Tuesday, April 28, 2009

ညီမျှချက် (သို့) မညီမျှချက်

ရေစက်က တော်တော်ဆန်းကျယ်တယ် .. တနေရာစီကနေ ဆုံတွေ့ကြတယ် .. တွေ့ကြတယ် .. ခင်ကြတယ် .. ရေစက်ကုန်တော့လည်း အဝေးဆုံး ဝေးသွားပြန်တယ် .. ရေစက်ကုန်ပြီဆို တချိန်က သိပ်ချစ်ကြသူတွေ အမုန်းပွားကြတယ် .. အရင်က စကားတွေ တွတ်ထိုးနေတတ်ပေမယ့် ခုချိန် ပြောစရာစကားရှာမတွေ့ကြဘူး .. အရင်က မမြင်ရင် မနေနိုင်ကြသူတွေ မျက်နှာချင်းဆိုင် တွေ့ရင်တောင် မျက်နှာလွှဲသွားတတ်ကြတယ် .. ပုခုံးချင် တိုက်ခဲ့ကြတယ် .. ရေစက်ကုန်ပြီဆို ဘာမှမတတ်နိုင်ကြတော့ဘူး ..

ခင်ကြတယ်တဲ့ .. သိပ်ခင်တာပဲတဲ့ .. အမြဲတမ်းခင်ချင်တယ်တဲ့ .. ဘာလို့ခင်တာလဲ .. ဘာလို့အမြဲတမ်းခင်ချင်ကြတာလဲ .. အဲဒီအချိန်က သူ့အပေါ် ကောင်းခဲ့လို့ပေါ့ .. ကိုယ့်ပေါ်ကောင်းတဲ့လူကိုဆို လူတိုင်းက ခင်ချင်ကြတယ် .. ချစ်ကြတယ် .. သူက သိပ်ကောင်းတာကိုး .. သူမကောင်းတော့ရင်ရော .. မခင်တော့ဘူးလား .. မခင်ချင်တော့ဘူးလား ..

လူတိုင်းက အကောင်းဆုံးကို ရဖို့ မျှော်လင့်ကြတယ် .. ကောင်းမယ်လို့ထင်ရရင် အဲဒီအရာပေါ်ကို တွယ်တာတတ်ကြတယ် .. ကိုယ်မျှော်လင့်သလိုဖြစ်မလာရင် စိတ်ကုန်စိတ်ပျက်သွားတတ်တယ် .. ဆက်ပြီးလည်း အဲဒီအရာပေါ်ကို တွယ်မက်မနေကြတော့ဘူး .. တရားရဲ့လား .. ဖြစ်သင့်ရဲ့လား ..



ဘာကြောင့် သူ အရင်ကလို မကောင်းနိုင်တော့တာလဲ .. ဘာအကြောင်းရှိလဲ .. သူ့မှာ ခံစားချက်တွေရှိနေလား .. အခက်အခဲတွေရှိနေလား .. အဲလိုစဉ်းစားပေးတတ်တဲ့လူတွေ ရှိပေမယ့် ရှားပါးတယ် .. အများစုက ကိုယ့်ကိုယ်သိပ်ချစ်တဲ့ အတ္တ သိပ်ကြီးကြတယ် .. ကိုယ်အရင်ရချင်တယ် .. ကိုယ်က ပြန်ပေးနိုင်ဖို့ စဉ်းစားကြရဲ့လား .. သူ့လိုအပ်ချက်ဘာလဲ စဉ်းစားပေးရဲ့လား .. သူ့ဖို့ဆိုပြီး မစဉ်းစားပေးနိုင်ရင်တောင် သူခက်ခဲနေမလားလို့ နားလည်ပေးတတ်ကြရဲ့လား ..

တချို့က ကိုယ့်ခံစားချက်တွေကို ရင်သိပ်ဖွင့်ချင်တယ် .. သူသာ ကိုယ်ပြောတာတွေကို နားထောင်ပေးနေမယ် နှစ်သိမ့်ပေးနေမယ် နားလည်ပေးနေမယ် ၀င်ရောက်ခံစားပေးနေမယ်ဆို ဒီလူကို ခင်တွယ်လိုက်ကြတာ .. ချစ်လိုက်ကြတာ .. သူသိပ်ကောင်းတာပဲ .. ငါ့ကို သိပ်နားလည်ပေးတာပဲ .. အရမ်းသဘောကျကြတယ် .. နားမထောင်ပေးနိုင်တဲ့အခါ ၀င်ရောက်ခံစားပေးဖို့ အချိန်မပေးနိုင်တဲ့အခါ သူငါ့ကို ဂရုမစိုက်ဘူး အလေးအနက်မထားဘူး ငါကတော့ သူ့ကိုချစ်လိုက်ရတာ သူကတော့ဆိုပြီး စကားသံတွေနဲ့ ကိုင်ပေါက်တတ်ကြတယ် .. တရားပါရဲ့လား .. ကိုယ့်မှာပဲ အခက်အခဲရှိတတ်သလား .. သူက အားလုံးပြည့်စုံနေသူလား .. သူ့မှာရော အပူအပင်မရှိဘူးလား .. အခက်အခဲမရှိဘူးလား ..

နဲနဲလေးတော့ တွေးပေးစေချင်တယ် .. ကိုယ်ကပဲရချင်နေသလား .. ဒါဟာ တရားပါရဲ့လား .. ကိုယ်က နဲနဲပေးပြီး များများလိုချင်နေမိလား .. ဒါဟာ တရားမျှတပါရဲ့လား .. နောက်ဆုံးမေးချင်တာက ကိုယ့်ဘက်ကနေ အရင်ဆုံး ပေးဖို့ စဉ်းစားမိဘူးလား .. ကြိုးစားမိဘူးလား ..

သူ့ကိုဘာလို့ချစ်တာလဲ .. သူသိပ်ကောင်းလို့ပါ ..

Monday, April 27, 2009

ကျမ၏ ဖွားဖွားကြီး

သူမသည် ထက်မြက်သော ပြတ်သားသော သတ္တိရှိသော မြန်မာအမျိုးသမီးတယောက်ဖြစ်ပါသည် .. တရုတ်သွေးစပ်သော အသားအရောင် ရုပ်ရည်မျိုးဖြင့် ငယ်စဉ်ကတော့ လှပနေပါလိမ့်မည် .. အရပ်နိမ့်နိမ့် ဖြူဖြူဖွေးဖွေးနှင့် မျက်နှာမှာ ပြုံးယောင်သန်းနေတတ်သောသူမသည် ကျမ၏ ဖခင်ဘက်မှ အဖွားရင်းပင်ဖြစ်လေသည် ..

ဖွားဖွားကြီးသည် အမြဲ ဆံပင်ကို ဘီးစပတ်ပတ်ထားလေ့ရှိသည် .. ဖွားဖွားကြီးကိုယ်မှ သနပ်ခါနံ့သင်းသင်း အမြဲရတတ်သည် .. ငွေရောင်ဆံပင်တွေကို အနက်မဆိုးပဲ အရှိအတိုင်းထားတတ်သည် .. အမြဲတန်း ပုတီးတကုံးနှင့် စင်္ကြန်လျှောက်နေလေ့ရှိသည် .. ဖွားဖွားကြီးကို ကြည့်လိုက်လျှင် အမြဲတမ်း သန့်ရှင်း သပ်ရပ်နေတတ်သည် .. အေးချမ်းနေတတ်သည် .. အဖြူရောင် အကျီနှင့် ပါတိတ်ထမိန်ကို အမြဲဝတ်ဆင်ထားလေ့ရှိသည် ..

ဖွားဖွားကြီးတွင် သား ၁၁ ယောက်နှင့် သမီးရှားရှားပါးပါး ၁ ယောက်ရှိသည် .. သားတိုင်းသည် အမေအပေါ် သိတတ်ကြပြီး စကားလည်း နားထောင်တတ်တာ ကျမ မျက်မြင်ဖြစ်သည် .. ဖွားဖွားကြီးရှိစဉ်က ကျမတို့ တိုက်သည် အမြဲတမ်း စည်ကားလျှက်ရှိသည် ..



ဖွားဖွားကြီးသည် မိန်းမ ပီသလွန်းသော မိန်းမတယောက်ဖြစ်ခဲ့သည် .. ဇာထိုး ပန်းထိုး စက်ချုပ် လက်ချုပ် အကုန်ရသည် .. ငယ်စဉ်က ဖွားဖွားကြီးလက်ရာ ခြုံထည်လေးတထည်ရဖူးသည် .. အချုပ်အလုပ်ပညာကိုတော့ အမွေမရခဲ့ပါ .. ကျမ၏ ညံ့ဖျင်းချက်ပင်ဖြစ်လေသည် .. ဖွားဖွားကြီးချုပ်ထားသော စပ်စောင်များ အ၀တ်အထည်လေးများကို ဟိုလူ ဒီလူစီမှ တွေ့ရတတ်သည် .. ကျမပြန်ကြားရတာကတော့ ဖွားဖွားကြီးပညာအမွေအဖြစ် ဘယ်မြေးတယောက်မှ မရဟူသတည်း ..

ဖွားဖွားကြီးသည် လူပုံ နွဲ့နွဲ့နှင့် အလွန် စိတ်မာ ပြတ်သားသော သတ္တိရှိသော မြန်မာအမျိုးသမီးတယောက် ဖြစ်ပြန်လေသည် .. မွေးထားတာ သားချည်းဖြစ်သော်လည်း အဖွားကို လွန်ဆန်ရဲသူမရှိအောင် အဖွားက အာဏာရှိသူဖြစ်သည် .. အဖွားခွင့်မလွှတ်မည့်အလုပ် မည်သူမျှမလုပ်ရဲပေ .. လုပ်မိခဲ့လျှင်လည်း အဖွားက ပြတ်သားစွာ လှည့်ပင်မကြည့်တတ်သူဖြစ်သည် .. စကားကိုလည်း နှစ်ခွန်းမဆိုတတ်ပေ .. အဖွားသည် သားများကို လူလိမ္မာ လူယဉ်ကျေး များဖြစ်အောင် လူဝင်ဆန့်အောင် သင်ပြပေးနိုင်ခဲ့သူဖြစ်သည် .. အဖွား၏ သားများသည် ညီအကိုချင်း ညီအကို စိတ်ဓါတ်ရှိပြီး တပါးသူအပေါ် ညှာတာတတ်သော နားလည်ပေးနိုင်စွမ်းရှိသော လူများဖြစ်အောင် မွေးထုတ်ပေးနိုင်ခဲ့လေသည် ..

အခုဆိုလျှင် အဖွားဆုံးသည်မှာ ၁၀စုနှစ်တခုကျော် ကြာမြင့်ခဲ့ပြီ .. အဖွားအသက် ၈၂ နှစ်တွင် ဆုံးပါးခဲ့သည် .. အဖွားဆုံးသောအခါ မဆုံးခင်မှာခဲ့သည့်အတိုင်း ခန္ဓာကိုယ်ကို စစ်ဆေးရုံတွင် လှူဒါန်းခဲ့သည် .. ကျမတို့ အဖွားဆုံးပြီးချိန် ရောက်ရှိသွားခဲ့ပြီး နောက်ဆုံး ရှိခိုးကန်တော့ကာ ရေခဲတိုက်ထဲသို့ ပို့ဆောင်ပေးခဲ့သည် .. ရေခဲတိုက်တံခါးပိတ်လိုက်သံအဆုံးတွင် အဖွားကျမတို့နှင့် ဘ၀ခြားခဲ့ပြီဟု ယုံကြည် လက်ခံလိုက်ရသည် ..

အဖွားဈာပနအတွက် ကျမတို့အားလုံး ငူငူငိုင်ငိုင်နှင့်ပြီးဆုံးခဲ့သည် .. အသုဘချစရာမလို အခင်းအကျင်းမလို .. အသုဘအိမ်သည် အသုဘအိမ်နှင့် မတူခဲ့ .. ရက်လည်ဆွမ်းကျွေးခြင်းတခုသာ အဖွားဈာပနအတွက် ပြုလုပ်ခဲ့ရသည် .. စိတ်ဓါတ် ထက်သောအဖွား .. အေးအေးဆေးဆေးနေတတ်သောအဖွားသည် နောက်ဆုံးအချိန်ထိ ငြိမ်းငြိမ်းချမ်းချမ်း ထွက်ခွာသွားခဲ့သည် .. ကျန်ခဲ့သူတွေမှာတော့ ငိုင်တိုင်တိုင် .. အဖွားကတော့ ငြိမ်းချမ်းနေလေပြီ ..


