Saturday, March 19, 2011

ပီတိကိုစား အားရှိ၏

မိုးခါးတို့ မောင်နှမတွေ စုပြီးတော့ ၂၀၁၀-၁၁ စာသင်နှစ်အတွက် Lotus Foundation နှင့် Kutho Group တို့ရဲ့ နာဂစ်ဒေသရှိ မိဘမဲ့ကလေးများ ပညာစရိတ်သင်ထောက်ပံမှု အစီအစဉ်မှာ ကလေးတွေ ကျောင်းစရိတ် ကုသိုလ်ပါဝင်ဖြစ်ခဲ့ပါတယ် ..

စီစဉ်ပေးတဲ့ Lotus Foundation နှင့် Kutho Group တို့ကိုလည်း ကျေးဇူးတင်မိပါတယ် .. မိုးခါးနှုတ်က အလှူငွေလှူဖို့ စကားစလိုက်တိုင်း မငြင်းပဲ အမြဲတမ်း ကူညီပြီး အလှူငွေ ထည့်ဝင်ပေးတဲ့ မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ် .. နောက်နှစ်တွေမှာလဲ ခုထက်ပိုပြီး အလှူအတန်းတွေ ပြုနိုင်ကြဖို့ ဆန္ဒပြုပါတယ် ..း)

အောက်က ပုံလေးတွေကတော့ မိုးခါးတို့ရဲ့ အလှူငွေကို လက်ခံပေးပြီး ကလေးတွေဆီရောက်ဖို့ စီစဉ်ပေးတဲ့ အစ်မ မခင်မမ ပို့ပေးလာတာပါ .. မိုးခါးတို့ မောင်နှမ တစုရဲ့ မွေးစားကလေးတွေပေါ့ ..း)








ပုံလေးတွေ ကြည့်မိတော့ စိတ်ထဲမှာ ၀မ်းနည်း ၀မ်းသာ ခံစားရပါတယ် .. ၀မ်းနည်းတာက သူတို့လေးတွေ ခုလို ငယ်ငယ်လေးတွေနဲ့ လောကဓံကို ခံစားနေကြရလို့ပါ .. ၀မ်းသာရတာကတော့ ကိုယ့်ရဲ့ အလှူငွေလေးက သူတို့လေးတွေအတွက် တဖက်တလမ်းကနေ အကူအညီရလိုက်ပါလားဆိုတဲ့ စိတ်ကြောင့်ပါ ..

ဒီကလေးတွေရဲ့ မျက်နှာလေးတွေ မြင်ရတဲ့အခါမှာလဲ အရမ်းကို သနား ဂရုဏာ ဖြစ်မိပါတယ် .. တချို့ဆို မိဘမဲ့ ခိုကိုးရာမဲ့ .. အနာဂတ်မရေမရာ ..

မိုးခါးတို့ ခု လှူလိုက်တယ်ဆိုတဲ့ အလှူငွေလေးဟာ သူတို့လေးတွေရဲ့ မျှော်လင့်ချက်ကို နဲနဲတော့ အရောင်တင်ပေးနိုင်မယ် ထင်ပါတယ် .. အလှူငွေ သတ်မှတ်ချက်က မူလတန်း ၁၅ ဒေါ်လာ၊ အလယ်တန်း ၂၀ ဒေါ်လာ၊ အထက်တန်း ၂၅ ဒေါ်လာပါ .. စာသင်နှစ်တနှစ်ကို ၈လ သတ်မှတ်ပါတယ် .. တလချင်း (သို့) ၄လ၁ခါ (သို့) တကြိမ်တည်း စသည်ဖြင့် ကိုယ် အဆင်ပြေသလို လှူနိုင်ပါတယ် .. နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေအနေနဲ့လည်း တလချင်း တတ်နိုင်တဲ့ ငွေပမာဏပါ .. စီစဉ်သူတွေကလည်း တတ်နိုင်လောက်မယ့် ပမာဏဖြစ်အောင် စီစဉ်ထားတယ်ထင်ပါတယ် ..

