Saturday, November 29, 2008

သူမကြောင့်

သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်ခဲ့ဘူးတယ် .. သူမအပြုံးတစ်ခုတည်းနဲ့ပါ ..

သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးလူတစ်ယောက်လိုခံစားရဖူးတယ် .. သူ့စကားလေးတစ်ခွန်းတည်းနဲ့ပါ ..

သူမကြောင့်ပဲ ကျွန်တော်ဟာ လောကကြီးကို ရင်ဆိုင်နိုင်တယ်လို့ ယုံကြည်မှုတွေ လွန်ကဲဘူးတယ် .. သူ့လက်လေးကို ဆုပ်ကိုင်ခွင့်ရခဲ့တဲ့ အချိန်ကပါ ..

သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အနုံချာ အစုတ်ပြတ်ဆုံးလူတစ်ယောက်လိုခံစားရဘူးတယ် .. သူ့မျက်နှာထားတစ်ခုတည်းနဲ့ပါပဲ ..

သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်ကနေ ရေခိုးရေငွေ့အဖြစ် အမှုန်အမွှား အငွေ့အသက်အဖြစ် ပျောက်ကွယ်သွားချင်ခဲ့ဘူးတယ် .. သူ့အကြည့်တစ်ချက်တည်းနဲ့ပါ ..

သူမကြောင့် ကျွန်တော့ဘ၀ အနာဂါတ်အတွက် ငိုကြွေးမြည်တမ်းခဲ့ဘူးတယ် .. သူ့တွဲလက်တွေ အေးစက်ခဲ့ချိန်တုန်းကပါ ..

သူမကြောင့်ပဲ ကျွန်တော့ဘ၀ ရည်ရွယ်ချက်မရှိ လမ်းပျောက်သွားခဲ့တယ် .. သူ့လမ်းခွဲစကားလေးတစ်ခွန်းကြောင့်ပါ ..

ချစ်သူ ..
အချစ်ဆိုတာ ငါ့အတွက်တော့ ခံစားချက်ပေါင်းများစွာနဲ့ ဖွဲ့တည်ထားတဲ့ သက်မဲ့အရာတစ်ခု .. သူမကတော့ ချစ်တတ်အောင် ခံစားတတ်အောင်သင်ပေးခဲ့တဲ့ သက်ရှိအရာတစ်ခု .. ဘာပဲဖြစ်ဖြစ် ငါချစ်တတ်ခဲ့ပြီ .. တနည်း လူပီသခဲ့ပြီ .. အချစ်ကို ချစ်နေဖို့ပဲ ငါသင်ယူခဲ့ပြီ ..

ပုလင်းတူဗူးဆို့လေးများ

မိုးဖွဲဖွဲထဲလျှောက်သွားရင်း
သီချင်းပြိုင်တူငြီးဖူးတယ် ... ။

ရီစရာကောင်းတဲ့လူတွေကိုကြည့်ရင်း
ဟက်ဟက်ပက်ပက်ပြိုင်တူရီမောဖူးတယ် ... ။

တစ်ယောက်အိမ်တစ်ယောက်လိုက်ရင်း
အားလုံးသဘောတူကျူရှင်တွေပြေးဖူးတယ် ... ။

ဆရာတွေစာမေးရင်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
ပုလင်းတူဗူးဆို့စာတွေခိုးချဘူးတယ် ... ။

တစ်ယောက်လက်ကိုတစ်ယောက်တွဲရင်း
ကျိုက်ထီးရိုးဘုရား တောင်ပေါ်တက်ဖူးဘူးတယ် ... ။

တစ်နေရာစီခွဲရမယ်ဆိုတော့
တစ်ယောက်လက်တစ်ယောက်ဆုတ်ကိုင်ရင်း
မခွဲချင်ခွဲချင်ခွဲခဲ့ဘူးတယ် ... ။

သူငယ်ချင်းတို့ရေ ...
ငါနင်တို့ကို သိပ်လွမ်းတယ် ... ။

မိုးခါး
၂၉-၁၁-၀၈(1:47 AM)

Friday, November 28, 2008

အဆုံးသတ်မရောက်ခင်

ကျွန်မတို့ရဲ့ သတ္တကမ္ဘာလောကကြီးမှလူအမျိုးမျိုး တည်ရှိနေထိုင်ကြတဲ့အတွက် "လူအမျိုးမျိုးစိတ်အထွေထွေ"ဆို
တဲ့ စကားအတိုင်း လူတိုင်း လူတိုင်းရဲ့ ခံယူချက်၊ စိတ်ကူးစိတ်သန်း ၊ရည်မှန်းချက် ၊ ရည်ရွယ်ချက်၊ လိုက်နာဆောင်ရွက်မှု၊ ကြိုးစားအားထုတ်မှု ၊ စိတ်နေသဘောထား၊ ကိုးကွယ်ယုံကြည်မှု ၊ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း မွေးဖွားကြီးပြင်းပုံ စသည် အားလုံးက အစစ အရာရာကွာခြားနေကြတယ် .....။

ဒီလိုစိတ်တွေ အမျိုးမျိုးကွဲပြားနေတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ၊ အသင်းအဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ဆက်နွယ်ပတ်သက်ကြတဲ့နေရာမှာ သဘောတရား နားလည်လွဲမှားမှုတွေ အထင်လွဲမှားမှုတွေဖြစ်ပြီး မဖြစ်သင့်တဲ့ အခြေအနေမျိုးနဲ့ အမုန်းတရားတွေ အာဃာတတွေ အမြင်မကြည်လင်မှုတွေနဲ့ နောက်ဆုံး လမ်းခွဲကြရတဲ့ အဖြစ်မျိုးတွေထိ ဖြစ်နေကြတယ် ….။