Thursday, April 23, 2009

တွေ့ချင်မြင်ချင်မိသော ၁၀ ဦးသော ပုဂ္ဂိုလ်များ

အတွေ့ချင်ဆုံး (၁၀)ယောက်တဲ့ .. တော်တော်ရွေးရခက်တဲ့မေးခွန်းပါပဲ .. စိတ်ထဲကအတိုင်းပြောရရင် ခုခင်မင်နေသမျှ သူငယ်ချင်း မိတ်ဆွေတွေအကုန်လုံးကို မြင်တွေ့ချင်တယ် .. ပြင်ပမှာပါ ခင်မင်ခွင့်ရချင်တယ် .. ဖြစ်နိုင်ရင် ဘလော့က သူငယ်ချင်းတွေအကုန် ကျမလေးစားချစ်ခင်ရတဲ့အကိုတွေ အမတွေအကုန် .. စီနီယာ ဂျူနီယာတွေအားလုံး မြန်မာနိုင်ငံမှာ တစုတစည်းထဲ ဘလော့ဂါတွေ့ဆုံပွဲဆို လုပ်ဖြစ်ရင် တော်တော်ကောင်းမယ်နော် .. စိတ်ကူးပေါ့ .. ဖြစ်ဖို့ကတော့ မနီးသေးပါဘူး .. ငါမမှီတော့ဘူးဆိုတာလိုများဖြစ်မလားပဲ .. ကျမကလည်း မြန်မာနိုင်ငံမှာပဲ အဲဒီပွဲကိုလုပ်ချင်တာကိုး .. (စပွန်ဆာ အလိုရှိသည် ..) :D

သေချာစဉ်းစားပြီးရွေးထုတ်လိုက်ရတာ တော်တော်အုန်းစားသွားတယ် .. ဟိုလူ့လည်းတွေ့ချင် ဒီလူ့လည်းတွေ့ချင် .. သတ်မှတ်ထားတာက (၁၀)ယောက်ဆိုတော့လည်း ၁၀ယောက်ပဲရွေးရတော့မှာပေါ့ .. အဆစ်လေးများတောင်းလို့ရမလားမသိဘူး .. :D

ကျမရောက်ဖြစ်တဲ့ဆိုက်တွေ တော်တော်များများကိုလင့်လုပ်ထားဖြစ်တယ် .. စာတွေကိုမလွတ်တမ်းဖတ်ချင်တာကိုး .. စာဖတ်ရတာကြိုက်တော့ စာတွေရေးတဲ့ မိတ်ဆွေတွေကိုလည်း စိတ်ထဲက ခင်မင်နေမိတယ် .. ဒါကြောင့်မို့ဖြစ်နိုင်မယ်ဆိုရင် အားလုံးနဲ့တွေ့ဆုံ ခင်မင်ခွင့်ရချင်ပါတယ် .. နောက်များမှပေါ့ .. ခုတော့ ၁၀ယောက်ကိုပဲ ချရေးလိုက်ပါ့မယ် ..

စိတ်မှန်းနဲ့ ကြီးစဉ်ငယ်လိုက် ချရေးလိုက်ပါတယ် ..း) (စိတ်မှန်းလို့ပြောထားတယ်နော် .. မှားရင်သည်းခံပါ :D)

မသက်ဇင်၊ မဆုမွန်တီချမ်းကိုဇူလိုင်လင်းကြယ်ဖြူမနောသားသဇင်မောင်မျိုးနွေးနေခြည်ဖြိုးမော် တို့ကို တော်တော် ခက်ခက်ခဲခဲ ရွေးထုတ်လိုက်ရပါတယ် ..

လူတွေရွေးပြီးပြီဆိုတော့ ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်လေးက လိုလာပြန်ရော .. ဘာလို့တွေ့ချင်တယ် ဆိုတာလေးကိုလဲ သည်းခံပြီးဆက်ဖတ်လိုက်ပါဦးနော် ..




မသက်ဇင်
မသက်ဇင်ကစာရေးကောင်းတယ် .. ဖြည်းဖြည်းချင်းလူကိုဆွဲခေါ်သွားလိုက်တာ ပုဂံရော ပုပ္ပါးရော ရောက်သွားတယ် .. ဒါတောင် ဖတ်ရတာ မကုန်သေးဘူး .. အပိုင်းလိုက်ရေးထားတဲ့ ခရီးသွားမှတ်တမ်းတွေကို ပရင့်ထုတ်ပြီး အေးအေးဆေးဆေး အစအဆုံးထိုင်ဖတ်မယ်လို့ စဉ်းစားထားပါတယ် .. လူကြီးအလစ်ကိုချောင်းနေလို့ပါ .. :D အမရဲ့စာတွေကိုဖတ်ရတာ ဗဟုသုတရော ရသပါခံစားရလို့ အရမ်းနှစ်သက်မိပါတယ် .. ပြီးတော မသက်ဇင်က ကျမရေးတဲ့စာတွေဖတ်ပြီး လာလာအားပေးတတ်တယ် .. အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ် .. အခွင့်ကြုံရင်တော့ အမပြောပြမယ့် သမိုင်းကြောင်းတွေ ထိုင်နားထောင်ချင်နေပါတယ် ..

မဆုမွန်
မဆုမွန်ရဲ့အသက်ကို သွားကြည့်တော့ မတွေ့ပါဘူး .. ဒါနဲ့ lady first ဆိုပြီး ကိုဇူလိုင်တို့ တီချမ်းတို့ ရှေ့မှာထားလိုက်ပါတယ် .. မဆုမွန်ဆီသွားလည်ရင် ပွင့်ပွင့်လင်းလင်းနဲ့ အမှန်တရားတွေရေးထားတတ်လို့ မသိတာတွေ သိလာရပါတယ် .. မဆုမွန်ရေးတဲ့ သတင်းတွေကိုလည်း စိတ်ဝင်စားပါတယ် .. မဆုမွန်ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မြင်ယောင်လာမိတယ် .. ရင်းရင်းနှီးနှီး ညီမလေးခေါ်တတ်လို့ တွေ့ချင်မြင်ချင်မိပါတယ် .. မဆုမွန်နဲ့တွေ့ဖြစ်ရင်တော့ လေထဲမှာ နေရတဲ့အရသာကို မေးမိဦးမယ်ထင်ပါတယ် .. လောလောဆည် မတည်မငြိမ်ဖြစ်နေတဲ့နေရာမှာ နေနေရလို့ ဘေးအန္တရယ် ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် .. ချစ်တဲ့ ညီမတို့ နိုင်ငံဆီလည်း အမြန်ဆုံးခြေဦးပြန်လှည့်နိုင်ပါစေ ..

တီချမ်း
အားလုံးရဲ့ အချစ်တော် ပရီမီယာကြိုက်တဲ့ တီချမ်းပါ .. တီချမ်းဆီသွားလည်ရင် အစားအစုံမြင်ရတယ် .. (စားလို့တော့မရ :D) သီချင်းတွေ ခံစားချက်နဲ့ နားထောင်နိုင်တယ် .. တီချမ်းရဲ့ အချစ် အလွမ်းတွေကို ၀င်ရောက်ခံစားမိတယ် . ဒသနတွေနဲ့ တချို့ကျ ပေါ့ပေါ့ပါးပါးဖတ်စရာလေးတွေလည်းရှိသေးတယ် .. ပြီးတော့ လူကိုလည်း ဆိုက်ကို တက်စ် စစ်လိုက်သေးတယ် .. ဖြေတာဟုတ်မှ မဟုတ်ရင် .. ??? :P တီချမ်းကိုတွေ့ချင်တယ် .. တီက တွေ့ရင် စားချက်တာချက်ကျွေးမယ်ပြောထားတာကိုး .. မျှော်လင့်ချက်လေးနဲ့ပေါ့ .. :D တီလည်း အန္တရယ်ကင်းပါစေ .. ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဒီကနေဆုတောင်းပေးလိုက်ပါတယ် .. သြော် .. လက်တွဲဖော်နဲ့မြဲဖို့ရော ဆုတောင်းပေးရဦးမလား .. တီရာ မြဲနေရင် အသစ်မရပဲနေမှာပေါ့ .. :D တီရေ အဆင်ပြေရင်တော့ တီချက်ကျွေးတာတွေစား .. တီပြောမယ့် ဒသနတွေ အချစ်အကြောင်းတွေ နားထောင်ချင်ပါသေးတယ် ..း) ပရီမီယာလေးပါတိုက်နော် ..

ကိုဇူလိုင်
ကိုဂဏန်းကောင်ကြီးကိုတော့ သွေးလှူဒါန်းတဲ့စာတွေ မီးသတ်သမားအကြောင်းရေးထားတဲ့စာတွေကစပြီး ခင်သွားမိတာပါ .. ပြီးတော့ လူ့ကန့်လန့်ကြီးဆိုတော့လည်း မြင်ဘူးချင်မိသား .. ကိုဇူလိုင်ရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို လေးစားမိတယ် .. (မြှောက်ထားမှ:P) ကိုဇူလိုင်ရဲ့စာတွေကနေ အတွေးတွေရမိတယ် .. စဉ်းစားစရာတွေ ပေါ်လာတတ်တယ် .. ဗဟုသုတရပါတယ် .. တခါတခါကျတော့ လွမ်းစရာလေးတွေပေးတတ်ပြန်ရော .. အလွမ်းဓါတ်ခံရှိတယ်ထင်တယ် .. တယောက်တည်းလွမ်းရတာအားမရလို့ တခြားလူတွေကိုပါ နှိပ်စက်တယ် :P .. ပြီးတော့ ကိုဇူလိုင်မှာ စာအုပ်တွေအများကြီးတဲ့ .. ကြုံရင် ငှားဖတ်ဦးမှ ..

လင်းကြယ်ဖြူ
သူတက်တာလေ .. သူတက်လို့ ဒီမှာ ဦးနှောက်ခြောက်နေရတာ .. :D စကားလည်း မပြောဘူးပါဘူး .. ဘလော့မှာပဲ သွားသွားလည်ဖြစ်တယ် .. အတွေ့အကြုံတွေ ဝေမျှတတ်လို့ လည်ရင်းလည်ရင်းကနေ လည်သွားတာပါ .. မှားလို့ ခင်သွားတာပါ :P .. ကျမနဲ့အသက်သိပ်ကွာမယ်မထင်လို့ ရွယ်တူလို ဆက်ဆံမိပါတယ် .. အသက်ဘယ်လောက်ဆိုတာလဲ ပြောမှမထားတာ .. ဟိုနေ့ကတော့ ဘယ်လိုကြောင့် အကိုကို အိုးမဲသုတ်ချင်ရတာလဲလို့လာပြောသွားတယ် .. ဒီတော့ နဲနဲတော့စဉ်းစားသွားတယ် .. အသက်များကြီးနေသလားလို့ ..း) သတိထားမိသလောက်ကတော့ တခြားစာတွေ သိပ်ရေးတာမတွေ့ပဲ ဗဟုသုတရစရာလေးတွေ ရေးတတ်ပါတယ် .. ဒါပေမယ့် သင်္ကြန်ကျတော့ ဓါတ်ခံရှိတယ်ထင်တယ် .. ကဗျာတွေရေးလို့ .. ခံစားချက်ရှိတယ်ထင်တယ် .. တွေ့ရင်တော့ အင်တာဗျူးဖြစ်မယ်ထင်ပါတယ် ..း)

မနောသား
သယ်ရင်းကတော့ ဘလော့စလုပ်တည်းက တခုခုဆို သူ့ပဲပြေးပြောနေရတာ .. ကျေးဇူးရှင်ကြီးပေါ့ .. နားပူနားဆာလုပ်ရတာလဲ ခဏခဏ .. ကူညီတတ်တော့လည်း အကူညီတောင်းခံရတာပေါ့ဟာ .. ဂုဏ်ယူလိုက်ပါ :D .. မနောသားရဲ့ နည်းပညာစာတွေကိုဖတ်ပြီး ကလိရတာပျော်စရာကောင်းပါတယ် .. ခုလိုသိတဲ့လူတွေ ဝေမျှပေးနေလို့လဲ ကျမတို့ နောက်က ကောက်စားလို့ရတာပါ .. (ကောက်စား=မနောသားပြောတဲ့စကားပါ ..း) .. ပြီးတော့ သူက ကဗျာရေးလည်းကောင်းသေးတယ် .. ကြည့်ရတာ ခံစားချက်တွေရှိနေဘီနဲ့တူတယ် .. :D မနောသားရဲ့စာတွေအတွက် ဝေမျှမှုတွေအတွက် ကျေးဇူးလည်းတင်ပါတယ် .. ခင်လည်းခင်တယ် .. နောက်လိုရင်လည်း အကူအညီတောင်းဦးမယ်လို့ ..

သဇင်
ဘလော့လုပ်ပြီးနောက်ပိုင်း စစချင်း ခင်ဖြစ်တာ သဇင်ပါ .. ကော့မင့်ပထမဆုံးပေးတာ သဇင်ပါ .. နောက်ပိုင်းတော့ ကျမဆီကို တန်ဖိုးရှိတဲ့စာလေးတွေ မေးကနေ ပို့ပို့ပေးတတ်ပါတယ် .. သဇင့်စာလေးတွေကလည်း အရမ်းဖတ်လို့ကောင်းပါတယ် .. သဇင်ရေးထားတာလည်းအစုံပဲ .. ကဗျာ ကျန်းမာရေးကအစ ဘာသာပြန်အဆုံးပဲ .. ခုနောက်ပိုင်းတော့ သိပ်မရေးဖြစ်ဘူးထင်တယ် .. အသစ်သိပ်မတက်လာဘူး .. လွမ်းနေတယ် သဇင်ရေ .. အသစ်ရေးပါဦး ..

မောင်မျိုး
မောင်မျိုးနဲ့က အသက်တူတူပဲ .. ၂၃နှစ်ကို အပျိုကြီးလားတဲ့ .. သူက လူပျိုကြီးမဖြစ်ချင်သေးဘူးထင်တယ် .. ခုတော့ ဦးဇင်းလူထွက် .. သင်္ကြန်တွင်း ဘုန်းကြီးဝတ်တယ်ဆိုတော့ သာဓု သာဓု သာဓု .. မောင်မျိုးရဲ့စာတွေကိုဖတ်လိုက်ရင် ကိုယ်က သူ့စာထဲမျောသွားတယ် .. သူပြောတဲ့မြင်ကွင်းတွေကိုမြင်ယောင်လာမိတယ် .. သူပြောတာတော့ ပိန်ညှောင်ညှောင် မောင်မျိုးတဲ့ .. အမကိုလည်း အနိုင်ကျင့်တတ်သေးတယ် .. ပိန်လို့ပေါ့ .. ဗလတောင့်ရင်တော့ သူ့အမအတွက် မတွေးဝံ့ဘူး .. :D မောင်မျိုးရေးနေကျ သူ့ရွာလေးကို အတွေးနဲ့သွားလည်လိုက်တယ် .. ချစ်တဲ့ရွာလေးနဲ့ အမြန်ဆုံးပြန်လည်နီးစပ်ပါစေမောင်မျိုးရေ ..

