Sunday, March 27, 2011

ဗျူး

ဝိဇ္ဇာတို့ ဗျူးတို့ မဟုတ်ပါဘူး .. :D ဒီကောင်(ဗိုက်ကလေး) ဗျူး လို့ပါ .. :D

မေး= Blog ဆိုတာကို ဘယ်အချိန်လောက်ကသိပြီး ဘယ်လိုစဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ ။
၂၀၀၈ နှစ်ကုန်ပိုင်းလောက်က စပြီး ယောင်တောင်ပေါင်တောင် ရောက်လာတာပါ .. စုပေါင်းဝပ်ဆိုက် တခုမှာ ရေးရင်းက ကိုယ်ပိုင်နေရာလေးတခု တည်ဆောက်ချင်လာလို့ ဘလော့ကို စလုပ်မိပါတယ် .. ဒီလိုနဲ့ မျက်စိနောက်စရာ တယောက်တိုးလာတယ် ဆိုပါတော့ .. :P

မေး= အရင်တုန်းက ဘလော့ရေးတာနဲ့ အခု နဲ့ ဘာတွေကွာခြားတယ်လို့ထင်ပါသလဲ ဘာတွေတိုးတက်ပြောင်းလဲလာပြီး ဘာတွေမပြောင်းလဲသေးဘူးလို့ထင်ပါသလဲ ။
ဘလော့ ရေးခါစက အဖော်အပေါင်း သိပ်မရှိသေးလို့ စာရေးခြင်းက အဖော်ကောင်း ဖြစ်ခဲ့ပါတယ် .. ပိုပြီးလဲ ရေးလို့ တွေးလို့ ကောင်းတယ်လို့ ထင်ပါတယ် .. (ရေးထားသမျှတော့ တခုမှ အားမရပါဘူး .. :D) ခုတော့ နဲနဲ အပျင်းတစ်နေသလို အပျော်အပါးတွေ များနေပါတယ် .. အာရုံလဲ သိပ်မရသလို အကြောင်းသိတွေများနေတော့ အရင်လို သိပ်ဖောလို့ မကောင်းတော့ဘူး ဖြစ်နေပါတယ် .. :P အရင်က ဘလော့ရေးတာ ပိုပျော်ဖို့ ကောင်းတယ်ထင်ပါတယ် .. ခုတော့ နဲနဲများပျင်းခြောက်ခြောက် နိုင်သလားလို့ ..

မေး= ဘာကြောင့် Blog ရေးဖြစ်နေတာလဲ ..
ဘလော့ရေးတာက ကိုယ့်အတွက် စိတ်ထွက်ပေါက် တခုလည်း ဟုတ်တယ် .. ၀ါသနာ တခုလည်း ဟုတ်တယ် .. တာဝန်တခုလိုလည်း ဖြစ်နေပါတယ် .. ရေးချင်စိတ်ရှိတဲ့အခါ ရေးသလို ရေးဦးမှ ဆိုပြီးလည်း ရေးပါတယ် ..

မေး= အရင်ဘယ်သူ့စာတွေဖတ်ရတာ အားကျမိသလဲ အခုကော ဘယ်လိုစာမျိုးတွေ အဖတ်များပါသလဲ ။
မနိုင်နိုင်းပါ .. မနိုင်နိုင်းလို ဘာသာပြန်ကောင်းသူတယောက် ဖြစ်ချင်တယ် .. မနိုင်းစာတွေလို သူများတကာရဲ့ စိတ်ဓါတ်ကို တက်ကြွအောင် မှတ်သားစရာတွေ ဖြစ်အောင် ရေးချင်ပါတယ် .. အဖတ်များတဲ့စာရယ်တော့ သတ်သတ်မှတ်မှတ် မရှိပါဘူး .. မြင်သမျှ စာ အကုန်ဖတ်ပါတယ် .. စိတ်ဝင်စားရင် ၀င်စားသလို သေချာဖတ်ပြီး မ၀င်စားရင်တောင် သာမန်တော့ အကြမ်းဖျင်း ဖတ်တတ်ပါတယ် .. အရမ်းကြိုက်ရင်တော့ စတား လုပ်ပြီး မှတ်ထားပါတယ် .. သူများတွေကိုလည်း လျှောက်ရှယ်ပါတယ် ..း)

မေး= ဘလော့ကိုလာဖတ်တဲ့သူတွေ နဲ့ မှတ်ချက်အကြောင်းလေးတွေကော ပြောပြပေးပါအုံး ။
ကော့မန့်တွေ မျှော်တတ်ပါတယ် .. ကိုယ်ရေးထားတဲ့ အပေါ် ဘယ်သူတွေများ ဘယ်လိုခံစားသွားရလဲ .. ဘယ်လိုသဘောထားသွားလဲ .. စသည်ဖြင့် ထင်မြင်ချက်လေးတွေ လိုချင်ပါတယ် .. အပျော်ရေးတဲ့ စာတွေမှာ မန့်ထားတဲ့ ပျော်စရာကောင်းတဲ့ ကော်မန့်တွေ ဖတ်ပြီး ရီရ ပျော်ရပါတယ် .. ကိုယ်ရေးထားတဲ့ ၀တ္တုတိုလို စားမျိုးအတွက် လိုအပ်ချက်တွေ ခံစားချက်တွေ သိချင်ပါတယ် .. ဒီတော့မှ ကိုယ့်ဘက်က ပြင်စရာရှိတာ ပြင် ပြောင်းစရာရှိတာ ပြောင်းရမှာပေါ့ .. နော့ ..း)

မေး= ဘယ်လိုစာတွေရေးဖြစ်သလဲ ဘာအကြောင်းတွေရေးဖြစ်လဲ ။
ရေးချင်တာတော့ သူများအကျိုးရှိမယ့် အတွေးရမယ့် အကြောင်းပါ .. ကိုယ့်စာထဲက တခုခု ရစေချင်ပါတယ် .. ခုထိတော့ မဖြစ်လာသေး .. :D ရေးဖြစ်တာက စိတ်ကူးပေါက်သမျှပါပဲ .. ကဗျာတော့ အရမ်းရေးချင်နေပါတယ် .. ဒါပေမယ့် ကိုယ့်စိတ်က နုလို့ မရတော့ ခက်တယ် .. ရေးလိုက်ရင် ပေါက်ကွဲသံစဉ်ကြီး ဖြစ်ဖြစ်သွားလို့ .. နူးနူးညံ့ညံ့ လေး ရေးကြည့်ဦးမှ .. တခါတလေ ရေးပြီးလည်း ပြန်ဖတ်မိတော့ အူယားပြန်ရော .. သိပ်နုလို့ မရဘူး .. :-\

မေး= အချစ်အကြောင်းတွေရေးဖြစ်တာက ။
မရေးဖြစ်တာ များပါတယ် .. ပြောပါပြီကော နုလို့ မရပါဘူးလို့ .. ရေးတော့ ရေးချင်သား .. ကြိုးစားကြည့်ဦးမယ် ..

မေး = ဘာအကြောင်း အရေးချင်ဆုံးလဲ ။
ရသနဲ့ အသိ အတွေး ပေးတဲ့ စာမျိုးပါ .. (ခုထိ အရာမထင်သေး :P)

မေး= ဘလော့ရဲ့ ကောင်းကွက် ဆိုးကွက်တွေကော ဘာများရှိတယ်လို့ထင်ပါသလဲ ။
ကောင်းကွက် - ယူတတ်ရင် ပညာချည်းပဲပေါ့ ..
ဆိုးကွက် - ဘေးထွက် ဆိုးကျိုးကတော့ နေရာတိုင်းမှာ ရှိတတ်ပါတယ် ..
ကိုယ့်ဟာကိုယ် ချင့်ချိန် ရမှာပေါ့ .. ဖြစ်သင့်တာ မဖြစ်သင့်တာ လုပ်သင့်တာ မလုပ်သင့်တာ ယူသင့်တာ မယူသင့်တာ ..

မေး= သူငယ်ချင်းတွေကို ဘာများပြောချင်ပါသေးလဲ ။
အထူးအထွေ မရှိပါဘူး .. လိမ္မာပြီးသားတွေပဲဟာ .. :P :P

မှတ်ချက် ။ ။ အမှားပါရင် ခွင့် လွှတ် ကြ ဘာ လို့ ထပ်ပြောချင်ပါတယ် .. :D

Friday, March 25, 2011

အထီးကျန် ကန္တာရ

နင်သူ့ကိုချစ်ခဲ့လား .. ဟင့်အင်း .. သူမခေါင်းခါလိုက်တယ် .. ဟုတ်တယ် မချစ်ခဲ့ဘူး .. ချစ်ဖို့လည်းမစဉ်းစားမိဘူး .. ဘယ်တော့မှလည်း ချစ်မှာမဟုတ်ဘူး .. သူမခေါင်းကို တွင်တွင် ခါရမ်းလိုက်တယ် ..

သူမ အမြင်တွေေ၀၀ါးလာတယ် .. အလန့်တကြား မျက်နှာကို စမ်းကြည့်လိုက်မိချိန်မှာ သူမ ပါးပြင်မှာ မျက်ရည်တွေ .. ဘာလို့ကျရတာလဲ .. သူမသိပ်မုန်းတဲ့ မျက်ရည် .. အရှုံးပေးချင်နေတဲ့ အဓိပ္ပါယ် .. ဟင့်အင်း .. သူမ မရှုံးချင်ဘူး .. ခု သူမနိုင်လိုက်ပြီ .. ဒါကြောင့် ဒီမျက်ရည် ကျစရာမလိုတော့ဘူး .. ရီလိုက်စမ်းပါ .. ၀မ်းသာအားရ ရီလိုက်ပါ ..

သူမ ရီဖို့ ကြိုးစားကြည့်တယ် .. အသံထွက်ပြီးရီဖို့ ကြိုးစားကြည့်တယ် .. ထွက်လာတဲ့ရီသံက သွေ့ခြောက်ခြောက် ..

သူမ ပြုံးကြည့်တယ် .. သူမ အပြုံးက အသက်ဝင်လှတယ်မဟုတ်ဘူး .. မဲ့ပြုံးလား .. မချိပြုံးလား တစ်ခုခုဖြစ်လိမ့်မယ် ..


^^^^^^^^^^


"သွန်း .. မင်းကို တစ်ယောက် ကြည့်လှချည်လား .."
သူငယ်ချင်း ဖွေး လက်တို့လိုက်တော့ ဖွေးပြောတဲ့ဘက်ကို လှည့်ကြည့်လိုက်တယ် ..
သွန်း မမြင်ဘူးခဲ့တဲ့ နူးညံ့စူးရှတဲ့ မျက်ဝန်းတွေ .. တိတိရိရိနဲ့ စကားကြွယ်မယ့် နှုတ်ခမ်းပါးတစ်စုံ .. သွန်း မနေတတ်စွာနဲ့ ခေါင်းကို ငုံ့ချလိုက်တယ် ..


