Showing posts with label ဖြစ်သမျှအလွဲများ. Show all posts
Showing posts with label ဖြစ်သမျှအလွဲများ. Show all posts

Saturday, November 6, 2010

၂၀၁၀ အိမ်အပြန်

သိပ်မကြာခင် ကာလတခုမှာ ရန်ကုန်ကို အလည်ခဏ ပြန်ခဲ့ပါတယ် .. ရန်ကုန်မြေက ကိုယ်နဲ့ စိမ်းမသွားသလို မိသားစု ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကလည်း နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ပါတယ် .. အချိန် သိပ်နည်းလွန်းပေမယ့် ပျော်ရွှင်ခဲ့ရတာပါပဲ .. အချိန်လုပြီး သွားလာနေရင်းက ရယ်မောနေခဲ့ရပါတယ် .. အဲ .. မရီနိုင်တဲ့ အချိန် မပျော်နိုင်တဲ့ အချိန်ကတော့ လေဆိပ်ရဲ့ အ၀င်နဲ့ အထွက် အချိန်လေးပါပဲ ..

လူတိုင်း ကြုံရမှာပါ .. ရန်ကုန်လေဆိပ်က ၀န်ထမ်းတွေရဲ့ ကြိုဆိုပုံ ..

ဒီတခေါက် ရန်ကုန် ခဏပြန်ရတာ ခဏဆို ဆိုသလောက် အတော် စိတ်ကသိကအောက်ဖြစ်ရတဲ့ အဖြစ်တွေ ကြုံရပါတယ် ..

ရန်ကုန်လေဆိပ်ကိုရောက်ပြီဆိုရင်ပဲ ကိုယ့်ကို လာကြိုနေမယ့် အဖေ အမေနဲ့ သူငယ်ချင်းတွေရဲ့ ပုံရိပ်ကို ကာဆီးထားတဲ့ မှန်တွေကြားက လိုက်ရှာဖြစ်ပါတယ် .. ဟော တွေ့ပါပြီ .. ပျော်ရွှင်စွာနဲ့ လက်ပြနှုတ်ဆက်နေတဲ့ အဖေနဲ့ အမေ .. ကိုယ့်စိတ်ကလည်း အမြန်ဆုံးသာ အပြင်ကို ထွက်ချင်နေတော့တာပေါ့ .. ကိုယ့် ပတ်စ်ပို့ထဲမှာလည်း ၁၀တန်လေးက ငြိမ်ငြိမ်သက်သက်နဲ့ ပါလာလေရဲ့ ..

စပြီး တန်းစီပါပြီ .. လ၀က ကို ဖြတ်ဖို့ပေါ့ .. စစ်ဆေးမယ့် လူကြီးရဲ့ အခြေအနေကို ကြည့်လိုက်တာ သိပ်တော့ အခြေအနေ မဟန်ဘူးလို့ ထင်လိုက်ပါတယ် .. မျက်နှာကို တွေ့မိရုံနဲ့ ပါဝါပြမယ့်ပုံ ပေါက်နေလို့ပါ .. ဒါပေမယ့် မတတ်နိုင်ဘူးလေ .. ဒီနေရာကို ဖြတ်မှသာ ကိုယ်လိုရာကို ရောက်မှာကိုး .. တန်းစီနေရင်း နောက် ဂိတ်ပေါက်တခုပါ ထပ်ဖွင့်ပြီး ဒီဘက် လာကြ ဒီဘက် လာကြဆိုတော့ ကိုယ်လည်း အပြေးလေး သွားတန်းစီလိုက်ပါတယ် .. ကိုယ့်ရှေ့မှာ လူက ၃ယောက်လောက်ရှိပါတယ် .. ဒီလိုနဲ့ စိတ်ကို ရှည်ရှည်ထားရင်း တရွေ့ရွေ့ ကိုယ်က ထိပ်ဆုံးရောက်သွားပါတယ် .. ရှေ့က လူ ပြီးတော့ ကိုယ့်အလှည့်ထင်ပြီး သွားမယ်အလုပ်မှာ ခဏနေဦး .. စပယ်ရှယ် ရှိတယ် တဲ့ .. စပယ်ရှယ် ၃ယောက် ရှေ့ထွက်လာပါ တဲ့ .. ဟော ကိုယ့်နောက်က လူ သုံးယောက်က ရှေ့တက်သွားပါလေရော .. အင်း .. ဒါလည်း အတွေ့အကြုံတမျိုး ယူတတ်ရင် ပညာရပါတယ် .. :P

ကဲ တကယ်ပဲ ကိုယ့်အလှည့် ရောက်လာပါပြီ .. စာရွက်တွေပြ လိုတာတွေပေးပြီး အခွန်စာရွက် ဆောင်ထားတာကို မေ့ခဲ့ပါတယ် .. ယူဖို့ လုံးဝကို သတိမရတာပါ .. :D .. ဒါပေမယ့် ငွေမျက်နှာ တယ်ကြီးသကိုး .. ရှေ့လူတွေလောက်တော့ အဟောက်မခံလိုက်ရပါဘူး .. ဒါပေမယ့် ဒီဖောင်း လုပ်ဖို့မှာ ထပ်တစ်ပြန်ပါတယ် .. တပတ်အတွင်း အ၀င်အထွက်လုပ်ရင် ဒီဖောင်းမလို လို့ ဒီမှာ ကြားခဲ့တော့ မေးလိုက်မိပါတယ် .. သေချာအောင် .. အဲဒီမှာ တခါ လက်ချာ ထပ်ရိုက်ခံရတယ်ပေါ့ .. ဒီက လူတွေ အမှတ် မှားနေပါတယ်တဲ့ .. ၁ရက်ပဲ ကိုယ့်မြေကို နင်းနင်း ၂ရက်ပဲ နင်းနင်း ဒီဖောင်းလိုပါသတဲ့ .. ပြီးတော့ လိပ်စာကဒ်တကဒ် ထုတ်ပေးပါတယ် .. အဲဒီမှာ သွားလုပ်ပါတဲ့ .. ဒါ အတတ်နိုင်ဆုံးကူညီလိုက်တာပါတဲ့ .. ကျေးဇူးတင်ဖို့ ကောင်းပါတယ် .. :P .. ဒီလိုနဲ့ ယူစရာရှိတာ ယူပြီး အိတ်တွေရွေးဖို့နေရာကို သွားပါတယ် .. ပစ္စည်းတင်ဖို့ လှည်းရှာတာ မတွေ့ပါ .. ဒီလိုနဲ့ အထုပ်တွေအရင် ဆွဲချလိုက်ပါတယ် .. ပြီးတော့ လှည်းရှာပုံတော် ထွက်ပါတယ် .. ဘုရားစူး မတွေ့ပါ .. တယောက်ယောက်မေးဖို့ လိုက်ရှာတော့ ယူနီဖောင်းနဲ့ ခန့်ခန့်ကြီးရပ်နေတဲ့လူ တွေ့ပါတယ် .. သွားမေးပါတယ် .. ပြန်ပြောတာကတော့ .. လှည်းလား .. အင်း .. ကုန်ပြီထင်တယ် အစ်မ .. တဲ့ .. တော်တော် အံ့သြစရာကြီးပေါ့ .. လေယာဉ်ကွင်းမှာ ပစ္စည်းသယ်တဲ့ လှည်း ကုန်သွားသတဲ့ .. ဒီလို ခေတ်မှီ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံတကာ အဆင့်မှီ လေဆိပ်ကြီးပါ ..း)