နွေးနေခြည်
နေခြည်ကတော့ ကျမရဲ့စာတွေကို ဖတ်ပြီးအားပေးတယ် .. နေခြည်နဲ့ စကားအပြန်အလှန်ပြောရတာ စိတ်ထဲကနေရင်းနှီးမိတယ် .. အသက်လည်း ရွယ်တူပဲ .. လပဲကွာမယ် .. ဒါကြောင့်လည်း စိတ်ထဲရင်းနေမိတယ်ထင်တယ် .. စလုံးမှာပဲနေတာဆိုတော့ တရက်ရက်တော့ အပြင်မှာ ခင်မင်ခွင့်ရလိမ့်မယ်မျှော်လင့်ပါတယ် .. အိမ်ကိုလာလာလည်တတ်ပြီး စာတွေစိတ်ရှည်လက်ရှည်ဖတ်ပေးလို့ ကျေးဇူးနေခြည်ရေ ..

ဖြိုးမော်
အငယ်ဆုံးမောင်လေး ဖြိုးမော်အလှည့်ပေါ့ .. သူ့စာတွေဖတ်ရင်တော့ အသက်က အန်ကယ်ကြီးအရွယ်လို့ထင်ရလောက်တယ် .. ပြီးတော့ ဒီစာကိုဖတ်ပြီးရင်လည်း တချိန်လုံး :D:P:) တွေပါနေလို့ သဘောကောင်းမယ်ထင်ရတယ် .. ဟုတ်မဟုတ်တော့မသိဘူးလို့ တွေးနေဦးမလားမသိဘူး .. ကျမကလည်း စာရေးပြီဆို အဲလိုလုပ်လိုက်ရမှ .. သူ့စာတွေဖတ်ရတာလည်း အတွေးတွေရစေတယ် .. ငယ်ငယ်လေးနဲ့ တော်ပါတယ် .. ငယ်ပေမယ့် တန်ဖိုးရှိတဲ့စာတွေ အတွေးတွေ ပေးတတ်လို့ လေးစားမိပါတယ် .. နောက်လည်း ဖြိုးမော်ထပ်ရေးမယ့် စာတွေကို အားပေးဖို့ စောင့်မျှော်နေပါတယ် ..

ကဲ .. ၁၀ယောက်တော့ပြည့်သွားပြီ .. တကယ်တော့ ရေးမယ်ဆို ရေးစရာတွေရော ရေးရမယ့်လူတွေရော ကျန်နေပါသေးတယ် .. ခုတော့ စာလည်းများနေပြီ လက်လည်းညောင်းနေပြီ ဖတ်တဲ့လူလည်းပျင်းနေလောက်ပြီ .. ဆိုတော့ကာ .. တော်သေးဘီ ..

ပြီးတော့ အခုတွေ့ချင်တဲ့လူတွေကိုပဲ ဆက်တက်ချင်ပါတယ် .. အားတဲ့အခါလေးရေးပေးပေါ့ .. အဆင်ပြေမှပါ .. အဆင်မပြေလည်း ပြေအောင်လေးလုပ်ပြီး ရေးပေးပေါ့နော့ .. ကိုယ့်ခင်လို့တက်တာပဲဟာ .. :D

Wednesday, April 22, 2009

ဗြုတ်စဗျင်းတောင်း

ကျမက တော်တော်ကြောက်တတ်ပါတယ် .. ကြောက်တဲ့အရာတွေကလည်း ခပ်များများရယ် .. သရဲဆိုလည်းကြောက် .. အကောင်ဗလောင်ဆိုလည်းကြောက် .. ရန်ကုန်မှာမိုးရွာလို့ တီကောင်တွေမြင်ရင်တောင်ကြောက်တတ်တယ် .. ပိုးဟပ်မြင်ပြီဆိုလည်း ဘယ်နားပြေးရှောင်ရမှန်းကမသိ .. ကိုယ်ကပြေးလိုက်ပြီဆိုတာနဲ့ ဘာဓါတ်လဲမသိဘူး .. ပိုးဟပ်က ကိုယ်ပြေးတဲ့ဘက်လိုက်ပြေးတာလည်း အခေါက်တိုင်း .. ကိုယ်ကကြောက်လို့ လွတ်တဲ့ဘက်ပြေး .. သူကကြောက်လို့ကိုယ့်ဘက်လိုက်ပြေး အိုး ရှုပ်ရှက်ကိုခပ်နေတာ .. တယောက်တည်းနဲ့ .. အကောင်ဆို သေးသေးလေးကအစ အကြီးကြီးထိကြောက်တယ် .. အိမ်မွေးတိရစ္ဆာန်တွေကိုတော့ မကြောက်တတ်ဘူး .. ချစ်ချင်တဲ့အချိန်ချစ်တယ် .. (စိတ်က အစိုးမရတာလေ ..) ချစ်ဖို့ကောင်းတဲ့အချိန် ကိုယ်စိတ်ကြည်နေတဲ့အချိန်ဆို ကြောင်တွေခွေးတွေကို ပွတ်သီးပွတ်သတ်လုပ်သလောက် စိတ်မထင်ရင်မထင်သလိုလည်း ဖြစ်ညစ်တတ်သေးတယ် ..

သရဲဆိုတာကိုတော့ဘာလို့ရယ်မသိဘူး .. တွေးတွေးပြီးကိုကြောက်တာ .. မေကြီးကပြောတယ် .. သမီးအရင်က မကြောက်တတ်ပါဘူးတဲ့ .. ဟုတ်တယ် အရင်က မကြောက်တတ်ဘူး .. ခုနောက်ပိုင်းမှကြောက်တတ်လာတာ .. ရန်ကုန်မှာတုန်းက သူငယ်ချင်းတယောက်က အမြဲတမ်းသရဲကားယူယူလာတယ် .. အဲဒါကို ကြည့်ကြည့်ပြီး နောက်ပိုင်းကြောက်တတ်သွားတာ ..

သူယူလာတာ သရဲကားက နိုင်ငံပေါင်းစုံက .. တခြားသူငယ်ချင်းတွေကလည်းပေးတယ် .. ဂျပန်သရဲကားတွေရော ကိုရီးယားသရဲကားတွေရော .. သူတို့ကြည့်တော့ ကိုယ်လည်းကြည့်ချင်တာပေါ့ .. ကြည့်ပြီးရင် ရေမချိုးရဲဘူး .. ရေချိုးခန်းဝမှာ တယောက်ကိုစောင့်ခိုင်းပြီး အထဲက တချိန်လုံးအော်နေတာ .. အဲလိုသတ္တိကကောင်းတယ် ..

သရဲတွေကလည်း ခြောက်ပုံခြောက်နည်းကအစုံ .. ရေထဲကထွက်လာလိုက် .. ဓါတ်လှေကားကထွက်လာလိုက် .. ရေပန်းက သွေးတွေကျလိုကျ .. ဟင်း .. ကြည့်ပြီး တွေးတွေးကြောက်တာ .. မျက်နှာသစ်နေတုန်း မျက်လုံးလဲဖွင့်လိုက်ရော ကိုယ့်မျက်နှာရှေ့တည့်တည့်မှာ ကိုယ့်ကိုရီပြီးကြည့်နေမလား .. မှန်ကြည့်တုန်း ကိုယ့်နောက်က ပေါ်လာမလား .. ကုတင်အောက်ပဲရောက်နေမလား .. ကြောက်လိုက်ရတာ .. တရေးနိုး ကုတင်အောက် ခြေထောက်တောင် မချရဲဘူး .. မဖြစ်မနေထရရင်လည်း ခြင်ထောင်ထဲ အမြန်ဒိုင်ဗင်ပစ်ဝင်တာ .. အဲလိုဖြစ်တယ်ဆိုတော့ သူငယ်ချင်းတယောက်ကမေးတယ် .. နင်က အခြောက်ခံဘူးလို့လားတဲ့ .. အခြောက်သာခံရရင် ငါ့ကိုဒီလိုတောင်မြင်ရတော့မှာမဟုတ်ဘူးလို့ပြောလိုက်တယ် .. သတ္တိကောင်းပုံများ .. :P

ငမန်းကား မိကျောင်းကားတွေကိုလည်းသိပ်ကြိုက်တာ .. ကြည့်ပြီးတွေးကြောက်တာပဲ .. အုတ်ကန်ထဲ ရေခွက်နဲ့ရေခပ်နေတုန်း ဘွားဆိုပေါ်လာမလား .. ကိုယ့်လက်ကိုပဲ လှမ်းဆွဲမလား .. တွေးမိတော့လည်းရီချင်တယ် .. :D တကယ်က အိမ်က အုတ်ကန်ကဖြင့် သေးသေးလေး ..

လူသတ်များကြည့်ပြီးရင်တော့ သွေးသံရဲရဲတွေကို အိမ်မက်ထဲထိမြင်ပြီး ကောင်းကောင်းအိပ်လို့မရ .. အဲဒီလူသတ်ကားနေရာမှာလဲ ၀င်ပြီးခံစားလိုက်သေးတယ် .. ကိုယ့်နောက်က လိုက်လို့ ပြေးပြေး .. ပုန်းစရာနေရာရတော့ ကိုယ်ကပုန်းနေတာပေါ့ .. လူသတ်သမားကြီးက ခြေသံပေးပြီးလျှောက်လာ .. ကိုယ့်ဘက်ကို သူကမမြင် .. ကိုယ်က စိတ်ချရပြီထင်တော့မှ သူက ကိုယ့်ဘက်ကို ဗြုန်းကနဲလှည့်ကြည့် .. အိုး တွေးတွေးကြောက်လိုက်ရတာ အစုံပါပဲ ..

ဒါတွေအကုန် အတုတွေအစစ်အမှန်မဟုတ်ဘူးဆိုတာသိသိကြီးနဲ့လည်း တွေးကြောက်တာပဲ .. သေချာတွေးမိရင်တော့ ရီရတယ် .. တကယ် တယောက်တည်းနေရပြီဆိုရင်တော့ ရေချိုးခန်းထဲတောင်မ၀င်ရဲဘူး .. :P

အင်္ဂလိပ်ကားမပြောနဲ့ ကိုယ့်မြန်မာပြည်က မြန်မာမင်းသားမင်းသမီးတွေ မြင်နေကျလူတွေရိုက်တဲ့သရဲကားတွေတောင် သေချာမကြည့်ရဲဘူး .. သရဲဆိုတာနဲ့ စိတ်က အလိုလို ကြောက်စိတ်ဖြစ်မိနေတာဖြစ်မယ် .. ကိုယ်သာ မကြည့်ရဲတာ ရှေ့ဘာဖြစ်မယ်ဆိုတာတော့ သိပ်သိချင် .. လူ့စိတ်များခက်လိုက်တာ .. ရှေ့လျှောက်လည်း ဆက်ကြောက်နေမိဦးမယ်ထင်တယ် .. သရဲကား လူသတ်ကားလည်း ကြုံရင်ကြုံသလို ကြည့်မိနေဦးမှာ .. တယောက်တည်းတော့မဟုတ်ဘူး .. အဖော်ကောင်းရင် .. :D




Tuesday, April 21, 2009

ထာဝရချစ်သူ (၂)

ထာဝရချစ်သူ (၁)

ကျမမျက်လုံးတွေေ၀၀ါးစွာနဲ့ မငိုဘူးထိန်းထားတဲ့ကြားက မျက်ရည်ပေါက်တွေ ပါးပြင်ပေါ်လိမ့်ဆင်းသွားတယ် .. မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်တယ် .. မပျော့ညံ့စမ်းနဲ့ မိယွန်း ..

"ယွန်း ရန်ကုန်ပြန်ရောက်နေပြီလား .. မောင် ယွန်းကို အရမ်းသတိရနေတာ .. ယွန်းမောင့်ဆီဖုန်းဆက်တော့ မောင်ဝမ်းသာလိုက်တာ .." သြော် .. အရမ်းသတိရနေလို့ ၁နှစ်လောက် အသံမကြားလူမမြင်နေတာပေါ့နော် ..

"ယွန်း .. မောင်ယွန်းနဲ့တွေ့ချင်တယ် .. ယွန်းလာနိုင်မလားဟင် .." ယွန်းကို ချည်နှောင်ချင်တုန်းလား မောင်ရယ် .. စကားလုံးတွေနဲ့ မချည်နှောင်ပါနဲ့တော့ .. နောက်တခါဆိုရင် ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး .. ယွန်းကို လွတ်လပ်ခွင့်ပေးပါတော့ ..

စိတ်ထဲက ငြင်းဆန်နေမိပေမယ့် တကယ်တန်း လက်တွေ့မှာတော့ မောင့်စကားတွေကိုတော့ ဥပက္ခာမပြုနိုင်ခဲ့ဘူး .. မောင့်စကားအခွန်းတိုင်းအပေါ် အလေးအနက်ထားပြီး တွေးပေးနေတတ်တုန်း .. မောင်နဲ့ ပတ်သက်တိုင်း ထိန်းချုပ်မှုမဲ့ခဲ့ရတာ မောင်နဲ့တွေ့ချိန်က စလို့ပေါ့ .. ကျမဘယ်တော့မှ မောင့်ပေါ်ထားတဲ့ခံစားချက်က ပြောင်းလဲသွားလိမ့်မှာ မဟုတ်ဘူးမောင် ..

