Wednesday, December 23, 2009

စုပေါင်းအလှူမင်္ဂလာတခု


မိုးခါးတို့ မောင်နှမတွေ စုပေါင်းပြီး အလှူတခု ပြုလုပ်ဖြစ်ပါမယ် .. လာမယ့် သောကြာနေ့ (ခရစ္စမတ်နေ့)မှာပါ .. အလှူအတွက် အားလုံး ကြည်နူး ပျော်ရွှင်နေကြတယ် .. မိုးခါးတို့ ပြုလုပ်မယ့် အလှူကို အဆင်ပြေမယ်ဆို အထက်ပါ အစီအစဉ်အတိုင်း လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ် ..

မလွယ်ကူမယ့်
ဆုံတွေ့ခြင်းတွေနဲ့
တနေရာစီက လာဆုံတွေ့ကြတယ်

မမြဲခြင်းတွေနဲ့
ပြည့်နေတဲ့ လောက
လက်ရှိ ဆုံတွေ့ချိန်ကို
တန်ဖိုးထားကြမယ်

ကမ္ဘာနဲ့ချီပြီး မတွေးဘူး
နိုင်ငံနဲ့ ချီပြီးလည်း မတွေးသေးဘူး
လက်လှမ်းမှီသလောက်
ကောင်းရာပြုဖို့
ကြိုးစားကြမယ်

တနေ့နေ့
တယောက်တနေရာ
ဝေးသွားခဲ့ရင်တောင်
အမှတ်ရနေကြေးပေါ့ ..

ခရစ္စမတ်နေ့ ညဘက်မှာလည်း ကမ်းခြေသွားမယ့် အစီအစဉ်လဲ ရှိပါတယ် ..း)) အားလုံးပဲ မိုးခါးတို့ရဲ့ အပျော်တွေ ကူးစက်ပျော်ရွှင်နိုင်ဖို့ မျှော်လင့်ပါတယ် ..း))

Sunday, December 20, 2009

ကျမနှင့် မိုးခါး

ကျမက နေ့ရက်တွေကို အမှတ်တရအနေနဲ့ မမှတ်မိတတ်တဲ့သူတယောက်ပါ .. အစပိုင်းကတော့ မှတ်မိတယ် ထင်ပါတယ် .. နောက်ပိုင်းတော့ ကိုယ်ကချည်း သတိရ အမှတ်ရနေရတာ မလိုချင်တာနဲ့ မေ့ပစ်တတ်ခဲ့တယ် .. အဲလိုနဲ့ ခုနောက်ပိုင်း ကျမအတွက် သိမ်းထားစရာ အမှတ်တရဆိုတာ သိပ်ကို နည်းပါးပါတယ် ..

မှတ်မိသလောက်ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးလောက်မှာ သူငယ်ချင်းတယောက် မိတ်ဆက်ပေးလို့ စုဗူးဆိုက်လေးမှာ စာစရေးဖြစ်ပါတယ် .. တကယ်တော့ စစချင်း ကိုယ်တိုင်လည်း မရေးတတ် (ခုလည်း မရေးတတ်သေးပါဘူး..) ရေးလည်း သိပ်ရေးချင် (ပို့စ်တင်ချင်တာပါ :D) ဆိုတော့ မနိုင်နိုင်းစနေရဲ့ စာတွေကို ကျမက စုဗူးလေးမှာ တင်တင်ပေးတတ်ခဲ့ပါတယ် .. စုဗူးမှာ အများစုက မြန်မာနိုင်ငံက ဖြစ်လို့ ဘလော့စပေါ့ကို ၀င်ဖို့ အခက်အခဲတွေ ရှိတယ်ဆိုတာလည်း သိထားလို့ပါ .. မစနေရဲ့ စာတွေကို အရမ်းကြိုက်ပါတယ် .. စာတိုင်းမှာ တခုမဟုတ်တခု ရစေတတ်လို့ပါ .. ကျမ လေးစား အားကျတဲ့သူတွေထဲမှာ မစနေလည်း ပါပါတယ် .. ဖြစ်နိုင်ရင်တော့ မစနေလို သူတပါးအတွက် အင်အားဖြစ်စေမယ့်စာတွေ အတွေးတွေ ပေးနိုင်မယ့်စာတွေ ရေးဖြစ်ချင်ပါတယ် .. (ဖြစ် မဖြစ်ကတော့ ပါရမီပေါ့နော် .. :D)

စုဗူးက ကျမအတွက်တော့ စာကြည့်စင်ပါပဲ .. စုဗူးမှာ စာရေးကောင်းသူတွေ အလွန်များပါတယ် .. ပြီးတော့ ကျမအတွက် ညီမလေး တယောက်လည်း ရခဲ့တယ် .. သူကလည်း ကျမကို တွယ်တာသလို ကျမကလည်း သူ့အပေါ်ကို သံယောဇဉ်ဖြစ်မိတယ် .. ကျမ ရန်ကုန်ပြန်တုန်းက တွေ့ဖို့ ကြိုးစားပေမယ့် မတွေ့ခဲ့ရဘူး .. သူပို့ပေးတဲ့ စာအုပ်နဲ့ အခွေလေးတော့ ကျမမှာ ရှိနေပါတယ် ..

နောက်ပိုင်းတော့ စုဗူးမှာ စာတွေ မရေးဖြစ်တော့ပဲ ကိုယ့်အိမ်လေးနဲ့ ကိုယ် သပ်သပ် နေချင်လို့ ဘလော့စပေါ့က အိမ်လေးကို ဆောက်ဖြစ်ခဲ့ပါတယ် .. ကျမ ဘလော့စပေါ့ အိမ်လေးကို စဆောက်တုန်းက ယိုင်နဲ့နဲ့ပေါ့ .. ခုတော့ လူမြင်သူမြင် နဲနဲတော့ ကောင်းလာသလိုပါပဲ .. :D

စစချင်း ဘာမှမလုပ်တတ် (ခုလည်း ယောင်ဝါးဝါး :P)

ပထမ နာမည်ပေါ့ စဉ်းစားတယ် .. ဘာပေးရမလဲ .. နောက်ဆုံးတော့ eternal star ဆိုပြီး စဉ်းစားပြီး ပေးလိုက်တယ် .. စာကတော့ မရေးတတ်သေးပါဘူး .. ဘလော့နာမည်တော့ရလာပြီဆိုပြီး စာတွေလိုက်ရှာဖတ် ဘလော့လုပ်နည်းတွေလိုက်ဖတ် .. နောက်ဆုံး မနောသားဘလော့ကိုရောက်ပြီး သူ့မေးကို အက်ဖြစ်တယ် .. ပြီးတော့ ကျမ မသိတာတွေ သူ့ကိုမေး .. မနောသားကူညီပေးလို့ အိမ်တလုံး သပ်သပ်ရပ်ရပ်တော့ ဖြစ်လာပြီ .. မနောသားကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ..း))

ကျမရဲ့ ပထမပို့စ်က နိုဝင်ဘာလ ၂၀ လို့ ပြထားပါတယ် .. တကယ်က ကျမ ဒီဘလော့ကို လုပ်ထားတာ ဒီထက်စောပါတယ် .. နာမည်စိတ်တိုင်း မကျတာနဲ့ ဟိုဟာအလိုမကျ ဒီဟာအလိုမကျပေါ့ ..

ကျမစိတ်က ဒါကို လုပ်ချင်ပြီဆို ချက်ချင်း .. ကမန်းကတမ်းလုပ်တဲ့အတွက်လည်း လုပ်ပြီးရင် စိတ်တိုင်းက မကျချင်ဘူး .. ဒီလိုနဲ့ နာမည်ပေးပြီး ထုံးစံအတိုင်း စိတ်တိုင်းမကျဘူးပေါ့ .. နောက်တော့ နာမည်ထပ်စဉ်းစား စဉ်းစားရင်းနဲ့ မိုးခါး ဆိုတဲ့ နာမည်ကို ကြိုက်မိတယ် .. ဒါပေမယ့် ပြောင်းလို့ရတယ် မရဘူးဆိုတာကို မသိဘူး .. ဒါကို ဗညားရှိန်က ပြောင်းလို့ရတဲ့အကြောင်း ပြောပြတော့မှ မိုးခါး (ထာဝရကြယ်စင်) ဆိုပြီး အတည်ပြုဖြစ်သွားတာပါ ..

တချို့က ပြောတယ် .. မိုးခါး ဆိုတာ မကောင်းဘူးတဲ့ .. ကောင်းတဲ့ အဓိပ္ပါယ် မဟုတ်ဘူးပေါ့ .. ဒါပေမယ့် ကြိုက်ပါတယ် .. ဘာလို့ ကြိုက်လဲ ဆိုတာ သိပေမယ့် မပြောပြတတ်ပါဘူး .. :D

ကျမ စိတ်ကူးကတော့ ကိုယ့် ကိုယ်ပိုင် အိမ်လေးမှာ စိတ်ကူးနဲ့ စာရေးမယ် .. တတ်သလောက် မှတ်သလောက်ပေါ့ .. :D

လူတိုင်းမှာ ဖြတ်သန်းရတဲ့ ဘ၀ပုံစံ အမျိုးမျိုးမျိုး ကျင်လည်ရာ ပတ်ဝန်းကျင့် အမျိုးမျိုး နဲ့ ကိုယ့်စိတ်ကူး ကိုယ့်ခံစားချက် ကိုယ့်ခံယူချက် ကိုယ်စီ ရှိကြပါတယ် .. တယောက်နဲ့ တယောက် ဦးတည်ချက် မတူနိုင်သလို အဆုံးသတ်လည်း တူညီနိုင်မယ် မဟုတ်ပါဘူး .. ဘလော့မှာ စာရေးတဲ့သူတွေကလည်း ပုံသဏ္ဍာန် အမျိုးမျိုး ဦးတည်ချက်အမျိုးမျိုး စိတ်ခံစားချက် အမျိုးမျိုးနဲ့ ရေးကြတယ် .. အနည်းဆုံးတော့ တခြားသူအတွက် အကျိုး မရှိခဲ့ရင်တောင် စာရေးတဲ့သူအတွက် အကျိုးရှိလိမ့်မယ်လို့ ထင်မိပါတယ် .. စိတ်တွေ မွန်းကျပ်နေတယ် .. စာတွေ ချရေးလိုက်လို့ ပေါ့သွားမယ် .. ကိုယ်နဲ့ ခံစားချက် တူသူတွေ ခင်မင်သူတွေ အချင်းချင်း အားပေးနှစ်သိမ့်ပေးကြလို့ ခံစားချက်တွေ သက်သာသွားမယ် .. အနည်းဆုံးတော့ စာရေးသူအတွက် စိတ်ထွက်ပေါက်တခုအနေနဲ့တော့ အကျိုးရှိမှာပါ .. အဲလိုပဲ ထင်မြင်မိပါတယ် ..

များသောအားဖြင့် ဘလော့မှာ စာရေးကြတဲ့သူတွေက နိုင်ငံခြားမှာ အလုပ်လုပ်နေကြသူတွေ များပါတယ် .. ကိုယ်စီ ကိုယ်စီ စိတ်ခံစားချက်တွေ ရှိကြမယ် .. ကိုယ့်ခံစားချက်ကို ပြောပြဖို့အတွက် နားထောင်ပေးမယ့်သူ နားထောင်ဖို့ အချိန်ပေးနိုင်တဲ့သူက ရှားပါးပါတယ် .. ဒီလိုနဲ့ပဲ စာတွေ ရေးဖြစ်ကြတာလားလို့ စဉ်းစားမိတယ် .. ခံစားချက် ပင်ကိုဗီဇ အခြေအနေ စတာတွေ ပေါင်းစုံသွားလို့ စာတွေစရေးဖြစ်ကြတယ်လို့ ထင်မိတယ် ..

ဘယ်လို စိတ်မျိုးနဲ့ပဲ စာရေးဖြစ် ရေးဖြစ် ဘလော့မှာ စာရေးတဲ့သူတယောက် အတွက် အချိန်ဆိုတာ ဘလော့အတွက် ပေးရပါတယ် .. ကိုယ်ပိုင်အိမ်လေး သပ်သပ်ရပ်ရပ် လှလှပပ ဖြစ်ဖို့လည်း အချိန်ပေးရပါတယ် .. ကိုယ့်ဘလော့လေး အသက်ဝင်နေဖို့လည်း အချိန်ပေးပြီး ကြိုးစားရေးရပါတယ် .. ဒါကြောင့်လည်း လူတိုင်း ကိုယ့်ဘလော့ ကိုယ့်အိမ်လေးကို အနည်းနဲ့ အများတော့ သံယောဇဉ်ရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ် ..

ကျမကိုယ်တိုင်လည်း စာရေးချင်စိတ်ရှိလို့ ဘလော့ကို စရေးပါတယ် .. ကိုယ့်ကိုကိုယ် ဘလော့ဂါလို့ မခံယူနိုင်သေးပါဘူး .. ကိုယ့်ရဲ့ အတွေ့အကြုံကနေ သင်ခန်းစာတွေ ပေးရလောက်အောင်လဲ ၀မ်းစာက မပြည့်သေးပါဘူး .. ဒါပေမယ့် စာရေးချင်စိတ်ရှိလို့ ရေးဖြစ်ပါတယ် .. ဒီဘလော့အိမ်လေးက ကျမအတွက် နေ့စဉ်ဖြတ်သန်းမှုတွေထဲက အစိတ်အပိုင်းတခုပါပဲ .. သူငယ်ချင်းတွေလည်း ဒီဘလော့လေးကြောင့် အများကြီး ပိုင်ဆိုင်ခွင့်ရခဲ့တယ် .. ညီအကို မောင်နှမ စိတ်ဓါတ်နဲ့ လိုအပ်မယ်ဆို ကူညီပေးမယ့်သူတွေလည်း တွေ့ခဲ့ရတယ် .. ဒါတွေက အကျိုး အမြတ်လို့ပဲ တွက်ပါတယ် .. ရှေ့ဆက်ပြီးတော့လည်း ကျမ သံယောဇဉ်ရှိတဲ့ ဘလော့လေးမှာ မိုးခါးနာမည်နဲ့ မတတ်တတတ် စာတွေ ရေးနေပါဦးမယ် ..း))

ဏီကင်းက ကျနော်နဲ့ကျနော့ဘလော့ ဆိုတဲ့ ပို့စ်နဲ့ တဂ်ပါတယ် .. ဒါကြောင့် ကျမကလည်း ရေးလိုက်ပါတယ် .. ကျမနှင့် မိုးခါး ဆိုပြီးတော့ ..း)) ဏီကင်းကျေနပ်မယ် ထင်ပါတယ် ..း))

Thursday, December 17, 2009

ဟိုရောက် ဒီရောက် (၄)

လွမ်းနေပါတယ်
မဖြစ်နိုင်ခြင်းတွေကို
တမ်းတတာမျိုး မဟုတ်ပေမယ့်
လွမ်းရုံလေး လွမ်းနေခြင်းမျိုးပါ

ဟိုနေ့က ထူးထူးခြားခြား ဆောင်းနံ့လေးကို ရလိုက်မိပါတယ် .. သူငယ်ချင်း အိမ်က အထွက်မှာ ချမ်းစိမ့်စိမ့် လေစိမ်းနဲ့ အတူ ရလိုက်တဲ့ ရနံ့ကတော့ ဒီကိုရောက်ပြီး တခါမှ မရဘူးသေးတဲ့ ဆောင်းရဲ့ ရနံ့လေးပါပဲ ..

ငယ်ငယ်တုန်းက အချိန်ကို ပြန်လိုချင်တယ်လို့တော့ မငြီးငြူမိပါဘူး .. ဖြစ်လည်း မဖြစ်နိုင်တာပဲ .. တခါတလေတော့လည်း ငယ်ငယ်တုန်းက ဘယ်လို ဆိုတာမျိုးလေးပဲ ပြန်အမှတ်ရနေချင်မိပါတယ် .. တမ်းတစရာ သိပ်များများ စားစား မရှိပေမယ့် အဲဒီထဲကမှ လွမ်းစရာလေးတွေကို တချက်တချက် အမှတ်ရမိနေရုံလောက်ပါပဲ ..

ကလေး ကာတွန်းကားလေးတွေကို ကြည့်ရတာ တကယ်စိတ်ချမ်းသာစရာကောင်းတာပဲ .. ဆေးကြိမ်လုံးလေးတလုံး ရှိရုံနဲ့ စားစရာ သောက်စရာတွေနဲ့ အ၀တ်အစား လှလှတွေ ဖန်တီးနိုင်သလို အဆုံးသတ်မှာလဲ ပျော်ရွှင်ဖို့ ကောင်းတဲ့ ဇာတ်သိမ်းနဲ့ ဇာတ်လမ်းလေးတွေ ချည်းပဲ .. (စိတ်ချမ်းသာစရာပဲး))

ဘာမဆိုင်ညာမဆိုင် ကိုယ့် တူလေးတယောက်ကို သတိရမိသေးတယ် .. တခါ အိမ်ရှေ့မှာ မြောင်းဖော်နေတဲ့ လူတွေရှိနေတဲ့အချိန် အိမ်က အမနဲ့ တူလေးနဲ့က ၀ရန်တာမှာပေါ့ .. အပြင်ကို ကြည့်နေရင်းနဲ့ .. ကလေးဆိုတော့ ဟိုမေး ဒီမေး မေးတယ်ပေါ့ .. ဟိုဦးဦးတွေက ဘာလုပ်နေတာလဲ ဘာလဲ ညာလဲပေါ့ .. အမကလည်း ဂွင်ဝင်တုန်းကလေးကို ဆုံးမချင်သေးတာကိုး .. ကလေးက ကျောင်းတော့တက်နေပြီ .. လက်ရေးက အဒေါ်လုပ်တဲ့သူခြေရာနင်းလို့ တော်တော်လေးလဲ စုတ်ပါတယ် .. :P .. ကလေးကို စာကြိုးစားစေချင်တော့ အမက "ဒီ ဦးဦးတွေက ငယ်ငယ်က စာကောင်းကောင်းမဖတ်လို့ လက်ရေး လှလှမရေးလို့ ခုလို ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာ .. သားသားရော စာလုပ်မလား အသက်ကြီးမှ ပင်ပင်ပန်းပန်း အလုပ်လုပ်မလား" ဆိုပြီးမေးရော .. ဒီတော့ ကလေးကလည်းပြန်ဖြေတယ် .. "သားသားကြီးလာရင် အဲဒီဦးဦးတွေလို လုပ်မှာ" တဲ့လေ .. :P ကလေးစိတ်ထဲ အလုပ်ကြိုးစားလုပ်နေတယ်ဆိုတာမျိုး သူစဉ်းစားမိတာဖြစ်ပါလိမ့်မယ် .. :D (စာတော့မလုပ်ဘူး ချီပုံးပဲ ထမ်းမယ်ဆိုတာတောင် သွားသတိရမိသေးတယ် .. :D)

ကလေးတွေနဲ့ နေရတာ ရီလည်း ရီရတယ် .. တခါတလေလည်း သည်းမခံနိုင်လောက်အောင်ကို ဖြစ်ရတယ် .. :D

ဒီမှာ တူတူရှိနေတဲ့ အမ၀မ်းကွဲတွေနဲ့ မိုးခါးနဲ့က ညီအမအရင်းတွေလိုပဲ ရင်းနှီးတယ် .. ချစ်လည်း ချစ်တယ် .. အဲဒီအမတွေက မွေးထားတဲ့ တူ တူမ ၃ယောက်ရှိတယ် .. သူတို့နဲ့ တူတူနေရရင် ကိုယ့်မှာ ရီရခက် ငိုရခက် အမြဲတမ်းဖြစ်တယ် .. ခုနောက်ပိုင်း ကလေးတွေက ကျွေးတဲ့အစာတွေကြောင့်ပဲ ဖြစ်မလားမသိဘူး လူဖြစ် သိပ်မြန်တာပဲ .. မြင်နေတွေ့နေရတဲ့ မြင်ကွင်းတွေ ဇာတ်လမ်း ရုပ်ရှင်တွေကြောင့်လဲ ပါမယ်ထင်တယ် ..

တူမလေးရဲ့ အဖေက ရုပ်ရှင် သိပ်ကြိုက်တယ် .. အငြိမ့်ကအစ ဘယ်လိုကားဖြစ်ဖြစ် သူကြည့်တယ် .. အဖေက ကြည့်တော့ သမီးပါ ကြည့်ပြီပေါ့ .. မြန်မာမင်းသား မင်းသမီးတွေရဲ့ ချစ်ခန်းကြိုက်ခန်းတွေက မျက်စေ့ ယဉ်နေပါလိမ့်မယ် ..

တရက်ကျတော့ မိုးခါးတို့ပါရှိနေတဲ့အချိန် .. မိုးခါးသူငယ်ချင်းပါရှိတယ် .. သမီးကို မေးတာပေါ့ .. ကျောင်းမှာ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလဲ .. ယောကျာင်္းလေး သူငယ်ချင်းဘယ်နှစ်ယောက် မိန်းကလေး သူငယ်ချင်း ဘယ်နှစ်ယောက် ရှိလဲပေါ့ .. အဲဒီတုန်းက ကလေးက သူငယ်တန်း အကြိုပဲရှိသေးတယ် .. ကလေးကလည်း ပြောရင်းနဲ့ "သမီးမှာ ကြိုက်တဲ့ကောင်လေးရှိတယ်တဲ့ .." သူ့အဖေရော အမေရော မျက်လုံး ပြူးရော .. ဒါနဲ့ မကြီးက "သမီး ကြိုက်တယ်လို့ မပြောရဘူး .. ခင်တယ်ပြောရတယ်" လို့ဝင်ပြောရော .. ဒီတော့ ကလေးက "မဟုတ်ဘူး မာမားရဲ့ .. သမီးက ခင်တာမဟုတ်ဘူး .. သဘောကျတာ" တဲ့လေ .. ကောင်းရော .. မိုးခါးတို့မှာလည်း မကောင်းမှန်း သိပေမယ့် ရီကလည်း ရီချင် .. :D ဒါကြောင့်ပြောပါတယ် .. ကလေးတွေက အတုမြင် အတတ်သင် သိပ်မြန်တယ်လို့ ..

ရပ်ပါဦးမယ် .. နောက် စိတ်ကူးပေါက်မှ ပေါက်ကရ ထပ်ရေးပါဦးမယ် .. ခုတလောလည်း လူက နဲနဲ လွတ်ချင်နေလို့ .. :P

Tuesday, December 15, 2009

တခန်းရပ် အိပ်မက်

အိပ်မက်တွေ
လက်တွေ့ဖြစ်လာဖို့
မနက်မိုးလင်းခါနီးမှ
ပေးမက်စရာမလိုပါဘူး

စိတ်ကူးဆိုတာ
ရှိလာခဲ့ရင်
စိတ်ကူးယဉ်နေရုံလည်း
မပြီးဘူး

စိတ်ကူးတွေ
အိပ်မက်ဖြစ်လာချိန်မှာ
မနက် မိုးမလင်းသေးဘူး

ဒီအာရုံတက်က
အိပ်မက်တွေ လက်တွေ့ဖြစ်လာမလား
ကြိုးစားမှုမပါသရွေ့
သိပ်တော့လည်း မထင်သေးဘူး

လမ်းတွေများတယ်
လမ်းမှန်ဖို့ ခက်မယ်
ရွေးချယ်ခွင့်တွေ များတယ်
မမှားဖို့လည်း ခက်ဦးမယ်

ရှုပ်တယ်
လက်ရှိအချိန်လေးတော့
အကောင်းဆုံးအနေအထားနဲ့
တန်ဖိုးထားချင်သေးတယ်


Thursday, December 3, 2009

ကျမနှင့် ပုံရိပ် ဒီဇင်ဘာ

ခုချိန်က ရန်ကုန်မှာသာဆို ဆောင်းရာသီလို့ သတ်မှတ်ခေါ်ဝေါ်ကြမယ့် အချိန်ပေါ့ ..

ကျမသာ ရန်ကုန်မှာ ရှိနေမယ်ဆိုရင် ဒီဇင်ဘာ မနက်စောစောတွေမှာ ဖေကြီးက အတင်းနှိုးလို့ နှိုးရမယ့် မနက်တွေနဲ့ ပြည့်နေမှာပဲ .. အိပ်ရာထဖို့ အပျင်းထူတတ်တဲ့ ကျမနဲ့ မနက်စောစောဆို ကိုယ့်သားသမီး ကိုယ့်ဇနီးနဲ့ လမ်းထလျှောက်ချင်တတ်တဲ့ ဖေကြီးတို့ရဲ့ မနက်စောစော နောင်ဂျိန် အချိန်တွေပေါ့ .. တခါတလေလည်း စိတ်လိုလက်ရ .. တခါတလေလည်း မှုန်ကုတ်ကုတ် မနက်ခင်းတွေကို ဖြတ်သန်းရလိမ့်မယ် ..

