင် ရင်ထဲဟာသွားတယ် ..

ဘာလဲ .. နင် ထူးရဲကိုမသွားစေချင်ဘူးလား .. ကိုယ့်ကိုယ်ပြန်မေးမိတယ် .. နောက်နေ့ကျရင်တော့ ထူးရဲနဲ့တွေ့မှဖြစ်မယ် .. ထူးရဲကို သွားတွေ့မယ် ..

××××××××××

နောက်နေ့ သူ့အိမ်လိုက်သွားတော့ တံခါးတွေအားလုံးပိတ်ထားတယ် .. ဘယ်လိုဖြစ်တာလဲ ..

ပိုးညဖက်ဖုန်းထပ်ဆက်တော့

"အန်တီ ထူးရဲနဲ့ပြောချင်လို့ပါ .."

"သြော် .. ထူးရဲထွက်သွားပြီလေသမီး .. နှုတ်ဆက်သွားတယ်မလား .."

"ရှင် .. သူပြောတော့သောကြာနေ့ဆို .."

"အင်း .. ဒီနေ့သောကြာလေ .."

"ဟင် .. သမီးက ဒီလောက်မြန်မြန်ဖြစ်မယ်မထင်လို့ပါ .. နောက်အပတ်လို့ထင်ထားတာ .. ခုတော့ မြန်လိုက်တာနော် ."

"အေးကွယ် ချက်ချင်းဘဲ .."

ပိုး ဘ၀ကြီး အမှောင်ထဲရောက်သွားသလိုပါပဲ ထူးရဲရယ် ..

××××××××××

လိုက်ရင်ပြေးတတ်တဲ့ မိန်းကလေးထဲမှာ ပိုးလည်းတစ်ယောက်အပါအ၀င်ထင်တယ် .. ထူးရဲလိုက်ခဲ့တုန်းက ပြေးပြီး အခုအဝေးကို ပြေးသွားချိန်ကျမှ ထူးရဲ ပုံရိပ်ကို လိုက်ရှာနေမိတယ် .. ထူးရဲထွက်သွားပြီးမှ ဘယ်နေရာသွားသွား အမှတ်တရတွေနဲ့ လွတ်တဲ့နေရာဆိုတာမရှိခဲ့ဘူး .. အနားမှာ ရှိခဲ့တုန်းက တန်ဖိုးမထားတတ်ခဲ့တာ .. ခုမှ တကယ်ဝေးသွားခဲ့မှ ထူးရဲ အရိပ်တွေနဲ့ ရူးနေရပြီ .. မဖြစ်နိုင်ဘူးဆိုတာသိပေမယ့် ထူးရဲနဲ့ တူတဲ့ သူမြင်ရင် လိုက်ကြည့်ရတာ အမော .. ထူးရဲ ပိုးကို အပြစ်ပေးနေတာဆိုလည်း ပိုးခံပါ့မယ် .. ဒါပေမယ့် ထူးရဲ ပိုးအနားရှိနေပေးပါ .. ခုတော့ ပိုးငိုတတ်နေပြီ .. ရင်ထဲမှာလည်း မောင်လို့ တိုးတိုးလေး တမ်းတနေတတ်ပြီလေ .. အလွမ်းသီချင်းနားထောင်တိုင်းလည်း မျက်ရည်လည်တတ်ခဲ့ပြီ .. ပိုး ထူးရဲ ပြန်အလာကို မျှော်နေပါ့မယ် .. ထူးရဲ ပြောင်းလဲသွားခဲ့ရင်လည်း အပြစ်မတင်ပါဘူး ..ဘယ်သူမပြု မိမိမှုပဲလေ ..

××××××××××

၃ နှစ်ကြာခဲ့ပြီ .. ထူးရဲ သိပ်နေနိုင်တာပဲ .. လုံးဝကို အဆက်အသွယ် မလုပ်ဘူး .. ပိုးကိုမေ့နေပြီထင်တယ် ..

"သမီးရေ .." မေမေလှမ်းခေါ်လိုက်တော့ ဆွေးနေတာလေးတောင်ပျောက်သွားတယ် ..

"မေ့မေ့ကို ဘုန်းကြီးကျောင်းလိုက်ပို့ပေးပါ .."

"ဟုတ်.. မေမေ .. "

မေမေနဲ့ ဘုန်းကြီးကျောင်းထွက်ခဲ့တယ် .. ဘုန်းကြီးကျောင်းသွားတဲ့လမ်းက ထူးရဲတို့အိမ်ရှေ့ကို ဖြတ်ရတယ်လေ .. မမေ့မလျှော့ စောင်းငဲ့ပြီး ကြည့်နေကျလေ .. ကြည့်လိုက်တဲ့အချိန်မှာ ထူးရဲ မှ ထူးရဲအစစ် အိမ်ရှေ့က ဒါန်းလေးမှာထိုင်နေတယ် .. ပြန်ရောက်နေတာတောင် ပိုး ကို မဆက်သွယ်ဘူးနော် .. ထူးရဲ ပိုးကို အပြစ်ပေးနေတာလားဟင် ..

အိမ်ပြန်ရောက်တော့လည်း ထူးရဲများ လာမလားလို့ မျှော်နေမိတယ် .. ဒါပေမယ့် ထူးရဲကတော့ မပေါ်လာပါဘူး ..