"ယွန်း မောင်ပြောတာကြားရဲ့လား .. မောင့်ကိုစိတ်ဆိုးနေတုန်းလားဟင် .. မောင်ယွန်းကိုလာတွေ့ချင်တယ် .. သိပ်လွမ်းတာပဲ ယွန်းရယ် .." ယုံကြည်ရမှာလားမောင်ရယ် .. ကျမစိတ်ဓါတ်ကိုက ပျော့ညံ့လွန်းပါတယ် .. အနက်ရောင်ကို မြင်တွေ့နေပါရက်နဲ့ ဒါအဖြူပါလို့ မောင်ပြောနေရင်တောင် ကျမလိုက်ဖြူမိမလားပဲ .. အိုး ကျမ နုံအလိုက်လေခြင်း ..

"မောင် သိပ်နေနိုင်တာပဲနော် .." တုန်ရီနေတဲ့အသံကိုထိန်းရင် ပြောမိလိုက်တယ် ..
"ဒီလိုမဟုတ်ဘူး ယွန်း .. မောင် တွေ့ရင် အေးအေးဆေးဆေးရှင်းပြချင်တယ် .. မောင် ညနေ ယွန်းကိုလာတွေ့မယ်နော် .."
"အင်း .." ငြင်းဆန်မယ်စဉ်းစားရင်းက ခေါင်းညိမ့် လိုက်ရောမိပြန်တယ် .. ကိုယ့်ကိုယ်လည်း စိတ်ပျက်မိပါရဲ့ ..


။ ။ ။ ။ ။

သွေးသွေးကိုပြောပြမိတော့ အပြစ်တင်စကားတွေကြားရတယ် .. သွေးသွေးမေးတယ် .. "နင်သူ့ကို ယုံကြည်သလားတဲ့ .." ပြန်ဖြေဖို့အဖြေ ကျမမှာ မရှိခဲ့ဘူး .. နောက်ဆုံးတော့လည်း ကျမခေါင်းမာမှုကို သွေးသွေး အလျှော့ပေးခဲ့ရတယ် .. "စိတ်ကို သိပ်တော့နှစ်မထားနဲ့ မိရွှေယွန်း .. နင်မမှတ်သေးဘူးလားတဲ့ .." ကျမ ပြတ်သားချင်ပါတယ် .. ဒါပေမယ့် ..

။ ။ ။ ။ ။

ကားသံကြားလို့ မောင်လာပြီဆိုတာ သိလိုက်တယ် .. ကားပေါ်က ဆင်းလာတဲ့ မောင့်သွင်ပြင်က သိပ်ကိုလန်းဆန်းနေတယ် .. မောင်က အမြဲ ရွှင်လန်းတက်ကြွနေတတ်သူလေ ..

"ယွန်း .." မောင့်လေသံက ၁နှစ်နီးပါးခွဲခွာထားခဲ့တဲ့ ချစ်သူကို ခေါ်ပုံနဲ့မတူပဲ သိပ်နူးညံ့နေတယ် .. ကျမမျက်နှာကို စေ့စေ့ကြည့်လို့ မောင်က "ယွန်းကို သိပ်ချစ်တာပဲ .. ယွန်းကို သိပ်လွမ်းနေတာ .. ယွန်း မျက်နှာဘာလို့ ညှိုးနေတာလဲ .. မောင့်ကိုခုလိုတွေ့ရတာ မပျော်ဘူးလား .."
"သွေးသွေးက မောင့်ကို ကောင်မလေးနှစ်ယောက်နဲ့တွေ့တယ်ပြောတယ် .."
"ဟင် .. မဖြစ်နိုင်တာ .. မောင် ရန်ကုန်မှာ မရှိတာကြာပြီ ယွန်းရဲ့ .. ဒါကြောင့် ယွန်းနဲ့ အဆက်အသွယ် ပြတ်သွားတာ .. မောင့်အကိုဖြစ်ပါလိမ့်မယ် .. မောင့်မှာ ချစ်သူ ရည်းစားဆိုလို့ ယွန်းပဲရှိတာလေ .. ဒါကို ယွန်းသိသားပဲ .." ဟုတ်ပါတယ် .. မောင့်မှာ ချစ်သူဆိုလို့ ကျမတယောက်ပဲရှိတာ .. မောင်က လူရှုပ်လူပွေတယောက်မဟုတ်ဘူးဆိုတာတော့ ကျမယုံကြည်တယ် .. ကျမအပေါ်ထားတဲ့စိတ်က သာမန်သူငယ်ချင်း မိန်းကလေးတွေ ထက်ပိုတယ်ဆိုတာလည်း ကျမသိနေတယ် .. ဒါပေမယ့် အဲဒီမောင့်ခံစားချက်က ကျမအပေါ်ထားတဲ့အချစ်လားဆိုတာတော့ မသေချာခဲ့ဘူး .. ကျမစိုးရိမ်ပူပန်နေရတာလည်း အဲဒီအကြောင်းပဲ ..

တရက်တော့ မောင်ပြောလာတယ် ..
"ယွန်း ယွန်းကိုမောင် သိပ်ချစ်တာသိလား .."
"မောင့်ကို ယွန်းသိပ်ချစ်တာရော မောင်သိရဲ့လား .." မောင့်မေးခွန်းကို ပြန်မေးခွန်းထုတ်မိတော့
"သိတာပေါ့ .. ဒါကြောင့်လည်း ယွန်းကိုမောင်က ပိုပိုချစ်လာရတာ .." ကျမ သိပါတယ် .. မောင်ကျမကိုချစ်တာ ကျမက မောင့်ကိုသိပ်ချစ်နိုင်လွန်းလို့ဆိုတာ .. နာကျင်မိပေမယ့် ကျေနပ်လိုက်ပါတယ် ..

။ ။ ။ ။ ။
ခုတလော ကျမ အစာစားရင် သိပ်နင်တာပဲ .. လည်ပင်းက အစ်နေသလိုခံစားနေရတတ်တယ် .. ဆေးခန်း သွားမယ် သွားမယ်နဲ့ မသွားဖြစ်နိုင်သေးဘူး ..

ခုရက်ပိုင်း အလုပ်တွေသိပ်များတော့ အစားပျက်အသောက်ပျက် အလုပ်တွေ ပိနေမိတယ် .. လူကလည်း အားမရှိသလို ခံစားနေရပေမယ့် အလုပ်ကိုပဲ အာရုံကရောက်ပြီး ကိုယ့်ကိုယ်ဂရုမစိုက်နိုင်ခဲ့ဘူး .. တရက်တော့ ကျမဗိုက်ထဲက အရမ်းနာလာတယ် .. မဖြစ်တော့ဘူး .. ကျမ ဆေးခန်းသွားမှ ဖြစ်တော့မယ် ..

ညနေအလုပ်ကအပြန် မောင်လာကြိုရင်း တခါတည်းဆေးခန်းဝင်ပြဖြစ်တယ် .. ဆရာဝန်က စမ်းသပ်မှုတွေပြုလုပ်ပြီး အဖြေကိုမနက်ဖြန်လာယူဖို့ ချိန်းလိုက်တယ် ..

နောက်နေ့ ဆေးခန်းရောက်တော့ ..
"သြော် .. သမီး .. လာ .." ဒေါက်တာက စကားဆက်မပြောပဲ .. ကျမဆေးမှတ်တမ်းကို ကြည့်နေတယ် ..
"သမီး .. ဒေါက်တာတို့ ခုသံသယဖြစ်နေတာ .." ကျမ မျက်နှာကို ကြည့်ပြီး ဒေါက်တာက စကားကိုရပ်ထားလိုက်တယ် .. ကျမ ရင်တွေခုန်လှပြီ ..
"ဒေါက်တာ .. ဟို ခု ဘာတွေ့လို့လဲဟင် .."
ဒေါက်တာက ဂရုဏာသက်စွာကြည့်ရင်း ..
"သေချာအောင်ထပ်စစ်ဆေးသေးတာပေါ့သမီးရယ် .. ဆေးထိုးဆေးသောက်လုပ်ပြီး စောင့်ကြည့်သေးတာပေါ့ .. ခု ဆရာမတို့ ဆေးစစ်ချက်အရ သမီးမှာ အစာအိမ်ကင်ဆာဖြစ်နိုင်နေတယ် .. ကြိုးစားကြတာပေါ့ .. စိတ်ဓါတ်ကို လွှတ်မချလိုက်နဲ့နော် .. သမီး အခု အရမ်းလည်းအားနည်းနေတယ် .. အားရှိအောင် နေရမယ် .. ခုနည်းလမ်းတွေ ရှိလာနေပါပြီ .. နည်းမှန် လမ်းမှန်နဲ့ ကုသရင် .."
"တော်ပါတော့ ဒေါက်တာရယ် .." ကျမ စိတ်ဓါတ်တွေ ဟိုးအောက်ထိ ဆွဲချခံလိုက်ရသလိုပါပဲ .. ကျမအတွက် မျှော်လင့်ချက်ဆိုတာ ဘယ်နှစ်ရာနှုန်းလောက်များ ရှိမှာမို့လဲ .. ကျမ မျက်စိရှေ့တင် ကျမဦးလေးတယောက် အစာအိမ်ကင်ဆာရဲ့ ဝေဒနာတွေကို ခါးစည်း ခံစားသွားတာ ကျမမသိတာလိုက်လို့ .. ခုဆို ကျမက သေလူဖြစ်သွားပြီ .. ဘာလို့ ဒီလောက်ကံဆိုးရတာပါလိမ့် ..

။ ။ ။ ။ ။

ကျမ ကမ္ဘာမှာ အမှောင်တွေသာကြီးစိုးနေတယ် .. ကျမနိုးထလာတော့ တောအုပ်ကြီးတခုရှေ့မှာ .. သားရဲတိရစ္ဆာန်တွေရဲ့ အော်မြည်သံတွေကိုကြားနေရတယ် .. အနားမှာလည်း ဘယ်သူမှမရှိဘူး .. နောက်မှာတောအုပ်ကြီး တော့အုပ်ကြီးရှေ့မှာ ကျမတယောက်ထဲ .. ၀ံပုလွေတကောင် တောအုပ်ထဲက ထွက်လာတယ် .. ၀ံပုလွေအော်လိုက်သံက အားကိုးရာမဲ့နေတဲ့ကျမကို ပိုလို့ ကြောက်လန့်စေတယ် .. အတင်းကုန်းထပြီး ရှေ့တည့်တည့်ကို ပြေးထွက်လိုက်မိတယ် .. ကျမပြေးတာမြင်တော့ ၀ံပုလွေက ကျမနောက် ပြေးလိုက်လာတယ် .. ကျမလွတ်အောင်ပြေးမှဖြစ်မယ် .. ဘာလို့ ကျမတယောက်တည်းဖြစ်နေရတာလဲ .. ခုဘယ်ကိုရောက်နေတာလဲ ..

အိုး .. ရှေ့မှာ ချောက်ကြီး .. ချောက်ကြီးအောက်မှာ ရေစီးသံ ခပ်ကြမ်းကြမ်းကို ကြားနေရတယ် .. နောက်ကိုလှည့်ကြည့်လိုက်တော့ ဟို ၀ံပုလွေ .. ရှေ့မှာချောက် .. ကျမတယောက်တည်း အားကိုးရာမဲ့လိုက်တာ .. သရေတမြားမြားနဲ့ ၀ံပုလွေက ရှေ့ကိုတိုးလာတယ် .. ကျမဆုံးဖြတ်ချက်ချလိုက်ပြီး ချောက်ထဲခုန်ဆင်းလိုက်တယ် ..

မျက်နှာပေါ် ရေမှုန်ရေမွှားလေးတွေလာစင်တာကို ခံစားလိုက်ရတယ် .. အားယူပြီးမျက်လုံးဖွင့်ကြည့်တော့ မောင်က ပြူတင်းပေါက်တွေကို လိုက်ပိတ်နေတယ် .. မိုးရွာတာပေါ့ ..

