Friday, April 3, 2009

အမှတ်ရနေသော သင်္ကြန်အချိန်လေးများ

သင်္ကြန် တဲ့ .. နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရပေမယ့် ဘယ်တော့မှမရိုးနိုင်တဲ့ ကာလလေးတခု .. မရောက်ခင်တည်းက ကြိုတင်မျှော်လင့်နေပြီး ရောက်နေတုန်းမှာလည်း ပြီးဆုံးသွားမှာကို နှမြောနေတတ်ပြန်တယ် .. အမှန်တကယ်ပြီးဆုံးသွားချိန်မှာတော့ နောက်ထပ်တနှစ်ပဲစောင့်ရတော့မယ်ဆိုတဲ့စိတ်နဲ့ မျှော်လင့်မိပြန်တယ် .. နောက်လာမယ့် သင်္ကြန်ကို မျှော်လင့်ရင်း ပြီးဆုံးသွားတဲ့ သင်္ကြန်ချိန်လေးကို လွမ်းဆွတ်ရင်း တနှစ်တနှစ် ကုန်ဆုံးလာခဲ့တယ် ..

ငယ်ငယ်တုန်းက သင်္ကြန်ရောက်တော့မယ်ဆို ကလေးကစားစရာတွေနဲ့ ပန်းကုံးတွေနဲ့ ပျော်ရွှင်စွာ သင်္ကြန်ကို ကြိုတယ် .. သင်္ကြန်မနက်ခင်းနိုးထနေကျပုံစံနဲ့ ကြားယောင်နေကျ အသံလေးတွေကို သတိတရ ရှိဖြစ်တယ် .. မနက်မိုးလင်းပြီဆို အိမ်ရှေ့မှာ ကိုယ်နဲ့ရွယ်တူ အပေါင်းအဖော်တွေရဲ့ ဆူညံတဲ့ ရေကစားသံကြားရင်ကို စိတ်က လန်းဆန်းသွားတတ်တယ် .. နိုးတာနဲ့ အ၀တ်အစားလဲပြီး အိမ်ရှေ့ထွက် ရေပက်တာပဲ .. ဒါက ကလေးဘ၀တုန်းက အရိုးသားဆုံး ပျော်စရာပေါ့ ..





အရွယ်ရောက်လာတော့ အိမ်ကဦးလေးတွေ အဒေါ်တွေ အမတွေနဲ့ ရေပက်ခံထွက်ကြတယ် .. ရေပက်ခံထွက်ရတဲ့ အရသာကို ရေပက်ရတာထက် ပိုနှစ်သက်တယ် .. အသားကလည်းမည်းမှာကကြောက်သေး .. အဲဒီတုန်းက သင်္ကြန်လည်ပြီဆို မြို့လည်ခေါင်ကိုသွားတာသိပ်မရှိဘူး .. ကားတွေကြပ်ပြီး နာရီနဲ့ချီအောင်စောင့်ရတယ်လေ .. အိမ်က ဦးလေးတွေက လှည်းကူးဘက် ပဲခူးဘက် သံလျှင်ဘက်တွေကိုသွားပြီး အဲဒီအနီးတ၀ိုက်မှာရှိတဲ့ ဘုရားပုထိုးတွေကို ၀င်ဖူးလေ့ရှိတယ် .. တနေကုန်ကားတစီးနဲ့ လျှောက်သွား .. တွေ့တဲ့ ကြုံတဲ့နေရာမှာ စားသောက်ကြပြီး .. ညနေစောင်းကျမှ အိမ်ပြန်လေ့ရှိတယ် ..