နောက်ရက် ခြံပေါက်ဝမှာ ပန်းစည်းလေးနဲ့ စာလေးတစ်စောင်ရောက်နေတယ် .. ပိုး အမြန်သွားယူကြည့်လိုက်တယ် .. စာထဲမှာ -

ပိုး

ကိုယ်ပြန်ရောက်နေပြီ .. ပိုးအနှောင့်အယှက်ဖြစ်မှာစိုးလို့ မလာတာ .. ပိုးကို လက်ဆောင်ပေးချင်တယ် .. ပိုး လာချင်စိတ်ရှိမယ်ဆိုရင် အရင်တွေ့နေကျ အင်းယားလမ်းက ဆိုင်ကို လာခဲ့ပေးပါ .. ကိုယ်တစ်ရက်လုံးစောင့်နေမယ် ..

ထူးရဲ

××××××××××

အိုး ... ပျော်လိုက်တာ .. ပိုးကို မမေ့သေးဘူးပေါ့ ..ပိုး အမြန်အဆန်ပြင်ဆင်ပြီး ထွက်လာခဲ့လိုက်တယ် .. အရေးထဲ ကားလမ်းတွေကလည်း ပိတ်လိုက်တာ .. မြန်မြန်ရောက်ချင်ပါတယ် ဆိုမှ .. ပိုးမျက်နှာ ဘယ်လောက်တောင် ပျော်ရွှင်မြူးတူးနေမလဲမသိဘူး .. ပိုး ရင်တွေခုန်လိုက်တာ ..

ချိန်းထားတဲ့နေရာရောက်တော့ .. ဘယ်သူမှလည်းမရှိဘူး ..ပြောတော့ ခုပဲရောက်နေပြီလိုပဲ .. ပိုးလည်း ထောင့်ကျတဲ့စားပွဲလေးမှာ ၀င်ထိုင်လိုက်တယ် .. ပိုးအတွက် ကော်ဖီတစ်ခွက်လာချပေးတယ်.. ဒါဆို မောင် ရောက်နေပြီပေါ့ ..

ဟော ဟိုမှာ ကျွန်မရဲ့ ချစ်လှစွာသော မောင် လာနေပါပြီ .. မောင့်ခြေလှမ်းနဲ့အတူ ပိုးရဲ့ ရင်ခုန်သံတွေ စည်းချက်လိုက်နေတယ် ..

ထူးရဲ (ကျွန်မရင်ထဲက မောင်) က ကျွန်မရှေ့တည့်တည့်မှာ ၀င်ထိုင်လိုက်တယ် .. အသားတွေပိုဖြူလာပြီး နဲနဲပိန်သွားတာကလွဲရင် အရင်ကအတိုင်းပါပဲ ..

"ပိုး အရင်ကအတိုင်းပဲနော် .. ဘာမှမပြောင်းလဲဘူး .."

"အင်း .. မောင်ရောပဲ.." ပါးစပ်က လွှတ်ခနဲ ထွက်သွားတာကို ပိုးမှာ ရှက်လိုက်တာ .. အသံကြားပြီး မောင့်မျက်နှာ ကတော ပြုံးဖြီးလို့ပဲ ..

"မောင့်ကို ချစ်သေးရဲ့လား .."

ပိုး ခေါင်းငြိမ့်ပြလိုက်တယ် .. မျက်ရည်တွေလည်း ကျလာတယ် ..

"ဟာ .. ပိုး ငိုနေတယ် မငိုနဲ့လေ .. မောင်လဲ ပိုးကို အရင်အတိုင်းချစ်တုန်းပဲ .. နောက်လည်း တိုးပြီးချစ်သွားဖို့ပဲ ရှိတယ် .. ပိုး ကို ဘယ်တော့မှမချုပ်နှောင်ပါဘူး.."

ပိုး အခု အချုပ်အနှောင်ခံချင်နေတာ မောင်မှမသိပဲ ..

မောင် ပိုးဘေးနားလာထိုင်ပြီး ပိုး ခေါင်းကို မောင့်ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ် .. ပိုး ဒီရင်ခွင်နဲ့ ဝေးကွာခဲ့တာ ၃နှစ်တောင်ရှိပြီ .. ပြီးတော့ မောင်က တိုးတိုးလေး ..

"မောင် ပိုးကို သိပ်ချစ်တယ် .. မောင်တို့ လက်ထပ်ကြရအောင်နော် .."

ခေါင်းငြိမ့်ပြီး အဖြေပေးလိုက်တယ် .. ပိုး ဘာစကားမှ ပြောလို့မထွက်တာ မောင်နားလည်မှာပါ .. မောင်နဲ့ ထပ်မဝေးလိုတော့ပါဘူး .. မောင့်ကို သိပ်ချစ်တယ် ..

နောက်မှ မောင့်ကို ပြောပြရဦးမယ် .. မောင့်ကို သိပ်ချစ်တဲ့အကြောင်းကိုပေါ့ ..

နီးနေတုန်းက

မသိခဲ့တဲ့

နင့်ရဲတန်ဖိုးတွေအတွက်

ငါပြန်ပေးဆပ်ဖို့

ဘာနဲ့လဲရလဲရ
ငါကျေနပ်တယ် ..

မိုးခါး

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...