မောင်ကျမကိုလှည့်ကြည့်ပြီး ပြုံးပြတယ် .. မောင့်အပြုံးက မပီပြင်ပြီ .. မျက်လုံးတွေ နီရဲနေတာကြည့်ခြင်းအားဖြင့် မောင်ငိုထားတယ် .. မောင်စိတ်ဆင်းရဲနေပြီထင်တယ် ..
"ယွန်း နိုးလာပြီလား .. ယွန်း သိပ်အားနည်းနေတယ် .. ဗိုက်ဆာပြီလားယွန်း .."
"မဆာပါဘူး မောင်ရယ် .. ယွန်းအနားမှာ နေပါလား .."
မောင် ကျမနားလာပြီး ကျမရဲ့ အားနည်းပိန်ချိနေတဲ့လက်လေးတွေကို လာဆုပ်ကိုင်တယ် ..
"မောင် .. ယွန်းမရှိတော့ရင် .."
"ယွန်း .. မောင်တောင်းပန်ပါတယ် .. အဲလိုစကားမျိုးမပြောပါနဲ့ .." ပြောရင်း မောင်မျက်ရည်ကျတယ် .. ကျမ စိတ်မကောင်းလိုက်တာ .. ဒီလိုဆိုတော့လည်း မောင်က ကျမအပေါ်ချစ်သားပဲလို့ ကျေနပ်လိုက်မိသေးတယ် ..
"မောင် ယွန်းကို သိပ်ချစ်တယ် .. မောင် ယွန်းအပေါ် မကောင်းခဲ့ဘူး .. မောင် ယွန်းအပေါ် အပြစ်လုပ်မိတယ် .. မောင့်အပြစ်တွေပါ .. ဒီအပြစ်တွေအတွက် ဒဏ်ခံရမယ်ဆိုရင်တောင် ဒီလိုနည်းနဲ့တော့ မခံပါရစေနဲ့ .. မောင့် ရင်တွေကွဲတော့မယ် ယွန်းရယ် .. ယွန်းနဲ့ မဝေးချင်ဘူး .. ယွန်းရဲ့ မျှော်လင့်ချက်တွေကို ဥပက္ခာပြုခဲ့ဘူးတယ် .. မောင်ဖျက်ဆီးခဲ့ဘူးတယ် .. အားလုံးက မောင့်အပြစ်တွေပါ .. ဒီဒဏ်တွေကို မောင်တယောက်ပဲခံချင်တယ် .. ဒီလိုအဖြစ်မျိုးနဲ့တော့ အပြစ်မပေးလိုက်ပါနဲ့ ယွန်းရယ် .."
"အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတာပဲမောင်ရယ် .. စိတ်ညစ်စရာတွေမပြောပါနဲ့တော့ .. မောင် ယွန်းကိုသိပ်ချစ်လား .. ဘယ်တုန်းက ချစ်သွားတာလဲ .."
"မောင် ယွန်းကို သိပ်ချစ်တယ် .. ဖြစ်နိုင်ရင် ယွန်းအစား မောင်ပဲခံလိုက်ချင်တယ် .. ယွန်းကို စချစ်ကတည်းက ချစ်ခဲ့တာ .. ယွန်းအပေါ် အနိုင်ယူလို့ရလို့ မောင် အနိုင်ယူခဲ့တယ် .. မောင်မတရားခဲ့ဘူးနော် ယွန်း .. ယွန်းကို ပြန်ဖြည့်ဆည်းပေးချင်တယ် .. ယွန်း မောင့်ကို ခွဲမသွားပါနဲ့နော် .."
"အင်းပါ မောင်ရယ် .. မောင့်ကို ခွဲမသွားပါဘူး .. မောင့်နားမှာ အမြဲတမ်းရှိနေမှာပါ .."

။ ။ ။ ။ ။

ကျမတကိုယ်လုံးပေါ့ပါးလို့ .. ၀ါဂွမ်းတစလို လွင့်မြောနေမိတယ် .. မောင်ရော .. မောင့်ကို ကျမ လိုက်ရှာမိတယ် .. မောင့်မျက်လုံးတွေ နီနေတယ် .. မောင်ငိုနေတယ် .. မငိုပါနဲ့မောင်ရယ် .. ကျမ မောင့်နားမှာ ရှိနေသားပဲ ..

ပြီးပါပြီ
PS/ နှစ်ပိုင်းခွဲချင်လို့မဟုတ်ပဲ ညက ဘယ်လိုမှမတတ်နိုင်တော့လို့ နှစ်ပိုင်းဖြစ်သွားတာပါ .. သည်းခံပါရှင် :D

Monday, April 20, 2009

ထာဝရချစ်သူ (၁)

ချစ်ခြင်းရဲ့နောက်မှာ နာကျင်ခြင်းတွေ ပါလာမယ်ဆိုတာ သိခဲ့ရင် ချစ်မိခဲ့မယ်မထင်ပါဘူး .. ခုတော့ ကျမဘက်က ပေးလိုက်ရတာ နားလည်မှုတွေ ကြင်နာခြင်းတွေ စာနာခြင်းတွေ အစုံ အကုန်ပါပဲ .. ဒါပေမယ့် ကျမပြန်ရခဲ့တာက နာကျင်ခြင်းတဲ့လေ .. တရားမျှတပါရဲ့လား .. ဘယ်သူ့ကို အပြစ်တင်ရမလဲ .. ကျမကိုနာကျင်အောင်လုပ်ခဲ့တဲ့ မောင်လား .. မောင်က တရားခံလား .. ဒါပေမယ့် မီးဆိုတာ ပူမှန်းသိရဲ့နဲ့ တိုးဝင်ခဲ့တဲ့ ကျမလား .. ကျမက ပိုးဖလံလေးပါ .. မီးဆိုတာ ပူတယ် .. မသိလို့တော့မဟုတ်ပါဘူး .. ဘယ်လောက်ပူတဲ့မီးဖြစ်ပါစေ ကျမတပ်မက်တယ် .. ဒီမီးကြားထဲမှာ ကျမ ကျွမ်းလောင်သွားပါစေ ပြာမှုန့်ဖြစ်သွားပါစေ .. ဒီမီးကို ချစ်ခင် တွယ်တာနေမိဦးမှာပါပဲ .. ကျမ မောင့်ကို ချစ်သည်လေ ..

ကျမ မောင့်ပေါ်ထားရှိခဲ့တဲ့ ချစ်ခြင်းတွေဟာ အရောင်အဆင်းကင်းမဲ့သလို တန်ဖိုးပါမဲ့နေခဲ့တာကို မောင်က သက်သေပြခဲ့တယ် .. နားလည်ပေးခဲ့တဲ့ စောင့်စည်း ထိန်းသိမ်းခဲ့တဲ့ အရာတွေအကုန်လုံးကို မောင့်စကားတခွန်းတည်းနဲ့ ဖျက်ဆီးပစ်ခဲ့တယ် .. အံသြစရာကောင်းတာက ကျမ မောင့်အပေါ် အပြစ်မမြင်မိဘူး .. ကျမ နားလည်နေခဲ့တယ် .. နားလည်ချင်ခဲ့တယ် .. မောင့်ကိုပဲ ဆက်ချစ်ချင်ခဲ့တယ် .. ဒီခံစားချက်တွေနဲ့ အပြိုင် မောင့်ကို ကျမ မုန်းတီးချင်မိတယ် .. စိတ်နာချင်ခဲ့တယ် .. ဒါပေမယ့် နောက်ဆုံးအဖြေကတော့ မောင့်အပေါ် သနားကြင်နာစိတ်နဲ့ နားလည်ပေးနေမိတုန်း .. ချစ်ခင် စွဲလန်းနေတုန်း .. မောင်တန်ဖိုးမထားပေမယ့် ကျမက ပေးချင်နေမိတယ် .. ဒါက ကျမရဲ့ ၀ဋ်ကြွေးထင်ပါရဲ့ ..

ကျမကို မောင်လမ်းခွဲခဲ့တယ် .. အကြောင်းပြချက်မခိုင်လုံပဲနဲ့ .. ကျမဖုန်းဆက်တိုင်း မရှိပါဘူးဆိုတဲ့အသံတွေ အပ်ကြောင်းထပ်ခဲ့တယ် .. တွေ့လိုက်တော့လည်း နောက်ပြန်ဆက်မယ်ဆိုတဲ့စကားနဲ့ ကျေနပ်ခဲ့ရတယ် .. တကယ်တော့ ပြန်မဆက်ခဲ့ဘူး .. ကျမမှာ မာနမရှိဘူးတဲ့လား ..


"ငါမင်းနဲ့ စကားမပြောချင်ဘူး .. ငါအလုပ်တွေများနေတယ် .. မင်း သတ်မှတ်ချင်သလို သတ်မှတ်လို့ရတယ် .." မောင့်စကားလုံးတွေ ကျမ ကြားနိုင်စွမ်းမရှိခဲ့ဘူး .. ဒါဆို ကျမ မောင့်ကို မေ့ပစ်လိုက်ရမယ်လား .. ဖြစ်နိုင်ပါ့မလား .. ဒီလိုမှ မောင်ပျော်ရွှင်မယ်တဲ့လား .. ဟုတ်ပါပြီလေ ကျမက မောင့်အတွက် ခလုတ်တခု မဖြစ်ချင်ခဲ့ဘူး .. မောင်မလိုအပ်မှတော့ ကျမရဲ့ လက်တွေကို ထိန်းချုပ်ပြီး မောင့်ဆီဖုန်းမဆက်ဖြစ်အောင် .. ကျမအကြည့်တွေ ကျမ ခြေလှမ်းတွေကို ချုပ်ထိန်းပြီး မောင့်ဆီ မသွားဖြစ်အောင် မောင့်ဆီအကြည့်တွေ မရောက်ရအောင် ကြိုးစားရမှာပေါ့ .. မောင် သိပ်နေနိုင်တယ်နော် .. မောင် ကျမကို မချစ်ခဲ့ဘူး ..

စိတ်နာချင်တယ် .. စိတ်နာချင်တိုင်း မနာနိုင်တာလည်း ၀ဋ်ကြွေးတခု .. မေ့ချင်တယ် .. မမေ့နိုင်တာလည်း ၀ဋ်ကြွေးတခု .. မောင့်ပေါ် ကျမ အကြွေးတွေ သိပ်များပါလား .. မောင့်ကို မုန်းချင်တယ် .. ကျမကို မျက်ရည်ကျအောင်လုပ်ခဲ့တဲ့ မောင့်ကို ကျမရင်တွေကို နာကျင်အောင်လုပ်ခဲ့တဲ့ မောင့်ကို စိတ်နာချင်တယ် .. မောင့်ကိုမုန်းတယ် စိတ်နာတယ် .. ရင်ထဲမှာ အကြိမ်ကြိမ်အော်နေပေမယ့် ဒါတွေဟာ ဟန်ဆောင်နေတာ ဟန်လုပ်နေရတာ ပင်ပန်းလှပါတယ်မောင်ရယ် ..

လူရှေ့သူရှေ့ကျချင်နေတဲ့မျက်ရည်တွေကို ဟာသလုပ်ပစ်ရတာ .. စိတ်ထဲ နာကျင်နေပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်ရတာ သိပ်ပင်ပန်းတယ် .. ဘာလို့ မောင့်ကို မုန်းလို့မရတာလဲ .. စိတ်မနာနိုင်ရတာလဲ .. ကိုယ့်ကိုယ်ကိုယ်လဲ သိပ်မုန်းတယ် .. မောင့်သတင်းတွေ မသိချင် မကြားချင်တဲ့ပုံဖမ်းပြီး နားစွင့်နေခဲ့တယ် .. မောင့်ခြေရာကို ခုမြင်ရင်တောင် ကျမမှတ်မိနေမှာပါ ..

ကျမတို့ ဝေးခဲ့ကြပြီဆိုတာ လက်ခံလိုက်ရချိန်ကတော့ မောင်ကျမဆီအဆက်အသွယ်မလုပ်ပဲ နေခဲ့တဲ့ အချိန် ၁နှစ်နီးပါးရှိလာချိန်မှာပေါ့ ..

ကျမဘ၀မှာ မောင်မရှိတော့ပေမယ့် နေသားတကျနီးပါးဖြစ်လာချိန်မှာ ..

သူငယ်ချင်း သွေးသွေး ပြန်သွားချိန်မှာ ကျမစိတ်တွေ ပြန်ရှုပ်ထွေးလာခဲ့တယ် .. မောင့်ကို သွေးသွေး တွေ့ခဲ့သည်တဲ့ .. မိန်းကလေးနှစ်ယောက်က မောင့်ကားပေါ်မှာတဲ့ .. အနည်ထိုင်နေပြီထင်ခဲ့တဲ့ ကျမစိတ်တွေ ဂယက်ပြန်ထခဲ့ပြန်ပြီ .. မောင်နဲ့ ပတ်သက်ရင် ကျမ ဘယ်တော့များမှ တည်ငြိမ်နိုင်မှာလဲ ..

ကျမစိတ်ရှုပ်ထွေးစွာနဲ့ သွေးသွေးဖုန်းကို ကောက်ဆက်လိုက်တယ် .. တဖက်က အမျိုးသားတယောက်လာကိုင်တယ် ..
"သွေးသွေးဖုန်းမဟုတ်ဘူးလားရှင် .."
"မဟုတ်ပါဘူးခင်ဗျာ .. ဘယ်ဖုန်းနံပါတ်ကိုခေါ်တာလဲမသိဘူး .."
သွားပြီ .. ကျမသိလိုက်ပြီ .. သွေးသွေးဖုန်းနဲ့ မောင့်ဖုန်းနံပါတ် ခပ်ဆင်ဆင်ကို ကျမ မှားမှားဆက်လေ့ရှိတာ ခဏခဏ .. ဒါဆိုခု မောင့်ဆီရောက်သွားခဲ့ပြီ .. တုန်ယင်ချင်နေတဲ့အသံကို ထိန်းရင်း ..
"ဆောရီးပါနော် .."လို့ပြောပြီး သူမ ဖုန်းချမယ်အလုပ်မှာ ..
"ယွန်း .. ခုပြောနေတာ ယွန်းလားဟင် .."
မောင့်ဆီက ခုလို မှတ်မှတ်ရရဖြစ်တဲ့အသံကြားမိတော့လည်း ကျမစိတ်ဓါတ်က ပြိုလဲချင်နေပြန်ရော .. တုန်ယင်လာတဲ့ နှလုံးခုန်သံကို မောင်ကြားမှာစိုးမိတယ် .. ခုထိဘာလို့ မတည်ငြိမ်နိုင်သေးတာလဲ ..
"ဟုတ်ပါတယ် .."
"ဟာ ၀မ်းသာလိုက်တာ ယွန်းရယ် .. မောင် ယွန်းဆီဖုန်းဆက်မလို့ စဉ်းစားနေတာ .."
စဉ်းစားနေတယ်တဲ့လား .. ဘာလို့မဆက်လိုက်တာလဲမောင်ရယ် .. ဒါမောင့်အကျင့်ပဲလေ .. ကျမ ကောင်းကောင်းသိပါတယ် .. မောင့်အတွက် ကျမက နောက်ဆုံးက လိုက်တယ်ဆိုတာ ..