အထက်ပါ အဖြစ်အပျက်ကတော့ ရန်ကုန်လေဆိပ်ကြီး ၀န်ထမ်းတွေ နွေးထွေးစွာ ကြိုဆိုလိုက်ပုံပါပဲ ..

ခု ဆက်မှာကတော့ ရန်ကုန်မြို့ပြကြီး အကြောင်းပါ ..

ချိုင့်တွေ ခွက်တွေ ပေါများတဲ့ လမ်းမတွေ .. ပင်ပန်းနွမ်းနယ်စွာနဲ့ သွားလာ လှုပ်ရှားနေတဲ့ မြို့ပြ လူထု .. မြို့နယ်တိုင်းမှာ ဆိုင်းဘုတ်တွေပေါ် နေရာယူနေကြတဲ့ မဲပေးခံ ပုဂ္ဂိုလ်များရဲ့ ပုံများ .. အဲ မီးတော့ လာနေတယ် .. :D .. မိုးမရွာပါ .. ကြေးအိုးတစ်ပွဲ ၃၀၀၀ လောက် ဖြစ်နေပြီလို့လည်း သူငယ်ချင်းတွေ ပြောကြတယ် .. တချို့နေရာတွေပါ (မသောက်ဖြစ်ခဲ့ပါ) .. သြော် ရောက်တဲ့ အချိန် အင်တာနက် သုံးမရပါ .. ရွှေတိဂုံဘုရားကြီးပေါ်မှာတော့ လူတွေ စည်ကားနေတာပါပဲ .. မဲဆွယ်တယ်ဆိုပြီး စာရွက်တရွက် အိမ်ပေါ်ရောက်လာတယ် .. ဒါနဲ့ ဖေကြီးကို မေးလိုက်မိတယ် .. ဒီလူကြီးက ဘာတွေလုပ်လို့ ထောက်ခံမဲပေးရမှာလဲလို့ .. ဖေကြီးက ပြန်ဖြေပါတယ် .. သူလည်း မသိဘူးတဲ့ .. တအိမ်လုံးက လူတွေလည်း သိတဲ့ ပုံ မပေါ်သလို စိတ်ဝင်စားသူလည်း အတော်နည်းပါတယ် .. ဆိုင်ရာ လူတွေက လွဲရင်ပေါ့ .. အင်းး .. စိတ်မကောင်း ဖြစ်မိတာက လူတွေရဲ့ ညှိုးငယ်တဲ့ မျက်နှာနဲ့ မွဲခြောက်ခြောက် ကိုယ်ရောင်ကိုယ်ဝါတွေပါပဲ .. ဒါကြောင့်လည်း နားလည်လာတယ် .. အူမတောင့်မှ သီလစောင့်နိုင်လိမ့်မပေါ့ ..

ကဲ တတိယပိုင်း လာပါပြီ .. အပြန်ခရီး လေဆိပ် အတွေ့အကြုံပေါ့ ..

ရန်ကုန်လေဆိပ်ကြီးကို ရောက်တာနဲ့ အ၀င်ဝရောက်တာနဲ့ တယောက်က အနားလာလိုက် .. အစ်မ စင်ကာပူလား .. ၀န်ဆောင်ဖို့ ငှားဦးမလားနဲ့ လာပါတော့တယ် .. ကိုယ်လည်း စိတ်ပေါက်ပေါက်နဲ့ မလိုပါလို့ ပြောလိုက်ပါတယ် .. ဒါပေမယ့်လည်း ရေစက်က ဆုံလာလေတော့ မဗိုက် တယောက်နဲ့ ဆုံပါလေရော .. ကဲ ရှိစေတော့ .. အိမ်ကလည်း လုပ်လိုက်ပါတဲ့ .. မလိုပဲ ကြာနေမှာတွေ မဖြစ်စေချင်လို့ပါ .. အဲ့အစ်မက ဖြည့်စရာစာရွက်ဖြည့်ပေး ဟိုဟာပြော ဒီဟာပြောနဲ့ ကီလိုချိန်တဲ့ဆီရောက်ပါတယ် .. ချိန်ပါတယ် .. ပိုပါတယ် .. ဒါပေမယ့် လျှော်ပါတယ် .. ဒီလိုနဲ့ အပေါ်ထပ်တက်လာပါတယ် .. မမြင်ချင်တဲ့ မျက်နှာတွေ ထပ်မြင်ရပြန်ပါတယ် .. အတော် အကုသိုလ်များပါတယ် .. ဒီလိုနဲ့ တန်းစီပါတယ် .. ကိုယ့်မှာ ဒီဖောင်း မပါပါ .. အင်တာနက်ကျနေတော့ ဒီဖောင်းလည်း လုပ်မရပါ .. ဒါပေမယ့် အ၀င်မှာ သူတို့ ပေးလိုက်တဲ့ ဆိုင်က ချလံ ပါပါတယ် .. မဗိုက်ကလည်း အရင်ဝင်ကြည့်ပေါ့တဲ့ .. မရမှ လူကြီးနဲ့ တွေ့ပါတယ်တဲ့ .. ယုံစားမိတဲ့သူ အမှားပါ .. တကယ်ဆို တတန်းကြီး စီပြီးမှ အစပြန်ရောက်ရတာ အတော် စိတ်လေဖို့ ကောင်းတဲ့ ကိစ္စပါ ..

