Tuesday, October 20, 2009

အိမ်ကို သတိရလို့ ရေးတဲ့စာ

ငယ်ငယ်ကတော့ ထင်ခဲ့တာက လူကြီးတွေက ကိုယ့်ကို နားမလည်ဘူးပေါ့ .. လူငယ်တွေဘက်က ခံစားချက်ကို ချုပ်နှောင်တယ်လို့ ထင်မြင်ဘူးတယ် .. ကိုယ်က လွတ်လပ်ချင်တယ် .. လူကြီးတွေ (အထူးသဖြင့် အဖေနဲ့ အမေ)က ဘောင်တခု အတွင်းမှာ နေစေချင်တယ် .. အရင်ကတော့ အဲဒီဘောင်ဟာ ကိုယ့်အတွက် တော်တော်ကို စိတ်အနှောင့် အယှက် ဖြစ်စရာ ကောင်းခဲ့ဘူးတယ် .. ကိုယ့်ရင်ထဲမှာလဲ လူကြီးတွေကို အပြစ်တွေ မြင်လို့ပေါ့ ..

ခုအသက် အရွယ်ကို ရောက်လာတော့ လူကြီးတွေ နေရာကနေ မြင်ပေး တွေးပေးနိုင်လာသလို ကိုယ့်အောက်က အငယ်တွေ (အထူးသဖြင့် စိတ်ခံစားလွယ်တဲ့ သူတွေ)က ကိုယ်အရင် ရှိနေခဲ့ဘူးတဲ့ နေရာတခုက ခံစားချက်မျိုးတွေ ကြားလာ သိလာတော့လည်း ကိုယ့်အရွယ်ရောက်ရင် နားလည်လာလိမ့်မယ်လို့ ပြောပြနေမိတယ် .. ဒါဟာ အသက်အရွယ် အပိုင်းအခြားတခုက ရရှိလာတဲ့ သင်ခန်းစာ အတွေ့အကြုံတခုပဲလို့ ထင်မိတယ် ..

ခု ကိုယ့်ခံစားချက်က ကိုယ့်အပေါ် အရင်က နားမလည်ပေးဘူးထင်မိတဲ့ အဖေနဲ့ အမေကို အရမ်းကို အားနာမိတယ် .. ကိုယ့်အပေါ် သူတို့လောက် နားလည် ခံစားပေးနိုင်မယ့်လူ ရှိနိုင်လိမ့်မယ် မထင်ဘူး .. ရှိလာခဲ့တယ် ဆိုရင်တောင် မှီမယ် မထင်မိဘူး ..

အမေ့ချက်ကြိုးကတဆင့် အာဟာရတွေ ရယူခဲ့ဘူးလို့ မိခင်နဲ့ သားသမီးတွေ စိတ်ခံစားချက်ချင်း ဆက်သွယ်ခံစားနိုင်တယ်တဲ့ .. ယုံကြည်မိတယ် .. အဖေကရော .. မွေးလာတည်းက အရိပ်တကြည့်ကြည့် သားသမီး မျက်နှာ မငြိုးအောင် ကြိုးစားဖြည့်ဆည်း ရုန်းကန်ပေးနေတဲ့ ဒီ အဖေရဲ့ သွေးကလည်း ကိုယ့်ရဲ့ ကိုယ်ထဲမှာ သွင်သွင် စီးနေတယ်လေ ..

ဒီတော့ ဖုန်းမဆက်ဘူးဆိုရင်တောင် ဟိုဘက်က အဖေနဲ့ အမေက ကိုယ့်အခြေအနေကို ခန့်မှန်းနေမိပြီးပြီ .. အသံမကြားရရုံနဲ့ စိတ်ပူနေတတ်ခဲ့ပြီ ..