^^^^^^^^^^


ဒီနေ့မှ အတူပြန်နေကျသူငယ်ချင်းက အလုပ်မဆင်းသလို ရုံးဆင်းချိန်ကျမှ အချိန်ကိုက်ရွာလာတဲ့မိုးနဲ့ သွန်းတစ်ယောက် လမ်းသွားရင်း ရှုပ်ရှက်ခတ်နေတယ် ..

အိုး .. သွားပြီ .. သွန်းလက်ထဲဆွဲလာတဲ့အိတ်က စက္ကူအိတ်ဖြစ်နေတော့ ရေစိုပြီး ပြဲကျသွားတယ် .. အထဲမှာ ကောက်ထည့်လာသမျှပစ္စည်းတွေလည်း လမ်းပေါ်ပြန့်ကျဲကုန်ပြီ ..

"အား .. စိတ်ညစ်လိုက်တာ .. ငါကိုက ဒီနေ့ကံမကောင်းတာ .." စိတ်ညစ်ညစ်နဲ့ ပါးစပ်ကလည်း တဗျစ်တောက်တောက်ပြောရင်း ပစ္စည်းတွေ လိုက်ကောက်နေလိုက်တယ် .. လူကလည်း တကိုယ်လုံးစိုရွှဲပြီး ကြွက်စုတ်ကတောင် ကြီးတော်ခေါ်လောက်တယ် ..

မျက်စိရှေ့မှာ ရပ်သွားတဲ့ ခြေထောက်တစ်စုံ .. အမှတ်မဲ့ကြည့်မိလိုက်တော့ သွန်း ငေးငေးလေးဖြစ်သွားတယ် .. ကတ္တီပါ ဖိနပ် အရောင်နက်နက်ပေါ်က ဖွေးဖွေးသန့်သန့် ခြေထောက်တစ်စုံက မိုးရေစက်လေးတွေနဲ့ မြင်လိုက်ရတဲ့ ခဏ သွန်းခပ်ငေးငေးဖြစ်သွားတယ် .. သွန်းကိုယ်တိုင်က ခြေထောက် လက်ထောက် သွယ်သွယ်ရှည်ရှည်လေးတွေဆို သိပ်သဘောကျတတ်တာကလား ..

ခြေထောက်ပိုင်ရှင် သွန်းရှေ့မှာ ထိုင်ချလိုက်မှ သွန်းသူ့မျက်နှာကို ကြည့်မိတယ် ..
အိုး .. တိုက်ဆိုက်လိုက်တာ .. ဒီနေ့က ကံကောင်းတဲ့နေ့လား .. ကံဆိုးတဲ့နေ့လား .. အစကတော့ မိုးရွာထဲ ခုလို ဒုက္ခဖြစ်နေတာ ကံဆိုးတယ်လို့ ထင်နေခဲ့တာလေ .. ခုတော့ဖြင့် ဒီလိုအခြေအနေကြောင့်မို့သာ ခုလိုဆုံတွေ့ဖြစ်ပြန်ပါပြီ ..


^^^^^^^^^^




သွန်း အိမ်ပြန်မှာမလား .. ကျွန်တော် လိုက်ပို့ပေးမယ် .. ပြောပြောဆိုဆို သူကောက်ထားတဲ့ပစ္စည်းတွေကို ယူပြီး သူ့ကားဆီကို လျှောက်သွားလိုက်တယ် ..




ဟင့်အင်း .. သွန်းမလိုက်ချင်ပါဘူး .. ခုမှ တစ်ခါသာမြင်ဘူးသေးတဲ့သူတစ်ယောက်ရဲ့ ကားပေါ်တက် လိုက်သွားဖို့ မရဲတင်းသေးဘူး .. သွန်းနောက်က အပြေးလေး လိုက်သွားရင်း ..




"သွန်း မလိုက်တော့ပါဘူး .. ဘတ်စ်ပဲ စီးသွားလိုက်မယ် .. ပစ္စည်းတွေပဲ ပေးလိုက်ပါ .. ရှေ့က ဆိုင်လေးမှာ အိတ်ဝင်ဝယ်လိုက်မယ် .. ကျေးဇူးတင်ပါတယ် .."


သူက မျက်မှောင်ကုတ်ကြည့်တယ် ..
"ဘာဖြစ်လို့ပါလိမ့် .. ကျွန်တော့်ပုံစံက မဟုတ်တာလုပ်မယ့်ပုံများပေါက်နေလို့လား .. ကျွန်တော့်မျက်စိထဲ မျက်မှန်းတန်းမိနေလို့ ရိုးရိုး ကူညီတာပါ .."

သွန်း ပေကပ်ကပ်ဆက်ရပ်နေတော့ ..
"ကဲ .. ခင်ဗျား ကျွန်တော့ကားကို စီးရမှာ စိတ်မချရင်လည်း ကားတော့ငှားသွားလိုက်ပေါ့ .. ဒီလောက် ကြွက်စုတ်ဖြစ်နေပြီ .." ပြောပုံကိုက ကြည့်ပါဦး မသက်မညှာ .. သွန်းပုံစံ ဆူအောင့်အောင့်ဖြစ်သွားပုံကို သူမြင်ပြီး သဘောတကျ ပြုံးလိုက်တာ သွန်းမျက်လုံးဒေါင့်က မြင်လိုက်တယ် .. အဲဒီခဏ သွန်းဘာဖြစ်သွားလဲ .. ရင်ခုန်သွားတာလား ..

အငှားကားတစ်စီးလာတော့ သူလက်ပြတားလိုက်တယ် .. ကားရပ်လာချိန်မှာ ကားတံခါးဖွင့်ပြီး ..
"ကားငှားပြီးတော့ ပြန်လိုက်ပါ .." သူ့လေသံက ချော့သလိုလို .. သွန်းလည်း ကားပေါ်တက်ပြီး
"ကျေးဇူးတင်ပါတယ် .." ဆိုတော့ သူက
"မတင်ပါနဲ့ဗျာ .. ကျွန်တော်ကူညီတာတော့ ခင်ဗျားလက်မခံပဲနဲ့ .." သွန်း ပြုံးမိပြန်တယ် .. "ဘယ်လိုလူပါလိမ့် .."


^^^^^^^^^^


မနက်အလုပ်ရောက်လို့  သွန်း အရောင်းကောင်တာက ပစ္စည်းတွေ စီရီနေတုန်း ခြေထောက်တစ်စုံ .. သူပဲလား .. သွန်းရင်ခုန်သွားတယ် .. သွန်းက အောက်မှာ ငုံ့ထိုင်နေတော့ သူမြင်ပုံမပေါ်ဘူး .. သွန်းမှန်ကြားထဲက ချောင်းကြည့်တော့ သူ သွန်းကို လိုက်ရှာနေတာလား .. သူငယ်ချင်းက ပစ္စည်းဝယ်ဖို့ လာသူ အထင်နဲ့
"ဘာရှာပါသလဲ .."
"ခင်ဗျာ .. သြော် .. လူ .."
"ရှင်"
"သြော် .. ဒီလိုခင်ဗျ .. အရင် ဒီကောင်တာမှာထိုင်တဲ့ သွန်းကိုရှာတာပါ .."
"သြော် .." သူငယ်ချင်းက အောက်ကိုငုံ့ကြည့်ပြီး ..
"ဟဲ့ သွန်း .. နင့်ကိုရှာနေတယ် .." မချိုမချဉ် မျက်နှာပေးနဲ့ သွန်း ထိုင်ရာက ထလိုက်တယ် ..
"သြော် .. ခင်ဗျားက ပုန်းနေတာကိုး .. ဘာလဲ အကြွေးပေးရမှာစိုးလို့လား .."
"အောင်မာ .. ရှင့်ဆီက ဘာကြွေးများ ယူထားမိလို့လဲ .."
"မသိဘူးလေ .. ခင်ဗျားက ပုန်းနေတာကိုး .. ဒီတော့ ကြွေးရှင်ကို ရှောင်တယ်ထင်လို့ .. ကျွန်တော့်ဆီက အကြွေးယူထားတယ်မပြောပါဘူး .." ခပ်ပြုံးပြုံး သူ့မျက်နှာမှာ ပါးချိုင့်ယောင်ယောင် ခွက်ခွက်လေးပါလား ..
"ကဲ .. ထားပါ .. ကျမကိုရှာတာ ဘာကိစ္စလဲ .."
"ဆေးဖိုးတောင်းမလို့ .."
"ဘယ်လို"
"ဟုတ်တယ် .. ကျွန်တော်က နေကောင်းပြီးကာစပဲရှိသေးတယ် .. မနေ့က ခင်ဗျားနဲ့ အတူ မိုးရေချိုးလိုက်တာ ပြန်ဖျားပြီ .."
"ဟင် .." ဟုတ်သားပဲ .. မနေ့က သူမိုးရေထဲမှာ သွန်းပစ္စည်းတွေကို လိုက်ကောက်ပေးနေခဲ့တာလေ .. သူလည်း သွန်းလို ကြွက်စုတ်ဖြစ်မှာပဲ .. သွန်းအားနာသွားတယ် ..
"ဘာဆေးသောက်မလဲ .. သွန်းသွားယူလိုက်မယ် .."
"အဟဲ .. နောက်တာပါဗျာ .. ခု အမေဈေးဝယ်တာ ကျွန်တော်လိုက်လာတာ .. အအေးမိတာလည်း ညကတော့ တကယ်ပါ .. ခင်ဗျားကို သတိရလို့ လာရှာတာ .. ကောင်တာမှာ မတွေ့တော့ ခင်ဗျားပါ ဖျားနေပြီလားလို့ .."
ဒါ သူ့ရဲ့ အကြင်နာ တစွန်းတစကို မြင်မိသလို ..


^^^^^^^^^^


ဒီလိုနဲ့ သွန်းနဲ့ သူနဲ့ ခင်မင်လာခဲ့တယ် .. သွန်းရဲ့အားလပ်ချိန်တွေဆို သူနဲ့ပဲ ကုန်လွန်ဖြစ်တာများခဲ့တယ် .. သူက သွန်းကို တရစ်ပြီးတစ်ရစ် ချည်နှောင်နေတယ်ဆိုတာ သွန်း မငြင်းနိုင်ဘူး .. ရှောင်ဖယ်ဖို့လည်း စိတ်ကူးမရှိခဲ့ဘူး .. သွန်း ရူးခဲ့တယ် ..

သူက ဂစ်တာသမား .. အနုပညာသမား .. သူ့ရဲ့ လက်ရှည်ရှည်သွယ်သွယ်လေးတွေးကို သွန်းစိတ်ကူးနဲ့ ပိုင်ပိုင်နိုင်နိုင် ဆုတ်ကိုင်ထားချင်တယ် .. ဒါတွေဟာ သွန်းအတွက် စိတ်ကူးယဉ်ရုံ သက်သက်ပဲ ဖြစ်နေခဲ့တာ သွန်းတစ်နေ့ တော့ သိလိုက်ရတယ်လေ ..