ကဲ တွေ့ပါပြီ .. လ၀က က အရာရှိကြီးနဲ့ .. ဘယ်မလဲ ဒီဖောင်းတဲ့ .. အမ် .. အင်တာနက် မရဘူးလေ .. သူတို့ ပြောတဲ့ဆိုင်ကို သွားတယ်လေ .. (ပုံမှန် ၃၀၀၀ ကို ၅၀၀၀ ပေးလုပ်ခဲ့ရတာနော်) .. မရပါတဲ့ လူကြီးနဲ့ တွေ့ပါတဲ့ .. လက်မှတ် မပါလို့ လို့ ပြောပါတယ် .. ဘာတတ်နိုင်မလဲ လေ .. ကိုယ်က သွားပတ်သက်မိအောင် နေတာကိုး .. လူကြီးအခန်းကို သွားပါတယ် .. လူကြီး မရှိပါဘူး .. လူလေးတွေပဲ ရှိပါတယ် .. စောင့်ရပါတယ် .. မလာမချင်းပေါ့ .. ကိုယ့်လိုပဲ ဒုက္ခသယ်တွေ တဖွဲဖွဲ ရောက်လာပါတယ် .. အကိုကြီး တယောက်ဆို ကိုယ့်ရှေ့ လေယာဉ်နဲ့ လိုက်ဖို့ပါ .. လူကြီး မရှိတော့ စောင့်နေရပါတယ် .. တော်တော်နဲ့လည်း မလာပါ .. အဲအကိုကြီးက စိတ်ပူလို့ ပြောတော့ မပူနဲ့တဲ့ .. လေယာဉ်က သူတို့ ခွင့်ပြုမှ ထွက်လို့ရတာတဲ့ .. သြော .. တော်တော်ပါဝါ မြင့်ကြတာပဲ .. ဒါကြောင့်မို့ ဒီလို ဒီလို ဒီလိုနိုင်တာပေါ့နော် .. :P

ဒီလိုနဲ့ လူကြီးလာပါပြီ .. ကိုယ့်နောက်မှ လာပေမယ့် ကိုယ့်ရှေ့လေယာဉ်နဲ့လိုက်မယ့် အကိုကြီးကို ဦးစားပေးလိုက်ပါတယ် .. သူ့ပြဿနာက ပတ်စ်ပို့ သက်တမ်း ၆လ မကျန်လို့တဲ့ .. ဒီဖောင်း ပါပါတယ် .. ဒါပေမယ့် ထွက်ခွင့်မပေးဘူးဆိုပြီး ဖြစ်နေတာပါ .. အခွန်ဆောင်တဲ့ စာရွက်တောင်းပါတယ် .. မဆောင်ရသေးဘူးပေါ့ .. ဟုတ်တယ်လေ သက်တမ်းပဲ တိုးရခါနီးပြီ မဆောင်ပဲလဲ နေလို့မရတာ လူတိုင်း သိတဲ့ ကိစ္စ .. ဟင်းး .. ခက်နေပါပြီ .. ဘာညာ ဘာညာနဲ့ ပွားပြီး လက်မှတ်ထိုးပေးလိုက်ပါတယ် ..

ကိုယ့် အလှည့် .. ဘာဖြစ်သလဲဆိုတော့ ကိုယ့်မှာ ဒီဖောင်းမပါတဲ့ ကိစ္စ .. ချလံပါတယ် .. မရဘူးတဲ့ .. အဲ့ဆိုင်က ဖုန်းဆက်ထားမယ်ပြောတယ် ဆိုတော့ မဆက်ဘူးလေတဲ့ .. ဒီတော့ ကိုယ့်ဘက်က ပျက်ကွက်တာမို့ နောက်နေ့မှ ပြန်ပေါ့တဲ့ .. လုပ်ပုံ လုပ်ပုံ .. နောက်ဆုံးတော့လည်း သြ၀ါဒ ခံ .. ပါဝါပြတာ ခံပြီး .. လက်မှတ်ကလေးတခု ရလာပါတယ် .. ကိုယ်လည်း ၀တ်ကျေတန်းကျေ ကျေးဇူးတင်ပါတယ်ပြောမိတော့ .. အိတ်ပါလားတဲ့ .. အမ် .. အိတ်ပါတယ် ဆိုတော့ အဲဒီအိတ်ထဲ ကျေးဇူးတွေ ထည့်ပေးလိုက်မလို့တဲ့ .. များနေတယ်ဆိုပဲ .. အေးလေ သူတို့လိုချင်တဲ့ အဲ့ကျေးဇူးတွေမှ မဟုတ်ပဲ .. အသုံးတည့်တဲ့ ရေပဲ လိုချင်တာ ဟတ်လား .. နောက်ဆုံးတော့ မချိသွားဖြဲနဲ့ အောင်မြင်စွာ ထွက်ခွာလာခဲ့ပါတော့လေသတည်း ပေါ့ ..

ယူတတ်ရင် ပညာရပါတယ် .. သတိထားမိရင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ သိလာတယ်ပေါ့ .. နောက်တခါ မနေနိုင်ပဲ ထပ်ပြန်ရင် နည်းယူရတာပေါ့လေ .. ဒီစာကို ဖတ်မိတဲ့ မသိသေးတဲ့ သတိမေ့နေသူတွေကိုလည်း သတိပေးချင်ပါတယ် ..

ရန်ကုန်ပြန်မယ်ဆိုရင် -
- အခွန်ကို အပ်ဒိတ် ဖြစ်အောင် မဆောင်ထားရင် ၁၀ တန်လေးတွေ ပါပါစေ ..။ (အ၀င်ရော အထွက်ရော)
- မျက်နှာထားကို ပြုံးထားပါ ..။ သူတို့က ဓါတ်ပုံလည်း ရိုက်သေးတယ်လေ ..။
- သယ်စရာ လှည်း မရှိရင် အလွယ်သယ်နိုင်တဲ့ အိတ်မျိုး ဖြစ်ပါစေ ..။
- ရန်ကုန်မြေမှာ ၁ရက် နေနေ ၁နာရီ နေနေ ၀င်ပြီး ပြန်ထွက်ချင်တယ်ဆိုရင်တော့ ဒီဖောင်း ပါရပါမယ် ..။
- ပတ်စ်ပို့ သက်တမ်းဟာ အနည်းဆုံး ၆လ ရှိရပါမယ် ..။
- လေဆိပ်အထွက် ၀င်ဆောင်ခကတော့ ၁ယောက်ကို ၂၀၀၀ စီ ဖြစ်ပါတယ် ..။ လိုက်သယ်ပေးတဲ့လူက ၂၀၀၀ ကဒ်မှာ လိုတာ ဖြည့်ပေးတဲ့ သူအတွက် ၂၀၀၀ ..။ ကီလိုချိန်ပေးသူအတွက် ၂၀၀၀ ဖြစ်ပါတယ် ..။
- အကယ်၍များပေါ့ .. ကိုယ့်မှာ ဒီဖောင်း မပါဘူး ချလံပဲပါတယ်ဆို အချိန်မကုန်ရအောင် လူကြီးခန်းထဲ အလိုက်တသိဝင်ပြီး သြ၀ါဒ ခံလိုက်ပါ ..။

