Thursday, June 9, 2011

၂၀၁၁-၁၂ ပညာသင်နှစ်​​​အတွက် ပညာသင်စရိတ် ထောက်ပံ့မှု့ အစီအစဉ်

အရင်နှစ်ဒီလိုအချိန်မှာ ကျမတို့ နီးစပ်ရာ မောင်နှမတွေစုပြီး ကိုယ်တတ်နိုင်သလောက်လေးနဲ့ မြန်မာနိုင်ငံက ကျောင်းသား/ သူ လေးတွေအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးဖြစ်ခဲ့ပါတယ် .. ကုသိုလ် နှင့် Lotus ဖောင်ဒေးရှင်းက တဆင့်ပါ ..

မူလတန်း ၅ယောက်၊ အလယ်တန်း ၂ယောက် နဲ့ အထက်တန်း ၅ယောက်၊ စုစုပေါင်း ကျောင်းသား/သူ ၁၂ ယောက် ဖြစ်ပါတယ် .. အဲဒီထဲမှာ ၁၀တန်းကလေး ၄ယောက်ပါပါတယ် .. ကျန်ခဲ့တဲ့ စနေနေ့ ၄-၆-၂၀၁၁ မှာ ၁၀တန်း အောင်စာရင်းတွေ ထွက်တော့ ၂ယောက်အောင်ပြီး ၂ယောက်ကတော့ မအောင်ပါဘူး .. အောင်တဲ့ထဲက ၁ယောက်က ဂုဏ်ထူး ၂ခု ပါပါတယ် .. ဒါက မိုးခါးတို့ မောင်နှမတွေရဲ့ စာရင်းပါ ..

၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် မူလတန်း အလယ်တန်းနဲ့ ၉ တန်း ကျောင်းသား/သူတွေကို ကုသိုလ် နှင့် Lotus ဖောင်ဒေးရှင်းက စုစုပေါင်း ထောက်ပံ့ခဲ့သူ ၄၉၇ ယောက်အနက်မှာ ၃ ယောက်ကျ၊ ၃ ယောက်မဖြေ ၊ စုစုပေါင်း- ၆ ယောက်အကျ ရှိပါတယ်။

၁၀တန်း အောင်စာရင်း အနေနဲ့ စုစုပေါင်း ဖြေတဲ့လူ ၃၃ အနက်မှာ ၁၁ ယောက် အောင်ပါတယ် .. ရာခိုင်နှုန်း အနေနဲ့ ၃၃.၃၃% ပါ .. ၃ဘာသာ ဂုဏ်ထူး ၁ယောက် ၂ဘာသာ ဂုဏ်ထူး ၁ယောက် ထွက်ပါတယ် .. ကျမတို့ ဆက်သွယ် လှူဒါန်းတဲ့ အစ်မ ပြောပြချက် အရ သူတို့လေးတွေ များသောအားဖြင့် ကျူရှင် ဟုတ်တိပတ်တိ မရှိပါဘူး .. ဧရာဝတီတိုင်းက ကလေးတွေဆို ရွာတင်ပဲ ကျောင်းတက်ရတယ်လို့ ဆိုပါတယ် .. အထောက်အပံ့နည်းပါးစွာနဲ့ ပညာသင်ရာမှာ ခုလို အောင်မြင်တယ် ဂုဏ်ထူးတွေထွက်တယ်ဆိုတော့ သူတို့လေးတွေအတွက် ၀မ်းနည်း ၀မ်းသာ ခံစားရပါတယ် .. အောင်စာရင်းထွက်တဲ့ညကဆို ကျမပါ အပျော်တွေ ကူးစက်လို့ .. မအောင်ဘူးဆိုတဲ့ကလေးတွေအတွက်တော့ စိတ်မကောင်းဘူးပေါ့ .. ဒါပေမယ့် အခွင့်အရေးရှိပါသေးတယ်လို့ စိတ်ထဲက ကြိတ်ပြီး အားပေးမိပါတယ် ..

ခု တဖန် နှစ်ပတ်လည်လို့ ၂၀၁၁-၁၂ ပညာသင်နှစ်အတွက် ကလေးတွေ ကျောင်းစရိတ်ကို စတင်ကောက်ခံနေပါပြီ .. အစ်မ မခင်မမ ပို့ပေးတဲ့ အီးမေးကိုပဲ ကျမ ကူးတင်လိုက်ပါ့မယ် ..