တချို့ရက်တွေကျတော့ သူငယ်ချင်းတွေနဲ့ ချိန်းပြီး ကန်တော်ကြီးတပတ် လမ်းလျှောက်ကြ ပြေးကြ ကြက်တောင်ရိုက်ကြ .. ဒီလိုအချိန်ဆို ကန်တော်ကြီးပတ်ပတ်လည်မှာလည်း ကားသွားရခက်လောက်အောင် လူတွေနဲ့ ပြည့်ကျပ်နေကြလိမ့်မယ် .. ရန်ကုန်မှာသာ ကျမ ရှိနေမယ်ဆို ဒီလူအုပ်စုထဲ ပါနေနိုင်တယ် ..

ဆောင်းတွင်း မနက်ခင်း အထူးသဖြင့် ဒီဇင်ဘာလမှာ လမ်းလျှောက်လို့ကောင်းတဲ့ နေရာတိုင်းလိုလို လူတွေပြည့်နေတတ်တယ် .. ဒီလိုပဲ မနက်စောစောထ ဆော့ကစားပြီးတာနဲ့ မုန့်ဆိုင်တွေမှာလည်း လူတွေ ပြည့်နေလိမ့်မယ် ..

တချို့ကတော့ ပုံမှန် ကျန်းမာရေးလိုက်စားတဲ့အနေနဲ့ လမ်းတွေလျှောက်ကြတယ် .. တချို့ကျတော့ အဖော်ကောင်းလို့ .. တချို့ကျတော့ ကောင်မလေးတွေကို ပိုးပန်းဖို့ မနက်စောစောထ ဇာတ်လမ်းရှာကြလိမ့်မယ် .. ဘာပဲ ဖြစ်ဖြစ် ဒီဇင်ဘာရဲ့ မနက်ခင်းတိုင်းက တခြားလတွေထက်တော့ အသက်ဝင်တာ မြန်နေကျပဲ ..

ချမ်းချမ်းစီးစီးမြူတွေကြားမှာ လက်တွဲထားကြတဲ့ ချစ်သူတွေလည်း ရှိမယ် .. တချို့ကတော့ ကြိုးစားဆဲ .. တချို့ကျတော့ မိသားစု အလိုက် ..

ကျမကတော့ လမ်းလျှောက်ခေါ်ပြီဆို လျှောက်ပြီး အပြန် ဘာစားကြမှာလဲ ဆိုတာက စမေးတယ် ..

တော်တော်လွန်ခဲ့တဲ့အချိန်တုန်းကတော့ ကျမက ဖေကြီးနင်းတဲ့ စက်ဘီးနောက်က အချောင်လိုက်နေကျပေါ့ .. မနက်မိုးမလင်းသေးဘူး ဖေကြီးက လာနှိုးတယ် .. လမ်းလျှောက်မယ် .. လိုက်မလားတဲ့ .. ဒီလိုဆို ကျမက မျက်လုံးမဖွင့်ပဲ ပြန်မေးမယ် .. ဘာနဲ့သွားမှာလဲလို့ .. စက်ဘီးဆို လိုက်တယ် .. ခြေလျင်ဆို ဟင့်အင်းပဲ .. ဒီလို ကျန်းမာရေးလိုက်စားပုံများ .. :D

အဲဒီအချိန်တုန်းကပဲ လမ်းလျှောက်ပြီး ပြန်နေကျ လမ်းလေး စက်ဘီးစီးတဲ့ လမ်းလေး ဗိုလ်ချုပ်ပြတိုက်ရှိတဲ့ လမ်းလေးမှာလို့ ထင်တယ် .. အဖွားကြီးတယောက် ရောင်းတဲ့ မုန့်ဟင်းခါး ကျဲကျဲလေး အမြဲတမ်း စားနေကျ .. အဲဒီအချိန်ကတော့ ကျမတို့ မိသားစု စုံစုံလင်လင်ရှိနေခဲ့ကြတယ် .. ခုတော့ ..

အချိန်တွေလည်း သူ့ဟာသူ တရွေ့ရွေ့သွားနေတယ် .. ကျမတို့လည်း အချိန်ကို လိုက်ပြီး လှုပ်ရှားနေကြတယ် .. တချို့က ပျော်ရွှင်စွာ .. တချို့က စိတ်ညစ်ညူးစွာ .. တချို့က အထီးကျန်စွာ .. ဘယ်လိုပဲဖြစ်ဖြစ် တနေ့နေ့တော့ ရည်ရွယ်ချက်တွေ ပြည့်စုံပြီး ပျော်ရွှင်စွာ ဇာတ်သိမ်းကြလေသတည်းဆိုတဲ့ ခေါင်းစဉ်နဲ့ အဆုံးသတ်နိုင်ကြဖို့ မျှော်လင့်မိပါတယ် ..

Sunday, November 22, 2009

တချိန်က

အလင်းတွေနဲ့အတူ
ငါ့ရင်ထဲ ၀င်တဲ့အတွေးက
နင့်ကြောင့် လင်းလက်တောက်ပတယ်
အရောင်တွေ စုံတယ်
ရနံ့တွေ သင်းတယ်

နေ့စဉ် လှုပ်ရှားမှုတိုင်း
ရှင်သန်မှုတိုင်းကလည်း
နင့် စိုးမိုးမှုအောက်မှာ
အဓိပ္ပါယ် လေးနက်တယ်

ခက်ခဲမဲ့ အရာတိုင်း
အခြေအနေတိုင်း
နင့် နှစ်သိမ့်မှုအောက်မှာ
ေ၀၀ါးပျောက်ကွယ်

အဆုံးတော့
ဘယ်အရာမှ မမြဲဘူးဆိုတာပဲ
ငါယုံကြည်လိုက်တယ်

ပြီးခဲ့တဲ့ အချိန်တွေက အတိတ်
လက်ရှိမှာ ရင်ဆိုင်နေရတာက ပစ္စုပ္ပန်

ပစ္စုပ္ပန်မှာ ငါ့အတွက်
နင့်ကြောင့် မလင်းတဲ့ မနက်ခင်းလဲ လင်းတယ်
ကျေးငှက်သံလည်း သဘာဝအတိုင်း သာတယ်

အကျိုးမရှိတဲ့
အတွေးနဲ့ အတိတ်အတွက်
အချိန်ကုန်တာများ
နာရီသံတွေတောင် မေ့လို့

ငါက
မလိုအပ်တာတွေကိုမှ
အပိုတွေ လုပ်နေမိတဲ့လူ

Wednesday, November 18, 2009

ပြောရဦးမယ်

ပြောရဦးမယ် ..

ဟို ကျန်ခဲ့တဲ့ တပတ်က သူငယ်ချင်းတယောက် (သူငယ်ချင်းပဲ ဆိုပါတော့ .. ကိုယ်နဲ့ မခင်ပဲ ဒီကျမှ သူငယ်ချင်းနဲ့ အဖော်လိုက်ပြီး သူငယ်ချင်း ဖြစ်သွားတော့ သူငယ်ချင်းပေါ့နော် .. :P) ရန်ကုန်ကနေ အလည်လာလို့ ဆန်တိုဆာကို လိုက်ပို့ဖြစ်ပါတယ် .. ဆန်တိုဆာကို ရောက်တဲ့ အခေါက်တိုင်း တခါမှ ၀င်ကြည့်ဖို့ စိတ်မကူးခဲ့တဲ့ ရေအောက်ကမ္ဘာကို ၂၂ ကျပ် ပေးပြီး မိုက်မိုက်မဲမဲ ၀င်ကြည့်ဖြစ်ပါတယ် .. :P .. ဂယ်ပါ .. တခါပဲ .. နောက်ဘယ်တော့မှ မသွားတော့ဘူး .. ကံမကောင်းပုံက အဲဒီ လက်မှတ်ဝယ်ရင် လင်းပိုင်ပွဲကို ကြည့်လို့ရတာတောင် အချိန်ကို ငဲ့ကွက်သောအားဖြင့် မကြည့်ခဲ့ရတော့ ပိုလို့ကို မတန်တော့ပါဘူး .. (ပွဲချိန်လွန်သွားခြင်းကို ဆိုလိုပါတယ် ..း()

လှသလားဆိုတော့ မဆိုးပါဘူး .. (မဆိုးဘူးလား ဆိုတော့ နဲနဲတော့ ဆိုးပါတယ် .. အရမ်းလည်းကျဉ်းပြီး စိတ်ထဲ ထင်မိတာက ဘာမှ မထူးဆန်းသလိုပါပဲ .. ဘာမှလည်း မရှိသလိုပါပဲ ..) စိတ်လေပြီး ခေါင်းမူးပြီး ပြန်ထွက်လာပါတယ် .. ကိုယ့်စရိတ်နဲ့ကိုယ် ခေါင်းမူးသွားခံရတာပါ ..

အဲဒီသွားပြီး ပေါ်လာတဲ့ စိတ်ကတော့ ဒီ ပြတိုက်ထဲမှာ ရှိနေတဲ့ သတ္တ၀ါတွေအနေနဲ့ကတော့ သူတို့ သက်တမ်းစေ့ နေသွားနိုင်မလားပဲ .. ဒီလိုဆို ပြင်ပက ချက်စားခံရမယ့် သတ္တ၀ါတွေထက် ကံကောင်းတယ် ဆိုရမလား ..

သူတို့ကိုယ်တိုင်ရော ဒီလိုကျဉ်းကျဉ်းကျပ်ကျပ် ချုပ်နှောင်ခံထားရတာလည်း ကံကောင်းမှုတော့ မဖြစ်နိုင်ပြန်ဘူး .. ဒါကလည်း ၀ဋ်ကြွေး တမျိုး ..

ဟိုတနေ့ကလည်း အဲဒီသူငယ်ချင်းတွေနဲ့ပဲ ပင်လယ်စာ သွားစားဖြစ်တယ် .. ဘူဂစ်မှာပေါ့ .. အဲဒီ လမ်းထဲ ၀င်ဝင်သွားချင်း စိတ်ထဲ ဖြစ်လာတာက အဲဒီမှာ လူတွေကတော့ ပျော်ပါးပြီး စားနေတယ် .. အစားခံရမယ့် သတ္တ၀ါတွေအတွက် ဒီနေရာက ငရဲခန်းပဲ ဖြစ်လိမ့်မယ်လို့ .. အဲဒီနေ့က ပုဇွန်တောင် စားမလာဖြစ်ဘူး .. ဂဏာန်းလည်း အစတည်းက မကြိုက်တတ်ပါဘူး .. စားဖြစ်တာက ရယ်ဒီမိတ် ကြက်သားချောင်း ငါးလုံး အဲဒါတွေပဲ စားဖြစ်တယ် .. သူငယ်ချင်းကတော့ပြောတယ် .. နင်စားပုံနဲ့ မတန်ဘူးတဲ့ .. (ပင်လယ်စာ စားမယ်ဆိုတိုင်း ရတဲ့ ဆိုက်ကိုပါပဲ :D)

ပြောရဦးမယ် ..

မိုးခါး ကျန်ခဲ့တဲ့ တစ်ပတ် တနင်္လာကစပြီး အလုပ်သစ် ၀င်ပါတယ် .. အလုပ်သစ်ဆိုတော့ ထုံးစံအတိုင်း အပိုးကျိုးကျိုးလေးပေါ့ .. :D ကံတရား ကိုယ့်ဘက်မပါပုံများ နောက်မှာ ဒါရိုက်ဘော့စ်က ထိုင်သလို ကင်မရာကလည်း နောက်တည့်တည့်မှာပါ .. ဒီလိုနဲ့ သိပ်မလစ်တော့ လုပ်နေကျ ဘလော့ဂင်းအလုပ်ကို ခေတ္တ ခဏ အရှိန် သတ်ထားရပါတယ် .. (ခိုးပြီး ရေးရတာ ဖီလင်မလာဘူးလေ .. ရေးတဲ့ စာထဲ မျောသွားတဲ့အချိန် သူဌေးမြင်သွား ဒုက္ခ :P) အဲဒါနဲ့ ဒီလိုနဲ့ လစ်ရင်လစ်သလို စာဖတ်လိုက် .. မန့်လိုက် .. ချက်ထဲ အတင်းချလိုက် .. ဒီထက်ပိုလစ်ရင် အပင်လေး ၀င်စိုက်လိုက် .. စားသောက်ဆိုင်ကလည်း ပစ်ထားလို့ မရတော့ ၀င်ထိန်းသိမ်းလိုက်နဲ့ .. ဒီလောက်လေးပဲ လုပ်နိုင်ပါတယ် .. :P (ပြောချင်တာက ဒါကြောင့် စာမရေးဖြစ်သေးတာပါလို့ .. :D)

ပြီးတော့ အလုပ်နဲ့ အိမ်နဲ့ တအားဝေးလို့ အိမ်လည်းပြောင်းရပါတယ် .. (အိမ်တက် မလုပ်ဘူးလို့ ပြောချင်တာပါ .. :P) (နောက်တာ မဟုတ်ပါဘူး .. တကယ်ကို မလုပ်တာ :P) မဟုတ်ရင် မေသူတို့ ဖူလတန် ဆိုပြီး လာအော်မှာဆိုးလို့ :P အခုတော့ ဒီဂလောက်ပါပဲ ..း))

Tuesday, November 3, 2009

အရုဏ်တက်

မထူးခြားမယ့်
အဆင်ပြင်တခုနဲ့
မနက်ခင်းတခု
စဖွင့်တယ်
တမူ ထူးခြားမနေဘူး

ငါ့ မနက်ခင်းတွေမှာ
ကော်ဖီနွေးနွေးတခွက်ရှိမယ်
သီချင်းသံ သဲ့သဲ့ ရှိမယ်
တခါတလေ သာယာတဲ့ ဖုန်းသံ ရှိမယ်
ဒါထက် မပိုဘူး

ခုတလော
ငါ့မနက်တွေမှာ
ကော်ဖီတွေ ခဲခဲသွားတယ်
အလွမ်းသီချင်းတွေ ကြားတယ်
ဖုန်းလေးလည်း အလိုက်တသိ
တိတ်ဆိတ်လို့

အရုဏ်တက်တဲ့
ရောင်နီက မထွက်ဘူး
နှင်းမကျပေမယ့်
ငါ့ရင်ထဲ ခဲတယ်
ငါ့မနက်တွေ
မနွေးထွေးခဲ့တာ ကြာပေါ့

ငါ့ရဲ့ အရုဏ်တက်မှာ
နေမထွက်ဘူး
မင်းမရှိမှတော့
မနက်ခင်းလဲ
မလင်းဘူး

Sunday, November 1, 2009

မဆုံးမယ့် အတွေးများ

တနေ့ တနေ့ ပတ်ဝန်းကျင်ကို သတိမထားမိပဲ နေ့စဉ် ဖြတ်သန်းနေမိတာ ဘယ်လောက်ကြာနေပြီ မသိ .. ထိုနေ့ကတော့ လမ်းပေါ်က သစ်ပင် ပန်းမန်တွေကို ဂရုတစိုက် ကြည့်မိတော့ လောက ကြီးက လှနေသားပဲ .. လမ်းဘေး တနေရာက ပန်းပင်တွေ ရောင်းတဲ့ ဆိုင်မှာလဲ ပန်းပေါင်စုံ အရောင်ပေါင်းစုံနဲ့ သက်ဝင် လှပ နေပါရော .. နေ၀င်ခါနီးအချိန်မှာ ၀င်ခါနီး နေရောင်က အရာရာကို တောက်ပမှုတွေနဲ့ ပိုမိုလှပစေတတ်ပါသလား .. အင်း .. ခု မြင်မြင်နေသမျှကတော့ သက်ဝင်လှပနေပါတယ် ..

လမ်းမ၀ဲယာကို ကြည့်မိတော့လည်း လူတွေ ပုံမှန်လုပ်ငန်းအနေနဲ့ လှုပ်ရှားသွားလာနေကြတယ် .. သူတို့ရော ကိုယ့်လိုမျိုး လှပနေတဲ့ ပတ်ဝန်းကျင်ကို ဂရုပြုမိကြရဲ့လား .. ဂရုပြုမိကြဖို့ရော သတိမှ ရကြရဲ့လား .. ပြောမဲ့သာ ပြောရတာ .. ကိုယ်တိုင်တောင် ခုတခါပဲ လောကကြီးက လှနေသားလို့ တွေးမိတတ်သေးတာလေ ..

ဒီက လူတွေရဲ့ တရားသေ လှုပ်ရှားမှုမျိုးကို ခံစားလို့ မရခဲ့တာ ကြာလှပြီ .. နွေးထွေးမှု မရှိ .. ပြောင်းလဲမှု မရှိ .. မျက်နှာသေ မျက်လုံးသေတွေနဲ့ .. အသက်ရှုနေလို့သာပေါ့ ..

လောကကြီးက လှနေပါတယ်လို့ သတိပြုမိတုန်းလေး တနေရာရာကို သွားပြီး အေးအေးဆေးဆေး ထိုင်နိုင်ရင်ကောင်းမှာပဲ .. မထိုင်ဖို့လည်း ဘယ်သူမှ မပြောပါဘူး .. ကိုယ့်ဟာကိုယ် မသွားဖြစ်သေးတာ .. တနေရာရာတော့ သွားဦးမှ .. သွားမယ့် နေရာလေးမှာ ရေတော့ ရှိစေချင်တယ် .. တိုက်တာတွေက မြင်ကွင်းတွေကို ကွယ်နေတဲ့ နေရာမျိုး မဖြစ်ရဘူး .. သစ်ပင်စိမ်းစိမ်းတွေ ကြားမှာ ပန်းပွင့်လေးတွေ ရှိနေမယ်ဆို မြင်ကွင်းက ပြည့်စုံနေမှာပဲ .. ဘေးနားမှာလား .. အင်း .. ဘယ်သူမှ မရှိလည်းပဲ ရပါတယ် ..

ဗီဗိုးက သဘောင်္တွေဆီ သွားရ ကောင်းမလားပဲ .. တနေရာရာမှာ ငြိမ်ငြိမ်လေး ထိုင်နေချင်တယ် .. တိတ်တိတ်ဆိတ်ဆိတ် နေရာလေး တခုလောက် .. ငှက်သံလေးတွေ ရှိမယ် .. သစ်ရွက် လေတိုးသံလေးတွေ ရှိမယ် .. ကားသံတွေတော့ ဝေးနေစေချင်တယ် .. လူသံတွေလည်း တိတ်နေစေချင်တယ် .. ငြိမ်ငြိမ်လေး နေနေပြီး အတွေးတွေလည်း မရှုပ်ထွေးလာစေမယ့်နေရာ .. ဘာကိုမှ မစဉ်းစား မတွေးတော မခံစားပဲ ကိုယ့်အသက်ရှူသံကိုတောင် သတိထားမိနေစေမယ့်နေရာ .. အသက် ရှိနေပြီး လှုပ်ရှားနေလို့သာ ကိုယ့်ကို အသက်ရှူနေတယ်လို့ ထင်နေရတာ .. တကယ်တော့ သတိထားပြီးမှ အသက်ရှူဖြစ်မယ်ဆို အသက်ရှူရပ်သွားတာ ကြာရောပေါ့ ..

ကိုယ် ဘာကို နှစ်သက်တာလဲ .. ကိုယ် ဘာဖြစ်ချင်နေတာလဲ .. အမြဲတမ်း တစွဲတလန်း မဖြစ်တတ်တာ တခါတခါတော့လည်း စဉ်းစားရ ကျပ်သား .. ၀ါသနာတခု စွဲစွဲလန်းလန်းရှိနေရင် တစိုက်မတ်မတ် လုပ်ဖြစ်မယ် .. အခုတော့ ဘာလုပ်ရ ကောင်းမလဲ စဉ်းစားနေရတဲ့ အဖြစ် .. ခုလည်း ရေရေရာရာ အဖြေတခု ကိုယ့်ခေါင်းထဲက ထွက်မလာဘူး ..

အဖြူထည်
အရောင်တွေ ကင်းတယ်
ရှင်းသန့်မှုရဲ့ အဓိပ္ပါယ်
စွန်းထင်းရင်တော့
အများထက်ပို သိသာစေမယ်
အထူး ဂရုပြုရမယ့်
အဖြူထည်

အကျီဖြူလေးဝတ်ထားတဲ့ ကလေး ဖြူဖြူလေးတယောက်ကို တွေ့လိုက်တယ် .. ကလေးတွေက အရောင်တွေ ကင်းတယ် .. သူတို့ ချစ်တဲ့သူနဲ့ဆို သူတို့ ပြုံးပျော်ရွှင်နေတတ်တယ် .. မချစ် မနှစ်သက်သူတယောက်က ကောက်ပွေ့လိုက်မယ်ဆို သူတို့ ငိုခြင်းနဲ့ မကျေနပ်မှုကို ပြသတယ် .. သူတို့မှာတော့ လွတ်လပ်စွာနဲ့ မကျေနပ်မှုကို ပြသခွင့် ရှိတယ် .. အိုး .. အသက်ကြီးလာတာနဲ့ အမျှ ကိုယ် ပိုင်ဆိုင် ရယူနိုင်တာတွေ များလာသလို ဆုံးရှုံးလိုက်ရတာတွေလည်း အားကြီးပါလား ..

အမှောင်ထု ကြီးစိုးနေတဲ့ လမ်းမကြီးကို အဖြတ်မှာ သတိထားမိတာက အဲဒီနေ့က လပြည့်ည .. လမင်းကြီးက လုံးလုံး ၀ိုင်းဝိုင်းကြီး အပြည့်အ၀ သာနေတယ်လေ .. ကောင်းကင်ကြီးကို မကြည့်မိတာလည်း ကြာပေါ့ .. ရန်ကုန်မှာဆိုရင်တော့ မီးပျက်တိုင်း ၀ရန်တာထွက်ဖြစ်တာနဲ့ ရှာမိတာက ခွန်ဆန်လောနဲ့ နန်းဦးပျင်တို့ ကြယ်မောင်နှံ .. မှတ်မှတ်ရရကို ရှာဖြစ်တယ် .. ညလယ်ခေါင် တရေးနိုး ၀ရန်တာ ထွက်ဖြစ်တိုင်းလည်း ရှာမိတယ် .. တွေ့လိုက်တိုင်းလည်း သူတို့အတွက် စိတ်မကောင်းဖြစ်ရတယ် .. အထက်တန်းတုန်းက သင်ရတဲ့ ပုံပြင်လေးထဲက ခွန်ဆန်လောရဲ့ အမေကြီးကိုလည်း မုန်းလိုက်တာ .. ခု ဒီမှာတော့ ကြယ်ရှာဖို့ မပြောနဲ့ လမင်းကိုတောင် သတိမထားမိတာ ကြာနေပြန်ပေါ့ ..

ခု သတိရလို့ အိမ်ပြင်ထွက်ကြည့်ရင်တော့ ရသားလေ .. ဒါပေမယ့် မီးမပျက်တော့ ကွန်ပျူတာရှေ့မှာပဲ အချိန်တွေ ကုန်မှန်းမသိ ကုန်နေတယ် .. ခုတောင် ညက တော်တော် နက်နေပေါ့ .. တော်ပါပြီ .. အတွေးတွေ ဒီမှာပဲ ခဏဆုံးလိုက်တော့မယ် ..

Wednesday, October 28, 2009

ငါ့ကို ချစ်လို့တဲ့

ငါ့ကို ချစ်သတဲ့
ဘာကို ချစ်သလဲ
မင်းက ပြုံးလိုက်ရင် ချစ်ဖို့ ကောင်းသတဲ့

ငါ့ကို ချစ်လို့တဲ့
ဘာလို့ ချစ်သလဲ
မင်းက နားလည်မှု ပေးတတ်လွန်းသတဲ့

ငါ့ကို ချစ်သတဲ့
ဘယ်လောက်ထိ ချစ်မှာလဲ
ပြောတုန်းကတော့ တသက်လုံးပါပဲ

ငါ့ကို ချစ်သတဲ့
ဘာအတွက် ချစ်ပါသလဲ
ဘ၀တလျှောက်လုံး လက်တွဲဖို့ပါတဲ့

ငါ့ကို ချစ်သတဲ့
ဘာဖြစ်လို့ ချစ်ပါသလဲ
ချစ်ဖို့ ကောင်းလို့ ချစ်ပါသတဲ့

ငါ့ကို ချစ်လို့တဲ့
တကယ်နော်လို့ မေးမိတော့
တကယ်ပါ
မင်းက ငါ့အတွက် အကောင်းဆုံးတွေပေးနိုင်တဲ့သူတဲ့

ခုတော့

ငါ့ကို မချစ်တော့ပါတဲ့
ဘာကြောင့်လဲ မေးမိတော့
မင်းဟာ ငါ့အတွက် အကောင်းဆုံး မဖြစ်နိုင်ဘူး
မင်းက ငါ့အပေါ် နားမလည်ဘူး
မင်း အပြုံးတွေနဲ့ ငါ့ကို အနိုင်ယူသတဲ့

အင်း
နောက်ဆုံးတော့လည်း
လေထဲကပြောစကား
လေထဲတွင်ပဲ ပျောက်ကွယ်တတ်ပါလား ..