ဆန္ဒလေးပေါ့လေ .. ပြည်သူ့ဝန်ထမ်းမဟုတ်တဲ့ အစိုးရ၀န်ထမ်းတွေ .. မျက်နှာထားလေး ပြင်ပြီး ငါနဲ့ ဆက်ဆံလိုက်တဲ့လူတွေ စိတ်ချမ်းသာ အဆင်ပြေပါစေတော့ဆိုတဲ့ စေတနာလေး ရှိလာရင် တော်တော်ကောင်းမှာပဲ .. နှစ်ဦးနှစ်ဖက် အဆင်ပြေ စိတ်ချမ်းသာရတာပေါ့ ..

ကိုယ့်လိုပဲ ကြုံဘူးကြတဲ့လူတွေ ရှိမှာပါ .. ခုရေးထားတဲ့စာကို ပြန်ဖတ်မိတော့လည်း ဒေါသတွေ ပါနေပါတယ် .. တကယ်လည်း ကိုယ့် မြေ ကိုယ့် ရေ ကို ပြန်ဖို့ အရေး အတော့်ကို စိတ်လေပြီး စိတ်ပျက်လာရပါတယ် .. ဒါပေမယ့်လည်း .. ဒါပေမယ့်လည်း ပေါ့လေ ..

မှတ်ချက် = ပေါက်ကွဲတယ်ပဲ ဆိုချင်ဆို :P

Wednesday, November 18, 2009

ပြောရဦးမယ်

ပြောရဦးမယ် ..

ဟို ကျန်ခဲ့တဲ့ တပတ်က သူငယ်ချင်းတယောက် (သူငယ်ချင်းပဲ ဆိုပါတော့ .. ကိုယ်နဲ့ မခင်ပဲ ဒီကျမှ သူငယ်ချင်းနဲ့ အဖော်လိုက်ပြီး သူငယ်ချင်း ဖြစ်သွားတော့ သူငယ်ချင်းပေါ့နော် .. :P) ရန်ကုန်ကနေ အလည်လာလို့ ဆန်တိုဆာကို လိုက်ပို့ဖြစ်ပါတယ် .. ဆန်တိုဆာကို ရောက်တဲ့ အခေါက်တိုင်း တခါမှ ၀င်ကြည့်ဖို့ စိတ်မကူးခဲ့တဲ့ ရေအောက်ကမ္ဘာကို ၂၂ ကျပ် ပေးပြီး မိုက်မိုက်မဲမဲ ၀င်ကြည့်ဖြစ်ပါတယ် .. :P .. ဂယ်ပါ .. တခါပဲ .. နောက်ဘယ်တော့မှ မသွားတော့ဘူး .. ကံမကောင်းပုံက အဲဒီ လက်မှတ်ဝယ်ရင် လင်းပိုင်ပွဲကို ကြည့်လို့ရတာတောင် အချိန်ကို ငဲ့ကွက်သောအားဖြင့် မကြည့်ခဲ့ရတော့ ပိုလို့ကို မတန်တော့ပါဘူး .. (ပွဲချိန်လွန်သွားခြင်းကို ဆိုလိုပါတယ် ..း()

လှသလားဆိုတော့ မဆိုးပါဘူး .. (မဆိုးဘူးလား ဆိုတော့ နဲနဲတော့ ဆိုးပါတယ် .. အရမ်းလည်းကျဉ်းပြီး စိတ်ထဲ ထင်မိတာက ဘာမှ မထူးဆန်းသလိုပါပဲ .. ဘာမှလည်း မရှိသလိုပါပဲ ..) စိတ်လေပြီး ခေါင်းမူးပြီး ပြန်ထွက်လာပါတယ် .. ကိုယ့်စရိတ်နဲ့ကိုယ် ခေါင်းမူးသွားခံရတာပါ ..

အဲဒီသွားပြီး ပေါ်လာတဲ့ စိတ်ကတော့ ဒီ ပြတိုက်ထဲမှာ ရှိနေတဲ့ သတ္တ၀ါတွေအနေနဲ့ကတော့ သူတို့ သက်တမ်းစေ့ နေသွားနိုင်မလားပဲ .. ဒီလိုဆို ပြင်ပက ချက်စားခံရမယ့် သတ္တ၀ါတွေထက် ကံကောင်းတယ် ဆိုရမလား ..

သူတို့ကိုယ်တိုင်ရော ဒီလိုကျဉ်းကျဉ်းကျပ်ကျပ် ချုပ်နှောင်ခံထားရတာလည်း ကံကောင်းမှုတော့ မဖြစ်နိုင်ပြန်ဘူး .. ဒါကလည်း ၀ဋ်ကြွေး တမျိုး ..

ဟိုတနေ့ကလည်း အဲဒီသူငယ်ချင်းတွေနဲ့ပဲ ပင်လယ်စာ သွားစားဖြစ်တယ် .. ဘူဂစ်မှာပေါ့ .. အဲဒီ လမ်းထဲ ၀င်ဝင်သွားချင်း စိတ်ထဲ ဖြစ်လာတာက အဲဒီမှာ လူတွေကတော့ ပျော်ပါးပြီး စားနေတယ် .. အစားခံရမယ့် သတ္တ၀ါတွေအတွက် ဒီနေရာက ငရဲခန်းပဲ ဖြစ်လိမ့်မယ်လို့ .. အဲဒီနေ့က ပုဇွန်တောင် စားမလာဖြစ်ဘူး .. ဂဏာန်းလည်း အစတည်းက မကြိုက်တတ်ပါဘူး .. စားဖြစ်တာက ရယ်ဒီမိတ် ကြက်သားချောင်း ငါးလုံး အဲဒါတွေပဲ စားဖြစ်တယ် .. သူငယ်ချင်းကတော့ပြောတယ် .. နင်စားပုံနဲ့ မတန်ဘူးတဲ့ .. (ပင်လယ်စာ စားမယ်ဆိုတိုင်း ရတဲ့ ဆိုက်ကိုပါပဲ :D)

ပြောရဦးမယ် ..