----------
၂၀၁၁-၁၂ ပညာသင်နှစ်​​​အတွက် ထောက်ပံ့မှု့ အစီအစဉ်ပြန်​​လည်စတင်ခြ​င်း​။

အားလုံးမင်္ဂလာပါ

ကျမတို့ရဲ့ ၂၀၁၁-၁၂ ပညာသင်နှစ်​အတွက် ထောက်ပံ့မှု့​ အစီအစဉ်များကို ပြန်လည်စတင်ပါတော့မယ်ရှင်။ ဒီနှစ်မှာတော့ အပြောင်းအလဲ အနည်းငယ်ရှိပါတယ်။ ပြီးခဲ့တဲ့ ပညာသင်နှစ် ၃-နှစ်ရဲ့ ထောက်ပံ့မှု့​ များကို ပြန်လည်သုံးသပ်ခဲ့ပါသည်။ အားလုံးသိတဲ့အတိုင်း ဒီ ပညာသင်နှစ်​အတွက် ထောက်ပံ့မှု့​ ကို ၂၀၀၈-ခုနှစ် နာဂစ်ဒေသမှစတင်ခဲ့ကာ မနှစ်၂၀၁၀ မှစ၍ ပဲခူးတိုင်းမှ ပေါင်းတလည် နှင့် ရွှေတောင်မှ ကျောင်း ၂-ကျောင်းပါ ပါဝင်လာခဲ့ပါတယ်။ ယခုအခါတွင် နာဂစ်ဒေသ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အသင့်အတင့် အောင်မြင်လျှက်ရှိရာ၊ မိဘများမှ ကလေးများ၏ စားဝတ်နေရေးအတွက်အခက်အခဲ အထိုက်အလျှေက်လျှော့ကျနေပြီဖြစ်သောကြေင့် နှစ်လ တကြိမ်၊ တနှစ် လေးကြိမ်ဖြင့် အောက်ပါနှုန်း အတိုင်း June မှစတင် ကောက်ခံသွားပါမည်။

အထက်တန်း (၉၊ ၁၀ တန်း) = S$D 40 (၂လ တကြိမ်)
အလယ်တန်း (၅၊ ၆၊ ၇၊ ၈ တန်း) = S$D 30 (၂လ တကြိမ်)
မူလတန်း (သူငယ်တန်း၊ ၁၊ ၂၊ ၃၊ ၄ တန်း) = S$D 20 (၂လ တကြိမ်)

ပညာသင်နှစ် တနှစ်အတွက် June မှ February အထိ (၈) လ သတ်မှတ်ပြီး ကောက်ခံသွားပါမည်။

အထက်တန်း (၉၊ ၁၀ တန်း) = S$D 40 x 4 = S$D 160 (တနှစ်စာ)
အလယ်တန်း (၅၊ ၆၊ ၇၊ ၈ တန်း) = S$D 30 x 4 = S$D 120 (တနှစ်စာ)
မူလတန်း (သူငယ်တန်း၊ ၁၊ ၂၊ ၃၊ ၄ တန်း) = S$D 20 x 4 = S$D 80 (တနှစ်စာ)

ကျမတို့ ထောက်ပံ့မှု့ပေးနေသော မော်ကျွန်းမြို့နယ် ကျွန်းခယ်မ ဘ/ကကျောင်းရေရှည်ရပ်တည်နိုင်ရန် အတွက် ဆရာ/ဆရာမ - ၁၃ ဦးအတွက် လစာပေးရန် အခက်အခဲရှိသည် သိရပါတယ်။ ဆရာ/ဆရာမ - ၁ ဦးအတွက် ၃-သောင်း နှုန်းနှင့် လစဉ် ဆရာ/ဆရာမ - ၁ ဦးချင်းအတွက်သော်လည်းကောင်း၊ စုပေါင်း၍ တတ်အားသရွေ့ သော်လည်းကောင်း၊ ကူညီလိုလျှင်လည်း ကျမတို့၏ အဖွဲ့နှင့် ဆက်သွယ်နိုင်ပါတယ်။

နောက်အစီအစဉ် အသစ် တခုအနေနှင့် ၂၀၁၁-၁၂ ပညာသင်နှစ်တွင် ထောက်ပံ့မှု့ မရရှိသော မူလတန်း ကျောင်းသူ/ သားများကို ကျောင်းဝတ်စုံ ၃-စုံ ၊ ကျောပိုးအိတ် တစ်လုံး နှင့် ကျောင်းသုံးစာအုပ်တဒါဇင်ကို (one Package ) လျှင် S$D 30 နှုန်းနှင့် လှူဒါန်းမည်ဖြစ်သောကြောင့် Package လိုက်သော်လည်းသောင်း၊ တတ်အားသရွေ့သော်လည်းကောင်း လှူဒါန်းလိုသူများရှိပါက ကျမတို့၏ အဖွဲ့၏ Collector များမှတဆင့် ကူညီလှူဒါန်းနိုင်ပါတယ်။