ကျွန်မတို့တွေဟာ အသက်ရှင်နေသ၍ လူအမျိုးမျိုးနဲ့ပေါင်းသင်းဆက်ဆံနေရဦးမှာပါ .....။

ကျွန်မတို့အသက်ရှင်နေသ၍ ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီးနေဖို့ဆိုတာမဖြစ်နိုင်ပါဘူး .. ဒါကြောင့်မို့ လူတစ်ယောက်ကို ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ အသက်ရှင်နေသ၍ ပြောဆိုဆက်ဆံနေရအုံးမှာပါပဲ ....။

ဘယ်လိုပဲဖြစ်ဖြစ် ပြောဆိုဆက်ဆံရမှာချင်း အတူတူ အဆင်ပြေပြေကောင်းကောင်းမွန်မွန်ပဲ တွေ့ကြ ဆုံကြ လမ်းခွဲကြတာဟာ အကောင်းဆုံးပါ….. လူတွေက နောက်ဆုံးမှာတော့ ဘယ်လောက်ချစ်ချစ် ဘယ်လောက်မုန်းမုန်း ဘယ်လောက်ပဲမခွဲခွာချင်ပါဘူးပြောပြော တနေ့တော့ မဖြစ်မနေ ကွဲကွာခြင်းနဲ့ပဲ အဆုံးသတ်ကြမှာပါ .....။

မဖြစ်မနေကွဲကွာခြင်းဆိုတာကတော့ သေခြင်းတရားပါပဲ.. သူလည်းသေလူ ကိုယ်လည်းသေလူဆိုတာကို သိနေကြ ပြီပဲ .. ဘာအတွက်နဲ့ ကိုယ်က မာနတွေကြီး အမုန်းတရားတွေထားပြီး သူများတကာကို မခေါ်နိုင်မပြောနိုင်တွေ ဖြစ်နေရဦးမှာလဲ .. ဒီလူတစ်ယောက်ကိုမုန်းတဲ့အတွက်ကိုယ့်မှာ ဘာအကျိုးတရားရှိသွားပါသလဲ .. ကိုယ့်မှာ သူ့ကို မုန်းပြီးဒေါသထွက်ရလို့ အချိန်ကုန် ၊ လူပင်ပန်း၊ စိတ်ပင်ပန်း၊ ကိုယ့်မှာရှိတဲ့ တာဝန်တွေလစ်ဟင်းရုံကလွဲပြီး ကိုယ့်အတွက်ဘာအကျိုးတရားရရှိသွားပါသလဲ.. ကိုယ်ပဲ မအေးချမ်းနိုင် ပူလောင်နေမှပေါ့ .. သူကဘာဖြစ်မှာလဲ .. ကိုယ်သူ့ကို မုန်းနေတယ်ဆိုတာ သူကသိတောင်သိပါ့မလား .....။

ဒီတော့ သူ့ဘက်ကိုမစဉ်းစားပဲ ကိုယ့်အကျိုးဘက်ကနေပဲ စဉ်းစားကြည့်ရအောင် .. ကိုယ်လုပ်နေတာတွေဟာ သူ့ကို ကိုယ့်ရဲအဖိုးတန်အချိန်တွေပေးပြီး မုန်းနေရသလိုပါပဲ .. သူအတွက် ကိုယ်ရဲ့အဖိုးတန်အချိန်တွေပေးရလောက်အောင်တန်ပါသလား .. အကျိုးလည်းမရှိတဲ့အပြင် ကိုယ်အတွက်ပါထိခိုက်နေပြီဆိုရင်တော့ အပင်ပန်းမခံပဲ သူ့ကိုခွင့်လွှတ်ကြည့်လိုက်ပါလား .. ကိုယ်အတွက်နဲနဲတော့အေးချမ်းသွားမှာအမှန်ပါ
အကယ်၍ ခွင့်မလွှတ်နိုင်ဘူးဆိုရင်တောင် သူ့ကို ကိုယ့်စိတ်ထဲမှာ ရှိတယ်လို့သဘောမထားပဲ ဥပက္ခာသဘောလေးထားကြည့်ပါ .. နဲနဲတော့အေးချမ်းသွားမှာပါအမှန်ပါ .....။

အားလုံးဟာ ခွဲခွာခြင်းမှာ အဆုံးသတ်မယ်ဆိုတာ သေချာနေပါတယ် .. ကွဲကွာကြရမယ့် အတူတူ ရှိနေတဲ့ အချိန်ကလေးအတွင်းမှာ ဘာလို့ တစ်ယောက်ကိုတစ်ယောက် အမုန်းတွေ အာဃာတတွေ အတ္တတွေ မာနတွေနဲ့ အချင်းချင်းပူလောင်အောင် တိုက်ခိုက်တာတွေ လုပ်နေကြတာလဲ .. တကယ်တမ်း အဲဒါဟာ အဓိပ္ပါယ်ရှိရဲ့လား .....။

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်တဲ့နေရာမှာ အရင်ဆုံးတိုက်ခိုက်မိကြတာကတော့ စကားလုံးတွေနဲ့ပါပဲ .. လူကိုမုန်းစေတာလည်းကိုယ့်ရဲ့စကားတစ်ခွန်းပါပဲ .. ချစ်စေတာလည်း အဲဒီစကားတစ်ခွန်းပါပဲ .. ဒီပါးစပ်ပေါက်လေးတစ်ခုနဲ့ပဲ လူတွေ ကောင်းစားသွားတာရှိသလို .. အမုန်းတွေပွား ရန်ငြိုးတွေဖွဲ့ရင်း သတ်ကြဖြတ်ကြတဲ့ အထိဖြစ်တာတွေလည်းကြားဖူးသိဖူးကြမှာပါ .....။