သူက သွန်းအပေါ် သိပ်ကို ဂရုစိုက်ပါတယ် .. တစ်ခါတစ်လေ ပိုင်စိုးပိုင်နင်း ဆက်ဆံတတ်တာကလွဲရင် သွန်းအပေါ်အလေးအနက်ထားတယ် လို့ သွန်းထင်တယ် .. သွန်းကို သူတွဲဘူးတဲ့သူတွေလို သဘောမထားလောက်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေခဲ့မိတယ် .. ပြီးတော့ သူအမြဲပြောတတ်တာက သူတကယ်ပဲ ချစ်တတ်ခဲ့ပြီဆိုတာမျိုး .. သူသိပ်ချစ်တဲ့မိန်းကလေးက ဘယ်လိုပုံစံဆိုတာမျိုး အမြဲပြောတယ် .. အဲဒါသွန်းကိုပြောနေခဲ့တယ်ဆိုတာ သွန်းစိတ်က သိနေခဲ့တယ် .. ကျေနပ်နေခဲ့တယ် .. ဒါပေမယ့် ခုချိန်ထိ ချစ်တယ်ဆိုတဲ့စကားကို မပြောခဲ့သေးဘူး ..

သူနဲ့သွားသမျှ လမ်းတိုင်းမှာ သူ့ အသိ မိတ်ဆွေဆိုတာ မိန်းကလေးတွေချည်းပဲ .. များသောအားဖြင့်လည်း သူ့ရဲ့ ရည်းစားဟောင်းတွေ ဖြစ်ဖြစ်နေတတ်တယ် ..

ပြီးတော့ သွန်းသူ့အကြောင်း တဖြည်းဖြည်းသိလာချိန်မှာ သွန်းကြောက်လာတယ် .. သူက မိန်းကလေးတွေကို တန်ဖိုးမထားတတ်တဲ့သူ .. မိန်းကလေးတွေနဲ့ တွဲသွားတွဲလာလုပ်ရတာကိုသဘောကျတဲ့လူ .. သွန်းက ဘာလို့ အဲလိုမျိုးနေတာလဲဆိုတော့ ..

"သွန်းရဲ့ လူဘ၀ဆိုတာ ခဏလေးရယ် .. အဲဒီခဏလေးမှာတောင် အိမ်ထောင်မကျခင်ထိပဲ ဒီလို လွတ်လွတ်လပ်လပ်နေနိုင်တာ .. အိမ်ထောင်ပြုပြီးပြီဆိုရင် ဒီလိုနေလို့မရတော့ဘူး .. အိမ်ထောင့်တာဝန်ကိုယူရမယ် .. သွန်းကရော အိမ်ထောင်ကျပြီးနောက် ကိုယ်အဲလိုနေရင် လက်ခံမှာမို့လား .."

ဘုရားရေ .. ဒါဘာစကားလဲ .. သွန်းမျက်နှာကို ခပ်ပြင်းပြင်းဖြတ်ရိုက်ခံလိုက်ရသလိုပဲ ခံစားလိုက်ရတယ် .. ခုသူက ထင်နေတာ သွန်းက သူ့ကို တမ်းတမ်းစွဲစုံမက်နေတယ်ပေါ့ .. ဘယ်ချိန်ပဲ ဖွင့်ပြောလိုက် ဖွင့်ပြောလိုက် သွန်းက အဆင့်သင့်ရှိနေမယ်လို့ သူထင်နေတာပေါ့ .. သွန်းကို အထင်သေးရက်လိုက်တာလို့လည်း ၀မ်းနည်းမိတယ် .. တစ်ချိန်တည်းမှာ ဆုံးဖြတ်လိုက်တာက သွန်းသူ့အပေါ်သေလောက်အောင် ချစ်ပါစေ ဘယ်တော့မှလက်မခံတော့ဘူး ဆိုတာပဲ ..

သွန်းဘ၀တစ်လျှောက်လုံး အရိုးရှင်းဆုံးဖြတ်သန်းလာခဲ့တာ .. ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်တဲ့သူ တစ်ယောက်တည်းဖြစ်ချင်ခဲ့တာ .. ဒါပေမယ့် သွန်းချစ်မိသွားသူအတွက် သွန်းက ဘာလို့ဦးဆုံးမဖြစ်ခဲ့ရတာလဲ .. နောက်ဆုံးလည်းမဖြစ်နိုင်ခဲ့ဘူးလေ .. သွန်းကိုယ်တိုင်က မဖြစ်ချင်ခဲ့တော့တာပါ ..


^^^^^^^^^^


သွန်းနဲ့ သူနဲ့ သိခဲ့တာ ၃နှစ် ပြည့်ခါနီးပြီ .. သွန်း သူ့အနားမှာ အရင်လိုပဲ ရှိဆဲပါ .. သူကလည်း အရင်ပုံစံအတိုင်းပဲ ရှိနေဆဲပါ .. သွန်းသူ့ကို ချစ်ပေမယ့် သွန်းဦးနှောက်က လက်မခံခဲ့ဘူး .. သွန်းက သူ့အပေါ် မျှော်လင့်ချက်နဲ့ အနားမှာ နေနေတဲ့ မိန်းကလေးဆိုတဲ့ အထင်ကို နှလုံးသွေးနဲ့ ရင်းပြီး ချေဖျက်ပစ်ရမယ် .. သွန်းဟာ သူမမြင်ဘူးသေးတဲ့ ခေါင်းမာ မာနကြီးတဲ့ သူတစ်ယောက်ဆိုတာ သူသိစေရမယ် .. သွန်း ဒီလိုလုပ်လို့ သူခံစားရမယ်ဆိုရင် ဒါဟာ သူသွန်းကို အထင်သေးမိတဲ့အတွက် ရတဲ့ အပြစ်ဒဏ်လို့ သွန်း နာမည်တပ်မယ် .. ဒီလောက်တော့ သူခံစားပါစေ .. သွန်းကိုယ်တိုင်တောင် ကိုယ့်ရင် ကိုယ်ခွဲ နှလုံးသွေးနဲ့ရင်းလိုက်ရတာပဲလေ .. 



^^^^^^^^^^

နောက်လထဲမှာ သွန်းနဲ့သူ သိတာ ၃နှစ်ပြည့်မယ် .. သူအရင်နှစ်တွေတုန်းကလို သတိတရရှိနေဦးမှာပါ ..

^^^^^^^^^^

"သွန်း"
"အင်း .. ပြော"
"နောက်လဆို ကိုယ်တို့ သိတာ ၃နှစ်ပြည့်ပြီနော် .. အဲဒီအတွက် ကိုယ် သွန်းဖို့ လက်ဆောင် စီစဉ်ထားတယ် .. ပြီးတော့ ပြောစရာစကားလည်းရှိတယ် .. ပြီးရင် သွန်း ကိုယ်လိုချင်တာ တစ်ခု ပြန်ပေးရမယ် .."
"အလိုတော် .. သူ့ဆီကဘာပစ္စည်းမှလည်း မတောင်းပဲနဲ့ .. သူ့ဟာသူပေးပြီး ဒီက လည်းပြန်ပေးရဦးမယ် .. မဟုတ်သေးပါဘူး .. မပေးတော့ ဘာဖြစ်လဲ .."
"မပေးလို့မဖြစ်ဘူး .. သွန်းကိုယ့်ကိုပေးမှာပါ .. ကိုယ်သိနေတယ် .." ဒီစကားအတွက် သွန်း မအံ့သြတော့ပါဘူး .. သေချာပြီလေ .. သူဟာ သွန်းကို သူမြင်ဘူး တွေ့ဘူးသမျှ မိန်းကလေးတွေနဲ့ တန်းတူသဘောထားလိုက်တာပဲပေါ့ ..


^^^^^^^^^^

အလုပ်ဆင်းချိန် ရောက်တော့ သွန်း ချက်ချင်းဆင်းမသွားချင်တာနဲ့ အလုပ်ရှုပ်ချင်ယောင် ဆောင်နေလိုက်တယ် .. ၁၅မိနစ်လောက်နောက်ကျပြီး ဆင်းသွားတော့ သူ့ကားက မရောက်သေးပါဘူး .. သူက အဲလိုမျိုး သွန်းအပါအ၀င် အရာရာကို အလေးအနက်မထားတတ်သူ .. သူ့ကိုသာ စောင့်ချင်စောင့်ပါစေ သူက မစောင့်ချင်တဲ့သူ .. သွန်းရပ်စောင့်နေလိုက်တယ် .. ၅မိနစ်လောက်ကြာတော့ သူရောက်လာတယ် .. သူ့မျက်နှာ အပြုံးကို မြင်ရချိန်မှာ သူမစိတ်ထဲ နှမြောသလိုပဲ .. ဒီနေ့ဟာ သွန်းအတွက် နောက်ဆုံးနေ့ .. သူ့ရဲ အပြုံးတွေ လှုပ်ရှာမှုတွေ အားလုံးကို သွန်း စိတ်ထဲ မှတ်သားထားလိုက်တယ် ..

"သွန်း .." သွန်းလို့ခေါ်လိုက်သံမှာ နူးညံ့မှုတွေ ပျော်ဝင်နေတယ်လို့ သွန်းထင်တယ် ..
"ကိုယ်တို့ လက်ထပ်ရအောင် .. ကိုယ်သွန်းကိုချစ်နေတာ သွန်းသိတယ်မလား .. သွန်းလည်း ကိုယ့်ကိုချစ်တယ်မလား .. ကိုယ် နောက်မိန်းကလေးတွေနဲ့လည်း မရှုပ်ချင်တော့ဘူး .. သွန်းတစ်ယောက်တည်းနဲ့ ဘ၀တစ်ခု တည်ဆောက်ချင်ပြီ .. ကိုယ့်ကို လက်ခံတယ်လို့ ပြောပါ .. သွန်း ကိုယ့်ကိုချစ်တယ်မလား .."

"ရှင်က ကိုယ့်ကိုယ်ကိုယ် တော်တော် ဘ၀င်မြင့်တတ်တဲ့လူပဲနော် .." သူမထင်မှတ်ထားတဲ့စကားမို့ အလန့်တကြား သွန်းကိုကြည့်တယ် ..
"ဘာကိုဆိုလိုတာလဲသွန်း.."
"သြော် .. ကျမက ရှင်အချိန်မရွေး ဖွင့်ပြော .. ရမှာပဲလို့ ထင်နေတာမလား .. ဒီလိုဆိုရင်တော့ ရှင်ထင်တာ တက်တက်စင်ကိုလွဲနေပြီ .. ကျမက ရှင့်ကို ချစ်လည်းမချစ်သလို ဘယ်တော့မှလည်း လက်ထပ်မှာမဟုတ်ဘူး .."
"သွန်း မနောက်ပါနဲ့နော် .. ကိုယ်တောင်းပန်တယ် .. ကိုယ်နဲ့သွန်း ဘ၀အတွက် ကိုယ်အများကြီးစဉ်းစားပြီးသား .. ကိုယ် သွန်းကိုတကယ်ချစ်တာ .."
"ရှင် တခြားမိန်းကလေးတွေကိုသွားပြောပါ .. ယုံချင်ယုံလိမ့်မယ် .. ကျမကတော့ ရှင့်အကြောင်း ရှင့်အကျင့်ကို တော်တော်များများသိထားတဲ့သူမို့လို့  ယုံမှာမဟုတ်ဘူး .."
"သွန်း ယုံအောင် ကိုယ်ဘာလုပ်ပြရမလဲ .."
"မလိုပါဘူး .. အသုံးမ၀င်တော့ဘူး .."
"ဘာလို့ ဒီလိုလုပ်တာလဲ .."
"ဘာလုပ်မိလို့လဲ .. ကျမမှာ ငြင်းပိုင်ခွင့် မရှိဘူးလား .."
"မင်း ငါ့ကိုချစ်တာ ငါသိတယ် .."
"ဟင့်အင်း .. ကျမ ဘယ်တော့မှ မချစ်ဘူး .. ကျမကို ခွင့်ပြုတော့ ရှင် .." ပြောပြော ဆိုဆိုနဲ့ သွန်း ထွက်လာခဲ့လိုက်တယ် ..