မြင်ရ ကြားရတဲ့ စုံတွဲတွေကို ကြည့်ပြီး ရေးမိတာပါ .. (ကိုယ်တိုင်လည်း ဘယ်တော့လည်း မသိဘူးပေါ့ .. :P) အချစ်ဆိုတာ ချစ်နေတုန်းတော့ အပြစ်မြင်ရိုး ထုံးစံ မရှိပေမယ့် အချစ်ပြယ်ပြီဆိုရင် ပြစ်ချက် အနာအဆာတွေ လက်ညှိုးထိုး မလွဲအောင် ပေါ်ပေါက်လာရတာတော့တာပါပဲ .. hehe .. တရားပေါက်တဲ့ လေသံနဲ့ :P

Monday, October 26, 2009

ယုံကြည်မှုများ

ကျမက ဗုဒ္ဓဘာသာဝင် တဦးဖြစ်လို့ မြတ်စွာဘုရား ဟောကြားတဲ့ တရားတော်တွေ အကျင့်အကြံတွေက သံသရာက လွတ်မြောက်ရာ လမ်းကြောင်းဆိုတာကို ယုံကြည်ပါတယ် .. ကံဆိုတာ လူက လုပ်တာဆိုတာကိုလည်း ယုံတယ် .. ကောင်းတာ လုပ်ရင် ကောင်းကျိုးခံစားရမယ် .. ကိုယ့်စေတနာက တချိန်ချိန်မှာ အကျိုးပေးမယ် .. စတာတွေကိုလည်း ယုံကြည်ပါတယ် ..

ပြီးတော့ မေတ္တာတရား .. မိဘတွေ ကိုယ့်အပေါ်ထားတဲ့ စေတနာ မေတ္တာတွေက အနှိုင်း မရှိဘူး ဆိုတာကို ယုံကြည်ပါတယ် .. ကျမ ဘယ်လို အခြေအနေပဲ ရောက်နေ ရောက်နေ အဖေနဲ့ အမေကတော့ ကျမအပေါ် မေတ္တာလျော့သွားမှာမဟုတ်ဘူး .. ကျမ ဘယ်လို အပြစ်တွေပဲ လုပ်လုပ် အမြဲတမ်း ခွင့်လွှတ်မှာပဲလို့လည်း ယုံပါသေးတယ် .. လူသားတွေထဲမှာ ကျမ အယုံကြည်ဆုံးက ကျမ မိဘ ပါပဲ ..

ကျမ ခုချိန်ထိ ကျမအပေါ် မုန်းတီးတဲ့လူ .. ယုတ်မာ ကောက်ကျစ်မယ့်လူနဲ့ မဆုံတွေ့ဘူးပါဘူး .. ကျမ တွေ့ဆုံ ခင်မင် လာသမျှ သူငယ်ချင်း မိတ်ဆွေ ချစ်သူ ခင်သူ အားလုံးက ကျမအပေါ် အကုန်ကောင်းကြတယ် .. လူကောင်းတွေနဲ့ပဲ ဆုံတွေ့ဘူးပါတယ် .. သူ မကောင်းဘူးလို့ ပြောရလောက်တဲ့သူ ကျမ မှာ မရှိပါဘူး .. အဲဒါက ကျမ နေ့တိုင်း သတိရတိုင်း မေတ္တာပို့ ရွတ်ပါတယ် .. တခါတလေ လုံးစုံများစွာ သတ္တ၀ါ စတဲ့ မေတ္တာသုတ် မေတ္တာပို့ကို ရွတ်ပါတယ် .. တခါတလေ "၃၁ ဘုံ ကျင်လည်ကြကုန်သော လူနတ်ဗြဟ္မာ သတ္တ၀ါ အားလုံး ကျန်းမာ ကြပါစေ ချမ်းသာကြပါစေ" လို့ပဲ မေတ္တာပို့ပါတယ် ..

အလုပ်ဝင်စကတည်းကလည်း လူကြီးတွေရဲ့ မျက်နှာကို မှန်းပြီး မေတ္တာပို့လေ့ရှိပါတယ် .. ဒါကြောင့်လည်း ကျမ အလုပ်မှာ မပင်မပန်းပဲ အကုန်အဆင်ပြေသလို လူတိုင်းနဲ့လည်း တည့်တယ် .. ကျမစိတ်ထဲမှာ စွဲနေတာပေါ့နော် .. ဆိုလိုချင်တာက မေတ္တာတရားက အစွမ်းထက်ပါတယ် .. အဲဒါကို ယုံကြည်ပါတယ် ..

ဝဋ်ကြွေးကိုလည်း ယုံကြည်သလို ကြောက်လည်း ကြောက်ပါတယ် .. ကိုယ့်မှာသာ ၀ဋ်ကြွေး ရှိနေမယ်ဆို ကြေအောင် ဆပ်ရပါမယ် .. ဒါမှလည်း မျှတမယ်မလား .. ကျမတို့ ဂေါတမ မြတ်စွာဘုရားတောင် ဘုရားဖြစ်ပြီးတာတောင်မှ ၀ဋ်ကြွေးကို ရှောင်လို့ မရခဲ့ပါဘူး ..

နောက်တခုက ရေစက်ပါ .. ရေစက်ရှိခဲ့လို့ ဆုံတွေ့ခဲ့ကြတယ် .. အဲဒီအချိန်မှာ ခင်မင် ပျော်ရွှင်ချင်လည်း ခင်မင် ပျော်ရွှင်နေမယ် .. မုန်းတီးချင်လည်း မုန်းတီးနေမယ် .. ဒါပေမယ့် ရေစက်ရှိနေသေးသရွေ့ ခွဲချင်လည်းပဲ ကွဲကွာဦးမှာ မဟုတ်ဘူး .. ရေစက်ကုန်သွားပြီဆိုရင်တော့ ဘယ်လိုပဲ မခွဲနိုင်ပါစေ ကွဲကွာကြရမှာပဲ ..

စိတ် တန်ခိုး ကိုလည်း ယုံကြည်ပါတယ် .. စိတ်သာရှိရင် ဆန္ဒသာရှိမယ်ဆိုရင် အရာရာကို အောင်မြင်အောင် ကျော်လွှားနိုင်မယ် လို့လည်း ယုံသေးတယ် .. မရနိုင်ဘူး မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး .. တကယ် မရခဲ့ဘူး မဖြစ်ခဲ့ဘူးဆိုတာ စိတ်အား မထက်သန်လို့ပါ .. ကိုယ့်မှာ ယုံကြည်ချက်ရှိမယ်ဆိုရင် ဖြစ်ကိုဖြစ်ရမယ်လို့ ယုံပါတယ် ..

ပန်းရင့် တဂ်လို့ ရေးတဲ့ ကျမရဲ့ ယုံကြည်တာလေးတွေပါ ..း))


Saturday, October 24, 2009

ရင်ခွင်ပိုက် အမှိုက်

ပိုင်ဆိုင်ခြင်း စကားစုကို နားမလည်ဘူးရင် ဘယ်အရာမှလည်း ပိုင်ရလောက်အောင် ကြိုးစားမိမယ် မဟုတ်ဘူး ..

ခုတော့လေ ငါ ပိုင်ဆိုင်ဘူးတယ် .. ဒါ သေချာပါတယ် .. ဒါပေမယ့် ငါ့မှာ သက်သေဆိုလို့ ပြစရာ ပုံရိပ်တခုတောင် မရှိခဲ့ဘူး ..

စိုင်းစိုင်း သီချင်းမှာတော့ အဲဒီနေ့က မိုးမရွာဘူးတဲ့ .. ငါတို့နှစ်ယောက် နေ့ရက်တွေမှာတော့ မိုးရွာတဲ့ ရက်တွေရော နေပူတဲ့ ရက်တွေ အပြင် မြူဆိုင်းတဲ့ အချိန်တွေပါ ရှိခဲ့ဘူးတာပဲ ..

အချိန်ကာလဆိုတာ နေဒဏ် လေဒဏ်ကြောင့် လုံးပါး ပါးတတ်သလား .. နှစ်တွေစားရင် အရာရာကို မေ့ပျောက်နိုင်မယ်တဲ့လား .. ဟုတ်မဟုတ်တော့ မသိဘူး .. တော်တော်များများပြောတာ ငါကြားဖူးတယ် .. သေချာတာ ငါ့အတွက်တော့ မဟုတ်ခဲ့ဘူး ..

သေသောသူ ကြာရင်မေ့တဲ့ .. ဟုတ်တယ် .. နင် သေသွားပြီ .. ငါ့အတွေးထဲမှာ .. ငါကိုယ်တိုင် သတ်ပစ်ခဲ့တယ်လေ .. ဒါပေမယ့် ငါ မမေ့သေးဘူး .. နာကျင်စွာနဲ့ သတိတရ ရှိတုန်း .. ဒဏ်ရာတော့ ငါ့ကိုယ်မှာ မရှိခဲ့ဘူး .. စိတ်ရဲ့ အနက်ရှိုင်းဆုံးမှာ ..


ပျောက်သောသူ ရှာလျှင်တွေ့တဲ့ .. ငါသာ လိုက်ရှာမယ်ဆို တွေ့ခွင့် ရှိဦးမလား .. ငါ တကယ်ပဲ ပြန်တွေ့ချင်နေလား .. တကယ်တမ်း ပြန်တွေ့တော့ရော အခြေအနေတွေက ဘယ်လို ပြောင်းလဲနိုင်ဦးမှာတဲ့လဲ .. အင်း .. မထူးပါဘူး .. ငါ နေသားကျဖို့ ကြိုးစားကြည့်ဦးမယ် .. ထူးဆန်းတာ တခုကတော့ နင်နဲ့ ခပ်ဆင်ဆင်တူတဲ့လူ တဦးတယောက်များ မြင်လိုက်မိရင် ငါ့ ကမ္ဘာကြီး ချာချာလည်သွားတယ် ..

ခုလေးပဲ .. ငါ ခေါင်းငုံ လမ်းလျှောက်နေတုန်း ရှေ့က လူတယောက် ဖြတ်လျှောက်သွားတယ် .. ကတ္တီပါ ဖိနပ် သျှားရောင်လေး .. ငါ မော့ကြည့်မိတော့မလို့ .. နထင်က သွေးတိုးတဲ့အသံ တဒုတ်ဒုတ် ငါကြားနေရတယ် .. ငါဟာလေ မဖြစ်နိုင်မှန်း သိနေရက်နဲ့ မိုက်မဲနေသေးသူ တယောက် ..

ငါဟာလေ အမှတ်မရှိတဲ့သူ .. နင်နဲ့ ပတ်သက်ရင် အိနြေ္ဒပျက်လောက်အောင် ငါစိတ်တွေ ထွေပြားတယ် ..

နှစ်တွေလဲ ကြာခဲ့ပြီ .. မေ့မယ်ဆို လုံလောက်နေပါပြီ .. ဒါပေမယ့် ငါ ဆိုးသွမ်းစွာနဲ့ မေ့ဖို့ကို နှမြောတသနေတယ် .. ငါပိုင်ဆိုင်တာ ကျန်ခဲ့တဲ့ အတိတ်လေး တခုသာပဲလေ .. ဒါကြောင့်လဲ ငါ့ကို မိုက်မဲလိုက်တာ လို့တော့ မဆိုလောက်ပါဘူး ..

ငါ့ကို မရီပါနဲ့ .. မလှောင်ပါနဲ့ .. မိုက်လိုက်တာလို့ မပြောပါနဲ့ .. နှစ်သိမ့်စကားလည်း ပြောစရာ မလိုပါဘူး .. မသိချင်ယောင်လေးသာ ဆောင်သွားပေးပါ ..

Wednesday, October 21, 2009

ခံစားမဲ့

အရာရာ
မြင်သမျှက
အကြည်ရောင်
ခံစားချက်ကလည်း
ခပ်ရှင်းရှင်း
စိတ်ထဲမှာ
ဟာလာ ဟင်းလင်း

ပိုင်ဆိုင်ချင်တဲ့ အရာလည်း မရှိ
ဆုံးရှုံးစရာလည်း မရှိ
ကိုယ်မပိုင်တာတွေ အတွက်
ဆုံးရှုံးမှာလည်း မကြောက်တတ်တော့ဘူး

ပုံသေ ကားချပ်
တွက် မရခဲ့တော့
ပုံသေနည်းတွေလည်း
ကျက် မှတ် မနေချင်တော့ဘူး

ဒီအတိုင်းလေးပဲ
ငါ့စိတ်
မပြောင်းမလဲ ရှိချင်တယ်
ငါ မပူလောင်တတ်ချင်တော့ဘူး

ပိုင်ဆိုင်ချင်စိတ်နောက်လိုက်ရင်းလည်း
ပူလောင်ပြီးပြီ
ပိုင်ဆိုင်ပြီးနောက်
မဆုံးရှုံးအောင် ကြိုးစားရင်းလည်း
ပူလောင်ပြီးပြီ
ဒီလောက်ဆို
လုံလောက်ခဲ့ပြီ
ငါ့စိတ်လေး
ငြိမ်နေချင်ပြီ

P.S အပေါ်က စာကို ဖတ်ပြီး မိုးခါးတယောက် သမာဓိတွေ ကောင်းနေပြီတော့ မထင်ပါနဲ့ .. ခုတလော စိတ်တွေက ရှုပ်လာလိုက် ဒေါသတွေထွက်လိုက်နဲ့ အရူးထနေလို့ :D စိတ်တိုင်း မကျတဲ့ အရာတွေက များနေတယ် .. ကိုယ့်ဒုက္ခကိုယ်ရှာနေတာပါ .. တကယ်တော့လည်း ဒါ ဘာမှမဟုတ်ဘူးလို့ တွေးလိုက်ရင်လည်း ပြီးသွားတာပါပဲ .. အဲလိုဖြစ်အောင်ပဲ ကြိုးစားနေတော့မယ် ..း))

Tuesday, October 20, 2009

အိမ်ကို သတိရလို့ ရေးတဲ့စာ

ငယ်ငယ်ကတော့ ထင်ခဲ့တာက လူကြီးတွေက ကိုယ့်ကို နားမလည်ဘူးပေါ့ .. လူငယ်တွေဘက်က ခံစားချက်ကို ချုပ်နှောင်တယ်လို့ ထင်မြင်ဘူးတယ် .. ကိုယ်က လွတ်လပ်ချင်တယ် .. လူကြီးတွေ (အထူးသဖြင့် အဖေနဲ့ အမေ)က ဘောင်တခု အတွင်းမှာ နေစေချင်တယ် .. အရင်ကတော့ အဲဒီဘောင်ဟာ ကိုယ့်အတွက် တော်တော်ကို စိတ်အနှောင့် အယှက် ဖြစ်စရာ ကောင်းခဲ့ဘူးတယ် .. ကိုယ့်ရင်ထဲမှာလဲ လူကြီးတွေကို အပြစ်တွေ မြင်လို့ပေါ့ ..

ခုအသက် အရွယ်ကို ရောက်လာတော့ လူကြီးတွေ နေရာကနေ မြင်ပေး တွေးပေးနိုင်လာသလို ကိုယ့်အောက်က အငယ်တွေ (အထူးသဖြင့် စိတ်ခံစားလွယ်တဲ့ သူတွေ)က ကိုယ်အရင် ရှိနေခဲ့ဘူးတဲ့ နေရာတခုက ခံစားချက်မျိုးတွေ ကြားလာ သိလာတော့လည်း ကိုယ့်အရွယ်ရောက်ရင် နားလည်လာလိမ့်မယ်လို့ ပြောပြနေမိတယ် .. ဒါဟာ အသက်အရွယ် အပိုင်းအခြားတခုက ရရှိလာတဲ့ သင်ခန်းစာ အတွေ့အကြုံတခုပဲလို့ ထင်မိတယ် ..

ခု ကိုယ့်ခံစားချက်က ကိုယ့်အပေါ် အရင်က နားမလည်ပေးဘူးထင်မိတဲ့ အဖေနဲ့ အမေကို အရမ်းကို အားနာမိတယ် .. ကိုယ့်အပေါ် သူတို့လောက် နားလည် ခံစားပေးနိုင်မယ့်လူ ရှိနိုင်လိမ့်မယ် မထင်ဘူး .. ရှိလာခဲ့တယ် ဆိုရင်တောင် မှီမယ် မထင်မိဘူး ..

အမေ့ချက်ကြိုးကတဆင့် အာဟာရတွေ ရယူခဲ့ဘူးလို့ မိခင်နဲ့ သားသမီးတွေ စိတ်ခံစားချက်ချင်း ဆက်သွယ်ခံစားနိုင်တယ်တဲ့ .. ယုံကြည်မိတယ် .. အဖေကရော .. မွေးလာတည်းက အရိပ်တကြည့်ကြည့် သားသမီး မျက်နှာ မငြိုးအောင် ကြိုးစားဖြည့်ဆည်း ရုန်းကန်ပေးနေတဲ့ ဒီ အဖေရဲ့ သွေးကလည်း ကိုယ့်ရဲ့ ကိုယ်ထဲမှာ သွင်သွင် စီးနေတယ်လေ ..

ဒီတော့ ဖုန်းမဆက်ဘူးဆိုရင်တောင် ဟိုဘက်က အဖေနဲ့ အမေက ကိုယ့်အခြေအနေကို ခန့်မှန်းနေမိပြီးပြီ .. အသံမကြားရရုံနဲ့ စိတ်ပူနေတတ်ခဲ့ပြီ ..

အသံကြားရပြီဆိုရင်ရော .. အသံကြားရုံနဲ့ ဒီ သားသမီး စိတ်ဆင်းရဲနေသလား ပျော်ရွှင်နေသလား ခံစားသိနိုင်ခဲ့တာ မိဘရဲ့ မေတ္တာတရားနဲ့ အာရုံခံစားမှုပါပဲ .. ဒါတွေက ညာလို့ မရနိုင်ဘူး .. ခံစားချက်ကို ယုံလို့ရတယ် ..

ကိုယ် ထင်ထားခဲ့တာက ကိုယ့်ရဲ့ စိတ်သဘောထားကို ဘယ်သူမှ အမှန် ဖတ်နိုင်လိမ့်မယ် မထင်ဘူးလို့လေ ..

သိပ်မကြာခင်ကပဲ နားလည်လိုက်တာက ကိုယ့်ရဲ့စိတ်ကို နားလည်ခံစားပေးနိုင်မယ့်သူက အဖေနဲ့ အမေပဲ ရှိတယ် .. ကိုယ် ၀မ်းနည်းရင် သူတို့လည်း ၀မ်းနည်းမယ် .. ကိုယ် နာကျင်ရင် သူတို့လည်း နာကျင်တယ် .. ကိုယ် ပျော်နေရင် သူတို့လည်း လိုက် ပျော်ရွှင်နေမှာပဲ .. သူတို့ကတောင် ကိုယ့်ထက် ပိုနိုင်သေးတယ် ..

ခုတလော အမေ့အသံကြားရင် စိတ်က ၀မ်းနည်းတယ် .. ဒီခံစားချက်က ပထမဆုံး အကြိမ်လို့ ပြောရင် လွန်နေမလားပဲ .. အရင်က အိမ်လွမ်းတယ်ဆိုတာလည်း ပြောရလောက်အောင် မဟုတ်ဘူး .. မိဘကို သတိရတယ်ဆိုတာလည်း ခဏတဖြုတ်ပြီးရင် လျော့လျော့ရဲရဲပဲ .. စိတ် ကြာကြာ အညစ်မခံတတ်တဲ့ ကိုယ့်ညဉ်ကြောင့် ဖြစ်ပါလိမ့်မယ် ..

ဒီကို လာခါစကတော့ ကိုယ့် စိတ်ကူး ကိုယ့် ရည်ရွယ်ချက်အတွက်ပဲ ခေါင်းထဲ ထည့်ထားမိတယ် .. ခေါင်းမာတဲ့ ကိုယ့်အကြောင်း သိထားလို့လည်း အဖေရော အမေရောက ပံ့ပိုးဖို့ပဲ ဆုံးဖြတ်ခဲ့ပုံပါ .. အမေကတော့ တားချင်ပေမယ့် အဖေကတော့ အားပေးခဲ့တယ် .. အဖေက ကိုယ့်ကို အယုံကြည်ဆုံး .. ဒီယုံကြည်ထားတဲ့ စိတ်ကိုလည်း စိတ်ပျက်စရာ မဖြစ်အောင် ကြိုးစားရဦးမယ် .. အမေကတော့ မိန်းမသား ပီပီ စိတ်ပူတယ် .. ခုချိန်ထိ စိတ်မချနိုင်သေးဘူး .. ဓါတ်ပုံတွေ ပို့ပေးလို့ ဘေးနားက တွဲရိုက်ထားသမျှ အကုန် မေးတတ်တယ် ..

အဖေနဲ့ အမေနဲ့ မေတ္တာကို နားလည် လာလေလေ ကိုယ်တိုင် မိခင်ဖြစ်ရာမှာတောင် ကြောက်လာတယ် .. ကြွေးသစ်တွေယူပြီး ပူလောင်ရဦးမှာလားလို့လေ .. ခုတွေးမိလို့သာပါ .. တကယ်တော့ ဝေးနေပါသေးတယ် .. ကိုယ်တိုင်လည်း သိတယ် .. အရည်အချင်း မရှိသေးဘူးလို့ ..

Sunday, October 18, 2009

ဆိုညည်းဖြစ်သော သီချင်းများ

သီချင်းနားထောင်တယ်ဆိုတာ စိတ်ထွက်ပေါက်တခု စိတ်ဖျော်ဖြေမှု တခုအနေနဲ့ မိုးခါးကတော့ သတ်မှတ်မိပါတယ် .. ကိုယ်တိုင်လည်း စိတ်ညစ်လည်း နားထောင်တယ် ပျော်လည်း နားထောင်တယ် ဘယ်လိုမှ မနေလည်း နားထောင်တယ် .. သဘောကတော့ အိမ်မှာ ရှိနေချိန်ဆို မနက်မိုးလင်းတာနဲ့ သီချင်း နားထောင်ဖြစ်ပါတယ် ..

သီချင်းနားထောင်ရတာကို သဘောကျတယ် .. ရွေးပြီး နားထောင်ဖြစ်တာ ရှားတယ် .. ကိုယ်ကြိုက်လို့ ဒေါင်းထားသမျှ မျက်စိထဲတွေ့တာ ဖွင့်တယ် .. အသစ်ထွက်တယ်ဆိုမှ ဒါကို ထပ်ခါ ထပ်ခါ နားထောင်ဖြစ်တတ်တာ ..

သီချင်းနားထောင်ပြီး ကိုယ့်ရင်ထဲ ရောက်လာတဲ့ ခံစားချက်ကို ကြိုက်တယ် .. ဘယ်နားက သီချင်းသံ ကြားကြား ကိုယ်ရတာဆို ကိုယ့်ပါးစပ်ထဲပါ ရောက်လာတာပဲ ..

ဗညားရှိန်က ဆိုညည်းနေကျ သီချင်းလေးများဆိုပြီး တဂ်တော့ အမြဲတမ်း မညည်းဖြစ်ပဲ ကြားရာလိုက်ဆို ကြုံရာ နားထောင်တဲ့ မိုးခါးတို့ စဉ်းစားရ ကြပ်ပါပီ ..

ခု နားထောင်နေတဲ့ သီချင်းလေးတွေထဲက နားထောင်စေချင်တဲ့ သီချင်းလေးတွေကိုပဲ ဖော်ပြ ပေးလိုက်ပါတော့မယ် ..း))




လမ်းဆုံ အခွေထဲက ၀ိုင်းစု ဆိုထားတဲ့ အပြစ်မမြင်သီချင်းလေး ကြိုက်ပါတယ် .. အပြင်မှာတော့ သူ့လို အပြစ်မမြင်ပဲ နေနိုင်မှာတော့ မဟုတ်ဘူး .. :P



အာဇာနည်ရဲ့ မျှော်လင့်မထားတဲ့အချိန် ..



Lဆိုင်းဇီသီချင်း တော်တော် များများ ကြိုက်ပါတယ် .. ဒီသီချင်းလည်း ကြိုက်ပါတယ် ..



