Monday, October 26, 2009

ယုံကြည်မှုများ

ကျမက ဗုဒ္ဓဘာသာဝင် တဦးဖြစ်လို့ မြတ်စွာဘုရား ဟောကြားတဲ့ တရားတော်တွေ အကျင့်အကြံတွေက သံသရာက လွတ်မြောက်ရာ လမ်းကြောင်းဆိုတာကို ယုံကြည်ပါတယ် .. ကံဆိုတာ လူက လုပ်တာဆိုတာကိုလည်း ယုံတယ် .. ကောင်းတာ လုပ်ရင် ကောင်းကျိုးခံစားရမယ် .. ကိုယ့်စေတနာက တချိန်ချိန်မှာ အကျိုးပေးမယ် .. စတာတွေကိုလည်း ယုံကြည်ပါတယ် ..

ပြီးတော့ မေတ္တာတရား .. မိဘတွေ ကိုယ့်အပေါ်ထားတဲ့ စေတနာ မေတ္တာတွေက အနှိုင်း မရှိဘူး ဆိုတာကို ယုံကြည်ပါတယ် .. ကျမ ဘယ်လို အခြေအနေပဲ ရောက်နေ ရောက်နေ အဖေနဲ့ အမေကတော့ ကျမအပေါ် မေတ္တာလျော့သွားမှာမဟုတ်ဘူး .. ကျမ ဘယ်လို အပြစ်တွေပဲ လုပ်လုပ် အမြဲတမ်း ခွင့်လွှတ်မှာပဲလို့လည်း ယုံပါသေးတယ် .. လူသားတွေထဲမှာ ကျမ အယုံကြည်ဆုံးက ကျမ မိဘ ပါပဲ ..

ကျမ ခုချိန်ထိ ကျမအပေါ် မုန်းတီးတဲ့လူ .. ယုတ်မာ ကောက်ကျစ်မယ့်လူနဲ့ မဆုံတွေ့ဘူးပါဘူး .. ကျမ တွေ့ဆုံ ခင်မင် လာသမျှ သူငယ်ချင်း မိတ်ဆွေ ချစ်သူ ခင်သူ အားလုံးက ကျမအပေါ် အကုန်ကောင်းကြတယ် .. လူကောင်းတွေနဲ့ပဲ ဆုံတွေ့ဘူးပါတယ် .. သူ မကောင်းဘူးလို့ ပြောရလောက်တဲ့သူ ကျမ မှာ မရှိပါဘူး .. အဲဒါက ကျမ နေ့တိုင်း သတိရတိုင်း မေတ္တာပို့ ရွတ်ပါတယ် .. တခါတလေ လုံးစုံများစွာ သတ္တ၀ါ စတဲ့ မေတ္တာသုတ် မေတ္တာပို့ကို ရွတ်ပါတယ် .. တခါတလေ "၃၁ ဘုံ ကျင်လည်ကြကုန်သော လူနတ်ဗြဟ္မာ သတ္တ၀ါ အားလုံး ကျန်းမာ ကြပါစေ ချမ်းသာကြပါစေ" လို့ပဲ မေတ္တာပို့ပါတယ် ..

အလုပ်ဝင်စကတည်းကလည်း လူကြီးတွေရဲ့ မျက်နှာကို မှန်းပြီး မေတ္တာပို့လေ့ရှိပါတယ် .. ဒါကြောင့်လည်း ကျမ အလုပ်မှာ မပင်မပန်းပဲ အကုန်အဆင်ပြေသလို လူတိုင်းနဲ့လည်း တည့်တယ် .. ကျမစိတ်ထဲမှာ စွဲနေတာပေါ့နော် .. ဆိုလိုချင်တာက မေတ္တာတရားက အစွမ်းထက်ပါတယ် .. အဲဒါကို ယုံကြည်ပါတယ် ..

ဝဋ်ကြွေးကိုလည်း ယုံကြည်သလို ကြောက်လည်း ကြောက်ပါတယ် .. ကိုယ့်မှာသာ ၀ဋ်ကြွေး ရှိနေမယ်ဆို ကြေအောင် ဆပ်ရပါမယ် .. ဒါမှလည်း မျှတမယ်မလား .. ကျမတို့ ဂေါတမ မြတ်စွာဘုရားတောင် ဘုရားဖြစ်ပြီးတာတောင်မှ ၀ဋ်ကြွေးကို ရှောင်လို့ မရခဲ့ပါဘူး ..