နှမြောတသခြင်း များစွာနဲ့
ဆုံးရှုံးဖို့ပဲ ရွေးလိုက်တယ်
ဒါဟာ မာနရဲ့ ဆုံးဖြတ်ချက် ..။


မာနရဲ့ ဆွဲချက်ကို 
ဦးနှောက်နဲ့ လက်ခံရင်း
ရင်တခုလုံး တ၀ုန်းဝုန်းပြိုလို့ ..။


မငိုနဲ့ မငိုနဲ့ 
အားတင်းရင်း မျက်ရည်တွေ တွေတွေကျ 
မာနအတွက်တဲ့ ..။


နောက်ကျောမှာ ရှိနေသူအတွက် ကျမရဲ့ မျက်ရည်တွေကိုတော့ မမြင်နိုင်လောက်ပါဘူး .. ဟန်မပျက်စမ်းနဲ့ .. ကိုယ့်ကိုကိုယ် အားပေးရင်း လမ်းဖြတ်အကူး ..


"သွန်း သွန်း .."


လှည့် မကြည့်နဲ့ လုံးဝ အရှုံးမပေးနဲ့ .. 


"သွန်း သတိထား .."


^^^^^^^^^^

ကျမ သတိထားမိလိုက်ချိန်မှာ ကားတစီး အရှိန်ပြင်းပြင်းနဲ့ .. နောက်ဆုံး သိလိုက်တာက ကျမ တကိုယ်လုံး ပစ်လဲသွားတယ် .. ပလက်ဖောင်းနဲ့ အရှိန်ပြင်းပြင်းဆောင့်မိတဲ့ဒဏ် .. အို .. ကျမ သေတော့မလား .. 


ဘေးနား လူတွေဝိုင်းလာပြီး ကျမကို တွဲကူထူကြတယ် .. ဒါဆို ကျမ မသေလိုက်ဘူးပေါ့ .. 


"ကလေးမ ဘာမှ မဖြစ်ဘူးနော်" .. ဘေးနားက စကားတခွန်း ..


ကျမ ကြောင်အစွာ ခေါင်းညိမ့်မိတယ် .. လမ်းလယ်ခေါင်မှာလဲ လူတွေ စုလို့ .. အဲဒီနား သွားမလို့ အပြင်မှာ .. 


"သမီး မသွားနဲ့ .. အဲဒီမှာ သမီးကို တွန်းထုတ်လိုက်တဲ့ ကောင်လေး ကားတိုက်ခံလိုက်ရတာ .. သမီး သွားမကြည့်တာ ကောင်းမယ်ထင်တယ် .."


"ရှင် .."


ကျမ မျက်လုံးတွေ ပြာဝေသွားတယ် .. ကျမ အားသွန်ပြေးရင်း ..


မဟုတ်ရဘူး .. မဟုတ်ရဘူး .. ကျမ မငိုချင်ဘူး .. ကျမလိုချင်ခဲ့တာ ရှင့်ရဲ့ နှမြောတသခြင်းပါ .. ခု ကျမ ရနေတာ နောင်တတွေ .. ခု ကတ္တရာလမ်းပေါ် လဲနေသူဟာ ကျမ ဖြစ်ရမှာ .. ဘာကြောင့် ရှင်ဖြစ်နေတာလဲ .. ဒါ အမှန်တရား မဟုတ်ဘူး .. မဟုတ်ရဘူး ...



^^^^^^^^^^

မြတ်နိုးလွန်းစွာ
ဖွင့်မပြောခဲ့ရက်သူကို
မပွင့်လင်းမှုအတွက်
ကံကြမ္မာက ဒဏ်ခတ်ခဲ့တယ်
တသက်တာ ဝေးကွာခြင်းသို့ ..။


တသက်စာ အရှုံးတွေ သူပေးခဲ့တယ် .. နောင်တတွေ တပွေ့တပိုက်နဲ့ ဘ၀ကို ရှေ့ဆက်ရင်း ကျမ အနာဂတ် တခုလုံး ပူပြင်းခြောက်သွေ့လို့ ..

Wednesday, March 23, 2011

ကျမနှင့် အလုပ် (၅)

ဟုတ်ကဲ့ .. မိုးခါးကို သူငယ်ချင်းတွေ ဆွေမျိုးတွေ တော်တော်များများက ပြောပါတယ် .. နင် တော်တော် ကံကောင်းတယ်တဲ့ ..

သူတို့ပြောတာကို လက်ခံမိပါတယ် .. ပြောပလောက်အောင် မရုန်ကန်ခဲ့ဘူးပါဘူး .. ဒါကြောင့်လဲ ၀ီရိယအား တော်တော်နည်းကြောင်းလဲ ၀န်ခံရပါမယ် .. :D (ဒါ မကောင်းဘူးနော် .. ကိုယ့်အောက်အငယ်တွေ အတုမယူကြနဲ့ :P)

ဘ၀မှာ ကြုံခဲ့ဘူးသလောက် အမြဲတမ်း ရွေးချယ်စရာ ၂ခု ၂ခု ဖြစ်တတ်ပါတယ် .. အမြဲတမ်းလဲ ဒွိဟ ဖြစ်ရပါတယ် .. အဲလိုအချိန်တွေကတော့ မိုးခါးအတွက် စိတ်ပင်ပန်းရတဲ့ အချိန်တွေပါပဲ .. အနဲလေးတော့ စိတ်ရှုပ်ရတယ်ပေါ့ ..

-------
နောက်ကုမ္ပဏီက အင်တာဗျူးခေါ်တဲ့ဖုန်း လာအပြီး သူတို့ ပို့လိုက်တဲ့ လိပ်စာနဲ့ မြေပုံကို ကြည့် .. အင်တာဗျူးသွားဖို့ ပြင်ဆင်ရပါတယ် .. အစ်မတယောက် အဖော်လိုက်ရင်းကကို နေရာကို အတော်လေး ရှာရပါတယ် .. နောက်ဆုံးတော့ တွေ့ပြီ ဆိုပါတော့ ..

ဗျူးတာက အမျိုးသမီးပါ .. နောက်မှ သိလိုက်ရတာက သူတို့က အေးဂျင့် .. ဒါပေမယ့် ကုမ္ပဏီဘက်ကပဲ ပိုက်ဆံယူတဲ့ အေးဂျင့်ပါ .. အမျိုးသမီးနာမည်က katherine Koh ပါ .. ပတ်စ်လျှောက်ပေးထားတဲ့ ကုမ္ပဏီက သူဌေး နာမည်က Barnet Koh ပါ .. အစ်မတွေကတောင် ပြောသေးတယ် .. မီးငယ်က Koh တွေနဲ့ အကျိုးပေးသလားမသိဘူးတဲ့ .. ;) သြော် .. ခုလက်ရှိ ကုမ္ပဏီ စ၀င်ကာစ မိုးခါးအထက်က မန်နေဂျာက Keith Khoo ပါ .. :D (အသံထွက်က လာဆင်နေသေးတယ်နော် .. :D)

ဒီမှာတော့ ဘာမှ ထွေထွေထူးထူးလဲ မမေးပါဘူး .. လူမြင်ပြီး သဘောကျတယ် ထင်ပ :P

ညနေကို နောက် အင်တာဗျူးသွားလိုက်ပါ .. ဘယ်ကို ဘယ်ကိုပေါ့ .. လစာကို ဘယ်လောက်တောင်း ဘာညာပေါ့ .. ပြောပြီး ပြီးတာပါပဲ .. ဒါနဲ့ ပြီးပြီဆိုတော့ ပြန် .. ညနေအတွက် ရင်ခုန်ရင်းပေါ့ ..

ညနေကျတော့ ထပ်သွား .. ထပ်လည်ပြန်ပါရော .. ဒိုဘီဂေါ့ကို တော်တော် စိတ်နာသွားရတယ် .. လှေကားတွေ မြင်နေရဲ့နဲ့ ခရမ်းလိုင်း သွားဖို့ အောက်ဆင်းရမယ့် လှေကားကို ဘယ်လိုမှ ရှာမတွေ့ခဲ့တာ .. ခုတော့ ရီစရာပေါ့ .. အဲဒီအချိန်က တော်တော်ချွေးပြန်ခဲ့ရတယ် ..

ဒီလိုနဲ့ နောက်ဆုံး ခရမ်းလိုင်း အဆုံး Punggol ကို ရောက်ပြီး လာခေါ်တဲ့ ကားနဲ့ အလုပ် ဆိုက် ရှိတဲ့နေရာကို လိုက်သွားခဲ့ပါတယ် .. ကုသိုလ်ကံများ ကောင်းချင်တော့ လာကြိုတဲ့ ကုလားကြီးက မေးလာပါတယ် .. လခဘယ်လောက်တောင်းလဲတဲ့ .. ကိုယ်တောင်းတဲ့ လခပြောလိုက်တော့ သူက မျက်လုံးပြူးသွားတယ် .. ဒါနဲ့ စိတ်ထဲမှာ ငါတောင်းတာတော့ နည်းသွားတယ်ထင်တယ်လို့ မှတ်လိုက်မိတယ် .. ပိုတောင်းရင်ကောင်းမလားပေါ့ ..