ကျမမျက်လုံးတွေေ၀၀ါးစွာနဲ့ မငိုဘူးထိန်းထားတဲ့ကြားက မျက်ရည်ပေါက်တွေ ပါးပြင်ပေါ်လိမ့်ဆင်းသွားတယ် .. မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်တယ် .. မပျော့ညံ့စမ်းနဲ့ မိယွန်း ..

"ယွန်း ရန်ကုန်ပြန်ရောက်နေပြီလား .. မောင် ယွန်းကို အရမ်းသတိရနေတာ .. ယွန်းမောင့်ဆီဖုန်းဆက်တော့ မောင်ဝမ်းသာလိုက်တာ .." သြော် .. အရမ်းသတိရနေလို့ ၁နှစ်လောက် အသံမကြားလူမမြင်နေတာပေါ့နော် ..

"ယွန်း .. မောင်ယွန်းနဲ့တွေ့ချင်တယ် .. ယွန်းလာနိုင်မလားဟင် .." ယွန်းကို ချည်နှောင်ချင်တုန်းလား မောင်ရယ် .. စကားလုံးတွေနဲ့ မချည်နှောင်ပါနဲ့တော့ .. နောက်တခါဆိုရင် ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး .. ယွန်းကို လွတ်လပ်ခွင့်ပေးပါတော့ ..

ဆက်ပါဦးမည် ..


စိတ်

ဘာဖြစ်နေတာလဲ
ကိုယ့်စိတ်ကို ပြန်ဖတ်တော့
ကိုယ်တိုင်နားမလည်သလို
အူကြောင်ကြောင်ပြန်ကြည့်တယ်
စိတ်တွေမွန်းနေတယ်
ကိုယ့်စိတ်ကိုယ်
ချွန်းမအုပ်နိုင်တော့
ထိန်းမနိုင်သိမ်းမရ
လွတ်ချင်ရာလွတ်တယ်
ဖမ်းလို့မရတဲ့ဒီစိတ်
လွင့်ချင်သလိုသာလွင့်ပေတော့
စောင့်ကြည့်နေလိုက်မယ်
တနေရာရာမှာတော့
မှီတွယ်ရာတွေ့ကောင်းပါရဲ့


Sunday, April 19, 2009

Breathless

ဒီနေ့ မနက် သူငယ်ချင်းတယောက်ပေးသွားတဲ့ သီချင်းတွေနားထောင်ရင်း သီချင်းတပုဒ်ကို အရမ်းကြိုက်မိတယ် .. အဲဒါနဲ့ စာသားရှာ ဆိုသူရဲ့ အကြောင်းတွေ ရှာနဲ့ တော်တော်အလုပ်များသွားတယ် .. သီချင်းလေး နားထောင်ကြည့်ပါဦး .. အကြိုက်ချင်းတူတဲ့သူတွေ ရှိမယ်ထင်ပါတယ် .. Shayne Ward ရဲ့ Breathless သီချင်းလေးပါ .. နားထောင်ပြီးရင်လည်း ပြန်ပြီး နားထောင်တာပေါ့ ..း)

Mp3 လိုချင်သူများအတွက် ဒီမှာ ပါ
"Breathless"

If our love was a fairy tale
I would charge in and rescue you
On a yacht baby we would sail
To an island where we'd say I do

And if we had babies they would look like you
It'd be so beautiful if that came true
You don't even know how very special you are

[Chorus]

You leave me breathless
You're everything good in my life
You leave me breathless
I still can't believe that you're mine
You just walked out of one of my dreams
So beautiful you're leaving me
Breathless

And if our love was a story book
We would meet on the very first page
The last chapter would be about
How I'm thankful for the life we've made

And if we had babies they would have your eyes
I would fall deeper watching you give life
You don't even know how very special you are

[Chorus]

You must have been sent from heaven to earth to change me
You're like an angel
The thing that I feel is stronger than love believe me
You're something special
I only hope that I'll one day deserve what you've given me
But all I can do is try
Every day of my life

[Chorus]




Friday, April 17, 2009

ညီမလေးနဲ့ ပတ်သက်လို့

ကျမ ခုလတ်တလော မိုးမိုး(အင်းယား) ရဲ့ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးသွားတယ် .. ပြီးတော့ ဖြစ်လာတဲ့ခံစားချက်လေးတွေကို ရေးမိလိုက်တာပါ .. ဒီစာအုပ်ကို ယောကျာ်းလေးတွေအနေနဲ့တော့ ကြိုက်မယ် သိပ်မထင်ဘူး .. ကျမလည်း အစဖတ်စက သိပ်စိတ်မ၀င်စားမိဘူး .. ဒါပေမယ့် ဖတ်ရင်း ပြီအောင် ဖတ်ချင်လာတယ် .. ဘယ်လိုဖြစ်မလဲပေါ့ .. မိန်းကလေးတွေ ဖတ်သင့်တယ်လို့ထင်ပါတယ် .. ယောကျာ်းလေးတွေလည်း ဖတ်သင့်ပါတယ် .. သူတို့လည်း တနေ့ သမီးတယောက်ရဲ့ အဖေဖြစ်လာနိုင်တယ်လေ ..

ဇာတ်ကတော့ စုဆိုတဲ့မိန်ကလေးအကြောင်းပါပဲ .. ဒီစာအုပ်ကိုဖတ်ပြီး ကျမခံစားမိတာက - မိဘဆိုတာ သားသမီးအပေါ် တာဝန်အရှိဆုံးလူပဲ .. မိဘရယ်လို့ ဖြစ်လာပြီဆို ကိုယ့်သားသမီးကို ဆုံးမသွန်သင်ရမယ် .. ဆုံးမသွန်သင်ပုံကလည်း မှန်ကန်ရမယ် .. ငါပြောသလိုလုပ်ဆိုတဲ့ခေတ်ကလည်း ကုန်ခဲ့ပါပြီ .. အရာရာဝင်ရောက်စွက်ဖက်မယ့်အစား သူ့လုပ်ရပ် မှန်၏ မှား၏ကို ဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ်မျိုးရှိလာအောင် လေ့ကျင့်ပေးသင့်တယ် .. ကိုယ်က သူ့ဘေးနားတချိန်လုံးရှိနေနိုင်မှာမှမဟုတ်တာ .. ကိုယ့်မျက်ကွယ်ဆိုတာ ရှိလာမှာပဲ .. ကလေးက ကိုယ့်ရှေ့တင်လိမ္မာတာမျိုးမဖြစ်ရဘူး .. နောက်ကွယ်မှာလည်း ရှေ့တင်မှာလိုပဲ ဖြစ်ရမယ် .. ကလေးတယောက် ဘာလို့လိမ်လဲ .. မိဘမသိအောင်ဘာလို့လုပ်လဲ ..


ပွင့်ပွင့်လင်းလင်းပြောဆိုခွင့်မရှိတဲ့ကလေးတယောက် မိဘမသိအောင် သူလုပ်ချင်တာကို ကွယ်ရာမှာ လုပ်မိမှာပဲ .. မိဘမသိရင် သူအဆူခံရစရာ အရိုက်ခံရစရာမရှိတော့ဘူး .. မိဘအနေနဲ့လည်း ကလေးဘာလုပ်နေတယ်မသိတော့ မှား၏မှန်၏ ထောက်ပြနိုင်စွမ်းမရှိတော့ဘူး .. ဒီတော့ ကလေးအနေနဲ့လည်း မှန်ကန်တဲ့ အသိတရားနဲ့ ဝေးသွားနိုင်တယ် .. အဲဒီအတွက် ကလေးအနေနဲ့လည်း မှားမှန်းမသိ မှားမယ် .. မှားမှန်းသိတော့လည်း ပြင်ခွင့်မရှိပဲ နောက်ဆုတ်မရတော့ နစ်သထက် ဆက်နစ်မယ် .. မိဘအနေနဲ့ သိပြီဆိုတဲ့အချိန်မှာ ယူကြုံးမရနေရုံကလွဲလို့ မတတ်နိုင်တော့ဘူး .. ခုချိန်ထိတော့ ကျမစိတ်ထင် အပြစ်က လူကြီးမှာ ရှိနေတယ် .. ကလေးအပေါ် မှန်ကန်တဲ့ အသိတရားမှ ထည့်မပေးနိုင်ခဲ့ပဲ .. ခြွင်းချက်ကတော့ ညဉ်ပေါ့ .. ပြီးတော့ မိဘရဲ့ သားသမီးကံပေါ့ .. ညဉ်ပါလာပြီဆိုရင်တော့ ဘယ်လိုသွန်သင်သွန်သင် မရတဲ့ကလေးမျိုးလည်းမြင်ဘူးပါတယ် .. ဒါပေမယ့် ကလေး လိမ္မာတယ် ဆိုးတယ်ဆိုတာ မိဘအုပ်ထိန်းသူအပေါ်မှာ ၉၀ရာနှုန်းလောက် မူတည်ပါလိမ့်မယ် ..

နောက်တခုက မိန်းကလေးတယောက်ဟာ တချက်ဆို တချက်လေးမှ မှားလို့မဖြစ်ဘူး .. မှားခဲ့ပြီဆို ပြင်မလား .. ကိုယ်လုပ်ခဲ့တာ ပြင်လို့ရတဲ့အမှားလား .. ယောကျာ်းလေးတယောက်ကို ကိုယ့်ရှိသမျှပုံပြီးချစ်လိုက်တယ် .. ဒီလိုချစ်ဖို့ ထိုက်တန်သူဟုတ်ရဲ့လား .. ကိုယ်ကတော့ မိသားစုအသိုင်းအ၀ိုင်းအားလုံးကို ဆန့်ကျင်ပြီးသူ့ကိုချစ်လိုက်ရတာ .. ထိုက်တန်မှုဆိုလို့ ကိုယ့်တယောက်တည်းအပေါ်ကိုတောင် တာဝန်မကျေခဲ့ဘူး .. အင်း .. စုအစား တော်တော် စိတ်နာမိတယ် .. ဒါပေမယ့် အဆုံးသတ်ထိ စုက သူ့ချစ်သူကို ပြုပြင်နိုင်မယ် ယုံကြည်နေတုန်း .. လက်တွေ့မှာရော ..

ကိုယ်ယူချင်သလို ကိုယ်နဲ့ စိတ်ကူးတည့်ရာယူနိုင်ပါတယ် .. ကျမကတော့ ဖြစ်တတ်တဲ့သဘောလေးတွေဖြစ်လို့ ဖတ်ရတာ ကြိုက်မိတယ် .. မဖြစ်နိုင်တဲ့ကိစ္စမရှိဘူး .. မဖြစ်သင့်တာ မဖြစ်ရအောင် နမူနာယူစရာလေးတွေ ပါတယ်လို့ ထင်ပါတယ် .. ကျမကတော့ အဲလိုအဖြစ်မျိုး ကြုံတွေ့ရမှာ ကြောက်မိတာ အမှန်ပါပဲ ..

မဖတ်ရသေးလို့ ဖြစ်ဖြစ် .. ပြန်နွေးချင်လို့ဖြစ်ဖြစ် ယူချင်ရင် ဒီမှာ ယူနိုင်ပါတယ် ..

နှစ်သစ်ဆုတောင်း

တန်ခူးလေကို ရှုရှိုက်ရင်း သင်္ကြန်ရဲ့ အငွေ့အသက်တွေကို ထိတွေ့ မခံစားလိုက်ရပေမယ့် လက်ပြနှုတ်ဆက်နေသလို ခံစားရတယ် .. သင်္ကြန်ချိန်ကတော့ လာချိန်တန်လို့ လာခဲ့ပြီး ပြန်ချိန်တန်တော့လည်း ပြန်သွားခဲ့ပြီ ..
ပိတောက်တွေလည်း ဝေပြီးလို့ ကြွေကြပြီ ..

ပြီးခဲ့တဲ့ အချိန်တွေကို လက်ပြနှုတ်ဆက်ပြီး ရှေ့ဆက်မယ့်အနာဂတ်ကို ကြိုဆိုလက်ခံလိုက်မယ် ..

မြန်မာခုနှစ် သက္ကရာဇ်တခုကို နောက်ချန်ပြီး နှစ်သစ်ကို ခြေဦးလှည့်ခဲ့ပြီ .. နှစ်သစ်မှာ မိတ်ဆွေ သူငယ်ချင်း ချစ်သူ ခင်သူအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် .. ပျော်ရွှင်စရာနှစ်သစ်လေးမှာ ဆန္ဒတွေလည်း ကိုယ်စီ ပြည့်စုံနိုင်ပါစေ .. ခုလက်ရှိ လုပ်နေတဲ့ ကောင်းမှုတွေထက် ပိုမို မွန်မြတ်တဲ့ ကုသိုလ်ကောင်းမှုတွေလည်း ပြုခွင့်တွေ့ကြုံကြပါစေ ..

ရန်ကုန်မှာကလည်း သတင်းတွေကြားနေသေးတယ် .. မုန်တိုင်းဝင်ဦးမယ်တဲ့ .. မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးလည်း ဘေးအန္တရယ်ကင်းရှင်းကြပါစေလို့ ဒီကပဲဆုတောင်းနေလိုက်ပါတယ် ..