လူတစ်ယောက်ရဲ့ စိတ်ဓါတ်အဆင့်အတန်းဟာ ဒီလူတစ်ယောက်ပြောလိုက်တဲ့စကားပေါ်မှာ သိသာနိုင်ပါတယ် .. ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ကိုယ့်အပေါ်ကို အထင်ကြီးလေးစားခံရတတ်သလို .. ကိုယ့်စကားကိုကြည့်ပြီး ကိုယ့်ကို အထင်သေးစိတ်ဝင်သွားတာမျိုးလည်းဖြစ်တတ်ပါတယ် .. (သူများအထင်ကြီးခံချင်တာနဲ့ အထင်ကြီးစေတဲ့စကားတွေကို လုပ်ပြောဖို့မဟုတ်ပါဘူး .. လုပ်ပြောတယ်ဆိုကတည်းကလည်း အစစ်အမှန်မဟုတ်လို့ ကိုယ်ပြောတဲ့စကားက ကိုယ့်ရဲ့ စိတ်ဓါတ် အဆင့်အတန်းကို သိသာစေတာကြောင့် ထိန်းထိန်းသိမ်းသိမ်းပြောဖို့ ကို ဆိုလိုတာပါ..)

ငါကတော့ စကားကိုဒီလိုပဲပြောတတ်တယ် .. ငါ့စိတ်ထားကတော့ကောင်းပါတယ် ..ဆိုတဲ့ လူဖြောင့် စိတ်တို ဆိုတာမျိုးတွေကိုလည်း ကြားဖူးမှာပါ.....။

ချိုချိုသာသာပြောလည်း ဒီစကားပါပဲ .. ဆဲဆိုအော်ဟစ်ပြောလည်း ဒီစကားပါပဲ .. စကားကတော့ ဒီစကားပါ ဒါပေမယ့် အပြောခံရသူရဲ့စိတ်ထဲမှာတော့ နာခံချင်စိတ် လက်ခံချင်စိတ်ကွာခြားသွားနိုင်ပါတယ် လူ့အကျင့်ဆိုတာ ပြုပြင်ယူရပါတယ် .. ဒီလိုပြုပြင်ဖို့ကလည်း ကိုယ့်ရဲ့အကျင့်ကဘယ်လိုရှိတယ်ဆိုတာကို သိဖို့လိုပါတယ် .. သိပြီးရင်လည်း သိရုံနဲ့ မပြီးပါဘူး .. ဘယ်အကျင့်တွေကမကောင်းဘူးလဲ ဘယ်အကျင့်တွေကကောင်းလဲဆိုတာ ခွဲခြားတတ်ရပါမယ် .. ကောင်းတယ် ဆိုးတယ် ခွဲခြားသိပြီးရုံနဲ့လည်း အသုံးမ၀င်သေးပါဘူး .. ကောင်းတာကိုယူပြီး မကောင်းတာကို စွန့်နိုင်ဖို့ ကြိုးစားရပါအုံးမယ် ..
မကောင်းတာကိုသိရက်နဲ့ ငါကအကျင့်ပါနေပြီ .. မွေးကတည်းကဒီလိုပဲပြောဆိုနေထိုင်လာတာ .. ဆိုပြီးထားလိုက်ရင် ကျွန်မတို့ဟာ ဘယ်တော့မှ စိတ်ဓါတ်အဆင့်အတန်းမြင့်တဲ့လူ၊ ပါးစပ်စည်းကမ်းရှိတဲ့လူ
တစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်တော့ပါဘူး .....။

ကျွန်မရဲ့ ကြီးကြီးပြောတဲ့စကားလေးပါ .. အဆင့်အတန်းဆိုတာ ခွဲစရာမလိုပါဘူးတဲ့ .. သူ့အလိုလိုကွဲပြီးသားပါတဲ့ .....။

ကျွန်မငယ်စဉ်ကသိပ်မသိပေမယ့် အခု အရွယ်ရောက်လာတဲ့အချိန်မှာတော့ နားလည်လာနေပါပြီ .. အားလုံးကိုနားလည်နေတာမျိုးမဟုတ်ပါဘူး .. ကျွန်မအရွယ်နဲ့ကျွန်မ သိသင့်သလောက်သိနေတာပါလို့ ဆိုလိုချင်တာပါ .. အခုဆိုရင် အလုပ်ထဲမှာရော အပြင်မှာပါရှိတဲ့ အပေါင်းအသင်းတွေအားလုံး
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ တည့်အောင်ပေါင်းဖို့ပဲ စဉ်းစားတတ်နေပါပြီ .. သူကမကောင်းလို့
ငါကပြန်မကောင်းနိုင်ဘူးဆိုတားမျိုးမဖြစ်အောင် ကျွန်မကြိုးစားတယ် .. တစ်ခုတော့ကွာတာပေါ့ .. စိတ်ထားကောင်းတဲ့သူကို စိတ်ရောကိုယ်ပါနှစ်ပြီး ကျွန်မပေါင်းတယ် .. စိတ်ထားမကောင်းသူဆိုရင်တော့ အဆင်ပြေအောင်နေတယ် .. အလိုက်အထိုက်ပေါင်းသင်းတယ် .....။