ဒီလိုနဲ့ အင်တာဗျူးဖို့ ဂျပန်ကြီး နဲ့ တွေ့ပါပြီ .. သူက မေးပါတယ် .. 2D 3D ရလားပေါ့ .. ကိုယ်ကလည်း 2D ရတယ် 3D မရဘူးဆိုတော့ .. အင်း 2D ရရင် အဆင်ပြေပါတယ်တဲ့ .. ပြီးတော့ ရှေ့မှာ ချထားတဲ့ plan ပုံကို ပြပြီး ဆွဲရင် ဘယ်လောက်ကြာမလဲတဲ့ .. ပုံက တော်တော်ကြီးတော့ မှန်းပြီး ၃ ၄ နာရီလို့ ပြောလိုက်ပါတယ် .. ဂျပန်ကြီးကလည်း ခေါင်းတညိမ့်ညိမ့်ပေါ့ .. နောက်ဆုံး ပုံလည်း မဆွဲခိုင်းပါဘူး .. လခဘယ်လောက်တောင်းမလဲ မေးတဲ့အချိန်မှာတော့ မိုးခါးလဲ အရဲစွန့်ပြီး ပိုတောင်းလိုက်ပါတယ် .. သူက ချက်ချင်းပဲ အိုကေတယ် ပေးမယ်ဆိုပြီး ဘယ်နေ့စဆင်းနိုင်မလဲ မေးတော့ ကိုယ်လဲ မြန်လေကောင်းလေ .. သူတို့လည်း လူလိုနေတဲ့အချိန်ဆိုတော့ any time ပေါ့ .. ဒါနဲ့ နောက်တပတ် ဆင်း ဆိုပြီး ဖြစ်သွားပါတယ် ..

အဲဒီအချိန် ကိုယ့်စိတ်ထဲ ပျော်လဲပျော် ရင်လည်း ခုန် .. တင်ထားတဲ့ ပတ်စ်အတွက်လည်း အရင်သူဌေးကို အားနာ .. ဟိုအလုပ်လည်း လိုချင် ဒီအလုပ်လည်း လိုချင်ဖြစ်ပါတော့တယ် .. ၂ခုလုံးက တမျိုးစီ ကောင်းကွက်တွေ ရှိနေတော့ လူလည်း အတော် ချာလပတ် ရမ်း သွားပါတယ် ..

အိမ်ကျတော့ အစ်မတွေနဲ့ ခေါင်းချင်းဆိုင် .. ဒူးတိုက် ဆွေးနွေးပါတော့တယ် ..

ကုမ္ပဏီအကြီးအတွက် ပတ်စ်ကို စိုးရိမ်စရာမရှိဘူးဆိုတာ နားလည်ပေမယ့် ဟိုဘက်က သူဌေးကိုလည်း အားနာမိပြန်ပါတယ် .. (မြန်မာစိတ်ဓါတ် ထင်ပါရဲ့) ပတ်စ်တင်ပေးထားတဲ့ သူဌေး အားနာပြီး ဟိုဘက်ကန်ဆယ်လုပ်ပြီးမှ ပတ်စ် ရီဂျက်ဆို ကိုယ်က ကြားထဲက ကွိဦးမယ် .. သူဌေးဆီပဲ ပြေးပြီး ငါ့ပတ်စ် အဆင်မပြေရင် နင် အပီး တင်ပေးမှာလား ရအောင် လုပ်ပေးမှာလားပဲ ပြေးပြောရမလိုလို .. တခါတည်း သေချာတဲ့ဆီပဲသွားပြီး ပတ်စ်တင်ထားတာ ကန်ဆယ်လုပ်ပေးပါပဲ ပြောရမလိုလိုပါပဲ .. နောက်ဆုံးတော့ စိတ်ကို ဒုန်းဒုန်းချ .. ကိုယ့်ကုသိုလ်ကံနဲ့ အဆင်ပြေတာ တွေ့ချင်ရာသာတွေ့ပစေတော့လို့ တွေးလိုက်ပါတယ် .. မေတ္တာတွေလည်း ပို့လိုက်ရတာ လွန်ပါရော .. အထက်အောက် အလယ် အကုန် အစုံပါပဲ .. အဲဒီအချိန်မှာပဲ ဂျပန်ကုမ္ပဏီက ဖုန်းတွေခေါ် ပတ်စ် တင်လို့မရဘူး .. ပရောဆက် တခုဖြစ်နေတယ်ဆိုပြီး ပြောလာပြန်ပါရော .. ကံလေးသာပြန်တော့ အဲ့ဒီနေ့က စနေမို့ ဟိုဘက်ရုံး ပိတ်ပါတယ် .. ဖွင့်ရင်ပြောလိုက်ပါ့မယ် ဖော .. ဒါဆိုလည်း အမြန်ဆုံး ကန်ဆယ်လုပ်ပါပေါ့ .. သူတို့ တင်ပေးမယ်ပေါ့ .. အိုး မူးလိုက်တာ မူးလိုက်တာ ဆိုတာ ခုတွေးရင် ခုပြန်မောတာပါပဲ ..

ဒီလိုနဲ့ တနင်္လာနေ့ မနက်မှာပဲ ကံကောင်းစွာနဲ့ သူဌေးဆီက ဖုန်းဝင်လာပါတယ် .. နင့်ပတ်စ် ရီဂျက်တဲ့ .. တော်တော်ပျော်သွားပါတယ် .. ခေါင်းအေးပြီလေ .. ဟိုအလုပ်ကို စိတ်ချလက်ချ ၀င်လိုက်ရုံပေါ့ .. သူဌေးကိုလည်း အားနာစရာမလိုတော့ဘူး .. ကျောင်းတက်ရမယ့် အစီအစဉ်တော့ ဝေးသွားတယ်ပေါ့ .. ဘာပဲဖြစ်ဖြစ် ဒါကောင်းဖို့ပဲလို့ မှတ်လိုက်ပါတယ် ..

ဒါတွေကတော့ စလုံး ရောက်ခါစ မလည်မ၀ယ်နဲ့ တလည်လည် ဖြစ်ခဲ့ရတာတွေပါ .. :D

ဘာရယ်တော့မဟုတ်ပါဘူး .. စိတ်ထဲ မှတ်မှတ်ရရ ဖြစ်နေတာလေးတွေကို ချရေးလိုက်မိတာပါ .. အလုပ်ထဲမှာ နေ့စဉ်ဖြစ်နေတာတွေလည်း ရေးဖြစ်ဦးမယ် ထင်ပါတယ် .. ခုလို မိုးခါးအရှုပ်တွေကို ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် ..း)

Tuesday, March 22, 2011

ကျမနှင့် အလုပ် (၄)

ပထမရက် အင်တာဗျူးကို မိုးရေတရွှဲရွှဲနဲ့ သွားဖြေပြီး နောက်မှာ နောက်ရက် second interview ကို နေ့လည်ဘက်ထပ်ခေါ်လို့ သွားရပါတယ် .. ကုမ္ပဏီက ဘယ်လောက်ချောင်ကျလဲဆိုတာ ပထမရက် သွားပြီးတာတောင် နောက်ရက်လည်း တန်းတန်းမတ်မတ်မရောက်ပါဘူး .. လည်နေပါတယ် .. နောက်ဆုံး ချိန်းထားတဲ့ အချိန်နီးနေတော့ တက်စ်စီနဲ့ လစ်ရပါရော .. နောက်ဆုံးတော့ အချိန်မှီရောက်သွားပါတယ် ..

ရောက်သွားပြီး သူဌေးယူလာခိုင်းတဲ့ ကိုယ့်ရဲ့ ပရောဂျက်တွေ ပြ .. သူ့တို့ကလည်း ခေါင်းတညိမ့်ညိမ့်နဲ့ပေါ့ .. ပြီးတော့ အော်တိုကဒ် ဆွဲပြဖို့ ပြောလာပါတယ် .. ဒီကလည်း အိုကေပေါ့ .. ဒါပေမယ့် သူတို့မှာ အော်တိုကဒ်ဆော့ဝဲ မရှိပါဘူး .. ဒီတော့ ဖုန်းတွေဆက်ပြီး သူ့သူငယ်ချင်းဆီက ငှားဖို့ လုပ်ပါသေးတယ် .. ဘယ်လိုမှ အဆင်မပြေတော့ ကိုယ်ကလည်း လျှာက ရှည်တယ်လေ .. ရောက်ကာစ အထာကလည်း မနပ်သေးတော့ ငါ့မှာ ရှိတယ်ပေါ့ .. ဒါဆို သွားယူမယ်ဖြစ်ရော .. သိပ်လည်း မဝေးပါဘူး အိမ်နဲ့ အလုပ်က .. Eunos နဲ့ Aljunied ပါပဲ .. ဒီလိုနဲ့ သူဌေးကားနဲ့ အိမ်သွားယူတယ်ပေါ့ ..

နောက်ဆုံးတော့ အော်တိုကဒ်လဲ ရပြီ အလုပ်နေရာလဲ ပြန်ရောက်ပြီဆိုတော့ Plan ပုံ 2D drawing ၁ခု ထုတ်လာပါတယ် .. ဘယ်လောက်ကြာမလဲ တဲ့ .. ပြောလိုက်တယ် .. နာရီဝက်လို့ .. :P ဆွဲလဲဆွဲရော မီလီမီတာကလည်း သုံးနေမကျတာရော သိပ်မကျွမ်းကျင်သေးတာရော ပေါင်းပြီး ၃နာရီ ကြာသွားပါတယ် .. :P ပြသနာတော့ မရှိပါဘူး .. :D

ဒီလိုနဲ့ သူတို့လည်း ကြိုက်တယ်ပေါ့ .. လခတွေ ဘာတွေ ပြော .. နောက်နေ့ ပတ်စ်တင်ပေးမယ် ဆိုလာပါတယ် .. သူဌေးက သူဌေးအသစ်စက်စက်ဖြစ်တော့ ကုမ္ပဏီအကြောင်း အလုပ်သမားနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေ သူဘာမှ နားမလည်ပါဘူး .. ဒီတော့ အစ်မကို ဖုန်းဆက် အပူကပ် .. အစ်မဆီက နည်းတွေ မေး လုပ်ရပါတယ် ..

သူဌေးက ပြောပါတယ် .. သူတို့က ရေရှည် လုပ်စေချင်တယ် .. ကုမ္ပဏီကလည်း ခုမှ စဖွင့်ကာစ .. အိမ်တွင်းအလှဆင်တာနဲ့ ပတ်သက်တဲ့ သင်တန်းပေးတက်မယ် .. 3D ပေးတက်မယ် စသည်ဖြင့်ပြောပါတယ် .. စာချုပ်လည်း ချုပ်ရပါမယ် .. ဘာလို့ဆိုတော့ လာတဲ့ အလုပ်သမားတွေက ပညာစုံရင် တာ့တာ လုပ်သွားတတ်လို့ပါတဲ့ .. ကိုယ်ကလည်း အလုပ်ရချင်နေတာဆိုတော့ အကုန် အင်း ပေါ့ .. အဆုံးတော့ နောက်နေ့ အလုပ်လျှောက်ပေးမယ် .. လိုတဲ့ စာရွက်စာတမ်းတွေ ယူလာဖို့ မှာစရာ ရှိတာမှာပြီး အိမ်ပြန်ပါတယ် ..

အိမ်ရောက်တော့ အစ်မတွေက ၀ိုင်းပြီး အကြံပေးကြတယ် .. စာတိုက်က မတင်ခိုင်းဖို့ အွန်လိုင်းက တင်ခိုင်းဖို့ စသည်ဖြင့်ပေါ့ ..