မိုးခါး ဒီပို့စ်မှာ နှိုးဆော်စာ ဆိုပြီး ရေးခဲ့ဘူးပါတယ် .. ဒီ ကလေးလေးတွေရဲ့ မျက်နှာလေးတွေ မြင်ရတာ စိတ်ထဲတကယ်ပဲ မကောင်း ဖြစ်ရပါတယ် .. ကလေးဘ၀က ဖြူစင်ပါတယ် .. ကိုယ်ပိုင် လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့် ရွေးချယ်ပိုင်ခွင့် မရှိကြပါဘူး .. ဖြူစင်နေတုန်း လမ်းပြပေးနိုင်မယ့်သူ ရှိသင့်ပါတယ် .. မဟုတ်ရင် ဒီကလေးတယောက် လူကြီး ဖြစ်လာတဲ့အခါ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို လိုက်ပြီး ဆိုးသွမ်းသွားနိုင်ပါတယ် .. ကလေးတယောက် ကောင်းမွန်စွာ ကြီးပြင်းဖို့ ကောင်းမွန်စွာ တွေးတော တတ်ဖို့ လမ်းပြပေးနိုင်မယ့် တွဲခေါ်သွားပေးနိုင်မယ့် ပတ်ဝန်းကျင်ကောင်း လိုအပ်ပါတယ် .. အမှားအမှန် ခွဲခြားတတ်ဖို့ ပညာတတ် အသိဥာဏ်ရှိဖို့ လိုအပ်ပါတယ် .. ပညာတတ်ဖို့ ကျောင်းတက်ရပါမယ် .. အနည်းဆုံး စာရေးတတ် ဖတ်တတ်မှ စာတွေ ဖတ်နိုင်မယ် .. စာအုပ်ထဲက သင်ခန်းစာတွေ ယူနိုင်ပါမယ် ..

မိုးခါးတို့ တနေ့အသုံးစရိတ်ထဲက ပြားစွန်းလောက်ပဲ စုဆောင်းဖြစ်ပါဦး မူလတန်းကလေးတယောက်ကိုတော့ ကျောင်းထားပေးနိုင်ပါတယ် .. ပညာသင်ဖို့ အခွင့်အလန်း ရှိနေရဲ့နဲ့ သင်ခွင့်မရတဲ့ကလေးတွေ ဘယ်လောက်များနေလဲ .. သူများတကာ အဖြူအစိမ်းလေးနဲ့ ကျောင်းသွားချိန်တွေမှာ လမ်းဘေးကနေ ငေးကြည့်နေရတဲ့ ကလေးတွေ ဘယ်လောက်များနေမလဲ .. အခွင့်အရေးလည်းရှိနေတုန်း တတ်နိုင်တဲ့ ဘက်က ကူညီကြရအောင်ပါ .. မိုးခါးတို့ လက်တကမ်းမှာပဲ ရှိပါတယ် .. ကိုယ် ငယ်စဉ်က ဘယ်လိုနေခဲ့လဲ ဘယ်လို အခွင့်ထူးတွေ ခံစားခဲ့သလဲ .. သူတို့လေးတွေမှာ ဒီအခွင့်အရေး မရရှိကြပါဘူး .. သူတို့ရဲ့ ကုသိုလ် အကုသိုလ်ကံကြောင့်ဆိုပေမယ့် ကိုယ့်မှာ ကူညီခွင့် ကုသိုလ်ယူခွင့် ရှိနေပါတယ် ..

ဒီလပိုင်းကတော့ စိတ်မကောင်းစရာ ၀မ်းနည်းထိခိုက်စရာ သတင်းတွေ အတော်ပဲ များပါတယ် .. ဒါတွေဟာ ဆုတ်ကပ်ရောက်နေပြီ ဆိုတဲ့ သက်သေတွေများလားလဲ တွေးမိပါတယ် .. ဒီ မကောင်းသတင်းတွေ ကြားထဲက Lotus Foundation နှင့် Kutho Group တို့ရဲ့ အလှူ ဓါတ်ပုံတွေနဲ့ ကလေးတွေရဲ့ ကျေးဇူးတင်ကြောင်း ပြန်စာလေးတွေ ဖတ်ပြီး ၀မ်းသာတဲ့ ခံစားမှု ခံစားနိုင်စေဖို့ အောက်က လင့်လေးတွေမှာ ကြည့်နိုင်ပါတယ် .. ကလေးတွေရဲ့ ဖြူစင်တဲ့ ရင်ထဲက စကားလုံးလေးတွေကို တွေ့နိုင်မှာပါ ..

နောက်နှစ် စာသင်နှစ် ရောက်ရင်လည်း ထပ်ပြီး နှိုးဆော်ပါမယ်လို့ ခုတည်းက ကြေငြာထားပါတယ် .. မိုးခါးကို မြင်ရင်တော့ ထွက်မပြေးကြလောက်ဘူး ထင်ပါတယ် .. :P

https://picasaweb.google.com/khinmamasan/StudentPhoto#

https://picasaweb.google.com/khinmamasan/EducationSponsorshipY201011202#

https://picasaweb.google.com/khinmamasan/StudentPhoto#

https://picasaweb.google.com/khinmamasan/EducationSponsorshipY2010111#

https://picasaweb.google.com/help2students/ThankYouLettersFromLessFortunateStudents201011#

http://www.lotusfoundationmm.org/index.php?option=com_content&view=article&id=64&Itemid=64

ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံး ဘေးအန္တရာယ် အပေါင်းမှ ကင်းငြိမ်းချမ်းသာ ရှိကြပါစေ ..