နောက်တစ်ခု ကျွန်မယုံကြည်လိုက်တာက စေတနာရောင်ပြန်ဟပ်တယ်ဆိုတာပါပဲ .. ကိုယ့်ဘက်ကသာ စေတနာနဲ့အစစ်အမှန်ပေးရင် တောင်းစရာမလိုဘူး တကယ်ကို ပြန်လာပါတယ် .. မယုံရင် စမ်းသပ်ကြည့်ကြပါလား .. ကိုယ့်စေတနာမှန်ရင် တကယ်အောင်မြင်လာမှာပါ.....။

တစ်ခုတော့ရှိတယ် .. တစ်ချို့ပေးတယ် ပြန်မလာဘူး ပြောကြတယ် .. ဒါက အချိန်မရောက်သေးလို့ပါလို့ ပြောချင်ပါတယ် .. အချိန်တန်တော့ပြန်လာမှာပါ .. အဲဒါကိုလည်း အချိန်ဘယ်လောက်အတွင်းဆိုပြီး
တိုင်းတာသတ်မှတ်ထားလို့မရပါဘူး .. ကိုယ့်စေတနာပေါ်ပဲ မူတည်မယ် ထင်ပါတယ် .. ကိုယ့်ဘက်ကလည်း ပေးကတည်းက ပြန်လာမလားဆိုပြီး မျှော်လင့်ချက် မထားထားတာတော့အကောင်းဆုံးပါပဲ .. မျှော်လင့်နေရတဲ့အတွက် ပျက်စီးမှာ ဆုံးရှုံးမှာကို စိုးရိမ်ပူပန်ရပါတယ် .. မအေးချမ်းနိုင်ပါဘူး ..

ဒါကြောင့် ကိုယ်ပေးမယ်ဆုံးဖြတ်ပြီးရင် အပြတ်ပေးလိုက်ပါ .. မမျှော်လင့်ပါနဲ့ .. ကိုယ်မမျှော်လင့်ပေမယ့်အချိန်တန်ရင်တော့ ပြန်လာမှာ သေချာပါတယ် .. တကယ်တော့ ဒါ လောက ကသတ်မှတ်ထားတဲ့ လောကနိယာမလေးတစ်ခုပါပဲ .....။

မေတ္တာစိတ်နဲ့ကြည့်တတ်ရင် အရာရာ အေးချမ်းပါတယ် .. စိတ်ထားကောင်းတဲ့လူ .. စိတ်ထားလှတဲ့လူဟာ မျက်နှာလေးပါ လှနေတတ်တယ်လို့ ကြားဖူးမှာပါ .. စိတ်ကလေးဟာ တည်ငြိမ်အေးချမ်းနေတဲ့အတွက် မျက်နှာလေးဟာလည်း မလှဘူးဆိုရင်တောင် တည်တည်ကြည်ကြည် ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်နေတတ်ပါတယ် .. အဲလိုအလှမျိုးမှာ ပူလောင်ခြင်းဆိုတဲ့ အတ္တ မာနတွေ မပါပါဘူး .. ပကတိ တည်ငြိမ်အေးချမ်းလွန်းပါတယ် .....။

ကျွန်မတို့ နေ့စဉ် ကိုယ့်ကိုကိုယ် လှအောင် ပြုပြင်နေထိုင်ကြတယ် .. ပြင်လွန်းတဲ့အတွက် အပေါ်ယံကတော့လှနေပါပြီ ..ကဲ.အတွင်းစိတ်ကရော .. အပြင်မှာ မြင်တွေ့ရတဲ့အတိုင်း တကယ်လှရဲ့လား .. ကိုယ်မြင်တွေ့နေတဲ့အရာတွေကိုရော တကယ်လှတယ်လို့မြင်ရဲ့လား .. အရာရာကို ကိုယ်က မေတ္တာစိတ်နဲ့ ကြည့်တတ်ရင် လောကကြီးတခုလုံးဟာ လှနေမှာပါ .. အရာရာတိုင်းရဲ့ အလှတရားဟာ ကြည့်တဲ့လူရဲ့အကောင်းမြင်မေတ္တာစိတ်ဆိုတဲ့ မျက်စိနဲ့ပဲ ဆိုင်ပါတယ် .. ကျွန်မတို့တွေအားလုံးဟာ အဆုံးသတ်မှာ ခွဲခွာရမယ့် လူတွေချည်းပါပဲ .. အခုတွေ့နေတုန်း အချိန်ခဏလေးမှာ ဘာလို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်မနေနိုင်ရမှာလဲရှင် .. နေရောမနေသင့်ဘူးလား .....။

ကျွန်မတို့တွေ အားလုံး လူတိုင်းအပေါ် မေတ္တာစိတ်ကလေးထားပြီး အကောင်းဆုံးကြိုးစား ရှင်သန်သွားကြရအောင်လေ ..

www.mysuboo.com ရဲ့ မဂ္ဂဇင်းမှာ ပါဘူးတဲ့ ဆောင်းပါးလေးပါ ..

Thursday, November 27, 2008

Chatter(ချက်တာ) နှင့် Blogger (ဘလော့ဂါ)

ဗမာပြည်သားဘလော့ကနေတွေ့ ပြီး ကိုနေဘုန်းလတ် လက်ရာလေးပါ .. ဖတ်မိတဲ့စာလေးကိုသဘောကျလို့ .. ကိုယ်တိုင်လည်းလိုက်နာနိုင်ဖို့ရည်ရွယ်ပြီး မူရင်းအတိုင်းတင်ထားပါတယ် ..