နောက်ရက် ခေါ်ထားတဲ့ အချိန်ထပ်သွားရပါတယ် .. ပတ်စ် တင်မယ်ဆိုတော့ သူတို့က စာတိုက်ကတင်တာပဲ သိတယ် .. အွန်လိုင်းက တင်တာမသိဘူး .. ဒီတော့ အစ်မဆီ ဖုန်းဆက် သူဌေးနဲ့ ပြောခိုင်း .. နောက်ဆုံးတော့ ကုမ္ပဏီကို register အရင်လုပ်ရမယ် .. ဘာညာနဲ့ အဲနေ့ မတင်ဖြစ်ပြန်ပါဘူး ..

အဲဒီနေ့မှာ သူဌေးနောက်ကို လျှောက်လိုက်ရပါတယ့် .. ပတ်တိုင်း လုပ်မယ့် ကောင်မလေးလည်း လာပါတယ် .. ခေါ်သွားတဲ့နေရာတွေက မီးဆိုင်းတွေ အိမ်တွင်းအလှဆင်တဲ့ ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တွေ ၄ ၅ ဆိုင်ပါပဲ .. မိတ်ဆက်ပေးတယ် .. ဒါ သူ့ဝန်ထမ်းပေါ့ .. နောက်ဆို သူတို့တွေ လာမယ် ဘာညာပေါ့ .. အဲဒီနေ့က မှတ်မှတ်ရရ ည ၈နာရီကျော်သွားပါတယ် ..

နောက်ရက်တွေကျ သူတို့ ပတ်စ်တင်ပေးပြီး ကျလာမှာကို ထိုင်စောင့်ပါတယ် .. တရက်တော့ တင်ပြီးပြီ လို့ အကြောင်းကြားလာပါတယ် .. ကိုယ့်အလုပ်က သတင်းထိုင်စောင့်ရုံပေါ့ ..

တိုက်တိုက်ဆိုင်ဆိုင် သူတို့ ပတ်စ်တင်လိုက်ပြီဆိုတဲ့ နေ့မှာ တခြားး အင်တာဗျူးတခု ထပ်ဝင်လာပါတယ် .. သွားပါတယ် .. ဒါလည်း တော်တော် ရှာလိုက်ရပါတယ် .. အာတွေလည်း ပေါက် လျှာတွေလည်း ထွက် .. :D

ဆက်ရန် .. :D

Saturday, March 19, 2011

ပီတိကိုစား အားရှိ၏

မိုးခါးတို့ မောင်နှမတွေ စုပြီးတော့ ၂၀၁၀-၁၁ စာသင်နှစ်အတွက် Lotus Foundation နှင့် Kutho Group တို့ရဲ့ နာဂစ်ဒေသရှိ မိဘမဲ့ကလေးများ ပညာစရိတ်သင်ထောက်ပံမှု အစီအစဉ်မှာ ကလေးတွေ ကျောင်းစရိတ် ကုသိုလ်ပါဝင်ဖြစ်ခဲ့ပါတယ် ..

စီစဉ်ပေးတဲ့ Lotus Foundation နှင့် Kutho Group တို့ကိုလည်း ကျေးဇူးတင်မိပါတယ် .. မိုးခါးနှုတ်က အလှူငွေလှူဖို့ စကားစလိုက်တိုင်း မငြင်းပဲ အမြဲတမ်း ကူညီပြီး အလှူငွေ ထည့်ဝင်ပေးတဲ့ မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ် .. နောက်နှစ်တွေမှာလဲ ခုထက်ပိုပြီး အလှူအတန်းတွေ ပြုနိုင်ကြဖို့ ဆန္ဒပြုပါတယ် ..း)

အောက်က ပုံလေးတွေကတော့ မိုးခါးတို့ရဲ့ အလှူငွေကို လက်ခံပေးပြီး ကလေးတွေဆီရောက်ဖို့ စီစဉ်ပေးတဲ့ အစ်မ မခင်မမ ပို့ပေးလာတာပါ .. မိုးခါးတို့ မောင်နှမ တစုရဲ့ မွေးစားကလေးတွေပေါ့ ..း)








ပုံလေးတွေ ကြည့်မိတော့ စိတ်ထဲမှာ ၀မ်းနည်း ၀မ်းသာ ခံစားရပါတယ် .. ၀မ်းနည်းတာက သူတို့လေးတွေ ခုလို ငယ်ငယ်လေးတွေနဲ့ လောကဓံကို ခံစားနေကြရလို့ပါ .. ၀မ်းသာရတာကတော့ ကိုယ့်ရဲ့ အလှူငွေလေးက သူတို့လေးတွေအတွက် တဖက်တလမ်းကနေ အကူအညီရလိုက်ပါလားဆိုတဲ့ စိတ်ကြောင့်ပါ ..

ဒီကလေးတွေရဲ့ မျက်နှာလေးတွေ မြင်ရတဲ့အခါမှာလဲ အရမ်းကို သနား ဂရုဏာ ဖြစ်မိပါတယ် .. တချို့ဆို မိဘမဲ့ ခိုကိုးရာမဲ့ .. အနာဂတ်မရေမရာ ..

မိုးခါးတို့ ခု လှူလိုက်တယ်ဆိုတဲ့ အလှူငွေလေးဟာ သူတို့လေးတွေရဲ့ မျှော်လင့်ချက်ကို နဲနဲတော့ အရောင်တင်ပေးနိုင်မယ် ထင်ပါတယ် .. အလှူငွေ သတ်မှတ်ချက်က မူလတန်း ၁၅ ဒေါ်လာ၊ အလယ်တန်း ၂၀ ဒေါ်လာ၊ အထက်တန်း ၂၅ ဒေါ်လာပါ .. စာသင်နှစ်တနှစ်ကို ၈လ သတ်မှတ်ပါတယ် .. တလချင်း (သို့) ၄လ၁ခါ (သို့) တကြိမ်တည်း စသည်ဖြင့် ကိုယ် အဆင်ပြေသလို လှူနိုင်ပါတယ် .. နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေအနေနဲ့လည်း တလချင်း တတ်နိုင်တဲ့ ငွေပမာဏပါ .. စီစဉ်သူတွေကလည်း တတ်နိုင်လောက်မယ့် ပမာဏဖြစ်အောင် စီစဉ်ထားတယ်ထင်ပါတယ် ..

မိုးခါး ဒီပို့စ်မှာ နှိုးဆော်စာ ဆိုပြီး ရေးခဲ့ဘူးပါတယ် .. ဒီ ကလေးလေးတွေရဲ့ မျက်နှာလေးတွေ မြင်ရတာ စိတ်ထဲတကယ်ပဲ မကောင်း ဖြစ်ရပါတယ် .. ကလေးဘ၀က ဖြူစင်ပါတယ် .. ကိုယ်ပိုင် လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့် ရွေးချယ်ပိုင်ခွင့် မရှိကြပါဘူး .. ဖြူစင်နေတုန်း လမ်းပြပေးနိုင်မယ့်သူ ရှိသင့်ပါတယ် .. မဟုတ်ရင် ဒီကလေးတယောက် လူကြီး ဖြစ်လာတဲ့အခါ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို လိုက်ပြီး ဆိုးသွမ်းသွားနိုင်ပါတယ် .. ကလေးတယောက် ကောင်းမွန်စွာ ကြီးပြင်းဖို့ ကောင်းမွန်စွာ တွေးတော တတ်ဖို့ လမ်းပြပေးနိုင်မယ့် တွဲခေါ်သွားပေးနိုင်မယ့် ပတ်ဝန်းကျင်ကောင်း လိုအပ်ပါတယ် .. အမှားအမှန် ခွဲခြားတတ်ဖို့ ပညာတတ် အသိဥာဏ်ရှိဖို့ လိုအပ်ပါတယ် .. ပညာတတ်ဖို့ ကျောင်းတက်ရပါမယ် .. အနည်းဆုံး စာရေးတတ် ဖတ်တတ်မှ စာတွေ ဖတ်နိုင်မယ် .. စာအုပ်ထဲက သင်ခန်းစာတွေ ယူနိုင်ပါမယ် ..

မိုးခါးတို့ တနေ့အသုံးစရိတ်ထဲက ပြားစွန်းလောက်ပဲ စုဆောင်းဖြစ်ပါဦး မူလတန်းကလေးတယောက်ကိုတော့ ကျောင်းထားပေးနိုင်ပါတယ် .. ပညာသင်ဖို့ အခွင့်အလန်း ရှိနေရဲ့နဲ့ သင်ခွင့်မရတဲ့ကလေးတွေ ဘယ်လောက်များနေလဲ .. သူများတကာ အဖြူအစိမ်းလေးနဲ့ ကျောင်းသွားချိန်တွေမှာ လမ်းဘေးကနေ ငေးကြည့်နေရတဲ့ ကလေးတွေ ဘယ်လောက်များနေမလဲ .. အခွင့်အရေးလည်းရှိနေတုန်း တတ်နိုင်တဲ့ ဘက်က ကူညီကြရအောင်ပါ .. မိုးခါးတို့ လက်တကမ်းမှာပဲ ရှိပါတယ် .. ကိုယ် ငယ်စဉ်က ဘယ်လိုနေခဲ့လဲ ဘယ်လို အခွင့်ထူးတွေ ခံစားခဲ့သလဲ .. သူတို့လေးတွေမှာ ဒီအခွင့်အရေး မရရှိကြပါဘူး .. သူတို့ရဲ့ ကုသိုလ် အကုသိုလ်ကံကြောင့်ဆိုပေမယ့် ကိုယ့်မှာ ကူညီခွင့် ကုသိုလ်ယူခွင့် ရှိနေပါတယ် ..

ဒီလပိုင်းကတော့ စိတ်မကောင်းစရာ ၀မ်းနည်းထိခိုက်စရာ သတင်းတွေ အတော်ပဲ များပါတယ် .. ဒါတွေဟာ ဆုတ်ကပ်ရောက်နေပြီ ဆိုတဲ့ သက်သေတွေများလားလဲ တွေးမိပါတယ် .. ဒီ မကောင်းသတင်းတွေ ကြားထဲက Lotus Foundation နှင့် Kutho Group တို့ရဲ့ အလှူ ဓါတ်ပုံတွေနဲ့ ကလေးတွေရဲ့ ကျေးဇူးတင်ကြောင်း ပြန်စာလေးတွေ ဖတ်ပြီး ၀မ်းသာတဲ့ ခံစားမှု ခံစားနိုင်စေဖို့ အောက်က လင့်လေးတွေမှာ ကြည့်နိုင်ပါတယ် .. ကလေးတွေရဲ့ ဖြူစင်တဲ့ ရင်ထဲက စကားလုံးလေးတွေကို တွေ့နိုင်မှာပါ ..