----------

အမှန်တကယ်တော့ ကျမ ဒီစာကိုရေးမယ် တင်မယ်လို့ စဉ်းစားနေတာ ကြာပါပြီ .. ရေးမယ်ပြင်လိုက် ရေးချင်တာတွေ များနေတာနဲ့ ဘယ်ကစရေးရမှန်း မသိလိုက် ဖြစ်နေတာပါ .. ခံစားချက်တွေကလည်း ရောပြွန်းနေပါတယ် .. ကိုယ်လှူခွင့်ရလို့ ၀မ်းသာတယ် .. သူတို့လေးတွေ ဘ၀ကို တွေးမိရင် စိတ်မကောင်းဖြစ်တယ် .. သူတို့ ရှေ့ဆက်မယ့် အနာဂတ်ကို တွေးမိရင် ရင်မောတယ် .. ၁၀တန်းပြီးရင် ကျောင်းဆက်တက်ဖို့က ဘယ်လိုလဲ .. တက္ကသိုလ် ပြီးသွားပြီး ဘွဲ့ရပြီးရင်ရော .. မျိုးစုံပါပဲ .. နောက်ဆုံးတော့လည်း အဖြေက ကိုယ်တတ်နိုင်သလောက်ပေါ့ ဆိုတာနဲ့ပဲ အဆုံးသတ်ပါတယ် .. ဟုတ်တယ်လေ လူတိုင်းက မွေးလာတည်းက သူ့ရဲ့ ကုသိုလ် အကုသိုလ်ကံအလိုက် ရှင်သန် ကြီးပြင်းရတာပါပဲ .. ဒါပေမယ့် ကျမတို့ တတ်နိုင်တာလေး နဲနဲက ရှိပြန်ရော ..

အကောင်းအဆိုး ကုသိုလ် အကုသိုလ်ကို သိရင် ကောင်းတာကို ဆောင်ပြီး မကောင်းတာကို ရှောင်နိုင်လာမယ် .. ဒီအတွက် ကလေးတွေကို ကျမတို့ ပြောပြနိုင်တယ် .. ဘယ်အရာကဟာ ကောင်းတယ် ဘယ်အရာဟာ မကောင်းဘူး စသည်ဖြင့်ပေါ့ .. ကျမတို့ ကလေးငယ်တိုင်းကို လိုက် မပြောပြနိုင်ဘူး .. ဒါလည်း ရပါသေးတယ် .. ကိုယ့်အနီးအနားက လက်လှမ်းမှီရာ စသည်ဖြင့် ပြောပြနိုင်ပါသေးတယ် .. ပြောဖို့ အခွင့် အရေး မရဘူးလား .. စာအုပ်တွေဖတ်နိုင်အောင် ဖတ်ချင်အောင် လမ်းညွှန်နိုင်သေးတယ် .. ကျမတို့ ဘာတွေထပ်ပြီး တတ်နိုင်ဦးမလဲ .. ရှိလိမ့်ဦးမှာပါ ..

ကျမတို့မှာ စိတ်ကူးယဉ် အိပ်မက် မျှော်လင့်ချက်တွေ ရှိတယ် .. ပြည့်ဝအောင် စွမ်းဆောင်နိုင်ဖို့ အခွင့်အလမ်းတွေ မလှမ်းမကမ်းမှာ ရှိတယ် .. ဖြစ်ချင်တာတွေကို ဖြစ်နိုင်ဖို့ လုပ်ပိုင်ခွင့်တွေ ကိုယ်စီရှိကြတယ် .. သူတို့လေးတွေမှာ ဘာအခွင့် အရေး အခွင့် အလမ်းတွေများ ရှိမလဲ .. အခွင့်အလမ်းတွေ ပွင့်လာအောင် .. မျှော်လင့်ချက်လေးတွေ ထားနိုင်လာအောင် ကျမတို့ ဘာတွေ လုပ်ပေးနိုင်မလဲ .. ကိုယ်စီ စဉ်းစားရင်း တတ်နိုင်တဲ့ ဘက်က ဖြည့်ဆည်းပေးဖို့ ကြိုးစားကြရအောင်ပါ ..