ပထမဦးဆုံးအနေနဲ့ ဒီခေါင်းစဉ်လေးထဲက စကားလုံးနှစ်ခုဖြစ်တဲ့ Chatter (ချက်တာ) နဲ့ Blogger (ဘလော့ဂါ) တို့ရဲ့ အဓိပ္ပါယ်ကို အရင်ဆုံးရှင်းဖို့ လိုမယ်ထင်ပါတယ်။ Chatter ဆိုတာ Internet သုံးတဲ့ အချိန်တွေထဲက တော်တော်များများကို online ပေါ်မှာရှိတဲ့ mIRC, Gtalk, Skype, vzochat စတဲ့ Chatting Software တွေကို သုံးပြီး မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ ဘယ်ကမှန်းမသိတဲ့သူတွေနဲ့ စကားစမြည် ဟိုဟိုဒီဒီ ပြောခြင်းနဲ့ ကုန်လွန်စေတဲ့သူတွေကို ဆိုလိုပါတယ်။ Blogger ဆိုတာကတော့ Internet သုံးတဲ့ အချိန်တွေထဲက အများစုကို Blog (Web log) လို့ ခေါ်တဲ့ Online Diary လေးတွေ ရေးသားကြတဲ့နေရာမှာ အသုံးပြုကြတဲ့သူတွေကို ဆိုလိုပါတယ်။ အခု ဒီနေရာမှာ အဓိကပြောချင်တာကတော့ Chatter (ချက်တာ) တစ်ယောက်နဲ့ Blogger (ဘလော့ဂါ) တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ၊ အရည်အသွေးတွေသူတို့ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ဘယ်လိုဘယ်ပုံ ကွာခြားသွားတယ်ဆိုတဲ့ အချက်ကိုပဲ ဖြစ်ပါတယ်။