ဆုန်သင်းပါ သီချင်းတွေလည်း ကြိုက်တယ် .. တင်ချင်လို့ ရှာတာက သခင် သီချင်းပါ .. မတွေ့ဘူး .. ဒါနဲ့ ခုသီချင်းပဲ ညည်းလိုက်ပါတယ် ..း))

ဆိုညည်းတဲ့ သီချင်းတွေဆိုပြီး တဂ်တဲ့ ဗညားအတွက် ဒီပို့စ်ကို ရေးပါတယ် ..း))

Wednesday, October 14, 2009

ညီမျှခြင်း

အတိတ်ကို ပြန်လည်တူးဆွဖို့
ရုပ်ရှင်တကား
နောက်ပြန်ရစ်သလောက်တောင် မခက်ဘူး
ဒဏ်ရာ နက်နက် တခုသာလိုတာ

အတိတ်ကို အတိတ်မှန်း သိဖို့
အဖြူအမဲ ပြောင်းပြစရာမလိုဘူး
လက်ရှိအချိန်မှာလည်း
အရောင်တွေစုံနေတာမှ မဟုတ်ပဲ

တချို့ဘ၀တွေက
ခပ်ရင့်ရင့်
တချို့ဘ၀တွေက
နွမ်းဖျော့ဖျော့

ခက်ထန်ခြင်း
ကြမ်းတမ်းခြင်းတွေ ကြားမှာ
ဖျော့တော့တော့ အရောင်တွေ
ညိုမွဲ ပျောက်ကွယ်

ညီမျှခြင်းစာလုံးပေါင်း
ဒီလောက် ပေါင်းရခက်မှန်း
ငါခုမှ သိတော့တယ်

ဗညားရှိန်ကို တဂ်ကြွေးပေးမလို့ ရေးထားတဲ့စာ အကုန်ပြီးမှ လက်ကလိလိုက်တာနဲ့ ပျောက်သွားလို့ စိတ်လေသွားတယ် .. ဒါနဲ့ ရေးချင်တာ လျှောက်ရေးလိုက်တယ် .. :D

ဗညားရေ ခဏတော့ စောင့်လိုက်ဦးဟေ့ .. :P


Tuesday, October 13, 2009

m for & မ for

Rules : It's harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can't use your name for the boy/girl name question.

1. What is your name – Moe Khar
2. A four letter word – Mark
3. A boy’s name – Michael
4. A girl’s name - Madonna
5. An occupation – Mathematician
6. A color – Mahogany
7. Something you’ll wear - Muff
8. A food – Mango
9. Something found in the bathroom – Mitten
10. A place – Mecca


11. A reason for being late – Missing Key
12. Something you’d shout – Move Move Move
13. A movie title – My Bloody Valentine
14. Something you drink – Mocha
15. A musical group – M2M
16. An animal – Mouse
17. A street name – Macpherson Road (at singapore)
18. A type of car – Maserati
19. The title of the song – My Love
20. A verb – Meditate

ပန်းရင့် တဂ်တဲ့ ဂိမ်းလေးပါ .. မူးသွားပြီ .. ဒေါက်တာ လာကုတော့ :P

1. What is your name : မိုးခါး
2. A four Letter Word : မိုးကုပ်စက်ဝိုင်း
3. A boy's Name : မိုးထက်မြင့်
4. A girl's Name : မိုးနှောင်း
5. An occupation : မိုးလေ၀သ နဲ့ ဇလဗေဒ
6. A color : မိုးပြာရောင်
7. Something you'll wear : မိုးကာအကျီ
8. A food : မိုးကျလက်ဖက်
9. Something found in the bathroom : မိုးရေ
10. A place : မိုးကုတ်
11. A reason for being late : မိုးခိုနေလို့
13. A movie title : မိုးည
14. Something you drink : မိုးပုလဲသီး ဖျော်ရည်
15. A musical group : မိုနိုပိုလီ
16. An animal : မိုးကောင်းငှက်
17. A street name : မိုးကောင်းလမ်း
18. A type of car : မူကြိုကား
19. The title of a song : မိုးပြေး
20. A verb : မိုးမျှော်သည်

အဆိပ်ခွက်က မ for မိုးခါး ဆိုပြီး တဂ်ပါတယ် .. လျှာရှည်ပြီး မိုးတွေ လိုက်ရှာတာ .. ကားနဲ့ သီချင်းအဖွဲ့ကျ ရှာမရတော့ဘူး .. :D
 
ရေတမာ ညီညီ နွေးနေခြည် .. မေသူ .. နှင်းဆီပန်းချစ်တဲ့ ကောင်မလေး နဲ့ ချိုကိုသဇင် တို့ကို ဆက်ပြီး ခေါင်းစားပါမယ် ..

Wednesday, October 7, 2009

စိတ်အချဉ်

ပူပြင်းတဲ့ နေဟာ
မေတ္တာတရားကြောင့်
အေးမြခြင်း အသွင် ပြောင်းသတဲ့
ဖတ်ဖူးသမျှ
စာသားတွေက
လှတယ်

စိတ်ကူးတွေ ယဉ်ကြ
မျှော်လင့်ချက်တွေ ပျိုးကြ
ကိုယ်ဆီ အိပ်မက်တွေ မက်လို့
တိမ်တွေပေါ်လည်း
ပန်းချီတွေ ဆွဲလား ဆွဲရဲ့
ငါတို့ အိပ်မက် ကမ္ဘာမှာ
အိပ်မက်ပန်းတွေ ပွင့်တယ်

အိပ်မက်ဟာ အိပ်မက်ပါ
နိုးထချိန်မှာတော့
အိပ်မက်ဟာ
ရေတပွက်စာတောင်
မြင်ခွင့် မရခဲ့ဘူး

လောကဓံ
နာမည်ကိုက ခါးသက်ချင်စရာ

ဘယ်လိုတွေးမလဲ
အိပ်မက်နဲ့ လက်တွေ့
အလှမ်းကွာဝေးလွန်းပုံကို

ဘယ်သူ့ကို အပြစ်တင်မလဲ
တရားခံက နောက်ဆုံးတော့
ကိုယ်တိုင်ပါပဲ

ဝဋ်ကြွေးမှန်းသမျှ
ကျေအောင် ဆပ်ကြရမယ်ဆို
ခုကြွေးရှင်တွေ
ဘယ်တော့ ပြန်ဆပ်ရမလဲ

ခုတလော စိတ်က ခပ်ချဉ်ချဉ် ဖြစ်တုန်း .. မတရားတာတွေကို သိနေ မြင်နေလဲ ဘာမှလုပ်နိုင်စွမ်း မရှိတဲ့ ဘ၀ ..

ဟိုတလောက ဦးလေးတွေ မလေးကို သွားလည်ကြတယ် .. ဒီကနေ package နဲ့ သွားတယ် .. အားလုံး ၄ ယောက်ပေါ့ .. စစချင်း package သွားဝယ်တည်းက ဒေါသက ထွက်ချင်စရာ .. ဘယ်လိုဆို ဘယ်လောက် ဘယ်လိုဆို ဘယ်လောက် ပြောဆိုပြီးမှ ဘယ်က လာသလဲဆိုပြီး ရောက်သွားတယ် .. မြန်မာပြည်ကြီးကပေါ့ .. ဂုဏ်ယူစွာ ဖြေကြားလိုက်တယ် .. ချက်ချင်း ဘယ်လိုဖြစ်တယ်မသိဘူး ယူထားတဲ့ ဗီဇာတွေကို အခန်းထဲ ယူသွားပြီး စစ် မစစ် စစ်ဆေးပါသတဲ့ .. (ဒီလို အထင်ကြီးခံရတာ)

ဝယ်ပြီးပြီ သွားဖို့လုပ်ပြီး သွားကြပြီပေါ့ .. အ၀င်လည်းရောက်ရော ပတ်စ်စပို့ကို ကြည့်တာနဲ့ ရစ်ရောတဲ့ .. အပြန်လေယာဉ်လက်မှတ်ကို fix မလုပ်ထားလို့လေး ဘာလေးနဲ့ .. တကယ်တော့ သွားကြတဲ့ လူတွေ အကုန်လုံး အသက်က ၄၅ နှစ် အထက်တွေ ချည်းပဲ .. ကားပေါ်ပါသမျှ လူတွေ အကုန် ရှင်းပြီ ဒီလေး ယောက်ပဲ ပြီး မပြီးနိုင်ဘူး .. ဗီဇာယူသွားတဲ့ အပြင်ကို နောက်ထပ် စလုံး ၂၅ ဒေါ်လာစီဆိုလား (ဒါထက်များမယ် ထင်တယ်) ထပ်ပေးရတယ်တဲ့ ..

ဘာဖြစ်လို့လဲ မြန်မာပတ်စ်ပို့ ကိုင်ထားတာနဲ့ နှာခေါင်း ရှုံ့ချင်ကြတာ .. မြန်မာဆိုတာနဲ့ ခိုးမယ့် လူလား ၀ှက်မယ့်လူလား မယုံသင်္ကာဖြစ်ရတာ .. ဟူးးးးးးးးးးးးးး ... မောတယ် .. မောတယ် .. မပြောချင်တော့ပါဘူး .. ဆက်ပြောရင် နိုင်ငံရေးတွေ ပါလာတော့မယ် .. :P

မနေနိုင်လို့ ဆက်ပြောဦးမယ် ..

ကိုယ်စီကိုယ်စီ တာဝန်တွေယူကြရမယ်ဆိုပြီး နိုင်ငံခြားတွေ ထွက်ကြတယ် .. အိပ်မက်တွေနဲ့ စိတ်ကူးတွေနဲ့ .. ဘယ်နိုင်ငံ ရောက်ရောက် နှိမ်ခံရတယ် .. အဲဒီ ဒဏ်တွေကို ကြိတ်မှိတ်ခံပြီး ကြိုးစား ရုန်းကန်ကြတယ် .. မိုးခါးကတော့ စလုံးပဲ ရောက်ဘူးပြီး ဒီက အကြောင်းလောက်ပဲ နဲနဲပါးပါး သိတာပါ .. အများကြီး မသိဘူး .. ခုနောက်ပိုင်းဆို အလုပ်တွေ နားတယ် ရပ်တယ် .. အလုပ်လာရှာတယ် မရကြဘူး .. အပျော်လာကြတာလည်း မဟုတ်ဘူး .. ဆုံးရှုံးကြရတယ် .. အကြွေးတွေ တင်ကြတယ် .. ကုန်သွားတဲ့ ပိုက်ဆံ ဘယ်လို ပြန်ရှာမလဲ ..

ဘယ်သူက အတင်းသွားခိုင်းလို့လဲ .. ကိုယ့်ဟာကိုယ် လျှာရှည်ပြီး ထွက်လာကြတာလေ .. ကိုယ်ဖြစ် ကိုယ်ခံပဲ ..

ဘယ်သူကရော လာချင်လို့ လာမလဲ .. မိဝေး ဖဝေး ကိုယ့်စိတ်ထဲရှိတဲ့စကားတောင် သေသေချာချာ လိပ်ပတ်လည်အောင် မပြောနိုင်တဲ့ နေရာမျိုးကို ဘယ်သူက လာချင်လို့ လာနေမှာလဲ .. ကိုယ်လိုချင်တာတွေ ရှိနေလို့ နေနေရတာပဲလေ .. ဒါကလည်း နေထိုင်ခွင့်ရှိတုန်းလေးသာ နေခွင့်ရတာ .. အလုပ်သာ ချက်ချင်းပြုတ်သွားလို့ကတော့ လာရာလမ်းအတိုင်း လှည့်ပြန်ပေတော့ပဲ .. (ကိုယ့်အလှည့်လဲ ဘယ်တော့ မသိနိုင်ဘူး .. ဘုရား တရား တနေရတယ်)

တော်ပီ ဆက်မပြောတော့ဘူး .. (တကယ်မပြောတော့ဘူး .. :D)

အားလုံး ကိုယ်ချင်းစာတရား ထားနိုင်ကြပါစေ ..

ps. အောက်မှာတော့ ကုသိုလ်ဖြစ်အောင် တွေးခိုင်းထားတာပဲ .. ဒီအဖြစ်ကို ဘယ်လို ကုသိုလ်ဖြစ်အောင် တွေးရပ .. အမှတ်ကလေးနဲ့သာ နေပါတော့မယ် .. ဖြစ်တယ် ပျက်တယ်ပေါ့နော် .. :(

Tuesday, September 29, 2009

အမြင်ကတ်စရာ အားသာချက်များ :P

မိုးခါးမှာ အမြင်ကတ်စရာ တွေကတော့ မျက်နှာကြောတင်းတာက စပြောရမယ်ထင်တယ် .. :P

စူပုတ်နေတာပဲတဲ့ .. ကိုယ့်ဟာကိုယ် တယောက်တည်းနေရင်း ရီနေရင် အရူးဖြစ်သွားမှာပေါ့ .. :P .. ဒီတော့ မိုးခါးတို့ မျက်နှာက တယောက်တည်းဆိုရင် တလောကလုံး တင်ကျွေးထားရသလို မျက်နှာမျိုးပါ .. :D

ပြီးစိတ်တိုလွယ်တာကလည်း တော်တော် အမြင်ကတ်ဖို့ ကောင်းပါတယ် .. စိတ်က တိုပြီဆိုရင် နထင်မှာက တဒုတ်ဒုတ်နဲ့ ဒေါသတွေ အလိပ်လိုက် ထွက်တတ်တာ .. (ဘယ်အချိန် ဦးနှောက်သွေးကြော ပြတ်ပြီး လျှောမလဲ မသိဘူး .. :P) စိတ်ဆိုးပြီဆိုရင် မျက်နှာက ပြင်လို့မရတော့ဘူး .. ဟန်ဆောင်ပြီးတောင် ရီပြလို့ မရတော့ဘူး .. စကားလည်း ပြောမထွက်တော့ဘူး .. ဒေါသတွေ ထွက်ပြီး အကုန်လုံးကို ကိုင်ဆောင့်ချင်စိတ်ကို ပေါက်နေတာ .. အဲဒီအချိန် မြင်တဲ့သူက တော်တော်ကို အမြင်ကတ်မှာ .. ဟိုနေ့ကပဲ ခေါင်သူကြီးနဲ့ ဖြစ်ပြီးဘီ :P ..

တချို့က ပြောတယ် .. မိုးခါး စကားပြောတာ ဘယ်လိုကြီးမှန်း မသိဘူးတဲ့ .. ကန့်လန့်ဖြစ်ဖြစ်သွားတယ် ထင်ပါတယ် .. ပြီးတော့ ကိုယ့်စိတ်ထဲမှာ ခင်မင်တယ် ရင်းနှီးတယ် ခံစားရရင် စိတ်ထဲဖြစ်သလို ပြောချလိုက်တာ .. နောက်လိုက်တာမျိုးကလဲ တချို့အတွက်တော့ ကျောတောတောနဲ့ အမြင်ကတ်စရာ ဖြစ်နေပါလိမ့်မယ် .. တကယ်ကတော့ ဒါက ခင်တဲ့လူတွေကိုမို့ ပြောတာပါ .. :D

တချို့ကလည်း ပြောပြန်ရော သံသယကြီးတယ်တဲ့ .. :D တကယ်တော့ သံသယ ကြီးတာမဟုတ်ပါဘူး .. တော်ရုံ ပြောစကားမယုံဖြစ်တာ .. ပြောတာ မယုံတော့ ပြောတဲ့လူက အမြင်ကတ်ပြန်ရော .. :P

မိုးခါးက အတေးအမှတ်ကြီးတယ်ပြောရမယ် .. ကိုယ့်ကိုပြောသွားတာ လုပ်သွားတာ မမေ့ဘူး .. မေ့ထားရင်တောင် အကြောင်းတိုက်ဆိုင်ရင် ပြန်ပြန်သတိရတာပဲ .. ဒါက ကိုယ့်ကို မကြိုက်တဲ့ အမြင်ကတ်တဲ့ အချက် ..

နောက်တခုက စည်းကမ်းမရှိတာ .. ပစ္စည်းကို တန်ဖိုး မထားတာ .. မိုးခါးတို့ လုံးဝ စည်းကမ်းမရှိပါဘူး .. (ဒီဘလော့ကို ကြာကြာဆက်ရေးမယ်ဆို တကယ်ပဲ ယူမယ့်သူမရှိ ဖြစ်တော့မယ် ထင်ပါတယ် .. :P) မိုးခါး လက်ထဲမှာ ဘယ်ပစ္စည်းမှ ကြာကြာမခံဘူး .. ၀ယ်ပြီးပြီးချင်း ခဏပဲ .. နဲနဲကြာပြီဆို ပစ္စည်းကို ထားချင်တဲ့ နေရာထားတယ် .. လိုရင် မရှိတော့ဘူး .. အဲဒီအကျင့်ကို မကြိုက်ဘူး .. ဒါပေမယ့် လုပ်မိနေတုန်းပဲ .. ဒါကတော့ ကိုယ့်ကို အမြင်ကတ်တာပါ ..

ဘာကျန်သေးလဲ မသိဘူး .. တခါတလေ ကိုယ့်ကို တော်တော် အမြင်ကတ်ပါတယ် .. အမကလည်း ပြောတယ် .. "မီးငယ် ငါနင့်ကို တော်တော် အမြင်ကတ်တယ်" တဲ့ .. သူ့ကို ကန့်လန့် လုပ်တဲ့ အချိန် .. ဘုကန့်လန့် ပြောတဲ့ အချိန် .. စကားနားမထောင်တဲ့ အချိန် .. :D

ခေါင်းမာတာလဲ အမြင်ကတ်စရာ တခုပေပဲ .. လုပ်ချင်ပြီဆို ဇွတ် .. မလုပ်ရ မချင်း နေလို့ မရဘူး .. သွားမယ်စဉ်းစားထားရင် သွားရမှ .. လုပ်မယ်ဆို လုပ်လိုက်ရမှ .. မဟုတ်ရင် တူတူရှိနေတဲ့ လူတွေပါ မနေရတော့ဘူး ..

ပြီးတော့ ရစ်သေးတယ် .. မမူးပဲရစ်တာ .. ရစ်ချင်လို့ကို ရစ်တာ .. အရစ်ခံရတဲ့လူ အမြင်ကတ်မှာပဲ ..

ဒီလောက်ပါပဲ သိပ်မရှိပါဘူး ..း)

ဒါက စလုံးပေါင်ချိန်တဲ့ သူ့ကိုယ်သူ (အဆိပ်ခွက်) က တဂ်တာပါ .. ခုတော့ သူလုပ်တာနဲ့ ဖွရပြီ ..

ဝံလေးက အကြိုက်ဆုံး ဘလော့ ငါးခုလည်း တဂ်ထားပါတယ် .. ဒါက တော်တော် ရွေးရခက်ပါတယ် .. ဆံပင်တွေ ဖြူကုန်မှာစိုးလို့ မစဉ်းစားတော့ဘူး .. (၀ံလေး သိချင်ရင် အမ ဆိုက်ဘားမှာ တင်ထားတဲ့ ဘလော့တွေ သွားကြည့်လိုက်နော် .. အကုန် ဖတ်ချင်လို့ လင့်ထားတာလေ .. ရေးသမျှ သိရအောင် မှတ်ထားတာ .. :D) အဲလိုလေးပဲ ဖတ်မှတ်လိုက်တော့နော် .. :D

ခုတလောလည်း စာတွေပဲ လိုက်ဖတ်ဖြစ်တာများပြီး စာ မရေးဖြစ်ပြန်ဘူး .. စိတ်ထဲမှာ ခံနေတယ် .. မြန်မာနိုင်ငံ သတင်းတွေရယ် တချို့ အဖြစ် အပျက်တွေရယ်က တော်တော် ရင်ခံစေပါတယ် .. စာရေးမယ်ဆို ရေးမထွက်ပါဘူး .. ရေးချင်တာတောင် ခံစားချက်ကို လိုက်မမီဘူး ဖြစ်နေတယ် ..

နောက်တခုကလည်း ဦးလေးတွေ ရန်ကုန်ကနေ ရောက်နေသေးတော့ ဧည့်ခံနေရသေးတယ် .. ဘီးဇီးဗျို့ :D

Thursday, September 17, 2009

မိုးမနက်ခင်း

ဒီလိုရာသီဥတုမျိုးပေါ့
ကျမ မုန်းတာ

စိုစွတ်စွတ် အုံ့မှိုင်းမှိုင်း
သစ်ပင်စိမ်းတွေပါ ငိုက်မြည်းလို့
မလန်းဆန်းကြဘူးတဲ့ ..

ညနေခင်း မိုးရွာတာကို ကြိုက်ပေမယ့် ခုလို မနက်စောစောမှာ မိုးနံ့တွေ ရနေတတ်တာကို ဒီနေ့အတွက် မနှစ်သက်မိဘူး .. ကိုယ် နိုးထလာချိန်မှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အားလုံးက မှုန်ကုတ်ကုတ် .. မပွင့်တပွင့်နဲ့ .. တချို့ကျတော့လည်း နှစ်ခြိုက်စွာ အိပ်မောကျလို့ .. မနာလိုပါဘူး ..

************

ညဘက် တရေးနိုးချိန် ဖုန်းကို သတိတရ ကြည့်လိုက်မိတော့ မချိုမချဉ်နဲ့ ကိုယ့်ပြန်ကြည့်နေတဲ့ ကိုယ့်ပုံကို တွေ့တယ် .. စိတ်ရှုပ်ရှုပ်နဲ့ ကာတွန်းပုံ ပြန်ပြောင်းလိုက်တယ် .. နာရီကို ကြည့်တော့ ၅ နာရီခွဲ .. မျက်လုံးကလည်း ကြည်လို့ .. အိပ်ရာက ထရင်ကောင်းမလား စဉ်းစားပေမယ့် အချိန်ကို အကျိုးရှိအောင် အသုံးချချင်စိတ်ကြောင့် အတင်းစွတ်မှိတ်ပြီး ပြန်အိပ်လိုက်တယ် .. မတွေးပဲလဲ ခေါင်းထဲရောက်လာတဲ့ အကြောင်းတွေကိုလဲ ခေါင်းကိုခါပြီး ဖယ်ထုတ်လိုက်တယ် ..

အလန်းသံကတော့ တတီတီနဲ့ အချက်ပေးနေပါပြီ .. ခုနက ထလိုက်မိကောင်းသား .. ခုနက ကြည်နေတဲ့ အမြင်တွေလည်း ပြန်လည် နောက်ကျိလို့ .. ရောဂါက စပြီ .. အပျင်းရောဂါ .. ဘယ်ခလုတ်တွေ ဘယ်လိုနှိပ်မိတယ် မသိဘူး .. အသံက ထထမြည်တာ မပြီးနိုင် .. နှိပ်ရော နှိပ်မိရဲ့လားမသိ .. နာရီကြည့်လိုက် ပြန်အိပ်လိုက်နဲ့ ၁၆ ခါလောက် လုပ်အပြီးမှာ ၆နာရီက ခွဲနေပြီ .. နောက်ဆုံးမိနစ်မှာ လူးလဲ ထလိုက်တယ် ..

မဆီမဆိုင် အိပ်မက်ထဲမှာ လူစုံတက်စုံ ထည့်မက်တာကို သတိရသွားသေးတယ် .. ဘာတွေဘယ်လို မက်တယ်တော့ စဉ်းစား မရတော့ .. ပြန်သတိရအောင် ပြန်အိပ်လိုက်ရကောင်းမလား ..

အမဖြစ်သူ အခန်းထဲဝင်လာမှ အတင်း ကုန်းရုန်းထ .. ရေချိုးခန်းဘက်ပြေး .. အားလုံးပြင်ဆင်ပြီးချိန်မှာ ၇နာရီ ထိုးဖို့ မိနစ် အနည်းငယ်သာ လိုပါတော့တယ် .. သွားရပြန်ဦးမယ် .. တွေ့ရပြန်ဦးမယ် ..

ထွက်ခါနီး ဘုရားစင်ရှေ့ထိုင် .. တတ်တာလေးတွေ ရွတ်ပြီး မေတ္တာပို့ ..

အိမ်တခါးကိုဖွင့် နေ့ရက် သစ်တခုကို အစပြု .. ဘတ်စ်ကားဂိတ်သွားရာ လမ်းတလျှောက် လမ်းကစိုတိုတိုမို့ စိတ်က ချဉ်ချဉ်နဲ့ လမ်းကိုပဲ မျက်စောင်းပစ်ထိုးလိုက်တယ် ..

ဒီနေရာရောက်တိုင်း ပြုံးချင်မိတာက အမြဲတမ်း ကြောင်ပေါက်လေး တကောင်မဟုတ် တကောင်ရှိတယ် .. တကောင်တည်းဆို ဟိုဟာလျှောက်နမ်း ဒီဟာလျှောက်နမ်း .. ကိုယ်က ချွတ်ချွတ်ခေါ်လည်း လှည့်ကြည့်ဖို့ ကောင်းမှန်း မသိတဲ့ဟာလေးတွေ .. နှစ်ကောင်ဆိုရင်တော့ တကောင်နဲ့ တကောင် ပါးရိုက်ရင်ရိုက် .. မဟုတ်လည်း အမြီးကို ကိုက်ပြီး ဆော့နေကြတာ .. ကြောင်ပေါက်လေးတွေကိုတော့ ချစ်တယ် .. ကြီးရင် မချစ်တော့ပါ ..