မိုးခါး ကျန်ခဲ့တဲ့ တစ်ပတ် တနင်္လာကစပြီး အလုပ်သစ် ၀င်ပါတယ် .. အလုပ်သစ်ဆိုတော့ ထုံးစံအတိုင်း အပိုးကျိုးကျိုးလေးပေါ့ .. :D ကံတရား ကိုယ့်ဘက်မပါပုံများ နောက်မှာ ဒါရိုက်ဘော့စ်က ထိုင်သလို ကင်မရာကလည်း နောက်တည့်တည့်မှာပါ .. ဒီလိုနဲ့ သိပ်မလစ်တော့ လုပ်နေကျ ဘလော့ဂင်းအလုပ်ကို ခေတ္တ ခဏ အရှိန် သတ်ထားရပါတယ် .. (ခိုးပြီး ရေးရတာ ဖီလင်မလာဘူးလေ .. ရေးတဲ့ စာထဲ မျောသွားတဲ့အချိန် သူဌေးမြင်သွား ဒုက္ခ :P) အဲဒါနဲ့ ဒီလိုနဲ့ လစ်ရင်လစ်သလို စာဖတ်လိုက် .. မန့်လိုက် .. ချက်ထဲ အတင်းချလိုက် .. ဒီထက်ပိုလစ်ရင် အပင်လေး ၀င်စိုက်လိုက် .. စားသောက်ဆိုင်ကလည်း ပစ်ထားလို့ မရတော့ ၀င်ထိန်းသိမ်းလိုက်နဲ့ .. ဒီလောက်လေးပဲ လုပ်နိုင်ပါတယ် .. :P (ပြောချင်တာက ဒါကြောင့် စာမရေးဖြစ်သေးတာပါလို့ .. :D)

ပြီးတော့ အလုပ်နဲ့ အိမ်နဲ့ တအားဝေးလို့ အိမ်လည်းပြောင်းရပါတယ် .. (အိမ်တက် မလုပ်ဘူးလို့ ပြောချင်တာပါ .. :P) (နောက်တာ မဟုတ်ပါဘူး .. တကယ်ကို မလုပ်တာ :P) မဟုတ်ရင် မေသူတို့ ဖူလတန် ဆိုပြီး လာအော်မှာဆိုးလို့ :P အခုတော့ ဒီဂလောက်ပါပဲ ..း))

Wednesday, October 28, 2009

ငါ့ကို ချစ်လို့တဲ့

ငါ့ကို ချစ်သတဲ့
ဘာကို ချစ်သလဲ
မင်းက ပြုံးလိုက်ရင် ချစ်ဖို့ ကောင်းသတဲ့

ငါ့ကို ချစ်လို့တဲ့
ဘာလို့ ချစ်သလဲ
မင်းက နားလည်မှု ပေးတတ်လွန်းသတဲ့

ငါ့ကို ချစ်သတဲ့
ဘယ်လောက်ထိ ချစ်မှာလဲ
ပြောတုန်းကတော့ တသက်လုံးပါပဲ

ငါ့ကို ချစ်သတဲ့
ဘာအတွက် ချစ်ပါသလဲ
ဘ၀တလျှောက်လုံး လက်တွဲဖို့ပါတဲ့

ငါ့ကို ချစ်သတဲ့
ဘာဖြစ်လို့ ချစ်ပါသလဲ
ချစ်ဖို့ ကောင်းလို့ ချစ်ပါသတဲ့

ငါ့ကို ချစ်လို့တဲ့
တကယ်နော်လို့ မေးမိတော့
တကယ်ပါ
မင်းက ငါ့အတွက် အကောင်းဆုံးတွေပေးနိုင်တဲ့သူတဲ့

ခုတော့

ငါ့ကို မချစ်တော့ပါတဲ့
ဘာကြောင့်လဲ မေးမိတော့
မင်းဟာ ငါ့အတွက် အကောင်းဆုံး မဖြစ်နိုင်ဘူး
မင်းက ငါ့အပေါ် နားမလည်ဘူး
မင်း အပြုံးတွေနဲ့ ငါ့ကို အနိုင်ယူသတဲ့

အင်း
နောက်ဆုံးတော့လည်း
လေထဲကပြောစကား
လေထဲတွင်ပဲ ပျောက်ကွယ်တတ်ပါလား ..

မြင်ရ ကြားရတဲ့ စုံတွဲတွေကို ကြည့်ပြီး ရေးမိတာပါ .. (ကိုယ်တိုင်လည်း ဘယ်တော့လည်း မသိဘူးပေါ့ .. :P) အချစ်ဆိုတာ ချစ်နေတုန်းတော့ အပြစ်မြင်ရိုး ထုံးစံ မရှိပေမယ့် အချစ်ပြယ်ပြီဆိုရင် ပြစ်ချက် အနာအဆာတွေ လက်ညှိုးထိုး မလွဲအောင် ပေါ်ပေါက်လာရတာတော့တာပါပဲ .. hehe .. တရားပေါက်တဲ့ လေသံနဲ့ :P

Friday, June 19, 2009

လွဲလွဲလေးပဲကောင်းပါတယ် :D


နောက်ကြောင်း ပြန်လှည့်လိုက်ဦးမယ် ..း)

ကျန်ခဲ့တဲ့ တပတ် သောကြာနေ့က မိုးခါးတို့ရုံးခန်းပြောင်းတယ် .. 12-6-09 နေ့ကပေါ့ .. အစက ဆိုက်က Punggol မှာ .. အဲဒီကရုံးခန်းနေရာက ဖျက်ရမယ်ဆိုတော့ တခြားနေရာကို ရှာရင်း Kovan ကို ရောက်သွားပါတယ် .. သောကြာနေ့ကတော့ ပစ္စည်းတွေ သိမ်းဆည်းရွေ့ နေရာချပေါ့ .. ခုရုံးခန်းလေးက တော်တော်ကျဉ်းပါတယ် .. လူလည်း ၇ယောက်ပဲ .. ကျဉ်းတော့ မိုးခါးအတွက် ပြသနာကသိပြီးကြတဲ့အတိုင်း လူကြီး ၃ယောက်ရှေ့ရောက်နေတာပါ .. ခုဒီတပတ်ကတော့ ၁ယောက်က leave ယူထားတာ ပြန်မလာသေးဘူး .. နောက် တနင်္လာဆိုလာပြီ ..း(

သောကြာနေ့ကတော့ ပစ္စည်းတွေ ရွှေ့ဟယ် ပြောင်းဟယ်ပေါ့ .. စနေကတော့ ပိတ်တယ် .. bird park ကိုရောက်သေးတယ်လေ .. တခုမဟုတ် တခုလောက်ဖြစ်ရမှကျေနပ်တတ်တာဆိုတော့ အိမ်ကထွက်ထွက်ချင်း ဘတ်စ်ကားဂိတ်နားမှာ ချော်လဲပါတယ် .. မိုးကရွာတယ်လေ .. ဖိနပ်က အသစ် .. ပဲထုတ်ပြီးသွားတာ ချော်လဲရော .. ထီးလည်းကျိုးတယ် .. ကံမကောင်းပုံများ .. ထူမယ့်လူလည်းမရှိ တယောက်တည်း .. :P