မြို့စွန်တွေဘက်ကိုသွားတော့ မဏ္ဍပ်ဆိုတာလည်း ကြီးကြီးမားမားမရှိဘူး .. ကိုယ့်ဟာကို ပြင်ဆင်ထားတဲ့ ထန်းပင်ထန်းလက်တွေနဲ့လုပ်ထားတဲ့ မဏ္ဍပ်လေးတွေမှာ ကားကိုရပ်ပြီး အပက်ခံရတယ် .. သွားနေရင်း ကားဘီးပေါက်ပြီဆိုရင်တော့ အနီးဆုံးက ဘီးဖာလို့ရမယ့်နေရာကို ဦးလေးတွေက ဘီးသယ်သွားတာကို တနေရာရာမှာ နေကုန်နေခမ်းထိုင်နေပေတော့ပဲ .. ထိုင်စောင့်နေရင်းနဲ့ အ၀တ်တွေကလည်း ခြောက်နေပြီ .. ခြောက်ခါနီးပြီဆို ဘယ်ကရောက်လာမှန်းမသိတဲ့လူတွေက တခါလာပက်ကြပြန်ရော .. ထူးဆန်းတာတခုက သင်္ကြန်တွင်း ရေပက်ခံရလို့ အပူရှပ်လို့ဆိုပြီး ဖျားတယ်ဆိုတာ တခါမှ မကြားဘူးတာပဲ .. သင်္ကြန်ရေက အန္တရာယ်ကို မဖြစ်စေဘူးနော် .. ကားဘီးပေါက်ရင်တော့ တော်တော်စိတ်ညစ်ရတယ် .. လိုတဲ့ခရီးကိုလည်း မရောက်တော့ဘူးလေ .. ဦးလေးတွေ ထန်းရည်သောက်ရင် ကပ်စားလို့ရတဲ့ ကြက်ကြော်ကိုလည်း စားလို့မရတော့ဘူးပေါ့ ..

နောက်ပိုင်းကျတော့ အိမ်က လိုင်းကားတွေမရှိတော့တဲ့အချိန်ကျတော့ ဘယ်မှ မသွားရတော့ဘူး .. အိမ်မှာပဲနေပြီး ဦးလေးတွေ လုပ်ကျွေးတဲ့ မုန့်လက်ဆောင်းတို့ ရွှေရင်အေးတို့ကိုပဲ တနေကုန်ထိုင်သောက်ရတယ် (ဆီးချိုတော့ဖြစ်တော့မှာပဲ :P) အိမ်ကလူကြီးမပါပဲ ကျမတို့ကို အပြင်ပေးထွက်လေ့မရှိဘူး .. လူပျိုကြီး အပျိုကြီးတွေနဲ့ နေတဲ့တူတွေ တူမတွေရဲ့ ထုံးစံပေါ့ .. :D

တခါလည်း မှတ်မှတ်ရရ သွားချင်လွန်းလို့ဆိုပြီးပူဆာ .. ရေပက်မခံရရင်နေပါစေ လိုက်ပြပါလို့ ပူဆာတော့ ဦးလေးက လိုက်ပို့တယ် .. တအိမ်လုံးပေါ့ .. သံလျှင်ဘက်သွားပြီး ဘုရားဖူးကြတယ် .. အပြန်ကျတော့ ကလေးတွေကတားတယ် .. သူတို့လည်း ရေပက်ချင်လွန်းလို့ .. ကျမတို့ မောင်နှမကလည်း ရေပက်ခံချင်နေတာလေ .. ဦးလေးက ကားမှန်မဖွင့်ခိုင်းလို့သာငြိမ်နေရတယ် .. ဘယ်လိုမှ ထွက်လို့မရအောင် ကားရှေ့ပိတ်နေတော့ ဦးလေးက မှန်ဖွင့်ပေးလိုက်တဲ့ .. အားရ၀မ်းသာဖွင့်ပေးလိုက်တာပေါ့ .. ကလေးတွေကလည်း ပက်သွားပါတယ် .. ပက်ပြီးတော့မှ ရေတွေက နံလိုက်တာ .. မြောင်းရေတွေနဲ့ မိတ်ဆက်သွားတယ် .. :D ရှေ့သို့ကလည်း မှန်ပိတ်လို့ မထူးတော့ပြီမို့ ဒီမောင်နှမ ပျော်ပျော်ကြီးပေါ့ .. :D အပြန်ကျဦးလေးကသနားပါတယ် .. ပေသမျှ ပွသမျှ ဒိုင်ခံရှင်းရရောပဲ ..

ကလေးဘ၀က ဖြူစင်လွန်းပါတယ် .. 

တောင်းဆိုသမျှက အစ မာယာကင်းတယ် .. 
ဒီလိုအချိန်တွေလိုချင်လို့ ဘယ်တော့မှပြန်မရနိုင်တော့ဘူး ..

သင်္ကြန်ဆို နှစ်တိုင်းပျော်တယ် .. ကလေးဘ၀တုန်းကလည်းပျော်တယ် .. ဘယ်ကိုမှမလည်ရရင်တောင် လမ်းထဲကကလေးတွေ ရေကစားနေတာကို ကြည့်ရရုံနဲ့ ကြည်နူးတယ် .. ငါတို့ငယ်ငယ်ကလည်း ဒီလိုပါပဲလားလို့ ပြန်တွေးမိပြိး ကြည်နူးရတယ် .. ကိုယ့်ကိုယ် ပြန်မြင်နေသလိုပဲ ..