Thursday, April 16, 2009

ခုထိယောင်ချာချာ

ဒီနေ့ သင်္ကြန်နောက်ဆုံးရက် .. ရန်ကုန်မှာက လူတွေ တော့ပျော်နေကြမှာပဲ .. ကျမသာ ရန်ကုန်မှာ ရှိနေမယ်ဆိုရင်လည်း သင်္ကြန်ပြီးခါနီးမို့ ခွဲရဦးမယ်ဆိုပြီး လွမ်းနေမိမယ် .. တဖက်ကတော့ သင်္ကြန်ကျဖို့ နောက်တနှစ်ပဲလိုတော့တယ်ဆိုပြီး နှစ်သိမ့်မယ် .. သင်္ကြန်ရေမစိုတဲ့နှစ်တနှစ်ပြီးခဲ့ပြန်ပြီ ..

ဒီနေ့ကတော့ ရန်ကုန်က လူတွေ အကဲဆုံးဖြစ်မယ့်နေ့ပဲ .. သင်္ကြန်ပုံရိပ်တွေနဲ့လည်း ဝေးနေလေရဲ့နော် .. မြင်ယောင်ပုံဖော်ရင်း အတွေးနဲ့ပဲ ပျော်လိုက်ပါမယ် ..

ဒီချိန်ဆို ပျော်နေကျ .. သင်္ကြန်ရေ အေးအေးနဲ့ ပြုခဲ့တဲ့အညစ်အကြေးတွေကို ပြောင်စင်အောင် သန့်စင်မယ် ..

ကြည်လင်သန့်ရှင်းတဲ့စိတ်မျိုးနဲ့ နှစ်သစ်မှာ ပြန်လည်ရှင်သန်မယ် .. အသက်တနှစ်ကြီးခဲ့သလို စိတ်ဓါတ်လည်းတနှစ်စာ ရင့်ကျက်သင့်တယ်မဟုတ်လား ..

ဒီနှစ်အတွင်း ဘာတွေလုပ်ဖြစ်ခဲ့လဲ .. အိပ်ရာဝင်တိုင်း နှဖူးပေါ်လက်တင် စဉ်းစား .. သေချာတာတော့ ထွေထွေထူးထူးမရှိသေးဘူးပဲ ..

အချိန်တွေ ဖြုန်းခဲ့တာလည်း ရှိတယ် .. သုံးခဲ့တာလည်းရှိတယ် .. နောင်တရစရာတော့ မရှိခဲ့ဘူးထင်ရဲ့ ..

ခုလာမယ့်နှစ်သစ်အတွက် လူသစ် စိတ်သစ်နဲ့ နောင်တ ကင်းကင်း ဖြတ်သန်းနိုင်ဖို့လိုမယ် .. အင်း လုပ်နိုင်ရမှာပေါ့ ..

မနက်ဖြန်ဆို မြန်မာနှစ်ဆန်း ၁ရက်နေ့ .. ကောင်းမှုကုသလိုလ်မှ ထွေထွေထူးထူး လုပ်ဖြစ်ပါ့မလား .. ဘုန်းကြီးကျောင်းတောင် မရောက်နိုင်ခဲ့ဘူး .. သွားဖြစ်အောင်တော့ ကြိုးစားမှပဲ .. ဥပုသ် သီလဆိုတာလည်း ဝေလာဝေး .. အကြောင်းပြချက်ကောင်းကောင်းနဲ့ သီလကို ရှောင်နေခဲ့တာလည်း ကြာပေါ့ .. ဟင်း .. ငါတော်တော်လိုသေးတာပဲ ..

ဘုန်းဘုန်းတပါး တရားမှာဟောတယ် .. လောကမှာ လူသုံးမျိုးရှိသတဲ့ ..
တမျိုးက လုပ်သင့်တယ် လုပ်ရမယ်ဆိုတာကို သိလည်းသိ ကျင့်လည်းကျင့်တဲ့ လူစား
နောက်တမျိုးက လုပ်သင့်တယ် လုပ်ရမယ်ဆိုတာကို သိပေမယ့် မကျင့်သုံးတဲ့ လူစား
နောက်ဆုံးတမျိုးက လုပ်သင့်တယ် လုပ်ရမယ်ဆိုတာကို သိလည်းမသိ ကျင့်ကြံဖို့ဆို ဝေလာဝေးပဲ ဆိုတဲ့လူစား ..

လူ ၃မျိုးထဲမှာ နံပါတ် ၂ ယောင်ဝါးဝါး သမားတွေ တော်တော်များတယ်တဲ့ .. ကျမအပါအ၀င်ပေါ့ .. ခုထိ သိနေပေမယ့် မလုပ်နိုင်သေးတာ ညံ့တာပေါ့ .. ဒါလုပ်ရင် ကောင်းတယ် အကျိုးရှိတယ် လုပ်သင့်တယ် ဆိုတာကို သိပါရက်နဲ့ မလုပ်နိုင်တဲ့လူမျိုး .. နံပါတ် ၃ လူမျိုးလောက် မဆိုးသေးဘူးဆိုပြီး ကိုယ့်ကိုယ် နှစ်သိမ့်နေခဲ့တာလည်းကြာပေါ့ .. သေချာတာတော့ ခုချိန်ထိ ညံ့နေတုန်းပဲ ..


Tuesday, April 14, 2009

ဝေးနေဦးမယ့် .....


တနင်္ဂနွေနေ့ကလည်း ဘယ်ဆို ဘယ်မှ မရောက်ခဲ့ဘူး .. ကျမအကျင့်ကလည်း လူများတဲ့နေရာဆို မသွားချင်တတ်ဘူး .. ကိုယ့်ဟာကိုယ်ပဲ အေးအေးနေချင်တယ် .. သူငယ်ချင်းနဲ့တော့ ဓါတ်ပုံလျှောက်ရိုက်မယ်ပြောထားပြီး အိမ်က စထွက်ဖြစ်တဲ့အချိန်က ၃နာရီထိုးနေပြီ .. ယောင်းမတော်နဲ့လည်း ချိန်းထားသေးတယ် .. (ကိုယ်က ပေးရမှာပါ ..း) ယောင်းမနဲ့ ချိန်းထားတဲ့ဆီ ၄နာရီခွဲလောက်ရောက်ပြီး သုံးယောက်သား ညနေစာထမင်းစားပြီး ဓါတ်ပုံတွေ လျှောက်ရိုက်လိုက်တယ် .. လူတွေကတော့ စည်လိုက်တာ .. စီးဟောမှာ အပြည့်ပါပဲ .. ညနေ ၈နာရီခွဲလောက်ပြန်ပြီး မနက်ဖြန် သင်္ကြန်အကြိုနေ့မှာ သိကြားမင်းကို ဘယ်လိုကြိုမလဲလို့ သူငယ်ချင်းနဲ့ပြောဖြစ်တယ် .. ညမအိပ်ဘူး မနက် ၅နာရီမှ အိပ်မယ်ဆိုလို့ သူငယ်ချင်းက ပြောပြန်ပြီတဲ့ .. (ပြောပြောပြီး ကျမက အရင် အိပ်အိပ်သွားတတ်လို့ပါ .. :D)

မနေ့က သင်္ကြန်ကြိုကြတယ် .. ပျင်းပျင်းရှိတာနဲ့ အလုပ်မသွားပဲ အမ်စီလိုက်တယ် .. သိကြားမင်းကိုလည်း အိမ်မက်ထဲမှာပဲ ကြိုလိုက်ရတယ် .. ၀ီရိယက အဲလိုကောင်းတာ .. နေ့လည် ဆေးခန်းသွား အမ်စီ ယူပြီးတော့ သူငယ်ချင်းနှစ်ယောက် အိမ်မှာ အိပ်လိုက်တာ ညနေ ၄နာရီထိုးရော .. ဘုန်းကြီးကျောင်းလေးသွားမယ်ဆိုတဲ့ စိတ်ကူးလည်းပျက်သွားပြီး expo ကို သူငယ်ချင်းနှစ်ယောက်သွားလိုက်တယ် .. ပစ္စည်းတွေကတော့ တော်တော်ဈေးချပါတယ် .. လူလည်းရှင်းတော့ ဈေးဝယ်ရတာ စိတ်ချမ်းသာတယ် .. မဟုတ်ရင် ပစ္စည်း အသေးလေးတခုပဲဖြစ်ဖြစ် ၀ယ်ချင်ဦး တQထဲ Qနေရတာ စိတ်ညစ်ဖို့ကောင်းတယ် .. ဟိုကြည့် ဒီကြည့်နဲ့ ၇နာရီထိုးတာပဲ .. ညနေ စီးတီးဟောသွားပြီး ဗိုက်ဖြည့် ပြန်လာခဲ့လိုက်တယ် .. အဲဒါ ကျမအတွက် သင်္ကြန်အကြိုနေ့တဲ့ ..

ဒီနေ့တော့ သင်္ကြန် ကျပြီပေါ့ .. ဘာပဲပြောပြော ရန်ကုန်သင်္ကြန် အနည်းနဲ့ အများတော့ စည်ကားမှာပါ .. ပုံရိပ်တွေကိုမြင်ယောင်မိတယ် .. ခုလောက်ဆို အိမ်မှာလည်း မုန့်တွေ လုပ်စားနေလောက်ရောပေါ့ .. ကျမမှာသာ ..း(

မတတ်နိုင်ဘူးလေ .. မိုးလင်းတာနဲ့ နိုးစက်သံကို မုန်းမုန်းနဲ့ ပိတ်ပြစ်ပြီး ထရတာပဲ .. တခါတလေလည်း နေ့စဉ်အလုပ်တွေကို ငြီးငွေ့မိတယ် .. အလုပ်ပြီး အိမ် အိမ်ပြီး အလုပ်နဲ့ .. တခါတလေလည်း လမ်းသွားနေရင်း မိုးအုံ့အုံ့မှာ သင်္ကြန်အနံ့ကိုရမိတယ် .. စိတ်က လွမ်းမိပြန်ရော .. ဘယ်လောက်ထိ ဝေးနေရဦးမလဲ .. တကယ်ကတော့ မဝေးပါဘူး .. ကိုယ်က ဝေးဖို့ ရွေးချယ်ခဲ့တာပဲ .. နောင်တလား နောင်တတော့လည်း မရပါဘူး .. ခုနေနေတာ လုပ်နေရတာ မပျော်ပေမယ့် လုပ်သင့်တာလုပ်နေရတာပဲ .. အချိန်တန်ရင်တော့ လုပ်သင့်လုပ်ထိုက်တာကို လူတိုင်းလုပ်ကြရတာပဲ .. ဒီတော့ နေသာပါတယ်လေ ..

အကျနေ့ တရက်လည်း ကုန်ဦးတော့မယ် .. မထူးခြားတဲ့ နေ့စဉ်လုပ်ငန်းတွေကိုလည်း ငြီးငြီးနဲ့ လုပ်နေရဦးမယ် .. အင်း .. ဒီလိုနေ့မျိုးတွေကျတော့ ကုန်ခဲနေသလို စိတ်ကထင်တယ် ..

P.S - သူများတွေ ပျော်နေကြမယ်လို့ ညစ်တစ်တစ်နဲ့ တွေးပြီး ရေးထားပါတယ် .. မနာလိုဘူးး(






Friday, April 10, 2009

One Sweet Day



ဒီသီချင်းက ငယ်ငယ်တုန်းကတည်းက နားထောင်ဘူးပြီး ကြိုက်ခဲ့တဲ့သီချင်းပါ .. Mariah Carey ရဲ့ One sweet day ပါ .. ခု သတိရလို့ ပြန်ရှာကြည့်ပြီး အကြိုက်တူသူတွေ နားထောင်နိုင်အောင် တင်ပေးလိုက်တာပါ .. ဒီမှာ က mp3 ပါ ..
One Sweet Day
Sorry, I never told you, all I wanted to say.
Now it's too late to hold you. '
Cause you've flown away, so far away.

Never, Had I imagined, yeah, living without your smile.
Feelin' and knowing you hear me.
It keeps me alive. Alive!

And I know you're shining down on me from Heaven,
Like so many friends we've lost along the way,
And I know eventually we'll be together.
One sweet day.

Picture a little scene from Heaven.

Darling, I never showed you.
Assumed you'd always be there.
I took your presence for granted.
But I always cared
And I miss the love we shared.

And I know you're shining down on me from Heaven.
Like so many friends we've lost along the way.
And I know eventually we'll be together.
One sweet day.

Picture a little scene from Heaven.

Although, the sun will never shine the same, I'll
always look to a brighter day.

Yeah, Lord, I know, when I lay me down to sleep,
You'll always listen, as I pray!

And I know you're shining down on me from Heaven,
Like so many friends we've lost along the way,
And I know eventually we'll be together.
One sweet day.

And I know you're shining down on me from Heaven,
Like so many friends we've lost along the way,
And I know eventually we'll be together.
One sweet day.

Sorry, I Never told you, all I wanted to say




Friday, April 3, 2009

အမှတ်ရနေသော သင်္ကြန်အချိန်လေးများ

သင်္ကြန် တဲ့ .. နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရပေမယ့် ဘယ်တော့မှမရိုးနိုင်တဲ့ ကာလလေးတခု .. မရောက်ခင်တည်းက ကြိုတင်မျှော်လင့်နေပြီး ရောက်နေတုန်းမှာလည်း ပြီးဆုံးသွားမှာကို နှမြောနေတတ်ပြန်တယ် .. အမှန်တကယ်ပြီးဆုံးသွားချိန်မှာတော့ နောက်ထပ်တနှစ်ပဲစောင့်ရတော့မယ်ဆိုတဲ့စိတ်နဲ့ မျှော်လင့်မိပြန်တယ် .. နောက်လာမယ့် သင်္ကြန်ကို မျှော်လင့်ရင်း ပြီးဆုံးသွားတဲ့ သင်္ကြန်ချိန်လေးကို လွမ်းဆွတ်ရင်း တနှစ်တနှစ် ကုန်ဆုံးလာခဲ့တယ် ..