----------

စိတ်ပါဝင်စားလို့ ဆက်သွယ်စုံစမ်းချင်တယ်ဆိုရင် -

Ko Aung Naing Soe - 97977945
Ma Khin Ma Ma - 97334302 တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ် ..

Kutho and LOTUS မိသားစု ရဲ့ လှုပ်ရှားမှုများကို လေ့လာချင်ရင်တော့ အောက်က လင့်တွေမှာ လေ့လာနိုင်ပါတယ် ..
www.KuTho.Org
www.lotusdhamma.blogspot.com
www.lotusfoundationmm.org
https://picasaweb.google.com/khinmamasan/EducationSponsorshipY2010111#
https://picasaweb.google.com/help2students

Lotus Foundation နှင့် Kutho Group မှာ အခြား အဖွဲ့ဝင်တွေ ကျန်ပါသေးတယ် .. ဒါပေမယ့် ကျမ ဆက်သွယ်ဖူးတဲ့ အကိုနဲ့ အစ်မရဲ့ နာမည်နဲ့ ဖုန်းနံပါတ်ပဲ တင်ပေးလိုက်ပါတယ် ..

စိတ်ချမ်းမြေ့ဖွယ်နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေ ..

လေးစားစွာဖြင့်

Sunday, June 5, 2011

ငပလီ

ငပလီလို့ ပြောလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ အလှပဆုံး ကမ်းခြေတခုဆိုတာ လူတိုင်း သိကြပါတယ် .. အရင်ကဆို ငပလီဆိုတာ ကြားပဲ ကြားဖူးတယ် .. မရောက်ဘူးခဲ့ဘူး .. အကယ်၍မေကြီးသာ သံတွဲမှာ တာဝန်မကျခဲ့ရင် ခုချိန်ထိ ရောက်ဖြစ်လိမ့်မယ်လည်း မထင်ပါဘူး .. သွားရေးလာရေး စရိတ်ကြီးတာရော နေစရိတ်ကြီးတာရော ဝေးလံတာရောကြောင့်ပေါ့ ..

ဒါပေမယ့် လွန်ခဲ့တဲ့ ၅နှစ်က ကံအားလျော်စွာ မြန်မာနိုင်ငံရဲ့ အလှဆုံးကမ်းခြေကို ခြေချခွင့်ရခဲ့ပါတယ် ..

ကမ်းခြေကို ခြေချလိုက်တာနဲ့ ဘယ်ကမ်းခြေနဲ့မှ မတူနဲ့ သဲရဲ့ နူးညံ့ခြင်း ရေရဲ့ ကြည်လဲ့ခြင်း သန့်ရှင်းခြင်းကို စတင် ခံစားခဲ့ရတယ် ..

တကယ်ပါ .. ငပလီရဲ့ သဲဟာ ကျမရောက်ဖူးသမျှ ကမ်းခြေတိုင်းရဲ့ သဲတွေထဲ အနူးညံ့ဆုံးပါပဲ .. သန့်တယ် နုတယ် .. ရေတွေဟာဆိုလည်း ပြာလဲ့ကြည်ဆင်းနေတာ .. ကမ်းမမြင်ရတဲ့ ပင်လယ်ကြီးဟာ တမျှော်တခေါ်ပေါ့ ..

----------
သံတွဲက အစ်မတွေက ငပလီလိုက်ပို့မယ်ဆိုတဲ့ မနက်မှာ စိတ်ထဲ အရမ်းကို ပျော်နေမိတယ် .. ငပလီဆိုတာ ရုပ်ရှင်ထဲသာ မြင်ဘူးတာကိုး .. နေရာအသစ်ဖြစ်သလို နိုင်ငံကျော် ကမ်းခြေကြီးလည်း ဖြစ်တယ် ..

မနက် နေနဲနဲ ထွက်စပြုတည်းက ကျမတို့ တမိသားစုလုံး ၃ဘီးဆိုင်ကယ်လေးနဲ့ သံတွဲမြို့က ထွက်ခွာလာခဲ့တယ် .. ဖေကြီးရယ် မေကြီးရယ် ကျမရယ် အဒေါ်ရယ် သံတွဲသူ အစ်မနှစ်ယောက်ရယ် .. ဆိုင်ကယ်မောင်းတဲ့ ဦးလေးကြီးရယ်ပေါ့ .. သွားတဲ့လမ်းတလျှောက် စိမ်းညို့ညို့ တော်အုပ်တွေနဲ့ စိုက်ခင်းတွေရယ် တောင်တန်းတွေရယ် .. မှတ်မှတ်ရရ အဲ့ဒီနေရာ ရောက်ရင် သိပ်အေးတဲ့ နေရာတခုရယ် .. (အဲဒီက ပန်းဂေါ်ဖီစိုက်ခင်းတွေ နေရာပါ .. စိမ့်ပြီး အေးတယ် .. တောင်အောက်မှာ ရှိတယ် .. နာမည်ပြောပေမယ့် ကျမ မေ့သွားခဲ့ပြီ .. တခြားနေရာတွေထက်ပိုအေးပါတယ်တဲ့ ..)