ဒါကိုပြောဖို့အတွက် ပထမဆုံးအနေနဲ့ Chatter တွေ ကျင်လည်ကျက်စားတဲ့ Chatting Website တွေရဲ့ သဘောသဘာဝနဲ့ Blogger တွေ ကျင်လည်တဲ့ Blog တွေရဲ့ သဘောသဘာဝတို့ကို ကျွန်တော်တို့အနေနဲ့ အရင်ဆုံးသိထားဖို့ လိုပါလိမ့်မယ်။ Chatter တွေရဲ့ ကျင်လည်ရာပတ်ဝန်းကျင်လို့ ပြောလို့ရတဲ့ Chatting Website တွေရဲ့ အကြောင်းကို စပြီးလေ့လာကြည့်ပါမယ်။ Chatter အများစုရဲ့ အဓိကကျင်လည်ရာဟာ mIRC ပါလို့ ပြောလို့ရပါတယ်…။ mIRC ထဲမှာမှ မြန်မာတွေ အသုံးအများဆုံးကတော့ Ygn chat ဆိုတဲ့ chat room (ချက်ရွမ်း)ပဲ ဖြစ်ပါတယ်။ ကိုယ့်နာမည်အရင်းကို သုံးစရာမလိုဘဲ နာမည်ပြောင်(nickname) တစ်ခုကို ကိုယ့်ရဲ့စကားဝှက် (password) တစ်ခုနဲ့ တည်ဆောက်လိုက်မယ်ဆိုရင် mIRC ထဲမှာရှိတဲ့ chat room တွေထဲက chatter တွေများစွာနဲ့ ကြိုက်သလို စကားပြောလို့ ရသွားပါတယ်။ သူကလဲ သူ့ nick နဲ့ဝင်၊ ကိုယ်ကလဲ ကိုယ့် nick နဲ့ဝင် တစ်ယောက်အကြောင်းလဲ တစ်ယောက်မသိ၊ တစ်ယောက်ကိုတစ်ယောက်လဲ မြင်ရနိုင်တာ မဟုတ်တဲ့အတွက် အဲဒီအထဲမှာ ကြိုက်တဲ့စကားလုံးကို ကြိုက်သလို ရေးနိုင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စကားအတွက်လည်း ကိုယ်က တာဝန်ယူစရာ မလိုပါဘူး…။ mIRC အသုံးများတဲ့ Chatter တွေဟာ အပြင်လောကမှာလည်း စကားကို လက်လွတ်စပယ် ပြောတတ်လာပါတယ်။ လိမ်ရမှာ၊ ညာရမှာကို ရှက်တဲ့ ကြောက်တဲ့ စိတ်တွေလည်း ခေါင်းပါးလာပါတယ်…။ အစစအရာရာကို ပေါ့ပေါ့တွေးပြီး ကိုယ့်စကား၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်အပြုအမူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်သိမှုတွေ မရှိသလောက်ကို ဖြစ်လာတတ်ပါတယ်…။ ဒါဟာ chatting ပတ်ဝန်းကျင်ထဲမှာ အနေများတဲ့အတွက် အဲဒီအထဲကနေ ကိုယ့်ရဲ့စိတ်ထဲကို ကူးစက်လာတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။
Blogger (ဘလော့ဂါ)တွေကတော့ Blog (ဘလော့ဂ်) ရေးကြပါတယ်။ www.blogger.com မှာ gmail account ကို သုံးပြီး Blog (ဘလော့ဂ်) တစ်ခုကို တည်ဆောက်ရယူနိုင်ပါတယ်။ Blog တစ်ခု ဖန်တီးတည်ဆောက်ဖို့ဆိုတာ chat room တွေထဲမှာလို account တစ်ခုလုပ်ပြီး ၀င် chat ရတာလောက် မလွယ်ကူဘူးဆိုတာ သေချာပါတယ်။ ဘလော့ဂ်ဆိုတာ တွေ့ကရာလူတွေနဲ့ ထွေရာလေးပါး ပြောနိုင်တဲ့ နေရာတစ်ခု မဟုတ်ပါဘူး…။ ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ ချက်တာတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ထဲကလို ဘယ်ကမှန်းမသိတဲ့သူတွေ မရှိပါဘူး။ အ,လာပ သ,လာပ အရည်မရ အဖတ်မရ စကားလုံးတွေ မရှိပါဘူး…။ ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ သူခင်တဲ့သူငယ်ချင်းတွေ၊ သူရေးထားတဲ့စာလေးတွေကို ဖတ်ရှုအားပေးကြတဲ့ သူ့ရဲ့စာပေမိတ်ဆွေတွေ၊ သူတင်ထားတဲ့ ဓါတ်ပုံလေးတွေ၊ သူ့ရဲ့ဘ၀အတွေ့အကြုံလေးတွေကို မျှဝေခံစားကြမယ့် ခံစားချက်ညီသူတွေ ရှိကြပါတယ်။ ဘလော့ဂါအများစုရဲ့ ဘလော့ဂ်မှာ သူတို့ရဲ့ အထ္တုပ္ပတ္တိအကျဉ်းကို ဖော်ပြထားကြပါတယ်။ သူ့ရဲ့နာမည်အရင်း၊ သူ့ရဲ့ဓါတ်ပုံ စတာတွေကို အမှန်အတိုင်းကို ဖော်ပြထားကြတာကို တွေ့ရပါမယ်။ အဲဒီလိုတင်ထားကြတာဟာ သူတို့ ဒီစာမျက်နှာတွေပေါ်မှာ တင်လိုက်တဲ့ စာ၊ ဓါတ်ပုံ၊ ပန်းချီ စတာတွေအတွက် သူတို့ အပြည့်အ၀ တာဝန်ယူရဲတယ်ဆိုတဲ့ စိတ်ဓါတ်ကြောင့် ဖြစ်ပါတယ်…။ ဒါကြောင့် ဘလော့ဂ်တွေရဲ့ စာမျက်နှာတွေပေါ်မှာ လိမ်တာ၊ ညာတာတွေ သိပ်မပါပါဘူး။ ရိုင်းစိုင်းကြမ်းတမ်းတာတွေ သိပ်မပါပါဘူး။ ဘလော့ဂါတွေအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့စာတွေအတွက် ကိုယ့်မှာ တာဝန်အပြည့်ရှိတယ်ဆိုတဲ့ အသိစိတ်ကြောင့် လက်လွတ်စပယ် မလုပ်တတ်ကြတာကို တွေ့ရပါတယ်။ ဘယ်နေရာမှာမဆို အကောင်းအဆိုးဒွန်တွဲနေတဲ့သဘောအရ ကိုယ့်ပရိုဖိုင်လဲမဖော်ပြရဲ၊ ကိုယ်ရေးတဲ့ စာတွေအတွက်လဲ ဘာဆိုဘာမှတာဝန်မယူရဲ၊ အလိမ်အညာတွေ ရိုင်းစိုင်းကြမ်းတမ်းတဲ့စကားလုံးတွေကိုလဲ သုံးစွဲဖို့ဝန်မလေးတတ်ကြတဲ့ ဘလော့ဂါအချို့ရှိပေမယ့် အရေအတွက်အားဖြင့် သိပ်မများ တာကိုတွေ့ရပါတယ်။ နောက်ပြီး ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို လေ့လာကြည့်တဲ့အခါ ကိုယ်ဝါသနာပါရာ တစ်ခုခုကို လိုက်ပြီး ပုံစံလေးတွေ ကွဲပြားသွားတာကို တွေ့ရပါတယ်။ ရသစာပေကို စိတ်ဝင်စားတဲ့သူကလည်း သူဖတ်ဖူးခဲ့တာလေးတွေကို မျှဝေသလို သူရေးထားတာလေးတွေကိုလည်း တင်တတ်ပါတယ်။ သုတလိုင်းဘက်ကို စိတ်ဝင်စားတဲ့သူကလည်း သတင်းသဘောမျိုးလေးတွေကို အမြဲတမ်း တင်ပေးနေတတ်ပါတယ်။ တချို့ ဓါတ်ပုံဝါသနာပါသူတွေကလည်း ဓါတ်ပုံလေးတွေ တင်ကြပါတယ်။ ဘလော့ဂါတစ်ယောက် ဖြစ်လာတဲ့သူရဲ့ ရည်ရွယ်ချက်ဟာ ချက်တာတစ်ယောက်ရဲ့ mIRC ထဲမှာ ကျူမယ်၊ အဆင်ပြေရင် gmail တောင်းပြီး Gtalk ကနေ စကားပြောမယ်… ပြီးရင် Vzochat လေးသုံးပြီး webcam လေးနဲ့ မျက်နှာလေးပါ ကြည့်လိုက်မယ်… အဆင်ပြေရင် အပြင်မှာ ချိန်းတွေ့ကြမယ်…ဆိုတဲ့ ရည်ရွယ်ချက်ထက် နည်းနည်းလောက်တော့ မြင့်သွားတယ်ဆိုတာ သိပ်ကို သေချာပါတယ်။