ကားဂိတ်မှာ အမြဲတွေ့နေကျ စိတ်မူမမှန်တဲ့လူကြီးကလည်း ထုံးစံအတိုင်း ဟိုဘက်လျှောက် ဒီဘက်လျှောက် .. လူတွေကို ကြည့်ရတာလည်း မလန်း မဆန်း .. ငိုက်မြည်းနေကြတယ် ..

လမ်းတလျှောက်လုံး ဘုရားစာရွတ်ရင်းကကို စိတ်က ဟိုရောက် ဒီရောက် .. ရာသီဥတုကြီးကလည်း ခံစားလို့ မရလိုက်တာ .. စိုစွတ်စွတ် အုံ့မှိုင်းမှိုင်း .. ငါမလွမ်းချင်ပါဘူးဆိုမှ ..း(

မမျှော်နဲ့ မမျှော်နဲ့ .. ခုလောက်ဆို ဟိုက အိပ်လို့ ကောင်းတုန်းပဲ နေမှာ .. နိုးရင်ရော .. သတိတော့ ရကောင်းပါရဲ့ ..

Saturday, September 12, 2009

ချစ်သော သစ်ပင်

လူတွေ အများကြီးထဲကမှ ကျမတို့ ဆုံတွေ့ခဲ့ပါတယ် .. လုံးဝကို မထူးဆန်းပဲ အရိုးရှင်းဆုံးပါပဲ ..

သူငယ်ချင်းတွေကြားထဲကမှ သူနဲ့ ကျမ ပိုမိုရင်းနှီးခဲ့တာ ကံကောင်းခြင်းလား ကံဆိုးခြင်းလား .. ခုချိန်ထိတော့ ကံကောင်းခြင်းလို့ပဲ ယူဆထားပါတယ် .. ပျော်ရွှင်မှုဟာ ကျေနပ်စရာကောင်းတယ်ဆိုရင် ဒါဟာ ကံကောင်းမှုပါပဲ ..

ကျမဘ၀မှာ သိပ်ပြီး ဆန်းဆန်းပြားပြားတွေ မကြုံတွေ့ခဲ့သလိုပဲ ချစ်ခြင်းနဲ့ ပတ်သက်ပြီးလည်း မထူးဆန်းခဲ့ပါဘူး .. စစချင်း ခင်တယ် .. နောက်တော့ ပြောရင်းဆိုရင်း ဆက်ဆံမှုတွေ နွေးထွေးခဲ့တယ် .. နောက် သံယောဇဉ်တွေ သူများတွေထက်ပိုပြီး ချစ်သွားတယ် .. ဒီလောက် ရိုးရှင်းပါတယ် .. နောက်ထပ်လည်း ဆန်းပြားမယ့် ကိစ္စတွေသာ ရှိမလာခဲ့ရင် ရိုးရှင်းစွာနဲ့ ရှေ့ဆက်သွားဖြစ်ပါဦးမယ် ..

လူတိုင်းမှာ လိုအင်ဆန္ဒတွေ ရှိကြတယ် .. ကျမမှာလည်း သာမန် ဆန္ဒတွေ ရှိပါတယ် .. ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်း မပူပင်ပဲ ဖြတ်သန်းသွားချင်တယ် .. ကျမတို့ နှစ်ယောက်ရှိမယ့် ကမ္ဘာလေးမှာ စိတ်ဆိုး စိတ်ကောက်တာတွေရှိမယ် .. ငြိမ်းငြိမ်း ချမ်းချမ်း ကြင်နာနေချိန်တွေရှိမယ် .. ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်မယ့် အချိန်တွေရှိမယ် .. အငြင်းပွားမယ့် အချိန်တွေ ရှိမယ် .. ဘယ်လို အခြေအနေ ဘယ်လို အချိန်အခါမျိုးပဲ ဖြစ်နေပါစေ လိုအပ်နေချိန်မှာ ကျမ အတွက် သူရှိနေမယ် သူ့အတွက် ကျမ ရှိနေချင်တယ် .. လောဘမကြီးဘူး ထင်ပါတယ် .. ကျမ ပျော်ရွှင် ငြိမ်းချမ်းချင်မိပါတယ် ..

တခါတလေတော့လည်း သူ့ကို သနားမိတယ် .. ကျမက ကိုယ့်စိတ်နောက်ကိုတောင် ကိုယ် လိုက်မမှီသူလေ .. ဒီအတွက် ကျမစိတ်ကို နားလည်ဖို့များ သူကြိုးစားမိရင် မောနေရှာမှာပဲ .. မမောစေချင်မိပါဘူး .. ဒါပေမယ့် ပြင်မရတဲ့ အကျင့်ဆိုးလေးတွေကို သည်းခံပေးပါဦးနော် .. ပြင်ဖို့ ကြိုးစားနေပါတယ် ..

စိတ်ဆိုးလွယ်တဲ့ ကျမအတွက် ကိစ္စတိုင်းက ဆူလွယ်လွန်းတယ် .. ဒါပေမယ့် သူ့စကားတွေကြောင့် ကျမ ငြိမ်းချမ်းမှုတွေ ရတယ်ဆိုရင်ရော .. ချစ်တယ် ဆိုတဲ့ စကားအတွက် ကျေးဇူးတင်ပါတယ် ..း) တကယ် ရင်ထဲက စကားပါ ..

ဘယ်အရာမှ တရားသေ တွက်ခွင့်မရှိတဲ့ လူ့ဘ၀ကြီးမှာ ကျမတို့လည်း အခြေအနေပေါင်းစုံ ကြုံတွေ့နိုင်တယ်တဲ့ .. ဒီလိုတွေးလို့ ကျမ အဆိုးမြင်သူတယောက်လို့ စွပ်စွဲနေချင်သေးလား .. အဆိုးမြင်တယ်လို့တော့ မသုံးသတ်မိဘူး .. ဖြစ်နိုင်ခြေရှိတဲ့ အရာတွေကို ကြို စဉ်းစားမိတာပါ .. ဒါလည်း ကျမ အကျင့်တခုပါပဲ .. ဘယ်လိုအရာမျိုးနဲ့ ကြုံတွေ့ရပါစေ ကျမ မတုန်လှုပ်ချင်မိဘူး .. ဒီလိုနဲ့ ကျမစဉ်းစားတတ်လာတာက ရည်ရွယ်သလို ဖြစ်လာခဲ့ရင် အတိုင်းထက် အလွန်ပေါ့ .. တကယ်လို့များလို့ မတွေးချင်ပေမယ့် ကျမ တွေးမိတယ် .. ကံတရားကိုပဲ အပြစ်ပုံ မချပါဘူး .. ကျမလုပ်ရပ်လည်း ထပ်တူ ပါဝင်နေပါလိမ့်မယ် ..

ဒီလိုတွေးလို့ သိပ်ရင့်ကျက်နေတာလည်း မဟုတ်ပြန်ပါဘူး .. ကျမ အတ္တတွေ ကြီးနေခဲ့တာ ကိုယ်တိုင် သိနေခဲ့ပါတယ် .. ထိန်းသိမ်းထားပါစေ .. ကျမပိုင်ဆိုင်နိုင်တာ ဒါလေးပဲ ရှိလို့ပါ .. မကောင်းဘူးဆိုတာလည်း သိပါတယ် .. ကျမကို အကာအကွယ် ပေးနိုင်တာ ဒါလေးပဲ ရှိလို့ပါ .. တချို့ ပြောတာ ကြားဖူးတယ် .. မသိတဲ့လူထက် သိရဲ့နဲ့ ဆက်လုပ်နေတဲ့လူကို ပိုပြောရခက်သတဲ့လေ .. ကျမ များ ပါနေပြီလား ..

ဖြစ်နိုင်မယ် ဖြစ်ခဲ့မယ်ဆိုရင်ပေါ့ .. အေးချမ်းတဲ့နေရာလေးမှာ သက်ဆုံးထိ ငြိမ်းငြိမ်းချမ်းချမ်း တယောက်ကိုတယောက် ဖေးမ ကူညီရင်း ဖြတ်သန်းသွားချင်ပါတယ် ..

ကျမအတွက် အချစ်ဆိုတာ ဘာပါလို့ ပြောဖို့ တော်တော်ခက်ခဲတယ်ဆိုတာ ခုစဉ်းစားလေ ပိုသေချာလေပါပဲ .. အမှန်အတိုင်း ပြောရရင် အချစ်ဆိုတာကို ကျမ အယုံအကြည်မရှိတာ တော်တော် ကြာနေပါပြီ .. ၁၀ ကျော်သက်တုန်းကတော့ ချစ်တယ် ဒါကို အချစ်လို့ ထင်မှတ်မှားခဲ့ပေမယ့် အချိန်ကြာလေ မှုန်ဝါးလေပါပဲ .. ကျမ ယုံကြည်တာ သံယောဇဉ်နဲ့ နားလည်မှု .. ဒါပေမယ့် ဘယ်လိုပြောပြော ကျမ သူ့ကို ချစ်ပါတယ် ..

အချိန်အားတိုင်း သူ့အကြောင်း စဉ်းစားမိတာ .. စိတ်က သူ့ အနား ရောက်ရောက်နေတတ်တာ .. ဦးနှောက်နဲ့ စိတ်ထဲမှာ သူ့အကြောင်းတွေ ပြည့်နေတယ်လို့ ခံစားရတာ .. ဒါတွေက သူ့ကို ချစ်လို့ ဆိုရင် ကျမ သူ့ကို ချစ်ပါတယ် .. သူ့ပါးစပ်က တခြားမိန်းကလေးအကြောင်း မကြားချင်ဘူး .. ဒါဟာ သ၀န်တိုတယ်ဆိုရင် အရမ်း သ၀န်တိုပါတယ် .. ချစ်လို့လည်း သ၀န်တိုတယ် ထင်ပါတယ် .. (ဂုဏ်ယူလိုက်စမ်းပါ .. ချစ်လို့ သ၀န်တိုတာနော် .. မချစ်လို့ကတော့ လှည့်ကို မကြည့်ဘူး .. :P) ကျမစိတ်က အကုန်ရချင်တာ .. လောဘက အဲလို ကြီးပါတယ် ..

တခု ခက်နေပြန်တာက ကျမက ချစ်မပြတတ်တာ .. ချစ်တယ် ဆိုတဲ့ စကားတခွန်းကို မမေးပဲ မပြောတတ်တာ .. မေးရင်တောင် အူကြောင်ကြောင် လုပ်ပြီး ပြောချင်မှ ပြောတတ်တာ .. ဖာသိဖာသာ နေတတ်တာ .. နင်ဘာလုပ်လုပ် ငါဘာမှမဖြစ်ဘူးဆိုတဲ့ စိတ်မျိုး သွင်းထားတတ်တာ ဒီလုပ်ရပ်တွေကြောင့် သူကတော့ ကျမချစ်ပါတယ်ဆိုရင်တော့ ယုံကြည်ဖို့ ခက်နေမှာပါပဲ .. ကျမ ချစ်ပြတတ်အောင် ကြိုးစားမှ ထင်ပါရဲ့ .. မတော် စိတ်ကုန်သွားမှ ဒွတ်ခ :P .. အချိန်မှီသေးတယ် ထင်ပါရဲ့ .. တကယ် လက်တွေ့မှာ ခက်ခဲတာ ကြိုးစားတိုင်းပါပဲ :D .. ပါရမီ နည်းပုံများ .. :P

နောက်တခုက ကျမ မနူးညံ့တတ်ဘူး .. နာမည်တောင် ပေးထားတာ မိုးခါးတဲ့ .. ယောကျာ်းလေးနဲ့ မှားမှားပြီးတောင် အမေး ခံရတယ်လေ .. မိန်းကလေး မဆန်ဘူးပေါ့ .. ဒီလိုဆို သူများနောက် ပါသွားမှာပဲတဲ့ .. ဒါက ကြားကြားနေတဲ့ ဝေဖန်သူတွေ စကား .. အစတုန်းကတော့ ကိုယ့်မချစ်လို့ သူများနောက်ပါလို့ကတော့ မလွမ်းသေးပါတဲ့ .. မိုးခါးတို့ ကြွေးကြော်ပုံ .. ခုရော .. (မပြောပြဘူး .. သတ်ချင်သတ် :P)

ဘယ်လိုပဲ ဖြစ်ဖြစ် ကျမ သူနဲ့ ချစ်သူဖြစ်ရတာ ပျော်တယ် .. ကျေနပ်တယ် .. ဒါတွေက နောင်တချိန် အတူထိုင်ရင်း ပြန်ပြောင်း ပြောဖြစ်မယ့် ကြည့်နူးစရာ အဖြစ်တွေလည်း ဖြစ်ကောင်းဖြစ်မယ် .. ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ် ..း)) ကျမအတွက် သူက နားခိုစရာ သစ်ပင်ရိပ်လေးတခုလောက် ဖြစ်လာရင် သိပ်ကောင်းမှာပဲ .. ပန်းတွေ ဝေေ၀ဆာဆာပွင့်နေတဲ့ သစ်ပင်ပေါ့နော် .. :D

ဒွင်းတဂ်တဲ့ အချစ်အကြောင်းနဲ့ မမ၀ါတဂ်တဲ့ ပန်းလေးပေါ့နော် .. (ယောကျာ်းလေးကို ပန်းနဲ့ နှိုင်းရတာ သိပ်တော့ မနိပ်ဘူး .. ကိုယ့်ချစ်သူကလည်း သိပ်နူးညံ့ ငြင်သာတယ်ဆိုတော့လေ .. နှိုင်းရတာ ကွက်တိပါပဲ .. :D) မမ၀ါရော ဒွင်းရော ကျေနပ်မယ် ထင်ပါတယ်နော် .. အချစ်အကြောင်းတဂ်ခံရတော့မှ ကိုယ့်မှာ ဒီလောက် ပါရမီနည်းမှန်း သိရပါတော့တယ် .. တော်တော်ဝမ်းနည်းတွားဒယ်ကွယ် .. ဒါကြောင့် ဒီလောက် ကြာသွားတာ .. ခွင့်လွှတ်နော် .. မီးယားနဲ .. :D

Wednesday, September 9, 2009

ကျမနှင့် ပထမဆုံးများ

မိခင်

ကျမ ဘာအာရုံခံစားမှုမှ မသိခင်တည်းက မိခင်ရဲ့ ၀မ်းထဲမှာ နေရင်း ချက်ကြိုးကတဆင့် အာဟာရတွေကို ရယူဖူးလိမ့်မယ် .. ဒါကြောင့် အမေက ကျမအတွက် ပထမဦးဆုံး ထိတွေ့ ခံစားမိတဲ့သူ .. အမေ့ ၀မ်းထဲမှာ ၈လ ၉လလောက် သယ်ဆောင်ခိုင်းပြီး ဒုက္ခ ပေးဖူးမယ့် ကျမပေါ့ ..

မျက်ရည်

အမေ့ဝမ်းက ကျွတ်ပြီဆိုတော့ နပ်စ်မ အဒေါ်ကြီးက ကျမကို မငို ငိုအောင် လုပ်လိမ့်ဦးမယ် .. ကျမကို ဇောက်ထိုးထားပြီး တင်ပါးကို ခပ်စပ်စပ် ရိုက်တယ်တဲ့လေ .. ဒီတော့ ကျမ တ၀ါးဝါးနဲ့ အော်ငိုပြီပေါ့ .. ဒါကြောင့်မို့ ကျမ မျက်ရည်ဆိုတာကို ပထမဆုံး သိရှိခဲ့လိမ့်မယ် .. နောက်ပိုင်းလည်း အလိုမကျရင် အလိုမကျသလို မျက်ရည် သွင်သွင်ကျဖူးလိမ့်မယ် .. ငယ်ငယ်ကတော့ လိုချင်တာရဖို့ ဒီမျက်ရည်ပဲ အားကိုးရလိမ့်မယ် ..

ဖခင်

အဖေကတော့ မွေးခန်း အပြင်ကိုရောက်မှသာ ကျမကို ချီပိုးလိမ့်မယ် .. ပြီးတော့ ပျော်ရွှင် ကျေနပ်နေမယ့် မျက်ဝန်း ပြုံးရွှင်နေမယ့် နှုတ်ခမ်း အစုံနဲ့ပေါ့ .. များသောအားဖြင့် အဖေတွေက အဖေရယ်လို့ စစဖြစ်ချင်း ကလေး သေးသေးလေးတွေကို မချီတတ် မပိုးတတ်ကြပေမယ့် ကျမ အဖေက အရင်တည်းက ကလေး ချစ်တတ်သလို တူမတွေကို ထိန်းကျောင်းနေခဲ့လို့ ကျမအလှည့်မှာတော့ လွတ်ကျမှာ မစိုးရိမ်ရလောက်ပါဘူး .. :D ကျမအတွက် ပထမဦးဆုံး ထိတွေ့ တော်စပ်ရတဲ့ သွေးသားရင်းချာ ယောကျာ်းသား ပြီးတော့ တဦးတည်းသော ဖခင် ..

မနာလိုခြင်း

အမေက ကျမအတွက် မောင်လေးတယောက် မွေးပေးမယ်တဲ့ .. ကျေနပ်ရမှာလား .. ဒီခံစားချက်ကို မနာလိုဖြစ်တယ်လို့ ခေါ်တယ်ဆိုတာ မသိခင်တည်းက ကျမ မောင်လေးကို မနာလို ဖြစ်ခဲ့မှာ ..

အမေ့ အတွက် ဒဏ်ရာ @ ကျမရဲ့ တေး မှတ် တတ်မှု

မောင်လေး ကိုယ်ဝန်နဲ့ မေကြီးက ကျမကို စိတ်တိုပြီး ရိုက်တယ်တဲ့ .. မွေးခါနီး ဖွားခါနီး ကျတော့ ကျမရဲ့ အမ၀မ်းကွဲတွေက ကျမကို ထိန်းပေးမယ်ဆို ခေါ်သွားကြတယ် .. ကျမလည်း လိုက်သွားတယ်ပေါ့ .. မောင်လေးကို မွေးပြီဆိုတော့ ကျမတို့ သွားကြည့်ကြတယ် .. ပြန်ကြမယ်ဆိုတော့ မေကြီးက "သမီး နေခဲ့ပါလား" တဲ့ .. ကျမကတော့ ခပ်စိမ်းစိမ်းနဲ့ "ဟင့်အင်း .. ပြန်လိုက်သွားမယ်" ဆိုပြီး လှည့်တောင်မကြည့်ပဲ အမနောက်ကို လိုက်သွားတယ်တဲ့လေ .. :D ကျမတော့ အဲဒီအချိန်ကို မမှတ်မိတော့သလို သိလည်း မသိတော့ပါဘူး .. ဒါပေမယ့် မေကြီးကတော့ ခုထိ ပြန်ပြောတိုင်း မျက်ရည်ဝဲတုန်းပါလား .. အဲဒီအချိန်က မျက်လုံးနဲ့ မျက်နှာထားကို မမေ့ဘူးတဲ့ .. :P အသက်က ၂နှစ်ခွဲနဲ့ အမေကိုတောင် စိတ်ဆင်းရဲအောင် လုပ်တတ်တယ် .. :P

မောင်လေး

ဘယ်လိုပဲ တွေ့လိုက်ရင် မတည့် ဖြစ်နေပါစေ ကျမအတွက်ရော သူ့အတွက်ပါ သွေးသားရင်းချာဆိုတာ ဒီနှစ်ယောက်ပဲရှိပါတယ် .. ကျမအတွက် ပထမဆုံး သွေးသားရင်းချာပေါ့ .. တဦးတည်းသောလည်း ဖြစ်ပြန်ပါတယ် .. ခုချိန်ထိ တွေ့လိုက်ရင် မတည့်သလို နောက်လည်း တည့်ဦးမယ် မထင်မိပါဘူး .. ဒီလိုမှသာ ပျော်ရွှင်စရာ ကောင်းလိမ့်မှာပေါ့နော် .. သိပ်တည့်နေရင် ပျင်းစရာကြီး :D

မကြီး

ကျမရဲ့ အချစ်ဆုံး အမ၀မ်းကွဲ .. တပူးတွဲတွဲ ဘယ်လိုမှ ခွဲမရအောင် ပထမဆုံး ကျမ တောက်တဲ့လို လိုက်တွယ်ကပ် နေတတ်တဲ့ အမ၀မ်းကွဲပါ .. မမကြီး အိမ်သာထဲဝင်ရင်တောင် ငိုလို့ အိမ်သာထဲထိ ခေါ်သွားရတယ်တဲ့ .. :P ခုတော့ မလိုက်တော့ပါဘူး :P ..

သူငယ်ချင်း

မူကြိုကျောင်းအတွက် သူငယ်ချင်းကတော့ ခုဆို ခပ်စိမ်းစိမ်းပါပဲ .. ကြာခဲ့ပြီကိုး ..

သေရာပါ ဒဏ်ရာ

ဝရန်တာမှာ အဒေါ်က ကွေကာအုပ်ကို ပူနေလို့ မှုတ်ပေးနေတာကို အစားသောင်းကျန်းစွာနဲ့ အတင်းလှမ်းဆွဲတော့ ကျမခေါင်းပေါ် မှောက်ကျပါလေရော .. (ငတ်တာ :P) .. ဒီလိုနဲ့ ကျမ ဂျိုစောင်း အောက်နားမှာ အနာရွတ်တခု သေရာပါ ရှိသွားခဲ့တယ် .. တော်သေးတယ် တခေါင်းလုံး ပြောင်မသွားလို့ :P

ခွဲခွာခြင်း

အိမ်ပြောင်းရမယ်တဲ့ .. ဖေကြီး ဘက်က အဖိုး အဖွားအိမ်ကို ဖျက်ပြီး ၄ထပ်တိုက် ဆောက်လို့ ပြီးတဲ့အချိန်မှာ ကျမတို့ အိမ်ပြောင်းနေဖို့ ဖြစ်လာခဲ့တယ် .. ကျမ အဲဒီအချိန်က သိပ်ချစ်တဲ့ သူငယ်ချင်းမလေးကို ခွဲပြီး ဘယ်လိုများ သွားရပလို့ ပူပန်ဖူးတယ် .. နောက်ဆုံး ခွဲခွာဖြစ်ခဲ့တော့လည်း နေရာသစ်မှာ အသားကျဖို့ အချိန် သိပ် မလိုအပ်ခဲ့ပါဘူး ..

သေကွဲ

တညတော့ အဖိုးကို ဆေးရုံတင်ရမယ်တဲ့ .. ကျမ အိမ်ပေါ်ထပ်ကနေ မြင်လိုက်တယ် .. ဖိုးဖိုးကြီးကို ဦးလေးတွေ အဒေါ်တွေက တွဲပြီး ကားပေါ် တင်ခေါ်သွားကြတယ် .. တရက် နှစ်ရက် သုံးရက်ကြာသွားတယ် .. သုံးရက်မြောက်နေ့မှာ မေကြီး ဆေးရုံက ပြန်လာတော့ မျက်နှာတွေ နီလို့ .. ပြီးတော့ ပြောသေးတယ် .. ဖိုးဖိုးကြီး ဆုံးသွားပြီတဲ့ .. ကျမ မယုံနိုင်ခဲ့ဘူး .. အရမ်းမြန်လွန်းတယ် .. ဒါ ကျမ နားလည် သိတတ်ပြီးနောက် တွေ့ကြုံလိုက်ရတဲ့ သေကွဲပါပဲ .. (ဦးလေး လေယာဉ်ပိုင်းလော့ခ် တယောက် ဆုံးတုံးက ကျမ သိပ်ငယ်သေးတော့ နားမလည်လိုက်ဘူး .. ငယ်ငယ်က အသုဘအိမ်ဆို သိပ်ကြောက်တတ်တာ .. သူများအိမ်တွေက လူတွေ သေကြတယ် .. ငါတို့အိမ်က မသေဘူးထင်တယ်လို့တောင် ထင်ဘူးတာ .. မြင်မှ မမြင်ဘူးပဲ .. :D) နောက်ပိုင်းတော့လဲ သေကွဲတွေ ကြုံလိုက်ရတာ ..