ရောက်ခါနီးပြီဆိုတဲ့ အချိန်မှာ ဟိုတယ်ကြီးတွေ စမြင်ရပါတယ် .. တဖြည်းဖြည်းနဲ့ ကျမတို့ တည်းမယ့် နေရာ ရွာလေးထဲက မေကြီးတို့ ရုံးတွေနဲ့ အဆက်အစပ်ရှိတဲ့ အန်တီ အပျိုကြီးရဲ့ရုံးကို ရောက်လာခဲ့ပါတယ် .. ရွာထဲဆိုတော့ ဟိုတယ်တွေ ရှိတဲ့နေရာနဲ့တော့ နဲနဲလှမ်းပါတယ် .. ဒါပေမယ့် နောက်ဖေးကနေ ဆင်းလိုက်တာနဲ့ ကမ်းခြေပါပဲ ..

အန်တီရဲ့ရုံးနဲ့ အိမ်က တ၀န်းထဲမှာပါ .. ရှေ့မှာ ရုံး နောက်နားမှာ လူနေဖို့ အိမ်ရှိပါတယ် .. အခန်းက ၃ခန်းပါ .. ၁ခန်းက အန်တီနေတာဖြစ်ပြီး ကျန်တဲ့ ၂ခန်းကို ကျမတို့ကို နေရာချပေးပါတယ် .. ရောက်တာနဲ့ ကျမကတော့ ရေထဲဆင်းဖို့ တပြင်ပြင်ပါပဲ .. ဘယ်နားကဆင်းရမှာလဲဆိုတာချည်း လိုက်မေးနေတာပါ .. :D

ဒါပေမယ့် ကျမ ကံမကောင်းဘူး .. လှိုင်းစီးချင်တာ အဲဒီချိန်မှာ လှိုင်းမရှိနေခဲ့ဘူး .. သေးသေးမှ သေးသေးလေးတွေ .. ဒါပေမယ့်လည်း ရေထဲဆင်းတယ် .. ရေးမကူးတတ်တဲ့ကျမကို အဒေါ်က ရေကူးနဲနဲသင်ပေးမယ် .. ကျမကတော့ မတတ်ပါဘူး .. မျက်လုံးဖွင့်မရ ပါးစပ်ထဲရေ၀င်တော့ ငံ .. ဒီလိုနဲ့ ပြန်သာ ပြန်သွားတယ် .. မတတ်ခဲ့ပါဘူး .. :D

တရက် ရွာထဲကနေ အစွန်နားက ရွာခံအစ်မနှစ်ယောက်ရဲ့ အသိတည်းခိုခန်းကိုသွားပြီးလည်ပါသေးတယ် .. အဲ့နေရာက ဟိုတယ်တွေနဲ့နီးလို့ ပိုစည်ပါတယ် .. ငါးနီတူလှော်သုပ်က အဲဒီမှာ အစ်မနှစ်ယောက် သုပ်ကျွေးတာပါ .. ခုပြော ခုသရေကျပါတယ် .. :D ရေထဲပြေးဆင်းလိုက် အစ်မတွေလုပ်ကျွေးတာ စားလိုက် ဇိမ်ကိုကျလို့ ..

ရေပေါ်ပြန်တက်ပြီး နားတဲ့အချိန် ကမ်းခြေလမ်းဆင်းလျှောက်ကြတယ် .. ရေသူမ အစစ်နားရောက်ပါတယ် .. အစစ်လို့ ပြောတာက အတုရှိလို့ပါ .. ဟိုတယ်တွေများတဲ့ဘက် အခြမ်းမှာ ရေသူမရုပ် အတု အသေးတခုရှိပါတယ် .. ရေသူမ အစစ်ရှိတဲ့ဘက်ကို လူတိုင်း လာလို့ မရပါဘူး .. လူကြီးတွေ တည်းခိုတတ်တဲ့နေရာမို့ပါ .. ကန့်သတ်နယ်မြေလို့ ဆိုင်းဘုတ် တင်ထားပါတယ် ..