သွားတဲ့နေရာရောက်တော့ တာဝန်က သူတို့လုပ်တဲ့ပွဲကို လာတဲ့လူတွေကို လမ်းညွှန်ပေးရမယ်တဲ့ .. သိဘူးလေ .. ဘယ်လိုလုပ်ရမလဲဆိုတာ .. အဲဒါနဲ့ ရင်ဘတ်မှာ တံဆိပ်ကပ်ထားတဲ့လူတွေကိုတော့ တိုးတိုး တိုးတိုး လိုက်ပြောတယ် .. :P ဟိုဘက်ပါ ဒီဘက်ပါပေါ့ .. နောက်တော့ ခေါင်းဆောင်ကရောက်လာတယ် .. အော်လိုက်တာ .. သူက ယောကျားလေးဆိုတော့ အသံက ကျယ်တယ်လေ .. "Blood Donar this way pls" ဆိုပြီးအော်ရော .. သြော် .. ဒီတော့မှ သိတယ် .. ဒီလိုလုပ်ရပါလားပေါ့ .. ဒါနဲ့ သူလုပ်သလိုလိုက်လုပ် .. လိုက်အော်ရတာပေါ့ .. ပထမပိုင်းက တော်တော်အော်နိုင်တယ် :D .. နောက် ရေတဗူးလည်းကုန် .. အော်နိုင်တော့ဘူး .. လည်ချောင်းတွေ နာလာရော .. ဒါနဲ့ နေ့လည်ကျ မှိန်းနေလိုက်တယ် .. :P .. မနက်ပိုင်းပဲယူထားတော့ နေ့လည်ကျ ပြန်လစ်တယ်လေ .. အတွေ့အကြုံတော့ရတာပေါ့ .. သူတို့ဘာလုပ်လဲ သိသွားတာပေါ့ ..


တနင်္ဂနွေကတော့ ထုံးစံအတိုင်း ဟိုလုပ်ဒီလုပ်နဲ့ တရက်ကုန်ရော ..

တနင်္လာရုံးပြန်တက်တော့ မဖောက်ရသေးတဲ့ ဗူးတွေဖောက် .. ပစ္စည်းတွေ နေရာချ .. နေ့လည်လောက်ကျတော့ အင်တာနက်ကရပြီ .. ဒါပေမယ့် မတက်နိုင် .. (ခုတောင် ခေါင်သူကြီးဆိုက်ထဲသွားလို့ ဘလော့ဂင်းနိုင်တာ .. ပန်ပန်ရေ ငါထပ်ပြောတော့ ဘာဖြစ်လဲ :P)

ဒီမနက်လည်း ကိုယ်က ကော်ရရှင်တိပ် လိုချင်လို့ အနောက်ခန်းထဲသွားယူတယ် .. တခါတည်းဖောက်ပြီး အမှိုက်ပစ်ခဲ့မယ်ပေါ့ .. ဖောက်နေတာ .. လူဝင်လာတော့ တူတူအလုပ်လုပ်တဲ့ မြန်မာအကိုကြီးထင်လို့ မော့မကြည့်ပဲစကားလှမ်းပြောတာ ခေါင်သူကြီးဖြစ်နေတယ် .. သူက ဟင် တဲ့ .. ဒီတော့မှကြည့်တော့ ခေါင်သူကြီး .. ဒီတော့ ဟီးဟီးပေါ့ .. ငါလူမှားသွားတယ်ပြောရတယ် .. :P

တခါလည်းဖြစ်ပြီးပြီ .. ကိုယ်က ပရင့်ထုတ်မလို့ .. ပြင်နေတာ word မှာ .. စာတွေကို adjust လုပ်နေတာ .. ယောင်ပြီး ပရင့်ကိုနှိပ်မိရော .. စာတွေက ၀ရော ၀ရောနဲ့ ထွက်လာရော .. ဒီချိန်မှာပဲ ခေါင်သူကြီးကလည်း ပရင့်ထုတ်တယ် .. သေရော .. ခိုးလုပ်တာ မိတာပဲ .. :P .. ဘာတွေလဲတဲ့ .. အော်တိုကဒ်လေ့ကျင့်ခန်းတွေလို့ .. မြန်မာလိုရေးထားတာလို့ .. လျှောက်ပြောရတယ် ..း( .. ကိုသပသ စာတွေပေါ့ .. စွန့်စွန့်စားစားကိုထုတ်လိုက်ရတယ် .. တိုးလည်းတိုးတတ်ပါတယ် .. :P

ခုလည်းလာပြန်ပြီ .. ရုံးခန်းက ၈ထပ်မှာ .. ရုံးခန်းတွေချည်းပဲ .. သူတို့အကုန် စနေဆို ပိတ်တယ် .. မိုးခါးတို့က တပတ်ခြား စနေ အိုတီဆင်းရတယ်လေ .. ဒီတပတ်မိုးခါးအလှည့် .. စနေအိုတီလာရင် တတိုက်လုံး မိုးခါးတယောက်တည်းနေရမှာတဲ့ .. အစတည်းက သရဲမကြောက်တတ်ဘူးဆိုတော့ ..း( .. မသွားဘူး ဆုံးဖြတ်ထားတယ် .. လာရင် တီချမ်းက ဒေါ်နွေးကို လွှတ်ဦးမှာ .. :P

ခုတလော စင်ကာပူမှာနေကြတဲ့ ဘလော့ရေးသူတွေ ကံနိမ့်နေတယ်ထင်တယ် .. ဟိုကကြားလဲ ကွဲပြန်ပြီ .. ဒီက ကြားလဲကွဲပြန်ပြီ .. တခုခုတော့ တခုခုပဲ .. ကံမြင့်အောင် ယတြာခြေမှထင်တယ် .. အားလုံးနဲ့ ချစ်သူတွေနဲ့ ပြတ်ကြဆဲကြ .. (ပြတ်တာတော့ဟုတ်ပါပြီ .. ဆဲတာဘာလဲလို့တော့ ကပ်သပ်မမေးနဲ့နော် .. သူများတွေသုံးသလိုပဲ သုံးလိုက်တာ .. :D) ယတြာကောင်းရင် မင်းလောင်းတောင် ဖြစ်တယ်မှုတ်လား .. :P

ကိုလူထွင်းကြီးလွှတ်လိုက်တဲ့ ဗိုင်းရပ်စ်ကြောင့်လားတော့မသိဘူး .. စင်ကာပူက ဘလော့ရေးသူတွေ အထိနာနေကြတယ် .. ဒါတောင် လေပဲရှိသေးတယ် .. :P ..