နောက်တစ်ခုက အားစိုက်ထုတ်ရမှုအပိုင်းပါ…။ ချက်တာတစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်ကိုလွယ်လွန်းပါတယ်…။ ဘလော့ဂါတစ်ယောက် ဖြစ်လာဖို့ကတော့ စစခြင်းမှာ လုံလောက်တဲ့ အားတစ်ခုစိုက်ထုတ်ရသလို နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ်တဲ့ အားစိုက်ထုတ်မှုတစ်ခုကို ဆက်လုပ်ပေးနေဖို့ လိုပါတယ်။ လုပ်ချင်စိတ်တစ်ခုနဲ့ အားတစ်ခုစိုက်ထုတ်ရုံပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး…။ ချက်တာတစ်ယောက်ရဲ့ အဆင့်ထက် အများကြီးပိုမြင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေ လိုပါသေးတယ်။ အနိမ့်ဆုံးဥပမာတစ်ခု ပေးရမယ်ဆိုရင်… chat room တွေထဲမှာ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးတွေသုံးပြီး Burglish လို ရိုက်လို့ရပေမယ့် ဘလော့ဂ်တွေထဲမှာတော့ Burglish နဲ့ ရေးထားတဲ့ဘလော့ဂ် လုံးဝမရှိပါဘူး…။ ရှိရင်လည်း ဘယ်သူမှ ၀င်ဖတ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ သူ့ဘလော့ဂ်ကို အင်္ဂလိပ်လိုဖြစ်စေ၊ Zawgyi One ဆိုတဲ့ Font ကိုသုံးပြီး မြန်မာလိုဖြစ်စေ ရိုက်ပြီး တင်ကြရပါတယ်။ အင်္ဂလိပ်လိုပဲတင်တင်၊ မြန်မာလိုပဲတင်တင် လုံလောက်တဲ့ ကျွမ်းကျင်မှုတစ်ခုကိုတော့ မဖြစ်မနေရအောင် ယူကြရတာပါပဲ…။

နောက်တစ်ခုက chatter တစ်ယောက် chat room အပေါ် စွဲလမ်းမှုနဲ့ blogger တစ်ယောက် သူ့ရဲ့ဘလော့ဂ်ကို စွဲလမ်းမှုမှာ မတူညီတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ ချက်တာတစ်ယောက် ချက်ရွမ်းတွေကို စွဲလမ်းသွားတာဟာ ဦးတည်ရာမရှိတဲ့ ပါးစပ်ဖျားက စကားလုံးတွေပေါ်မှာ သာယာတဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ ဘလော့ဂါတွေရဲ့ ဘလော့ဂ်အပေါ် စွဲလမ်းမှုကတော့ နွေးထွေးတဲ့ ချစ်စဖွယ် သံယောဇဉ်တွေပေါ်မှာ အခြေခံပါတယ်။ ဘလော့ဂ်တွေမှာ ဘလော့ဂါနဲ့ လာရောက်ဖတ်ရှုကြသူတွေ အပြန်အလှန် စကားပြောလို့ရတဲ့ နေရာလေးတစ်ခုကို ဖန်တီးထားလို့ ရပါတယ်။ အဲဒါလေးကို Cbox လို့ခေါ်ပြီး မြန်မာဘလော့ဂါတွေကတော့ ဆီပုံးလို့ ချစ်စနိုး ခေါ်ကြပါတယ်။ နောက်ပြီး ကိုယ်တင်လိုက်တဲ့ ပို့စ်(post)တိုင်းရဲ့အောက်မှာလည်း စာဖတ်သူတွေအနေနဲ့ comment (ထင်မြင်ချက်)တွေ ၀င်ရေးပေးခဲ့လို့ ရပါတယ်။ အဲဒီအချက်လေးတွေကြောင့် ဘလော့ဂါတစ်ယောက်နဲ့ သူ့ရဲ့ဘလော့ဂ်ကို လာလည်ကြတဲ့သူတွေရဲ့ အကြားမှာ အပြန်အလှန် ဆက်နွယ်မှုလေးတစ်ခု စီးဆင်းနေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ ဒီနေ့ သူ့ရဲ့ဘလော့ဂ်ကို ဘယ်သူများ လာလည်သွားသလဲ၊ ဘယ်သူတွေကများ ဘာတွေများ ၀င်ရေးသွားသေးသလဲ စတာတွေကို ၀င်ကြည့်… ကိုယ့်ကို နှုတ်ဆက်သွားသူတွေကိုလည်း ပြန်နှုတ်ဆက်… စတဲ့ အလုပ်တွေအတွက်နဲ့ ကိုယ့်ရဲ့ဘလော့ဂ်ကို စွဲလမ်းသွားတတ်ကြပါတယ်။ ဒါပေမယ့် ချက်တာတွေ ချက်ရွမ်းကိုစွဲလမ်းပြီး တစ်နေကုန်တစ်နေခမ်း အရေမရအဖတ်မရတွေနဲ့ စခန်းသွားနေချိန်မှာ ဘလော့ဂါတစ်ယောက်က ကိုယ့်ဘလော့ဂ်လေးကိုပြင်ဆင်မွမ်းမံ၊ ရေးချင်တာလေးတွေအသစ်ထပ်ရေး၊ ကိုယ့်ဆီ လာလည်ကြတဲ့သူငယ်ချင်းတွေကို ပြန်လည်နှုတ်ဆက်၊ အခြားကိုယ့်သူငယ်ချင်းတွေရဲ့ဘလော့ဂ်ကိုလိုက်လည်နဲ့ ကိုယ့်အတွက်လဲ အကျိုးမယုတ် သူများအတွက်လဲ အကျိုးရှိစေမယ့် အလုပ်တွေကို လုပ်နေတာ သေချာယှဉ်ကြည့်တဲ့အခါ တော်တော်လေးကိုကွာနေတာ တွေ့ရပါတယ်။