နောက်တခုက ရေစက်ပါ .. ရေစက်ရှိခဲ့လို့ ဆုံတွေ့ခဲ့ကြတယ် .. အဲဒီအချိန်မှာ ခင်မင် ပျော်ရွှင်ချင်လည်း ခင်မင် ပျော်ရွှင်နေမယ် .. မုန်းတီးချင်လည်း မုန်းတီးနေမယ် .. ဒါပေမယ့် ရေစက်ရှိနေသေးသရွေ့ ခွဲချင်လည်းပဲ ကွဲကွာဦးမှာ မဟုတ်ဘူး .. ရေစက်ကုန်သွားပြီဆိုရင်တော့ ဘယ်လိုပဲ မခွဲနိုင်ပါစေ ကွဲကွာကြရမှာပဲ ..

စိတ် တန်ခိုး ကိုလည်း ယုံကြည်ပါတယ် .. စိတ်သာရှိရင် ဆန္ဒသာရှိမယ်ဆိုရင် အရာရာကို အောင်မြင်အောင် ကျော်လွှားနိုင်မယ် လို့လည်း ယုံသေးတယ် .. မရနိုင်ဘူး မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး .. တကယ် မရခဲ့ဘူး မဖြစ်ခဲ့ဘူးဆိုတာ စိတ်အား မထက်သန်လို့ပါ .. ကိုယ့်မှာ ယုံကြည်ချက်ရှိမယ်ဆိုရင် ဖြစ်ကိုဖြစ်ရမယ်လို့ ယုံပါတယ် ..

ပန်းရင့် တဂ်လို့ ရေးတဲ့ ကျမရဲ့ ယုံကြည်တာလေးတွေပါ ..း))


25 comments:

yangonthar said...

ယုံကြည်မှု ဆိုတဲ့ သဒ္ဓါတရားလက်ကိုင်ထားတဲ့ မမိုးခါးကို လေးစားပါတယ် အောင်မြင်မှုကို မေတ္တာနဲ့ သဒ္ဓါလက်တွဲပြီး ယူရင် မရရိုးတဲ့လား
ခင်တဲ့
ရန်ကုန်သား :)

မယ့်ကိုး said...

ညီမလေး ယုံကြည်တာတွေကို ထပ်တူယုံကြည်ပါတယ်။ အစ်မလည်း မျက်နှာကြည်ကြည်လေးနဲ့ ချစ်စရာလှလှပပ ညီမလေးကို မြင်မြင်ချင်း ချစ်ခင်မိပါတယ်။

kiki said...

မှန်ကန်တဲ့  ယုံကြည်မှု များ ခိုင်မြဲ ပါစေ မိုးခါးရေ ..

စည်သူ said...

ယုံကြည်မှုရှိရှိနဲ့ လုပ်မယ်ဆိုရင် ဖြစ်ကိုဖြစ်မယ်..
အင်း... မှတ်သားသွားပါတယ်.

ဆထက်တဘိုး ဆောင်ရွက်နိုင်ပါစေ..

ခင်မင်စွာဖြင့်
စည်သူ။

သူကြီးမင်း (တုံးဖလား) said...

ယုံကြည်မှုရှိရင် ဘာမဆိုဖြစ်တယ်။
ဘာမဆို အောင်မြင်နိုင်ပါတယ်။
အားလုံးအပေါ်မေတ္တာတရားထားပြီး ယုံကြည်မှုနဲ့အတူ ချီတက်မယ်ဆိုရင် ဘ၀ရဲ့ အထွပ်အထိတ်ကို ရောက်မှာ သေချာပါတယ်။

ကောင်းကင်ပြာ said...

ယုံ ကြည်ပါ ယုံကြည်ပါ ညလေးး၊ ရေးတတ်တယ်..

ဝက်ဝံလေး said...

မ ရေ ယုံကြည်မှုလေးတွေကို ဖတ်သွားတယ်နော် သိလား

မိုးစက်အိမ် said...

ကံဆိုတာ လူက လုပ်တာ
ကောင်းတာ လုပ်ရင် ကောင်းကျိုးခံစားရမယ်
ကိုယ့်စေတနာက ကိုယ်ကိုပြန်အကျိုးပေးမှာ
သေချာတယ် အခါးရေ အခါးယုံကြည်မှုတွေကို
အပြည့်အ၀ ထောက်ခံပါတယ်ဗျာ :)

ဂျပန်ကောင်လေး said...