နောက်နှစ် စာသင်နှစ် ရောက်ရင်လည်း ထပ်ပြီး နှိုးဆော်ပါမယ်လို့ ခုတည်းက ကြေငြာထားပါတယ် .. မိုးခါးကို မြင်ရင်တော့ ထွက်မပြေးကြလောက်ဘူး ထင်ပါတယ် .. :P

https://picasaweb.google.com/khinmamasan/StudentPhoto#

https://picasaweb.google.com/khinmamasan/EducationSponsorshipY201011202#

https://picasaweb.google.com/khinmamasan/StudentPhoto#

https://picasaweb.google.com/khinmamasan/EducationSponsorshipY2010111#

https://picasaweb.google.com/help2students/ThankYouLettersFromLessFortunateStudents201011#

http://www.lotusfoundationmm.org/index.php?option=com_content&view=article&id=64&Itemid=64

ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံး ဘေးအန္တရာယ် အပေါင်းမှ ကင်းငြိမ်းချမ်းသာ ရှိကြပါစေ ..

Thursday, March 10, 2011

ကျမနှင့် အလုပ် (၃)

ဒီလ ၁ရက်နေ့မှာပဲ စလုံးမှာ သောင်တင်ခဲ့တာ ၃နှစ်ရှိခဲ့ပါပြီ .. ပျော်လား ဆို မပျော်ဘူးရယ်လဲ မဟုတ်ပါဘူး .. စိတ်ညစ်လား ဆို ညစ်လှတယ်လဲ မဟုတ်ပါဘူး .. :D ဒီလိုပဲ မိုးခါးက ကြားနေ၀ါဒလေ .. :P

ရန်ကုန်မှာ ဆိုင်အလုပ် အဆင်သိပ်မပြေဘူးဆိုပြီး အစ်မတွေ ရှိတဲ့ စလုံးကို လိုက်မယ်ပြင်ပါတယ် .. လွန်ခဲ့တဲ့ ၃နှစ် ကျော်ကျော်ကပေါ့ .. အလုပ် မရှိတော့ဘူး ဆိုတာနဲ့ အိမ်မှာပဲ သောင်တင်နေပြန်ပါတယ် .. စာအုပ်ငှားလိုက် ဖတ်လိုက် .. ခွေငှားလိုက် ကြည့်လိုက် .. သူငယ်ချင်းတွေ လာလိုက် မလာရင် ကိုယ်က သွားလိုက် .. အဲဒီလို အလေလိုက်လို့ရမယ့် အချိန်မျိုး ခဏလောက်တော့ ပြန်လိုချင်တယ် .. အမြဲတော့ မနေချင်ပါဘူး .. ၁ပတ်တန်သည် ၁လတန်သည်ပေါ့ .. :D

လချီပြီးနေလာရင်း အစ်မရဲ့ အမျိုးသားရဲ့ အသိက မြို့နယ်အခွန်ရုံးက အခွန်မှူးပါ .. သူတို့ရုံးမှာ စာရင်းလုပ်ဖို့ စာရိုက်ဖို့အတွက် လူလိုတယ်ဆိုလို့ မိုးခါးတို့ စပ်စပ်စပ်စပ် သွားလိုက်ပါသေးတယ် .. အနည်းဆုံး ကိုယ့်မှာ ၀င်ငွေ (ဘယ်လောက်ရရ) ရှိတယ်ဆိုတဲ့ခံစားမှုမျိုး ကြိုက်ပါတယ် .. အလကား အားနေရမယ် ၀င်ငွေ မရှိရင်လည်း မနေနိုင်တော့ပါဘူး ..

အဲဒီ ဦး--- က သဘောကောင်းပါတယ် .. စိတ်ကောင်းလည်း ရှိတယ် .. ကိုယ့်အပေါ်လဲ ကောင်းပါတယ် .. ပြောရရင် မတော်လိုက်ရတဲ့ ခဲအိုပေါ့ .. :D အမွှာ အစ်မထဲက အကြီးက မင်္ဂလာဆောင်တော့ အမွှာအငယ် အစ်မနဲ့ အဲဒီ ဦးနဲ့က အရံ လုပ်ပါတယ် .. (ကြုံတုန်း ဖောက်သယ်ချတာပါ .. :D) ပြီးတော့ အဲဒီဦးက ပိုးချင်ပါတယ် မိုးခါး အစ်မကို .. ဒါပေမယ့် အစ်မ ဆိုးချက်က လာပိုးနေရင်း ကတုံး တုံးလိုက်ပါရောလား (သီလရှင် ၀တ်တာပါ) .. အဲဒီတော့ နောက်ပိုင်းလည်း မလာဖြစ်တော့ပဲ မိုးခါးရဲ့ ခဲအိုအဖြစ်က လွဲသွားပါတော့တယ် .. ခုတော့လဲ အိမ်ထောင်ကျပြီပေါ့ .. မိုးခါးတို့ ကပ်စားရမယ့် အကိုတယောက် လျော့သွားပါတယ် .. :D

ပြောရရင် မိုးခါးက အလုပ်ကံ အထက်လူကြီးကံ ကောင်းတယ် ပြောရပါမယ် .. အစိုးရ အလုပ်တုန်းက အန်တီက စပြီး ခုချိန်ထိ အထက်လူကြီး ကောင်းတယ် .. အပေါင်းသင်းကောင်းနဲ့ပဲ ဆုံပါတယ် .. ပြောရလောက်အောင် ဆိုးတဲ့ လူမျိုး ကိုယ့်ကို ဒုက္ခပေးမယ့် လူမျိုး မကြုံသေးပါဘူး .. (စကားတွေ လွဲနေပါပြီ .. :D)

အဲဒီအခွန်ရုံးမှာ ၃ ၄ ၅ လတော့ လုပ်ဖြစ်လိုက်ပါတယ် .. လခ အနေနဲ့ ၃သောင်းပေးပါတယ် .. လလယ်လောက်ကျရင်လည်း သမီး မုန့်ဖိုး ကုန်ပြီလားဆိုပြီး မေးတတ်ပါသေးတယ် .. အဲလို ချစ်စရာကောင်းတဲ့ ခဲအိုနဲ့ လွဲလို့ အစ်မကိုဆို တွေ့တိုင်း မိုးခါးတို့ ပြောနေကျပါ .. ဘာလို့များ ကတုံး တုံးလိုက်တာလဲ လို့လေ .. :P ခုထိ အဲ့အစ်မက အပျိုကြီးပေါ့ ..း)

ဒီလိုနဲ့ စလုံးလာလို့ရပြီ စာရွက်စာတမ်း စုံပြီဆိုတဲ့အဆင့်မှာ မိုးခါးလည်း အဲဒီ အလုပ်က နားပြီး စလုံးလာဖို့ ၀ယ်ခြမ်း ပြင်ဆင်ပါတော့တယ် ..

အစကတော့ ထင်မိပါတယ် .. မြန်မာနိုင်ငံရဲ့ ပြင်ပဖြစ်တဲ့ သူများနိုင်ငံတွေက အတော် ခမ်းနား ထည်ဝါလေမလားလို့ပေါ့ .. လူတွေကလည်း ညွှန်းတယ်လေ .. လေဆိပ်ကြီးက ဘယ်လိုကြီးတာ .. သန့်တာ .. တိုက်တာတွေက ဘယ်လို .. ဘယ်နေရာသွားသွား အဲကွန်းနဲ့ .. အေးလွန်းလို့ လိုးရှင်းတွေ အချိန်ပြည့် လိမ်းရတာ .. စသည်ဖြင့်ပေါ့ .. ဒါပေမယ့် လက်တွေ့ မှာတော့ အဲလောက်မဟုတ်ဘူးလားလို့လေ ..

ဒီလိုနဲ့ အချိန်ကျလာတော့ စလုံးကို မတ်လ ၁ရက် ၂၀၀၈ က ရောက်ရှိခဲ့ပါတယ် .. ရောက်ရောက်ချင်းပဲ အစ်မတွေ ကျေးဇူးနဲ့ အစိမ်းသက်သက် မဖြစ်ပဲ နေသားကျနေခဲ့ပါတယ် .. ဒါကြောင့်လဲ အခုထိ အဲဒီအစ်မတွေကို ကျေးဇူးတင်မိပါတယ် .. အစ်မက စရောက်ရောက်ချင်းက သူစိမ်းတွေ အလယ်မှာ ဒုက္ခတွေ ရောက်ခဲ့ပေမယ့် မိုးခါးအလှည့်မှာတော့ အစ်မကျေးဇူးနဲ့ အရာရာက အလွယ်တကူပဲ ဖြစ်ခဲ့ပါတယ် .. တကယ် လေးလေးနက်နက် ကျေးဇူးတင်မိပါတယ် ..

ပြီးတော့ စလုံးက မြန်မာနဲ့ တချို့တချို့က လွဲပြီး ဘာမှ မကွာဘူးဆိုတဲ့ စိတ်လဲ ဖြစ်မိပါတယ် .. ရှင်းရှင်းပြောရရင်တော့ အထင်တကြီးလည်း မဖြစ်မိသလို နိုင်ငံခြားကြီး ရောက်သွားပါလားဆိုတဲ့ ခံစားမှုလဲ မဖြစ်ခဲ့ပါဘူး .. စလုံး သန့်တယ် .. မီးမှန်တယ် သွားရေး လာရေး လွယ်ကူတယ် အဆင်ပြေတယ် ဆိုတာတော့ လက်ခံပါတယ် .. ဒါထက်ပိုပြီး ဘာခံစားမှု အထင်ကြီးမှုမှ မရှိခဲ့ပါဘူး ..

ဒီလိုနဲ့ နေ့တိုင်း သတင်းစာ ထွက်ဝယ် .. အွန်လိုင်းက အလုပ်တင် .. အင်တာနက်က ကောင်းတော့ ရုပ်ရှင်ကြည့် .. ဒီလိုနဲ့ အချိန်ကုန်ခဲ့ပါတယ် .. အမှန်ပြောရရင် ရောက်ရောက်ချင်း စကားပြောရမှာ တော်တော် ကြောက်ခဲ့ပါတယ် .. ဖုန်းနဲ့ဆို ပိုဆိုးပါတယ် .. မပြောရဲတာပါ .. အစ်မတွေကလည်း အလုပ် ၀ိုင်းရှာပေးပါတယ် .. ဖုန်းဆက်စရာ ရှိရင် အစ်မတွေက ခေါ်ပေးခဲ့တာပါ ..

ပထမဦးဆုံး အင်တာဗျူးကို ၂ပတ်ကျော်လောက်မှာ စရပါတယ် .. အဲဒါလည်း work in interview ကို အစ်မက ဖုန်းဆက်ပေးခဲ့တာပါ .. နေရာကိုတော့ ကိုယ်တိုင်ပဲ သွားရှာရတာပေါ့လေ .. အစ်မတွေကလည်း အလုပ်တဖက်ဆိုတော့ ..

အဲဒီနေ့က မှတ်မှတ်ရရ မိုးတွေ အရမ်း အရမ်းကို ရွာပါတယ် .. ရတဲ့ အင်တာဗျူးက ၂ခုပါ .. ၂ခုလုံး Eunos နားမှာပါ .. ၂ခုလုံးလည်း Interior Design ကုမ္ပဏီချည်းပါပဲ ..