ချက်တာ (Chatter) တစ်ယောက်နဲ့ ဘလော့ဂါ(Blogger)တစ်ယောက် အဲဒီ့လို အဲဒီ့လို သူကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ကွာခြားချက်တွေရှိနေတာမှန်ပေမယ့် … တကယ်တမ်း အင်တာနက်ကို ထဲထဲဝင်ဝင်သုံးစွဲနေကြတဲ့ လူငယ်တွေများစွာထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ ချက်တာ(Chatter) တွေပဲဖြစ်နေတာကို ၀မ်းနည်းစွာပဲတွေ့မြင်ရပါတယ်။ အခုဆိုရင် နိုင်ငံတစ်ကာက မြန်မာဘလော့ဂါတွေရဲ့အရေအတွက်ဟာ ၅၀၀ ကျော်လောက်ရှိလာပြီလို့ ခန့်မှန်းရတဲ့အတွက် တကယ်တမ်းလူဦးရေနဲ့ ယှဉ်ကြည့်တဲ့အခါ အင်မတန်မှကိုနဲနေသေးတာကို တွေ့ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖြစ်စေချင်နေတဲ့ ဆန္ဒကတော့ Chatting လောကကြီးထဲကို အင်တိုက်အားတိုက်နဲ့ပျော်ဝင်နေကြတဲ့ လူငယ်တွေအနေနဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘ၀ကိုကူးပြောင်းစေချင်တာပဲဖြစ်ပါတယ်။ ဘလော့ဂ်ရေးတဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘ၀ကို မရောက်သေးရင်တောင် ဘလော့ဂ်တွေလိုက်ဖတ်တဲ့ Blog Reader ဘ၀က ချက်တာတစ်ယောက်ရဲ့ ဘ၀ထက် ပိုမိုပြီး အကျိုးများနိုင်မယ်ထင်ပါတယ်။ မြန်မာဘလော့ဂ်တွေကို www.google.com က Goggle Search Engine မှာ Zawgyi-One Font နဲ့ရိုက်ထည့်ပြီးရှာကြည့်လို့ရပါတယ်။ နောက်ပြီး မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို တတ်နိုင်သလောက်စုစည်းထားတဲ့ ဆိုဒ်လေးတွေကို ညွှန်းရမယ်ဆိုရင်တော့ www.mmblogdirectory.blogspot.com, www.myanmarblogsdirectory.blogspot.com, www.myanmarblogdirectory.blogspot.com , www.myanmar-music.com/myanmarmusic/blogs.aspx , စတဲ့ နေရာလေး တွေပဲဖြစ်ပါတယ်။ ဘလော့ဂါတွေဟာ သူတို့ရဲ့ဘလော့ဂ်တွေမှာ အခြားသော ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေနဲ့ လင့်ခ်ချိတ်ထားတဲ့အတွက် အဲဒီ့ လင့်ခ်တွေကနေတဆင့်လဲ သွားရောက်ဖတ်ရှုနိုင်ပါသေးတယ် …။ လူငယ်တွေအားလုံး ချက်တာ ဘ၀ကနေ ဘလော့ဂါဘ၀ကို ကူးပြောင်းနိုင်ကြပါစေဗျာ …။

ကိုနေဘုန်းလတ် (http://nayphonelatt.blogspot.com) Blog မှကူးယူထားပါသည်။

Thursday, November 20, 2008

ကျော်ဖြတ်ရုံပဲ

ခုချိန်မှာ ရည်ရွယ်ချက်တွေပြည့်ဝဖို့အတွက် စင်ကာပူဆိုတဲ့ ကျွန်းပေါ်ကို ရောက်ရှိနေခဲ့တာ (၇) လ ကျော် (၈) လ ထဲကို ရောက်နေခဲ့ပြီ .. အိမ်မက်တွေ လက်တွေ့ဖြစ်ဖို့ ဆန္ဒတွေကို ချိုးနှိမ်ထားရတယ် .. မျှော်လင့်ချက်တွေ အရောင်တောက်ဖို့ ရင်ခုန်သံတွေကိုဖုံးဖိထားခဲ့တယ် ..
လူရယ်လိုဖြစ်လာကတည်းက တစ်ခုလိုချင်ရင် တစ်ခုကိုတော့ပေးဆပ်ရစမြဲပဲ ..
ဘာပဲဖြစ်ဖြစ် ထိုက်တန်ပါတယ်လေ ..
အခုအရှုံးတွေရင်ဆိုင်နေရတယ်ဆိုရင်တောင် ငါဟာ အရှုံးထဲက သင်ခန်းစာယူတတ်ရမယ် .. ဒါမှ အရှုံးပေါ် အရှုံးထပ်မဆင့်မှာ .. တတ်နိုင်သလောက် အမြတ်ထွက်အောင်လုပ်ရမယ် ..
ဘ၀ဆိုတာတိုက်ပွဲပဲတဲ့ .. လူတိုင်းလဲ ရင်ဆိုင်နေရတယ် .. ငါဘာလို့ရင်မဆိုင်နိုင်ရမလဲ .. ကြုံတွေ့ရသမျှ အပြုံးနဲ့ ကျော်ဖြတ်နိုင်ရမယ် .. ခုအခက်အခဲဟာ တစ်ချိန်ကျရင် ရယ်မောစရာဟာသဖြစ်နေမှာပါ ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...