13 comments:

ကျောက်ခါး said...

တားတားလဲ မိဘအချိတော့ဘူး...
တားတား ကိုလဲမ မွေးစားချင်ဘူးလား...ဟင်

ahphyulay said...

လှုချင်ပါတယ်။ ဘယ်လိုလှုရမယ်ဆိုတာ
အကြောင်းပြန်ပေးပါ။
မေးလ်က ahphyulay65@gmail.com ပါ။
ဘလော့ မှာရေးလဲရပါတယ်။ လုပ်သင့်ဖြစ်သင့် 
တဲ့ အလုပ် ထင်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ့်ကို ပီတိဖြစ်စရာဘဲ
ခုလို လှူခွင့်ရတာ နည်းတဲ့ ကုသိုလ်မှ မဟုတ်ဘဲနော်..
ဖတ်ပြီး ပီတိတွေဝေမျှခံစားသွားပါတယ်..
လုပ်သင့်တာကို စေတနာဖြူဖြူစင်စင် လုပ်သွားကြသူတွေမို့ လေးစားမိပါတယ် ညီမလေးရေ
အခွင့်ရရင် လှူချင်ပါတယ်..

ဟန်ကြည် said...

လူသာမန်တွေကို လှူတဲ့အလှူမှာ ဆေးအလှူက အမြတ်ဆုံးဆိုပေမယ့် ပညာအလှူကိုပဲ ပိုသဘောကျပါတယ်...ကလေးတွေပညာရေးတိုးတက်ဖို့ ကိုယ်တိုင်ကြိုးစားပေးနေတဲ့သူဖြစ်တာမို့ အခုလိုပညာရေးအလှူအကြောင်း ဖတ်ရတော့ ရင်ထဲက ၀မ်းမြောက်ဝမ်းသာနဲ့ လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်...

ကိုဇော် said...

ဒီလို အလှူက ရေရှည်ကို ကြည့်ပြီး လှူတဲ့ အလှူလို့ ပြောရမှာပါပဲ။ တကယ်ကို ဖြစ်သင့်ပါတယ်။ ရှေးဟောင်း စေတီကြီးကို ရွှေရည်သုတ်မဲ့အစား ဒီလို နေရာတွေမှာ လှူတာ ပိုဖြစ်သင့်ပါတယ်။ သာဓု . . သာဓု . . . သာဓု . ။

လင်းခေတ်ဒီနို said...

အံမယ် နင်ရေးလိုက်မှ ငါ့ကိုယ်ငါ ဂုဏ်ယူချင်သလိုဖြစ်လာပြီး ဟဲဟဲ . . . နောက်တခါ ပိုလှုနိင်အောင် အလုပ်လေးပိုလုပ်လိုက်ဦးမယ်း) အခုတော့ ပိစိကွေးလေးပဲ လှုနိင်သေးတယ် တိန် !!

အတွေးကမ္ဘာ..မှတ်တမ်း said...

အိမ်း..ကျွန်တော့ကိုလည်း စာရင်းထဲ ထည့်ထားတော့ ဒေါ်မိုးခါးရေ...မူလတန်းတယောက်..အလယ်တန်းတယောက်..ကလေးမွေးစားရအောင်.. ဟားး

nYi ThU E@in said...

ဒါမျိုးကျတော့လဲ ဦးဦးခါးက
တယ်လေးစားဖို့ ကောင်းတာပါလား:)
သာဓု မီလျံ ဦးဦးရေ

မြစ်ကျိုးအင်း said...

ပီတိဖြစ်ဖွယ် မွန်မြတ်တဲ့ အလှူဖြစ်လို့ သာဓုခေါ်ပါတယ်။

ခနွဲ said...

သာဓု...သာဓု...သာဓု။

Maung Myo said...

လေးစားမိတယ် သူငယ်ချင်းရေ သာဓုလည်း ခေါ်သွားပါတယ် ။

Libratun said...

ဝမ်းသာပါတယ်။ သာဓု သာဓု သာဓု။
ကလေးတွေရဲ့ စာဖတ်ရတယ်။ ၀မ်းသာမိပါတယ်။ ဟတ်လည်းထိတယ်ပေါ့။း)
ပို၍အောင်မြင်ပါစေ။

မြတ်မွန် said...

ကောင်းလိုက်တဲ့ စိတ်ထားလေးတွေပါ။
သာဓုခေါ်သွားပါတယ် ခါးခါးရေ..။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...