နောက် ၁၀ တန်းပြီးနောက်ပိုင်းမှာ တခါ မှတ်မှတ်ရရ အခြေအနေကလည်းပေးတော့ အိမ်ကို ရေပက်ခံထွက်ဖို့ ဆန္ဒပြတာ ခုထိ အစ်မတွေပြောလို့မဆုံးဘူး .. ကျေးဇူးတင်လို့ .. ကျမအတင်းခေါင်းမာပြီးသွားမယ်ပြောလို့ သူတို့ပါ လိုက်ရတာလေ ..း) အဲဒီအခေါက်ကတော့ နောက်ဆုံးအကြိမ် ရေပက်ခံထွက်ခြင်းပါပဲ ..

နောက်ပိုင်း များသောအားဖြင့် တရားစခန်းပဲသွားဖြစ်တယ် .. မဟာစည်ပေါ့ .. ပထမဆုံးသင်္ကြန်နှစ်မှာ မဟာစည်ဝင်ရတုန်းက တရားကလည်း မထိုင်တတ် သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းကလည်း ကောင်းတယ်လေ .. ကွန်ပျူတာကျောင်းကအမတယောက်လည်းပါတော့ အဲဒီနှစ်တရားစခန်းသွားလိုက်တာ တရား ရမရတော့မသိဘူး ဖဲဗေဒင် တွက်တတ်လာတယ် .. :D

ခု ဒီကိုမလာခင် တနှစ်ကတော့ လက်မှတ်အလကားရတာနဲ့ မဏ္ဍပ်သွားထိုင်တယ် .. အဲဒါပထမဆုံးနဲ့ နောက်ဆုံးပါပဲ .. (ခုချိန်ထိပေါ့ ..) အိမ်က မလွှတ်ချင်ဘူး .. ဒါပေမယ့် ကျမက အဖေနဲ့ အမေကို ရိပ်သာပို့ပြီး သွားတာ .. အဖေနဲ့ အမေကလည်း အိမ်မှာရှိနေရင် ကျမ ပြန်မလာမချင်း စိတ်ပူနေရမှာစိုးလို့ထင်ပါတယ် .. ရိပ်သာဝင်သွားတယ် .. အဖေ့ကို ၃ရက်ပဲသွားမယ်ပြောထားလို့ ပထမ၃ရက်ပဲသွားလိုက်တယ် .. နောက်ဆုံးရက်မသွားလိုက်ဘူး ..


အဲဒါက ကျမအတွက် နောက်ဆုံးသင်္ကြန်ပါပဲ .. နောက်ပိုင်း လည်တယ်ဆိုတဲ့သင်္ကြန်တွေကို ငယ်ငယ်က အဖြစ်တွေလောက် ပြန်တွေးရင်မပျော်မိဘူး .. ငယ်ငယ်တုန်းကအချိန်လေးပြန်ရရင်လိုချင်တယ်လို့ မဖြစ်နိုင်တဲ့စကားနဲ့ မတောင်းဆိုချင်ပါဘူး .. ရှိခဲ့တဲ့ အမှတ်တရ သင်္ကြန်ရက်လေးတွေကို ပြန်တွေးတိုင်း လွမ်းဆွတ်နေမှာပါ ..

ကောင်လေးရေ ကျေနပ်မယ်ထင်ပါတယ် .. သင်္ကြန်အကြောင်းရေးမိတော့လည်း နဂိုကငုတ်နေတဲ့ပိုးလေး ပြန်ကြွလာသလိုပဲ .. ဝေးနေဦးမယ် သင်္ကြန်ရေလို့ပဲ အော်လိုက်ချင်ပါတော့တယ် ..

ဆက်လက်ပြီး ကိုယ့်လိုပဲ လွမ်းမိစေချင်သူတွေကတော့ (မျက်ခုံးလှုပ်နေကြပြီလား) .. မောင်မျိုး ဖြိုးမော် သက်ပိုင်သူ ဇူလိုင်အိပ်မက် သီဟသစ် မေဒီ မဆုမွန် ၀ှိုက် တို့ကို တဂ်ပါတယ် .. တဂ်ချင်သူတွေရှိသေးပေမယ့် တခြားလူတွေတဂ်စရာမရှိမှာစိုးလို့ ချန်ပေးလိုက်ပါတယ် ..း)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...