ခုတလော စာရေးဖို့ အာရုံမရ ဖြစ်နေပြန်ပါပြီ .. တွေးမိတဲ့ အတွေးတွေလည်း စာတပုဒ် ဖြစ်မလာဘူး .. ခေါင်းစဉ်တွေရှိနေပေမယ့် အကြောင်း အရာ စဉ်းစားမရဘူး .. စိတ်ကူးပေါက်ရာလေး ချရေးမိပါတယ် ..း))


Friday, August 28, 2009

ကျောချင်းကပ် အလွမ်း

သိပ်အဝေးကြီး မဟုတ်ပေမယ့်
နီးလည်း မနီးခဲ့ကြဘူး
ကျောချင်းကပ် နေပေမယ့်
မမြင် မတွေ့ခဲ့ကြဘူး
အချိန်တန်တော့လည်း
အိမ်ပြန်တာ ထုံးစံ တခုပဲမို့
နှုတ်မဆက်ခဲ့ရင်တောင်
အလိုက်တသိ နေလိုက်သင့်တာပဲလေ

ဘာမှန်း ညာမှန်း မသိ လွမ်းတယ်
ကျောချင်း ကပ်နေရဲ့နဲ့ လွမ်းတယ်
ဒါပေမယ့် နောက်တချက် လှည့်ကြည့်ဖို့တောင်
စိတ်မကူးခဲ့ဘူး
ငါက နောက်ကြောင်း ပြန်မလှည့်တတ်သူလေ

ဒါပေမယ့်
အဝေး တနေရာကနေတော့
တကြိမ် တခါ မက
ငေးမောကြည့်ခဲ့ဘူးတယ်
တွေးတောကြည့်ခဲ့ဘူးတယ်

မပြီးဆုံးသေးခင်မှာ
နှမြောတသမယ်
ဆုံးရှုံးမှာ တွေးကြောက်မယ်
အဆုံးသတ်တော့လည်း
အားလုံးဟာ နေရာတကျ
နှလုံးသွင်းတတ်ဖို့က
အချိန်တန်ရင် အိမ်ပြန်ရမှာ

အိမ်ပြန်လမ်းတလျှောက်
ငါ့ အလွမ်းတွေ
သိမ်းထုတ်သွားမလား
အချိန်တန်တော့လည်း
တချိန်က တန်ဖိုးရှိခဲ့သမျှဟာ
သိမ်းထားဖို့ မကောင်းတော့လောက်အောင်
ယိုယွင်း ပျက်စီးမှုတွေနဲ့
ဘယ်သူကများ
ဆက်လက် သိမ်းဆည်းပါလိမ့်ဦးမလဲ

အတွေးတွေ မပြောင်းသွားစေနဲ့
အချိန်လေး တခုလောက်သာ
စောင့်လိုက်ပါ

PS. ရုံးကနေ အလုပ်မလုပ်ပဲ ပို့စ်တင်တယ်လို့တော့ မစွပ်စွဲကြနဲ့ပေါ့နော် .. အလုပ်က လုပ်ကို မလုပ်ချင်တာ .. :P

Sunday, August 23, 2009

စိတ် ညှို့

ပြောင်းလဲစရာ မလိုပါဘူး
ပြုပြင်စရာ မရှိပါဘူး
ရှေ့ဆက်ပါ
ငါ့ဘက်ကလဲ
ပြုပြင်ဖို့
ပြောင်းလဲဖို့
ကြိုးစားချင်နေတဲ့ စိတ်ကိုပဲ
ပြုပြင်လိုက်ပါ့မယ်

ကိုယ်ကိုတိုင်က တဦးတယောက်ကြောင့် ပြောင်းလဲပေးဖို့ မစဉ်းစားခဲ့သလို ဘယ်သူတဦးတယောက်ကိုမှလည်း ပြောင်းလဲပေးဖို့ အရိပ်အမြွက်တောင် မပြခဲ့ဘူးဘူး .. ပြောင်းလဲပေးပါလို့ ပြောမှ ပြောင်းလဲခြင်းက စစ်မှန်လိမ့်မယ်လို့ မထင်ခဲ့ပါ .. ကိုယ်တိုင်ကိုယ်ကျ နားလည်ပေးနိုင်ခဲ့လို့ အလိုလို ပြောင်းလဲလာခြင်းမျိုးသာ မျှော်လင့်ခဲ့ပါတယ် ..

ထူးထူးဆန်းဆန်း ပြောင်းလဲချင်သလို ဖြစ်လာတဲ့ ကိုယ့်စိတ်ကို အံ့သြစွာ စိုက်ကြည့်နေရင်း အဖြေကို ရှာနေမိတယ် .. အဖြေ အတိအကျ မရခင်မှာပဲ ကံကောင်းစွာနဲ့ ပြောင်းလဲချင်သလို ဖြစ်တဲ့ စိတ်က အငြင်း ၀ါကျတခု ရွတ်ဆိုတယ် .. ကံကောင်းစွာနဲ့ မပြောင်းလဲသင့်ဘူး ဆိုတဲ့ စိတ်က အနိုင်ရတယ် .. သက်ပြင်းမော တခုကို ဖြေလျှော့လို့ ..

စိတ်တွေ လွတ်လပ်နိုင်ပါတယ်
ဝေးနိုင်သလောက် ဝေးဝေး
ထွက်ပြေးနိုင်ပါတယ်
တချက်တချက်
ပြန်ပြန် ကပ်ငြိချင်စိတ်
တခုက လွဲလို့ပေါ့

ကိုယ့်စိတ်ကို အဝေးဆုံးထိ ရွက်လွှင့်ထားလိုက်တယ် .. သွားပါ .. အဝေးဆုံး အဝေးဆုံး အဝေးတက အဝေးဆုံးကို ထွက်သွားပါ .. လိုရာနေရာကို သွားပါ .. လိုရာနေရာ ဆိုတဲ့ နေရာမှာ ပြန်လာချင်စိတ် ရှိသေးရင်လည်း ဒီနေရာကို ပြန်လာနိုင်သေးတယ် .. ဒါပေမယ့် သိထားရမှာက ဒီနေရာက ကိုယ့်နေရာ မဟုတ်ခဲ့ဘူး ဆိုတာပါပဲ ..

အဝေးဆုံးကို
မရောက်နိုင်သေးသရွေ့တော့
နေရာ တချို့မှာ
တ၀ဲလည်လည် ဖြစ်နေလိမ့်ဦးမယ်
အချိန် အတိုင်း အတာ တခုထိ

တ၀ဲ လည်လည်နဲ့ ဒီနေရာ ဟိုနေရာ စိတ်ရှိတိုင်း လွင့်လိုက်မယ် .. တခါတလေ အဝေးဆုံးကို ရောက်သွားလိုက် .. အလွယ်တကူ စိတ်စေရာကို ပြန်ရောက်လာလိုက် .. ဒါဟာ အပြစ်တခုဖြစ်လိမ့်မယ်လို့တော့ မထင်မိပါဘူး .. ဒီလိုပဲလေ .. စိတ်လွတ်လပ်ခွင့်လေးတော့ ကိုယ်စီ ရှိသင့်တယ် မဟုတ်လား ..

မသွားနဲ့ တားမရတဲ့ စိတ်ကို
ကိုယ်တိုင်လည်း မဖမ်းဆုတ်ထားနိုင်ခဲ့တော့
သာသာလေးပဲ ခေါ်ဆောင်ရာလိုက်မယ်
အသိတရားဝင်လာချိန်မှာတော့
ငါဟာ သိပ်မရင်းနှီးတဲ့ ခံစားချက်တခုနဲ့

မသွားနဲ့ တားရလွန်းလို့ မောဟိုက်လာတဲ့ စိတ်ကို ထွက်ပေါက်တခုပေးလိုက်မယ် .. နင်စေလိုရာ ငါလိုက်မယ်လေ .. ဒီလိုဆိုတော့လည်း ဦးနှောက်က အလုပ်ပြန်လုပ်တယ် .. ရောက်ရှိရာ နေရာကို သတိပြုမိတော့ ငါမရင်းနှီးတဲ့ နေရာ တခုမှာ .. ခံစားချက်ကလည်း ခပ်စိမ်းစိမ်း .. နေသားကျဖို့တော့ အချိန်ယူရဦးမယ် ..

နောက်ဆုံးတော့လည်း
မဆုံးတဲ့ စိတ်သွားရာနောက်
လိုက်တဲ့ အခါလိုက်
တခါတခါ တွန့်ဆုတ်ဆုတ်နဲ့
ရှေ့တိုးမလို ဖြစ်တဲ့ အခါ ဖြစ်
တခါ တခါ ခေါင်း တခါခါနဲ့
တွေဝေတဲ့ အခါ တွေဝေ
မဆုံးနိုင်တဲ့ လမ်းတလျှောက်
စမ်း တ၀ါးဝါး ရွေ့တယ်

လမ်းတွေ သိပ်ရှည်လျားတာလား .. သွားပဲ သွားနိုင်လွန်းတာလား .. မမောနိုင်သေးဘူးလားဟာ ..

Thursday, August 20, 2009

ပန်းတပွင့်



တချိန်ချိန်မှာတော့ ပန်းတပွင့် ပွင့်ခဲ့မှာပါ .. ပိုင်ဆိုင်ဖူးပါမယ် .. ပိုင်ဆိုင်ဖို့ ကြိုးစားဘူးပါမယ် .. ငါကိုယ်တိုင်ကတော့ ဆုံးရှုံးဖို့ပါ ပြင်ဆင်နေခဲ့သေးတယ်လေ .. မျှော်လင့်ခြင်း တဖက်နဲ့ပေါ့ ..

ပန်းပွင့်လေး ဖြစ်မလာခင် ပန်း အဖူး အငုံလေး ဘ၀တည်းက ဘယ်တော့ ပွင့်လာမလဲဆိုတဲ့ ရင်ခုန် မျှော်လင့်ခြင်းမျိုးနဲ့ စောင့်စားခဲ့တာပဲလေ .. ဒါဟာ ပန်းပျိုးမိသူ ဥယျာဉ်မှူး တယောက်ရဲ့ ရင်ခုန်ခြင်းမျိုး ..

ပန်းပွင့်လေးအတွက် ကြိုရင်ခုန်တယ် .. မှန်းဆ ပုံဖော်မယ် .. လှပခြင်းနဲ့ ရနံ့တွေနဲ့ ပြည့်စုံနေမယ့် ပန်းလေးတပွင့် .. အိမ်မက်တွေ မက်ရင်းတောင် ပြုံးနေမိလေရဲ့ ..

ပန်းလေး မပွင့်လာသေးပါဘူး .. ပန်းလေးပျိုးရုံရှိသေးတယ် .. ပန်းလေးအတွက် ပျော်ရွှင် ကြည်နူးနေမိတယ်လေ .. တဆက်တည်းမှာပဲ .. ဒီပန်းလေးက ကိုယ့်ရင်ထဲမှာ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မှာပါလိမ့် .. ပိုင်ဆိုင်နိုင်ခွင့်ရော ကိုယ်တိုင် ရနိုင်ပါ့မလား .. ဆုံးရှုံးသွားခဲ့ရင်ရော ..

ပျော်ရွှင်စွာ မက်နေတဲ့ အိပ်မက်ကနေ နိုးထဖူးသလို .. အိပ်မက်ဆိုးလို့ခေါ်မလား ဆုံးရှုံးရတယ်လို့များ အိပ်မက် မက်ခဲ့မိပြန်ရင် အိပ်မက်ထဲ ပျောက်ဆုံးသွားခဲ့ရင် မျက်ရည်များနဲ့ လှိုက်မောစွာနဲ့ နိုးထရပြန်ပါတယ် .. ဒါဟာ အရင်းအနှီး ဆိုမလား .. ဒီပူလောင်မှုတွေကို ငါ ကိုယ်တိုင်ကလွဲလို့ ဘယ်သူသိနိုင်ဦးမလဲ .. တဦး တယောက်ကရော နားလည် ခံစားပေးနိုင်ပါ့မလား .. ကြင်နာစွာ နားလည်ပေးမယ့်သူနဲ့ ဟားတိုက် လှောင်ရီနေမယ့်သူ ဘယ်ဦးရေက ပိုများလိမ့်မလဲ .. မရီကြပါနဲ့ .. ဒါဟာ ကိုယ်တိုင် ကြုံတွေ့ပြီး ကျော်ဖြတ်နိုင်ခဲ့ပြီဆိုမှ ပြုံးရီကြပါ .. မချိပြုံးနဲ့တော့လည်း မရီမိစေနဲ့ဦးပေါ့ ..


ပန်းလေး ရှင်သန်မှုအတွက် ရှင်သန်နေစဉ် ကာလအတွက် အမြတ်အစွန်း မမျှော်လင့်ပေမယ့် ပိုင်ဆိုင်ချင်စိတ်တော့ ရှိခဲ့သည်ပေါ့ .. ရင်ခွင်ထဲ ထည့်သိမ်းထားရုံပါပဲ .. မထိခိုက် မနာကျင်စေရပါဘူး .. ဆူးတွေရှိနေရင်တောင် ငါ ပိုင်ဆိုင်ချင်နေဦးမှာ .. ဆူး ဆူးချင် ဆူးပါစေ ..

မျှော်လင့်ချက် အိပ်မက်တွေ ထားမိလေလေ ပူလောင်မှုတွေ ပိုတိုးလေလေ .. ဒါကို ဘယ်သူမှ သိနိုင်မယ် မထင်ပါဘူး .. ယုယု ယယ မျှော်လင့်တကြီး ဆက်ပြီး ပျိုးနေမိတယ် ..

ပန်းပွင့်လေး မျက်တောင်တချက်ခတ် အကြည့်မှာ ရင်ခုန်မှုတွေ ဘယ်လောက်ရင်းလိုက်ရမလဲ .. ပျော်ရွှင်ရမှုတွေအတွက် ကျေးဇူးတင်ပါတယ် ငါ့အတွက် ဆုလာဘ်လေးရေ ..

မနက်ဖြန် မနက်အတွက် မျှော်လင့် ရင်ခုန်မှုမျိုးနဲ့ နိုးထရဦးမယ် ..

မျက်စိအောက်က အပျောက်မခံချင်ခဲ့ပါ .. မျက်တောင် မခတ်ပဲ ကြင်နာစွာ ကြည့်ရှုချင်နေခဲ့တယ် .. နေရောင်လာရင် ကွယ်ပေးမယ် .. မိုးဖွားကျရင် ကာပေးမယ် .. အမှိုက်သရိုက်တွေ ရှင်းလင်းပေးမယ် .. ပိုးကောင်မွှားကောင်တွေရန်က ကာကွယ်ပေးချင်တယ် .. ဒီပန်းလေး အပြစ်ကင်းကင်း လှနေနိုင်အောင်ပါ ..

တရေးတော့ အိပ်ဦးမယ် ..

မနက်မိုးသောက် အလင်းရောက်ချိန်ထိ ရင်ထဲမှာ ရှင်သန်နေပါစေ .. ပျောက်ဆုံးခြင်း အိပ်မက်ဆိုးနဲ့ မနိုးထပါရစေနဲ့ ..

-----------------

ကိုရွာသားတဂ်တဲ့ ရင်ထဲက ပန်းပွင့်လေးပါ .. ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် .. စာက ခုတလော တော်တော်လေးကို ရေးစရာ ရှာမရ ဖြစ်နေတာပါ .. ကိုရွာသားတဂ်မှပဲ ရေးထွက်ပါတော့တယ် .. ကြိုးစားပမ်းစားရေးလိုက်တာပါ .. မကောင်းလည်း သည်းခံဖတ်ပေးပေါ့နော့ .. :D ပျင်းမှာစိုးလို့ သီချင်းပါ ရှာထည့်ပေးထားပါတယ် .. :P


Wednesday, August 5, 2009

ခုတလော

တွေးနေမိတာက
ဘာလုပ်ရင်ကောင်းမလဲ .. တော်တော်ငြီးငွေ့ဖို့ကောင်းတဲ့ လောကကြီးပါလား ..
လူတွေ ဘာလို့ဟန်ဆောင်ကြတာလဲ .. ဟန်မဆောင်ရင် ပေါင်းရခက်တဲ့ လူ့ဂွစာဖြစ်ရောလား ..
တနေ့ တနေ့ ဖြတ်သန်းနေတဲ့ အချိန်တွေမှာ အဓိပ္ပါယ်ရှိတာတွေ ဘယ်လောက်များလုပ်မိပါလိမ့် .. လုပ်ရော လုပ်မိရဲ့လား ..

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အချိန်တွေ ဖြုန်းနေတယ် ..
ရင့်ကျက်ချင်ယောင်ဟန်ဆောင်နေပြီး တကယ်တမ်း ခံနိုင်ရည်ရှိဖို့ ကြိုးစားရတုန်းပဲ .. မတည်ငြိမ်နိုင်သေးပါ ..


ကျန်းမာရေး
ဒေါင်ဒေါင်မြည်ပါတယ် .. ရုံးမသွားချင်လို့တောင် နေမကောင်းဖြစ်ချင်ဟန်ဆောင်ပြီး အမ်စီရပါတယ် .. :P

ဖတ်ဖြစ်တဲ့စာအုပ်တွေက
စာအုပ်တွေ မဖတ်ဖြစ်သေးပါ .. ဖတ်ရမယ် ဖတ်ရမယ် .. ဒီစကားလည်း ပြောနေတာကြာပေါ့ .. အပျင်းထူနေသေး၏ .. :D

ရောက်နေဖြစ်တာက
မမနော်နော်လိုပဲ Farm Town ထဲက လယ်တောအိမ်ကလေး (စိတ်ချမ်းသာတယ် .. အိမ်နှစ်လုံး ၀ယ်ထားတယ် .. (ကြွားတာ :P))


ရေးဖြစ်နေတာက
tag game တွေ .. တခြားစာတွေ စိတ်ကူးပေမယ့် ဖီးလ်ငုတ်နေသေးပါတယ် ..

နားထောင်ဖြစ်နေတာက
နားဆူနေပြီးရော အကုန်ဖွင့်ထားလိုက်တယ် .. လာချင်တာလာပါစေ ..

ရွတ်နေမိတဲ့ကဗျာက
ကဗျာမရွတ်ဖြစ်ပါ ..

ဖြစ်ချင်နေတာက
စိတ်ကူးတိုင်းသာဖြစ်မယ်ဆိုရင် .. လိုအပ်နေသူတွေအတွက် အားကိုးနိုင်သူတယောက်ဖြစ်ချင်တယ် .. သတ္တိတွေ ရှိချင်တယ် .. ပြီးတော့ ပြီးတော့ တွေ အများကြီးပဲ ..

စားဖြစ်နေတတ်တာက
ရုံးနောက်ဘက် ကန်တင်းက အသားနှစ်မျိုး အရွက်တမျိုး မရိုးနိုင်သော ထမင်းနဲ့ဟင်း .. သူတို့ချက်ထားတဲ့ နာမည်သာကွဲပြီး အရသာ တူနေသော ဟင်းများ ..

သနားနေမိတာက
စင်ကာပူက သက်ကြီးရွယ်အိုတွေ .. မြန်မာနိုင်ငံက ကလေးသူငယ်တွေ .. တနေ့တနေ့ စားဝတ်နေရေး အသက်အရွယ်နဲ့ မလိုက်အောင် ရုန်းကန်နေရသူတွေ .. ရောဂါဝေဒနာသည်တွေ .. မျှော်လင့်ချက် ကင်းမဲ့နေသူတွေ .. အသနားဆုံးကတော့ လမ်းဆုံးရောက်နေသူတွေ (တနည်း) နောက်ပြန်မလှည့်နိုင်သူတွေ (တနည်း) မောဟ အမှောင်မိုက်ထဲ ရောက်နေသူတွေ (တနည်း) ကိုယ့်လုပ်ရပ်ကို ဘာမှန်း မသိသူတွေ (တနည်း) အမှား အမှန် မခွဲခြားနိုင်သူတွေ (တနည်း) မှားမှန်းသိနေပေမယ့် အမှားကို လက်မခံနိုင်သူတွေ ..

လွမ်းနေမိတာက
မေကြီးချက်တဲ့ ပုဇွန်ဆီပြန် .. ကြက်သားပြုတ်ကြော် .. ကန်စွန်းရွက်ကြော် .. (စားချင်တယ် ....)

မေ့လျော့ပစ်နေမိတာက
နောင်ဖြစ်လာမယ့် အနာဂတ် ..

ခါးသက်နေမိတာက
စိတ်မပါပဲနဲ့ ပြောဆိုဆက်ဆံနေတာတွေ .. အတင်းတွေ ..

တမ်းတနေမိတာက
ဖေကြီး မေကြီး .. ချစ်လှစွာသော သူငယ်ချင်းတွေ ..

ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ်ကျိုးမပါပဲ အမှန်တရားအတွက် တိုက်ပွဲဝင်ရဲသူတွေ .. (အကျိုးမျှော်နေသူတွေ မပါ)

ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ့်လုပ်ရပ်ကို တာဝန်မယူနိုင်သူတွေ .. တာဝန်မယူရဲသူတွေ .. သူများအတွက် ခေါင်းစဉ်တပ်ပြီး ကိုယ့်ကျိုးရှာသူတွေ .. သူများနှာခေါင်းပေါက်နဲ့ အသက်ရှုလိုသူတွေ .. အထင်ကြီးစရာ မကောင်းသူတွေ ..

ဆန္ဒမရှိတဲ့နေရာ
စင်ကာပူ

ဆန္ဒရှိနေတဲ့ကိစ္စ
မြန်မာနိုင်ငံအနှံ .. ကမ္ဘာအနှံ လျှောက်သွားချင်တယ် .. ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် ..

မုန်းတီးနေမိတာက
ကြမ်းပိုး (ခုတလော သောင်းကျန်းလွန်းလို့ ..)
မနက် ပေးထားတဲ့ အလန်း သံ ..

ချစ်နေတာက
ကိုယ့်ကိုကိုယ်ပဲ ဖြစ်မှာ :P

စိတ်ပျက်နေမိတာက
မနက် အလုပ်သွားဖို့ ထရတာ .. (ကြီးပွားဦးမယ် .. :P)

စွဲလန်းနေမိတာက
အကျင့်ပါနေတယ်လို့ပြောရင် ပိုသင့်တော်မလားပဲ .. ဘာလဲဆိုတာ မပြောပြဘူး .. :D

လိုအပ်နေတာက
ရှာသမျှကုန်နေတဲ့ ပိုက်ဆံ :D

တောင်းနေမိတဲ့ဆု
ကိုယ့်စိတ်ကိုယ်သိပြီး ကိုယ့်လုပ်ရပ်တွေလည်း မှန်ကန်ဖို့ .. နောင်တကင်းကင်း ရှင်သန်နိုင်ဖို့ ..

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လူတွေကို ယုံကြည်ချင်တယ် ..

ဝန်ခံချင်တာက
ဟန်ဆောင်ခြင်းအလုပ်ကို မုန်းမုန်းနဲ့ ပီပြင်အောင် လေ့ကျင့်ပြီး လူတွေနဲ့ ဆက်ဆံနေရတယ် ..

မမနော်နော် တဂ်တဲ့ပို့စ်လေးပါ .. မမနော်ရေ စိတ်ထဲလက်ရှိ ရှိနေတာတွေ ချရေးလိုက်တယ် ..း))

ဆက်တဂ်မယ် .. အဆိပ်ခွက် .. ဗညားရှိန် ..း)




Monday, August 3, 2009

ငယ်ဘ၀ အမှတ်တရ ကဗျာများ

မိုးရွာရင်မိုးရေချိုးမယ်
မေမေလာရင်နို့ဆို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ် .. ဆိုတာကတော့ ကဗျာလား သီချင်းလားမသိ ကလေးတိုင်းလိုလို အော်ဟစ် ရွတ်ဆိုဘူးကြမယ် ထင်ပါတယ် .. ငယ်ငယ်က မိုးရွာရင် မိုးရေထဲထွက်ဆော့ရတာလည်း ကလေးတိုင်း နှစ်သက်တတ်မှာဖြစ်သလို မိုးရေထဲ ထွက်မကစားဘူးသူလည်း တော်တော်ရှားပါလိမ့်မယ် ..

ဟိုဘက်ကမ်းက မီးထိန်ထိန်
ဒီဘက်ကမ်းက မီးထိန်ထိန်
ဆီမီးထိန်ထိန်လင်းပါတဲ့
မနှင်းတို့ အိမ် .. (နာမည်မှန်မမှန် မသေချာပါ) ဆိုတဲ့ ကဗျာလေးကလည်း မှတ်မိနေမိပါတယ် .. ကဗျာတွေကို အစအဆုံးတော့ မမှတ်မိတော့ပါဘူး .. အစအဆုံး မှားမှား မှန်မှန် ရွတ်မယ်ဆိုရင်လည်း လွဲမှာသေချာပါတယ် ..

ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း .. ဆိုတာလေးကိုတော့ မှတ်မိနေတယ် .. (ခုစဉ်းစားရင်း ပေါ်လာတာပါ ..) ဘယ်နှစ် ဘယ်နှစ်တန်းမှာ သင်ခဲ့ရတယ်ဆိုတာတော့ မမှတ်မိတော့ပါဘူး ..


မမ ၀၀ ထထ က
အကပထမ
ကပါ ကပါ မမရာ
ညည လသာသာ
ညအခါ ငါစာရ
မမ ၀၀ ထထ က .. ဆိုတာလေးကလည်း မမ ၀၀ တွေမြင်ရင် အော်ဟစ်နေကျမို့ သတိရမိသွားပါတယ် ..