ဒီနေရာကျ မိုးခါးကံကောင်းသွားတယ် .. လှိုင်းမစီးရပေမယ့် ကန့်သတ်နယ်မြေကို ကျော်လာတဲ့ထိ လာအော်မယ့်လူ တားမယ့်လူ မတွေ့ခဲ့ရဘူး .. ပုံမှန်ဆို အဲဒီမှာ အစောင့်ရှိပါတယ် .. တွေ့ရင် လာပြောတယ် .. ဒီလိုဆို ဆက်သွားလို့ မရတော့ဘူး .. (လူတန်းစား ခွဲခြားပုံများ .. ကိုယ့်ထဲလဲ လူကြီးပါပါတယ် .. ဖေကြီး အသက်က ၅၀ ကျော်နေပြီ .. :P)

ကျမတို့ ကန့်သတ်နေမြေ ကျော်လာသည့်တိုင်အောင် တားမြစ်ကန့်သတ်မယ့်လူ အရိပ်အရောင် မမြင်ရပါဘူး .. ဒီလိုနဲ့ သွားလာလိုက်တာ ထက်ထက်မိုးဦး စွန်လွှတ်ရင်း ကျောက်ဆောင်နဲ့ တိုက်မိလို့ ခြေထောက်ကွဲတဲ့နေရာကို ရောက်ပါလေရော .. (ရန်အောင်နဲ့ ရုပ်ရှင်လေ) အဲဒီနားက မျှော်စင်ဆိုပါတော့ အဲ့အပေါ်ကို တက်ကြတယ် .. နဲနဲတော့ ဟောင်းနေပြီ .. လူကြီး မရောက်လို့လားမသိဘူး ပြုပြင်မထားဘူး .. အဲဒီနားမှာ လေညှင်းလေး ဘာလေးခံ .. ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် ပြီးတော့ အောက်ပြန်ဆင်းလာ .. ရေသူမဆီ ချီတက်ကြတယ် .. ဒီလိုနဲ့ ရေသူမဆီရောက် ဘတ်ပုံလေး ဘာလေးရိုက် .. ပြီးတော့ အချိန်တန် အိမ်ပြန်ကြတယ် ..

ငပလီရွာလေးမှာ ကျမတို့ ၂ညလောက် အိပ်ဖြစ်ခဲ့တယ် .. ကမ်းခြေတလျှောက် မနက်အစောရော ညနေစောင်းရော လမ်းတွေလျှောက်ခဲ့တယ် .. အရမ်းအေးချမ်းပါတယ် ..

စိတ်မအေးချမ်းစရာတော့ ကြားခဲ့ရသေးတယ် .. ကမ်းခြေတလျှောက်မှာ အုန်းပင်တွေရှိတယ် .. ရွာခံတွေရဲ့ ၀မ်းစာကို တဖက်တလမ်းက ကူညီဖြည့်တင်းပေးနေတဲ့ အုန်းပင်တန်းကြီးပေါ့ .. အဲဒီချိန်မှာ ကြားရတာက အဲဒီနေရာမှာ ဟိုတယ်ဆောက်မယ်တဲ့ .. ဒီတော့ အကယ်၍ ဒီပရောဂျက်ကြီး ဖြစ်ခဲ့ရင် ရွာလေးဟာ ပိုမိုတိုးတက်လာမလား ရွာသူရွာသားတွေပဲ စားဝတ်နေရေးကျပ်တည်းမလား .. ကျမကတော့ နှမြောတာပါပဲ .. ကောင်းကျိုးအနေနဲ့ ကြည့်ရင် ရှိကောင်းရှိမယ် .. ရာနှုန်းများများက စီးပွားရေးသမားတွေအတွက်ပါပဲ .. ရွာခံတွေအတွက်ကတော့ ရာနှုန်း တော်တော်နည်းပါလိမ့်မယ် ..

သစ်ပင်တပင်ကြီးထွားရှင်သန်လာဖို့ အချိန်ဘယ်လောက်ပဲ ပေးရ ပေးရ ခုတ်လှဲလိုက်ဖို့က နာရီပိုင်းပါ .. (စလုံးမှာ သစ်ပင်တပင်ခုတ်ဖို့ ဘယ်လိုအဆင့်တွေ ဖြတ်သန်းရတယ် ဆိုတာ နောက်တော့ ရေးဖြစ်မယ် ထင်ပါတယ် .. ကိုယ့်အလုပ်နဲ့ ဆက်စပ်နေလို့ပါ) ဒါကြောင့်လည်း နှမြောတတ်လာတယ် ထင်ပါရဲ့ ..