ငယ်ငယ်တုန်းက သင်္ကြန်ရောက်တော့မယ်ဆို ကလေးကစားစရာတွေနဲ့ ပန်းကုံးတွေနဲ့ ပျော်ရွှင်စွာ သင်္ကြန်ကို ကြိုတယ် .. သင်္ကြန်မနက်ခင်းနိုးထနေကျပုံစံနဲ့ ကြားယောင်နေကျ အသံလေးတွေကို သတိတရ ရှိဖြစ်တယ် .. မနက်မိုးလင်းပြီဆို အိမ်ရှေ့မှာ ကိုယ်နဲ့ရွယ်တူ အပေါင်းအဖော်တွေရဲ့ ဆူညံတဲ့ ရေကစားသံကြားရင်ကို စိတ်က လန်းဆန်းသွားတတ်တယ် .. နိုးတာနဲ့ အ၀တ်အစားလဲပြီး အိမ်ရှေ့ထွက် ရေပက်တာပဲ .. ဒါက ကလေးဘ၀တုန်းက အရိုးသားဆုံး ပျော်စရာပေါ့ ..





အရွယ်ရောက်လာတော့ အိမ်ကဦးလေးတွေ အဒေါ်တွေ အမတွေနဲ့ ရေပက်ခံထွက်ကြတယ် .. ရေပက်ခံထွက်ရတဲ့ အရသာကို ရေပက်ရတာထက် ပိုနှစ်သက်တယ် .. အသားကလည်းမည်းမှာကကြောက်သေး .. အဲဒီတုန်းက သင်္ကြန်လည်ပြီဆို မြို့လည်ခေါင်ကိုသွားတာသိပ်မရှိဘူး .. ကားတွေကြပ်ပြီး နာရီနဲ့ချီအောင်စောင့်ရတယ်လေ .. အိမ်က ဦးလေးတွေက လှည်းကူးဘက် ပဲခူးဘက် သံလျှင်ဘက်တွေကိုသွားပြီး အဲဒီအနီးတ၀ိုက်မှာရှိတဲ့ ဘုရားပုထိုးတွေကို ၀င်ဖူးလေ့ရှိတယ် .. တနေကုန်ကားတစီးနဲ့ လျှောက်သွား .. တွေ့တဲ့ ကြုံတဲ့နေရာမှာ စားသောက်ကြပြီး .. ညနေစောင်းကျမှ အိမ်ပြန်လေ့ရှိတယ် ..

မြို့စွန်တွေဘက်ကိုသွားတော့ မဏ္ဍပ်ဆိုတာလည်း ကြီးကြီးမားမားမရှိဘူး .. ကိုယ့်ဟာကို ပြင်ဆင်ထားတဲ့ ထန်းပင်ထန်းလက်တွေနဲ့လုပ်ထားတဲ့ မဏ္ဍပ်လေးတွေမှာ ကားကိုရပ်ပြီး အပက်ခံရတယ် .. သွားနေရင်း ကားဘီးပေါက်ပြီဆိုရင်တော့ အနီးဆုံးက ဘီးဖာလို့ရမယ့်နေရာကို ဦးလေးတွေက ဘီးသယ်သွားတာကို တနေရာရာမှာ နေကုန်နေခမ်းထိုင်နေပေတော့ပဲ .. ထိုင်စောင့်နေရင်းနဲ့ အ၀တ်တွေကလည်း ခြောက်နေပြီ .. ခြောက်ခါနီးပြီဆို ဘယ်ကရောက်လာမှန်းမသိတဲ့လူတွေက တခါလာပက်ကြပြန်ရော .. ထူးဆန်းတာတခုက သင်္ကြန်တွင်း ရေပက်ခံရလို့ အပူရှပ်လို့ဆိုပြီး ဖျားတယ်ဆိုတာ တခါမှ မကြားဘူးတာပဲ .. သင်္ကြန်ရေက အန္တရာယ်ကို မဖြစ်စေဘူးနော် .. ကားဘီးပေါက်ရင်တော့ တော်တော်စိတ်ညစ်ရတယ် .. လိုတဲ့ခရီးကိုလည်း မရောက်တော့ဘူးလေ .. ဦးလေးတွေ ထန်းရည်သောက်ရင် ကပ်စားလို့ရတဲ့ ကြက်ကြော်ကိုလည်း စားလို့မရတော့ဘူးပေါ့ ..

နောက်ပိုင်းကျတော့ အိမ်က လိုင်းကားတွေမရှိတော့တဲ့အချိန်ကျတော့ ဘယ်မှ မသွားရတော့ဘူး .. အိမ်မှာပဲနေပြီး ဦးလေးတွေ လုပ်ကျွေးတဲ့ မုန့်လက်ဆောင်းတို့ ရွှေရင်အေးတို့ကိုပဲ တနေကုန်ထိုင်သောက်ရတယ် (ဆီးချိုတော့ဖြစ်တော့မှာပဲ :P) အိမ်ကလူကြီးမပါပဲ ကျမတို့ကို အပြင်ပေးထွက်လေ့မရှိဘူး .. လူပျိုကြီး အပျိုကြီးတွေနဲ့ နေတဲ့တူတွေ တူမတွေရဲ့ ထုံးစံပေါ့ .. :D

တခါလည်း မှတ်မှတ်ရရ သွားချင်လွန်းလို့ဆိုပြီးပူဆာ .. ရေပက်မခံရရင်နေပါစေ လိုက်ပြပါလို့ ပူဆာတော့ ဦးလေးက လိုက်ပို့တယ် .. တအိမ်လုံးပေါ့ .. သံလျှင်ဘက်သွားပြီး ဘုရားဖူးကြတယ် .. အပြန်ကျတော့ ကလေးတွေကတားတယ် .. သူတို့လည်း ရေပက်ချင်လွန်းလို့ .. ကျမတို့ မောင်နှမကလည်း ရေပက်ခံချင်နေတာလေ .. ဦးလေးက ကားမှန်မဖွင့်ခိုင်းလို့သာငြိမ်နေရတယ် .. ဘယ်လိုမှ ထွက်လို့မရအောင် ကားရှေ့ပိတ်နေတော့ ဦးလေးက မှန်ဖွင့်ပေးလိုက်တဲ့ .. အားရ၀မ်းသာဖွင့်ပေးလိုက်တာပေါ့ .. ကလေးတွေကလည်း ပက်သွားပါတယ် .. ပက်ပြီးတော့မှ ရေတွေက နံလိုက်တာ .. မြောင်းရေတွေနဲ့ မိတ်ဆက်သွားတယ် .. :D ရှေ့သို့ကလည်း မှန်ပိတ်လို့ မထူးတော့ပြီမို့ ဒီမောင်နှမ ပျော်ပျော်ကြီးပေါ့ .. :D အပြန်ကျဦးလေးကသနားပါတယ် .. ပေသမျှ ပွသမျှ ဒိုင်ခံရှင်းရရောပဲ ..

ကလေးဘ၀က ဖြူစင်လွန်းပါတယ် .. 

တောင်းဆိုသမျှက အစ မာယာကင်းတယ် .. 
ဒီလိုအချိန်တွေလိုချင်လို့ ဘယ်တော့မှပြန်မရနိုင်တော့ဘူး ..

သင်္ကြန်ဆို နှစ်တိုင်းပျော်တယ် .. ကလေးဘ၀တုန်းကလည်းပျော်တယ် .. ဘယ်ကိုမှမလည်ရရင်တောင် လမ်းထဲကကလေးတွေ ရေကစားနေတာကို ကြည့်ရရုံနဲ့ ကြည်နူးတယ် .. ငါတို့ငယ်ငယ်ကလည်း ဒီလိုပါပဲလားလို့ ပြန်တွေးမိပြိး ကြည်နူးရတယ် .. ကိုယ့်ကိုယ် ပြန်မြင်နေသလိုပဲ ..

နောက် ၁၀ တန်းပြီးနောက်ပိုင်းမှာ တခါ မှတ်မှတ်ရရ အခြေအနေကလည်းပေးတော့ အိမ်ကို ရေပက်ခံထွက်ဖို့ ဆန္ဒပြတာ ခုထိ အစ်မတွေပြောလို့မဆုံးဘူး .. ကျေးဇူးတင်လို့ .. ကျမအတင်းခေါင်းမာပြီးသွားမယ်ပြောလို့ သူတို့ပါ လိုက်ရတာလေ ..း) အဲဒီအခေါက်ကတော့ နောက်ဆုံးအကြိမ် ရေပက်ခံထွက်ခြင်းပါပဲ ..

နောက်ပိုင်း များသောအားဖြင့် တရားစခန်းပဲသွားဖြစ်တယ် .. မဟာစည်ပေါ့ .. ပထမဆုံးသင်္ကြန်နှစ်မှာ မဟာစည်ဝင်ရတုန်းက တရားကလည်း မထိုင်တတ် သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းကလည်း ကောင်းတယ်လေ .. ကွန်ပျူတာကျောင်းကအမတယောက်လည်းပါတော့ အဲဒီနှစ်တရားစခန်းသွားလိုက်တာ တရား ရမရတော့မသိဘူး ဖဲဗေဒင် တွက်တတ်လာတယ် .. :D

ခု ဒီကိုမလာခင် တနှစ်ကတော့ လက်မှတ်အလကားရတာနဲ့ မဏ္ဍပ်သွားထိုင်တယ် .. အဲဒါပထမဆုံးနဲ့ နောက်ဆုံးပါပဲ .. (ခုချိန်ထိပေါ့ ..) အိမ်က မလွှတ်ချင်ဘူး .. ဒါပေမယ့် ကျမက အဖေနဲ့ အမေကို ရိပ်သာပို့ပြီး သွားတာ .. အဖေနဲ့ အမေကလည်း အိမ်မှာရှိနေရင် ကျမ ပြန်မလာမချင်း စိတ်ပူနေရမှာစိုးလို့ထင်ပါတယ် .. ရိပ်သာဝင်သွားတယ် .. အဖေ့ကို ၃ရက်ပဲသွားမယ်ပြောထားလို့ ပထမ၃ရက်ပဲသွားလိုက်တယ် .. နောက်ဆုံးရက်မသွားလိုက်ဘူး ..


အဲဒါက ကျမအတွက် နောက်ဆုံးသင်္ကြန်ပါပဲ .. နောက်ပိုင်း လည်တယ်ဆိုတဲ့သင်္ကြန်တွေကို ငယ်ငယ်က အဖြစ်တွေလောက် ပြန်တွေးရင်မပျော်မိဘူး .. ငယ်ငယ်တုန်းကအချိန်လေးပြန်ရရင်လိုချင်တယ်လို့ မဖြစ်နိုင်တဲ့စကားနဲ့ မတောင်းဆိုချင်ပါဘူး .. ရှိခဲ့တဲ့ အမှတ်တရ သင်္ကြန်ရက်လေးတွေကို ပြန်တွေးတိုင်း လွမ်းဆွတ်နေမှာပါ ..

ကောင်လေးရေ ကျေနပ်မယ်ထင်ပါတယ် .. သင်္ကြန်အကြောင်းရေးမိတော့လည်း နဂိုကငုတ်နေတဲ့ပိုးလေး ပြန်ကြွလာသလိုပဲ .. ဝေးနေဦးမယ် သင်္ကြန်ရေလို့ပဲ အော်လိုက်ချင်ပါတော့တယ် ..

ဆက်လက်ပြီး ကိုယ့်လိုပဲ လွမ်းမိစေချင်သူတွေကတော့ (မျက်ခုံးလှုပ်နေကြပြီလား) .. မောင်မျိုး ဖြိုးမော် သက်ပိုင်သူ ဇူလိုင်အိပ်မက် သီဟသစ် မေဒီ မဆုမွန် ၀ှိုက် တို့ကို တဂ်ပါတယ် .. တဂ်ချင်သူတွေရှိသေးပေမယ့် တခြားလူတွေတဂ်စရာမရှိမှာစိုးလို့ ချန်ပေးလိုက်ပါတယ် ..း)

Thursday, April 2, 2009

ပုံရိပ်ဟောင်းမှ သီချင်းများ


စာရေးစရာစဉ်းစားမရလို့ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေပဲ နားငြီးအောင် တင်ပေးလိုက်ပါတယ် .. အထူးသဖြင့် မောင်မျိုး :P
အာဇာနည်နဲ့ မီးမီးခဲရဲ့ ပုံရိပ်ဟောင်း ခွေထဲကပါ -
တိတ်တဆိတ် - မီးမီးခဲ
ပုံရိပ်ဟောင်း - မီးမီးခဲ
မျှော်လင့်သော မနက်ဖြန် - အာဇာနည်
ရွှေရောင်အရှုံး - အာဇာနည် မီးမီးခဲ
မိန်းကလေးအချစ် - မီးမီးခဲ

သူငယ်ချင်းတယောက်က ပုံရိပ်ဟောင်းသီချင်းညည်းသံကြားတာနဲ့ လိုက်ရှာပြီး ဒေါင်းထားတာပါ အကြိုက်ချင်းတူရင် နားထောင်နိုင်အောင်လို့



နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...