ဖွတ်မင်းကတောင် အကိုခေါ်ရမယ်ဆိုလား .. ရေသည်ပြဇာတ်ထဲက ကဗျာလိုလို စာလေးလည်း သွားသတိရမိပါတယ် .. သတိရမိရုံပါ .. မမှတ်မိတော့ပါဘူး .. :D

အရှေ့ကို လျှောက်ပါလို့
အနောက်ကိုတဲ့ မျှော်လိုက်ရင် .. ဆိုတဲ့ ကဗျာလေး သတိရလိုက်ချိန်မှာတော့ ဆွမ်းအုပ်လေး ပိုက်ပြီး ပါးကွက်ကျားနဲ့ မိန်းမပျိုလေးကိုပါ တွဲမြင်မိလိုက်ပါတယ် ..

အစပိုင်းတော့ မေ့ပြီ .. ကြားထဲက ဖြတ်ဆိုမယ် ..
လိမ်တာ ညာတာ ကိုကိုမကြိုက်ပါ
အင်္ဂလိပ်စာ ခိုးချတာ ဗဲဒီးဆောရီးပါ .. ဆိုတာလေးကတော့ အင်္ဂလိပ်စာသာ ခိုးမချနဲ့ ကျန်တာခိုးချရမလားမသိဘူးနော် .. :P

ရေးပြီးမှ ကိုယ့်ဟာကိုယ် တပုဒ်ထဲကိုများ အပေါ်အောက် ခွဲရွတ်နေမိလား အူကြောင်ကြောင်ဖြစ်မိပါသေးတယ် .. ငယ်စဉ်က ကဗျာတွေကို သတိတရ မရှိတော့တာ ကြာပေါ့ .. ဒီကြားထဲ ကလေးတွေ စာကျက်သံနဲ့ ဝေးနေတာလည်း အချိန် တော်တော် ကြာပြီဆိုတော့ မမှတ်မိသူ အပြစ်မရှိဘူး ထင်တာပဲ :P

ငယ်စဉ်က ရွတ်ခဲ့တဲ့ ကဗျာတွေကို ကဘောက်တိ ကဘောက်ချာ အိုးနင်းခွက်နင်း ရွတ်လိုက်ပါပြီ .. နှင်းနဲ့ မာယာ ကျေနပ်မယ် ထင်ပါတယ်နော် ..း)

ငယ်ငယ်တုန်းက ကလေးဘ၀ကို ပြန်လိုချင်တာမျိုးမဟုတ်ပေမယ့် ပြန်တော့ တမ်းတမိတာပါပဲ .. အပူအပင်မရှိ .. အိပ်မယ် စားမယ် ကစားမယ် .. ငြိမ်းချမ်းတယ် .. အရွယ် နဲနဲရလေ အပူနဲနဲ ပူရလေ .. အသက်ကြီးလာလေလေ ပူလောင်မှုတွေနဲ့ ရှုပ်ထွေးလေ .. မပူချင်လည်းပူ ပူချင်လည်းပူ .. မသိချင်ယောင်ဆောင်နေလို့လည်း မရတော့ .. အချိန်တွေ တရွေ့ရွေ့နဲ့ လျှောက်လှမ်းနေရင်း ပူလောင်နေရင်း ရှုပ်ထွေးနေရင်း .. ရှေ့ဆက်နေရဦးမှာပါပဲ ..

Sunday, August 2, 2009

ဆုနဲ့ ဆူး

ကိုလူထွေးကြီးကတော့ ၀ါတွင်း အိမ်မလည်ရဘူး ဘယ်သူပြောတုန်းတဲ့ ပြောသွားဘီ ..း)

တကယ်က မိုးခါးတို့ ခုမှ အလုပ်စလုပ်နေရတယ်လေ .. ရုံးမှာ အင်တာနက်တောင် နပ်မှန်အောင် မသုံးနိုင်တဲ့ဘ၀ ရောက်နေလို့ပါဗျို့ ..

ရုံးက အက်ဒမင်က အမတယောက် ဇူလိုင်လကုန်ကစပြီး ကလေးမွေးဖို့ ခွင့်သွားတယ် .. အဲဒါ ခေါင်သူကြီးက (ဂျပန်ကြီးက) အက်ဒမင်အလုပ်တွေ ကူနိုင်လားဆိုတော့ ဟိုစပ်စပ် ဒီစပ်စပ် ၀ါသနာ အတိုင်း လုပ်ပေးမယ်ပြောလိုက်တယ် .. မပြောလို့လည်း မရဘူးလေ .. လုပ်ဆိုလုပ်ရမှာပဲ .. ကိုယ်တိုင်လည်း စမ်းလုပ်ကြည့်ချင်တာပါတာပေါ့ .. ဒီလိုနဲ့ အဲဒီ အမမသွားခင် သူလွှဲပေးတဲ့ အလုပ်တွေ သင်ရင်း အဲဒီတုန်းတည်းက စာလည်း ကောင်းကောင်း မရေးဖြစ် အွန်လိုင်းလည်း မတက်နိုင်ဖြစ်သွားတာပါ ..

ဒီကြားထဲ QS တယောက်ရဲ့ PO အလုပ်တွေ ကူပေးရပြန်ရော .. လှုပ်တောင် မလှုပ်အားတော့ဘူး .. ကောင်းတော့ ကောင်းပါတယ် .. အရင်က အလုပ်က တော်တော်ပါးတော့ အိပ်ငိုက်ငိုက်နေတာ .. ခုတော့ မငိုက်အားတော့ဘူး .. အချိန်တောင် ကုန်လို့ ကုန်သွားမှန် မသိဖြစ်သွားတယ် .. အဲဒါက ပိုကောင်းတယ်လေ .. ကိုယ်လည်း အတွေ့အကြုံရတာပေါ့ ..း))

အပေါ်က ကိစ္စတွေကြောင့် မိုးခါးတယောက် အိမ်လည်ကျဲခြင်း .. စာမရေးအားခြင်း ဖြစ်နေကြောင်းပါ .. :D (အားလုံးကိုတော့ ဒလိယနေတာပါဘဲ :P)

ခုတော့ ကြွေးကလည်း ၃ပုဒ် တင်နေတယ် .. တပုဒ်ဆပ်မယ်လို့ စဉ်းစားပြီး ကြိုးစား ရေးပါတော့မယ် ..

ကိုရီနိုကြီးက ကျောင်းတုန်းက အမှတ်တရတဲ့ .. ရဖူးတဲ့ ဆုတွေ ဆူးတွေတဲ့ တဂ်ပါတယ် ..

တကယ်တော့ ငယ်ငယ်က ကျောင်းနဲ့ပတ်သက်လို့ အမှတ်တရဆိုတာ သိပ်မရှိပါဘူး .. ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ခုပြန်တွေ့ရင်တောင် နာမည် မသိတော့တာနဲ့ နာမည်ကြားလို့ နင်သိတယ်မဟုတ်လားဆိုရင် ဘယ်သူမှန်း ဘယ်လိုမှ ပြန်ပုံဖော်လို့ မရတာနဲ့ .. လမ်းတွေ့လို့ လာခေါ်ရင်တောင် စကားသာပြောလိုက်တယ် ဘယ်သူမှန်း မသိတာနဲ့ အဲလို အမှတ်တရတွေ များပါတယ် ..

ကျောင်းတုန်းက ပေါင်းတဲ့သူငယ်ချင်း မှတ်မှတ်ရရဆိုလို့ ၇ ယောက်ပဲရှိပါတယ် .. ယောကျားလေး သူငယ်ချင်းလည်း သိပ်မထားတတ်ခဲ့ပါဘူး .. ခုထိလည်း အဲဒီ ၇ ယောက်တည်းက ဆက်တွဲဖြစ်တာဆိုလို့ ၄ယောက် တခါတလေ ၅ယောက်ပဲ ရှိတော့တာပါ .. ကျန်တာတွေက ခုဆို အိမ်ထောင်ကျတာနဲ့ ဘာနဲ့ ဆက်မတွဲဖြစ်တော့ပါဘူး ..

သူငယ်တန်းတည်းက ၅ တန်း ထိကတော့ သူငယ်ချင်း တယောက်ပဲရှိပြီး သူကလည်း စာတော်တော့ ကိုယ်ပါလိုက်ပြီး သူက ၁ဆို ကိုယ်က ၂ဆိုတာလောက်နဲ့ ပုံမှန် ချီတက်လာပါတယ် .. ၆ တန်းကျတော့ အိမ်ပြောင်းပြီး သူနဲ့ ကိုယ် ကွဲသွားတယ် .. ခုထိလည်း အဆက်အသွယ် သိပ်မရှိတော့သလို မှတ်မှတ်ရရ တခါတလေမှ သတိရဖြစ်ပါတော့တယ် ..

၆ တန်းနှစ်က စလို့ ခု လက်ရှိ ပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ စခင်ခဲ့တယ် .. တကယ်ကိုပဲ ပျော်ဖို့ ကောင်းခဲ့တယ် .. သူတို့နဲ့ ဘာပြိုင်ဖြစ်လဲဆိုရင် ၆ တန်းက ၁၀ တန်း အထိ တစိုက်မတ်မတ် ပြိုင်ဆိုင်လာခဲ့တာကတော့ အအိပ် အစားနဲ့ လည်ပတ်ခြင်းပေါ့ .. :P

၇ ယောက် စုလိုက်ပြီဆိုရင် ဘာလုပ်မလဲ .. ဘယ်သွားမလဲ .. ဘာလုပ်စားမလဲ .. တက်ညီလက်ညီပါပဲ ..

မိုးခါးအိမ်က နေ့လည်ဖက်ဆို အပေါ်ထပ်မှာ ဘယ်သူမှ မရှိတတ်ပါဘူး .. နေ့လည်ဆို အိမ်ကိုချီတက်ပြီး အာလူးကြော်စားကြတယ် .. ယမ်ယမ် ချဉ်စပ် ပြုတ်စားကြတယ် .. ပူတင်း ဖုတ်စားကြတယ် .. လ္ဘက်တွေ သုတ်စားကြတယ် .. ကော်ဖီတွေ ဖျော်သောက်ကြ သံပုရာရည် ဖျော်သောက်ကြ .. ဒါမှ အားမရသေးရင် အပြင်ကိုထွက် တွေ့တဲ့မုန့် ၀ယ်စားကြသေးတယ် .. (ဒီလို ပျော်ရွှင်မှုမျိုး ထပ်ရဖို့ ဘယ်လိုမှ မလွယ်တော့ပါဘူး .. တော်တော် လွမ်း သွားတယ် ..း)

ဘာခွေသစ်ထွက်လဲ ခွေငှားကြည့်ကြ (မီးက သိပ်မှန်တယ်ဆိုတော့လေ .. ကြည့်ရင် ဆန့် တငင်ငင်နဲ့ ကြည့်ရပြန်ရော ..) သီချင်းတွေ ဆိုကြတယ် .. ဒီလိုတွေလုပ်ရင် တနေ့တနေ့ အချိန်တွေ ကုန်သွားလိုက်တာ စာမေးပွဲနားနီးတဲ့ အထိပါ .. ဒီတော့ ဘယ်လိုဆုမျိုးရမလဲ စဉ်းစားသာ ကြည့်ကြပါတော့ :P

သူငယ်ချင်းတယောက်က ၁၀ တန်းမှာ နယ်မှာ ဘော်ဒါသွားတက်တယ် .. သူအဝေးကနေ ရေးပြီး ပို့ပေးလိုက်တဲ့စာကြောင့်လည်း သူငယ်ချင်းတွေ စိတ်မကောင်းဖြစ်ကြရသေးတယ် .. သူကတယောက်တည်းဆိုတော့ သူငယ်ချင်းတွေကို သိပ်လွမ်းတယ်တဲ့ .. သူ့အိမ်က ကျပ်တော့ အပြင်သိပ်ထွက်ခွင့်မရဘူး .. တခါပဲ မိုးခါးအိမ်ကို ရောက်ဖူးတယ် .. ရောက်တဲ့နေ့က မုန့်တွေလုပ်စား .. သူက ခရမ်းချဉ်သီးတွေကို အစိမ်းလိုက် ဒီတိုင်း ကိုက်စားတယ် .. တ၀ါးဝါး တဟားဟားနဲ့ပေါ့ .. သူအဲဒီနေ့ကို လုံးဝ မမေ့ဘူးတဲ့ .. ဒီလိုမျိုးလည်း တခါမှ မပျော်ဘူးဘူးပေါ့ .. သူ့စာထဲ ရေးထားတာ .. ခုတော့လည်း အိမ်ထောင်ကျသွားတာတောင် မသိလိုက်ပါဘူး .. ဝေးသွားခဲ့ပြီပေါ့ .. သူလည်း အဲဒီအချိန်တုန်းကလိုပဲ သတိရနိုင်ဦးမလား မပြောတတ်တော့ပါဘူး ..

ကျောင်းတုန်းက အဖြစ်အပျက်တွေက ရင်ထဲမှာ ဆူးအနေနဲ့တော့ မရှိခဲ့ပါဘူး .. စိတ်ထားတွေလဲ တော်တော်များများ ဖြူစင်နေသေးတယ် .. လုပ်ရပ်တွေလည်း တော်တော်များများ အပြစ်ကင်းသေးတယ် .. ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ မနီးစပ်သေးပဲ ကျောင်းဝင်းထဲမှာပဲ ကျင်လည်နေတုန်းမို့ လွတ်လပ်ပေါ့ပါးစွာနဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေပါ ..

မိုးခါးတို့ သူငယ်ချင်း တအုပ်စုလုံး လူလည်းညီသလို တယောက်ဘာလိုအပ်လဲ ရိုင်းပင်းတတ်သေးတယ် .. ဒီသူငယ်ချင်းတွေကြားမှာ စကားလုံးတွေ မလိုအပ်ခဲ့ဘူး .. ဒါကို ဆုလာဘ်လို့ ပြောလို့ရနိုင်မယ်ထင်ပါတယ် ..

၁၀တန်းတုန်းက စာမသင်ချင်တာနဲ့ ဘုရားခန်းသွားပြီး ဓမ္မစင်္ကြာရွတ်သေးတယ် .. ပြိုင်ပွဲဝင်တော့ မိုးခါးတို့ ကျောင်းက ဒုတိယပေါ့ ..

စာကျက်ရမှာပျင်းသလို စာလည်း သေချာမကျက်ခဲ့ဘူး .. အမေက စာလုပ်လို့ ပြောရင် သချာင်္ပဲ ထိုင်တွက်တွက်နေလို့ အကျိုးလေးတခုက ၁၀ တန်းမှာ သချာင်္ ဂုဏ်ထူးရခဲ့တာလေးပဲ ရှိပါတယ် .. ကျန်တာတွေ ချာတူးလန်နေလို့ မပြောတော့ပါဘူး :P

တက္ကသိုလ်ကျတော့လည်း အဝေးသင်နဲ့ ပြီးတာ .. သူများယောင်လို့ ကိုယ်ပါလိုက်ယောင်ပြီး အီကိုတက်ခဲ့တယ် .. ခုတော့ ဘီအေ (အီကို) လက်မှတ် ကိုင်ထားပါတယ် .. တတ်တာတော့ မတတ်ဘူး .. :P

ဘ၀တလျှောက်လုံး ကြုံတွေ့ခဲ့သမျှ ပျော်ရွှင်စရာတွေ အကုန်လုံးက မိုးခါးအတွက် ဆု တွေပါပဲ .. သူငယ်ချင်း ချစ်သူ ခင်သူ မိတ်ဆွေ အပေါင်းအသင်းတွေ တွေ့ကြုံဘူးတဲ့ သင်ခန်းစာ အတွေ့အကြုံတွေ အားလုံးဟာ ဆုလာဘ်တွေပါပဲ ..

ဆူးအနေနဲ့တော့ ရင်ထဲမှာ တဘ၀စာ နာကျင်စေမယ့် ဆူးရယ်လို့ မရှိခဲ့ဘူးသေးပါဘူး .. ၀မ်းနည်းဘူးပါတယ် .. ဆုံးရှုံးဘူးပါတယ် .. ဒါပေမယ့် နောင်တနဲ့တော့ မရင်းခဲ့ရဘူးပါဘူး .. တသသနဲ့ နှမြောတသလည်း မဖြစ်ခဲ့ဘူးပါဘူး .. အချိန် အတိုင်း အတာ တခု အပြီးမှာ အရာအားလုံး ပြီးဆုံးသွားခဲ့တာချည်းပါပဲ .. ကိုယ်ပိုင်မဟုတ်တဲ့ အရာတွေ ဆုံးရှုံးသွားတာ ကိုယ့်အတွက် ဆုံးရှုံးမှုလို့ သတ်မှတ်လို့မှ မရနိုင်တာပဲ .. ကိုယ့်ကိုကိုယ်တောင် မပိုင်တာ အခြား အရာဝတ္တု လူ နဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုလုပ် ကိုယ့်ဟာလို့ သတ်မှတ်ရနိုင်ပါ့မလဲ ..

လက်ရှိအချိန်တွေကို တန်ဖိုးထားပါတယ် .. လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစား နေထိုင်ပါတယ် .. နောင်တဆိုတာနဲ့ အဝေးနိုင်ဆုံး ဝေးအောင် ကြိုးစားပါတယ် .. ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာရဲ့ ကြား အသင့်တော်ဆုံးနေရာမှာ နေထိုင်မိအောင် ကြိုးစားပါတယ် .. ရင်ထဲက ဆုတွေကို တန်ဖိုးထား သိမ်းဆည်းပြီး ဆူးတွေကို မရှိအောင် ရှိခဲ့ရင်လည်း ရှင်းလင်းပစ်နိုင်အောင် ကြိုးစားပါတယ် .. ဆုလာဘ်တွေအတွက် ပျော်ရွှင်ကျေနပ်နေမှာဖြစ်သလို ဆူးတွေအတွက်လည်း သင်ခန်းစာတွေ ဆက်လက် ယူနေမှာ ဖြစ်ပါတယ် ..

ကိုရီနိုကြီး ကျေနပ်မယ်ထင်ပါတယ် .. ကိုရီနိုက သူများတကာကို လိုက်တဂ်ပါတယ် .. ပြီးတော့ သူမှာလည်း စာဖတ်ဖို့ အချိန်မရှိပါ .. မဖတ်ပဲ ကျော်သွားရင်စိတ်ဆိုးမည် (မှတ်ချက် :P)

လက်ဆင့်ကမ်းပါဦးမယ် .. နှင်းနဲ့ မာယာ .. ဆောင်းနှင်းရွက် တို့ကို ရေးပေးပါလို့ အပူကပ်ပါမယ် ..း)

ကျမ ချစ်သော ကျမကို ချစ်သော ကျမကို မချစ်သော ကျမအပေါ် ဘယ်လိုမှမနေသော ပုဂ္ဂိုလ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် ..

Saturday, July 25, 2009

အတိတ်ရဲ့ အရောင်

သူငယ်ချင်း အပေါင်းအသင်းဆိုတာ ရင်ဘတ်ချင်း နီးစပ်သူတွေလို့ ကြားဖူး ဖတ်ဖူးပါတယ် .. သာမန်သူငယ်ချင်းပေါင်း များစွာ ရှိနိုင်ပေမယ့် တကယ်ကိုပဲ ရင်ဘတ်ချင်း နီးစပ်သူ ရာနှုန်းဘယ်လောက်များ ရှိလိမ့်မလဲ ..

တချို့ ငယ်ငယ်လေးတည်းက ခင်လာကြတယ် .. သူငယ်ချင်းကောင်းလို့ သူများတွေ အမြင်မှာ သိနေကြပေမယ့် စိတ်ထဲ အတွင်းထဲ ကြိတ်ပြီး ရန်လိုနေကြသူတွေလည်း ကြားဖူးခဲ့တာပါပဲ .. သေချာတာ တခုကတော့ ကိုယ့်ကိုကိုယ်ထက် တခြားသူတယောက်ကို ပိုချစ်ပါတယ်ဆိုတာ တော်တော်ကို ရှားပါးမယ့် ဖြစ်ရပ် တခုပါပဲ .. လူတိုင်း ကိုယ့် အတ္တနဲ့ ကိုယ်မို့လို့ တခြားတဦးတယောက်ကို ပိုချစ်ပါတယ်ဆိုတာ သိပ်လက်ခံနိုင်စရာမရှိပါဘူး .. မရှိဘူးလို့တော့ မဆိုလိုပါဘူး .. ရှိခဲ့ရင်လည်း တကယ်အကြောင်းတိုက်ဆိုင်လို့ အခက်အခဲဖြစ်လာတဲ့အခါ ကိုယ့်ခံစားချက်ထက်ပိုပြီး သူများကို နားလည်ပါတယ်ဆိုတာ ရှိနေနိုင်ပါဦးမလား ..

လူတွေနဲ့ ဆက်ဆံရတာ အဖြေရခက်တဲ့ ပုစ္ဆာတပုဒ်ကို ခေါင်းခြောက်ခြောက်နဲ့ တွက်နေရသလိုပါပဲ .. အဖြေကလည်း မျိုးစုံ တွက်နည်းကလည်း မျိုးစုံ .. အနီးစပ်ဆုံး မှန်ကန်အောင် ကြိုးစား အဖြေထုတ်ရပါတယ် .. အဖြေမှန်ချင်လည်း မှန်မယ် .. မှားသွားတဲ့အခါလည်း ရှိတယ် .. ဒါပေမယ့် နီးစပ်အောင်တော့ ကြိုးစားနေပါတယ် ..

လူတွေကို စိတ်နှစ် မပေါင်းတတ်တဲ့ ကျမအတွက် ဘယ်သူတဦးတယောက်ကမှ ကျမရဲ့ မရှိမဖြစ်ပုဂ္ဂိုလ် မဖြစ်ခဲ့ဘူးဘူး ..

လူတွေကို ရင်မဖွင့်တတ်တဲ့ ကျမအတွက် ဘယ်သူတဦးတယောက်ကမှ ကျမရဲ့ ရင်ဖွင့်ဖော် မဖြစ်ခဲ့ဘူးဘူး ..

လူတွေကို မယုံကြည်တဲ့အတွက် အဆိပ်အတောက် ဖြစ်နိုင်တယ် ဆိုရင်တောင် သာမန် ဆေးမြီးတိုနဲ့ ကုလို့ရလောက်တဲ့ အဆင့်ပဲ ဖြစ်နိုင်ပါတယ် ..

လူတွေကို ယုံကြည်မိလို့ အဆိပ်ခတ် ခံရရင်တော့ သေရာပါ ဖြစ်သွားနိုင်ပါတယ် ..

ကိုယ့်ရဲ့ စိတ်က သံသယများတတ်လို့ ဒါဟာ မဖြစ်သင့်ဘူး ပြောလာခဲ့ရင် ယုံကြည်မိလို့ ဆုံးရှုံးသွားတဲ့ အဖြစ်ကို ဘယ်သူ တာဝန်ယူနိုင်လဲ မေးကြည့်ချင်ပါတယ် ..

အချိန်နဲ့ အမျှ ပြောင်းလဲနေတဲ့ လောက လူတွေရဲ့ စိတ်အခြေအနေတွေကြောင့်သာ ကျမ လူတွေကို မယုံကြည်ဖြစ်တော့တာပါ .. ဒါဟာလည်း ဘယ်သူ့မှတော့ ထိခိုက်လိမ့်မယ် မထင်မိပါဘူး .. ကိုယ့်ခံစားချက်နဲ့ ကိုယ် ကိုယ်ပိုင် ရပ်တည်နိုင်ခွင့် လူတိုင်းမှာ ရှိကြတာပဲမဟုတ်လား ..

လူတိုင်းနဲ့ ရင်းရင်းနှီးနှီး ပေါင်းတတ်လို့ ခင်ကြတယ်တဲ့ ..

ကျမ သူငယ်ချင်းတွေ ပေါင်းတဲ့အခါ သူတို့ရဲ့ စိတ်ကို သိနိုင်ဖို့ သူတို့ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ဖို့ ကြိုးစားမိတယ် .. သူဘာလိုလဲ သိနေမိလို့ ကိုယ်ပေးတာလဲ သူနဲ့ အံဝင်ခွင်ကျ ဖြစ်သွားတတ်တယ် .. သူတို့ ခံစားရသမျှ နားထောင်ပေးတတ်တော့လည်း ကိုယ်ဟာ သူတို့ရဲ့ သူငယ်ချင်းကောင်းတဲ့လေ .. ကိုယ်က သူတို့ လိုတာ မပေးနိုင်တော့တဲ့ အခါ .. ကိုယ့်မှာ သူတို့ ခံစားချက်တွေ နားထောင်ပေးဖို့ အခြေအနေ မပေးတဲ့အခါ .. ကျမ ပြောင်းလဲသွားပါတယ်တဲ့ .. ထားပါတော့ ကျမ ပြောင်းလဲသွားတယ်လို့ပဲ ..

လူတွေက အတ္တများတယ် .. ကိုယ်ကသာ လိုချင်တတ်ကြတယ် .. ကိုယ်က စပေးနိုင်ဖို့ မေ့နေတတ်ကြတယ် ..