အသံကြားရပြီဆိုရင်ရော .. အသံကြားရုံနဲ့ ဒီ သားသမီး စိတ်ဆင်းရဲနေသလား ပျော်ရွှင်နေသလား ခံစားသိနိုင်ခဲ့တာ မိဘရဲ့ မေတ္တာတရားနဲ့ အာရုံခံစားမှုပါပဲ .. ဒါတွေက ညာလို့ မရနိုင်ဘူး .. ခံစားချက်ကို ယုံလို့ရတယ် ..

ကိုယ် ထင်ထားခဲ့တာက ကိုယ့်ရဲ့ စိတ်သဘောထားကို ဘယ်သူမှ အမှန် ဖတ်နိုင်လိမ့်မယ် မထင်ဘူးလို့လေ ..

သိပ်မကြာခင်ကပဲ နားလည်လိုက်တာက ကိုယ့်ရဲ့စိတ်ကို နားလည်ခံစားပေးနိုင်မယ့်သူက အဖေနဲ့ အမေပဲ ရှိတယ် .. ကိုယ် ၀မ်းနည်းရင် သူတို့လည်း ၀မ်းနည်းမယ် .. ကိုယ် နာကျင်ရင် သူတို့လည်း နာကျင်တယ် .. ကိုယ် ပျော်နေရင် သူတို့လည်း လိုက် ပျော်ရွှင်နေမှာပဲ .. သူတို့ကတောင် ကိုယ့်ထက် ပိုနိုင်သေးတယ် ..

ခုတလော အမေ့အသံကြားရင် စိတ်က ၀မ်းနည်းတယ် .. ဒီခံစားချက်က ပထမဆုံး အကြိမ်လို့ ပြောရင် လွန်နေမလားပဲ .. အရင်က အိမ်လွမ်းတယ်ဆိုတာလည်း ပြောရလောက်အောင် မဟုတ်ဘူး .. မိဘကို သတိရတယ်ဆိုတာလည်း ခဏတဖြုတ်ပြီးရင် လျော့လျော့ရဲရဲပဲ .. စိတ် ကြာကြာ အညစ်မခံတတ်တဲ့ ကိုယ့်ညဉ်ကြောင့် ဖြစ်ပါလိမ့်မယ် ..

ဒီကို လာခါစကတော့ ကိုယ့် စိတ်ကူး ကိုယ့် ရည်ရွယ်ချက်အတွက်ပဲ ခေါင်းထဲ ထည့်ထားမိတယ် .. ခေါင်းမာတဲ့ ကိုယ့်အကြောင်း သိထားလို့လည်း အဖေရော အမေရောက ပံ့ပိုးဖို့ပဲ ဆုံးဖြတ်ခဲ့ပုံပါ .. အမေကတော့ တားချင်ပေမယ့် အဖေကတော့ အားပေးခဲ့တယ် .. အဖေက ကိုယ့်ကို အယုံကြည်ဆုံး .. ဒီယုံကြည်ထားတဲ့ စိတ်ကိုလည်း စိတ်ပျက်စရာ မဖြစ်အောင် ကြိုးစားရဦးမယ် .. အမေကတော့ မိန်းမသား ပီပီ စိတ်ပူတယ် .. ခုချိန်ထိ စိတ်မချနိုင်သေးဘူး .. ဓါတ်ပုံတွေ ပို့ပေးလို့ ဘေးနားက တွဲရိုက်ထားသမျှ အကုန် မေးတတ်တယ် ..

အဖေနဲ့ အမေနဲ့ မေတ္တာကို နားလည် လာလေလေ ကိုယ်တိုင် မိခင်ဖြစ်ရာမှာတောင် ကြောက်လာတယ် .. ကြွေးသစ်တွေယူပြီး ပူလောင်ရဦးမှာလားလို့လေ .. ခုတွေးမိလို့သာပါ .. တကယ်တော့ ဝေးနေပါသေးတယ် .. ကိုယ်တိုင်လည်း သိတယ် .. အရည်အချင်း မရှိသေးဘူးလို့ ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...