အင်း... တကယ့်ကို အတွေးအခေါ်တွေ အဆင့်မြင့်လွန်းနေပြီ... လိုက်လို့မမီတော့ဘူးဗျ...

မိုးခါး said...

ပန်ပန်ရေ
အဲလောက်လည်းမဟုတ်သေးဘူးလေ
ယုံကြည်မှုများလို့ပဲ တဂ်ထားလို့ ငါမယုံတာတွေကို ထည့်မှ မရေးထားတာပဲ .. :D

တလနွန် said...

မှန်ကန်တဲ့ ယုံကြည်မှုတွေပဲလေ။

ပုံ့မေ said...

အပြည့်အဝထောက်ခံတယ် သူငယ်ချင်း...

နွေးနေခြည် said...

မေတ္တာတရားကတော့ တကယ်ကို အစွမ်းထက်တယ်နော်.. သယ်ရင်း
ယုံကြည်မှုလေးတွေ ကောင်းတယ်

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ချစ်တရေး ရေ နာ့လဲအကြွေးဆပ်ရအုန်းမယ်
ယုံကြည်ချက်လေးတွေ တန်ဖိုးရှိလိုက်တာ။

Waing said...

ယုံကြည်မှုတွေအားလုံးနဲ့ ဘ၀မှာ ဖြစ်ချင်တာတွေ တစ်ထပ်တွေ ကျရောက်ပါစေ မိုးခါးရေ
ဝိုင်းလည်း တက်ဂ်ထဲမှာ ပါတယ် ဘယ်လိုရေးရမှန်းမသိ မိုးခါးနဲ့ ယုံကြည်တာတွေချည်း အားလုံးအတူတူပဲလေ ...

ညလင်းအိမ် said...

ယုံကြည်မှုတွေနဲ့ အတူရှေ့ဆက်လှမ်းနိုင်ပါစေ...

Sonata Cantata said...

မိုးခါးရဲ့ ယုံကြည်မှုများက ကြည်လင်ပြတ်သားနေတာပဲ
ကြိုက်တယ်

ရေတမာ said...

နောက်တခေါက် မုန့်ကျွေးမယ်ဆိုတာလည်း ယုံကြည်နေတယ်းP

flowepoem said...

မိုးခါးရဲ့ ယုံကြည်မှုတွေကို ကြိုက်တယ် ထောက်ခံပါတယ်. . .

မငုံ said...

လောကမှာ မိဘမေတ္တာလောက် ကြီးမားတာ မရှိဘူးနော်။ ဆိုးတဲ့သူလိမ္မာတဲ့သူဆိုပြီး ခွဲခြားပြီးမချစ်ဘူးနော်။ မိုးခါးရေးထားတွေ အားလုံး သဘောကျတယ်။

emayarKhin said...

မိုးခါးရဲ့ယုံကြာ်ချက်တွေကို
လေးစားအားကျသွားပါတယ်...

မေလေး said...

နာ့နဲ့ နာ့ချစ်တရေးနဲ့ တူတူဖစ်နေဒယ်
ပန်းရင့်ကို မိုးခါးနဲ့တူတူဘဲလို့ ပေါလိုက်ရင်ကောင်းမယ်။း)

ဇော် said...

အင်း .. ကျနော်လဲ ဒီစာလေးဖတ်ပြီး ဘာကိုယုံကြည်မိသလဲဆိုတာကို စဉ်းစားခန်းဝင်ရင်း .. ကိုယ့်စိတ်ကိုယ် ပြန်ကြည့်လိုက်မိတယ် ..
ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်မိတယ် ..
ကျနော်ဘာကို ယုံကြည်နေတာပါလိမ့် ...

မေကျော် said...

စိတ် စွမ်းအား ကို ယုံတယ်..
ဝဋ်ကြွေးကို ယုံတယ်....
ဟုတ်တယ်.... အဲဒီနှစ်ခုလေးက ထူးခြားသလိုလေး ခံစားရတယ်.... :)

ဏီ(န်)ကင်း said...

ဒီပို့စ်လေးကိုကြိုက်တယ်...အမယုံကြည်ချက်ကိုလဲကြိုက်တယ်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...