မနက်ခင်းတွေ ညနေစောင်းတွေမှာ အချိန်ကိုက် ၀င်လာ ထွက်သွားတဲ့ နေလုံးကြီး ၂ပတ်လည်ချိန် ညနေခင်းတခုမှ ကျမတို့ ငပလီရွာလေးကနေ လာလမ်းအတိုင်း ပြန်ခဲ့ကြတယ် .. ရိုးသားဖြူစင်တဲ့ ရွာခံတွေရဲ့ ဟန်မပါတဲ့ စကားတွေက လာခဲ့ဦးနော်တဲ့ .. နေပါဦးလားတဲ့ .. ကျမ မပြန်ချင်သေးပါဘူး .. ဒီလိုပဲ ဖေကြီးတို့ မေကြီးတို့လည်း မပြန်ချင်ကြသေးဘူး .. ဒါပေမယ့် နောက်နေ့ ရုံးဖွင့်ရက်မို့ ဆက်နေလို့ မရတော့ပါဘူး .. ကျမတို့ ပြန်ခဲ့ကြတယ် ..

အပြန်လမ်းဟာ အသွားတုန်းကလောက် ပျော်ရွှင်တက်ကြွမနေတာတော့ အမှန်ပဲ .. ဒီလိုပါပဲ ဆုံစည်းခြင်း ခွဲခွာခြင်း စည်းမှာ အခိုက်အတန့်အဖြစ် အနည်းအများတော့ ခံစားကြရတာပဲလေ .. နောက်တော့လည်း နေရာတကျ ပြန်ဖြစ်ခဲ့ကြတာပါပဲ ..

သံတွဲမြို့ရဲ့ အ၀င်မှာတော့ ထောင်ဝင်းကြီးကို မြင်နေရပါတယ် .. ညနေစာကို စားကောင်းတယ်ဆိုတဲ့ ဆိုင် ၀င်စားဖြစ်ခဲ့တယ် .. ဒီလိုနဲ့ ညနေစောင်းလို့ နေ၀င်ပြန်တယ် .. ကျမတို့ မေကြီးကို ထားခဲ့ပြီး ရန်ကုန်ကို ပြန်ရမယ့်ရက်လည်း တရက်ပိုနီးသွားခဲ့တယ် ..

**သံတွဲမြို့လေးက အပေါ်ကနေမိုးကြည့်လိုက်ရင် အပေါ်ကို ပျံတက်တော့မယောင် ပုံသဏ္ဍာန်ရှိတယ်ဆိုပါတယ် .. သံတွဲမြို့ ပို့စ်မှာ ရေးဖို့ မေ့သွားလို့ .. :D**

Wednesday, June 1, 2011

ရူး=စိတ်မနှံ့=စိတ်ကစဥ့်ကလျား

စိတ်ကျရောဂါသည်တယောက်အတွက် "စိတ်ကျရောဂါသည်" ဆိုတဲ့ ဆိုင်းဘုတ်လိုပါသလား ..
ဒါဆိုလည်း မီးသွေးခဲနဲ့ ကျမနဖူးမှာ ရေးလိုက်မယ် ..
"စိတ်ကျရောဂါသည်" ..

ကျမနဲ့ ပတ်သက်ချင်ရင် ရှင်တို့ကိုယ်တိုင်လည်း ရောဂါတခုရှိသင့်တယ် ..
"စိတ်မနှံသူ" ဆိုတဲ့ ဆိုင်းဘုတ်ယူ ..

ကျေနပ်ပါသလား ..
ရိုင်းရိုင်းစိုင်းစိုင်း အရူးလို့ ကျမ မပြောဘူးနော် ..
ယဉ်ယဉ်လေးနဲ့ နာမည် သဘောကျမယ်ထင်ပါတယ် ..

ဝမ်းတွင်းမရူးပေမယ့် လုံလောက်တဲ့ သဘောတရားကိုယ်စီနဲ့ ရူးတယ် ..
ပတ်ဝန်းကျင်ကြောင့်/အတွက် ရူးတယ် ..
တခါတလေ ရူးချင်ယောင်ဆောင်တယ် အရူးကွက်နင်းတယ် ..
ဒီကစားနည်းကို ကိုယ်စီကျွမ်းကျင်တယ် ..

ဆရာသမားအတွက် ဗာရာဏသီထိ တက်စရာမလို ..
ကျွမ်းကျင်သူတွေ နီးနီးနားနားရှိတယ် ..
ဘယ်ဘာသာရပ်ကို ကျွမ်းကျင်လိုပါသလဲ ..
အိုး .. တခုမကဘူး အကုန်နားလည်ချင်လို့လဲရတယ် ..
စိတ်ဝင်စားဖို့သာ လိုပါတယ် ..