ဒါနဲ့ စကားမစပ် ဒီနေ့မနက်က မေလေးနဲ့စကားပြောဖြစ်တယ် .. ဟဲဟဲ ခေါင်းစဉ်ကတော့ ယောကျာ်းလေးတွေမကောင်းကြောင်း .. :P .. ဒါနဲ့အပျိုကြီးလုပ်ကြမယ်လို့ လောလောဆယ်ပြောထားတယ် .. အတည်တော့မပြုရသေးဘူး .. ဒါက အခြေအနေအရပေါ့နော် .. :D ..

ခု အခြေအနေပေးလို့ ရေးချင်ရာရေးပြီး တင်လိုက်ပါတယ် ..း)) .. သည်းခံဖတ်ကြပါကုန် .. မရေးစေချင်ရင်တော့ ခေါင်သူကြီးဆိုက်ထဲမသွားပါစေနဲ့ ဆုတောင်းကြပါကုန် .. :P

အားလုံးကို ခင်မင်စွာဖြင့်

Wednesday, May 20, 2009

အနာ နဲ့ ဆေး

လူတိုင်းကိုနားလည်မပေးနဲ့ ..
တကယ်လည်း နားမလည်ပဲနဲ့ ..

အကုန် သိတယ် တတ်တယ် မထင်နဲ့ ..
ခုသိတယ်ဆိုတာ ပါးပါးလေးရယ် ..

ကူညီပေးချင်တယ် ??
ဘယ်လိုအင်အားနဲ့ ကူမှာလဲ ..
ပါးစပ်နဲ့ ကူတာလောက်တော့ လူတိုင်းလုပ်နိုင်ပါတယ် ..

ကိုယ်ပေးချင်တာ ဖြေဆေးတခွက်ပါ ..
အဆိပ်ကို အဆိပ်နဲ့ ဖြေတဲ့ ဖြေဆေးတော့ မဖြစ်စေနဲ့ ..

ဆေးဆိုတာလဲ တည့်တဲ့လူ မတည့်တဲ့လူရှိသေးတယ်လေ ..
မတည့်တဲ့ဆေးပေးမိရင် စေတနာ ဝေဒနာဖြစ်လိမ့်မယ် ..

ဆုံးဖြတ်ပြီးပြီလား ??..
ဒါဆို နောက်လှည့်မကြည့်နဲ့တော့ ..

ထားခဲ့လိုက်ပါ ..
အရာရာက လွမ်းစရာကို မရှိဘူး ..






Wednesday, April 22, 2009

ဗြုတ်စဗျင်းတောင်း

ကျမက တော်တော်ကြောက်တတ်ပါတယ် .. ကြောက်တဲ့အရာတွေကလည်း ခပ်များများရယ် .. သရဲဆိုလည်းကြောက် .. အကောင်ဗလောင်ဆိုလည်းကြောက် .. ရန်ကုန်မှာမိုးရွာလို့ တီကောင်တွေမြင်ရင်တောင်ကြောက်တတ်တယ် .. ပိုးဟပ်မြင်ပြီဆိုလည်း ဘယ်နားပြေးရှောင်ရမှန်းကမသိ .. ကိုယ်ကပြေးလိုက်ပြီဆိုတာနဲ့ ဘာဓါတ်လဲမသိဘူး .. ပိုးဟပ်က ကိုယ်ပြေးတဲ့ဘက်လိုက်ပြေးတာလည်း အခေါက်တိုင်း .. ကိုယ်ကကြောက်လို့ လွတ်တဲ့ဘက်ပြေး .. သူကကြောက်လို့ကိုယ့်ဘက်လိုက်ပြေး အိုး ရှုပ်ရှက်ကိုခပ်နေတာ .. တယောက်တည်းနဲ့ .. အကောင်ဆို သေးသေးလေးကအစ အကြီးကြီးထိကြောက်တယ် .. အိမ်မွေးတိရစ္ဆာန်တွေကိုတော့ မကြောက်တတ်ဘူး .. ချစ်ချင်တဲ့အချိန်ချစ်တယ် .. (စိတ်က အစိုးမရတာလေ ..) ချစ်ဖို့ကောင်းတဲ့အချိန် ကိုယ်စိတ်ကြည်နေတဲ့အချိန်ဆို ကြောင်တွေခွေးတွေကို ပွတ်သီးပွတ်သတ်လုပ်သလောက် စိတ်မထင်ရင်မထင်သလိုလည်း ဖြစ်ညစ်တတ်သေးတယ် ..

သရဲဆိုတာကိုတော့ဘာလို့ရယ်မသိဘူး .. တွေးတွေးပြီးကိုကြောက်တာ .. မေကြီးကပြောတယ် .. သမီးအရင်က မကြောက်တတ်ပါဘူးတဲ့ .. ဟုတ်တယ် အရင်က မကြောက်တတ်ဘူး .. ခုနောက်ပိုင်းမှကြောက်တတ်လာတာ .. ရန်ကုန်မှာတုန်းက သူငယ်ချင်းတယောက်က အမြဲတမ်းသရဲကားယူယူလာတယ် .. အဲဒါကို ကြည့်ကြည့်ပြီး နောက်ပိုင်းကြောက်တတ်သွားတာ ..

သူယူလာတာ သရဲကားက နိုင်ငံပေါင်းစုံက .. တခြားသူငယ်ချင်းတွေကလည်းပေးတယ် .. ဂျပန်သရဲကားတွေရော ကိုရီးယားသရဲကားတွေရော .. သူတို့ကြည့်တော့ ကိုယ်လည်းကြည့်ချင်တာပေါ့ .. ကြည့်ပြီးရင် ရေမချိုးရဲဘူး .. ရေချိုးခန်းဝမှာ တယောက်ကိုစောင့်ခိုင်းပြီး အထဲက တချိန်လုံးအော်နေတာ .. အဲလိုသတ္တိကကောင်းတယ် ..