ပထမသွားရမယ့် ကုမ္ပဏီက MRT ကနေ တော်တော်လေး လှမ်းပါတယ် .. ပထမဦးဆုံး အကြိမ်ဖြစ်သလို နေရာကလည်း ရှာရတာ တော်တော်ကို လည်ထွက်နေပါတယ် .. တကိုယ်လုံးလဲ ရွှဲပေါ့ .. ဒီလိုနဲ့ ဟိုမေး ဒီမြန်း ဟိုလျှောက်သွား ဒီလျှောက်သွား နဲ့ နောက်ဆုံးတော့ လိုရာကို ရောက်ခဲ့ပါတယ် .. သူဌေးက ငယ်ပြီး ခုမှာ ကုမ္ပဏီ စဖွင့်ကာစပါ .. စုစုပေါင်းမှ လူက ၃ယောက် .. :D သူဌေးကပဲ ၂ယောက် .. နောက်တယောက်က ကျောင်းသူလေး ပတ်တိုင်းပဲ လုပ်မှာပါ ..

အင်တာဗျူးတော့ 2D ရလား 3D ရလားပေါ့ .. ဒီကလည်း 2D ရတယ် 3D မရပါ ပေါ့ .. နောက်တော့ ဆွဲပြနိုင်လားမေးပါတယ် .. ဒီကလည်း ရတယ်ပေါ့ .. ဒါပေမယ့် သူတို့မှာ Autocad software မရှိပါဘူး .. ဒီတော့ လောလောဆယ် လက်နဲ့ ဆွဲနိုင်လား မေးပါတယ် .. ဒီကလည်း ရတယ်ပဲ ပေါ့ .. :D ဒီတော့ သူတို့ အိမ်ခန်း ဒီဇိုင်းပုံစာအုပ် ထုတ်လာပါတယ် .. ပြီးတော့ A4 စာရွက်ပေးပြီး ဆွဲခိုင်းပါတယ် .. သူတို့ လိုချင်တာက အခန်းတခန်းကို ဘယ်လိုစိတ်ကူးနဲ့ ဖွဲ့မလဲပေါ့ .. ကြည့်ဆွဲဖို့ စာအုပ်ပေးပြီး ကိုယ့်စိတ်ကူးနဲ့ ပေါင်းဆွဲခိုင်းတာပါ .. ကိုယ်ကလည်း ဒါလောက်တော့ အပျော့ပေါ့ .. ထိုင်ဆွဲလိုက်တာ ၂ပုံလား ၃ပုံလားပဲ .. စာအုပ်ထဲကဟာကို ဖော်လို လုပ် တခြား ငါးကန်တွေ ပန်းအိုးတွေ တီဗွီတွေ လျှောက်ထည့်ပေးလိုက်တယ်လေ .. သူတို့ အတည့်ဆွဲတာကို ကိုယ်က ပြောင်းပြန် ဆွဲပေးလိုက်တယ် .. :P မိုးရေက ရွှဲရွှဲ အဲကွန်းက အေးအေးနဲ့ လူလည်း ခဲတော့ပါမယ် ..

နောက်ဆုံးတော့ ၂နာရီလောက်အကြာမှာ မိုးခါးပုံတွေလည်း ပြီးပါပြီ .. သူတို့ကို ပြတော့ သူတို့ဟာသူတို့ တရုတ်လို မဆိုးဘူး ဘာညာပြောပါတယ် .. နောက်တော့ နောက်နေ့ပြန်လာဖို့ လုပ်ထားတဲ့ ပရောဂျက်တွေ ယူလာခဲ့ဖို့ စသည်ဖြင့် မှာပြီး ပြန်ခွင့် ရခဲ့ပါတယ် ..

ပြန်လို့ရပြီဆိုတဲ့အချိန်မှာ နောက်အင်တာဗျူးအတွက် အချိန်က မမှီတော့ပါဘူး ၃နာရီလောက် နောက်ကျနေခဲ့ပါပြီ .. ဒီလိုနဲ့ ပထမနေ့ အင်တာဗျူး အစီအစဉ် ပြီးဆုံးခဲ့ပါတယ် ..

နောက်ရက် အတွေ့အကြုံကို နောက်နေ့ ထပ်ဆက်ပါမယ်နော် .. ခုတော့ တော်တော်လည်း ရှည်နေတော့ ဖတ်ရတာလည်း ပျင်းနေလောက်ပြီထင်ပါတယ် ..း))

ဆက်ရန် ...

Tuesday, March 1, 2011

ကျမနှင့် အခေါ်အဝေါ်လေးများ

ချစ်လှစွာသော ဖေကြီးနဲ့ မေကြီးက သမီး သမီးလေး သမီးငယ်လေး မီးငယ်လေး .. တခါတလေ စိတ်တိုရင် မီးငယ် တဲ့ .. :P

အိမ်က ဦးလေးတွေ အဒေါ်တွေကတော့ ရှင်းရှင်းပဲ သမီး ဒါမှ မဟုတ် မီးငယ် တဲ့ .. :P .. ဦးလေး တယောက်က ခေါ်သေးတယ် .. အိငယ် .. အီးငယ် တဲ့ .. အသံကြီးက နံချင်စရာကြီးနော် .. :D

သူငယ်ချင်းတွေက နာမည်ခေါ်တယ် .. မိုးခါး ပေါ့ .. တချို့က ပေါက်ဖော်တဲ့ .. အမြင်ကတ်စရာကြီးနော် .. :D

အစ်မတွေ အကိုတွေကတော့ မီးငယ်လေးပါပဲ .. တခါတလေ ညီမလေး .. တခါတလေကျ သရဲမ တဲ့ .. :P

တယောက်သောသူက ခေါ်ချင်သလိုခေါ်ပါတယ် .. ဟိတ် .. ဒေါ်မိုးခါး .. Etc .. :P စိတ်ကူးပေါက်သလိုပဲ .. ဟဲဟဲ :P

ငယ်တုန်းက သူငယ်ချင်းတွေကတော့ နာမည်တွေလည်း လျှောက်ပေးသေးတယ် .. ဒါပေမယ့် ကံများ ကောင်းချင်တော့ မတွင်ဘူးဗျာ ..

မိုးခါး မျက်နှာက စူပုတ်နေတတ်ပါတယ် .. ငယ်တုန်းကပိုဆိုးတာ .. ဒီတော့ စူပုတ် တဲ့ ..

အထက်တန်းကျောင်း ၀င်ဝင်ချင်း အမေက ကတုံးတုံးပေးလိုက်ပါရော .. ကတုံးနဲ့ ကျောင်းတက်တော့ ဂတုံးမ ဖြစ်တာပေါ့ .. သိပ် စိတ်ဆိုးပဲ .. တော်သေးတယ် .. ဆံပင်ပြန်ပေါက်တော့ နာမည်လဲ ပျောက်သွားလို့ ..

ပြီးတော့ မိုးခါးက နှုတ်ခမ်းထော်တယ် စူတယ် ပေါ့နော် .. ဒီတော့ သူငယ်ချင်းတယောက်က ခေါ်တယ် .. မန်ဒါလီ တဲ့ .. :P

မိုးခါးတို့ အဖွဲ့ထဲမှာ အာလူးနဲ့ အုန်းသီး ဆိုတာ ရှိတယ် .. ဒီတော့ နင်က ဗူးသီး ယူ လို့လဲ အပြောခံရလို ခံရ ..

အဲဒီ ငယ်တုန်းကတော့ လာလာစရင် သိပ်စိတ်ဆိုးတာပဲ .. ခုပြန်တွေးကြည့်တော့ ပျော်စရာ ဖြစ်နေပြန်ရော ..

အဲ .. ကိုယ်စကားပြောလို့ရှိရင်တော့ မိုးခါး သုံးလေ့ရှိတာ .. နာမည်ပဲ များပါတယ် .. ငယ်တုန်းကဆို သမီး သမီး နဲ့ပေါ့ .. တော်တော်အသက်ကြီးလာပြီး အလုပ်ဝင်တော့ စဉ်းစားတယ် .. ဒီသမီး ဆိုတာကြီး ဖျောက်မှထင်တယ်ပေါ့ .. ဘာလို့ဆိုတော့ ကိုယ်တိုင်လည်း ကြုံဘူးတယ်လေ .. ကိုယ့်ထက် အသက်ကြီးလောက်တဲ့ သူက သမီး လို့ သူ့ကိုယ်သူ ပြောသွားတာမျိုး .. အဲလိုကျ ကိုယ့်စိတ်ထဲ တမျိုးဖြစ်တာပေါ့ .. :P ကိုယ်ကပဲ ရင့်နေသလိုလို .. :P ပြီး ကိုယ့်ရှေ့မှာ တချို့တွေက ပြောတာ မြင်တော့ ကြားတော့ သိပ်မလိုက်ဖက်သလို စိတ်ထဲဖြစ်တာနဲ့ နာမည်နဲ့ သုံးတဲ့အကျင့်ကို ပြင်လိုက်ပါတယ် .. အစ်မတန် အစ်မ ညီမတန် ညီမ သမီးတန်လည်း သမီးလိုက်တာပေါ့ ..

သူငယ်ချင်းတွေနဲ့ဆိုရင်တော့ နင် ငါ ပြောတာပဲ အားရပါတယ် .. အသက်နဲနဲကွာတာလောက်တော့ နင် ငါပဲ ပြောလိုက်တယ် .. အဲဒီအခါမျိုးက ပိုပြီး လွတ်လပ်ပွင့်လင်းတယ်လို့ ခံစားရတယ်လေ ..

ဘာရယ် မဟုတ်ပါဘူး .. ရေးချင်တာ လျှောက်ရေးလိုက်တာပါ .. ဖတ်ပြီးရင်တော့ အားလုံးကို တဂ်လိုက်ပြီ လို့သာ မှတ်ပေတော့ .. :P

ငယ်တုန်းက နာမည်လေးတွေ သိသွားရအောင်ပါ .. နောက် တွေ့ရင် ခေါ်ရတာပေါ့ .. ဒီတော့ အပျော်လို့ သဘောထားပြီး ရေးပေးကြပါနော် .. စိတ်ကူးရှိသွားတဲ့သူတွေပေါ့ ..း)

မှတ်ချက် - အရင်စာတွေ ကော်မန့်တွေ ဖတ်ဖြစ်ပါတယ် .. အရင်က ဘလော့မှာ တော်တော်ပျော်ဖို့ ကောင်းသလိုပဲ .. ခုတော့ ခြောက်ကပ်ကပ်နဲ့ စာတွေလည်း မရေးကြလို့ .. အချိန်ပေးနိုင်ရင် ရေးပေးကြပါနော် ..း)) ကျေးဇူးကြိုတင်ပါတယ် .. :D

တအိမ်တက်ဆင်း လိုက် တဂ်မယ်လို့လည်း စိတ်ကူးထားပါတယ် .. ဘုရားတရားသာ တပေတော့ .. :P

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...