လူတွေက အရူးတွေလို့ ဆိုပါတယ် .. တချို့က မသိမသာ တချို့က သိသိသာသာ .. တချို့က ဖုံးဖုံးဖိဖိ .. တချို့က မဖုံးနိုင် မဖိနိုင် ..

ယဉ်ယဉ်လေးတုန်းက မသိသာပေမယ့် အရူးရင့်ပြီဆိုတာနဲ့ အရှက်ဆိုတာကို မသိပါဘူး .. အမှားအမှန် မခွဲခြားနိုင်ပါဘူး .. ကိုယ်ဘာလုပ်နေလဲဆိုတာတောင် မသိနားမလည်နိုင်ပါဘူး ..

ရန်ကုန်က သူငယ်ချင်းတယောက်ရဲ့ အိမ်က လမ်းမတန်းမှာ ရှိတယ် .. အဲဒီနားမှာပဲ အရူးမကြီး(ကန်တော့ ကန်တော့)/အဒေါ်ကြီး တယောက် ရှိပါတယ် .. တရက် အဲဒီသူငယ်ချင်း အိမ်မှာ ကျမတို့ သူငယ်ချင်းတွေစုံနေတုန်း မိုးတွေလည်း ရွာနေပါတယ် .. မိုးရွာတော့ ရန်ကုန်လမ်း ဗွက်ပေါက်ပြီပေါ့ .. မိုးတိတ်တော့ အဲ့အဒေါ်ကြီးက သူငယ်ချင်း အိမ်နားမှာပါ .. ဘာလုပ်လဲဆိုတော့ အဲဒီဗွက်အိုင်ထဲ ဆင်းထိုင်ပြီး (ကန်တော့ပါရဲ့) ရှူးရှူး ပေါက်ပါတယ် ..

ဟိုက အရူးပဲ .. ဘယ်သူက ဘာပြောမလဲ .. ကြည့်နေတဲ့ လူက ကြည့်နေတယ် .. ဟားနေတဲ့လူက ဟားနေတယ် .. ကြည့်နေတဲ့လူတွေထဲမှာလဲ စိတ်က အမျိုးမျိုးဖြစ်နေမယ် ..

စဉ်းစားဥာဏ်ရှိတဲ့ လူကောင်းဆို အရူးလုပ်သလို မလုပ်ပါဘူး .. ဒီတော့ လူတွေအဟားမခံရဘူးပေါ့ ..

စဉ်းစားတတ်သေးတဲ့ ယဉ်ယဉ်လေးသမားဆိုလည်း အဲလို မလုပ်ပါဘူး .. ဒီတော့ လူတွေ ပေါ်တင် မဟားရဲဘူးပေါ့ .. လူကောင်းလို့ ပြောလို့ရသေးတာကိုး ..

ဟော .. အရူး .. အရူးမှန်းသေချာတဲ့ အရူးကိုတော့ ဘယ်သူက ရှိန်မလဲ ကြောက်မလဲ .. လက်ညှိုးထိုးပြီး ဟားတိုက်ရဲတာပေါ့ .. စမယ် နောက်မယ် ဟားမယ် .. (တကယ်တော့ ဒါဟာလည်း ကောင်းတဲ့အလုပ်တော့မဟုတ်ဘူးပေါ့ .. အဲလို အရူးတောင် အလွတ်မပေးတတ်တဲ့လူမျိုးဟာလည်း အတော်ကို ရွံစရာ ကောင်းနေပြီပေါ့ .. ပညာမဲ့တွေဟာတော့ လုပ်ကောင်းလုပ်မယ်)

ကိုယ်ဟာရော ဘယ်အမျိုးအစားထဲပါနေလဲ .. ယဉ်ယဉ်လေးလား .. ရင့်နေတဲ့ အရူးလား ..

မှတ်ချက် - ခုတလော လူက အူကြောင်ကြားဖြစ်နေရတဲ့အထဲ မြင်လိုက် တွေ့လိုက်သမျှကလည်း စိတ်ပျက်စရာချည်း ဖြစ်နေပါတယ် .. ဒီလိုနဲ့ ပို့စ်တစ်ပုဒ်တောင် ဖြစ်သွားပါရောလား .. :D

စိတ်ကျရောဂါသည် = ယဉ်ယဉ်လေးနဲ့ ရူး (သတိထားကြနော် .. ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ကြ :P)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...