သရဲတွေကလည်း ခြောက်ပုံခြောက်နည်းကအစုံ .. ရေထဲကထွက်လာလိုက် .. ဓါတ်လှေကားကထွက်လာလိုက် .. ရေပန်းက သွေးတွေကျလိုကျ .. ဟင်း .. ကြည့်ပြီး တွေးတွေးကြောက်တာ .. မျက်နှာသစ်နေတုန်း မျက်လုံးလဲဖွင့်လိုက်ရော ကိုယ့်မျက်နှာရှေ့တည့်တည့်မှာ ကိုယ့်ကိုရီပြီးကြည့်နေမလား .. မှန်ကြည့်တုန်း ကိုယ့်နောက်က ပေါ်လာမလား .. ကုတင်အောက်ပဲရောက်နေမလား .. ကြောက်လိုက်ရတာ .. တရေးနိုး ကုတင်အောက် ခြေထောက်တောင် မချရဲဘူး .. မဖြစ်မနေထရရင်လည်း ခြင်ထောင်ထဲ အမြန်ဒိုင်ဗင်ပစ်ဝင်တာ .. အဲလိုဖြစ်တယ်ဆိုတော့ သူငယ်ချင်းတယောက်ကမေးတယ် .. နင်က အခြောက်ခံဘူးလို့လားတဲ့ .. အခြောက်သာခံရရင် ငါ့ကိုဒီလိုတောင်မြင်ရတော့မှာမဟုတ်ဘူးလို့ပြောလိုက်တယ် .. သတ္တိကောင်းပုံများ .. :P

ငမန်းကား မိကျောင်းကားတွေကိုလည်းသိပ်ကြိုက်တာ .. ကြည့်ပြီးတွေးကြောက်တာပဲ .. အုတ်ကန်ထဲ ရေခွက်နဲ့ရေခပ်နေတုန်း ဘွားဆိုပေါ်လာမလား .. ကိုယ့်လက်ကိုပဲ လှမ်းဆွဲမလား .. တွေးမိတော့လည်းရီချင်တယ် .. :D တကယ်က အိမ်က အုတ်ကန်ကဖြင့် သေးသေးလေး ..

လူသတ်များကြည့်ပြီးရင်တော့ သွေးသံရဲရဲတွေကို အိမ်မက်ထဲထိမြင်ပြီး ကောင်းကောင်းအိပ်လို့မရ .. အဲဒီလူသတ်ကားနေရာမှာလဲ ၀င်ပြီးခံစားလိုက်သေးတယ် .. ကိုယ့်နောက်က လိုက်လို့ ပြေးပြေး .. ပုန်းစရာနေရာရတော့ ကိုယ်ကပုန်းနေတာပေါ့ .. လူသတ်သမားကြီးက ခြေသံပေးပြီးလျှောက်လာ .. ကိုယ့်ဘက်ကို သူကမမြင် .. ကိုယ်က စိတ်ချရပြီထင်တော့မှ သူက ကိုယ့်ဘက်ကို ဗြုန်းကနဲလှည့်ကြည့် .. အိုး တွေးတွေးကြောက်လိုက်ရတာ အစုံပါပဲ ..

ဒါတွေအကုန် အတုတွေအစစ်အမှန်မဟုတ်ဘူးဆိုတာသိသိကြီးနဲ့လည်း တွေးကြောက်တာပဲ .. သေချာတွေးမိရင်တော့ ရီရတယ် .. တကယ် တယောက်တည်းနေရပြီဆိုရင်တော့ ရေချိုးခန်းထဲတောင်မ၀င်ရဲဘူး .. :P

အင်္ဂလိပ်ကားမပြောနဲ့ ကိုယ့်မြန်မာပြည်က မြန်မာမင်းသားမင်းသမီးတွေ မြင်နေကျလူတွေရိုက်တဲ့သရဲကားတွေတောင် သေချာမကြည့်ရဲဘူး .. သရဲဆိုတာနဲ့ စိတ်က အလိုလို ကြောက်စိတ်ဖြစ်မိနေတာဖြစ်မယ် .. ကိုယ်သာ မကြည့်ရဲတာ ရှေ့ဘာဖြစ်မယ်ဆိုတာတော့ သိပ်သိချင် .. လူ့စိတ်များခက်လိုက်တာ .. ရှေ့လျှောက်လည်း ဆက်ကြောက်နေမိဦးမယ်ထင်တယ် .. သရဲကား လူသတ်ကားလည်း ကြုံရင်ကြုံသလို ကြည့်မိနေဦးမှာ .. တယောက်တည်းတော့မဟုတ်ဘူး .. အဖော်ကောင်းရင် .. :D




Tuesday, March 10, 2009

ကျမဖြစ်အင်

မနက်မိုးလင်း အိပ်ရာထတာနဲ့ သတိရမိတယ် .. စားဖို့သောက်ဖို့ဘာရှိလဲ လှန်လှောကြည့်ဖို့ကိုပေါ့ .. (ဗိုက်ဆာတာကိုး .. :P)

တစ်ခါတစ်လေ အလုပ်လုပ်နေရင်းကိုသိပ်လွမ်းတာ .. အိမ်က အိပ်ရာလေးကိုပေါ့ .. အိပ်ငိုက်တာကိုး (အချိန်တိုင်းတော့ မဟုတ်ပါဘူး .. ထမင်းစားပြီးခါစကိုပြောပါတယ် ..:P)

မိုးတွေရွာပြီဆိုလည်း သတိရတတ်သေးတယ် .. အိမ်မှာကျန်ခဲ့တဲ့ ထီးလေးကိုပေါ့ .. (ကျမက ထီးကိုင်ရမှာပျင်းသလို မေ့ချင်ယောင်ဆောင်ပြီး ထားထားခဲ့တတ်တယ် .. :D)

တခါ တခါကျလည်း လမ်းသွားရင်း နောင်တရတတ်သေးတယ် .. ဒေါက်ဖိနပ်ကြီးတကားကားနဲ့ ဒုက္ခဖြစ်နေပြီဆိုရင်ပေါ့ .. (ဒေါက်ဖိနပ်စီးရတာကြိုက်တယ် .. လမ်းလျှောက်တာများရင် တရွတ်တိုက် ဆွဲချင်လောက်အောင် ညောင်းတယ် ..းP)

တခါတလေကျတော့လည်း စိတ်ထဲက အသည်းအသန်ကြိတ်ဆုတောင်းရသေးတယ် .. သူမြန်မြန်လာပါစေလို့ ပေါ့ .. (အိပ်ရာထနောက်ကျပြီဆိုရင် စီးနေကျကား လွတ်သွားတဲ့အခါ နောက်ထပ် ၁၀ မိနစ် ၁၅ မိနစ်စောင့်ရပြီဆို လာကြိုမယ့် ဖယ်ရီလွတ်ပြီလေ .. :P)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...