ကျမရော .. ကျမမှာလည်း အတ္တနဲ့မို့ ကိုယ့်လုပ်ရပ်ကြောင့် တခြားလူဘယ်လို ဖြစ်သွားမလဲ မစဉ်းစားပေးချင်တော့ပါဘူး ..

ကိုယ့်ခရီး ကိုယ်လျှောက်ရင်း
ကိုယ်သွားတဲ့ လမ်း
မှန်ဖို့ပဲ အာရုံစိုက်တယ်

လမ်းမှားရင် နောက်ပြန်လှည့်မယ်
လမ်းမှန်ရင် ရှေ့ဆက်လျှောက်မယ်
ဒါ ဘယ်သူ့ ပရောဂမှ မပါဘူး

ကိုယ့်ရပ်တည်မှုအတွက်
ကိုယ့်ကို ယုံကြည်မှုရှိမယ်
ကိုယ့်လုပ်ရပ်နဲ့
ကိုယ့်သမိုင်းကို လောင်းကြေးထပ်တယ်

ကိုယ့်သမိုင်း ကိုယ်ရေးကြသူချည်းပဲ
ကိုယ့်အတိတ်ဖြစ်မယ့် အရောင်ကို
ကိုယ်တိုင် ဆေးခြယ်ချင်တယ်

ဇာတ်လမ်း အဆုံးမှာ
အဖြေ တခုတော့ ရှိလိမ့်မယ်

Wednesday, July 22, 2009

ကိုဖိုးစိန် မွေးနေ့ အမှတ်တရ

ကွန်ပျူတာကို ဖွင့် .. ဂျီတော့ကိုဝင်ပြီး ဘယ်သူနဲ့မှ စကားမပြောဖြစ်သေးပဲ ကိုယ့်ဟာကိုယ် တယောက်တည်း အလုပ်ရှုပ်ချင်ယောင်ဆောင်နေတဲ့အချိန် တတုန်တုန်နဲ့ တက်လာလို့ ကြည့်လိုက်တာနဲ့ နှုတ်ခမ်းကိုစူပုတ်နေပြီး စိတ်ကောက်နေတဲ့ ကိုဖိုးစိန်တယောက်ကို တွေ့နိုင်ပါတယ် .. (စူပုတ်ပြီး စိတ်ကောက်နေပြီဆိုတာကို ဂျီတော့မှာ တက်လာတဲ့စာကို ကြည့်ပြီး သိနိုင်ပါတယ် ..)

အမြဲတမ်း ပြောတတ်တာက .. (မခေါ်ဘူးလား .. မခေါ်ဘူးပေါ့ .. ရပါတယ် ..) (ပျော်လာကြတယ်ပေါ့ .. မနာလိုဘူး .. စိတ်ဆိုးဒယ် ..) (မခေါ်ဘူး ..) (စိမ်းကားသူဂျီး..) စိတ်ကောင်းလေးဝင်ပြီး စခေါ်တယ်ဆိုရင်တော့ (ညီမ ပူတူတူးလေး .. မိုးမိုး ချိုချဉ်စပ်ခါးလေး ..) အဲဒါကိုမှ စကားပြန်မပြောဖြစ်ဘူးဆိုရင် (မခေါ်ဘူးလားးးးးးးးးးးးးးးးးးးး ..) အာခေါင်ခြစ်အော်ပုံရပါတယ် .. ကျန်သေးတယ် ရေးရင် အဲဒါနဲ့ပဲ ပို့စ်တခု ပြည့်သွားနိုင်ပါတယ် :D


မောင်နှမ များရဲ့ အချစ်တော်ကြီး အကိုဂျီး ကိုဖိုးစိန်
အစွံထုတ်ရန် ရှိသည် .. :P

အပေါ်က ပုံက ဒီနေ့ ပွဲထုတ်မယ့် မိုးခါး အကိုတယောက်ပါ .. တကယ်တော့ နာမည်က ကြီးပြီးသား .. (စာလုံး ကြီး ကြီး ရေးထားတယ်လေး) ရုပ်ဖြောင့်တယ်နော် :D (ကပ်ဖားတာ .. စားချင်တာ ချက်ကျွေးမယ်ဆိုလို့ :P)

အကျင့်လေးတွေက
စိတ်ကောက်တတ်တယ် .. (တကယ်တော့ ကောက်ချင်ယောင်ဆောင်တာပါ .. ချော့ခံချင်လို့)
မနာလိုဘူး မနာလိုဘူး ပြောပြီး တကယ်တော့ သူပါလိုက်ပျော်နေတာပါ ..
မိဘကို လုပ်ကျွေးနေတဲ့ သားလိမ်မာလေးပါ .. (လိမ်လည်း လိမ်တယ် .. ခေါင်းလည်းမာတယ် :P)
တကယ် လိမ်မာတာပါ နောက်တာဟုတ်ဘူး .. မယုံရင် ကိုယ်တိုင် ၀န်ခံချက်တွေရေးထားတာ အားကြီးပဲ .. :P
ဒီနေ့ မိုးခါး အကို ကိုဖိုးစိန်မွေးနေ့မှာ အကျွေး အမွေး အစီအစဉ် အဖြစ် ..



 
ဆူရှိ ကြိုက်ကြလား .. မိုးခါးတော့ ကြိုက်တယ် .. အစိမ်းတွေတော့ မစားရဲဘူး .. :D


ကိုဖိုးစိန်မွေးနေ့မှာ မိုးခါးက ဆူရှိ နဲ့ ဧည့်ခံပါတယ် ..း)



ကိုဖိုးစိန် မွေးနေ့မှာ ပျော်ရွှင်ပါစေ .. ကံကောင်းခြင်းတွေ ရောက်ရှိပါစေ .. ရည်မှန်းချက် ရည်ရွယ်ချက်များ အောင်မြင်ပါစေ .. ပျော်ရွှင် ကျန်းမာပါစေး)

မိုးခါးတို့ တွေ့ကြတယ် ဆုံကြတယ် ခင်မင်ကြတယ် .. ခင်ကြတယ်ဆိုတဲ့နေရာမှာ မိုးခါးအတွေးကတော့ အချိန်အကန့်အသတ်နဲ့မဆိုင်ပါဘူး .. တယောက်နဲ့တယောက် တယောက်အကြောင်း တယောက် ၀င်ရောက်ခံစား ကိုယ်ချင်းစာပေးနိုင်မယ် .. နားလည်ပေးနိုင်မယ် .. အပြန်အလှန် ကူညီဖေးမမှုတွေ ပေးနိုင်မယ် .. (ကူညီဖေးမတယ်ဆိုတဲ့ နေရာမှာ စကားလုံးလေး တလုံးကလည်း အတိုင်း အတာ တခုအထိ ထိရောက်တယ်လို့ ထင်ပါတယ်..) စစခင်ချင်းမှာ လူတွေ ၄ ၅ ၁၀ ယောက် ဖြစ်ချင်ဖြစ်မယ် .. နောက် အချိန် ကြာလာတာနဲ့ အမျှ ကိုယ့်စိတ်နဲ့ နီးစပ်သူ .. ခံစားချက် ခံယူချက် နီးစပ်သူချင်း ပိုမိုရင်းနှီးသွားတတ်တာ သဘာဝပါ .. ခင်တာချင်းတူရင်တောင် ရင်းနှီးတဲ့စိတ်ခံစားမှုချင်း ကွာဟနိုင်ပါတယ် ..

ဘယ်လိုပဲဖြစ်ဖြစ် တွေ့ကြပြီ ဆုံကြပြီ ခင်လည်း ခင်မင်ကြပြီးပြီဆိုရင် နောက်ဆုံးချိန်ထိ ပျော်ရွှင်စွာ လက်တွဲသွားနိုင်ဖို့ မျှော်လင့်ပါတယ် ..

သူငယ်ချင်း မိတ်ဆွေ အပေါင်းလည်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ .. ပျော်ရွှင် ချမ်းမြေ့ကြပါစေ ..း)


Sunday, July 19, 2009

၂၀၀၉ ခုနှစ် အာဇာနည်နေ့ သတိရခြင်း

(၁၉-၀၇-၀၉) နေ့ (၆၂) နှစ်ပြည့် အာဇာနည်နေ့

နှစ်ပေါင်း ကြာရှည်နေပေမယ့် မြန်မာလူမျိုးတွေ အနေနဲ့ အာဇာနည်နေ့ကို အမှတ်ရနေတတ်ခဲ့ကြတယ် .. သတိရတိုင်းလည်း ၀မ်းနည်းမှု နှမြောတသမှု ယူကြုံးမရမှု ဆုံးရှုံးခံလိုက်ရမှု စတဲ့ ခံစားမှုတွေ ရောပြွန်းလျှက် .. ကျမတို့ အလင်းတိုင် ဆုံးရှုံးခဲ့တာ နှစ်ပေါင်း ဒီလောက်တောင် ရှိသွားခဲ့ပြီ ..

ငယ်စဉ်ကတည်းက မေကြီးက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြတတ်ခဲ့တယ် .. အတွင်းဝန်ရုံးရှေ့က ဖြတ်တိုင်းလည်း ဒီရုံးကြီးမှာပေါ့ .. ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတာ .. ဘယ်လို ၀င်ရောက်လုပ်ကြံသွားတာ စသည်ဖြင့် ပြောပြတတ်တယ် .. အဲဒီချိန်ကတော့ ကြားရတိုင်း လုပ်ကြံခံရတယ်ဆိုတဲ့ အသိနဲ့ စိတ်မကောင်းဖြစ်ရုံလောက်သာ ခံစားခဲ့ရတယ် .. အရွယ်ရောက်လို့ ဗိုလ်ချုပ်အကြောင်းတွေ သိလာခဲ့ရတော့ လေးစားချစ်ခင်မိသလို နှမြောတသလည်း ဖြစ်ရတယ် .. ဗိုလ်ချုပ်ကို လုပ်ကြံခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ရွံရှာ မုန်းတီးတတ်ခဲ့တယ် ..

မေကြီးက ဗိုလ်ချုပ်ကို သိပ်ချစ်တယ် .. ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံ ကြီးငယ်တွေကို ခုထိသိမ်းထားတတ်တယ် .. စုထားတတ်ခဲ့တယ် .. ပိုက်ဆံပေါ်က ဗိုလ်ချုပ်သွင်ပြင်ကလည်း ခံညားစွာ နေရာယူခဲ့တယ် ..

ဗိုလ်ချုပ်ကို လူတိုင်းက ချစ်ကြတယ် .. (အချို့က လွဲရင်ပေါ့ ..) လူတန်းစားပေါင်းစုံရဲ့ ချစ်ခင်လေးစားမှုကို ခုချိန်တိုင် ခံစားနေရတုန်း .. အမြဲတမ်းလည်း အမှတ်ရနေတတ်ကြတယ် .. ဒါဟာ ဗိုလ်ချုပ်ရဲ့ ပြည်သူတွေအပေါ် ထားရှိခဲ့တဲ့ စိတ်ရင်း စေတနာကြောင့်သာ တန်ပြန်တဲ့ တုန့်ပြန်မှုတွေလို့ ကျမယုံကြည်မိတယ် ..

ကျမတို့ ငယ်ငယ်တုန်းတည်းက မနက်ဘက်ဆို ကန်တော်ကြီးကို ပတ်ပြီး လမ်းလျှောက်တတ်တယ် .. ဗိုလ်ချုပ်ကြေးရုပ်နားရောက်တိုင်း သတိတရနဲ့ ကြည့်မိတယ် .. ငယ်ငယ်က ဆော့ကစားပြီး အလေးပြုတာကို သတိရမိတယ် .. နားလည်တတ်တော့ ဒါဟာ ငါတို့ရဲ့ ခေါင်းဆောင်ဆိုတဲ့စိတ် လေးစားမှုအပြည့်နဲ့ ရင်ထဲက အလေးပြုဖြစ်တယ် ..

တချို့ကတော့ ဗိုလ်ချုပ်ရဲ့ အရေးပါမှုကို ပျောက်ကွယ်စေချင်စိတ်နဲ့ ဗိုလ်ချုပ်ရဲ့ အမှတ်တရတွေကို ကွယ်ပျောက်အောင် ပြုလုပ်နေကြတယ် .. လွန်ခဲ့တဲ့ နှစ်က ဗိုလ်ချုပ်ကြေးရုပ်ကို အပြင်ကနေ ခြံစည်းရိုးခတ်လိုက်တာကို တွေ့ရတယ် .. အရင်ကလို ဗိုလ်ချုပ်ကြေးရုပ်ရှေ့တည့်တည့်က ၀င်လို့မရအောင် အသေပိတ်လိုက်တာ တွေ့ရတယ် ..

သနားမိတယ် .. ဗိုလ်ချုပ်ရဲ့ သက်မဲ့ရုပ်ထုကိုတောင် ကြောက်ရွံ့နေကြသူတွေကိုပါ .. အမှတ်တရတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတယ် ..

ဒါပေမယ့် ခုချိန်ထိ လူတိုင်းရင်ထဲမှာ ဗိုလ်ချုပ် ရှိနေခဲ့တယ် .. ဗိုလ်ချုပ်ရဲ့ အရှိန်အ၀ါကြီးတာကိုတော့ ဘယ်သူမှ ငြင်းမရပါဘူး ..

စိတ်မကောင်းစရာ တခုက ဗိုလ်ချုပ် အသက်နဲ့ရင်းပြီး ကြိုးစားပေးခဲ့တဲ့ လွတ်လပ်ရေးကို ဗိုလ်ချုပ်ရဲ့ သားသမီးတွေ မခံစားနိုင်သေးတာပါပဲ .. ခုချိန်ထိ စိတ်ဓါတ်တွေ အသိတွေ ချုပ်နှောင်ခံကြရတုန်း ..

ဒါတွေကိုသာ သိနိုင်မယ်ဆိုရင် တာဝန်မကျေဘူးလို့များ ခံစားနေရမလား .. တကယ်တော့ တာဝန်ကျေသူတွေ ကျေကုန်ကြပါပြီ .. ကျမ အပါအ၀င် တာဝန်မကျေသူတွေသာ တတ်နိုင်သလောက် ကိုယ့်တာဝန်ကိုယ်ကျေဖို့ ကြိုးစားရမှာ မဟုတ်ပါလား ..

စဉ်းစားကြည့်စေချင်တယ် .. ကိုယ် လုပ်နေတဲ့အလုပ်က ဘာလဲ ..
ရှက်တတ်စေချင်တယ် .. ကိုယ် အခုရောက်နေတဲ့ အဆင့်က ဘာလဲ ..

ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။

ဒီကဗျာလေးက ငယ်စဉ်တည်းက သိခဲ့ မှတ်ခဲ့ ရွတ်ခဲ့ဘူးတဲ့ ကဗျာလေးပါ ..

ဗိုလ်ချုပ်သမိုင်းကြောင်း ဘလော့ တခုမှ ဒေါင်းလုတ် လုပ်ထားခြင်း ဖြစ်ပါတယ် ..

Saturday, July 18, 2009

ရန်ကုန်အလွမ်း @ အလွဲတွေးများ

အလန်းသံကြားလို့ ကမန်းကတမ်း (အလန့်တကြားဆို ပိုမှန်ပါလိမ့်မယ် ..) ကျမ နှိုးထမိတယ် .. အလုပ်သွားရမယ်ဆိုတဲ့ အသိက ချက်ချင်းဝင်လာတယ် .. ကိုယ့်ဘေးဘီဝဲယာကြည့်လိုက်တော့ ဒါ စင်ကာပူမဟုတ်ဘူး ..

"သြော် .. ကျမ မြန်မာနိုင်ငံ ပြန်ရောက်နေတာပဲ .." ဒီတော့မှ သက်ပြင်းချမိတယ် ..

နှိုးနေမှတော့ မထူးတော့ပါဘူး .. ရန်ကုန်ရဲ့ မနက်ခင်းကို ကြိုဆိုလိုက်တော့မယ် ..

မိုးမလင်းတလင်း မနက်ခင်းရဲ့ လေက လတ်ဆတ်နေတယ် .. ပြူတင်းတံခါးကိုဖွင့်ပြီး မနက်ခင်းသစ်ကို ကြိုလိုက်တယ် .. ရန်ကုန်လေကို တ၀ ရှုရိုက်ရင်း သီချင်းသံတိုးတိုးဖွင့်ရင်း ငြီးမိတယ် .. အင်း .. ဒါရန်ကုန်ပဲ .. ပြောင်းလဲခြင်း မရှိသေးတဲ့ ရန်ကုန်ပဲ ..

မနက်စောစော ပဲပြုတ်နဲ့ ဆီနဲ့ ဆားနဲ့ နယ်တဲ့ ထမင်းစားဖို့ ကြံစည်လိုက်တယ် .. ပဲပြုတ်ရောင်းတဲ့ အသံကို နားစွင့်ရင်း ဘုရားပန်းလဲ သောက်တော်ရေလဲ ..

"ပဲပြုတ်" အော်သံကြားတာနဲ့ အိမ်ရှေ့ဝရန်တာ ထွက်လို့ ထုံးစံအတိုင်း "လာပါဦး" ပေါ့ ..

၎ ထပ်တိုက်ကနေ အောက်ဆင်းပြီး ပဲပြုတ်ဝယ်တော့ .. လွန်ခဲ့တဲ နှစ်တော်တော်ကြာကြာကတည်းက မြင်ဘူးနေကျ အဒေါ်ကြီး .. (အင်း .. ဒီ အဒေါ်ကြီးလဲ မပြောင်းလဲသေးပဲကိုး .. အဖွားကြီးပုံ ပေါက်သွားတာကလွဲရင်ပေါ့ ..)

အိမ်စောင့်နတ် ကြည့်မရတဲ့ ကျမက အိမ်မှာလည်း ကြာကြာမနေနိုင်ခဲ့ပြန်ဘူးလေ .. နေထွက်လာတာနဲ့ အိမ်ပြင်ထွက်ဖို့ စိုင်းပြင်းလို့ပေါ့ ..

သူငယ်ချင်းအိမ်သွားမယ် .. စားချင်တာတွေ လျှောက်သွားပြီးဝယ်စားမယ် စိတ်ကူးနဲ့ သူငယ်ချင်းအိမ်ကို ခြေဦးလှည့်လိုက်တယ် .. လမ်းလျှောက်ဖို့ဆိုလည်း တယောက်တည်းဆို သိပ်ပျင်းတတ်တော့ လမ်းထပ်က ဟိုး ငယ်ငယ်တုန်းက စီးနေကျ ဆိုက်ကားဂိတ်ကို ဦးတည်လိုက်တယ် ..

"သမီး" ခေါ်သံကြားလို့ လှည့်ကြည့်မိတော့ အိုး .. ကျောင်းတက်တုန်းတည်းက ငှားစီးနေကျ ဆိုက်ကားနင်းတဲ့ ဦးလေးကြီး .. (တော်တော်အိုစာနေပြီပဲ) လို့ စိတ်ထဲတွေးမိတယ် .. မပြောင်းမလဲ နေ့စဉ် ချီတက်နေဆဲပေါ့ .. ဒါလည်း မပြောင်းလဲခြင်းတခုထဲ ထည့်နိုင်ပေမယ့် ပြောင်းလဲခြင်းကတော့ ဆိုက်ကားခ ..

ငယ်ငယ်တည်းက မောင်နှမနှစ်ယောက် ဆိုက်ကားစီးစီးပြီးသွားတာကို ပြန်အမှတ်ရမိတယ် .. အဲဒီအချိန်က ကျမက ၆ တန်း ၇ တန်း .. ဆိုက်ကားခဆိုတာ အလွန်ဆုံးရှိရင် ၅၀ ၁၀၀ ကျပ်ပေါ့ .. ခု ဈေးမေးမိတော့ ၅၀၀ .. (ဒါက ပြောင်းလဲခြင်း တမျိုး)

သူငယ်ချင်းအိမ်ရောက်တော့ သီချင်းဖွင့်မယ် အလုပ်မှာ မီးက ပျက်နေပါသတဲ့ .. (ဒါက မပြောင်းလဲခြင်း) ဘယ်ချိန်လာမလဲ ဆိုတာတော့ မိုးနတ်မင်းကြီးတောင်မှ သိနိုင်မယ် မထင် ..

ရန်ကုန်မြို့ထဲ ထွက်လာခဲ့တော့ ရှုပ်ရှက်ခတ်နေတဲ့ လူတွေ ကားတွေ .. ကားတွေ အများကြီး ပိုင်ကြတော့ ပိုက်ဆံ ရှိသူတွေ ပေါတယ် ထင်ပ .. ကားတွေပေါ်ကနေ ကွမ်းတပျစ်ပျစ် ထွေးနေသူတွေ မြင်မိတော့ ကားပေါ်မှာသာ ထိုင်နေကြတယ် .. စိတ်ဓါတ်တွေက စည်းကမ်းမရှိ ..

မြို့ထဲမှာလည်း လမ်းတိုင်းလမ်းတိုင်းမှာ မုန့်ဆိုင်လေးတွေ .. အိမ်အောက်ထပ်တွေ တော်တော်များများမှာ ဆိုင်ခန်းလေးတွေ .. သေးသေး ကြီးကြီး ပစ္စည်းစုံ စတိုးဆိုင်တွေ .. လမ်းဘေးမုန့်ဆိုင်တွေ .. ပြည့်ကျပ်ညပ်လို့ လမ်းသွားတာတောင် လမ်းမပေါ် ဆင်းသွားရတဲ့ အဖြစ် .. ဆိုင်ခင်းတာတွေတောင် လမ်းမပေါ်ရောက်နေတာ လူတွေ လမ်းပေါ်ဆင်းလျှောက်တာ မထူးဆန်းပါဘူးလေ .. နေရာတိုင်းမှာ တွေ့ရတဲ့ ကွမ်းသွေးတွေကလည်း အော်ဂလီဆန်စရာ ..

တိုက်မြင့်မြင့်တွေ ပေါလာတဲ့ ရန်ကုန်မြို့ .. လူတွေ တဲပေါ်ကနေ တိုက်ပေါ်ရောက်ကုန်ကြတယ် .. ၀မ်းသာစရာပေါ့ ..

အော်ဟစ်ဆဲဆိုသံတွေ ကြားလို့ ကြည့်မိတော့ အိမ်အောက်ထပ်က လမ်းဘေးဈေးသည်နဲ့ ရန်ပြိုင်ဖြစ်နေတဲ့ တိုက်ပေါ်က အမျိုးသမီး တဦး .. လူတွေ တဲပေါ်ကနေ တိုက်ပေါ်ရောက်ပြီး စိတ်ဓါတ်တွေ မြင့်မလာကြဘူး ..

စိတ်ဓါတ်ကျစွာနဲ့ စူပါမားကတ်တခုဝင်မိတော့ နောက်ကနေ လိုက်လံစောင့်ကြည့်ခြင်းကို ခံရတော့တာပဲ .. ပစ္စည်းတောင်းကြည့်ရင် စိတ်မပါ လက်မပါ ဆောင့်အောင်ပေးတဲ့ ၀န်ထမ်းနဲ့ .. ပစ္စည်းတောင်းကြည့်တာကို မကြားသလို စကားပြော မပျက်နဲ့ ၀န်ထမ်းနဲ့ .. ရောင်းကောင်းဝယ်ကောင်းပါပဲ ..

မုန့်ဆိုင်တဆိုင် ၀င်ထိုင်ဖြစ်တော့ လူတွေမှ အပြည့် .. ဒီလိုဆိုတော့လည်း စီးပွားရေးမကောင်းဘူးဆိုတာ ဘယ်ဟုတ်နိုင်ပါ့မလဲ ..

ညနေစောင်းချိန်မှာတော့ အမှောင်ကမ္ဘာတည်း တပ်ခေါက် ပြန်ခဲ့လေရဲ့ .. ဒါဟာလည်း ရန်ကုန်ရဲ့ သင်္ကေတ တခု ..

မီးပျက်လို့ ရာသီဥတုကလည်း ပူလို့ အိမ်ရှေ့မှာ ခုံလေးတွေ ကိုယ်စီနဲ့ အတင်းအဖျင်းပြောနေကြသူတွေ ..

အိမ်အောက်လေးတွေမှာ ဈေးဆိုင်လေးတွေနဲ့ နောက်များဆိုရင် ပိုက်ဆံနဲ့ မုန့်မ၀ယ်ပဲ ပစ္စည်းချင်း လဲစားတဲ့ ခေတ်များ ပြန်ရောက်လေမလား ..

လွန်ခဲ့တဲ့ တနှစ်က ရန်ကုန် .. ခုထိဒီပုံပါပဲ .. မရိုးနိုင်တဲ့ မြင်ကွင်း .. လူတွေရဲ့ ရှင်သန်နေမှုတွေ .. အားလုံးဟာ ပုံမှန်ပါပဲ .. အားလုံးလည်း နေသားတကျ .. ကျမ အတွေးတွေသာ လွဲနေတာနေမှာပါ ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...